သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, December 30, 2010

“ဖြတ်သန်းခဲ့တဲ့ နှစ်ထောင့်တစ်ဆယ်”



from 2009 to 2010

တစ်နှစ်ထက် တစ်နှစ်

အသက် တစ်နှစ်ကြီးလာတယ်

အတွေ့အကြုံတွေ စုံလာတယ်

အလုပ် တာဝန်ပိုများလာတယ်

ခရီး ပိုထွက်ဖြစ်လာတယ်

ကျန်းမာရေး ချို့တဲ့လာတယ်

မျက်နှာ ပိုအိုလာတယ်

အင်တာနက်နဲ့ ဖုန်း သုံးဆွဲချိန်များလာတယ်

စိတ်ထားမျိုးစုံနဲ့ လူတွေကို တွေ့လာရတယ်

မိတ်ဆွေစစ်တွေနဲ့ တွေ့ဆုံခွင့်ရတယ်

တရားထိုင်ချိန် နဲသွားတယ်

တရားဒေသနာ ရွတ်ဖတ်ပူဇော်ချိန်များလာတယ်

ထိုင်းနိုင်ငံမှာ နေသားတကျဖြစ်လာပြီ

..............

..............

..............

စိတ်ကူးထားပြီး မရေးဖြစ်တဲ့ ပိုစ့်တွေများလာတယ်

မရည်ရွယ်ပဲ ရေးဖြစ်တဲ့ပိုစ့်တွေများလာတယ်

သေချာတာကတော့ သေဖို့ တစ်နှစ်နီးလာပြီပေါ့.... :P

အချိန်တွေရယ်လေ အကုန်မြန်လွန်းတာကို တွေးမိရင်း မိမိကိုယ်ကို Analysis လုပ်မိတာပါ။ ရှေ့နှစ်မှာ ပိုစ့်တွေ အတက်နှေးပေမယ့် ကြိုးစားပြီး ပိုစ့်ရေးဖြစ်အောင် ကြိုးစားပါအုံးမယ်။ crystal ရဲ့ ဆိုဒ်လေးကို မျက်စိလည်ပြီး လာရောက် လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး နှစ်သစ်မှာ ပြန်လည်ဆုံတွေ့ကြမယ်နော်...။

ဒီကဒ်လေးကို ဘယ်သူပို့တာပါလိမ့်နော်...



လေးစားစွာဖြင့်
crystal

Tuesday, December 28, 2010

ဂျပန်နိုင်ငံမှ တရားတော်နာဖိတ်ကြားခြင်း


ပြည်တွင်းပြည်ပ ဖြူးမဟာစည်နာယက
ဓမ္မကထိက ဗဟုဇနဟိတဓရ၊ သာသနဓဇ ဓမ္မာစရိယ
ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ
တူသား တပည့်အရင်းဖြစ်တော်မူသော

ပဲခူးတိုင်း၊ ဖြူးမြို့ ၊ မဟာစည်သာသနာ့ရိပ်သာနှင့်
ရန်ကုန်တိုင်း၊ လှိုင်မြို့ နယ်၊ ဓမ္မရက္ခိတ ဖြူးမဟာစည်သာသနာ့ရိပ်သာ တို့၏
ပဓာန နာယကဆရာတော်
ဘဒ္ဒန္တ အဂ္ဂ၀ရ
ဓမ္မာစရိယ၊ M.A Ph.D (Thesis) India

ဆရာတော်အရှင်သူမြတ်သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ တကာဒါနိုဘာဘာအရပ်တွင် အောက်ပါအစီအစဉ်အတိုင်း နိဗ္ဗာန်ရောက်ကြောင်း တရားရေအေး အမြိုက်ဆေးတိုက်ကျွေးမည်ဖြစ်ပါသဖြင့် တရားတော်နာကြွရောက် ကုသိုလ်ယူကြပါရန် လေးစားစွာဖြင့် နှိုးဆော်ဖိတ်ကြားပါရစေနော်။

အခမ်းအနားအစီအစဉ်
နေ့ရက်။ ။ (၂၀၁၁) ခုနှစ်၊ ဇန္န၀ါရီလ (၉) ရက်၊ တနင်္ဂနွေနေ့။
အချိန်။ ။ ဂျပန်စံတော်ချိန် ညနေ (၆း၃၀) မှ (၈း၃၀) အထိ။
နေရာ။ ။ 新宿リサイクル活動センター
(Shin Juku, Recycle Centre, Takadanobaba ဘူတာအနောက်ဘက်ခြမ်း) 東京都新宿区高田馬場4丁目10-17

မှတ်ချက်။ ။ နိုင်ငံတကာရောက် တရားချစ်ခင် ဓမ္မမိတ်ဆွေများအတွက် အင်တာနက် စာမျက်နှာများမှ တဆင့် အွန်လိုင်း တိုက်ရိုက်အသံလွှင့် ဟောကြားသည်ကို ကြည်ညို နာယူနိုင်မည်ဖြစ်ပါသည်။

လေးစားစွာဖြင့်
ဝိမုတ္တိရသအဖွဲ့သားများ

Tuesday, November 30, 2010

လောလောဆယ်

Bliss of Us (ပုံမှန်က ဒီဆိုဒ်လေးပါ)
ဆိုဒ်လေးကို ဝင်ရလို့ ပျော်သွားပြီ (30-Nov-2010)


ဝင်လို့မရတော့ ဒီလို ဖြစ်နေတယ်။

http://www.blissofus.blogspot.com
လောလောဆယ် ဒါလေးကို ကလစ်ပေးပါနော်။
ဆိုဒ်ကို ဝင်ရောက်ကြည့်ရတာအခက်ခဲဖြစ်မှုအတွက် အထူးတောင်းပန်ပါတယ်နော်။

လောလောဆယ်မှာ အလုပ်တွေများလို့ အာရုံတွေများနေရတဲ့အချိန်၊
မမျှော်လင့်ပဲ ဒီနေ့မနက် အလုပ်ဆိုဒ်ကို ပြင်ဆင်နေတုန်း
ဗြုန်းးးးးးးးးးးးး ဆို ဒိုမိန်းထဲ ဝင်လို့ မရတော့ပါဘူး။
hosting ကြောင့်လည်း မဟုတ်။

ဒိုမိန်း သက်တမ်းပြည့်ဖို့လည်း လိုသေး။

နောက်ဆုံးတော့ ဆာဗာ server ပြဿနာပါတဲ့။

ဒါကြောင့် crystal ရဲ့ အလုပ်ဆိုဒ်ကို ကြည့်လိုပါလျှင်
လောလောဆယ်မှာ blog ကိုသာ ဝင်ကြည့်နိုင်ဖို့ ကြိုးစားထားလိုက်ပါပြီ။

Bliss of Us ဆိုဒ်လေးကို လိုအပ်လို့ပဲ ကြည့်ကြည့်

အပျင်းပြေပဲ ကြည့်ကြည့်

ဘယ်လိုမျိုးနဲ့ပဲကြည့်ကြည့်

လာရောက်ကြည့်ရှုအားပေးနေကြသော ပရိသတ်အားလုံးကို အထူးကျေးဇူးတင်ပါတယ်နော်။

လေးစားစွာဖြင့်
crystal

(p.s - ဒီဇင်ဘာလမှာ မအားလပ်မှုများကြောင့် ပိုစ့် မတင်နိုင်တော့ခြင်းကို တောင်းပန်ပါရစေနော်။ နှစ်သစ်ကူးမှာတော့ ပိုစ့်ပြန်တင်ဖို့ ကြိုးစားပါအုံးမယ်။

“နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ကြိုတင်ဆုတောင်းပေးလိုက်ပါတယ်နော်”

စေတနာထားပြီး ကွန့်မန့်ပေးကြသူများနှင့်
တိတ်တဆိတ် လာရောက်လည်ပတ်ကြသော ခင်မင်ရတဲ့ မိတ်ဆွေတို့ကို
ကြိုတင်ဆုတောင်း ပေးလိုက်ပါတယ်ရှင်။)

Tuesday, November 23, 2010

“လမင်း ဝင်းဝင်းပပ”

လပြည့်ညမှာလမင်းကြီးက ဝိုင်းဝိုင်းစက်

နိုင်ငံခေါင်းဆောင်ကို အထွဋ်အမြတ်ထားကြတယ်၊ အလေးထားဦးညွတ်ရလောက်အောင်လည်း ထိုင်ဘုရင်မင်းမြတ်ရဲ့ ဆောင်ရွက်ချက်တွေက ထိုင်းပြည်သူတင်မက မြန်မာပြည်သူတွေအတွက်ပါ အကျိုးရှိစေတယ်မဟုတ်လား။

ဒီလောက်များတဲ့ သပိတ်တွေထဲကို အလှူငွေ အကြွေစေ့လေးတွေ လိုက်ထည့်လှူကြတယ်။ မြန်မာနိုင်ငံက ရွှေတိဂုံစေတီတော်ရင်ပြင်မှ ပဋ္ဌာန်း (၂၄)ပစ္စည်း သောက်တော်ရေအိုးလေးတွေကို စီတန်းသောက်ကြတာကို သတိရမိသေး။
သံဃာတော်များလည်း ပွဲတော်မှာ ပါဝင်ကူညီပေးနေကြပါတယ်။

လောကီအပျော်အပါးကိစ္စတွေမှာ သာသနာ့ဝန်ထမ်းတွေ ပါဝင်နေတာ မကောင်းဘူးလို့ သူတို့က မယူဆကြပါဘူး။ ပစ္စည်းလေးပါးအလှူရှင် ကျေးဇူးရှင်ဒကာဒကာမတို့ရဲ့ ပျော်ရွှင်မှု ဝမ်းနည်းမှု အရေးတို့သည် သာသနာ့ဝန်ထမ်းတွေ အနေနဲ့ တာဝန်မကင်းဘူးလို့ ယူဆကြပါသတဲ့။ ဒါ့အပြင် သူတို့ရဲ့ နိုင်ငံရေးတွေမှာပါ သာသနာ့ဝန်ထမ်းရဟန်းတော်များ၏ သြဇာသက်ရောက်မှုရှိနေကြပါတယ်။

ဒီလိုနဲ့ ဘုန်းကြီးကျောင်းဝင်းထဲ ဟိုငေး ဒီငေးနဲ့ လျှောက်လိုက်၊ ဓာတ်ပုံရိုက်လိုက်၊ စပ်စုလိုက်ပေါ့။ မြန်မာနိုင်ငံက ဘုန်းကြီးကျောင်းတွေနဲ့ မတူထူးခြားမှုတွေကိုလည်း လိုက်လေ့လာမိပါတယ်။ သူတို့ဘာတွေလုပ်ကြသလဲ၊ ဘာတွေ ရွတ်ကြသလဲပေါ့။

လက်ထဲမှာ မီးကြာခွက်တစ်ဖက် ကင်မရာက တစ်ဖက်နဲ့ ကိုးရို့ကားရာနဲ့။ မီးမျှောဖို့ ရေစပ်ကို လာကြည့်တော့ လူအုပ်က များလွန်းတာကြောင့် (ရေစပ်က မတော် ပြုတ်ကျသွားရင် ခက်မယ်) အမြင့်တစ်နေရာမှ ကြိုးနဲ့ချကာ စနစ်သစ်နဲ့ မီးမျှောလိုက်ပါတယ်။ ကဗျာဆန်ဆန် ရေစပ်မှာ မျှောလိုသော်လည်း စိတ်လျော့ပြီး စနစ်သစ်နဲ့ မျှောကြည့်တော့လည်း ပျော်စရာပါလားနော်။ အမှန်တော့ မီးမျှောပွဲတော်ဆင်နွှဲလိုတဲ့ ဆန္ဒပြင်းပြရခြင်းက ကျမရဲ့ ဖေဖေက ရွှေကျင်သားလေ၊ ဒီတော့ကား သမီးလုပ်သူကလည်း ဒါမျိုးလေး ဆင်နွှဲလိုတာ မထူးဆန်းပါဘူးနော်။

မီးကြာခွက်လေးကို ရေထဲမမျှောခင် ဘေးနားက ထိုင်းလူငယ်လေးတွေ စပ်စုမိသေးတယ်။ တချို့က စာရွက်လေးနဲ့ ရွတ်ကြတယ်၊ ချစ်သူစုံတွဲတွေက နှစ်ဦးသား ဆုတွေတောင်းပြီး လှူကြတယ်။ လိုက်ပို့ပေးတဲ့ ညီမငယ်က အစ်မလည်း ဆုတောင်းလို့ဆိုတယ်၊ ဘာဆုတောင်းရမလဲလို့ မေးတော့ ကိုယ်လိုချင်တာ ဆုတောင်းရတယ်ဆိုပဲ။ ကျမအမြင်ကတော့ မြတ်စွာဘုရားကို ဆီမီးနဲ့ ပူဇော်ကန်တော့တာပဲ ထင်တာ သူပြောပြတော့မှ ယတြာချေတဲ့ ပုံစံတွေရော၊ မြစ်စောင့်နတ်ပူဇော်တာတွေရော ယုံကြည်မှုမျိုးစုံနဲ့ ပြုလုပ်ကြတယ်ဆိုတာ သိလာခဲ့ရပါတယ်။

အချို့ကလည်း ဗျောက်အိုးလေးတွေ ထည့်လိုက်ကျတယ်၊ တချို့က မီးပန်းလေးတွေထည့်ကြတယ်။ ရေလယ်မှာ ပန်းနဲ့ မီးပန်းကိုပါ ထည့်မျှောလိုက်တော့ ပိုပြီး ကြည့်ကောင်းတာပေါ့။ ဒါလေးတွေ လိုက်ကြည့်နေရတာကိုက ပျော်စရာ၊ကြည်နူးစရာပါ။ ဆုတောင်းဖို့တောင် မေ့နေပါတယ်။

crystal ရဲ့ မီးကြာခွက်လေးကို ဒီလိုလေး မျှောဖို့ ကြိုးစားနေပါတယ်။

ဟော...ရေထဲမျှောသွားပြီ။

ညပိုင်းသိပ်မိုးမချုပ်ခင် အခန်းကို ပြန်ခဲ့လိုက်တယ်၊ အင်းးးးးဟိုးးးးးးးလွန်ခဲ့တဲ့ လေးနှစ်လောက်က တန်ဆောင်မုန်းလပြည့်ညမှာ ပြည့်ဝန်းနေတဲ့ လမင်းကြီးကို ထွက်ကြည့်ခိုင်းခဲ့တဲ့ ကျမရဲ့ ကျေးဇူးရှင်ကို သတိရနေမိသေးတယ်။ သူသာပါလာရင် ကျမတို့ အေးအေးဆေးဆေး လမ်းလေးလျှောက်ပြီး ဟိုဟိုဒီဒီလျှောက်ကြည့်ဖြစ်မှာသေချာပါတယ်။ အခုတော့ အလုပ်ကိစ္စတွေလည်း ညပိုင်းမှာ ချိန်းထာတာတွေလည်းရှိတာမို့ စိတ်လျော့ပြီး အခန်းကို ပြန်လာခဲ့ပါတော့တယ်။ ဆေးပေါင်းခတဲ့ညမှာ အုန်းစိမ်းရည်ကို တစ်ဝကြီး သောက်ပစ်လိုက်တယ်၊ လွမ်းလွမ်းနဲ့ပေါ့။

လေးစားစွာဖြင့်
crystal

Saturday, November 20, 2010

“ဆောင်း ချမ်း မိုး ချမ်း မင်္ဂလာညချမ်း”

ဆောင်းရာသီ (20-နိုဝင်ဘာ-2010)နေ့ရဲ့ မင်္ဂလာညနေခင်းလေးတစ်ခုဝယ် လက်ထပ်ပွဲကျင်းပချိန် ခန်းမအပြင်ဘက်၌ မင်္ဂလာမိုးတွေ ရွာသွန်းဖြိုးလို့။ မင်္ဂလာနေ့ရက်မှာ အေးချမ်းတာ ကောင်းလေစွ။
crystal ထိုင်းနိုင်ငံကို ဒုတိယအကြိမ် ရောက်စဉ်မှ အစပြုလို့ ယခုချိန်အထိ ကျမတို့ ဇနီးမောင်နှံရဲ့ အလုပ်ကိစ္စများကို ကူညီဆောင်ရွက်ပေးနေသော မင်္ဂလာသတို့သားနှင့် ခင်မင်ရပါသော မင်္ဂလာသတို့သမီးတို့ သက်ဆုံးတိုင် မေတ္တာခိုင်မြဲစွာဖြင့် အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်နိုင်ပါစေလို့ ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်ရှင်။

မင်္ဂလာလက်ဆောင်များ လက်ခံရာနေရာမှ ပန်းများ

ညစာတည်ခင်း ဧည့်ခံရန်

“မင်္ဂလာလက်ဖွဲ့ကြီးက တပွေ့တပိုက်”


ခန်းမ အဝင်နေရာ

“ဘုရားရှိခိုးကျောင်းထဲက အပြင်အဆင်များ”


“လက်ထပ်ပွဲ အသိသက်သေများ လက်မှတ်ထိုးရန်”

“ဆီမီးထွန်းငြိ”

“မင်္ဂလာဦးဇနီးမောင်နှံအတွက် ဆုံးမစကား မှတ်သားကြစဉ်”

“ချစ်ခြင်းမေတ္တာတွေနဲ့ ဘဝကို အတူလက်တွဲ ရင်ဆိုင်ကျော်ဖြတ်ကြမယ်”

“ကြည်နူးပြုံးပျော် တူစုံပျော်”

“မြန်မာသတို့သမီးလေးရဲ့မိဘများ”

သူလေး (ထိုင်းမလေး)



“မိန်းကလေး တစ်ဦး၏ နုပျိုတဲ့ အရွယ်၊ အေးချမ်းတဲ့ မျက်နှာ၊ ရွှင်ကြည်တဲ့ အပြုံး၊ အကြင်နာ မျက်ဝန်း”

မင်္ဂလာဆောင် တစ်ခုလုံးမှာ သူမလေးရဲ့ အပြစ်ကင်းတဲ့ အပြုံးလေးကို အမှတ်တရ ရိုက်ခဲ့ပါတယ်။ ပထမတော့ သူမက မသိပါ၊ နောက်တော့ သိသွားပြီး ပိုစ့်ပေးလိုက်သေး အဟိ၊ ချစ်ဖို့ကောင်းလိုက်တဲ့ ကောင်မလေးပါ။ အတိတ်ကုသိုလ်ကံ ဖြူစင်ခဲ့လေသလားကွယ်....။

လေးစားစွာဖြင့်
crystal

p.s - crystal ဓာတ်ပုံကတော့ မမြင်ရလေ ပိုကောင်းလေမို့ မတင်တော့ဘူး :P

Thursday, November 11, 2010

“အမေသာလျှင် သူရဲကောင်း”

“အမေသာလျှင် သူရဲကောင်း”

မိသားစုတစ်ခုမှာ အဖေက အေးချမ်းတဲ့ အရိပ်ကို ပေးပြီး၊ အမေကတော့ မိသားစုရဲ့ သူရဲကောင်းဆိုရင် မှားမယ်မထင်ဘူးနော်။ အမေဆိုတာ မိသားစုရဲ့ အခရာလည်းဖြစ်၊ မိသားစုဝင်တွေဖြစ်တဲ့ အဖေအပါအဝင် သားသမီးတွေရှေ့က မားမားမတ်မတ် သတ္တိရှိစွာရင်ဆိုင်ကြတာ သတ္တဝါတိုင်းရဲ့ အမေတိုင်းပင်မဟုတ်ပါလား။ ဘယ်လိုအန္တရာယ်တွေပဲ ကြုံရ ကြုံရ အမေတွေ အသက်ပေးသွားတာ၊ အနစ်ခံမှုတွေများစွာကို လုပ်နိုင်တာ အမေ ပါ၊ အသိဥာဏ်ရှိသော လူသားများပင်မက တိရစ္ဆာန်များမှာပါ တွေ့နိုင်ပါတယ်။ မိဘတို့ရဲ့ ကျေးဇူး၊ အမေတို့ရဲ့ အသက်စွန့် မွေးပေးတဲ့ ကျေးဇူးတွေ ပြောလို့မကုန်တာ အထူးပြောဖို့ပင်လိုမယ်မထင်ပါလေ။

အမေတို့ရဲ့ အတွေ့အကြုံ၊ အမြှော်အမြင်၊ စဉ်းစားဥာဏ်များနဲ့ သားသမီးများကို ထိန်းကျောင်းပဲ့ပြင်လို့ ချော့တစ်ခါ၊ ခြောက်တလှဲ့နဲ့ပေါ့။ အမေတွေက သားသမီးတွေကို “ပြောမယုံ၊ ကြုံမှသိ”ဆိုတဲ့ စကားလေးအတိုင်း လွတ်မထားတတ်ကြဘူးလေ၊ ကိုယ်တွေ့ကြုံလိုက်လို့ ကိုယ်ကျိုးနဲမှာ စိုးသပေါ့။ မရေတွက်နိုင်တဲ့ မေတ္တာတွေနဲ့ တည်ဆောက်ပေးထားတာဆိုတော့ သားသမီးတွေ ထိခိုက်မယ်ဆိုရင် ဖေါ်မပြနိုင်တဲ့ ဝေဒနာတွေက သားသမီးတွေ ခံစားရတာထက်ကို ပိုလို့ ခံစားထိခိုက်စေကြတာလေ၊ ဒါ အမေ မဟုတ်လား။

ကရုပ်လေးဟာ အမေဗိုက်ထဲမှာတုန်းက ငြိမ်ငြိမ်လေး အိပ်ပျော်လွန်နေလို့ ဆရာဝန်တွေက မွေးဖွားချိန်ကျော်တာတောင် ကရုပ်လေးက လူ့လောကထဲ ရောက်မလာသေးတာကြောင့် ခွဲစိတ်ပြီး မွေးဖွားလိုက်ကြပါတယ်။ အမေဟာ သတ္တိရှိရှိပဲ ခွဲစိတ်မွေးဖွားပေးတာကို လက်ခံခဲ့ပါတယ်။ အမေပြောနေကြ စကားတစ်ခွန်းကတော့ သားသမီးနဲ့ ပတ်သက်လာရင် မိခင်တွေမှာ မမြင်နိုင်တဲ့ ဇောအဟုန်တစ်ခုရှိနေပါသတဲ့။ သားသမီးဇော။ ဇောက အားကို ဖြစ်စေပြီး မိခင်ရဲ့ ရင်မှာ မေတ္တာနဲ့ အတူ သတ္တိတွေက ဝင်ရောက်ကိန်းနေတာမို့ အမေတွေဟာ သားသမီးတွေရဲ့ သူရဲကောင်း ကရုဏာရှင်များ ဖြစ်ကြတာပေါ့။ ဒါကြောင့် ဘဝရဲ့ နာကျင်မှုတွေ ခံစားရမှာစိုးလို့ ကရုပ်လေးရဲ့ အမေက ကရုပ်လေးကို ကြိုတင်မှာကြားထားတာတွေ အများကြီးပေါ့။ အခုလို အမေနဲ့ ဝေးနေတဲ့ အချိန်ကာလရောက်လာတော့ အမေ မှာကြားတာတွေ နားထဲမှာ တဝဲလည်လည်နဲ့ပါ။ ကျမ တုံး-လွန်း အ-လွန်းတဲ့အခါတွေမှာလည်း သူများ ပြောတိုင်းမယုံနဲ့ နင့်ကို သူများက ရောင်းစားသွားမယ်တဲ့။ အဲ ဒီလိုပြောတဲ့အခါ ကရုပ်လေး ပြန်ပြောလိုက်တာက “သမီးက ချိန်ခွင်ပေါ်မတက်ပါဘူး”။ ဒီစကားလေးက ကျမတို့ မိသားစုမှာ အခုချိန်ထိ ကျမကို နောက်လို့ မဆုံးနိုင်အောင်ပဲ ဖြစ်ခဲ့ရပါတယ်။ အမေ ဆိုတော့လည်း အစစအရာရာ ဒေါင့်စေ့အောင် မှာတတ်၊ မြင်တတ် တွေးပူတတ်သူ အမြော်အမြင်ကြီးသူ။ ဒါကြောင့် အမေ ပြောတာတွေကို အလေးအနက်ထား ယုံကြည်တယ်လေ။ ဘဝမှာ ယုံကြည်စရာကောင်းတာ အမေပဲမဟုတ်လား။

မိဘတွေက သားသမီးတွေအပေါ်ထားတဲ့ မေတ္တာတရားတွေကို ကျမတို့ သားသမီးတွေက ကောင်းမွန်သော ကျေးဇူးသိတတ်ခြင်းများနဲ့ ပြန်လည်တုံ့ပြန်ကြရမယ်မဟုတ်လား။ ဒီတော့ကား အမေ မှာတဲ့အတိုင်း လိုက်နာကြတာ လမ်းမှားကိုလည်း မရောက်စေတဲ့အပြင် လူထုကို အကျိုးပြုခြင်းတွေ၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းတွေ၊ မိသားစု စည်းလုံးညီညတ်ခြင်းတွေစတဲ့ ကောင်းမွန်သောလုပ်ရပ်များနဲ့ မိဘတွေနဲ့ တွေ့ဆုံတဲ့အခါ ကြိုဆိုကြစို့လားနော်။ ဒါမှ အမေ အမောပြေမှာပါ။

ဒါနဲ့ စကားမစပ် အမေ မှာကြားထားတာတွေထဲက တစ်ခုဖြစ်တဲ့ အမေလည်း နှစ်သက်၊ အစားဂျီးများတဲ့ ကရုပ်လေးလည်း ကြိုက်တဲ့ မုန့်ဟင်းခါင်းချက်လေးကို အမေ မှာတဲ့အတိုင်း ချက်ကြည့်မယ်လို့ စိတ်ကူးပါတယ်။ ထမင်းနဲ့ ဟင်းတွေသာ ချက်တတ်တဲ့ ကရုပ်လေးက မုန့်လုပ်နည်းတွေ တစ်ခုမှ မလုပ်တတ်ပါဘူး။ အိမ်မှာဆို အမေကပဲ ပင်တိုင်လုပ်နေကြဆိုတော့ ကရုပ်လေးကိုယ်တိုင် အစ အဆုံးလုပ်တာဆိုလို့ တစ်ခါမှ မရှိသေးပါဘူး။ တစ်နေ့တော့ ရန်ကုန်က မုန့်ဟင်းခါးမျိုးချက်စားချင်တာနဲ့ အမေ့ကို မုန့်ဟင်းချက်နည်း ရေးပေးဖို့ လှမ်းပြီး ပူဆာရပါတော့တယ်။ ရန်ကုန်မုန့်ဟင်းခါးလို့ ပြောရတဲ့အကြောင်းကတော့ ကရုပ်လေးက နယ်စုံ မှ မုန့်ဟင်းခါးမျိုးစုံ၊ ချက်နည်းမျိုးစုံနဲ့ ချက်ထားတာကို စားဖူးလို့ မုန့်ဟင်းခါးတွေထဲမှာမှ ကန့်သတ်ချက်နဲ့ နာမည်တတ်လိုက်ရတာပါ။ ဟိုတလောလေးက အသိတစ်ယောက်အိမ်မှာ မုန့်ဟင်းခါးချက်တယ်ဆိုတော့ စားဖို့လည်း ဖိတ်ထားတယ်၊ အယ် စားပစ်လိုက်မယ်ဆိုပြီး သွားတော့ ကိုယ့်အကြိုက် ချက်နည်းနဲ့ ချက်ထားတာ မဟုတ်လေတော့ မြိုမကျခဲ့ဘူး။

အမေ ရေးပေးလိုက်တဲ့ မုန့်ဟင်းခါးချက်နည်းလေးကို အမှတ်တရအဖြစ် မှတ်သားထားလိုက်ပါတယ်။ ကရုပ်လေးလိုပဲ မုန့်ဟင်းခါးချက်စားချင်သူတွေ အတွက်ဖြစ်ပါတယ်ရှင်။ ကိုယ့်အကြိုက်၊ ကရုပ်လေးအမေ ချက်ကျွေးတဲ့ မုန့်ဟင်းခါးလို့ နာမည်တပ်လိုက်မယ်နော်။ အမေကလည်း ရန်ကုန်သူမဟုတ်တော့ ရန်ကုန်မုန့်ဟင်းခါးလို့တော့ နာမည်မတပ်တော့ပါဘူး။
“ကရုပ်လေးတို့ အိမ်က ချက်တဲ့ အလှူမုန့်ဟင်းခါး”

၁) မုန့် (၁-ပိဿာ)
၂) ငါးခူ (ဆယ့်ငါးကျပ်သား သို့မဟုတ် နှစ်ဆယ်သား)
၃) ဆီ (နှစ်ဆယ့်ငါးကျပ်သား)
၎) ဆန် အကျက်မှုန့် အနည်းငယ်
၅) ပဲအစိမ်းမှုန့် မထည့်လည်း ရပါတယ်။
၆) ကုလားပဲ (ငါးကျပ်သား)
၇) ကြက်သွန်နီအကြော် (ကြက်သွန်နီ အနေတော်အရွယ် နှစ်ဆယ်သား)
၈) ကြက်သွန်နီ အသေး (ဆယ့်ငါးကျပ်သား)
၉) ကြက်သွန်ဖြူ (တစ်ဆယ်သား)
၁၀) ဂျင်းအနည်းငယ်
၁၁) ဆနွင်း အနည်းငယ်
၁၂) စပါးလင် (သုံးပင်)
၁၃) ငံပြာရည် (နှစ်ဆယ်သား)
၁၄) ဆားအနည်းငယ် (ပေါ့ငံ မြည်းကြည့်ပြီးထည့်ရန်)
၁၅) ငှက်ပျောတုံး အရင်းပိုင်း တစ်ထွာခန့်
၁၆) ဘဲဥ ငါးလုံး (ပြုတ်ထားပြီး) ပါးပါးလှီးထည့်ရန်
၁၇) နံနံပင်၊ ပဲသီးတောင့် အနည်းငယ်စီ
၁၈) ငြုပ်ပွတောင့် ငါးတောင့် သို့မဟုတ် အစိမ်းမှုန့် သုံး၊လေးဇွန်း
၁၉) နှစ်သက်ရာအကြော် (ပဲကြော်၊ ဘူးသီးကြော်၊ ကြက်သွန်ကြော်)


ချက်နည်းအဆင့်ဆင့်
ငှက်ပျောပင် အမှေးများကို ခွာပြီး ဆနွင်းရည်တွင် စိမ်ထားပါ။ ပါးပါးလှီးပြီး ဆနွင်းရည်တွင် စိမ်ထားခြင်းဖြင့် ငှက်ပျောအူ မမဲစေပါ။ ပြီးနောက် ရေထည့်၍ မီးဖိုတွင် ပြုတ်ပါ။

ငါးများကို ရေစင်အောင်ဆေးပြီး ဆား၊ ဆနွင်းနှင့် နယ်ပြီးနောက် ခဏထားပါ။ ဆားဆနွင်းနယ်ထားသော ငါးကို ငါးပြုတ်မည့်အိုးထဲသို့ စပါးလင်များ၊ ငြုပ်ပွတောင့်များနဲ့ အတူထည့်ပါ။ ရေအနည်းငယ်နှင့် ငံပြာရည်အနည်းငယ်ထည့်၍ ပြုတ်ပါ။ ငါးပြုတ်သည် တအားနူးရန်မလိုပါ။ ငါးပြုတ်ကျက်လျှင် ချကာ အအေးခံပြီး ငါးပြုတ်ကို အရိုးထွင်ပါ။ အရိုးများကို ရေဖြင့် ပြန်လည်ပြုတ်ထားပါ။ အရိုးတွေသန့်စင်ပြီး ငါးပြုတ်ရည်ယူထားရပါမယ်။

စပါးလင်ကို အရင်းပိုင်းပါးပါးလှီးပြီး ကြိတ်စက်မှာ ထည့်ကြိတ်ပါ။ ဂျင်း၊ ကြည်သွန်ဖြူများကိုလည်း ကြိတ်ထားပါ။

ကြက်သွန်နီအနေတော်အရွယ်များကို ပါးပါးလှီးပြီး ကြက်သွန်ကြော် ကြော်ထားပါ။ ဆီအိုးထဲမှ ကြက်သွန်နီကြော်များ ထုတ်ပြီး ထိုဆီကို ငရုပ်သီးမှုန့်နှင့် ကြက်သွန်ဖြူထည့်ပါ မွှေးလာရင် ငါးအသားများထည့်ပြီး ဆီသတ်ပါ။ ငါးဆီသတ်အနံ့မွှေးလာရင်တော့ ဂျင်း၊ စပါးလင်များကို ထည့်နိုင်ပါပြီ၊ အိုးထဲတွင် အားလုံးကို မွှေပါ။ ကုလားပဲကိုတော့ ညထဲက ရေစိမ်ထားမယ်ဆိုရင် မနက်ပိုင်းချက်ချိန်မှာ နူးနေမှာဖြစ်လို့ ပြုတ်တဲ့အခါ အချိန်ကြာကြာပြုတ်စရာမလိုတော့ပါ။ ကုလားပဲပြုတ်ပြီးသားကို ဇကာနဲ့ တိုက်ပါ။
ငါးအရိုးပြုတ်ရည်တွေကို မီးဖိုပေါ်တင်ထားချိန်မှာ ဆန်မှုန့်များကို ရေနဲ့ ဖျော်ပြီး ငါးပြုတ်ရည်ဆူလာလျှင် ထည့်နိုင်ပါတယ်၊ တဖန် အရည်များ ဆူလာသည်အထိ မွှေပေးရပါမယ်။ အရည်တွေ ပျစ်ပြီး ခဲသွားတတ်လို့ပါ။ ဟင်းအိုးဆူလာပြီဆိုရင် ကုလားပဲတိုက်စစ်ထားတာကို ထည့်ပေးရပါမယ်။ ထုထားတဲ့ စပါးလင်များကိုလည်း ချည်ပြီး စည်းပြီး ဟင်းအိုးထဲသို့ ထည့်ပါ။ ငှက်ပျောပင်ဖတ်များ ပြုတ်ပြီးသားဖြစ်လို့ ရေတော်တော်ဆူပြီးချိန်မှ ထည့်လည်း ရပါတယ်။ ကြက်သွန်နီဥလေးတွေကတော့ နောက်ဆုံးမှ ထည့်ရပါမယ်။ ဟင်းရည်ကို မုန့်နဲ့ စားဖို့ အနေတော်ထည့်ပြီးနောက် ဟင်းရည် တစ်လက်မခန့် ကျသွားသည့်တိုင် မီးဖိုပေါ်တွင် ဆူအောင်တည်ရပါမယ်။ ဟင်းရည် အမှုပ်များသေသည်အထိ တည်ထားပြီး လှီးထားတဲ့ ဘဲဥဖတ်လေးတွေ ထည့်ပြီး အပေါ့အငံမြည့်းနိုင်ပါတယ်။ ဟင်းရည်လည်း မွှေးလာပြီ ကြက်သွန်ဥလေးတွေလည်း ကျက်ပြီဆိုရင်တော့ “မီးငယ်လေး စားနိုင်ပါပြီ”လို့ အမေက စာထဲမှာ ရေးထားပါတယ်။ အမေ ဆက်ရေးထားတာက သူလာမှ ချက်ကျွေးမယ်တဲ့ သမီးပင်ပန်းနေမှာစိုးလို့တဲ့လေ။ အော် အမေ...။

“ မိန်းမသားဘဝမှာ မိခင်ဖြစ်ခွင့်ရတာ အမြတ်ဆုံးပါ၊
အမေတိုင်းရဲ့ မေတ္တာကို လေးစားဂါရဝပြုပါတယ်။


လေးစားစွာဖြင့်
crystal

Saturday, November 6, 2010

(ဆဲဗ်ဗင်း အီလဗ်ဗင်း) 7-Eleven

“7-Eleven ဆိုတာ ဘာကိုဆိုလိုတာလဲဟင်” နိုင်ငံခြားရောက်စက ကျမရဲ့ အမျိုးသားကို မေးဖူးတယ်။ ဝီကီမှာ ရှာတွေ့တာလေး ကူးယူဖေါ်ပြလိုက်ပါတယ်။ ဘာလိုလိုနဲ့ ရောက်မယ့် အမှတ်သညာတစ်ခုအတွက် crystalသည်လည်း နိုင်ငံသားတစ်ယောက်၊ တိုင်းရင်းသားပြည်သူတစ်ယောက် ဖြစ်တာကြောင့် တာဝန်ရှိတယ်မဟုတ်လား ဒီတော့...

7-Eleven is part of an international chain of convenience stores, operating under Seven-Eleven Japan Co. Ltd, which in turn is owned by Seven & I Holdings Co. of Japan.

7-Eleven, primarily operating as a franchise, is the world's largest operator, franchisor and licensor of convenience stores with more than 39,000 outlets, surpassing the previous record-holder McDonald's Corporation in 2007 by approximately 1,000 retail stores. The US subsidiary of the Japanese firm has its headquarters in the One Arts Plaza building in Downtown Dallas, Texas. Its stores are located in eighteen countries, with its largest markets being Japan, the United States, Canada, the Philippines, Hong Kong, Taiwan, Malaysia and Thailand. On a per-capita basis, Norway for example has one 7-11 for every 47,000 Norwegians, versus Canada which has one for every 74,000 Canadians, and North Korea, which has no 7-11s.

History

The company has its origins in 1927 in Dallas, Texas, USA, when an employee of Southland Ice Company, Joe C. Thompson, started selling milk, eggs and bread from an ice dock. The original location was an improvised storefront at Southland Ice Company, an ice-manufacturing plant owned by John Jefferson Green. Although small grocery stores and general merchandisers were present in the immediate area, the manager of the ice plant, Joe C. Thompson, discovered that selling convenience items such as bread and milk was popular due to the ice's ability to preserve the items. This significantly cut back on need to travel long distances to the grocery stores for basic items. Joe C. Thompson eventually bought the Southland Ice Company and turned it into Southland Corporation which oversaw several locations which opened up in the Dallas area. Initially, these stores were open from 7 a.m. to 11 p.m., hours unprecedented in their length, hence the name. The company began to use the 7-Eleven name in 1946. By 1952, 7-Eleven opened its 100th store. It was incorporated as Southland Corporation in 1961.

In 1962, 7-Eleven first experimented with a 24-hour schedule in Austin, Texas. By 1963, 24-hour stores were established in Las Vegas, Fort Worth, and Dallas.

In the 1980s, the company ran into financial difficulties, selling off its ice division, and was rescued from bankruptcy by Ito-Yokado, its largest franchisee. In 1987, John Philp Thompson, the CEO of 7-Eleven, completed a $5.2 billion management buyout of the company his father had founded. The buyout suffered from the 1987 stock market crash and after failing initially to raise high yield debt financing, the company was required to offer a portion of the company's stock as an inducement to invest in the company's bonds.

The Japanese company gained a controlling share of 7-Eleven in 1991, during the Japanese asset bubble of the early 1990s. Ito-Yokado formed Seven & I Holdings Co. and 7-Eleven became its subsidiary in 2005. In 2007, Seven & I Holdings announced they would be expanding their American operations, with an additional 1,000 7-Eleven stores in the U.S.


ကရုပ်လေးရဲ့ အဘွားမှာ သားလို ချစ်တဲ့ တူနှစ်ယောက်နဲ့ သားအရင်းတစ်ယောက်ရှိပါတယ်။ သားအရင်းကတော့ စက်မှုထုတ်ကုန်က ညွှန်ကြားရေးမှုးကြီးပေါ့၊ ဟိုခေတ်တုန်းကတော့ တကယ်အရည်အချင်းရှိတဲ့ ပြည်သူတွေထဲက ပညာရှင်တွေက ညွှန်ကြားရေးမှုးကြီးတွေပေါ့။ အဲ အဘွားရဲ့ တူသားနှစ်ယောက်မှာ တစ်ယောက်က လယ်ဧကများစွာကို ပိုင်ဆိုင်သော တောင်သူဦးကြီးတစ်ယောက်ဖြစ်ပြီး၊ နောက်တူတစ်ယောက်ကတော့ ယူနီဖောင်းအပြည့်အစုံ၊ ညိုမောင်းသော အသားအရည်၊ အရပ်မြင့်မြင့်မားမားကို ပိုင်ဆိုင်ထားတဲ့ ပြည်သူရဲ့ ရန်ကို ရွပ်ရွပ်ချွံချွံကာကွယ်ပေးတဲ့ စစ်တပ်မှ အရာရှိကြီးတစ်ယောက်ဖြစ်ပါတယ်။
ကရုပ်လေးတို့ ဆွေမျိုးတွေထဲမှာ ဓလေ့လေးတစ်ခုရှိတယ်။ အမျိုးထဲက လူကြီးသူမအိမ်ကို သွားတဲ့အခါ ရောက်ရောက်ချင်း ဦးထုပ်၊ ထီးတွေကို ဘေးချလို့ လက်အုပ်ချီမိုး ရှိခိုးပြီးမှ စကားပြောကြပါတယ်။ ပြန်တဲ့အခါလည်း ဒီလိုပါပဲ အမေ ပြန်လိုက်ပါအုံးမယ်၊ အဘွားပြန်လိုက်ပါအုံးမယ်ဆိုပြီး ထိုင်ရှိခိုးပြီးမှ ပြန်ကြတဲ့ ချစ်စရာ ကြည်နူးစရာဓလေ့ပဲဖြစ်ပါတယ်။
အဒေါ်ကို အမေလို့ပဲ ခေါ်တဲ့ တူးသားအရာရှိကြီးက စစ်ထွက်မသွားခင် အမြဲအိမ်ကို လာကန်တော့တတ်တယ်။ အဘွား ပန်းခြံထဲ ပန်းတွေ ဆင်းပြီး ရေလောင်းနေလဲ မြေပေါ်မှာ ဦးချလို့ ကန်တော့တယ်။ ပြန်လာတိုင်းလည်း အမေ ကျွန်တော်ရောက်ပြီနော်၊ တိုက်ပွဲအကြောင်း သူနေကောင်းတယ်ဆိုတဲ့အကြောင်း အမြဲဝင်ပြော ဦးတိုက်ပြီးမှ သူ့အိမ်ကို ပြန်လေ့ရှိပါတယ်။
နိုင်ငံခြားတိုင်းပြည်များက ပညာသင်ကြားလာပြီး မြန်မာနိုင်ငံက စက်ရုံတွေလည်ပတ်နိုင်ရေး၊ ကုန်ထုတ်လုပ်မှုတွေကို အမြဲစစ်ဆေးပေး၊ သုတေသနလုပ်ပေးနေရတဲ့ သားအရင်းဖြစ်တဲ့ ညွှန်ကြားရေးမှုးသည်လည်း ထိုနည်းလည်းကောင်းပင် အမေကို လာရောက်ကန်တော့လေ့ရှိပါတယ်။
လယ်ဧကများစွာပိုင်ဆိုင်ထားတဲ့ တူသားသည်လည်း ဝါဝင် ဝါထွက် လယ်ယာထွက်ကုန်မှန်သမျှ အဘွားအိမ်ကို မရောက်တာမရှိအောင်ပင် ပေးပို့ကန်တော့ကြလေသည်။
ဒီလိုတွေ လာရောက်ကန်တော့တိုင်း အဘွားဆုပေးတာက မတူပေ။ စစ်သားကြီး ဘဘနဲ့ ညွှန်ကြားရေးမှုးကြီး ဘဘတို့ကို ကျန်းမာ ချမ်းသာပြီး ဘုန်းကြီးလို့ အသက်ရှည်ပါစေ၊ ပြီးတော့ မင်းခစား ကမ်းနားသစ်ပင်တဲ့ဟဲ့ သတိ ဝီရိယနဲ့နေကြတဲ့။ တောင်သူလယ်သမားကြီး ဘဘ ကိုတော့ ကျန်းမာ ချမ်းသာပြီး ဘုန်းကြီးလို့ အသက်ရှည်ပါစေ၊ ပြီးတော့ ညောင်သီးလည်း စား၊ လေးသံလည်း နားထောင်တဲ့။ အဘွား ဘာကိုဆိုလိုသလဲ ကရုပ်လေး မသိခဲ့ပါ။
အချိန်ကာလတွေ ကုန်လွန်သွားကာ ခေတ်တွေပြောင်း စနစ်တွေပြောင်းလာတော့ ပြည်သူချစ်သော၊ ကရုပ်လေး အလွန်ပင် လေးစားအားကျခဲ့ဖူးသော ဘဘစစ်သားကြီးသည်လည်း ပင်စင်ယူလေပြီ။ (၁၉၈၈)ခုနှစ် အဘွား ရန်ကုန်မှာ ကရုပ်လေးတို့နဲ့ လာနေတော့ တိုင်းပြည်အပြောင်းအလဲတွေဖြစ်။ ဒီအချိန်မှာ ဘဘစစ်သားကြီးက ရန်ကုန်ကို အပြေးအလွှားလာပြီး အဘွားကို လာကြည့်ပါတယ်။ စိတ်ပူတာကိုး။ အဲ သူမြင်သွား တွေ့သွားတာတွေ နောက်ပိုင်းမှာတော့။ သူအိမ်ပြန်ရောက် ယူနီဖောင်းနဲ့ ရိုက်ထားတဲ့ ပုံတွေကို ဖြုတ်လို့ ရှက်တယ်လို့ ဆိုရှာတယ်။ ငါကိုယ်တိုင် မြင်ခဲ့တာ ယုံကို မယုံချင်ပါဘူးလို့ သူ့အမျိုးသမီးကို ပြောခဲ့သတဲ့။ နောက်လာနောက်သားတွေ ထမင်းငတ်ရင်ငတ်သွားပါစေ၊ ဒီလိုစနစ်မျိုးနဲ့ ငါတို့တစ်မျိုးလုံး စစ်ထဲမဝင်ရ။ ကဲ အခုတော့ ဘဘလည်း ဆုံးရှာပါပြီ။ သေတာတောင် နာမည်ရှေ့မှာ ဂုဏ်ပုဒ်တွေမတပ်ရလို့ ပြောသွားသေးတယ်။
ဟော ပညာရှင် ဘဘညွှန်ကြားရေးမှုးကြီးကတော့ ခေတ်တွေ စနစ်တွေ ပြောင်းသွားတော့ ကျွမ်းကျင်ပညာရှင်ကို သာမန် စက်ရုံမှုးဘဝနဲ့ နေရာရွေ့၊ စိတ်ပျက် အလုပ်ထွက်အောင် ကံကြမ္မာဖန်လာပြန်တယ်။ ကိုင်း ဒီတော့ နားအေးချင်တော့ ကျောပူပဲ ခံတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ လက်ရှိအခြေအနေတွေကို အားလုံးရုပ်သိမ်းလိုက်လေတော့ နေစရာတောင် ဒဂုံမြောက်မှာ အိမ်လေးတစ်လုံးရထားလို့ ဒါလေးပဲ ကျန်ခဲ့တယ်။
လယ်သမားကြီးတစ်ယောက်ပဲ အေးအေးနေရမလားမှတ်တယ် ပိုက်လိုင်းလုပ်ဖို့ မြောင်းဖောက်ရာမှာ လယ်တွေ မလွတ်လို့ ဧကသုံးဆယ်ဆုံးရှုံးသွားပါတယ်။ အော် အဘွားပေးတဲ့ ဆုတောင်းကို သတိရနေမိတယ်။ ကရုပ်လေး ကြီးလာတော့မှ အဘွားရဲ့ စကားကို သဘောပေါက်မိတယ်။ ရှေးလူကြီးစကားများ တယ်မှန်သကိုး။


ကဲဒီတော့ ရှေ့လာမယ့် အနာဂတ်တွေမှာ 7-Eleven လိုပဲ ပြည်သူတွေအတွက် ဆိုင်တိုင်းမှာ ပစ္စည်းမှန် ဈေးမှန်နဲ့ ဝယ်သူတွေအတွက် လက်တကမ်းတိုင်းမှာ အဆင်ပြေစွာ လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်အောင် ဝန်ဆောင်မှုတွေ ဆောင်ရွက်ထားသလိုပဲ 7-11 နေ့သည်လည်း နောင်လာမယ့် နေ့ရက်တွေမှာ မြန်မာနိုင်ငံက ပြည်သူတွေ ဘေးရန်ကင်းကြပါစေ၊ နုလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ၊ ကောင်းသော အပြောင်းအလဲတိုးတက်မှုတွေဖြစ်လာစေမယ့် သမိုင်းတွင်မယ့်နေ့ရက် တစ်ခုဖြစ်ပါစေသောဝ်။

လေးစားစွာဖြင့်
crystal

ဆာလာမ (အပိုင်း - ၃)

ကျိုင်းတုံမြို့မှ ရပ်တော်မူဘုရား

တောင်စတက်တဲ့ ပထမရက်မှာပဲ ကျမနဲ့ ခမ်းတို့ရဲ့ ဆိုင်ကယ်မှောက်သတင်းဟာ ရန်ကုန်ရုံးအထိ ရောက်ခဲ့ပြီး၊ ကျမကို လူစားလဲဖို့အထိ အနားယူဖို့ ပြင်ဆင်ပေးခဲ့ကြပါတယ်။ (လူသားချင်းစာနာတဲ့ အဖွဲ့တွေမှာ အလုပ် လုပ်ရတာ စိတ်ချမ်းသာစရာ အချက်တစ်ခုပါ။) ဒါပေမယ့် crystal ပဲလေ ဇွဲက ကောင်းမှ ကောင်း၊ ကိုယ်တာဝန်ယူထားရတဲ့အလုပ် အသက်ထွက်သွားပါစေ ဆက်လက် လုပ်ဆောင်သွားမှာပါ။ ဒါကြောင့် ခန္ဓာကိုယ်ကျန်းမာရေး တစ်ညတာ အမြန်ဆေးသောက် ဂရုစိုက်ပြီး နောက်နေ့ ချက်ချင်း တောင်ပေါ်ဒေသတွေ ရောက်အောင် သွားပြီး တိုင်းရင်းသားပြည်သူတွေကို တွေ့ဆုံခဲ့ပါတယ်။ “ခမ်း”တစ်ယောက်ကတော့ ဒူးခေါင်းဒဏ်ရာကြောင့် သုံးရက်အနားပေးလိုက်ပြီး၊ သူသက်သာလာတော့မှ ကျမတို့ ရောက်ခဲ့တဲ့ ရွာကို ရွာသားများနဲ့ တွေ့ဖို့ ထပ်မံ သွားရောက်ခဲ့ရာ......

တောင်တန်းများက တိုင်းရင်းသားပြည်သူများရဲ့ အကြောင်းတွေကို ပြောပြကြပါလိမ့်မယ်။

“ခမ်း”ရဲ့ ခြေထောက်အနာသက်သာတယ်ဆိုရင်ပဲ ကျမတို့အဖွဲ့ဟာ တောင်ပေါ်ကို နောက်တစ်ကြိမ်ကြိုးစားတက်ခဲ့ကြပြန်ပါတယ်။ ဒီတစ်ခါတော့ ယောက်ျားလေး နှစ်ယောက် မိန်းကလေးနှစ်ယောက်ဆိုတော့ အားရှိစရာ။ တောင်တက်တော့ မိုးမရွာထားလို့ လမ်းအတက်မှာ ချော်မကျတော့ ကံကောင်းစွာ တောင်သုံးလုံးကို ကျော်လွှားနိုင်ခဲ့ပါတယ်။ တောင်သုံးလုံးကျော်လာတော့ ယောက်ျားလေးနှစ်ယောက်က မသင်္ကာစွာနဲ့ တောင်ကဝေးလိုက်တာ “ခမ်း”ရာ ဟုတ်ရောဟုတ်ရဲ့လားလို့ မေးကြတယ်။ ကျမတို့က ရောက်ဖူးပြီးဆိုတော့ ဆရာကြီးလေသံနဲ့ ဒါက ခရီးတစ်ဝက်ပဲ ရှိသေးတယ်လို့ ပြိုင်တူပြောလိုက်ကြသေး။
ရွာရှိရာ တောင်ကို ရောက်တော့ တောင်ပေါ်က ကျွဲကျောင်းသား မောင်းချလိုက်တဲ့ ကျွဲအုပ်နဲ့ ဆိုင်ကယ်နှစ်စီး လူလေးယောက် ရင်ဆိုင်ကြရပြန်တယ်။ တောင်ပေါ်က ကျွဲမို့ ပိန်တယ် မထင်လိုက်လေနဲ့၊ ဝဖြိုးပြီး ဂျိုတွေက ကားနေလို့ တောင်လမ်းကြားမှာ ယာဉ်ထိန်းရဲက မရှိတော့ ကျွဲတွေလည်း တော်တော်လေး အလုပ်ရှုပ်သွားပါတယ်။ တောင်ကြားထဲက သူတို့ ကိုယ်လုံးတွေနဲ့ ဆင်းပေးသွားလို့ တော်သေးတယ်၊ ကျွဲအုပ် ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ ကျွဲကြီးကတော့ တောင်စောင်းက ဆင်းမသွားပဲ လူတွေဆီ အတင်းတိုးပြီး တောင်ဆင်းလမ်းအတိုင်းပဲ ဆင်းလာလို့ သူ့ကို လမ်းဖယ်ပေးလိုက်ရသေးတယ်၊ ခွေ့မသွားတာ ကံကောင်း။ မျက်စောင်းထိုးပြီး နှာမှုတ်သွားတယ်။ ကျွဲမျက်စောင်းထိုးတာ crystal လည်း အဲဒီရောက်မှ တွေ့ဖူးတော့တယ်။ အံ့ရော။
ကဲ အခက်ခဲမျိုးစုံနဲ့ ဝေးလံလှတဲ့ တောင်စဉ်တောင်တန်းတွေ ကျော်လွှားပြီး ရောက်ခဲ့တဲ့ ရွာလေးက အခါလူမျိုးစုများ နေထိုင်တဲ့ ရွာလေးဖြစ်ပါတယ်။ ကျမတို့အဖွဲ့က ရွာသားတွေ တွေ့ဖို့အတွက် ထပ်မံရောက်ခဲ့ရခြင်းဖြစ်ပါတယ်။ ရွာထဲမှာတော့ ဒီနေ့ ရွာသားတွေ စုစုရုံးရုံးနဲ့ပါ။ ကျမရဲ့ ဝန်ထမ်းတွေက ရွာမှ လူကြီးများကို မိတ်ဆက်ပေးဖို့ ခေါ်လာရင်း “စိုင်း”က “ဒီနေ့ နှစ်သစ်ကူးပွဲတော်ကျင်းပနေကြတာတဲ့၊ အစ်မ အခါရိုးရာ နှစ်သစ်ကူးပွဲတော်ကို ကြုံရတာ ကံထူးတာပဲ အစ်မရေ ” ။ အော် ဒီနေ့ဟာ အခါရွာလေးရဲ့ နှစ်သစ်ကူးပွဲတော်နေ့တဲ့လား။
စိုင်း၊ စပ်ထွန်းနောင်၊ ခမ်းနဲ့ ကျမတို့ လေးယောက် နှစ်သစ်ကူးပွဲတော်ကျင်းပရာ ရွာသားများ စုဝေးနေတဲ့ နေရာမှာ ရွာလူကြီးများနဲ့ ကျမကို မိတ်ဆက်ပေးပါတယ်။ တိုင်းရင်းသားဘာသာစကားတွေနဲ့ ပြောဆိုနေကြတဲ့အထဲမှာ ကျမကြားလိုက်တာ နားလည်လိုက်တာ ဆရာမဆိုတဲ့ စကားပါ။ ခမ်းက ကျမကို ဘာသာပြန်ပေးပါတယ်။ ရွာကို ကျန်းမာရေးကိစ္စလေးတွေအတွက် ရန်ကုန်က ဆရာမ လာပါတယ်တဲ့။ ဇာတ်လမ်းက ဒီမှာ စတော့တာပဲ။
“ဝေး ဒီမှာ ဗမာပြည်က ဆာလာမ လာတယ်”
(ဆ ကို နဲနဲ စွဲဆွဲတဲ့ အသံကြောင့် ဆ မှာ ရေးချာလေး ထည့်လိုက်ပါတယ်။ )

ဟုတ်ပါပြီ ဆာလာမဆိုတော့လည်း ဆာလာမပေါ့လေ၊ ထားပါတော့။ သူတို့ ရဲ့ ရိုးရာနှစ်သစ်ကူးနေ့မို့ တိုင်းရင်းသားရိုးရာဝတ်စုံလေးတွေ ဝတ်ထားကြတာ ကျက်သရေရှိလိုက်တာ။ ရွာလူကြီးက အားလုံးကို အခါလို ထပ်ပြောကြပြီး တစ်ယောက်ချင်းစီ လက်ဆွဲနှုတ်ဆက်ကြပါတယ် သူတို့ ပြောတဲ့စကားတွေကို ခမ်းက ဘာသာပြန်ပေးပါတယ်ရှင်။ သူတို့ ဘာတွေပြောကြသလဲ။ အဲ နောက်ဆက်တွဲကတော့ ရွာသားတွေ ဝိုင်းလာကြတယ် တစ်ဖြည်းဖြည်းစုစုလာကြတယ်၊ ဘာများလဲ...
နင် ဗမာပြည်သားလား။
ဗမာပြည်က ဒီကို ဘာနဲ့လာတာလဲ။
ဗမာပြည်က လာတယ်ဆိုတာ င့ါတစ်သက်မှာ ဒီတစ်ခါပဲ တွေ့ဖူးတယ်။
ဗမာပြည်ဆိုတာ ဘုရားကြီးရှိတဲ့ဆီကလား။
ဗမာပြည်ကဆိုတော့ နင်ဘာလူမျိုးလဲ။
ဗမာပြည်ကနေ နင်ဒီကို လာလို့ရလား။
နောက်ရော နင်လာမှာလား။


သူတို့အမေးတွေကို ဖြေလည်း ဖြေရင်း လက်ဆွဲနှုတ်ဆက်ကြ၊ သူတို့က ပျော်လို့၊ ကျမက ထူးဆန်းပြီး ရင်ခုန်လို့။ တချို့အမျိုးသမီးကြီးတွေက ပါးကိုတောင် ကိုင်ကြည့်မယ်ဆိုပြီး လာတို့ကြည့်ကြသေးတယ်။ ပြီးနောက်မှာတော့ ရွာလူကြီးဖြစ်ဟန်တူတဲ့ လူကြီးက အခုလိုရောက်လာတာကို ကျေးဇူးတင်ကြောင်း၊ နှစ်သစ်ကူးပွဲတော်နေ့မှာ ရွာကို ဧည့်သည်ရောက်လို့ မင်္ဂလာရှိပါကြောင်း၊ သူတို့နဲ့ အတူ နှစ်သစ်ကူးပွဲတော်ကို ဆင်နွဲဖို့ ဖိတ်ခေါ်ပါတယ်။ သီချင်းဆိုပြီး နှစ်သစ်ကူးကြောင်း အရည်ခွက်လေးကိုင်ပြီး ဆုတောင်းကြပါတယ်။
crystal တစ်ယောက်တော့ အထူးအဆန်းတွေချည်း တွေ့လို့ မဆုံးနိုင်သေးပါ။
“မီးတောက်အရက်တဲ့ အစ်မ” ခေါင်းထဲကို တက်ဆောင့်သွားသော ပူရှိန်းရှိန်း အရသာက အခုတိုင် မမေ့နိုင်ပေ။
အစားတွေ ဂျီးများတဲ့ crystal အတွက် ကြက်သားတဲ့၊ ကြက်သားအစိမ်း “ကြက်သားချဉ်”။
ကဲ ကောင်းကြသေးရဲ့လား၊ “ဆလာမ စား စား”ဆိုတော့ ဒီကလည်း အဟင်း အဟင်း မျက်နှာလေးကတော့ သဖြဲလေးနဲ့ပေါ့။ စိတ်ထဲမှာတော့ ညှီတဲ့ အနံ့မှန်သမျှ ရွံ့တတ်လေသော ကျမအဖို့ တိုင်းရင်းသားတွေရဲ့ စေတနာကို ဘယ်လိုများ ငြင်းရက်နိုင်မှာလဲ။ ကိုင်း ကိုင်း လာထား ဘာပဲဖြစ်ဖြစ် ......ဂလု လိုက်ပါတော့တယ်။


နောင်တုံကန်ဘေးမှာ အကြော်လေးတွေစားရင်း ရှမ်းမလေးတွေရဲ့ သဘာဝအလှလေးတွေ ထိုင်ငေးဖြစ်ခဲ့သေး။

ဒီတောင်ပေါ်ရွာလေးမှာ လူနေ အိမ်ခြေအနည်းငယ်စီနဲ့ ရွာလေးတွေ အုပ်စု ခွဲနေကြပါတယ်။ ရွာသူရွာသားတွေဟာ တောင်ယာလှေခါးထစ်စိုက်ပျိုးခြင်းများ၊ ဆေးမြစ်တူးခြင်းအလုပ်နဲ့ အမဲလိုက် အလုပ်တွေနဲ့ အသက်မွေးဝမ်းကြောင်းကြပါတယ်။
ရွာသားတွေဟာ အရင်က ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး အခုအခါမှာတော့ ခရစ်ယာန်ဘာသာဝင်များ ဖြစ်နေကြပါပြီ။ ကိုးကွယ်မှုအနေနဲ့ ရိုးရာနတ်ကန်တော့ခြင်းများ ယဇ်ပူဇော်ခြင်းများလည်း ရှိနေပါသေးတယ်။ ဘာသာတရားအနေနဲ့ သင်းအုပ်ဆရာနဲ့ ဘုရားရှိခိုးကျောင်းသဖွယ်ထားရှိပြီး သင်းအုပ်ဆရာရဲ့ နေအိမ်မှာပဲ ဘုရားဝတ်ပြုကြပါသတဲ့။ သင်းအုပ်ဆရာကို အခြားရွာမှ သွားရောက် ခေါ်ဆောင်လာခဲ့ပြီး သင်းအုပ်ဆရာအနေနဲ့ ရွာလေးရွာကို သုံးလတစ်ခါ အလှည့်ကျဖြင့် တာဝန်ယူဆောင်ရွက်မှုများ လုပ်ပေးတယ်လို့ သိရပါတယ်။ စာသင်ပေးတယ်၊ ဗဟုသုတများကို မျှဝေပေးတယ်။ မြို့က ပစ္စည်းတွေ သွားဝယ်ပေးတယ်။ ကျန်းမာရေးဆိုင်ရာ အဖွဲ့တွေထံ ဆက်သွယ်ပြီး ရွာအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေကို လုပ်ပေးပါတယ်။ တောင်အထပ်ထပ် မြင့်မားပေမယ့် တောင်ပေါ်မှာ ရေပိုက်က ရေလာနေတယ်။ ဒါတွေလည်း သူ့ဆောင်ရွက်ချက်တွေပါပဲ။ တောင်ကျရေကို ပိုက်လုံးနဲ့ ရွာအရောက် သွယ်တန်းနိုင်တာ သူ့ရဲ့ လမ်းညွှန်မှု စီမံခန့်ခွဲတွေပဲလို့ ဆိုရမယ်။ ရွာက ကလေးတွေ ရှမ်းဘာသာစာအပြင် မြန်မာစာကို စာလုံးပေါင်းဖတ်နိုင်ပါတယ်။ ရွာမှာ မီးလင်းဖို့အတွက် ဘက်ထရီတွေလည်း အဆင်ပြေအောင် ထော်လာဂျီနဲ့ သယ်ပေးသတဲ့။ လူဦးရေ သုံးဆယ်မပြည့်တဲ့ ရွာလေးမှာ ရွာသူရွာသားတွေ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ သင်းအုပ်ဆရာရဲ့ ဆောင်ရွက်ချက်များဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ချက်တွေကြောင့် ရွာသားတွေဟာ လိုလားစွာနဲ့ ဘာသာကူးပြောင်းသွားခဲ့တာ ဖြစ်ကြောင်းသိခဲ့ရပါတယ်။
ရွာသားတွေကရော သူဒီရွာမှာ နေနိုင်အောင် ဘယ်လိုတွေများ စီမံပေးထားကြလဲ။ အိမ်၊ ယာခင်း၊ နွားတစ်ရှဉ်းနဲ့ လက်ထပ်ပေါင်းသင်းဖို့ အမျိုးသမီးတစ်ယောက်။ ဟုတ်ပါတယ် ရွာလေးရွာကို တာဝန်ယူထားရတဲ့ သင်းအုပ်ဆရာအနေနဲ့ တစ်ရွာမှာ သုံးလပဲ နေနိုင်ပါတယ်။ ဒီတော့ ဒီတော့ပေါ့လေ။ ကျမတို့အဖွဲ့ သင်းအုပ်ဆရာနဲ့တော့ မြန်မာလို အေးဆေးစွာ စကားဆက်ပြောဖြစ်ခဲ့ပါတယ်။ ရွာက လူတွေ ကျန်းမာရေး အသိအတွက် သူတာဝန်ယူပါကြောင်း လက်ကမ်းကြေညာတွေနဲ့အပြင် ကိုယ်တိုင်လည်း ပြောပြလေ့ရှိကြောင်း ကြားခဲ့ရလို့ ကျေးဇူးတင်ပါကြောင်း ပြောခဲ့မိပါတယ်။
တောင်ပေါ်ရွာလေးက အပြန် ဆာလာမလေးရဲ့ ခေါင်းထဲ အတွေးတွေများစွာနဲ့ပေါ့။ လိုအပ်ချက်နဲ့ ပံ့ပိုးမှုများအကြောင်း၊ ဘာသာတရားအကြောင်း၊ လမ်းပန်းဆက်သွယ်ရေးများအကြောင်း၊ စသော အကြောင်းပေါင်းများစွာတို့က ဆာလာမလေးရဲ့ ရင်ကို တော်တော်လေး ထိရှစေခဲ့တာဖြစ်လို့ မေ့မရနိုင်တော့မယ့် ဆာလာမလေးရဲ့ နေ့ရက်များပင်ဖြစ်ပါတော့တယ်။

လေးစားစွာဖြင့်
crystal

ကျိုင်းတုံမှ ဓာတ်ပုံများကို လိုလိုလားလားဖြင့် ထပ်မံပေးပို့သော အမှောင်ထုထဲက အလင်းစက်များ နှင့် မနိုင်း တို့အား အထူးကျေးဇူးတင်ပါသည်။ ယခုပိုစ့်လေးရေးရသည်မှာ အတော်လေးပင်ထူးခြားလေသည်။ မြန်မာနိုင်ငံသားများအကြောင်းရေးသော ယခုပိုစ့်သည် မြန်မာနိုင်ငံထဲမှ တစ်နေရာဆီတွင်ရှိနေသော နိုင်ငံသားတို့ စုပေါင်းအားဖြည့်ထားသော ပိုစ့်လေးဖြစ်လာခြင်းကြောင့် အလွန်ပင် ဝမ်းမြောက်ကြည်နူးခြင်း ဖြစ်ရပါသည်။

Thursday, November 4, 2010

ဆာလာမ (အပိုင်း - ၂)

တောင်ပေါ်လမ်းတွေဆိုတာ ချောက်ကမ်းပါးနဲ့ လမ်းနဲ့က ဒီလိုကပ်ကပ်လေးတွေပါ။

“ခမ်းရေ အစ်မတို့ လမ်းမှားသွာပြီလား ကြည့်ပါအုံး ရွာလည်း မတွေ့ဘူး”ညည်းတွားမိတော့၊ ခမ်းက “လမ်းတော့ မမှားဘူး အစ်မ၊ ဒီနားမှာ ခဏနေခဲ့နော် တောင်ပေါ်ဆက်တက်ပြီး သွားကြည့်လိုက်အုံးမယ်၊ တောင်က မတ်တော့ နှစ်ယောက်အလေးချိန်နဲ့ ဆိုင်ကယ်ကိုမထိန်းနိုင်မှာစိုးလို့” ဤသို့ပြောပြီးနောက် crystal တစ်ယောက်တည်း တောတောင်ထဲမှာ မျက်စိသူငယ်လေးဖြင့် ကျန်ရစ်ခဲ့ပါတော့တယ်။ အစ်မလည်း လိုက်ခဲ့မယ်ဆိုပြီး ပြောရင်လည်း အခြေအနေက မပေး၊ ကဲ မထူးပါဘူးလေ တောထဲတောင်ထဲမှာ ရှိကြကုန်သော သတ္တဝါအပေါင်းတို့ကို မျက်စိလေးမှိတ်ပြီး အာရုံပြု မေတ္တာပို့ပါတော့တယ်၊ ပြုခဲ့ဖူးသော ကုသိုလ်များကို အားလုံးကြားကြားသမျှ အမျှရကြပါစေကြောင်း အမျှပေးဝေ၊ နားစွင့်လိုက်တော့ ဆိုင်ကယ်သံကလည်း တစတစ ဝေး၍ သွားချေပြီ။ ပတ်ဝန်းကျင်က တိတ်ဆိတ်မှုက ခြောက်ခြားစရာ။ မေတ္တာပို့ပြီး မျက်လုံးလေးဖွင့်ကြည့်မိတော့ ကိုယ့်ရှေ့မှာ ပွင့်တူရွက်တူပန်းအနီရောင်လေးထံ မျက်စိရောက်သွားပါတယ်။ ပန်းလေးက လက်ဝါးကတ်တိုင်မှာ ချည်ထားတာပါလား။ ပန်းက လက်ဆတ်နေသေးတယ်၊ နောက် မျက်လုံးကို နဲနဲ အလုပ်ပေးလိုက်တယ်၊ အမယ်လေး ပျော်လိုက်တာ သချိုင်း သချိုင်းတွေ့ပြီ ဒါဆို ရွာရှိပြီပေါ့၊ သချိုင်းဆိုတာ ရွာရဲ့ အနောက်ဘက်မှာ ထားတတ်ကြတာမို့ ကျမရောက်နေတဲ့အရပ်ဟာ ရွာရဲ့ အနောက်ဘက်ကို ရောက်နေတာဆိုတော့ အရှေ့ဘက်မှာ ရွာရှိရပါမယ်၊ ပန်းက လန်းနေသေးတော့ ရွာက အနီးအနားမှာပဲ ရှိမှာ သေချာနေပြီဆိုတာ သိလိုက်ရပါတယ်။ ရှေ့နားကို နဲနဲလေးတိုးပြီး သစ်ပင် သစ်ရွက်တွေကြားက လှမ်းကြည့်လိုက်တော့ အဝေးတစ်နေရာက မီးခိုးတလူလူထွက်နေတာ တွေ့ရပါတယ်။ ခွေးဟောင်သံ တချက်တချက် ကြားနေရတယ်။ ဒါဆို သေချာပြီ။ ခမ်းရေ အမြန်သာ ပြန်လာပါတော့လို့ တိုးတိုးရေရွတ်မိလိုက်တယ်။ နာရီဝက်လောက် ကြာတဲ့အခါ ခမ်းရဲ့ ဆိုင်ကယ်သံကို စကြားရပါတယ်၊ ခမ်းရဲ့ ဆိုင်ကယ်သံဖြစ်ပါစေလို့ ဆုတောင်းမိသေး။ ဆိုင်ကယ်သံ နီးလာတော့မှ ခမ်းရဲ့ ဆိုင်ကယ်သံမှန်း သေချာသွားတာမို့ အားတက်ဝမ်းသာနိုင်တော့တယ်။ ခမ်းရောက်လာပြီး ရွာကို သွားဖို့ လမ်းရှာကြရပြန်ပါတယ်။ လမ်းပေါက်က ဆိုင်ကယ်သွားနေကြ လမ်းပေါ် သစ်ကိုင်းကျိုးကျနေတော့ သစ်ရွက်၊ သစ်ပင်တွေနဲ့ ပြည့်ပြီး လမ်းမရှိဘူးလို့ ထင်ရတာကြောင့် လမ်းမတွေ့တာဖြစ်နေတာ။ ဒါနဲ့ ရွာထဲလမ်းကို ဆိုင်ကယ်ဆက်ပြီး မောင်းနှင်လာတော့ ရွာကို တွေ့ပါပြီ။ နေ့လည်ပိုင်းဆိုတော့ လယ်စိုက်သွားကြ၊ တောင်ယာအလုပ်များကို လုပ်ကိုင်ကြတာကြောင့် ရွာထဲမှာလူရှင်းနေပါတယ်။ ကလေးတွေ၊ ခွေးလေးတွေနဲ့ အသက်ကြီးပိုင်းတချို့သာတွေ့ရပါတယ်။ ရွာက အိမ်ကိုးလုံးပဲရှိပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုနဲ့ လူသားချင်းစာနာကူညီသော အဖွဲ့တစ်ဖွဲ့ရဲ့ ရုံးအဆောင်အအုံငယ်လေးကို တွေ့ခဲ့ရပါတယ်။ ရွာက လူတွေကို တွေ့နိုင်မယ့် ရက်ကို မေးခဲ့ပြီး ပြန်လာခဲ့ကြပါတယ်။ အပြန်လမ်းတောင်ဆင်းမှာတော့ တထိတ်ထိတ်မဖြစ်တော့ပါဘူး။ လမ်းသိသွားပြီကိုးနော်။ တောင်ပေါ်က ဆင်းတော့ မှောင်ရီစပျိုးနေပြီ၊ ကားလမ်းမပေါ်မှာ ဆိုင်ကယ်အရှိန်မြှင့်မောင်းလာခဲ့ကြပါတယ်။ ဖြည်းဖြည်းမောင်းလို့လဲ မပြောဖြစ်ခဲ့ဘူး ရုံးက လူတွေ နောက်ကျလို့ စိတ်ပူနေလောက်ပြီလို့ စိုးရိမ်ပြီး အရှိန်နဲ့ မောင်းလာခဲ့ကြပါတယ်။ တစ်နေရာအရောက် ကြက်သားအုပ်တစ်စု ကားလမ်းကို ပြေးဖြတ်ကူးကြတယ်၊ ကားတွေဘက်က လွတ်လာပေမယ့် ကျမတို့ ဆိုင်ကယ်နဲ့ မလွတ်ပဲ ကြက်အော်သံ၊ ဆိုင်ကယ်သံနဲ့ လူအော်သံတွေ ဆူညံသွားတော့တယ်။ အရှိန်ကို ထိန်းရင် ဆိုင်ကယ်မှောက်မယ်၊ လူကို ကာကွယ်ရတော့၊ အင်းးးးးးး ကြက်လေးတွေကိုသာ မေတ္တာပို့လိုက်ရပါတော့တယ်။

ကျိုင်းတုံမြို့ထဲကို စဝင်လာတော့ မြေလမ်းလေးအတိုင်း တစ်ခါ မောင်းရသေးတယ်၊ ရှေ့မှာ စေတီတစ်ဆူပါလား၊ ဥာဏ်တော် သိပ်မမြင့်လှပေ။ ခမ်းကပြောတယ် “အစ်မ ဒီဘုရားက ထူးခြားတယ်”၊ “ဟုတ်လား ဘာတွေ ထူးခြားလဲ ပြောပါအုံး၊ သူက မှားလို့မရဘူး”။ “အယ် ဘယ်လိုမှားလို့မရတာလဲ” ကျမက မေးနေတုန်းရှိသေး......၊
ဝုန်းးးးးးးးးးးးးးးးးးး
ဘယ်က ဘယ်လိုဖြစ်တယ် မသိ ဆိုင်ကယ်စလစ်ဖြစ်သွားလိုက်တာ ဆိုင်ကယ်က ကျမတို့နှစ်ယောက်ကို ဘေးဒရွတ်တိုက်ဆွဲသွားပါတော့တယ်၊ သိပ်ဝေးဝေးဆွဲမသွားလို့ တော်သေးတယ်။ ဆိုင်ကယ်အောက်မှာ ခမ်းက ပိလို့၊ ခမ်းအပေါ်မှာ ကျမနဲ့ ဆိုင်ကယ်က ပိနေပါတယ်။ ဖြစ်ပျက်သွားတာက ချက်ချင်းမို့ ကျမလည်း ယောင်နနနဲ့။ ကိုယ့်ဖာသာ မနဲကုန်းထ၊ ခမ်းကိုလည်း တဖွဖွခေါ်လို့။ ခမ်းဆီက အသံမကြားရတော့ ကျမလန့်လိုက်ရတာ၊ နောက်မှ ဆိုင်ကယ်ကို မနိုင်တနိုင်မဖယ်၊ အနားမှာ ရှမ်းလူမျိုးအမျိုးသားတစ်ယောက်က အပြေးလာပြီး ခမ်း ကိုယ်ပေါ်ပိနေတဲ့ ဆိုင်ကယ်ကို ဝိုင်းဖယ်ပေး၊ ခမ်းကို ကျမ လှုပ်ပြီး ထူ၊ ခမ်းက သူနာနေလို့ အသံမထွက်နိုင်၊ အမယ်လေး တော်ပါသေးရဲ့၊ ခမ်းကတော့ အစ်မ ဘာဖြစ်သွားလဲဆိုပြီး သူနာနေတာကို ဂရုမစိုက်အားဘူး၊ ကျမကို စိုးရိမ်တကြီး မေးရှာပါတယ်။ ဆိုင်ကယ်ဦးထုပ်တွေကလည်း မေးသိုင်းကြိုးတွေက ချောင်နေတော့ လွှင့်ထွက်ကုန်လေပြီ။ ကံက ကောင်းချင်တော့ ခေါင်းနဲ့ မရိုက်မိ။ ဆိုင်ကယ်ကို ဝိုင်းထူပေးသောသူကလည်း စကားပင်လှည့်မပြော ထွက်သွားလေတော့သည်။
ခမ်းတစ်ယောက် နာနေတဲ့ ကြားက တဟားဟားရယ်နေပြီး၊ “အစ်မရေ ထူးခြားတာ ဘာလဲဆိုတာ သိပြီလား၊ လမ်းမှာ ကြက်လေးကို သေချင်လို့ လမ်းဖြတ်ကူးတာလားမသိဘူးလို့ စိတ်ထဲက ဖြစ်လိုက်တော့ အခု ဆိုင်ကယ်မှောက်ပြီး သူခြေထောက်နာရပြီတဲ့။ သူကြက်လေးကို တိုက်မိပြီး လှည့်ကြည့်လိုက်တဲ့အခါ ကြက်လေး ခြေတစ်ဖက် နာသွားတာတွေ့လိုက်တယ်၊ ဒါကြောင့် အခုသူပြန်ခံရတာ”လို့ ပြောရှာပါတယ်။ “အော် အစွဲမထားပါနဲ့ ခမ်းရယ်၊ ကဲ ဆိုင်ကယ်ကို ကြည့်အုံး၊ သွားလို့ရသေးရဲ့လား”လို့ ဆိုင်ကယ်လည်း တော်တော်လေး ထိသွားလေသည်။ သို့သော်လဲ မောင်းလို့တော့ ရသေးတဲ့အတွက် ရုံးသို့ ဖြောင့်တန်းစွာရောက်ခဲ့ပါသည်။
ရုံးရောက်တော့ စိတ်ပူနေကြသော ရုံးအဖွဲ့သားများက ကျမတို့ကို ရှာဖို့ပင် တိုင်ပင်စုစည်းနေကြပြီ၊ နှစ်ယောက်သား စကားပင် မပြောနိုင်၊ ခန္ဓာကိုယ်နာကျင်မှုတွေအပြင် ထိတ်လန့်မှုမျိုးစုံတို့အကြောင်းတွေကို ဘယ်က စပြောရမှာပါလိမ့်...

ဆက်ပါအုံးမည်။

လေးစားစွာဖြင့်
crystal

ကျိုင်းတုံမှ ဓာတ်ပုံများကို လိုလိုလားလားဖြင့် ထပ်မံပေးပို့သော အမှောင်ထုထဲက အလင်းစက်များ နှင့် မနိုင်း တို့အား အထူးကျေးဇူးတင်ပါသည်။ ယခုပိုစ့်လေးရေးရသည်မှာ အတော်လေးပင်ထူးခြားလေသည်။ မြန်မာနိုင်ငံသားများအကြောင်းရေးသော ယခုပိုစ့်သည် မြန်မာနိုင်ငံထဲမှ တစ်နေရာဆီတွင်ရှိနေသော နိုင်ငံသားတို့ စုပေါင်းအားဖြည့်ထားသော ပိုစ့်လေးဖြစ်လာခြင်းကြောင့် အလွန်ပင် ဝမ်းမြောက်ကြည်နူးခြင်း ဖြစ်ရပါသည်။

Tuesday, November 2, 2010

ဆာလာမ (အပိုင်း - ၁)

တောင်စဉ် အထပ်ထပ်တွေက ရှမ်းပြည်နယ်ရဲ့ သဘာဝအလှတရားများဖြစ်ပါတယ်။
(ဓာတ်ပုံများကို မနိုင်းနိုင်းစနေမှ ကူညီပေးပို့ပါသည်)

ပြီးခဲ့တဲ့လက ဧည့်သည်များကို ထိုင်းနိုင်ငံရှိ ပတ္တရားကမ်းခြေကို လိုက်ပို့တော့ ကမ်းခြေနားက တောင်တန်းတွေကို ဆိုင်ကယ်နဲ့ သွားရင်း Adventure Trip ကို ခံစားကြသတဲ့။ တောင်တန်းတွေပေါ်ကို စွန့်စွန့်စားစား ဆိုင်ကယ်တွေစီးရင်း အပန်းဖြေကြသတဲ့လား၊ ကျမမှာတော့ အတိတ်ဆီက မောမြေတောင်တန်းတွေပေါ်မှာ သဲထိတ်ရင်ဖို တာဝန်ထမ်းဆောင်ခဲ့သည်များကို မျက်စိထဲမှာ တရေးရေး မြင်ယောင်မိရင်း အတိတ်ဆီကို အတွေးတို့က ခရီးနှင်နေမိပါတော့တယ်.....

မဝေးသေးတဲ့ နှစ်တစ်ခုက တောင်တန်းတွေနဲ့ သာယာလှပတဲ့ ရှမ်းပြည်နယ်ကို ကျန်းမာရေးတာဝန်တွေနဲ့ ရောက်ခဲ့ပါတယ်။ ရန်ကုန်မှ ဝန်ထမ်းများက ဦးဆောင်လို့ ဒေသခံဝန်ထမ်းများ အကူအညီနဲ့ နိုင်ငံသားတို့ရဲ့ ကျန်းမာရေးဆိုင်ရာများကို စွန့်စွန့်စားစား ဆောင်ရွက်ခဲ့တာ အခုဆိုရင် သုံးနှစ်တောင် ပြည့်ခဲ့ပြီ။ ကျမတို့ အနေနဲ့ ကျန်းမာရေးတာဝန်များကို ဆောင်ရွက်ရန် ဒေသတွေခွဲ၊ တာဝန်တွေ ခွဲယူကြရပါတယ်။ ကျမတာဝန်ကျရာ ကျေးလက်ဒေသတွေအားလုံးက တောင်ပေါ်ဒေသတွေချည်းပါပဲ။ ဒေသခံ မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေး ဝန်ထမ်းနှစ်ဦး အားဖြည့်လို့ ကျမတို့ တောင်ပေါ်ဒေသဆီသို့ ထွက်ခဲ့ကြပါတယ်။ ပထမနှစ်ရက်က ဒေသတွေရဲ့ လမ်းကြောင်းကြည့်ဖို့ဖြစ်ပြီး၊ ကျန်ရက်များမှာတော့ ကျန်းမာရေးကိစ္စတွေ ဆောင်ရွက်ရန် စီစဉ်စွဲထားပါတယ်။
ဒီလိုနဲ့ တစ်ရက်မှာ ဒေသခံဝန်ထမ်း ရှမ်းမလေး “ခမ်း”နဲ့ကျမက ဆိုင်ကယ်တစ်စီး၊ ယောက်ျားနှစ်ယောက်က ဆိုင်ကယ်တစ်စီး ခွဲလိုက်ကြပြီး ရွာနှစ်ရွာကို ခွဲဝင်ပါတယ်။ ခမ်းနဲ့ကျမတို့ သွားတဲ့တောင်ပေါ်က မနက်စောစော မိုးရွာထားတာကြောင့် တောင်က ချော်နေပါတယ်၊ မြေပြန့်က စတက်တဲ့လှမ်းမှာပင် ဆိုင်ကယ်က နောက်ပြန် ချော်ကျလိုက်တာ နောက်က ကျမက ခြေထောက်နဲ့ လှမ်းထောက်ပြီးထိန်းလိုက်တဲ့အခါမှ ဆက်ချော်မကျပဲ ခမ်း ကလည်း ဆိုင်ကယ်ကို ထိန်းလိုက်နိုင်ပါတယ်၊ ပထမဆုံး ရင်တုန်မှု ရင်ခုန်မှုပေါ့။
ဒါနဲ့ ကျမလည်း ခြေချင်လျှောက်လိုက် ဆိုင်ကယ်နဲ့တက်လိုက်နဲ့ တောင်ထိပ်ကို ရောက်သွားတယ်ဆိုပါစို့။ လမ်းမှာတော့ အမောစို့တဲ့နေရာတွေ ရှိသလို၊ မိုးနဲ့ ဆောင်းအကူး ရာသီရဲ့ အေးတဲ့ဒဏ်ကို ရန်ကုန်ကလာတဲ့ crystal တစ်ယောက် ကြံ့ကြံ့ခံရင်း အံကြိတ်နေရပါတယ်။ တောင်ထိပ်ရောက်တယ်ဆိုရင်ပဲ တောင်တွေကြားမှာ လယ်ယာစိုက်ပျိုးနေကြတဲ့ တိုင်းရင်းသူလေးတွေကို ကျမတို့ တာဝန်ယူရမည့် ရွာဟုတ်မဟုတ် ခမ်းက ရှမ်းတိုင်းရင်းသား ဘာသာစကားနဲ့ လှမ်းမေးပါတယ်။ ရွာထဲက လယ်စိုက်နေတဲ့ တိုင်းရင်းသူလေးက “နင် ဘာတွေပြောနေတာလဲဝေးးးး ငါနားမလည်ပါလား”တဲ့။ ဗမာစကားနဲ့ ထပ်မေးတော့ ဟိုဘက်က နားလည်သွားတယ်။ “ဒီတိုင်းရင်းသူက အခြားနေရာက ဒီကို ရောက်လာတဲ့ တိုင်းရင်းသူဖြစ်မယ်တဲ့၊ အချို့ ကရင်နဲ့ ကယားတွေလည်း ဒီဘက်ကို တာဝန်ကျရင်း ဒီဘက်မှာ အိမ်ထောင်ကျလို့ နေဖြစ်သွားတာတွေလည်း ရှိပါတယ် အစ်မ”လို့ ခမ်းက ရှင်းပြတယ်။ နယ်ခံတိုင်းရင်းသူလေးကို ကျမတို့ သွားလိုရာ ရွာကို ထပ်မေးကြည့်တော့ တော်တော်လိုသေးကြောင်း ဒီတောင်ကနေ လှမ်းကြည့်ရင် အမြင့်ဆုံးတောင်ထဲမှာ ဖြစ်ကြောင်း ဒီလမ်းကပဲ ဆက်သွားပါလျှင် အဆင်ပြေပါကြောင်း၊ တောင်များက ဆက်နေတာကြောင့် သွားလို့ရကြောင်း လမ်းညွှန်ပေးပါတယ်။
ခမ်းနဲ့ကျမလည်း တောင်ကို မျှော်ကြည့်မိရင်း ဘုရားတမိကြသေးတယ်။ ယောက်ျားလေးတွေကို ပြန်ခေါ်ရင်ကောင်းမလားလို့ တွေးမိတော့ မဖြစ်ဘူး အချိန်က နေ့လည်ကို ရောက်နေပြီ အချိန်သိပ်မရတော့ အားတင်းပြီး ရှေ့ဆက်ဖို့သာရှိပါတယ်။ ခမ်းက “အစ်မ လိုက်ရဲလား၊ အစ်မ သွားမယ်ဆိုရင် သူလိုက်ပို့ပါမယ်လို့ ပြောပါတယ်”ကျမလည်း သက်ပြင်းကို ချရင်း သွားကြမယ်ဆိုပြီး ဆက်ထွက်ခဲ့ကြတယ်။
နေပူလာပြီဖြစ်လို့ တောင်စတက်တုန်းကလိုတော့ ချော်ကျခြင်းမဖြစ်တော့ပေမယ့် တောင်ကြားတွေထဲက ဆိုင်ကယ်နဲ့သွားရတာဆိုတော့ ဆိုင်ကယ်သွားတဲ့လမ်းလေးက တောင်ကမ်းပါးမှာ လက်နှစ်အုပ်စာ သာသာလေးတွေပဲ ရှိတာမို့၊ ဘုရားစာရွတ်ရင်း သတိအနေအထားနဲ့ ချောက်ထဲကျရင် ဘယ်အပင်ကို လှမ်းဆွဲရမယ်ဆိုတာပါ ကြည့်နေရပါတယ်၊ သဲထိတ်ရင်ဖိုစွာနှင့်။
နောက်ထပ် (၂)နာရီခန့် သွားပြီးနောက် တိုင်းရင်းသူလေးပြောတဲ့ နေရာလိုလိုတွေ့သော်လည်း တောထဲ တောင်ထဲမှာ ရွာပျောက်နေပါတယ်။ ကျမတို့ မျက်စိလည် လမ်းမှားသွားပြီလား...........။

ဆက်ပါအုံးမည်....


လေးစားစွာဖြင့်
crystal
------------------------------------------ဝဝဝ-------------------------------------
မနိုင်းရေ
ကျိုင်းတုံမှာ အလုပ်ကိစ္စနဲ့သွားတုန်းက အကြောင်းလေးတွေ ရေးချင်လို့ ကျိုင်းတုံရဲ့ တောင်တန်းများ ပုံလေးတွေ လိုချင်ပါတယ်ရှင်။
ရောက်ခဲ့စဉ်က အကြောင်းအကြောင်းများကြောင့် ဓာတ်ပုံရိုက်ခွင့်မရခဲ့ပါဘူး။
တာဝန်နဲ့ဆိုတော့ ကင်မရာကိုင်ခွင့်မရှိတာပါ။

ပိုစ့်ရေးပြီးရင် ပို့လိုက်ပါ့မယ်။
ကူညီနိုင်ရင် ကူပါနော်။
လေးစားစွာဖြင့်
crystal

ဟလို မcrystal
ကျိုင်းတုံမြို့ထဲက ပုံတော့မရှိဘူး
မိုင်းလားသွားလမ်းတစ်လျှောက်
နောက် တောင်ကြီးပြန်လမ်းတစ်လျှောက်က ပုံတွေတော့ရှိတယ်
ပို့စ်ရေးပို့လိုက်လေ.. လိုအပ်တဲ့ ပုံတွေကို ရှာပြီးထည့်ပေးလိုက်မယ်း)

ကျေးဇူးးး

မနိုင်းရေ
ရှမ်းပြည်တောင်တန်းပုံတစ်ပုံလောက်ဆိုရင်ရပါပြီ။
ပိုစ့်နာမည်က “ဆာလာမ”တဲ့။
အခါလူမျိုးတွေနဲ့ တွေ့ခဲ့တဲ့ အကြောင်းလေး ရေးချင်လို့ပါ။
လောလောဆယ်က ပိုစ့်ကို ရာထားတုန်းပဲရှိသေးတယ်။
စိတ်က အာရုံထွေနေလို့နော်။
တကူးတက ကူညီလို့ ကျေးဇူးပါနော်။
ခရစ္စတလ်

တာချီလိတ်ကနေ တောင်ကြီးကို ပြန်လာတုန်းက ရိုက်ခဲ့တာ
အဆင်ပြေမယ်ထင်တယ်နော်..
ကားပေါ်က လှမ်းလှမ်းရိုက်တယ်ဆိုတော့ ပုံတွေက ထင်သလောက် မကောင်းဘူးး)

မနိုင်းရေ
ကျေးဇူး အထူးတင်ပါတယ်နော်၊ ပုံလေးတွေက အဆင်ပြေပါတယ်။
သဘာဝပုံလေးတွေမို့ ပိုတောင် ကောင်းပါသေးတယ်ရှင်။

အခုလိုကူညီတာဝမ်းသာစွာဖြင့် ကျေးဇူးတင်ပါကြောင်းနော်။
ပုံတွေမြင်တော့ တော်တော်လွမ်းသွားတယ် တောင်တန်းတွေကိုပါ :P
လေးစားစွာဖြင့်
ခရစ္စတလ်

Wednesday, October 27, 2010

“နိုင်ငံသားတို့၏ အရေး ဒို့အရေး”

ရခိုင်ပြည်နယ်ရှိ “ဂီရိ”မုန်တိုင်း လေဘေးသင့်ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးကော်မတီ၏

လေဘေးကယ်ဆယ်ရေးနှိုးဆော်လွှာ

(၂၀၁၀) ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ကမ်းရိုးတန်းဒေသတွင် တစ်နာရီလျှင် မိုင် (၁၂၀)ကျော်နှုန်းဖြင့် အင်အားပြင်းစွာ ဝင်ရောက်တိုက်ခတ်ခဲ့သော လေမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင်းနေ တိုင်းရင်းသားပြည်သူများစွာတို့၏ အသက် အိုးအိမ်နှင့် လယ်ယာများ များစွာပျက်စီး ဆုံးရှုံးခဲ့ရပြီဖြစ်ပါသည်။

ဤသို့ သဘာဝလေဘေးဒဏ်ခံခဲ့ရသော ရခိုင်ကမ်းရိုးတန်းနေ တိုင်းရင်းသားပြည်သူများသည် ကယ်ဆယ်ရေး စခန်းများဖြစ်ကြသော ဘုန်ကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် ယာယီနေထိုင်ကြပြီး၊ စားဝတ် နေရေးအတွက် အခက်အခဲများစွာကို ရင်ဆိုင်နေကြရပါသည်။

မုန်တိုင်းသင့်သော ရွာများသည် ပျောက်ဆုံး ပျက်စီးခြင်းများအပြင် လူအသေအပျောက်များစွာရှိသည်ဖြစ်ရာ ကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းလျက် လေဘေးသင့် ဒေသများသို့ သွားရောက်လှူဒါန်း ထောက်ပံ့ကြ မည်ဖြစ်ပါသည်။

သို့ပါ၍ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများအနေဖြင့် လေဘေးသင့်ဒုက္ခသည်များကို လူသားချင်း စာနာထောက်ထားသောအားဖြင့် စွမ်းနိုင်သမျှ ပါဝင်ကူညီကြပါရန် ကုသိုလ်အကျိုးမျှော်၍ နှိုးဆော် တိုက်တွန်းလိုက်ရပါသည်။

လေဘေးသတင်းများ ကြည့်ရှုနိုင်သော ဆိုဒ်များ

http://arakangirii.blogspot.com/
http://arakangirienglish.blogspot.com/
http://maygawaddyfamily.blogspot.com/
http://irrawaddyblog.com/2010/10/blog-post_661.html
http://ywarookyaung.blogspot.com/
http://thandarmyestar.blogspot.com/


ထိုင်းနိုင်ငံ အလှူခံရာဌာနနှင့် Bank Account
Cyclone Giri Relief Committee of Thailand

Wat Talom, Charan 13,
Khlong Khwang, Phasi Charoen,
Bangkok 10160,Thailand

Bank account
Name - Phra Kaweinda
A/C No - 119-234694-4
Bank Name - Siam Commercial Bank, Thailand

ဆက်သွယ်လှူဒါန်းရန်
Ven. Kundala,(+66-851235054,Email:venukundala2008@gmail.com)
Ven. Kavinda (+66-851663197, Email: kavi.inda@gmail.com)
Ven. Aloka (+66-894348411, Email: realsingle@gmail.cm)
Ven. Indobhasa(+66-850603342,Email: indobhasaa@yahoo.com)
Ven. Nanissara(+66-814919143, Email: nanissara@hotmail.com)
Ven. Nyanika(+66-835550824,Email: nyanika.2008@gmail.com)

ရခိုင်သဟာယအသင်းရုံးခန်း
အမှတ်၁၁၅၊ပထမထပ်(ညာ)၊သမိန်ဗရမ်း
လမ်း၊ MOON BAKERY အနီး၊ တာမွေအ၀ိုင်းထိပ်၊ ရုံးဖုန်း-၄၃၀၁၇၂၊ အီးမေလ်-rakhine.tay@gmail.com

ဒေါက်တာကျော်သိန်း(နာယက) - ၀၉၅၁၂၇၄၆၇၊
ဦးခင်မောင်စိုး (ဥက္ကဋ္ဌ) - ၅၅၂၁၂၆၊
ဦးဇော်အေးမောင် - ၀၉၅၁၄၀၄၀၇၊
မောင်ရဲထူးအောင် - ၀၉၉၀၄၁၃၉၆၊
ဦးဘိုးတင် - ၀၉၅၀၀၆၉၂၆၊
ဦးမျိုးဆွေ - ၀၉၅၀၀၁၁၈၀၊
ဦးဦးလှမြင့် - ၇၃၀၈၈၉၀၆၊
ဦးဇော်ဝင်း - ၀၉၅၀၀၆၈၂၀၊
ဦးသာမြကျော် - ၀၉၅၁၅၅၄၁၉၊
ဦးဦးမြင့်ကျော် - ၀၉၅၀၆၄၆၅၃၊
ဦးထွန်းနိုင် - ၀၉၈၅၁၀၄၀၀၊
ဦးကျော်နိုင် - ၀၉၅၀၆၁၈၈၄



နိုင်ငံသားတို့၏အရေး ဒို့အရေး
တိုင်းရင်းသားတို့အရေး ဒို့အရေး
ပြည်သူတို့အရေး ဒို့အရေး။


လေးစားစွာဖြင့်
Crystal

Wednesday, October 20, 2010

အမောပြေဖို့ “ကော်စမွေ”သို့

Koh Samui Island မှ ရုပ်ပွါးတော်

ဒီကျွန်းက မြတ်စွာဘုရားရုပ်ပွါးတော် တည်ရှိရာအရပ်ဟာ အရင်က ကလေးသချိုင်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်၊ ကလေးလိုချင်သူများ သွားရောက်ဆုတောင်းကြကြောင်းလည်း ဒေသခံများက အရပ်စကားအနေနဲ့ ပြောလေ့ရှိကြပါတယ်။ crystal သွားရောက် ဘုရားရှိခိုးစဉ်မှာတော့ ဒေသခံစုံတွဲတစ်တွဲက မြတ်စွာဘုရားရုပ်ပွါးတော် လက်တွင်းသို့ ပိုက်ဆံအကြွေစလေးများ ပစ်တင်ထည့်သွင်းကာ အဓိဋ္ဌာန်ပြုဆုတောင်းနေတာ တွေ့ရပါတယ်။ ဒီလို လုပ်တာလေးကို တွေ့တော့ မြန်မာနိုင်ငံမှ ကျိုက်ထီးရိုးစေတီတော်မြတ်တည်ရှိရာအနီး ကျီးကန်းပါးစပ်မှာ အကြွေစများ ပစ်တင်ဆုတောင်းနေကြတာကို သတိရမိသေးပါတယ်။ အခုတော့ ထိုင်းနိုင်ငံကျွန်းတစ်နေရာမှာ ဒီအလေ့အထကို ပြန်လည်တွေ့နေမိတော့ အတွေးများက ဝေဆာနေမိတယ်။


“အောင်တော်မူခန်း”ပုံမျိုးကို ရုပ်ထုတွေအဖြစ်လည်းကောင်း၊ ပန်းချီကားအသွင်အဖြစ်လည်းကောင်း ထိုင်းနိုင်ငံရှိ ဘုရားစေတီပုထိုးများမှာ တွေ့ရတတ်ပါတယ်။

နိုင်ငံခြားသားအချို့နဲ့ ထိုင်းနိုင်ငံသား အချို့က crystal တို့ အုပ်စု မြတ်စွာဘုရားကို ရှိခိုးဦးချနေကြတာကြည့်ပြီး ထိုင်းနိုင်ငံသားမဟုတ်ဘူးလို့ တီးတိုးဆိုကြတယ်။ ထို့ပြင် နိုင်ငံခြားသားများက ထိခြင်းငါးပါးဖြင့် ရှိခိုးဦးချနေသည်ကို အထူးအဆန်းဖြင့် ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်နေကြပါတယ်။


ဘုရားရင်ပြင်တော်မှ လှမ်းမျှော်ကြည့်မိတော့ ရေစီးကြောင်းနဲ့ တောင်တွေကို တွေ့ရပါတယ်။ အော် မန္တလေးတောင်ပေါ်မှာ crystal နဲ့ ကျေးဇူးရှင်တို့ Bliss တို့ ဓာတ်ပုံရိုက်ခဲ့ကြတာတွေ၊ အတူဘုရားဖူးကြ၊ တရားထိုင်ကြတာတွေကို သတိရမိရင်း အလွမ်းများက အတိတ်ဆီကို မောင်းနှင်လို့ပေါ့။
တနေ့နေ့မှာတော့ crystal နဲ့ Bliss တို့ ဒီကျွန်းလေးကို သွားရောက်ကာ တူနှစ်ကိုယ် အမောဖြေအုံးမယ်လို့ အားခဲထားလိုက်ပါတယ်။

ဘီလူးမကြီးက သားနဲ့ ယောက်ျားကို ပြန်လာခဲ့ဖို့ ပြောကြားနေတဲ့ပုံကို ရုပ်ထုအသွင်အဖြစ် ရေကမ်းစပ်မှာတွေ့ရတယ်။


လေးစားစွာဖြင့်
crystal

ဆက်လက်ဖော်ပြပါမည်...

Monday, October 4, 2010

“ဗွေ” ပါလို့။


crystal တစ်ယောက် ခြေထောက်မှာ ဗွေပါလို့ မြန်မာနိုင်ငံတုန်းကလည်း တစ်နိုင်ငံလုံး အနှံ့နီးပါး အလုပ်ကိစ္စတွေနဲ့ ခရီးထွက်နေရပါတယ်။ အခုလည်း အလုပ်ကိစ္စတွေနဲ့ပဲ ခရီးယာယီတွေများနေပါတယ်။ ဘဝဆိုဒ်မှာ ပိုစ့်မရေးဖြစ်သေးပေမယ့် အလုပ်ဆိုဒ်မှာတော့ ပိုစ့်လေးတွေကို စိတ်ဝင်တစားနဲ့ အားခဲရေးသားနေဖြစ်ပါတယ်။ ဘဝဆိုဒ်က ပိုစ့်တွေကို ဆက်ရေးရမယ်ဆိုရင်လည်း အချိန်အတိုင်းအတာအရလည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ မအားမလပ်မှုများကြောင့် မရေးသားဖြစ်ပေမယ့်၊ လောလောဆယ်တော့ Bliss of Us ဒီနေရာလေးမှာ crystal ရှိနေပါတယ်။ လာလည်နိုင်ပါတယ်လို့လည်း crystal သိသော မသိသော မိတ်ဆွေများ အားလုံးကို ရိုသေလေးစားစွာ ဖိတ်ခေါ်ပါတယ်ရှင်။

လေးစားစွာဖြင့်
crystal

Friday, October 1, 2010

လေဆာပစ်ဘုရား (Khao Chee-ChanBuddha image)

ဒီဆိုဒ်လေးမှာ Bliss of Us ဘုရားပုံတော်များ လှူဒါန်းထားပါတယ် ဒေါင်းလိုက ဒေါင်းပါလေ ။

Khao Chee-Chan; ထိုင်းစာလုံးကို မြန်မာအသံထွက်ရင်တော့ “ခေါက်ချီချန်” ဖြစ်ပါတယ်။
မြန်မာတွေကတော့ လေဆာဖြင့် ပစ်လွှတ်ထွင်းထားတာဖြစ်လို့
လွယ်လွယ် လေဆာပစ်ဘုရားလို့ ခေါ်ကြတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ နာမည်ကျော်ကမ်းခြေတစ်ခုဖြစ်တဲ့ ပတ္တရားကမ်းခြေကနေ မြို့ပြင်ကို ဆက်ထွက်လာကြတဲ့ အခါမှာတော့ ကျောက်တောင်နံရံမှာ လေဆာဖြင့် ပစ်ဖေါက်ရေးဆွဲထားတဲ့ မြတ်စွာဘုရားပုံတော်ကို ကြည်ညိုသပ္ပါယ်စွာ ဖူးတွေ့ရမှာဖြစ်ပါတယ်။ မြတ်စွာဘုရားပုံတော်ရှိရာ တောင်ခြေကို ရောက်တော့ မှောင်ရီပျိုးနေပါပြီ။ ဘုရားပရဝဏ်နေရာလေးက တော်တော်လေး အေးချမ်းငြိမ်သက်သာယာလျက်ရှိပါတယ်။ တောတွေ တောင်တွေ ရောက်ပြီဆိုရင် မေတ္တာပို့တာလေးကို အရင်ပြုလုပ်ပါတယ်။ ပြီးနောက်မှာတော့ တောင်တန်းသာသနာပြုဆရာတော်ဘုရား ပူဇော်လေ့ရှိတဲ့ “သတသဟဿာရဟ” ဂါထာတော်ကို ရွတ်ဖတ်ပူဇော်ပြီး၊ ပြုသမျှကုသိုလ်တွေကို အမျှဝေခဲ့ပါကြောင်း။


ဒီပုံလေးထဲမှာ ထေရဝါဒ ထိုင်းဘုန်းတော်ကြီးနှစ်ပါးက ဦးဆောင်ပြီး
မဟာယနဘုန်းတော်ကြီးတစ်ပါးပါဝင်တဲ့ ဘုရားဖူးခရီးသည်များအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
သူတို့အဖွဲ့ကတော့ အုပ်စုလိုက် ရှိခိုးပူဇော်ကြပါတယ်။

crystal တို့သွားတဲ့အချိန်မှာ ကိုရီးကားလှပျိုဖြူခရီးသည်တစ်အုပ်နဲ့ ဂျပန်လှပျိုဖြူခရီးသည်တစ်အုပ်တို့ တိုးအုပ်စုအလိုက် ကားတွေ အသီးသီးရောက်လာကြပြီး ဓာတ်ပုံရိုက်နေကြတာတွေ့ရပါတယ်။ ဘုရားရှိခိုးတဲ့သူ တစ်ယောက်တလေမှ မပါတာ စိတ်မကောင်းစရာတစ်ခုပဲလား မသိပါ။

လေးစားစွာဖြင့်
crystal

Thursday, September 23, 2010

ဆားလှော်မိသော အခါဝယ်...

ထိုင်းနိုင်ငံရဲ့ Tour Season အတွက် crystal တစ်ယောက် အလုပ်များလို့နေပါတယ်။ ဧည့်သည်များလည်း ရောက်ရှိနေတာကြောင့် ရောက်တတ်ရာရာနေရာလေးတွေ သွားရင်း ဓာတ်ပုံလေးတွေ ရိုက်ခဲ့ပါတယ်။ အလုပ်ဆိုဒ်အတွက် ရိုက်ခဲ့တာဖြစ်သော်လည်း crystal ရဲ့ မိတ်ဆွေတွေပါ ပုံလေးတွေ ကြည့်ချင်ကြမလားဆိုတဲ့ ကြံစည်စိတ်ကူးရတာကြောင့် “အကြံကုန် ဂဠုန်ဆားချက်” မဟုတ်ပါကြောင်းနှင့် ဆားလှော်လိုက်ရခြင်းဖြစ်ပါကြောင်း...။

crystal ရဲ့ ကျေးဇူးရှင် bliss ရဲ့ ပုံလေးပါ။
ချစ်စရာလေးနော် အဟိ။

ဆင် စီးနေတာနော်၊ ဘာကောင်လေးမှန်းမသိမှာစိုးလို့ပါ။

ဒါလေးက crystal ရဲ့ ပုံလေး။


ကဲ ..ကဲ ဒီ့ထက် ပုံလေးတွေ ပိုကြည့်ချင်တယ်ဆိုရင်တော့

ဒီနေရာလေးကို ကလစ်လိုက်ပါနော်

ထိုင်းနိုင်ငံ၏ ရှုခင်းများ သို့

လေးစားစွာဖြင့်
crystal