သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........
Showing posts with label ရသစာပေ. Show all posts
Showing posts with label ရသစာပေ. Show all posts

Monday, September 17, 2012

“ချဉ်ပေါင်ဟင်း”

အပိုင်း (၁)
“ထမင်းဘယ်နှစ်လုံးချက်ရမလဲ ...အမေ”

နွေညနေခင်းတစ်ခုမှာ ကျေးလက်ဌာနေရှိ အဘွားအိုတစ်ဦး၏ သမီးကြီးမှ မေးလာသည့်အခါ အဘွားအိုသည် အတန်ငယ်စဉ်းစားပြီးနောက် 

“ဒီညနေ ရန်ကုန်က သားအမိ ခြောက်နာရီရောက်လိမ့်မယ်၊ သူတို့သားအမိနဲ့ ညည်းသမီးနဲ့ မြေးနှစ်ယောက်အတွက်ပါ ထည့်ချက်လိုက်အေ”

“ကျမ သမီးနဲ့ မြေးတွေက ပြန်ကြလိမ့်မယ်၊ ကျမ သားမက်လည်း ရန်ကုန်ကနေ လေးနာရီလောက်က ထွက်လာနေပြီပြောတယ်၊ အပြန် ဝင်ခေါ်မှာပေါ့”

“အို..အေ လေးနာရီက ထွက်လာတဲ့ လေးဘီးကား ဖွတ်ချက်က ဘယ်လောက် မြန်နိုင်မလဲ၊ ကြည့်နေ ညကိုးနာရီရောက် ကံကောင်း၊ ကလေးတွေ ဆာနေမှာပေါ့ ကျွေးလိုက်စမ်းပါ၊ ညည်းသမီးရဲ့  တရုတ်ယောက္ခမတွေက ထမင်းချက်ထားမယ်တဲ့လား၊ အချိန်မတော် ကြက်ခြံထဲ ကြက်ဥနှိက် ကြော်စားနေရအုံးမယ်”

“ဒါဆိုလည်း ဆန်တစ်ပြည်ချက်လိုက်မယ်၊ ကျမတို့ ညီအစ်မ သုံးယောက်၊ အမေရယ် ကလေး လေးယောက်နဲ့ ကျမမြေးနှစ်ယောက်အတွက် လောက်မယ်ထင်တာပဲ”

“အေး ... ဘာဟင်းချက်မတုန်း ဒီညနေ ...”

“အိမ်နောက်ဘက်မယ် ...ကျမသမီး အငယ်မ စိုက်ထားတဲ့ ချဉ်ပေါင်တွေ စွတ်လို့ရနေပြီ အမေ၊ ဒါကြောင့် ချဉ်ပေါင်အရည်ထည်လေးချက်ပြီး မနက်က ငါးကျည်း အကောင်ငယ်လေးတွေကို ကြော်မယ်၊ ထုံးစံအတိုင်း ငါးပိရည် တို့စရာရယ်ပေါ့”

“ညည်းညီမအငယ်မနဲ့ သူ့သမီးက မြို့က လာကြတာ စားနိုင်ပါ့မလား”

“ကျမ ညီမက စားနိုင်ပါတယ်၊ အမေ့မြေး ငယ်ဆုံးမကတော့ အစားရွေးတယ်၊ ငါးကြော်ဆီလေး ဖယ်ထားလိုက်ပါ့မယ်၊ ငါးကြော်ဆီလေးနှယ်ပြီး ငါးကြော်လေးနဲ့ဆို ဖြစ်မှာပါ၊ သူ့အစ်မတွေ ခွံ့ခိုင်းလိုက်မယ်”

“အေး အေး ကောင်းသလိုကြည့်စီမံလိုက်၊ ခြံထဲက ဘယ်သူလဲဟေ့ နေစောင်းပြီ အပင်တွေ ရေလောင်းလိုက်ပါအုံးအေ၊ ထင်းစည်းတွေ ရေမစိုစေနဲ့နော်”

“ကျမ .. အမေရေ့ ရေချိုးမလို့ ဆင်းလာတာ၊ လောင်းလိုက်ပါ့မယ်”
အဘွားအို၏ သမီး နို့ညှာမ။ ကျောင်းဆရာမ အပျိုကြီး ခြံထဲဆင်းပြီး ရေမချိုးခင် အပင်တွေ ရေလောင်းနေပြီ။ 

မကြာခင် ကျောင်းလွှတ်၍ အထက်တန်းကျောင်းသူ အလယ်ကျောင်းသူ အဘွား၏ မြေးများ အိမ်ရောက်ကြပြီ။ 

“ကဲကဲ တလက်စတည်း ရေခပ်ကြ၊ ရေချိုးကြ”
အဘွား၏ သမီးအကြီးသည် မီးဖိုချောင်မှ သူ့သမီးများကို တစ်ချက်လှမ်းအော်လိုက်သည်။ 

“အမေ ညနေဘာချက်မလဲ”

ကျောင်းမှ ပြန်လာသော ကိုးတန်းကျောင်းသူ မြေးမက သူ့အမေကို မေးသံ၊ အဘွားသည် တစ်ချက်နားစွင့်နေလိုက်ပြီး

“မြေးတို့ ညည်းအမေကို ရေမချိုးခင် မီးဖိုချောင်ကူလိုက်အုံး၊ ခဏနေရင် မြေးတို့ အန်တီနဲ့ ညီမ လာလိမ့်မယ်”

“ဟုတ် အဘွား၊ ဒီမှာ ငါးပိရည် ဝိုင်းဖျော်ပေးနေပါပြီ”

“အေး အေး ... ငါးပိရည်အိုး အသစ်ဖွင့်လိုက်တော့၊ ပြီးခဲ့တဲ့နှစ်က ငါးရံ့ပေါလို့ သိပ်ထားတဲ့ ငါးပိ ခုလောက်ဆို စားရပြီဟဲ့။ အရသာကောင်းအောင် ငါးပြေမလေးတွေပါ ရောသိပ်ထားတယ်။
ငါးပနော်လေး မီးဖိုဘေးမှာ မီးအုံပြီးသားလေး ရှိသေးလားဟဲ့၊ အဲဒါလေးနဲ့ ငါးပိရည်ဖျော်လိုက်ပေါ့”

အဘွားအိုသည် လမ်းမဘက်သို့ ငေးရင်း ညနေစာအတွက် လှမ်းပြောလေသည်။ 

“ရှိသေးတယ် အမေရေ၊ အမေ့သမီးငယ်ကိုသာ အေးဆေးမျှော်ပါ၊ မီးဖိုချောင်ကိစ္စ စိတ်မပူပါနဲ့ ဟိဟိ”

“ဟဲ့ ... ဘယ်မှာ မျှော်နေလို့တုန်း”

အဘွားအိုသည် မလုံမလဲ တစ်ချက်ပြောရင်း နာရီကို ကြည့်လိုက်သည်၊
ညနေ ငါးနာရီခွဲပြီ။ 
“အင်းးးး ကားအချိန်မှန်ရင် ညနေခြောက်နာရီဆို ရောက်ပြီ” ဟု စိတ်ထဲ တွေးလိုက်၏။ 

“အမေကလည်း ဝရံတာကကို မခွါတော့ဘူး၊ လာချိန်တန်လာမှာပေါ့၊ ဘာလို့ မျှော်နေမလဲ၊ လေ အအေးမိနေအုံးမယ်”
ရေချိုးရာမှ တက်လာသော သမီးအလတ်မက ကျောင်းဆရာမ ပီသသောလေသံဖြင့် ကရုဏာသံဖြင့်။

“သြော် နင်တို့ကလည်း ခမျာ ကလေးတစ်ဘက်နဲ့ အထုပ်အပိုးနဲ့ လာမယ့်ဟာ”

“ကျမ ရေချိုးပြီးပြီ စောင့်ပေးပါ့မယ်၊ အမေ အထဲဝင်တော့ ဘုရားရေလဲ ဘာညာ လုပ်တော့လေ..”

“အေးအေး ပြီးရော”




ရဝေ ရဝေ သြော်မြိုင်စောင်းမှာလ ............ သေစေညွှန်းတော့ သေရဲပါတယ် ချစ်သူရေ ...

ကျောင်းကအပြန် ငှားလာသော ကက်ဆက်ခွေလေး ဖွင့်ရင်း ရေကဲ့သူက ရေကဲ့လို့၊ ထမင်းပွဲပြင်သူက ပြင်၊ မျှော်သူက မျှော်ကြ၊
ဤသို့ဖြင့် သောကြာနေ့ညနေခင်းလေးတစ်ခုမှာ ကျေးလက်ရနံ့တို့ ဆွတ်ပျံ့ဆဲ...။


အပိုင်း (၂)
“ဟဲ့ ညည်းနယ်အေ ကလေး စာမေးပွဲပြီးပြီချင်းများ လာရသလား”

“ဟုတ်တယ် အမေရေ၊ အမေ့ သားမက်က သူ့သမီးကို ဒီအရွယ်နဲ့တင် စိတ်မချဘူး၊ ကျမတို့ နေ့ဘက် အလုပ်သွားနေရင် သူက ကျောင်းစောစောပြန်ရတယ်၊ လမ်းထဲက (ကလေး၏ဖခင်ဘက်မှ တော်သော အမျိုးများ)အဒေါ်အိမ်တွေမှာ ခဏ နေခိုင်းရတာပေါ့။ ကျမတို့က အလုပ်ပြန်နောက်ကျတာကိုး။ အဲဒါ သူ့အဖေက သူ့သမီးကို အဲ့အိမ်တွေမှာ ထားရတာ စိတ်မချဘူးတဲ့၊ ကုန်သည်အိမ်တွေ မဟုတ်လား လူများ လူရှုပ်တာပေါ့၊ လူစုံရင် ဝိုင်းလေးက ကောင်းကြသေးတာ၊ ဟိုတလောက သူ့သမီးကို ကုန်သည်တစ်ယောက်က ချီထားလို့ ဆိုပြီး မကျေမနပ်ဖြစ်နေတယ်။ ကျမလည်း ကလေး ကျောင်းချိန်က တစ်ဖက် အလုပ်က တစ်ဖက်နဲ့၊ စိတ်ရှုပ်ပါတယ်အမေရယ်”

“ဟဲ့ .... ဒါဆိုလည်း ငါတို့ဆီ လာထားပေါ့၊ ဒီမှာ သူ့အစ်မတွေနဲ့ ကလေး အဖေါ်ရတာပေါ့၊  ညည်းတို့ မြို့မှာလည်း ကလေးဆော့စရာ မြေမရှိ ဘာမရှိနဲ့အေ”

“အင်း ... ကျမလည်း ဒီလိုပဲ စိတ်ကူးပါတယ်၊ သူ့အဖေနဲ့ တိုင်ပင်ရအုံးမယ်”
မြို့ပြ၏ ရုန်းကန်မှုတွေကြား ရင်မောနေသော သမီးငယ်နှင့် မြေးအငယ်ဆုံးလေးအား ကြည့်ရင်း အဘွားအို သက်ပြင်းတစ်ချက်ရှိုက်လိုက်လေသည်။ 

“အမေတို့ စကားနောက်မှ ပြော၊ ဟင်း ထမင်း ပူတုန်း တခါတည်း စားလိုက်ကြရအောင် ”
အဘွား၏ သမီးအကြီးမှ စကားစဖြတ်ခိုင်းပြီး ထမင်းစား ခေါ်၏။ 

“ဟဲ့ ..လူစုံနေတာ စားပွဲဝိုင်းအကြီးခင်းလေ၊ အားလုံး တစ်ခါတည်း စားကြမယ်၊ ကလေးတွေကို ထမင်းဟင်း ပုံပေးလိုက်၊ နင့်အဒေါ် ပင်ပန်းလာတယ်၊  အငယ်ဆုံးမလေးကို အကြီးမ ..နင် ခွံ့လိုက်အုံး၊ သူက ကြောင်စာလောက် စားတာ၊
 သူပြီးမှ စားလိုက်တော့ ငါ့သမီး ကြားလား”

အဘွားအို၏ သမီးသည် သူမ၏ သမီးများကို ထမင်းဝိုင်းအတွက် လိုတာ လုပ်ပေးရင် ပါးစပ်မှလည်း မှာကြားနေလေ၏။

“ဟုတ်ကဲ့ပါ အမေ၊ သမီး ငါးကြော်ဆီလေးလူးပြီး ညီမလေးကို အရင် ခွံ့နှင့်မယ်”

“အောက်က ရေချိုးပြီးတက်လာတဲ့ ကလေးတွေ တခါတည်း အပေါ်ကန် ရေဖြည့်လိုက်နော်၊ ထမင်းစားပြီးရင် ခပ်နိုင်တော့မှာမဟုတ်ဘူး၊ ဒီနေ့ လူများတယ်၊ နောက်ဖေးသုံးရေရော ပန်းကန်ဆေးဖို့ရော၊ မနက် မျက်နှာသစ်ဖို့ပါ ပြည့်စုံရဲ့လား ကြည့်လိုက်အုံး”

မြေးအကြီးမလေးက ညီမဝမ်းကွဲအငယ်မလေးအတွက် ထမင်းနယ်ရင်း သူ့ညီမတွေကို ခြံထဲက ရေကန်ဆီ လှမ်းအော်၏။

“မမကြီး .. ဒီညနေဘာချက်တုန်း၊ လမ်းမှာ ကြက်ဥ ဆယ်လုံးဝယ်ခဲ့သေးတယ်၊ မမကြီး တူမက အစားအသောက် ရွေးလွန်းလို့”

“နင့်တူမ အငယ်လေး စိုက်ထားတဲ့ ချင်ပေါင်တွေကို စွတ်ပြီး ငါးကျဉ်းခေါင်းလေးတွေနဲ့ ချက်ထားတယ်။ ပီးတော့ ဒီနေ့ ငါးပိအိုး အသစ်ဖောက်ထားတယ်အေ့၊ ချဉ်ပေါင်ဟင်းထဲ အချဉ်မစူးအောင် ငါးပိရည်အဖြူထည်လည်း နဲနဲထည့်ခပ်လိုက်တယ်။ အဲဒီ ချဉ်ပေါင်ဟင်းနဲ့ ငါးကျဉ်းကို အဖြူထည် အကြွပ်ကြော်ထားတယ်၊ ငရုတ်သီး အပုတောင့်ကို အိုးကပ်ဆီဒလိမ်းထိုးလေးလုပ်ပြီး ထောင်းထားတယ်။
ငါးပိရည်ဖျော်ရည်ထဲ ထည့်တာလေ၊ နင့်တူမအကြီးက ဒါမျိုး ကျွမ်းတယ်၊ ငါးပနော်မီးအုံးလေးကို အဖျော်လုပ် ထည့်ထားတာပေါ့။ တို့စရာတွေ အထွေအထူး မလုပ်တော့ဘူး၊ ဟင်းက ချဉ်ပေါင်ဆိုတော့လေ။
ငါ့တူမအတွက်ကတော့ ငါးကြော်က ငရုတ်သီးနဲ့ မဟုတ်ဘူး စားလို့ရပါတယ်၊ ကြက်ဥတွေတော့ ထားလိုက်တော့၊ နောက်နေ့စာပေါ့အေ ..”

“အမယ်လေး အစ်မရယ် ကြားတာနဲ့တောင် ထမင်းဆာလာပီ”

“အေးအေး အမေ့ကို ခေါ်၊ ဟိုကျောင်းဆရာမကိုလည်း ခေါ်လိုက်အုံး၊ ငါ ကလေးတွေ ခေါ်လိုက်အုံးမယ်၊ ဟဲ့ကလေးတွေ ကက်ဆက်ပိတ်စမ်း၊ ရေခပ်နေတဲ့သူတွေ တက်ခဲ့ကြတော့ ထမင်းစားကြမယ်ဟေ့..”

ဒီလိုနှင့် ရှစ်ဦးစားနိုင်တဲ့ ထမင်းစားပွဲဝိုင်းလေးသည် ကလေး လူကြီး အုံးအုံးကျက်ကျက် ဆာဆာဖြင့် လွေးကြလေသည်။

ထမင်းပေးပါအုံး ...

လိုက်ပွဲပန်းကန် ထမင်းဖြည့်အုံးဟေ့ ... 

ဟင်းရည်ကို ချိုင့်နဲ့ ခပ်ခဲ့ ခဏခဏ ထထည့်မနေရအောင် ... 

လက်ဆုံပြန်ပြီ ဟင်းပန်းကန်ထဲ မီးပွိုင့်ငှားရတော့မှာပဲ ...

ဟင်းရည်ပန်းကန် နှစ်ပန်းကန် ခွဲပေးလိုက်မယ် ...

ဟဲ့ အငယ်မ ငရုတ်သီးမှုန့်တွေ ဖြူးစားနေသလား ဗိုက်နာမယ်နော် ...

ချဉ်ပေါင်ဟင်းချည်းပဲ စားမနေကြနဲ့ ငါးကြော်လေးများလည်း အားပေးအုံး ...

ငါးပိရည်လည်း ကျန်သေးလားဟဲ့ ...

အမယ်လေး အကြီးမတွေက ပိုဆိုးသေး၊ ငရုတ်အပုတောင့်ကြော်တွေကို ကိုက်စားနေကြတယ်၊
နင်တို့နော် အဝင်ရော အထွက်ပါ ပူထူနေတော့မယ် ...

တစ်ယောက်တစ်ပေါက် စားသောက်ကြရင်း ထမင်းတစ်ပြည်ချက် ဟင်းတစ်အိုးနှင့် ငါးကြော် သုံးဆယ်သား လူဆယ်ယောက် ပြိုက်ကနဲ ကုန်လေတော့သတည်း။ 

သြော် ... စားမြိန်တဲ့ ချဉ်ပေါင်ဟင်းတစ်ခွက်။


ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ် 

Tuesday, February 14, 2012

“သမီးကိုလာခေါ်ပါ ...မေမေ”

အပိုင်း(၁)
ဆောင်းလွန်နွေကူးကာလသည် အေးသည်လည်း မဟုတ် ပူသည်လည်း မမည်။ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးတခုရှိ တက္ကသိုလ်ကျောင်းဝင်းအတွင်း ကျောင်းသားကျောင်းသူတို့ ပန်းရောင်နဲ့ ဆက်စပ် ပတ်သက်သော လက်ဆောင်ပစ္စည်းထုပ်လေးများ၊ ချောကလက်ဗူးငယ်များ၊ ပန်းစည်းများ စသည်တို့ကို  ကိုင်ဆောင်လျှက် သွားသွားလာလာရှိနေကြပါသည်။ ယနေ့သည် အနောက်တိုင်းများမှ လေအဝှေ့တွင် ပါလာသော ဗာလင်တိုင်းနေ့ဖြစ်ပါသည်။


ကျောင်းသားကျောင်းသူလေးများသည် အပျံသင်စ ငှက်ငယ်လေးအသွင်ရှိလျှက် အရာရာစူးစမ်းသော တတ်သိနားလည်လိုသော စိတ်တို့နှင့် သွက်လက်နိုးကြားနေကြပါသည်။ လူသား သတ္တဝါတို့ဖြစ်သည့်အလျောက် အမျိုးမျိုးသော အကျင့်စရိုက်၊ ဝါသနာနှင့် လူနေမှုအဆင့်အတန်းအမျိုးမျိုးပိုင်ဆိုင်ကြပါသည်။ နုပျိုသော အရွယ်၊ တက်ကြွသောစိတ်တို့ဖြင့် လန်းဆန်းသော ပန်းကလေးများပမာ မြင်ရသည်မှာ ရွှင်လန်းစရာဖြစ်ပါသည်။

မောင်အေးရွှေသည် နယ်မြို့ကလေးတစ်ခုမှ ဆန်စက်၊ ဆီစက်များပိုင်ရှင်၏ တစ်ဦးတည်းသော သားလေးဖြစ်ပါသည်။ မိဘများက ကြွယ်ဝချမ်းသာ သားကလေးတစ်ဦးတည်း ရှိသည့်အတွက် အလိုလိုက် အကြိုက်ဆောင်ကြသည်မှာ သဘာဝဖြစ်ပါသည်။ ငယ်စဉ်ကပင် ပူပင်သောကကင်းဝေးလို့ လိုတိုင်းရနေသော ဘဝတွင် ဝါသနာဆိုးလေးတစ်ခုဖြင့် ပျော်မွေ့နေသူဖြစ်သည်။ အတိတ်ကံပါရမီလေးကြောင့် မျက်နှာချို အပြောကောင်းသော မိန်းကလေးများ စိတ်ဝင်စားတတ်သည့် မောင်အေးရွှေသည် ဆယ်တန်းအောင်ပြီး တက္ကသိုလ်ကျောင်းသားဖြစ်နေသည်မှာ ဒုတိယနှစ်ပင် ရောက်နေပြီဖြစ်သည်။

ပန်းဝတ်မှုံ၏ မိဘများသည် အစိုးရဝန်ထမ်းများဖြစ်သည့်အလျောက် မြို့ရွာအနှံ့ကျောင်းတက်ခဲ့ရပါသည်။ ပန်းဝတ်မှုံတစ်ယောက် ယခုနှစ်တွင် မိဘများ တာဝန်ကျရာ နယ်မြို့နှင့် အနီးဆုံး တိုင်းဒေသတက္ကသိုလ်တစ်ခုသို့ တက္ကသိုလ်ပထမနှစ် တက်ရောက်လျှက်ရှိပါသည်။ အစိုးရဝန်ထမ်းများ၏ သားသမီးဖြစ်တာကြောင့် အရာရာစည်းကမ်းများနှင့် နေထိုင်လာခဲ့သော်လည်း ပတ်ဝန်းကျင်ဗဟုသုတနည်းပါးသော ပန်းဝတ်မှုံသည် လောကအကြောင်း နားမလည်၊ သဘာဝအကြောင်း နားမလည်၊ လူ့ပတ်ဝန်းကျင် အကြောင်းမသိခဲ့။ မိဘများ အပ်ပေးသော အဆောင်တွင် နေထိုင်ပြီး တက္ကသိုလ်ကျောင်းသူဘဝသို့ ရောက်ခဲ့ပါသည်။ ထိုအပြစ်ကင်းစင်သော ထိုမိန်းကလေး၏ တစ်ခုတည်းသော အပြစ်မှာ ရိုးလွန်းခြင်းသာဖြစ်ပါမည်။

ဘဝဇာတ်ခုံပေါ်တွင် ကံဇာတ်ဆရာ၏ ခိုင်းစေမှုကြောင့် ဆိုရမည်လား၊ ပန်းဝတ်မှုံ၏ အတိတ်ကံဝဋ်ကြွေး ဆပ်ချိန်တန်ခဲ့လေသလားမသိ။ တစ်ခုသော Valentine နေ့တွင် အစပျိုးခဲ့ပါသည်။

အပိုင်း(၂)
မင်းမင်း ။    ။ ဟေ့ကောင် အေးရွှေ ရည်းစားများတာလည်း များတာပေါ့၊ Aကိုက်နေအုံးမယ်ဟေ့ 
အေးရွှေ ။    ။ ပူမနေပါနဲ့ကွာ၊ “ဘိ”တွေမှာ မသေချာတဲ့ အစင်လေးတွေ ကျောင်းထဲမှာတော့ ပေါပါ့ကွာ။ ရှာနိုင်ရင် ရပါတယ် ဟဲ ဟဲ

မင်းမင်း ။    ။ ဟေ့ကောင်ရေ ရှုပ်တာလည်း ရှုပ်ပေါ့၊ မယုတ်မာပါနဲ့ကွာ။ ကျောင်းတက်နေကြတဲ့ ကျောင်းသူတွေက မိကောင်းဖခင် သမီးတွေပါဟာ။
အေးရွှေ ။    ။ ကံပေါ့ဟ။ သူတို့က မသိနားမလည်၊ သဝန်တို စိတ်မချဖြစ်တာတွေလည်းရှိနဲ့ ဒီလိုဂွင်လေးမှာ စိတ်ချရအောင် ငါက စောင့်ရှောက်နေရတာပါ။ တကယ်ဆို ငါ့မှာ တာဝန်တောင် ကြီးသေးတယ်ဟ။

မင်းမင်း ။    ။ မင်းတို့ခေတ်ပဲလေ၊ ဒီနေ့ရော ဘာစီစဉ်ရှိသေးလဲကွ
အေးရွှေ ။    ။ အရိုးခံလေးတစ်ယောက်ကို ရထားတယ်၊ လောလောဆယ် ဒါလေးနဲ့ပေါ့ကွာ ဟ ဟ

မင်းမင်း ။    ။ ကြာကြာစားမယ့် သွား အရိုးကြည့်ရှောင် ဟေ့ကောင်
အေးရွှေ ။    ။ လစ်ပြီကွာ တော်ကြာ စောင့်ရတာကြာလို့ စိတ်ကောက်နေအုံးမယ် ဟား ဟားးးး


အပိုင်း(၃)
သူငယ်ချင်းအပေါင်းအသင်းနည်းပါးသော ပန်းဝတ်မှုံသည် ချစ်သူသည် ယုံကြည်ရာ အားထားရာဖြစ်ခဲ့ပါသည်။ ချစ်သူပြောသမျှ အားလုံး အဟုတ်ထင်၊ ချစ်သူခေါ်ရာ လိုက်၊ ချစ်သူကျွေးသမျှ စားကာ လောကတွင် ချစ်ခြင်းတို့ဖြင့် တက္ကသိုလ်ကျောင်းသူဘဝတွင် အပျော်လွန်လျှက်ရှိနေလေပြီ။ ဤသို့နှင့် သွားလာ လည်ပတ်ကြရင်း (၆)လခန့်ကြာသော ပန်းဝတ်မှုံတစ်ယောက် အစားမစားချင်၊ အစားစားလည်း အန်သည့်အပြင် ဝမ်းဗိုက်ကလေးပင် အတန်ငယ်ဖောင်းလာလေသည်။ မိန်းကလေးအထာညက်နေသော မောင်အေးရွှေသည် လမ်းတစ်ခု၏ ချောင်ကျသော ဆေးခန်းသို့ ပန်းဝတ်မှုံကလေးကို တိတ်တဆိတ်ခေါ်ဆောင်ကာ သေချာအောင် ဆရာဝန်ထံတွင် စစ်ဆေးစေ၏။ ရာသီပန်းမပွင့်သည်မှာ သုံးလကျော်နေပြီဖြစ်သော ပန်းဝတ်မှုံတွင် ကိုယ်ဝန်သုံးလ ပိုက်မိနေပြီဖြစ်သည်။ ပန်းဝတ်မှုံတစ်ယောက် မျက်ရည်တွေကြားမှ မျက်နှာပျက်နေသော ချစ်သူ မောင်အေးရွှေကို တလှည့် ဆရာဝန်ကို တလှည့်ကြည့်မိနေပါသည်။ ဆေးခန်းမှ ပြန်လာပြီး လမ်းတွင်တွေ့သော ကွမ်းယာဆိုင်မှ နာမည်ကြီး အမျိုးသမီးရာသီသွေးပေါ်စေသော မြန်မာဆေးထုပ်များကို ဝယ်ကာ ပန်းဝတ်မှုံကို သောက်ရန် သေချာညွှန်ကြား၏။ ကျောင်းမပြီးခင် မိဘတွေ ဖွင့်ပြောပြီး အိမ်ထောင်ပြုပါလျှင် ဝေးကြရမည်ကို အကြောင်းပြလို့ မလိုလားသော ကိုယ်ဝန်ကို ရှောင်ရန် ပန်းဝတ်မှုံအား ဖျောင်းဖျပါတော့သည်။

ပြဿနာဆိုသည်မှာ တစ်ခုတည်း မလာတတ်သော သဘောရှိသည့်အတွက် သွေးပေါ်ဆေးများ သောက်မိသော ညတွင် သွေးဆင်းများခြင်းကိုပန်းဝတ်မှုံ သတိပြုမိလေသည်။ ထို့အတွက် မနက်တွင် ခေါင်းမူးမူးနှင့် မောင်အေးရွှေတို့ အဆောင်သို့ လိုက်လာပြီး အကျိုးအကြောင်း ပြောပြကာ ဆေးခန်း သွားလိုကြောင်း ပြောရှာသည်။ မောင်အေးရွှေသည် ခိုးထုပ်ခိုးထည်နှင့် လူမိမည်စိုးသဖြင့် သွားဖူးသော နေရာတစ်ခုကို သူ့ချစ်သူ မအူမလည်လေးကို ခေါ်ဆောင်သွားတော့သည်။

အပိုင်း(၄)
အရပ်လက်သည် ဒေါ်ကြိုင်သည် ထိုသို့သော ကိစ္စများကို ကျွမ်းကျင်နိုင်နင်းပါသည်။
“ကလေးတို့ ဘာဖြစ်ချင်လဲ၊ ဖြစ်ချင်တာကိုပြော အဒေါ် အတတ်နိုင်ဆုံး သက်သာအောင် လုပ်ပေးမယ်။ နည်းတွေကတော့ များတယ်၊ အခုက သွေးဆင်းနေပြီဆိုတော့ လုပ်ရတာ မခက်ဘူး။ ခါတိုင်းတော့ သွေးမဆင်းခင်လာကြတာဆိုရင် ကျောက်ပြင်နဲ့ ဖိချတာတို့  ဗိုက်ပေါ်တက်နင်းပေးတာတို့၊ သင်္ဘောရွက်နဲ့ မွှေပေးတာလည်း ရှိပါတယ်။ အခုက သွေးဆင်းတာ ဗိုက်ထဲက အပိုင်းအစတွေ မကျန်အောင်လုပ်ရမယ်နော်။ အပိုင်းအစတွေ ကျန်ရင်လည်း အပုပ်ဆန်ပြီး သေတတ်တယ်အေ့။ မိန်းမဆိုတာ ဒီလိုကိစ္စတွေမှာ ပေါ့လို့မရဘူး။ လက်နဲ့ နှိုက်ထုပ်ရင်တော့ နာမယ်၊ ကလေးမလေး ခံနိုင်ရင်တော့ လုပ်ပေးပါ့မယ်။ ဒါမှ မဟုတ် သူ့ဖာသာ ထွက်ကျလာတာ စောင့်မလား။ ကလေးမလေး ကြည့်ရတာ သွေးဆင်းများလို့ အားနည်းနေသလိုပဲနော်” ဟု ပြောဆိုပြီး ဆေးလိပ်တိုတစ်လိပ်ကို အားရပါးရ ဖွာရှိုက်လျှက်ရှိသည်။

မိန်းကလေးသည် အားနည်းခြင်းကြောင့်လည်းကောင်း ဗိုက်အောင့်ခြင်းကြောင့်လည်းကောင်းစကားပင် သိပ်မပြောနိုင်တော့သည့်အတွက် မောင်အေးရွှေလက်ကို ကိုင်၍ မိန်းနေလေသည်။ မောင်အေးရွှေသည် ဖြူဖျော့နေသော ပန်းဝတ်မှုံကို ကြည့်ပြီး ကြံရာ မရဖြစ်ကာ “အဒေါ်ကြီး ကောင်းမယ်ထင်ရာ ကြည့်လုပ်လိုက်ပါ၊ ကျွန်တော်ကတော့ ထူပူနေပြီ၊ အရင်ခေါ်လာတဲ့သူတွေတုန်းက ဒီလိုမဖြစ်ပါဘူး” ခေါင်းကုတ်ခါသာ နေတော့သည်။

“ဒါဆိုလဲ ကလေးမလေးကို ကြာကြာခံမနေရအောင် နှိုက်ထုတ်ပေးလိုက်မယ်၊ ဒါပေမယ့် တစ်ခုတော့ ရှိတယ်ဟေ့ နောင်ပြဿနာဘာဖြစ်ဖြစ် ကျုပ်နဲ့ မဆိုင်ဘူးနော့၊ ကောင်လေး - နင့်တာဝန်နော် ပြောလိုက်ပါရဲ့အေ၊ ကိုင်းးးး အဘိုးကြီးရေ ရေနွေးပြင်၊ ဟဲ့ကောင်လေး ...ကလေးမကို အထဲခန်းထဲ သွင်းလိုက်။ ငွေငါးသောင်းတော့ ပေးရမယ်ဟေ့နော့”

“အဲဒီ အဒေါ်ကြီးက ဘာလုပ်မှာလဲ ကြောက်တယ် မောင်ရယ်
မလုပ်ဘူးနော် ပြန်ကြရအောင် အမေတို့ဆီ ပြန်မယ်လေ”

“မဖြစ်ပါဘူး “ပန်း”ရာ၊ ဒီကိစ္စ အေးသွားအောင် ဒီလိုပဲ လုပ်ရတော့မှာပဲ၊ ဒီကိစ္စတွေမှာ အဒေါ်ကြီးက ကျွမ်းကျင်တယ် ၊ ခဏလေးပဲ နာမှာပါ၊ တပတ်လောက်ဆို အရင်လို ပျော်ပျော်ကြီး ပြန်နေနိုင်မယ်လေ၊ ဝင်သွားလိုက်ပါကွာ။ မောင် အပြင်က စောင့်နေမယ်လေ။ ပြီးရင် ကမ်းခြေဘက်သွားပြီး တစ်ပတ်လောက် နားနေကြတာပေါ့။ အခုလိုအောင့်နေတာ ကြာရင် မကောင်းဘူး။ လုပ်လိုက်ပါ ပန်းကလေးရာနော် လိမ္မာပါတယ်ကွာ”

“ဒါဆို ဘယ်မှ မသွားနဲ့နော်၊ အပြင်မှာ စောင့်နေနော်” မျက်ရည်များကြားက စောင့်နေဖို့ ပြောရင်း အခန်းတွင်း ဝင်သွားသော ပန်းဝတ်မှုံသည် ကြောက်ရွံ့နေရှာပါသည်။ တစ်နာရီအတွင်း ပန်းဝတ်မှုံ၏ အော်သံ၊ လက်သည်အဘွားကြီး၏ ငေါက်ငမ်းသံများအပြီးတွင် “ဟေ့ ကောင်လေး နင့်ကောင်မလေး အခြေအနေ မကောင်းတော့ဘူး၊ အချင်းက လိုက်မလာဘူး ကပ်နေတယ်၊ အားကလည်း အရမ်းကို နည်းနေပြီ၊ အခု သတိလစ်သွားပြီ၊ ဆေးရုံပို့မလား” မောင်အေးရွှေတစ်ယောက် ခေါင်းကို တွင်တွင်ခါရမ်းပြီး “မဖြစ်ဘူးဒေါ်ကြီး မဖြစ်ဘူး ပြဿနာတွေ တက်ကုန်တော့မှာပဲ ဒေါ်ကြီးပဲ သတိရအောင် ဆက်လုပ်ပါ၊ လုပ်ကြည့်ပါအုံးဗျာ၊ ဒုက္ခပါပဲ ဘာတွေ ဖြစ်နေမှန်းကို မသိဘူး” ပြောလိုက်သောအခါ သက်ပြင်းတစ်ချက်ချပြီး မျက်စောင်းထိုး၍ ဒေါ်ကြိုင်ကြီး အတွင်းခန်းထဲသို့ ပြန်ဝင်သွားတော့သည်။ မောင်အေးရွှေတစ်ယောက် ခေါင်းမီးတောက်ကာ ကြံရာမရသည့် အဆုံး လက်သည်ဒေါ်ကြိုင်အိမ်မှ အမြန်ဆုံး ထွက်ခွါသွားပါတော့သည်။

အပိုင်း(၅)
မနက်အိပ်ယာမှ ထလာသော ပန်းဝတ်မှုံ၏ မိခင်သည် အိမ်မက်ထဲတွင် တစာစာ အော်ခေါ်နေသော သမီးကို မြင်ရလေသည်။ ညိုးနွမ်းနေသော မိန်းကလေးတစ်ယောက်၏ အသွင်နှင့် တစာစာအော်ခေါ်နေသာ မိန်းကလေးသည် သူတို့၏ သမီးလော။ ဘာကြောင့်မှန်းမသိသော စိတ်တို့သည် လေးလံလျှက်ရှိပါသည်။ ခုတလော အခါမဟုတ် ခွေးတို့သည် အူလိုက်သမှ နေ့ရော ညရော။ “အဖေကြီး တော့သမီးဆီ ဖုန်းဆက်ကြည့်စမ်းပါအုံး ကျမ အိမ်မက်တွေ မကောင်းဘူး၊ စိတ်ထဲမှာလည်း လေးနေတယ်ရှင်” ပန်းဝတ်မှုံ၏ ဖခင်သည် မျက်မှန်ကို တချက်ပင့်လျှက် ဇနီးသည်အား အကဲခတ်လိုက်လေသည်။ အခုရက်ပိုင်းတွင် သူသည်လည်း သမီးကို ထူးဆန်းစွာ မကြာခဏဆိုသလို သတိရနေသည်။ ထို့ကြောင့် သမီးနေထိုင်ရာ တက္ကသိုလ်ကျောင်းနားက အပြင်ဆောင်သို့ ဖုန်းခေါ်လိုက်ပါသည်။ အဆောင်ဖုန်းဆိုသည့်အတိုင်း ခေါ်တိုင်းမရ၊ စိတ်ပူနေ၍သာ ဆက်ရသည် အခါတိုင်းဆို သမီးကချည်းသည် တစ်ပတ်တစ်ခါ ဖုန်းဆက်တတ်ပါသည်။
“ဟော ရပြီ၊ ဟလို -----အဆောင်က မဟုတ်လား၊ အခန်းနံပါတ် ----က မပန်းဝတ်မှုံနဲ့ စကားပြောချင်ပါတယ် ခင်ဗျာ၊ ကျွန်တော် သူ့အဖေပါ”

“ဟုတ်ကဲ့ ဦး၊ မပန်းဝတ်မှုံ အဆောင်ပြန်မအိပ်လို့ တက္ကသိုလ် သူ့မေဂျာက ဆရာဆရာမတွေကို ဒီနေ့ပဲ အဆောင်မှုးက အကြောင်းကြားထားပါတယ်။ သမီးတို့က ဦးလေးတို့ဆီ ပြန်သွားတယ် ထင်နေကြတာပါ”

“ဟုတ်လား၊ ပြန်ရောက်မလာပါဘူးကွယ်၊ ဘယ်လောက်ကြာပြီ”

“တပတ်ရှိပြီ ဦးလေး”

“ဟေ   ဒါဆို ဦးလေးတို့ သမီးပျောက်နေတာလား၊ တခုလောက်ကွယ် ကလေးတို့များ သူနဲ့ ပတ်သက်တာ ဘာသိထားကြလဲ ဦးလေးကို ပြောပြပါအုံး”

“သမီးတို့ကတော့ သိပ်မရင်းနှီးပါဘူး၊ ဦးလေး။ သူနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်တော့ ရှိတယ်၊ သူကလည်း ရွာပြန်နေတယ်၊ ပြန်လာတော့မလားမသိဘူး၊ သူဆိုရင်တော့ သိနိုင်မယ်ထင်တာပဲ”

“အေး အေး ဟုတ်ပြီကွယ်၊ အဆောင်မှုးကို ပြောပေးပါ ဦးလေးတို့ အခု ထွက်လာမယ်၊ အကျိုးအကြောင်း သိချင်ပါတယ်လို့ ကွယ်နော်”


အပိုင်း(၆)
တက္ကသိုလ်မှ ဆရာ ဆရာမများ၊ အဆောင်မှုး၊ ရဲစခန်းနှင့် ပန်းဝတ်မှုံမိဘများသည် လူပျောက်စုံစမ်းလျှက်ရှိကြပါသည်။ ရွာကို ပြန်နေသော ပန်းဝတ်မှုံ၏ သူငယ်ချင်းပြန်ရောက်လာသောအခါ ပန်းဝတ်မှုံတွင် ချစ်သူရည်းစားတစ်ယောက်ရှိကြောင်း ကောင်လေး၏ နာမည်မှာ မောင်အေးရွှေဖြစ်ကြောင်းသိရပြန်သည်။ မောင်အေးရွှေကို လိုက်ရှာကြသောအခါ လွန်ခဲ့သော တစ်ပတ်ကျော်ကပင် သူ့မိဘနေမကောင်းသဖြင့် နယ်မြို့သို့ ခေတ္တပြန်နေကြောင်း သိခဲ့ကြသည်။

ထိုသို့သော အဖြစ်အပျက်များ ဖြစ်ပွါးနေစဉ်အတွင်း ပန်းဝတ်မှုံ၏ မိခင်မှာ တစ်ခုတည်းသော အိမ်မက်ကို ထပ်မံမြင်မက်ပြန်သည်။ အိမ်မက်ထဲတွင် ပန်းဝတ်မှုံသည် ရပ်ကွက်တစ်ခု၏ မြေနီလမ်းတစ်တွင်းသို့ ခေါ်ဆောင်သွားလေ့ရှိပြီး တစ်ထပ်ပျဉ်ထောင်အိမ်ဝင်းတွင်းရှိ ဗံဒါပင်တစ်ပင်ရှေ့အရောက် မိခင်ကို ကြည့်၍ “သမီးကိုလာခေါ်ပါ မေမေ” ပြောနေခြင်းကို နေ့စဉ်ရက်ဆက် မက်နေပါသည်။ မြို့နယ်ရဲများကို ပြောပြသောအခါ ဖြစ်နိုင်ချေရှိသော လမ်းများကို ရှာဖွေကြလေသည်။ သို့ပါသော်လည်း ဘယ်လိုမှ သဲလွန်စရှာမတွေ့ကြပေ။ တစ်လခန့်ကြာသောအခါ အိမ်မက်ထဲက လမ်းနှင့်ဆင်ဆင်တူသော လမ်းတစ်ခုကို ရှာတွေ့ကြလေသည်။ လမ်းထဲသို့ လမ်းလျှောက်ဝင်ကြပြီး အိမ်တစ်လုံးရှေ့ရောက်သောအခါ ညှီနံ့များ စတင် ရရှိလေသည်။ ထိုအိမ်သည် သရက်ပင် ကုက္ကိုပင်တို့နှင့် အိမ်မျက်နှာစာကို ဖုံးအုပ်လျှက်ရှိပြီး အိမ်ထဲသို့ သဲကွဲစွာ မမြင်ရပေ။ ရပ်ကွက်လူကြီးနှင့် အိမ်နီးနားချင်းများကို မေးသောအခါ အရပ်လက်သည်တစ်ယောက်အိမ်ဖြစ်ကြောင်းသိကြရသည်။
ထို့ကြောင့် အိမ်တွင်းသို့ သက်ဆိုင်ရာရပ်ကွက်လူကြီးများနှင့် ရဲအရာရှိတို့သည် အိမ်ရှင်ကို ခေါ်၍ မေးမြန်းစစ်ဆေးကြသည်။ ဤသို့စစ်မေးချိန် ခြံထဲရှိသော ခွေးနက်တစ်ကောင်သည် ပန်းဝတ်မှုံ၏ မိခင်ကို ထိုးထိုး၍ ဟောင်လေသည်။ ထိုနောက် ခြံနောက်ဘက်သို့ ပြေးဝင်သွားပြန်သည်။ အိမ်ရှေ့အိမ်နောက် ပြေးဝင်ပြေးထွက် ယောက်ယက်ခတ်နေသော ခွေးကို အိမ်ရှင်ဒေါ်ကြိုင်၏ ယောက်ျားက တခြားခွေး လာဟောင်နေတာပါဟု ဆိုကာ ခွေးကို မောင်းထုတ်သည်။ ခွေးသည် ဘယ်လို မောင်းမောင်း ဟောင်မြဲဖြစ်သည်။ ရဲများလည်း မသင်္ကာဖြစ်လာကာ ခွေးပြေးဝင်သွားတဲ့နောက်သို့ လိုက်ကြလေသည်။ ခွေးနက်သည် အိမ်နောက်ဘက် ဗံဒါပင်အောက်သို့ သွားပြီး မြေကြီး လက်နှင့် ကုတ်လိုက် လူများကို ဟောင်လိုက် အလုပ်ရှုပ်နေတော့သည်။

အပိုင်း(၇)
“ဟီး ဟီး ကျုပ် ကျုပ် တမင်သတ်တာ မဟုတ်ရပါဘူး၊ ကောင်မလေးကြည့်ရတာ အစတည်း မဟန်မှန်းသိလို့ သူနဲ့ ပါလာတဲ့ ကောင်လေးကို ပြောပါသေးတယ်၊ ဆေးရုံသွားဖို့။ သူက ဆက်ပြီး ကြိုးစားခိုင်းတာပါ။ ကျုပ်လက်နဲ့ နှိုက်ပြီး ကလော်လိုက်ချိန်မှာ သားအိမ်ပြုတ်ထွက်သွားပြီး သွေးလွန် သေသွားတာပါတော်။ ကျုပ်လည်း အပြင်ထွက်လာတော့ ကောင်မလေး ခေါ်လာတဲ့ ကောင်လေးမရှိတော့ဘူး၊ ပိုင်ရှင်မသိ ပိုင်ရှင်မရှိတဲ့ လူသေကို ကျုပ်တို့ ဘယ်ကို အကြောင်းကြားရမလဲ။ ပြီးတော့ ကျုပ်တို့လည်း တရားခံ အစစ် မဟုတ်ပဲ အဖမ်းခံရမယ်။ ကောင်လေး နာမည်လည်း မသိရပါဘူး။ ကောင်လေး ခိုင်းလို့ လုပ်ရတာ ဟီး ဟီး”

ရဲများက အသင့်ယူဆောင်လာသော မောင်အေးရွှေ၏ ဓာတ်ပုံကို ပြသောအခါ အရာအားလုံးသည် ဝမ်းနည်းဖွယ် ကြေကွဲဖွယ်။ ပန်းဝတ်မှုံ၏ မိခင်သည်လည်း သမီးကို လာခေါ်ပြီလေ သမီးရေဟုဆိုကာ ငိုကြွေးရင်း။

ထိခိုက်လွယ်တဲ့ ပန်းလေးတွေ မနွမ်းကြွေစေဖို့ လူသားတိုင်းမှာ တာဝန်ရှိပါတယ်။ တဒင်္ဂစိတ်ပျော်ရွှင်မှုကြောင့် အပြစ်မဲ့ပန်းကလေးများ မကြွေစေချင်ပါ။

လေးစားစွာဖြင့်
ခရစ္စတလ်

p.s ဖြစ်ရပ်မှန် ဇာတ်လမ်းကို မူရင်းနာမည်များ ပြောင်းထားပါသည်။ နာမည်တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ပါနော်။ စာအရေးအသားညံ့ဖျင်းသော ခရစ္စတလ်၏ ဆိုက်ကို အလည်လာပေးကြတဲ့ မိတ်ဆွေများကို အားနာစွာနဲ့ ကျေးဇူးတင်ရှိပါကြောင်း။

Tuesday, February 23, 2010

ကျမထံသို့ ကူးစက်လာပါတယ်ရှင်။

အခုတလော အင်တာနက်ဆိုတဲ့ ရွာထဲကို သိပ်ပြီး လမ်းမသလားနိုင်ဘူးဖြစ်နေပါတယ်။ ခင်ပွန်းသည်က လည်း ကျမကို နေမကောင်းဖြစ်ပြီးခါစမို့ လျှောက်မလည်ဖို့ ရိပ်ဖမ်းသံဖမ်းလေး ပြောထား တယ်။ အဲဒါနဲ့ပဲ ကိုလူထွေး ရဲ့ အိမ်ကို ခဏသွားလည်ပါတယ်၊ စာတွေ အသစ်တွေကို သွားဖတ် တယ်လေ။ သူလည်း အိမ်ထောင်သည်ဆိုတော့ သူလည်း သူ့မဟေသီကို မွှန်းတာလေးတွေ အဲလေ မဟုတ်ပေါင် ရသစာပေလေး တွေ သွားသွားဖတ်ဖြစ်ပါတယ်။ ကျမက ဒီလိုမျိုးလေးတွေဆို သိပ်သဘောကျ တာပဲ။ အိမ်ထောင်ဖက် ဖြစ်လာကြပြီဆိုရင် တစ်ဦးကိုတစ်ဦး ဒီလိုလေး အသိအမှတ်ပြု တာလေးတွေက အိမ်ထောင်ရေးမှာ သိပ်ကို အရေးပါတာကလား။ ဘာမဟုတ်တာလေးတွေ ကနေ ကြီးမားတဲ့ မေတ္တာတွေကို ခိုင်မြဲစေတယ်လေ။ ဒါလေးလည်း သူများဆီကနေ ကူးတဲ့ ပီတိလေးပေါ့။ အဲဒီကနေ နဲနဲလေး ခြေလှမ်းမိတော့ ရေတမာ ဒီအိမ်လေးကို ရောက်ပါလေရော။ လား...လား သီချင်းတစ်ပုဒ်ကို သွားတွေ့ပါတယ်။ သိပြီးသား သီချင်း ဖြစ်ပေမယ့် တင်ဆက်ပုံက အသစ်၊ နောက် နာမည်ကြီးတဲ့ ဟေတီငလျင်နဲ့၊ အင်း ....လူမျိုးမရွေး အသွေးအရောင်မရွေး၊ သီချင်းပုံစံမျိုးစုံ သီဆိုနေသော အဆိုကျော်များအားလုံးရဲ့ ပေါင်းစပ်ထားတဲ့ သီချင်းထဲကို ကျမရဲ့ အာရုံတို့သည် တစိုက်မတ်မတ် ဝင်ရောက် သွားပါတော့တယ်ရှင်။
We are The World
There comes a time
When we head a certain call
When the world must come together as one
There are people dying
And it's time to lend a hand to life
The greatest gift of all

We can't go on
Pretneding day by day
That someone, somewhere will soon make a change
We are all a part of
God's great big family
And the truth, you know love is all we need

[Chorus]
We are the world
We are the children
We are the ones who make a brighter day
So let's start giving
There's a choice we're making
We're saving our own lives
It's true we'll make a better day
Just you and me

Send them your heart
So they'll know that someone cares
And their lives will be stronger and free
As God has shown us by turning stone to bread
So we all must lend a helping hand

[Chorus]
We are the world
We are the children
We are the ones who make a brighter day
So let's start giving
There's a choice we're making
We're saving our own lives
It's true we'll make a better day
Just you and me

When you're down and out
There seems no hope at all
But if you just believe
There's no way we can fall
Well, well, well, well, let us realize
That a change will only come
When we stand together as one

[Chorus]
We are the world
We are the children
We are the ones who make a brighter day
So let's start giving
There's a choice we're making
We're saving our own lives
It's true we'll make a better day
Just you and me 

 


ကွဲပြားမှုများစွာနဲ့ လိုင်းပေါင်းစုံက အဆိုကျော်များသည် သီချင်းမှာ ပါဝင်ခံစား စီးဆင်းနေကြပါတယ်။ သူတို့တွေ မျက်နှာမှာပေါ်လွင်နေတဲ့ 
မေတ္တာတရားတို့သည် ကြက်သည်းထလောက်အောင်ပင် 
ကျမထံသို့ ကူးစက်ပါလာပါတယ်ရှင်။

Sunday, February 21, 2010

“ပျော်ရွှင်သောဘဝ”



“ဘဝ” ဆိုတာ ကိုယ်ဖြစ်စေချင်တာကို ဖြစ်စေဖို့ မွေးဖွားလာခဲ့ခြင်း မဟုတ်ပါဘူး။ သို့ပေမယ့်လည်း ဖြစ်ချင်တာကို ဖြစ်သင့်သလောက်တော့ ရှာဖွေလုပ်ယူရပါလိမ့်မယ်။ ဘယ်လိုရအောင် လုပ်ယူကြမလဲ။  တိကျတဲ့ အကြောင်းရင်းတွေကတော့ ရှိနေပါသည်။

ကျွန်တော်တို့အရင်ဆုံး ပျော်ရွှင်မှုကို ရှာဖွေစူးစမ်းကြပါစို့။ ပျော်ရွှင်မှုကို လူတိုင်းရဖူးကြပါသည်။ သို့ပေမယ့် စစ်မှန်တဲ့ ပျော်ရွှင်မှုကို ဖန်တီးဖို့ရာ လမ်းပျောက်နေတတ်ကြပါသည်။ စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ဘဝရဲ့ အနှစ်သာရ အလှအပတခုပါပဲ။ ရွှေငွေပိုင်ဆိုင်မှုတွေ အများကြီးရှိမယ်၊ ပျော်ရွှင်မှုတွေ မရှိဘူးဆို ပိုင်ဆိုင်ရသမျှဟာ အလကားပါပဲ။ ပျော်ရွှင်မှုဆိုတာ လူတစ်ယောက်ရဲ့ ရွေးချယ်စီမံမှုတွေကနေ တဆင့်ပေါက်ဖွားလာခြင်းပါ။ ပျော်ရွှင်မှုသည် ကြီးကျယ် ခမ်းနားလှပါတယ် ဆိုသော အရာတွေဆီက မလာပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ် ဖြစ်တည်နေသော ဘဝတွေက နေသာလာခြင်းဖြစ်ပါသည်။ ပျော်ရွှင်မှုသည် ဘဝရဲ့အခြေခံ အရင်းအမြစ်တခုလို့ ပြောလို့လည်းရပါသည်။ ပျော်ရွှင်မှုရဲ့ အဓိပ္ပါယ်ကို များစွာဖော်ပြနေခြင်းထက် နေ့စဉ်ဘဝတွေကနေ ဘယ်လိုဖန်တီးယူရမယ် ဆိုတာ သိရှိဖို့လိုအပ်ပါမည်။  ပျော်ရွှင်မှုကို လက်ငင်းချက်ခြင်း ဖန်တီးယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဆိုလိုတာက တဖြည်းဖြည်းခြင်း တဆင့်ထက်တဆင့် တိုးမြှင့်သွားမှသာ  နည်းလမ်းမှန်ကန်တဲ့ ပျော်ရွှင်မှုတွေ ရရှိနိုင်မှာ ဖြစ်ပါသည်။

ယခုလို ပြုလုပ်ယူဖို့ဆိုရင်တွင် ပျော်ရွှင်မှုမှာ အနည်းဆုံး ရှိရမယ့်အရာတွေက ဘာတွေလဲဆိုတာ ကျွန်တော်တို့ တွေးယူကြည့်ကြပါစို့။ စစ်မှန်ပြီး တန်ဖိုးရှိသော ပျော်ရွှင်ခြင်းတွေကစလို့ ကောင်းမွန်တဲ့ အပြုအမူတွေ၊ စစ်မှန်သော ခံစားမှုတွေကို စိတ်ရင်းစေတနာသန့်သန့် တွေထားပြီး ရည်မှန်းထားတဲ့ ပန်းတိုင်တွေ ဆီလျှောက်လှမ်းခဲ့မယ်ဆိုရင်ဖြင့် ပျော်ရွှင်မှုက မျှော်မှန်းမထားလည်းပဲ သူ့အလိုလိုကို ရောက်ရှိလာပါလိမ့်မည်။ စစ်မှန်သောပျော်ရွှင်ခြင်းတွေမှာ ဘာတွေ့ပါဝင်ပေါင်းစပ်ရမလဲ။ မေတ္တာ၊ လှပတဲ့ အာရုံ၊ တွေးတောလုပ်ဆောင်မှုတွေနဲ့ လက်တွေ့ပါဝင်နေတဲ့ လှုပ်ရှားမှုတွေ၊ တရားမျှတမှုတွေ၊ သတ္တိအစွမ်းတွေ၊ လူသားခြင်းစာနာရိုင်းပင်းမှုတွေ၊ ရဲရင့်ပြတ်သားမှုတွေပေါ့။ ဤအရာတွေက မပါဝင်လို့ကို မဖြစ်နိုင်ပါဘူး။ ကောင်းမွန်တဲ့ အပြုအမူတွေကကော။ ဗဟုသုတတွေ အတွေ့အကြုံတွေ ဝေမျှခြင်း၊ လူမှုအဖွဲ့အစည်းတွေမှာ ပါဝင်လုပ်ဆောင်ခြင်း စသည်ဖြင့်ပေါ့ ဆောင်ရွက်နိုင်ပါသည်။  စိတ်ပျက် အားငယ်နိုင်တာတွေ၊ ကိုယ့်တိုးတက်မှုကို ပျက်ပြားစေနိုင်တဲ့ ခံစားမှုတွေမရှိဖို့လည်း လိုအပ်ပါသည်။  ယဉ်ကျေးပြူငှာတဲ့ ဆက်ဆံမှု၊ ရှေ့နောက်တွေးခေါ်စဉ်းစားတတ်တဲ့ စိတ်တွေကိုအမြဲ နှလုံးသွင်းထားရပါမယ်။ ဒီလိုဆိုရင်ဖြင့် ရှေ့ဆက်သွားမယ့် အနာဂါတ်ခရီးလမ်းမှာ မည်သူတစ်ဦးတစ်ယောက် အပေါ်ကိုမှ ထိခိုက်စေခြင်းမရှိပဲ တိကျတဲ့ ပန်းတိုင်ဆီ အရောက်သွားနိုင်ပြီပေါ့။ ကျွန်တော်တို့ ယုံကြည်သင့်ပါတယ်။  အနာဂါတ်ဟာ သင့်လျော်တဲ့ အရာတွေနဲ့ တွေ့ကြုံမှုတွေကို အမြဲကမ်းလင့်နေမယ်ဆိုတာ။ ကောင်းမွန်တဲ့ အစီအစဉ်တွေသာ ရှိနေမယ်ဆို အကောင်းဆုံး ရွေးချယ်မှုတွေနဲ့ ညီမျှမှန်ကန်အောင် ဆောင်ရွက်သွားနိုင်မှာပါ။

တခြားလူတွေရဲ့ အတွေ့အကြုံတွေထဲက ကောင်းမွန်တဲ့ အရာတွေကို သင်ယူပါ။ နောက်ပြီး ကိုယ်ပိုင် တွေးခေါ်မှုတွေ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ပါ။ အစီအစဉ်တွေ ကြိုတင်ချခြင်းဖြင့်လည်း အချိန်ကို ထိန်းသိမ်းနိုင်မယ့်အပြင် လုပ်ရမည့် အလုပ်တွေအတွက်လည်း အချိန်ပိုရလာနိုင်ပါသည်။ ဤသို့ဆိုရင်ဖြင့် ပြည့်စုံတဲ့ကောင်းမွန်တဲ့ စိတ်တွေ အလေ့အကျင့်တွေကို မည်သည့်တားဆီးမှုတွေ ရှိလာပါစေ မုချကျော်ဖြတ်နိုင် လာပါလိမ့်မယ်။

ရိုးရှင်းသောပျော်ရွှင်မှုရဲ့ နည်းလမ်းလေးတွေကိုလည်း မှတ်သားထားသင့်ပါသည်။  ထိုအရာတွေကတော့ ကြောက်ရွံ့ထိတ်လန့်ခြင်းက လွတ်မြောက်ပါစေ၊ စိုးရိမ်ပူပန်ခြင်းမှ လွတ်မြောက်ပါစေ၊ ရိုးရိုးရှင်းရှင်းလေးနေပါ၊ များများပေးကမ်းပါ၊ နဲနဲပဲ မျှော်လင့်ပါ ရည်ရွယ်ချက်တော့ မထိခိုက်ပါစေနဲ့။ မည်သူတစ်ဦးတစ်ယောက်မှ စခဲ့တဲ့ အတိတ်ကို ပြန်မသွားနိုင်ပါဘူး။ မည်သူမဆို ယခုလက်ရှိ ပစ္စုပ္ပန်ကစလို့ အသစ်အသစ်သော အနာဂါတ်တွေဆီကို အဆုံးမရှိသွားနိုင်မှာ ဖြစ်ပါတယ်။ ရွေးချယ်မှုမှန်ကန်ဖို့တော့ လိုအပ်ပါတယ်။ စိတ်ပျက်မှုဆိုတာ တားဆီးပိတ်ပင်နေတဲ့ လမ်းဆိုးလမ်းညစ်တွေလိုပါပဲ။ သူတို့ဟာ ကျွန်တော်တို့ရဲ့ လမ်းကိုနှောင့်နှေးစေပေမယ့် သူတို့ရဲ့ တခြားတဖက်မှာ ဖြောင့်ဖြူးနေတဲ့ လမ်းတွေက ကျွန်တော်တို့ကို ပျော်ရွှင်စေမှာပါ။ တနေရာမှာပဲ အကြာကြီးရပ်မနေပါနဲ့။ ရွှေ့ပါ.. ရွေ့ပါ.. တစ်လှမ်းဆို တစ်လှမ်းခြင်းရွှေ့သွားပါ။ ဘာတွေပဲ ဖြစ်လာဖြစ်လာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဖြစ်ရတဲ့ အကြောင်းရင်းကို စဉ်းစားပါ။ ဤအရာတွေက ကျွန်တော်တို့ ဘ၀အတွက် သင်ယူ၊ ပြင်ဆင်ယူရမယ့် အဖြစ်အပျက်သင်ခန်းစာတွေပါ။ ပျော်ရွှင်စွာ ရီမောတတ်စေဖို့ ငိုကြွေးမှုတွေနည်းစေဖို့ သင်ခန်းစာ ပြဋ္ဌာန်းချက်အသစ်တွေကို ရလိုက်တယ်လို့ သဘောထားပါ။

ပျော်ရွှင်မှုတွေကို ရရှိလာအောင် ဘယ်လိုပြောင်းလဲသင့်လဲဆိုတဲ့ အချက်တွေကိုလည်း ပြောပြချင်ပါသည်။ အလုပ်ကို ကြိုးကြိုးစားစားနဲ့ ဖန်တီးယူပါ ပြုလုပ်ပါ။ ပြောချင်တာကတော့ အလုပ်မှာ စိတ်ပါဝင်စားစွာနဲ့လုပ်ပါ။ ဒီအလေ့အကျင့်တွေဟာ စိတ်ရှုပ်ထွေးမှုတွေကို တခဏသာ မေ့ပျောက်ထားနိုင်ပါသည်။ အလုပ်လုပ်ခြင်းကြောင့် အောင်မြင်လာပြီး တိုးတက်လာတာနဲ့အမျှ ပျော်ရွင်လာပြီး အလုပ်ကိုလည်း ပိုတိုးလို့ လုပ်ဆောင်နိုင်လာမှာပါ။ အရမ်းပင်ပန်းနေပါလား၊ စိတ်တွေထွေပြီး ရှုပ်ထွေးနေပါလား။ စိတ်အပန်းဖြေလိုက်ပါ။ ခရီးထွက်လိုက်ပါ။ မရောက်ဘူးတဲ့နေရာ မသွားဖူးတဲ့ နေရာအသစ်တွေကို သွားလိုက်ပါ။ ဥပမာ အားကစားကွင်းကြိုက်ရင် ကစားပြီး အပန်းဖြေလိုက်ပါ။ သီချင်းတွေ အော်ညီးပြစ်လိုက်ပါ။ ဒါတွေဟာ နေထိုင်မှုစတိုင်ကို တမျိုးတဖုံ ပြောင်းလဲပစ်လိုက်ခြင်းပဲပေါ့။ ပျော်ရွှင်မှုအရာတွေကို တွေးမယ်ဆိုရင် ဒါမှမဟုတ် ပျော်ရွှင်အောင်ပြုလုပ်မယ်ဆိုရင် မပျော်ရွှင်နိုင်မယ့် အတွေးတွေကို နေရာမှာတင် ရပ်လိုက်ပါ။ သင့်ရဲ့ အသက်ရှင်နေထိုင်မှုအတွက် အရာရာကို ကျေးဇူးတင်လိုက်ပါ။ ကျေးဇူးတင်လိုက်ခြင်းဖြင့် သင့်ဘဝရဲ့ နေထိုင်မှု အခွင့်အရေးတွေ ထပ်ပြီးရရှိလာပါလိမ့်မယ်။ ကျေးဇူးတရားဟာ သင်လက်ခံတတ်ရင် ပျော်ရွှင်မှုရဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ပါပဲ။ ပျော်ရွှင်အောင်ပြုမူခြင်းဖြင့် သင်ဟာ ပျော်ရွှင်မှုကို လက်ခံလာပြီး ပိုပျော်ရွှင်လာလေ ပိုပျော်တတ်လာလေ ဖြစ်မှာ မလွဲဧကန်ပါ။

ယခုလို ပြောင်းလဲပစ်လိုက်ခြင်းဖြင့် ဘဝရဲ့ နေထိုင်မှုတွေမှာ ဘယ်လိုပြောင်းလဲ လာစေနိုင်ပါသလဲ။ လောကမှာ လူအများစုဟာ မပျော်ရွှင်ကြပါဘူး။ ဒီလောကကြီးက သူတို့ အတွက် ဆိုးကြိုးတွေ ကံမကောင်းမှုတွေသာ ယူဆောင်လာပေးတယ်လို့ ထင်နေတတ်ကြပါသည်။ သူတို့တွေဟာ ပျော်ရွှင်အောင်နေတတ်ဖို့ထက် ရယူပိုင်ဆိုင်လိုမှုတွေသာ ကြီးစိုးနေကြလို့ပါ။ ဒါကြောင့် စိတ်တွေဟာ အားငယ်စိတ်ပျက်ခြင်းတွေနဲ့ပဲ ကျန်းမာရေးကို ထိခိုက်လာတော့တာပေါ့။ ကျန်းမာမှသာလျှင်ဖြင့်လည်း ပျော်ရွှင်အောင် နေတတ်မှာပါ။ ပျော်ရွှင်မှုကို ရှာတတ်မှပါလည်း ကျန်းမာလာမှာပါ။

တစ်ဦးပေါ်တစ်ဦး ဝေမျှခြင်းသည်လည်း ပိုပျော်ရွှင်စေနိုင်သော အရာတခုပါပဲ။ ကိုယ်သိသလောက် တတ်သလောက် ဝေမျှခြင်းဖြင့် တစ်စုံတစ်ယောက် အဆင်ပြေသွားခဲ့မယ်။ လမ်းမှန် ရောက်သွားခဲ့မယ်ဆိုရင် ဘာနဲ့မှအစားထိုးမရအောင် ပျော်ရွှင်မိမှာပါ။ စိတ်ဖိစီးမှုဆိုတာတွေကလည်း ပျော်ရွှင်မှုကို နှောင့်ယှက်နိုင်တဲ့ ရန်သူတစ်မျိုးပါပဲ။ ကျွန်တော်တို့တွေဟာ အလွန်ခက်ခဲတဲ့ အခြေအနေတွေနဲ့ ဘ၀မှာ ရင်ဆိုင်နေကြရတယ်။ ဒီလိုဖြတ်သန်းရင်းနဲ့ပဲ ရှင်သန်နေကြရတယ်။ ပျော်ရွှင်မှုရဲ့ အဓိကအချက်ကတော့ ဒီလိုစိတ်ဖိစီးမှုတွေကို ဘယ်လိုဖြတ်ကျော်ရမလဲ ဆိုတာကို သိတတ်နားလည်ရပါမယ်။ အဲဒီအခါမှ ပျော်ရွှင်နေတဲ့ စိတ်က အရာအားလုံးကို အနိုင်ယူသွားနိုင်ပါတယ်။

ကြိုးစားကြည့်ကြပါ။ ကျင့်ကြံကြည့်ကြပါ။ ဘယ်အရာတွေကို စောင့်မျှော်နေမှာလဲ။ အခုချက်ချင်းပဲ ပြောင်းလဲလိုက်ကြပါတော့။ တွေးပါ...တွေးပါ.. ကြိုးစားပြီး အကောင်အထည်ဖော်ပါ။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ...
“ဘဝဆိုတာ ကိုယ်ဖြစ်စေချင်သလို မွေးဖွားလာခဲ့ခြင်းမဟုတ်ပါ။ ဒါပေမယ့် ဘဝကို ပျော်ရွှင်လာအောင်တော့ တတ်နိုင်သလောက် တတ်စွမ်းသလောက် ဖန်တီး ယူနိုင်ပါတယ်လို့”။ အားလုံးပဲ ပျော်ရွှင်သောဘဝကို ဖန်တီး အကောင်အထည် ဖော်နိုင်ကြပါစေ...။

သက္ကရာဇ်နှစ်တွေတောင် အရောင်ပြောင်း
ရာစုသစ်သွန်းလောင်းတော့မှာပါလား

အတိတ်ဆိုတာ အိပ်မက်
ပစ္စုပ္ပန်ဆိုတာ ရလဒ်
အနာဂတ်ဆိုတာ မျှော်လင့်ချက်မို့
စိတ်ညစ်ခဲ့တာတွေ ဖယ်လိုက်
သိပ်ချစ်ခဲ့တာတွေ မေ့လိုက်
နာကျင်ခဲ့တာတွေ အစားထိုးလိုက်
အစာမကြေခဲ့တာတွေ မျိုချလိုက်

နောင်လာမယ့် နှစ်တွေအတွက်
အားသစ်တွေနဲ့ သွန်းလောင်း
လျှောက်ရမယ့် ဘ၀ကျောင်းကို
ပျော်ရွှင်မှုသကာလောင်းလို့ 
တစ်တန်း တိုးလိုက်ကြပါစို့ ...။
~~~ @@@ ~~~

မကြာခင် အချိန်ဆို ရာစုနှစ်သစ်ကို ရောက်ကြတော့မယ် ... ကျွန်တော်တို့ ဘဝတွေလည်း တစ်နှစ် ထပ်တိုးလာတော့မယ်... ဘဝမှာ လူတိုင်းလူတိုင်း မပျော်ရွှင်မှုတွေနဲ့ တွေ့ဆုံကြုံကွဲ ဝမ်းနည်းစရာတွေ အထပ်ထပ်တွေ့ကြုံခဲ့ပြီးပြီ... ဘဝဆိုတာ တကယ်တော့ တိုတိုလေးပါ ... ရလာခဲတဲ့ လူ့ဘဝမှာ ကိုယ့်ကိုကိုယ် မတ်တည်ရင်း စိတ်ရင်းစေတနာကောင်းလေးတွေနဲ့ ပျော်ရွှင်သောဘဝလေးများကို ဖန်တီးနိုင်စေဖို့ ပို့စ်လေးကို ရေးလိုက်ရခြင်းဖြစ်ပါသည်... ကျွန်တော် စာကောင်းကောင်းမရေးတက်ပါ... ရေးချင်လွန်း အားကြီးလို့သာ ရေးလိုက်တာပါ ... ကျွန်တော်ကိုယ်တိုင်ကိုက စိတ်မပျော်ရွှင်မှုတွေကို ဖြေဖျောက်ရင်း နှစ်သစ်မှာ စိတ်သစ်နဲ့ လူသစ်နဲ့ ရှင်သန်ဖို့ အတန်တန်ကြိုးစားနေရင်း ပျော်ရွှင်သောဘဝရဲ့ အနှစ်သာရကို ရှာဖွေမိခဲ့တယ်လေ... ညီအစ်ကို မောင်နှမ အားလုံးကိုလည်း ပျော်ရွှင်သောဘဝကို ဖန်တီးယူစေချင်ပါတယ်... နှစ်သစ်မှာ အားလုံးပျော်ရွှင်ကြ၍ ကိုယ်ရည်ရွယ်ထားသော အကြံအစည်များ ရှင်သန်ထမြောက်ပါစေလို့ နှစ်သစ်မင်္ဂလာ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

အင်တာနက်မှ ကိုးကားထားကြောင်း ၀န်ခံပါသည်။ ပုံကို ဒီ ကနေယူပါ၏။



Friday, February 5, 2010

ဣတ္ထိယတောင်တန်းမှာ စခန်းချခြင်း။

ဒီတစ်လမှာ ပါရမီဖြည့်ဘက်နဲ့ ပတ်သက်တာလေးတွေ တင်နေရင်း တိုက်တိုက်ဆိုင်ဆိုင် ဘုန်းဘုန်းဓမ္မဂင်္ဂါရဲ့ ပိုစ့်လေးကိုလည်း ဖတ်မိရော ကူးယူသိမ်းထားချင်လွန်းလို့ ခွင့်တောင်း ကူးယူဖေါ်ပြလိုက်ရပါသည်။

ဘုန်းဘုန်းဓမ္မဂင်္ဂါရဲ့ ဣတ္ထိယတောင်တန်းမှာ စခန်းချခြင်း။
Posted by ဓမ္မဂင်္ဂါ on 04 February, 2010


ပိုင်စိုးဝေကြီးရဲ့ ကဗျာစာအုပ်အမည်ကိုက “ဣတ္ထိယတောင်တန်း”တဲ့၊ လောကီ ဆန်လွန်းလှပါပေ့။ မာတုဂါမ အရိပ်တွေ ထင်းထင်းကြီးပေါ်နေပါရောလား။ ဗုဒ္ဓအရှင်နဲ့ ရှင်အာနန္ဒာတို့ရဲ့ ကုသိနာရုံ နောက်ဆုံး စကားဝိုင်းမှာ မာတုဂါမအရေးကို ဆွေးနွေး နေခဲ့ကြတာ အမှတ်ရမိပါသေးတော့တယ်။ အဲဒီအကြောင်းကို “ကုသိနာရုံဆင်ဖိုနီ” ကဗျာရှည်မှာ ဒီလို ရေးမှတ်ခဲ့ဖူးရဲ့။

ရှင်အာနန်မှာ
မေးခွန်းတွေတိုးလာခဲ့ပြန်ပေါ့။
ရဟန်းတစ်ပါးနဲ့ အမျိုးသမီးထုဆက်ဆံရေး
နည်းပေးခဲ့ပါဦးတဲ့
တိုတိုရှင်းမိန့်ဆိုတယ်
“မကြည့်နဲ့ အာနန္ဒာ” တဲ့

“မကြည့်လို့ မဖြစ်တဲ့ အခြေအနေမျိုးမှာ ဘုရား” တဲ့
“မပြောနဲ့ကွာ အာနန္ဒာ”တဲ့။

“မပြောလို့လည်း မဖြစ်ဘူးဆိုရင်ကော ဘုရား”တဲ့
“ သတိသာ ထားပေရော အာနန္ဒာ ”တဲ့။

မူရင်းလေးလည်း ဖော်ပြချင်ပါသေးတယ်။

“ကထံ မယံ ဘန္တေ မာတုဂါမေ ပဋိပဇ္ဇာမ။”
“အဒဿနံ အာနန္ဒ”
“ဒဿနေ ဘဂ၀ါ သတိ ကထံ ပဋိပဇ္ဇိတဗ္ဗံ။”
“အနာလာပေါ အာနန္ဒ”
“အာလပန္တေန ပန ဘန္တေ ကထံ ပဋိပဇ္ဇိတဗ္ဗံ”
“သတိ အာနန္ဒ ဥပဌာပေတဗ္ဗာ။”

ဒီဓမ္မဒိုင်ယာလော့ဂ်လေးကို အရှင်ဇနကာဘ၀ံသက အဖွင့်ကျမ်းတွေနဲ့ညှိနှိုင်းပြီး ဒီလို ရှင်းပြခဲ့တာပါ။

(၁။ အဒဿနံ။ မိမိ၏ ပရိယတ်ပဋိပတ်တရား၌ စိတ်ဝင်စား၍ ကြိုးစားနေသော ရဟန်းမှာ မာတုဂါမကို မမြင် ရလျှင် လောဘစိတ်လည်း မဖြစ်၊စိတ်လှုပ်ရှားမှုလည်း မဖြစ်၊ မိမိ၏ ပရိယတ်ပဋိပတ်တရားအပေါ်၌ သာ စိတ်ဝင် စား၍နေသောကြောင့်“မမြင်ရခြင်း”ကို အကောင်းဆုံးအကျင့်အဖြစ် ပထမစည်းထားတော် မူသည်။ (နဂိုကပင် စိတ်မထိန်းပဲ ကြံချင်ရာကြံနေသူ အတွက် မမြင်ရသော်လည်း စိတ်အားဖြင့် သွားနေ မည်ဖြစ်သောကြောင့် မမြင်ရ ရုံမျှကို အကောင်းဆုံးဟု ဆိုမရသေးပါ။)

၂။အနာလာပေါ။ စကားပြောမိလျှင် ရင်းနှီးမှုဖြစ်၏၊ ရင်းနှီးမှုဖြစ်လျှင် စိတ်ဖောက်ပြန်မှု ဖြစ်တတ်၏။ ဖောက်ပြန်မှုဖြစ်လျှင် သီလပျက်၍ အပါယ်လေးပါးသို့ ရောက်တတ်သည်။ ထို့ကြောင့် စကားမပြောခြင်းကို အကောင်းဆုံး အကျင့်အဖြစ် ဒုတိယစည်း ထားတော်မူသည်။

၃။အာလပန္တေန။ မာတုဂါမက “ဒီနေ့ ဘာနေ့ပါလဲ” ဟုမေးလျှင် ပြန်ဖြေရလိမ့်မည်။“ သီလပေးပါ” ဟု တောင်းလျှင် ပေးရလိမ့်မည်။ “တရားနာလိုပါသည်”ဟု လျှောက်လျှင် တရားစကားပြောရလိမ့်မည်။ ပြဿနာမေးလျှင် ဖြေရလိမ့်မည်။

စကားမပြောလျှင် ကဲ့ရဲ့ခံရ။ ဤသို့ရဟန်းကောင်းများပြုထိုက်သောအလုပ်ဖြစ်၍ စကားမပြောဘဲ နေသော ပုဂ္ဂိုလ်ကို “ဒီကိုယ်တော်ကအအကြီးပဲ၊” “ဒီကိုယ်တော်က အထိုင်းကြီးပဲ” ဒီကိုယ်တော်က စားပြီး တော့ ကြိုးနဲ့ တုပ်ထားသလိုထိုင်နေတာပဲ” ဤသို့စသည်ဖြင့် အပြစ်တင်ကာ အကုသိုလ်ဖြစ်စရာရှိ၏။ ထို့ကြောင့် စကားပြောခွင့် ကြုံလျှင်--

၎။သတိ ဥပဋ္ဌာပေတဗ္ဗာ။ အမိလို့ သတိထားလိုက်၊ အမ နှမလို့ သတိထားလိုက်၊ သမီးလို့ သတိထား လိုက်။ ဤသို့သတိထားနိုင်လျှင် မေတ္တာစိတ်သာဖြစ်ဖို့ ရှိ၏။ ဖောက်ပြန်သောစိတ်ကား မဖြစ်နိုင်တော့။ ထို့ကြောင့် စကားပြောခွင့်ကြုံလာလျှင် သတိထားဖို့ရာ တတိယစည်း ထားတော်မူသည်။ 
(သုတ်မဟာဝါ ဘာသာဋီကာ၊ဒု၊၄၅၂။)

(၂)
ဒေသနာတော်မူရင်းကို စဖတ်လိုက်မိတဲ့အချိန်မှာ နည်းနည်းတော့ ပြာသွားပါတယ်။ မာတုဂါမမကြည့်ရ၊ မာတုဂါမစကားမပြောရ ဆိုတော့လေ။ ဝေးပြီပေါ့။ သူ့မှာက ထသွားထလာ တယ်လီဖုန်းလေး တစ်လုံးက လည်း ရှိပြန်၊ ဂူးဂဲလ်ချတ်တင်းအကောင့်လေးတစ်ခုကိုလည်း ဖန်တီးထားပြန်ဆိုတော့ ခက်ခက်ရ ချည်ရဲ့။ မပြောရတော့ ဘူးဆိုရင်တော့ ဗာရာဏသီမှာ ခါနာနိမ်း(စားစရာမရှိ)၊ ဂျကာနိမ်း (နေစရာမရှိ) ဖြစ်သွားချေ မပေါ့။ မိခင်တွေ အမ နှမတွေနဲ့ စကားပြောရပေဦးမှာ မဟုတ်လား။

ရှင်အာနန္ဒာကို ကျေးဇူးတင်ကာ အခါခါဦးညွတ်မိပါတော့တယ်။ မပြောလို့လည်း မဖြစ်ဘူးဆိုရင်ကော ဘုရား တဲ့။ Woh Good Question! ပစ္စည်းလေးပါးအမှီအခိုရှာပြီး သာသနာ့ဝန်ထမ်းနေရတဲ့ ရဟန်း တစ်ပါးအတွက်ကတော့ ဒကာတွေ ကြည်ညိုရုံနဲ့ မပြီးဘဲကိုး။ ဒကာမတွေရဲ့ ယုံကြည်လေးမြတ်မှု ကလည်း အရေးကြီးတဲ့ အခန်းက ပါနေခဲ့တာပါ။ (အဟမ်း အဟမ်း ဆွမ်ခံကြွချိန်မှာ ဒကာမကြည်ညိုမှ ဟင်းကောင်း ကောင်း စားခဲ့ရတာတော့ သေချာတယ်။) မှန်၏။

ဝိပဿနာဒေသနာပြပြီး သံသရာငြီးငွေ့ကြောင်းတရားတွေ ဟောတော်မူခဲ့တဲ့ လယ်တီဆရာတော်ကြီး ကိုယ်တိုင် လည်း အဲဒါကိုတော့ ကောင်းကောင်းသဘောပေါက်ခဲ့လေသပေါ့။ ကမ္မဋ္ဌာန်းဆရာဟာ ကာမဂုဏ်ရဲ့ အပြစ်ကို ထောက်ပြရလေ့ရှိပါတယ်။ ဆရာတော်ဘုရားများနဲ့ အမျိုးသားယောဂီဆရာတွေရဲ့ ကာမဂုဏကထာမှာ မာတုဂါမတွေက ထိပ်တန်းခေါင်းစဉ်အဖြစ် ရှိနေတတ်ပါတယ်။ ရှောင်ကြကွင်းကြ ဖယ်ရှားကြလော့။

အမျိုးသမီးကမ္မဋ္ဌာန်းနည်းပြ ဆိုရင်တော့ ယောက်ျားတွေကို ကာမဂုဏ်ဇယားကွက်ထဲ ထည့်ပြီး နောက်နားမှာတော့ “ ရှင်းလင်းဖယ်ရှားရန်” လို့ မှတ်ချက်ပေးထားမယ် ထင်ပါရဲ့။အဲဒီလိုမှ မဖယ်ရှား ချင်သေးဘူး ဆိုရင် တော့ ဘလော့ဂါမိတ်ဆွေနာမည်ကြီး စာရေးဆရာမတစ်ယောက်ရဲ့ ကဗျာတစ်ပုဒ်လို
“ခုတော့ ဒီမှာလေ..
စိတ်လက်ခန္ဓာတွေ… အထပ်ထပ် တုပ်နှောင်ခံထားရ…
ရုန်းမရ… ဖယ်မရ…
တကယ်တမ်းက ပိုးသားမျှင်လေးတွေမျှ…။

ဒါနဲ့ပဲ နောက်ဆုံးတော့...
"ကျမချစ်မြဲ သံသာဝဲမှ
ခွဲထွက်ချင်ဘူး တပ်မက်ဦးမည်.. "ဆိုတဲ့
ကြည်အေးရဲ့ သစ္စာသစ်ကိုပဲ သီချင်းလုပ်ဆို...။” ဖြစ်ရချေဦးမပေါ့။

ထားပါ။
လယ်တီဆရာတော်ကြီးရဲ့ တရားပွဲတစ်ပွဲက အသံလေး နားထောင်ကြည့်ပါဦး။ တရားထောက်တာက အမျိုးသားပါ။
“ဒကာရေ ဒီမာတုဂါမတွေကြောင့်ပဲ သံသရာလည်နေကြသကိုးကွဲ့”
”မှန်ပါ”
“အဲဒီတော့ မာတုဂါမတွေ မရှိမှ သံသရာဝဋ်က ကျွတ်မယ် ဒီလိုမဟုတ်လား”
“ မှန်ပါ ကျွတ်မှာပါဘုရား”
“ ကဲ ဒီလိုဆို မာတုဂါမတွေကို လှေကြီးတစ်စင်းထဲ စုပြုံထည့်ပြီးမျှောလိုက်ကြရအောင် လှေကြီးလုပ်ဟေ့”
“မှန်ပါ လုပ်သင့်ကြောင့်ပါ”
“ကဲ ကြာတယ် ခုပဲ လုပ်ကြစို့”
“မှန်ပါ လုပ်ပြီးကြောင်းပါ” (ဆရာဒကာ အတိုင်အဖောက်ညီနေတာပါ။)
“ ကိုင်း ဒကာရေ လှေလုပ်ပြီးရင် မိန်းမမှန်သမျှ ဘုစုခရု မျိုးစေ့ပါမကျန် စုပြုံထည့်ကွာ”
“ထည့်ပြီးကြောင်းပါဘုရား”
“မျှောဖို့ အသင့်ဖြစ်ပြီလား”
“ ဖြစ်ပါပြီဘုရား”
“ဟဲ့ ဟဲ့ နေကြဦး ဒကာတို့ ဒို့များကို ဘယ်သူက ဆွမ်းချက်ကပ်ကြမတုန်းကွယ်။ အိမ်က ဘုရားခန်းမှာ သောက် တော်ရေချမ်းဆီမီးပန်းတွေ ဘယ်သူတွေက ကပ်လှူကြမတုန်းကွယ်။ မောင်တို့ စီးပွားရှာနေတုန်း အိမ်ကို သပ်ရပ်သန့်ရှင်းပြီး သာသာယာယာဖြစ်အောင် ဘယ်သူက ဆောင်ရွက်ကြမတုန်းကွယ်။”
စသည် စသည် ဆရာတော်ကြီးက မိန်းမတွေရဲ့ တန်ဖိုးကို ဟောပါတော့တယ်။

တော်တော်ပိုင်တဲ့ ဆရာတော်ကြီးပေပေါ့။ ဒီလိုမှ မဟုတ်ရင် မိန်းမတွေကို ရေမျှောပစ်လိုက်ရတော့မလို့။ တရားထောက်တဲ့ ဒကာကလည်း သိသိကြီးနဲ့ မျှောပစ်လိုက်သေးတယ်။ နောက်က ပါရမီဖြည့်ဘက်ကြီးကို လှည့်ကြည့် လိုက်တော့ “ မျှောလိုက် မျှောလိုက်” လို့ အချက်ပေးလိုက်လေသကိုး။

ကဗျာဆရာ ဒကာပိုင်စိုးဝေကြီးကလည်း “ဣတ္ထိယတောင်တန်း”တဲ့။ ကျော်လို့လည်း မရ၊ ထားလို့လည်း မရ ဖြစ်နေပါရောလား။

(၃)
ကိုးကွယ်ရာအစစ် ဗုဒ္ဓအရှင်မြတ်ကိုယ်တော်တိုင်လည်း ဘဒ္ဒကဉ္စနာဆိုတဲ့ မာတုဂါမလေးရဲ့ အကူအညီတွေ များစွာ ယူခဲ့ရလေသပေါ့။ ဘဒ္ဒကဉ္စနာဆိုတာ ယသော်ဓရာလို့ ထင်ရှားတဲ့ မိန်မမြတ်ကြီးတစ်ဆူပေပ။ ဒီပင်္ကရာ ဘုရားမြတ်ခြေတော်ရင်းမှာ ဝမ်းလျားထိုးမှောက်လို့ ခန္ဓာကိုယ်ကို တံတားခင်း ဆောက်လှူ နေရှာတဲ့ လူချော လူလှ သုမေဓာရှင်ရသေ့လေးကို တိတ်တခိုးချစ်မိရာက ပါရမီဖြည့်ဘက်အဖြစ် ဆုတောင်း ခဲ့မိလေသကိုး။ လေး သင်္ချေနဲ့ ကမ္ဘာတစ်သိန်းခရီးကြမ်းဆိုတာ သုမေဓာကိုယ်တော်လေးတစ်ပါးတည်း ဖောက်ခဲ့ရတဲ့ ပါရမီလမ်းမှ မဟုတ်တာပဲ။ သုမိတ္တာမာတုဂါမလေးကလည်း ကြာငါးခိုင်ကို ကိုင်ဆွဲပြီး နောက် တော်ပါးက ရဲရဲကြီးလျှောက် ခဲ့ရတာပါပဲလေ။

ယသောဓရာမင်းသမီးကိုယ်တိုင် ရဟန္တာထေရီမကြီးအဖြစ် ပရိနိဗ္ဗာန်စံဝင်ခါနီးဆဲဆဲ ဗုဒ္ဓအရှင်မြတ်ကို နောက်ဆုံး ကန်တော့ခြင်းနဲ့ ဓမ္မကဗျာတွေရွတ်ဆိုသီဖွဲ့ပြီး လျှောက်ထားခဲ့တာလေးကိုသာ ကြည်ညို ကြည့်ကြပါဦးတော့။ သံသာလေကမ်းတိုင်ခဲ့ကြပြီဖြစ်တဲ့ ပါရမီဖြည့်ဖက်ကြီးနှစ်ဆူရဲ့ အန္တိမလမ်းခွဲပါပဲ၊ သံဝေဂထက် လွမ်းတောင် လွမ်းမိရသေး။

ပုဗ္ဗာနံ လောကနာထာနံ၊
သင်္ဂမံ တေ နိဒဿိတံ။
အဓိကာရံ ဗဟုံ မယှံ၊
တုယှတ္ထာယ မဟာမုနေ၊

လောကနတ်အဆူဆူထံပါး၊
အရှင်နဲ့ ပေါင်းဆုံညားခဲ့သမျှ ကျွန်မမြင်မိပေါ့။
အကျွန့်မှာ ဆုတောင်းတွေများခဲ့ရ၊
အရှင့်အတွက်သာပ သခင်ဘုရား။

ယံ မယှံ ပူရိတံ ကမ္မံ၊
ကုသလံ သရသေ မုနေ၊
တုယှတ္ထာယ မဟာဝီရ။
ပုညံ ဥပစိတံ မယာ။

အကျွန်ဆည်းပူးခဲ့တဲ့ ကံ၊
ကောင်းမှုမှန်သမျှ သတိရပါ အရှင်။
အရှင့်အတွက်သာပဲပ သခင်၊
အကျွန်ကောင်းကျိုး ပြုခဲ့ပြီ။

အဘဗ္ဗဋ္ဌာနေ ၀ဇ္ဇေတွာ၊
ဝါရယိတွာ အနာစာရံ။
တုယှတ္ထာယ မဟာဝီရ၊
သဉ္စတ္တံ ဇီဝိတံ မယာ။

မလျော်တာ ကြဉ်ဖယ်၊
မဖွယ်ရာတာ မခင်တွယ်ဘဲ၊
အရှင့်အတွက်သာပဲပ သခင်၊၊
အကျွန်အသက်ကိုလည်း စွန့်ခဲ့ ပြီ။

နာနာဝိဓံ ဗဟုဒုက္ခံ၊
သံသာရေစ ဗဟုဗ္ဗိဓေ။
တုယှတ္ထာယ မဟာဝီရ၊
အနုဘုတ္တံ အသင်္ခယံ။

အမျိုးမျိးသော ဆင်းရဲ
သံသာဝဲအဖုံဖုံမှာ၊
အရှင့်အတွက်ပဲပ သခင်၊
အကျွန်ခံစားခဲ့ဖူးပါပြီ။

သုခပ္ပတ္တာနုမောဒါမိ၊
န စ ဒုက္ခေသု ဒုမ္မနာ။
သဗ္ဗတ္ထ တုလိတာ ဟောမိ၊
တုယှတ္ထာယ မဟာဝီရ။

သခင်လန်းတော့ ကျွန်မ ပျော်၊
ဆင်းရဲသော်လည်း ၀မ်းမနည်း။
အရာအားလုံးမှာ အတူတူပဲ ဖြစ်ခဲ့။
အရှင့်အတွက်သာပ သခင်ဘုရား။
ယသော်ဓရာထေရီရဟန္တာမကြီးရဲ့ ဓမ္မကဗျာကောက်နှုတ်ချက်အချို့ပါ။ မူရင်းအတိုင်းကြည်ညိုချင် သူများက တော့ ထေရီအပါဒါန်ပါဠိတော်အရိပ်သာ ခိုကြပေရော။ ဗုဒ္ဓအရှင်ကလည်း ယသော်ဓရာထေရီကို ဒီလို ကောင်းချီး ပေးတော်မူခဲ့ပါတယ်။

ဥပကာရာစ ယာ နာရီ၊
ယာ နာရီ စ သုခေ ဒုခေ။
အတ္ထက္ခာယီ စ ယာ နာရီ၊
ယာ စ နာရီ နုကမ္ပိကာ။

( ယသောဓရာသည်)
ကျေးဇူးလည်း ပြုတတ်ပေသော မိန်းမမြတ်၊
ချမ်းသာ ဆင်းရဲ သံသာဝဲမှာ လက်တွဲမဖြုတ်ခဲ့သော မိန်းမမြတ်၊
အကျိုးဖြစ်ရန် မှန်သာစကားကိုသာ ဆိုပေသော မိန်းမမြတ်၊
အမြဲအစဉ်သာ စောင့်ရှောက်ရှာသော မိန်းမမြတ်ပေတည်း။

အော် ဣတ္ထိယတောင်တန်းပေတကား။

Sunday, January 31, 2010

ချစ်တာထက် မေတ္တာပို။

မဟာမြိုင်တောရဆရာတော် ဦးဇောတိက ဟောကြားတော်မူသော တရားတော်တစ်ပုဒ်တွင် လူနှင့်တိရစ္ဆာန် တို့၏ အဓိကခြားနားချက်တစ်ခု ပါဝင်သည်ကို သတိထား၍ နာကြားဖူးခဲ့သည်။ စာသားအတိအကျတင်ပြနိုင် လောက်အောင် မမှတ်မိတော့သော်လည်း၊ ဆိုလိုရင်းမှာ လူသည်သင်ကြားပေးရန် လိုသောသတ္တဝါဖြစ်သည် ဟူသောအချက်ကို ဆရာတော်ကဆိုလိုခြင်းဖြစ်သည်။
မွေးစ တိရစ္ဆာန်ငယ်တစ်ကောင်သည် မိခင်၏ယုယဖေးမမှု မရသော်လည်း ထိုတိရစ္ဆာန်၏ မွေးရာပါ အရည် အချင်းကြောင့် သူ၏အသက်ရှင်သန် ဖြစ်ထွန်းမှုအတွက် သူကိုယ်တိုင် ပြုလုပ်နိုင်စွမ်းရှိသည်။ ဥပမာအားဖြင့် ခွေးမကြီး တစ်ကောင်က မွေးဖွါးလိုက်သော ခွေးငယ်လေးများသည် မွေးပြီးပြီးချင်း၊ နို့စို့ရကောင်းမှန်း သိကြ သည်။ သိရုံမျှမက မိခင်နို့ကိုရအောင် ရှာဖွေတတ်ကြသည်။ မထွေးပွေ့ရပဲလျက် နို့စို့တတ်ကြသည်။ လူကား ထိုကဲ့သို့မဟုတ်။ မွေးရာပါ အရည်အချင်းမရှိ။ သိတတ်သူမှ မသိတတ်သူကို ပြုစုစောင့်ရှောက် သင်ကြားပေး ရသည်။ မိခင်ဝမ်းမှ ကျွတ်စကလေးငယ်သည် နို့စို့ချင်သည်တော့မှန်သည်။ သို့သော် မွေးရာပါ အရည်အချင်း မရှိသောကြောင့် မိခင်ရှိရာဘက် လှမ်း၍မသွားနိုင်။ မိခင်က ပွေ့ယူချီမပေးရသည်။ သို့သော် ထိုမွေးရာပါ အရည်အချင်းရှိသော တိရစ္ဆာန်အား သင်ကြားပေးသော် အတိုင်းအတာတစ်ခုအထိသာ ရသည်။ အဆုံးမရှိ မတတ်မြောက်နိုင်။ မွေးရာပါ အရည်အချင်းမရှိသော လူသားကား သင်ကြားပေးခဲ့သော်၊ အဆုံးမရှိ တတ်သိ နားလည်သွားကြ၏ဟု ဆရာတော်ကဟောကြားပါသည်။ထိုကြောင့် လူကိုသင်ကြားပေးရန် လိုသည်ဟုဆို၏။
ကျွန်တော်၏အသက်အရွယ်အရ၊ လုပ်ငန်းအတွေ့အကြုံအရ၊ ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံမှု အတွေ့ အကြုံ အရ ဆရာတော်၏ဟောတရားသည် အလွန်မှန်ကန်ကြောင်းတွေ့ရပါသည်။
x x x
ကျွန်တော်၏ဘဝ တစ်စိတ်တစ်ပိုင်း ဝမ်းစာရှာဖွေမှုကို ‘သင်္ဘောသား’ အလုပ်ဖြင့် ရှာဖွေခဲ့ရဖူးသည်။ အထက် ပိုင်းအရာရှိများအဖြစ် ဂျပန်လူမျိုးများဖြင့် ဖွဲ့စည်းထားသော သင်္ဘောကုမ္ပဏီတွင် လုပ်သက် စုစုပေါင်း ၂၈ လတိုင်တိုင် လုပ် ကိုင်ခဲ့ဖူးသည်။
ကျွန်တော်တို့သင်္ဘောရှိ ဂျပန်အရာရှိများအားလုံးလိုလို အလွန်အလုပ်လုပ်ကြသည်။ အလုပ်မလုပ်ရမနေ နိုင်သူ များကို Workaholics ဟုခေါ်ဝေါ်သုံးစွဲသည်ဟု ကြားဖူးပါသည်။ လက်တွေ့အနေဖြင့်မူ မကြုံဖူးခဲ့။ ဂျပန် သင်္ဘော ရောက် မှသာ နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရခြင်းဖြစ်သည်။
ယင်းဂျပန်သင်္ဘောအရာရှိများအနက်အင်ဂျင်နီယာမှူး( Chief Engineer )မှာကား တော်တော့်ကို အလုပ် မလုပ် ရမနေနိုင်သောပုဂ္ဂိုလ်ဖြစ်သည်။
ဆိပ်ကမ်းမကပ်ရမီ သင်္ဘောကျောက်ချ၍ နှစ်ရက်၊ သုံးရက်နေခွင့်ရပြီဆိုလျှင်၊ သူ၏ ယုန်သွားလေးကိုဖြဲ၍ ပျော် နေတတ်သည်။ တိုက်ရိုက်ဆိပ်ကမ်းကပ်ရမည်ဆိုလျှင်တော့ ယုန်သွားလေးလည်း မတွေ့ရတော့။ စူပုတ်ထားသောမျက်နှာ နှင့် ဆောင့်အောင့်နေတတ်သည်။
သင်္ဘောဆိပ်ကမ်းကပ် ကုန်ချရန်ဆိုလျှင် ၂၄ နာရီမှ ၃၆ နာရီအတွင်းကြာတတ်သည်။ကုန်တင်ရမည် ဆိုလျှင် တော့ ဆယ့်လေးငါးနာရီဖြင့် ပြီးသွားတတ်သည်။ သူ့သင်္ဘောအင်ဂျင်ကို သူ့စိတ်တိုင်းကျမကိုင်ရလျှင် သူမပျော်ရွှင်တော့။ ကျောက်ချထားချိန် ဆိပ်ကမ်းကပ်ချိန် လောက်သာ အင်ဂျင်ကလည်း ပြုပြင်မွမ်းမံ၍ ရသည်။ ခရီးသွားနေစဉ် ခေတ္တနား၍ပြုပြင်မွမ်းမံရန် အခွင့်ရနိုင်သောအရာ မဟုတ်။ မိမိ၏တာဝန်ကို အကောင်းဆုံး ထမ်းဆောင်ခွင့်ရမှ ကြေနပ်တတ်သည့် သူ၏စိတ်ဓါတ်သည် မည်ကဲ့သို့ ရရှိလာ ပါသနည်း။
x x x
ကျွန်တော် ဂျပန်နိုင်ငံသို့ မကြာခဏရောက်ဖူးသည်။ ဆိပ်ကမ်းကပ်ပြီးနောက် အလုပ်ပြီးလျှင် ဆိပ်ကမ်းဆင်း (Go shore ဟုပြောလေ့ရှိသည်) ဈေးဝယ်၊ လည်ပတ် ဗဟုသုတရှာဖြစ်သည်။ အရပ်တကာသွားရင်း ကလေးများကျောင်းတက်ကျောင်းဆင်း သွားကြသည်ကိုလည်း တွေ့ဖူးသည်။ ကလေးများကို မိဘများက ကျောင်းလိုက်ပို့သည်ကို မတွေ့ဖူးခဲ့ပါ။ကလေးများ အုပ်စုလိုက် ကားလမ်း များ ဖြတ် ကူးသွားကြသည်။ လမ်းအချက်ပြမီးများကြည့်၍ သူတို့အားကိုးနှင့် သူတို့ဖြတ်သန်းကြသည်။ ကားမောင်းသူများကလည်း ကလေးများ ဖြတ်သန်းနေလျှင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးကြသည်ကို တွေ့ရသည်။ ကိုယ့်အား ကိုယ်ကိုး ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုမွေးကြဟု သင်ကြားပေးနေသကဲ့သို့ ခံစားရသည်။ အထူးခြားဆုံးကား ဂျပန်စာအုပ်ဆိုင်များဖြစ်သည်။ ကျောင်းသားကလေးများ ဝင်ရောက်လာပြီး၊ သူတို့ နှစ် သက် ရာ စာအုပ်များ ကိုယူ၍ ဆိုင်တွင်းတစ်နေရာရာထိုင်၍ ဖတ်နေသည်ကို စိတ်ရှည်စွာ ခွင့်ပြုထားကြသည်။ ကလေးများ အခမဲ့ ဖတ်ချင်သလောက် ဖတ်ခွင့်ပြုသည်။ ကလေးများကလည်း စာအုပ်ဆိုင်ထဲရောက်လျှင် မျက်နှာနှင့် စာအုပ်အပ်ပြီး သည်နှင့် စာအုပ်ထဲသာ စိတ်ရှိနေတတ်ကြသည်။ နောက်ပြောင်ဆော့ကစား စကားများ တာတွေ မတွေ့ရ။ လူဆိုတာ စာ များများဖတ်ခြင်းဖြင့် ဗဟုသုတကိုရှာဖွေရမည်ဟု သင်ကြားပေးနေသကဲ့သို့ မြင်ခဲ့ရသည်။
တခါက ဂျပန်နိုင်ငံ ဈေးတန်းတခုအတွင်း ဖြတ်သွားရင်း၊ ကျွန်တော်သတိထားခဲ့မိတာ တစ်ခုရှိသည်။
မြင်ကွင်းကား ရိုးရိုးလေးဖြစ်သည်။ ဂျပန်မိခင်တစ်ယောက် ဈေးဝယ်ထွက်လာခြင်းသာ၊ သူ၏ကလေး (လေးငါး လသားလောက်ရှိမည်ထင်သည်)ကို ကြောတွင်သိုင်းထား၍ ဈေးဝယ်နေခြင်းမျှသာ၊ ကလေး အမေက ဝယ်ယူပြီး၊ ပစ္စည်းများကို ပလပ်စတစ်အိတ်တွင်ထည့်၍ လက်မှဆွဲထားသည်။ ထို့ပြင် သူ၏ကြောပိုး အိတ် ထဲမှ ကလေးလေး၏ လက် တွင် ပလပ်စတစ် ကျွတ်ကျွတ်အိတ်အလွတ်ကလေးကို ထည့်ပေးထားခြင်း ကား ကျွန်တော့်အတွက်တော့ ထူးလည်း ထူးခြားသည်။ အမေ၏ဉာဏ်အမြော် အမြင်ကို ကျွန်တော်လေးစား မိသည်။ ကလေးနှင့်လိုက်ဖက်သော တာဝန်တစ်ခု ပေးတတ်ခြင်းကပင် အမေ၏ကောင်းမွန်သော ဗဟုသုတ ဖြစ်တော့၏။ ”လူသည် အလုပ်လုပ်ရမည်၊ နိုင်ရာဝန်ထမ်းရမည်” ဟု အသံတိတ်သင်ကြားပေးနေခြင်း ဖြစ်နိုင် သည်။
ကျွန်တော် ကြုံဆုံခဲ့ဖူးသော သင်္ဘောအင်ဂျင်နီယာမှူးကြီး၏အမေသည် ကျွန်တော်တွေ့ခဲ့ဖူးသော ကြောပိုး အိတ် ထဲမှကလေးကို ကျွတ်ကျွတ်အိတ်အလွတ်တစ်လုံးကို ကိုင်ထားစေသောအမေမျိုးဖြစ်ခဲ့မှာ သေချာသ လောက်ဖြစ်သည် ဟု ကျွန်တော်ထင်မိသည်။ ကျွန်တော်၏ထင်မြင်ယူဆချက် မှန်မမှန်ကိုတော့ သားသမီး များကို အလွန်ကောင်းစားစေလိုသော ကျွန်တော်တို့ အဖေ အမေများ တွေးတောဆင်ချင်စဉ်းစား ကြည့်ကြ စေလိုပါသည်။
ချစ်ခြင်းဆိုသည်မှာကိုယ့်အလိုကျ ကိုယ်ပိုင် ကျေနပ်ခံစားမှုမှ သာလွန်၍ မေတ္တာ ဆိုသည်ကား တဖက်သား ကောင်းစားစေလိုသော သဘောသွား ပို၍ အလေးကဲသည်ကိုလည်း ကျွန်ုပ်တို့ သတိမူ သင့်သည်ဟု ထင်ပါသည်။
အတွေးသစ်ဂျာနယ် အတွဲ(၉) အမှတ်စဉ်(၄၀၇) ၂၂-၀၉-၂၀၀၈



Saturday, January 30, 2010

အခမဲ့ ရတဲ့အရာတွေကို တန်ဖိုးထားပေးပါ။


ဒီလောကမှာ တန်ဖိုးအရှိဆုံးအရာတွေဟာ အခမဲ့တွေဆိုတာ ယုံနိုင်မလား?
နေရောင်ခြည်... အခမဲ့ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ နေရောင်ခြည်မရှိဘဲ အသက်မရှင်နိုင် ကြဘူး။ ငယ်ရာကနေ ကြီးလာတဲ့အထိ ကျွန်မတို့သုံးစွဲခဲ့တဲ့ နေရောင်ခြည်အတွက် ငွေကြေးတစ်ပြား တစ်ချပ်မှ ပေးစရာမလိုခဲ့ဘူး။

လေ... အခမဲ့ဖြစ်တယ်။ အသက်ရှင်နေသူတိုင်း လေကိုရှူရှိုက်ကြရတယ်။ ဟိုးရှေးရှေးတုန်းကနေ ယနေ့ အထိ ကိုယ်ရှူသွင်းလိုက်တဲ့ လေအတွက် တစ်ဦးတစ်ယောက်ကမှ ငွေပေးချေတာမရှိခဲ့ပါဘူး။ လူတိုင်း လောကတစ်ခွင်မှာရှိတဲ့ လေတွေကို လွတ်လွတ်လပ်လပ် ရှူနိုင်ကြတယ်။

မိသားစုသံယောဇဉ်... အခမဲ့ဖြစ်တယ်။ ကလေးဘဝကစ မိဘတွေရဲ့ ချစ်ခင်ယုယမှုကို လူတိုင်းခံကြရတယ်။ ပေးဆပ်စွန့်လွတ်ခြင်းတွေနဲ့ အနစ်နာခံကြတဲ့ မိဘတွေက ဘယ်သားသမီးကိုမှ “ငါ့ကို ငွေပေးမှ ချစ်မယ်” လို့ ပြောခဲ့မယ်မထင်ဘူး။ မိဘရဲ့ ချစ်ခြင်းမေတ္တာတွေက သားသမီးတွေကြီးလာလည်း ပျောက်ပျက်လျော့ရဲသွားတာမျိုး မရှိသလို အိုမင်းသွားလည်း ပျက်စီးပျောက်ကွယ်သွားတာမျိုး မရှိဘူး။ သူတို့အသက်ရှင်နေသမျှ ကာလပတ်လုံး သူတို့မေတ္တာတွေက သားသမီးအပေါ် လွှမ်းခြုံနေမှာဖြစ်တယ်။ 

သူငယ်ချင်းသံယောဇဉ်... အခမဲ့ဖြစ်တယ်။ ကိုယ်အထီးကျန်ချိန် ကိုယ့်အနားမှာ ဆိတ်ဆိတ်ငြိမ်ငြိမ် အဖော်ပြုသူ၊ ကိုယ်လဲကျချိန် အားပေးကူညီဖေးမသူ၊ ကိုယ်ဝမ်းနည်းချိန် ရင်ခွင်တစ်စုံ၊ ပုခုံးတစ်ဖက်ကို ငှားပေးသူ၊ ဒါတွေအတွက် ကိုယ့်ဆီကငွေကြေးတွေ သူမမျှော်လင့်ခဲ့သလို ကိုယ်လည်းသူ့ကို ငွေပေးချေစရာ မလိုခဲ့ပါဘူး။


ချစ်ခြင်းမေတ္တာ... အခမဲ့ဖြစ်တယ်။ ပြင်းပြတဲ့ ခံစားချက်၊ တားဆီးလို့မရတဲ့ စွဲလမ်းမှု၊ မိုးလေသမျှ သည်းထန် တဲ့ချစ်ခြင်း၊ အနှိုင်းမဲ့ တန်ဖိုးထားမြတ်နိုးမှု၊ ဘဝရဲ့အနက်ရှိုင်းဆုံးနေရာက ယုံကြည်ကိုးစားသူ တစ်ယောက် ရဲ့ ချစ်ခြင်းမေတ္တာကို ဝယ်ယူလို့ မရနိုင်ပါဘူး။ ဘာနဲ့မှလည်း အဖိုးမဖြတ်နိုင်ပါဘူး။ 

ပန်းတိုင်... အခမဲ့ဖြစ်တယ်။ ရွှေဇွန်းကိုက်မွေးလာခဲ့သူဖြစ်ဖြစ်၊ လမ်းပေါ်လေလွင့်နေသူဖြစ်ဖြစ် ကိုယ့်အတွက် ငွေကြေးကုန်ကျစရာ မလိုဘဲ ပန်းတိုင်တွေထားခွင့်ရှိကြတယ်။ အဲဒီပန်းတိုင်က ကြီးမား မြင့်မြတ်နိုင်သလို ရိုးရိုးသာမန်လည်းဖြစ်နိုင်ပါတယ်။ ကိုယ်ဆန္ဒရှိသလို ပိုင်ဆိုင်နိုင်ပါတယ်။ 

နောက်ပြီး ယုံကြည်မှု၊ မျှော်လင့်ချက်၊ စိတ်ကူးအိပ်မက်.... စတာတွေလည်း ငွေကြေးပေးစရာမလိုတဲ့ အခမဲ့တွေဖြစ်တယ်။ ကိုယ်လိုချင်ရင် အလိုရှိတဲ့အတိုင်း ရနိုင်မှာဖြစ်တယ်။ 

လောကကြီးကို မတရားဘူးလို့ ကျိန်ဆဲမနေပါနဲ့... မြတ်စွာဘုရားက လူသားတိုင်းအပေါ် မျှတခဲ့ပါတယ်။ လူသားတိုင်းအပေါ် အဖိုးတန်ဆုံးအရာတွေကို အခမဲ့ ညီတူညီမျှ ခွဲဝေပေးခဲ့တယ်။ အဲဒီအဖိုးတန်အရာ တွေကို ကိုယ်ဘယ်လို တန်ဖိုးရှိရှိ အသုံးချနိုင်မလဲဆိုတဲ့အပေါ်ပဲ မှုတည်ခဲ့ပါတယ်။
ခင်မင်ရင်းနှီးစွာဖြင့်
ပန်းချယ်ရီ
(မှတ်ချက်= အီးမေးမှ တဆင့်ရသော ဗဟုသုတကို တဆင့် ပြန်လည်း မျှဝေခြင်းဖြစ်သည်။)

http://www.manatphyan.com/2010/01/blog-post_29.html

Thursday, January 28, 2010

ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ကြရသူများ။

အလုပ်တစ်ခုမှာ တစ်ယောက်က သူခင်တဲ့သူ၊ သူ အားကိုးနေရတဲ့သူကို အလုပ်မပြောင်းနဲ့နော် နင်မရှိရင် ငါတို့မဖြစ်ဘူးတဲ့၊ ဒါပေမဲ့ ပြောတဲ့သူက သာတဲ့နေရာ ရတော့ ပြောင်းသွားတယ်။

နောက် လင်နဲ့မယား၊ မိန်းမက ကွဲမယ် ကွာမယ်ပြောနေတယ်၊ ယောက်ျားက တကယ် ခွဲခွါ ကွဲလိုက်တော့ မိန်းမ ကျန်ခဲ့တယ်။

ကျောင်းတက်တဲ့ ကျောင်းသူနှစ်ယောက် နင်ကျောင်းမပြောင်းနဲ့နော် တဲ့၊ သူ့သူငယ်ချင်းကို တဖွဖွပြောတယ်၊ ပြောတဲ့သူကပဲ အရင် နောက်တစ်ကျောင်းပြောင်းသွားတယ်။

မိဘက ငါမရှိရင် နင်တို့ ခွေးဖြစ်မယ်နော်၊ ငါမရှိမှ ငါ့အကြောင်း သိမယ်ပြောတယ် သေသွားရတာပဲ။

တစ်ယောက်ကို မှီမယ်လို့ တွေးရင် ကိုယ်မှီမယ့်သူက ခွဲခွာခြင်း မတည်မြဲခြင်း သဘောတရားတွေက အမြဲစိုးမိုးလို့နေတယ် ဒါတွေက ဘုရားဟောလည်း ဟုတ်တယ် ကိုယ်ရှာဖွေရင်လည်း တွေ့မှာပဲ၊ ဒါဟာသဘာဝတရားပဲ သဘာဝထဲမှာပဲ နေကြရအောင်၊။

အမှန်တရားဟာ ခါးတယ် ရင်ဆိုင်ဖို့ ခက်တယ်၊ ရင်ဆိုင်ကြရတယ် ရှောင်လို့မရဘူး၊
အရက်သောက်တဲ့သူဟာ အရက်ကို ချိုလို့ သောက်တာလားမေးကြည့် အဲလိုပဲ၊ လက်မခံချင်ပဲ တွန့်နေမယ့်အစား လက်ခံလိုက်တာက ကြိုက်လိုက်တာက ကိုယ့်အတွက်သက်သာတယ်။
အော် … သဘာဝတရားတွေပဲကိုး။

အထက်ပါ ပြောဆိုမှူများကို လက်မခံချင်သကဲ့သို့ရှိပေလိမ်မည်။ အကျွန်ုကိုယ်တိုင်းလည်း လက်မခံချင်ပေ၊ အဘယ်ကြောင့် လက်မခံချင်သနည်းဟု၊ စစ်ဆေးကြည့်သော် ဤကဲ့သို့ ခွဲခွါရမည်ကို ကြောက်သောကြောင့်ဟု ဖြေရပေလိမ့်မည်။

မှန်ပေသည် လူတိုင်းလူတိုင်းသည် မိမိတို့ ချစ်ခင်မြတ်နိုးသူများ၊ အားကိုးအားထား ပြုရသူများနဲ့ ၊ မခွဲခွါလိုကြပေ။ သို့သော် အနှစ်တရာ မကြာသော အလွန်တိုတောင့်လှသော ကာလအတွင်းဝယ် မလွဲမသွေ ခွဲခွါကြရမည်ဖြစ်၏။

သူမရှိလျှင် မဖြစ်ဟု အားကိုးအားထား ပြုနေခဲ့ရသူများသည်၎င်း၊ ငါမရှိလျှင် မဖြစ်ဟု အထင်ကြီးနေခဲ့သူများသည်၎င်း၊ မည်၍ မည်မျှ မျက်ကွယ်ပြုသွားကြလေသနည်း ဟူသည်မှာ ရေတွက်၍ မကုန်နိုင်တော့ပေ။

ငါမရှိလျှင် လုံးဝမဖြစ်ဟု ထင်မိခဲ့သော ပြင်သစ်ဧကရစ် နပိုလီယံ ဘိုနာပတ်သည်၎င်း၊ အမေရိကန်သမ္မတ အေပရာဟင်လင်ကွန်းသည်၎င်း၊ သဲကန္တာရမြေခွေးဟု တင်စားခံခဲ့ရသော စစ်သူကြီးရွှမ်းမဲ သည်၎င်း၊ မဟာမိတ်တပ်တို့၏ ဦးစီးဦးဆောင် စစ်သူကြီးမောင့်ဂိုမာရီသည်၎င်း၊ ထိုကဲ့သို့သော အားကောင်းမောင်းသန် ယောက်ျားကြီးများသည်၎င်း၊ အသီးသိး မျက်ကွယ်ပြုသွား ခဲ့ကြလေပြီ။ သို့သော်= သူတို့မရှိတော့ သော်လည်း ဖြစ်နေကြသည်သာ။

အမှန်မှာမူ= အားကြီးသူတို့အပေါ် အားကိုးတတ်သော အားငယ်သူ တို့၏ အယူအဆသည်၎င်း၊ အားငယ်သူ တို့အား အားကိုးမှူကို ပေးတတ်သော အားကြီးသူတို့၏ အယူအဆသည်၎င်း၊ မိမိတို့၏ စွဲလမ်းမှုတည်း ဟူသော ဥပါဒါန်သာဖြစ်လေသည်။

အချုပ်အားဖြင်ဆိုရပါမူ။ ။ အားကြီးသူကို အားကိုးနေရ ခြင်းဟုဆိုအပ်သော ဒုက္ခ၊ အားငယ်သူကို စိတ်မချခြင်းဟု ဆိုအပ်သော ဒုက္ခ၊ စသည် စည် ဒုက္ခအဖုံဖုံတို့သည်၊ တစ်ပါးသူတို့အပေါ် မိမိ၏ စွဲလမ်းမှူ ဥပါဒါန်ကြောင့် ဒုက္ခရောက်နေကြခြင်းသာလျှင် ဖြစ်လေ၏။


အတ္တာဟိ အတ္တနော နာထော၊ မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။

မိတ်ဆွေတစ်ဦး၏ ပြောပြခြင်းများအား ပြန်လည် တင်ပြခြင်းဖြစ်ပါသည်။


Tuesday, January 26, 2010

ဘဝ၏ သဘာဝ သို့တည်းမဟုတ် သုည။

ဘဝ…ပြောတော့လွယ်သည်၊ တကယ်တွေးကြည့်က တကယ်ပင် ခက်ခဲနက်နဲသော ဘဝ။
လူမမည်ကလေးဘဝမှ အစပြုကာ သေဆုံးသည့်တိုင်အောင် အကျွန်ုပ်တို့သည်၊ လူသားများပီပီ ရေကြည်ရာ မြက်နုရာကို သွားကြ၊ ခင်မင်ရာ ရင်းနှီးရာကို ရှာကြ၊ တွေ့ကြ ဆုံကြ ခင်မင်ကြ ထို့နောက် ပြန်လည် ကွဲကွာ သွားကြပြန်၏၊
သုညက စခဲ့ကြသော ကျွန်ုပ်တို့ ဘဝသည် နောက်ဆုံးတွင် သုညဖြင့် ပြန်လည် အဆုံးသတ် ရလေ၏၊ လူတစ်ယောက်နှင့် တစ်ယောက်သည် တစ်ချိန်ချိန်တွင် တစ်နေရာရာ၌ တွေ့ကြ ဆုံကြ၍၊ အကြောင်း တစ်ခုခုဖြင့် စတင်သိကျွမ်းခဲ့ကြလေ၏၊

ထိုသူနစ်ယောက်သည် နောက်ထပ် အကြောင်းအရာ တစ်ခုခုဖြင့် နောက်တစ်ကြိမ် တွေ့ဆုံကြကာ ထို့ထက်ပိုမို ရင်းနှီခဲ့ရပြန်လေ၏၊ ဤသို့ဖြင် တစ်စထက်တစ်စ ရင်းနှီကာ မိတ်ဆွေ သူငယ်ချင်းများ သဖွယ် ဖြစ်သွားကြပြီး ပြောမနာ ဆိုမနာ အရင်းနှီးဆုံးများ အဖြစ်သို့ ရောက်မှန်းမသိ ရောက်ရှိရပြန်သည်။

သူတို့နစ်ဦးသည် ပြောမနာ ဆိုမနာ ဘဝများမှ မထင်မှတ်သော အကြောင်းအရာ တစ်ခုခုဖြင့်၎င်း၊ မိမိ၏ အလိုမကျမူလေးများမှ အစပြုကာ၊ တစ်ဦးနှင့် တစ်ဦး အထင်အမြင် လွဲမူများဖြင့်၎င်း၊ တစ်ယောက်တစ်နေရာစီ ရောက်မှန်းမသိ ရောက်ရှိသွားကာ လမ်းခွဲကြရပြန်လေသည်။ ဤသို့လျှင် သုညက စခဲ့သော ဘဝသည် နောက်ဆုံး သုညသို့ပြန်လည် ရောက်ရှိသွားရလေတော့၏။

သုညဖြင့်စတင်ခဲ့သော အကျွန်ုပ်သည်လည်း မည်သည့်ရက် မည်သည့်အချိန်တွင် မည်ကဲ့သို့ အကြောင်း အရာမျိုးဖြင့် သုညဖြစ်ရအုံမည် ဆိုသည်ကို စောင့်မျှော်ရင်း………………။

လူသားပီပီ ရေကြည်ရာ မြက်နုရာ ခင်မင်ရာ ရင်းနှီးရာများကို ဆက်လက်ရှာဖွေ နေပါအုံးမည်။

လူသဘာဝ လူ့လောက အကြောင်းများကို အတွေ့အကြုံရှိရှိ ပြောဆိုလမ်းညွန် ဆိုဆုံးမပေးနေသော အကျွန်ုပ်၏ မိတ်ဆွေနှင့် ဆွေးနွေးခန်းများကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။

Monday, January 11, 2010

ချစ်ခြင်း မုန်းခြင်း ကင်းသည့် ခရီးသည် ။


"မကောင်းမှု ဒုစရိုက်"ဆိုတာ "ချစ်ခြင်း၊ မုန်းခြင်း" ဆိုတဲ့ အစွန်း တစ်ခုခုနဲ့ ငြိသူတွေသာ ကျူးလွန်လေ့ရှိတဲ့ အမှုမျိုး ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ မဇ္ဈိမလမ်းစဉ် မပေါ်ခင်က လူတို့(သတ္တ၀ါတို့) လျှောက်လှမ်းနေတဲ့ လမ်းစဉ်ဟာ အမည်တွေ အမျိုးမျိုး ကွဲပြားကြပေမယ့် အမျိုး တူရာ ပေါင်းလိုက်တဲ့အခါ အာရုံကို အချစ်ကြီး လွန်းသူတို့ရဲ့ "ကာလသုခလ္လိက"လမ်းစဉ်နှင့် အာရုံကို အမုန်းကြီးလွန်း သူတို့ရဲ့ "အတ္တကိလမထ" လမ်းစဉ် ဆိုပြီး နှစ်မျိုးသာရှိကြောင်း တရားဦးအစမှာ မြတ်ဗုဒ္ဓက ထောက်ပြခဲ့ပါ တယ်။
ဒီခရီးသည် နှစ်မျိုးတို့ဟာ အချင်းချင်း ဖြောင့်ဖြောင့် ဆန့်ကျင်တဲ့ လမ်းနှစ်ခုကို လျှောက် လှမ်းနေကြတယ်လို့ ထင်ရပေမယ့် တကယ့်ပန်းတိုင် ရှိရာ ရှေ့တည့် တည့်ကို ကြည့်ရကောင်း မှန်း မသိကြတာချင်းကတော့ အတူတူပါပဲ။ ရှေ့တည့်တည့်ကို ကြည့်ရြကောင်းမှန်းမသိလို့ ဘေးကို ကြည်မိ နေကြပေမယ့် ဘေးကို လည်း တကယ် မမြင်ကြပါဘူး၊ ဘေးကို မမြင်ဘဲ ဘေးဘက်ကို ဦးတည် ဇွက်တိုးနေကြလို့ နောက်ဆုံးမှာ ဘေးစွန်းနဲ့ ငြိပြီး ဘေးတွေ့ကြတာ ချင်းလည်း အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြတ်ဗုဒ္ဓက အစွန်းတရား နှစ်ခုလုံးတို့ရဲ့ နိဂုံးကို "အနရိယော အနတ္ထသံဟိတော= သူမြတ်တို့ လက်မခံတဲ့ အကျိုးမဲ့လမ်း ဖြစ်တယ်" လို့ တစ်ပေါင်းတည်း မှတ်ချက်ချတော်မူတာပါ။

ကာလသုခလ္လိက ခရီးသည်များက အာရုံကို အချစ်ကြီးလွန်းတယ်၊ အတ္တကိလမထ ခရီး သည်တို့က အာရုံကို အမုန်းကြီးလွန်းတယ်။ သတ္တ၀ါတွေကို ဒုက္ခခရီးရှည်စေတဲ့ မကောင်းမှု ဒုစရိုက် ဆိုတာက ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ အစွန်းတစ်ခုခုနဲ့ ငြိသူတွေသာ ကျူးလွန်လေ့ရှိတဲ့ အမှုမျိုး ဖြစ်ပါတယ်။

ဘေးရောက်ရင် ဘေးတွေ့တတ်တဲ့အတွက် ဘေးဘက်ကို မလျှောက်ဘဲ ဘေးလွတ်ရာ ရောက်အောင် ရှေ့တည့်တည့် လျှောက်ရမယ့် မဇ္ဈိမခရီးသည်ဆိုတာ ချစ်ခြင်း၊ မုန်းခြင်း ကင်း သူ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မဇ္ဈိမ ချဉ်းကပ်လမ်းမှာ ဣန္ဒြိယသံဝရ= ဣနြေ္ဒကိုစောင့် စည်းမှုနဲ့ ပြည့်စုံဖို့ လမ်းညွန်ခဲ့တာပါ။ မျက်စိ၊ နား၊ နှာ စတဲ့ ဣနြေ္ဒများနဲ့ အပြင်အာရုံတို့ တိုက် ဆုံမိခြင်းကို အကြောင်းပြုပြီး ချစ်ခြင်း၊ မုန်းခြင်း ဆိုတဲ့ ဘက်တစ်ခုခုစီ ရောက်မသွားအောင် ထိန်းသိမ်း စောင့်ရှောက်နိုင်မှုနဲ့ ပြည့်စုံရမှာပါ။  ဣနြေ္ဒလုံခြုံရင် ဒုစရိုက်ကင်းပြီး ချမ်းသာခြင်းကို ဆောင်နိုင်ပါတယ်။

"စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ= စိတ်ကို လုံခြုံအောင် စောင့်ကြပါ။ စိတ်လုံခြုံရင် ချမ်းသာကို ဆောင်နိုင်ပါတယ်။(ဓမ္မပဒ၊၃၆)ဆိုတာ ဒီသဘောကို ရည်ညွန်းတာ ပါပဲ။  ဒုစရိုက်ကင်းပြီး သုစရိုက် သုံးပါးနဲ့ ပြည့်စုံတဲ့တွက် သီလသိက္ခာ ပြည့်စုံသူ လို့လည်း ဆိုနိုင်ပါပြီ။ သမာဓိသိက္ခာ၊ ပညာသိက္ခာ တိုးပွားရေးအတွက် အဆင့်မီသူလည်း ဖြစ်ပါပြီ။ ဒါကြောင့် "သုစရိုက်နဲ့ ပြည့်စုံရင်  သတိပဋ္ဌာန်လေးပါး ပြည့်စုံစေတယ်"လို့ အ၀ိဇ္ဇာသုတ်မှာ ဆက်ပြီး ဟောတာပါ။ သတိပဋ္ဌာန်လေးပါး ပြည့်စုံစေတယ်ဆိုတာ မဂ္ဂင်ရှစ်ပါး(မဇ္ဈိမပဋိပဒါ) ကိုပြည့်စုံအောင် အားထုတ်ဖို့ လုံလောက်ပြီလို့ ဆိုတာနဲ့ အတူတူပါပဲ။

"မဇ္ဈိမ ချဉ်းကပ်လမ်း" လို့ ပြောခဲ့တဲ့ သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်းကစပြီး သုစရိုက်သုံးပါး ပြည့်စုံလို့ သီလသိက္ခာကို မိမိသန္တာန်မှာ အိမ်ရှင်သဖွယ် တည်ရှိတဲ့အထိကို အသေအချာ ပြန်ပြီး စဉ်းစားသုံးသပ်ကြည့်မယ်ဆိုရင် စိတ်ရဲ့ စွမ်းအားစုဖြစ်တဲ့ သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ ၊ ငါးပါးထဲမှာ "သဒ္ဓါ"တရားက ဦးဆောင်ခဲ့တာ ဖြစ်ပြီး ကျန်စွမ်းအား လေးခုက ကူညီ ထောက်ပံ့ပေးတဲ့ အဆင့်မှာပဲ ရှိတယ် ဆိုတာကိုလည်း သဘောပေါက်သင့် ပါတယ်။ သဒ္ဓါစွမ်းအား ကောင်းမှ ဒီအဆင့်ကို ရောက်မယ်လို့ ဆိုလိုတာပါ။

မှန်ပါတယ်။ ကျိုး ပေါက် ပြောက် ကြားခြင်းမရှိ၊ တဏှာကျွန် အဖြစ်က လွတ်အောင် ရုံးပြီး တဏှာဒိဋ္ဌိ တို့နဲ့ လည်းမှားမှားယွင်းယွင်း စွဲကပ်မထားဘဲ မသာဓိကို အထောက်အကူ ပေးနိုင်လောက်တဲ့ သီလသိက္ခာ ဆိုတာ အနည်းဆုံး သောတာပန် ဖြစ်နိုင်လောက်တဲ့ သောတာ ပတ္တိယင်္ဂ တရားလေးပါးထဲမှာ အဓိက အကျဆုံးလည်း ဖြစ်ပါယ်။ " စတူသု -သောတာပတ္တိ ယင်္ဂေသု ဧတ္ထ သဒ္ဓါဗလံ ဒဋ္ဌဗ္ဗံ= သောတာပတ္တ အင်္ဂါလေးပါးတို့မှာ သဒ္ဓါ တရားကို အဓိက ဦးဆောင်တဲ့ တရားလို့ မှတ်ရမယ်" (အံ၊၂။၁၀ ဒဋ္ဌဗ္ဗသုတ်) ဆိုတဲ့အတိုင်း သိလသိက္ခာမှာ သဒ္ဓါ စွမ်းအားက အဓိက ဦးဆောင်ဖြစ်ပါယတ်။

ဆက်လက် လျှောက်လှမ်းကျင့်သုံးရမယ့် မဇ္ဈိမ လမ်းမှာ ကျန်တဲ့ သိက္ခာ နှစ်ခုထဲက သမာဓိသိက္ခာဖြစ်တဲ့ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ မဂ္ဂင်သုံးပါးတို့ကို အဓိက ပွား များ အားထုတ်ကြရမှာပါ။ သမာဓိသက္ခာဟာ သီလနဲ့ ပညာတို့ကို တပေါင်းတည်း အပြည့်အ၀ ဖြစ်အောင် ပေါင်းစပ်ပေးပါတယ်။ မဂ်အဆင့် ရောက်တဲ့အခါ သီလဟာ စောင့်သီလ( သမာဒါန၀ိရတိ) ရှောင်သီလ (သမ္ပတ္တ၀ိရတီ) အဆင့်ကို ကျော်လွန်ပြီး မြဲသီလ (သမုစ္ဆေဒ၀ိရတီ) အဆင့် ရောက်သွားတဲ့အတွက် သီလနဲ့ ပညာ တစ်ပေါင်းတည်း ဖြစ်သွားပါ တယ်။ ဒါကြောင့် "သီလ ပညာနံ အဂ္ဂမက္ခာယတိ= သီလနဲ့ ပညာကို အမြတ်ဆုံးလို့ ဆိုရ မယ်"လို့ ဘုရားရှင် ဟောတော်တော်မူတာပါ။ (ဒီ၊၁။ ၁၁၇)။

သမာဓိမဂ္ဂင် သုံးမျိုးတို့ကို ပွားများရာမှာ ဈာန်လမ်းစဉ်အတွက် ဆိုရင်သာ သမာဓိက ဦးဆောင် ဖြစ်ပေမယ့် ဉာဏ်လမ်းစဉ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါ အကျင့်မှာတော့ ၀ိပဿနာ ၊ မဂ် ပညာ တို့ကို အထောက်အကူ ပေးရေးသာ အဓိက ရည်ရွယ်ပွားများရမှာ ဖြစ်လို့ သတိက ဦးဆောင်ပါတယ်။ ဒါကြောင့် "သတိပဋ္ဌာန်အလုပ်"လို့ ဆိုကြတာပါ။

ဒီနေရာမှာ သတိရဲ့ ဦးဆောင်နိုင်ပုံနဲ့ ပတ်သက်လို့ ပိဋကတော်မှာ လာတဲ့အတိုင်း တိပိဋကဓရ(ယော)ဆရာတော် ဟောကြားတော်မူတဲ့ "ဧမြရွှင်ပြုံး လူ့နှစ်လုံး"တရားတော်ကို အခြေခံပြီး ပြည့်ြုပည့်စုံစုံလေး ပြောချင်ပါတယ်။

သတိရဲ့ အဓိက တောင်းဆိုချက်ကတော့ ပစ္စုပ္ပန်ကို တန်ဖိုးထားဖို့ပါပဲ။ သတိ ဆိုတာ-
(၁) အာရုံကို ပုံဖော်ရမယ်၊ ဘာပဲဖြစ်ဖြစ် ဆောက်ရွက်လိုတဲ့ အာရုံဟာ အသိစိတ်ထဲ ပြတ်ပြတ် သားသား ပေါ်လာရမယ်။
(၂) အာရုံ၌ စိတ်ကင်းလွတ်မသွားအောင် ချပ်ချပ် ရပ်ရပ် ကပ်ပေးရမယ်။
(၃) မလုပ်မပြီးမီ အာရုံမပျောက်အောင် အသိစိတ်ကို အာရုံပေါ်မှာ မိမိရရ စွပ်ထားရမယ်။
(၄)အလုပ်တစ်ခု လုပ်နေတုန်း တစ်ခြားအာရုံကြားဖြတ်ဝင်မလာအောင် စောင့်ရှောက်ရတယ်။ အာရုံကို သတိရဲ့ အစီအစဉ်အတိုင်း လာစေရမယ်၊ အစီအစဉ်ကင်းမဲ့တဲ့ အာရုံတွေကို လက်ခံ ထားခြင်ဟာ ရှုတ်ထွေးတဲ့ အလုပ်ဖြစ်တယ်။ အာရုံရှုတ်တော့ အသိရှုတ်တယ်။ အသိရှုတ် တာ ကို အလုပ်တယ်လို့ ပြေနေကြတာ၊ အမှန်က အရှုပ်လုပ်နေကြတာပါ။ အရှုပ် လုပ်လို့ အသိ ရှုပ်ပြီး စိတ်ရှုတ်ရတာပါ။ ဘာအလုပ် လုပ်လုပ် ၊ ဘယ်လောက် အလုပ်များများ၊ သတိနဲ့ မပြတ် အောင် စောင့် ကြည့်တတ်ရင် အာရုံမရှုပ်အတွက် အသိလည်း မရှုတ်၊ စိတ်လည်း မရှုတ်ပါဘူး၊ အရပ်စကားမှာ အလုပ်များကိုပဲ အလုပ်ရှုတ်တယ်လို့ ပြောကြပါတယ်။

အဲဒီစကားအရ ပြောရရင်" အလုပ်ရှုပ်တာဟာ စိတ်ရှုပ်စရာလည်း မဟုတ်ဘူး၊ နောက်ဆက်တွဲ အကျိုးလည်း မရှုပ်ပါဘူး။ အရှုပ်လုပ်တာက စိတ်လည်း ရှုပ်ရ တယ်၊ နောက်ဆက်တွဲ အကျိုး တွေလည်း ရှုပ်လာမယ်"လို့ပဲ ပြောရပါလိမ့်မယ်။
(၅)ဘာပဲလုပ်လုပ် အလုပ်မပြီးမချင်း ရှေ့အသိနဲ့ နောက်အသိ စပ်ထားပါ။ အသိချင်း ကွာသွားရင် ပမာဒ ကြားဝင်လာတဲ့အတွက် မဓာနအလုပ် အာရုံမျက် ခြည် ပြတ်ပြီး ကြားဝင် လာတဲ့ အာရုံ အရှုပ်တွေနောက် လိုက်မိသွားမယ်။ အဲဒါဟာ အရှုပ်လုပ်တာပါ။ အသိရှုပ်၊ စိတ်ရှုပ်ရတာဟာ ဒါကြောင့်ပါ။ သမဓိပျက်ရတယ် ၊ စိတ်မတည်ငြိမ်ဘူး ဆိုတာလည်း ဒါကိုပဲ ပြောတာပါ။
အာရုံရှုပ်ရင် အသိရှုပ်၊ စိတ်ရှုပ်၊ အာရုံရှင်းရင် အသိရှင်း၊ စိတ်ရှင်ရပုံနဲ့ ပတ်သက်လို့ မြတ်စွာဘုရားရှင်ပေးတဲ့ ဥပမာနဲ့ မိုးပြီး ပြောရရင်တော့-
အောက်ခြေ၀န်းကျင်က စိမ့်ရေတွေ အမြဲထွက်ပြီး အလွန်နက်တဲ့ ရေအိုင်ကြီးတစ်အိုင်၊ လေးဖက်လေးတန် ကလည်း ရေတွေ စီးဝင်နေမယ်၊ အထက်ကလည်း မိုးတွေ တဝေါဝေါ ရွာချနေမယ်၊ အဲ ဒီလို "ရှေ့ နောက် ၀ဲ ယာ အထက်" ဆိုတဲ့ ငါးဖက်ငါးတန်က ရေတွေ ဒလဟော ၀င်နေမယ် ဆိုရင် အဲဒီ ရေအိုင်ကြီးဟာ ရေ မျက်နှာပြင် လှုပ်ရှားနေမယ်၊ အဲဒီလို လှုပ်နေတဲ့ ရေပြင်မှာ မိမိမျက်နှာကို ငုံ့ပြီး ကြည့်ကြည့် ပုံရိပ်မှန် မပေါ်နိုင်သလို ဘာမှ ရှင်းရှင်း လင်းလင်း မသိနိုင်ဘူး။

လေးဘက်လေးတန်ကလည်း ရေတွေစီးမ၀င်တော့၊ အပေါ်ကလည်း မိုးမရွာတော့ဘူး၊ အပြင်မှာရှိတဲ့ ငါးဖက်က ရေတွေ မ၀င်တော့ဘဲ အတွင်းက စိမ့်ရေလေး နဲ့သာ ပြည့်နေတဲ့ အိုင်ကြီးဆိုရင် ရေမျက်နှာပြင် ငြိမ်သက်နေတဲ့ အတွက် မိမိမျက်နှာကို ငုံ့ကြည့်လိုက်ရင် နဂို ပုံရိပ်မှန်ပေါ်ပြီး မှဲ့၊ ညှင်း၊ တင်းတပ်၊ ၀က်ခြံ အစက် အပြောက် ကလေးပါ မကျန် မြင်ရ နိုင် တယ်။
အပြင်က ရေတွေ၊ မိုးတွေ ၀င်နေတာက အပြင် အာရုံတွေ ကြားဝင်ရှုပ်တဲ့ သဘော၊ ရေမျက်နှာပြင် လှိုင်းလှုပ်နေတာက စိတ်ရှုပ်တဲ့သဘော( သမာဓိပျက်တဲ့ သဘော) ။ ဘာမှ ပီပီပြင်ပြင် မမြင်၊ မသိရတာက အသိရှုပ်တဲ့သဘောပါ။ အပြင်က ရေတွေ မ၀င်တော့ဘဲ စိမ့်ရေ လေးသာ ရှိတယ် ဆိုတာက အပြင်အာရုံ တွေ မရှုပ်စေဘဲ "မနော"ဆိုတဲ့အတွင်းစိတ် ကလေး ကို သတိနဲ့ ကပ်ထားတဲ့ သဘော၊ ရေမျက်နှာပြင် ပြင်မသက်တာက စိတ်မရှုပ်တော့ဘဲ သမာဓိ ဖြစ်နေတဲ့ သ ဘော၊ မျက်နှာကို အသေးစိတ် သိမြင်ရတာက အမြင်ရှင်း၊ အသိရှင်း( ၀ိပဿနာ ပညာဖြစ်)  တဲ့ သဘောပါ။
(၆) အလုပ်တိုင်း အရေးကြီးတယ်။ (အရေးပါစေပါတယ်)။
မဇ္ဈိမခရီးသည်တို့ရဲ့ လုပ်ခဆိုတာ ကုန်သွားသမျှ "အား"ဖြစ်ရတာါပဲ။ ကုန်ဆုံးခြင်းရဲ့ ရလာဒ်ဟာ စွမ်းအား ဖြစ်စေရပါမယ်။ ဒါကြောင့် မဇ္ဈိမခရီးမှာ အရေးမကြီး တဲ့(အရေးမပါတဲ့) အလုပ်ဆိုတာ မရှိပါဘူး။ စားတာ၊ သွားတာ၊ ကျင်ကြီး ကျင်ငယ် စွန့်တာအထိ( မဟာသတိပဋ္ဌာနသုတ်မှာ ပါတဲ့အတိုင်း) လှုပ်ရှားမှု မှန်သမျှ အလုပ်တိုင်းရဲ့ နောက်မှာ "အသိ" ဆိုတဲ့ လုပ်ခတန်ဖိုး ပေးတာချည်းပါပဲ မိမိက ရယူနိုင်အောင် မပြတ်"သတိ"ထားနေရမှာပါ။
ထင်းကို အမှတ်မဲ့ မီးရှို့ထားရင် ထင်ကုန်တဲ့အခါ "ပြာ"ပဲ ကျန်မှာပါ။ ထင်းမှာ မီးလောင် နေတယ်ဆိုတာ သတိထားမိသူ အတွက်တော့ အိုးထဲမှာ ဆန်နဲ့ရေ အလောတော် ထည့်ပြီး တည်ထားလိုက်ရင် ထင်းကုန် သလောက် "ထမင်း" အမြတ် ကျန်ခဲ့တဲ့ သဘောပါပဲ။ "သတိထား အသိပွားနိုင်ကြပါစေ"ဆိုတာ ဒါကို ပြော တာပါ။
သတိ အမြဲရှိရေးအတွက် အခြေခံ ထားရှိရမယ့် မူသုံးချက် ရှိပါတယ်။
(၁) ဘာမဆို အေးအေးဆေးဆေး လုပ်ပါ။  သတိ သမာဓိရှိဖို့ ပြောတာပါ။ အောင်ပွဲရဖို့ဆိုတာ တာထွက် လိုက်တာနဲ့ ပန်းတိုင်ကို မျက်ခြည်မပြတ်ဖို့၊ သေချာဖို့ လိုပါတယ်။ အလုပ်မှာ စူးစိုက် တည်ငြိမ်အေးချမ်းဖို့ အရေးကြီးပါတယ်။ ဒါမှ ပစ္စုပ္ပန် သေချာမှာပါ။ ပစ္စုပ္ပန်ကို တန်ဖိုးထားဖို့ ဆိုတာလည်း ဒါကိုပဲ ပြောတာပါ။

(၂) "မအားဘူး"လို့ မပြောပါနဲ့၊ လူဆိုတာ နတ်များလို ကံဟောင်းကို ထိုင်စားနေတဲ့ ဘ၀မဟုတ်လို့ စားဝတ်နေရေးအတွက် အလုပ်လုပ်နေရတယ်။ ရှိတာကို သိအောင် လုပ်ပါ၊ သတိနဲံကပ်ပြီး ကြည့်တတ်ရင် အလုပ်များတာဟာ တရားဝင်ပေါက်တွေ များတာပဲလို့ အားရှိ စရာ ကို တွက်တတ်ဖို့ လိုပါတယ်။ အလုပ်နဲ့ တရား တွဲမိအောင် သတိက အမြဲ စေ့စပ် ပေးနေ ဖို့ လိုပါတယ်။

(၃) မဇ္ဈိမခရီးသည်တို့ရဲ့ အစွမ်းက ကုန်သွားတာဟာ "အား" ပဲ၊ ကုန်ဆုံးခြင်းရဲ့ နောက်မှာ စွမ်းအားရလာဒ် ကျန်နေခဲ့ရမယ်။ လူရဲ့ လက်ထဲမှာ ရှိနေတဲ့ သက်ရှိ သက်မဲ့ မှန်သမျှ  ကိုယ်လိုချင်သလောက် ရှိနေကြမှာ မဟုတ်ဘဲ သူ ရှိ နိုင်သလောက်သာ ရှိနေပြီး ကန့်သတ်ချိန် ပြည့်ရင် ကုန်ဆုံးပျောက်ကွယ်မြဲ ဖြစ်တယ်။ "ထင်း"ကုန်ရင် "ထမင်း"ကျန် ရစ်စေရမယ်လို့ အမြဲ ခံယူချက်ထားပါ။ ဒီ အခြေခံမူ သုံးခုကိုတော့ လက် မလွှတ်မိပါစေနဲ့။

"ဟင်း"တိုင်းမှာ "ဆား" သင့်ဖို့ အရေးကြီးသလို မဇ္ဈိမခရီးသည်ဟာလည်း ကိုယ်၊ နှုတ်၊ စိတ် လှုပ်ရှားမှုတိုင်း သတိအမြဲရှိဖို့ လိုအပ်လှတဲ့အတွက် ဒီလောက် အပြည့်အစုံ ပြောနေရ တာပါ။ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ဆိုရင် နေ့ခင်း ဆွမ်းဘုဉ်းပေးပြီးချိန်တိုင်း ရဟန်းတော်တို့ကို "အပ္ပမာဒေန သမ္ပာဒေထ= သတိနဲ့ ပြည့်စုံစေကြ"လို့ နေ့စဉ် ဆုံးမတော်မူပါ သတဲ့၊ နောက်ဆုံး ပရိနိဗ္ဗာန် စံခါနီး ဆဲဆဲ တဲတဲကလေးလိုတော့တဲ့ အချိန်မှာလည်း နောက်ဆုံး သြ၀ါဒ အနေနဲ့ ဒီစကားကိုပဲ မိန့်ကြားသွားပါတယ်။ နောက်ဆုံးစကား ဆိုတာ အလေးထားတတ်ကြမြဲ ဖြစ်တဲ့အတိုင်း အလွန်ကို အလေးအနက် ထားစေချင်တဲ့ မဟာ ကရုဏာတော်ရှင်ရဲ့ ကရုဏာ စကားတော်ဟာ တစ်သာသနာလုံးအတွက် အရေးပါဆုံး စကားပါပဲ။ ဒါကြောင့်လည်း အဋ္ဌကထာ ဆရာတော်က ဒီနောက်ဆုံး စကားတော်ဟာ ၄၅-၀ါပတ်လုံး ဟောကြားသမျှတို့ကို ခြုံငုံမိစေတဲ့ မှာတမ်း တော် ဖြစ်တယ်လို့ မှတ်ချက်ချပါတယ်။

ဘယ်အရာမဆို "အကျင့်ပါတယ်"ဆိုတာ အကြိမ်များမှ ဖြစ်လာတာပါ။ အကြိမ်များ တယ်ဆိုတာ ဟာလည်း တစ်ကြိမ်က စ ရတာချည်းပါပဲ။ အကြိမ်များလို့ အကျင့်ပါလာပြီ ဆိုရင်တော့ "သတိ"ဟာ ကိုယ်က ကြောင့်ကြစိုက်ပြီး ထားနေရတဲ့ "ထားသတိ"အဆင့်ကနေ အမြဲအသင့်ရှိနေတဲ့ "မြဲသတိ" အဆင့်ရောက် လာ ပါတယ်။ ဘယ်အချိန်မဆို ဘယ်လို အာရုံနဲ့ တွေ့တွေ့ အမြဲ သတိရှိနေရင် ပမာဒ ကြားမ၀င်နိုင်တော့တဲ့ အတွက် သမာဓိသိက္ခာလည်း လုံခြုံ ပြီး ပညာသိက္ခာပါ ပြည့်စုံသွားပါတော့တယ်။
ပညာသိက္ခာ ပြည့်စုံပြီဆိုရင် ကိလောသာတွေဟာ ခွာရတဲ့ အခြေအနေတွေကနေ ကွာ ကျတဲ့ အခြေအနေ ရောက်သွားပါတယ်။ မဂ်ပညာနဲ့ ဖယ်ခွာပြီးတဲ့ ကိလေသာများတာ နောက်ထပ် ဘယ်တော့မှလည်း ဖြစ်ခွင့် မရတော့ပါဘူး။ ဒါဟာ မဇ္ဈိမခရီးသည်တို့ရဲ့ ပန်းတိုင် ရောက်ပြီး ပြည့်စုံမှုပဲ ဖြစ်ပါတယ်။

အေးအေးဆေးဆေး သတိ ထား၊ အသိ ပွားနိုင်ကြပါစေ။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
http://ashinsirinda.com/index.php?option=com_content&view=article&id=179:2010-01-10-16-57-03&catid=52:2009-07-18-11-45-58&Itemid=149