သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Monday, February 20, 2012

“အချစ်ဇာတ်ဆရာ”

“ဘဝတွင် ဆန်းကြယ်သော အချစ်တချို့ရှိသည်။ သံသရာခရီးတွင် တစ်ယောက်တစ်နေရာဆီ တစ်ဘဝဆီဖြစ်နေကြသော်လည်း ဖွဲ့နှောင်သော အချစ်များသည် အလျှင်ရှိကြလေသည် - ခရစ္စတလ်”

အထက်တန်းကျောင်းတစ်ခု၏ ကျောင်းသားပွဲတော်ပျော်ပွဲရွှင်ပွဲနေ့တွင် ခြောက်တန်းကျောင်းသူလေးတစ်ယောက်  အရာရာကို ငေးလျှက်ရှိပါသည်။

“ဟိတ် ကောင်မလေး ငေးနေတာများ မျက်လုံးကို စိုက်နေတာပဲ ချစ်စရာလေးတော့ ”

“ရွှတ်”

“အို့ ”

အရာအားလုံးသည် ခဏလေးဖြစ်သည်။ သို့ပေမယ့် ခဏလေးမဟုတ်သော အရာတစ်ခုရှိသည်၊ ထိုအရာသည် ရင်ခုန်သံဖြစ်သည်။ ထူးဆန်းတယ်ပဲ ပြောပြော၊ ရူးနှမ်းတယ်ပဲ ဆိုဆို။ ခြောက်တန်းကျောင်းသူကောင်မလေးသည် ပါးပြင်လေးကို နမ်းသွားတဲ့ မမတစ်ယောက်ကို လှမ်းကြည့်လိုက်စဉ် ရင်ခုန်ခဲ့ပါသည်။ မမသည် သွားတက်လေးပေါ်အောင် လှစ်ကနဲ ပြုံးရင်း သူမအနားက ပျောက်ကွယ်သွားသည်။ သူမသည် ကလေးအရွယ်သာရှိသေးသည်။ အချစ်ဆိုတာ ဘာမှန်းမသိ။ ဒါပေမယ့် မမ၏ အပြုံးကြောင့် စိတ်တွေ ဝုန်းဒိုင်းကြဲလှုပ်ရှားသွားခဲ့ရသည်။ သူမဘဝတွင် ဒီလိုခံစားမှုမျိုး တစ်ခုမှ မဖြစ်ခဲ့၊ သိလည်း မသိ။ နှလုံးအားနည်းသော သူမသည် စိတ်လှုပ်ရှားမှုဒဏ်ကြောင့် ကျောင်းသူကျောင်းသားများ ထိုင်ရန် ချထားသော ထိုင်ခုံများရှိရာ ထိုင်ချလိုက်သည်။ ရင်ခုန်ရတာ မောလိုက်တာ။

မမသည် ဆယ်တန်းကျောင်းသူဖြစ်သည်။ သူမတို့ ခြောက်တန်းအဆောင်နှင့် မမတို့အခန်းသည် မျက်နှာချင်းဆိုင်ဖြစ်ကာ အဆောင်သီခြားစီဖြစ်သည်။ မမတို့အခန်းမှ ကြည့်လျှင် သူမကို တိုက်ရိုက်မြင်နိုင်သည်။ နောက်နေ့များတွင် မမသည် ဘာဟင်းနဲ့စားလဲ ဘာလုပ်နေတာလဲ ခြေဟန်လက်ဟန်များနှင့် လှမ်းမေးလေ့ရှိသည်။ သူမသည် ရှက်သည်။ မမလှမ်းကြည့်လျှင် မျက်နှာလွှဲထားသည်။ ခေါ်လျှင် မထူး။ မေးလျှင် မဖြေ။ အင်တင်တင်ဖြင့်နေသည်။ သို့သော် မမ မမြင်အောင် ခိုးကြည့်သည်။ အတန်းတင်စာမေးပွဲများ အချိန်ဇယားထွက်သောခါမှ မမနဲ့ သူမ နောက်နှစ်မတွေ့နိုင်တော့မှန်းသတိရလေသည်။ မမသည် စာမေးပွဲမဖြေခင် နောက်ဆုံးနေ့၌ အမှတ်တရဟု ဆိုကာ သူမ၏လက်ကိုင်ပုဝါလေးကို ဆွဲယူကာ ထွက်ပြေးသွားတော့သည်။ ခုနှစ်တန်းတစ်နှစ်တာလုံး မတွေ့နိုင်တော့တဲ့ မမကို လွမ်းသည်။ မမ၏ လွယ်အိတ်လေး မှတ်မိသည်။ မမစီးနေကြ ကားလေးများ ဖြတ်သွားလျှင် လိုက်ကြည့်သည်။ မမ၏ အပြုံးများကို သတိရသည်။

နှစ်တွေအတန်ကြာဖြတ်သန်းရင်း သူမသည် မမကို အတန်ငယ် မေ့လာသည်။ သူမလည်း ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ရန် ပြင်ဆင်နေပြီ။ တနေ့တွင် သူမ၏ အစ်မတစ်ယောက် ရန်ကုန်တက္ကသိုလ်ကြီးထဲသို့ အဖေါ်လိုက်ခဲ့ရန်ခေါ်လေသည်။ အဓိပတိလမ်းမကြီးထက်တွင် ဘွဲ့ယူရန် ဘယ်နားနေမှန်းမသိသေးသော သူမသည် ဘယ်နားဓာတ်ပုံရိုက်မည် အလှပြင်လျှင် ဘယ်သူနဲ့ ပြင်မည်။ အဝတ်အစားဒီဇိုင်းများ ဘယ်လိုချုပ်မည်နှင့် သူမ၏ အစ်မကို စကားဖောင်ဖွဲ့၍ လာရင်း လမ်းတစ်ဘက်ခြမ်း အမျိုးသမီးသုံးဦး ဖြတ်သွားလေသည်။ ဖြတ်သွားစဉ် ပုံရိပ်တစ်ခုသည် သူမ၏ခြေလှမ်းကို ရပ်တန့်စေသည်။ အစ်မကို ခဏဟု ပြောကာ လမ်းဟိုဘက်ခြမ်းမှ အစ်မများဆီကို ကူးသွားရင်း မမကို လှမ်းခေါ်လိုက်ပါသည်။ သူမအတန်ကြာအောင် မေ့နေခဲ့ပြီဖြစ်သော မမသည် အရင်အတိုင်းပင်။ အရင်အတိုင်းမဟုတ်သည်က သူမ။ ကလေးအရွယ်လေးမှ အပျိုအရွယ် မိန်းမငယ်အသွင်ပြောင်းနေပြီ မဟုတ်လော။ မမသည် သူမကို ရုတ်တရက် မမှတ်မိပါ။ သို့သော် သူမ ပြုံးပြလိုက်ပြီး မမ မမှတ်မိတော့ဘူးလားလို့ မေးလိုက်ချိန် မှတ်မိသွားပြီ၊ အလွန်ပျော်စရာကောင်းလေသည်။ မမသည် သူမ လက်ကလေးကို ကိုင်ရင်း ဘာလာလုပ်သလဲ ဘယ်သူနဲ့ လာသလဲ စုံအောင် မေးသည်။ သူမကတော့ မမကို ပြန်တွေ့ရတာပင်တော်တော်ဝမ်းသာလှပြီ။ သူမသည် တခဏတာအတွင်း ဦးနှောက်ကို အလုပ်ပေးလိုက်ပါသည်။ ကျောင်းတော်ကြီးထဲတွင် မမနှင့် ဓာတ်ပုံတွဲရိုက်သည်၊ မမအိမ်ဖုန်းနံပါတ်ရအောင် တောင်းခဲ့လိုက်သည်။

ထိုနေ့က သူမ ပျော်ကာ တဟီးဟီးဖြစ်နေပုံကို သူမ၏အစ်မသည် ပုံစံကိုက ရည်းစားနဲ့ တွေ့လို့ အူမြူးနေသလိုပဲဟု သြဘာပေးသည်။ ဘယ်လိုဖြစ်ဖြစ် မမကို ပြန်တွေ့ပြီ မဟုတ်လော။ ကံများကောင်းချင်တော့ အစ်မနှင့် မမတို့က မေဂျာတူသည်၊ မရင်းနှီးကြ။ မမ အကြောင်းများ စုံစမ်းသည် စပ်စုသည်။ စဉ်းစားသည် အကြံထုတ်သည်။

သူမနှင့် မမတို့ ဖုန်းထဲတွင် နာရီပေါင်းများစွာ စကားပြောကြပါသည်။ သူမ ပြောင်းခဲ့သောအိမ်အသစ်နှင့် နှစ်လမ်းသာခြားနေသော မမထံသို့ တခါတရံ ဖြတ်သွားရင်း ချောင်းရုံကလွဲလို့ အပြင်မှာ ဘယ်သောအခါမှ ထပ်မတွေ့ဖြစ်ခဲ့ပါ။ သို့သော်လည်း သူမကြောင့် မမ၏ဘဝသည် များစွာပြောင်းလဲသွားပါသည်။

မမသည် အမေနှင့် အဖေ အိမ်ထောင်ရေး အဆင်မပြေသော မိသားစုမှ သမီးအကြီးဖြစ်ပါသည်။ စိတ်အလွန်နုပြီး မြိုသိပ်တတ်သူဖြစ်သည်။ ရင်းနှီးသော သူငယ်ချင်းနှစ်ယောက်မှ အပ မမနှင့်ပေါင်းသင်းဆက်ဆံရေး အဆင်ပြေသော သူငယ်ချင်းမိတ်ဆွေမရှိ။ မမ နေထိုင်ပုံစံနှင့် လူမှုဆက်ဆံရေးကို ကြားရမြင်ရသော သိပ်ဘဝမကျပါ။ သူမကတော့ သူငယ်ချင်းများနှင့် လုံးလုံးထွေးထွေးနေတတ်သူဖြစ်သည်။ သူမသည် ငယ်ငယ်တုန်းကလို ရင်တွေခုန်နေရုံနှင့် ငြိမ်နေသော ကလေးမလေး မဟုတ်တော့။ ထို့ကြောင့် မမကို ဖုန်းဖြင့် စကားများစွာပြောခြင်းကိစ္စ ဖြစ်ပေါ်လာရသည်။  သူမ၏ အိမ်က လူများ ရည်းစားရနေသည်ဟုပင် အထင်လွဲကြလောက်အောင်ပင် မမနှင့် ဖုန်းပြောနေသော အသွင်အပြင်များရှိခဲ့ပါသည်။

မမနှင့် သူမ ဘာတွေ ပြောကြပါသနည်း။
ပထမတွင် သူမက မမစိတ်ဝင်စားလောက်မည့် အကြောင်းများစွာ ပြောပြသည်။ မမသည် ငြိမ်၍ နားထောင်နေပါသည်။ ဒုတိယပိုင်းတွင် မမသည် သူမပြောသော အကြောင်းများကို အပြန်အလှန်ဆွေးနွေးတတ်လာသည်။ အချိန်မှန် ဖုန်းဆက်မှ ကြိုက်သည်။ နေ့စဉ် နေ့လည် (၂)နာရီတွင် ဖုန်းဆက်သည်။ နောက်ကျလျှင် စိတ်ကောက်သည်။ စိတ်ကောက်လျှင်လည်း ဘာမှ မပြော ဖုန်းကိုသာ ကိုင်ထားသည်။ ဖုန်းချလိုက်လျှင်လည်း ပိုစိတ်ဆိုးတော့သည်။ တတိယပိုင်းတွင် မမသည် သူမကို အရာရာတိုင်ပင်မှ ကျေနပ်တတ်သူဖြစ်လာသည်။ သူမကို ပြောပြလိုက်ရမှ ရင်ဖွင့်လိုက်ရမှ ကျေနပ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် မမသည် တစ်နှစ်လောက်အတွင်း မျက်နှာလေး တော်တော်လန်းလာသည်။ ဘွဲ့ရပြီး  အလုပ်လုပ်ရန်မလိုသော မမသည် အိမ်ထဲတွင် ပိတ်လှောင်နေသည်ကို သူမ မနှစ်မြို့ပါ။

မမဘဝလေး အေးချမ်းစွာ သက်ဆုံးတိုင် စိတ်ချမ်းသာစေချင်သည်မှာ သူမ၏ မှန်ကန်သော သစ္စာဖြစ်ပါသည်။ ဘာသင်တန်းမှ မတက်၊ ဘွဲ့ရပြီး အိမ်ထဲမှာ ကုပ်နေရသော မမတွင် စိတ်သဘောထားပြည့်ဝသော ချစ်သူတစ်ယောက်ရှိလျှင် အလွန်ကောင်းမှာပဲ ဟုတွေးမိပါသည်။ ထို့ကြောင့် မမကို ရစ်သီရစ်သီလုပ်နေသော ဘဲဘဲကြီးများကို စောင့်ကြည့် စပ်စုလေ့လာရသော အလုပ်တစ်ခုပိုလာပြန်သည်။ သူမသည် အမှန်တကယ်တော့ သိပ်အားနေသူတစ်ယောက်မဟုတ်ပါ။ နို့ပေမယ့်လည်း မမ၏ ဘဝအရေးဖြစ်သည်။

မမကို ချစ်နေသော ဘဲဘဲများတွင် ရူပါသိပ်အလာကြီး မဟုတ်သော်လည်း စိတ်သဘောထားကောင်းသောသူ တစ်ဦးကို မကြာခင် တွေ့၏။ ဘယ်သူမှ မဟုတ်၊ သူမ၏ ငယ်သူငယ်ချင်း အစ်ကိုအကြီးဆုံးဖြစ်ပါသည်။ ထိုအစ်ကိုကြီးသည် မမကို တစ်ဖက်သတ် ကြိတ်ချစ်နေသူဖြစ်ပါသည်။ သူငယ်ချင်း၏ အစ်ကိုကြီးဖြစ်သဖြင့် သူ့အကြောင်း ကောင်းကောင်းသိလေသည်။ စိတ်ရှည်သည်။ သည်းခံတတ်သည်။ သဘောထားကြီးလေသည်။ ရေတပ်ဗိုလ်ကြီးဖြစ်သည်။ မမအသက်ထက် အနည်းငယ် ကြီးသည်။ မမကို အလိုလိုက် သည်းခံစိတ်ရှည်နိုင်မည့်သူမျိုးဖြစ်သည်။ ကောင်းလေစွ။ အလောတော်လေစွ။ မမအကြိုက်များ၊ မကြိုက်ခြင်းများကိုလည်းကောင်း၊ တစ်ကိုယ်တည်းမြိုသိပ်တတ်သော မိန်းမတို့၏ မနောကိုလည်းကောင်း အခြားသော ရှောင်ရန်ဆောင်ရန်များကို အထပ်ထပ်အခါခါ မှာကြားပြီး မမ၏ ရှေ့တော်သို့ သွင်းကြလေသည်။

အစပိုင်းတွင်ပြဿနာ အဖုအထစ်လေးတွေတော့ ရှိခဲ့သည်။ မမသည် သူမနှင့် အချိန်များစွာ စိတ်ချင်းရင်းနှီးထားသည့်အတွက် သူမအပေါ် စိတ်ပိုင်းဆိုင်ရာ မှီခိုလျှက်ရှိသည်။ ယောက်ျားမယူချင်ပေ။ ဘဝရှေ့ရေးအတွက် သွယ်ဝိုက်သောနည်းများနှင့်နားချသည်။ လမ်းပြသည်။ နမူနာတွေ ရှာဖွေပြောသည်။ တစ်ဖက်ကလည်း ဟိုအစ်ကိုကြီး ကြိုးစားခိုင်းရသည်။ သူမနှင့် သူမ၏ငယ်သူငယ်ချင်းတို့သည် မမတို့ ဖူးစာစုံဖို့အရေး အတော်ကြိုးပမ်းရပါသည်။ မမသည် အတော်ခေါင်းမာလေသည်။ တော်တော်နှင့် လက်မခံ။ နောက်ပိုင်းတွင် သူမသည် မမကို နေ့တိုင်းဖုန်းဆက်ခြင်းမှ ရက်ခြားဆက်သည်၊ ရက်ခြားမှ တပတ်ခြား၊ တပတ်ခြားမှ တစ်လ တစ်ခါလောက်ဆက်သည်။ ထိုသို့ ဖုန်းလျော့ဆက်ရာတွင် ဟိုအစ်ကိုကြီးကို ချောင်းဖြစ်အောင် မြောင်းဖောက်စေခဲ့ရသည်။

ပထမတော့ မမသည် ဖုန်းမဆက်လို့ စိတ်ကောက်သည်။ သူမမှာလည်း တက္ကသိုလ်ကျောင်းတက်နေရပြီဖြစ်သဖြင့် အကြောင်းပြကောင်းနေသည်။ ထို့နောက်တွင်တော့ သူမဖုန်းမဆက်သောအချိန်များတွင် ဟိုအစ်ကိုကြီးနဲ့ ဖုန်းပြောကြ လူချင်းတွေ့ကြပြီး ချစ်သူတွေတောင် ဖြစ်သွားကြလေသည်။ လက်ထပ်မည့်သတင်းကြားပါသော်လည်း လက်ထပ်ဖိတ်စာ သူမ မရခဲ့ပါ။ နောက်ဆုံးသတင်းကြားလိုက်ချိန်တွင် မမတစ်ယောက် ကိုယ်ဝန်နှင့် မီးဖွါးတော့မည်တဲ့။ ထိုနောက်ပိုင်းမှ ခုချိန်တိုင် မမသတင်း သူမ မစုံစမ်းဖြစ်ခဲ့တော့ပါ။

“အချစ်နှင့် အရက်သည် မျှဉ်းဖြတ်ရသော အရာများဖြစ်သည် - ခရစ္စတလ်”

မမ၏ သူမ
မမ၏ မင်္ဂလာဆောင် ဓာတ်ပုံများကို သူငယ်ချင်းအိမ်တွင် သွားကြည့်စဉ် ဓာတ်ပုံထဲမှာ မြင်ရသော မမ၏ အပြုံးများက လွမ်းစရာ။ မမနှင့် သူမအကြောင်း အနည်းငယ်သိသော သူငယ်ချင်းသည် ဓာတ်ပုံကြည့်နေသူ သူမ၏မပီပြင်သောအပြုံးကို မြင်တော့ မမကို နှမြောနေသလားဟုမေးသည်။ နှမြောနေမှတော့ ငါဇာတ်ဆရာမလုပ်ခဲ့ဘူးဟေ့လို့ ပြောလိုက်သည်။ ရင်ထဲမှာတော့ နာသလိုလို။

မမသည် သူမကို ချစ်စရာကလေးမလေးမို့ နမ်းခဲ့စဉ်အချိန်က အလန့်တကြား မော့ကြည့်မိရင်း မမ၏အပြုံးတွင် မှင်သက်နေမိသည်။ လန့်ခြင်းကြောင့် သို့မဟုတ် မမကို ကြည့်မိလို့၊ ထိုအကြောင်းနှစ်ခုလုံးလည်း ဖြစ်နိုင်ပါသည်၊ စိတ်တွေ ယောက်ယက်ခတ်ဖူးသည်။ ခုချိန်တွင် သူမ၏ အချစ်ဦး ဘယ်သူလဲ မေးလျှင် မမကိုသာ ပြေးမြင်မိပါသည်။ ရူးလေစွတကား။ မမ၏ အပြုံးသည် သူမကို ဘဝများစွာက ပြုံးပြနေခဲ့သည့်အတိုင်းလိုပင်။ ဒီလိုပြုံးပြတာကို စိတ်ထဲတွင် ရင်းနှီးနေခဲ့ပါသည်။ မမ၏ စကားပြောနေပုံကို ငြိမ်ငြိမ်လေး ထိုင်ကြည့်နေရတာ တော်တော်အရသာရှိပါသည်။ မမနှင့် ပတ်သက်လျှင် သူမသည် ယောက်ျားလေးတစ်ယောက်ဖြစ်ချင်သည်။ ဝေးပြီး ပထမဆုံးပြန်တွေ့ကြတုန်းက ဓာတ်ပုံရိုက်တော့ မမသည် သူမလက်ကို ကိုင်ထားပြီး သူမကတော့ (သူမထက်အနည်းငယ် အရပ်နိမ့်သဖြင့်)မမ၏ ပုခုံးကို ဖက်ထားလေသည်။ ထိုဓာတ်ပုံလေးကို ကြည့်မိတိုင်း ဘဝဟောင်း ချစ်သူများတော်ခဲ့လေသလားလို့ အယောင်ယောင်အမှားမှားဖြစ်မိသည်။ အခြားဘယ်လိုမိန်းမများအပေါ်မှ မဖြစ်ပါ။ သူများတွေ ပြောပြလျှင် သူမ ရူးနေပြီလို့ ပြောကြမည်။ သံသရာတွင် သတ္တဝါတိုင်းသည် ဆွေမျိုးတော်စပ်ခဲ့ပုံအမျိုးမျိုးရှိကြသည် မဟုတ်လော။ သေချာတာတစ်ခုကတော့ မမနှင့် သူမ ဘဝတကွေ့တွင် ပတ်သက်ဖူးခဲ့ရမည်။ အတိတ်များကို ပြန်တွေးမိရင်း မမတစ်ယောက် သာယာသော အိမ်ထောင်ရေးနှင့် စိတ်ချမ်းမြေ့နေမယ်လို့ ယုံကြည့်လိုက်ပါသည်။ သူမ၏ရင်တွင်းမှလာသော အရောင်မရှိတဲ့ ချစ်ခြင်းမေတ္တာဖြင့် စီရင်ပေးခဲ့သော အချစ်ဇာတ်လမ်းလေးနှင့် လောကအလယ် ဘဝလမ်းခရီး ချောမွေ့စေချင်ပါသည်။ 

မမသည် သူမ၏ချစ်သူမဟုတ်သော သူငယ်ချင်းမမတစ်ယောက်ဖြစ်သည်။ 

မမသည် ပန်းတစ်ပွင့်ဆိုလျှင် သူမသည် ဥယျာဉ်မှုးသာဖြစ်လိုသည်။ 

ဒီဇာတ်လမ်းမှာ မမသည် မင်းသမီးဆိုပါလျှင် သူမသည် အချစ်ဇာတ်ဆရာဖြစ်ခဲ့ပါသည်။ 

လေးစားစွာဖြင့်
ခရစ္စတလ်

Tuesday, February 14, 2012

“သမီးကိုလာခေါ်ပါ ...မေမေ”

အပိုင်း(၁)
ဆောင်းလွန်နွေကူးကာလသည် အေးသည်လည်း မဟုတ် ပူသည်လည်း မမည်။ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးတခုရှိ တက္ကသိုလ်ကျောင်းဝင်းအတွင်း ကျောင်းသားကျောင်းသူတို့ ပန်းရောင်နဲ့ ဆက်စပ် ပတ်သက်သော လက်ဆောင်ပစ္စည်းထုပ်လေးများ၊ ချောကလက်ဗူးငယ်များ၊ ပန်းစည်းများ စသည်တို့ကို  ကိုင်ဆောင်လျှက် သွားသွားလာလာရှိနေကြပါသည်။ ယနေ့သည် အနောက်တိုင်းများမှ လေအဝှေ့တွင် ပါလာသော ဗာလင်တိုင်းနေ့ဖြစ်ပါသည်။


ကျောင်းသားကျောင်းသူလေးများသည် အပျံသင်စ ငှက်ငယ်လေးအသွင်ရှိလျှက် အရာရာစူးစမ်းသော တတ်သိနားလည်လိုသော စိတ်တို့နှင့် သွက်လက်နိုးကြားနေကြပါသည်။ လူသား သတ္တဝါတို့ဖြစ်သည့်အလျောက် အမျိုးမျိုးသော အကျင့်စရိုက်၊ ဝါသနာနှင့် လူနေမှုအဆင့်အတန်းအမျိုးမျိုးပိုင်ဆိုင်ကြပါသည်။ နုပျိုသော အရွယ်၊ တက်ကြွသောစိတ်တို့ဖြင့် လန်းဆန်းသော ပန်းကလေးများပမာ မြင်ရသည်မှာ ရွှင်လန်းစရာဖြစ်ပါသည်။

မောင်အေးရွှေသည် နယ်မြို့ကလေးတစ်ခုမှ ဆန်စက်၊ ဆီစက်များပိုင်ရှင်၏ တစ်ဦးတည်းသော သားလေးဖြစ်ပါသည်။ မိဘများက ကြွယ်ဝချမ်းသာ သားကလေးတစ်ဦးတည်း ရှိသည့်အတွက် အလိုလိုက် အကြိုက်ဆောင်ကြသည်မှာ သဘာဝဖြစ်ပါသည်။ ငယ်စဉ်ကပင် ပူပင်သောကကင်းဝေးလို့ လိုတိုင်းရနေသော ဘဝတွင် ဝါသနာဆိုးလေးတစ်ခုဖြင့် ပျော်မွေ့နေသူဖြစ်သည်။ အတိတ်ကံပါရမီလေးကြောင့် မျက်နှာချို အပြောကောင်းသော မိန်းကလေးများ စိတ်ဝင်စားတတ်သည့် မောင်အေးရွှေသည် ဆယ်တန်းအောင်ပြီး တက္ကသိုလ်ကျောင်းသားဖြစ်နေသည်မှာ ဒုတိယနှစ်ပင် ရောက်နေပြီဖြစ်သည်။

ပန်းဝတ်မှုံ၏ မိဘများသည် အစိုးရဝန်ထမ်းများဖြစ်သည့်အလျောက် မြို့ရွာအနှံ့ကျောင်းတက်ခဲ့ရပါသည်။ ပန်းဝတ်မှုံတစ်ယောက် ယခုနှစ်တွင် မိဘများ တာဝန်ကျရာ နယ်မြို့နှင့် အနီးဆုံး တိုင်းဒေသတက္ကသိုလ်တစ်ခုသို့ တက္ကသိုလ်ပထမနှစ် တက်ရောက်လျှက်ရှိပါသည်။ အစိုးရဝန်ထမ်းများ၏ သားသမီးဖြစ်တာကြောင့် အရာရာစည်းကမ်းများနှင့် နေထိုင်လာခဲ့သော်လည်း ပတ်ဝန်းကျင်ဗဟုသုတနည်းပါးသော ပန်းဝတ်မှုံသည် လောကအကြောင်း နားမလည်၊ သဘာဝအကြောင်း နားမလည်၊ လူ့ပတ်ဝန်းကျင် အကြောင်းမသိခဲ့။ မိဘများ အပ်ပေးသော အဆောင်တွင် နေထိုင်ပြီး တက္ကသိုလ်ကျောင်းသူဘဝသို့ ရောက်ခဲ့ပါသည်။ ထိုအပြစ်ကင်းစင်သော ထိုမိန်းကလေး၏ တစ်ခုတည်းသော အပြစ်မှာ ရိုးလွန်းခြင်းသာဖြစ်ပါမည်။

ဘဝဇာတ်ခုံပေါ်တွင် ကံဇာတ်ဆရာ၏ ခိုင်းစေမှုကြောင့် ဆိုရမည်လား၊ ပန်းဝတ်မှုံ၏ အတိတ်ကံဝဋ်ကြွေး ဆပ်ချိန်တန်ခဲ့လေသလားမသိ။ တစ်ခုသော Valentine နေ့တွင် အစပျိုးခဲ့ပါသည်။

အပိုင်း(၂)
မင်းမင်း ။    ။ ဟေ့ကောင် အေးရွှေ ရည်းစားများတာလည်း များတာပေါ့၊ Aကိုက်နေအုံးမယ်ဟေ့ 
အေးရွှေ ။    ။ ပူမနေပါနဲ့ကွာ၊ “ဘိ”တွေမှာ မသေချာတဲ့ အစင်လေးတွေ ကျောင်းထဲမှာတော့ ပေါပါ့ကွာ။ ရှာနိုင်ရင် ရပါတယ် ဟဲ ဟဲ

မင်းမင်း ။    ။ ဟေ့ကောင်ရေ ရှုပ်တာလည်း ရှုပ်ပေါ့၊ မယုတ်မာပါနဲ့ကွာ။ ကျောင်းတက်နေကြတဲ့ ကျောင်းသူတွေက မိကောင်းဖခင် သမီးတွေပါဟာ။
အေးရွှေ ။    ။ ကံပေါ့ဟ။ သူတို့က မသိနားမလည်၊ သဝန်တို စိတ်မချဖြစ်တာတွေလည်းရှိနဲ့ ဒီလိုဂွင်လေးမှာ စိတ်ချရအောင် ငါက စောင့်ရှောက်နေရတာပါ။ တကယ်ဆို ငါ့မှာ တာဝန်တောင် ကြီးသေးတယ်ဟ။

မင်းမင်း ။    ။ မင်းတို့ခေတ်ပဲလေ၊ ဒီနေ့ရော ဘာစီစဉ်ရှိသေးလဲကွ
အေးရွှေ ။    ။ အရိုးခံလေးတစ်ယောက်ကို ရထားတယ်၊ လောလောဆယ် ဒါလေးနဲ့ပေါ့ကွာ ဟ ဟ

မင်းမင်း ။    ။ ကြာကြာစားမယ့် သွား အရိုးကြည့်ရှောင် ဟေ့ကောင်
အေးရွှေ ။    ။ လစ်ပြီကွာ တော်ကြာ စောင့်ရတာကြာလို့ စိတ်ကောက်နေအုံးမယ် ဟား ဟားးးး


အပိုင်း(၃)
သူငယ်ချင်းအပေါင်းအသင်းနည်းပါးသော ပန်းဝတ်မှုံသည် ချစ်သူသည် ယုံကြည်ရာ အားထားရာဖြစ်ခဲ့ပါသည်။ ချစ်သူပြောသမျှ အားလုံး အဟုတ်ထင်၊ ချစ်သူခေါ်ရာ လိုက်၊ ချစ်သူကျွေးသမျှ စားကာ လောကတွင် ချစ်ခြင်းတို့ဖြင့် တက္ကသိုလ်ကျောင်းသူဘဝတွင် အပျော်လွန်လျှက်ရှိနေလေပြီ။ ဤသို့နှင့် သွားလာ လည်ပတ်ကြရင်း (၆)လခန့်ကြာသော ပန်းဝတ်မှုံတစ်ယောက် အစားမစားချင်၊ အစားစားလည်း အန်သည့်အပြင် ဝမ်းဗိုက်ကလေးပင် အတန်ငယ်ဖောင်းလာလေသည်။ မိန်းကလေးအထာညက်နေသော မောင်အေးရွှေသည် လမ်းတစ်ခု၏ ချောင်ကျသော ဆေးခန်းသို့ ပန်းဝတ်မှုံကလေးကို တိတ်တဆိတ်ခေါ်ဆောင်ကာ သေချာအောင် ဆရာဝန်ထံတွင် စစ်ဆေးစေ၏။ ရာသီပန်းမပွင့်သည်မှာ သုံးလကျော်နေပြီဖြစ်သော ပန်းဝတ်မှုံတွင် ကိုယ်ဝန်သုံးလ ပိုက်မိနေပြီဖြစ်သည်။ ပန်းဝတ်မှုံတစ်ယောက် မျက်ရည်တွေကြားမှ မျက်နှာပျက်နေသော ချစ်သူ မောင်အေးရွှေကို တလှည့် ဆရာဝန်ကို တလှည့်ကြည့်မိနေပါသည်။ ဆေးခန်းမှ ပြန်လာပြီး လမ်းတွင်တွေ့သော ကွမ်းယာဆိုင်မှ နာမည်ကြီး အမျိုးသမီးရာသီသွေးပေါ်စေသော မြန်မာဆေးထုပ်များကို ဝယ်ကာ ပန်းဝတ်မှုံကို သောက်ရန် သေချာညွှန်ကြား၏။ ကျောင်းမပြီးခင် မိဘတွေ ဖွင့်ပြောပြီး အိမ်ထောင်ပြုပါလျှင် ဝေးကြရမည်ကို အကြောင်းပြလို့ မလိုလားသော ကိုယ်ဝန်ကို ရှောင်ရန် ပန်းဝတ်မှုံအား ဖျောင်းဖျပါတော့သည်။

ပြဿနာဆိုသည်မှာ တစ်ခုတည်း မလာတတ်သော သဘောရှိသည့်အတွက် သွေးပေါ်ဆေးများ သောက်မိသော ညတွင် သွေးဆင်းများခြင်းကိုပန်းဝတ်မှုံ သတိပြုမိလေသည်။ ထို့အတွက် မနက်တွင် ခေါင်းမူးမူးနှင့် မောင်အေးရွှေတို့ အဆောင်သို့ လိုက်လာပြီး အကျိုးအကြောင်း ပြောပြကာ ဆေးခန်း သွားလိုကြောင်း ပြောရှာသည်။ မောင်အေးရွှေသည် ခိုးထုပ်ခိုးထည်နှင့် လူမိမည်စိုးသဖြင့် သွားဖူးသော နေရာတစ်ခုကို သူ့ချစ်သူ မအူမလည်လေးကို ခေါ်ဆောင်သွားတော့သည်။

အပိုင်း(၄)
အရပ်လက်သည် ဒေါ်ကြိုင်သည် ထိုသို့သော ကိစ္စများကို ကျွမ်းကျင်နိုင်နင်းပါသည်။
“ကလေးတို့ ဘာဖြစ်ချင်လဲ၊ ဖြစ်ချင်တာကိုပြော အဒေါ် အတတ်နိုင်ဆုံး သက်သာအောင် လုပ်ပေးမယ်။ နည်းတွေကတော့ များတယ်၊ အခုက သွေးဆင်းနေပြီဆိုတော့ လုပ်ရတာ မခက်ဘူး။ ခါတိုင်းတော့ သွေးမဆင်းခင်လာကြတာဆိုရင် ကျောက်ပြင်နဲ့ ဖိချတာတို့  ဗိုက်ပေါ်တက်နင်းပေးတာတို့၊ သင်္ဘောရွက်နဲ့ မွှေပေးတာလည်း ရှိပါတယ်။ အခုက သွေးဆင်းတာ ဗိုက်ထဲက အပိုင်းအစတွေ မကျန်အောင်လုပ်ရမယ်နော်။ အပိုင်းအစတွေ ကျန်ရင်လည်း အပုပ်ဆန်ပြီး သေတတ်တယ်အေ့။ မိန်းမဆိုတာ ဒီလိုကိစ္စတွေမှာ ပေါ့လို့မရဘူး။ လက်နဲ့ နှိုက်ထုပ်ရင်တော့ နာမယ်၊ ကလေးမလေး ခံနိုင်ရင်တော့ လုပ်ပေးပါ့မယ်။ ဒါမှ မဟုတ် သူ့ဖာသာ ထွက်ကျလာတာ စောင့်မလား။ ကလေးမလေး ကြည့်ရတာ သွေးဆင်းများလို့ အားနည်းနေသလိုပဲနော်” ဟု ပြောဆိုပြီး ဆေးလိပ်တိုတစ်လိပ်ကို အားရပါးရ ဖွာရှိုက်လျှက်ရှိသည်။

မိန်းကလေးသည် အားနည်းခြင်းကြောင့်လည်းကောင်း ဗိုက်အောင့်ခြင်းကြောင့်လည်းကောင်းစကားပင် သိပ်မပြောနိုင်တော့သည့်အတွက် မောင်အေးရွှေလက်ကို ကိုင်၍ မိန်းနေလေသည်။ မောင်အေးရွှေသည် ဖြူဖျော့နေသော ပန်းဝတ်မှုံကို ကြည့်ပြီး ကြံရာ မရဖြစ်ကာ “အဒေါ်ကြီး ကောင်းမယ်ထင်ရာ ကြည့်လုပ်လိုက်ပါ၊ ကျွန်တော်ကတော့ ထူပူနေပြီ၊ အရင်ခေါ်လာတဲ့သူတွေတုန်းက ဒီလိုမဖြစ်ပါဘူး” ခေါင်းကုတ်ခါသာ နေတော့သည်။

“ဒါဆိုလဲ ကလေးမလေးကို ကြာကြာခံမနေရအောင် နှိုက်ထုတ်ပေးလိုက်မယ်၊ ဒါပေမယ့် တစ်ခုတော့ ရှိတယ်ဟေ့ နောင်ပြဿနာဘာဖြစ်ဖြစ် ကျုပ်နဲ့ မဆိုင်ဘူးနော့၊ ကောင်လေး - နင့်တာဝန်နော် ပြောလိုက်ပါရဲ့အေ၊ ကိုင်းးးး အဘိုးကြီးရေ ရေနွေးပြင်၊ ဟဲ့ကောင်လေး ...ကလေးမကို အထဲခန်းထဲ သွင်းလိုက်။ ငွေငါးသောင်းတော့ ပေးရမယ်ဟေ့နော့”

“အဲဒီ အဒေါ်ကြီးက ဘာလုပ်မှာလဲ ကြောက်တယ် မောင်ရယ်
မလုပ်ဘူးနော် ပြန်ကြရအောင် အမေတို့ဆီ ပြန်မယ်လေ”

“မဖြစ်ပါဘူး “ပန်း”ရာ၊ ဒီကိစ္စ အေးသွားအောင် ဒီလိုပဲ လုပ်ရတော့မှာပဲ၊ ဒီကိစ္စတွေမှာ အဒေါ်ကြီးက ကျွမ်းကျင်တယ် ၊ ခဏလေးပဲ နာမှာပါ၊ တပတ်လောက်ဆို အရင်လို ပျော်ပျော်ကြီး ပြန်နေနိုင်မယ်လေ၊ ဝင်သွားလိုက်ပါကွာ။ မောင် အပြင်က စောင့်နေမယ်လေ။ ပြီးရင် ကမ်းခြေဘက်သွားပြီး တစ်ပတ်လောက် နားနေကြတာပေါ့။ အခုလိုအောင့်နေတာ ကြာရင် မကောင်းဘူး။ လုပ်လိုက်ပါ ပန်းကလေးရာနော် လိမ္မာပါတယ်ကွာ”

“ဒါဆို ဘယ်မှ မသွားနဲ့နော်၊ အပြင်မှာ စောင့်နေနော်” မျက်ရည်များကြားက စောင့်နေဖို့ ပြောရင်း အခန်းတွင်း ဝင်သွားသော ပန်းဝတ်မှုံသည် ကြောက်ရွံ့နေရှာပါသည်။ တစ်နာရီအတွင်း ပန်းဝတ်မှုံ၏ အော်သံ၊ လက်သည်အဘွားကြီး၏ ငေါက်ငမ်းသံများအပြီးတွင် “ဟေ့ ကောင်လေး နင့်ကောင်မလေး အခြေအနေ မကောင်းတော့ဘူး၊ အချင်းက လိုက်မလာဘူး ကပ်နေတယ်၊ အားကလည်း အရမ်းကို နည်းနေပြီ၊ အခု သတိလစ်သွားပြီ၊ ဆေးရုံပို့မလား” မောင်အေးရွှေတစ်ယောက် ခေါင်းကို တွင်တွင်ခါရမ်းပြီး “မဖြစ်ဘူးဒေါ်ကြီး မဖြစ်ဘူး ပြဿနာတွေ တက်ကုန်တော့မှာပဲ ဒေါ်ကြီးပဲ သတိရအောင် ဆက်လုပ်ပါ၊ လုပ်ကြည့်ပါအုံးဗျာ၊ ဒုက္ခပါပဲ ဘာတွေ ဖြစ်နေမှန်းကို မသိဘူး” ပြောလိုက်သောအခါ သက်ပြင်းတစ်ချက်ချပြီး မျက်စောင်းထိုး၍ ဒေါ်ကြိုင်ကြီး အတွင်းခန်းထဲသို့ ပြန်ဝင်သွားတော့သည်။ မောင်အေးရွှေတစ်ယောက် ခေါင်းမီးတောက်ကာ ကြံရာမရသည့် အဆုံး လက်သည်ဒေါ်ကြိုင်အိမ်မှ အမြန်ဆုံး ထွက်ခွါသွားပါတော့သည်။

အပိုင်း(၅)
မနက်အိပ်ယာမှ ထလာသော ပန်းဝတ်မှုံ၏ မိခင်သည် အိမ်မက်ထဲတွင် တစာစာ အော်ခေါ်နေသော သမီးကို မြင်ရလေသည်။ ညိုးနွမ်းနေသော မိန်းကလေးတစ်ယောက်၏ အသွင်နှင့် တစာစာအော်ခေါ်နေသာ မိန်းကလေးသည် သူတို့၏ သမီးလော။ ဘာကြောင့်မှန်းမသိသော စိတ်တို့သည် လေးလံလျှက်ရှိပါသည်။ ခုတလော အခါမဟုတ် ခွေးတို့သည် အူလိုက်သမှ နေ့ရော ညရော။ “အဖေကြီး တော့သမီးဆီ ဖုန်းဆက်ကြည့်စမ်းပါအုံး ကျမ အိမ်မက်တွေ မကောင်းဘူး၊ စိတ်ထဲမှာလည်း လေးနေတယ်ရှင်” ပန်းဝတ်မှုံ၏ ဖခင်သည် မျက်မှန်ကို တချက်ပင့်လျှက် ဇနီးသည်အား အကဲခတ်လိုက်လေသည်။ အခုရက်ပိုင်းတွင် သူသည်လည်း သမီးကို ထူးဆန်းစွာ မကြာခဏဆိုသလို သတိရနေသည်။ ထို့ကြောင့် သမီးနေထိုင်ရာ တက္ကသိုလ်ကျောင်းနားက အပြင်ဆောင်သို့ ဖုန်းခေါ်လိုက်ပါသည်။ အဆောင်ဖုန်းဆိုသည့်အတိုင်း ခေါ်တိုင်းမရ၊ စိတ်ပူနေ၍သာ ဆက်ရသည် အခါတိုင်းဆို သမီးကချည်းသည် တစ်ပတ်တစ်ခါ ဖုန်းဆက်တတ်ပါသည်။
“ဟော ရပြီ၊ ဟလို -----အဆောင်က မဟုတ်လား၊ အခန်းနံပါတ် ----က မပန်းဝတ်မှုံနဲ့ စကားပြောချင်ပါတယ် ခင်ဗျာ၊ ကျွန်တော် သူ့အဖေပါ”

“ဟုတ်ကဲ့ ဦး၊ မပန်းဝတ်မှုံ အဆောင်ပြန်မအိပ်လို့ တက္ကသိုလ် သူ့မေဂျာက ဆရာဆရာမတွေကို ဒီနေ့ပဲ အဆောင်မှုးက အကြောင်းကြားထားပါတယ်။ သမီးတို့က ဦးလေးတို့ဆီ ပြန်သွားတယ် ထင်နေကြတာပါ”

“ဟုတ်လား၊ ပြန်ရောက်မလာပါဘူးကွယ်၊ ဘယ်လောက်ကြာပြီ”

“တပတ်ရှိပြီ ဦးလေး”

“ဟေ   ဒါဆို ဦးလေးတို့ သမီးပျောက်နေတာလား၊ တခုလောက်ကွယ် ကလေးတို့များ သူနဲ့ ပတ်သက်တာ ဘာသိထားကြလဲ ဦးလေးကို ပြောပြပါအုံး”

“သမီးတို့ကတော့ သိပ်မရင်းနှီးပါဘူး၊ ဦးလေး။ သူနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်တော့ ရှိတယ်၊ သူကလည်း ရွာပြန်နေတယ်၊ ပြန်လာတော့မလားမသိဘူး၊ သူဆိုရင်တော့ သိနိုင်မယ်ထင်တာပဲ”

“အေး အေး ဟုတ်ပြီကွယ်၊ အဆောင်မှုးကို ပြောပေးပါ ဦးလေးတို့ အခု ထွက်လာမယ်၊ အကျိုးအကြောင်း သိချင်ပါတယ်လို့ ကွယ်နော်”


အပိုင်း(၆)
တက္ကသိုလ်မှ ဆရာ ဆရာမများ၊ အဆောင်မှုး၊ ရဲစခန်းနှင့် ပန်းဝတ်မှုံမိဘများသည် လူပျောက်စုံစမ်းလျှက်ရှိကြပါသည်။ ရွာကို ပြန်နေသော ပန်းဝတ်မှုံ၏ သူငယ်ချင်းပြန်ရောက်လာသောအခါ ပန်းဝတ်မှုံတွင် ချစ်သူရည်းစားတစ်ယောက်ရှိကြောင်း ကောင်လေး၏ နာမည်မှာ မောင်အေးရွှေဖြစ်ကြောင်းသိရပြန်သည်။ မောင်အေးရွှေကို လိုက်ရှာကြသောအခါ လွန်ခဲ့သော တစ်ပတ်ကျော်ကပင် သူ့မိဘနေမကောင်းသဖြင့် နယ်မြို့သို့ ခေတ္တပြန်နေကြောင်း သိခဲ့ကြသည်။

ထိုသို့သော အဖြစ်အပျက်များ ဖြစ်ပွါးနေစဉ်အတွင်း ပန်းဝတ်မှုံ၏ မိခင်မှာ တစ်ခုတည်းသော အိမ်မက်ကို ထပ်မံမြင်မက်ပြန်သည်။ အိမ်မက်ထဲတွင် ပန်းဝတ်မှုံသည် ရပ်ကွက်တစ်ခု၏ မြေနီလမ်းတစ်တွင်းသို့ ခေါ်ဆောင်သွားလေ့ရှိပြီး တစ်ထပ်ပျဉ်ထောင်အိမ်ဝင်းတွင်းရှိ ဗံဒါပင်တစ်ပင်ရှေ့အရောက် မိခင်ကို ကြည့်၍ “သမီးကိုလာခေါ်ပါ မေမေ” ပြောနေခြင်းကို နေ့စဉ်ရက်ဆက် မက်နေပါသည်။ မြို့နယ်ရဲများကို ပြောပြသောအခါ ဖြစ်နိုင်ချေရှိသော လမ်းများကို ရှာဖွေကြလေသည်။ သို့ပါသော်လည်း ဘယ်လိုမှ သဲလွန်စရှာမတွေ့ကြပေ။ တစ်လခန့်ကြာသောအခါ အိမ်မက်ထဲက လမ်းနှင့်ဆင်ဆင်တူသော လမ်းတစ်ခုကို ရှာတွေ့ကြလေသည်။ လမ်းထဲသို့ လမ်းလျှောက်ဝင်ကြပြီး အိမ်တစ်လုံးရှေ့ရောက်သောအခါ ညှီနံ့များ စတင် ရရှိလေသည်။ ထိုအိမ်သည် သရက်ပင် ကုက္ကိုပင်တို့နှင့် အိမ်မျက်နှာစာကို ဖုံးအုပ်လျှက်ရှိပြီး အိမ်ထဲသို့ သဲကွဲစွာ မမြင်ရပေ။ ရပ်ကွက်လူကြီးနှင့် အိမ်နီးနားချင်းများကို မေးသောအခါ အရပ်လက်သည်တစ်ယောက်အိမ်ဖြစ်ကြောင်းသိကြရသည်။
ထို့ကြောင့် အိမ်တွင်းသို့ သက်ဆိုင်ရာရပ်ကွက်လူကြီးများနှင့် ရဲအရာရှိတို့သည် အိမ်ရှင်ကို ခေါ်၍ မေးမြန်းစစ်ဆေးကြသည်။ ဤသို့စစ်မေးချိန် ခြံထဲရှိသော ခွေးနက်တစ်ကောင်သည် ပန်းဝတ်မှုံ၏ မိခင်ကို ထိုးထိုး၍ ဟောင်လေသည်။ ထိုနောက် ခြံနောက်ဘက်သို့ ပြေးဝင်သွားပြန်သည်။ အိမ်ရှေ့အိမ်နောက် ပြေးဝင်ပြေးထွက် ယောက်ယက်ခတ်နေသော ခွေးကို အိမ်ရှင်ဒေါ်ကြိုင်၏ ယောက်ျားက တခြားခွေး လာဟောင်နေတာပါဟု ဆိုကာ ခွေးကို မောင်းထုတ်သည်။ ခွေးသည် ဘယ်လို မောင်းမောင်း ဟောင်မြဲဖြစ်သည်။ ရဲများလည်း မသင်္ကာဖြစ်လာကာ ခွေးပြေးဝင်သွားတဲ့နောက်သို့ လိုက်ကြလေသည်။ ခွေးနက်သည် အိမ်နောက်ဘက် ဗံဒါပင်အောက်သို့ သွားပြီး မြေကြီး လက်နှင့် ကုတ်လိုက် လူများကို ဟောင်လိုက် အလုပ်ရှုပ်နေတော့သည်။

အပိုင်း(၇)
“ဟီး ဟီး ကျုပ် ကျုပ် တမင်သတ်တာ မဟုတ်ရပါဘူး၊ ကောင်မလေးကြည့်ရတာ အစတည်း မဟန်မှန်းသိလို့ သူနဲ့ ပါလာတဲ့ ကောင်လေးကို ပြောပါသေးတယ်၊ ဆေးရုံသွားဖို့။ သူက ဆက်ပြီး ကြိုးစားခိုင်းတာပါ။ ကျုပ်လက်နဲ့ နှိုက်ပြီး ကလော်လိုက်ချိန်မှာ သားအိမ်ပြုတ်ထွက်သွားပြီး သွေးလွန် သေသွားတာပါတော်။ ကျုပ်လည်း အပြင်ထွက်လာတော့ ကောင်မလေး ခေါ်လာတဲ့ ကောင်လေးမရှိတော့ဘူး၊ ပိုင်ရှင်မသိ ပိုင်ရှင်မရှိတဲ့ လူသေကို ကျုပ်တို့ ဘယ်ကို အကြောင်းကြားရမလဲ။ ပြီးတော့ ကျုပ်တို့လည်း တရားခံ အစစ် မဟုတ်ပဲ အဖမ်းခံရမယ်။ ကောင်လေး နာမည်လည်း မသိရပါဘူး။ ကောင်လေး ခိုင်းလို့ လုပ်ရတာ ဟီး ဟီး”

ရဲများက အသင့်ယူဆောင်လာသော မောင်အေးရွှေ၏ ဓာတ်ပုံကို ပြသောအခါ အရာအားလုံးသည် ဝမ်းနည်းဖွယ် ကြေကွဲဖွယ်။ ပန်းဝတ်မှုံ၏ မိခင်သည်လည်း သမီးကို လာခေါ်ပြီလေ သမီးရေဟုဆိုကာ ငိုကြွေးရင်း။

ထိခိုက်လွယ်တဲ့ ပန်းလေးတွေ မနွမ်းကြွေစေဖို့ လူသားတိုင်းမှာ တာဝန်ရှိပါတယ်။ တဒင်္ဂစိတ်ပျော်ရွှင်မှုကြောင့် အပြစ်မဲ့ပန်းကလေးများ မကြွေစေချင်ပါ။

လေးစားစွာဖြင့်
ခရစ္စတလ်

p.s ဖြစ်ရပ်မှန် ဇာတ်လမ်းကို မူရင်းနာမည်များ ပြောင်းထားပါသည်။ နာမည်တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ပါနော်။ စာအရေးအသားညံ့ဖျင်းသော ခရစ္စတလ်၏ ဆိုက်ကို အလည်လာပေးကြတဲ့ မိတ်ဆွေများကို အားနာစွာနဲ့ ကျေးဇူးတင်ရှိပါကြောင်း။

Thursday, February 9, 2012

လှမ်းလျှောက်မည့် “လမ်း”

 
လမ်းများစွာတို့သည် ကွေ့သော ကောက်သော ဖြောင့်သော နိမ့်သော မြင့်သော  ဝေးသော နီးသော သဘောရှိကြပြီး 
ကွဲပြားသော သဘာဝပတ်ဝန်းကျင်တို့လည်း ရှိကြသည်။

ခြေလှမ်းများကြောင့် လမ်းဖြစ်ခဲ့သလား၊ လမ်းတွေကြောင့် လှမ်းဖြစ်ခဲ့သော ခြေရာဖြစ်သလား သေချာမသိကြ။ 
အစကတည်း လှမ်းလျှောက်သည့် လမ်းများစွာရှိခဲ့ကြသည်မဟုတ်ပါလား၊ 
ယခုတိုင် ရှိနေဆဲဖြစ်ပါသည်၊ နောင်တွင်လည်း ရှိနေကြအုံးမည်။

စိမ်းလန်းသော လမ်းများစွာ ခြောက်သွေ့သော လမ်းများစွာတို့လည်း ရှိနေကြပါသည်။ 
လှမ်းလိုစိတ်ဟူသော “မျှော်လင့်ခြင်း”ရှိနေသမျှ လမ်းများစွာထက်တွင် လှမ်းနေကြရအုံးမည်မဟုတ်လား။

လှမ်းလျှောက်နေတုန်း လမ်းများစွာထက်တွင် ပြိုလဲ ယိုင်နဲ့သည့် ဆင်းရဲသည်လည်းရှိကုန်၏။ 
ကူမယ့်သူရှိသော ထူမည့်သူရှိသော ချမ်းသာသည်လည်းရှိကြကုန်၏။


ပြေပြစ်ညီညာဖြောင့်ဖြူးသော လမ်းများစွာတို့ကို တွယ်ငြိကြ မက်မောကြ မျှော်လင့်ကြပြီး 
ရှုပ်ထွေးပွေလီသော လမ်းများစွာကိုတော့ စိုးရွံ့ကြ စက်ဆုပ်ကြ မုန်းတီးကြ၏။

အဆုံးမမြင်ရသော လမ်းများစွာသည်လည်းကောင်း၊ လမ်းဟုထင်ရသော လမ်းမဟုတ်သော လမ်းများစွာတို့ကိုလည်းကောင်း လျှောက်လှမ်းမိကြသည်။ တချို့က သိလျှက် လျှောက်သည်၊ အချို့က မသိ၍ လျှောက်သည်။ တချို့က လမ်းမ“တွင်”။ အချို့က “ဆင်”သွား လမ်းဖြစ်ကြသည်သာ။

ကောင်းကင်နှင့် ပထဝီမြေကြီး အကြား လမ်းများစွာတို့သည် ရှင်းသန့်သည်ရှိ၏၊ ရှုပ်ထွေးသည်လည်းရှိ၏။
လမ်းတဝက်တွင် လမ်းပျောက်သူများလည်း ရှိကြသည်။

အချို့က ဖြောင့်ဖြူးသော လမ်းတွင် အရှိန်မြှင့်ကာ လျှောက်လှမ်းသွားကြပြီး လိုရာပန်းတိုင် အမြန်ရောက်လိုကြသည်။


တချို့ကတော့ သာယာသော ပတ်ဝန်းကျင်များတွင် ဝဲလည်ကာ တစ်ထောက်နားလို့ ဖြည်းဖြည်းခရီးဆက်ကြသည်လည်း ရှိ၏။ 
သာယာသော စိမ်းလန်းသောပတ်ဝန်းကျင်တွင် အချိန်ကြာကြာနေလိုကြသည်။ အမြဲစိမ်းလန်းနေလျှင် ကောင်း၏ပေါ့၊ ခြောက်သွေ့ပြန်တော့ မိန်းမောမှုမှ တဖန်နိုးထကြရမည်။

ပတ်ဝန်းကျင်သည် ပတ်ဝန်းကျင်ဖြစ်သည်၊ လမ်းသည် လမ်းဖြစ်သည်။
ပတ်ဝန်းကျင်ကြောင့် လှမ်းသည့်ခြေလှမ်း လမ်းမလွဲဖို့တော့ အသိတရားနှင့် သတိရှိကြရမည်။
ထိုမှသာ လမ်းမပျောက်တော့မည်ပေါ့။ အေးမြသော သဘောရှိသော ခြောက်သွေ့သော သဘောရှိကုန်သော ပတ်ဝန်းကျင်တို့သည် ရပ်တန့်ငေးမောသည်ဖြစ်စေ မငေးမောသည်ဖြစ်စေ ပြောင်းလဲတတ်သော သဘောရှိကုန်သည်ဖြစ်ရာ
လှမ်းလျှောက်မည့် “လမ်း” သွေဖယ်မသွားဖို့ အရေးကြီးသည်။


မှောင်သော လမ်းတွင်လည်းကောင်း၊ လင်းသော လမ်းတွင်လည်းကောင်း လှမ်းလျှောက်ရမည့် လမ်းများစွာတို့လည်း ရှိကြသေးသည်။

လှမ်းလိုစိတ် ရှိသမျှတော့ ထိုလမ်းများသည် မှောင်သည် လင်းသည်မရှိတော့။
ဖြောင့်သည် ကွေ့သည် မရှိတော့။


ဧကန်အစစ် လှမ်းလျှောက်မည့် လမ်းသည် များများမရှိ။ ပင်မကျောရိုးအားဖြင့် နှစ်ခုသာရှိ၏။ တိုးဝင်ဖို့နှင့် ကျောခိုင်းဖို့သာဖြစ်သည်။ ပြိုင်ပွဲတွေလိုပင်။ ဗိုလ်လုပွဲတက်လျှင်ဖြင့် ပြိုင်ပွဲဝင်သူ လျော့နဲသွားကြစမြဲမဟုတ်ပါလား။ ထိုကြောင့် လမ်းဆုံးရောက်ခါနီးတွင်တော့ လှမ်းသော ခြေလှမ်းများသည် ညင်သာစွာ တိုးဖွဖွဖြင့် ဖြည်းဖြည်းမှန်မှန် လှမ်းနေကြပြီး ပန်းတိုင်မြင်ရသော စိတ်ဖြင့် ငြိမ်းလျှက်ရှိကြကုန်သည်။

ချော်နေသော ခွေးသွားစိတ်တစ်ခုအကြောင်း စိတ်ဝင်စားမယ်ဆိုရင် ဒီလင့်လေးကိုလည်း ဖတ်ကြည့်ပါ။

လမ်းများသော လမ်းသွားသော ခရီးသွားတစ်ဦး ခံစားသီကုံးပါသည်။

လေးစားစွာဖြင့်
ခရစ္စတလ်

Thursday, February 2, 2012

မိုးသည်းထဲမှာ


 မိုးသည်းထဲမှာ ခရစ္စတလ်နဲ့အတူ မိုးမိနေတဲ့ စက္ကူပန်းလေးတွေ

 မိုးရာသီမှာ ခရစ္စတလ်ကို မွေးတာမို့လားမသိဘူး မိုးတွေ ရွာရင် သိပ်ကို ပျော်ပါတယ်။ 
မိုးခြိမ်းသံတွေနဲ့ လျှပ်စီးလက်တာတွေကိုလည်း သဘောကျပါတယ်။ မားသားကို ပေါက်ပေါက်ရှာရှာမေးလိုက်သေးတယ် 
သမီးကို အမေမွေးနေတုန်းက မိုးတွေ ရွာနေလားဆိုတော့ 
သိပါဘူးအေ ကလေးမွေးနေတာ မိုးရွာတာ သိနိုင်မလားတဲ့ 
ဟီ ဟိ၊ ဟုတ်သားပဲ:P

 မိုးတိတ်သွားပေမယ့် ပန်းပွင့်တွေမှာ မိုးစက်လေးတွေ တွဲလွဲခိုနေတာ ချစ်ဖို့ကောင်းလိုက်တာ

ညီမလေးတစ်ယောက်ရဲ့ ရုံးခန်းမှာ အလုပ်ကိစ္စတွေ ပြောပြီး အပြန်မှာ ဘုရားတက်မယ်ပေါ့၊ ရန်ကုန်မှာဆို ရွှေတိဂုံဘုရား ခဏခဏရောက်ဖြစ်တယ်။ ထိုင်းရောက်လာတော့ ဘုရားသွားချင်တယ် ဆန္ဒက အကင်းမသေဘူး ဘယ်ဘုရားသွားပြီး အေးအေးဆေးဆေး ဘုရားရှိခိုးရရင် အဆင်ပြေမလဲပေါ့။ နောက်တော့ တိုးအလုပ်တွေ လမ်းညွှန်ကူညီပေးတဲ့ အစ်မတစ်ယောက်နဲ့ တောင်ပေါ်ဘုရားကို သွားဖူးဖြစ်ခဲ့တာက စလို့ မကြာခဏဆိုသလို ရောက်ဖြစ်နေပါတော့တယ်။

အဲဒီနေ့က အိမ်ကနေ ထွက်တုန်းကတော့ နေသာနေသား၊ ပသူနမ်ရောက်တော့မှ အစိုးမရတဲ့မိုးက ရွာပါလေရော ရွာတာမှ သဲသဲမဲမဲကို ရွာချလိုက်တာပါ။ သွားလေရာ ထီးယူတတ်သူမို့ တော်သေးတော့တယ်။ လေကလည်း တိုက် မိုးကလည်း ရွာနဲ့။ ဘုရားသွားရတာ အဆင်ပြေပါ့မလား အိမ်ပဲ ပြန်လိုက်ရင်ကောင်းမလား။ ပြန်မယ့်စိတ်ကို မဖြစ် ဖြစ်အောင်သွားမယ်ဆိုတဲ့ စိတ်က အနိုင်ယူပြီး ဆက်သွားဖြစ်ပါတယ်။ တောင်ပေါ်ဘုရားနားရောက်တော့ လမ်းလျှောက်လို့ မရအောင်ကို လေတွေ တအားတိုက် တကိုယ်လုံးလဲ စိုစိုရွှဲပေါ့။ မိုးရေတွေ စိုနေတာ ပြန်ရင်ကောင်းမလား တစ်ခါ ထပ်တွေးမိတယ်။ လူကသာ တွေးနေတာ၊ ခြေထောက်တွေက ဘုရားဆီကို လှမ်းနေတုန်းပဲ။ ဘုရားပေါ်တက်ခါနီး လေနဲနဲတိုက်တာ သက်သက်သာသွားတယ်။ မိုးကောင်းကင်ကြီးကို မော့ကြည့်ပြီး မိုးမင်းကြီးရေ ကုသိုလ်ကောင်းမှုပြုဖို့လာတာလေ နဲနဲလောက်တော့ သနားပါအုံး ဒီမှာ ကြည့်ပါအုံး မိုးတွေ စိုကုန်ပြီ။ မိုးသဲနေချိန် ချက်ချင်းတိတ်ဖို့ မပြောပါဘူး နဲနဲတော့ စဲပေးအုံးမှပေါ့ ဟုတ်ဘူးလားနော်။

တောင်ပေါ်ဘုရား အတက်လမ်းဘက်မှာ ကော်ဖီဆိုင်လေးတစ်ခုရှိတယ် 
စက္ကူပန်းပင်လေးတွေနားမှာလေ။ အဲဒီမှာ toilet လည်းရှိတယ်။

အဲဒီကို ဝင်ပြီး ဘောင်းဘီစိုနေတာကို ရေညှစ်ချ၊ ပြီးတော့ ကော်ဖီဆိုင်လေးမှာ ကော်ဖီသောက်ရင်း မိုးအတိတ်ကို စောင့်နေလိုက်တယ်။ တစ်နာရီနီးပါး ရွာနေလိုက်တဲ့ မိုး မတိတ်နိုင်ဘူး၊ ဆက်တက်ဖို့ကလည်း တောင်ပေါ်ကရေတွေ ဆင်းလာတာဆိုတော့ တက်မရဘူး ပြန်ဆင်းရမလား ဆက်စောင့်ရမလား။ ကော်ဖီဆိုင်ထဲမှာ ကိုယ့်လိုပဲ မိုးခိုနေကြတဲ့သူတွေ အများသား။ သူတို့က ထီးတောင် မပါကြဘူး။ အဖေါ်တွေ ရှိနေသားပဲလေ ဆိုပြီး ဆက်စောင့်နေလိုက်တယ်။ မိုးမင်းကြီးကလေ ခရစ္စတလ် မျက်နှာငယ်လေးနဲ့ ကောင်းကင်ကြီးကို ခဏခဏကြည့်နေလို့လားမသိဘူး ခဏနေတော့ မိုးတိတ်ပေးလိုက်ပါတယ်။ မိုး လုံးဝတိတ်သွားပေမယ့် တောင်ပေါ်က ရေတွေ ဆင်းလာတာမို့ ခက်ခက်ခဲခဲပဲ ဘုရားပေါ် တက်ခဲ့ရတယ်။ သင်ခန်းစာတစ်ခု ရသွားတာက မိုးရွာနေချိန် သို့မဟုတ် မိုးရွာသီဆိုရင် တောင်ပေါ်ဘုရားသွားရတာ ဧည့်သည်တွေအတွက် အဆင်မပြေလောက်ဘူးဆိုတာပါပဲ။ လူကြီးတွေ ပါလာရင် ပိုဆိုးပါမယ်။ လှေကားထစ်တွေက သိပ်မမြင့်လှပေမယ့် လှေကားထစ်ကျဉ်းတာနဲ့ မြင့်တာကြောင့် နဲနဲအန္တရာယ်များနိုင်မယ်။

ပန်းပွင့်လေးတွေကို ရိုက်နေရင်း တောင်ပေါ်ဘုရားကို ကင်မရာထဲမှာ ဒီလိုလေး တွေ့လိုက်ရတယ်

တပတ်တစ်ခါတော့ ဘန်ကောက်ထဲမှာရှိတဲ့ ဘုရားတစ်ဆူဆူကို သွားပြီး ကုသိုလ်ယူမယ်ဆိုတဲ့ စိတ်က အားကောင်းနေတာမို့ နောက်တပတ်လည်း ဘုရားတက်ခဲ့ဖြစ်ပါတယ်။ 

ပိုစ့်ရေးဖို့ ဓာတ်ပုံတွေရိုက်ရင်း ပုံတွေ လှတာ မလှတာ နဲနဲသိလာတယ်။ ဖဘ သုံးတုန်းက ကိုဂျစ်တူးက နည်းလမ်းပေးပါတယ်။ ဘလော့ဂါများရိုက်တဲ့ ပုံတွေကိုလည်း လေ့လာဆည်းပူးခဲ့ပါတယ်။ ဘလော့ဂါတွေထဲမှာ နိုင်ငံခြားသားတွေ ရေးထားတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပိုစ့်တွေလည်း ရှာဖွေဖတ်ရှုမိပါတယ်။ သူများပုံတွေကို ကြည့်ရင်း ပိုစ့်ကဒ်လေးတွေကြည့်ရင်း ဘယ်လိုရိုက်ရင် ပုံထွက်ကောင်းတယ်ဆိုတာ ကြားဆရာ သင်ဆရာ မြင်ဆရာနဲ့ အလုပ်က သင်သွားပါတယ်။ အခုတော့ ဓာတ်ပုံကြောင့် ပိုစ့်တွေ ဖြစ်လာပြီပေါ့ :)

ဒီတခေါက် ဘုရားတက်တာတော့ မိုးမရွာတော့ဘူး။ မိုးတွေ အုံ့နေရုံပါပဲ။ 
ဒါပေမယ့် တွတ်ပီရဲ့ ကံတရားက ဒီနေ့ ကိုယ့်ဘက်မပါခဲ့ပါဘူး။ အပင်ချင်းယှက်နွယ်နေတဲ့ ဒီနွယ်ပင်လေးတွေကို ကြည့်ရင်း သမုဒယသစ္စာအကြောင်း စဉ်းစားနေကြပါ။ ဒီတခါလည်း စဉ်းစားရင်း ဓာတ်ပုံရိုက်ဖို့ လှေကားလက်တန်းဘက်ကနေ ဒီဘက် နဲနဲရွေ့လိုက်ပါတယ် အနောက်ကလူတွေ ဆင်းရတာ အဆင်ပြေအောင်ပေါ့။ အဲဒီအချိန်မှာပဲ ကင်မရာထုတ်နေရင်း ခြေလှမ်းလိုက်တာ ဖိနပ်နဲ့ လှေကားနဲ့ စလစ်ဖြစ်လိုက်တာကြောင့် ထင်ပါရဲ့ ခြေထောက်ခေါက် လဲပါလေရော :(

ခရစ္စတလ် စလစ်ဖြစ်တဲ့နေရာပေါ့ :(
ဒီပုံက မနှစ်က ရိုက်ထားတဲ့ပုံပါ ဒီတခါတော့ မရိုက်နိုင်ခဲ့တော့ဘူး

ဒေါက်ဖိနပ် အမြင့်မဝတ်တတ်သူမို့ တော်သေးတယ် ဖိနပ်အမြင့်ဝတ်တတ်တဲ့သူသာဆိုရင် ခုချိန် နောက်ဘဝကူးသွားပါပြီ။ ဘုရားပေါ်မှာ သုံးနာရီနီးပါးထိုင်ထားတာကြောင့် ခြေထောက်ထုံနေလို့ ခြေထောက်ကို သိပ်ပြီး ထိန်းမရလိုက်တာ မိုးရွာနေတုန်း မဟုတ်ပေမယ့် မိုးရွာထားတော့ လှေကားတွေ ချော်နေတာ။ လှေကားခြောက်ဆင့်လောက်ကို လျှောကျသွားတာလေ ဒီတခါတော့ သဲထိတ်ရင်ဖို အဖြစ်ရဆုံးပါပဲ။ တော်တော်လေးကို အီစလံဝေသွားပါရဲ့။ ဒါကြောင့် ဖဘက ပျောက်နေလို့ အီးမေးပို့မေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ် သတိတရရှိပေးလို့။ ဘလမှာ ကွန့်မန့်လည်ပြီး မပေးဖြစ်ခဲ့ရင်လည်း တောင်းပန်ပါရစေနော့ စက်ရှေ့ ကြာကြာမထိုင်နိုင်ဘူးဖြစ်နေတယ်လေ။

ဘန်ကောက်က ခင်မင်သူတွေကတော့ အပြင်ထွက်တာတွေ နားထားပါတော့တဲ့။ ပြန်တွေးကြည့်ရင် ဘုရားဝန်းကျင်နားမှာပဲ ခြေထောက်ခေါက်လဲကျတာ သုံးခါ ရှိသွားပြီ။ ဒီလိုပြောရင် ဘုန်းဘုန်းတွေက ဥပါဒါန်ကြောင့် ဥပါဒ်မရောက်ပါနဲ့ ဒကာမကြီးလို့ တရားတစ်ပိုဒ်လောက်တော့ နာရချည်သေးရဲ့လေ။

အိမ်က ထွက်ခါနီး ဘုရားဆွမ်းတော်ကပ်တုန်းက ဘုရားမျက်နှာတော်က ခါတိုင်းလို့ ပြုံးမနေလို့ စိတ်ထဲမှာတောင် ထင့်ကနဲဖြစ်မိသေး။ အို... ကုသိုလ်စိတ်လေးနဲ့ သွားမှာပဲဆိုပြီး ထွက်လာခဲ့လိုက်ပါတယ်။ လမ်းတလျှောက်လုံးလည်း ဘုရားစာရွတ်နေခဲ့ပါတယ်၊ ချော်လဲ ပြုတ်မကျခင်လေးကလည်း ခေါင်းလောင်းတီးပြီး အမျှဝေလိုက်သေးတယ်။ ချော်မလဲခင် နောက်ဆုံးစိတ်ကလေးကို ပြန်စဉ်းစားမိတော့“သတသဟဿရဟ”ဂါထာတော်ကို ရွတ်ဆိုပူဇော်နေခဲ့ပါတယ်၊ ရွတ်ဆို ပူဇော်နေရင်း အာရုံက နွယ်ပင်တွေဆီ ပြောင်းသွားပါတယ်။ ပြုတ်ကျနေစဲမှာတော့ လှေကားအဆုံးအထိ ပြုတ်မကျအောင် လက်နဲ့ လှမ်းထောက် တစ်ခါထောက်မရ ထပ်လျှောကျ နောက်တစ်ခါမှ ထောက်တော့မှ လျှောကျနေတာ ရပ်သွားတယ်။ အနီးမှာ ဆွဲပေးမယ့်သူလည်း မရှိပါဘူး။ ထိုင်းတွေကတော့ (ကိုယ့်အထင်) လဲကျလို့ ရှက်နေမယ်ထင်ပြီး အနားမလာကြဘူး အင်္ဂလန်သူ(သူပြောတဲ့ conversation အရ) အဘွားကြီးတစ်ယောက်ကတော့ are you ok? ပြောပြီး လာထူရှာပါတယ်။ သူထူပေမယ့် ကိုယ်က မထနိုင်သေးပါဘူး ချက်ချင်းဆိုတော့ ခြေထောက်က ထောက်မရသေးဘူးလေ။ ကုသိုလ်ကောင်းမှုပြုနေတဲ့ကြားက ဖြစ်တာဆိုတော့ အင်းးး မပြုမိတဲ့ချိန်များဖြစ်ခဲ့ရင် ဒီထက်ပိုဆိုးမယ်ထင်တယ်နော်။  


အင်းးးးးးးးးး ပြုတ်ကျလို့ ခေါင်းကွဲ သေသွားရင် စုတိစိတ်က ဘာဖြစ်မလဲ။
သေခြင်းရဲ့ အခြားတစ်ဖက်မှာ ဘာဖြစ်မလဲ။
ခုနေသေသွားခဲ့ရင် ကိုယ့်နောက်ကို လိုက်ပါမှာက ?
အောင်စာရင်းကြည့်ရသလိုပဲ ဖြစ်မှာပါ 
ဘဝသံသရာအောင်စာရင်းမှာ ခရစ္စတလ်တစ်ယောက် ခုချိန်သေမယ်ဆိုရင် စာမေးပွဲအောင်နိုင်မယ်ထင်လား။

စကားမစပ် (၂၀၀၅)ခုနှစ်အချိန်တုန်းက တရားစစ်တဲ့ခါ သမာဓိ မတည်နိုင်ဖြစ်နေပါတယ် အလုပ်အာရုံ မိသားစုအာရုံတွေ ရောက်ရောက်နေပါတယ်လို့ တရားစစ်မေးတဲ့ ဆရာတော်ကြီးကို လျှောက်ခဲ့ဖူးပါတယ်။ ဆရာတော်ကြီးက ညည်း အပါယ်လားတော့ အဲဒီလူတွေက ညည်းကို အပါယ်ထိလိုက်ပြီး အဖေါ်လုပ်မယ်ထင်လို့ သူတို့ဆီပဲ စိတ်ရောက်နေရသလားတဲ့၊ ကောင်းရော။ 

 ဒီလို တောင်ပတ်လမ်းလေးတွေမှာ ခေါင်းလောင်းလေးတွေ တီးပြီး တက်ကြပါတယ်


ဒီတီးလုံးသံလေးတွေကို ကြိုက်တယ်

ရေကန်ထဲက ကြာပန်းလေးတွေလည်း ပန်းအိုးကြီးထဲမှာ
ဘောင်ကျဉ်းသွားပေမယ့် ပွင့်လန်းနေမြဲပဲ

အခု ပိုစ့်ရေးနေတဲ့အချိန်ထိ တွေးနေတုန်းပါပဲ။ 
ဒီနေ့ ပိုစ့်ရေးနေတုန်း မိုးတွေ ရွာနေပြန်ပြီ 
မိုးသည်းထဲမှာ မိုးစက်တွေကို ကြည့်ရင်း တွေးနေတုန်းပါပဲ။

လေးစားစွာဖြင့်
ခရစ္စတလ်