သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, March 2, 2010

တစ်ခန်းရပ်ပြဇာတ်-ဘဝဇာတ်ခုံ

ဟလို ဟုတ်ကဲ့ ရှိပါတယ်၊ ဆရာရေ ဖုန်း။
ဟုတ်ကဲ့ ပြောပါခင်ဗျာ။
အစ်ကိုလား သက်ထားပါရှင်၊ အစ်ကို အားမယ်ဆိုရင် ညီမတို့ ဆိုင်ကို ညနေရုံးဆင်းရင် လာခဲ့ပေးပါနော်။ အရေးကြီးလို့ပါ။
အော် အင်း အင်း တခြား ချိန်းထားတာတော့ မရှိသေးဘူး လာခဲ့မယ်လေ။
သို့နှင့် အင်ဂျီနီယာ ကိုကိုဦးသည် ခေါင်းလျှော် ဆံပင်ညှပ်ဆိုင်တစ်ခုသို့ ရုံးအဆင်း တစ်ကိုယ်တည်း ထွက်ခဲ့လာ၏။ အရင်က သူငယ်ချင်းများ အခေါ်ကောင်းသဖြင့် ဆိုင်သို့ သုံးကြိမ်မျှသာ ရောက်ဖူးခဲ့ပါသည်။ ပထမတစ်ကြိမ်က ဆံပင်ညှပ်လို့ရောက်ခဲ့၊ နောက်တစ်ကြိမ်ကတော့ အိုင်တီသမားဖြစ်သည့်အလျှောက် အညောင်းမိမှုများက နှိပ်စက်သောကြောင့် ဤဆိုင်တွင် ခေါင်းလည်းလျှော် အနှိပ်လည်း ကောင်းကြောင်း သူငယ်ချင်းများ အပို့ကောင်းသဖြင့် အနှိပ်ခံဖြစ်ခဲ့ပါ၏။ နောက်ဆုံးတစ်ကြိမ်ကတော့ သူငယ်ချင်းတွေက စုံမိတော့ သောက်ကြ၊ သောက်ရာမှ အပြန် အနှိပ်ခံကြမည်ဆိုသဖြင့် သူတို့ အုပ်စုလိုက် ယင်းဆိုင်သို့ပင် ခြေဦးလှည့်ခဲ့ကြပေသည်။ ထိုညတွင် သူ့ကို ဆံပင်ညှပ် ခေါင်းလျှော် နှိပ်ပေးလေ့ရှိသော သက်ထားနှင့် အရင်းနှီးဆုံးအခြေအနေသို့ ဆိုက်ရောက်ရလေတော့သည်။ သူငယ်ချင်းများလည်း အသီးသီး ထွက်ခွာ သွားကြလေသော သူနဲ့ သက်ထားကို ဆိုင်တွင် သော့ပိတ်ခါ သွားကြလေသည်။ လူကလည်း မူးနေ၊ သက်ထားကလည်း နှိပ်ခြင်း အတတ်ပညာကလည်းတော်နှင့် စိတ်၏ စေစားရာ ထိန်းချုပ်မှုတွေက ပျောက်ကွယ်ခဲ့ရလေတော့သည်။ ထိုအကြောင်းများနဲ့ မျက်နှာပူသည်က တစ်ကြောင်း၊ ချစ်သူမှ လွဲလျှင် အခြားမိန်းကလေးများကို စိတ်မဝင်စားခဲ့ရာမှ ယခုလို အဖြစ်ကို ရောက်ခဲ့ခြင်းက မိမိကိုယ်မိမိလည်း ခွင့်မလွှတ်နိုင် ဖြစ်ချေတော့သည်။
ယခုမူ သက်ထားထံမှ ဖုန်းဆက်သည်ဆိုခြင်းက ဘာကြောင့်ပါလဲ စဉ်းစားလို့မရနိုင်ပေ။ မျက်နှာပူလို့ မသွားဖြစ်ခဲ့တာ တစ်လ နှစ်လတောင် ရှိပြီ၊ ဖြစ်ခဲ့သော နေ့ကလည်း သူတို့ထုံးစံထက်ပိုသော ငွေကြေး ကိုလည်း ပေးခဲ့ပြီးပြီ။ ဘာကြောင့်များပါလိမ့်ဆိုသော အတွေးများနှင့် ဆိုင်ရှေ့တွင် အငှားကားကို ရပ်ခိုင်းလိုက်၏။ ဆိုင်ထဲတွင် ဆိုင်ပိုင်ရှင်အစ်မကို တွေ့ရသော “အစ်ကိုဦးကြီး လာတယ်...ဟေ့”။ သူတို့ ဘာကြောင့် ပျော်နေပါလိမ့်။ သက်ထားက အနွေးထည်လေး ဝတ်၍ ထွက်လာကာ “အစ်ကို အပြင်မှာ စကားသွားပြောရအောင်နော်”။ အင်းလေ သွားပေါ့၊ နေအုံး ဘယ်သွားမှာလဲ၊ အော် ဘယ်သွားချင်တာလဲ။ သူမက ခေါင်းငုံ့ကာ တိတ်ဆိတ်တဲ့နေရာဆိုပိုကောင်းမယ် အစ်ကိုတဲ့။ နောက် သူမအဖော်များက အစ်ကိုဦးရေ ပြန်လိုက်ပို့ရင် မုန့်တွေ ဝယ်ခဲ့နော် တဲ့။ ဘာတွေတုန်းဗျ၊ ဘာတွေလဲ။ နားမလည်နိုင်တော့ပြီ။ ကဲ ကဲ သွားဆိုလည်း သွားကြတာပေါ့။ လူအနည်းငယ်ရှင်းသော အင်းလျားလမ်းဘက်က ဆိုင်တစ်ခုကို ရွေးကာ ထိုင်မိကြတယ်။ မှာစရာရှိတာမှာကြရင်း ကဲပြောပါအုံး အစ်ကို့ကို ခေါ်ရတဲ့ အကြောင်းလေး။

အသိတွေ နေမဝင်မိစေနဲ့ပေါ့။

ဒီတော့ သူမလက်ထဲတွင် အထူးကုဆေးခန်းတွင် ဆေးစစ်ထားသော စာရွက်ခေါက်ကို ပေးဖတ်၏။ အော် သက်ထားမှာ ကိုယ်ဝန်ရှိနေတာပဲ။ ဒါကြောင့် အနွေးထည် ဝတ်ထားတာလား၊ သူ့အမေးကို ရှက်ဖွယ်ဖြင့် အစ်ကိုရော မပျော်ဘူးလားဟု မေးသောအခါ သံသယတို့က ရင်ဝကို ဆောင့်ကန်လေပြီ။ ဘာ... ဘာဖြစ်လို့လဲ။ အစ်ကို ကလေးပါ တဲ့ဗျာ။ သေရော သေပြီ သေသာ သေလိုက်ချင်တော့တယ်။ ရုတ်တရက် မတ်တပ်ထရပ်မိကာ အော်လိုက်မိတယ်။ နောက်မှ နေပါအုံး ပြောပြစမ်းပါအုံး၊ ဘယ်လိုဖြစ် ကုန်တယ် ဆိုတာကို ငါနားမလည်နိုင်လွန်းလို့ပါ။ သူမကို ကြည့်မိတော့ မတုန်မလှုပ်နှင့်။ ပြောဆိုလည်း ပြောပါ့မယ် အစ်ကို။ စိတ်အေးအေးထားပြီး နားထောင်ပါတဲ့။
သက်ထားက အစ်ကို ဆံပင်စညှပ်ဖို့ လာကတည်းက အစ်ကိုက လူကောင်းမှန်း သိပါတယ်။ အခြားကျားသတ္တဝါတွေလို မဟုတ်ဘူး၊ အနေတည်တယ်၊ လက်မဆော့ဘူး။ ပါးစပ်လည်း မသရမ်းဘူး။ မိန်းကလေးတွေ စိတ်ဝင်စားမယ့် အစား အစ်ကို ပင်ပန်းလာလို့ ငိုက်တောင်နေရှာတယ်။ အဲဒီကစပြီး သက်ထားရဲ့ ဘဝမှာ ဒီလို ရိုးသားတဲ့ ယောက်ျားလေးတွေ ရှိသေးတာပဲလို့ စိတ်ဝင်စားမိခဲ့တယ်။ နောက် အစ်ကို သူငယ်ချင်းတွေက နေ့တိုင်းလောက် လာခဲ့ပေမယ့် အစ်ကိုက မလာခဲ့ဘူး၊ ဒီအချိန်တွေမှာ အစ်ကို အကြောင်းကို စုံစမ်းဖြစ်ပါတယ်။ အစ်ကိုရဲ့ ရိုးသားမှုကို အစ်ကို သူငယ်ချင်းတွေဆီက သိခဲ့ရပါတယ်။ မိန်းကလေးတွေနဲ့လည်း အရှုပ်အရှင်း မရှိကြောင်းကို သိခဲ့ရပါတယ်။ နောက် အစ်ကို ချစ်သူက ဒီမှာလည်း မရှိဘူး၊ နယ်မြို့မှာ ရောက်နေတယ်ဆိုတော့၊ အစ်ကို့ကို ပိုသနားသွားမိတယ်။ ဒါကြောင့် ညီမက အရင်တုန်းက လာတဲ့သူတွေနဲ့တောင် အတူမနေတော့ပဲ အစ်ကိုနဲ့နေဖို့ကို အကြောင်းရှာ နေရသူပါ။ မထင်မှတ်ပဲ အစ်ကိုတို့ ဟိုးနေ့ညက ရောက်လာခဲ့တော့ သက်ထား တော်တော်လေး ဝမ်းသာသွားရတာပါ အစ်ကို။ ပိုက်ဆံကိုလည်း မယူချင်ပါဘူး၊ ဒါပေမယ့် အစ်ကို အတင်းပေးလို့ ယူလိုက်ရပါတယ်။ သက်ထား အစ်ကို့ ပိုက်ဆံကို သိမ်းထားပါတယ်။ အစ်ကိုနဲ့ နေပြီးနောက်ပိုင်းလည်း ဘယ်သူနဲ့မှ ထပ်မနေတော့ပါဘူး။ တကယ်ပါ အစ်ကို၊ မယုံရင် ဆိုင်ရှင်အစ်မကို မေးကြည့်ပါနော်။ အစ်မက ဧည့်သည် လက်မခံလို့ သက်ထားကိုတောင် လက်မခံချင်တော့တာပါ။ ဟိုတနေ့က အန်တော့မှာ ဆေးခန်းသွားပြရင်း ကိုယ်ဝန်ရှိသလား စစ်ဖို့ ပြောလို့ စစ်လိုက်တော့ ....ဒီလိုဖြစ်ရတာပါ။
တော်ပါတော့........ကလေးမ။ အိမ်ထောင်ပြုတယ် ကလေးမွေးတယ်ဆိုတာ လွယ်လွယ်လေး ဘာလို့ တွေးသလဲ၊ နောက် ကလေးမရအောင် ဆောင်တာ ရှောင်တာတွေက မင်းတို့ အလုပ်မဟုတ်ဘူးလား။
သက်ထားက အစ်ကို့ကို ချစ်မိတော့ ဘာမှ မကာကွယ်တော့တာပါ။ နောက် အစ်ကိုက လက်မခံရင်လည်း ကလေးကို သက်ထား ရွာမှာပဲ ပြန်မွေးပါ့မယ်။ သက်ထားကတော့ ကလေးကို ရအောင်မွေးမယ်လို့ ဆုံးဖြတ် ထားပါတယ် အစ်ကို။
ဒီမယ် သက်ထား၊ လွယ်လွယ်မတွေးပါနဲ့။ အရာရာကိုလည်း ခေါင်းမမာပါနဲ့။ ဒီကိုယ်ဝန်က အစ်ကိုနဲ့ရတယ်ပဲ ဆိုပါတော့၊ ကလေးမွေးလာရင် အစ်ကို ကလေး ဟုတ်မဟုတ် စစ်ကြည့်မှာနော်။ အစ်ကိုက ညာပြောတာကို ခွင့်လွှတ်မယ် မထင်နဲ့။
စိတ်ချပါအစ်ကိုရယ်၊ မညာရပါဘူး၊ အစ်ကို ကလေးအစစ်ပါ။ ယုံပါ။ သက်ထားကို တရားဝင်လက်ထပ် မယူလည်း ရပါတယ် အစ်ကိုရယ်။
သူမသည် ယခုမှ ငို၏။
သွားလေပြီ၊ ယခုနှစ်အကုန်တွင် ချစ်သူနှင့် မင်္ဂလာဆောင်ရန် ကိစ္စများ၊ ချစ်သူအပေါ် သူထားခဲ့လေသော ချစ်ခြင်းမေတ္တာများ၊ ချစ်သူ၏ မြတ်နိုးမှုများ၊ မိမိ၏ တဒင်္ဂစိတ်လွတ်မှုကြောင့် ဒုက္ခတွေတော့ များပြီ။
သက်ထား နင်ဘာတွေ သိလို့ ဒီလိုလုပ်ရတာလဲ၊ ငါ့ဘဝပျက်ပါပြီ။ ငါ အသိလွတ်မှုက င့ါဘဝကို သတ်တာလား၊ နင်ရဲ့ မစူးစမ်းမဆင်ခြင်မှုက ငါ့ဘဝကို သတ်လေသလား။ ကဲ နင်ပြန်တော့ ဒီမှာ ကားခ။ အခုအချိန်မှာ ငါတစ်ယောက်တည်းပဲ နေချင်တယ်။ လိုအပ်ရင် င့ါဖုန်းကို ဆက်ပါ။ ငါ ဒီရက်ပိုင်းအတွင်း ပြန်ဆက်သွယ်ပါ့မယ်။ ပြန်တော့၊ ကျန်းမာရေး ဂရုစိုက်ပါ။ နင်တော်တော် ရက်စက်တယ်....သက်ထား။
သူမသည် ပိုက်ဆံကို ယူကာ အစ်ကို သိပ်တော့ မကြာပါနဲ့၊ ကိုယ်ဝန်နဲ့မို့ ဆိုင်မှာ အလုပ်နားနေရပါတယ်၊ အစ်ကိုဆီက အဖြေကို စောင့်ပါ့မယ်။ အစ်ကို လက်မခံရင် ရွာပြန်ရတော့မှာမို့ပါ။
ခေါင်းညိတ်ပြမိသည် ထင်ပါတယ်။ စိတ်နဲ့ လူနဲ့လည်း မကပ်နိုင်တော့ပြီ။ ချစ်သူ၏ မျက်နှာလေးကို မြင်ယောင်မိတော့ ရင်မှာ တစစ်စစ် နာကျင်ရင်း၊ ဘာလုပ်မည် မသိတော့။ သွေးတို့သည် တစ်ခေါင်းလုံး ဆူပွက်လျက် ရှိ၏။ မိမိသည် ချစ်သူကို ချစ်မြတ်နိုးလွန်းလို့ လွန်ကျူးဖို့တောင် မစဉ်းစားရဲခဲ့။ အခုတော့ ဘာဆက်လုပ်ရမလဲ။ ကျေးဇူးရှင် သူငယ်ချင်းကောင်းများကို အသိပေး အကြံတောင်းရုံသာ ရှိတော့သည်။ ထို့နောက် အခန်းတွင် သူငယ်ချင်းသုံးယောက် ခေါင်းချင်းရိုက်ရန် ချိန်းဆိုလိုက်တော့၏။ သူတို့ဆီက အကြံကောင်း ရနိုင်ပါစေသား။ ကံကြမ္မာက ဒဏ်ခတ်လေပြီ။
အခန်းဝတွင် ကြိုရောက်နှင့်နေကြသော သူငယ်ချင်းများကို ဖြစ်ကြောင်းကုန်စင် ပြောပြရတော့သည်။ သုံးယောက်သား ငူငူငိုင်ငိုင်နှင့်။ ကာယကံရှင်က အားကိုးရမလား မှတ်ပါတယ်၊ မျက်နှာတွေက မသာမယာ။ ထို့နောက်တွင် လောကတွင် မကြားချင်ဆုံးသော တောင်းပန်ခြင်းကို မမျှော်လင့်ပဲ ကြားရလေတော့၏။ ဒီနေ့မှာ နောက်ထပ်မမျှော်လင့်တာတွေ ထပ်မကြားရပါစေနဲ့တော့။ တော်ပါတော့။ အရက်ပုလင်း ထဲကို ကျားဆေးထည့်ပြီး နောက်ရလောက်အောင် ကျုပ်ဘဝက ဆိုးခဲ့ပါလား။ တော်ကြတော့ မင်းတို့ကွာ၊ လုပ်ရက်တယ်၊ ထွက်သွားကွာ၊ ငါမခံစားနိုင်တော့ဘူး။ သူတို့ ပြောတာတွေ မကြားချင်တော့။ ကောင်းပါပေ့ကွာ။ ငါဘဝကို မင်းတို့ ရက်စက်ကြတယ်ကွာ။
ဒီတစ်ခါ မိမိကိုယ်တိုင် ငိုမိပြီ။ ဒါ ဝဋ်ကြွေးပဲနေမှာ။ သူတို့ ပြောနေတာတွေက လက်မခံဖို့လည်း ပါတယ်။ ကလေးဖျက်ဖို့ စရိတ်ပေးလိုက်ဖို့လည်း ပါတယ်။ ကလေးကို စောင့်ရှောက်ဖို့ စရိတ်ကို ညှိဆိုတာလည်း ပါတယ်။ ကိုယ့်ဘဝကိုတော့ ဒီလို မိန်းကလေးမျိုးနဲ့ လက်မထပ်ဖို့လည်း ပါတယ်။ နာမည်ကြီး ဖျက်ချတဲ့ ဆေးခန်းရှိတယ် ဆိုတာလည်းပါတယ်။ အင်း...စိတ်ထဲကနေ တွေးမိတယ် သူတို့နဲ့လည်း လွတ်ကင်းခဲ့ပုံလည်း မရဘူး။ နောက်ဆုံး သူတို့ပြောတာကတော့ သူမက ဒီလိုပြောလို့ နွားကျစရာ လားတဲ့။ လောလောဆယ်တော့ နွားထက်ဆိုးနေတဲ့ ခံစားမှုကို မသိနိုင်ကြဘူးလေ။
ဘဝမှာ ချစ်သူကို လက်ထပ်လို့ မိသားစုနဲ့ နွေးထွေးနှစ်လိုဖွယ်ကောင်းသော အနာဂတ်ရည်မှန်းချက်များနှင့် လောလောဆယ်တွင် သူဝါသနာပါသော အိုင်တီလုပ်ငန်းများလည်း အောင်မြင်နေခဲ့ပြီ။ သူအာရုံတွေက ဒီအပေါ်မှာပဲ ထားခဲ့တာ။ ငါဘာတွေများ မှားခဲ့သလဲ။ ငါဘာတွေများ ကျိန်စာသင့်ခဲ့ပြီလဲ။ အရက်မသောက်ပဲ ခေါင်းတစ်လုံးသည် မူးဝေနောက်ကျိနေပြီ။ ဘယ်အချိန်က ရောက်နေမိသည် မသိ ဘုရားစဉ်ရှေ့ကို ရောက်ခဲ့ပြီ။ ဘုန်းတော်ကြီးလှတော်မူသော မြတ်စွာဘုရား-ဘုရားတပည့်တော် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချနိုင်ပါစေဘုရား။ နောက်....သူအိပ်ပျော်သွားသည်လား မသိပါ၊ ချစ်သူက လက်ထပ်ကြ ရအောင်နော်တဲ့။ ထိတ်လန့်စွာ နိုးလာပြန်၏။ စိတ်၏ ခြောက်ခြားခြင်းများနဲ့။ အဖြေထုတ်ဖို့ စိတ်အနားရဖို့ လိုတယ်။ စိတ်ကို အာရုံနောက်ကို မလိုက်တော့ပဲ မှတ်စိတ်နေရာမှာ စုဆုံစေကာ၊ အားကိုးစရာ တရားရှိပါသေးလားဆိုသော အသိနှင့်ပင်။
ဆက်လက်ဖော်ပြပါမည်....

Monday, March 1, 2010

သူမတို့၏ ဘဝနှင့် ခံယူချက် (ဘဝဇာတ်ခုံ)

လူတိုင်း ကိုယ့်လျှောက်လှမ်းရမယ့် ပန်းတိုင်တို့ ယုံကြည်ချက်တွေ မျှော်လင့်ချက်တွေ ရှိသလို သူမလေးတို့ထံမှာလည်း ဘဝနဲ့ ပတ်သက်တဲ့ ခံယူချက်တွေ ရှိနေကြပါတယ်။ တစ်ခါက ကျမနဲ့ သူတို့ ပထမဆုံး စတင်ဆုံဆည်းကြစဉ်  “အားလုံးမင်္ဂလာပါ၊ ညီမလေးတို့နဲ့ တွေ့ရတာဝမ်းသာပါတယ်” နှုတ်ဆက်စကားဆိုတော့ နာကျင်နေတဲ့ မျက်နှာတစ်ချို့နဲ့ “သမီးတို့ကတော့ ဝမ်းမသာပါဘူး၊ အထူးအဖြင့် အစ်မတို့လို ပညာတတ်တဲ့ မိန်းမတွေနဲ့ ပိုမတွေ့ချင်ဘူး” လို့ပြောပါတယ်။ ကျမ ဘာဖြစ်လို့ပါလိမ့်ဆိုတာကို အပြေးအလွှားသိချင်လာပါတယ်။ သူမက ဆက်ပြောပါတယ်၊ “ဆရာမတို့ လာမယ်၊ ပညာပေးတွေ ပြောမယ်၊ နောက် ဆုံးမမယ် ဒါတွေပဲ မဟုတ်လား၊ ညက အလုပ်ဆင်းထားရတယ်၊ ဒီအချိန်က ကျမတို့နားတဲအချိန်လေ။ အစ်မ ခပ်မြန်မြန်ပြောပြီးရင် ပြန်ပါတော့” ၊ ကျမက “အို အားနာစရာကွယ်၊ အစ်မက ပညာပေးဖို့လာခဲ့တာမဟုတ်ပါဘူး၊ သမီးတို့လေးတွေ ပြောပြတာတွေ နားထောင်ချင်လို့ပါ၊ ဥပမာ-ခုနတုန်းက အစ်မတို့လို မိန်းမတွေကို မတွေ့ချင်တဲ့အကြောင်းကို ပြောပြပါလား” လို့ စကားကို လမ်းကြောင်းပေးလိုက်ပါတယ်။ ဘေးက ကောင်မလေးတွေကတော့ အားနာနေပုံရပါတယ်၊ ဆရာမကို အားနာစရာ နင် ဒီလိုမပြောပါနဲ့လို့ ဝိုင်းပြောကြပါတယ်၊ ကျမစကားလမ်းကြောင်းပေးလိုက်တော့ ကလေးမလေးက ကျမကို တစ်ချက်ကြည့် လိုက်ပြီး မာကြောတင်းမာနေသော မျက်နှာလေး တစ်ချက် လျော့ကျသွားပါတယ်။ ပြီးတော့ မျက်လွှာလေးချရင်း စတင်ရင်ဖွင့်ပြောရှာပါတယ်။
“ဆရာမတို့လို မိန်းမတွေနဲ့ မတွေ့ချင်ပါဘူး၊ သမီးတို့ ဘဝက နိမ့်ကျလှပါတယ်၊ ယောကျာ်းတွေရှေ့မှာ သမီးတို့ မရှက်ဘူး၊ ဆရာမတို့လို မိန်းမတွေ ရှေ့မှာတော့ ကိုယ့်ဘဝကို အလွန်ရှက်ပါတယ်၊ သမီးတို့က ယောက်ျားတွေကို အရှက်မရှိ ပြုစုတတ်ပါတယ်၊ အစ်မတို့နဲ့ စကားပြောဖို့ကိုတော့ ဝမ်းနည်း နာကျင်နေပါတယ်။ ဘာလို့ သမီးတို့က ဒီလို ဘဝရောက်ခဲ့တာလဲ။ ဆရာမတို့လိုမိန်းမတွေက ကံကောင်းနေကြပြီး သမီးတို့က ဘာလို့ ကံမကောင်းရတာလဲ။ သမီးတို့ကို ဆရာမတို့လို မိန်းမတွေက အထင်သေးကြ နှာခေါင်းရှုံကြနဲ့ ရွံ့ရှာကြရတာ၊ ဆရာမက သမီးတို့လို မဖြစ်ဖူးတော့ ဘယ်လိုလုပ် ကိုယ်ချင်းစာနိုင်မလဲ” လို့ ပြောရင်း မျက်ရည်တွေ ကျလာပါတယ်၊ ဒီတော့ ကျမက သူမကို ထွေးပွေ့ထားရင်း မြတ်စွာဘုရားလက်ထက် သီရိမာအကြောင်းကို ပုံပြင်အနေနဲ့ ပြောပြလိုက်ပါတယ်။ သူ့ကျောလေးကို သတ်ပေးရင်း အငိုတိတ်တော့မှ “သမီးပြောသလို ဆရာမတို့က အလွယ်တကူ ကိုယ်ချင်းမစာနိုင်ပေမယ့် ငဲ့ညှာမှု ဆိုတာလေးတော့ ရှိမယ်လို့ ယုံကြည်တယ်ဆိုရင် အစ်မကို သမီးတို့ရဲ့ ဘဝတွေနဲ့ ပတ်သက်လို့ အစ်မကို ဗဟုသုတရအောင် ပြောပြပါအုံး၊ အစ်မလည်း ဒီလိုသိတော့မှ သမီးတို့ကို အကြံပေးတာတွေ နားလည်မှုတွေ ပိုပြီးပေးနိုင်အောင်ပါ” ဒီတော့မှ သူမတို့တွေရဲ့ ခံယူချက်တွေ၊ ရည်မှန်းချက်တွေနဲ့ ယုံကြည်ချက်တွေကို နားထောင် ကြည့်ရအောင်နော်။
သူတိုရဲ့ အနာဂတ်အမြင်
“သမီးကတော့ ပိုက်ဆံလေး နဲနဲစုနေတယ်၊ သမီးကို ကြိုက်နေတဲ့ ပန်းရံလုပ်နေတဲ့ ကောင်လေးနဲ့ လက်ထပ်ဖို့ပါ၊ ကောင်လေးက သမီး ဒီအလုပ်ကို လုပ်နေတာမသိဘူး၊ သူလည်း ပိုက်ဆံစုနေပါတယ်၊ သူက နယ်ကနေ အလုပ် လာလုပ်နေတာပါ။ သူနဲ့ သမီး တွေ့တာက အလုပ်သွားဆင်းတာ ပြန်လာရင်း သူက နယ်ကဆိုတော့ ပန်းရံအလုပ်ဆင်းဖို့ နေရာကို လိုက်ပြပေးရင်း သိသွားတာပါ။ သမီးတို့ ပိုက်ဆံစုပြီးရင် ဘုန်းကြီးကျောင်းလေးမှာ ဆွမ်းကပ်ပြီး လက်ထပ်လိုက်ကြမယ်။ အခု သမီး သွေးစစ်နေတယ် ဆရာမ၊ အရင်လက ကာလသားပိုးတွေ့လို့ ဆေးကုထားရတယ်၊ အခုတော့ အေပိုးပါ စစ်ထားပါတယ်၊ ကောင်လေးကို မကူးအောင်ပေါ့။ အကယ်၍ သွေးစစ်အဖြေအောင်ရင်တော့ လက်ထပ်ဖြစ်မယ်၊ တခြားမြို့ကို ပြောင်းသွားပါ့မယ်၊ အဖြေမအောင်ရင်တော့ ကျမပဲ ထွက်သွားရမယ်၊ ကောင်လေးက အတူနေချင်နေတယ်၊ ကျမက ကိုယ့်အကြောင်းနဲ့ကိုမို့ သူ့ကို ပေးမနေရဲပါဘူး ဆရာမရေ။ ကံပေါ့လေ ဘယ်တတ်နိုင်ပါ့မလဲ။ ဆရာမကို ဖိတ်စာပို့ရင် လာခဲ့ရမယ်နော်”။
သမီးကတော့ တစ်လကို လေးယောက်လောက် ပုံမှန် ဖောက်သည်ရှိပါတယ်။ တစ်ယောက်ကို သုံးသောင်း တစ်လစာ ကြိုယူပါတယ်။ ပုံမှန်လာမယ့် ရက်သတ်မှတ်ထားပါတယ်။ နောက်တော့ ပိုက်ဆံစုမိလို့ အကြွေးကြေရင်ပဲဖြစ်ဖြစ် လူလျှော့သွားမယ်၊ ပုံမှန်ဖောက်သည်တွေကလည်း သူတို့ အလုပ်ကောင်းမှ လာကြတာပါ၊ အလုပ်အဆင်မပြေရင်လည်း မလာကြတော့ သမီးက လမ်းထွက်ပြီး ကြိုကြား ထွက်ရှာရတာတွေရှိပါတယ်။ အနာဂတ်မှာ ဘာဖြစ်မလဲ မသေချာသေးပါဘူး၊ ကာလသားပိုးကတော့ ဆေးကို မှန်မှန်မကုဖြစ်လို့ အမြဲသွေးစစ်တိုင်း ရှိနေပါတယ်၊ အေတော့ မစစ်ရသေးဘူး၊ လကုန်ရင်တော့ အဖွဲ့အစည်းတစ်ခုက စစ်ပေးမယ်လို့ ပြောပါတယ်၊ ရှိနေတော့လည်း ရှိပေါ့ ဆရာမရယ်၊ ဝက်ဖြစ်မှ တော့ မစင် ကြောက်မနေတော့ပါဘူး။ ဧည့်သည်တွေလည်း သူတို့ အကုသိုလ်များလို့ သမီးတို့ဆီကို ရောက်လာကြတာ။ ကွန်ဒုံးမသုံးလို့ ရသွားလည်း သူတို့ ကံပဲပေါ့။ သမီးတို့ကတော့ သေလည်း မထူး၊ နေလည်း မထူးပါဘူး၊ သူတို့ မိသားစုတွေကိုတော့ သနားပါရဲ့။ သူတို့ ကံကြမ္မာကို သူတို့ ဖန်တီးကြတာပဲလေ။
သမီးက တစ်လကို ငါးသောင်းလောက်စုပြီး မိသားစုကို ထောက်ပံ့ရတယ်၊ သမီးက အကြီးဆုံးသမီးပါ။ အောက်က အငယ်တွေ ကျောင်းနေကြသေးတယ်။ အဖေက မရှိတော့ဘူး၊ အမေကလည်း စီးပွါးရေး မလုပ်တတ်တော့ သမီးကပဲ ရှာဖွေကျွေးပါတယ်၊ တစ်ခါတစ်လေလည်း ငါးသောင်းထက်ပိုရတယ်၊ မိသားစုကို ထောက်ပံ့လို့ ရနိုင်ရုံပါ။ ငွေလေးစုပြီး ထမင်းဆိုင်လေး ဖွင့်မယ်စိတ်ကူးတယ်၊ စုတဲ့ဆီကိုတော့ မရောက်သေးဘူး။ ကာလသားပိုးကတော့ ဖြစ်နေပြီ၊ အေတော့ မကိုက်သေးဘူး။
သမီးရဲ့ ဖောက်သည်တွေထဲမှာ ရည်ရည်မွန်မွန်တစ်ယောက်လောက်ကို ချိတ်လိုက်မယ် စိတ်ကူးတာပဲ။ သွေးကတော့ စစ်နေတုန်းပဲ။ အဖြေမသိရသေးဘူး။ သွေးစစ်ပေးတဲ့ အဖွဲ့တွေက ရအောင်သမီးတို့ကို ရှာပြီးစစ်တော့တာပဲလေ။ နောက်နေ့ အဖြေသွားယူရမယ်။ တစ်ချို့ဧည့်သည်တွေထဲမှာ လူခပ်ရိုးရိုးတွေပါတယ် ဆရာမ၊ ကျမတို့ သနားအောင် ပြောရင် ယုံကြတာပဲ၊ ဘယ်လို ဘဝတွေ ပျက်ခဲ့တာပါလို့ ပြောလိုက်တာနဲ့ မုန့်ဖိုးဆိုပြီး ပေးသေးတယ်။ ကိုယ်ကလည်း လုပ်ကိုင်မစားတတ်တော့ အဲလို ယောကျာ်းမျိုးရှာရတာက ပိုလွယ်မယ်ထင်တာပဲ။ အများကြီးတော့ မစဉ်းစား ထားချင်ဘူး၊ အေကိုက်လို့ သေရင်လည်း ကျော်သူတို့ ရှိနေတာပဲ၊ သူတို့ သဂြိုလ်ပေးလိမ့်မယ်လေ။ 
အေကိုက်တာ မကိုက်တာတွေတော့ မထူးဆန်းပါဘူး၊ သမီးတို့ဘဝတွေက။ သမီးဆို အလုပ်စလုပ်ပြီး ခြောက်လကတည်းက ပိုးတွေ့တယ်ပြောတယ်။ အခုတစ်နှစ်ခွဲရှိပြီ၊ ဆရာ ဆရာမတွေက ဘယ်နေထိုင်စားသောက်ရမယ်တွေ ပြောပါတယ်၊ ဆေးခန်းသွားပြရင် ဆန်ပေးတယ်၊ ငွေပေးတယ်၊ ငွေထုတ်ချေးတာတွေလည်း လုပ်တယ်၊ ဒါပေမယ့် သမီးတို့က အသုံးကို မလျော့နိုင်တော့ဘူးလေ၊ သူတို့ ငွေထုတ်ချေးပေမယ့်လည်း အသုံးကို မလျော့နိုင်တော့ဘူး။ ငွေချေးတယ်ဆိုတာ အလုပ် လုပ်ကိုင်စားသောက်ဖို့ပါ၊ နေပူစပ်ခါးမှာ မလုပ်နိုင်တော့ဘူး၊ အပင်ပန်းမခံနိုင်တော့ဘူး၊ ဒီအလုပ် လုပ်ရတာ နာမည်သာ ဆိုးတာပါ ဆရာမရယ်၊ ဧည့်သည်က ခေါ်သွားရင် တည်းခိုခန်းမှာ အဲကွန်းနဲ့နေရတာ၊ စမတ်ကို ကျလို့။ ကိုယ့်အိမ်မှာ မိုးရာသီဆိုရင် မိုးယိုနေသေး၊ နွေရာသီဆိုရင် ပိုပြီး အလုပ်လုပ်ချင်တယ်၊ ပူလို့လေ။ တခါတလေ နိုင်ငံခြားသားနဲ့ တွေ့တာလည်း ရှိတယ်။ သူတို့ကတော့ အကာအကွယ်အပြည့်နဲ့ လူလည်ကြီးတွေ။ သူတို့နဲ့ဆိုရင်တော့ တည်းခိုခန်းကောင်းကောင်းမှာတောင် အိပ်ဖူးတယ်။ ဆရာမတို့တောင် အိပ်ဖူးမှာမဟုတ်ဘူး။ ဟား ဟား....။ နောက်အရက်မူးတဲ့ နိုင်ငံခြားသားနဲ့ တွေ့လို့ကတော့ ဟန်ကျတာပဲ။ သမီးတို့ သက်သာတယ်လေ၊ နောက် မူးပြီး အိပ်ပျော်သွားရော။ သူတို့ ပိုက်ဆံအိတ်ကို မွှေပြီး အတန်ကြီး နှစ်ရွက်လောက်ကို မိန်းမကိုယ်ထဲကို ခေါက်ထည့်ပြီး ယူလာခဲ့တာပေါ့။ နာလိုက်တာ ဆရာမရေ၊ ဟိုတယ်ဝန်ထမ်းတွေက သမီးတို့ကို သိတယ်လေ၊ သမီးတစ်ယောက်ထဲ ထွက်လာတော့ စစ်လိုက်ကြတာ တစ်ကိုယ်လုံး။ သမီးအကြံက မပိုင်ဘူးလား။ နောက် အများသုံးအိမ်သာရောက်မှ ပြန်ထုတ်ပြီး၊ သမီးတို့ ရောင်းတဲ့နေရာတွေမှာ သွားရောင်း ရတာ။ အဲဒီလက ဒန်ပေါက်ဆိုလည်း အဝစားပစ်လိုက်တယ်။ ကလပ် သွားတက် လိုက်သေးတယ်။ အလုပ် မလုပ်ပဲ နှစ်ပတ်လောက် နားလိုက်ရတယ်။ သုံးလို့ကောင်းမှ ကောင်း။
ဆက်လက်ဖော်ပြပါအုံးမည်...

ဘဝဇာတ်ခုံ-ကျမရဲ့ စွန့်စားခန်းများ။

တကယ်တော့ သူမတို့နဲ့ တွေ့ဖို့ဆိုတာ လွန်စွာခက်ပါတယ်၊ လမ်းမှာတော့ တွေ့နိုင်ပါတယ်၊ စကားပြောဖို့ ခက်ပြန်ရော။ အချိန်နဲ့ နေရာကို ရွေးရပါတယ်။ အချိန်ကတော့ သူတို့ အလုပ်ချိန်ကို မထိခိုက်အောင်ပါ။ နေရာကတော့ ကျမနဲ့သူတို့ စကားပြောနေစဉ် အနှောင့်အယှက်ကင်းသော နေရာမျိုးကိုရွေးရပါတယ်။ နောက် သူတို့ထံ သွားတွေ့ဖို့အတွက် ကျမရဲ့ အပြင်အဆင်၊ အပြောအဆိုအမူအရာများနဲ့ စကားလေသံပါပြင်ရပါတယ်။  ပထမဆုံး ဆံပင်ကို ပုံမှန်ခေါင်းစည်းနဲ့ ချည်နှောင်ထားပါတယ်။ မျက်နှာမှာ လိမ်းခြယ်တယ်လို့ မထင်စေရပါ၊ နောက် အင်္ကျီကို သပ်သပ်ရပ်ရပ်နဲ့ အရောင်အဖျော့တွေကို ဝတ်ဆင်ရပါတယ်။  ဖိနပ်ကိုတော့ အပါးလေး စီးသွားပါတယ်။ လက်ဝတ်ရတနာတွေကို ချွတ်ခဲ့ရပါတယ် ဒီအရာများက ကျမနဲ့ သူတို့ကို စည်းမခြားနေစေဖို့အတွက်ပါ။ အမူအရာအဓိက ကတော့ မျက်လုံးပါ။ သူတို့က ကျမကို အကဲခတ် နေကြမှာပါ။ ဘဝရဲ့လှိုင်းဒဏ်တွေပိနေတဲ့ သူတို့လေးတွေက သိပ်အကဲခတ်တော်နေကြလို့ပါ။ မျက်ဝန်းမှာ အတတ်နိုင်ဆုံး နွေးထွေးမှုတွေရှိနေမှ ဖြစ်မှာပါ။ နောက် အပြုံး၊ ကျမသူတို့ကို လှမ်းနှုတ်ဆက် လို့ အပြုံးက မသက်မသာရှိခဲ့ရင် ကျမကို သူတို့လေးတွေ ရင်ဖွင့်ဖို့ ဝေးသွားပါရော။ ကျမက သူတို့နဲ့ စကားစမြည် အေးအေးဆေးဆေး ပြောချင်တာ၊ သူတို့လေးတွေ ဘာတွေများ ပြောချင်နေမလဲ၊ ဘာတွေ ငိုကြွေးချင်ကြမလဲ၊ ဘာတွေများ တောင်းဆိုချင်ကြမလဲ။ ကျမသူတို့လေးတွေထံ မသွားခင် စကားမပြောခင် အများကြီး ပြင်ဆင်မှုတွေ လုပ်ထားရပါတယ်။ စာဖတ်သူတို့ရေ သူတို့လေးတွေမှာက စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့လေ။ ကျမကြောင့် သူတို့လေးတွေမှာ စိတ်အနှောင့်အယှက် မဖြစ်ရလေအောင် ကြိုတင်ပြင်ဆင်မှုတွေ သိပ်အရေးပါလှပါတယ်ရှင်။
သူတို့လေးတွေနဲ့ မတွေ့ခင် ကျမသူတို့ သွားလာတတ်တဲ့နေရာတွေကို မှောင်ရိပ်ခိုကာ စောင့်ကြည့်ခဲ့ဖူးပါတယ်။ အမျိုးသားများက လာရောက်ဈေးဆစ်ကြပုံ၊ သူတို့တွေရဲ့ လှုပ်ရှားမှုတွေနဲ့ စကားအသုံးအနှုန်းများကိုလည်း လေ့လာရပါတယ်။ သူတို့နဲ့ မလှမ်းမကမ်းမှာ အမှောင်တစ်နေရာမှာ ကားကိုရပ်ထားပြီး ကားထဲကနေ စောင့်ကြည့်ရတဲ့ အချိန်မှာ သူတို့ထံက လွှင့်ပျံလာတဲ့  စကားသံများကိုလည်း ကြားယောင်နေမိစဲပါ။
“တစ်ထောင်တော့ ပေးပါ အစ်ကိုရယ် ကျမ အကြွေးဆပ်ရမှာက (၇၀၀)မို့ပါ။ နောက်နေ့ ထမင်းစားဖို့ သုံးရာကျန်တော်ပါပြီနော်” တဲ့။
“ဟေ့ တည်းခိုခန်းက ခေါ်တယ်၊ အနီမ လာ ဆိုက်ကားပေါ်တက်”၊ ဆိုက်ကားသမားကို တဆင့် ခေါ်ခိုင်းလိုက်ပုံရပါတယ်။
“ဟိုနှစ်ယောက်ကို လမ်းထောင့်မှာ ကားရပ်ထားတယ်၊ ဈေးပြောပြီးသား၊ စောင့်နေတယ် မြန်မြန်သွား”။ ဒါက ကြားပွဲစားကနေ တဆင့်လာတာ ထင်ပါရဲ့။
“အောင်မလေးနော် ညဥ့်နက်လာပြီ၊ ဧည့်သည်တွေရေ မြန်မြန်လာကြ၊ စောင့်နေရတာ ခြင်ကိုက်တယ်တော့”။ ကျန်ခဲ့တဲ့သူက ညဉ်းဆိုသံ။
ဒီလိုနဲ့ တနေ့တော့ ညဘက် အိမ်ကို ပြန်အလာ လမ်းရှင်းတဲ့ဘက်က မောင်းလာရာမှ တစ်ခုသော မီးပွိုင့်မှာ မီးနီလို့ စောင့်နေတုန်း ကားကလည်း လမ်းမှာပြတ်၊ လမ်းမီးတွေလည်း မှောင်အတိ။ ဒီအချိန် ငိုသံတစ်ခုကို ကြားရပါတယ်။ ညခင်းလေးမှာ ကားစီးရင်း လေအေးလေးကို ခံစားနေတဲ့စိတ်တွေက ငိုသံကို နားထောင်မိသွားပါတယ်။ စကားသံတွေက ဗလုံးဗထွေးနဲ့။ 
“xxxxxxxxx ငါ့မှာ ပိုက်ဆံမရှိလို့ လုပ်စားတာဟဲ့။ နင်တို့ အနိုင်လာကျင့်နေတယ်။ လွှတ် ထမင်းတောင် မစားရသေးဘူး၊ ပိုက်ဆံတစ်ပြားမှ မပေးပဲနဲ့ ဟီး ....ဟီး....ဟီး”။
“နင်လို ကောင်မကများ ပြောသေးတယ် ကဲဟယ် ...ကဲဟယ်”။
“လာကြပါအုံးရှင်......ဒီမှာ ကျမကို နှိပ်စက်နေပါတယ်တော့  ဟီး ....ဟီး....ဟီး”။
အသံတွေသာ ကြားနေရတာ ကျမက အခုထိ ရှာမတွေ့သေးဘူး၊ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း ကားမီးရောင်ကလွဲရင် ဘာမှကို မမြင်ရဘူး။ ဒီအချိန်မှာပဲ......
ယာဉ်ထိန်းရဲဝတ်စုံနဲ့ တစ်ယောက်က နောက်တစ်ယောက်ကို ဆွဲနေတာတွေ့ရပါတယ်၊ နောက်တစ်ယောက်က အင်္ကျီကြယ်သီးတွေ ပြုတ်နေတယ်၊ သူတို့ဆွဲနေတာ တွေ့ရပြီး မီးပွိုင့်ရှေ့ကနေ မိန်းကလေးတစ်ဦး လုံချည်ရင်လျားနဲ့ ပြေးထွက်သွားပါတော့တယ်။ သူ့ခမျာ ငိုနေလို့ ပြေးရင်းနဲ့။ ရင်မှာ စို့တက်လာတဲ့ ဝမ်းနည်းမှုကို သက်ပြင်း ချမိရင်း ၊ ကံကြမ္မာဝဋ်ကြွေးတွေရှိရင်လည်း ကျေပါစေတော့လေ။ အော် သံသရာကြီးမှာ ပြုတဲ့သူက အသစ်၊ ခံရတဲ့သူက အဟောင်း။ တော်ပါပြီလေ သံသရာတွေ မရှည်ကြဖို့ ရန် ယောကျာ်းကောင်းများ သတိထားကြပါလို့ အသိပေးလိုက်ရပါတယ်ရှင်။
ပွင့်သော ပန်းတိုင်း လန်းစေချင်။