သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, February 14, 2012

“သမီးကိုလာခေါ်ပါ ...မေမေ”

အပိုင်း(၁)
ဆောင်းလွန်နွေကူးကာလသည် အေးသည်လည်း မဟုတ် ပူသည်လည်း မမည်။ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးတခုရှိ တက္ကသိုလ်ကျောင်းဝင်းအတွင်း ကျောင်းသားကျောင်းသူတို့ ပန်းရောင်နဲ့ ဆက်စပ် ပတ်သက်သော လက်ဆောင်ပစ္စည်းထုပ်လေးများ၊ ချောကလက်ဗူးငယ်များ၊ ပန်းစည်းများ စသည်တို့ကို  ကိုင်ဆောင်လျှက် သွားသွားလာလာရှိနေကြပါသည်။ ယနေ့သည် အနောက်တိုင်းများမှ လေအဝှေ့တွင် ပါလာသော ဗာလင်တိုင်းနေ့ဖြစ်ပါသည်။


ကျောင်းသားကျောင်းသူလေးများသည် အပျံသင်စ ငှက်ငယ်လေးအသွင်ရှိလျှက် အရာရာစူးစမ်းသော တတ်သိနားလည်လိုသော စိတ်တို့နှင့် သွက်လက်နိုးကြားနေကြပါသည်။ လူသား သတ္တဝါတို့ဖြစ်သည့်အလျောက် အမျိုးမျိုးသော အကျင့်စရိုက်၊ ဝါသနာနှင့် လူနေမှုအဆင့်အတန်းအမျိုးမျိုးပိုင်ဆိုင်ကြပါသည်။ နုပျိုသော အရွယ်၊ တက်ကြွသောစိတ်တို့ဖြင့် လန်းဆန်းသော ပန်းကလေးများပမာ မြင်ရသည်မှာ ရွှင်လန်းစရာဖြစ်ပါသည်။

မောင်အေးရွှေသည် နယ်မြို့ကလေးတစ်ခုမှ ဆန်စက်၊ ဆီစက်များပိုင်ရှင်၏ တစ်ဦးတည်းသော သားလေးဖြစ်ပါသည်။ မိဘများက ကြွယ်ဝချမ်းသာ သားကလေးတစ်ဦးတည်း ရှိသည့်အတွက် အလိုလိုက် အကြိုက်ဆောင်ကြသည်မှာ သဘာဝဖြစ်ပါသည်။ ငယ်စဉ်ကပင် ပူပင်သောကကင်းဝေးလို့ လိုတိုင်းရနေသော ဘဝတွင် ဝါသနာဆိုးလေးတစ်ခုဖြင့် ပျော်မွေ့နေသူဖြစ်သည်။ အတိတ်ကံပါရမီလေးကြောင့် မျက်နှာချို အပြောကောင်းသော မိန်းကလေးများ စိတ်ဝင်စားတတ်သည့် မောင်အေးရွှေသည် ဆယ်တန်းအောင်ပြီး တက္ကသိုလ်ကျောင်းသားဖြစ်နေသည်မှာ ဒုတိယနှစ်ပင် ရောက်နေပြီဖြစ်သည်။

ပန်းဝတ်မှုံ၏ မိဘများသည် အစိုးရဝန်ထမ်းများဖြစ်သည့်အလျောက် မြို့ရွာအနှံ့ကျောင်းတက်ခဲ့ရပါသည်။ ပန်းဝတ်မှုံတစ်ယောက် ယခုနှစ်တွင် မိဘများ တာဝန်ကျရာ နယ်မြို့နှင့် အနီးဆုံး တိုင်းဒေသတက္ကသိုလ်တစ်ခုသို့ တက္ကသိုလ်ပထမနှစ် တက်ရောက်လျှက်ရှိပါသည်။ အစိုးရဝန်ထမ်းများ၏ သားသမီးဖြစ်တာကြောင့် အရာရာစည်းကမ်းများနှင့် နေထိုင်လာခဲ့သော်လည်း ပတ်ဝန်းကျင်ဗဟုသုတနည်းပါးသော ပန်းဝတ်မှုံသည် လောကအကြောင်း နားမလည်၊ သဘာဝအကြောင်း နားမလည်၊ လူ့ပတ်ဝန်းကျင် အကြောင်းမသိခဲ့။ မိဘများ အပ်ပေးသော အဆောင်တွင် နေထိုင်ပြီး တက္ကသိုလ်ကျောင်းသူဘဝသို့ ရောက်ခဲ့ပါသည်။ ထိုအပြစ်ကင်းစင်သော ထိုမိန်းကလေး၏ တစ်ခုတည်းသော အပြစ်မှာ ရိုးလွန်းခြင်းသာဖြစ်ပါမည်။

ဘဝဇာတ်ခုံပေါ်တွင် ကံဇာတ်ဆရာ၏ ခိုင်းစေမှုကြောင့် ဆိုရမည်လား၊ ပန်းဝတ်မှုံ၏ အတိတ်ကံဝဋ်ကြွေး ဆပ်ချိန်တန်ခဲ့လေသလားမသိ။ တစ်ခုသော Valentine နေ့တွင် အစပျိုးခဲ့ပါသည်။

အပိုင်း(၂)
မင်းမင်း ။    ။ ဟေ့ကောင် အေးရွှေ ရည်းစားများတာလည်း များတာပေါ့၊ Aကိုက်နေအုံးမယ်ဟေ့ 
အေးရွှေ ။    ။ ပူမနေပါနဲ့ကွာ၊ “ဘိ”တွေမှာ မသေချာတဲ့ အစင်လေးတွေ ကျောင်းထဲမှာတော့ ပေါပါ့ကွာ။ ရှာနိုင်ရင် ရပါတယ် ဟဲ ဟဲ

မင်းမင်း ။    ။ ဟေ့ကောင်ရေ ရှုပ်တာလည်း ရှုပ်ပေါ့၊ မယုတ်မာပါနဲ့ကွာ။ ကျောင်းတက်နေကြတဲ့ ကျောင်းသူတွေက မိကောင်းဖခင် သမီးတွေပါဟာ။
အေးရွှေ ။    ။ ကံပေါ့ဟ။ သူတို့က မသိနားမလည်၊ သဝန်တို စိတ်မချဖြစ်တာတွေလည်းရှိနဲ့ ဒီလိုဂွင်လေးမှာ စိတ်ချရအောင် ငါက စောင့်ရှောက်နေရတာပါ။ တကယ်ဆို ငါ့မှာ တာဝန်တောင် ကြီးသေးတယ်ဟ။

မင်းမင်း ။    ။ မင်းတို့ခေတ်ပဲလေ၊ ဒီနေ့ရော ဘာစီစဉ်ရှိသေးလဲကွ
အေးရွှေ ။    ။ အရိုးခံလေးတစ်ယောက်ကို ရထားတယ်၊ လောလောဆယ် ဒါလေးနဲ့ပေါ့ကွာ ဟ ဟ

မင်းမင်း ။    ။ ကြာကြာစားမယ့် သွား အရိုးကြည့်ရှောင် ဟေ့ကောင်
အေးရွှေ ။    ။ လစ်ပြီကွာ တော်ကြာ စောင့်ရတာကြာလို့ စိတ်ကောက်နေအုံးမယ် ဟား ဟားးးး


အပိုင်း(၃)
သူငယ်ချင်းအပေါင်းအသင်းနည်းပါးသော ပန်းဝတ်မှုံသည် ချစ်သူသည် ယုံကြည်ရာ အားထားရာဖြစ်ခဲ့ပါသည်။ ချစ်သူပြောသမျှ အားလုံး အဟုတ်ထင်၊ ချစ်သူခေါ်ရာ လိုက်၊ ချစ်သူကျွေးသမျှ စားကာ လောကတွင် ချစ်ခြင်းတို့ဖြင့် တက္ကသိုလ်ကျောင်းသူဘဝတွင် အပျော်လွန်လျှက်ရှိနေလေပြီ။ ဤသို့နှင့် သွားလာ လည်ပတ်ကြရင်း (၆)လခန့်ကြာသော ပန်းဝတ်မှုံတစ်ယောက် အစားမစားချင်၊ အစားစားလည်း အန်သည့်အပြင် ဝမ်းဗိုက်ကလေးပင် အတန်ငယ်ဖောင်းလာလေသည်။ မိန်းကလေးအထာညက်နေသော မောင်အေးရွှေသည် လမ်းတစ်ခု၏ ချောင်ကျသော ဆေးခန်းသို့ ပန်းဝတ်မှုံကလေးကို တိတ်တဆိတ်ခေါ်ဆောင်ကာ သေချာအောင် ဆရာဝန်ထံတွင် စစ်ဆေးစေ၏။ ရာသီပန်းမပွင့်သည်မှာ သုံးလကျော်နေပြီဖြစ်သော ပန်းဝတ်မှုံတွင် ကိုယ်ဝန်သုံးလ ပိုက်မိနေပြီဖြစ်သည်။ ပန်းဝတ်မှုံတစ်ယောက် မျက်ရည်တွေကြားမှ မျက်နှာပျက်နေသော ချစ်သူ မောင်အေးရွှေကို တလှည့် ဆရာဝန်ကို တလှည့်ကြည့်မိနေပါသည်။ ဆေးခန်းမှ ပြန်လာပြီး လမ်းတွင်တွေ့သော ကွမ်းယာဆိုင်မှ နာမည်ကြီး အမျိုးသမီးရာသီသွေးပေါ်စေသော မြန်မာဆေးထုပ်များကို ဝယ်ကာ ပန်းဝတ်မှုံကို သောက်ရန် သေချာညွှန်ကြား၏။ ကျောင်းမပြီးခင် မိဘတွေ ဖွင့်ပြောပြီး အိမ်ထောင်ပြုပါလျှင် ဝေးကြရမည်ကို အကြောင်းပြလို့ မလိုလားသော ကိုယ်ဝန်ကို ရှောင်ရန် ပန်းဝတ်မှုံအား ဖျောင်းဖျပါတော့သည်။

ပြဿနာဆိုသည်မှာ တစ်ခုတည်း မလာတတ်သော သဘောရှိသည့်အတွက် သွေးပေါ်ဆေးများ သောက်မိသော ညတွင် သွေးဆင်းများခြင်းကိုပန်းဝတ်မှုံ သတိပြုမိလေသည်။ ထို့အတွက် မနက်တွင် ခေါင်းမူးမူးနှင့် မောင်အေးရွှေတို့ အဆောင်သို့ လိုက်လာပြီး အကျိုးအကြောင်း ပြောပြကာ ဆေးခန်း သွားလိုကြောင်း ပြောရှာသည်။ မောင်အေးရွှေသည် ခိုးထုပ်ခိုးထည်နှင့် လူမိမည်စိုးသဖြင့် သွားဖူးသော နေရာတစ်ခုကို သူ့ချစ်သူ မအူမလည်လေးကို ခေါ်ဆောင်သွားတော့သည်။

အပိုင်း(၄)
အရပ်လက်သည် ဒေါ်ကြိုင်သည် ထိုသို့သော ကိစ္စများကို ကျွမ်းကျင်နိုင်နင်းပါသည်။
“ကလေးတို့ ဘာဖြစ်ချင်လဲ၊ ဖြစ်ချင်တာကိုပြော အဒေါ် အတတ်နိုင်ဆုံး သက်သာအောင် လုပ်ပေးမယ်။ နည်းတွေကတော့ များတယ်၊ အခုက သွေးဆင်းနေပြီဆိုတော့ လုပ်ရတာ မခက်ဘူး။ ခါတိုင်းတော့ သွေးမဆင်းခင်လာကြတာဆိုရင် ကျောက်ပြင်နဲ့ ဖိချတာတို့  ဗိုက်ပေါ်တက်နင်းပေးတာတို့၊ သင်္ဘောရွက်နဲ့ မွှေပေးတာလည်း ရှိပါတယ်။ အခုက သွေးဆင်းတာ ဗိုက်ထဲက အပိုင်းအစတွေ မကျန်အောင်လုပ်ရမယ်နော်။ အပိုင်းအစတွေ ကျန်ရင်လည်း အပုပ်ဆန်ပြီး သေတတ်တယ်အေ့။ မိန်းမဆိုတာ ဒီလိုကိစ္စတွေမှာ ပေါ့လို့မရဘူး။ လက်နဲ့ နှိုက်ထုပ်ရင်တော့ နာမယ်၊ ကလေးမလေး ခံနိုင်ရင်တော့ လုပ်ပေးပါ့မယ်။ ဒါမှ မဟုတ် သူ့ဖာသာ ထွက်ကျလာတာ စောင့်မလား။ ကလေးမလေး ကြည့်ရတာ သွေးဆင်းများလို့ အားနည်းနေသလိုပဲနော်” ဟု ပြောဆိုပြီး ဆေးလိပ်တိုတစ်လိပ်ကို အားရပါးရ ဖွာရှိုက်လျှက်ရှိသည်။

မိန်းကလေးသည် အားနည်းခြင်းကြောင့်လည်းကောင်း ဗိုက်အောင့်ခြင်းကြောင့်လည်းကောင်းစကားပင် သိပ်မပြောနိုင်တော့သည့်အတွက် မောင်အေးရွှေလက်ကို ကိုင်၍ မိန်းနေလေသည်။ မောင်အေးရွှေသည် ဖြူဖျော့နေသော ပန်းဝတ်မှုံကို ကြည့်ပြီး ကြံရာ မရဖြစ်ကာ “အဒေါ်ကြီး ကောင်းမယ်ထင်ရာ ကြည့်လုပ်လိုက်ပါ၊ ကျွန်တော်ကတော့ ထူပူနေပြီ၊ အရင်ခေါ်လာတဲ့သူတွေတုန်းက ဒီလိုမဖြစ်ပါဘူး” ခေါင်းကုတ်ခါသာ နေတော့သည်။

“ဒါဆိုလဲ ကလေးမလေးကို ကြာကြာခံမနေရအောင် နှိုက်ထုတ်ပေးလိုက်မယ်၊ ဒါပေမယ့် တစ်ခုတော့ ရှိတယ်ဟေ့ နောင်ပြဿနာဘာဖြစ်ဖြစ် ကျုပ်နဲ့ မဆိုင်ဘူးနော့၊ ကောင်လေး - နင့်တာဝန်နော် ပြောလိုက်ပါရဲ့အေ၊ ကိုင်းးးး အဘိုးကြီးရေ ရေနွေးပြင်၊ ဟဲ့ကောင်လေး ...ကလေးမကို အထဲခန်းထဲ သွင်းလိုက်။ ငွေငါးသောင်းတော့ ပေးရမယ်ဟေ့နော့”

“အဲဒီ အဒေါ်ကြီးက ဘာလုပ်မှာလဲ ကြောက်တယ် မောင်ရယ်
မလုပ်ဘူးနော် ပြန်ကြရအောင် အမေတို့ဆီ ပြန်မယ်လေ”

“မဖြစ်ပါဘူး “ပန်း”ရာ၊ ဒီကိစ္စ အေးသွားအောင် ဒီလိုပဲ လုပ်ရတော့မှာပဲ၊ ဒီကိစ္စတွေမှာ အဒေါ်ကြီးက ကျွမ်းကျင်တယ် ၊ ခဏလေးပဲ နာမှာပါ၊ တပတ်လောက်ဆို အရင်လို ပျော်ပျော်ကြီး ပြန်နေနိုင်မယ်လေ၊ ဝင်သွားလိုက်ပါကွာ။ မောင် အပြင်က စောင့်နေမယ်လေ။ ပြီးရင် ကမ်းခြေဘက်သွားပြီး တစ်ပတ်လောက် နားနေကြတာပေါ့။ အခုလိုအောင့်နေတာ ကြာရင် မကောင်းဘူး။ လုပ်လိုက်ပါ ပန်းကလေးရာနော် လိမ္မာပါတယ်ကွာ”

“ဒါဆို ဘယ်မှ မသွားနဲ့နော်၊ အပြင်မှာ စောင့်နေနော်” မျက်ရည်များကြားက စောင့်နေဖို့ ပြောရင်း အခန်းတွင်း ဝင်သွားသော ပန်းဝတ်မှုံသည် ကြောက်ရွံ့နေရှာပါသည်။ တစ်နာရီအတွင်း ပန်းဝတ်မှုံ၏ အော်သံ၊ လက်သည်အဘွားကြီး၏ ငေါက်ငမ်းသံများအပြီးတွင် “ဟေ့ ကောင်လေး နင့်ကောင်မလေး အခြေအနေ မကောင်းတော့ဘူး၊ အချင်းက လိုက်မလာဘူး ကပ်နေတယ်၊ အားကလည်း အရမ်းကို နည်းနေပြီ၊ အခု သတိလစ်သွားပြီ၊ ဆေးရုံပို့မလား” မောင်အေးရွှေတစ်ယောက် ခေါင်းကို တွင်တွင်ခါရမ်းပြီး “မဖြစ်ဘူးဒေါ်ကြီး မဖြစ်ဘူး ပြဿနာတွေ တက်ကုန်တော့မှာပဲ ဒေါ်ကြီးပဲ သတိရအောင် ဆက်လုပ်ပါ၊ လုပ်ကြည့်ပါအုံးဗျာ၊ ဒုက္ခပါပဲ ဘာတွေ ဖြစ်နေမှန်းကို မသိဘူး” ပြောလိုက်သောအခါ သက်ပြင်းတစ်ချက်ချပြီး မျက်စောင်းထိုး၍ ဒေါ်ကြိုင်ကြီး အတွင်းခန်းထဲသို့ ပြန်ဝင်သွားတော့သည်။ မောင်အေးရွှေတစ်ယောက် ခေါင်းမီးတောက်ကာ ကြံရာမရသည့် အဆုံး လက်သည်ဒေါ်ကြိုင်အိမ်မှ အမြန်ဆုံး ထွက်ခွါသွားပါတော့သည်။

အပိုင်း(၅)
မနက်အိပ်ယာမှ ထလာသော ပန်းဝတ်မှုံ၏ မိခင်သည် အိမ်မက်ထဲတွင် တစာစာ အော်ခေါ်နေသော သမီးကို မြင်ရလေသည်။ ညိုးနွမ်းနေသော မိန်းကလေးတစ်ယောက်၏ အသွင်နှင့် တစာစာအော်ခေါ်နေသာ မိန်းကလေးသည် သူတို့၏ သမီးလော။ ဘာကြောင့်မှန်းမသိသော စိတ်တို့သည် လေးလံလျှက်ရှိပါသည်။ ခုတလော အခါမဟုတ် ခွေးတို့သည် အူလိုက်သမှ နေ့ရော ညရော။ “အဖေကြီး တော့သမီးဆီ ဖုန်းဆက်ကြည့်စမ်းပါအုံး ကျမ အိမ်မက်တွေ မကောင်းဘူး၊ စိတ်ထဲမှာလည်း လေးနေတယ်ရှင်” ပန်းဝတ်မှုံ၏ ဖခင်သည် မျက်မှန်ကို တချက်ပင့်လျှက် ဇနီးသည်အား အကဲခတ်လိုက်လေသည်။ အခုရက်ပိုင်းတွင် သူသည်လည်း သမီးကို ထူးဆန်းစွာ မကြာခဏဆိုသလို သတိရနေသည်။ ထို့ကြောင့် သမီးနေထိုင်ရာ တက္ကသိုလ်ကျောင်းနားက အပြင်ဆောင်သို့ ဖုန်းခေါ်လိုက်ပါသည်။ အဆောင်ဖုန်းဆိုသည့်အတိုင်း ခေါ်တိုင်းမရ၊ စိတ်ပူနေ၍သာ ဆက်ရသည် အခါတိုင်းဆို သမီးကချည်းသည် တစ်ပတ်တစ်ခါ ဖုန်းဆက်တတ်ပါသည်။
“ဟော ရပြီ၊ ဟလို -----အဆောင်က မဟုတ်လား၊ အခန်းနံပါတ် ----က မပန်းဝတ်မှုံနဲ့ စကားပြောချင်ပါတယ် ခင်ဗျာ၊ ကျွန်တော် သူ့အဖေပါ”

“ဟုတ်ကဲ့ ဦး၊ မပန်းဝတ်မှုံ အဆောင်ပြန်မအိပ်လို့ တက္ကသိုလ် သူ့မေဂျာက ဆရာဆရာမတွေကို ဒီနေ့ပဲ အဆောင်မှုးက အကြောင်းကြားထားပါတယ်။ သမီးတို့က ဦးလေးတို့ဆီ ပြန်သွားတယ် ထင်နေကြတာပါ”

“ဟုတ်လား၊ ပြန်ရောက်မလာပါဘူးကွယ်၊ ဘယ်လောက်ကြာပြီ”

“တပတ်ရှိပြီ ဦးလေး”

“ဟေ   ဒါဆို ဦးလေးတို့ သမီးပျောက်နေတာလား၊ တခုလောက်ကွယ် ကလေးတို့များ သူနဲ့ ပတ်သက်တာ ဘာသိထားကြလဲ ဦးလေးကို ပြောပြပါအုံး”

“သမီးတို့ကတော့ သိပ်မရင်းနှီးပါဘူး၊ ဦးလေး။ သူနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်တော့ ရှိတယ်၊ သူကလည်း ရွာပြန်နေတယ်၊ ပြန်လာတော့မလားမသိဘူး၊ သူဆိုရင်တော့ သိနိုင်မယ်ထင်တာပဲ”

“အေး အေး ဟုတ်ပြီကွယ်၊ အဆောင်မှုးကို ပြောပေးပါ ဦးလေးတို့ အခု ထွက်လာမယ်၊ အကျိုးအကြောင်း သိချင်ပါတယ်လို့ ကွယ်နော်”


အပိုင်း(၆)
တက္ကသိုလ်မှ ဆရာ ဆရာမများ၊ အဆောင်မှုး၊ ရဲစခန်းနှင့် ပန်းဝတ်မှုံမိဘများသည် လူပျောက်စုံစမ်းလျှက်ရှိကြပါသည်။ ရွာကို ပြန်နေသော ပန်းဝတ်မှုံ၏ သူငယ်ချင်းပြန်ရောက်လာသောအခါ ပန်းဝတ်မှုံတွင် ချစ်သူရည်းစားတစ်ယောက်ရှိကြောင်း ကောင်လေး၏ နာမည်မှာ မောင်အေးရွှေဖြစ်ကြောင်းသိရပြန်သည်။ မောင်အေးရွှေကို လိုက်ရှာကြသောအခါ လွန်ခဲ့သော တစ်ပတ်ကျော်ကပင် သူ့မိဘနေမကောင်းသဖြင့် နယ်မြို့သို့ ခေတ္တပြန်နေကြောင်း သိခဲ့ကြသည်။

ထိုသို့သော အဖြစ်အပျက်များ ဖြစ်ပွါးနေစဉ်အတွင်း ပန်းဝတ်မှုံ၏ မိခင်မှာ တစ်ခုတည်းသော အိမ်မက်ကို ထပ်မံမြင်မက်ပြန်သည်။ အိမ်မက်ထဲတွင် ပန်းဝတ်မှုံသည် ရပ်ကွက်တစ်ခု၏ မြေနီလမ်းတစ်တွင်းသို့ ခေါ်ဆောင်သွားလေ့ရှိပြီး တစ်ထပ်ပျဉ်ထောင်အိမ်ဝင်းတွင်းရှိ ဗံဒါပင်တစ်ပင်ရှေ့အရောက် မိခင်ကို ကြည့်၍ “သမီးကိုလာခေါ်ပါ မေမေ” ပြောနေခြင်းကို နေ့စဉ်ရက်ဆက် မက်နေပါသည်။ မြို့နယ်ရဲများကို ပြောပြသောအခါ ဖြစ်နိုင်ချေရှိသော လမ်းများကို ရှာဖွေကြလေသည်။ သို့ပါသော်လည်း ဘယ်လိုမှ သဲလွန်စရှာမတွေ့ကြပေ။ တစ်လခန့်ကြာသောအခါ အိမ်မက်ထဲက လမ်းနှင့်ဆင်ဆင်တူသော လမ်းတစ်ခုကို ရှာတွေ့ကြလေသည်။ လမ်းထဲသို့ လမ်းလျှောက်ဝင်ကြပြီး အိမ်တစ်လုံးရှေ့ရောက်သောအခါ ညှီနံ့များ စတင် ရရှိလေသည်။ ထိုအိမ်သည် သရက်ပင် ကုက္ကိုပင်တို့နှင့် အိမ်မျက်နှာစာကို ဖုံးအုပ်လျှက်ရှိပြီး အိမ်ထဲသို့ သဲကွဲစွာ မမြင်ရပေ။ ရပ်ကွက်လူကြီးနှင့် အိမ်နီးနားချင်းများကို မေးသောအခါ အရပ်လက်သည်တစ်ယောက်အိမ်ဖြစ်ကြောင်းသိကြရသည်။
ထို့ကြောင့် အိမ်တွင်းသို့ သက်ဆိုင်ရာရပ်ကွက်လူကြီးများနှင့် ရဲအရာရှိတို့သည် အိမ်ရှင်ကို ခေါ်၍ မေးမြန်းစစ်ဆေးကြသည်။ ဤသို့စစ်မေးချိန် ခြံထဲရှိသော ခွေးနက်တစ်ကောင်သည် ပန်းဝတ်မှုံ၏ မိခင်ကို ထိုးထိုး၍ ဟောင်လေသည်။ ထိုနောက် ခြံနောက်ဘက်သို့ ပြေးဝင်သွားပြန်သည်။ အိမ်ရှေ့အိမ်နောက် ပြေးဝင်ပြေးထွက် ယောက်ယက်ခတ်နေသော ခွေးကို အိမ်ရှင်ဒေါ်ကြိုင်၏ ယောက်ျားက တခြားခွေး လာဟောင်နေတာပါဟု ဆိုကာ ခွေးကို မောင်းထုတ်သည်။ ခွေးသည် ဘယ်လို မောင်းမောင်း ဟောင်မြဲဖြစ်သည်။ ရဲများလည်း မသင်္ကာဖြစ်လာကာ ခွေးပြေးဝင်သွားတဲ့နောက်သို့ လိုက်ကြလေသည်။ ခွေးနက်သည် အိမ်နောက်ဘက် ဗံဒါပင်အောက်သို့ သွားပြီး မြေကြီး လက်နှင့် ကုတ်လိုက် လူများကို ဟောင်လိုက် အလုပ်ရှုပ်နေတော့သည်။

အပိုင်း(၇)
“ဟီး ဟီး ကျုပ် ကျုပ် တမင်သတ်တာ မဟုတ်ရပါဘူး၊ ကောင်မလေးကြည့်ရတာ အစတည်း မဟန်မှန်းသိလို့ သူနဲ့ ပါလာတဲ့ ကောင်လေးကို ပြောပါသေးတယ်၊ ဆေးရုံသွားဖို့။ သူက ဆက်ပြီး ကြိုးစားခိုင်းတာပါ။ ကျုပ်လက်နဲ့ နှိုက်ပြီး ကလော်လိုက်ချိန်မှာ သားအိမ်ပြုတ်ထွက်သွားပြီး သွေးလွန် သေသွားတာပါတော်။ ကျုပ်လည်း အပြင်ထွက်လာတော့ ကောင်မလေး ခေါ်လာတဲ့ ကောင်လေးမရှိတော့ဘူး၊ ပိုင်ရှင်မသိ ပိုင်ရှင်မရှိတဲ့ လူသေကို ကျုပ်တို့ ဘယ်ကို အကြောင်းကြားရမလဲ။ ပြီးတော့ ကျုပ်တို့လည်း တရားခံ အစစ် မဟုတ်ပဲ အဖမ်းခံရမယ်။ ကောင်လေး နာမည်လည်း မသိရပါဘူး။ ကောင်လေး ခိုင်းလို့ လုပ်ရတာ ဟီး ဟီး”

ရဲများက အသင့်ယူဆောင်လာသော မောင်အေးရွှေ၏ ဓာတ်ပုံကို ပြသောအခါ အရာအားလုံးသည် ဝမ်းနည်းဖွယ် ကြေကွဲဖွယ်။ ပန်းဝတ်မှုံ၏ မိခင်သည်လည်း သမီးကို လာခေါ်ပြီလေ သမီးရေဟုဆိုကာ ငိုကြွေးရင်း။

ထိခိုက်လွယ်တဲ့ ပန်းလေးတွေ မနွမ်းကြွေစေဖို့ လူသားတိုင်းမှာ တာဝန်ရှိပါတယ်။ တဒင်္ဂစိတ်ပျော်ရွှင်မှုကြောင့် အပြစ်မဲ့ပန်းကလေးများ မကြွေစေချင်ပါ။

လေးစားစွာဖြင့်
ခရစ္စတလ်

p.s ဖြစ်ရပ်မှန် ဇာတ်လမ်းကို မူရင်းနာမည်များ ပြောင်းထားပါသည်။ နာမည်တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ပါနော်။ စာအရေးအသားညံ့ဖျင်းသော ခရစ္စတလ်၏ ဆိုက်ကို အလည်လာပေးကြတဲ့ မိတ်ဆွေများကို အားနာစွာနဲ့ ကျေးဇူးတင်ရှိပါကြောင်း။

10 comments:

mstint said...

ပညာပေးဇာတ်လမ်းလေးပဲ ခရစ္စတလ်ရေ။ မိန်းကလေးဆိုတာ အင်မတန်
ယုံလွယ်တဲ့သူတွေဖြစ်သလို လူလည်
ယောက်ျားလေးတွေကလည်း အညှာလွယ်တဲ့ မိန်းကလေးတွေရဲ့ ပျော့ကွက်ကို သိကြတယ်လေ။
သူတို့ တစ်ချက် သတိမထားမိတာက အရာရာဟာဆိတ်ကွယ်ရာ မရှိဘူးဆိုတာကိုပဲပေါ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

rose said...

Very touching and interesting story. Poor PanWuttHmone :( I don't like those kind of men who decieve girls and want to have so many girls.

Angelhlaing(May everybody be happy and healthy! said...

ရင်ထဲကို နင့်လို့ပါပဲ ခရစ္စတလ် :( အမျိုးသမီးတိုင်း ထိုသို့သော ဘဝတွေမှ ကင်းလွတ်နိုင်ကြပါစေလို့ ဆုတောင်းမိတယ်......

မဒမ်ကိုး said...

အရမ်းကောင်းတယ်မမ ထမင်းစားရင်းနဲ့ဇွန်းတန်းလန်းနဲ့ကိုမျောသွားတယ်
အဲလိုကြွေလွင့်သွားတဲ့ပန်းကလေးတွေအများကြီးလူမသိသူမသိရှိနေကြတယ် .
သူများနိုင်ငံရဲ့ယဉ်ကျေးမှု့ကူးစက်ရောဂါကနေ အသက်တွေအရှက်တွေ ဘ၀တွေပေးပစ်နေကြရတယ်

ပညာပေးကိုပေးသင့်ပါတယ်...

ချစ်တဲ့

မဒိုးကန်

ညယံ said...

ဖတ်ပြီးစိတ်မကောင်းလိုက်တာ..ဘာပြောရမှန်းတောင် မသိဘူး. :(

Anonymous said...

အဟင့်..၀မ်းနည်းလိုက်တား(
ဘယ်သူ့ကိုအပြစ်တင်ရမှန်းတောင်မသိတော့ဘူး။
ကျောင်းမှာလည်း.ဒီလိုဇာတ်လမ်းဆင်တူတွေ
မကြာခဏပဲအစ်မရေ..။
ဒီလိုယောင်္ကျားမပီသတဲ့သူတွေကြောင့်ခက်ကုန်တာ။
တော်ပါဘီ .. :P

ချစ်ခင်လျှက်
မိစံ

summer said...

လူငယ်တွေ အသိတရားတခု သတိထားပြီးဆင်ခြင်သင့်ပါတယ် အထူးသဖြင့် မိန်းကလေးများ ပိုပြီးသတိထားသင့်ပါတယ်..

jasmine(တောင်ကြီး) said...

ပညာပေးလေးဖတ်ရတာဝမ်းနဲဖို့ကောင်းလိုက်တာနော် မသေသင့်ပဲ သေခဲ့ရတယ် အော် အချစ်အချစ်
နောင်မိန်းကလေးအားလုံးဒီလိုအဖြစ်မျိုးတွေမဖြစ်ပါစေနဲ့ကွယ်
ချစ်တဲ့ jasmine

Anonymous said...

စာတွေဖတ်ရတိုင်း ၀မ်းနည်းရတာများတယ် တခါတလေ ၀မ်းသာစရာလေးများ ရေးပေးပါလား (သနားသဖြင့် စာဖတ်သူကို) :)

တွတ်တွတ် said...

နှမချင်းမစာနာတဲ့..ဟိုခွေးလိုကောင်ကိုပဲဒေါဖေါင်းရမလား.....အရိုးခံအတိုင်း.ချစ်မိတဲ့..ကောင်မလေးကိုပဲ.သနားရမလား..မဆိုတတ်အောင်ပါပဲဗျာ..ခုလိုအချစ်ကိုခုတုန်းလုပ်ပြီး...ဂွင်ရိုက်နေတဲ့..လူလွန်မသားတွေလဲ..အများသားမို့....မိန်းကလေးတိုင်း..အငိုက်မမိအောင်လို့..ကိုယ့်ကိုကိုယ်ပဲ.ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေဗျာ