သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Monday, July 25, 2011

ကြီးပွါးရေးနဲ့ စီးပွါးရေး

ဝန်ခံချက်။   ။ မိမိသည် အလွန်ပင် ဂျီးများသူဖြစ်ပါသည်။ 
ဂွကျကျနိုင်စွာဖြင့် ရှုထောင့်ပေါင်းစုံမှ  တွေးကြည့်တတ်ပါသည်။ 
ယခုပိုစ့်သည် ဗဟုသုတရရန် မျှဝေလိုသောကြောင့် ရေးသားရခြင်းဖြစ်ပါသည်၊ 
ဟင်းချက်နည်းမဟုတ်၊ ဆောင်းပါးမဟုတ်၊ ရသစာပေမဟုတ်၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုမပါ၊ 
ထို့ကြောင့် စိတ်မဝင်းစားပါက ဆက်မဖတ်ပါရန် တောင်းပန်အပ်ပါသည်။ 
ဖဘမှာ ပုံလေးကို တင်ထားပြီး တန်၏/မတန်၏ မေးရာတွင်
မဆိုင်းမတွဖြေပေးတဲ့ မောင်ငယ် ညီမငယ်များကို 
အထူးကျေးဇူးတင်မိပါသည်။ 
ခရစ္စတလ်

အရသာ
 ထမင်းဝိုင်းမှာ ဟင်းလေးမျိုး၊ အသုပ်နှင့် ဟင်းချိုအပြင် ငါးပိရည်တို့စရာဖွယ်ဖွယ်ရာရာ။
မြင်းခွါရွက်သုပ်ကို သံပုရာသီးညစ်ထားကာ အချဉ်နဲနဲကဲတာကို နှစ်သက်ပါသည်။ 
ငါးပိရည်မှာ ငရုတ်သီးမှုန့်နံ့မမွှေးပါ၊ ငါးပိရည်နံ့မွှေးမွှေးလေးဖြစ်မနေပါ။ 
တို့စရာက သခွါးတမျိုးတည်း။ 
“ဟင့် ပြောထားပြီးသားနော် ဒို့က ဂျီးများတယ်၊ တနေ့မှ ရေတစ်ခါပဲ ချိုးတယ်။”

ပုဇွန်ဟင်းကို ခရမ်းချဉ်သီးနဲ့ ချက်ပါတယ် စားရတာ မဆိုးပါဘူး။
အရသာကောင်းတယ် မနံပါဘူး။
ငါးဖယ်က ကြော်ထားပြီးသားကို မကျည်းရည်နဲ့ ချက်လိုက်တာ ဖြစ်ပုံရပါတယ်၊ ငါးဖယ်အသားထဲက အေးနေတဲ့ အငွေ့မပျောက်ဘူးဖြစ်နေတယ်၊
ငါးဖယ်ကို ရေခဲသေတ္တာထဲက ချက်ချင်းထုတ်ချက်ပြီး ဟင်းရည်ဆူစမှာပဲ ဟင်းအိုးကို ချလိုက်ပုံရပါတယ်။ ဒါကြောင့် ဟင်းက မွှေးမနေဘူး၊ အနံ့ရှိနေပါတယ်။ ဆီပြန်က နဲနဲအီနေတယ်။ တခုပြောဖို့ကျန်သွားတယ်၊ ထမင်းဆိုင်က လူလာမှ ချက်ပြီး ရောင်းတာပါ၊ အချိန်တော့ ပေးရတယ် စောင့်နေရတယ်၊
တော်သေးတယ် ဆိုင်ကို ရောက်ချိန်မှာ သိပ်ဆာနေချိန်မဟုတ်သေးလို့။

ငါးခူဟင်း- ငါးဟင်းရည်ကို နဲနဲမြည်းကြည့်တယ် ငါးညှီနံ့ရနေတယ်၊ ဆက်မစားဖြစ်ဘူး၊ ငါးခူကို ကြော်တာနဲ့ ငါးခူကင်(ထိုင်းရောက်မှ ငါးခူကင်စားဖူးတာ) ဒါပဲ ကြိုက်ပါသည်။

ဆန်အကြောင်းပြောရရင်တော့ ဆန်ကတော့ အမြင်လှပါတယ်၊ နဲနဲမာတယ်လို့ ခံစားရတယ်၊ အမဲသားနှပ်ကတော့ စားတဲ့သူက ကောင်းတယ် မကောင်းဘူးကို ကွန်မန့်မှာ ရေးပေးမယ်လို့ မျှော်လင့်ပါတယ်။ အနော်နမတ်စ်နဲ့ ရေးပေးပါ :)

ထမင်းဆိုင်နဲ့ မဆိုင်တဲ့ ကြက်ဥ တုတ်ထိုးလေးကို နဲနဲပြောပြမယ်။ ထိုင်းမှာ ကြက်ဥတုတ်ထိုးလေးတွေကို မီးသွေးအေးအေးနဲ့ ကင်တာမျိုးရောင်းကြပါတယ်၊ အထမ်းလေးတွေ တွန်းလှည်းလေးတွေနဲ့။ ကြက်ဥကို ဖောက်ပြီး ကြက်ဥအပြင် အသားမှုန့်၊ တရုတ်ငရုတ်ကောင်းမှုန့်တွေနဲ့
ရောသမမွှေပြီး ကြက်ဥခွံထဲကို ဆေးထိုးအပ်လေးနဲ့ ပြန်ထိုးထည့်ပြီး ကင်ထားခြင်းဖြစ်ပါတယ်။
ဆေးထိုးအပ်က သန့်ပါတယ် သူတို့နိုင်ငံမှာ မပြောနဲ့ ကိုယ့်နိုင်ငံမှာတောင် ပေါပါဘိ။ 
ထိုင်းက လမ်းဘေးဈေးဆိုင်တွေ သန့်မသန့် ပိုးပါ မပါကို
အမြဲလိုက်စစ်နေတယ် အဖွဲ့တွေလည်းရှိတယ် 
သိချင်ရင် ပသူနမ်က လမ်းဘေးဆိုင်တွေမှာ သတိထားကြည့်ပါ၊ 
လိုက်စစ်ဆေးနေတာ မကြာခဏလိုလို တွေ့ဖူးပါတယ်။ 
သူတို့နိုင်ငံရဲ့ စီမံခန့်ခွဲမှုခေါ်မလား၊ စနစ်ကျမှုခေါ်မလား၊ အဲဒါပါပဲ။
ပြောချင်တာက စိတ်မပူနဲ့ စားသာ စား။ 
လမ်းဘေးက မကျက်တကျက် အသားကင်တွေက လွဲရင် 
ကျန်တာတွေ သန့်ရှင်းပါတယ်လို့ 70%နှုန်းလောက် အာမခံပါတယ်။

ဈေးနှုန်း
ငါးဖယ်ဟင်း -----၁၀၀/- ဘတ်
ပုဇွန်ဂျော့ဟင်း-----၁၀၀/-ဘတ်
ငါးခူဟင်း-----၇၅/- ဘတ်
အမဲသားဟင်း-----၅၀/- ဘတ်
ချဉ်ပေါင်ဟင်းချို-----၈၀/- ဘတ်
ထမင်း-----၄၀/- ဘတ်
ရေတစ်ဗူး-----၁၀/- ဘတ်
ကော်ဖီ(အမှုန့်နဲဖျော်သည်)-----၉၀/- ဘတ်

ဈေးဆိုင်အပြင်အဆင်
သပ်ရပ်ပြီး အနည်းငယ်ကျယ်ဝန်းသော အခန်းတွင် လေအေးပေးစက်တပ်ဆင်ထားကာ အလုပ်ကိစ္စ စကားပြောရင်း ထမင်းစားသင့်သော နေရာအဖြစ်လည်းကောင်း၊ သူငယ်ချင်းတွေ မိသားစုတွေ အေးအေးဆေးဆေး စားနိုင်သောနေရာအဖြစ်လည်းကောင်း ကောင်းမွန်ပါတယ်။
ကားပတ်ကင်အတွက်တော့ အခက်အခဲ ရှိနိုင်မယ်ထင်ပါတယ်။
ကားဂိတ်နဲ့ သိပ်မဝေးတဲ့အတွက် ဘက်စ်ကားသို့မဟုတ် တက္ကစီ ဒါလေးတွေနဲ့ဆိုရင်တော့ 
သွားလာရ အတော်လေး အဆင်ပြေပါတယ်။ 
အပြင်က ကြည့်ရင်တော့ မြန်မာထမင်းဆိုင်မှန်း မသိရဘူး။ 
ဒါကလည်း အကြောင်းရှိပါတယ်၊ နောက်ရေးမယ့် အချက်ထဲမှာ ထည့်ရေးပေးပါ့မယ်။

အခုရေးသွားတာတွေ အားလုံးက စားသုံးသူရဲ့ အမြင်ပါ။ ဖဘမှာ အားလုံးက ဈေးကြီးတယ်လို့ မဲပေးကြပါတယ်။ စလုံးနဲ့ မလေးဆိုတာ ထိုင်းနဲ့ သိပ်မဝေးတဲ့ နိုင်ငံတွေပါ။ မြန်မာအစားအစာတွေလည်း လက်လှမ်းမီ ရောင်းနိုင်တဲ့ နိုင်ငံတွေလည်း ဖြစ်ကြပါတယ်။ ဂျပန်နိုင်ငံက မြန်မာတို့အတွက်ဆိုရင်တော့ တန်ပါတယ်လို့များ ဆိုလေမလား။ 

ပုဇွန်ဟင်းထဲက ပုဇွန်ကို ဈေးမှာ (ကုန်တိုက်မဟုတ်) ဝယ်ရင် အခု ဟင်းပွဲထဲက အကောင်အရေအတွက်
လောက်ဆိုရင် နှစ်ဆယ်ဘတ်ထက် မပိုပါ၊ မြင်းခွါရွက်တစ်စီးကို ငါးဘတ်၊ ငါးခူ တစ်ကီလိုကို ငါးဆယ်ဘတ် လေးကောင်ရပါတယ်။ ငါးခူအရွယ်က မြန်မာပြည် လယ်ငါးခူထက် အနည်းငယ်ကြီးပါတယ်။ ငါးဖယ် တစ်ထုပ်ကို ဘတ်သုံးဆယ်၊ သုံးဆယ်သားလောက်ရှိမယ်ထင်ပါတယ်။ ချဉ်ပေါင် သုံးပင်လောက်ပါတာကို ငါးဘတ်ကနေ ရှားတဲ့အခါ ဆယ်ဘတ်အထိပေးရတတ်ပါတယ်။ အမဲသားတော့ မစားလို့ မသိပါဘူး။ ဈေးနှုန်းကတော့ တစ်ကီလို လေးဆယ်ဝန်းကျင်ရှိမယ်ထင်တာပါပဲ။ တကယ်မသိပါဘူး။ အမဲသားဆိုင်ရှေ့ရောက်ရင် ညီနံ့မခံနိုင်လို့ အမြန်ပြေးမိတော့ ဈေးမသိပါဘူး။ ကော်ဖီကတော့ တခြားမြန်မာဆိုင်တွေမှာ coffee mix ထုပ်တစ်ထုပ်ကို ဆယ်ဘတ်ကနေ နှစ်ဆယ်အထိ ရောင်းပါတယ်။ အခုက အမှုန့်ဆိုတော့ မတ်ခွက်နဲ့ နှစ်ခွက်စာကို ကိုးဆယ်ယူထားတယ်။ အင်းးးးးးးးးးးးးးးးးးးးးး။

ဆိုင်ရှင်ဘက်က အမြင်ကိုတော့ နောက်အပိုင်းမှာ ဆက်ရေးပါ့မယ်။ စိတ်ဝင်စားရင် နောက်အသစ်တင်တော့ လာဖတ်ပေါ့နော်.........

လေးစားစွာဖြင့်
ခရစ္စတလ်

Sunday, July 24, 2011

ဟိုတစ်စ ဒီတစ်စ

ဘန်ကောက်မြို့ရှိ တောင်ပေါ်ဘုရားဖြစ်ပါတယ်၊ ဖို့မြေနဲ့ တောင်သဖွယ်ပြုလုပ်ထားပြီး လှေကားနှစ်ဘက်ရှိပါတယ်။ 
အဆင်းလမ်းနဲ့ အတက်လမ်းပါ၊ ဒါကြောင့် ထိုင်းလူမျိုးများက နှစ်ဘက်တန်ဘုရားလို့ ခေါ်ဆိုကြပါသတဲ့။
တောင်ပေါ်မှာ နေရာလေးက အင်မတန်မှ ကျဉ်းပါတယ်၊ မြန်မာနိုင်ငံက ဘုရားရင်ပြင်တွေထက်စာရင်လေ။ 
ဒီစေတီလေးမြင်ရဖို့က လှေကားကျဉ်းကျဉ်းလေးကို ထပ်တက်ရပါသေးတယ်။

ဆွဲလည်လေးတွေ၊ ပိုက်ဆံတွေကို ဒီလို လှူဒါန်းထားတာတွေ့ရပြီး၊
ပိတ်စအနီတွေပေါ်မှာ စာတမ်းရေးထိုးနေကြတာတွေ့ရပါတယ်။

ဒီဆိုင်လေးက လမ်းဘေးတစ်နေရာမှာ အမှတ်မထင်တွေ့ခဲ့တာပါ။ ကိုယ့်နိုင်ငံက ခေါင်းဆောင်ပုံကို ဒီလိုတွေ့ရတော့ လှိုက်ကနဲ ဝမ်းသာတာရော၊ လမ်းဘေးတစ်နေရာမှာ တွေ့ရတာကြောင့် ဝမ်းနည်းသွားရပြန်တယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်မိခဲ့ပါတယ်။

မော်ချစ်ရထားဂိတ်နေရာ လှေကားအတက်မှာ 
အစ်မက “ဟယ် ပိတောက်ပန်းတွေ”ဆိုလို့ 
အမြန်ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။

ဒီနေရာလေးမှာ လူတွေသာ ရှိမနေရင် တော်တော်လေး ပိုလှသွားမှာပါ။ ခိုစာရောင်းတဲ့သူတွေကြောင့် နဲနဲတော့ စိတ်ရှုပ်သွားတယ်။ ဓာတ်ပုံရိုက်နေတုန်း ခိုစာကို အတင်းလက်ဆွဲပြီး ရောင်းနေလို့ပါ။

5,000bahts တန် ကြောင်လေးတစ်ကောင်ပါ။ 
ထိုင်းနိုင်ငံမှာ တိရစ္ဆာန်ဝယ်ချင်တဲ့သူတွေအတွက် စိတ်ဝင်စားမယ်ထင်ပါတယ်။ 

ဖဘမှာ တင်ရင် အားလုံးမမြင်ရဘူးဖြစ်မှာစိုးလို့ ပုံလေးတွေ တင်ပေးလိုက်ပါတယ်။

အခုတလော ရှုခင်းလှလှလေးတွေပဲ ဓာတ်ပုံလိုက်ရိုက်ချင်စိတ်တွေများနေပါတယ်။ 

ရွှင်လန်းချမ်းမြေ့ကြပါစေ။
လေးစားစွာဖြင့်
ခရစ္စတလ်

Friday, July 22, 2011

Just Inform !!!

Urgent!!! 

Dear Sir,

First and foremost, we would like to take this opportunity to thank you for your kind choosing AirAsia on your trip.

We regret to inform you that flight FD3770 from Bangkok to Yangon on 23 August 2011 has been cancelled.

We moved your flight to FD3772 departure from Bangkok at 4.50pm. (1650hrs) and arrive to Yangon at 5.35pm. (1735hrs).

We are extremely sorry for above cancellation. However we would highly appreciate if you could understand with the issue and accept our sincere apologies.
 

For More Information please contact +6625159999.

Thank you. 

 Air Asia မှ ယနေ့မနက် အကြောင်းကြားလာပါတယ်၊  
အလုပ်ဆိုဒ် မှာ တင်ပေးမလို့ပါပဲ၊ သို့ပေမယ့် ဒီဘဝဆိုဒ်မှာ လာလည်တဲ့သူများလို့ သတင်းပေးတဲ့အကြောင်းကို ဒီဘက်ကနေပဲ အသိပေးလိုက်ပါတယ်နော်။ 

လေးစားစွာဖြင့်
bliss of us

Friday, July 15, 2011

ဝါဆိုပြီ

 အာရုဏ်ဆွမ်း

နေ့ဆွမ်းနဲ့ အချိုပွဲ

အဖိတ်နေ့ညပိုင်းမှာ ပြင်ဆင်ထားတဲ့သစ်သီးတွေကို လပြည့်နေ့ မနက်စောစောရောက်တော့ ထိုင်းသံဃာတော်မြတ်တစ်ပါးကို လောင်းလှူလိုက်ပါပြီ။ ဒီနေ့ သီးစုံဟင်းကို ငါးခြောက်လေးနဲ့ ချက်ပြီး ငါးကြော်နှပ်လေးနဲ့ မြတ်စွာဘုရားကို ဆွမ်းဆက်ကပ်လှူဒါန်းလိုက်ပါတယ်။ သစ်သီးတွေနဲ့ ကိတ်မုန့်ကတော့ အချိုပွဲပေါ့။ အင်္ဂါရှစ်ပါးသော သီလကို အဖိတ်နေ့ညကတည်းက ဆောက်တည်ထားလိုက်ပါတယ်။ တနိုင်တပိုင်ကုသိုလ်ရေးပေါ့။ 

ဘလော့လေး ငြိမ်နေတုန်းက လာရောက်လည်ပတ်ကြတဲ့သူတွေကိုရော၊ အခုလို ပိုစ့်တက်တော့ အရောက်လာဖတ်ပေးခဲ့သူတွေအားလုံးကို ကျေးဇူးအရမ်းတင်တာပါပဲ၊ 
ခရစ္စတလ်ကို အားပေးဖေါ်ရသေးလို့ပါ။ 

အားလုံးသော မိတ်ဆွေအပေါင်းတို့ ကျန်းမာ လန်းဖြာ ဝမ်းသာကြပါစေ။
လေးစားစွာဖြင့်
ခရစ္စတလ်

Thursday, July 14, 2011

“အဖိတ်နေ့ည ညချမ်းချိန်ခါ”

 အဖိတ်နေ့ညလေးမှာ ဘုရားကျောင်းတော်တွင် သစ်သီးများ၊ ပန်းများနဲ့ ဒီလိုလေး ကုသိုလ်ယူချင်လို့။
သစ်သီးတွေကို ခွဲကပ်ဖို့က ညနေပိုင်းဖြစ်နေပြီ၊
မနက်အတွက် တင်ထားရုံလေးပါ ကပ်ထားတာ မဟုတ်သေး။ 
ဘုရားကို ကပ်ထားတာ အချိုးမကျဘူးဟု အပြစ်တော် မမြင်စေလိုပါ။ 
မနက်ဖန် မနက်တွင် မုန့်ပွဲများ ဆွမ်းပွဲများဖြင့် 
ဆက်ကပ်လှူဒါန်းပြီးလျှင် ဓာတ်ပုံထပ်မံ ရိုက်ကူးတင်ဆက်ပေးပါအုံးမယ်နော်။

ငယ်ငယ်လေးတည်းက ရပ်ကွက်ဓမ္မာရုံမှာဖြစ်ဖြစ်၊ အဘွားသွားနေကျ ကသစ်ဝိုင် ဝိပဿနာဘုန်းကြီးကျောင်းမှာဖြစ်ဖြစ် အဖိတ်နေ့ညနေမှာ လပြည့်နေ့ ဥပုသ်နေ့အတွက် ဆွမ်းတော်ကြီး တင်ဖို့ ပြင်ဆင်ကြ၊ ဘုရားကျောင်းကန်တွေမှာ သန့်ရှင်းရေး လုပ်ကြနဲ့ တော်တော်လေး ကိုပျော်စရာကောင်းတာ သတိရမိ မြင်ယောင်နေမိပါတယ်။

ဘလော့မှာ စာလည်း မရေးဖြစ်တာကြာပါပြီ၊ ကြာဆို ကိစ္စများမြောင်လူတို့ဘောင်ကိုပဲ လွှဲချရတော့မှာပေါ့။

အမေ မားသားက ရောက်နေတော့ သူ့ကို အဖော်လုပ်တာက တစ်လ၊ အလုပ်များတာက တစ်လ၊ ဒီကြားထဲ ကျန်းမာရေးက ကိုယ့်ဘက်မပါဘူး၊ အမေ့ကို လေဆိပ်လိုက်ပို့တော့ သူလည်း immigration အခန်းထဲဝင်ဖို့ ကျောခိုင်းရော အန်လိုက်တာ သောက်သောက်လဲ၊ အမေသိမသွားလို့ တော်သေးတယ်။ ဒီခန္ဓာကြီးကို ပစ်ထားတာ ကြာပြီ၊ အခုတော့ အလန်းတွေက တော်တော်မြည်လာတဲ့ သဘောမှာရှိတယ်။ ဘေးမှာ အစ်မရှိနေလို့တော်သေး၏။ လူတိုင်းကလည်း ကိုယ့်တွေ့ရင် နေကောင်းလား မေးနေတာကိုတောင် မဖြေချင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် သတင်းမေးသူအားလုံးနဲ့ ဆေးညွှန်းသူအားလုံးသော ညီအစ်ကိုမောင်နှမတွေကို ကျေးဇူးတင်ရပါတယ်။ သံသရာခရီးသွားတွေ မဟုတ်လား။

ခါတိုင်းနှစ်တွေမှာတုန်းက အလုပ်သိပ်မများတော့ ဝါတွင်း ဥပုသ်သီလယူတဲ့ရက်များတယ်။ ဒီနှစ်တော့ ရုပ်က ထောင်းနေတယ်၊ ဒါပေမယ့် ရသလောက်ပေါ့ ကုသိုလ်ဆိုတာ ချစ်တီး စု စုအုံးမှ ဟဲ့ဆိုပြီး အားတင်းလို့ မနက်ဖန် ဥပုသ်စောင့်အုံးမယ်၊ ဆက်ပြီးနေကောင်းနေသေးရင် တောင်ပေါ်ဘုရား ခေါ် နှစ်ဘက်တန်ဘုရားကို သွားချင်သေးတယ်၊ ရန်ကုန်မှာတုန်းက ဘုရားကျောင်းကန်က ခဏခဏရောက်ဖြစ်တယ်။ ထိုင်းမှာလည်း ဒီလို သွားစရာက တောင်ပေါ်ဘုရားက အကောင်းဆုံး အသင့်တော်ဆုံး။ 

ဘလော့ရေးတယ်ဆိုတာ ခရစ္စတလ်အမြင်ကတော့ မိသာစုဝေး၊ ကိုယ့်ဝန်းကျင်လေးနဲ့ ဝေးနေတဲ့သူတွေအဖို့ နီးအောင် ဖန်စေတဲ့ နေရာလေးပဲလို့ ထင်မြင်မိပါတယ်၊ ဒါကြောင့် စကားစမြည်လေး ပြောရင်း မရေးဖြစ်တာ ကြာနေတဲ့ ဘလော့လေးကို လပြည့်နေ့မတိုင်ခင် အဖိတ်နေ့ညမှာ ပြုလုပ်တဲ့  ကောင်းမှုကုသိုလ်လေးနဲ့ ပြန်လည် လှုပ်နှိုးလိုက်ပါတယ်ရှင်။ 

ချစ်ခင်လေးစားရတဲ့ မိတ်ဆွေမောင်နှမအပေါင်းတို့ကိုလည်း ကောင်းမှုကုသိုလ်တွေကို အမျှပေးဝေရင်း အားလုံးသောသတ္တဝါအပေါင်းကိုလည်း ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်............။

ဖူးခက်ကမ်းခြေက ဆန်းစက် ကြည့်တဲ့တောင်ပေါ်မှာ နေဝန်းကြီးကို ကြည့်နေတဲ့ ထိုင်းအမျိုးသမီးလေးနောက်က လှမ်းဆွဲရိုက်လိုက်တယ်၊ 
ဘလော့မိတ်ဆွေတွေကို သတိရတဲ့အနေနဲ့ အမှတ်တရလေး။

လေးစားစွာဖြင့်
ခရစ္စတလ်