သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, February 20, 2011

နို့ဓမ်းပင်လယ်ထဲက စစ်ပွဲ

(နာမည်ကျော်တဲ့ အန်ကောထုံရှိ ရုပ်ထုကြီးများရဲ့ ဇာတ်လမ်းကို crystal သိသမျှ လက်ဆင့်ကမ်းမျှဝေလိုက်ပါတယ်နော်။ အကယ်၍ အမှားအယွင်းများရှိခဲ့ပါလျှင် crystal ၏ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်းကို  ကြိုတင်တောင်းပန်လိုက်ပါတယ်။ ဒီပိုစ့်ကို ဘာသာရေးအရ မရှုမြင်ကြပဲ ပြဇာတ်တစ်ခုကဲ့သို့သာ မြင်ပေးကြစေလိုပါတယ်။)


ဟိုးးးးးရှေးယခင်က ကမ်ဘောဒီးယားနိုင်ငံကို ဟိန္ဒူဘာသာကိုးကွယ်မှုများသည် အိန္ဒိယကုန်သည်များ ဝင်ရောက်ခဲ့ရာမှ  ရောက်ရှိလာခဲ့ပါတယ်။ ဒီကိုးကွယ်မှုဆိုင်ရာတွေထဲက အထင်ကရတစ်ခုဖြစ်တဲ့ နို့ပင်လယ်စစ်ပွဲဖြစ်ပွါးခဲ့ပုံကို အန်ကောဝပ်ထဲမှာ ရုပ်ထုများဖြင့် ထုလုပ်ဖေါ်ကျူးခဲ့ကြပါတယ်။ 
ရုပ်ထုတွေက ပြောပြတဲ့ ဇာတ်လမ်းလေးက ဒီလိုပါ....။
လောကတွင် သီတာခုနှစ်တန်ဆိုတာရှိသတဲ့လေ၊ သတ္တဝါတို့၏ ကိုးကွယ်ဖြစ်တော်မူသော မြတ်စွာဘုရားရဲ့ စက်တော်ရာထဲမှာလည်း ပါတယ်လို့ ဆိုပါတယ်။
၁) လဝဏသီတာ - ဆားငန်ရေ (၂) ဥစ္ဆုသီတာ - ကြံရည်ချိုရေ (၃) သုရာသီတာ - သေရည်
၎) သာဓိသီတာ - အမှုခပ်သိမ်းပြီးစေတတ်သောရေ (၅) ဒဓိသီတာ - နို့ဓမ်းရည်
၆) ဒုဒ္ဓသီတာ - နို့ရည် (၇) ဇလသီတာ - ရေချို ဖြစ်ပြီး (၅)ခုမြောက်ဖြစ်သော နို့ဓမ်းရည်ပင်လယ်ကို ဖြတ်ကူးပြီးတဲ့အခါမှာ အလောကရောက်ပါတယ်။ လောက(ကမ္ဘာ)နှင့် အလောက(အာကာသ)တို့ပိုင်းခြားထားတာက ငါးခုမြောက်သော နို့ဓမ်းပင်လယ်လို့ဆိုပါတယ်။ အဲဒီ နို့ဓမ်းပင်လယ်ရဲ့ အလယ်ဗဟိုမှာ အမြိုက်ရေစင်ရှိပါတယ်တဲ့လေ။ အဲဒီအမြိုက်ရေစင်က အသက်ကို ထောင်သောင်းမကရှည်ကြာစွာနေနိုင်တယ်လို့ ဆိုကြတယ်။ အဲ မသေဆေးဆိုပါတော့၊ မအို မနာ မသေဆေးလို့ ခေါ်သပေါ့နော်။ အဲဒီရေစင်ကို လောကကောင်းကျိုးကို လိုလား စောင့်ရှောက်လျှက်ရှိကြတဲ့ ကောင်းသော နတ်များနဲ့ ကောင်းကျိုးမလိုလားသော နတ်များက အတူတကွစောင့်ရှောက်လျှက်ရှိကြပါသတဲ့ကွယ်။ အခုလို စောင့်ရှောက်ဖို့အတွက် စီစဉ်ညွှန်ကြားတာက ဗိဿနိုးနတ်မင်းကြီး။ ဟိန္ဒူကျမ်းများအရ ကောင်းတဲ့နတ်တွေကို ဒေဝါ ဟု ခေါ်ဆိုကာ နတ်ဆိုးတွေကိုတော့ အသူရာလို့ခေါ်ကြပါတယ်။ နောက်ပိုင်းမှာ ဒေဝါနဲ့ အသူရာတို့ အချင်းချင်း မတည့်တော့ကြတဲ့အတွက် အမြိုက်ရေစင်ကိုပါ လုတဲ့အထိဖြစ်လာခဲ့ပါတယ်။ ဒေဝါ နတ်ကောင်းတွေကို ဦးစီးသူက သိကြားမင်းဖြစ်ပြီး ကောင်းကျိုးမလိုလားတဲ့ နတ်တွေရဲ့ ဦးစီးကတော့ အသူရာနတ်မင်းကြီးဖြစ်ပါတယ်။

အမြိုက်ရေစင်အတွက် စစ်တိုက်ခြင်း
အမြိုက်ရေစင်ကို လုနိုင်ရင် ယူကြဖို့ကို ဗိဿနိုးနတ်မင်းကြီးက ပြောပါတယ်၊ လုတဲ့အခါမှာလည်း တန်ခိုးကြီးနတ်နဂါးဖြစ်သော ဝါသုကီနဂါးမင်းကိုယ်ကို လွန်အဖြစ်ဆွဲပြီး နိုင်တဲ့ဘက်က ယူရမှာဖြစ်ပါတယ်။ ဝါသုကီနဂါးမင်းဆိုတာ “ပါတာလ” ကို အုပ်ချုပ်တဲ့ နဂါးမင်းဖြစ်ပါတယ်၊ သူ့မှာ ဦးခေါင်း ခုနှစ်လုံးရှိပါတယ်။ လွန်ဆွဲကြတဲ့အခါမှာလည်း တောင်ကြီးကို နဂါးက ပတ်ပြီး ဦးခေါင်းဘက်က အသူရာတို့က တစ်ဘက်၊ အမြီးပိုင်းက သိကြားမင်းဘက်က တစ်ဘက် ဆွဲကြပါတယ်။ အဲလိုဆွဲကြတဲ့အခါမှာ အမြိုက်ရေစင်ထွက်မလာပဲ သမုဒ္ဒရာတွင်းကရေတွေဟာ ဖောက်ပြန်ပြီး အဆိပ်တွေသာ ထွက်လာပါသတဲ့။ ဒီလို အဆိပ်တွေထွက်လာတဲ့အခါ လောကမှာ တန်ခိုးကြီးသူတစ်ဦးဖြစ်တဲ့ သီဝနတ်မင်းကြီးဆီကို ဒေဝါနတ်တွေနဲ့ အသူရာတွေက ကူညီဖို့ တောင်းပန်ကြပါတယ်။ ဒါနဲ့ သီဝနတ်မင်းကြီးက မျိုချပေးလိုက်ပါတယ် ဒါကြောင့် သီဝနတ်မင်းကြီးရဲ့ လည်ပင်းမှာ ပြာနှမ်းသွားရတာလို့ဆိုတယ်။ သူတို့လွန်ဆွဲတာလည်း မပြီးသေးပါဘူး၊ ဆက်ပြီး လွန်ဆွဲကြပါတယ်၊ တကယ်တမ်းမှာ အသူရာတွေက နိုင်သွားပေမယ့် ဗိဿနိုးနတ်မင်းကြီးက ဒေဝါနတ်တွေကိုပဲ နိုင်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ နတ်မင်းကြီးက နတ်သမီးလေးယောင်ဆောင်ပြီး လှည့်ဖြားတာကြောင့် အသူရာတို့ရှုံးသွားတယ်လို့ ဇာတ်ကတာတွေ့ရပါတယ်။ 
 ဇာတ်ကြောင်းကို အားဖြည့်ကူညီပြောပြသူကတော့ အနီးဆုံး ဘလော့ဂါအသစ်လေးဖြစ်ပါတယ်။ 
(အောက်ပါ ဇာတ်လမ်းလေးကတော့ မြတ်စွာဘုရား ဟောကြားခဲ့တာမဟုတ်ပါ၊ ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ရာလည်း မဟုတ်ပါဘူး၊ ဗဟုသုတအဖြစ်သာ ရှာဖွေတွေ့ရှိထားတာလေးကို ကူးယူတင်ဆက်ထား ပါတယ်နော်။ crystal ကတော့ မျက်စိတွေတောင်လည်တယ် ဇာတ်လမ်းထဲက ဇာတ်ကောင်တွေ မရောသွားအောင် အတော်မှတ်ရတာကလားလေ...)

ဗာဟ္မဏ၀ါဒအလိုအရ ထာဝရဘုရားသခင်သည် ဤလောကကို ဖန်ဆင်းခဲ့ရာတွင် လုပ်ငန်း သဘာဝပေါ်မူတည်၍ တာဝန်ခွဲဝေအပ်နှင်းနိုင်ရန် မိမိကိုယ်ကို သုံးကိုယ်ခွဲလိုက်သည်။ တစ်ကိုယ်က လောက ကြီးကို ပြည့်စုံစွာဖန်ဆင်းရန်တာဝန်ယူရပြီး သူ့အမည်ကို ဗြဟ္မာ ဟုခေါ်တွင်စေသည်။ နောက်တစ်ကိုယ်က ဖန်ဆင်းပြီးသော ဤလောက ကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ယူရပြီး သူ့ကို ဗိဿနိုး ဟုအမည်တွင်စေပြန်သည်။ နောက်ဆုံးတစ်ကိုယ်ကမူ ဤလောကကြီးအား ဖျက်သိမ်း ပျက်စီးစေလိုသည့်အခါ အဖျက်လုပ်ငန်းများကို ဆောင်ရွက်ရန်တာဝန်ယူရပြီး သူ့အား သီဝ(သျှီဗ)ဟု ခေါ်တွင်စေခဲ့ပါ သည်။ ဤထာဝရဘုရား ဣဿရ၏ ကိုယ်ပွား သုံးဆူသောနတ်ဘုရားတို့မှာ လိင်အားဖြင့် ပုရိသလိင် (အဖို)များအဖြစ် သတ်မှတ်ကြပါသည်။ လောက၏ သဘာဝအရ ကောင်းကင်ရှိလျှင် မြေကြီးရှိရမည်၊ အလင်းရှိလျှင် အမှောင်ရှိရမည်၊ အဖိုရှိလျှင် အမလည်း ရှိရပေမည်။ ထို့ ကြောင့် ယင်းသုံးဆူသော နတ်ဘုရားတို့တွင်လည်း ကြင်ရာတော်နတ်သမီးကြီးများလည်း ရှိရမည်ဖြစ်ရာ ဗြဟ္မာ၏ကြင်ရာတော်ကား သူရဿတီ၊ ဗိဿနိုး၏ကြင်ရာတော်ကား လက်ချမီး၊ သီဝ၏ကြင်ရာတော်ကား စန္ဒီ(ကာလီ)ဟူ၍ ဒွိယံဒွိယံ ကြင်ဖက်သက်နှံများပေါ် ပေါက်လာရတော့သည်။ အ၀လောကိတေဿရ ဘုရားလောင်းအား ကိုးကွယ်ကြသည့် မဟာယာနဗုဒ္ဓဘာသာဝင်တို့၏ အာဒိဗုဒ္ဓ(ခေါ်) အမိတာဘာထာဝရဘုရားတွင် ကြင်ရာတော်နတ်ဘုရားမ ပါဏ္ဍရာရှိသည်ဟူသောအယူအဆသည် ဗြာဟ္မဏ၀ါဒ၏ နတ်ဘုရားစုံတွဲအယူအဆမှ ဆင်းသက်လာရခြင်းပင် ဖြစ်ပါသည်။ ထို့အပြင် ရှေးအခါကဗြာဟ္မဏ၀ါဒီတို့သည် သူတို့၏အတ္တ၀ါဒကို ဆန့်ကျင်ခဲ့သည့် ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားအား ချိုးနှိမ်၊ နှိမ့်ချလိုသဖြင့် ဗိဿနိုးနတ်မင်း၏ ကိုယ်ပွား လူဝင်စားတစ်ဦးဖြစ်သည်ဟု ပြောဆို ရေးသားခဲ့ကြသေးသည်။


နဂါးမင်း ကိုယ်နဲ့ ပတ်ခွေထားတဲ့ တောင်ကြီးကတော့ Mandara Mount လို့ ဆိုထားတယ်၊ ဗိဿနိုးနတ်မင်းက လိပ်ကို စီးပြီး ဒိုင်လူကြီး လုပ်ပုံရပါတယ်။ အမြိုက်ရေစင်အပြင် အခြားသော ရတနာများပါ ထွက်လာကြောင်းကို အိန္ဒိယဇာတ်ကားများ က ဒီလို ရိုက်ကူးထားတာ တွေ့ရပါတယ်။ မြတ်စွာဘုရားက အနတ္တဟောကြားခဲ့တာဖြစ်ပြီး ဗာဟ္မဏ၀ါဒကတော့ အတ္တတွေ အကြောင်းပြောကြားခဲ့ပါလားလို့ ဒီဇာတ်ထုပ်ကို ကြည့်မှ သိရပါတော့တယ်ရှင်။ 

အခြားဆက်စပ်သော အကြောင်းအရာများကိုလည်း စုစည်းတင်ဆက်ပေးထားပါတယ်

အာလိန် (၅)ဆင့်
သဂါထာဝဂ္ဂသံယုတ်။ ပါ။ ၂၁၈။ ၎င်းင်။ ဋ္ဌ။ ၃၁၀။ ဓမ္မပဒ။ ဋ္ဌ။ ပ-အုပ်။ ၁၇၇-တို့၌အကျယ်ရှုပါ။ မရိုးစည်လုံးသဏ္ဍာန်ကဲ့သို့ အလယ်ပူ အထက်ရှူးနေသော မြင်းမိုရ်တောင်ကြီး၌ အပြင်ဆင်ဝင်တောင်ခါးပန်းစွန်း ငါးဆင့်ရှိကုန်၏၊ ၎င်းင်းကိုပင် အာလိန်ငါးဆင့်ဟု ခေါ်ဆိုသည်မှတ်။ ထိုအာလိန်ငါးဆင့်တို့သည် တစ်ဆင့်တစ်ဆင့်၌ အထု၏လည်းကောင်း၊ အပြင်၏လည်းကောင်း အတိုင်းအရှည်ပမာဏအားဖြင့်ယူဇနာငါးထောင်စီ အသီးသီးရှိကုန်၏။
မြင်းမိုရ်တောင်၏ ရေပေါ် ယူဇနာရှစ်သောင်းလေးထောင်တွင် အောက်ထက်ဝက်ဖြစ်သော ယူဇနာ
လေးသောင်းနှစ်ထောင်ကို ငါးစုပြုသော် အောက်ဆုံးအစုသည် ပဌမအာလိန်မည်၏။
(၁) ပဌမအာလိန်သည် ရေ အထက်ပေါ်နေသည်ကား ထက်ဝက်, ရေအောက်နစ်နေသည်ကား ထက်ဝက်ဖြစ်၏၊ ထိုပဌမအာလိန်၌ နဂါးမင်းတို့နေ၏။
(၂) ထိုအထက် ဒုတိယ အာလိန်ကား လက်ပံပင်တောကြီးအတိဖြစ်၍ ဂဠုန်မင်းတို့ နေကြကုန်၏။
(၃) ထို့အထက် တတိယအာလိန်ကား ဂုမ္ဘဏ်တို့ နေရာဖြစ်၏။
(၄) ထို့အထက် စတုတ္ထအာလိန်ကား ဘီလူးရက္ခိုသ်တို့၏ နေရာဖြစ်၏။
(၅) ထို့အထက် ပဉ္စမအာလိန်ကား မြင်းမိုရ်တောင်၏ခါး ယုဂန္ဓိုရ်တောင်၏ထိပ်နှင့် ညီမျှ၍ "ဓတရဋ္ဌ, ၀ိရူဠက, ၀ိရူပက္ခ, ကုဝေရ" အမည်ရသော နတ်မင်းကြီးလေးပါးတို့၏ နေရာ စတုမဟာရာဇ်နတ်ပြည်ပင်ဖြစ်လေ၏။
မှတ်ချက်။ ။ လောက၌ ယူဇနပေါင်း (၈၄၀၀၀) မြင့်မားသော မေရုရာဇာ မြင်းမိုရ်တောင်ကားအမှန်ရှိ၏။ သို့သော် လူသားများကား အနန္တတန်ခိုးရှင် သဗ္ဗညု မြတ်စွာဘုရားသခင်နှင့် စကြာရတနာမင်းမြတ်တို့- ပွင့်ထွန်းပေါ်ပေါက်လာသော ကာလမျိုး၌သာ တွေ့မြင်ကြရကြောင်း၊ ရှေးသူဟောင်း ပဋကပညာကျော် ဆရာတော်ကြီးများ ပြောကြားတော်မူကြသည်ကို မှတ်သားရဖူး၏။ ကျမ်းစာသာဓကများကိုတော့ မသိရဖူးချေ။

မင်္ဂလာသတင်းစဉ် မှ ကူးယူတင်ဆက်ပါသည်။

(မြင့်မိုရ်တောင်)
စကြဝဠာ အလယ်ဗဟို ယူဇနာ တသိန်းခြောင်သောင်း ရှစ်ထောင်-မြင့်သောမြင့်မိုရ်တောင်သည် တည်ရှိနေ၏။ ယူဇနာ ရှစ်သောင်း လေးထောင်သည် သမုဒ္ဒရာရေတွင် နစ်မြှုပ်နေ၏။ အထက်ပိုင်း မြင့်တက်နေသော အတိုင်းအတာမှာ ယူဇနာ ရှစ်သောင်း လေးထောက်-ရှိ၏။ ထို့ကြောင့် ရှစ်သောင်း လေးထောင်-အမြင့်ဆောင်သော မြင်းမိုရ်တောင်ဟု ခေါ်ဝေါ်သမုတ်ကြပါသည်။

ထိုမြင့်မိုရ်တောင်ကြီး၏ ပတ်ဝန်းကျင်၌ သီတာခေါ် မြစ်တစင်းက တံတိုင်းခတ်သလို ပတ်ရံလျက် ရှိနေလေ၏။ ထိုသီတာ၏ပြင်ဘက် ယုဂန္ဓိုရ်တောင် တည်ရှိသည်။
အမြင့်မှာ မြင်းမိုရ်တောင်၏ တဝက်သာမြင့်၍ သမုဒ္ဒရာရေအတွင်းသို့ တဝက်ဝင်နေသည်။ ထိုယုဂန္ဓိုရ်တောင် ပြင်ဘက် သီတာမြစ်ခြား၍ ဣသိန္ဓိုရ်တောင် တည်ပြန်၏။ ပြင်ဘက်တွင် သီတာမြစ် ခြားပြန်၏။

ဤနည်းအတိုင်း မြင့်မိုရ်တောင်ကို သီတာ ၇-တန်နှင့် တောင်စဉ် ၇-ထပ်တို့ ရံပတ်တည်ရှိကြသည်။
ထိုတောင်များ၏ ပြင်ဘက်၌ သမုဒ္ဒရာရေပြင်ကြီးသည် စကြာဝဠာတံတိုင်းအထိ တည်ရှိလေသည်။ ထိုရေပြင်၏ အလယ်၌ ကျွန်းကြီးကျွန်းငယ် အသွယ်သွယ် ပေါ်ထွန်းလျက်ရှိရကား မြင့်မိုရ်တောင်အရှေ့ဘက်၌ အရှေ့ကျွန်း၊ ထို့အတူ တောင်၊ နောက်၊ မြောက်ဘက်၌ ပေါ်ထွန်းသော ကျွန်းများကို တောင်ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်းဟု ခေါ်ဝေါ်ကြသည်။

(နတ်ပြည်)
နတ်ပြည်၊ ဗြဟ္မာ့ပြည် ပေါ်ထွန်းလာပုံမှာ ယုဂန္ဓိုရ်တောင်ထိပ်၌ စတုမဟာရာဇ်နတ်ပြည် တည်ရှိ၏။
နေလ၊ နက္ခတ်တို့သည် စတုမဟာရာဇ်နတ်ပြည်၌ ပါဝင်သော ဘုံဗိမာန်များဟု ဆိုသည်။
မြင်းမိုရ်တောင်ထိပ်ပေါ်၌ တာဝတိံသာ နတ်ပြည်တည်ရှိ၏။ ယာမာ၊ တုသိတာ၊ နိမ္မာနရတီ၊ ပရနိမ္မိတဝသဝတ္တီ နတ်ပြည် လေးထပ်ကား မြေကြီးနှင့် လုံးဝမစပ်ဘဲ ကောင်းကင်မှာပင် အဆင့်ဆင့်မြင့်ကာ တည်ရှိလေသည်။ ဗြဟ္မာဘုံများလည်း ထို့အတူပင်ဖြစ်၏။

(မြင့်မိုရ်တောင်၏ ပုံသဏ္ဌာန်)
မြင့်မိုရ်တောင်သည် အလယ်ပူ၍ အထက်ရှူးနေသော မရိုးစည်လုံးသဏ္ဌာန် ရှိလေသည်။ တောင်ခါးပန်းစွန်း ဆင်ဝင်အဆင့် ငါးဆင့်ရှိကုန်၏။ ၄င်းကို အာလိန်ငါးဆင့်ဟု ခေါ်ဆို၏။ ပထမအာလိန်သည် ရေ၏အထက် ပေါ်နေရကား ထိုနေရာတွင် နဂါးမင်းနှင့် မြွေမျိုးတို့နေကြ၏။

ဒုတိယအာလိန်အဆင့်ကား လက်ပံတောကြီး၌ ဂဠုန်မင်းတို့ နေကြကုန်၏။
တတိယအာလိန်အဆင့်ကား ကုမ္ဘဏ်တို့ နေကြကုန်၏။
စတုတ္ထအာလိန်အဆင့်ကား ဘီလူးရက္ခိုသ်တို့ နေကြကုန်၏။
ပဉ္စမအာလိန်အဆင့်ကား မြင့်မိုရ်တောင်၏ခါး ယုဂန္ဓိုရ်တောင်၏ ထိပ်နှင့် ညီမျှ၍ ဓတရဋ္ဌ၊ ဝိရူဠက၊ ဝိရူပက္ခ၊ ကုဝေရ အမည်ရှိသော နတ်မင်းကြီးလေးပါးတို့၏ နေရာ စတုမဟာရာဇ်နတ်ပြည်ဖြစ်၏။

မြင်းမိုရ်တောင်၏ အရှေ့ဘက်မျက်နှာ ဓတရဋ္ဌနတ်မင်း။
တောင်ဘက်မျက်နှာ ဝိရူဠကနတ်မင်း။
အနောက်မျက်နှာ ဝိရူပက္ခနတ်မင်း။
မြောက်မျက်နှာ ကုဝေရနတ်မင်းများ နေကြကုန်၏။

မြင်းမိုရ်တောင်၏ အရောင်အဆင်းမှာ-
အရှေ့မျက်နှာ ငွေရောင်။
အနောက်မျက်နှာ ဖန်ရောင်။
တောင်မျက်နှာ ဣန္ဒနီလာ မြရောင်။
မြောက်မျက်နှာ ရွှေရောင် ဖြစ်၏။

(အသုရာပြည်)
မြင့်မိုရ် သတ္တရဗ္ဘန်တောင်အတွင်း၌ အပေါက်လိုဏ်ခေါင်း ယူဇနာ နှစ်သောင်း အကျယ်အပြောရှိ၏။
မြင့်မိုရ်တောင်မင်း၏အောက်၌ ခုံလောက်သုံးခု ခံလျက်ရှိ၏။
ခုံလောက်တခုသည် တခဲနက် နီရဲသော ပတ္တမြားကျောက်ဖြင့် ပြီး၏။
အခြားတခုမှာ နီလာကျောက်ပြားခဲကဲ့သို့ ရှိ၏။
အခြားတခုမှာ မြရောင်စိမ်းစိမ်းရှိလျက် ထွန်းလင်းတောက်ပ၏။
မြင့်မိုရ်တောင်အောက် မြခုံလောက်အကြား၌ အသုရာပြည် ရှိလေ၏။

ဦးဘသော် (ကသာ)
ကျမ်းကိုး။ ။
အရှင်ဇနကာဘိဝံသ-ရေး ကိုယ်ကျင့်အဘိဓမ္မာကျမ်း။
အရှင်သြဘာသာဘိယံသ ပြုစုသော သုတေသနသရုပ်ပြ အဘိဓာန်။
စစ်ကဲတော်ကြီး ဦးရွှေနော် စီရင်သော အာဒိကပ္ပ ကမ္ဘာဦးကျမ်း။
(ငွေတာရီမဂ္ဂဇင် (၂၀၀၀)ပြည့်နှစ် အောက်တိုဘာလ)

“ဒေသတွင်းဆိုင်ရာ ဗဟုသုတဖြစ်ဖွယ်လင့်များ” www.blissofus.com မှာ လင့်တွေချိတ်ထားပေးပါတယ်။
ကမ်ဘောဒီးယားမသွားခင် ဇာတ်လမ်းဇာတ်ကွက်လေးတွေ သိထားတော့ ရှေးခေတ်လက်ရာတွေက ဘာကို ညွှန်းဆိုနေကြတယ်ဆိုတာ ပိုပြီး သိရအောင်လို့ ကြိုတင် မျှဝေလိုက်ပါတယ်နော်၊ အန်ကောဝပ်ကို ရောက်တဲ့အခါမှာလည်း ဘယ်နေရာတွေကိုတော့ဖြင့် သတိထားကြည့်ရမယ် ပိုလေ့လာသင့်တယ်ဆိုတာ သိထားရအောင်လို့ဇာတ်လမ်းများကို ရှာဖွေတင်ဆက်ထားပါတယ်။ မသိသေးတဲ့သူတွေအတွက် ဗဟုသုတတိုးစေရန် ရည်ရွယ်ပြီး တင်ဆက်ခြင်းဖြစ်ပါတယ်။

လေးစားစွာဖြင့်
crystal

ဝဲလ်တွေ မကင်းသေးသမျှ ကွန့်မန့် မန့်တာလေးတွေ ခဏတော့ နားထားရင်ကောင်းမလားပဲ၊ ဝဲလ်တော့ စစ်ပြီး ပြီ ဝဲလ်ကင်းသွားသော်လည်း ကွန်မန့်မှာ ငြိတတ်လို့ ခဏပိတ်ထားပါတယ် :(   
c box တပ်ထားလိုက်ပါပြီ လိုက်ရှာကြည့်ပါရှင် :P

No comments: