သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Wednesday, August 28, 2013

“သက်ရောက်မှု အလင်္ကာ”

 အပိုင်း (၁)

သက်ရောက်မှုမေတ္တာလှိုင်းများ
*******************************
အချိန်တွေ အတ်ာကြာခဲ့ပါပြီ။
ဘဝမှာ ကိုယ်နဲ့ စိတ်ချင်းနားလည်တဲ့သူဆိုတာ ကြုံတောင့်ကြုံခဲပါ။ တချို့က နားလည်ပြီး အကြောင်းအမျိုးမျိုးကြောင့်ပေါ့လေ စာနာငဲ့ညှာတတ်မှု အဆင့်ကို ရောက်မလာတတ်ကြဘူး။ တကယ့်ကို စိတ်ချင်းရင်းနှီး နားလည်သူတွေဆိုရင်တော့ နားလည်မှုရဲ့ နောက်ကွယ်မှာ စာနာတတ်မှု ငဲ့ညှာစောင့်ရှောက်အားပေးမှုတွေ ဝန်းရံနေတတ်ကြပါတယ်။

တချိန်တုန်းက စိတ်ချင်းနာလည်တဲ့ ဗုဒ္ဓဘာသာဝင်မဟုတ်သော ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒရေးတဲ့ တရားစာပေများကို အထူးနှစ်သက်တဲ့ သူငယ်ချင်းမလေး တစ်ယောက်ရှိခဲ့ပါတယ်။
မွေးသက္ကရာဇ်တစ်ခုရဲ့ အောက်မှာ မွေးလမွေးရက်တွေမတူပဲ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုများနဲ့ ဖေးမခဲ့ဖူးကြပါတယ်။ ဘယ်လောက်ဝေးဝေး သူ့မွေးရက်နားနီးရင် ကျမစိတ်တွေ အလိုလို သူမကို သတိရလာတတ်သလို သူကလည်း ကျမရဲ့မွေးနေ့ရက်နီးရင် သတိရမြဲပေါ့။

ဆယ်ကျော်သက်ဘဝက အသက်သုံးဆယ်ကျော်အထိ ခင်မင်လာကြတာ ကျမတို့ အမြဲတစေ တွေ့နေလို့တော့ မဟုတ်ပါဘူးနော်။ ကျမက ကျန်းမာရေးအဖွဲ့အစည်းထဲကို ဝင်၊ သူက တက္ကသိုလ်ဆရာမဖြစ်ရေး လုံးပန်းနေကြတာပေါ့။
ဒီလိုနဲ့ သူမမှာ ချစ်ရသူတွေ့လာချိန်မှာတော့...
သူမနဲ့ သူမ ချစ်ရသူနှစ်ဦး ကိုးကွယ်တဲ့ဘာသာက ဆန့်ကျင်ဘက်ဘာသာများဖြစ်နေခဲ့ပါတယ်။ ချစ်သူမဖြစ်ခင် သူငယ်ချင်းတွေဘဝမှာပဲ ရှေ့ဆက်မတိုးဖြစ်ကြတဲ့ သူ့တို့နှစ်ဦးရဲ့ချစ်ခြင်းမေတ္တာကလည်း ထူးခြားနေပြန်တယ်။ ဒီချိန်မှာ သူမအတွက် ရင်ဖွင့် ငိုကြွေးဖို့ရာ ကျမရဲ့ရင်ခွင်ထဲကို ပိုတိုးလို့ ဝင်ခဲ့တယ်။
“ဒီအခြေအနေကို ငါလက်ခံနိုင်ရမှာပေါ့၊ လက်ခံနိုင်ပါတယ်” လို့ပြောပြီး ရှိုက်သံမထွက်တဲ့ မျက်ဝန်းက မျက်ရည်စတွေနဲ့ သူပြောခဲ့တယ်။ ပြီးတော့ ဟက်ကနဲ ရယ်ပြီး နောက်ဘဝတွေများရှိရင် နင်နဲ့ငါ ချစ်သူတွေ ဖြစ်ရအောင် နင့်ဘုရားမှာ ဆုတောင်းဖို့ ကြေကွဲစွာပြောပြန်တယ်။ သူမက ဗုဒ္ဓဘာသာဝင်မဟုတ်လေတော့ ဆုတောင်းတဲ့ အဓိပ္ပါယ်ကို ဘယ်လိုသေချာသိမလဲလေ။

ကျမကတော့ ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် သူမနဲ့ သူ့ချစ်သူကိုသာ ဆုံဆည်းစေဖို့ ဆုတောင်းမိမှာပါ။

အဲဒီနှစ် သူမမွေးနေ့မှာ Eternal Floral Services လာပို့သွားတဲ့ ပန်းစည်းလေးကြောင့် တဒင်္ဂမှင်သက် အံ့သြပျော်ရွှင်သွားရပါသတဲ့။ သူမချစ်သူဆီက စိတ်ကူးနဲ့ တောင့်တဖူးတဲ့ ပန်းစည်းလေးပေါ့။ ဘယ်သူမှ မသိတဲ့ သူ့စိတ်ကူးကို အကောင်အထည်ဖေါ်ပေးနိုင်သူကို စဉ်းစားပြီး ကျမဆီကို ဖုန်းဆက်ခဲ့ပါတယ်။
“ကျေးဇူး ..မိန်းမရေ ငါတော့ သိပ်ပျော်တာပဲ၊ နင်ပို့ပေးမှန်း သိပါတယ်၊ နောက်ဆို နင့်နာမည်ကြီးနဲ့ ပို့ပေးစမ်းပါ၊ ငါပိုပျော်ရအောင်လို့ပါ”တဲ့ ပြောပြီး ပြန်အပြောတောင် မစောင့်ပဲ ဖုန်းချသွားတယ်၊ ဒီတော့ ကျမလည်း ဖုန်းကလေးကို အသာကြည့်ပြီး ပြုံးနေမိတယ်။

နောက်ခြောက်လနေတော့ ကျမမွေးနေ့နီးတဲ့တစ်ရက်မှာ သူမဖုန်းဆက်ပါတယ်။ ရွှေတိဂုံဘုရားမရောက်တာကြာလို့ သူ့ကို လိုက်ပို့ပေးပါတဲ့။ သူကပဲ ပြောရတယ်ရှိသေး ...ဘုရားမရောက်တာကြာလို့ ဆိုပဲ၊ အလုပ်များခရီးသွားနေတဲ့ ကျမကို မွေးနေ့မှာ ဘုရားပို့ပေးချင်လို့ ဂွင်ဆင်တာမှန်း ဘုရားသွားကာနီးမှ ရိပ်မိပါတယ်။ ဘုရားရောက်တော့ ရွှေသင်္ကန်းလှူတာ၊ ကျမရဲ့ မွေးနံထောင့်မှာ ဘုရားရေသပ္ပါယ်တာ ဘုရားပန်းလှူတာ အကုန်လုံးသူကိုယ်တိုင် လုပ်ပေးပါတယ်။ ငါတော့ ဘုရားမှာ ဆုတောင်းပေးပြီးပြီ နင်..ဘုရားကန်တော့လို့ရပြီတဲ့၊ အဲလိုချစ်ဖို့ကောင်းတာပါ။

သက်ရောက်မှုတိုင်းမှာ တုန့်ပြန်သက်ရောက်မှုတွေသာရှိခဲ့မယ်ဆိုရင် ကြည်နူးမှုလှိုင်းများ မေတ္တာကမ်းခြေကို ညင်သာစွာ ရိုက်ခတ်စေမှာပါ ...။


သက်ရောက်မှု အနုပညာ
**************************
လူဆိုတာ မွေးလာကတည်းက သားချော့တေးနဲ့ ယဉ်ပါးခဲ့ကြတာမဟုတ်လား။
အနုပညာကို ပိုက်ထွေးမှုခြင်း ကွာပေမယ့် လောကီလူသားတွေအဖို့တော့ ခုံမင်စဲ ...။

ကိုယ်တိုင် ငွေကို အဓိကထား စီးပွါးရေးလုပ်နေတာမဟုတ်တော့ ပမာဏမများလှတဲ့ ငွေကလေးနဲ့ ထူးခြားတဲ့ ကုသိုလ်တစ်ခုကို စနစ်တကျ သေသပ်စွာသော ရည်ရွယ်ချက်တစ်ခုနဲ့ ပြီးခဲ့တဲ့ မွေးလမှာ တူမတော်သမီးစံရဲ့ မေတ္တာစေတနာအားဖြည့်ပေးမှုကြောင့် အကောင်အထည်ဖေါ်ဖြစ်ခဲ့ပါတယ်။

အဲဒါကတော့ ...
ကဗျာရပ်ဝန်းက နှစ်သက်သူတွေထံ ကဗျာစာအုပ်လေးကို အရောက်ပို့ပေးခြင်းအားဖြင့် မြတ်နိုးတန်ဖိုးထားတတ်သူတွေရဲ့ စိတ်နှလုံး နှစ်သက်ကြည်နူးစေခြင်းအပြင် ကိုယ်တန်ဖိုးထားရာ နှစ်သက်ရာ ခံစားမှုအနုပညာတစ်ရပ်ကို တခြားသူတွေအတွက် မျှဝေပေးချင်ခဲ့တာပါ...။

ခြယ်မှုန်းသူနဲ့ ခံစားသူ ...ဤနှစ်ဦးကြား ပေါင်းကူးတံတားလေးသဖွယ် အသွင်ယူလို့ ဖြည့်ဆည်းမိတဲ့ ပါရမီအတွက် တွေးမိလေတိုင်း ရင်ထဲမှာ ကြည်နူးမှုလှိုင်းများ ရိုက်ခတ်သွားခဲ့ပါတယ်။

*တစ်ဦးနဲ့ တစ်ဦးကြားမှာ အများကြီးမလိုပါဘူး၊ နားလည်မှုတွေ ဖေးမမှုတွေများစွာနဲ့ သက်ရောက်ခဲ့ကြပြီး အမှား အမှန်ဆိုတာမရှိ၊ တခြားဘာမှကို မလိုတာပါ။ သက်ရောက်မှုတစ်ခုတည်းပါ၊
အရောင်တွေ မရှိကြဘူးလေ ...။


ဆက်ပါအုံးမည် ...

ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

Monday, August 26, 2013

အချစ်ဝတ္ထု


အချစ်ဝတ္ထုရေးပေး .. ဖတ်ချင်တယ်လို့ ချစ်သောသူက စလုံးမှ နားပူနားဆာလုပ်တော်မူပါတယ်။ အချစ်အကြောင်းကလည်း မရေးတာတော်တော်ကြာပြီ။ ရေးမယ်စဉ်းစားလေ ဘာရေးရမှန်းမသိဖြစ်လေ။ ခက်တော့ ခက်နေပြီ။ ကျောင်းတက်တုန်းက ရေးခဲ့တာတွေလည်း မမှတ်မိတော့ဘူး။ ကျောင်းမှာရေးခဲ့တာလေးတွေ သူငယ်ချင်းတွေဆီက ပြန်လိုက်တောင်းရင်ကောင်းမလား။ အမျိုးမျိုး စဉ်းစားတာပေါ့လေ ...။

ရေးမယ်စိတ်ကူးတော့ ဇာတ်က ပေါင်းရမလား၊ ကွဲရမလား။ ဇာတ်ကောင်စရိုက်ဘယ်လိုလေး ရေးရင်ကောင်းမလဲပေါ့။ မြန်မာဇာတ်ကားတွေထဲမှာတော့ ချစ်သူချင်းမတည့်တာပြ ပြီးရင် ချစ်သွား... ဒါဆို ဇာတ်လမ်းပြီး၊ သို့မဟုတ် မိဘတွေမှာ ပြဿနာရှိ ပြီးရင် ပြေလည် မပြေလည်ရင် ကွဲ၊ ဒါတွေက အဓိကကျောရိုးမကြီးဖြစ်နေပြီ။

ကိုယ်ရေးချင်တာရေးချလိုက်ရင် ဒဿနတွေချည်းထွက်လာတော့မှာ။ အချစ်အကြောင်းရေးမှတော့ နုရွလေးတွေတော့ ဖြစ်သင့်တာပေါ့၊ ဟုတ်တယ်မဟုတ်လား ပိတ်သတ်ကြီးရယ်။ နုရွလေးတွေဆိုတော့လည်း ဘယ်လိုလေး နုရင် ရွမလဲဆိုတာ ဆက်စဉ်းစားရသေးတယ်။ ကိုယ့်ဘေးနား ပတ်ဝန်းကျင်မှာလည်း အီစီကလီအနုအရွလေးတွေ တစ်ယောက်မှ မတွေ့မိဘူး။

ဘာဖြစ်ဖြစ် ရေးချလိုက်တော့မယ် စိတ်ကူးပြီး ရေးမယ်ဆိုတော့ မြတ်နိုးခြင်းတွေ အကြောင်းရေးမယ်ပေါ့။ မြတ်နိုးခြင်းအကြောင်း တွေးမိကာမှ အိပ်ငိုက်လိုက်တာလေ မပြောချင်တော့ပါဘူး။ ဒါကြောင့် အမေက ပြောတယ် စိမ်းကားသူကြီးတဲ့။ အမေဘယ်လိုပြောပြော ကိုယ့်စိတ်ထဲတော့ ကိုယ်က သိပ်ချစ်တတ်သူကြီးလို့ ယုံကြည်နေတာ အမှန်။

ပိုစ့်နဲ့လိုက်လျောညီထွေဖြစ်စေမယ့် အချစ်သီချင်း စဉ်းစားမိတော့ “မယ်တင်”သီချင်းကို ပြေးမြင်မိပြန်ရော။

ဇာတ်အိမ်ဖွဲ့ဖို့ ဟန်ပြင်တော့ တကယ့်ဖြစ်ပျက်ဘဝထဲက အချစ်အကြောင်းတွေရေးရမလား၊ စိတ်ကူးယဉ်ဆန်ဆန် နုရွရေးရင်ကောင်းမလား၊ ဖြစ်သင့်တဲ့ ပညာပေးလေး ရေးရနိုးနိုး စဉ်းစားကြည့်လိုက်တာ တစ်ပုံကြီးပေါ်လာပါလေရော။ တွေးနေတာနဲ့ပဲ ဦးနှောက်တော်တော်ခြောက်သွားတယ်။

စဉ်းစားခန်းဖွင့်တဲ့အချိန်မှာပဲ ဖဘမှာ တိရစ္ဆာန်လေးတွေ ချစ်တတ်သူ၊ သင်္ချာတော်တဲ့သူတွေ အပျိုကြီးဖြစ်တယ်ဆိုတဲ့ စာသားတွေ တွေ့ပြန်ရော။ ကိုယ့်အတွေ့အကြုံအရဆိုရင်တော့ လားလားမှ မဆိုင်။

စကားစပ်မိလို့ ပြောပြရအုံးမယ် ပိတ်သတ်ကြီးရယ် (ပိတ်သတ်တစ်ယောက်ပဲရှိမယ်ဆိုလည်း ကျေနပ်ပါတယ်လေ) ... အိမ်နောက်ဘက်တိုက်က ချာတိတ်လေ ..လှမ်းခေါ်လိုက်တာ ခုန်ချပြီး ကိုယ့်အခန်းကူးလာမယ်လုပ်လို့ မနဲတားလိုက်ရတယ်။ ကြောင်အော်သံတွေကြားရင် လူက မနေနိုင်ဘူး၊ ချစ်တာ ချစ်တာ။  ဟေ့ကောင် လာခဲ့ဆိုပြီး လက်ယက်လှမ်းခေါ်လိုက်တာ ခုန်ချမယ်ပြင်လို့၊ အနောက်ဘက်တိုက်နဲ့က ကြားမှာ လမ်းကြားခံနေသေးတာကိုး။ တိရစ္ဆာန်ချစ်တယ် မချစ်ဘူး စဉ်းစားကြည့်ပါအုံးလေ။
စာဆိုရင် ကျက်ရမယ့်စာဆို သိပ်မုန်းတာ။ ရေးကျက်တာဖြစ်ဖြစ် ပုစ္ဆာတွက်တာဖြစ်ဖြစ် ဘယ်တော့မှ မညည်းပါဘူး။ သင်္ချာအမှတ်ကိုတော့ မသူတော်ထဲ ပါမှာစိုးလို့ရယ်၊ ဗေဒင်ဆရာက ယခုနှစ် ရန်များအံ့ဆိုလို့ရယ် ကြွားတော့ပါဘူး :P

ပြောချင်တာကတော့ ကိုယ့်အတွေ့အကြုံအရ စာသားတွေနဲ့ တကယ့်လက်တွေ့ဘဝဆိုတာ ကွာတတ်တာကိုပါ။ အချစ်ဖြစ်ဖြစ် ဘဝဖြစ်ဖြစ်၊ အချစ်ကို လက်တွဲလို့ ဘဝထဲကို တိုးဝင်တာဖြစ်ဖြစ် ကိုယ်မျှော်လင့်ထားသလို ဖြစ်လာဖို့ ခဲယဉ်းတတ်ပါတယ်။
ရေးရင်း ဒဿနတွေ ပါသွားပြန်ပြီ :(

ဒီလိုနဲ့ ခရီးမထွက်ခင် အပြီးရေးမယ်လေဆိုပြီး အတွေးခေါင်နေတာကို ခဏဖယ်ထုတ်ပြီး အချစ်ဝတ္ထုရေးဖို့ အာရုံသွင်းရပြန်တယ်။

ဇာတ်ကောင်စရိုက်ပုံဖေါ်မယ်စိတ်ကူးတော့ ကောင်လေးက ချစ်သူကို မြတ်နိုးခြင်းများနဲ့ နားလည် စာနာတတ်သူဖြစ်နေပြီး(ကိုယ်ဖြစ်ချင်တာ ဆွဲတွေးလိုက်တာပဲ) ကောင်မလေးက ဂဂျိုးဂချောင်စရိုက်ရှိသူအဖြစ် ထွက်လာတယ်။ သူတို့ ချစ်မိသွားတဲ့အခါ ဘယ်လိုအဆီငေါ်မတဲ့မှုတွေနဲ့ စခန်းသွားရမယ်တော့ မသိသေးဘူး။ ဆက်ရေးကောင်းမလား၊ မကောင်းဘူးလား တွေးနေတုန်း အိပ်ချင်လာတာ မျက်လုံးမဖွင့်နိုင်တော့လို့ သွားအိပ်လိုက်ရတယ်။

အချစ်ဆိုတာ ကိုယ်ခြယ်မှုန်းချင်တိုင်း ခြယ်မှုန်းခွင့်မရှိတဲ့ ပန်းချီကားတစ်ချပ်မဟုတ်လားနော် ...။

ဤသို့ဖြင့် စလုံးမှာ နေတဲ့ချစ်ချစ်က မွေးနေ့ည အထူးတလည် ဖုန်းဆက်ဆုတောင်းပေးမှု မျက်နှာကြောင့်လည်းကောင်း၊ မြန်မာပြည်မှ ချစ်ချစ်က ကုသိုလ်ပါရမီဖြည့်ပေးမှုကြောင့်လည်းကောင်း အဆီမငေါ်မတဲ့စွာ အချစ်ဝတ္တုဆိုတာကို အားသွန်ခွန်စိုက် ရေးပေးလိုက်ပါသည်။


ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
ခရစ္စတလ်

Friday, August 23, 2013

“ညသန်းခေါင်က လရှိုက်သံ”


ညက တိတ်ဆိတ်သည်။

လရောင်ယှက်ဖြာကျနေသော ညသည် အရာအားလုံး ငြိမ်သက်နေသည်။

ရပ်ကွက်တစ်ခု၏ နောက်ဆုံး ထောင့်ဆုံးခြံဝန်းကျယ်ကြီးထဲမှာ အိမ်ရှင်က တိုက်ခံတစ်ထပ်အိမ်လေးနဲ့ နေပြီး အိမ်ငှားများကို တိုက်တန်းလျားသုံးထပ်ဆောင်ဆောက်၍ လချုပ်၊ နှစ်ချုပ်ဖြင့် ငှားစားထားသည်။

ညနေခင်း အခန်းပြောင်းလာသော ကျမအဖို့ မောမောနှင့် အိပ်မောကျရုံသာ ...။

အချိန်မှာ သန်းခေါင်ယံ။
စူးရှကျယ်လောင်သော ငိုသံတစ်ခုသည် အိပ်မောကျနေသော ကျမနားဆီသို့ လျှင်မြန်စွာဝင်ရောက်လာပြီး နိုးထစေသည်။

ငိုနေသည် .. မိန်းမငယ်တစ်ယောက် ငိုနေသည် .. ရှိုက်ကြီးတငင်ငိုနေသည်။ အသံလားရာအရပ်သည် ကျမ၏အခန်း ဘယ်ဘက်မှ ဖြစ်ကာ ကျယ်လောင်စွာငိုနေသောအသံကြားရုံဖြင့် လှိုက်လှဲစွာ ဝမ်နည်းလွန်းလို့ ငိုနေမှန်း အလွန်သိသာပါသည်။ အသံတွေမှာ များစွာကွဲပြားသော အဓိပ္ပါယ်ရှိလေသည်။ စကားပြောသံမကြားမရပဲ ရှိုက်ကြီးတငင်ငိုကြွေးနေသော၊ ချုံးပွဲချငိုနေသော အသံပိုင်ရှင်ကို အဘယ်အကြောင်းရာကများ စိတ်ထိခိုက်စေပါသနည်း။

ဘာအကြောင်းရာမှန်းမသိသော်လည်း ကျမကိုယ်တိုင် လိုက်ပါ ဝမ်းနည်းမိလေသည်။ တိတ်ပါကွယ် ပင်ပန်းနေမှာပေါ့ ...။

ကျမငယ်စဉ်က အမေက ဆူဆူ၊ မောင်နှမတွေက စလို့ပဲ ငိုငို ပင်တိုင် ချော့သူမှာ အဖေဖြစ်သည်။ အမေဆူနေလျှင် အဖေသည် ဘယ်တော့မှ လိုက်ပါဆူလေ့မရှိ။ ခဏနေလျှင် ငိုနေသော ကျမကို ချီပိုးကာ အဝတ်တန်းတွင် လွှားထားသော အဖေ့ပုဆိုးစလေး ရေဆွတ်လို့ “မငိုပါနဲ့ သမီးရယ် တိတ်တိတ် ငါ့သမီး ပင်ပန်းနေမှာပေါ့” ပြောမြဲ၊ ချော့မြဲ၊ ချီပိုးလို့ အဖေ့ပုခုံးထက်တွင် အိပ်မောကျမြဲ။

အဖေ လူ့လောကကြီးထဲ ခွဲခွါသွားတော့ ချော့မယ့်သူမရှိတော့၊ အမေသည် သူ့မိသားစုတွင် အငယ်ဆုံးဖြစ်သည့်အပြင် မိသားစုက အလိုလိုက်ထားသော မိန်းကလေးမျိုးဖြစ်သဖြင့် သားသမီးရလာသော်လည်း ချော့လေ့ ချော့ထသိပ်မရှိ။ အဖေကတော့ စိတ်ရှည်လက်ရှည် ချော့တတ်လေသည်။ အမေကတော့ မချော့တတ်သည်မှ လွဲ၍ ကျမကို အလွန်အလိုလိုက်ပါသည်။

ချော့မည့်သူ အဖေမရှိသည့်နောက်ပိုင်းတွင် ကိုယ့်ဖာသာ ကြိတ်ငိုတတ်လာသည်။ အသံမထွက်ပဲ မျက်ရည်ကျသည်က များသည်။ အမေ သိလျှင် စိတ်မကောင်းဖြစ်မည်စိုးသဖြင့် ကြိတ်ငိုရသည်များလည်း ရှိသည်။ အမေ သိအောင် ဂျီကျကာ ငိုရသည်များလည်း ရှိသည်။ အသက်ကြီးလာပြီဖြစ်သော အမေ့ကိုလည်း အပူတွေ မကူးစက်စေလိုတော့၊ ထို့ကြောင့် အမေနဲ့ ဖုန်းပြောလျှင် စကားတွေ တွတ်ထိုးနေသော မျက်နှာကြီးသည် မျက်ရည်များက အရွှဲသား။


ငိုသံကြားရာအသံနောက်သို့ အာရုံလိုက်ပါပြီး သူ့ဆီ ချဉ်းကပ်မိဖို့ သတိတစ်ချက်လင်းလက်ခဲ့ပြီးနောက် သူမ၏ ပူလောင်နေသော နှလုံးသားဆီသို့၊ ထိုမှတဆင့် ပူလောင်နေသော နှလုံးသားထဲက ဆူပွက်နေသော သွေးများအထိ ...။

ငြိမ်းအေးပါစေ၊ အေးချမ်းပါစေတော့၊ ပင်ပန်းနေပြီ၊ တိတ်ပါတော့ကွယ် ...။
မိုးရွာပြီးစ လေပြေလေးလို အေးမြပါစေ။

ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားနှုတ်တော်မှ ---
*သတိံ ပဋိလဘ ဘဂိနီ
ဘဂိနီ- နှမ၊ သတိံ-သတိကို၊ ပဋိလဘ- တစ်ဖန် သိရလော့ (ဝါ) ဖြစ်စေလော့ ...။
(ဓမ္မပဒဋ္ဌကထာ၊ ၂၊ စာမျက်နှာ ၄၃၉)

ထိုအချိန်တွင် မယ်ပဋာလေး အပူငြိမ်းခဲ့ဖူးပါသည်။ ထိုအကြောင်းတရားက ဧကန်အမှန်ဖြစ်ခဲ့ဖူးပါသည်၊ ထို့ကြောင့် အခုငိုနေသော အသံပိုင်ရှင်သည်လည်း ငြိမ်းချမ်းအေးမြပါစေတော့ ..နှုတ်ဝယ်ဖွဖွ ရွတ်ဆိုမိသည်။ နတ်ဒေဝါများ စောင့်ရှောက်ကြပါစေသား ...။

အချိန်တစ်နာရီခွဲခန့်အကြာတွင် အသံသည် တိုးလျော့လာသည်၊ volume တိုးလျော့လိုက်သကဲသို့ တိုးလျသွားသည်။

ညသည် တိတ်ဆိတ်မှုတို့ ပြန်လည်ကြီးစိုးသွားခဲ့ပြီ။

ကျမလည်း အိပ်မောကျခဲ့သည်။

မနက်လင်းသော် ညက အသံလားရာအရပ်ဆီသို့ ရှုမျှော်မိသော် .. ခြံအပြင်ဘက်ဆီ ခပ်ဝေးဝေးမှာ အုတ်ဂူတချို့။

အိမ်ရှင်သို့ အမေးရှိသော် ကျမ၏ ဘယ်ဘက်အခန်းတွင် အားကစားသမားများနှင့် စာရေးဆရာများ အခန်းငှားနေထိုင်ကြကြောင်း။
တစ်ဖန် အိမ်ငှားများ ညအိပ်လူပိုမခေါ်ရဆိုသော စကားရပ်သည် စာချုပ်ထဲတွင် ပါပြီးဖြစ်သည်။

ဤသို့လျှင် ..

လူဖြစ်စေ ဝိညာဉ်ဖြစ်စေ

ငိုသံတွေ တိတ်စေဖို့ လိုလားပါသည်။

ငိုသံတွေ တိတ်ပါစေ။

ထိုညက လူလား တစ်စုံတရာလားဆိုတာ ကောင်းကင်က လတစ်စင်းနှင့် ကျမသာ သိပါသည်။

ထိုညက သန်းခေါင်ယံချိန်တွင် လကလေးတစ်စင်း ရှိုက်ငိုခဲ့လေသည်။

လေးစားစွာဖြင့်
ခရစ္စတလ်
(၁၆.ဖေဖေါ်ဝါရီ.၂၀၀၈)

Saturday, August 17, 2013

အမှိုက် သွားပစ်အုံးမယ်နော် ... :)

အိမ်တစ်အိမ်မှာ အမှိုက်ဘယ်နှစ်မျိုးရှိနိုင်မလဲ ...။
နွမ်းသွားတဲ့ ဘုရားပန်းတွေကို စွန့်ဖို့က စလို့ မီးဖိုချောင်အမှိုက်အဆုံး တစ်နေ့ .. တစ်နေ့ အိမ်ထဲမှာ အမှိုက်တွေက အများသား။
တစ်ကြိမ်စွန့်ပြီးတိုင်းလည်း နောက်နေ့ အမှိုက်က ထပ်ရှိနေပြန်တာ။

နိုင်ငံရပ်ခြားရောက်ကတည်းက နောက်ဖေးလမ်းကြားကို အမှိုက်ပစ်မချတတ်တာ အကျင့်ဖြစ်သွားခဲ့ပြီ၊ အမှိုက်တွေကို သေချာသိမ်းထုပ် စွန့်ပစ်တတ်ဖို့ သူများနိုင်ငံရဲ့ နိုင်ငံသားတွေနဲ့အတူ စည်းကမ်းလိုက်နာတတ်ခဲ့ပြီ။

တစ်တောင်ခန့်ရှိ အမှိုက်ပုံးကို ညပိုင်းအိပ်ချိန်မှာ အနံ့မခံနိုင်တော့ နေ့စဉ်စွန့်မိရာကနေ အတွေးစတစ်ခု တိုးခွေ့ဝင်လာပြန်တယ်။

မနက်မိုးလင်းတိုင်း ဝရံတာက လေနုအေးအေးကို မျက်လုံးလေးမှိတ် ခံစားရင်း မေတ္တာသုတ်ရွတ်ပွါးပြီး စီစဉ်တကျ တစ်နေ့တာဆောင်ရွက်စရာတွေကို ဆက်တိုက်လှုပ်ရှားလို့ ညအိပ်ရာဝင်သည်အထိ စိတ်အမှိုက်တွေ ဘယ်မျှလောက် တစ်နေ့စာ စွန့်ပစ်မိခဲ့သလဲလို့ပါ ...။

စိတ်ကူးထဲမှာပဲ အမှိုက်ပုံးထဲ ပစ်ထည့်မိလိုက်တဲ့ စိတ်အမှိုက်တွေက အများသား။

နောက်နေ့ဆက်ထားရင် ပုပ်နံ့ထွက်လာတော့မှာမို့ အပျင်းထူမနေပဲ သွား စွန့်ပစ်အုံးမှပေါ့ ....။

ကြည့်ပါအုံး အမှိုက်တောင်းထဲမှာ တစ်နေ့တာ အမှိုက်တွေက လူသေကောင်လို အနံ့တွေက ဆိုးဆိုးရွားရွား။

စိတ်အိမ်မှာ ခိုကပ်နေတုန်းက မသိသာပေမယ့် ပစ်ချ စွန့်ပစ်လိုက်တော့ ညစ်တီးညစ်ပတ်တွေဖြစ်ကရော။

ဒါကြောင့် တစ်နေ့ တစ်ခါ အမှိုက်ပုံးသွန်တိုင်း သတိရမိတယ်... စိတ်အိမ်ထဲက အမှိုက်တွေနဲ့ ညစ်ပတ်ကြီးဖြစ်နေအုံးမှာ။

အမှိုက်ပုံးထဲက ဘယ်လိုအမှိုက်တွေ ဖြစ်တယ်ဆိုတာတော့ မပြောပြတော့ပါဘူး၊
ကိုယ်တိုင်တောင် မကြိုက်လို့ စွန့်ပစ်လိုက်မှတော့လေ ...။


စွန့်ပယ်ဖို့အတွက် စိတ်အားထက်သန်ဖို့ပဲ လိုပါတယ်။

ကိုယ့်ထက် အတ္တအားကောင်းသူနဲ့ တွေ့ရပြန်တော့ ...
ကိုယ့်အတ္တလေးခမျာ ကြေကွဲစွာနဲ့ ပရုပ်လုံးလေးလို
လုံးပါး.. ပါးသွားရပြန်တယ် ..။

ကိုယ့်ထက်လောဘကြီးသူနဲ့ မျက်နှာချင်းဆိုင်တွေ့ရခိုက်
ကိုယ့်လောဘလေးခမျာ စေတနာပိုမိပြီး
အပြိုင်အဆိုင်အလုအယက်မလိုချင်ပါနဲ့လို့
ပေးဆပ်ချင်သူကြီးက တိုးတိုးဖွဖွရေရွတ်နေမိတယ် ...။

ကိုယ့်အပေါ်မာနထားသူနဲ့ ရင်ဆိုင်တိုးမိပြန်တော့ ...
ကိုယ့်မာနလေးခမျာ နားလည်မှုတွေရင်မှာ ပိုက်လို့
တင်းထားတဲ့ မျက်နှာကြော ဖြေလျော့ပြီး
ကိုယ့်နှုတ်ခမ်းထက် အပြုံးတစ်စပွင့်မိပြန်တယ် ...။

ကိုယ့်ထက်ဒေါသအားကြီးသူနဲ့ တွေ့ရတဲ့အခါ ...
ကိုယ့်ဒေါသလေးခမျာ ကြောက်ရလွန်းလို့
ခပ်ရို့ရို့လေး ချောင်ကုပ်နေမိတယ် ...။
.
.
.
ဝသုန္ဓရေ ဤမြေပံသု သိလာထုလည်း သက်သေအမှု တည်ပါစေသောဝ် ...။

ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

p.s - ပိုစ့်နာမည်ကို စိတ်အမှိုက်ပုံးလို့ ပေးချင်ပါသော်လည်း သူများရေးထားတာ တွေ့မိလို့ ခေါင်းစဉ်လေး ပြောင်းလိုက်ရပါတယ်။

Sunday, August 4, 2013

ဇာတ်ကွက်မေ့သွားသော ဝိညာဉ် သို့မဟုတ် ...

ဘေးကို .. ဘေးကို

ဟော ... သယ်ဖို့ ကားလာပြီ၊
လူနှစ်ယောက် ဆင်းလာကာ ထမ်းစင်ဖြင့်သယ်ပြီး ကားပေါ် ခပ်မြန်မြန်ပင် တင်လိုက်ကြသည်။

သြော်.. ဖြည်းဖြည်း ချပါဟဲ့၊ သူတို့ မဟုတ်တဲ့အတိုင်း ...။

ဟင် .. ခက်ပြီ၊ ဆံပင်တွေ ပေကုန်တော့မှာပဲ၊ အဝတ်ထဲ သေချာလုံအောင် မထုပ်ဘူး။
ဘာမှ နားမလည်ကြဘူး။ အဲဒီဆံပင်တွေ လှနေအောင် ပေါင်းတင်ရ ဖယောင်းသွင်းရနဲ့ ဒါတွေ သူတို့ မသိကြဘူး။

အခုလည်း ကြည့်လေ.. ကားပေါ်တင်ပြီးတာနဲ့ ကားကို မောင်းလိုက်ကြတာ အနောက်က ကျားလိုက်နေသလိုပဲ။

ဒါ ..ကျော်သူတို့အဖွဲ့တွေ ဟုတ်ပုံမရဘူး။
 
နယ်ဖြစ်နေလို့လား မသိ၊ စည်းစနစ်တကျမလုပ်တတ်ကြသေးဘူးထင်ရဲ့။

မှန်း... ကားမှာ စာရေးထားမှာ သွားဖတ်ကြည့်လိုက်အုံးမယ်...။

ဗုဒ္ဓေါ .. AMBULANCE ကားမဟုတ်ဘူးပဲ၊ နာရေးကူညီမှုအသင်းကားကြီးပါလား။ ဒါဆို .. ဒါဆို ...။

ကားနောက်ခန်းမှာ ခြေထောက်ကို တွဲလောင်းချလျှက် လိုက်ပါလာသော သူကိုယ်တိုင် စဉ်းစားခန်းဖွင့်နေစဉ် ...

မိန်းမတချို့ .. တချို့ဆိုတာ ငါးယောက်ခန့် (အနောက်က ကျားလိုက်သလို မောင်းနေတဲ့) ကားပေါ်ကို ဖြတ်ကနဲ တက်လာကြပြီး

ဟဲ့ ..ဘာဖြစ်တာလဲ

သေသွားပြီလား

ကောင်မလေးပဲ

အသက်သိပ်မကြီးသေးဘူးဟဲ့

သူတို့ဖာသာ တစ်ယောက်တစ်ခွန်း ပြောဆိုကြပြီး ကားပေါ်က နောက်ပြန် ဆင်းသွားကြတယ်။
ကားနဲ့ ဆန့်ကျင်ရာဘက်ကို လျှောက်လှမ်းသွားကြပြီး မှေးမှိန်ပျောက်ကွယ်သွားကြရော.....။

ခုနတုန်းက ကိုယ့်ဖာသာ စဉ်းစားခန်းဖွင့်နေတာလေးတောင် တဒင်္ဂပျောက်သွားတယ်။

မမေးလိုက်မိဘူး၊ ကျွန်ုပ်ကိုရော မြင်ကြလားလို့၊ သူတို့ဖာသာ ပြောချင်တာတွေ ပြောပြီး ဆင်းသွားလိုက်ကြတာ လူတစ်ယောက်လုံးထိုင်နေတာ မြင်မသွားကြဘူးလားမသိဘူး အံ့ရော..။

ဟင် .. လူဆိုလို့ အခုမှ သတိရတယ် .....
ထုပ်ထားတဲ့ body က ကျွန်ုပ်လေ ..
အခု ထိုင်နေတာလည်း  ကျွန်ုပ်ပါပဲ။

ဒါပေမယ့် မတူတာက body မှာ မိန်းကလေးဖြစ်နေပြီး၊ ကျွန်ုပ်က အထုပ်ထဲက အမျိုးသမီးထက် ပိုနုပျိုတဲ့ ယောက်ျားတစ်ယောက်ဖြစ်နေတယ်၊ ဘာတွေများ ဖြစ်ခဲ့.. ဖြစ်သွားတာပါလိမ့် ...။

စဉ်းစားစမ်း ... စဉ်းစားစမ်းပါ

ဒီbody က သေသွားပြီဆိုရင် ဘာတွေ ထိခိုက်နာကျင်ခံစားခဲ့ရပါလိမ့် ...

ဘယ်လို သေသွားတာပါလိမ့် ...

ကျွန်ုပ်က ဘယ်သူလဲ ...

ပိတ်ဖြူစဖြစ်သလို ပတ်ထားခံရတဲ့ မိန်းကလေးကရော ဘယ်သူလဲ


တကယ်ဆို ခဏလေးအတွင်းမှာ ဖြစ်ပျက်သွားခဲ့တာပါ၊ သိပ်မှ မကြာသေးပဲ၊ ဘာလို့ မမှတ်မိတော့တာပါလိမ့်။

အို .. ကြည့်စမ်းပါအုံး ပိတ်ဖြူစအောက်က တချို့တဝက်ပေါ်နေတဲ့ မျက်နှာမှာ သွေးစတချို့၊ သွေးစတွေတောင် မခြောက်သေးပါဘူး။

တကယ်ဆို ခဏလေးပါ၊ တကယ့်ကို ခဏလေးအတွင်း ဖြစ်ပျက်တွေကို အဲ့လောက်ထိ မမေ့သွားသင့်ပါဘူးလေ။

ကျွန်ုပ်ရဲ့ ဆွေမျိုးတွေက ဘယ်မှာလဲ သူတို့ ဘယ်သူတွေလဲ၊ သူတို့ သိကြသလား သိနိုင်ကြမလား။
ကျွန်ုပ်ကို သိနေတဲ့သူတွေကို ဘယ်သူက အကြောင်းကြားမှာလဲ။

ကားခေါင်းခန်းက နှစ်ယောက်ကတော့ အေးအေးလူလူပါပဲ၊ သူတို့အတွက် လုပ်ရိုးလုပ်စဉ် လုပ်နေကြသလို၊ တာဝန်တစ်ခုကို ဆောင်ရွက်နေသလိုမျိုး။ 

အချိန်ကလည်း သိပ်ရတာမဟုတ်ဘူး၊ ကိုယ့်မှာလည်း သွားစရာက ရှိသေးတယ်။

အင်း ... အဆောက်အဦးတောင်လှမ်းမြင်နေရပြီ၊ ကိုယ်ကလည်း အထဲအထိ လိုက်လို့မရ၊
ဒီလောက် နံနေတဲ့နေရာ ဘယ်လိုသွားလို့ဖြစ်တော့မလဲ၊ မထူးပါဘူး ဖြစ်ချင်တာဖြစ် ဘယ်လိုမှ မမှတ်မိတော့မယ့်အတူတူ ထားခဲ့လိုက်တော့မယ်။ ဘယ်တတ်နိုင်မလဲလေ ...။

ကားမောင်းနှင်ရာ ဦးတည်ရာအရပ်ကိုလည်း လိုက်ပါလို့ မရသည့် အလိုလိုသိနေသော စိတ်ကို ရှေ့သို့ဦးတည်နေသော စိတ်က စိုးမိုးကာ ကားပေါ်မှ ပေါ့ပါးစွာ ခွဲခွာကျောခိုင်းလိုက်ပါသည်။


စိတ်ဆောင်ရာ မျက်နှာမူလိုက်စဉ် အဖြူရောင်အခိုးအငွေ့တွေကြား ပေါ့ပါးစွာ လှမ်းခဲ့မိတော့တယ်။

သံသရာဇာတ်ကွက်မေ့သွားတဲ့သူ တစ်ယောက်အကြောင်းဖြစ်ပါတယ်။

လေးစားစွာဖြင့်
ခရစ္စတလ်