သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, September 23, 2010

ဆားလှော်မိသော အခါဝယ်...

ထိုင်းနိုင်ငံရဲ့ Tour Season အတွက် crystal တစ်ယောက် အလုပ်များလို့နေပါတယ်။ ဧည့်သည်များလည်း ရောက်ရှိနေတာကြောင့် ရောက်တတ်ရာရာနေရာလေးတွေ သွားရင်း ဓာတ်ပုံလေးတွေ ရိုက်ခဲ့ပါတယ်။ အလုပ်ဆိုဒ်အတွက် ရိုက်ခဲ့တာဖြစ်သော်လည်း crystal ရဲ့ မိတ်ဆွေတွေပါ ပုံလေးတွေ ကြည့်ချင်ကြမလားဆိုတဲ့ ကြံစည်စိတ်ကူးရတာကြောင့် “အကြံကုန် ဂဠုန်ဆားချက်” မဟုတ်ပါကြောင်းနှင့် ဆားလှော်လိုက်ရခြင်းဖြစ်ပါကြောင်း...။

crystal ရဲ့ ကျေးဇူးရှင် bliss ရဲ့ ပုံလေးပါ။
ချစ်စရာလေးနော် အဟိ။

ဆင် စီးနေတာနော်၊ ဘာကောင်လေးမှန်းမသိမှာစိုးလို့ပါ။

ဒါလေးက crystal ရဲ့ ပုံလေး။


ကဲ ..ကဲ ဒီ့ထက် ပုံလေးတွေ ပိုကြည့်ချင်တယ်ဆိုရင်တော့

ဒီနေရာလေးကို ကလစ်လိုက်ပါနော်

ထိုင်းနိုင်ငံ၏ ရှုခင်းများ သို့

လေးစားစွာဖြင့်
crystal

Monday, September 6, 2010

မုဆိုးနဲ့ သားကောင်


မုဆိုးက မုဆိုး
သားကောင်က သားကောင်

ပြုသူနဲ့ ဖြစ်သူ

ဗုံလုံတလှည့် ငါးပျံတလှည့်

ပေဖြစ်တုန်း ခံရပြီး
တူဖြစ်လို့ နှံနေတာကြောင့်

အော်.............ဒီသံသရာတောမှာ

မုဆိုးနဲ့ သားကောင်
တစ်သားတည်းဖြစ်ဖို့အရေး
အလှမ်းဝေးလို့နေသေး။ ။


Wednesday, September 1, 2010

ရှေ့သို့ တိုးရနိုးနိုး...

ဟိုးအဝေးဆီက ယိမ်းနွဲ့နေသော စပါးခင်းကို ငေးမိရင်း ရွာမှာ စာကြည့်တိုက်နဲ့ အိုင်တီစာသင်ခန်းလေး ဖွင့်ထားတာ ဒီလဆို သုံးနှစ်ရှိပြီပေါ့။ အခုဆိုရင် ရွာက ကလေးတွေလည်း ပညာရေးကို စိတ်ဝင်စားလာကြပြီ၊ လူကြီးမိဘတွေကလည်း မြေတောင်မြှောက်ပေးဖို့ နည်းလမ်းတွေ စိတ်ကူးတွေ ပေါ်ထွက်လာကြပြီ။ ရင်မှာ လှိုက်တက်လာတဲ့ ပီတိက တစ်ကိုယ်လုံးကို စိမ့်သွားလေ၏။ အော် မောရကျိုးနပ်ပေစွ။ ရွာသူရွာသားများအတွက် အကျိုးရှိအောင်ဆောင်ရွက်နိုင်ခဲ့ပြီ။
မိမိမှာကား ယခုအထိ ကြည်ပြာအား ဘယ်လို စလုံးရေ စရမှန်းပင်မသိချေ။ ဟိုတနေ့ကတော့ဖြင့် “ကြည်ပြာရေ အားတော့ဖြင့်ရင် စကားပြောကြရအောင်”ဟု စကားစထားမိချေသေး၏။ ကြည်ပြာ-ခမျာလည်း အားရသည်မရှိ စာဝိုင်းပြနေပေးနေရတာနဲ့ သူလည်း ပင်ပန်းရှာပေမပေါ့လေ။ တပည့်ကောင်း ပီသပါပေတယ်။ မိန်းမပီသပြီး ဆရာမပုံစံလေးနဲ့ဆိုရင် သူမနဲ့ ပိုတောင် လိုက်ဖက်ညီနေသေးတယ်။ ယနေ့တော့ ကြည်ပြာတစ်ယောက် ဆရာအားရင် စကားပြောရအောင် ဒီနေ့အားပါတယ် ဆရာလို့ ပြောလာ၏။ ခဏနေရင် သူမ လာချေတော့မှာပါလား၊ ရင်တွေ ခုန်လိုက်တာ။ ဟော တံခါးသံကြားတယ်၊ လာပြီ.....ထင်တယ်။ ဆရာလို့ ခေါ်မလား၊ ဆရာမျိုး ကြည်ပြာရောက်ပြီ ပြောမလား။
ထိုအချိန် ပခုံးကို လှုပ်ကိုင်ခံရ၍ ကြည့်လိုက်သော်................

“အရှင်ဘုရား အရှင်ဘုရား......ရွာရောက်ပါပြီဘုရား။ ဒီရွာမှာ ဆင်းမှာမဟုတ်လား။
“အော် အေး အေး ဒကာ ပစ္စည်းတွေ ကူချပေးပါအုံးနော်”။
အော် အိမ်မက်ပေပဲကိုး။
ထိုစဉ် အရှင်ဘုရား တပည့်တော်တို့ ပစ္စည်းတွေ သယ်ပေးရမလားဘုရား။ ဆိုက်ကားဆရာ အမေးစကားကို လက်ခံလိုက်၏။ ဆိုက်ကားဆရာက အရှင်ဘုရား ကြွပါဘုရား ဆိုစကားကိုတော့ ငြင်းပယ်ကာ “ကိုယ်တော် ရွာထဲမယ် လမ်းလျှောက်ပြီး ကြည့်ချင်လို့ သွားနှင့်ပါ ဒကာ၊ မယ်တော်ကြီးအိမ် သိတယ်မဟုတ်လား”
“မှန်ပါဘုရား၊ အိမ်အရောက်ပို့ပေးပါမယ်ဘုရား”ဟု နှုတ်ဆက်ကာ သွားလေ၏။
သို့နှင့် ရွာထဲသို့ဝင်လာခဲ့သော ရင်ဝယ် ခံစားမှုတစ်ခုကို သိလိုက်ရ၏။ နောက် ကားပေါ်က အိမ်မက်ကို သွားသတိရ၏။ ဟယ် ဘာတွေ တွေးနေပါလိမ့် ဟင်း “အနိစ္စ၊ ဒုက္ခ၊ အနတ္တ”ပါတကား။ အင်း ရွာထဲဝင်လာတော့ ကစားဖော် ကိုရင်ငယ်နဲ့ ကိုရင်လေးကို သတိရမိသေးတယ်။ သူတို့ကတော့ ပဉ္ဖင်း (၅)ဝါ ရမှများ ရှေ့ဆင့် နောက်ဆင့် လူထွက်ကုန်ကြတယ် အံ့ရော...။ လူဘဝရောက်တော့လည်း ကိုရင်ငယ်ဆိုတဲ့ “ငရဲ”က မိန်းမယူတာ အခုနောက်ဆုံးတစ်ယောက်ပါနဲ့ဆို လေးယောက်မြောက်ဖြစ်သွားပြီ။ မေးတော့လည်း ပထမတစ်ယောက်က အမိအရာထားကာ အားကိုးလို့၊ နံပါတ်နှစ်မြောက်ကြတော့ စီပွါးရေး ကျွမ်းကျင်လို့၊ သုံးယောက်မြောက်ကြတော့ အပြုစု တော်လို့၊ အခု နောက်ဆုံးကြတော့ အခုမှ အချစ်ကို တွေ့သတဲ့။ အသက်က အခုမှ လေးဆယ်မကျော်သေးဘူး၊ ဟင်း ဒုက္ခ ဒုက္ခ ဒုက္ခ...။
အဲ နောက်တစ်ယောက် ကိုရင်လေးလို့ ခေါ်တဲ့ “လုံးလေး”ကြတော့ မိန်းမက အားလုံးတော်ပါရဲ့ ပါးစပ်က ဆိုးလို့တဲ့၊ နောက်တစ်ယောက်လှမ်းမယ် ကြံကာရှိသေး၊ မိန်းမက သိလို့ ပြဿနာတွေ ဒုနဲ့ဒေး။ ဒီကောင်တွေ စနစ်မကျပုံများ မပြောချင်ပါဘူး၊ တောင်တွေး မြောက်တွေးနဲ့ အတွေးတွေက ဟိုတစ်စ ဒီတစ်စ။
အော် အိမ်တွေမှာ ပြူတစ်ပြူတစ်နဲ့ ထွက်နှုတ်ဆက်တာလည်း မဟုတ်၊ ဘယ်လိုတုန်း၊ အော် ဒါက ဒကာမလေး မကြည်ပြာအိမ်၊ အင်း ဘယ်ရောက်နေသလဲမသိဘူး၊ ငြိမ်လို့ပါလား။
ဟောဟိုက သူကြီးအိမ်...
“အရှင်ဘုရား မာပါရဲ့နော်”။
“ပို့သတဲ့ မေတ္တာကြောင့် မာပါ့ ဒကာမကြီးရေ”။
“အရှင်ဘုရားလာမယ်ဆိုလို့ မယ်တော်ကြီးက မျှော်နေလေရဲ့၊ ကြွလိုက်ချေအုံးနော်။ နောက်မှ တပည့်တော်နဲ့ သူကြီးလာခဲ့ပါ့မယ်ဘုရား”။
“ကောင်းပါပြီ ဒကာမကြီး”၊ သူကြီးကတော် ဒကာမကြီးနဲ့ နှုတ်ဆက်စကားပြောဆို...
အင်း ဒီလိုနဲ့ ခြေတံရှည်အိမ်ဖြစ်တဲ့ ကျုပ်အိမ်ကို ရောက်ပါလေရော။ အမယ် လူစည်လှချေလား။
အစ်မများက “အရှင်ဘုရားက အိမ်ကနေပဲ စောင့်နေပါဆိုလို့ပါ နို့မဟုတ်ရင် ကားဂိတ်မှာ ကြိုချင်တာပါဘုရား”။
“အေး အလုပ်မများစေချင်လို့ပါ အစ်မတော်ရာ၊ ဒါနဲ့ များလှချေလားဟဲ့ သူငယ်မတွေက”။
“မှန်လှပါဘုရား။ အရှင်ဘုရားက နိုင်ငံခြားကနေတောင် ဒီကို ပြန်လာတာဆိုတော့ လာကြည့်ကြတာပါ ဘုရား။ အပေါ်မှာ မယ်တော်ရှိပါတယ်ဘုရား၊ အပေါ်ကို ကြွပါဘုရား”။
ဤသို့လျှင် မယ်တော်ထံရောက်၊ ခမည်းတော်ကြီးကို နှုတ်ဆက်လို့ နေ့ဆွမ်း အမီ ပြင်ကြဆင်ကြနဲ့။ သူတို့ပြင်ဆင်နေကြတုန်း မယ်တော်ကြီးအား ပြောရန်စကားများ ပြင်ဆင်နေမိ၏။ အဲ နေ့ဆွမ်းစားအပြီး ကိုယ်တော် အေးဆေးနားဖို့ လူများ အနည်းငယ်ရှင်းသော နေရာမယ် မယ်တော်ကြီးနဲ့ ကျုပ်တို့ သားအမိနှစ်ယောက် ကွမ်းအစ်လေးနှင့် လေသာပြတင်းဘေးနားဝယ် ထိုင်မိကြလေ၏။ ပါးစပ်ကလည်း “ကိုင်း ဒကာမကြီး....ကိုယ်တော် ပြောစရာရှိတယ်” ဤသို့ လှမ်းပြော၍ စိတ်ဝယ် ဤသို့ စဉ်းစားထား၏ (ဒီလိုပါ အမေ အခုဆို မြန်မာ့အသိပညာ ကမ္ဘာ့အသိပညာတွေ စုံလင်လာတော့ကာရယ် ကိုယ်တော့် ဝါသနာပါတာနဲ့ ပေါင်းပြီး ရွာမှာ အသိပညာများ တိုးတက်ကောင်းမွန်အောင် လုပ်ဖို့ ကိုယ်တော် လူထွက်ပြီးသကာလ စွမ်းစွမ်း တမံ....စွမ်း..စွမ်း...စွမ်း)
“အင်း အမေလည်း ပြောစရာရှိတယ် ကိုယ်တော့်ကို၊ အမေဆိုတော့ တပည့်တော်ကပဲ အရင်လျှောက်ပါရစေ... ဘုရား”။
“အိမ်း ကဲ လျှောက်ပါလေ”။
“အမယ်အိုမှာ ဒီသားတစ်ယောက် ရဟန်းဘောင်တက်သွားတာ နေ့စဉ်နေ့တိုင်းတွေးမိရင်း ကုသိုလ်တွေ ရနေသပ....တော်... အခုလို ပညာတွေက..တော် ကဝိ အကျော်အမော် ဖြစ်လာတော့ ဒီအမေမှာ ဟောဒီက ဗိုက် ဘယ်လောက်နာနာ (ဗိုက်ကို ပုတ်ခါ)အခါတစ်ရာ မွေးချင်စမ်းပါဘိတော့တယ်။ ဟော ပြောရင်းနဲ့တောင် ကြက်သည်းများလည်း ထမိရဲ့။ တပည့်တော်မှာလေ ဦးဇင်းလေး ရဟန်းဘောင်စဝင်တဲ့နေ့ကတည်းက အော် ငါ့မှာ ဒီသားကြောင့် နေ့တိုင်း ကုသိုလ်တွေ ရတော့မှာပဲလို့၊ ကြည်နူးလိုက်ရတာ အခုကြည့်စမ်း.. သားက ပညာတတ်ကြီးဖြစ်ပြီ။ အမေ ကျေနပ်ပါပြီ သားရယ်၊ ဒီလိုပဲ သာသနာ့တာဝန်တွေ ထမ်းစမ်းပါ၊ အမေလေ ကိုယ်တိုင် မထမ်းရပေမယ့် သားရဟန်း ထမ်းတာမြင်တော့ ကိုယ်တိုင်ဆောင်ရွက်ရသလိုပါပဲကွယ်။ နောက်တစ်ခု လျှောက်ထားချင်တာကတော့ ကိုယ်တော့် သူငယ်ချင်းတွေလို လူမထွက်စမ်းပါနဲ့နော်။ လူထွက်ရင် ဟောဒီ..အမယ်အိုလေ (ရင်ဘတ်ကို တီးကာ) ရှက်လွန်းလို့ သေရပါလိမ့်မယ် သားရယ်။ ဟီး....ဟင့်...ဟင့်။

“ဟ.... ဟ....အမေ ဟိုလေ ...တိုးတိုးလေ အော် သူများတွေ တစ်မျိုးထင်ကုန်ပါအုံးမယ်။ ရော ခက်ချေရဲ့”။ ဒီအချိန်မှာပဲ ဘယ်ချောင်က နားထောင်နေကြသည်မသိ၊ အောက်ထပ်က ကာလသမီးများ ရှေ့တော်မှောက်သို့ ရောက်လာကြလေ၏။ ဤသို့လျှင် အစ်မများ ညီမများနဲ့ ကြည်ပြာအပါအဝင် ဒကာမများ မျက်နှာလေးများ မသာမယာနဲ့ရှိနေကြလေ၏။ ထို့နောက် ကြည်ပြာက “အရှင်ဘုရားကို ကိုရင်သာမိဘဝကတည်းက ကြည်ညိုလာခဲ့တာပါဘုရား၊ လူထွက်မယ်ဆိုရင်ဖြင့် ကြည်ပြာတို့ ဝမ်းနည်းလို့ မဆုံးနိုင်ဘူးဖြစ်ချေပါတော့မယ်ဘုရား”လို့ မျက်ရည်လည်ရွှဲနဲ့ စကားဆို၏။
“ကဲကဲ အားလုံးတိတ်ကြပါတော့။ လူမထွက်ပါဘူးဟာ၊ ငါအခုလာတာက ဆရာတော်တွေက သာသနာပြု စေလွှတ်တဲ့ နေရာကို သွားရင်လည်း သွားရမယ်၊ ရွာမှာပဲ သာသနာပြုရမလား မသေချာသေးခင် ရွာကို အလည်လာတာပါ”ဟုပြောရတော့သတည်း။
စိတ်ထဲတွင် “ဒီကောင်တွေတော့လားနော်....ဟင်း” လူဘောင်သို့ စောလျင်စွာ ထွက်သွားကြလေသော် ငယ်သူငယ်ချင်းကိုသာ “ဟင်း” မိတော့သည်။

ဒီလိုနဲ့ အတိုချုံးကြပါစို့ရဲ့၊ ကျောင်းတော်ကို ပြန်ရောက်ကာ ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူဖို့ရန်သာ စောင့်ဆိုင်းနေ၏။ ထိုရက်တွင် ကျုပ်၏ ငယ်သူငယ်ချင်း ပဉ္ဖင်းလူထွက်များ ရောက်လာကြကာ နိုင်ငံခြားပြန် ကိုယ်တော်ကို လာရောက်ဂါရဝပြုတာပါဟု ပြောကြ၏။ လူထွက်ရန်ကိစ္စကို သင်းတို့ကို တိုင်ပင်ဖူးလေသော် “ဘယ်လိုလဲဘုရား ရွာမှာ ပြောခဲ့ဆိုခဲ့ပြီလားဘုရား”ဟု လျှောက်ထားကြလေ၏။
ထိုအခါ “ကိုင်း မေးမနေကြနဲ့ သွားကြတော့ကွာ”လို့ ပြောလေသော် မရ၊ တဆင့်တိုးကာ.......

“အရှင်ဘုရားဘာဖြစ်လို့ပါလဲဘုရား”
“ဟယ် ... မေးမနေနဲ့လို့ ပြောနေတယ်”
“ပြောပါဘုရား ကြည်ပြာက ငြင်းလိုက်လို့လားဘုရား”
“တယ် ရာရာစစ ငြင်းစရာလား။ ကိုင်း မင်းတို့ပဲ ပြေးနိုင်မလား ငါပဲ လိုက်နိုင်မလားနော်”
“အောင်မလေး ကိုရင်သာမိ ကြိမ်လုံးနဲ့ ရိုက်တယ်ဟေ့ ပြေးဟေ ပြေးဟ”

လေးစားစွာဖြင့်
ခရစ္စတလ်