သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, February 27, 2011

ဒီနေ့မှာတော့ ....

ပထမဆု

မလွမ်းလောက်ပါဘူး

ပြန်တွေးကြည့်

မင်းဖုန်းပိတ်ထားတဲ့ည

ယောက္ခမ

အလုပ်ရှုပ်သူ

ရှည်ကြာလွန်းတဲ့ အခိုက်အတန့်များ

အသက် လေးဆယ်

မိုးမိုးကို အဆိုတော်အနေနဲ့ သိခဲ့ပေမယ့် သူ့သီချင်းတွေ နားမထောင်ခဲ့ဖူးပါ၊ လူရွှင်တော်နဲ့ သရုပ်ဆောင်ကိုတော့ သဘောကျမိပါရဲ့ ဒီနေ့မှာတော့ သီချင်းတွေ့လို့ နားထောင်မိတယ်။ ပြီးတော့ အခုတလော ကျန်းမာရေးက ကိုယ့်ဘက်မပါလို့ လိုင်းမှာ သီချင်းတွေ ရှာလိုက်တာ ဒါလေးတွေ ကြိုက်မိသွားပါလေရောရှင်။ သီချင်းစာသားတွေနဲ့ သံစဉ်ကို သေချာနားဆင်ခံစားကြည့်နေမိပါ၏။
ပိုစ့်တွေ ရေးနိုင်ဖို့တော့ အားမွေးရလိုက်ပါအုံးမယ်နော်။ 

လေးစားစွာဖြင့်
crystal

Sunday, February 20, 2011

နို့ဓမ်းပင်လယ်ထဲက စစ်ပွဲ

(နာမည်ကျော်တဲ့ အန်ကောထုံရှိ ရုပ်ထုကြီးများရဲ့ ဇာတ်လမ်းကို crystal သိသမျှ လက်ဆင့်ကမ်းမျှဝေလိုက်ပါတယ်နော်။ အကယ်၍ အမှားအယွင်းများရှိခဲ့ပါလျှင် crystal ၏ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်းကို  ကြိုတင်တောင်းပန်လိုက်ပါတယ်။ ဒီပိုစ့်ကို ဘာသာရေးအရ မရှုမြင်ကြပဲ ပြဇာတ်တစ်ခုကဲ့သို့သာ မြင်ပေးကြစေလိုပါတယ်။)


ဟိုးးးးးရှေးယခင်က ကမ်ဘောဒီးယားနိုင်ငံကို ဟိန္ဒူဘာသာကိုးကွယ်မှုများသည် အိန္ဒိယကုန်သည်များ ဝင်ရောက်ခဲ့ရာမှ  ရောက်ရှိလာခဲ့ပါတယ်။ ဒီကိုးကွယ်မှုဆိုင်ရာတွေထဲက အထင်ကရတစ်ခုဖြစ်တဲ့ နို့ပင်လယ်စစ်ပွဲဖြစ်ပွါးခဲ့ပုံကို အန်ကောဝပ်ထဲမှာ ရုပ်ထုများဖြင့် ထုလုပ်ဖေါ်ကျူးခဲ့ကြပါတယ်။ 
ရုပ်ထုတွေက ပြောပြတဲ့ ဇာတ်လမ်းလေးက ဒီလိုပါ....။
လောကတွင် သီတာခုနှစ်တန်ဆိုတာရှိသတဲ့လေ၊ သတ္တဝါတို့၏ ကိုးကွယ်ဖြစ်တော်မူသော မြတ်စွာဘုရားရဲ့ စက်တော်ရာထဲမှာလည်း ပါတယ်လို့ ဆိုပါတယ်။
၁) လဝဏသီတာ - ဆားငန်ရေ (၂) ဥစ္ဆုသီတာ - ကြံရည်ချိုရေ (၃) သုရာသီတာ - သေရည်
၎) သာဓိသီတာ - အမှုခပ်သိမ်းပြီးစေတတ်သောရေ (၅) ဒဓိသီတာ - နို့ဓမ်းရည်
၆) ဒုဒ္ဓသီတာ - နို့ရည် (၇) ဇလသီတာ - ရေချို ဖြစ်ပြီး (၅)ခုမြောက်ဖြစ်သော နို့ဓမ်းရည်ပင်လယ်ကို ဖြတ်ကူးပြီးတဲ့အခါမှာ အလောကရောက်ပါတယ်။ လောက(ကမ္ဘာ)နှင့် အလောက(အာကာသ)တို့ပိုင်းခြားထားတာက ငါးခုမြောက်သော နို့ဓမ်းပင်လယ်လို့ဆိုပါတယ်။ အဲဒီ နို့ဓမ်းပင်လယ်ရဲ့ အလယ်ဗဟိုမှာ အမြိုက်ရေစင်ရှိပါတယ်တဲ့လေ။ အဲဒီအမြိုက်ရေစင်က အသက်ကို ထောင်သောင်းမကရှည်ကြာစွာနေနိုင်တယ်လို့ ဆိုကြတယ်။ အဲ မသေဆေးဆိုပါတော့၊ မအို မနာ မသေဆေးလို့ ခေါ်သပေါ့နော်။ အဲဒီရေစင်ကို လောကကောင်းကျိုးကို လိုလား စောင့်ရှောက်လျှက်ရှိကြတဲ့ ကောင်းသော နတ်များနဲ့ ကောင်းကျိုးမလိုလားသော နတ်များက အတူတကွစောင့်ရှောက်လျှက်ရှိကြပါသတဲ့ကွယ်။ အခုလို စောင့်ရှောက်ဖို့အတွက် စီစဉ်ညွှန်ကြားတာက ဗိဿနိုးနတ်မင်းကြီး။ ဟိန္ဒူကျမ်းများအရ ကောင်းတဲ့နတ်တွေကို ဒေဝါ ဟု ခေါ်ဆိုကာ နတ်ဆိုးတွေကိုတော့ အသူရာလို့ခေါ်ကြပါတယ်။ နောက်ပိုင်းမှာ ဒေဝါနဲ့ အသူရာတို့ အချင်းချင်း မတည့်တော့ကြတဲ့အတွက် အမြိုက်ရေစင်ကိုပါ လုတဲ့အထိဖြစ်လာခဲ့ပါတယ်။ ဒေဝါ နတ်ကောင်းတွေကို ဦးစီးသူက သိကြားမင်းဖြစ်ပြီး ကောင်းကျိုးမလိုလားတဲ့ နတ်တွေရဲ့ ဦးစီးကတော့ အသူရာနတ်မင်းကြီးဖြစ်ပါတယ်။

အမြိုက်ရေစင်အတွက် စစ်တိုက်ခြင်း
အမြိုက်ရေစင်ကို လုနိုင်ရင် ယူကြဖို့ကို ဗိဿနိုးနတ်မင်းကြီးက ပြောပါတယ်၊ လုတဲ့အခါမှာလည်း တန်ခိုးကြီးနတ်နဂါးဖြစ်သော ဝါသုကီနဂါးမင်းကိုယ်ကို လွန်အဖြစ်ဆွဲပြီး နိုင်တဲ့ဘက်က ယူရမှာဖြစ်ပါတယ်။ ဝါသုကီနဂါးမင်းဆိုတာ “ပါတာလ” ကို အုပ်ချုပ်တဲ့ နဂါးမင်းဖြစ်ပါတယ်၊ သူ့မှာ ဦးခေါင်း ခုနှစ်လုံးရှိပါတယ်။ လွန်ဆွဲကြတဲ့အခါမှာလည်း တောင်ကြီးကို နဂါးက ပတ်ပြီး ဦးခေါင်းဘက်က အသူရာတို့က တစ်ဘက်၊ အမြီးပိုင်းက သိကြားမင်းဘက်က တစ်ဘက် ဆွဲကြပါတယ်။ အဲလိုဆွဲကြတဲ့အခါမှာ အမြိုက်ရေစင်ထွက်မလာပဲ သမုဒ္ဒရာတွင်းကရေတွေဟာ ဖောက်ပြန်ပြီး အဆိပ်တွေသာ ထွက်လာပါသတဲ့။ ဒီလို အဆိပ်တွေထွက်လာတဲ့အခါ လောကမှာ တန်ခိုးကြီးသူတစ်ဦးဖြစ်တဲ့ သီဝနတ်မင်းကြီးဆီကို ဒေဝါနတ်တွေနဲ့ အသူရာတွေက ကူညီဖို့ တောင်းပန်ကြပါတယ်။ ဒါနဲ့ သီဝနတ်မင်းကြီးက မျိုချပေးလိုက်ပါတယ် ဒါကြောင့် သီဝနတ်မင်းကြီးရဲ့ လည်ပင်းမှာ ပြာနှမ်းသွားရတာလို့ဆိုတယ်။ သူတို့လွန်ဆွဲတာလည်း မပြီးသေးပါဘူး၊ ဆက်ပြီး လွန်ဆွဲကြပါတယ်၊ တကယ်တမ်းမှာ အသူရာတွေက နိုင်သွားပေမယ့် ဗိဿနိုးနတ်မင်းကြီးက ဒေဝါနတ်တွေကိုပဲ နိုင်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ နတ်မင်းကြီးက နတ်သမီးလေးယောင်ဆောင်ပြီး လှည့်ဖြားတာကြောင့် အသူရာတို့ရှုံးသွားတယ်လို့ ဇာတ်ကတာတွေ့ရပါတယ်။ 
 ဇာတ်ကြောင်းကို အားဖြည့်ကူညီပြောပြသူကတော့ အနီးဆုံး ဘလော့ဂါအသစ်လေးဖြစ်ပါတယ်။ 
(အောက်ပါ ဇာတ်လမ်းလေးကတော့ မြတ်စွာဘုရား ဟောကြားခဲ့တာမဟုတ်ပါ၊ ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ရာလည်း မဟုတ်ပါဘူး၊ ဗဟုသုတအဖြစ်သာ ရှာဖွေတွေ့ရှိထားတာလေးကို ကူးယူတင်ဆက်ထား ပါတယ်နော်။ crystal ကတော့ မျက်စိတွေတောင်လည်တယ် ဇာတ်လမ်းထဲက ဇာတ်ကောင်တွေ မရောသွားအောင် အတော်မှတ်ရတာကလားလေ...)

ဗာဟ္မဏ၀ါဒအလိုအရ ထာဝရဘုရားသခင်သည် ဤလောကကို ဖန်ဆင်းခဲ့ရာတွင် လုပ်ငန်း သဘာဝပေါ်မူတည်၍ တာဝန်ခွဲဝေအပ်နှင်းနိုင်ရန် မိမိကိုယ်ကို သုံးကိုယ်ခွဲလိုက်သည်။ တစ်ကိုယ်က လောက ကြီးကို ပြည့်စုံစွာဖန်ဆင်းရန်တာဝန်ယူရပြီး သူ့အမည်ကို ဗြဟ္မာ ဟုခေါ်တွင်စေသည်။ နောက်တစ်ကိုယ်က ဖန်ဆင်းပြီးသော ဤလောက ကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ယူရပြီး သူ့ကို ဗိဿနိုး ဟုအမည်တွင်စေပြန်သည်။ နောက်ဆုံးတစ်ကိုယ်ကမူ ဤလောကကြီးအား ဖျက်သိမ်း ပျက်စီးစေလိုသည့်အခါ အဖျက်လုပ်ငန်းများကို ဆောင်ရွက်ရန်တာဝန်ယူရပြီး သူ့အား သီဝ(သျှီဗ)ဟု ခေါ်တွင်စေခဲ့ပါ သည်။ ဤထာဝရဘုရား ဣဿရ၏ ကိုယ်ပွား သုံးဆူသောနတ်ဘုရားတို့မှာ လိင်အားဖြင့် ပုရိသလိင် (အဖို)များအဖြစ် သတ်မှတ်ကြပါသည်။ လောက၏ သဘာဝအရ ကောင်းကင်ရှိလျှင် မြေကြီးရှိရမည်၊ အလင်းရှိလျှင် အမှောင်ရှိရမည်၊ အဖိုရှိလျှင် အမလည်း ရှိရပေမည်။ ထို့ ကြောင့် ယင်းသုံးဆူသော နတ်ဘုရားတို့တွင်လည်း ကြင်ရာတော်နတ်သမီးကြီးများလည်း ရှိရမည်ဖြစ်ရာ ဗြဟ္မာ၏ကြင်ရာတော်ကား သူရဿတီ၊ ဗိဿနိုး၏ကြင်ရာတော်ကား လက်ချမီး၊ သီဝ၏ကြင်ရာတော်ကား စန္ဒီ(ကာလီ)ဟူ၍ ဒွိယံဒွိယံ ကြင်ဖက်သက်နှံများပေါ် ပေါက်လာရတော့သည်။ အ၀လောကိတေဿရ ဘုရားလောင်းအား ကိုးကွယ်ကြသည့် မဟာယာနဗုဒ္ဓဘာသာဝင်တို့၏ အာဒိဗုဒ္ဓ(ခေါ်) အမိတာဘာထာဝရဘုရားတွင် ကြင်ရာတော်နတ်ဘုရားမ ပါဏ္ဍရာရှိသည်ဟူသောအယူအဆသည် ဗြာဟ္မဏ၀ါဒ၏ နတ်ဘုရားစုံတွဲအယူအဆမှ ဆင်းသက်လာရခြင်းပင် ဖြစ်ပါသည်။ ထို့အပြင် ရှေးအခါကဗြာဟ္မဏ၀ါဒီတို့သည် သူတို့၏အတ္တ၀ါဒကို ဆန့်ကျင်ခဲ့သည့် ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားအား ချိုးနှိမ်၊ နှိမ့်ချလိုသဖြင့် ဗိဿနိုးနတ်မင်း၏ ကိုယ်ပွား လူဝင်စားတစ်ဦးဖြစ်သည်ဟု ပြောဆို ရေးသားခဲ့ကြသေးသည်။


နဂါးမင်း ကိုယ်နဲ့ ပတ်ခွေထားတဲ့ တောင်ကြီးကတော့ Mandara Mount လို့ ဆိုထားတယ်၊ ဗိဿနိုးနတ်မင်းက လိပ်ကို စီးပြီး ဒိုင်လူကြီး လုပ်ပုံရပါတယ်။ အမြိုက်ရေစင်အပြင် အခြားသော ရတနာများပါ ထွက်လာကြောင်းကို အိန္ဒိယဇာတ်ကားများ က ဒီလို ရိုက်ကူးထားတာ တွေ့ရပါတယ်။ မြတ်စွာဘုရားက အနတ္တဟောကြားခဲ့တာဖြစ်ပြီး ဗာဟ္မဏ၀ါဒကတော့ အတ္တတွေ အကြောင်းပြောကြားခဲ့ပါလားလို့ ဒီဇာတ်ထုပ်ကို ကြည့်မှ သိရပါတော့တယ်ရှင်။ 

အခြားဆက်စပ်သော အကြောင်းအရာများကိုလည်း စုစည်းတင်ဆက်ပေးထားပါတယ်

အာလိန် (၅)ဆင့်
သဂါထာဝဂ္ဂသံယုတ်။ ပါ။ ၂၁၈။ ၎င်းင်။ ဋ္ဌ။ ၃၁၀။ ဓမ္မပဒ။ ဋ္ဌ။ ပ-အုပ်။ ၁၇၇-တို့၌အကျယ်ရှုပါ။ မရိုးစည်လုံးသဏ္ဍာန်ကဲ့သို့ အလယ်ပူ အထက်ရှူးနေသော မြင်းမိုရ်တောင်ကြီး၌ အပြင်ဆင်ဝင်တောင်ခါးပန်းစွန်း ငါးဆင့်ရှိကုန်၏၊ ၎င်းင်းကိုပင် အာလိန်ငါးဆင့်ဟု ခေါ်ဆိုသည်မှတ်။ ထိုအာလိန်ငါးဆင့်တို့သည် တစ်ဆင့်တစ်ဆင့်၌ အထု၏လည်းကောင်း၊ အပြင်၏လည်းကောင်း အတိုင်းအရှည်ပမာဏအားဖြင့်ယူဇနာငါးထောင်စီ အသီးသီးရှိကုန်၏။
မြင်းမိုရ်တောင်၏ ရေပေါ် ယူဇနာရှစ်သောင်းလေးထောင်တွင် အောက်ထက်ဝက်ဖြစ်သော ယူဇနာ
လေးသောင်းနှစ်ထောင်ကို ငါးစုပြုသော် အောက်ဆုံးအစုသည် ပဌမအာလိန်မည်၏။
(၁) ပဌမအာလိန်သည် ရေ အထက်ပေါ်နေသည်ကား ထက်ဝက်, ရေအောက်နစ်နေသည်ကား ထက်ဝက်ဖြစ်၏၊ ထိုပဌမအာလိန်၌ နဂါးမင်းတို့နေ၏။
(၂) ထိုအထက် ဒုတိယ အာလိန်ကား လက်ပံပင်တောကြီးအတိဖြစ်၍ ဂဠုန်မင်းတို့ နေကြကုန်၏။
(၃) ထို့အထက် တတိယအာလိန်ကား ဂုမ္ဘဏ်တို့ နေရာဖြစ်၏။
(၄) ထို့အထက် စတုတ္ထအာလိန်ကား ဘီလူးရက္ခိုသ်တို့၏ နေရာဖြစ်၏။
(၅) ထို့အထက် ပဉ္စမအာလိန်ကား မြင်းမိုရ်တောင်၏ခါး ယုဂန္ဓိုရ်တောင်၏ထိပ်နှင့် ညီမျှ၍ "ဓတရဋ္ဌ, ၀ိရူဠက, ၀ိရူပက္ခ, ကုဝေရ" အမည်ရသော နတ်မင်းကြီးလေးပါးတို့၏ နေရာ စတုမဟာရာဇ်နတ်ပြည်ပင်ဖြစ်လေ၏။
မှတ်ချက်။ ။ လောက၌ ယူဇနပေါင်း (၈၄၀၀၀) မြင့်မားသော မေရုရာဇာ မြင်းမိုရ်တောင်ကားအမှန်ရှိ၏။ သို့သော် လူသားများကား အနန္တတန်ခိုးရှင် သဗ္ဗညု မြတ်စွာဘုရားသခင်နှင့် စကြာရတနာမင်းမြတ်တို့- ပွင့်ထွန်းပေါ်ပေါက်လာသော ကာလမျိုး၌သာ တွေ့မြင်ကြရကြောင်း၊ ရှေးသူဟောင်း ပဋကပညာကျော် ဆရာတော်ကြီးများ ပြောကြားတော်မူကြသည်ကို မှတ်သားရဖူး၏။ ကျမ်းစာသာဓကများကိုတော့ မသိရဖူးချေ။

မင်္ဂလာသတင်းစဉ် မှ ကူးယူတင်ဆက်ပါသည်။

(မြင့်မိုရ်တောင်)
စကြဝဠာ အလယ်ဗဟို ယူဇနာ တသိန်းခြောင်သောင်း ရှစ်ထောင်-မြင့်သောမြင့်မိုရ်တောင်သည် တည်ရှိနေ၏။ ယူဇနာ ရှစ်သောင်း လေးထောင်သည် သမုဒ္ဒရာရေတွင် နစ်မြှုပ်နေ၏။ အထက်ပိုင်း မြင့်တက်နေသော အတိုင်းအတာမှာ ယူဇနာ ရှစ်သောင်း လေးထောက်-ရှိ၏။ ထို့ကြောင့် ရှစ်သောင်း လေးထောင်-အမြင့်ဆောင်သော မြင်းမိုရ်တောင်ဟု ခေါ်ဝေါ်သမုတ်ကြပါသည်။

ထိုမြင့်မိုရ်တောင်ကြီး၏ ပတ်ဝန်းကျင်၌ သီတာခေါ် မြစ်တစင်းက တံတိုင်းခတ်သလို ပတ်ရံလျက် ရှိနေလေ၏။ ထိုသီတာ၏ပြင်ဘက် ယုဂန္ဓိုရ်တောင် တည်ရှိသည်။
အမြင့်မှာ မြင်းမိုရ်တောင်၏ တဝက်သာမြင့်၍ သမုဒ္ဒရာရေအတွင်းသို့ တဝက်ဝင်နေသည်။ ထိုယုဂန္ဓိုရ်တောင် ပြင်ဘက် သီတာမြစ်ခြား၍ ဣသိန္ဓိုရ်တောင် တည်ပြန်၏။ ပြင်ဘက်တွင် သီတာမြစ် ခြားပြန်၏။

ဤနည်းအတိုင်း မြင့်မိုရ်တောင်ကို သီတာ ၇-တန်နှင့် တောင်စဉ် ၇-ထပ်တို့ ရံပတ်တည်ရှိကြသည်။
ထိုတောင်များ၏ ပြင်ဘက်၌ သမုဒ္ဒရာရေပြင်ကြီးသည် စကြာဝဠာတံတိုင်းအထိ တည်ရှိလေသည်။ ထိုရေပြင်၏ အလယ်၌ ကျွန်းကြီးကျွန်းငယ် အသွယ်သွယ် ပေါ်ထွန်းလျက်ရှိရကား မြင့်မိုရ်တောင်အရှေ့ဘက်၌ အရှေ့ကျွန်း၊ ထို့အတူ တောင်၊ နောက်၊ မြောက်ဘက်၌ ပေါ်ထွန်းသော ကျွန်းများကို တောင်ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်းဟု ခေါ်ဝေါ်ကြသည်။

(နတ်ပြည်)
နတ်ပြည်၊ ဗြဟ္မာ့ပြည် ပေါ်ထွန်းလာပုံမှာ ယုဂန္ဓိုရ်တောင်ထိပ်၌ စတုမဟာရာဇ်နတ်ပြည် တည်ရှိ၏။
နေလ၊ နက္ခတ်တို့သည် စတုမဟာရာဇ်နတ်ပြည်၌ ပါဝင်သော ဘုံဗိမာန်များဟု ဆိုသည်။
မြင်းမိုရ်တောင်ထိပ်ပေါ်၌ တာဝတိံသာ နတ်ပြည်တည်ရှိ၏။ ယာမာ၊ တုသိတာ၊ နိမ္မာနရတီ၊ ပရနိမ္မိတဝသဝတ္တီ နတ်ပြည် လေးထပ်ကား မြေကြီးနှင့် လုံးဝမစပ်ဘဲ ကောင်းကင်မှာပင် အဆင့်ဆင့်မြင့်ကာ တည်ရှိလေသည်။ ဗြဟ္မာဘုံများလည်း ထို့အတူပင်ဖြစ်၏။

(မြင့်မိုရ်တောင်၏ ပုံသဏ္ဌာန်)
မြင့်မိုရ်တောင်သည် အလယ်ပူ၍ အထက်ရှူးနေသော မရိုးစည်လုံးသဏ္ဌာန် ရှိလေသည်။ တောင်ခါးပန်းစွန်း ဆင်ဝင်အဆင့် ငါးဆင့်ရှိကုန်၏။ ၄င်းကို အာလိန်ငါးဆင့်ဟု ခေါ်ဆို၏။ ပထမအာလိန်သည် ရေ၏အထက် ပေါ်နေရကား ထိုနေရာတွင် နဂါးမင်းနှင့် မြွေမျိုးတို့နေကြ၏။

ဒုတိယအာလိန်အဆင့်ကား လက်ပံတောကြီး၌ ဂဠုန်မင်းတို့ နေကြကုန်၏။
တတိယအာလိန်အဆင့်ကား ကုမ္ဘဏ်တို့ နေကြကုန်၏။
စတုတ္ထအာလိန်အဆင့်ကား ဘီလူးရက္ခိုသ်တို့ နေကြကုန်၏။
ပဉ္စမအာလိန်အဆင့်ကား မြင့်မိုရ်တောင်၏ခါး ယုဂန္ဓိုရ်တောင်၏ ထိပ်နှင့် ညီမျှ၍ ဓတရဋ္ဌ၊ ဝိရူဠက၊ ဝိရူပက္ခ၊ ကုဝေရ အမည်ရှိသော နတ်မင်းကြီးလေးပါးတို့၏ နေရာ စတုမဟာရာဇ်နတ်ပြည်ဖြစ်၏။

မြင်းမိုရ်တောင်၏ အရှေ့ဘက်မျက်နှာ ဓတရဋ္ဌနတ်မင်း။
တောင်ဘက်မျက်နှာ ဝိရူဠကနတ်မင်း။
အနောက်မျက်နှာ ဝိရူပက္ခနတ်မင်း။
မြောက်မျက်နှာ ကုဝေရနတ်မင်းများ နေကြကုန်၏။

မြင်းမိုရ်တောင်၏ အရောင်အဆင်းမှာ-
အရှေ့မျက်နှာ ငွေရောင်။
အနောက်မျက်နှာ ဖန်ရောင်။
တောင်မျက်နှာ ဣန္ဒနီလာ မြရောင်။
မြောက်မျက်နှာ ရွှေရောင် ဖြစ်၏။

(အသုရာပြည်)
မြင့်မိုရ် သတ္တရဗ္ဘန်တောင်အတွင်း၌ အပေါက်လိုဏ်ခေါင်း ယူဇနာ နှစ်သောင်း အကျယ်အပြောရှိ၏။
မြင့်မိုရ်တောင်မင်း၏အောက်၌ ခုံလောက်သုံးခု ခံလျက်ရှိ၏။
ခုံလောက်တခုသည် တခဲနက် နီရဲသော ပတ္တမြားကျောက်ဖြင့် ပြီး၏။
အခြားတခုမှာ နီလာကျောက်ပြားခဲကဲ့သို့ ရှိ၏။
အခြားတခုမှာ မြရောင်စိမ်းစိမ်းရှိလျက် ထွန်းလင်းတောက်ပ၏။
မြင့်မိုရ်တောင်အောက် မြခုံလောက်အကြား၌ အသုရာပြည် ရှိလေ၏။

ဦးဘသော် (ကသာ)
ကျမ်းကိုး။ ။
အရှင်ဇနကာဘိဝံသ-ရေး ကိုယ်ကျင့်အဘိဓမ္မာကျမ်း။
အရှင်သြဘာသာဘိယံသ ပြုစုသော သုတေသနသရုပ်ပြ အဘိဓာန်။
စစ်ကဲတော်ကြီး ဦးရွှေနော် စီရင်သော အာဒိကပ္ပ ကမ္ဘာဦးကျမ်း။
(ငွေတာရီမဂ္ဂဇင် (၂၀၀၀)ပြည့်နှစ် အောက်တိုဘာလ)

“ဒေသတွင်းဆိုင်ရာ ဗဟုသုတဖြစ်ဖွယ်လင့်များ” www.blissofus.com မှာ လင့်တွေချိတ်ထားပေးပါတယ်။
ကမ်ဘောဒီးယားမသွားခင် ဇာတ်လမ်းဇာတ်ကွက်လေးတွေ သိထားတော့ ရှေးခေတ်လက်ရာတွေက ဘာကို ညွှန်းဆိုနေကြတယ်ဆိုတာ ပိုပြီး သိရအောင်လို့ ကြိုတင် မျှဝေလိုက်ပါတယ်နော်၊ အန်ကောဝပ်ကို ရောက်တဲ့အခါမှာလည်း ဘယ်နေရာတွေကိုတော့ဖြင့် သတိထားကြည့်ရမယ် ပိုလေ့လာသင့်တယ်ဆိုတာ သိထားရအောင်လို့ဇာတ်လမ်းများကို ရှာဖွေတင်ဆက်ထားပါတယ်။ မသိသေးတဲ့သူတွေအတွက် ဗဟုသုတတိုးစေရန် ရည်ရွယ်ပြီး တင်ဆက်ခြင်းဖြစ်ပါတယ်။

လေးစားစွာဖြင့်
crystal

ဝဲလ်တွေ မကင်းသေးသမျှ ကွန့်မန့် မန့်တာလေးတွေ ခဏတော့ နားထားရင်ကောင်းမလားပဲ၊ ဝဲလ်တော့ စစ်ပြီး ပြီ ဝဲလ်ကင်းသွားသော်လည်း ကွန်မန့်မှာ ငြိတတ်လို့ ခဏပိတ်ထားပါတယ် :(   
c box တပ်ထားလိုက်ပါပြီ လိုက်ရှာကြည့်ပါရှင် :P

Thursday, February 17, 2011

ကမ်ပူးချား (ဝဲကိုက်လို့ ဆေးပြန်စစ်ပြီး ပြန်တင်ထားပါတယ်။)

ထိုင်းနိုင်ငံ၏ အရှေ့ဘက်တွင် တည်ရှိကာ မဲခေါင်မြစ်ဝှမ်းတလျှောက်တွင်ပါဝင်ပြီး ကမ်ပူးချား ခေါ်တဲ့ ကမ်ဘောဒီးယားနိုင်ငံမှာ စိတ်ဝင်စားဖွယ် အသွယ်သွယ်ကို တွေ့ခဲ့ရပါတယ်။ ထိုင်းလူမျိုးများက ကမ်ဘောဒီးယားကို ကမ်ပူးချားလို့ခေါ်ကြပါတယ်။ ကမ်ဘောဒီးယားနိုင်ငံမှ ခမာမျိုးနွယ်စုတွေကတော့ မြန်မာများကို ဖုမိယာ (အသံထွက်က ဖွတ်မီးယား)လို့ ပြောလိုက်ရင် မြန်မာမှန်းသိကြပါတယ်။ မြန်မာအထင်ကြီးတဲ့ နိုင်ငံလေးတစ်နိုင်ငံဖြစ်ပါတယ်။
မြတ်စွာဘုရားဆင်းတုတော်တစ်ဆူ အန်ကောထုံဘုရားဝင်းထဲမှာ ဖူးမျှော်ခဲ့ရပါတယ်။
ကျမတို့ခေတ် ပညာရေးစနစ်တုန်းက ရှစ်တန်းနှစ်မှာ ဝိဇ္ဇာ သိပ္ပံခွဲတာမို့ သမိုင်းဆိုတာ အဲဒီချိန်က နောက်ဆုံးသင်ခဲ့ရတာဖြစ်ခဲ့ပါပြီ။ စာဖတ်ဝါသနာကြီးတာမို့သာ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ သမိုင်းဆို ပိစိကွေးလေးလောက် သိတာလေးပဲရှိပါတယ်။ အခုလို အလုပ်ကိစ္စနဲ့ ခရီးသွားရင်း ထိုင်းနိုင်ငံနဲ့ ကမ်ဘောဒီးယား ကူးချီသန်းချီများလာတာနဲ့အမျှ သမိုင်းကြောင်းတွေကို ရှာဖွေဖတ်ရှုဖို့ ဆန္ဒများပြင်းပြလာပါတယ်။ သမိုင်းကြောင်းတွေ လိုက်ဖတ်မိတော့လည်း မဆုံးနိုင်ပေါ့။ တစ်နေ့လုံး အင်တာနက် ထိုင် ရှာဖွေဖတ် ဒါ့အပြင် အခန်းထဲမှာလည်း စာအုပ်တွေ မြေပုံတွေနဲ့ ပွထနေတာပါပဲ။ 
သမိုင်း သမိုင်း တကယ်အရေးပါလှချည်ရဲ့နော်။
ချစ်သူစုံတွဲတို့ မြေပုံကြည့်ကာ စာဖတ်ခါဖြင့် လေ့လာနေကြပုံက ကဗျာဆန်လိုက်တာ
(crystal ၏ လျှက်တပြက်ရိုက်ချက်)
ထိုင်းက သမိုင်းတွေကိုလေ့လာရတာ လွယ်ကူပေမယ့် ခမာလူမျိုးတို့နေထိုင်ရာ ကမ်ပူးချားကတော့ ကျမအတွက် နဲနဲစိမ်းနေတာမို့ သမိုင်းကြောင်းနောက် လိုက်ပါနေရတာ စိတ်လှုပ်ရှားစရာတစ်ခုပါပဲ။  ဘာသာတရားများနဲ့ ဘုရင်တို့ စိတ်ကူးအမြော်အမြင်များကလည်း အံ့ဖွယ်။ အဆောက်အအုံတွေနဲ့ ရုပ်ထုကြီးတွေက သမိုင်းကို လေ့လာဖို့ တွန်းအားပေးနေ။
လူမျိုးရေး ဆင်းသက်ပုံများ၊ ဘာသာတရားပြောင်းလဲကိုးကွယ်မှုများ၊ အနုပညာလက်ရာများက ရှေးခေတ် မွန်-ခမာတို့၏ သမိုင်းများကို ပြောပြနေကြပါတယ်။ 


ဒီဖြစ်စဉ်တွေရဲ့ အစကတော့ ကျမရဲ့ မောင်လေးတစ်ယောက်ဖြစ်တဲ့ မြန်မာပြည်ကို ပြန်သွားပြီဖြစ်သော ကျောက်စိမ်းသူဋ္ဌေးလေး ကိုစစ်ငြိမ်းအောင်မှ တဆင့် ကမ်ပူးချားအရပ်က  ညီမငယ် နန်းနန်းကို စတင်သိကျွမ်းခဲ့တာဖြစ်ပါတယ်။  သူတို့က အွန်လိုင်းက သူငယ်ချင်းတွေပါ၊ အပြင်မှာ တစ်ခါမှ မမြင်ဖူးကြဘူးလေ။ ပြီးတော့တခါ နန်းနန်းကနေ တဆင့် ကိုသန်းထိုက်၊ ဒီမောင်လေးကလည်း  ဘန်ကောက်မှာ အနီတွေလှုပ်ရှားချိန် စာမေးပွဲလာဖြေရာမှ ကမ်ပူးချားခရီးစဉ်ကိစ္စများ စကားစပ်မိကြခြင်းဖြစ်ပါတယ်။ ကမ်ပူးချားရောက်တော့ နန်းနန်းမှ တဆင့် ကိုစည်သူတို့အပြင် Siem Reap မြို့မှ ဧရာဝတီထမင်းဆိုင်ကို သိကျွမ်းခဲ့ရပြန်ပါတယ်။ 
ရေမြေခြားရောက်ချိန်မှာ လူငယ်တွေက တစ်ဦးအပေါ် တစ်ဦး တတ်နိုင်တာလေးတွေနဲ့ အတတ်နိုင်ဆုံး အပြန်အလှန်ကူညီကြတာ အလွန်ကြည်နူးစရာလေးပါ။ မြန်မာ့မြေပေါ်မှာ တစ်ခါမှ မတွေ့ဖူးကြပေမယ့် နိုင်ငံရပ်ခြားရောက်မှ တွေ့မြင်သိကျွမ်းခဲ့ကြတာဟာ ထူးဆန်းစရာလည်းဖြစ်နေပြီး ကူညီတတ်တဲ့ နွေးထွေးတဲ့ စိတ်ထားလေးတွေကလည်း ချီးကျူးစရာ ပီတိဖြစ်စရာပါ။
တစ်ဦးကို ဒေါ်လာတစ်ဆယ်ဖြင့် ဘူဖေး ဆူကီ (ဒကာခံသူမှာ အာရပ်သူဋ္ဌေးကလေး)
ကမ်ပူးချားမှာ ဒေါ်လေးကျွေးတဲ့ $3 တန် ရေခဲမုန့်
ဧရာဝတီမြန်မာထမင်းဆိုင်
ကမ်ပူးချားမြို့တော်ဖြစ်တဲ့ ဖနွမ်းပင်အထိရောက်ခဲ့ပြီး ဧရာဝတီမြန်မာထမင်းဆိုင်ပိုင်ရှင် အန်တီချိုနဲ့ပါ သိကျွမ်းခဲ့ရပြန်ပါတယ်။ ကမ်ပူးချားနဲ့ ပတ်သက်ပြီး သမိုင်းအထောက်အထားများကို အဓိက ဝိုင်းကူရှာပေးတဲ့ မောင်လေး ကိုသန်းထိုက်ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်းနဲ့ ခရီးသွားလာရေးများနဲ့ ပတ်သက်ပြီး ကူညီပေးတဲ့ အန်တီချိုနဲ့  နေ့လည်စာအပြင် မုန့်ဟင်းခါးပါကျွေးတဲ့ ညီမငယ်နန်းနန်း + ကိုစည်သူတို့ကို အထူးကျေးဇူးတင်ပါကြောင်းနော်။ 
ဒါနဲ့စကားမစပ် နိုင်ငံရေးသမားတွေကို နှိပ်စက်တာ စာနာနိုင်ဖို့  မြို့တော် ဖနွမ်းပင်က Tuol Sleng Genocide Museum ကို မြန်မာလူငယ်တွေ သွားလေ့လာကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အတော်လေး ကို စိတ်မကောင်းဖြစ်စရာ ကြေကွဲစရာပါ၊ နှလုံးရောဂါသည်တွေနဲ့ စိတ်အားငယ်တတ်သူတွေတော့ သွားမကြည့်သင့်ပါဘူး။ သတ္တဝါတို့ဘဝများစွာရဲ့ ဒီလိုအဖြစ်ဆိုးတွေ ကင်းလွတ်ဖို့ အခါခါ ဆုတောင်းမိပါရဲ့ရှင်။ ဘဝတိုင်း အေးငြိမ်းကြပါစေ။

လေးစားစွာဖြင့်
crystal
Posted by Crystal at 7:37AM 
Labels: For life notes...

9 comments:

Clozest said...
လျှပ်တပြက်စာမိသွားတဲ့စုံတွဲကတော့မသိလိုက်ရှာဘူး။ ဟိဟိ။ :P
February 16, 2011 8:18 AM
ကိုထွဋ် said...
လာလည်တယ်ဗျ။။ ခညုံဖွတ်မီးယား...
February 16, 2011 6:56 PM
JUSTICE999BURMA said...
သွားချင်ထှာနော်....... :( :( :(
February 17, 2011 1:56 AM
ချော(အစိမ်းရောင်လွင်ပြင်) said...
လိုက်ပို့ပေးဖို့ပြောတာလဲ အခါခါ တစ် ခါမှလည်း မပို့ဘူးး(
February 17, 2011 3:17 AM
ညီသူအိမ် said...
ဟုတ်ပ.. အဲဒီနေရာတွေတော့ မရောက်ဖူးသေး..။ ဒီတစ်ခါ လာလည်ဖြစ်ရင် လိုက်ပို့နော်
February 17, 2011 7:58 AM
အင်္ဂါဟူး said...
အဲဒီနေရာ သွားကြည့်ချင်တာ... နောက်တစ်ခါ ဒကာခံပြီးခေါ်ပါ။
February 17, 2011 8:48 AM
ဂျူလိုင်ဖြူ said...
ကိုမိုးယံပြောတာကိုထောက်ခံပါတယ်
February 17, 2011 11:13 AM
Crystal said...
အပြင်မှာ လိုက်မပို့ပေးနိုင်သေးပေမယ့် ပိုစ့်လေးတွေနဲ့ လိုက်ပို့ပေးနေပါတယ်ရှင် (တနေ့နေ့မှာ ချမ်းသာလာလို့ကတော့လား မန့်သွားတဲ့ မောင်နှမတွေကို အထူးဦးစားပေး ဒကာခံမယ်):P
February 17, 2011 6:04 PM
ရဲထွန်းဇော် said...
သူများပုံတွေ မသိအောင်မရိုက်ရဘူးလေ...ရေခဲမုန့်ကစားချင်စရာ :P...စကားမစပ်လှလိုက်တဲ့ ဘလောက်...
February 18, 2011 10:45 PM

Tuesday, February 8, 2011

ငါသာ သမ္မတဖြစ်လျှင် တကယ်...

ကဲ ဒီမှာကိုယ့်လူတို့ရေ ကျုပ်တို့ဟာ ကျုပ်တို့နိုင်ငံတော်အတွက် တချို့နိုင်ငံတွေလို တနိုင်ငံလုံး စည်းရုံးမှုနဲ့ ပြည်သူအပေါ် ဖိနှိပ်တဲ့ ခေါင်းဆောင်ကို ဖြုတ်ချတတ်ဖို့လည်း လိုတယ်၊ စင်္ကာပူနိုင်ငံလို ပြည်သူတွေဟာ စည်းကမ်းရှိဖို့လည်းလိုတယ်၊ အင်္ဂလန်နဲ့ မလေးရှားနိုင်ငံတွေလို တစ်နိုင်ငံလုံး လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းဖို့လိုတယ်၊ ထိုင်းဘုရင်လို ကိုယ့်နိုင်ငံ ဖွံဖြိုးတိုးတက်အောင် တည်ဆောက်တတ်ဖို့လိုတယ်၊ ကမ်ဘောဒီးယားနိုင်ငံလို ကိုယ့်နိုင်ငံရဲ့ ရှေးခေတ်အနုပညာလက်ရာတွေကို တန်ဖိုးထားတတ်ဖို့လိုတယ်၊ အာသောကမင်းလို ဗုဒ္ဓသာသနာတော်ကို စည်ပင်ပြန့်ပွါးအောင် စနစ်တကျလုပ်တတ်ဖို့လည်းလိုတယ်၊ အနော်ရထာမင်းလို သာသနာတော်ကို သန့်စင်တတ်ဖို့ လိုတယ်၊ ရှင်စောပု ဘုရင်မကြီးလို ကိုယ့်တိုင်းပြည်အပေါ် အမြော်အမြင်ကြီးစွာ စီမံခန့်ခွဲတတ်ဖို့လိုတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို့ တိုင်းပြည်အတွက် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ပြီး စွန့်လွှတ်အနစ်နာခံတတ်ဖို့လိုတယ်၊ ဗိုလ်ချုပ်သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို လုပ်နိုင်တဲ့ ဘောင်အတွင်းက ကောင်းမြတ်တဲ့ ဆောင်ရွက်တွေနဲ့ ပေးဆပ်တတ်ဖို့လိုတယ်၊ ဦးကျော်သူလို ပြည်သူတွေ လိုအပ်နေတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းတတ်ဖို့လိုတယ်၊ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေလို စွန့်လွှတ်စွန့်စားနိုင်တဲ့ သတ္တိတွေလိုတယ်၊ .....လိုတယ်၊ ... လိုတယ်၊ ...လိုတယ်။
ဒီလိုတွေမှ မလုပ်နိုင်တာဆိုပြီး လက်လျော့ထားရင်တော့ ဘာမှ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး၊ ရည်မှန်းချက်မရှိရင် ပန်းတိုင်ဆို မရောက်နိုင်ဘူး။ ကြီးကျယ်လွန်းတဲ့ နိုင်ငံအတွက် မလုပ်နိုင်ရင်တောင် ကိုယ့်မြို့ ကိုယ်ရွာအတွက် ဒီလိုစိတ်ထားတွေ လိုတယ်၊ မြို့ရွာအတွက် မလုပ်နိုင်ရင် ရပ်ကွက်အတွက် တစ်လမ်းသားချင်းတွေအတွက် လုပ်ပေးနိုင်ရမယ်၊ ဒါလည်း မလုပ်နိုင်ရင် သင်တို့မိသားစုအတွက် ကြိုးစားကြရမယ်၊ မိသားစုထဲမှာတောင် မစွမ်းဆောင်နိုင်ဘူးဆိုရင် သင်ကိုယ်တိုင်အတွက် အနာဂတ်အတွက် ကြိုးစားရမယ် နိုးကြားရမယ်၊ အားထုတ်မှုတွေကို စနစ်တကျနဲ့ သင့်ဘဝအတွက် အမြဲကြိုးစားနေရမယ်၊ ဒါတောင်မှ သင်မလုပ်နိုင်ဘူးဆိုရင် လောက လူဖြစ်လာရတာ သင်ဘာတန်ဖိုးရှိတော့မလဲ။ ကဲ အခုချိန်ကစပြီး တဆင့်ပြီး တဆင့်ကြိုးစားကြည့်ပါတော့။ ကြိုးစားပါတော့၊ နိုးကြားပါတော့။ 

ဒီမှာ ကိုယ့်လူ သင်ဟာ သင့်ဘဝအတွက်လည်း ကောင်းအောင် မကြိုးစားပဲ သင့်မိသားစုအတွက် ကြိုးစားတယ်ဆိုတာ ဖြစ်နိုင်မလား၊ တဖန် မိသားစုအပေါ်လည်း သင်ဟာ အထောက်အပံ့မဖြစ်ခဲ့ဘူးဆိုရင် အများအကျိုးဆောင်ရွက်မယ်ဆိုတာ ဖြစ်နိုင်မလား၊ အများအကျိုးမသယ်ပိုးတတ်တဲ့သူဆိုရင်တော့ တိုင်းပြည်ထဲမှ စိတ်အမျိုးမျိုးရှိတဲ့  ဘဝတွေများစွာအတွက် သင် ကြိုးစားနိုင်ပါ့မလား၊ ကဲ ပြောနေရင် ကြာမယ် အခုက စလို့ သင့်ဘဝအတွက် ကြိုးစားလိုက်စမ်းပါ..........။

သတ္တဝါတိုင်း ခေါင်းဆောင်ဖြစ်ဖို့ ပါရမီ ပါမလာကြပါဘူး၊ ခေါင်းဆောင်လုပ်ဖို့ အခွင့်အရေး၊ အရည်အသွေးနဲ့ မြင့်မြတ်တဲ့ စိတ်ထားအပြင် ပါရမီလည်း ပါဖို့လိုပြန်တယ်။ တခြားလိုတာတွေလည်း များစွာပေါ့။ လိုတာတွေကို အားငယ်နေမယ့်အစား အားငယ်နေမယ့်အချိန်မှာ အားတက်စွာ ကြိုးစားကြည့်လိုက်မယ်ဆိုရင် အောင်မြင်မှုတစ်ခု ပန်းတိုင်တစ်ခုတော့ သင်ရောက်သွားမှာပါ။ ဒီလိုသွားနေရင်းနဲ့ အတွေ့အကြုံတွေ သင်ခန်းစာတွေများစွာရလာတော့မှာပါ။ သင်ရှုံးမနေပါဘူး မိတ်ဆွေ၊ ဒါတွေက ပိုက်ဆံပေးဝယ်လို့ရတာမှ မဟုတ်တာ၊ ကိုယ်တိုင် ကိုယ်ပိုင်သိလိုက်တဲ့ အသိတွေက သူများပြောပြတာတွေထက် များစွာ တန်ဖိုးရှိလို့ပါပဲ။ ဒီတန်ဖိုးတွေက သင့်ဘဝကို ထိန်းကျောင်း တည့်မတ်ပေးလိုက်မယ့် သင့်ကိုယ်ပိုင် ပိုင်ဆိုင်လာမယ့် အရည်အချင်းတွေသာဖြစ်ပါတယ်။ 

...............................................................................................................
................................................................................................................
....................................................................။

“ငါသာ စော်ဘွားဖြစ်ရင် .....တကယ် ....ဒေဝီလောင်းနဲ့ ပေါင်းနိုင်ပါစေကွယ် ...”
မအိပ်ခင်က အစအဆုံးမရသော ဒီသီချင်းလေး ညည်းမိလေသော်။
ရွာတွေထဲမှာ လူတွေ လူတွေ၊ ဒီလူတွေကို အားတက်သရော ဆော်သြော်နေရတာ၊ အို ဘယ်နှယ့် ဗိုလ်ချုပ်လိုလို လူငယ်တစ်ဦးလား၊ ဟယ်...ဘာတွေများပါလိမ့် စကားသံတွေ စကားလုံးတွေ နိုးကြားဖွယ်ကောင်းလေစွ၊ အားတက်ဖွယ်ကောင်းလေစွ၊ ကျေးဇူးတရားကြီးမားလေစွ။ 

သြော် ဆောင်းနှောင်းအိမ်မက် တစ်ခုပါလေ။

လေးစားစွာဖြင့်
crystal

Tuesday, February 1, 2011

အားပေးစကား

(ဂျပန်မလေးတစ်ယောက် အန်ကောဝပ်ထဲမှာ ပိုစ့်ပေးဓာတ်ပုံရိုက်နေတာဖြစ်ပါတယ်)

ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းဖို့ ကြိုးစားပါ။

ဘဝဆိုတာ တခါတလေတော့ စိတ်ညစ်စရာတွေ စိတ်ပင်ပန်းမှုတွေနဲ့ တွေ့ကြုံရမြဲဖြစ်လေသည်။ လောကတွင်ရှိသော သက်ရှိတို့၏ စိတ်များသည် အမျိုးမျိုးဖြစ်ကြရာ သာဓကအားဖြင့် အချစ်နှင့် ပတ်သက်သော ခံစားမှု ရတုများ၊ ကဗျားများ၊ ဝတ္ထုများ၊ ဆောင်းပါးများ၊ တေးသီချင်းများ စသည်ဖြင့် ဖွဲ့မကုန်နိုင်ကြသည်ကို သတိထားကြည့်လျှင် သိနိုင်ပါလိမ့်မည်။ မကြာသေးခင်က ကြည့်မိသော ဗီဒီယိုဇာတ်ကားတစ်ခုတွင် စိုးမိုးကြည် အမေခန်းမှ သရုပ်ဆောင်ကာ သမီးကို ဆုံးမသော စကားလုံးများကို အထူးသဘောကျမိသေးသည်၊ အဘယ်ကြောင့်ဆိုသော် လောကတွင် အတိုက်အခိုက်တွေ ကြုံရမည်၊ ကြုံလာသော တိုက်ခိုက်မှုများကို ကောင်းမွန်သော လုပ်ရပ်များနှင့် ကျော်လွှားနိုင်ရမည်၊ ထိုသို့ကျော်လွှားနိုင်ခြင်းသည် မိမိ၏ စွမ်းရည်များ တိုးတက်လာမည် ပြသခွင့်ရမည် သမီးဖြစ်သူ ချစ်သုဝေအား ဆုံးမစကားပြောကြားသော အခန်းကို သဘောကျမိခြင်းဖြစ်ပါသည်။

ကျမသည် စဉ်းစားတတ်သော အရွယ်မှ စ၍ ဘဝများစွာတွေကို လိုက်ပါစဉ်းစားကြည့်မိခဲ့ဖူးပါသည်။ ငှက်ကလေးတွေရဲ့ဘဝ၊ ကြောင်လေးတွေ ငါးလေးတွေ ကလေးငယ်လေးတွေရဲ့ ဘဝ၊ ဈေးသည်တွေ ဝန်ထမ်းတွေ သူဋ္ဌေးတွေ၊ လမ်းဘေးက မိန်းကလေးငယ်လေးတွေရဲ့ဘဝ၊ နတ်ကတော်များရဲ့ဘဝ စသည်စသည်ဖြင့် လိုက်ပါတွေးကြည့် စဉ်းစားမိဖူးပါတယ်။

သူတို့ သူတို့တွေ ဘဝကို ဘယ်လိုဖြတ်သန်းကြပါလိမ့်....
  • အတိတ်ကို ပြုပြင်ခွင့်မရပေမယ့် အနာဂတ်ကိုတော့ ရွေးချယ်ခွင့်ရှိတာမို့ ပစ္စုပ္ပန်မှာ အကောင်းဆုံးလုပ်ဖို့ပဲလိုတာပါ။
  • တကယ်ဆို သံသရာခရီးမှာ ခဏတွေ့ကြတဲ့သူတွေပါ အချင်းချင်း ရိုင်းပင်းကူညီတတ်ဖို့ပဲလိုပါတယ်။
  • ဘဝမှာ ပြုံးတစ်ခါ ငိုတလှည့် သံသရာဇာတ်မရပ်နိုင်ခင် အခါခါ သေကြအုံးမှာမို့ အပိုတွေ မလုပ်မိပါစေနဲ့။
တခါတလေလည်း ဒီလိုလေး စာသားတွေ ချရေးမိပြန်တယ်။ ဒီလိုလည်း နဲနဲတော့ ဂေါက်တတ်ပါတယ်။

စိတ်ညစ်စရာ စိတ်ပင်ပန်းရတာတွေ များလာတဲ့ လူတစ်ယောက်ဟာ တစ်ယောက်တည်း ဟိုးအဝေးကိုလည်း ထွက်သွားချင်တယ်(လူတွေကို စိတ်ကုန်မိလို့ လူတွေဝေးရာဆိုပါစို့)၊ သီချင်းတွေ အသံကုန် ဖွင့်ပြီးလည်းကောင်း၊ ကိုယ်တိုင်သီဆိုခြင်းဖြင့်လည်းကောင်း စိတ်ကို ဖောက်ထွက်မိကြပြန်တယ်။ မိန်ကလေးတွေက စိတ်ရှုပ်ရင် ဆံပင်အလှပြင်သတဲ့၊ ထူးဆန်းသား။ ယောက်ျားလေးတွေကရော တနည်းနည်းနဲ့ပေါ့နော်။ တချို့ စာဖတ်ကြတယ်၊ တချို့က တရားနာကြတယ်၊ တရားထိုင်တဲ့ဘက်ကို ရောက်နိုင်ရင်တော့ ဒီလူပါရမီကောင်းလိုက်တာလို့ ချီးကျူးရမှာပဲ။ သို့သော်လည်း ဘယ်လိုမှ မလွယ်နိုင် စိတ်ဆင်းရဲမှုတစ်ခုကို တရားထိုင်နိုင်ဖို့ ကုသိုလ်ထောက်ပံ့ ပါရမီကောင်းပါလာမှ ဖြစ်ပေမည်။

အားလုံးကို ခြုံကြည့်မယ်ဆိုရင် စိတ်၏ ဖြေရာတစ်ခုခုကို ရှာဖွေဖို့ ကြိုးစားမလား၊ ပြဿနာထဲမှာပဲ ဝဲလည်စွာနေမလား။

အဖြေရှာလိုသူများကတော့ ယုံကြည်သူတစ်ဦးဦးကို ရင်ဖွင့်မည်၊ သို့မဟုတ် လေ့လာမှုက အဖြေထုတ်မည်၊ သို့မဟုတ် အဖြေမှန်/မမှန် အရေးမကြီးပါ ဆိုသူများလည်း ရှိတတ်ပါသေးသည်။ ပြဿနာထဲမှာပဲ နေချင်သူများကတော့ ဒေါသဖြင့်လည်းကောင်း လောဘဖြင့်လည်းကောင်း မောဟဖြင့်လည်းကောင်း တုံ့ပြန်ဖို့ စောင့်နေသူများဖြစ်နိုင်ပါသည်။ ထိုသူများကို အားပေးစကားလည်း နားမဝင်၊ တရားချလည်း ဂရုမစိုက်၊ လမ်းကောင်းညွှန်သော်လည်း သွားဖို့ရာ လမ်းမမြင်သူများဖြစ်ကြမည်ထင်ပါသည်။ ထို့ကြောင့် မိမိစိတ်ပင်ပန်းနေချိန်တွင် ရတနာသုံးပါးကို ပို၍ပင် မမေ့အပ်သင့်ပါ။ လောကတွင် မည်သို့သောသူများ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ရတနာသုံးပါးသည် မမှားသော၊ တရားသော မှန်ကန်ရာ သစ္စာအစစ်ဖြစ်ပေသည်။

ကျမသည် ဘဝတွေများစွာကို ကိုယ်ချင်းစာ လိုက်ပါခံစားတွေးမိခြင်းတွင် မြတ်စွာဘုရား အလောင်းတော်ဘဝများစွာသည်လည်း အပါအဝင်ဖြစ်ခဲ့ပါသည်။ အလောင်းတော်ဘဝများတွင် သူများက ရန်လိုခြင်းများ၊ ဝန်တိုခြင်း၊ ကဲ့ရဲ့ခြင်းများစွာရှိခဲ့ဖူးပါသည်၊ ထိုအခါ ဘုရားအလောင်းသည် မည်သို့ကျော်လွှားပါသနည်း။ သစ္စာဆို၍လည်းကောင်း၊ မည်သို့သောအခါတွင်မဆို အမှန်တရားဘက်မှ ရပ်တည်ခဲ့ပါသည်၊ မျောက်ဘဝတွင်ပင် ဦးခေါင်းကွဲနေသော်လည်း တဘက်သားမှ မည်သို့ပင် မှားသော်ငြားလည်း မိမိပြုလုပ်ရမည်အလုပ်၊ နှုတ်ကတိစကားအတိုင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်ကို သတိရမိလေသည်။ လောကတွင် တခါတလေ ကိုယ်တိုင်မည်မျှ မှန်နေစေကာမူ ရှင်းပြရန် ခက်ခဲသော အမှန်တရားများနှင့် ထိပ်တိုက်တိုးကြသောအခါဝယ် ဤသို့ အာရုံပြုမိလျှင် “ပြုသူက အသစ်၊ ဖြစ်သူက အဟောင်း” ဟူ၍သာ သဘောပိုက်မိဖူးပါသည်။

မှန်နေတာကို အမှားလို့ အပြစ်ရှာလျှင်လည်းကောင်း၊ စွပ်စွဲလျှင်လည်းကောင်း၊ ကဲ့ရဲ့လျှင်လည်းကောင်း၊ ရန်လိုလျှင်လည်းကောင်း၊ ဝေဖန်လျှင်လည်းကောင်း စသည်တို့သည် လူတို့၏ သဘာဝတစ်ခုလိုဖြစ်နေသည်။ တစ်စုံတစ်ခုတုံ့ပြန်တော့မည်ဆိုလျှင် ပထမဆုံး သည်းခံကြည့်ပါ၊ အများရှေ့မှာလည်း သည်းခံနိုင်ပါစေ၊ အများက ကိုယ်သည်းခံနိုင်တာကို အမှတ်ပေးသွားမှာကို သတိရပါ။ သစ္စာတရားဖြင့် သစ္စာဆို၍ ဆိတ်ငြိမ်စွာ တုံ့ပြန်ကြည့်ပါ၊ နောက်တစ်ခုကတော့ ဒေါသ မထွက်နေတဲ့အချိန်ဆိုရင် မေတ္တာပို့ကြည့်ပါ (လွယ်လွယ်လေးပါ အမှန်တရားကြောင့် မိမိစိတ်သည် တည်ငြိမ်နေပါစေ၊ ပြီးလျှင် တစ်ပါးသူကိုလည်း စိတ်အေးချမ်းစေချင်တဲ့စိတ်လေး ဖြစ်လိုက်ရုံပါပဲ)။ ဒါကိုမှ မလုပ်နိုင်ဘူးဆိုရင်တော့ ဒေါသနဲအောင် မိမိစိတ်ကို ပြင်ဆင်ထားပြီး ရင်ဆိုင်ဖြေရှင်းကြည့်ပါလို့ အကြံပေးပါရစေနော်။ ထို့အပြင် ကိုယ်အမြဲသွားနေကြ စေတီတော်များသို့လည်းကောင်း၊ မိမိအိမ်ရှိ ဘုရားစဉ်သို့လည်းကောင်း သွားရောက်ကာ မြတ်စွာဘုရားရှေ့တော်မှောက်တွင်ရောက်နေသကဲ့သို့ အားကိုးတကြီးဖြင့် မြတ်စွာဘုရားအား မော့ကြည့်လိုက်ပါ၊ ထိုအခါ မြတ်စွာဘုရားသည် သင့်အား ခွင့်လွှတ်နားလည်သော အပြုံးဖြင့် ဆီးကြိုနေသည်ကို တွေ့နိုင်မည်။ ဘုရားပုထိုးစေတီတော်များတွင် မြတ်စွာဘုရား၏ မေတ္တာဖြင့် အေးချမ်းနေပါသည်၊ လာရောက်ကြသူများသည်လည်း အများအားဖြင့် ကုသိုလ်စိတ် ညွှတ်နေသောကြောင့် ကိုယ်စိတ်နှစ်ပါး ပူလောင်မှုနည်းလေသည်။ ထို့ကြောင့် ပူလောင်မှုနဲသော ပတ်ဝန်းကျင်လည်းဖြစ်၊ မြတ်စွာဘုရား၏ မေတ္တာသည် အနှိုင်းမဲ့ဖြစ်လေရာ သင့်တွင် ပူလောင်သောစိတ်တို့သည်လည်း အေးချမ်းလာမည်ဖြစ်ပါသည်၊ ကြိုးစားကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေနော်။

ယနေ့ ဆုပ်ကပ်ခေတ်တွင် သာဆိုးသေးတော့သည်ဖြစ်ရာ မိမိကိုယ်တိုင် စိတ်ကလေးကို ထားတတ်ဖို့လိုအပ်ကြောင်း အားပေးစကားအနေဖြင့် ဒီပိုစ့်လေးကို ရေးလိုက်ပါတယ်။ အခုတလော ချက်တင်မှ အသိမိတ်ဆွေများနှင့် အခြားသောမိတ်ဆွေများ၏ ဘလော့ဆိုဒ်များတွင် စိတ်ဓာတ်ကျနေသည်များကို တွေ့ရသောကြောင့် ကျမသည်လည်း တတ်နိုင်သော အတွေးတစ်ခုဖြင့် ပိုစ့်ရေးသားကာ အားပေးလိုက်ပါတယ်နော်။

(ကမ်ပူးချားနိုင်ငံမှ ခမာအမျိုးသမီးငယ်လေးတွေဖြစ်ပါတယ်)

ဘဝမှာ ဖြူဖြူစင်စင်ပြုံးနိုင်ဖို့ ရိုးသားဖို့လည်း လိုပါတယ်။

လေးစားစွာဖြင့်
crystal