သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........
Showing posts with label ဘဝစာပေ. Show all posts
Showing posts with label ဘဝစာပေ. Show all posts

Tuesday, February 14, 2012

“သမီးကိုလာခေါ်ပါ ...မေမေ”

အပိုင်း(၁)
ဆောင်းလွန်နွေကူးကာလသည် အေးသည်လည်း မဟုတ် ပူသည်လည်း မမည်။ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးတခုရှိ တက္ကသိုလ်ကျောင်းဝင်းအတွင်း ကျောင်းသားကျောင်းသူတို့ ပန်းရောင်နဲ့ ဆက်စပ် ပတ်သက်သော လက်ဆောင်ပစ္စည်းထုပ်လေးများ၊ ချောကလက်ဗူးငယ်များ၊ ပန်းစည်းများ စသည်တို့ကို  ကိုင်ဆောင်လျှက် သွားသွားလာလာရှိနေကြပါသည်။ ယနေ့သည် အနောက်တိုင်းများမှ လေအဝှေ့တွင် ပါလာသော ဗာလင်တိုင်းနေ့ဖြစ်ပါသည်။


ကျောင်းသားကျောင်းသူလေးများသည် အပျံသင်စ ငှက်ငယ်လေးအသွင်ရှိလျှက် အရာရာစူးစမ်းသော တတ်သိနားလည်လိုသော စိတ်တို့နှင့် သွက်လက်နိုးကြားနေကြပါသည်။ လူသား သတ္တဝါတို့ဖြစ်သည့်အလျောက် အမျိုးမျိုးသော အကျင့်စရိုက်၊ ဝါသနာနှင့် လူနေမှုအဆင့်အတန်းအမျိုးမျိုးပိုင်ဆိုင်ကြပါသည်။ နုပျိုသော အရွယ်၊ တက်ကြွသောစိတ်တို့ဖြင့် လန်းဆန်းသော ပန်းကလေးများပမာ မြင်ရသည်မှာ ရွှင်လန်းစရာဖြစ်ပါသည်။

မောင်အေးရွှေသည် နယ်မြို့ကလေးတစ်ခုမှ ဆန်စက်၊ ဆီစက်များပိုင်ရှင်၏ တစ်ဦးတည်းသော သားလေးဖြစ်ပါသည်။ မိဘများက ကြွယ်ဝချမ်းသာ သားကလေးတစ်ဦးတည်း ရှိသည့်အတွက် အလိုလိုက် အကြိုက်ဆောင်ကြသည်မှာ သဘာဝဖြစ်ပါသည်။ ငယ်စဉ်ကပင် ပူပင်သောကကင်းဝေးလို့ လိုတိုင်းရနေသော ဘဝတွင် ဝါသနာဆိုးလေးတစ်ခုဖြင့် ပျော်မွေ့နေသူဖြစ်သည်။ အတိတ်ကံပါရမီလေးကြောင့် မျက်နှာချို အပြောကောင်းသော မိန်းကလေးများ စိတ်ဝင်စားတတ်သည့် မောင်အေးရွှေသည် ဆယ်တန်းအောင်ပြီး တက္ကသိုလ်ကျောင်းသားဖြစ်နေသည်မှာ ဒုတိယနှစ်ပင် ရောက်နေပြီဖြစ်သည်။

ပန်းဝတ်မှုံ၏ မိဘများသည် အစိုးရဝန်ထမ်းများဖြစ်သည့်အလျောက် မြို့ရွာအနှံ့ကျောင်းတက်ခဲ့ရပါသည်။ ပန်းဝတ်မှုံတစ်ယောက် ယခုနှစ်တွင် မိဘများ တာဝန်ကျရာ နယ်မြို့နှင့် အနီးဆုံး တိုင်းဒေသတက္ကသိုလ်တစ်ခုသို့ တက္ကသိုလ်ပထမနှစ် တက်ရောက်လျှက်ရှိပါသည်။ အစိုးရဝန်ထမ်းများ၏ သားသမီးဖြစ်တာကြောင့် အရာရာစည်းကမ်းများနှင့် နေထိုင်လာခဲ့သော်လည်း ပတ်ဝန်းကျင်ဗဟုသုတနည်းပါးသော ပန်းဝတ်မှုံသည် လောကအကြောင်း နားမလည်၊ သဘာဝအကြောင်း နားမလည်၊ လူ့ပတ်ဝန်းကျင် အကြောင်းမသိခဲ့။ မိဘများ အပ်ပေးသော အဆောင်တွင် နေထိုင်ပြီး တက္ကသိုလ်ကျောင်းသူဘဝသို့ ရောက်ခဲ့ပါသည်။ ထိုအပြစ်ကင်းစင်သော ထိုမိန်းကလေး၏ တစ်ခုတည်းသော အပြစ်မှာ ရိုးလွန်းခြင်းသာဖြစ်ပါမည်။

ဘဝဇာတ်ခုံပေါ်တွင် ကံဇာတ်ဆရာ၏ ခိုင်းစေမှုကြောင့် ဆိုရမည်လား၊ ပန်းဝတ်မှုံ၏ အတိတ်ကံဝဋ်ကြွေး ဆပ်ချိန်တန်ခဲ့လေသလားမသိ။ တစ်ခုသော Valentine နေ့တွင် အစပျိုးခဲ့ပါသည်။

အပိုင်း(၂)
မင်းမင်း ။    ။ ဟေ့ကောင် အေးရွှေ ရည်းစားများတာလည်း များတာပေါ့၊ Aကိုက်နေအုံးမယ်ဟေ့ 
အေးရွှေ ။    ။ ပူမနေပါနဲ့ကွာ၊ “ဘိ”တွေမှာ မသေချာတဲ့ အစင်လေးတွေ ကျောင်းထဲမှာတော့ ပေါပါ့ကွာ။ ရှာနိုင်ရင် ရပါတယ် ဟဲ ဟဲ

မင်းမင်း ။    ။ ဟေ့ကောင်ရေ ရှုပ်တာလည်း ရှုပ်ပေါ့၊ မယုတ်မာပါနဲ့ကွာ။ ကျောင်းတက်နေကြတဲ့ ကျောင်းသူတွေက မိကောင်းဖခင် သမီးတွေပါဟာ။
အေးရွှေ ။    ။ ကံပေါ့ဟ။ သူတို့က မသိနားမလည်၊ သဝန်တို စိတ်မချဖြစ်တာတွေလည်းရှိနဲ့ ဒီလိုဂွင်လေးမှာ စိတ်ချရအောင် ငါက စောင့်ရှောက်နေရတာပါ။ တကယ်ဆို ငါ့မှာ တာဝန်တောင် ကြီးသေးတယ်ဟ။

မင်းမင်း ။    ။ မင်းတို့ခေတ်ပဲလေ၊ ဒီနေ့ရော ဘာစီစဉ်ရှိသေးလဲကွ
အေးရွှေ ။    ။ အရိုးခံလေးတစ်ယောက်ကို ရထားတယ်၊ လောလောဆယ် ဒါလေးနဲ့ပေါ့ကွာ ဟ ဟ

မင်းမင်း ။    ။ ကြာကြာစားမယ့် သွား အရိုးကြည့်ရှောင် ဟေ့ကောင်
အေးရွှေ ။    ။ လစ်ပြီကွာ တော်ကြာ စောင့်ရတာကြာလို့ စိတ်ကောက်နေအုံးမယ် ဟား ဟားးးး


အပိုင်း(၃)
သူငယ်ချင်းအပေါင်းအသင်းနည်းပါးသော ပန်းဝတ်မှုံသည် ချစ်သူသည် ယုံကြည်ရာ အားထားရာဖြစ်ခဲ့ပါသည်။ ချစ်သူပြောသမျှ အားလုံး အဟုတ်ထင်၊ ချစ်သူခေါ်ရာ လိုက်၊ ချစ်သူကျွေးသမျှ စားကာ လောကတွင် ချစ်ခြင်းတို့ဖြင့် တက္ကသိုလ်ကျောင်းသူဘဝတွင် အပျော်လွန်လျှက်ရှိနေလေပြီ။ ဤသို့နှင့် သွားလာ လည်ပတ်ကြရင်း (၆)လခန့်ကြာသော ပန်းဝတ်မှုံတစ်ယောက် အစားမစားချင်၊ အစားစားလည်း အန်သည့်အပြင် ဝမ်းဗိုက်ကလေးပင် အတန်ငယ်ဖောင်းလာလေသည်။ မိန်းကလေးအထာညက်နေသော မောင်အေးရွှေသည် လမ်းတစ်ခု၏ ချောင်ကျသော ဆေးခန်းသို့ ပန်းဝတ်မှုံကလေးကို တိတ်တဆိတ်ခေါ်ဆောင်ကာ သေချာအောင် ဆရာဝန်ထံတွင် စစ်ဆေးစေ၏။ ရာသီပန်းမပွင့်သည်မှာ သုံးလကျော်နေပြီဖြစ်သော ပန်းဝတ်မှုံတွင် ကိုယ်ဝန်သုံးလ ပိုက်မိနေပြီဖြစ်သည်။ ပန်းဝတ်မှုံတစ်ယောက် မျက်ရည်တွေကြားမှ မျက်နှာပျက်နေသော ချစ်သူ မောင်အေးရွှေကို တလှည့် ဆရာဝန်ကို တလှည့်ကြည့်မိနေပါသည်။ ဆေးခန်းမှ ပြန်လာပြီး လမ်းတွင်တွေ့သော ကွမ်းယာဆိုင်မှ နာမည်ကြီး အမျိုးသမီးရာသီသွေးပေါ်စေသော မြန်မာဆေးထုပ်များကို ဝယ်ကာ ပန်းဝတ်မှုံကို သောက်ရန် သေချာညွှန်ကြား၏။ ကျောင်းမပြီးခင် မိဘတွေ ဖွင့်ပြောပြီး အိမ်ထောင်ပြုပါလျှင် ဝေးကြရမည်ကို အကြောင်းပြလို့ မလိုလားသော ကိုယ်ဝန်ကို ရှောင်ရန် ပန်းဝတ်မှုံအား ဖျောင်းဖျပါတော့သည်။

ပြဿနာဆိုသည်မှာ တစ်ခုတည်း မလာတတ်သော သဘောရှိသည့်အတွက် သွေးပေါ်ဆေးများ သောက်မိသော ညတွင် သွေးဆင်းများခြင်းကိုပန်းဝတ်မှုံ သတိပြုမိလေသည်။ ထို့အတွက် မနက်တွင် ခေါင်းမူးမူးနှင့် မောင်အေးရွှေတို့ အဆောင်သို့ လိုက်လာပြီး အကျိုးအကြောင်း ပြောပြကာ ဆေးခန်း သွားလိုကြောင်း ပြောရှာသည်။ မောင်အေးရွှေသည် ခိုးထုပ်ခိုးထည်နှင့် လူမိမည်စိုးသဖြင့် သွားဖူးသော နေရာတစ်ခုကို သူ့ချစ်သူ မအူမလည်လေးကို ခေါ်ဆောင်သွားတော့သည်။

အပိုင်း(၄)
အရပ်လက်သည် ဒေါ်ကြိုင်သည် ထိုသို့သော ကိစ္စများကို ကျွမ်းကျင်နိုင်နင်းပါသည်။
“ကလေးတို့ ဘာဖြစ်ချင်လဲ၊ ဖြစ်ချင်တာကိုပြော အဒေါ် အတတ်နိုင်ဆုံး သက်သာအောင် လုပ်ပေးမယ်။ နည်းတွေကတော့ များတယ်၊ အခုက သွေးဆင်းနေပြီဆိုတော့ လုပ်ရတာ မခက်ဘူး။ ခါတိုင်းတော့ သွေးမဆင်းခင်လာကြတာဆိုရင် ကျောက်ပြင်နဲ့ ဖိချတာတို့  ဗိုက်ပေါ်တက်နင်းပေးတာတို့၊ သင်္ဘောရွက်နဲ့ မွှေပေးတာလည်း ရှိပါတယ်။ အခုက သွေးဆင်းတာ ဗိုက်ထဲက အပိုင်းအစတွေ မကျန်အောင်လုပ်ရမယ်နော်။ အပိုင်းအစတွေ ကျန်ရင်လည်း အပုပ်ဆန်ပြီး သေတတ်တယ်အေ့။ မိန်းမဆိုတာ ဒီလိုကိစ္စတွေမှာ ပေါ့လို့မရဘူး။ လက်နဲ့ နှိုက်ထုပ်ရင်တော့ နာမယ်၊ ကလေးမလေး ခံနိုင်ရင်တော့ လုပ်ပေးပါ့မယ်။ ဒါမှ မဟုတ် သူ့ဖာသာ ထွက်ကျလာတာ စောင့်မလား။ ကလေးမလေး ကြည့်ရတာ သွေးဆင်းများလို့ အားနည်းနေသလိုပဲနော်” ဟု ပြောဆိုပြီး ဆေးလိပ်တိုတစ်လိပ်ကို အားရပါးရ ဖွာရှိုက်လျှက်ရှိသည်။

မိန်းကလေးသည် အားနည်းခြင်းကြောင့်လည်းကောင်း ဗိုက်အောင့်ခြင်းကြောင့်လည်းကောင်းစကားပင် သိပ်မပြောနိုင်တော့သည့်အတွက် မောင်အေးရွှေလက်ကို ကိုင်၍ မိန်းနေလေသည်။ မောင်အေးရွှေသည် ဖြူဖျော့နေသော ပန်းဝတ်မှုံကို ကြည့်ပြီး ကြံရာ မရဖြစ်ကာ “အဒေါ်ကြီး ကောင်းမယ်ထင်ရာ ကြည့်လုပ်လိုက်ပါ၊ ကျွန်တော်ကတော့ ထူပူနေပြီ၊ အရင်ခေါ်လာတဲ့သူတွေတုန်းက ဒီလိုမဖြစ်ပါဘူး” ခေါင်းကုတ်ခါသာ နေတော့သည်။

“ဒါဆိုလဲ ကလေးမလေးကို ကြာကြာခံမနေရအောင် နှိုက်ထုတ်ပေးလိုက်မယ်၊ ဒါပေမယ့် တစ်ခုတော့ ရှိတယ်ဟေ့ နောင်ပြဿနာဘာဖြစ်ဖြစ် ကျုပ်နဲ့ မဆိုင်ဘူးနော့၊ ကောင်လေး - နင့်တာဝန်နော် ပြောလိုက်ပါရဲ့အေ၊ ကိုင်းးးး အဘိုးကြီးရေ ရေနွေးပြင်၊ ဟဲ့ကောင်လေး ...ကလေးမကို အထဲခန်းထဲ သွင်းလိုက်။ ငွေငါးသောင်းတော့ ပေးရမယ်ဟေ့နော့”

“အဲဒီ အဒေါ်ကြီးက ဘာလုပ်မှာလဲ ကြောက်တယ် မောင်ရယ်
မလုပ်ဘူးနော် ပြန်ကြရအောင် အမေတို့ဆီ ပြန်မယ်လေ”

“မဖြစ်ပါဘူး “ပန်း”ရာ၊ ဒီကိစ္စ အေးသွားအောင် ဒီလိုပဲ လုပ်ရတော့မှာပဲ၊ ဒီကိစ္စတွေမှာ အဒေါ်ကြီးက ကျွမ်းကျင်တယ် ၊ ခဏလေးပဲ နာမှာပါ၊ တပတ်လောက်ဆို အရင်လို ပျော်ပျော်ကြီး ပြန်နေနိုင်မယ်လေ၊ ဝင်သွားလိုက်ပါကွာ။ မောင် အပြင်က စောင့်နေမယ်လေ။ ပြီးရင် ကမ်းခြေဘက်သွားပြီး တစ်ပတ်လောက် နားနေကြတာပေါ့။ အခုလိုအောင့်နေတာ ကြာရင် မကောင်းဘူး။ လုပ်လိုက်ပါ ပန်းကလေးရာနော် လိမ္မာပါတယ်ကွာ”

“ဒါဆို ဘယ်မှ မသွားနဲ့နော်၊ အပြင်မှာ စောင့်နေနော်” မျက်ရည်များကြားက စောင့်နေဖို့ ပြောရင်း အခန်းတွင်း ဝင်သွားသော ပန်းဝတ်မှုံသည် ကြောက်ရွံ့နေရှာပါသည်။ တစ်နာရီအတွင်း ပန်းဝတ်မှုံ၏ အော်သံ၊ လက်သည်အဘွားကြီး၏ ငေါက်ငမ်းသံများအပြီးတွင် “ဟေ့ ကောင်လေး နင့်ကောင်မလေး အခြေအနေ မကောင်းတော့ဘူး၊ အချင်းက လိုက်မလာဘူး ကပ်နေတယ်၊ အားကလည်း အရမ်းကို နည်းနေပြီ၊ အခု သတိလစ်သွားပြီ၊ ဆေးရုံပို့မလား” မောင်အေးရွှေတစ်ယောက် ခေါင်းကို တွင်တွင်ခါရမ်းပြီး “မဖြစ်ဘူးဒေါ်ကြီး မဖြစ်ဘူး ပြဿနာတွေ တက်ကုန်တော့မှာပဲ ဒေါ်ကြီးပဲ သတိရအောင် ဆက်လုပ်ပါ၊ လုပ်ကြည့်ပါအုံးဗျာ၊ ဒုက္ခပါပဲ ဘာတွေ ဖြစ်နေမှန်းကို မသိဘူး” ပြောလိုက်သောအခါ သက်ပြင်းတစ်ချက်ချပြီး မျက်စောင်းထိုး၍ ဒေါ်ကြိုင်ကြီး အတွင်းခန်းထဲသို့ ပြန်ဝင်သွားတော့သည်။ မောင်အေးရွှေတစ်ယောက် ခေါင်းမီးတောက်ကာ ကြံရာမရသည့် အဆုံး လက်သည်ဒေါ်ကြိုင်အိမ်မှ အမြန်ဆုံး ထွက်ခွါသွားပါတော့သည်။

အပိုင်း(၅)
မနက်အိပ်ယာမှ ထလာသော ပန်းဝတ်မှုံ၏ မိခင်သည် အိမ်မက်ထဲတွင် တစာစာ အော်ခေါ်နေသော သမီးကို မြင်ရလေသည်။ ညိုးနွမ်းနေသော မိန်းကလေးတစ်ယောက်၏ အသွင်နှင့် တစာစာအော်ခေါ်နေသာ မိန်းကလေးသည် သူတို့၏ သမီးလော။ ဘာကြောင့်မှန်းမသိသော စိတ်တို့သည် လေးလံလျှက်ရှိပါသည်။ ခုတလော အခါမဟုတ် ခွေးတို့သည် အူလိုက်သမှ နေ့ရော ညရော။ “အဖေကြီး တော့သမီးဆီ ဖုန်းဆက်ကြည့်စမ်းပါအုံး ကျမ အိမ်မက်တွေ မကောင်းဘူး၊ စိတ်ထဲမှာလည်း လေးနေတယ်ရှင်” ပန်းဝတ်မှုံ၏ ဖခင်သည် မျက်မှန်ကို တချက်ပင့်လျှက် ဇနီးသည်အား အကဲခတ်လိုက်လေသည်။ အခုရက်ပိုင်းတွင် သူသည်လည်း သမီးကို ထူးဆန်းစွာ မကြာခဏဆိုသလို သတိရနေသည်။ ထို့ကြောင့် သမီးနေထိုင်ရာ တက္ကသိုလ်ကျောင်းနားက အပြင်ဆောင်သို့ ဖုန်းခေါ်လိုက်ပါသည်။ အဆောင်ဖုန်းဆိုသည့်အတိုင်း ခေါ်တိုင်းမရ၊ စိတ်ပူနေ၍သာ ဆက်ရသည် အခါတိုင်းဆို သမီးကချည်းသည် တစ်ပတ်တစ်ခါ ဖုန်းဆက်တတ်ပါသည်။
“ဟော ရပြီ၊ ဟလို -----အဆောင်က မဟုတ်လား၊ အခန်းနံပါတ် ----က မပန်းဝတ်မှုံနဲ့ စကားပြောချင်ပါတယ် ခင်ဗျာ၊ ကျွန်တော် သူ့အဖေပါ”

“ဟုတ်ကဲ့ ဦး၊ မပန်းဝတ်မှုံ အဆောင်ပြန်မအိပ်လို့ တက္ကသိုလ် သူ့မေဂျာက ဆရာဆရာမတွေကို ဒီနေ့ပဲ အဆောင်မှုးက အကြောင်းကြားထားပါတယ်။ သမီးတို့က ဦးလေးတို့ဆီ ပြန်သွားတယ် ထင်နေကြတာပါ”

“ဟုတ်လား၊ ပြန်ရောက်မလာပါဘူးကွယ်၊ ဘယ်လောက်ကြာပြီ”

“တပတ်ရှိပြီ ဦးလေး”

“ဟေ   ဒါဆို ဦးလေးတို့ သမီးပျောက်နေတာလား၊ တခုလောက်ကွယ် ကလေးတို့များ သူနဲ့ ပတ်သက်တာ ဘာသိထားကြလဲ ဦးလေးကို ပြောပြပါအုံး”

“သမီးတို့ကတော့ သိပ်မရင်းနှီးပါဘူး၊ ဦးလေး။ သူနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်တော့ ရှိတယ်၊ သူကလည်း ရွာပြန်နေတယ်၊ ပြန်လာတော့မလားမသိဘူး၊ သူဆိုရင်တော့ သိနိုင်မယ်ထင်တာပဲ”

“အေး အေး ဟုတ်ပြီကွယ်၊ အဆောင်မှုးကို ပြောပေးပါ ဦးလေးတို့ အခု ထွက်လာမယ်၊ အကျိုးအကြောင်း သိချင်ပါတယ်လို့ ကွယ်နော်”


အပိုင်း(၆)
တက္ကသိုလ်မှ ဆရာ ဆရာမများ၊ အဆောင်မှုး၊ ရဲစခန်းနှင့် ပန်းဝတ်မှုံမိဘများသည် လူပျောက်စုံစမ်းလျှက်ရှိကြပါသည်။ ရွာကို ပြန်နေသော ပန်းဝတ်မှုံ၏ သူငယ်ချင်းပြန်ရောက်လာသောအခါ ပန်းဝတ်မှုံတွင် ချစ်သူရည်းစားတစ်ယောက်ရှိကြောင်း ကောင်လေး၏ နာမည်မှာ မောင်အေးရွှေဖြစ်ကြောင်းသိရပြန်သည်။ မောင်အေးရွှေကို လိုက်ရှာကြသောအခါ လွန်ခဲ့သော တစ်ပတ်ကျော်ကပင် သူ့မိဘနေမကောင်းသဖြင့် နယ်မြို့သို့ ခေတ္တပြန်နေကြောင်း သိခဲ့ကြသည်။

ထိုသို့သော အဖြစ်အပျက်များ ဖြစ်ပွါးနေစဉ်အတွင်း ပန်းဝတ်မှုံ၏ မိခင်မှာ တစ်ခုတည်းသော အိမ်မက်ကို ထပ်မံမြင်မက်ပြန်သည်။ အိမ်မက်ထဲတွင် ပန်းဝတ်မှုံသည် ရပ်ကွက်တစ်ခု၏ မြေနီလမ်းတစ်တွင်းသို့ ခေါ်ဆောင်သွားလေ့ရှိပြီး တစ်ထပ်ပျဉ်ထောင်အိမ်ဝင်းတွင်းရှိ ဗံဒါပင်တစ်ပင်ရှေ့အရောက် မိခင်ကို ကြည့်၍ “သမီးကိုလာခေါ်ပါ မေမေ” ပြောနေခြင်းကို နေ့စဉ်ရက်ဆက် မက်နေပါသည်။ မြို့နယ်ရဲများကို ပြောပြသောအခါ ဖြစ်နိုင်ချေရှိသော လမ်းများကို ရှာဖွေကြလေသည်။ သို့ပါသော်လည်း ဘယ်လိုမှ သဲလွန်စရှာမတွေ့ကြပေ။ တစ်လခန့်ကြာသောအခါ အိမ်မက်ထဲက လမ်းနှင့်ဆင်ဆင်တူသော လမ်းတစ်ခုကို ရှာတွေ့ကြလေသည်။ လမ်းထဲသို့ လမ်းလျှောက်ဝင်ကြပြီး အိမ်တစ်လုံးရှေ့ရောက်သောအခါ ညှီနံ့များ စတင် ရရှိလေသည်။ ထိုအိမ်သည် သရက်ပင် ကုက္ကိုပင်တို့နှင့် အိမ်မျက်နှာစာကို ဖုံးအုပ်လျှက်ရှိပြီး အိမ်ထဲသို့ သဲကွဲစွာ မမြင်ရပေ။ ရပ်ကွက်လူကြီးနှင့် အိမ်နီးနားချင်းများကို မေးသောအခါ အရပ်လက်သည်တစ်ယောက်အိမ်ဖြစ်ကြောင်းသိကြရသည်။
ထို့ကြောင့် အိမ်တွင်းသို့ သက်ဆိုင်ရာရပ်ကွက်လူကြီးများနှင့် ရဲအရာရှိတို့သည် အိမ်ရှင်ကို ခေါ်၍ မေးမြန်းစစ်ဆေးကြသည်။ ဤသို့စစ်မေးချိန် ခြံထဲရှိသော ခွေးနက်တစ်ကောင်သည် ပန်းဝတ်မှုံ၏ မိခင်ကို ထိုးထိုး၍ ဟောင်လေသည်။ ထိုနောက် ခြံနောက်ဘက်သို့ ပြေးဝင်သွားပြန်သည်။ အိမ်ရှေ့အိမ်နောက် ပြေးဝင်ပြေးထွက် ယောက်ယက်ခတ်နေသော ခွေးကို အိမ်ရှင်ဒေါ်ကြိုင်၏ ယောက်ျားက တခြားခွေး လာဟောင်နေတာပါဟု ဆိုကာ ခွေးကို မောင်းထုတ်သည်။ ခွေးသည် ဘယ်လို မောင်းမောင်း ဟောင်မြဲဖြစ်သည်။ ရဲများလည်း မသင်္ကာဖြစ်လာကာ ခွေးပြေးဝင်သွားတဲ့နောက်သို့ လိုက်ကြလေသည်။ ခွေးနက်သည် အိမ်နောက်ဘက် ဗံဒါပင်အောက်သို့ သွားပြီး မြေကြီး လက်နှင့် ကုတ်လိုက် လူများကို ဟောင်လိုက် အလုပ်ရှုပ်နေတော့သည်။

အပိုင်း(၇)
“ဟီး ဟီး ကျုပ် ကျုပ် တမင်သတ်တာ မဟုတ်ရပါဘူး၊ ကောင်မလေးကြည့်ရတာ အစတည်း မဟန်မှန်းသိလို့ သူနဲ့ ပါလာတဲ့ ကောင်လေးကို ပြောပါသေးတယ်၊ ဆေးရုံသွားဖို့။ သူက ဆက်ပြီး ကြိုးစားခိုင်းတာပါ။ ကျုပ်လက်နဲ့ နှိုက်ပြီး ကလော်လိုက်ချိန်မှာ သားအိမ်ပြုတ်ထွက်သွားပြီး သွေးလွန် သေသွားတာပါတော်။ ကျုပ်လည်း အပြင်ထွက်လာတော့ ကောင်မလေး ခေါ်လာတဲ့ ကောင်လေးမရှိတော့ဘူး၊ ပိုင်ရှင်မသိ ပိုင်ရှင်မရှိတဲ့ လူသေကို ကျုပ်တို့ ဘယ်ကို အကြောင်းကြားရမလဲ။ ပြီးတော့ ကျုပ်တို့လည်း တရားခံ အစစ် မဟုတ်ပဲ အဖမ်းခံရမယ်။ ကောင်လေး နာမည်လည်း မသိရပါဘူး။ ကောင်လေး ခိုင်းလို့ လုပ်ရတာ ဟီး ဟီး”

ရဲများက အသင့်ယူဆောင်လာသော မောင်အေးရွှေ၏ ဓာတ်ပုံကို ပြသောအခါ အရာအားလုံးသည် ဝမ်းနည်းဖွယ် ကြေကွဲဖွယ်။ ပန်းဝတ်မှုံ၏ မိခင်သည်လည်း သမီးကို လာခေါ်ပြီလေ သမီးရေဟုဆိုကာ ငိုကြွေးရင်း။

ထိခိုက်လွယ်တဲ့ ပန်းလေးတွေ မနွမ်းကြွေစေဖို့ လူသားတိုင်းမှာ တာဝန်ရှိပါတယ်။ တဒင်္ဂစိတ်ပျော်ရွှင်မှုကြောင့် အပြစ်မဲ့ပန်းကလေးများ မကြွေစေချင်ပါ။

လေးစားစွာဖြင့်
ခရစ္စတလ်

p.s ဖြစ်ရပ်မှန် ဇာတ်လမ်းကို မူရင်းနာမည်များ ပြောင်းထားပါသည်။ နာမည်တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ပါနော်။ စာအရေးအသားညံ့ဖျင်းသော ခရစ္စတလ်၏ ဆိုက်ကို အလည်လာပေးကြတဲ့ မိတ်ဆွေများကို အားနာစွာနဲ့ ကျေးဇူးတင်ရှိပါကြောင်း။

Sunday, April 10, 2011

ဆေးမိတဲ့ နှင်းဆီ

ကျမတို့သူငယ်ချင်း နှင်းဆီတစ်ယောက် လူ့ဘဝကို မရောက်ခင် သူမကို ကိုယ်ဝန်လွယ်ထားစဉ်မှာပဲ ဖခင်ဖြစ်သူက နောက်အိမ်ထောင်ပြုပြီး အနောက်နိုင်ငံတစ်ခုကို ထွက်သွားပါပြီ၊ မိခင်ဖြစ်သူကလည်း သစ္စာမရှိတဲ့ ယောက်ျားရဲ့ ကလေးကို မမွေးမြူနိုင်ဘူးဆိုတဲ့ အသိနဲ့ သူမအမျိုးသား၏ အဖေ အမေတို့ လက်ထဲ မွေးကင်းစ ကလေးငယ်ကို အပ်ခဲ့ပြီး နိုင်ငံရပ်ခြားကို အပြီးတိုင် ထွက်သွားခဲ့ပြန်ပါတယ်။ ဒါကြောင့် နှင်းဆီ စကားပြောတတ်စအရွယ်မှာ အဘိုးနဲ့ အဘွားကို ဖေကြီး မေကြီး ခေါ်ဆိုရင်း ကြီးပြင်းခဲ့ရပါတယ်။ အဘိုးအဘွားများက စီးပွါးရေးအလွန်ကောင်းတဲ့အတွက် နှင်းဆီဘဝမှာ မိဘမေတ္တာမှ အပ ကျန်တာ အားလုံးပြည့်စုံသူတစ်ဦးဖြစ်ခဲ့ပါတယ်။ နှင်းဆီရဲ့ စိတ်ထဲမှာတော့ ပြည့်စုံမှုဆိုတာတွေထက် မိဘမေတ္တာကို ပိုလိုလားတောင့်တနေပါတယ်၊ ငတ်မွတ်နေပါတယ်။ တခြားတဖက်ကလည်း သူမ ဖခင်ကို စိတ်နာနေခဲ့ပါတယ်။ မသိစိတ်နဲ့ ယောက်ျားတွေကို နိုင်ထက်စီးနင်းပြောတယ်၊ သူ့ကြောင့် ယောက်ျားလေးတွေ အသည်းကွဲရင် သူမက ပျော်နေတယ်။ သူ့စိတ်ထဲမှာ ယောက်ျားတစ်ယောက်အတွက် ပတ်သက်ရင် ဘာခံစားမှုမှ မရှိအောင်နေခဲ့ပါတယ်။ သူမအသည်းခွဲဖို့ ပစ်မှတ်ထားတဲ့ ယောက်ျားတွေကို ကြည့်လိုက်ရင် ချမ်းသာသော၊ ရုပ်ချောသော၊ စာတော်သော ယောက်ျားတွေသာဖြစ်ပါတယ်။ 

မိဘမေတ္တာငတ်ခဲ့တဲ့ နှင်းဆီကို အဘိုးအဘွားများကလည်း အသနားပို အလိုလိုက်ခဲ့မိတာတွေကြောင့် သူတို့မှာ အပြစ်မကင်းဘူးဆိုပြီး ယူကျုံးမရဖြစ်ရပါပြီ။ ပတ်ဝန်းကျင်က ယောက်ျားလေးတွေကတော့ သူ့ကို ဝဋ်လည်တယ်လို့ ကဲ့ရဲ့ကြတာပေါ့။ 

စနေသမီးပီပီ ဒေါသခပ်ကြီးကြီး၊ လောကအလယ် စရောက်လာကတည်း ခံပြင်းစရာကောင်းတဲ့ မိဘမဲ့ဖြစ်ရတဲ့ ဘဝ။ မိဘမေတ္တာတွေရလို့ ပြည့်စုံနေတဲ့ သူမှန်သမျှ သူမ မကျေနပ်။ ယောက်ျားတွေရဲ့ စိတ်ကို ဘယ်တော့မှ ယုံကြည်မှုမရှိ၊ အထင်သေးမုန်းတီးစိတ်တွေက ရင်မှာ ကိန်းအောင်းနေပါတယ်။ ဒါကြောင့် သူ့လို ဒေါသကြီးသော ယောက်ျားတစ်ယောက်၏ လက်စားချေခြင်းကို ခံလိုက်ရတာပါ။ ကံဆိုးတဲ့ အဲဒီနေ့မှာ သူငယ်ချင်း“ဆောင်း”ရဲ့ အိမ်ကို စာအုပ်သွားပေးဖို့ လာခဲ့တော့ ဆောင်းတို့ တအိမ်လုံးအပြင်သွားနေကြပါတယ်။ အနီးအနားမှာ ခဏရပ်စောင့်ရင်း ဆယ်တန်းကျူရှင်တက်ခဲ့စဉ်က သူမကို အရိပ်သုံးပါးနားမလည်စွာ ရည်းစားစကားလိုက်ပြောသူရဲ့ အိမ်က ခပ်လှမ်းလှမ်းမှာ။ တကယ်ဆို သူမ ပစ်မှတ်ထားတဲ့ ယောက်ျားတွေက အသည်းကွဲလည်း သူတို့ဘဝကို သူတို့ ရပ်တည်နိုင်ပါတယ်၊ ဒီတစ်ယောက်ကျတော့ သူ့အမေက သတင်းစာအဟောင်းတွေလိုက်ဝယ်တဲ့ ဈေးသည်၊ မိဘကလည်း မပြည့်စုံ။ သူကလည်း စာမကြိုး၊ သူမကလည်း မချစ်နိုင်၊ ယောက်ျားယူဖို့လည်း စိတ်ကူးမရှိ၊ မတော်လို့ အသည်းကွဲသည်ရှိခဲ့သော ဒီလူပဲ ခံစားနေရမှာ။ ဒါကြောင့်သူမကို ဘယ်လိုမှ မချစ်နိုင်အောင် နစ်နစ်နာနာစကားလုံးများနဲ့ ပြောထားခဲ့ပါတယ်။ အဲဒီနောက်တော့ ကျူရှင်ကလည်း ပျောက်၊ ဆယ်တန်းလည်း မဖြေ၊ ဘယ်ရောက်နေမှန်းတောင် မသိ။ အခုမှ တိုက်တိုက်ဆိုင်ဆိုင် သူ့အိမ်ရှေ့မှာ ဘသားချောက အခန့်သားထိုင်လို့။ 

ကံတရားလို့ပဲ ဆိုရမလား၊ ကံဆိုးမသွားရာ မိုးလိုက်ရွာတာပဲလား။ 
အဖျားပျောက်ကာစ အားနည်းနေတဲ့အချိန်မှာ မိုးက ရွာတယ်၊ ထီးက မပါ၊ သူငယ်ချင်း“ဆောင်း”က ပြန်မလာသေး။ ဒီအချိန် သကောင့်သားလေးက သူ့အိမ်(ကျူးကျော်အိမ်ကလေး)ကို ဖိတ်ခေါ်ပြီး အိမ်ရှေ့မှာ ထိုင်စောင့်ဖို့ ဖိတ်လာပါတယ်။ နွမ်းပါးသူဆိုတော့ သူမကို စာနာသည်ဟု ထင်မှတ်ခဲ့ ယုံကြည်မိခြင်း၊ သူတို့အိမ်အနီးမှ အအေးပုလင်းဝယ်ယူတိုက်ခြင်းကို သောက်မိခြင်းက သူမဘဝ ပျက်စီးစေခဲ့ပါပြီ။ အအေးသောက်မိချိန်မှ စ၍ ခေါင်းထဲမှာ ပိုမူးလာပြီး အရာအားလုံးကို သိနေရက်နဲ့ ရုန်းကန်နိုင်စွမ်းအားကုန်နေပါတယ်။ သူမ အော်သော်လည်း အသံက မထွက်၊ မသိတချက် သိတချက်နဲ့။ သူမ နားထဲ ကြားနေတဲ့ စကားသံကတော့ “လူကြားထဲ အရှက်ခွဲတဲ့ ကောင်မ နင့်ကို လက်စားချေရမယ်”ဆိုတဲ့ အသံတွေပဲဖြစ်ပါတယ်။

သူငယ်ချင်း“ဆောင်း”ရောက်လာတဲ့အချိန်မှာတောင် သူမ ကောင်းကောင်း သတိမရသေး။ အဆိုးဆုံး အခြေအနေတွေ ရင်ဆိုင်ရချိန်မှာ သူမ မငိုနိုင်ပါ၊ ဘယ်သူ့ကိုမှလည်း အကူအညီမတောင်းလိုပါ။ သူမ ဘာဆက်လုပ်ရမလဲ၊ သူမ ဘယ်လိုရင်ဆိုင်မလဲ။ သူမ ဖြစ်ပြီးတဲ့ အဖြစ်အပျက်များကို စဉ်းစားရင်း ဆုံးဖြတ်ချက် တစ်ခုက သေချာခဲ့ပြီ။ 

ဆရာဝန်ထံ ဆေးစစ်ချက်ယူပြီး ဆရာဝန်နဲ့ တိုင်ပင်၊ မိန်းကလေးတစ်ဦး၏ ကိုယ်ဝန်ရရန် အချိန်နဲ့ တိုက်ဆိုင်နေချိန်။ ရာဇဝတ်သားရဲ့ မိခင်က ရှိခိုးမတတ်တောင်းပန်မှု၊ မမြင်ရသေးသော လူဖြစ်လာတော့မယ့် အပြစ်မရှိတဲ့ ကလေးငယ်အတွက် လောကဓံကို အန်တုလို့ ဒီလူကို မြို့နယ်တရားရုံးမှာပဲ လက်ထပ်ခဲ့ပါတယ်။ ရဲစခန်းမှာ သူမ ကိုယ်တိုင် အမှုဖွင့်တိုင်ကြားခဲ့တာကိုလည်း အမှုပိတ်လိုက်ပါတယ်။ မမြင်ရသေးတဲ့ ရင်သွေးငယ်အတွက် မိခင်တယောက်ရဲ့ စိတ်၊ မိမိရဲ့အဖြစ်တို့နဲ့ ကိုယ်ချင်းစာမိကာ ငါ့ရင်သွေးမှာ မိဘမဲ့မဖြစ်စေရဘူးဆိုတဲ့ အသိတွေကပဲ ပတ်ဝန်းကျင်၏ ကဲ့ရဲ့ပြစ်တင်ဝေဖန်မှုတွေကို အန်တုနိုင်ခဲ့ပါတယ်။ 
(သူမ ဒီလိုဆုံးဖြတ်လိုက်တာကို သိရတော့ နဂိုကတည်းက ကျမက သူမရဲ့ စာတော်တာတွေ ထက်မြက်တာတွေကို အားကျနေတာ၊ အခု မမြင်ရသေးတဲ့ရင်သွေးအတွက် ရဲဝံ့တဲ့ မိခင်စိတ်ဓာတ်ကို လေးစားမိတာ မျက်ရည်တောင် ဝဲမိပါရဲ့။)

ငါးနှစ်ခန့်ကြာသော်....။

နှင်းဆီတစ်ယောက် သမီးငယ်လေးကို လက်ဆွဲလို့ စီးပွါးရေးကို ရုန်းကန်ရင်း ဘဝတိုက်ပွဲကို ကြံ့ကြံ့ခံ အန်တုဖြတ်ကျော်ခဲ့ပါတယ်။ သူ့ယောက်ျားကတော့ ကလေးတစ်နှစ်သမီးအရွယ်မှာ ကြေးစားမိန်းမတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာပြီး သောင်းကျန်းလို့ နှင်းဆီနဲ့ အပြီးတိုင် လမ်းခွဲခဲ့ကြပါပြီ။ နှင်းဆီရဲ့ အဘွားကတော့ နှင်းဆီအဖြစ်ဆိုးတွေ ရင်ဆိုင်နေချိန်မှာပဲ အိပ်ယာထဲ လဲကာ အသက်ဆုံးတဲ့အထိဖြစ်ခဲ့ပါတယ်။ အဘိုးကတော့ အဘွားဆုံးပြီးနောက်ပိုင်း ရဟန်းဝတ်သွားခဲ့ပါပြီ။ နှင်းဆီရဲ့ ဘဝမှာ ကံအကောင်းဆုံးက သူငယ်ချင်းတွေရဲ့ ကူညီရိုင်းပင်းမှုတွေပါ၊ သူငယ်ချင်းတွေဘေးနားက ဝိုင်းဝန်းအားပေးခဲ့တာကြောင့် စိတ်ဓာတ်ခွန်အားတွေနဲ့ ဘဝကို ရဲရဲဝံ့ဝံ့ရင်ဆိုင်သွားနိုင်ခဲ့ခြင်းဖြစ်ပါတယ်လို့ သူမက သူငယ်ချင်းတွေကို ကျေးဇူးစကားဆိုပါတယ်။ 
 “ငါ့ဘဝကို ပြောပြ၊ င့ါအမှားတွေက သင်ခန်းစာယူပြီး 
ဘဝကို မနစ်မွန်းစေရအောင် အမျိုးသမီးငယ်လေးတွေကို နင်ပြောပြပေးဟာ”
(နှင်းဆီ)

ကျမနဲ့ နှင်းဆီ
ကျမက သူမ စာတော်တာ၊ ဥာဏ်ကောင်း ထက်မြက်တာတွေကို သိပ်အားကျခဲ့တာဖြစ်ပြီး၊ သူမက ကျမကို ဖခင်မေတ္တာအပြည့်အဝရတဲ့သမီးမို့ မကျေမနပ်တွေဖြစ်နေရင်းက ပျော့စိစိနိုင်လှတဲ့ ကျမရဲ့ စိတ်ဓာတ်တွေကို သူမက ဂရုဏာသက်ခင်မင်ခဲ့တာ ယနေ့တိုင်ဖြစ်ပါတယ်။ 

လေးစားစွာဖြင့်
crystal

အဖြစ်အပျက်များက ဖြစ်ရပ်မှန်ဖြစ်ပါသဖြင့် နှင်းဆီအမည်ကို အငှားသုံးထားပါတယ်။ နာမည်တိုက်ဆိုင်မှုများရှိခဲ့ပါလျှင် ခွင့်လွှတ်ပါရန် အထူးတောင်းပန်ပါတယ်နော်။ အအေးပုလင်းထဲကို ထည့်တဲ့ ဆေးကိုတော့ မဖေါ်ပြပေးတော့ပါဘူး အတုခိုးမှားမှာစိုးလို့ဖြစ်ပါတယ်။

Tuesday, March 29, 2011

“ဆေး”မိသွားတယ်....


“ဆေးမိနေတာ၊ ဆေးမိနေလို့ တန်းတန်းစွဲဖြစ်နေရသလား”စသော စကားလုံးများသည် အများအားဖြင့် အမျိုးသမီးအများစု ပြောလေ့ရှိကြပြီး ပြောကြသည့် အကြောင်းအရာများကလည်း ဖောက်ပြန်မှုတစ်ခုကို အခြေပြုလို့ အများအားဖြင့် ပြောဆိုကြလေသည်။ ချစ်သူ သို့မဟုတ် အိမ်ထောင်ရှိသော အမျိုးသားတစ်ဦးဦး သည် နောက်ထပ်အသစ်လေးများသို့ ခြေလှမ်း များခြင်း ဖြစ်ပွါးလာပြီဆိုရင်တော့ ဤသို့ ပြောဆိုမှုများ ပြုကြလေပြီ။ ထိုစဉ်က ယင်းအပြောအဆိုများကို မိမိနှင့် တိုက်ရိုက် သက်ဆိုင်ခြင်းလည်းမရှိ၊ တဆင့်စကားနဲ့ ကြားရတာမျိုးဆိုတော့လည်း အလေးအနက်ထား ခွဲခြမ်းစိတ်ဖြာ မတွေးမိ၊ မစဉ်းစားမိ ကြား ပျောက် သာ ဖြစ်ခဲ့ပါသည်။ သို့သော် ထိုစကားလုံးများနှင့် ပတ်သက်ပြီး ကျမ၏ဘဝတွင် သုံးကြိမ်တိုင်တိုင် အနီးကပ် ကိုယ်တွေ့ မြင်ရသိခွင့်ခဲ့ရသော အဖြစ်အပျက်တို့ သိခွင့်ချိန်သို့ တနေ့တော့ ရောက်ရှိလာခဲ့ပါသည်။
ဆေးမိတယ်ဆိုတာ ဘာကို ပြောတာလဲ၊ ဆေးမိတယ်ဆိုတာ အမျိုးသားများသာဖြစ်သလား၊ အမျိုးသမီးတွေမှာရော မဖြစ်ဘူးလား၊ ဘာဆေးမိတာလဲ၊ ဆေးမိသွားတော့ ဘာတွေဖြစ်လဲ၊ နောက်ဆက်တွဲအကျိုးဆက်တွေက အကောင်းတွေလား အဆိုးတွေလား။
ဘာတွေက ဘာတွေဖြစ်မလဲ.......။

ဆယ်တန်းစာမေးပွဲအောင်စာရင်းတို့ ထွက်ပြီးချိန်၊ နိုင်ငံတော်အစိုးရ၏ စေတနာများကြောင့်  တက္ကသိုလ်မတက်ခင် ခေတ္တအနားယူအပန်းဖြေနေသော အချိန်ကာလတခုမှာ.......

နှင်းဆီပန်းပွင့်တွေထဲမှာ အနီရဲရဲ စိုနေအောင်လှတဲ့ နှင်းဆီပန်းကို ကြိုက်တာ၊
အရာရာကို ပွင့်လင်း သွက်လက်ချက်ချာနေသော မိန်းမငယ်လေးတစ်ဦး၊
အဘိုးအဘွားများကြောင့် လောကမှာ သူမ အလိုရှိရာမှန်သမျှကို တောင့်တစရာမလိုအောင် ရရှိနေသူ၊
နေမင်းလို တောက်ပလိုသူ၊ လရောင်ကို မုန်းသူ၊
အသံသြရှရှနှင့် စကားလုံးတိုင်းက အမိန့်သံအပြည့်နဲ့ ပြောတတ်သူ၊
သူမပတ်ဝန်းကျင်ရှိ ကာလသားများအကြားတွင် ရေပန်းစားနေတာကို အကျေနပ်ကြီး ကျေနပ်နေသူ၊
စိတ်ဓာတ်မာကြောသလောက် သူမ လက်ဖဝါးလေးတွေက နူးညံ့လှပနေသူ၊
အရာရာကို မြုံစိစိနဲ့ ပျော့စိပျော့ဖတ်နိုင်လှသော ကျမကို အားမရကာ ကြည့်မရသူ၊
သူမအမည်က နှင်းဆီတဲ့။

ကျမနဲ့ နှင်းဆီတို့ (၅)တန်းမှ (၁၀)တန်းအထိ အတူ တစ်ကျောင်းတည်း တက်ခဲ့သော်လည်း သူငယ်ချင်း အရင်းများ မဟုတ်ခဲ့ပါ၊ သို့သော် သူငယ်ချင်းအရင်းများထက် ပိုပြီး စိတ်ခြင်းတော့ နီးစပ်ခဲ့ပါသည်။
(၅)တန်းတက်ရန် ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းသို့ ပြောင်းလာသော ကျမနှင့် မြို့ကြီးသူ သူမတို့သည် စာသင်ခန်းထဲတွင် အတူ စာသင်ကြားခဲ့ပါသည်။ သူမ၏ အမုန်းစတင်သောနေ့မှာ သင်္ချာဆရာမက ကျောက်သင်ပုန်းတွင် ထွက်၍ နှင်းဆီအား သင်္ချာတစ်ပုဒ် တွက်ခိုင်းပြီး သင်္ချာပုစ္ဆာအမှားအမှန်ကို  ကျမကို စစ်ဆေးခိုင်းကာ အမှားကို ရှာခိုင်းရာမှ စတင်လေသည်။ အမှန်တော့ အတန်းထဲတွင် သူမသည် စာအလွန်တော်သူ တစ်ယောက်ဖြစ်ပါသည်၊ ယခုပုစ္ဆာမှာ သူမှ ရှန်းလို့ မှားခဲ့ခြင်းသာဖြစ်ပါ၏။ ကျမကို အစအဆုံးတွက်ခိုင်းလျှင်တောင်မှ ကျမ တွက်တတ်မှာမဟုတ်၊ သူမကတော့ အဖြေထွက်ကာနီး မှားသွားခဲ့ပါသည်။ သို့သော် သူမသည် ကျမကို သူ့အမှားအား ထောက်ပြသူအဖြစ် မုန်းသွားလေသည်။ ကျမကလည်း သူအဲဒီလောက် မုန်းသွားမှန်း လုံးဝမသိခဲ့ပါ။ သိခဲ့ရတဲ့အချိန်တောင်မှ လွန်ခဲ့ငါးနှစ်ခန့်ကမှ သူမကိုယ်တိုင် ပြောမှ သိသူဖြစ်ပါတယ် (အဲဒီလောက်ကို ကျမကလည်း တော်ပါတယ်)။ ထို့နောက် တစ်ပတ်အတွင်း သူမ၏ အမုန်းကို အကောင်အထည်ဖေါ်ဖို့ ကံကြမ္မာက ဖန်လာခဲ့ပါသည်။ 

ကျမတို့ စာသင်ခန်းထဲတွင် နှင်းဆီတို့ သူငယ်ချင်းတသိုက်သည် မူလတန်းကျောင်းကတည်းက ကျောင်းအတူတက်ခဲ့ကြတာဖြစ်လို့ အုပ်စုအတောင့်ဆုံးဖြစ်ပြီး၊ ကစားချိန်များတွင် သူတို့ အုပ်စုသာ သီးခြားကစားလေ့ရှိကြပါတယ်။ ကျမတွင်တော့ သူငယ်ချင်းက နှစ်ဦးသာရှိပြီး ဥာဏ်ရည်ချိ့တဲ့နေသည့် သူငယ်ချင်းကျောင်းသူတစ်ယောက်အပြင်၊ ကျမ၏ အခင်ဆုံး သူငယ်ချင်းမှာ ကလေးဇာတ်ဝင်ခန်းများစွာ ရိုက်ကူးနေသော ကလေးသရုပ်ဆောင် သူငယ်ချင်းမလေးဖြစ်ပါသည်။ သူမဇာတ်ကားရိုက်ကူး သွားနေချိန်တွင် ဥာဏ်ရည်မမီသော အခြားသော ကျောင်းသူများက ဝိုင်းပယ်ထားသည့် သူငယ်ချင်း ကျောင်းသူမလေး “ရီရီ”ကို အဖော်လုပ်ကာ ကျမတို့ နှစ်ဦးသာ ကစားလေ့ရှိပါတယ်။ 
ကံကြမ္မာဖန်လာသော တစ်နေ့မှာ ကျမရဲ့ သူငယ်ချင်း မင်းသမီးလေး မရှိခိုက် ကျမနဲ့ရီရီတို့ နေ့လည် မုန့်စားဆင်းချိန် ကစားကြတာပေါ့၊ နှင်းဆီတို့ အုပ်စုအနားတွင် စိန်ပြေးတမ်းကစားရင်း ကျမ က ရီရီ ကို မိသွားလေပြီ။ ရီရီ က ငြင်း ကျမက သူအင်္ကျီကို နောက်မှ ဆွဲကာ မိပြီလို့ အော်၊ သူနဲ့ ကျမကြားတွင် စာရေးခုံတစ်ခု ခံနေပြီး ကျမတို့ နှစ်ယောက် တွန်းဆွဲနေချိန် ခုံက အလိုက်သင့် လှုပ်နေ၊ ကျမက ရအောင် အင်္ကျီကို ဆွဲပြီး ကျောကုန်းကို လှမ်းပုတ်ချိန် ရီရီက နောက်ပြန်အလှည့် ခုံက အလှုပ်နှင့်။

“ရီရီ ကို ပါးရိုက်လိုက်တာ ငါတို့မြင်တယ်၊ နင့်ကို ဆရာမနဲ့ တိုင်ပြောမယ်” နှင်းဆီထံမှ အသံထွက်လာခြင်း ဖြစ်ပါသည်။ သို့နှင့် အတန်းပိုင်ဆရာမနဲ့ တိုင်ပါတယ်၊ ရီရီ က ငိုလို့၊ ကျမက အကြောင်သား၊ နှင်းဆီတို့ အုပ်စု တစ်ခုလုံးက ရီရီ ကို ပါးရိုက်လိုက်တာ သမီးတို့အားလုံးမြင်သတဲ့ ဆရာမရှေ့မှာ။ အများနဲ့ တစ်ယောက်။ ဘာတွေများဖြစ်ကုန်ပါလိမ့်ဆိုတာ ကျမ တကယ့်ကို မသိခဲ့ပါ။ ဆရာမကလည်း အံ့တွေ သြလို့၊ အေးအေးဆေးဆေးနေတတ်တဲ့ကလေးက သူများ ပါးရိုက်ရတယ်လို့ ထင်ကို မထင်ဘူးတဲ့ အဲလိုပြောပြောပြီး ဆရာမက ဆော်ပလော်တီး၊  ဆရာမကတဆင့် အမေကို တိုင်၊ အိမ်ပြန်ရောက်တော့ အမေက ထပ်ဆင့် ဆော်ပလော်တီး။ ကျမက ငို၊ ငိုတာ မကြားရက် မျက်ရည်ကျတာ မမြင်ရက်တဲ့ အဖေက မနေနိုင်တော့ သမီးလုပ်သူက ချော့မေးတယ် အဖြစ်အပျက်စဆုံးကို မျက်ရည်ကြားက ပြောပြ။ အဖေက အမေ့ကို သမီး ပေါင်းနေတဲ့ သူငယ်ချင်းတွေရဲ့ အခြေအနေအာလုံးကို လေ့လာဖို့ တာဝန်ပေးလိုက်တယ်။ အဖေက ပြောတယ် သမီး တိတ်တိတ် သမီးမမှားဘူး၊ နောက်ကို သတိထား ကိုယ့်အမှားမဖြစ်အောင် နေတတ်ဖို့ လိုသတဲ့။ ကျမရဲ့ အိမ်မှာ ကျမ အမှား မဟုတ်တာကို သက်သေထူသူက အဖေဖြစ်ပြီး၊ ကျောင်းမှာ သက်သေထူသူက ကျမရဲ့ သူငယ်ချင်း မင်းသမီးဖြစ်ပါ၏၊ သူမရောက်လာတော့ ကျမက ဇာတ်စုံခင်းပြပါတယ်။ သူမက ကျမလက်ကိုဆွဲလို့ အတန်းပိုင်ဆရာမဆီကို ခေါ်ပြီး အဖြစ်မှန်ကို သွားပြောပေးပါတယ် ဒီလိုနဲ့ အတန်းထဲမှာ အများအမြင် အမှားစင် သွားပါတယ်။ သို့သော်လည်း နှင်းဆီရဲ့ အမုန်းတွေကတော့ မစင်ခဲ့ပါဘူး။ တစ်နှစ်ပြီး တစ်နှစ် ကျောင်းတွေတက် နှင်းဆီတစ်ယောက် ကျမကို ဘာတွေ မကျေနပ်နေမှန်းမသိ၊ ကျမကတော့ သူမရဲ့အရာအားလုံးကို ဗြောင်ဖွင့်ပြောကာ အားကျ နေသူ။ 

ဆယ်တန်းစာမေးပွဲအောင်စာရင်းထွက်လာတော့ (၈)တန်းတုန်းက ငါးဘာသာဂုဏ်ထူးထွက်တဲ့ နှင်းဆီ စာမေးပွဲ ကျတယ်တဲ့၊ ခြစ်ချတာ၊ သူလိုချင်တဲ့လိုင်းမရလို့။ အင်း ကောင်းလိုက်တာ၊ ကျမလည်း ခြစ်ချမိခဲ့ရင် ကောင်းမှာလို့ အဲဒီတုန်းက တွေးမိသေးတယ်။ ကျမက တက္ကသိုလ်တက်ဖို့ စောင့်ရင်း သူမက ဆယ်တန်းစာမေးပွဲကို နောက်တစ်ခါတောင် ဖြေပြီးချိန် ဒီအချိန်မှာ တခါမှ မကြားဖူးသော စကားနှင့် မထင်မှတ်ထားသော အဖြစ်အပျက်တို့ကို ကြားခဲ့ရပြီ။

မေမေ ကိုလတ်(အစ်ကို ဆရာဝန်) ဘယ်သွားတာလဲဟင်

ဟေ သမီး မသိသေးဘူးလား သမီး သူငယ်ချင်း “နှင်းဆီ” မုဒိမ်းကျင့်ခံလိုက်ရတယ်လေ၊ 
ဆေး-မိသွားလို့ ဆိုလားပဲ၊ အဲဒါ သမီးအစ်ကိုဆီမှာ ဆေးလာစစ်ကြတယ်၊ 
အခု ရဲစခန်းမှာ သက်သေထွက်ဆိုဖို့ အခုသွားတာ...

ဆေး-မိသွားတယ် ဆေးမိလို့ မုဒိမ်းကျင့်ခံရတာ....အဲဒါ ဘာကိုပြောတာလဲဟင်...။

ဆေးမိတာလေးတွေနဲ့ ပတ်သက်ပြီး comment မှာ ရေးပေးပါလို့ တောင်းပန်ရင်း
ဒီတခါတော့ တိတ်တိတ်လေး လှည့်ပြန်မသွားကြေး။


လေးစားစွာဖြင့်
crystal

ဆက်လက်ဖေါ်ပြပါမည်.... 

Wednesday, March 23, 2011

ရှည်ကြောလိုက်တာအေ ........။

ဟင် ရှည်ကြောအုံး ..............ဒေါက် ဒေါင် 
သြော် ညည်းတော်တော် လျှာရှည်နေတယ် လာခဲ့ .........အိုး အီးးးးးးးးးး။

ပထမ ဒေါက် ဒေါင် က အစ်ကိုကြီးက ကျမ ခေါင်းကို ခေါက်လိုက်တာ
ဒေါင်ကနဲတောင် မြည်ဟီးသွားတယ်။

ဒုတိယ အိုး အီးးးး က အမေ ကျမကို ဗိုက်ခေါက်လိမ်ဆွဲတာက... တပြိုင်တည်းပင်။

အကြောင်းကား ဤသို့တည်း။ 

လွန်ခဲ့သော (၇)နှစ်ခန့်က တခုသောရုံးဖွင့်ရက်တွင် ကျမ၏ အိမ်ထောင်သည်အစ်မတွေထဲမှ အစ်မ တစ်ယောက် ဖုန်းဆက်လာပြီး ရုံးပိတ်ရက်တွင် သူလာမည့်အကြောင်းနှင့် တိုင်ပင်စရာရှိကြောင်း ဖုန်းဆက်၏။ စိတ်ထဲမှာတော့ အနည်းငယ် ဆန်းနေသယောင် ယောင်။ အမယ် ထူးထူးဆန်းဆန်း ငါ့များ လူရာသွင်းလို့ တိုင်ပင်မယ်ဆိုပဲ။ ဟုတ်ပါ့ မိသားစုထဲ အမျိုးတွေထဲမှာ အငယ်ဆုံးမို့ လူရာသိပ်သွင်းလှတာ မဟုတ်။ ကိုယ့်အလုပ်ထဲမှာသာ လူလူသူသူလုပ်နေတာ အဟတ်။ 

ကိုင်း ရုံးပိတ်ရက်ရောက်ပြီဆိုပါတော့....။ အစ်မတစ်ယောက် အိမ်ရောက်လာခါ ကျမကို လက်အသာ ကုတ်လို့ အိပ်ခန်းဆီကို ဆွဲခေါ်သွားပြီး ဖြစ်ကြောင်းကုန်စင်ကို လင်းပါတော့တယ်။ အကြောင်းကတော့ ကလေးနှစ်ယောက်မိခင်ဖြစ်တဲ့ အစ်မ တစ်ယောက် သားဆက်ခြားဆေးများနဲ့ ဘယ်လိုမှ မတည့်တဲ့အတွက် ခေါင်းပူနေကြောင်း၊ သားကြောဖြတ်ဖို့ကိုလည်း မလုပ်ချင်၊ သားအိမ်ထဲ ပစ္စည်းထည့်တဲ့နည်းကိုလည်း ကြောက်ပါသတဲ့.။ 
(ကလေးနှစ်ယောက် အမေကများ ဒါလေး ထည့်တာကြောက်ရတယ်လို့ အဟိ ပြောကို ပြောချင်ဘူး။)

“အကြံပေးစမ်းပါအုံး ငါ့ညီမရယ်၊ အဲဒါ မမဘယ်လိုလုပ်ရမလဲ ညီမလေးက ဒီအလုပ်တွေနဲ့ ရင်းနှီးနေတော့”
“တီပုံစံ အချောင်းလေး သွင်းတာက သုံးနှစ်ခံတယ်၊ ကလေးအမေတွေနဲ့ သင့်တော်တယ်၊ ပစ္စည်းထည့်တာက ကလေးတစ်ခါမှ မမွေးဖူးသေးတဲ့သူတွေအတွက်သာ မသင့်တော်တာပါ၊ ဘာမှမကြောက်နဲ့၊ နောက်ဆုံးဘာမှ အဆင်မပြေရင်တော့ ကွန်ဒုံးသာ သုံးပေတော့”
“ဟဲ့ဘယ်ဖြစ်မလဲ ဒါလည်း မဖြစ်ဘူး မမ ယောက်ျားက မသုံးချင်ဘူးတဲ့ ဖီးပျက်လို့တဲ့၊ ငါ့ညီမလေးက အပျိုဆိုတော့ ဒါတွေ ဘယ်သိမလဲ”
“အင် ဒုတ်ခေါ ဒါဆို အပျိုဆရာဝန်မလေးတွေ နက်စ်မလေးတွေရော ဘယ့်နှယ်လုပ်ကြမတုန်း ခက်ပြီ၊ ကိုင်း မပြောမပြီး မတီးမမြည်မို့ ပြောလိုက်မယ် အဆင်ပြေစေသတည်းးးးးးးးးးးးး”။ 
အဲဒီနေ့က မင်္ဂလာဈေးကို သွားပြီး စတော်ဘယ်ရီ တစ်ဗူးဝယ်ပေးလိုက်တယ်၊ လိုအပ်ရင် ဖုန်းဆက်မေးဖို့ အစ်မကို မှာလိုက်တယ်၊ အဆင်ပြေချင်တော့ အစ်မ ယောက်ျားက ညနေ သူ့မိန်းမကို ကျမတို့အိမ်မှာ လာကြိုတယ်၊ ညီမအစ်မနှစ်ယောက်သား ဇာတ်အမြန်တိုက်ပြီး ဧည့်ခန်းထဲမှာ ဒီလို ဒီလို....။

အစ်မသည် စာအုပ်တစ်အုပ်ကို ဖတ်ခါ 
“ဟယ်တော့ ကွန်ဒုံးနဲ့ သားဆက်ခြားမယ်ဆိုရင် ဆေးဥပဒ်ဖြစ်စေတာကို ကျော်လွှားနိုင်ဆိုပဲ”
“အမှန်ပေါ့ မမရေ ခင်ပွန်းသည်တွေ ကိုယ့်အမျိုးသမီး အိမ်သူသက်ထားကို တကယ်မြတ်နိုးတတ်တဲ့သူဆိုရင် ဒီလိုကိစ္စတွေက အစ လိုက်စဉ်းစားပေးတတ်ကြတယ်လေ၊ လစဉ်သောက်နေကျဆေးတွေက ဥပဒ်နဲတယ်ဆိုပေမယ့်လို့ ဆေးကြောင့် အဝလွန်တာတွေဖြစ်တတ်သေးတယ်လေ ပြီးတော့ ဖီလ်းမလာဘူးဆိုတာကလည်း မိန်းမက ကိုယ့်ခင်ပွန်းကို ကူညီလိုက်ရင် အဆင်ပြေသွားပါတယ် လွယ်လွယ်လေးပါ မမ သိလား”။ 

ဒီလောက်ဆို အဆင်ပြေပြီ၊ ခဲအိုနှင့် အစ်မတို့ အကြည့်ချင်းဆုံသွားကြ၏။ သုံးစွဲရန် ပစ္စည်းလည်း လိုက်ဝယ်ပေးလိုက်ပြီ၊ နည်းစနစ်လည်း လမ်းညွှန်လိုက်ပြီ။ ကိုင်း အဆင်ပြေသွားကြမယ့် စုံတွဲတော့ တစ်တွဲတိုးပြီ၊ ကိုယ့်အတွေးနှင့် ကိုယ်တွေးလို့ကောင်းတုန်းးးးးးးးးးးးးးး။

ဂြုန်း  
(ကျမတို့အိမ်က လူပြိုသိုးကြီး အစ်ကိုသည် တံခါးကို ဆောင့်ပိတ်လိုက်တဲ့အသံ)

အမယ်လေး လန့်လိုက်တာ အစ်ကိုကြီးကလည်း ဖြည်းဖြည်း တံခါးပိတ်ပါ။ 

လာခဲ့ လာခဲ့ နင့်ကို ငါတီးချင်နေတာ 

ဘာလဲ ဘာလုပ်မိလို့လဲ

ဟင် အခုမှ ဘာလုပ်မိလို့လဲ 

အမေရေ အမေ့သား ဘာပြောနေလဲမသိဘူး

ဘာဖြစ်ရမလဲ နင်လုပ်ပုံက ဟုတ်မှ မဟုတ်တာ

အင် ဘာ    ဘာာာာာာာ ဖြစ်

ဟင် ရှည်ကြောအုံး ..............ဒေါက် ဒေါင် 

သြော် ညည်းတော်တော် လျှာရှည်နေတယ် လာခဲ့ .........အိုး အီးးးးးးးးးး။

ဘယ်နှယ့် အပျိုလေးက ဒီအကြောင်းတွေကို အစ်မလင်မယားကို ပြောရသလား၊ 
ညည်းလုပ်ပုံနဲ့ ငါ့မျက်နှာသာ ဓားနဲ့ လှီးလိုက်ချင်တော့တာပဲ။ 
ရှည်ကြောလိုက်တာအေ!!!

ကျမ၏ ဘဝတွင် ရှည်ကြောမိသော အကြောင်းများစွာရှိပါသည်။ အများအားဖြင့် စေတနာနှင့် ရှည်ကြောမိခြင်းနှင့် နောက်တစ်ခုကတော့ မသိ နားမလည်လို့ဖြစ်သည်၊ သူများ အကူအညီလိုသည်ဆိုလိုကတော့ သိပ်မစဉ်းစားဖြစ်ခဲ့၊ ကိုယ်တိုင်ထိခိုက်စေမည်ကိုလည်း မတွေးတတ်ခဲ့ပါ။ အခုကိစ္စဆိုလျှင် မသင့်တော်သော ကိစ္စဖြစ်သည် သို့သော်အစ်မသည် ပြာယာခတ်နေသည်၊ ဆေးလည်း မသုံးချင်၊ အမျိုးသားနှင့်လည်း အဆင်ပြေလိုသည်။ ကွန်ဒုံးသုံးရန် မြန်မာအမျိုးသမီးတစ်ယောက်အနေဖြင့် မိမိခင်ပွန်းကို ပွင့်လင်းစွာပြောဖို့ မဝံ့မရဲဖြစ်နေခဲ့ပါသည်။ ထိုအရေးမှာ ကျမက ကြားဝင်မိ၏၊ အလုပ်ထဲမှာ ကျမအတွက် ပြဿနာမဟုတ်ပေမယ့် မိသားစုထဲမှာတော့ အမြင်သည် လုံးဝခြားနားသွားလေသည်။ ကျမကတော့ စာတွေး တွေးကာ အလုပ်သဘောဖြင့် ကူညီလိုက်သော်လည်းပဲ အစ်ကိုနဲ့ အမေကတော့ ဒီလိုမဟုတ်၊ ဒီလိုနဲ့ပဲ ခေါင်းခေါက်တာခံ၊ ဗိုက်ဆွဲလိမ်လို့ နာနေတာကြားက ရှည်ကြောစွာပင် ထပ်ရှင်းပြမိလေသည်။ အကြောင်းစုံသိသွားတော့မှ အစ်မရဲ့ အဖြစ်ကို စာနာမိကြပြီး ကျမလုပ်ရပ်ကိုလည်း သဘောပေါက်သွားပါတော့တယ်။ နောက်တစ်လလောက်ကြာတဲ့အခါ ကျမခရီးက ပြန်ရောက်တော့ အစ်မက အဆင်ပြေကြောင်း၊ အခုဆိုရင် သူ့ဖာသာ ပစ္စည်းလေးကို သွားဝယ်ကြောင်း၊ သူလည်း ဆေးဒဏ်တွေ မခံရတော့ကြောင်း ဝမ်းသာပျော်ရွှင်စွာ ပြောပါသည်။  ဒါ့အပြင် ဆံပင်ညှပ်ဆိုင်၊ အင်္ကျီချုပ်ဆိုင်တွေကိုသွားရင် မိန်းမတွေ အစု များတကလား၊  အိမ်ထောင်သည်အမျိုးသမီးတွေက သူတို့ အမျိုးသားတွေကို ပွင့်ပွင့်လင်းလင်းမပြောရဲတဲ့အတွက် အဆင်မပြေပုံမျိုးစုံ ကြားမိတော့ သက်ပြင်းတွေ ချရင်း သူတို့ပြဿနာလေးတွေကို သိသလောက်ပြောပြရင်း ကူညီပါရမီဖြည့်ပေးခဲ့ပါ၏။ သူတို့ကတော့ ကုသိုလ်ရပါတယ် ညီမရယ်တဲ့၊ အင် အနှီကုသိုလ်ကား အဘယ်နည်းးးးးးးးးးး။ 


လေးစားစွာဖြင့်
crystal

ပိုစ့်များစွာ စိတ်ကူးနှင့်ရေးထားသည်၊ လိုင်းပေါ်ဘယ်တော့ ရေးဖြစ်မည်မသိ၊ အာရုံတွေကို လိုက်လံ စုစည်းနေချိန်။ နောက်ထပ် ရှည်ကြောမိလေသောအဖြစ်များကို ရေးပါအုံးမည်။ 
မကြာမီ မကြာမီ မကြာမီ ...... :)

Friday, May 28, 2010

ခံစစ်

ပျားဘုရင်မသည် အမျိုးသားများ၏ လိင်ကိစ္စအလေ့အထတွေအကြောင်းပြောပြီးနောက် သူမ ပြောပြတဲ့
လိင်လုပ်သားမိန်းကလေးများရဲ့ ကျန်းမာရေးအကြောင်းများကို အခုလိုသိခွင့်ရခဲ့ပါတယ်ရှင်။

အမျိုးသားများစွာနဲ့ ပတ်သက်ဆက်နွယ်နေကြသော ဒို့လို လိင်လုပ်သား အမျိုးသမီးတွေ အဖို့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေကိုသာ မဖြစ်မနေလေ့လာသင်ယူဖြစ်ခဲ့ပြီး တကယ်အလေးထားရမယ့် ကျန်းမာရေး စောင့်ရှောက်မှုများကို မေ့လျော့ပေါ့ဆခဲ့မိကြတယ်။ ဒါက လိင်လုပ်သားမိန်းကလေးတိုင်းပါပဲ၊ ကိုယ့်အတွက် ခံစစ်ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတတွေကို နည်းလမ်းမှန်ကန်စွာ စနစ်တကျမလေ့လာခဲ့ကြဘူး၊ ပေါ့ဆမှုကြောင့် သိထားတဲ့ ကျန်းမာရေးနည်းလမ်းတွေကလည်း လွဲမှားလို့ နေပြန်တယ်။ လိင်လုပ်သားတွေဆိုတော့ လိင်ဆက်ဆံခြင်း ကြောင့် ကိုယ်ဝန်ရနိုင်ခြင်းအတွက် တားဆေးနှင့် နည်းလမ်းမျိုးစုံကိုသိကြပေမယ့် နည်းလမ်းမှန်ကန်မှု မရှိတာကြောင့် အမှားအယွင်းတွေ ဖြစ်ကြရတယ်။ ဥပမာ - ကိုယ်ဝန်မရနိုင်အောင် တားဖို့ တားဆေးတွေ သုံးရမယ်ဆိုတာ သိသော်လည်း.....
  • တားဆေးကို ဘယ်လိုရွေးချယ်ရမယ်၊
  • မိမိနဲ့ သင့်တော်တဲ့ တားဆေးကို ရွေးချယ်ဖို့လည်း နားမလည်ခဲ့ကြဘူး။
  • ဘယ်အချိန်မှာ သုံးမှ စိတ်ချရတဲ့ ကာကွယ်မှုဖြစ်တယ်ဆိုတာလည်း မသိကြဘူး။

နောက်ပြီးတော့ ကိုယ်ဝန်မရနိုင်အောင်သာ
ကာကွယ်ဖို့ သတိရကြပြီး

နောက်ထပ်အရေးကြီးတဲ့ လိင်ဆက်ဆံရာကနေ
ကူးစက်တဲ့ရောဂါတွေကို

ကာကွယ်ဖို့ မသိကြ၊ နားမလည်ကြ၊
သတိမထားမိကာ
ပေါ့ပေါ့ဆဆနေတဲ့သူတွေချည်းပါပဲ။


ဒို့လည်း အဲဒီအထဲမှာ ပါတာပေါ့၊ အလုပ်စလုပ်ပြီး ခြောက်လလောက်ကြာတော့ ဆီးအောင့် ဆီးကျင်တာတွေဖြစ်လာတယ်။ နောက်ပိုင်းမှာ ဧည့်သည်လာရင် စိတ်ပါလက်ပါ ဧည့်မခံနိုင်တော့ဘူး။ လိင်ဆက်ဆံစဉ်အချိန်တွေပါ လိင်အင်္ဂါမှာ နာတာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် အလုပ်ရှင်က ဆေးခန်းကို ပို့ပေးတယ်။ ဆရာဝန်မက သွေးစစ်ရမယ်လို့ စပြောပြီး ကျန်းမာရေးနဲ့ ပတ်သက်တာတွေကို အနည်းငယ်ပြောပြတယ်။ ဒီအချိန်ကျမှ ကိုယ်က ပညာတတ်တစ်ယောက်ဖြစ်ခဲ့ရဲ့သားနဲ့ ဒါတွေကို သတိမထားမိလေခြင်းလို့ နောင်တနဲ့အတူ တစ်ကိုယ်လုံး ပူထူနေတော့တယ်။ ဆရာဝန်မလေးက ကာလသားပိုးရှိ/မရှိ အရင်စစ်ကြည့်မယ်လို့ ပြောပါတယ်။ နောက်ပိုင်းဆရာမလေး ပြောတာတွေကို ကြားတစ်ချက် မကြားတစ်ချက်နဲ့၊ သွေးဖောက်ဖို့ ငြင်းဆန်မိကာ အိမ်ကို ပြန်လာပြီး အခန်းတံခါး ပိတ်လို့ ငိုပွဲဆင်မိပါတော့တယ်။
“ဘယ်သူ့ဆီက ကူးတာလဲ စဉ်းစားစမ်း စဉ်းစားစမ်း၊ ဘယ်တစ်ယောက်ဆီက ကူးမှန်းလည်း မသိ၊ ဟိုခပ်ဝဝ မျက်နှာ အဆီပြန်နေတဲ့ တစ်ယောက်ဆီက များလား၊ ဘီယာတွေ သောက်ထားတဲ့ တစ်ယောက်ဆီကလား၊ ဟိုအဘိုးကြီးများလား၊ ဟိုတနေ့က လာသင်တဲ့ ကောင်လေးဆီကလား အို မဖြစ်နိုင်ပါဘူး သူက ငယ်သေးတာပဲ၊ ဒါဆို မိန်းမကျမ်းကျေတဲ့ ဟိုတစ်ယောက်ဆီကလား၊ အင်း ဘယ်သူများဖြစ်မလဲ။ ကွန်ဒုံးလည်း တစ်ယောက်မှ မသုံးကြဘူး။ ဒါမှ မဟုတ် ဟိုတစ်ရက်က ဖောက်သည် ဆယ့်နှစ်ယောက် ဆက်တိုက်ရတဲ့နေ့ကများလား။ ဟိုတစ်နေ့က ဆရာ(အလုပ်ရှင်)နဲ့လည်း နေဖြစ်သေးတာပဲ။ ဆရာ့ဆီမှာများ ဒီရောဂါတွေ ဖြစ်နေသလား။ တစ်နေ့ တစ်နေ့ လာလိုက်တဲ့ ဧည့်သည်တွေကို မျက်လုံးထဲမြင်မိရင်း ဆရာမလေး ပြောလိုက်တဲ့ ရောဂါတွေအကြောင်း၊ ရောဂါတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ကြားယောင်မိကာ မိမိစိတ်က စေစားရာမှ ရရှိလာသော ဆိုးကျိုးတွေက တမြေ့မြေ့နဲ့ လောင်ကျွမ်းခဲ့ရပါတယ်။

ဒို့လို ရောဂါတွေကို မသိပဲ လက်ခံရရှိခဲ့တဲ့ မိန်းကလေးနဲ့ နောက်ထပ်ရောက်လာမယ့် အမျိုးသားတွေက ဘာကြောင့်များ လိင်ဆက်ဆံဖို့ ခုံမင်ကြသလဲ၊

ရောဂါများစွာတို့သည် အိမ်သဖွယ် ဖွဲ့တည်နေတဲ့ လိင်လုပ်သား မိန်းကလေးတွေဆီကို ယောကျာ်းလေးများက ကွန်ဒုံးမပါပဲနဲ့ လိင်ဆက်ဆံဖို့ ဘာကြောင့်များ ကြည်ဖြူကြတာလဲ။


ဒီလိုအကြောင်းများစွာတို့ကြောင့် အမျိုးသားများသည် ခံစစ်မကောင်းသော လိင်လုပ်သား မိန်းကလေးများထံမှ မိမိ၏ အခြားသော လိင်ဆက်ဆံဘက်များထံသို့ ထပ်မံ၍ ရောဂါများ ပြန့်ပွါးစေခြင်းကြောင့် လိင်ပိုင်းဆိုင် ရာ ကူးစက်တတ်သော ရောဂါများသည် အလွန် လွယ်ကူစွာ ပြန့်ပွါးနေကြတာဖြစ်တယ်လို့ ပျားဘုရင်မလေးက ပြောပြပါတယ်။
----------------ဝဝဝ----------------
နည်းစနစ်မှန်ကန်စွာ သားဆက်ခြားနိုင်မည့် နည်းလမ်းများ
ဒီလင့်လေးမှာ သားဆက်ခြားနည်းလမ်းများကို ဖော်ပြထားပါတယ်ရှင်။

အောက်တွင် ရှိသောလင့်များတွင် ကာလသားရောဂါအကြောင်းများကို အကျယ်တဝင့် ရေးသား ဖော်ပြထား ပါသည်။


ဆက်လက်ဖော်ပြပါမည်....(ဇူလှိုင်လတွင် ဘဝဇာတ်ခုံ ရေးသားခြင်းကို ခေတ္တနားပါမည်။)

Monday, March 29, 2010

အသက်အရွယ်နှင့် ဆန္ဒ။

ပျားဘုရင်မ မှ အဆက်


ဒို့ဘဝကို အတိုချုံးပြောရရင် ဝိုင်အိုင်တီတက်ဖို့ ရန်ကုန်ကို သွားခဲ့တယ် အဆောင်မှာနေတယ်၊ ကျောင်းတက်တယ်၊ အဆောင်က ဘော်ဒါတွေထဲမှာ ဇယားတွေ ပါလာတယ်။ သူတို့နဲ့ ခင်တယ်။ ကိုယ့်မှာလည်း အကြံအစည်တွေနဲ့မို့ သူတို့နဲ့ နီးစပ်အောင် ပေါင်းရပါသေးတယ်လေ။ မကောင်းသော မိန်းမတစ်ယောက်ဖြစ်ဖို့ မလွယ်ပါဘူး။ လေ့လာစရာတွေလည်း အများကြီး လေ့လာဖြစ်ခဲ့သေးတယ်။ နောက် ကျောင်းတွေက ပိတ်နဲ့ နယ်မပြန်တော့ပဲ သူတို့နဲ့ အလှပြင်ဆိုင်တွေမှာ စအလုပ် ဆင်းတယ်။ ပထမတော့ ရိုးရိုး ခေါင်းလျှော်ပေါ့။ အဲဒီဆိုင်မှာ ဈေးဖွင့် ဈေးခေါ်တွေ လုပ်နေကြတာတွေလည်း တွေ့နေရတယ်။ နောက်ဆုံးတော့ သူငယ်ချင်းအကြံပေးတဲ့အတိုင်း မိန်းမတွေ အထာကျွမ်းတဲ့ လာနေကြဖောက်သည်တစ်ယောက်နဲ့ ချိတ်ပေးကြတယ်။ စစချင်း ဈေးကောင်းမရပါဘူး၊ ငယ်ငယ်က သစ်ပင်တက်၊ စက်ဘီးစီး လဲတာလည်း ခဏခဏပဲ အဲဒီတော့ အပျိုမစစ်ဘူးဆိုပြီး ငွေကို လျော့ပေးတယ်လေ၊ အဲဒါနဲ့ ရည်းစားနဲ့ နေခဲ့လားလို့ မေးတယ် ရွဲ့ချင်တာက များနေတော့ ဟုတ်တယ်လို့ပဲ လွယ်လွယ်ဖြေလိုက်တယ်။ မျက်စိထဲမတော့ ငယ်ချစ်ဦးရဲ့ မျက်နှာကို အားနာပါးနာ မြင်လိုက်မိသေးတယ်။ ဒီလိုနဲ့ ဘဝကို စလိုက်တာ ဒီနေ့အထိပဲ ဆိုပါတော့ အသက်လေးဆယ်လောက်ကျရင်တော့ နားတော့မှာပါ၊ အရွယ်လည်း ကျချိန်ရောက်ပြီ ဘာသာရေးနဲ့ စီးပွါးရေးဘက်ကိုပဲ အာရုံစိုက်လုပ်ဖြစ်တော့မယ်။

ဒို့တွေ အလုပ်ဆင်းခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာတော့ ယောက်ျားတွေက အသက်အရွယ်အားဖြင့် အငယ်ဆုံး ငါးတန်း ခြောက်တန်းအရွယ်မှ အသက်အကြီးဆုံး (၇၀)ကျော်အရွယ်အထိ လိင်ဖျော်ဖြေရေး နေရာများတွေကို သွားရောက်လေ့ ရှိကြတယ်လေ။ သူတို့မှာလည်း အသက်အရွယ်တွေပေါ် မူတည်ပြီး အကြောင်းအမျိုးမျိုး ဆန္ဒအမျိုးမျိုးနဲ့ပေါ့။ ငယ်တဲ့ အရွယ်မှာက လိင်ဆက်ဆံမှုကို သင်ယူတတ်မြောက်လိုတာ။ နောက် သူတို့ သဘောကျ မိန်းကလေးနဲ့ ဆိုရင် သူတို့က ခေါင်းဆောင်မယ် ဆရာကြီး လုပ်ချင်ကြတယ်လေ၊ ဒါကြောင့် လူပျိုစစ်စစ်တွေက အခကြေးငွေနဲ့ ဆက်ဆံရတဲ့ မိန်းမတွေ ဆီမှာ လူပျိုဘဝကို ရက်ရက်ရောရော စွန့်လွှတ်ကြတယ်။ ယောက်ျားတွေက သူတို့ လူပျိုဘဝဆိုတာ အဲ ...မပြောကောင်း မဆိုကောင်း ခွေးတွေ အပေါ့အခင်းသွားတဲ့အတိုင်းပဲ၊ ဘယ်နေရာမှာ စွန့်မယ်ဆိုတဲ့ သတ်မှတ်ချက် ရှိတာမဟုတ်ဘူး၊ ထမင်းစား ရေသောက်တာကမှ ခက်အုံးမယ်၊ သူတို့အတွက် ဒီကိစ္စတွေဆိုတာက ဘာမှကို အလေးအနက်ထားတာ မဟုတ်ကြဘူး။
နောက်တော့ လူပျိုဘဝလေးမှ အသက်လေး ရလာတာနဲ့ အမျှ ကဲချင်ကြပြန်ရော၊ ပညာတတ်သွားတော့ ကြည့်တတ် မြင်တတ် ကျွမ်းကျင်ကြပြန်ရော။ တစ်ခါ အရသာ သိသွားတော့ အရသာနောက်ကို လိုက်ကြပြန်တယ်။ ဒီခြားထဲ သူတို့ မြတ်နိုး ကြင်နာလိုတဲ့ မိန်းမနဲ့ တွေ့ရင်တော့ အိမ်ထောင်တွေ ဘာတွေကျပေါ့။ အိမ်ထောင်ကျခါစ အချိန်ဆိုလည်း လိင်ဖျော်ဖြေရေးနေရာတွေနဲ့ ခဏ အဆက်အသွယ် ပြတ်ပြန်တာပေါ့။ တချို့တွေလည်း မိန်းမနဲ့ အဆင်မပြေတော့ တခါ ဒီနေရာတွေကို ပြေးလာပြန်ရော၊ ပြီးတော့ တစ်ခါ မိန်းမနဲ့ ကြိုးစားကြပြန်ရော၊ မိန်းမက အရှက်သည်း၊ လိင်ဆက်ဆံမှုနဲ့ ပတ်သက်ပြီး ဗဟုသုတမရှိရင်သောလည်းကောင်း၊ မိဘတွေနဲ့ တွဲနေရတဲ့ တစ်အိမ်တည်းမှာ နေရတဲ့ အခါတွေမှာ သောလည်းကောင်း အဆင်မပြေတာတွေ ဖြစ်ကြတာပေါ့။ အဲဒီအခါ ယောက်ျားတွေမှာ ဗျာများရ ပြန်ရော၊ သူတို့က မိန်းမနဲ့နေတဲ့ စည်းစိမ်ကြတော့ ဘာနဲ့မှ မလဲနိုင်ပြန်ဘူး၊ အောင်မြင်လိုကြတယ် ဆန္ဒပြည့်ဝလိုတယ်၊ မိန်းမကိုလည်း သူတို့လို ဖြစ်စေချင်ကြပြန်ရော။ ဒါတွေက အိမ်ထောင်ပြုကြတဲ့ အသက်အရွယ်တွေပေါ့။
အဲသည်လိုနဲ့ အိမ်ထောင်ပြုတာ (၂)နှစ်လောက်အကြာမှာ ပျင်းလာကြပြန်ရော တစ်ခါ ကလေးယူတော့ မိန်းမက ကိုယ်ဝန်ဆောင်ချိန် စောင့်ထိန်းနေရတဲ့ လတွေမှာ တစ်ခါ စိတ်ဖျော်ဖြေဖို့ ရောက်လာကြပြန်ရော။ ဒီလိုနဲ့ မိန်းမတွေ အရွယ်ကျချိန်ဖြစ်တဲ့ အသက် (၄၀)ရောက်ချိန်မှာ ယောက်ျားတွေကတော့ စိတ်ပိုင်းဆိုင်ရာ တက်ကြွဆုံးအချိန် ရောက်ပြန်တယ်။ ဒါကြောင့် မိန်းမက ငယ်နေရင်တော်သေးရဲ့ နို့မဟုတ်ရင်တော့ အပြင်ထွက်ချိန် ပိုများ လာကြတော့တာပေါ့။ အရသာအမျိုးမျိုးကို စမ်းသပ်ချင်ကြ ခံစားတတ်ကြတဲ့ အာရုံခံစားမှုက မိန်းမတွေထက် ယောက်ျားတွေက ပိုလည်းများတယ် ပိုလည်း ခံစားတတ်ကြတယ်လေ။ ဒါကို အိမ်ထောင်သည် အမျိုးသမီးတိုင်း နားလည် လက်ခံ ပေးနိုင်မယ၊် ကိုယ့် အမျိုးသားစိတ်ကို သိနိုင်မယ်ဆိုရင် ဒီလိုအချိန်တွေမှာ အိမ်ထောင်ရေး ဖောက်ပြန်စိတ် အများဆုံး အချိန်မှာ အနည်းဆုံးဖြစ်အောင် အိမ်ထောင်ရှင် မိန်းမတွေက ထိန်းတတ်ဖို့ လိုလိမ့်မယ်။

ယောကျာ်းများကို ထိန်းနည်း (၄)နည်းရှိပါသတဲ့...။

၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)
၂. ပိုက်ဆံကိုထိန်းနည်း
၃. လူကိုထိန်းနည်း
၎. မိမိကိုယ်ကိုထိန်းနည်း


၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)

ပထမနည်းကို ရွေးချယ်အသုံးပြုသော မိန်းကလေးသည် သဘောထား အဖြူစင်ဆုံး ဖြစ်သည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မိသော ယောကျာ်းသည် ကံကောင်းသော သူ ဖြစ်သည်။ သူမသည် သူမချစ်သော ယောကျာ်း ကို လွတ်လပ်ခွင့် ပေးထားသောကြောင့် ဖြစ်သည်။ သူမအတွက် တစ်ခုသော မျှော်လင့်ချက်မှာ မိမိပြင်ဆင် ချက်ပြုတ် ထားသော အရသာရှိရှိ ထမင်းကောင်း ဟင်းလျှာများကို မိမိယောကျာ်းက အချိန်မှန်မှန်ပြန်လာ စားရန်သာ ဖြစ်သည်။ တခြားဘာမှ မလို၊ ဘာမှ နားမလည်သော ခပ်ရိုးရိုး ပုံမှန် မိန်းမသားတစ်ယောက်ဖြစ်နေလို့ပါ။

၂. ပိုက်ဆံကို ထိန်းနည်း

ယခုနည်းကို အသုံးပြုကျင့်ကြံသော မိန်းကလေးသည် ပါးနပ်သောသူ ဖြစ်သည်။ ငွေသည် ယောကျာ်း၏အသက်၊ ငွေသည် ယောကျာ်း၏မာန၊ ယောကျာ်းများကို ငွေဖြင့် ထိန်းချုပ်ခြင်းသည် အထိရောက်ဆုံးဟု ထင်မြင်ထားသောကြောင့် ဖြစ်သည်။ မိန်းကလေးအများစုသည် ဒီနည်းကို ကြိုက်ကြသည်။ သူမ၏ မျက်စိထဲတွင် ငွေဖြင့်အရာရာကို မြန်မြန်ဆန်ဆန် ပြီးနိုင်သည်ဟု
မြင်ထားသောကြောင့် ဖြစ်သည်။

၃. လူကို ထိန်းနည်း

ယင်းနည်းကို အသုံးချသော မိန်းကလေးသည် ဆင်ခြင် စဉ်းစားဥာဏ် နည်းသောသူဖြစ်သည်။ ယောကျာ်း တစ်ယောက်ကို လွတ်လပ်ခွင့်မပေးဘဲ ကြိုးချည်ပြီး ထိန်းချုပ်ထားချင်သော မိန်းကလေးသည် ဒီနည်းကို အသုံးပြုလေသည်။ ဘယ်ယောကျာ်းမျှ မိန်းကလေးတစ်ယောက်၏ ကြိုးဆွဲရာတွင် လိုက်မကချင်ကြ၊ နွားဖာကြိုးဆွဲပြီး စေလိုရာစေ ဆိုတာမျိုးကို မခံချင်ကြပေ။ ဒီနည်းကိုအသုံးပြုသော မိန်းကလေး၏ အိမ်ထောင်ရေးသည် နေဝင်ချိန် နီးနေပြီဖြစ်ကြောင့် ခန့် မှန်းနိုင်သည်။

၎. မိမိ ကိုယ်ကို ထိန်းနည်း

ဤနံပါတ်(၄)နည်းကို ရွေးချယ်သော မိန်းကလေးသည် အသိဥာဏ် ပညာရှိသော သူဖြစ်သည်။ ထိုမိန်းကလေးမျိုး သည် လောကကြီးသည် မမြဲခြင်းတရား ပိုင်ဆိုင်ထားသည်ကို သေချာ နားလည်ထားသောကြောင့်ဖြစ်သည်။ ယောကျာ်းများကို အစားကောင်းဖြင့်ဖြစ်စေ၊ ငွေကြေးဖြင့်ဖြစ်စေ၊ လူကိုဖြစ်စေ အရာရာကို ပိုင်ဆိုင်နိုင်ပြီး မိမိကိုယ်ကို မထိန်းနိုင်ပါက လူဖြစ်ရသည်မှာ အဓိပ္ပါယ်ကင်းမဲ့လှသည်ဟု ယုံကြည်ထားသောကြောင့် ဖြစ်သည်။ မိန်းကလေး တစ်ယောက်ဖြစ်လျှင် မိမိကိုယ်ကို ထိန်းချုပ်နိုင်ရမည်။ တစ်ပါးသူအတွက် အသက်ရှင်နေခြင်း မဟုတ်ပဲ မိမိဘာသာ ရပ်တည်နိုင်သော၊ ပျော်ရွှင်မှုကို ရှာနိုင်သော မိန်းကလေးဖြစ်ရမည်။ အရာရာကို ဆင်ခြင်တုံတရားဖြင့် ခွင့်လွတ်စွာ နေတတ်နိုင်ရမည်။ ထိုမိန်းကလေးမျိုး၏ စိတ်သည် အမြဲတည်ငြိမ်နေသည်။ မိမိယောကျာ်းသည် မည်မျှပင် ချမ်းသာပါစေ ထိုစည်းစိမ်တွင် သူမ ယစ်မူးခြင်း မရှိပေ။ မိမိဆောင်ရွက်နိုင်သမျှ ကြိုးစားရင်း ဘ၀ကို ရိုးရိုးရှင်းရှင်းဖြင့်သာ ကုန်လွန်စေချင်သော မိန်းကလေးမျိုးဖြစ်သည်။ မိမိကိုယ်ကို အသိတရားဖြင့်ထိန်းချုပ်နိုင်သော မိန်းကလေးမျိုးသည် မိမိယောကျာ်းက ကိုယ်ကိုထားခဲ့ပါစေ၊ ချစ်သူကပဲ ထားခဲ့ပါစေ၊ ဖြစ်လာသမျှကို ပြုံးပြုံးလေးနှင့် ရင်ဆိုင်နိုင်သော စိတ်ဓာတ်ကြံ့ခိုင်သော မိန်းကလေးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ အသက်သည် ယောကျာ်းတစ်ယောက်အတွက် ချစ်သူတစ်ယောက်အတွက် မဟုတ်၊ မိမိ အတွက်သာဖြစ်သည် ဟု နားလည်ထားသောကြောင့် ဖြစ်သည်။
ကဲ ဒါဆိုရင် ......
သင်သည် ဘယ်လိုမိန်းကလေးမျိုးလဲ......။
သင်သည် ဘယ်လိုမိန်းကလေးမျိုးကို လက်ထပ်ယူချင်ပါသလဲ.......။
(ဒီပိုစ့်လေးကို တွေ့မိတော့ ဘာများလဲလို့ စာဖတ်သူတိုင်း စိတ်ဝင်စားကြမလားပဲ။ သူများနည်းတူ ကျမလည်း ဘာတွေများလဲပေါ့လေ ခေါင်းစဉ်လေးကြောင့် စိတ်ဝင်တစားနဲ့ ဖတ်မိပါတယ်။ ကောင်းမွန်သော စာသားလေးများကို ဖတ်မိတော့ စဉ်းစားစရာလေးတွေ ပေါ်လာလို့ နဲနဲလေး ပြင်ရေးလိုက်မိပါတယ်လို့ ရိုးသားစွာ ဝန်ခံပါတယ်ရှင်။ ဒါကြောင့် ဘဝဇာတ်ခုံထဲ အပိုင်းတစ်ပိုင်းဖြစ်တဲ့ ပျားဘုရင်မပိုစ့်ထဲမှာ ထပ်ဆင့်ဖေါ်ပြလိုက်ပါတယ် - ခရစ္စတလ်)

ဒီအရွယ်တွေက ကျော်လွန်လို့ အသက် (၅ဝ)ကျော် အရွယ်တွေမှာတော့ ဝပ်လျှော့ရောက်နေတယ်၊ စီးပွါးရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေး၊ နိုင်ငံခြားသား ဧည့်သည်ကို ဧည့်ခံနေလို့ စသည် စသည်ဖြင့် အကြောင်းပြချက်များစွာနဲ့ အိမ်ပြန်နောက်ကျခြင်း၊ အလုပ်ကိစ္စဖြင့် ခရီးဝေးသွားခြင်းတွေ ဖြစ်ပေါ်လာတော့တာပါပဲ။ ဒီအသက်အရွယ်တွေမှာတော့ အိမ်က မိန်းမနဲ့ တစ်စခန်း ရပ်ကုန်ကြပြီလေ။
အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ စိတ်သာ ရှိကြပြီး စိတ်နောက်ကိုယ်ပါ မလိုက်နိုင်တော့တဲ့ အခါတွေမှာ ယောက်ျား အားတိုးဆေးတွေ အကူအညီနဲ့ လှုပ်ရှားကြပြန်ပါရော။ တကယ်ဆိုရင် အိုင်တို့ နေရာတွေက တရားကျစရာကြီးပါ။ ဒါကြောင့် ရိုးရိုးသားသား လက်ထပ်ပါရစေလို့ ပြောလာတာတွေ ရှိလာတာတောင်မှ လက်မခံချင်တော့ဘူး။ မယူခင်အချိန်လေးသာ ကိုယ့်ရှေ့မှာ ရိုးသားပြ ကြတာပါ။ ယူပြီးသွားရင်တော့ သူတို့ ခြံထဲက ကြက်လေ၊ ကြိုက်တဲ့ အချိန် ရိုက်သတ်စားကြတော့မှာပါ။ ဒါတွေက ယေဘူယျခြုံပြီး ပြောပြတာပါ၊ ဒါမျိုးတွေက ရာခိုင်နှုန်းများတယ်လေ။ တောရော မြို့ပါ ဒီလိုတွေပါပဲ ယောက်ျားဆိုတာ ယောက်ျားပါပဲ။ ဒါကြောင့် ဟိုတုန်းက အစ်မတစ်ယောက်က ပြောဖူးတယ် ဘယ်မိန်းမမှ လူပျိုစစ်စစ် ရမယ်မထင်နဲ့တဲ့။ ဒါကြောင့် လူပျိုမရှိဘူး လူလွတ်ပဲ ရှိတယ်။ တကယ်တော့ အခုခေတ်အရဆိုရင် လူလွတ်ရရင်တောင် ကံကောင်းပေါ့လေ။
ဆက်လက်ဖော်ပြပါမည်....

Saturday, March 20, 2010

ပျားဘုရင်မ


စက်ချုပ်ရန်၊ ဂေဟာများကို ပို့ပေးရန်၊ ပညာသင်ရန် စသည်တို့ ဘာမျှမလို။ မိမိတို့သည် လိင်ဖျော်ဖြေရေးလုပ်ငန်းကို အသက်မွေးဝမ်းကြောင်းအဖြစ် အဓိကထား လုပ်ကိုင်သော သူများ ဖြစ်ကြပါသည်။ မိမိတို့၏ ကျန်းမာရေးကို အထူး ဂရုစိုက်၏၊ ဧည့်သည်များကို ဖျော်ဖြေရာတွင် စိတ်ကျေနပ်မှုရှိစေရန် အဓိကထားဆောင်ရွက်ပါသည်။
လုပ်ငန်းတစ်ခု၏ ဆောင်ပုဒ်သဏ္ဌာန်ပုံစံမျိုးအပြင် သူမ၏ အလှအပနှင့် ကျော်ဇော ထင်ရှားမှုတို့ကြောင့် သူမနှင့် ဆုံတွေ့ရန် ကြိုးစားရပါတော့သည်။ သူမကို “ပျားဘုရင်မ”ဟု တင်စားကြသည်။ ပျားဘုရင်မဟု ခေါ်ရတဲ့အကြောင်းကတော့ စာဖတ်သူများ စဉ်းစားတွေးတောကြည့်နိုင်မည်ထင်ပါတယ်။ ပျားဘုရင်မတို့၏ သဘာဝနှင့် ထို့အပြင် သူမ၏ လိင်ဖျော်ဖြေရေး ကျွမ်းကျင်မှုများကို ဆက်နွယ်ပတ်သက်၍ ထိုဘွဲ့နာမည်ဖြင့် ကျော်စောထင်ရှားသူ ဖြစ်လာလေသည်။ သူမသည် ငွေကြေး ချမ်းသာကြွယ်ဝခြင်း၊ လှပကျော့ရှင်းခြင်း၊ လုပ်ငန်းတစ်ခုထက်မက ပိုင်ဆိုင်သော လုပ်ငန်းရှင်တစ်ဦး ဖြစ်နေပြန်သည်။ ထို့ကြောင့် သူမနှင့် တွေ့ခွင့် စကားပြောခွင့် ရဖို့ ရင်ခုန်စွာ စောင့်စားကာဖြင့် တနေ့တွင် သူမနှင့် စကားပြောဖြစ်ကြသည်။ ထို့အပြင် သူမသည် ဆယ်တန်းအောင်စဉ်က စက်မှုတက္ကသိုလ်တက်ရန် အမှတ်မီခဲ့ခြင်း၊ သူမ ပြုဖူးသော ကုသိုလ်တရားများနှင့် ဘာသာရေးခံယူချက်ကိုပါ တအံ့တသြနှင့် သိခဲ့ရပြန်ပါသည်။ တွေ့ဖူးခဲ့သော မိန်းကလေးများစွာနှင့် ကွဲပြားခြားနာစွာပင် မှန်သော စကားကို ဆိုခြင်း၊ ရဲရင့်စွာ အမှန်တရားကို ရင်ဆိုင် လက်ခံတတ်ခြင်းတို့က သူမဘဝကို အရောင်အဝါ တောက်ပစေသည်။
သူမကို သူ့ပတ်ဝန်းကျင်က “မမ” ဟု တရိုတသေခေါ်ကြလေသည်။ သူမထက် ကျမ၏ အသက်က အနည်းငယ်မျှ ငယ်နေသောကြောင့် သူများတွေ ခေါ်သလို “မမ”ဟူ၍ ခေါ်သောအခါ......“အိုး ...အိုင့်ကို မမ လို့ ခေါ်ဖို့မလိုဘူးလေ၊ ဒီပတ်ဝန်းကျင်မှာက ဒီအခေါ်အဝေါ် အသုံးအနှုန်းနဲ့ အလုပ်သဘောအရ ခေါ်နေကြတာပါ၊ အေးအေးဆေးဆေး သက်တောင့် သက်သာ စကားပြောကြတာပေါ့နော့” တဲ့။ ဟုတ်ပါသည် သူမရှေ့မှာ ဘာကိုမှန်းမသိ လွှမ်းမိုးမှုတစ်ခု ခံနေရသလို ခံစားနေရလေသည် ဒါဟာ သူမ၏ ထင်ရှားကျော်စောမှုကြောင့်လည်း ဖြစ်နိုင်ပါတယ် နောက်ပြီး သူမလို အမျိုးသမီးကို စကားပြောရန် သတိများစွာ ထားနေရခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ ကျမသိပ်မေးစရာမလိုပဲ သူမ၏ ဘဝအကြောင်း၊ သူမ၏ ဖျော်ဖြေရေးလုပ်ငန်း အောင်မြင်ခြင်း သော့ချက်များ၊ သူမ၏ ဘဝပန်းတိုင် စသည်များကို စိတ်ရှည်လက်ရှည်ဖြင့် ဧည့်သည်များကိုပင် လက်မခံပဲ ကျမကို အချိန်ပေးခဲ့ခြင်း အတွက် အလွန်ကျေးဇူးတင်မိပါသည်။ သူမ အပန်းဖြေအနားယူလေ့ရှိသော နေချင်စဖွယ် ခြံဝန်းလေးနှင့် တစ်ထပ်တိုက်ပုလေးတွင် သူမ မျှဝေသော ဗဟုသုတများစွာကို ရရှိခဲ့ပါသည်။
သူမ၏ ဘဝအစ။
ဥာဏ်ထက်တဲ့ မိန်းကလေးဖြစ်လို့ မိဘများက ပညာရေးကို အထူး အလေးပေး ကြသည်။ တစ်ဦးတည်းသော သမီးဖြစ်တာကြောင့် မိသားစု စားဝတ်နေရေးလည်း ဖူလှုံပါသည်။ မိဘများက နယ်မြို့တစ်ခု၏ တည်းခိုခန်းတွင် သမာအာဇီဝဖြင့် အသက်မွေးသော ဝန်ထမ်းများဖြစ်ပါသည်။ ဖခင်က တည်းခိုခန်းတွင် လျှပ်စစ်မီးပြင်၊ ခြံရှင်းရ၏။ မိခင်မှာ သန့်ရှင်းရေး တာဝန်ယူရလေသည်။ သူမငယ်စဉ်က တည်းခိုခန်း၏ ဝန်ထမ်းအိမ်ယာတွင် နေထိုင်ခဲ့သောလည်း တည်းခိုခန်းသည် မည်သို့သော သူများလာသည် တည်းခိုသည်ကို သူမ မသိခဲ့ပါ။ သူမ၏ ပတ်ဝန်းကျင်ကို အဓိပ္ပါယ်ဖွင့်ပြသူမှာ သူမ၏ ချစ်သူ ဆရာဝန်လောင်းလေးတစ်ဦး ဖြစ်ခဲ့ပါသည်။ သူမ၏ ကြေကွဲခြင်းများကို ယခုလို ကြားသိခဲ့ရပါတယ်။
အိုင်တို့နှစ်ယောက် ဒီမြို့က ကျောင်းမှာ ရှစ်တန်းနှစ်ကတည်းက စာကြိုးစားကြတာလည်း အတူတူ၊ မွေးလလည်း အတူတူ၊ စိတ်ထားလည်း တူ၊ ဒါပေမယ့် မတူနိုင်တာက ဘဝပါပဲ။ သူက ပညာတတ်မိသားစုက ပေါက်ဖွားခဲ့ တာဖြစ်ပြီး အိုင်ကတော့ တည်းခိုခန်းတစ်ခုက ဝန်ထမ်းသားသမီးဖြစ်နေခဲ့တာပါ။ ဆယ်တန်းနှစ်မှာ ချစ်သူဖြစ်ကြပြီး အမှတ်စာရင်းတွေ ထွက်တော့ အိုင်တို့ လမ်းခွဲဖြစ်ခဲ့ကြတယ်။ လမ်းခွဲရတဲ့အကြောင်းကတော့ အိုင့်ပတ်ဝန်းကျင်ကို စွန့်ပြီး တခြားနေရာကို ပြောင်းမယ်ဆိုရင် အနာဂတ်လမ်းက လှပနိုင်မယ်၊ ဒီအတိုင်းနဲ့တော့ မဖြစ်ဘူးလို့ ပြောလာတော့ အိုင့်မှာလည်း မာနတွေ တပုံတပင်နဲ့ ဒီအတိုင်း ဆက်မချစ်နိုင်ရင် ဖြတ်လိုက်လို့ ပြောတဲ့အခါ ကောင်းပြီလေတဲ့။ ဒါနဲ့ အိုင်တို့ နှစ်ယောက်ပြတ်သွားခဲ့တယ်။ ဒါပေမယ့် အိုင် သူ့ကို သိပ်ချစ်ခဲ့ပါတယ်။ နောက်ပိုင်း သူဆရာဝန်ဖြစ်တော့ ရပ်ကွက်ဆေးခန်းဖွင့်သေးတယ်။ အိုင်လည်း ရွဲ့ပြီးဆေးခန်းသွားပြလိုက်သေးတယ်။ အဲဒီတော့ သူက ညီမ ဘာဖြစ်သလဲပြောတဲ့။ တကယ်ပါ အတော်နူးညံ့တဲ့သူ။ အိုင်ကတော့ အချစ်နဲ့ စတေးပြီး ဘဝဟာ မာကျော ခါးသက်သွားတော့တယ်။ ဘဝအမှန်ကို သူက ချပြလိုက်ပုံက...သူက လေးဘာသာဂုဏ်ထူးနှင့် ဆရာဝန်လောင်းဘဝကို ရောက်မယ့်သူဖြစ်ခါ သူမက နှစ်ဘာသာဂုဏ်ထူးအမှတ်နှင့် စက်မှုတက္ကသိုလ်ကို တက်ကြမယ်ဆိုတော့ တည်းခိုခန်းမှာ အလုပ်လုပ်နေတဲ့ မိဘများကို အလုပ်ပြောင်းခိုင်းတယ်။ ဒါဟာ မလွယ်တဲ့ ကိစ္စပဲ ဖခင်က သူ့ သူဋ္ဌေးအပေါ်ကျေးဇူးတွေ ရှိလို့ အလုပ် လုပ်ကိုင်နေတဲ့သူဖြစ်တယ်။ တစ်နေ့ ဒီမှာ ဆက်နေသွားမယ်ဆိုရင် သူများတွေက အပျိုလေးဖြစ်တဲ့ အိုင့်ကို ဒီလိုဖြစ်သွားနိုင်မယ်လို့ ပြောတယ်။ အိုင်ကလည်း ကိုယ်ကျင့်တရားကို စော်ကားလှချည်ရဲ့ဆိုပြီး နင် ဂုဏ်သိက္ခာကျမယ်ဆိုရင် ငါ့ကို ဖြတ်လိုက်လို့ ပြောလိုက်တာလေ။ နောက်မှ သိခဲ့ရတာက ပတ်ဝန်းကျင်ကြောင့် ကိုယ့်ဘဝ လမ်းမှားမှာ စိုးလို့ သတိပေးခဲ့တာပါ။ သူက အကြောင်းရင်းအမှန်ကို စိတ်ရှည်လက်ရှည် မရှင်းပြဖြစ်ပဲ အိုင့်ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေကို အိုင်သိတယ်အထင်နဲ့ ဘာမှ ရှင်းမပြခဲ့ဘူး။ အိုင်ကလည်း မိုက်ရူးရဲဆန်စွာ နာကျည်းတာတွေ မာနတွေ ပြည့်လျှံလို့ အဖြစ်မှန်ရဲ့ အဖြေကို မမြင်နိုင်ခဲ့ဘူး။ သူပြောတဲ့အတိုင်း အိုင်တနေ့ ဒီလိုဖြစ်ခဲ့ရင် သူဘယ်လိုမှ လက်မထပ်ဘူးတဲ့ ဒါကြောင့် အိုင် ဒီဘဝကို ရောက်ဖို့ ကိုယ်တိုင် နွံထဲကို ခုန်ချခဲ့တာဖြစ်ပါတယ်။ တကယ်တော့လည်း ဘဝဝဋ်ကြွေးပါလာခဲ့လို့လည်း ဖြစ်မှာပါ။ ချစ်သူကို ချစ်တဲ့ ချစ်ခြင်းကနေ အမုန်း ၊ ဒီအမုန်း အငြိုးအတေးတွေက ဘာလိုမှ မပြေနိုင်ခဲ့ဘူး၊ ဒါပေမယ့် မြတ်စွာဘုရားကိုတော့ အိုင်တကယ့်ကို ကြည်ညိုခဲ့တယ်၊ ဒါကြောင့် တရားစာအုပ်တွေ ဖတ်ဖြစ်တယ်။ မြတ်စွာဘုရားလက်ထက်တော်က ပြည့်တန်ဆာတွေ ကချေသည်တွေလည်း သောတာပန်တည်နိုင်ကြောင်းလည်း သိရရော အိုင် တရားအားထုတ်တဲ့ဆီကို ရောက်ခဲ့ဖြစ်တယ်၊ တရားအားထုတ်တော့ တရားကို သိလာရတယ်၊ တရားကို သိရတော့ တရားများ၏ ပိုင်ရှင်ဖြစ်သော မြတ်စွာဘုရားကို ပိုသိမြင်လာတယ် အရင်ကထက်ပင် ပိုကြည်ညိုလာတယ်၊ လမ်းပြပေးနေတဲ့ သံဃာတော်များကိုလည်း လေးစားကြည်ညိုမိတယ်။ ဒီစိတ်တွေဖြစ်လာတော့မှ  ရင်ထဲက အာဃာတတွေက ငြိမ်းအေး သွားရပါတယ်။

ဆက်လက်ဖော်ပြပါမည်.... 

Friday, March 19, 2010

ပီတိ။


ရေးပေးတာ ကျေးဇူးတင်ပါတယ်။ STD (ကာလသားရောဂါ) နဲ့ TB ဟာ အရေးကြီးတဲ့ မြန်မာ့ကိုယ်ပိုင် ပြဿနာကြီးနှစ်ခုလို့ ထင်ပါတယ်။ တခါ မြန်မာ့ယဉ်ကျေးမှုနဲ့ ကာလသားရောဂါ ပညာပေးနဲ့ အဟပ်မိဖို့ကလည်း မလွယ်ဘူး။ ဒီအကြောင်းအရာတွေကို လူကြားထဲ ပြောရတာ ထင်သလောက် မလွယ်ကူဘူး။ အရင်က လူမှုရေးနဲ့ ကာကွယ်ရေး ဆေးပညာက ဆရာ ဒေါက်တာ နေစိုးမောင်တို့ ပြောပြပုံအရ ကွန်ဒွန်းတွေကို တီဗီထဲ ကြေညာဖို့ ဆိုင်းဘုတ်တွေ စာစောင် မဂ္ဂဇင်းတွေမှာ ကြော်ညာသဘောမျိုးနဲ့ Public Desensitization လုပ်ချင်လို့ ခွင့်တောင်းတာကို မနှစ်သက်ကြဘူးလို့ ပြောတယ်။ ကျောင်းတုန်းက လက်တွေ့ ကွင်းဆင်း တုန်းကတော့ ကွန်ဒွန်းကို ပူပေါင်းမှုတ်ပြ၊ မင်္ဂလာဆောင်မှာ ပူပေါင်းချိတ်သလို ချိတ်ပြ ဆော့ပြ၊ sample နဲ့ နမူနာပြကြ အဲဒီလိုလုပ်ပြပြီး လူတွေနဲ့ ကွန်ဒွန်းနဲ့ ရင်းနှီးအောင် မိတ်ဆက်ပေးကြတယ်။ အဲလိုစသည်ဖြင့် ကျောင်းသားတွေ ကိုယ့်ဖာသာ တနိုင်တပိုင် ပညာပေးကြတာလည်း ရှိတယ်။ အရေးအကြီးဆုံးက ၀ယ်ဖို့ လွယ်ကူဖို့ ကိစ္စပဲ။ ရန်ကုန်လို မြို့ကြီးမှာ condom ကို ၀ယ်ရတာ မထောင်းတာပေမဲ့ နယ်မြို့တွေမှာကျတော့ ၀ယ်ရတာလည်း ခက်တယ်၊ တချို့နယ်တွေမှာဆို လုံးဝလည်း မရောင်းတာမျိုး ရှိတယ်လို့ သိရတယ်။ အဲဒီတော့ အဲဒီလိုတွေ ဖြစ်ကြတာပေါ့။ ဒါပေမဲ့ ဒါဟာ ကိုင်တွယ်ဖြေရှင်းလို့ မရတဲ့ ပြဿနာတွေတော့ မဟုတ်ပါဘူး။  အကြောင်းအမျိုးမျိုးကြောင့် ခုလိုဖြစ်နေတဲ့ သဘောပါပဲ။
မှန်ပါတယ်ဆရာ၊ ကွန်မန့်လာရောက်ပေးခဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ နေရာတိုင်းမှာ လွယ်ကူစွာ ဝယ်ယူနိုင်ရေးနဲ့ ဝယ်ယူရာတွင် အဟန့်အတားမရှိနိုင်အောင် ထိရောက်စွာ အကောင်အထည် မဖေါ်နိုင်ကြသေးဘူးလေ။ ကြိုးစားနေကြတဲ့ အဖွဲ့တွေတော့ ရှိနေကြပါတယ်။ ဒါပေမယ့် ကြိုးစား နေကြ တုန်းပါပဲ။ အခမဲ့ဖြန့်ပေးတဲ့ အဖွဲ့အစည်းတွေလည်း ရှိနေကြပါတယ်။ သို့သော်လည်း ကျယ်ကျယ် ပြန့်ပြန့်တော့ မလုပ်နိုင်ကြသေးပြန်ဘူး၊ နည်းစနစ်မှန်ကန်စွာနဲ့ သုံးစွဲနိုင်ရေးကလည်း အလွန် အရေးကြီးပါတယ်။ ဒါတွေက အဓိက လိုအပ်ချက်တွေဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် သိတဲ့သူတွေက နီးစပ်ရာ ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်း ကူညီကြနိုင်ကြစေပါလို့ ဒီဆောင်းပါးလေးမှ တဆင့် တိုက်တွန်းပါစေရှင်။ ထပ်မံရေးသားမည့် ပိုစ့်များတွင်လည်း လိုအပ်ချက်နှင့် လူထုအကျိုး ရှိစေဖို့ရန် ရည်ရွယ်ချက်ဖြင့် ရေးသားသွားမှာ ဖြစ်ပါတယ်။
ထို့အပြင် ဘဝဇာတ်ခုံဆောင်းပါးလေး စရေးစဉ်ကတည်းက လာရောက် အားပေးသူများ ကို၎င်း၊ ကွန်မန့်ပေးကြသူများကို၎င်း၊ ကိုလူထွေးအပါအဝင် ဘလော့ဂါများအားလုံး ကို၎င်း၊ တိတ်တဆိတ် လာရောက်လည်ပတ်သူများ အားလုံးကို၎င်း၊ ရေးသင့်ကြောင့် တိုက်တွန်းအားပေးသော စာဆို ကဝိ နာမည်ကျော် ဘာဘာ တစ်ဦးနှင့် ကျမ၏ ကျေးဇူးရှင်ကို၎င်း အထူးပင် ကျေးဇူးတင်ပါတယ်။ ထိုပီတိတို့ကြောင့် ဆောင်းပါးများကို ဆက်လက် မျှဝေ တင်ဆက်ပေးပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင်။ 

“မေတ္တာဖြန်းမှ လန်းဆန်းမယ်”

Tuesday, March 16, 2010

အသွားမတော် တစ်လှမ်း။

၂။ တည်းခိုခန်းများတွင် အလုပ်ဆင်းရသော လိင်ဖျော်ဖြေရေး မိန်ကလေးများ
အခန်း နေရာ တစ်ခုတွင် အလုပ်ဆင်းရသော မိန်းကလေးများကို တည်းခိုခန်းများတွင် အလုပ်ဆင်းရသော မိန်းကလေးများထဲတွင် စာရင်းသွင်းလိုက်ရပါသည်။ အခန်းနေရာ ဆိုသည်မှာ ထရံကာ ဓနိမိုးမှ အဆင့်မြင့်တည်းခိုရိပ်သာများအထိ ပါဝင်ပါသည်။ ထိုထက်အဆင့်မြင့်စွာသော နေရာများလည်း ရှိပါသေးသည် သို့ပါသောလည်း မိမိလေ့လာဖြစ်သည်မှာ နွမ်းပါးစွာ အသက်မွေးဝမ်း ကျောင်းနေကြသော မိန်းကလေးများ ဖြစ်ပါသည်။
ယင်းဧည့်ရိပ်သာများ တည်းခိုခန်းများနှင့် လိင်ဖျော်ဖြေရေးကို အဓိကထားကာ လုပ်ငန်းလုပ်ကိုင်နေကြသော နေရာအားလုံးတွင် သူဋ္ဌေး အမျိုးသားသော်လည်းကောင်း၊ အမျိုးသမီးခေါင်းဆောင် တစ်ဦးဦးသော လည်းကောင်း အုပ်ချုပ်လေ့ရှိပါသည်။ ထိုနေရာ အများစုကို ယောက်ျားလေးတိုင်းတိုင်းလိုလို သိကြလေ့ ရှိကြပါသည်။ ဝါးထရံကာ နေရာများတွင် ဧည့်သည်နှင့်မိန်းကလေးတို့၏ အခန်းအပြင်မှ ချောင်းကြည့်ခများကိုပင် အခကြေးငွေယူသော လုပ်ငန်းများကိုလည်း တွေ့ရတတ်သေးသည်။
လိင်ဖျော်ဖြေရေး မိန်းကလေးများသည် (15)မိနစ်၊ နာရီပိုင်းမှ တစ်နေ့တာအထိ တာဝန်ထမ်းဆောင် ဖျော်ဖြေပေးရပါသည်။ သတ်မှတ်ချိန်ပြည့်လျှင် ကျသင့်ငွေ ရှင်းပေးရပါသည်။ လမ်းမပေါ်တွင် ကိုယ်တိုင် ဖောက်သည်ရှာရသော မိန်ကလေးများသည် တည်းခိုခန်းများသို့ သွားကာ အလုပ်ဆင်းရတာမျိုးလည်း ရှိတတ်ပါသည်။
မိန်းကလေးများသည် ဧည့်သည်အလာများသော နေ့ရက်များတွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအတွက် သူမတို့၏ နီးစပ်ရာပတ်ဝန်းကျင်တွင် ရနိုင်သော ဆေးများကို  သုံးစွဲကြပါသည်။ တားဆေးများစားခြင်းနှင့် ထိရောက်သော လိင်ပိုင်းဆိုင်ရာ ရောဂါကူးစက်မှုများကို ကာကွယ်ရန်အတွက် မည်သည့် နည်းလမ်းကိုမှ ပုံမှန် သုံးစွဲသည်ဟူ၍ မတွေ့ရပါ။ အလုပ်ချိန်ပြီးဆုံးချိန်တွင် အမျိုးသမီး မအင်္ဂါအတွင်းသို့ ဆပ်ပြာဖြင့် ဆေးကြောခြင်းများကိုသာ ပြုလုပ်လေ့ရှိကြပါသည်။ အများအားဖြင့် အမျိုသားသုံးကွန်ဒုံးများကို ကြေညာကပ်ထားခြင်းနှင့် သုံးစွဲရန်သိကြပါသောလည်း မြန်မာနိုင်ငံ၏ လူအများစုနေထိုင်ရာ ကျေးလက်ဒေသနှင့် နယ်မြို့များတွင် နေထိုင်သော ယောကျာ်းအများစုသည် ကွန်ဒုံးသုံးစွဲခြင်းကို လက်မခံလိုကြပေ။ မြန်မာနိုင်ငံမှ ပညာတတ်လက်တစ်ဆုပ်စာ လူတန်းစားများသာ မိသားစုကို မလိုလားအပ်သော ရောဂါများ ကူးစက်နိုင်ခြင်းကို ကြောက်လန့်၍၄င်း၊ ဂုဏ်သိက္ခာပိုင်းဆိုင်ရာအရ ထိခိုက်နိုင်ခြင်းကြောင့်၎င်း ကွန်ဒုံးကို သုံးစွဲကြခြင်းဖြစ်သည်။ ကာကွယ်ရန် သိလျက်နှင့် ထိရောက်စွာကုသမှုခံယူဖို့ အကြောင်းအမျိုးမျိုးဖြင့် မကုသကြသော မိန်းကလေးများ၊ လွဲမှားသော ကုသမှုများနှင့် နောက်ဆုံးတွင်တော့ AIDS ရောဂါဆိုးကြီးကို ခံစားကြရတော့သည်။ ထိုမိန်းကလေးများထံသို့ သွားကြသော ယောက်ျားတိုင်း သည်လည်း ကြိုတင်ကာကွယ်မှုများ မပြုလုပ်ခြင်းများကြောင့် နိုင်ငံနှင့်အဝှမ်းပင် ဖြစ်ပါသည်။ လိင်ပိုင်းဆိုင်ရာပတ်သက်သော မနှစ်မြို့ဖွယ်အဖြစ်နှင့် အိမ်ထောင်သည် ယောကျာ်းများသည်ပင် ကွန်ဒုံးကို ဝယ်ခြင်း၊ လက်ဝယ်တွင်ကိုင်ဆောင်ရန် များစွာ ရှက်ရွံ့ဝန်လေးနေကြခြင်း၊ သားဆက်ခြားရန်နှင့် လိင်မှ တဆင့် ကူးစက်သော ရောဂါများကို ကာကွယ်ရန်အတွက် အထောက်အကူပစ္စည်းအဖြစ် စိတ်ဝယ် မမြင်နိုင်ခြင်းများကြောင့် မလိုလားအပ်သော ဆုံးရှုံးမှုမျိုးစုံ ကြုံတွေ့နေခြင်းများ ဖြစ်ပေါ်လျက်ရှိနေပါသည်။
သို့ပါသောလည်း လိင်လုပ်သား မိန်းကလေးတိုင်းတွင် ကာလသားရောဂါအပါအဝင် လိင်နှင့်ပတ်သက်သော ရောဂါများသည် တနေ့တကြားတိုး၍ ဖြစ်ပွါးလျက်ရှိကြသည်။ လိင်လုပ်သားများမှ တဆင့် ၄င်းတို့နှင့် ပတ်သက်မိသောသူများ
         ထိုမှ တဆင့်
အိမ်ထောင်သည်အမျိုးသားများသည် မိမိတို့၏ အိမ်သူသက်ထားများထံသို့ ချစ်သက်လက်ဆောင်အဖြစ် ရောဂါဆိုးများကို တိတ်တဆိတ် သယ်ဆောင် လာကြလေသည်။ ထို့ကြောင့် မသိနားမလည်သော အိမ်ထောင်သည် အမျိုးသမီး များစွာနှင့် အပြစ်မဲ့ အနာဂတ်မျိုးဆက်သစ်တို့သည်လည်း ထိုရောဂါဆိုး၏ အမွေကို လက်ခံရရှိကြလေသည်။ ထို့ကြောင့် ရှေးလူကြီးများ အမှာစကား ထားခဲ့ကြတာက  
အသွားမတော် တစ်လှမ်း။
“ရေမြင့်မှ ကြာ တင့်မယ်”


Sunday, March 14, 2010

သူမဆိုသည်က ပျားဘုရင်မတဲ့။

ဘဝဇာတ်ခုံ ဆောင်းပါးရှည်တွင် အဓိက အခန်းတစ်ခုဖြစ်တဲ့ ပျားဘုရင်မနှင့် တွေ့ဆုံခြင်းပိုစ့်ကို ရေးရန် သီချင်းရှာ၊ ပုံရှာရင်း ယူကျု့တွင်ရှာဖွေတွေ့ရှိခဲ့သော ဒေါင်းအကနဲ့ လှပျိုဖြူ၊ တရုတ်နိုင်ငံရဲ့ ကျော်ကြားလှတဲ့ အကပဒေသာကို မျှဝေလိုက်ပါတယ်။ ဖျော်ဖြေခြင်းဆိုတဲ့ ဝေါဟာရ တစ်ခုကို ကျမစဉ်းစားရင်း ပိုစ့်လေးကို အင်တာနက် စာမျက်နှာရေးသားနေမိချိန်မှာ သူမကို သတိရနေခဲ့ပါတယ်။ 
သူမဆိုသည်က ပျားဘုရင်မတဲ့။
ပျားဘုရင်မ-သူမကို မြို့တစ်ခုမှာ ခက်ခဲစွာဖြင့် တွေ့ဆုံခွင့်ရခဲ့တာဖြစ်ပါတယ်။ နာမည်ကျော်ကြား ထင်ရှားပုံက ဆန်းကြယ်လှတယ်။ ကျမကလည်း ဒီလို ထူးဆန်းတာမှ စိတ်ဝင်စားတာ။ ကဲ ပျားဘုရင်မက ရှင်းပြသော ဖျော်ဖြေခြင်း၊ အသက်မွေးဝမ်းကြောင်း၊ ပညာရှင်အဖြစ်၊ အောင်မြင်ခဲ့သော သူမဘဝ၊ ကျန်းမာရေးနှင့် ကုသိုလ်ရေးများ အကြောင်းကို လေ့လာ မှတ်သား စဉ်းစားကြည့်ကြရအောင်နော်။ ကျမကတော့ ဘဝမှာ တွေ့ဆုံခဲ့သော လူသားတွေထဲမှာ သူ့ကို မေ့မရနိုင်တော့သလို ကြားဆရာ တစ်ယောက်အနေဖြင့်ပင် သတ်မှတ်ခဲ့ပါတော့တယ်။ 



ဒေါင်းမလေးများ၏ အကပဒေသာ။


Thursday, March 11, 2010

တစ်ခန်းရပ်ပြဇာတ် ဇာတ်သိမ်း (ဘဝဇာတ်ခုံ)

လောကတွင် ကိုယ်အဖြစ်ချင်ဆုံးဆန္ဒတွေ ဘာမှကို လုပ်ခွင့်မရတော့ဘူးဆိုတာကို သိလိုက်ရတဲ့အခါမှာ ဘဝကို ဖြစ်သင့်တာတွေ ဖြစ်လာဖို့ ဆောင်ရွက်ဖို့ အကောင်အထည် ဖေါ်ဖို့ သူလေးနက်စွာဖြင့် စိတ်မကောင်းခြင်းများစွာနှင့် ဆုံးဖြတ်လိုက်ပါတယ်။ ထို့နောက် ပထဆုံးအနေဖြင့် ရုံးမှ ခွင့်(10)ရက်ယူဖို့ ခွင့်တင်လိုက်ပါတယ်၊ အားယူဖို့ စိတ်အားရှိဖို့ သူ အနားယူဖို့လိုမယ်လေ။ တစ်ပတ်လောက် ဘယ်သူမှ မတွေ့ပဲ နားနေပြီးနောက်မှာ ချစ်သူထံ စာတစ်စောင်ရေးလိုက်ပါတယ်။ ချစ်သူကတော့ အံ့သြနေရှာမှာပဲ။ နားမလည်နိုင်ခြင်း တွေနဲ့ သူမ ဘယ်လိုများ တုံ့ပြန်မလဲမသိသေးပါ။ ထို့ပြင် သက်ထားနှင့် ဆွေးနွေးရပါအုံးမည်။ ထို့နောက်.......ကိစ္စများစွာတို့သည် မညီမညာ အဆင်မပြေ လှစွာနဲ့ ဘဝတစ်ခုထဲ ခါးသက်ပူပြင်းတဲ့ အရာတွေ ဖြတ်သန်းစီးဆင်းခဲ့တော့သည်။
“ဆရာ အစ်မ-သီတာ လာပါတယ်” လက်ထောက်ဝန်ထမ်းလေး၏ စကားအဆုံးဝယ် သီတာဆိုသော ကျွန်တော့်ချစ်သူသည် စိတ်နှင့်လူ မကပ်သည့်အလား တစ်လှမ်းချင်း လှမ်းဝင်လာခဲ့ပါတယ်။ သူမလှမ်းဝင် လာချိန်မှာတော့ ရင်မဆိုင်ရဲသော မျက်နှာကို တဖက်လှည့်ထားရင်း
“ဘာလို့ အပင်ပန်းခံပြီး လိုက်လာရသလဲကွယ်”
“...........ကို့ မျက်နှာကို လာကြည့်တာပါ၊ ဘဝတစ်ခုလုံး ဗြောင်းဆန်ရတဲ့ကိစ္စက စာတစ်ခုတည်းနဲ့ မလုံလောက်ဘူးလေ။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သေချာသိချင်လို့ပါ။ ကို့ သူငယ်ချင်းတွေနဲ့လည်း တွေ့ပြီးမေးခဲ့ပြီးပြီ။ ကို ဒီလိုဆုံးဖြတ်လိုက်တာနဲ့ ပြီးသွားရောလား။ ဒါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ကိုက ယူဆထားတယ်ပေါ့လေ။ သီတာရဲ့ခံစားချက်ကိုရော ကို ထည့်မတွက်တော့ဘူးပေါ့။ သီတာကိုတော့ မငဲ့ညှာတော့ ဘူးပေါ့၊ ဟုတ်လား။ ဘာကြောင့်လဲ ကို ပြောပြပါအုံး။ ဒီလို မိန်းကလေးတစ်ယောက်နဲ့ မဖြစ်စလောက် ဖြစ်တဲ့ကိစ္စကို အလေးအနက် မထားလိုက်ပါနဲ့။ သီတာနဲ့ ကို တို့ရဲ့ ဘဝအတွက် ဘာတွေကိုမှ သီတာ ဂရုစိုက်မှာ မဟုတ်ဘူးနော်။ သီတာဆီကိုပဲ ပြန်လာခဲ့ပါ။ အဲဒီမိန်းကလေး တောင်းဆိုတာမှန်သမျှ သီတာ ပေးနိုင်ပါတယ်၊ ဒါပေမယ့် သူတောင်းဆိုတာ ကို တော့ မဟုတ်ရဘူးနော်။ သူ့ဘဝတစ်ခု ထောင်မတ်ဖို့ သီတာတို့ ဘဝနှစ်ခုကို စတေးပေးရတော့မှာလား၊ မရက်စက်လွန်းဘူးလား။ သီတာလည်း မိန်းမသား တစ်ယောက်ပါ။ ကို သူ့ကို စာနာလို့ဆိုရင် သီတာ ဘဝကိုတော့ နစ်နာပါစေပေါ့။ ဒီလိုဖြစ်နေပြီလား..........ကို တစ်ခုခုတော့ သီတာကို ပြောပါအုံး။ ”
ကြေကွဲစို့နှင့်စွာ မျက်ရည်လည်ရွဲနှင့် ပြောနေရှာသော ချစ်သူကို ကြေကွဲစွာကြည့်မိရင်း စကားလုံးတို့က ထွက်မလာ၊ သို့သော် ပြောသင့်တာတွေကို ချစ်သူ စိတ်သက်သာအောင် ပြောရပေအုံးမည်၊ လက်ရှိအဖြစ်မှန်ကို ပြောရပေအုံးမည်။ ချစ်သူကို သူ နောက်ဆုံးအနေနဲ့ ဒီလို စကားတွေ ပြောရဖို့ ဘယ်တုန်းကမှ မထင်ခဲ့ပါ။ အခုတော့ ပြောရချေအုံးမည်။
“သီတာ ကိုတို့ ချစ်သူသက်တမ်းမှာ သီတာ ငိုနေတာ ဒါပထမဆုံးမြင်ဖူးခြင်းပါပဲ။ သီတာကို နစ်နာစေလိုသော စိတ် ကို့မှာ မရှိခဲ့တာအမှန်ပါ။ သီတာ စိတ်မချမ်းမသာအောင် တမင်ဆုံးဖြတ်ခဲ့တာ မဟုတ်ရပါဘူး။ တကယ်တော့ ကို့အတွက်လည်း မဟုတ်ဘူး၊ ဟိုမိန်းကလေးအတွက်လည်း မဟုတ်ဘူး။ ဒီလမ်းကို ရွေးခဲ့တဲ့အကြောင်းက ကို့ဘက်က ကြည့်ရင် သီတာကို မနစ်နာစေချင်တော့တာဖြစ်ပြီး ဘာမှအပြစ်မရှိတဲ့ ကလေးငယ်တစ်ဦး၊ ဘယ်သူ့ကလေးပဲ ဖြစ်ဖြစ်ပေါ့လေ သူလည်း အသက်ရှင်ပါစေ။ အရေးကြီးဆုံးတစ်ခုကတော့ ဟိုမိန်းကလေး ကိုယ်ဝန်အပ်ချိန် သွေးစစ်တဲ့အဖြေမှာ ကာလသားရောဂါပိုး ရှိနေပြီ ဖြစ်တာကြောင့်၊ ကို့မှာလည်း ဒီပိုးတွေ ကူးခဲ့ပြီ။ မသန့်စင်နိုင်တဲ့ ခန္ဓာနဲ့ သီတာကို လက်တွဲဖို့ တွန့်ဆုတ်ခဲ့ရပြီ။ အခုအိတ်ခ်ျအိုင်ဗွီပိုး သွေးစစ်ရအုံးမယ် ဒီလိုအဖြစ်တွေနဲ့ ကို သီတာနဲ့ ဘယ်လိုရင်ဆိုင်ရမလဲ၊ ကို့ဘဝအမှောင်ထဲကို သီတာကို မခေါ်ရက်တော့ပါဘူး၊ သီတာ ဘဝ အေးချမ်းနေတာ ကို့ကြောင့် မပျက်စီးစေချင်ဘူး၊ အပြစ်မရှိတဲ့ လူသားတစ်ဦး ဒုက္ခမရောက်ရအောင် ဆုံးဖြတ်ခဲ့ရတာပါ။ ကို့ကို ဘယ်တော့မှ ခွင့်မလွှတ်လိုက်ပါနဲ့တော့။ ကိုက ညစ်နွမ်းတဲ့သူ ဖြစ်နေပါပြီ။ ကို တစ်ယောက်တည်းတောင် ဘဝပျက်ခဲ့ရပြီ။ ကို ပြောတာကို ကြိုးစားပြီး လက်ခံပေးပါ။ နောက်ဆုံးအနေနဲ့ အမှားတွေ ကြားထဲက လုပ်ပေးနိုင်တာက သီတာကို လက်လွှတ်ဆုံးရှုံးခြင်းဖြင့် သီတာရဲ့ ဘဝကို ကယ်တင်နိုင်တာပါပဲ။ ကိုရဲ့ အမှားတွေ အရှုံးတွေထဲက ဒါလေးပဲ ကို လုပ်ပေးနိုင်တာပါ။”
“ဖြစ်မှ ဖြစ်ရလေ ကိုရယ်...........”
...................................................................................................
ဒီလိုနှင့် နောင်တစ်နှစ်ခန့်အကြာမှာ ကလေးငယ်တစ်ဦးကို ချီထားသော ယောကျာ်းတစ်ယောက်နှင့် သူ့နောက်မှ ခပ်ခွာခွာတွင် မိန်းမငယ်တစ်ယောက် ဟိုငေး ဒီငေးနှင့် သွားနေတာကို တွေ့ကြရပါသည်။


အသွင်မတူတော့လည်း ခြေလှမ်းတွေက မညီညာနိုင်ဘူး။
အကြည့်မတူတော့လည်း အာရုံတို့က တစ်ထပ်တည်း မကျနိုင်ဘူး။
မတူညီတာတွေကို ပေါင်းစပ်လိုက်တော့လည်း ပေါင်းစပ်မှု ကာရန်တွေက မလှပခဲ့ဘူး။

ကျောင်းဆရာမလေး မသီတာကတော့ ဘဝကို တရားသဖြင့်ရှုမြင်ရင်း ကိုယ့်ဘဝနှင့် ရင်းလို့ ရခဲ့သော ဘဝသင်ခန်းစာများကို သူမ၏ တပည့်လူငယ်လေးများအား လမ်းမမှားကြဖို့ရန် အထပ်ထပ်အခါခါ မှာကြားနေမိပါတော့သတည်း။

Sunday, March 7, 2010

ဘဝဇာတ်ခုံအတွက် ပန်ကြားလွှာ။

စာရေးသူအနေနဲ့ ကြားဖြတ်ပန်ကြားရခြင်းမှာ “ဘဝဇာတ်ခုံ”နှင့် ပတ်သက်လို့ စာဖတ်သူများဘက်မှ ကောင်းသောအမြင်များနှင့် တုံ့ပြန်အားပေးကြခြင်းကိုလည်းကောင်း၊ အသိတွေတိုးပါသည်ဟု ကြားသိခြင်းကြောင့်လည်းကောင်း ကျမရဲ့ ဆောင်းပါးရှည်ကို ရေးသားတင်ဆက်ရတာ ကျေးဇူးတင်စွာဖြင့်  ကျေနပ်ပီတိဖြစ်မိပါတယ်ရှင်။ ယင်းဆောင်းပါးကို ရေးသားရခြင်း၏ ရည်ရွယ်ချက်ကို ဆောင်းပါးအပြီးသတ်မှသာ စာဖတ်သူတို့ကို အသိပေးလိုသောလည်း “ခုတ်ရာတခြား ရှရာတလွဲ” ဖြစ်မှာ စိုးသောကြောင့် ကြားဖြတ် အသိပေးပါရစေရှင်။ 
ကျမ ဒီဆောင်းပါးနဲ့ ပတ်သက်လို့ ရည်ရွယ်ချက်တွေ အများကြီးရှိတဲ့အထဲက အရေးကြီးတဲ့ အကြောင်းတစ်ခုကတော့ ကျမတို့ မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ ပတ်သက်သော အဖွဲ့အစည်း အသီးသီးသည် နည်းမျိုးစုံနှင့် လိင်လုပ်သား မိန်းကလေးများကို ပညာပေးခြင်း၊ လိင်နှင့်ပတ်သက်သော ရောဂါများကို ကာကွယ်သောနည်းလမ်းများကို ပညာပေးခြင်းနှင့် သားဆက်ခြားပိုင်းဆိုင်ရာများကို ပညာပေးခြင်းများ စသည်တို့ကို နည်းမျိုးစုံဖြင့် ထိရောက် ကာကွယ်နိုင်အောင် ကြိုးစားဆောင်ရွက်နေကြလို့ ကောင်းတုန်းဖြစ်ပါတယ်။ (ဆောင်ရွက်နိုင်သော သူတွေ ရှိကြပါတယ်) မြန်မာနိုင်ငံမှာ ယောကျာ်းအများစု သည် လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်သောဗဟုသုတမျိုးစုံ၊ သားဆက်ခြားပညာပေးများကို မှန်ကန်သော နည်းလမ်းများနှင့် နည်းလမ်းအမှားများ၊ လွဲချော်နေသောအယူအဆများ စသည်တို့ကို  နေရာမျိုးစုံမှ ပွင့်ပွင့်လင်းလင်း ပေါ်ပေါ်လွင်လွင် လေ့လာခွင့်နှင့် သိနိုင်ကြပါသည်။ (ယောကျာ်းတို့ အခွင့်အရေးပေါ့)
သို့ပါသောလည်း လှစ်ဟာနေသော ကွက်လပ်မှာ မြန်မာအမျိုးသမီးများတို့သည် (ဆယ်ကျော်သက်အရွယ်၊ အပျိုအရွယ်၊ အိမ်ထောင်သည်) သားဆက်ခြားနည်းလမ်းများ၊ ဖို-မသဘာဝများ၊ လိင်နှင့်ပတ်သက်သော ကျန်းမာရေးပညာပေးများ အစရှိသည်တို့ကို လေ့လာခွင့်၊ သိခွင့်၊ နားလည်ခွင့် သည် အကြောင်းအမျိုးမျိုးကြောင့် အခွင့်အရေးနည်းပါးလျှက် ရှိပါသည်။ (အမြင်မကျယ်ကြသေးသောကြောင့်) ထို့ကြောင့် အနာဂတ်မျိုးဆက်သစ်များရဲ့ မိခင်လောင်းများနဲ့ မိခင်များကို အထူးသဖြင့် မျှဝေလိုသောကြောင့် လည်းကောင်း၊ ယောက်ျားများရဲ့ ခြေတစ်လှမ်းကြောင့် အမှိုက်က စ ပြဿဒ်မီးလောင်ခြင်း မဖြစ်ရလေအောင် ယောက်ျားများ၏ သဘာဝနှင့် လိင်လုပ်သား မိန်းကလေးများ ဘဝသရုပ်များကို  ရေးသားတင်ဆက်သွားရန် ရည်ရွယ်ပါသည်။ (ကောင်းသော ပြုပြင် ပြောင်းလဲမှုများကို ဖြစ်ပေါ်လာရန်)
မြန်မာအမျိုးသမီးတို့သည် ယခုလို ပွင့်ပွင့်လင်းလင်းသိရတဲ့အခါ အိမ်ထောင်ရေး ကျန်းမာရေး လူမှုရေး အစရှိသည်တို့ကို မိမိ၏ အမျိုးသားနှင့်အတူ ညှိနှိုင်းကူညီကာ ချမ်းမြေ့ ပျော်ရွှင်သော လူမှုဘဝ၊ မိသားစုဘဝကို  တည်ဆောက်နိုင်ကြဖို့ မျှော်လင့်ချက်တွေနဲ့ “ဘဝဇာတ်ခုံ” တင်ဆက်ရခြင်း ဖြစ်ပါတယ်ရှင်။

မှောင်နေပေမယ့်လည်း အသိဥာဏ်က လင်းနေရမယ်။

Tuesday, March 2, 2010

တစ်ခန်းရပ်ပြဇာတ်-ဘဝဇာတ်ခုံ

ဟလို ဟုတ်ကဲ့ ရှိပါတယ်၊ ဆရာရေ ဖုန်း။
ဟုတ်ကဲ့ ပြောပါခင်ဗျာ။
အစ်ကိုလား သက်ထားပါရှင်၊ အစ်ကို အားမယ်ဆိုရင် ညီမတို့ ဆိုင်ကို ညနေရုံးဆင်းရင် လာခဲ့ပေးပါနော်။ အရေးကြီးလို့ပါ။
အော် အင်း အင်း တခြား ချိန်းထားတာတော့ မရှိသေးဘူး လာခဲ့မယ်လေ။
သို့နှင့် အင်ဂျီနီယာ ကိုကိုဦးသည် ခေါင်းလျှော် ဆံပင်ညှပ်ဆိုင်တစ်ခုသို့ ရုံးအဆင်း တစ်ကိုယ်တည်း ထွက်ခဲ့လာ၏။ အရင်က သူငယ်ချင်းများ အခေါ်ကောင်းသဖြင့် ဆိုင်သို့ သုံးကြိမ်မျှသာ ရောက်ဖူးခဲ့ပါသည်။ ပထမတစ်ကြိမ်က ဆံပင်ညှပ်လို့ရောက်ခဲ့၊ နောက်တစ်ကြိမ်ကတော့ အိုင်တီသမားဖြစ်သည့်အလျှောက် အညောင်းမိမှုများက နှိပ်စက်သောကြောင့် ဤဆိုင်တွင် ခေါင်းလည်းလျှော် အနှိပ်လည်း ကောင်းကြောင်း သူငယ်ချင်းများ အပို့ကောင်းသဖြင့် အနှိပ်ခံဖြစ်ခဲ့ပါ၏။ နောက်ဆုံးတစ်ကြိမ်ကတော့ သူငယ်ချင်းတွေက စုံမိတော့ သောက်ကြ၊ သောက်ရာမှ အပြန် အနှိပ်ခံကြမည်ဆိုသဖြင့် သူတို့ အုပ်စုလိုက် ယင်းဆိုင်သို့ပင် ခြေဦးလှည့်ခဲ့ကြပေသည်။ ထိုညတွင် သူ့ကို ဆံပင်ညှပ် ခေါင်းလျှော် နှိပ်ပေးလေ့ရှိသော သက်ထားနှင့် အရင်းနှီးဆုံးအခြေအနေသို့ ဆိုက်ရောက်ရလေတော့သည်။ သူငယ်ချင်းများလည်း အသီးသီး ထွက်ခွာ သွားကြလေသော သူနဲ့ သက်ထားကို ဆိုင်တွင် သော့ပိတ်ခါ သွားကြလေသည်။ လူကလည်း မူးနေ၊ သက်ထားကလည်း နှိပ်ခြင်း အတတ်ပညာကလည်းတော်နှင့် စိတ်၏ စေစားရာ ထိန်းချုပ်မှုတွေက ပျောက်ကွယ်ခဲ့ရလေတော့သည်။ ထိုအကြောင်းများနဲ့ မျက်နှာပူသည်က တစ်ကြောင်း၊ ချစ်သူမှ လွဲလျှင် အခြားမိန်းကလေးများကို စိတ်မဝင်စားခဲ့ရာမှ ယခုလို အဖြစ်ကို ရောက်ခဲ့ခြင်းက မိမိကိုယ်မိမိလည်း ခွင့်မလွှတ်နိုင် ဖြစ်ချေတော့သည်။
ယခုမူ သက်ထားထံမှ ဖုန်းဆက်သည်ဆိုခြင်းက ဘာကြောင့်ပါလဲ စဉ်းစားလို့မရနိုင်ပေ။ မျက်နှာပူလို့ မသွားဖြစ်ခဲ့တာ တစ်လ နှစ်လတောင် ရှိပြီ၊ ဖြစ်ခဲ့သော နေ့ကလည်း သူတို့ထုံးစံထက်ပိုသော ငွေကြေး ကိုလည်း ပေးခဲ့ပြီးပြီ။ ဘာကြောင့်များပါလိမ့်ဆိုသော အတွေးများနှင့် ဆိုင်ရှေ့တွင် အငှားကားကို ရပ်ခိုင်းလိုက်၏။ ဆိုင်ထဲတွင် ဆိုင်ပိုင်ရှင်အစ်မကို တွေ့ရသော “အစ်ကိုဦးကြီး လာတယ်...ဟေ့”။ သူတို့ ဘာကြောင့် ပျော်နေပါလိမ့်။ သက်ထားက အနွေးထည်လေး ဝတ်၍ ထွက်လာကာ “အစ်ကို အပြင်မှာ စကားသွားပြောရအောင်နော်”။ အင်းလေ သွားပေါ့၊ နေအုံး ဘယ်သွားမှာလဲ၊ အော် ဘယ်သွားချင်တာလဲ။ သူမက ခေါင်းငုံ့ကာ တိတ်ဆိတ်တဲ့နေရာဆိုပိုကောင်းမယ် အစ်ကိုတဲ့။ နောက် သူမအဖော်များက အစ်ကိုဦးရေ ပြန်လိုက်ပို့ရင် မုန့်တွေ ဝယ်ခဲ့နော် တဲ့။ ဘာတွေတုန်းဗျ၊ ဘာတွေလဲ။ နားမလည်နိုင်တော့ပြီ။ ကဲ ကဲ သွားဆိုလည်း သွားကြတာပေါ့။ လူအနည်းငယ်ရှင်းသော အင်းလျားလမ်းဘက်က ဆိုင်တစ်ခုကို ရွေးကာ ထိုင်မိကြတယ်။ မှာစရာရှိတာမှာကြရင်း ကဲပြောပါအုံး အစ်ကို့ကို ခေါ်ရတဲ့ အကြောင်းလေး။

အသိတွေ နေမဝင်မိစေနဲ့ပေါ့။

ဒီတော့ သူမလက်ထဲတွင် အထူးကုဆေးခန်းတွင် ဆေးစစ်ထားသော စာရွက်ခေါက်ကို ပေးဖတ်၏။ အော် သက်ထားမှာ ကိုယ်ဝန်ရှိနေတာပဲ။ ဒါကြောင့် အနွေးထည် ဝတ်ထားတာလား၊ သူ့အမေးကို ရှက်ဖွယ်ဖြင့် အစ်ကိုရော မပျော်ဘူးလားဟု မေးသောအခါ သံသယတို့က ရင်ဝကို ဆောင့်ကန်လေပြီ။ ဘာ... ဘာဖြစ်လို့လဲ။ အစ်ကို ကလေးပါ တဲ့ဗျာ။ သေရော သေပြီ သေသာ သေလိုက်ချင်တော့တယ်။ ရုတ်တရက် မတ်တပ်ထရပ်မိကာ အော်လိုက်မိတယ်။ နောက်မှ နေပါအုံး ပြောပြစမ်းပါအုံး၊ ဘယ်လိုဖြစ် ကုန်တယ် ဆိုတာကို ငါနားမလည်နိုင်လွန်းလို့ပါ။ သူမကို ကြည့်မိတော့ မတုန်မလှုပ်နှင့်။ ပြောဆိုလည်း ပြောပါ့မယ် အစ်ကို။ စိတ်အေးအေးထားပြီး နားထောင်ပါတဲ့။
သက်ထားက အစ်ကို ဆံပင်စညှပ်ဖို့ လာကတည်းက အစ်ကိုက လူကောင်းမှန်း သိပါတယ်။ အခြားကျားသတ္တဝါတွေလို မဟုတ်ဘူး၊ အနေတည်တယ်၊ လက်မဆော့ဘူး။ ပါးစပ်လည်း မသရမ်းဘူး။ မိန်းကလေးတွေ စိတ်ဝင်စားမယ့် အစား အစ်ကို ပင်ပန်းလာလို့ ငိုက်တောင်နေရှာတယ်။ အဲဒီကစပြီး သက်ထားရဲ့ ဘဝမှာ ဒီလို ရိုးသားတဲ့ ယောက်ျားလေးတွေ ရှိသေးတာပဲလို့ စိတ်ဝင်စားမိခဲ့တယ်။ နောက် အစ်ကို သူငယ်ချင်းတွေက နေ့တိုင်းလောက် လာခဲ့ပေမယ့် အစ်ကိုက မလာခဲ့ဘူး၊ ဒီအချိန်တွေမှာ အစ်ကို အကြောင်းကို စုံစမ်းဖြစ်ပါတယ်။ အစ်ကိုရဲ့ ရိုးသားမှုကို အစ်ကို သူငယ်ချင်းတွေဆီက သိခဲ့ရပါတယ်။ မိန်းကလေးတွေနဲ့လည်း အရှုပ်အရှင်း မရှိကြောင်းကို သိခဲ့ရပါတယ်။ နောက် အစ်ကို ချစ်သူက ဒီမှာလည်း မရှိဘူး၊ နယ်မြို့မှာ ရောက်နေတယ်ဆိုတော့၊ အစ်ကို့ကို ပိုသနားသွားမိတယ်။ ဒါကြောင့် ညီမက အရင်တုန်းက လာတဲ့သူတွေနဲ့တောင် အတူမနေတော့ပဲ အစ်ကိုနဲ့နေဖို့ကို အကြောင်းရှာ နေရသူပါ။ မထင်မှတ်ပဲ အစ်ကိုတို့ ဟိုးနေ့ညက ရောက်လာခဲ့တော့ သက်ထား တော်တော်လေး ဝမ်းသာသွားရတာပါ အစ်ကို။ ပိုက်ဆံကိုလည်း မယူချင်ပါဘူး၊ ဒါပေမယ့် အစ်ကို အတင်းပေးလို့ ယူလိုက်ရပါတယ်။ သက်ထား အစ်ကို့ ပိုက်ဆံကို သိမ်းထားပါတယ်။ အစ်ကိုနဲ့ နေပြီးနောက်ပိုင်းလည်း ဘယ်သူနဲ့မှ ထပ်မနေတော့ပါဘူး။ တကယ်ပါ အစ်ကို၊ မယုံရင် ဆိုင်ရှင်အစ်မကို မေးကြည့်ပါနော်။ အစ်မက ဧည့်သည် လက်မခံလို့ သက်ထားကိုတောင် လက်မခံချင်တော့တာပါ။ ဟိုတနေ့က အန်တော့မှာ ဆေးခန်းသွားပြရင်း ကိုယ်ဝန်ရှိသလား စစ်ဖို့ ပြောလို့ စစ်လိုက်တော့ ....ဒီလိုဖြစ်ရတာပါ။
တော်ပါတော့........ကလေးမ။ အိမ်ထောင်ပြုတယ် ကလေးမွေးတယ်ဆိုတာ လွယ်လွယ်လေး ဘာလို့ တွေးသလဲ၊ နောက် ကလေးမရအောင် ဆောင်တာ ရှောင်တာတွေက မင်းတို့ အလုပ်မဟုတ်ဘူးလား။
သက်ထားက အစ်ကို့ကို ချစ်မိတော့ ဘာမှ မကာကွယ်တော့တာပါ။ နောက် အစ်ကိုက လက်မခံရင်လည်း ကလေးကို သက်ထား ရွာမှာပဲ ပြန်မွေးပါ့မယ်။ သက်ထားကတော့ ကလေးကို ရအောင်မွေးမယ်လို့ ဆုံးဖြတ် ထားပါတယ် အစ်ကို။
ဒီမယ် သက်ထား၊ လွယ်လွယ်မတွေးပါနဲ့။ အရာရာကိုလည်း ခေါင်းမမာပါနဲ့။ ဒီကိုယ်ဝန်က အစ်ကိုနဲ့ရတယ်ပဲ ဆိုပါတော့၊ ကလေးမွေးလာရင် အစ်ကို ကလေး ဟုတ်မဟုတ် စစ်ကြည့်မှာနော်။ အစ်ကိုက ညာပြောတာကို ခွင့်လွှတ်မယ် မထင်နဲ့။
စိတ်ချပါအစ်ကိုရယ်၊ မညာရပါဘူး၊ အစ်ကို ကလေးအစစ်ပါ။ ယုံပါ။ သက်ထားကို တရားဝင်လက်ထပ် မယူလည်း ရပါတယ် အစ်ကိုရယ်။
သူမသည် ယခုမှ ငို၏။
သွားလေပြီ၊ ယခုနှစ်အကုန်တွင် ချစ်သူနှင့် မင်္ဂလာဆောင်ရန် ကိစ္စများ၊ ချစ်သူအပေါ် သူထားခဲ့လေသော ချစ်ခြင်းမေတ္တာများ၊ ချစ်သူ၏ မြတ်နိုးမှုများ၊ မိမိ၏ တဒင်္ဂစိတ်လွတ်မှုကြောင့် ဒုက္ခတွေတော့ များပြီ။
သက်ထား နင်ဘာတွေ သိလို့ ဒီလိုလုပ်ရတာလဲ၊ ငါ့ဘဝပျက်ပါပြီ။ ငါ အသိလွတ်မှုက င့ါဘဝကို သတ်တာလား၊ နင်ရဲ့ မစူးစမ်းမဆင်ခြင်မှုက ငါ့ဘဝကို သတ်လေသလား။ ကဲ နင်ပြန်တော့ ဒီမှာ ကားခ။ အခုအချိန်မှာ ငါတစ်ယောက်တည်းပဲ နေချင်တယ်။ လိုအပ်ရင် င့ါဖုန်းကို ဆက်ပါ။ ငါ ဒီရက်ပိုင်းအတွင်း ပြန်ဆက်သွယ်ပါ့မယ်။ ပြန်တော့၊ ကျန်းမာရေး ဂရုစိုက်ပါ။ နင်တော်တော် ရက်စက်တယ်....သက်ထား။
သူမသည် ပိုက်ဆံကို ယူကာ အစ်ကို သိပ်တော့ မကြာပါနဲ့၊ ကိုယ်ဝန်နဲ့မို့ ဆိုင်မှာ အလုပ်နားနေရပါတယ်၊ အစ်ကိုဆီက အဖြေကို စောင့်ပါ့မယ်။ အစ်ကို လက်မခံရင် ရွာပြန်ရတော့မှာမို့ပါ။
ခေါင်းညိတ်ပြမိသည် ထင်ပါတယ်။ စိတ်နဲ့ လူနဲ့လည်း မကပ်နိုင်တော့ပြီ။ ချစ်သူ၏ မျက်နှာလေးကို မြင်ယောင်မိတော့ ရင်မှာ တစစ်စစ် နာကျင်ရင်း၊ ဘာလုပ်မည် မသိတော့။ သွေးတို့သည် တစ်ခေါင်းလုံး ဆူပွက်လျက် ရှိ၏။ မိမိသည် ချစ်သူကို ချစ်မြတ်နိုးလွန်းလို့ လွန်ကျူးဖို့တောင် မစဉ်းစားရဲခဲ့။ အခုတော့ ဘာဆက်လုပ်ရမလဲ။ ကျေးဇူးရှင် သူငယ်ချင်းကောင်းများကို အသိပေး အကြံတောင်းရုံသာ ရှိတော့သည်။ ထို့နောက် အခန်းတွင် သူငယ်ချင်းသုံးယောက် ခေါင်းချင်းရိုက်ရန် ချိန်းဆိုလိုက်တော့၏။ သူတို့ဆီက အကြံကောင်း ရနိုင်ပါစေသား။ ကံကြမ္မာက ဒဏ်ခတ်လေပြီ။
အခန်းဝတွင် ကြိုရောက်နှင့်နေကြသော သူငယ်ချင်းများကို ဖြစ်ကြောင်းကုန်စင် ပြောပြရတော့သည်။ သုံးယောက်သား ငူငူငိုင်ငိုင်နှင့်။ ကာယကံရှင်က အားကိုးရမလား မှတ်ပါတယ်၊ မျက်နှာတွေက မသာမယာ။ ထို့နောက်တွင် လောကတွင် မကြားချင်ဆုံးသော တောင်းပန်ခြင်းကို မမျှော်လင့်ပဲ ကြားရလေတော့၏။ ဒီနေ့မှာ နောက်ထပ်မမျှော်လင့်တာတွေ ထပ်မကြားရပါစေနဲ့တော့။ တော်ပါတော့။ အရက်ပုလင်း ထဲကို ကျားဆေးထည့်ပြီး နောက်ရလောက်အောင် ကျုပ်ဘဝက ဆိုးခဲ့ပါလား။ တော်ကြတော့ မင်းတို့ကွာ၊ လုပ်ရက်တယ်၊ ထွက်သွားကွာ၊ ငါမခံစားနိုင်တော့ဘူး။ သူတို့ ပြောတာတွေ မကြားချင်တော့။ ကောင်းပါပေ့ကွာ။ ငါဘဝကို မင်းတို့ ရက်စက်ကြတယ်ကွာ။
ဒီတစ်ခါ မိမိကိုယ်တိုင် ငိုမိပြီ။ ဒါ ဝဋ်ကြွေးပဲနေမှာ။ သူတို့ ပြောနေတာတွေက လက်မခံဖို့လည်း ပါတယ်။ ကလေးဖျက်ဖို့ စရိတ်ပေးလိုက်ဖို့လည်း ပါတယ်။ ကလေးကို စောင့်ရှောက်ဖို့ စရိတ်ကို ညှိဆိုတာလည်း ပါတယ်။ ကိုယ့်ဘဝကိုတော့ ဒီလို မိန်းကလေးမျိုးနဲ့ လက်မထပ်ဖို့လည်း ပါတယ်။ နာမည်ကြီး ဖျက်ချတဲ့ ဆေးခန်းရှိတယ် ဆိုတာလည်းပါတယ်။ အင်း...စိတ်ထဲကနေ တွေးမိတယ် သူတို့နဲ့လည်း လွတ်ကင်းခဲ့ပုံလည်း မရဘူး။ နောက်ဆုံး သူတို့ပြောတာကတော့ သူမက ဒီလိုပြောလို့ နွားကျစရာ လားတဲ့။ လောလောဆယ်တော့ နွားထက်ဆိုးနေတဲ့ ခံစားမှုကို မသိနိုင်ကြဘူးလေ။
ဘဝမှာ ချစ်သူကို လက်ထပ်လို့ မိသားစုနဲ့ နွေးထွေးနှစ်လိုဖွယ်ကောင်းသော အနာဂတ်ရည်မှန်းချက်များနှင့် လောလောဆယ်တွင် သူဝါသနာပါသော အိုင်တီလုပ်ငန်းများလည်း အောင်မြင်နေခဲ့ပြီ။ သူအာရုံတွေက ဒီအပေါ်မှာပဲ ထားခဲ့တာ။ ငါဘာတွေများ မှားခဲ့သလဲ။ ငါဘာတွေများ ကျိန်စာသင့်ခဲ့ပြီလဲ။ အရက်မသောက်ပဲ ခေါင်းတစ်လုံးသည် မူးဝေနောက်ကျိနေပြီ။ ဘယ်အချိန်က ရောက်နေမိသည် မသိ ဘုရားစဉ်ရှေ့ကို ရောက်ခဲ့ပြီ။ ဘုန်းတော်ကြီးလှတော်မူသော မြတ်စွာဘုရား-ဘုရားတပည့်တော် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချနိုင်ပါစေဘုရား။ နောက်....သူအိပ်ပျော်သွားသည်လား မသိပါ၊ ချစ်သူက လက်ထပ်ကြ ရအောင်နော်တဲ့။ ထိတ်လန့်စွာ နိုးလာပြန်၏။ စိတ်၏ ခြောက်ခြားခြင်းများနဲ့။ အဖြေထုတ်ဖို့ စိတ်အနားရဖို့ လိုတယ်။ စိတ်ကို အာရုံနောက်ကို မလိုက်တော့ပဲ မှတ်စိတ်နေရာမှာ စုဆုံစေကာ၊ အားကိုးစရာ တရားရှိပါသေးလားဆိုသော အသိနှင့်ပင်။
ဆက်လက်ဖော်ပြပါမည်....