သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Monday, June 28, 2010

“ကရုပ်” လေးရဲ့ ရာဇဝင် (အပိုင်း-၁)


ဘဝအစ...။
မိုးတွေရွာနေသော တစ်နေ့ဝယ် အိမ်တံခါးဝတွင် “ဒေါက် ဒေါက်....ဒေါက် ဒေါက်” တံခါးခေါက်သံ ကြားရသောကြောင့် “အလှ” သည် တံခါးအနီးသို့ လာရင်း “အပြင်က ဘယ်သူပါလဲ” မေးလိုက်ရာ “လုမလေး အမေကြီးပါ တံခါးဖွင့်ပါအုံး” ပြောသံကြားရသောအခါ တံခါးကို ဖွင့်ပေးရင်း “ဟင်... အမေကြီးပါလား၊ ဘယ်လိုလုပ်ပြီး လုမလေး အိမ်ကို ရောက်လာတာလဲ”ဟု မေးလေသည်။ “လုမလေးရေ အမေကြီး လုမလေးတို့နဲ့ နေမလို့လေ၊ နေခွင့်ပြုမယ်မဟုတ်လား” အမေကြီးက ဤသို့ ပြန်လည်ခွင့်တောင်းသောအခါ “အလှ”သည် ဇဝေဇဝါဖြစ်ကာ “ဘယ်လိုလုပ် နေလို့ရမလဲ၊ အမေကြီးက ဘဝကူးသွားတာတောင် ကြာပါပြီကော မဟုတ်လား”ဟု စိတ်မကောင်းဖြစ်ကာ အမေကြီးကို ပြောမိလေသည်။ ထိုအခါ အမေကြီးက “နေလို့ ရပါပြီကော လုမလေးရဲ့၊ အမေကြီးအတွက် ဘာမှ မပူနဲ့ အစစ အဆင်ပြေရပါစေမယ်၊ လုမလေးသာ အမေကြီးကို ခေါ်ထားပေးပါနော် လုမလေး”ဟု တွင်တွင် ပြောနေ၏။ “အလှ”သည် စဉ်းစားရ ခက်နေသော်လည်း ကိုယ့်ကို အလွန်ချစ်သော ကိုယ့်အဘွားက အတူနေချင်ပါသည် ဆိုသည်ကို မငြင်းလိုလှပေ၊ ထို့ကြောင့် “အမေကြီး တကယ်ပဲ လုမလေးတို့နဲ့ နေချင်တယ်ဆိုရင် နေပါနော်”လို့သာ ခွင့်ပြုလိုက်မိ၏။

“အလှ”သည် ဒီတစ်နေ့လုံး မနက်ကတည်းက မအီမသာဖြစ်ကာ ပျို့အန်ချင်နေတော့သည်၊ အစားအသောက်လည်း မစားချင်၊ အိပ်ယာထဲတွင်သာ ခွေနေချင်တော့သည်။ မနက်ထမင်းစားအပြီး အန်ထားသောအရှိန်ကြောင့်လည်း ခေါင်းထဲတွင် မူးနောက်နေလေသည်။ ထို့ကြောင့် ညနေ ခင်ပွန်းသည် ပြန်လာလေသောအခါ “အလှ နေမကောင်းရင် ဆေးခန်းသွားပြလိုက်တာကောင်းမယ်ထင်တယ်၊ ပြောနေကြာပါတယ်ကွယ် ဆေးခန်းသွားပြကြပါစို့နော်”ဟု ခင်ပွန်းသည် ပြောစကားကို နားထောင်၍ ရပ်ကွက်ထဲရှိ “သမဝါယမ”ဆေးခန်းလေးသို့ သွားပြကြလေသည်။

ဆေးခန်းမှ အပြန်တွင်တော့ “အလှ”၏ ခင်ပွန်းသည် ပျော်ရွှင်မြူးကြွကာ “ဆရာဝန်က သုံးလရှိနေပြီလို့ ပြောလိုက်တာနော်၊ သုံးလနော် သုံးလ သုံးလ”ဟု ရေရွတ်ရင်း ဇနီးကို ဖေးကူတွဲကာ ပြန်လာကြ၏။ အိမ်သို့ရောက်သောအခါ ကိုစန်းလွင်သည် မိခင်ထံ ဝမ်းသာအားရဖြင့် “အလှမှာ ကိုယ်ဝန်ရှိနေပြီလို့ ဆရာဝန်က ပြောလိုက်တယ် အမေရ၊ ဒီတစ်ခါမွေးရင် သမီးလေးဖြစ်မှာသိလား”လို့ ခပ်ကြွားကြွားလေး ပြောလိုက်သည်။ “အလှ”သည် အသက် (၃၂) ရှိပြီဖြစ်ပြီး သားဆက်ခြား တားဆေး သောက်သုံးခြင်း မရှိသည်မှာ လေးနှစ်ခန့် ရှိခဲ့ပြီဖြစ်သည်။ မည်သည့်ဆေးမျိုးမှ မသုံးရပဲ နေလာခဲ့ပြီးနောက် ယခုအချိန်မှာ ကိုယ်ဝန်ဆောင်ခြင်းကို “အလှ”နှင့် ခင်ပွန်းသည် ကိုစန်းလွင်တို့အဖို့ ပျော်ရွှင်ကြည်နူးနေကြခြင်း ဖြစ်လေသည်။

“အလှ”သည် ညက မက်သော အိမ်မက်ကို ပြန်လည်သတိရမိသောအခါ ခင်ပွန်းဖြစ်သူကို ခပ်တိုးတိုးဖြင့် အနားကပ်ကာ အိမ်မက်ထဲမှ အဘွားဖြစ်သူ၏ အကြောင်းများကို ခရားရေလွှတ်သလို တတွတ်တွတ် ပြောပြနေခဲ့ပါသည်။
“အလှ”၏ အဘွားဖြစ်သူ “အမေကြီး”ဟု မြေးများက ချစ်စနိုးခေါ်ကြသော ဖွားရွှေသော့သည် ကွယ်လွန်ခဲ့သည်မှာ (၁၅)နှစ်ကျော်ခန့်ရှိပြီ။ “အလှ”၏ အဘွားဖြစ်သူ ဖွားရွှေသော့သည် သူမ၏ ခင်ပွန်း ကွယ်လွန်ပြီး တစ်နှစ်ပြည့်သောနေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ဖွားရွှေသော့နှင့် သူမ၏ ခင်ပွန်း ဖိုးထွန်းဇံတို့သည် အလွန်ချစ်မြတ်နိုးကြသော ဇနီးမောင်နှံဖြစ်ခဲ့ကြလေသည်။ ဖိုးထွန်းဇံသည် အရိုးကျိုး အရိုးဆက်တိုင်းရင်းဆေး ပညာတတ်ကျွမ်းသော တိုင်းရင်းဆေးဆရာ တစ်ဦးဖြစ်သည့်အပြင် ရွာဆယ်ရွာကို သြဇာရှိသော တိုက်သူကြီးတစ်ဦးလည်း ဖြစ်ပါသည်။ ဆေးဆရာတစ်ဦးဖြစ်သူ ဖိုးထွန်းဇံသည် ငွေကြေးအဓိကမထားပဲ စေတနာနှင့် ကုသပေးမှုများကြောင့် အနီးအနားရွာများအားလုံးက အရိုးရောဂါများအပြင် အခြားသောရောဂါများကိုပါ ကုသပေးရလေသည်။ လူနာများ ညအိပ်ညနေ လာရောက်ကုသသူများကို ဖွားရွှေသော့က နေစရာ စားစရာစီမံပေးရင်း ခင်ပွန်းဖြစ်သူကို ပါရမီဖြည့်လေ၏။ ဖွားရွှေသော့၏ သဘောဖြူမှုကြောင့်လည်းကောင်း ဖိုးထွန်းဇံ၏ စေတနာကြောင့်လည်းကောင်း ဖွားရွှေသော့တို့၏ အိမ်ဂေဟာလေးသည် ဧည့်သည်များနှင့် အမြဲမပြတ် စည်ကားနေ၏။

ဖိုးထွန်းဇံသည် ဆေးကုသခြင်းနှင့် ရပ်ရွာ သာရေး နာရေး ကိစ္စများနှင့် ဆောင်ရွက်ကာ မအားမလပ်ရှိစဉ်၊ ဖွားရွှေသော့သည်လည်း လယ်ယာမြေများကို စာရင်းငှားများဖြင့် လုပ်ကိုင်ခြင်းများကို စီမံခန့်ခွဲခြင်း၊ အိမ်မှုကိစ္စများ၊ သားသမီးတို့၏ကိစ္စများနှင့် မအားမလပ်နိုင်အောင် ရှိလေသည်။ ဖိုးထွန်းဇံကို လူအများက ရိုသေကြသလို ဖွားရွှေသော့ကိုတော့ သဘောကောင်းသောကြောင့် မြင်သူတိုင်း ချစ်ခင်ကြလေသည်။ ဤသို့ဖြင့် အိုမင်းသည်အထိ ပေါင်းသင်းနေထိုင်လာကြရင်း တစ်နေ့သောအခါ ဖိုးထွန်းဇံသည် အိပ်ယာထက်မှ တရားမှတ်ကာ မျက်လုံးလေးဖွင့်ကြည့်ရင်း သားအကြီးတစ်ဦးကို ခေါ်၍ “မိုးမကျခင် စပါးများကို ရိတ်သိမ်းပြီး အမိုးအောက်သို့ ပို့ပါ၊ အိမ်အတက်အဆင်း လှေကားလေး ယိုင်နေသည်ကို ပြင်ပါ၊ ရွာဦးကျောင်းကိုယ်တော်ထံ လာမည့် (၇)ရက်အတွင်း ယာယီခရီး ရှိမရှိ မေးမြန်းပါ”ဟု ဆိုလေသည်။

ထို့နောက် မြေးများက အဖေကြီးဟု ခေါ်သော ဖိုးထွန်းဇံသည် သူ၏ ဇနီးကို ခေါ်၍ “ရွှေသော့ရေ နင်လည်း င့ါကို ပါရမီဖြည့်နေရတာနဲ့ အားရတယ်ကို မရှိလှဘူး၊ သံသရာမှာ ကိုယ့်နောက်ပါမယ့် အလုပ်လေးတွေ လုပ်အုံးနော်၊ အလှူဒါနမှာ ပြောစရာမလိုတဲ့ နင့်ရဲ့ သဒ္ဓါကို ငါသိပါတယ်၊ သို့သောလည်း သံသရာမယ် ဝိပဿနာသာလျှင် အားကိုးရာဖြစ်တယ်၊ နင် မမေ့နဲ့ ကြားလား၊ ငါမရှိတော့တဲ့အခါမယ် အားမငယ်နဲ့၊ နင်တကယ် အားကိုးရမှာက ရတနာသုံးပါးသာဖြစ်တယ်”ဟု မှာကြားလေသည်။ ဖွားရွှေသော့သည် ခန္ဓာကိုယ် ဝဝကြီးကို ကြုံ့ကြုံ့လေးထိုင်ကာ “ဟုတ်ကဲ့ပါတော်”ဟုသာ ပြောနိုင်လေသည်။ ငယ်လင်ငယ်မယားဖြစ်ခဲ့ကြသော သူမတို့၏ သံယောဇဉ်သည် အလွန်ကြီးမားပေစွဟု လုမလေးက ကလေးပေမယ့် သိခဲ့ရလေသည်။ အဘယ်ကြောင့်ဆိုသော် အမေကြီးသည် မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျနေသောလည်း ရှိုက်သံတစက်မှ မထွက်ပေ၊ အမေကြီးသည် သူမ၏ ကြေကွဲခြင်းနှင့် စိတ်မကောင်းဖြစ်မှုကိုပင် အိပ်ယာထက် လဲလျောင်းနေသော ခင်ပွန်းဖြစ်သူ သိမည်ကိုပင် စိုးရွံ့လျက်ရှိနေခဲ့ပါသည်။ လုမလေးတို့သည် အဖေကြီး မတိမ်းပါးခင်အချိန်တွေက အဖေကြီးကို ခြေဆုပ်လက်နယ်ပြုစုပေးကြချိန်တွင် ဆုံးမစကားများ အမြဲနာယူမှတ်သားကြရလေသည်။ အမေကြီးက မြေးထဲတွင်အငယ်ဆုံးနှင့် အဖိုး အဖွားများ အနားတွင်သာ နေလေ့ရှိသော လုမလေးကို အချစ်ဆုံးဖြစ်ခဲ့သည်။

လုမလေး၏ အဖိုးအဖွားတို့သည် ထူးခြားသော သူများ ဖြစ်ကြသည်။ အဖိုးသည် ရောက်ရာနေရာအရပ်မှ သိခဲ့သမျှ ဗဟုသုတများကို ဇနီးသည်အား ပြောပြလေ့ရှိသည်။ သံဃာတော်များထံမှ ကြားနာမှတ်သားထားသော တရားများကိုလည်း ဇနီးသည်အား ဖောက်သည်ချမှ အိပ်ပျော်စားဝင်သူဖြစ်သည်။ ဇနီးသည် ဖွားရွှေသော့ပြောပြသော အိမ်တွင်းရေးများ၊ သာရေး နာရေး ကိစ္စများ ဆောင်ရွက်မှုကိုလည်း အလေးထား နားထောင်တတ်သည်၊ ဆွေးနွေးသည် အကြံပေးလေ့ရှိသည်။ သူတို့နှစ်ဦး၏ နားလည်နိုင်ခြင်းများ၊ မြတ်နိုးခြင်းများနှင့် အသွင်တူ အိမ်သူဖြစ်ကြပုံများမှာ ပြောမကုန်နိုင်အောင်ပင်ဖြစ်သည်။ ဘာသာရေး၊ လူမှုရေး၊ စီးပွါးရေးနှင့် အိမ်ထောင်ရေးများသည် အများက အတုယူစရာ စံပြဖြစ်ခဲ့၏။
အဖေကြီးကွယ်လွန်လေသော သုဿန်တွင် ဂူသွင်းကြသောအခါ မြေတွင် အခင်းမခင်းရန်၊ ဂူအဖုံးကို လှပ်ထားပေးရန် အဖေကြီးမှာထားခဲ့လေသည့်အတိုင်း ဖွားရွှေသော့က စီမံပေးလေသည်။ ရွာသားများနှင့် ဆွေမျိုးများက မေးသောအခါ လူသေကောင်ကြီး ဒီအတိုင်းမြုပ်လိုက်ရင် အလကားမဖြစ်အောင် ပိုးကောင်တွေ စားစေရန်ဖြစ်သည်ဟု ပြောပြလေသည်။ လုမလေးက အမေကြီးရေ အဖေကြီးသနားပါတယ်နော်လို့ ပြောသောအခါ အမေကြီးက မျက်ရည်စတို့ကို သုတ်ရင်း “ဒီခန္ဓာကြီးက လုမလေးရဲ့ အဖိုးမဟုတ်ဘူးကွဲ့၊ ရုပ်ကောင်ကြီးပါကွယ်၊ နာမ်နဲ့ ရုပ်မှာ အသိစိတ်လေးမရှိတော့တဲ့အခါ ဒီရုပ်ကြီးက အပုပ်ကောင်ကြီး ဖြစ်ကရောလေ၊ ဒါကြောင့် အသက်ရှိနေစဉ်တော့ “အဖိုးတို့ အဖွားတို့ ”သတ်မှတ်ထားတာပါ၊ နောက်တော့လည်း အမှုန်တွေချည်းပါပဲ၊ ဒီအမှုန်တွေကို လူတွေက ဘယ်သူ ဘယ်ဝါအဖြစ်သာ သတ်မှတ်ထားလို့ပါ၊ ဒါကြီးကို အဖိုးလို့ မသိရင် အပုပ်ကောင်ကြီးပဲ မဟုတ်လား လုမလေးရဲ့”လို့ အဖွားက ရှင်းပြလေသည်။ လုမလေးသည် မျက်လုံးလေး ကလယ်ကလယ်ဖြင့် “အဖိုးဆီက အပုပ်နံ့မရပါဘူး” အမေကြီးကလည်း လို့ အထွန့် တက်ပြန်သေး၏၊ အမေကြီးက မျက်ရည်စတွေနဲ့ ရယ်မောရင်း “ဟုတ်တယ် လုမလေး၊ အဖေကြီးက တရားနှလုံးသွင်းကောင်းတယ်၊ ရှစ်ပါးသီလနဲ့နေတာတောင် ကြာလှပေါ့၊ ဒီလို ကုသိုလ်တွေက အကျိုးပေးတာလည်း ပါတယ်၊ နောက် လုမလေး အဖိုးက ပုပ်စရာ အဆီတွေမှ မရှိတာ၊ ပိန်ပိန်လေးဆိုတော့ မပုပ်တာနေမှာပေါ့၊ အမေကြီးသေရင်တော့ နံမှာပဲ၊ အမေကြီးက ဝတော့ အဆီတွေက ပုပ်လိမ့်မလားပဲ” ပြောလေသော် လုမလေးသည် မျက်လုံးလေး အဝိုင်းသားနှင့် ခေါင်းမညိတ် ခေါင်းမခါပဲ အမေကြီးကို နားမလည်နိုင်စွာ ကြည့်မိလေသည်။ အမေကြီးက လုမလေး အရွယ်ရောက်လာရင် နားလည်ပေမပေါ့ကွယ် ဟု ပြောရှာ၏။ မည်သို့ပင်ဖြစ်စေ ဤသို့သော နားလည်မှုများနဲ့ တည်ဆောက်သော အဖွားနှင့် အဖိုး၏ နှစ်လိုဖွယ်ရာကောင်းသော အိမ်ထောင်ရေးကို လုမလေးသည် အလွန်ပင် နှစ်သက် အားကျခဲ့ပါသည်။
အဖေကြီး ကွယ်လွန်ပြီး တစ်နှစ်တင်းတင်း ပြည့်သောနေ့တွင် အမေကြီးသည်လည်း ဘဝတစ်ပါး ကူးပြောင်းသွားခဲ့၏။ သားသမီးများ အစုံအလင်ရှိနေသောကြောင့် နေ့ချင်း အသုဘချရန် အမေကြီးက မှာကြားထားခဲ့လေသည်။ သားသမီးများ အားလုံးက အဖေကြီး၏ ဂူဘေးတွင် အမေကြီးကို အဖေကြီးကွယ်လွန်ချိန်က မှာခဲ့သည့်အတိုင်း ဂူသွင်းပေးခဲ့ကြပါသည်။ ထိုနေ့က အမေကြီးအမြဲလိမ်းသော သနပ်ခါးအနံ့သည် အခေါင်းနံဘေးတွင် သင်းပျံ့နေခဲ့ပါသည်။ အမေကြီး ရဟန်းအမအဖြစ်ခံယူ၍ သိမ်ထပ်ထားသော အမေကြီးနှင့် ရင်းနှီးသည် သံဃာတစ်ပါး မရောက်လာသေးမီအထိ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ပြီး (ယင်းသံဃာအား အကြောင်းကြားရန်လည်း ကျန်ရစ်သူ မိသားစုများက မေ့နေကြလေသည်။) ထိုသံဃာက တိုက်တိုက်ဆိုင်ဆိုင် ခရီးလမ်းကြုံ၍ ရွာသို့ ရောက်လာချိန်မှပင် မိုးစဲသွားကာ အသုဘချနိုင်ခဲ့လေသည်။ ယနေ့ထိတိုင် အဖေကြီးနှင့် အမေကြီးတို့ဂူများကို ရွာသုဿန်တွင် ရှိနေပါသည်။

“အလှ”သည် အမေကြီးတကယ်ပဲ လူဝင်စားကာ မိမိဗိုက်တွင်းသို့ လာရောက်ခဲ့ပြီလားဟု အတန်ငယ် ထွက်နေပြီဖြစ်သော ဗိုက်ကလေးကို လက်ဖြင့် စမ်းကြည့်ရင်း ဝမ်းသာ ဝမ်းနည်းတို့ဖြင့် သူမ၏ နယ်မှ မိခင်ဖြစ်သူထံသို့ သံကြိုးရိုက်ပေးပါရန် ခင်ပွန်းသည်အား ပြောကြားလေသည်။
ဆက်ပါအုံးမည်....

Sunday, June 20, 2010

“တောင်”ဘက်ကို...။

တခါတုန်းက ရုံးပိတ်ရက်ရှည်ရကြသဖြင့် ရုံးမှ အပျိုကြီးများအဖွဲ့သည် ပုဂံညောင်ဦး ဘုရားဖူးခရီး ထွက်ခဲ့ကြ၏။ မည်သည့် ဘုရားဖူးအဖွဲ့ကိုမှ မဆက်သွယ်ကြပဲ အပျိုကြီးမမများက ခရီးစဉ်ကို ကိုယ်တိုင်ဆွဲပေးရန် crystal အား တာဝန်အပ်နှင်းလေသည်။ ထို့ကြောင့် ဟိုတယ်များဘိုကင်လုပ်ခြင်းနှင့် လက်မှတ်များဝယ်ကာ ခရီးစတင်ထွက်ခဲ့ကြလေသည်။
ညောင်ဦးမြို့ရှိ Thante Hotel တွင် တည်းခိုနေထိုင်ကြ၏။ ညောင်ဦးမြို့ထဲအနီးတဝိုက်နေရာများကို မြင်းလှည်း သုံးစီးငှား၍ လည်ပတ်ရန် စီစဉ်ထားပြီး ပုဂံနှင့် ပုပ္ပါးကိုတော့ ကားတစ်စီး စီစဉ်၍ လည်မည်ဟု စီစဉ်လိုက်လေသည်။ ဟိုတယ်မှ ကားက သေးနေသဖြင့် တစ်အုပ်စုလုံး စီးရန် အဆင်မပြေဖြစ်ခဲ့ရလေသည်။ ထို့ကြောင့် ရန်ကုန်မှ အပျိုကြီးမမတို့သည် ဟိုတယ်အပြင်ဘက်သို့ ကားငှားရန် အလို့ငှာ ဟိုကြည့် ဒီကြည့်ဖြင့် ထွက်ခဲ့ကြလေသည်။

အပြင်ဘက်တွင် ဆောင်းရာသီဖြစ်သည့်အလျှောက် နေကလည်း မပူသေး၊ မြူကလည်း ဆိုင်းနေ၏၊ ထို့ကြောင့် အနီးအနားက ဆိုင်လေးများက ဒေသခံများကို အငှားကား ငှားရန် မေးမိလေသောအခါ....
“ဟောဟိုမယ် “တောင်”ဘက်ကို တည့်တည့်ဆင်းသွား
အဲဒီမှာ ဘုရားဖူးခရီးသည်တွေကို စောင့်တဲ့ ကားတွေ ရှိတယ်”

ဤသို့ ပြောနေသော အညာသား ကိုဟဝှာသည် မျက်လုံးလေး မှိတ်၍ ပြောခြင်း ဖြစ်လေသည်။ အပျိုကြီးမမများ စုံစမ်းနေသော နေရာသည် လမ်းဆုံတစ်ခုတွင် ဖြစ်ပြန်၏။ ထို့ကြောင့် အပျိုကြီးမမတို့ တစ်အုပ်စုလုံးသည် နေကို ရှာသူက ရှာကြ၏။ ကောင်းကင် မော့ကြည့်ပြီး တောင်ဘက်..... တောင်ဘက်......ဘယ်အရပ်က တောင်ဘက်ပါလိမ့်ဟု crystal က တွေး၏၊ ဘေးက ရွယ်တူသူငယ်ချင်းက လမ်းမပေါ်တွင် လက်နှစ်ဖက်ဆန့်ရင်း “နေထွက်ရာဘက်ကို မျက်နှာမူပါ၊ လက်နှစ်ဖက်ကို ဆန့်တန်းပါ၊ နေထွက်ရာ အရပ်သည် အရှေ့၊ ညာဘက်တွင် တောင်” ဟု အော်ဆို၏၊ သို့သော်လည်း နေက မထွက်၊ မြူကလည်း ဆိုင်း နံနက် (၆)နာရီအချိန်တွင် မြူကလည်း မကွဲသေး။ ကဲ ဘယ်နှယ့် လုပ်ရပါ့.....။ အဲ အော်မေ့ဂိုဏ်းခေါင်းဆောင်ကြီးကို (အခုတော့ Washington DC မှာ တာဝန်ထမ်းဆောင်နေပါပြီ) အားကိုးတကြီး ကြည့်မိသော် သူမက ဟက်ဟက်ပက်ပက် ရယ်မောနေရင်း “ငါ့မှာ ပြောပြဖို့ကိုတောင် မပြောနိုင်ဘူး ရီချင်နေလို့”ဆိုကာ အညာဒေသမှ တောင် မြောက် ခေါ်ဝေါ်သုံးစွဲမှုများကို ရှင်းပြလေသည်။ အော် သိသွားတော့လည်း မခက်သားပဲကိုး။ သူတို့ ပြောနေကြတာက “တောင်ဘက်ဆိုရင် ဆင်းသွား၊ မြောက်ဘက်ဆိုရင် တက်သွားတယ်”လို့ သုံးကြတယ်တဲ့။
ကဲ ဒေသန္တသရ ဗဟုသုတလေး တစ်ခုလေးလည်းဖြစ်အောင်၊ ကျမရဲ့ အစ်မ အပျိုကြီးများအုပ်စုမှ ခွဲထွက် လာသော နောက်ပိုင်းမှာ အမှတ်တရအနေနဲ့ ပိုစ့်လေးရေးချင်နေတာလည်း ပါတယ်၊ မွေးနေ့နီးပြီမို့ နှစ်တိုင်း မွေးနေ့အတွက် သတိတရနဲ့ ဆုတွေတောင်း လက်ဆောင်တွေ ပို့ပေးနေကြ၊ ကျမရဲ့ မင်္ဂလာဧည့်ခံပွဲမှာ ပျော်ရွှင်စွာ ဝိုင်းဝန်းကူညီပေးကြသော ကျမရဲ့ ရုံးမှ အစ်မတော်များကို လွမ်းရင်း ဒီပိုစ့်လေးကို ရေးလိုက်ပါတယ်ရှင်။

ဒီနေရာလေးမှာ ညဘက် မိုးကောင်းကင်ကြီးကို မော့ကြည့်ပြီး
မောင်ရင်ဆိုင်းတန်းကြယ် အကြောင်း ပြောခဲ့ကြတယ်။

ဒီအခန်းမျိုးလေး သုံးခန်းကို ယူပြီး တည်းကြပေမယ့် ရောက်တဲ့ညက စကားတွေ စုပြီး အခန်းထဲမယ် ပြောနေလိုက်ကြတာ၊ ပြီးတော့ တီဗွီဖွင့်ပြီး ဘောလုံးပွဲလည်း ကြည့်နေကြသေးတယ်။ ဒါကြောင့် တစ်ဖက်ခန်းက နိုင်ငံခြားသူဧည့်သည် ကလေးအမေက ဟိုတယ်မန်နေဂျာကို သွားတိုင်တယ်လေ၊ သူ့ကလေး အိပ်မရလို့ ဒီအခန်းထဲက တအားဆူတယ်ပေါ့။ မန်နေဂျာက လာပြောတော့ ဂိုဏ်းချုပ်ကြီးက ရှက်ရှက်နဲ့ နိုင်ငံခြားသူကို တောင်းပန်ပြီး ကျမတို့ကို ကိုယ့်နေရာကိုယ် ပြန်ကြဖို့ အမိန့်ပေးပါတော့တယ်။ တချိန်က အဖြစ်လေးတွေက သတိရစရာတွေ အမှတ်ရစရာတွေအဖြစ် ရင်ထဲမှာ ကျန်နေဆဲပါပဲ။



(အစ်မတော်များထံမှ တုံ့ပြန်သံ)
ခရီးထွက်ခဲ့ကြတဲ့ အပျိုကြီးမမတွေ အဖွဲ့ ဟာ အခုတော့ စွံတဲ့လူတွေကလဲစွံ တစ်နယ်တစ်ကျေးရောက်တဲ့လူကရောက်နဲ့ ပေါ့

တစ်ခါတစ်ခါ အရမ်းသတိရမိပါတယ် ညီမလေးတွေ ဘယ်ရောက်နေလဲပေါ့ ...စိတ်လဲပူမိပါတယ်...ဘယ်လိုပုံစံနဲ့ ဘယ်လိုခရီးဆက်နေကြလဲပေါ့.....
ဒါပေမဲ့လဲ ဒို့ကဘယ်သိနိုင်မှာလဲလေ..တွေ့ဆိုကြုံကွဲ လောကဓမ္မတာပဲမို့...သတိတရနဲ့ စာလွှာပါးလာတာပဲ ကျေးဇူးတင်လှပါပြီ...
ရုံး မှာတော့ နောက်ထပ်မင်္ဂလာပွဲတွေ ဆက်လက်ပြီး နွဲနေလေရဲ့..
ဒါပဲနော်
စာအရေးအသားတော့ကောင်းသားပဲ..ဟဲဟဲ.. အညာဒေသကို ပြန်ပြောင်းအောက်မေ့မိလာတယ်....

နောက်လဲ ရေးအုံးနော်...
ချစ်ရသော “မမဥ

HOOOOOOO Hi my sis long time no see.
သတိရနေတဲ့ “မသီ”

အငယ်ဆုံး ညီမလေးကို လွမ်းနေ သတိရနေကြပါတယ်....
ဥုံဥုံနှင့် အစ်မတော် အပျိုကြီးများနဲ့ ပြိုကျသွားသူများ။

Saturday, June 19, 2010

ကုသိုလ်တူတူ ယူကြစို့။


ကျေးဇူးတော်ရှင် န၀မမြောက်
ဗန်းမော် ဆရာတော် ဘုရားကြီး ဦးဆောင်၍

ကမ္ဘာ့ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကြီး
ကျေးဇူးတော်ရှင် အဂ္ဂမဟာ ပဏ္ဍိတ ဗန်းမော် ဆရာတော် ဘုရားကြီး၏ လမ်းညွှန်ချက်နှင့် အညီ ကမ္ဘာသူ ကမ္ဘာသားများ အန္တရာယ် ကင်းရှင်း စေရန်၊ သမ္မာဒေ၀ နတ်မြတ် နတ်ကောင်း တို့၏ စောင့်ရှောက် ကူညီမှု ရရှိစေရန် နှင့် ကမ္ဘာကြီး ငြိမ်းချမ်းစေရန် ရည်ရွယ်၍ ကမ္ဘာ့ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲကြီးကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် (၂၀-၆-၂၀၁၀) တနင်္ဂနွေနေ့ ဂျပန်စံတော်ချိန် ညနေ ၆-နာရီ အချိန်၌ ကျေးဇူးတော်ရှင် ဗန်းမော် ဆရာတော် ဘုရားကြီး အမှူးပြုသော သံဃာတော် အရှင်သူမြတ်များက ဦးဆောင်ပြီး ကမ္ဘာ အရပ်ရပ်ရှိ ဓမ္မမိတ်ဆွေ သူတော်စင် ပရိတ်သတ် အပေါင်းတို့မှ တပြိုင်နက် မြတ်ပဋ္ဌာန်းကို ရွတ်ပွား ပူဇော်ကြမည် ဖြစ်ပါသည်။

သို့ပါသောကြောင့် ကမ္ဘာ တစ်ဝန်းရှိ ဓမ္မမိတ်ဆွေ အပေါင်းတို့ ပါဝင် ရွတ်ပွား သရဇ္ဈာယ် ကုသိုလ် ယူနိုင်ကြပါရန် အသိပေး နှိုးဆော် အပ်ပါသည်။
  • နေ့ရက် - (၂၀၊ ၆၊ ၂၀၁၀) တနင်္ဂနွေနေ့
  • အချိန် - ဂျပန် စံတော်ချိန် ညနေ (၆) နာရီ
  • နေရာ - MCWA (မြန်မာ့ ထေရ၀ါဒ ဗုဒ္ဓသာသာ ဘုန်းတော်ကြီးကျောင်း)၊ နာဂအီတဘရှိ၊ တိုကျို။
သတိပြုရန်မှာ
  • ဓမ္မမိတ်ဆွေ သူတော်စင်များအနေဖြင့် ပဋ္ဌာန်း အကျယ် (ပစ္စယုဒ္ဒေသ) စာအုပ်ဖြင့် ကျေးဇူးရှင် ဆရာတော်ကြီးများနှင့် အတူတကွ မြတ်စွာဘုရားအား ရွတ်ပွားပူဇော်ကြပါရန် နှိုးဆော်အပ်ပါသည်။
  • Internet ပေါ်မှတဆင့် တရားနာယူနေကြမည့် ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့ကလည်း မိမိတို့၏ နေရာ ဒေသ အသီးသီးမှ ပဋ္ဌာန်း တရားတော်ကို အတူတကွ ရွတ်ပွားပူဇော် ကြပါရန် နှိုးဆော် တိုက်တွန်းလိုက်ရပါသည်။
Website: www.livedhamma.com
ထိုင်း စံတော်ချိန် ညနေ (၄) နာရီ
ဂျပန် စံတော်ချိန် ညနေ (၆) နာရီ
စင်္ကာပူ စံတော်ချိန် ညနေ (၅) နာရီ
မြန်မာ စံတော်ချိန် ညနေ (၃း၃၀)နာရီ
ရုရှား စံတော်ချိန် နေ့လည် (၁) နာရီ
နယူးယောက် စံတော်ချိန် နံနက် (၅) နာရီ
ကျေးဇူးရှင် ဗန်းမော်ဆရာတော်ဘုရားကြီးထံ သိလိုသည်များကို ဂျပန်နိုင်ငံရှိ ဘုန်းဘုန်း ဦးသြဘာသ၏ အကူအညီဖြင့် crystal မှ ဖုန်းဖြင့် တိုက်ရိုက် မေးမြန်းလျှောက်ထားခွင့်ရခဲ့ပါသည်။ ထို့အပြင် ဗန်းမော်ဆရာတော်ကြီးမှ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်မည့်နေ့တွင် crystal ကို ပါဝင်ရွတ်ဖတ်ပူဇော်ပါရန် မိန့်ကြားခဲ့ပါသည်။ ထို့ကြောင့် “ဘဝရဲ့စာမျက်နှာများ” ဘလော့သို့ လာရောက်လည်ပတ်ကြသော ဗုဒ္ဓဘာသာဝင် မိတ်ဆွေများ၊ ထိုင်းနိုင်ငံရှိ ဓမ္မမိတ်ဆွေများနှင့် လက်လှမ်းမီသမျှ မိတ်ဆွေအပေါင်းတို့အား ပါဝင် ရွတ်ဖတ် ပူဇော်ကြ၍ ကောင်းမှုကုသိုလ် အတူတူ ယူကြပါရန် လေးနက်စွာဖြင့် နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်ပါရစေရှင်။

လိုတရ ပဋ္ဌာန်း အကျိုးများ

ဘုန်းဘုန်း ပန်းကမ္ဘာဆိုဒ်မှ ကူးယူဖော်ပြပါသည်။
ဗန်းမော်ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသသည် ပိဋကတ်ကျမ်းဂန်တွင် နှံ့စပ်ကျွမ်းကျင်၏။ အဂ္ဂမဟာပဏ္ဍိတနှင့် အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်များကို ရရှိထားသော ဆရာတော်ဖြစ်သည်။ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယက, ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကြီးတွင် ပရိယတ္တိမဟာဌာနမှူးကြီးလည်း ဖြစ်သည်။

ဆရာတော်ကို ကြည်ညိုလေးစားသော တပည့်ဒါယကာ အများအပြား ရှိကြသည်။ ဆရာတော်၏ ကျယ်ပြန့်သော ရှေးဟောင်းကျောင်းတော်ကြီးသို့ မပြတ်လာရောက်ကြပြီး တခါတရံ သားမြေး ကလေးငယ်များပင် ခေါ်လာတတ်ကြ၏။ ဆရာတော်ကို ရင်းနှီးမှုရှိသဖြင့် ပါလာသောကလေးများမှာ ကျောင်းပေါ်တွင် ပြေးလွှားဆော့ကစားချင်ကြ၏။ ကျောင်း၏သက်တမ်းအရ နှစ်တရာကျော်ပြီဖြစ်သည်။ ဟောင်းနွမ်းအိုမင်းလျက်ရှိရာ ပြိုကျမည်စိုး၍ မပြေးမလွှားရန် ကလေးများကို တားမြစ်ရသည်။

တနေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့မှ ပြည်နယ်သံဃနာယက အတွင်းရေးမှူး ဦးကလျာဏသည် ဆရာတော်ကျောင်းသို့ ရောက်ရှိလာသည်။ အလွန်ဟောင်းနွမ်း၍ ယိုင်လဲလုနီး ဖြစ်နေသော ကျောင်းကြီးကို မြင်တွေ့သဖြင့် ဦးကလျာဏက ဆရာတော့်အား လျှောက်ထားသည်။
အရှင်ဘုရား၊ ပရိယတ္တိမှာ နှံ့သိကျွမ်းကျင်ထင်ရှားတဲ့ ဆရာတော်တပါး ဖြစ်နေပြီး ကျောင်းကတော့ အိုနေပြီ။ ကျောင်းပျိုဖြစ်အောင် လုပ်ပါဘုရား။
ကျောင်းပျိုဖြစ်ဖို့ဆိုတာ လှူတဲ့လူရှိမှ ဖြစ်တော့မှာပေါ့။ မလွယ်လှပါဘူး။
လွယ်ပါတယ်ဘုရား၊ ကျောင်းဟောင်း ကျောင်းအိုကနေ ကျောင်းကောင်း ကျောင်းပျိုဖြစ်အောင်လုပ်တဲ့နည်း ရှိပါတယ်။ ဒီနည်းကို တပည့်တော် သိပါတယ်ဘုရား။
ဆိုပါဦး နည်းလမ်းကလေး။

ပဋ္ဌာန်းရွတ်ရမှာပေါ့ဘုရား။
ပဋ္ဌာန်းရွတ်ပြီဆိုရင်တော့ အဟောင်းကနေ အကောင်းအသစ်တွေ ရလာတော့မှာပါ။
ဒါ လက်တွေ့ ဟုတ်နိုင်ပါ့မလား။
ဟုတ်တာပေါ့ဘုရား၊ ကျောင်းလိုရင် ကျောင်းရ။ တခြားလိုတာရှိရင်လဲ အကုန်ရပါတယ်။ တပည့်တော်မိတ်ဆွေ တောင်ဥက္ကလာပမြို့နယ် ငွေကြာရံကျောင်းတိုက်ဆရာတော် ဦးရေ၀တဟာ ပဋ္ဌာန်းကို တနေ့ ၂၄-ခေါက်နှုန်းနဲ့ ၂၄-ရက် ရွတ်ပြီးနောက် ကျောင်းတဆောင် ရတော့တာပဲ။ ဆက်ရွတ်တော့ နောက်ထပ်တကျောင်း ဆက်ရတယ်။ အခု အားလုံး ပြည့်စုံနေပြီ။

ထိုနေ့မှစ၍ ဗန်းမော်ဆရာတော်သည် ပဋ္ဌာန်းကို နေ့စဉ် ရွတ်ဆိုခဲ့သည်။ သို့သော် ငါးနှစ်ပြည့်သည်အထိ ကျောင်းကိုပြုပြင်တည်ဆောက်ပေးမည့်သူ မပေါ်ပေါက်ပေ။
တနေ့တွင် မဟာဗောဓိ ကမ္မဋ္ဌားန်းတိုက်မှ အတွင်းရေးမှူး သိလရှင်ဆရာကြီး ဒေါ်စိတ္တရာသည် ဆရာတော်၏ ကျောင်းသို့ ရောက်ရှိလာသည်။ သီလရှင်ဆရာကြီး ဒေါ်စိတ္တရာသည် ပဋ္ဌာန်းဒေသနာတော်ကို တစိုက်မတ်မတ် ရွတ်ဆိုပူဇော်ခဲ့သူဖြစ်သည်။ မဟာဗောဓိ စေတီတော်ကြီးကို စိန်ဖူးတော် ကိုးလုံးတင်ကာ ကိုယ်တိုင်ကြီးကြပ်တည်ထားခဲ့သူ ဖြစ်သည်။ ပဋ္ဌာန်းရွတ်ဆိုခြင်းနှင့်စပ်လျဉ်း၍ ဆရာတော့်အား ဤသို့ လျှောက်ထားသည်-

အရှင်ဘုရား၊ ပဋ္ဌာန်းကိုရွတ်မယ်ဆိုရင် စံချိန်ကိုက်အောင် ရွတ်ရပါတယ်ဘုရား။ ရွတ်ခါနီးမှာ ခန္ဓာကိုယ်ကို သန့်ရှင်းစင်ကြယ်စေပြီး ဘုရားခန်းမှာ ပန်း, ဆီမီး, ရေချမ်း စသည် ပူဇော်ရပါတယ်။ ပြီးတော့ ပဋ္ဌာန်းဒေသနာ နာယူလိုတဲ့ သမ္မာဒေ၀နတ်မြတ်နတ်ကောင်းတွေကို ပင့်ဖိတ်ရပါတယ်။ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်တဲ့အခါမှာလည်း ပီပီသသ သာယာနာပျော်ဖွယ်အသံထွက် ရွတ်ဆိုရပါတယ်။ ရွတ်ဆိုပြီးတဲ့အခါမှာလည်း တရားနာ လာရောက်ကြတဲ့ ပုဂ္ဂိုလ်တွေနဲ့ ၃၁-ဘုံကို အမျှအတန်း ပေးဝေရပါတယ်။ နောက်ဆုံး လိုရာဆုကို တောင်းရပါတယ်ဘုရား။ ရွတ်ဆိုနေစဉ် နတ်ဗြဟ္မာများ တရားနာလာလို့ရှိရင် တကျောင်းလုံး မွှေးကြိုင်သွားတယ်ဘုရား။

ထိုအချိန်မှစ၍ ဆရာတော်သည် ပဋ္ဌာန်းတရားတော်ကို နည်းစနစ်ကျနစွာ နေ့စဉ် စံချိန်ကိုက်အောင် ရွတ်ဆိုပူဇော်ခြင်း ပြုတော့သည်။
အဲဒီလို စံချိန်ကိုက် ရွတ်ပြီးတော့ ဘယ်လိုထူးခြားချက် ဖြစ်ပေါ်လာပါသလဲဘုရား?
ပဋ္ဌာန်းတရားတော်နှင့် ပတ်သက်၍ တန်ခိုးထက်မြက်ပုံကို ကိုယ်တွေ့သိရှိ မိန့်ကြားတော်မူသော ဆရာတော်အား စာရေးသူက မေးမြန်းလျှောက်ထားသည်။

စံချိန်ကိုက်ရွတ်ပြီးတဲ့နောက်မှာ ပဋ္ဌာန်းရွတ်ပြီဆိုရင် အလွန်မွှေးတဲ့ ရနံ့တွေ ရလာတော့တာပဲ။ မွှေးတဲ့ရနံ့ဟာ နတ်ဗြဟ္မာတွေ ပဋ္ဌာန်းတရားတော်ကို လာရောက်နာယူကြတယ်ဆိုတာ သိရတယ်။ ဂန္ဓမာဒနတောင်က လာရောက်တရားနာတဲ့ နတ်တွေတောင်ရှိတယ်။ တချိန်ကဆိုရင် ပဋ္ဌာန်းကို ကြည်ကြည်နူးနူးနဲ့ အသံထွက်ရွတ်ဆိုလိုက်တာ တကျောင်းလုံး မွှေးပြီး ဦးခေါင်းပေါ်ကို အမွှေးနံသာအစက်ကလေးတွေတောင် ကျလာတယ်။ အဲဒီအချိန်မှာကျောင်းပေါ်ကို တက်လာတဲ့ ဒကာတယောက်က အရှင်ဘုရား-ရေမွှေး ဆွတ်သလား-လို့တောင် မေးမြန်းလျှောက်ထားခြင်း ပြုခဲ့တယ်။

ပဋ္ဌာန်းကို စံချိန်ကိုက်ရွတ်ပြီဆိုတော့ အရှင်ဘုရားကျောင်းကြီး အသစ်ဆောက်ဖို့ကိစ္စ ဘယ်လိုအခြေအနေ ရှိပါသလဲဘုရား။
ကျောင်းကိုမပြောနဲ့၊ ဘုန်းကြီးမှာ အခု ဘာမှ လိုလေသေးမရှိအောင် ပြည့်စုံနေပြီလို့ ပြောရတော့မှာပဲ။ ဒါတင်ဘယ်ကမလဲ တခြားထူးခြားတဲ့အချက်တွေ ရှိသေးတယ်။
အမိန့်ရှိတော်မူပါဦးဘုရား။
ဘုန်းကြီးက ငယ်ငယ်ကတည်းက နတ်သားနတ်သမီးကို သိပ်မြင်ဖူးချင်တယ်။ မြင်ချင်တဲ့ဆန္ဒ ပြင်းပြနေတုန်း၊ တနေ့ ဘုရားခန်းမှာ ပဋ္ဌာန်းရွတ်တဲ့အခါ နတ်သားတယောက်, နတ်သမီးတယောက် ကိုယ်ထင်ပြပြီး ပဋ္ဌာန်းတရား လာနာတယ်။ ကိုယ်ရောင်ကိုယ်ဝါတွေကလည်း တောက်ပပြီး တကျောင်းလုံးကို မွှေးကြိုင်နေတာပဲ။ ဘုန်းကြီးပဋ္ဌာန်းရွတ်ပြီးချိန် အမျှအတန်းဝေ၊ မေတ္တာပို့ပြီးတာနဲ့ သူတို့လဲ ပျောက်သွားတယ်။ အဲဒါ ထူးခြားအံ့သြဖို့ ကောင်းတဲ့ ပဋ္ဌာန်းတရားရဲ့ တန်ခိုးပဲဆိုတာ သိရတယ်။

တခြား ထူးခြားတာရှိရင် မိန့်တော်မူပါဦးဘုရား။
တနေ့ ဘုန်းကြီး ရန်ကုန်ကနေ-မန္တလေး ကို ရထားနဲ့ကြွသွားတော့ ရမည်းသင်းအလွန်မှာ ရထားစက်ရပ်ပြီး ဘယ်လိုမှ ဆက်မောင်းလို့ မရတော့ဘဲ ရပ်နားနေရတယ်။ အဲဒီအချိန်မှာ ဘုန်းကြီးလဲ ရတဲ့အချိန်ကလေး ပဋ္ဌာန်းရွတ်ဦးမှလို့ တွေးမိတာနဲ့ ရထားပေါ်က ဆင်းပြီး ရထားလမ်းဘေး လမ်းလျှောက်ရင်း ပဋ္ဌာန်းကို အသံထွက်ရွတ်တယ်။ အဲဒီအချိန်မှာ အဲဒီနေရာက တောအုပ်ကလေးကလဲ ရှိတော့

ဒေသအစောင့်အရှောက်နတ်တွေ ပုဂ္ဂိုလ်သတ္တ၀ါတွေ အနီးပတ်ဝန်းကျင်မှာ ပဋ္ဌာန်းတရား လာနာတယ်ဆိုတာ ဘုန်းကြီး အလိုလိုသိနေတယ်။ သူတို့အားလုံး အမျှအတန်းရလိုတယ်ဆိုတာ စိတ်ကသိနေတော့ ပဋ္ဌာန်းရွတ်အပြီး တရားလာနာကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို အမျှအတန်းလဲ ပေးဝေလိုက်တယ်။ အဲဒီအခါ ဘုန်းကြီးစိတ်ထဲမှာ ပေါ့ပါးသွားပြီး ရထားလဲ ချက်ချင်းစက်နှိုးလို့ ရသွားတာတွေ့ရတယ်။ မန္တလေးခရီးကို ဆက်ထွက်ရင်း ဘုန်းကြီးစဉ်းစားမိတယ်။ ဒါ-သူတို့ ပဋ္ဌာန်းတရားနာပြီး အမျှလိုချင်လို့ ရထားစက်နှိုးမရတာ ဖြစ်မှာပဲ-လို့။

ဆရာတော်မိန့်ကြားသည့် ပဋ္ဌာန်းတရားတော်၏ ထူးမြတ်ပုံကို နာကြားရင်း ရတနာဃရ စတုတ္ထသတ္တာဟ၌ စံနေတော်မူသည့် မြတ်စွာဘုရားသည် အဘိဓမ္မာဒေသနာတော်ကို ဆင်ခြင်လျက်ရှိရာ နောက်ဆုံး ပဋ္ဌာန်းဒေသနာတော်ကြီးကို သုံးသပ်ဆင်ခြင်သည့်အခါတွင် သဗ္ဗညုတ ရွှေဉာဏ်တော်ကြီး ကွန့်မြူးကာ ရောင်ခြည်တော်ခြောက်သွယ်တို့လည်း အဆန်းတကြယ် ထွက်ပေါ်ခဲ့ပုံ၊ ပဋ္ဌာန်းဒေသနာတော်၏ ထူးမြတ်ပုံတို့ကို သတိရ ကြည်ညိုမိပါသည်။

ဆက်လက်၍ ပဋ္ဌာန်းဒေသနာတော်၏ ဥဒ္ဒေသ နိဒ္ဒေသတို့ကို ရွတ်ဆိုသဖြင့် ရရှိနိုင်သည့် အကျိုးများကိုလည်း မိမိဖတ်ရှုဖူးသည်တို့ကို ပြန်လည်သတိရမိပါသည်။

၁။ ရင်ဆိုင်တွေ့ကြုံနေရသည့် ဘေးအန္တရာယ် အသွယ်သွယ်တို့ကို လွန်မြောက်နိုင်ခြင်း။
၂။ ကျရောက်လတံ့သော ဘေးအန္တရာယ်တို့မှ ကင်းလွတ်နိုင်ခြင်း။
၃။ အပြစ်ကင်း၍ ကောင်းကျိုးပွားသည့် ဆောင်ရွက်ချက်ကိစ္စ အ၀၀တို့ကို ပြီးစီးအောင်မြင်နိုင်ခြင်း။
၎။ အပြစ်ရှိ၍ မကောင်းကျိုး ဖြစ်စေမည့် ကျူးလွန်ခြင်းတို့မှ ရှောင်လွှဲနိုင်ခြင်း။
၅။ ဆောင်ရွက်သမျှ ကောင်းမြတ်သည့် ကိစ္စခပ်သိမ်းတို့ပြီးငြိမ်းအောင်မြင်နိုင်ခြင်း။
၆။ အဆုံးစွန်သောဘ၀၌ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။

ဖော်ပြပါ အကျိုးတရားများနှင့် ဆရာတော်မိန့်ကြားသည့် အကျိုးတရားများ ရရှိစေနိုင်ရန် အတွက် သဒ္ဓါတရား ထက်သန်သူတို့သည် ပဋ္ဌာန်းတရားကို ရွတ်ဆိုသည့်အခါ-

ခန္ဓာကိုယ် သန့်ရှင်းစင်ကြယ်အောင် ပြုခြင်း။
သမ္မာဒေ၀ နတ်တို့ကို ပင့်ဖိတ်ခြင်း။
အချိန်မှန်မှန် စံချိန်ကိုက် ရွတ်ဖတ်ခြင်း။
သာယာနာပျော်ဖွယ် အသံထွက် ရွတ်ခြင်း။
နေ့စဉ်ရက်ဆက် ရွတ်ဆိုခြင်း။
ရွတ်ဆိုပြီးနောက် အမျှဝေ ဆုတောင်းခြင်းတို့ ပြုသင့်ပါသည်။

ပဋ္ဌာန်းဒေသနာတော်ကို ဖော်ပြပါနည်းများအတိုင်း စံချိန်ကိုက် ရွတ်ဆိုပူဇော်ခြင်း ပြုမည်ဆိုပါက မိမိတို့ လိုအပ်သောလောကီ လောကုတ္တရာ ကောင်းကျိုးချမ်းသာတို့ကို မုချခံစားရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ဖော်ပြလိုက်ရပါသည်။

( မြကေခိုင် )ကန္နီဖောင်ဒေးရှင်းမှ ပြန်လည်ဖော်ပြပါသည်။

Monday, June 14, 2010

လေအသော့မှာ တိမ်တွေ “က” လို့...။


“ကမ်း၏ စေရာ နာခံတာက မြစ်” ဆိုရင်

ပြာလွင်တဲ့ ကောင်းကင်ကြီးထဲ လေအသော့မှာ လိုက်ပါ “က” ပြရတာက တိမ်တွေပါ။

ဒီလိုပဲ ဘဝမှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် လက်ထပ်လို့ အိမ်ထောင်သည်ဖြစ်ကြတော့....။

အိမ်ထောင်ဦးစီး ယောက်ျားသားတို့ ဦးဆောင်ရာ ကောင်းခြင်း ဆိုခြင်းတွေနောက် လိုက်ပါ ကပြကြရတာက အိမ်ထောင်ရှင်မ မိန်းမသားတွေပဲ မဟုတ်လား။

ဒါလေးကို ရှေးလူကြီးတွေက “ရေမြင့်တော့ ကြာတင့်တယ်”တယ်လို့ ဆိုကြရဲ့။

ကဲ တခါတလေ လေပြေလေးမှာ တိမ်တွေက
ငြိမ့်ငြိမ့်လေး လိုက်ပါလို့ လှလိုက်တယ်နော်၊


တခါတလေတော့လည်း လေတွေ
သယ်ဆောင်ရာကို ခပ်မြန်မြန်နဲ့ လိုက်ပါရပြန်တယ်၊


တခါတလေတော့လည်း လေတွေ ငြိမ်နေလို့
တိမ်လေးတွေက ရပ်လို့
အသက်မဲ့သလိုပဲ၊


တခါတလေတော့လည်း လေနီကြမ်းတွေ ဝှေ့တော့
တိမ်လေးတွေ လွင့်စင် ပျောက်ကွယ်သွားကြပြန်ရော၊


ဒီလိုနဲ့.....


အို.....ဟိုးကောင်းကင်ကြီး မော့ကြည့်လိုက်ပါအုံး...
လေအသော့မှာ တိမ်တွေ “က” လို့။


Thursday, June 10, 2010

ကွာခြားခြင်း



ချစ်သူမဖြစ်ခင်ကာလဝယ်

မိန်းကလေးက စိတ်ကောက်သော အသံလေးကို ကြားရရုံရှိသေး ကောင်လေးက ဒီလို...
“အခု မေမြို့ရောက်နေတာနော် ချက်ချင်း ပြေးလာလို့မရဘူး စိတ်မကောက်လိုက်နဲ့နော်” တဲ့။


ချစ်သူဘဝတွင်....

ခဏလေးနော် ဒီမှာ ဧည့်သည်တွေနဲ့နော်၊ နောက်မှ ဖုန်းပြန်ဆက်မယ်နော်...နော်...နော်။
ချစ်သူကောင်လေးက ကောင်မလေးကို ဤသို့ ချွေးသိပ်ပုံ...။


လင်နဲ့မယားဘဝ အစ...

မိန်းမ - မောင်ရေ ဘယ်ချိန်ရှိပြီလဲ ပြန်လာတော့လေ။
ယောက်ျား - ဒီမှာ သူငယ်ချင်းတွေနဲ့ စကားက မပြတ်သေးဘူး၊ အိပ်ချင်အိပ်နှင့်တော့ကွာ စောင့်မနေနဲ့။

အိမ်ထောက်သက် (၃)နှစ်ခန့်ကြာသော်အခါ...။
ယောက်ျား - စိတ်ကောက်တယ်ဆိုတာ ကလေးဆန်တာပဲ။ ကလေးဆန်တာတွေ မလုပ်စမ်းပါနဲ့။ အလကား အချိန်တွေဖြုန်းနေတာ။

မိန်းမ - မိမိလက်ထပ်ခဲ့တာ မိမိကို ချစ်သူမဖြစ်ခင်က မျက်နှာလေး ညိုးမှာကိုတောင် စိုးရိမ်တတ်ခဲ့သူမှ ဟုတ်ပါလေစလို့ ကိုယ့်ယောက်ျားကို သေသေချာချာ ကြည့်မိနေပါတော့သည်။
လောကမှာ ယောက်ျားများရဲ့ သဘာဝက ပိုရင်းနှီးလာလေ ဤသို့ဖြစ်လေ၊ မိန်းမများကတော့ ပိုရင်းနှီးလာလေ အကြင်နာဆိုတာတွေကို ပိုလိုချင်လာလေ။ ဖြစ်တတ်တဲ့ သဘာဝတွေရဲ့ ကွဲပြားကွာခြားခြင်းတွေပဲ ဖြစ်ပါတယ်။ မိန်းမအပေါင်းတို့သည် ကြင်နာတတ်သော စာနာတတ်သော မိန်းမသားများကို ငဲ့ညှာတတ်တဲ့ စိတ်သဘာထားပြည့်ဝသော ယောက်ျားကောင်းများနှင့်သာ ဖူးစာဖက်နိုင်ကြပါစေသတည်း။ :)

(အစ်မ မသန္တာ တောင်းဆိုသောကြောင့် ဒီပိုစ့်လေးကို ရေးပါသည်။)
crystal