သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, March 25, 2012

“တွေးတွေး ငေးငေး၊ သွားသွား လာလာ”

ရိုးတံတွေကြဲ နေပူထဲ မှာ ငွါးငွါးစွင့်စွင့် ပွင့်နေတဲ့ ပန်းကလေးတွေ
ဓာတ်ပုံထဲမှာလည်း လှ၊ အပြင်မှာလည်း လှ
ပန်းလေးတွေကပြောတယ် နေရောင်ပြင်းပြင်းအောက်မှာလည်း ပွင့်ရဲပါတယ်တဲ့...။

ပိတောက်ပန်းတွေ.....
ဝါဝါလှုပ်အောင် ပွင့်ချိန်မှာ နေမကောင်းလို့ ထွက်မရိုက်နိုင်ဘူး၊ နဲနဲကြွေစမှာ ရိုက်ဖြစ်တယ်။

အသီးကို ကြည့်တော့ ပိန္နဲသီးထင်လို့၊ အပင်ကြည့်တော့ ဟုတ်ဘူး။ အဲဒါ ဘာပင်လဲဟင် သိတဲ့သူ ဖြေပေးပါ။


ဟဲ့ အစာအိမ်ယောင်တာ ရေခဲသုပ်တွေ စားနေရသလား၊ 
ဆရာဝန်က အေးတာလေးတွေ စားဆိုလို့ပါ :P


ရေကြီးပြီးနောက်ပိုင်း ကျောက်ဖရားမြစ်ထဲမှာ ငါးတွေ ပိုများလာတယ်နော်

ငါးတွေ ဘာကြောင့် ပိုများလာတာလဲဆိုတာ သုတေသနလုပ်မယ့်သူ မရှိကြဘူးလားမသိဘူး၊ သိချင်ထာာာာ

ခမာပြည်ရောက်နေတာ မဟုတ်ဘူး၊ ခမာပြည်က ပုံစံမျိုးလုပ်ထားတဲ့ ထိုင်းက စားသောက်ဆိုင်လေးပါ။

ခင်းကျင်းတဲ့ပုံစံလေး ကြိုက်တယ်။ နမူနာယူဖို့ ဓာတ်ပုံရိုက်လာတယ်

စိတ်ကူးထဲက ခြံလေးထဲမှာ အဲလိုကွပ်ပျစ်လေး တစ်ခုရှိတယ်။

စေတီကို လှမ်းရိုက်တာပဲ သူ့ဖာသာသူ မြင်ကွင်းထဲ ဝင်လာတယ်၊
 တော်တာ် မသွားနိုင်လို့ တမင်၇ိုက်ပလိုက်တယ်
သူ့ရိုက်မှန်းသိတော့ ရီပြတယ်တော့ ...

တနေ့လုံးမှာ အစာနဲ့တူတာဆိုလို့ ဒါလေးပဲ စားတယ်၊ နွားနို့ အိုဗာတင်းပဲ သောက်နေရတယ် :(

ဒီလိုပုံမျိုးလေးတွေ တအားကြိုက်တယ်၊ ကော်ဖီဆိုင်မှာ ခွင့်တောင်းပြီး ရိုက်လာတယ်။ 

ရေးလက်စ ပိုစ့်တွေက သေချာရေးနေလို့ မပြီးသေးခင်
 ကြားဖြတ်ရွေးကောက်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ ကြားဖြတ်ပိုစ့်တင်ဆက်လိုက်ရပါတယ်။

ကျန်းမာ၊ ချမ်းသာကြပါစေ၊ ကျမ ခရစ္စတလ် ....ပါ။
 (ဒါရိုက်တာကြီး ဦးဝင်းဖေလေသံဖြင့်)

လေးစားစွာဖြင့်
ခရစ္စတလ်

Sunday, March 18, 2012

ဆန္ဒရှိမယ်ဆိုရင် ...။

ရောဂါမျိုးစုံပေါ်ထွန်းခေတ်ကာလထဲမှာ သွေးတိုး၊ ဆီးချိုလို သက်ဆုံးတိုင်ခံစားရတဲ့ ရောဂါမျိုး အခြားရောဂါတွေလည်း ရှိကြတယ်။ ဆေးစား ဆေးသောက်လို့ ရောဂါကို ထိန်းထားပြီး သက်တမ်းစေ့နေသွားနိုင်ကြတဲ့ လူတွေလည်း အများကြီးပေါ့...။ အဲဒီလိုပဲ HIV တို့ အနာကြီးရောဂါသည်တို့ဆိုရင်လည်း လူတွေ ရောဂါနာမည်ပေါ်ကြည့် ခွဲခြားဆက်ဆံချင်ကြတယ်၊ ခွဲခြားမြင်တဲ့ သူတွေ များတယ်။ မကူးနိုင်ပါဘူးဆိုလည်း ကြောက်ကြတယ်။ ဘာလို့ ကြောက်တာလဲ ဆိုတော့ ရှင်းရှင်းလေးပါပဲ သေသေချာချာမသိသေးလို့ပါ။ ဒါဆို လူအများ သေသေချာချာ သိဖို့လိုတာပေါ့နော်။ ကျမတို့ နိုင်ငံမှာ အသိပညာတွေ လက်ဆင့်ကမ်းဖို့ အများကြီး လိုနေပါသေးတယ်။ မသိလို့ မှားကြတာတွေ မသိလို့ ကြောက်ရတာတွေကို ကျမတို့ ဘယ်လိုကျော်လွှားနိုင်ကြမလဲ...။

မြန်မာနိုင်ငံထဲမှာ နေရာတော်တော်စုံစုံကို သွားခဲ့ဖူးတယ်၊  လူတော်တော်များများကို ကြည့်ရင် အခြား မကောင်းတာတွေတော့ စုံအောင်သိကြပါတယ်၊ ကောင်းတာ သိသင့်တာဆို မသိကြပါဘူး။ ကျမကတော့ ရောက်လေရာမှာ ကိုယ့်အလုပ်နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် အမြင်မတော်နေရင် ထုံးစံအတိုင်းပေါ့ လျှာကရှည်လိုက်သေးတယ် တားမရဘူး၊ ကိုယ့်တာဝန်ကြီးလိုပဲ။ အမေဆို ခဏခဏ အနောက်က လိုက် ဘရိတ်အုပ်နေရတယ်။ ယောက်ျားကတော့ အလုပ်ကို စွဲလန်းလွန်းတယ်ပေါ့။ မြင်နေတာကိုးးး မနေနိုင်ဘူးလေ။ လက်လှမ်းမှီရာကို မပြောရရင်ကို မနေနိုင်ဘူး။ ပြောတာမကြိုက်လို့ မုန်းချင်လဲ မုန်းပေါ့၊ တတ်နိုင်ပါဘူး၊ ကိုယ့်စေတနာ နားမလည်ရင်တော့ သူတို့တွေ ဒုက္ခနဲ့တွေ့မှ နားလည်ကြမှာ။ အခုတော့ ထိုင်းမှာ နေပြီး၊ ယောက်ျားလုပ်စာ ထိုင်စားရင်း အငြိမ်းစားရသွားတာ :)။ အဲလိုလဲ မထင်လိုက်နဲ့အုံးလို့။ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးတွေက ခလုပ်တိုက်မိရင် လုပ်ပေးနေရသေးတယ်။ လိုရင်းမရောက်မှာစိုးလို့ ခဏရပ်အုံးမှ... :D

လိုရင်းကို ပြန်ဆက်ရရင်တော့ ကျန်းမာရေးကိစ္စဆိုရင် ခရစ္စတလ်တစ်ယောက် ငယ်ငယ်တည်းက ချူချာတဲ့သူဆိုတော့ နေမကောင်းဖြစ်တဲ့သူတွေ့ရင် ကိုယ်ချင်းစာတယ်၊ သူတို့လေးတွေရဲ့ ခံစားမှုကို နားလည်ပါတယ်။ နေမကောင်းဖြစ်ရတဲ့အချိန်မှာ ဘဝဟာ ပျော်စရာကို ဘယ်ကောင်းနိုင်မှာလဲနော်၊ ပြီးတော့ ဒီလိုလည်း ဘယ်ဖြစ်ချင်မှာလဲ။ ဒီတော့ ကိုယ့်လိုပဲ ကျန်းမာရေးနဲ့ ပတ်သက်ရင် အားနည်းတဲ့သူတိုင်းကို ကူညီပေးချင်ပါတယ်၊ တတ်အားသရွေ့ပေါ့။

အမှောင်ထုထဲက အလင်းစက်ကို အစပြုလို့ ဖဘထဲက ကြောင်ဂိုဏ်းဝင်များနဲ့ ချစ်မိကြတယ် ဆိုကြပါစို့...။ ဒီလိုနဲ့ တနေ့မှာ ဖဘက အမှတ်မထင် မြန်မာမုဒိတာလူငယ်များအဖွဲ့က ကိုညိမ်းနိုင်တစ်ယောက်

အတွက် ထိုင်းနိုင်ငံဘက်မှ ကူညီဖို့ စကားစပါတယ်။ အမှန်တော့ ဒမ်ဒမ်ရဲ့ စီဘုံးမှာ ကိုယ်က ပျိုးခဲ့တာ ဟိ ဟိ။ သူတို့ထဲမှာလဲ မမကွန်ပြီးရင် ကိုယ်က အသက်အကြီးဆုံးဖြစ်နေတယ်။ သူတို့ ပရဟိတအလုပ်လေးတွေ လုပ်နေတော့ ကိုယ်ကလည်း မကူရင် မကောင်းဘူးမဟုတ်လားးး။ ကိုယ်တိုင်ကလည်း ဝါသနာမပါရှာတော့ ထုံးစံအတိုင်း ကူမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုဆိုတော့ ဘယ်လိုလုပ်ကြမလဲ ဘယ်လိုလုပ်ရမယ် စဉ်းစားစရာတွေ တသီကြီးပါပဲ။

အလှူငွေကောက်ခံခြင်းကိစ္စ
အလှူငွေလေး ရသလောက် ကောက်ပြီး လှူလိုက်တာက လွယ်ပေမယ့် ဒီလိုကိစ္စမျိုးဆိုတာ ငွေက အမြဲလိုအပ်နေတာမဟုတ်လား။ ငွေပဒေသာပင်ထဲကို ထည့်ဝင်နိုင်ရင် ပိုအကျိုးရှိပါမယ်။ အလှူခံပုဂ္ဂိုလ်တွေအနေနဲ့လည်း ရေရှည်အကျိုးရှိနိုင်မယ်လို့ တွေးမိတယ်၊ ဒါ့အပြင် လှူဒါန်းတဲ့သူတွေလည်း တစ်သက်တာ ကုသိုလ်ရပေါ့။ အလှူငွေကောက်ခံဖို့နဲ့ ပတ်သက်ပြီး ဆက်စပ်စဉ်းစားမိတော့ အနာကြီးရောဂါနဲ့ ပတ်သက်ပြီး ထိုင်းမှာရှိတဲ့ ရွေ့ပြောင်းအလုပ်သမားများကို ကျန်းမာရေးအသိပညာတွေ မျှဝေပြီး အလှူငွေလှူဖို့ တိုက်တွန်းကြမလား။ ဘာကြောင့်လဲဆိုတော့ ကာလသားရောဂါနဲ့ အနာကြီးရောဂါသည်တွေကို အမှတ်မှားကြတယ်မဟုတ်လား။ သောင်းကျန်းလွန်းရင် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ ခံဆိုတဲ့ သဘောထားတွေနဲ့ အနာကြီးရောဂါသည်တွေကို မှားပြီး ခွဲခြားဆက်ဆံကြ လူမှုအသိုင်းအဝိုင်းထဲက ထုတ်ပယ်ထားကြပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် ဗဟုသုတလည်းရ၊ အလှူငွေလည်း ထည့်ဝင်ဆိုရင် အဖိုးတန် အကျိုးထူးနှစ်ခု တပြိုင်နက်ရနိုင်ကြပါလိမ့်။

နောက်တစ်နည်းကတော့ ထိုင်းနိုင်ငံမှာ တရားပွဲကျင်းပဖို့ရာ ခရစ္စတလ် ကူညီတောင်းရင် ဆရာတော် သံဃာတော်များကလည်း ကူညီကြမှာပါ။ တခါမှ ကူညီတောင်းဖူးဘူးလေ၊ ပြီးတော့ ကုသိုလ်ရေးဆိုတော့ ကူညီဖို့ အားတက်သရောရှိမယ်ပေါ့။ ဟုတ်တယ် မဟုတ်လား ဘုန်းဘုန်းတို့ (မှန်လိုက်လေ ဒကာမကြီးရေ) ကိုယ့်ဖာသာ မေး၊ ကိုယ့်ဖာသာ ဖြေလိုက်ပါတယ် :)။ အလှူငွေထည့်ဝင်တဲ့သူတွေအတွက်လည်း တရားလည်းနာရ၊ အလှူထည့်ဝင်တဲ့အတွက်လည်း အာယုဒါနမြောက်ခြင်းဖြင့် ကုသိုလ်နှစ်ခု တပြိုင်နက်ရနိုင်တာမို့ သိပ်ကောင်းတဲ့ အစီအစဉ်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်နော်။

အလှူပေးခြင်းနဲ့ ပတ်သက်လို့ တစိတ်တဒေသ
* စကားစပ်မိလို့ ပြောရရင် ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ နှစ်ပြားတန်ဆောင်းဆိုတာ ကြားဖူးကြလား မသိ၊ ရှေးခေတ်က ဈေးသူဈေးသားတွေ တစ်နေ့ နှစ်ပြားစုပြီး လှူဒါန်းခဲ့လို့ နှစ်ပြားတန်ဆောင်းလို့ အမည်တွင်ခဲ့တာပေါ့။ ဒီလိုပဲ ထိုင်းမှာလည်း တစ်ဘတ်စေ့လေးတွေ နှစ်ဘတ်စေ့လေးတွေ စုဘူးလေးနဲ့ စုပြီး တချိန်မှာ လှူဒါန်းနိုင်လည်း အများကြီး လှူနိုင်တာပါပဲနော်။

* ထိုင်းမှာ ပန်းရောင် saving bank တစ်ခုရှိတယ်၊ ကလေးတွေအတွက် မိဘတွေက ငွေစုပေးထားပြီး ကလေးအသက် (၁၈)နှစ်ပြည့်ရင် ငွေထုတ်နိုင်ပါတယ်။ ဘဏ်ကလည်း အတိုးနှုန်းပေးပါတယ်။ နောင်အနာဂတ်မှာ ကောင်းအောင် စနစ်တွေ စည်းကမ်းတွေနဲ့ လုပ်ပေးထားတာပါ။ ကလေးရဲ့ အနာဂတ်ကောင်းဖို့အတွက်ပါ။

* စာသင်တိုက်ဖြစ်ဖြစ် တရားရိပ်သာဖြစ်ဖြစ် အလှူကြီးပေးပြီးတဲ့နောက်နေ့ အလှူရှင်တွေ ဘုန်းကြီးကျောင်းကို တခေါက် သွားကြည့်စေချင်တယ်၊ အလှူကြီးပေးတဲ့နေ့သာ စားကောင်းသောက်ဖွယ်တွေ ဖွယ်ဖွယ်ရာရာ၊ နောက်နေ့ အလှူရှင်မရှိရင် ငပိရည်ကြိုလေး၊ ပဲကတ္တီပြုတ်လေးတွေ။ ဒါမျိုးတွေ တွေ့တော့ အိမ်က လူကြီးတွေကို မေးကြည့်မိတယ် ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ၊ အမြဲတမ်းဆွမ်းစရိတ်မှာ အတော်နည်းပါးတော့ အလှူရှင်မရှိတဲ့ ရက်တွေဆို အဆင်ပြေသလိုလေး ဘုန်းပေးကြတဲ့ သံဃာတွေ၊ သီလရှင်ဆရာလေးတွေ၊ ယောဂီတွေ မြန်မာပြည်မှာ ထုနဲ့ဒေးပါ။

တွေးကြည့်နိုင်ဖို့ ဥပမာလေးတွေ ပြောကြည့်တာပါ။ 

အလှူခံသူနဲ့ လှူဒါန်းသူအကြား 
အလှူခံတဲ့သူတွေအနေနဲ့လည်း လှူဒါန်းလိုက်တဲ့ အလှူစိတ်ထဲမှာ လှိုက်လှိုက်လှဲလှဲကျေနပ်ဝမ်းသာစေချင်ပါတယ်။ ဥပမာ-အလှူခံလာတာနဲ့ အလှူခံတော့မယ်ဆိုတာမျိုးကြီး မငြိုငြင်စေချင်ဘူးလေ။ ပြီးတော့ တကယ့်ကို စိတ်ထဲက ကြည်ကြည်နူးနူး စင်ကြယ်စွာလှူဒါန်းတာမျိုး ပိုအကျိုးရှိတယ် မဟုတ်လား။ တာဝန်တစ်ခုလို လှူဒါန်းတာမျိုးလည်း မဖြစ်စေချင်ပြန်ဘူး။ တချို့ဆို လစဉ်အလှူငွေ လိုက်ကောက်ပြီး အလှူရှင်တွေက ငွေစိုက်ထားခိုင်းလို့ အလှူငွေလိုက်ကောက်သူမှာ ဝန်ပိရတာတွေလည်း ကြားဖူးတာရှိပါသေးတယ်။ အများအတွက်လုပ်ပေးကြတာဆိုတော့ အားလုံးညီညွတ်မှ နားလည်ပေးနိုင်ကြမှ စုပေါင်းလုပ်တဲ့ ကိစ္စတိုင်း အောင်မြင်ကြတာပါ။

ဒါကြောင့် လိုအပ်တဲ့ အချက်အလက်လေးတွေ စုဆောင်းလိုက်ပါတယ်။
ဒီလင့်လေးကို ဖတ်ကြည့်နိုင်ပါတယ်။

ခရစ္စတလ်လည်း နှစ်ဘတ်စေ့လေးတွေ စုတယ်၊ ဟိုတလောက ဆွမ်းခံကိုယ်တော်ကို လှူလိုက်တာ ဘတ်သုံးရာတောင် ရတယ်၊ အဲဒီစဥ့်အိုးသေးသေးလေးထဲက။ ကိုင်း စုလိုက်တော့ များလာတယ်မဟုတ်လား။ ခရစ္စတလ် ကျောင်းမပြီးခင် ပထမဆုံးအလုပ်ဝင်တုန်းက ရတဲ့လခကို  ဆွမ်းစရိတ်ပဒေသာပင်စိုက်ထူခဲ့ဖူးတာလေး ဒီနေ့ ပြန်အမှတ်ရမိတယ်။
ဒီတော့ ပိုက်စံစုတာဖြစ်ဖြစ်၊ ကုသိုလ်စုတာဖြစ်ဖြစ် 
စု နိုင်တော့ ချမ်းသာတာပေါ့။ လောကီ လောကုတ္တရာ ပြောပါတယ် :)

-------------------------------------------------------------------၀၀၀-------------------------------------------------
မဒမ်ရဲ့ အမျိုးသား“ကိုရင်”ရေးထားတဲ့ ပိုစ့်ကို မုဒိတာပွါးကြပါအုံးနော်..........။
မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ ဒုတိယမြောက်ခြေလှမ်းပါခင်ဗျာ.....၊လောလောဆယ် အလုပ်တွေရှုပ်နေတာကြောင့် ဒီအလှူနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ပို့စ်မရေးလိုက်နိုင်ခဲ့ပါဘူး...၊ ကိုရင်တင်ထားတာကိုပဲကော်ပီလိုက်ရပါတယ်ခင်ဗျား.....:)))) 
အားလုံးမင်္ဂလာပါခင်ဗျား။
မြန်မာမုဒိတာလူငယ်များအဖွဲ့၏ ဒုတိယမြောက်အလှုအဖြစ် မရမ်းချောင်း အနာကြီးရောဂါသည်ဂေဟာကို ဧပြီလပထမပတ်တွင် လိုအပ်သည်များကို တတ်နိုင်သလောက် လှုဒါန်းရန် စီစဉ်ထားပါတယ်ခင်ဗျား။ အလှုငွေ ရရှိမှု အပေါ်မူတည်ပြီး

၁။ငွေသားအလှူ


၂။ဆေး၊ ဆန်အလှူ


၃။အ၀တ်အထည်


၎။ဝှီးချဲ များကို အလှုငွေ ရရှိတဲ့အပေါ်မူတည်ပြီး လှူဒါန်းနိုင်ဖို့ စီစဉ်ထားပါတယ်။
ပါဝင်အားဖြည့် လှူဒါန်းလိုသူများအား ကျွန်တော်တို့အဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျား။

မရမ်းချောင်း အနာကြီးရောဂါသည် စောင့်ရှောက်ရေးဂေဟာအကြောင်း

ရန်ကုန်တိုင်း၊ လှည်းကူးမြို့ နယ် ဖောင်ကြီးအလွန်မှာ ဂေဟာ တည်ရှိပါတယ်။ လက်ရှိ ဂေဟာက စောင့်ရှောက်ထားသူ ဝေဒနာသည် ကျား ၅၇ဦး၊ မ ၄၆ဦး စုစုပေါင်း ဝေဒနာသည် ၁၀၃ဦး ရှိပါတယ်။
 
နေ့စဉ် လူနေမှုဘဝ

ဝေဒနာရှင်တွေဟာ မနက်စောစော ဘုရားဝတ်တက်ကြတယ်။ ပြီးရင် စောင့်ရှောက်ရေးဂေဟာက ဆန်(၇)ပြည်လောက် ချက်ထားတဲ့ ထမင်းကို ဆီငါးကျပ်သား တစ်ဆယ်သားလောက်ထည့်ပြီး ကြော်ထားတဲ့ထမင်းကို ကျွေးပါတယ်။ အလှုရှိတဲ့နေ့ဆို အသားဟင်းနဲ့ သူတို့စားသောက်နေကြပုံက အလွန်ကို အားရစရာ ကောင်းလှပါတယ်။ အလှုရှင် မရှိတဲ့နေ့ဆိုရင် သူတို့တွေဟာ ပြုတ်မနူးပဲ၊ပြုတ်နူးပဲတွေကို အရည်ကျဲချက်လိုက်၊ ကုလားပဲဟင်းလို ချက်လိုက်နဲ့ မျိုးစုံချက်ကျွေးတာနဲ့ပဲ စားကြရပါတယ်။ ညစာကိုလည်း စောစောကလို စားအပြီးမှာ မြေစိုက်တဲ ဓမ္မာရုံကို သွားကြပြီး တရားနာခြင်းအမှုကို ပြုကြပါတယ်။

တစ်နှစ်ပတ်လုံး ဝေဒနာသည်တွေ နှစ်ကြိမ်ပဲ စားခဲ့ဖူးတယ်ဆိုတဲ့ ဒံပေါက်ထမင်း

ဆရာဝန်လာတဲ့ ရက်တွေမှသာ ဆေးခန်းပြခွင့်ရှိပါတယ်။ လက်ရှိ အချိန်မှာ တိုက်နယ်ဆေးရုံလေးက ဆရာဝန်လေးဟာ ဆယ်ရက်တစ်ခေါက်သာ ရောက်ဖြစ်တယ် ပြောပါတယ်။ အချိန်ပြည့် blue staff တစ်ယောက် ရှိပေမဲ့ လက်ရှိ လူနာအင်အားနဲ့က တော်တော့်ကို ကွာခြားနေပါတယ်။

ဒီလို ဖိနပ်တွေ စီးကြရပါတယ်။

သူတို့တွေရဲ့ ခြေချောင်းတွေဟာ တစ်ဖက်နဲ့တစ်ဖက် အတိုအရှည် မညီကြပါဘူး။ ဒါကြောင့် သူတို့တွေအတွက် အထူးပြုလုပ်ထားတဲ့ ဖိနပ်တွေ စီးကြရပါတယ်။ ဒါပေမဲ့ အဲဒီ အထူးပြုလုပ်ထားတဲ့ ဖိနပ်ကိုလည်း တစ်ခါတစ်လေသာ လှုဒါန်းမဲ့သူ ရှိပါတယ်တဲ့။ အဲလိုအချိန်မှာတော့ ခြေထောက်မှာ ဖြစ်နေတဲ့ အနာရောဂါတွေဟာ သက်သာလေ့ရှိပါတယ်။ ဖိနပ်ပြတ်သွားပြီး လှူဒါန်းမဲ့လူမရှိရင်တော့ လက်ရှိ အများစီးနေတဲ့ ဖိနပ်တွေကို ကြိုးတွေဆိုး ဖြတ်ညှပ်ပြီး စီးနေကြရပါတယ်။

သူတို့တွေရဲ့ မျိုးဆက်ကလေးတွေ

အနာကြီးရောဂါသည် ခံစားခဲ့ရတဲ့လူတွေဟာ သာမန်လူတွေပဲ ဖြစ်တာမို့ အိမ်ထောင်ပြုနိုင်ကြသလို သားသမီးတွေလည်း ထွန်းကား ကြပါတယ်။ သူတို့မှာ ဝေဒနာရဲ့ ဖိစီးမှုတွေကြောင့် ဒဏ်ရာဒဏ်ချက်တွေနဲ့ ခံစားကြရပေမဲ့ အနာကြီးရောဂါဆေး သောက်ထား တာကြောင့် မွေးလာတဲ့ သားသမီးလေးတွေမှာတော့ ရောဂါကင်းကြပါတယ်။ သူတို့ သူတို့လေးတွေဟာလည်း မှီတွယ်စရာ ဂေဟာလေးမှာ နေထိုင်ရင်း အလှူရှင်တွေရဲ့ လှူဒါန်းမှုကို မျှော်လင့်ကာ ဘ၀ကို ချို့ တဲ့စွာ ဖြတ်သန်းနေကြရပါတယ်။

ကျွန်တော်တို့ ဘာ့ကြောင့် သူတို့ကို ကူညီသင့်သလဲ

အနာကြီးရောဂါသည်များကို အရပ်ထဲမှာ (မရိုသေစကား) အနူလို့ ခေါ်ဝေါ်ကြပါတယ်။ လူတောထဲ အ၀င်မခံ ရွံကြပါတယ်။ ရောဂါ ကူးမှာ ကြောက်ကြပါတယ်။ ရောဂါသည်တွေ ကိုယ်တိုင်ကလည်း လူတွေကြားထဲ မသွားရဲ မလာရဲ အမြဲတမ်း စိတ်အားငယ်နေကြ ပါတယ်။ အနာတစ်ခုဖြစ်ရင် လွယ်လွယ်နဲ့ မပျောက်ပဲ အဆိုးဆုံး အခြေအနေထိ ခံစားရပြီး ဖြတ်တောက်ပစ်ရပါတယ်။ အနာကြီးရောဂါ ကုသဆေး သောက်ထားကြလို့ ကူးစက်နိုင်ခြင်း မရှိကြတော့ပေမဲ့ နောက်ဆက်တွဲဝေဒနာတွေက မရှုမလှပါဘူး။  ခြေလက်တွေဟာ ထုံနေကြပြီး ခြေထောက်ကို သံစူးရင်တောင်မသိနိုင်ကြပဲ ပေါင်မှာအကျိတ်ခိုလာမှ အနာရှိလောက်တယ်ထင်ပြီး ဖြဲရှာရတဲ့ဘ၀တွေပါ။ တစ်ချို့ တွေဆို ဘီးတပ် ကုးလားထိုင်ပေါ်မှာပဲ ဘ၀ကို ကုန်ဆုံးနေရပါတယ်။


ဂေဟာမှ ဝေဒနာသည် အဖွားအရွယ်တစ်ဦး

အဲဒီဝေဒနာရှင်တွေဟာ အရင်က ကျွန်တော်တို့လို လူကောင်းတွေပါပဲ။ ကံတရား၊ စိတ်၊ ဥတု၊ အဟာရမမျှတမှုတွေကြောင့် အရွယ်မျိုးစုံမှာ အနာကြီးရောဂါကို ခံစားခဲ့ကြရင်း လူတောမတိုင်းနိုင်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ကူညီသည့်သူများကို အားကိုးရင်း အသက်ဆက်နေရသူတွေ ဖြစ်ပါတယ်။ လက်ရှိ အဆိုပါ ဝေဒနာရှင်များအတွက် လှူဒါန်းနေသူများ ရှိကြသော်လည်း လှူဒါန်းမှုအားမှာ ဆင်၏ ခံတွင်းကို နှမ်းပက်သလို အရမ်းကို အားနည်းနေပါသေးတယ်။

ဆေးထည့်တဲ့အခါ ခြေထောက်တင်တဲ့ခုံကို ကြည့်ခြင်းအားဖြင့် လိုအပ်မှုတွေကို ထင်သာ မြင်သာစေပါတယ်။

ထိုသူတွေအတွက် ဆန်၊ဆီ၊ဆေး၊အ၀တ်အထည်၊ ၀ှီးချဲများ တကယ့်ကို လိုအပ်နေပါတယ်။ အလှုရှင်တွေ လိုအပ်နေပါတယ်။ အကယ်၍ စိတ်ပါဝင်စားစွာ လှုဒါန်းလိုသူများအနေနဲ့ မိမိတို့ နေထိုင်ရာ နိုင်ငံအလိုက် အောက်ပါ အကျိုးတော်ဆောင်များထံ ၂.၄.၂၀၁၂ နောက်ဆုံးထားပြီး ဆက်သွယ် လှုဒါန်းနိုင်ကြပါတယ်ခင်ဗျား။

ဗြိတိန်မှ အကျိုးတော်ဆောင်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com

+၄၄ ၇၇၄၀ ၉၈၃၉ ၄၂

အမေရိကမှ အကျိုးတော်ဆောင်
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com

+၁၂၀ ၁၈၈၈ ၉၇၅၁

စင်ကာပူနိုင်ငံမှ အကျိုးတော်ဆောင်များ
၁။ကိုငြိမ်းနိုင် @ ကိုနိုင်ထွဋ်
eikunaing@gmail.com

+၆၅ ၉၀၂၂ ၁၈၀၇

+၆၅ ၉၈၈၂ ၉၀၇၈

၂။ကိုရင် + မဒမ်ကိုး

celestial.whiteangle@gmail.com

+၆၅ ၈၃၇၅ ၁၀၆၉

ထိုင်ဝမ်မှ လှုဒါန်းလိုသူများအတွက်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀

jerrypigpig@gmail.com

ထိုင်းနိုင်ငံမှ အကျိုးတော်ဆောင်
မခရစ္စတယ်
Tel: +668 5113 7722
gmail: blissofus@gmail.com
မလေးရှားနိုင်ငံ အကျိုးတော်ဆောင်
၁။ဇင်ငြိမ်းဦး(မြန်မာ အိုင်တီနန်းတော်)
+၆၀ ၁၇၇၀ ၅၈၂ ၁၉

၂။မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com

+၆၀ ၁၆၃၂ ၄၉၆ ၉၁

၃။မောင်ဘုန်း
mr.janjarom@gmail.com
+၆၀ ၁၀၂၈၂၇၀၇၁

၎။မိုးဇက် (ကလန်း)
bloggermoses@gmail.com
http://www.facebook.com/profile.php?id=100003084986957

ဂျပန်နိုင်ငံ အကျိုးတော်ဆောင်
နေဝသန်@ ရန်နိုင်
nay.naywathan@gmail.com
+81 80 3852 5214

မြန်မာနိုင်ငံ အကျိုးတော်ဆောင်
၁။andrew @ကျော်စွာစိုးမြတ်
andrewkc189@gmail.com

+၉၅၁ ၆၄၃ ၀၈၆

၂။သမီးစံ
sandartinmyint@gmail.com
+၉၅၁ ၃၉၁ ၇၅၄
+၉၅၁ ၃၉၁ ၀၀၃
http://www.facebook.com/profile.php?id=100003084986957#!/mi.san1

လှုရှင်များအား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလျက်
MMYG လူငယ်များအဖွဲ့ ကိုယ်စား
ကိုရင်
18:00( GMT)



“ဘဝများကို ဖေးကူလို့ စာနာရိုင်းပင်းကြပါစို့” လို့ ထပ်ဆင့် ပြောရင်း လှူဒါန်းလိုသော စိတ်လေး ဖြစ်ပေါ်လာရင် ဆန္ဒတစ်စုံတရာ ရှိမယ်ဆိုရင် မိမိတို့နဲ့ လက်လှမ်းမီရာ သူငယ်ချင်းများမှ တဆင့် လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းလိုက်ပါရစေနော်။ လိုအပ်တဲ့ နေရာလေးတွေမှာ လှူဒါန်းခြင်းဖြင့် ကုသိုလ်တူတူစုကြရအောင်နော်...။

ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

Thursday, March 8, 2012

“တောင်းဆုတစ်ခုနဲ့ သုမိတ္တာ”

ဆုတောင်းလေးတစ်ခုကြောင့် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
ကောက်ကောက်ပါအောင် ပါရမီတွေ ဖြည့်ပြီး
နောက်ဆုံးဘဝပုံရိပ်


မတ်လ (၈)ရက်နေ့က ကမ္ဘာ့အမျိုးသမီးများနေ့ဖြစ်ပါသတဲ့ ပိတ်သတ်ကြီးရေ...
အထိမ်းအမှတ်များနဲ့ ပွဲများ ကျင်းပကြသော်လည်း ကျမအနေနဲ့တော့ တယ်လည်း စိတ်ဝင်စားလှတယ် မဖြစ်မိပါဘူး။ သို့သော်လည်း ဒီလိုနေ့မှာ စံထားသော မိန်းမတွေ၊ စံပြမိန်းမတွေ၊ ရာဇဝင်ထဲက မိန်းမမြတ်တွေ စသည် စသည် အငြိမ်းမနေနိုင်တဲ့ စိတ်က တောင်မြောက် အပြေးအလွှားလေး တွေးမိပါရဲ့...။ 

သတင်းတစ်ခုမှာတော့ အမျိုးသမီးများနေ့ဖြစ်တဲ့အတွက် အိမ်ထောင်သည်အမျိုးသားများက ကိုယ့်ဇနီးမယားကို အမှတ်တရလက်ဆောင်တွေ ပေးကြလို့ ဈေးတွေ ပန်းခြံတွေမှာ စည်စည်ကားကားပြသသွားပါရဲ့။ ချစ်သူစုံတွဲတွေ မဟုတ်ပါဘူး။ ကာလံဒေသံအရ အယူတွေက များပြားလှတဲ့ လောကဖြစ်သကိုးလေ...။

အဲဒီသတင်းထဲမှာပဲ အမျိုးသားတစ်ဦးကို ဘာကြောင့် အိမ်ထောင်ဖက်အမျိုးသမီးအတွက် လက်ဆောင်ပေးရတဲ့ ရည်ရွယ်ချက်ကို အင်တာဗျူးပါတယ်။ အိမ်ထောင်သည်ဘဝမှာ သူ့ကျေးဇူး ကိုယ့်ကျေးဇူးဆိုတာ ရှိသတဲ့၊ ဇနီးရဲ့ မြတ်နိုးခြင်းတရားနဲ့ ကျေးဇူးတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလိုနေ့မှာ အမှတ်တရလေး တစ်ခုခုလက်ဆောင်ပေးတာ တစ်နေရာကို သွားလည်တာ ဒါတွေ ပြုလုပ်ကြပါတယ်လို့ ဖြေသွားတယ်။ ဒီလိုလုပ်ဆောင်ခြင်းက သဘောထားကြီးမြတ်တဲ့ ခင်ပွန်းယောက်ျားတို့ ချစ်ခြင်းမေတ္တာကို ပြသရာ ရောက်ပါတယ်၊ အခုလိုမျိုး နှစ်တိုင်း အိမ်ထောင်သည်တိုင်း ပြုလုပ်သင့်ပါတယ်လို့ ဖြေသွားပါတယ် ......ရှင်။ ကိုင်း ဘယ့်နှယ်ရှိစ :)

ဒီလိုနဲ့ သတင်းနားထောင်ပြီး ကြုံရာ ကျရာ အတွေးစတွေက ရှေးရှေးသော ကမ္ဘာက သုမိတ္တာလေးရဲ့ ဆုတောင်း စာသားတွေကို အမှတ်ရတော့ ပြုံးမိတယ်။ ဆုတောင်းလေးတစ်ကြောင့် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကောက်ကောက်ပါအောင် ပါရမီတွေ ဖြည့်လိုက်ရတာ......။ 

ကိုယ်က ပါရမီရင့်သူကြီး မဟုတ်လေတော့ သုမိတ္တာလေး တောင်းဆုကို ထိတ်လန့်မိတယ်၊ အံ့သြမိတယ်၊ သူမ၏ အံ့မခန်း သတ္တိတွေကို ချီးကျူးမိတယ်။ ကိုယ်က ဒီလောက် သတ္တိမရှိသူပါ။ ဒါကြောင့် ပါရမီကုသိုလ်တော်တွေအပေါ် တွေးလိုက်တိုင်း သတိရလိုက်တိုင်းမှာ အကြိမ်ကြိမ် သာဓုခေါ်မိပါတယ်။ 

အတွေးဆိုတော့ မိုးမဆုံး မြေမဆုံးမဟုတ်လားးးး။ 
မြတ်စွာဗုဒ္ဓဟောကြားတော်မူသော မယားခုနှစ်မျိုးနဲ့ မှတ်မိနေသေးတဲ့ ဇာတ်တော် တရားတော်လေးကို အာရုံစိုက်ချိန်...... ယောက်ျားမိန်းမ၊ လင်နဲ့ မယား၊ ဇနီးခင်ပွန်းတို့နဲ့ ဆိုင်တာတွေ စဉ်းစားမိရင်း မကြာခဏ လက်လှမ်းမှီရာ ဇနီးမောင်နှံတွေ ကြား ဖြစ်တတ်လေ့ရှိတဲ့ အခက်အခဲ အဖုအထစ်လေးကို နှိုင်းယှဉ်ကြည့်မိတယ်။ 




သတ္တဝါအားလုံးတို့၏ ဆရာသခင်ဖြစ်တော်မူသော မြတ်စွာဘုရားသည် အခါတစ်ပါး၌ အနာထပိဏ်သူဋ္ဌေးကြီး၏ ချွေးမဖြစ်သော သုဇာတာကို ဆုံးမသည့် တရားတော်မှ ကောက်နုတ်ချက်။

မယားခုနှစ်မျိုး 
၁/ လင်ကို သတ်ဖြတ်ရန် လုံ့လပြုနေသဖြင့် `လူသတ်´နှင့် တူသော မယား၊
၂/ လင်၏ ပစ္စည်းကို ခိုးသဖြင့် `သူခိုး´နှင့် တူုသောမယား၊
၃/ လင်ကို အနိုင်ယူတတ်သဖြင့် `အရှင်´နှင့် တူသော မယား၊

 
၎/ လင်ကို မိခင်ကဲ့သို့ စောင့်ရှောက်တတ်သဖြင့် `အမိ´နှင့် တူသော မယား၊
၅/ လင်ကို နှမကဲ့သို့ ရိုသေသဖြင့် `နှမ´နှင့် တူသော မယား၊
၆/ လင်ကို အဆွေခင်ပွန်းကဲ့သို့ ချစ်ခင်သဖြင့် `အဆွေခင်ပွန်း´နှင့် တူသော မယား၊
၇/ လင်၏ အလိုသို့ အမြဲလိုက်ပြီး လင့်ဝေယျာဝစ္စတို့ကို ဆောင်ရွက်ပေးတတ်သောကြောင့် `ကျွန်မ´နှင့် တူသော မယား

ဟူ၍ မယား ခုနစ်ယောက်ရှိသည်။ 
http://jacbaburma.blogspot.com/2010/02/blog-post_2481.html မှ ကူးယူဖေါ်ပြပါသည်။

လောကမှာ ခုနှစ်မျိုးသော မယားတို့ရှိကြကုန်ပြီး၊ သုံးမျိုးသော မယားသည် ယုတ်၍ ကောင်းသော လေးမျိုးတွင် အဘယ်မယားကို ယောက်ျားတို့ နှစ်သက်ကုန်သနည်းးးးးး။ 
မကောင်းသော မယားသုံးမျိုးကို ပယ်လို့ မယားကောင်းလေးမျိုးကို ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်ရအောင်.....
၎/ လင်ကို မိခင်ကဲ့သို့ စောင့်ရှောက်တတ်သဖြင့် `အမိ´နှင့် တူသော မယား၊
မာတာမိခင်နှင့်တူသော မယားသည် လင်ယောက်ျား အားငယ်သောအခါတွင် အားပေးစကားပြောတတ်ပြီး၊ ခင်ပွန်းလင်ယောက်ျား မှားသမျှ အမိကဲ့သို့ အရာရာခွင့်လွှတ်နိုင်စွမ်းရှိလေသည်။ လိုအပ်လျှင် ဆုံးမလမ်းပြပေးကြသည်။

ထိုကဲ့သို့သော မယားကို ယောက်ျားတို့သည် လိုအပ်ကြကုန်၏။ အလေးအမြတ်ရှိကြ၏။ ရိုသေကြ၏။ အိမ်ရာထူထောင်လူ့ဘောင်တွင် ဖြစ်သောကြောင့် ထိုမယားမျိုးကို အလှ ထားကြကုန်လေ၏။ လက်တွေ့ဘဝတွင် မနှစ်သက်ကြပါ။
 
၅/ လင်ကို နှမကဲ့သို့ ရိုသေသဖြင့် `နှမ´နှင့် တူသော မယား၊

နှမနှင့် တူသော မယားသည် လင်ပြောသမျှ နာခံ၍ လင်ကို ရိုသေသော မယားဖြစ်၏။

ထိုကဲ့သို့သော မယားကို ယောက်ျားတို့သည် နှမကဲ့သို့ စာနာနေရ၏။ ငဲ့ညှာနေရ၏။ လူ့ဘောင်တွင်နေသော ယောက်ျားသည် သတ္တဝါတစ်ဦးဖြစ်သောကြောင့် နှမကဲ့သို့ စာနာနေရသော မိန်းမမျိုးကို အိမ်တွင်သာ ထား၍ စောင့်လျှောက်ကြကုန်၏။ လက်တွေ့ဘဝတွင် အသုံးမဝင်ပါ။
 
၆/ လင်ကို အဆွေခင်ပွန်းကဲ့သို့ ချစ်ခင်သဖြင့် `အဆွေခင်ပွန်း´နှင့် တူသော မယား၊

အဆွေခင်ပွန်းနှင့်တူသော မယားသည် လင်ယောက်ျားနှင့် ရဲဘော်ရဲဘက်စိတ်မွေးလို့ မောင်တစ်ထမ်း မယ်တစ်ရွက် ဝိုင်းကူ၏။ မိတ်ဆွေသူငယ်ချင်းသဖွယ် ရိုင်းပင်းစိတ်ကြကုန်၏။ 

ထိုကဲ့သို့သော မယားကို ယောက်ျားတို့သည် အတွင်းစည်းဝိုင်းအတွင်းသို့ ပါမလာတတ်သော မယားမျိုးအဖြစ်ယူဆကြ၏။ အဘယ်ကြောင့်ဆိုသော် မိတ်ဆွေသူငယ်ချင်းများသည် အိမ်အပြင်တွင် ပေါင်းဖေါ်ကြသောကြောင့်ပင်တည်း။ လက်တွေ့တွင် ဟာမိုနီဖြစ်မည်မဟုတ်။
 
၇/ လင်၏ အလိုသို့ အမြဲလိုက်ပြီး လင့်ဝေယျာဝစ္စတို့ကို ဆောင်ရွက်ပေးတတ်သောကြောင့် `ကျွန်မ´နှင့်တူသော မယား။ 

 `ကျွန်မ´နှင့်တူသော မယားသည် လင်ကို ကျိုးနွံ၏။ မာန်မာန မရှိ၊ အတ္တ နတ္ထိ။ လင့်သဘောအတိုင်း သစ္စာခံ၏။ 

ထိုကဲ့သို့သော မယားကို လင်ယောက်ျားတို့သည် နှစ်သက်ကြကုန်၏။ မြတ်နိုးကြကုန်၏။ အဘယ်ကြောင့်ဆိုသော် အမိနှင့် တူသော မယားလို ရိုသေနေဖို့ မလို၊ နှမကဲ့သို့ စာနာနေစရာမလို၊ သူငယ်ချင်းလို သိက္ခာပုဒ်တွေ စောင့်ထိန်းနေဖို့မလို။ မိမိအလိုသို့ လိုက်ပါသော သစ္စာရှိသော ကျိုးနွံသော မြတ်နိုးသော မာန အတ္တ ခဝါချနိုင်သော မယားမျိုးကို ယောက်ျားတို့သည်  လွန်စွာ နှစ်သက်ကုန်ကြ၏။ 

ရာဇဝင်ထဲမှာ မြတ်စွာဘုရားလောင်းအပါအဝင် သူတော်ကောင်းကြီးများကို ပါရမီဖြည့်ကြကုန်သော မြတ်သော မိန်းမသားတို့သည်ကားးးး
လင်ယောကျာ်းအပေါ်တွင် လိုအပ်လျှင် အမိကဲ့သို့ တမျိုး၊ နှမကဲ့သို့ တစ်ဖုံ၊ မိတ်ရင်းပမာ စောင့်ရှောက်လို့ တစ်သွယ်၊ ကျွန်ကဲ့သို့တစ်နည်း လောကတွင်းရှိ မျိုးစုံသော ကိစ္စတို့တွင် နည်းလမ်းအသွယ်သွယ်နှင့် ပါရမီဖြည့်ကြရလေသည်။

ထိုကဲ့သို့သော မိန်းမမြတ်တို့ကို ကျမသည် တွေးမိတိုင်း လေးစားမိပါသည်။ တည်ငြိမ်ရင့်ကျက်သော စိတ်ထားများသည်၎င်း မြင့်မြတ်သော လုပ်ရပ်များသည်၎င်း ထက်မြက်သော အတွေးအခေါ်များသည်၎င်း ထိုထိုသော ကောင်းမြတ်သော စိတ်ဓာတ်လုပ်ရပ်များကို ဒီနေ့မျိုးတွင် အထူး အထူး သတိရ လေးစားမိနေပါသည်။ 



ခရစ္စတလ်၏ ယောင်ချာချာအတွေးများဖြစ်ပါသည်။ အမှားပါခဲ့ရင် ခွင့်လွှတ်ကြပါကုန်.........။

လေးစားစွာဖြင့်
ခရစ္စတလ်

p.s - ဒီနေ့လို နေ့မျိုးတွင် ဘလော့လောကရှိ စာရေးသူအပေါင်းတို့သည် ဆိတ်ငြိမ်နေကြပါ၏။ တဂ်ပိုစ့်အနေနှင့် ရေးထိုက်သည် မဟုတ်ကုန်လော.... :)

Tuesday, March 6, 2012

ငါးထောင်တန် ဖုန်းနဲ့ ကျွန်ုပ်တို့နိုင်ငံ

၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
တန်ဖိုးနည်းတာ များတာထက် ငွေနဲ့ အရည်အသွေး ကိုက်ညီအောင် လုပ်ပေးနိုင်ဖို့က အဓိကလို့မြင်ပါတယ်။

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။
ပြည်သူတွေကို လူလိုမြင်တဲ့ အစိုးရဆိုရင် ဒီလိုတွေတောင် လုပ်ဖို့မလိုပါဘူး။

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။
လွှတ်တော်ထဲရောက်နေတဲ့ အမတ်တိုင်းမှာ လက်ကိုင်ဖုန်းတွေ ရှိပြီးသားမို့ သူတို့ စိတ်ဝင်စားကြပါ့မလား ?

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
စင်းကဒ်ဈေးနှုန်းက သက်သာပြီး ဟန်းဆက်တန်ဖိုးတွေ မြင့်နေအုံးမယ်ဆိုလည်း ပြည်သူအများ မဝယ်နိုင်ပါဘူးလေ....။ မြန်မာကျပ်ငွေ ငါးသောင်းနဲ့ တစ်သိန်းကြားဆိုရင်ပဲ ပြည်သူအတော်များများ ဝယ်နိုင်ကြမှာပါ။ ဖုန်းလိုင်းအရည်အသွေးလေး ကောင်းဖို့ မျှော်လင့် ကြိုဆိုပါတယ်။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။
http://blissofus.blogspot.com/2012/03/blog-post.html အလုပ်ဆိုက်ဘက်မှာ ထိုင်းနိုင်ငံက ဖုန်းဆက်သွယ်မှုတွေနဲ့ ပတ်သက်ပြီး တလက်စတည်းရေးလိုက်ပါတယ်။ ပြီးတော့ ကိုယ့်နိုင်ငံကို ယှဉ်တွဲပြီး တွေးမိပါတယ်။ တဂ်ပိုစ့်ကို ရေးရင်း အများအတွက်လည်း အကျိုးရှိစေဖို့ ဖတ်ကြည့်ပေးပါအုံးနော်။ 
စကားချပ်။   ။အမှန်ကို ဝန်ခံရရင် Tag ပိုစ့်တွေကို လိုက်မဖတ်ဖြစ်ပါဘူး၊ မတော်တဆများ ရေးတာတူနေတာရှိခဲ့ရင် ခရစ္စတလ်က နောက်ကျမှ ရေးတာဆိုတော့ ခွင့်လွှတ်ပါနော်။ မတော်တဆ တိုက်ဆိုင်တာလို့ ပြောပါရစေ။


ငါးထောင်တန်ဖုန်းနဲ့ ပတ်သက်ပြီး အန်တီတင့်နဲ့ သမီးစံတို့ကြောင့် ပိုစ့်ကို ရေးမယ်လို့ ဆုံးဖြတ်လိုက်ပေမယ့် ပိုစ့်ရေးဖို့ ကြာအုံးမယ်လို့ စိတ်ထဲ ထင်နေတာ မထင်မှတ်ပဲ ရေးလက်စ ပိုစ့်သုံးခုကို ကျော်ပြီး ရေးဖြစ်သွားပါတယ်။ စိတ်က အဲသလိုပဲ။ အခြားဘယ်သူတွေ တဂ်ထားသေးလဲ မသိပါဘူး။ မရှိတော့ဘူးထင်ပါတယ်။ အလုပ်များနေတော့ စာတွေကို သိပ်အသေးစိတ် မဖတ်နိုင်ဖြစ်နေပါတယ်။ ဒါကြောင့်ခရစ္စတလ်ကို တခုခု သိစေချင်တာရှိရင် စီဘုံးမှာ ရေးပေးခဲ့ပါနော်။ တခါတခါလည်း ခရီးတွေ ထွက်နေတော့ ပိုစ့်ကျော်သွားရင်လည်း မသိလိုက်မှာစိုးလို့ပါ။ 

အခုတလောတောင် ဟန်းဆက်ပြောင်းချင်သလိုလိုဖြစ်နေသေး :)
သူများတွေ ရှလွတ်တော့ ကိုယ်လည်း ရှလွတ်ချင်သားပဲ။ ဒါပေမယ့် အသုံးလိုမှ ပစ္စည်းဝယ်တတ်တဲ့ စိတ်ကြောင့် ကိုယ်တကယ်အသုံးလိုသလားလို့ မေးချိန်မှာ မရှိလဲ ဖြစ်ပါတယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့်ပေါ့လေ ခြေထောက်နာသက်သာစေတဲ့ ဒေါ်လာငါးဆယ်တန် ဖိနပ်ဝယ်ဖို့တော့ စိတ်ကူးနေပါတယ် :P

ဖုန်းနဲ့ ပတ်သက်ပြီး ပိုစ့်တစ်ပိုဒ်ရေးဖြစ်သွားလို့ တဂ်သူများကို အထူးကျေးဇူးတင်ပါတယ်ရှင်...။
လေးစားစွာဖြင့်
ခရစ္စတလ်

Sunday, March 4, 2012

ဓမ္မစေတီဆရာတော် ယနေ့ ဘန်ကောက်သို့ ကြွရောက်

ဆရာတော်သည် ထိုင်းနိုင်ငံ မဟာချိုင်အရပ်တွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများကို နိဗ္ဗာန်ရောက်ကြောင်း တရားဒေသနာတော်များ ဟောကြားဖို့ရန်အတွက် ယနေ့ မတ်လ ၄-ရက်နေ့ နေ့လည်တွင် TG 304 လေယာဉ်ဖြင့် ထိုင်းနိုင်ငံသို့ ကြွရောက်တော်မူလာပါသည်။

ဆရာတော်သည် ထိုင်းနိုင်ငံတွင် တရားပွဲများ လေးညတိုင်တိုင် ဟောကြားပါမည့်အကြောင်းနှင့်
မတ်လ ၉-ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်တော်မူမည့်အကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတို့အား နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်တိုက်တွန်းအပ်ပါသည်။

ဓမ္မစေတီဆရာတော် အကြောင်း လေ့လာလိုသူများအတွက် လင့်ရှာပေးထားပါတယ်။


တရားပွဲနေရာနဲ့ အချိန်များ စုံစမ်းဆက်သွယ်မေးမြန်းလိုတယ်ဆိုရင် 

ကိုဇော် (Tel: 08 5404 4592)။
ကိုစည်သူ (Tel: 08 9771 9189)။

ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်