သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, September 17, 2013

အိမ်မက် တိမ်စိုင် ~~~

သက်ရောက်မှု အလင်္ကာ အပိုင်း (၂)


ထိုင်းနိုင်ငံရောက်လာပြီးနောက်ပိုင်း ခရီးတွေသွားလာရင်း ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့အကြောင်းလေးတွေ တီးမိခေါက်မိလာပါတယ်။ သူတို့ဘဝတွေ ထဲထဲဝင်ဝင် ငေးကြည့်ဖြစ်ခဲ့တယ်။ ထပ်တူမကျနိုင်တောင် ပါဝင်လိုက်ပါခံစားကြည့်မိတယ်။ လိုအပ်ချက်တွေများနေတဲ့အထဲ ကိုယ်နိုင်တာလေးတွေ ကူရင်း ထပ်ဆင့်ကူညီချင်တာလေးတွေ စိတ်ကူးထဲ ပုံဖေါ်မိခဲ့ပါတယ်။ 

ဒီစိတ်ကူးလေးကို အသိမိတ်ဆွေတစ်ယောက်နဲ့ ဆွေးနွေးဖူးခဲ့တာကလွဲရင် အကောင်အထည်မဖေါ်ရသေးပါဘူး။ စိတ်ကူးထားတဲ့ရည်ရွယ်ချက်လေးကိုတော့ လက်လှမ်းမီတဲ့ သူတွေဆီက စစ်တမ်းတချို့တော့ ကောက်ယူမိဖူးခဲ့ပါတယ်။ ကျမကိုယ်တိုင် အလုပ်တစ်ဖက်ရုန်းကန်လှုပ်ရှားနေရတဲ့အတွက် စိတ်သွားတိုင်း ကိုယ်မပါနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီစိတ်ကူးလေးကို မည်သူမဆိုအကောင်ထည်နိုင်ပါစေကြောင်း ကျမထက် ပိုကောင်းတဲ့ အကြံဥာဏ်ကောင်းတွေနဲ့ ဆောင်ရွက်နိုင်မယ်ဆိုရင်လည်း တကယ့်ကို ဝမ်းမြောက်နေမိမှာ အမှန်ပါ။ 

ထိုင်းနိုင်ငံမှာ လာရောက် အလုပ် လုပ်နေကြတဲ့ ကိုယ့်နိုင်ငံသားတွေရဲ့ ကလေးငယ်တွေ၊ အသက်ငယ်ငယ်နဲ့ လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ လူငယ်လေးတွေကို စာပေနဲ့ ပတ်သက်ပြီး ဗဟုသုတကြွယ်ဝစေဖို့ ဘယ်လိုလုပ်ပေးနိုင်မလဲလို့ စဉ်းစားကြည့်မိတယ်၊ အသိပညာတွေ လိုအပ်နေတာလည်း တွေ့နေမြင်နေမိတော့ ... 
မင်္ဂလာမောင်မယ်လို စာစောင်တစ်ခုထုတ်ဝေရင်ကောင်းမလား ...။

*အသက်အရွယ်အားဖြင့် အသက် ၁၂-နှစ်မှ ၁၈-နှစ်အတွင်းဖြစ်ပြီး၊

*လူငယ်တွေ သိသင့်သိထိုက်တဲ့ ဗဟုသုတများ (လူမှုပေါင်းသင်းဆက်ဆံရေး၊ ပညာရေးမှ ဖျော်ဖြေရေး၊ သာသာတရားနဲ့ပတ်သက်ပြီး သိထားသင့်သည်များ၊ လူငယ်တွေသိသင့်တဲ့ ကျန်းမာရေးအချက်အလက်များ) ဆုံးမစာတွေလို့တော့ မထင်စေချင်ပြန်ဘူး ...

*ကဗျာ၊ ဆောင်းပါးအတိုလေးတွေ၊ ဝတ္ထုတိုများအနေနဲ့ ဖတ်မှတ်သိနားလည်စေချင်ပြီး၊

*အွန်လိုင်းမှာ ဘလော့ဂါများရေးထားပြီးသားထဲမှ လူငယ်များနှင့်သက်ဆိုင်သည့် လိုအပ်နိုင်မယ့် ပိုစ့်လေးတွေ ရှာဖွေကာ၊ ရေးသားသူများထံ ခွင့်တောင်းပြီးနောက် လက်ဆင့်ကမ်းမျှဝေခြင်း 
(အနုပညာကြေးတစ်ခုခုဖြင့် သို့မဟုတ် အခမဲ့)

*ထိုင်းနိုင်ငံငွေကြေးအားဖြင့် မများနိုင်သော ပမာဏ ဘတ်ငွေ(၅၀) တန်ဖိုးသတ်မှတ်ဖြန့်ချီမယ်ဆိုရင် 
လူငယ်တွေအနေနဲ့ ငွေကြေးအားဖြင့် တတ်နိုင်ပြီး အသိပညာတိုးစေနိုင်တာမို့ ဖြန့်ချီမယ့်နေရာများကလည်း သဘောကျကျေနပ်နိုင်ပါမယ်ဆိုတဲ့အကြောင်းပါ လေ့လာထားပြီးဖြစ်ပါတယ်။ 

ဘန်ကောက်အတွင်း ထုတ်ဝေနေသော စာအုပ်တချို့ရှိပါသော်လည်း အလုပ်လုပ်နေကြသော လူငယ်များက သူတို့နဲ့ မသက်ဆိုင်လို့ ထင်နေကြောင်း သိရတဲ့အတွက်လည်း ကျမရဲ့ စိတ်ကူးလေးက တက်ကြွလိုက် ပျောက်ကွယ်လိုက်ဖြစ်နေစဲပါ။ 

ဖြန့်ဝေမယ့်နေရာတွေ၊ ဖတ်မယ့်သူတွေ၊ စာစောင်အမျိုးအစားနဲ့ ဈေးနှုန်းအစရှိသည်ကို လေ့လာဆန်းစစ်ပြီး စာစောင်အတွက် အရေးအကြီးဆုံး ထုတ်ဝေသုံးစွဲရမယ့် ငွေကိစ္စကို ထပ်စဉ်းစားရပြန်ပါတယ်။ တတ်နိုင်တဲ့ ဈေးနှုန်းကိုသာ ကန့်သတ်ထားမှ သူတို့လေးတွေ ဖတ်ဖြစ်မှာတွေးမိလို့ရယ်၊ အခမဲ့ဖြန့်တဲ့အခါ တန်ဖိုးမထားမှာစိုးတာကိုလည်း ထည့်စဉ်းစားမိပါတယ်။ 

ဥပမာ- ဘတ်ငါးဆယ်တန် စာစောင်ကို အရင်းအတိုင်းဖြန့်ဝေနိုင်မယ်ဆိုကြပါစို့
ဖြန့်ဝေစရိတ်လောက်တော့ လှူနိုင်မှဖြစ်ပါမယ်။ ထိုမှတဖန် အလှူရှင်တွေ သဒ္ဓါပေါက်လို့ လှူမယ်ဆိုရင်လည်း စာစောင်ရွက်ရေတိုးတာ၊ စာစောင်က ရောင်းလို့ရလာတဲ့ငွေကို စာကြည့်တိုက်တွေမှာ စာအုပ်ဖြည့်တင်းလှူဒါန်းတာ၊ စာမူအခမဲ့ပို့ပေးသူတွေကို ဖိတ်ကြားပြီး စာပေဟောပြောပွဲလေးတွေ လုပ်ပေးနိုင်တဲ့အထိ စိတ်ကူးတွေ ယဉ်မိခဲ့ဖူးပါတယ်။ အလှူများလာရင် စာစောင်တန်ဖိုး ဆယ်ဘတ်အထိလျော့ချပေးနိုင်မလား စသည်စသည် ၂၀၁၂-ခုနှစ်တုန်းက စိတ်ကူးတွေ တစ်ပုံကြီး ယဉ်လို့ ရင်းနှီးတဲ့ဘလော့ဂါတွေကိုလည်း တိုးတိုးတိတ်တိတ်ကူပါလို့တောင် ပြောမိပါသေးတယ်။

အသက်ကလေးရလာတော့ ဘဝမှာ အကောင်အထည်မဖေါ်ဖြစ်တဲ့  ခေါက်သိမ်းထားလိုက်ရတဲ့ စိတ်ကူးတွေ များများလာခဲ့ပြီကောလေ ...။


ခေါက်သိမ်းထားလိုက်ရတာတွေ များလာတောင် အမှတ်မရှိစွာနဲ့ မြန်မာနိုင်ငံ ပြန်ဖြစ်တဲ့အခါ တူမတော် မိစံကို လက်ဆွဲလို့ ဘလော့ဂါများ ရေးသားထုတ်ဝေတဲ့ စာအုပ်တွေ ဝယ်ပီး ရပ်ကွက်စာကြည့်တိုက်တွေဆီ အရောက်ပို့မယ်ဆိုတဲ့ စိတ်ကူးကို ထပ်ယဉ်လိုက်ပါသေးတယ်။ တကယ့်တကယ် အွန်လိုင်းလောကရဲ့အပြင်ဘက်မှာ လူငယ်နဲ့ ဘဝထဲ လက်ပစ်ကူးလို့ နိုင်ငံရပ်ခြားမှာ ရုန်းကန်လှုပ်ရှားနေကြတဲ့ ဘလော့ဂါတွေရဲ့ အတွေ့အကြုံတွေကို စာသားတွေကတဆင့် အမြင်ချင်းဖလှယ်ခွင့်၊ စာပေရဲ့ အရသာကိုပါ မြည်းစမ်းခွင့်ရကြမယ်လို့ အတွေးတွေက တောင်စဉ်ရေမရပေါ့။


ဒီလိုရည်ရွယ်ချက်နဲ့ စိတ်ကူးယဉ်မှုတွေနဲ့ပေါ့လေ ယဉ်ယဉ်လေး ရူးနေတဲ့သူတစ်ယောက်ရဲ့
သက်ရောက်မှု အလင်္ကာတွေအကြောင်း ရင်ထဲမှာ တိုးတိုးဖွဖွမြည်ကြွေးနေမိတယ် .....
ဘယ်သူသိနိုင်မှာလဲ ...။

လေးစားစွာဖြင့်
ခရစ္စတလ်