သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Saturday, July 31, 2010

မျှဝေလိုသော ပီတိ

ထိုင်းနိုင်ငံ၊ မဟာချိုင်တွင် ထီးတော်ရှိသော စေတီတော်မြတ်အား ကြည်ညိုစွာ ဖူးတွေ့ရစဉ်။

၂၈-ဇူလှိုင်နေ့ ည တရားပွဲ အကြိုမြင်ကွင်း။

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီမြတ်တွင် လျှပ်စစ်မီးထွန်းညှိလှူဒါန်းခြင်း၊
သံဃာတော်များကို သင်္ကန်းကပ်လှူခြင်း၊
သံဃာတော်များ ခေတ္တတည်းခိုရန်အတွက် ယာယီကျောင်းဆောင် လှူဒါန်းခြင်းများ၊
ဆွမ်းကပ်လှူခြင်းနှင့် ဆေးဝါး လှူဒါန်းသော ကုသိုလ်၊
သံဃာတော်များကို အုန်းစိမ်းရည် ကပ်လှူခြင်း၊
အွန်လိုင်းတရားပွဲ အဆင်ပြေစေရေး ကူညီမှု ကုသိုလ်၊

ယခုနှစ်တွင် Bliss + Crystal တို့၏ မွေးနေ့တွင် ပြုသောကောင်းမှုကုသိုလ်တို့အပြင်

အစမထင် သံသရာတစ်ခွင်က ပြုခဲ့သော ကောင်းမှုကုသိုလ်များအတွက်

အားလုံးကို မျှဝေပေးလိုက်ပါတယ်


အမျှ အမျှ အမျှ ... သာဓု သာဓု သာဓု


လေးစားစွာဖြင့်
bliss + crystal

ဂဏန်းနှင့် မျှစ်ချဉ်ဟင်း

ပုဇွန်နှင့် အစိမ်းကြော်

ပုဇွန်နှင့် ပြည်ကြီးငါး အသုပ်

ကန်ရေပြင်နားမှာ ဝါးများနဲ့ ဆိုင်ခင်းထားတဲ့ ထိုင်းထမင်းဆိုင်

(28.July.2010)နေ့က အမှတ်ရစေတဲ့ အကြောင်းလေးများဖြစ်ပါတယ်။

Tuesday, July 27, 2010

ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ ၏ ထိုင်းနိုင်ငံတရားပွဲ


တိုက်ရိုက်ထုတ်လွှင့်မှုသတင်း

ဇူလိုင်လ (၂၇) ရက်နေ့ (အင်္ဂါနေ့)
ထိုင်းနိုင်ငံစံတော်ချိန် ည ၈း၀၀ နာရီ
စင်္ကာပူစံတော်ချိန် ည ၉း၀၀ နာရီ
ဂျပန်စံတော်ချိန် ည ၁၀း၀၀ နာရီ
ရုရှားစံတော်ချိန် ညနေ ၅း၀၀ နာရီ
နယူးယောက်စံတော်ချိန် နံနက် ၉း၀၀ နာရီ

ဇူလိုင်လ (၂၈) ရက်နေ့ (ဗုဒ္ဒဟူးနေ့)
ထိုင်းနိုင်ငံစံတော်ချိန် ည ၈း၀၀ နာရီ
စင်္ကာပူစံတော်ချိန် ည ၉း၀၀ နာရီ
ဂျပန်စံတော်ချိန် ည ၁၀း၀၀ နာရီ
ရုရှားစံတော်ချိန် ညနေ ၅း၀၀ နာရီ
နယူးယောက်စံတော်ချိန် နံနက် ၉း၀၀ နာရီ

တိုက်ရိုက် ထုတ်လွှင့်မည့်ဆိုဒ်

http://livedhamma.com/

အွန်လိုင်းတရားပွဲဖြစ်မြောက်ရန်အတွက် ထုတ်လွှင့်ခွင့်ပြုသော ဆရာတော်ဥူးသုမင်္ဂလနှင့် စီစဉ်ဆောင်ရွက်ပေးသော တွံတေးဆရာတော် အရှင်ဣန္ဒက၊ တရားထုတ်လွှင့်ရန် စက်ပိုင်းဆိုင်ရာ ကူညီပေးသော အရှင်ပညာဇောတ နှင့် Pantip Plazaမှ Process Computer Co., Ltd၊ (www.livedhamma.com)မှ စီစဉ်တင်ဆက်ပေးသော “မမေ”တို့အားအထူးကျေးဇူးတင်ရှိပါသည်။

ထိုင်းနိုင်ငံရောက် မြန်မာပြည်သူများအနေဖြင့် တရားတော်ကိုယ်တိုင်လာရောက် နာယူကြည်ညိုလိုပါလျှင် ဖုံးနံပါတ် (08 7675 3236) သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

ဝိမုတ္တိရသ အဖွဲ့ သားများ

Tuesday, July 20, 2010

ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုခြင်း


၁၉-၀၇-၂၀၁၀ (အာဇာနည်နေ့) ထုတ် မြန်မာ့သတင်းစာများတွင် ဆဋ္ဌအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အထူးအစည်းအဝေးကြီးမှ နိုင်ငံတော်ဗဟို သံဃာ့ဝန် ဆောင်အဖွဲ့ ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်အဖြစ် ဗန်းမော်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသကို ဆန္ဒပေးရွေး ချယ်တော်မူခဲ့ကြောင်း ဖော်ပြပါရှိသည်ကို ကြားသိရသည့်အတွက် ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး နှင့် သာသနာတော်အတွက် အထူးပင် ကျေနပ်အားရ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုရပါကြောင်း....။

ဝိမုတ္တိရသ အဖွဲ့ သားများ

Sunday, July 18, 2010

“ကြယ်တွေ မြေမှာ ခလို့ ကြွေတဲ့နေ့”

မြန်မာနိုင်ငံနှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့် အသက်ပေးလှူခဲ့ကြသော
အာဇာနည်ခေါင်းဆောင်များအားလုံးကို အလေးပြုပါတယ်။
မူလတန်းအရွယ် ကျောင်းပိတ်တဲ့ မိုးပေါက်လေးတွေ တဖျောက်ဖျောက်ရွာနေတဲ့ ဇူလှိုင်(၁၉)ရက်နေ့မှာ မနက်စောစော ဖခင်က မြတ်စွာဘုရားကို ဆွမ်းတော်ကပ်ပြီး သံဃာတော်များကိုလည်း ဆွမ်းလောင်းလှူ အမျှဝေနေတာကို သတိရမိသေးတယ်။ ကျမရဲ့ ဖခင်က “အလှရေ ကိုယ်တော့ ကုသိုလ်ကောင်းမှုတွေကို အာဇာနည်ခေါင်းဆောင်ကြီးများရည်စူးလို့ အမျှပေးဝေလိုက်ပြီ” ဆွမ်းဇလုံများကို ဆေးကျောရင်း လှမ်းပြောလိုက်ပါတယ်။ အမေက “မနက်မိုးလင်း ဘုရားရှိခိုးကတည်း အလှလည်း အမျှဝေပြီးပြီ” ဤသို့ အပြန်အလှန် လှမ်းပြောလိုက်ပြန်တယ်။ ဖေဖေနဲ့ မေမေတို့ ပြောနေတာကို ကရုပ်လေးအဖို့မှာတော့ အရာရာဟာ မေးမြန်းချင်စရာချည်း ဖြစ်နေတော့တယ်။
မနေ့က ကျောင်းမှာ ဆရာမက မနက်ဖန် အာဇာနည်နေ့ ကျောင်းပိတ်တယ်လို့ ပြောလိုက်တော့ ဝေးးးးးးး သူငယ်ချင်းတွေက ပျော်ကြတယ် ကရုပ်လေးကတော့ ဘာလို့ပိတ်တာလဲလို့ မေးတဲ့ အသံဟာ သူငယ်ချင်းများ ကျောင်းပိတ်လို့ ပျော်တဲ့အော်သံကို မထိုးဖောက်နိုင်ခဲ့ဘူး။ ဒီနေ့တော့ ဖေဖေကို မေးရမယ်၊ ဖေဖေ အားတော့မယ့် အချိန်ကို ချောင်းရင်း အဖေအနားသို့ ကပ်သွားကာ “ဖေကြီး မီးငယ် မေးစရာတစ်ခုရှိတယ်” လက်ညိုးလေး တစ်ချောင်းထောင်ရင်း ပြောတော့ ဖေဖေက “အောင်မလေး ငါ့သမီးလေးက မေးစရာတွေ ရှိနေမှ ကိုး မေးစေဗျား”လို့ ပြောရင်း ပွေ့ချီလိုက်ပါတယ်၊ မေမေကတော့ “ကဲ အဖေကြီး သမီးမေးတာကို မှန်အောင်ဖြေလိုက်အုံး”လို့ လှမ်းစတယ်။ ဒါနဲ့ ကရုပ်လေးက “ဖေကြီး ဒီနေ့ ဘာလို့ ကျောင်းပိတ်တာလဲ” မေးတော့ ကရုပ်လေး ဖေဖေက မျက်ခုံးနက်နက်လေးတွေ ပင့်တက်သွားကာ “အော် င့ါသမီးတောင် ဒီလို သိချင်တဲ့အရွယ်ကို ရောက်နေပြီကိုး”လို့ အစချည်လို့ အာဇာနည်နေ့နှင့် ပတ်သက်သော သမိုင်းကြောင်းများ၊ အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရပုံများ၊ နိုင်ငံတော် အလံကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့ လျော့ချ လွှင့်ထူကြပုံများစတဲ့ အာဇာနည်နေ့နဲ့ ပတ်သက်သောအကြောင်းအရာများကို စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြပါတယ်။ ဒီအချိန်မှာပဲ လေဒီယိုမှ ဥသြဆွဲသံတွေ ကြားရတဲ့အခါမှာတော့ ငြိမ်ငြိမ်လေးနေရင်း ဖေဖေ၊ မေမေတို့နဲ့အတူ ကရုပ်လေးက ငြိမ်သက်စွာဖြင့် အလေးပြုကြပါတယ်။
ပြီးနောက် ကရုပ်လေးရဲ့ ဖေဖေက
“မီးငယ်လေးကရော အခုလိုသိရတော့ ဘယ်လိုခံစားရလဲ စိတ်ထဲမယ် ဘယ်လိုဖြစ်သလဲ သမီး”
“ဗိုလ်ချုပ်တို့ သနားပါတယ်နော်၊ သူတို့ကို သေနတ်ကြီးတွေနဲ့ပစ်တော့ နာမှာပေါ့နော်၊ သူတို့ ထွက်ပြေးကြရင် ကောင်းမှာနော်”
“ဘာဖြစ်လို့လဲ မီးငယ်ရဲ့”
“သမီး မမြင်ဖူးလိုက်ဖူးလေ၊ ပြီးတော့ စိတ်ထဲမှာ သူတို့ကို သိပ်ကန်တော့ချင်တာပဲ”
“ဟုတ်သားပဲ၊ ငါ့သမီးတို့ခေတ်မှာ အာဇာနည်တွေကို မမြင်ဖူးကြပဲကိုးလို့ တွေးစစလေး ပြောပါတယ်၊ ကန်တော့ချင်တာကရော မီးငယ်”
“ဘွားဘွားကပြောတယ်လေ ကျေးဇူးရှိရင် ကန်တော့ရမယ်တဲ့၊ ဒီတော့ ဗိုလ်ချုပ်တို့ရဲ့ ကျေးဇူးကို သမီးက ကန်တော့ရမယ် မဟုတ်လား”
“မှန်လိုက်တာ မီးငယ်ရေ၊ ဖေဖေတို့ ပြည်သူတွေ အားလုံးရဲ့ ကျေးဇူးရှင်တွေဖြစ်တော့ ကန်တော့ ထိုက်ပါတယ်”လို့ ပြောပါတယ်။
ဒီလိုနဲ့ နှစ်တွေကြာလာလိုက်တာ အခုဆိုရင် (၆၃)နှစ်မြောက်နေ့ကို ရောက်ခဲ့ပြန်ပါပြီ။ “ကောင်းကင်က ကြယ်တွေ မြေမှာ ခလို့ ကြွေတဲ့နေ့”ကို မြန်မာပြည်သူဖြစ်တဲ့ ကရုပ်လေးက ဘယ်လိုမေ့နိုင်မှာလဲရှင်။

(ဗိုလ်ချုပ်တို့၏ ပုံလေးကို မည်သူဖန်တီးသလဲဆိုတာ သေချာမသိပါ၊ ပုံများအားလုံးထဲက ဒီပုံလေးကို သဘောကျလို့ ကူးယူသုံးစွဲထားပါတယ်ရှင်၊ ပိုင်ရှင်များရှိခဲ့ရင် သုံးစွဲခွင့်ပြုပေးပါရန် လေးစားစွာ ခွင့်တောင်းပါရစေရှင် - ခရစ္စတလ်)


Tuesday, July 13, 2010

မြိုင်မြိုင်ဆိုင်ဆိုင်

ကရုပ်လေးရဲ့ ရာဇဝင် အပိုင်း (၃)
နတ်ဒိုး နတ်သီချင်းကို မျက်လုံးလေးအဝိုင်းသားနဲ့ ငြိမ်ပြီး ကြည့်တတ် စိတ်ဝင်စားတတ်တဲ့ ကရုပ်လေးဟာ ရွှေမန်းသဘင်ပွဲမှာ ပထမဆုံး ပွဲစထွက်ရင် အပျိုယိမ်းထွက်တဲ့အချိန်ကို အကြိုက်ဆုံးပါ။ လေးနှစ်အရွယ်လောက် ရောက်လာချိန်မှာတော့ သီချင်းဖွင့်ပေးရင် ကတတ်နေပါပြီ။ ကလေးမလေးရဲ့ ဖေဖေနဲ့ မေမေက လက်ခုပ်တီးပေးရင် ကွေးနေအောင် ကပါတော့တယ်။ အစ်မတွေက မျက်နှာပေး အမူအယာလေးတွေ လုပ်ခိုင်းရင်လည်း မဆိုင်းမတွလုပ်ပြတတ်လာပါတယ်။ ဒီလိုနဲ့ ကရုပ်လေးတစ်ယောက် လောကဘဝဇာတ်ခုံ အလယ်မှာ သက်ဝင်လှုပ်ရှားလာပါတော့တယ်။

အပျိုတော်ယိမ်း
နတ်ပွဲ
ကရုပ်လေးတို့ မိသားစုဟာ အိမ်တွင်းအုန်းချိတ်ဆွဲတာက လွဲရင် ကျန်တဲ့ ရိုးရာနတ်တွေ ကိုးကွယ်မှုမရှိခဲ့ကြပါဘူး။ သို့သော်လည်း ကရုပ်လေးဟာ နတ်ကန္နားကပွဲတွေမှာ နတ်ဝင်သည်တွေ ကတာကို ကြည့်ရတာ များစွာ စိတ်ဝင်စားသတဲ့။ သူ့စိတ်ထဲမှာ နတ်တွေ တကယ်ဝင်လာတယ်ထင်မှတ်ပြီး ဘယ်နားက ဝင်သွားလဲဆိုတာ သိရအောင် မျက်တောင်မခတ် ငေးကြည့်နေတာပေါ့။



ကရုပ်လေး လူလတ်ပိုင်းရောက်လာချိန်မှာ ခေတ်စနစ်တွေ ပြောင်းလာပြီး နတ်သီချင်းကို ဒီလိုပုံလေးတွေနဲ့ တွေ့ရတော့လည်း ကရုပ်လေးက ကြိုက်ပြန်တာပါပဲ။

တိုင်းရင်းသား အကတွေထဲမှာဆိုရင် ကရုပ်လေးက ကရင်ဒုံးယိမ်းအကကို သိပ်ကြိုက်တာ။
ပြီးတော့ သူမလေး ငယ်ငယ်က မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသောင်းဆိုတာ ကရင်အမျိုသမီး ကြီးပေါ့။ ဆရာမကြီး အမျိုးသားကလည်း သစ်တောဘက်က ဆိုတော့ ဆင်တွေ အိမ်ဘက်ကို ခေါ်လာလေ့ရှိသတဲ့။ ကရုပ်လေးက လူကြီးတွေ ဘယ်လိုတားတား ဆင်ကြီးတွေကို ချစ်လို့ အမြဲတမ်း ဆင်လေးတွေကို စကားသွားပြောလေ့ရှိတယ်။ ဆင်ကြီးတွေကလည်း သူကလေးကိုတွေ့ရင် နာမောင်းလေးတွေ တရမ်းရမ်းနဲ့ပေါ့။ နောက်ပြီး ကရင်နှစ်သစ်ကူးအတွက် ဒုံယိမ်းတိုက်နေရင်လည်း ငေးမောကြည့်ရှုနေတတ်တယ်။
ဆက်ပါအုံးမည်...

Thursday, July 8, 2010

“ကရုပ်” လေးရဲ့ ရာဇဝင် (အပိုင်း-၂)

“ကိုရေ ... ထ ထကြည့်ပါအုံး အိမ်ခေါင်မိုးပေါ်မယ် ရွှေဇီးကွက်လေး နားနေတယ် သိပ်လှတာပဲ ဖမ်းပေးပါ”
“မေမေက ဒီလိုပြောတော့လေ မီးငယ်လေး ဖေဖေက ခေါင်မိုးပေါ်တက်ပြီး ဇီးကွက်လေး ဖမ်းပေးတယ်၊ ဇီးကွက်လေးကို ယူလာပြီး ပွေ့ထားတော့လေ ဇီးကွက်လေးက မျက်တောင်လေးတွေ အရှည်ကြီးပဲတဲ့၊ ရှည်လွန်းလို့ ညှပ်ပေးတော့ တစ်ခါ ရှည်လာပြန်ရောတဲ့၊ ဒါနဲ့ ပွေ့ထားတဲ့ဇီးကွက်လေးကို သေချာပြန်ကြည့်တော့ ကလေးလေး ဖြစ်နေသတဲ့။ ဆံပင်လေးတွေ နက်မှောင်ပြီး မျက်လုံးဝိုင်းဝိုင်း မျက်နှာဝိုင်းဝိုင်း ကလေးလေးကို မေမေ ကိုယ်ဝန်ရှစ်လကျော်တော့ အိမ်မက်ထဲ တွေ့ရတယ်”။
“အဲလို မေမေက အိမ်မက်တော့ ဖေဖေက ဘာပြောလဲဟင်”
“မီးငယ်ရဲ့ ဖေဖေကပြောတယ် သူ့သမီးလေးက ဥာဏ်ပညာကြီးမယ့်သူလေး ဖြစ်မယ်လို့ အိမ်မက်ကို အဓိပ္ပါယ် ကောက်တယ်။”
မေမေက ကရုပ်လေးကို ကိုယ်ဝန်ဆောင်စဉ်အချိန် ဖြစ်စဉ်လေးကို အခုလို ဇူလှိုင်လရောက်တိုင်း အမြဲပြောလေ့ရှိတတ်ပါတယ်။
အလှတစ်ယောက် ကိုယ်ဝန်ကိုးလရောက်သောအခါ ကလေးမမွေးဖွားခင် မိခင်ကို ကန်တော့ လိုသောကြောင့် မိခင်ရှိရာ ပဲခူးမြို့သို့ သွားရောက်ခဲ့ပါသည်။ ပဲခူးမြို့ရောက်သောအခါ ကိုယ်ဝန်နေ့စေ့လစေ့ဖြင့် “အလှ”တစ်ယောက်မှာ သွေးအနည်းငယ်ဆင်းပါတော့တယ်။ ဒါကြောင့် အလှ၏ မိခင်နှင့် အစ်မများက စိတ်ပူခါ ပဲခူးဆေးရုံကြီးသို့ ပို့ဆောင်ပေးကြပါသည်။ ပဲခူးဆေးရုံကြီးတွင် စိတ်စေတနာပြည့်ဝသော ဆရာဝန်ကြီးဦးသောင်းရွှေရှိနေပါသည်။ ဆရာဝန်ကြီးက ဗိုက်နာကျင်မှုမရှိပဲ ကိုယ်ဝန်အရင့်အမာတွင် ခရီးသွားသောကြောင့် သွေးအနည်းငယ်ဆင်းတတ်ကြောင်း ရှင်းပြလေသည်။ သို့ပါသော်လည်း ကိုယ်ဝန်ကို စစ်ဆေးသောအခါ နှစ်ပတ်ခန့် ရက်ကျော်နေပြီဖြစ်ရာ နောက်သုံးရက်တွင် ဗိုက်မနာပါက ခွဲစိတ်မွေးသင့်ကြောင်း ထပ်မံသတိပေး စကားပြောကြားလေသည်။
ဆေးရုံတွင် သူနာပြုလေးများက ကိုယ်ဝန်ကို စမ်းသပ်ကြည့်ကြသော အမွှာထင်ကြောင်းပြောကြသော်လည်း သူနာပြုဆရာမကြီးက ကိုယ်ဝန်သည် ကလေးတစ်ဦးသာဖြစ်ကြောင်း ပုံမှန်ပေါင်ချိန်ထက် ပိုနေကြောင်းကို အလှကို ရှင်းပြလေသည်။ ထိုသို့ဖြင့် ဝါခေါင်လဆန်း (၂)ရက်နေ့တွင် ဆရာဝန်ကြီးမှ မနက်ဖန်တွင် ကလေးကို ခွဲစိတ်မွေးရန် အလှ၏ မိခင်နှင့် ခင်ပွန်းကို ပြောကြားလေသည်။ ထိုရက်ကျော်လွန်ပါက ကလေးအတွက် အသက်အန္တရာယ် စိုးရိမ်ရသောကြောင့် ပဲခူးဆေးရုံကြီးတွင်ပင် ဆရာဝန်ကြီးဦးသောင်းရွှေ ကိုယ်တိုင် ကြပ်မတ်ကာ ကရုပ်လေးကို ခွဲစိတ်မွေးဖွားပေးခဲ့လေသည်။
ဝါခေါင်လ၏ မိုးဖွဲဖွဲရွာသွန်းသောနေ့တွင် နံနက်(၉)နာရီအချိန်၌ မွေးလူနာဆောင်၏ ခွဲစိတ်ခန်းတွင် သူနာပြုဆရာမများနှင့် ဆရာဝန်ကြီးဦးသောင်းရွှေတို့သည် အလုပ်ရှုပ်လျက်ရှိကြပါသည်။ လေးဆယ့် ငါးမိနစ်ခန့် ကြာသောအခါ ကလေးငယ်လေးတစ်ယောက် လူ့လောကအလယ်သို့ တိတ်တဆိတ်ရောက်ရှိခဲ့ပါသည်။ ဆရာဝန်ကြီးသည် ကလေးငယ်ကို ဂရုစိုက် စောင့်ရှောက်ရန် သူနာပြုဆရာမကြီး ဒေါ်ကြည်ကြည်ကို အချက်ပြ လိုက်လေသည်။ ထိုအခါ ကလေးငယ်ကို ဇောက်ထိုးထားလျက် တင်ပါးကို နှစ်ချက်ခန့် ခပ်ဆဆလေး ပုတ်လိုက်သောအခါ “အူဝဲ ...အူဝဲ”ဆိုသော မင်္ဂလာရှိတဲ့ သမီးငယ်၏ အသံလေးသည် မွေးခန်းအပြင်သို့ ပျံ့နှံ့သွားပါတော့သည်။

“မီးငယ်မလေး အော်သံကို ကြားတော့ ဖေကြီးက ကိုယ့်သမီးလေးကို ကြည့်ချင်တာပေါ့၊ အဲဒါသူနာပြုဆရာမလေးက အနှီးလေးနဲ့ ပွေ့လာပြီး သမီးလေး သမီးလေးလို့သာ ပြောပြီး ဖေကြီးကို မပြဘူး ကလေးဆောင်ကို ပြေးပါလေရော၊ ဖေကြီးက သမီးရဲ့မေကြီးကိုပဲ ဆက်စောင့်ရမလား၊ သမီးနောက်ပဲ ပြေးလိုက်ကြည့်ရမလား ဗျာများလို့ပေါ့၊ နောက်သိရတာက သမီးလေး တစ်ကိုယ်လုံး ပြာနှမ်းနေလို့ ကလေးဆရာဝန်ဆီကို သွားရန်လိုအပ်သောကြောင့် ပြေးရကြောင်းသိရတယ်”။
ကရုပ်ကလေးရဲ့ဖေဖေသည် ကရုပ်လေးရဲ့ မွေးနေ့ရောက်တိုင်း သူခံစားခဲ့ရတာလေး အဲဒီနေ့က အဖြစ်အပျက်လေးကို အမြဲပြောပြလေ့ရှိပါတယ်။
ကရုပ်လေးကို မွေးဖွားရတာ နာကျင်မှုမရှိ သက်တောင့်သက်သာစွာမွေးဖွားရကြောင်းနှင့် အရင်ကလေးတွေလို ကလေးကြောင့် အိပ်ရေးပျက်ရတာမျိုးလည်း မရှိကြောင်း၊ မေမေက ပြောပြသောအခါ မိခင်ကို ဒုက္ခမပေးသူအဖြစ်မှန်း သိရသောကြောင့် ကျေနပ်ပီတိဖြစ်မိလေသည်။ ထို့အပြင် သမီးတစ်ယောက်အဖြစ် တောင့်တနေချိန် မျှော်လင့်နေချိန်မှာ သမီးလေးအဖြစ်နှင့် မိခင်ဖခင်တို့၏ လိုအင်ဆန္ဒပြည့်ဝ ပျော်ရွှင်မှု အပေါ်တွင်လည်း ပီတိဖြစ်ရပြန်ပါသည်။
ဆက်လက်ဖေါ်ပြပါမည်.....