“ခမ်းရေ အစ်မတို့ လမ်းမှားသွာပြီလား ကြည့်ပါအုံး ရွာလည်း မတွေ့ဘူး”ညည်းတွားမိတော့၊ ခမ်းက “လမ်းတော့ မမှားဘူး အစ်မ၊ ဒီနားမှာ ခဏနေခဲ့နော် တောင်ပေါ်ဆက်တက်ပြီး သွားကြည့်လိုက်အုံးမယ်၊ တောင်က မတ်တော့ နှစ်ယောက်အလေးချိန်နဲ့ ဆိုင်ကယ်ကိုမထိန်းနိုင်မှာစိုးလို့” ဤသို့ပြောပြီးနောက် crystal တစ်ယောက်တည်း တောတောင်ထဲမှာ မျက်စိသူငယ်လေးဖြင့် ကျန်ရစ်ခဲ့ပါတော့တယ်။ အစ်မလည်း လိုက်ခဲ့မယ်ဆိုပြီး ပြောရင်လည်း အခြေအနေက မပေး၊ ကဲ မထူးပါဘူးလေ တောထဲတောင်ထဲမှာ ရှိကြကုန်သော သတ္တဝါအပေါင်းတို့ကို မျက်စိလေးမှိတ်ပြီး အာရုံပြု မေတ္တာပို့ပါတော့တယ်၊ ပြုခဲ့ဖူးသော ကုသိုလ်များကို အားလုံးကြားကြားသမျှ အမျှရကြပါစေကြောင်း အမျှပေးဝေ၊ နားစွင့်လိုက်တော့ ဆိုင်ကယ်သံကလည်း တစတစ ဝေး၍ သွားချေပြီ။ ပတ်ဝန်းကျင်က တိတ်ဆိတ်မှုက ခြောက်ခြားစရာ။ မေတ္တာပို့ပြီး မျက်လုံးလေးဖွင့်ကြည့်မိတော့ ကိုယ့်ရှေ့မှာ ပွင့်တူရွက်တူပန်းအနီရောင်လေးထံ မျက်စိရောက်သွားပါတယ်။ ပန်းလေးက လက်ဝါးကတ်တိုင်မှာ ချည်ထားတာပါလား။ ပန်းက လက်ဆတ်နေသေးတယ်၊ နောက် မျက်လုံးကို နဲနဲ အလုပ်ပေးလိုက်တယ်၊ အမယ်လေး ပျော်လိုက်တာ သချိုင်း သချိုင်းတွေ့ပြီ ဒါဆို ရွာရှိပြီပေါ့၊ သချိုင်းဆိုတာ ရွာရဲ့ အနောက်ဘက်မှာ ထားတတ်ကြတာမို့ ကျမရောက်နေတဲ့အရပ်ဟာ ရွာရဲ့ အနောက်ဘက်ကို ရောက်နေတာဆိုတော့ အရှေ့ဘက်မှာ ရွာရှိရပါမယ်၊ ပန်းက လန်းနေသေးတော့ ရွာက အနီးအနားမှာပဲ ရှိမှာ သေချာနေပြီဆိုတာ သိလိုက်ရပါတယ်။ ရှေ့နားကို နဲနဲလေးတိုးပြီး သစ်ပင် သစ်ရွက်တွေကြားက လှမ်းကြည့်လိုက်တော့ အဝေးတစ်နေရာက မီးခိုးတလူလူထွက်နေတာ တွေ့ရပါတယ်။ ခွေးဟောင်သံ တချက်တချက် ကြားနေရတယ်။ ဒါဆို သေချာပြီ။ ခမ်းရေ အမြန်သာ ပြန်လာပါတော့လို့ တိုးတိုးရေရွတ်မိလိုက်တယ်။ နာရီဝက်လောက် ကြာတဲ့အခါ ခမ်းရဲ့ ဆိုင်ကယ်သံကို စကြားရပါတယ်၊ ခမ်းရဲ့ ဆိုင်ကယ်သံဖြစ်ပါစေလို့ ဆုတောင်းမိသေး။ ဆိုင်ကယ်သံ နီးလာတော့မှ ခမ်းရဲ့ ဆိုင်ကယ်သံမှန်း သေချာသွားတာမို့ အားတက်ဝမ်းသာနိုင်တော့တယ်။ ခမ်းရောက်လာပြီး ရွာကို သွားဖို့ လမ်းရှာကြရပြန်ပါတယ်။ လမ်းပေါက်က ဆိုင်ကယ်သွားနေကြ လမ်းပေါ် သစ်ကိုင်းကျိုးကျနေတော့ သစ်ရွက်၊ သစ်ပင်တွေနဲ့ ပြည့်ပြီး လမ်းမရှိဘူးလို့ ထင်ရတာကြောင့် လမ်းမတွေ့တာဖြစ်နေတာ။ ဒါနဲ့ ရွာထဲလမ်းကို ဆိုင်ကယ်ဆက်ပြီး မောင်းနှင်လာတော့ ရွာကို တွေ့ပါပြီ။ နေ့လည်ပိုင်းဆိုတော့ လယ်စိုက်သွားကြ၊ တောင်ယာအလုပ်များကို လုပ်ကိုင်ကြတာကြောင့် ရွာထဲမှာလူရှင်းနေပါတယ်။ ကလေးတွေ၊ ခွေးလေးတွေနဲ့ အသက်ကြီးပိုင်းတချို့သာတွေ့ရပါတယ်။ ရွာက အိမ်ကိုးလုံးပဲရှိပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုနဲ့ လူသားချင်းစာနာကူညီသော အဖွဲ့တစ်ဖွဲ့ရဲ့ ရုံးအဆောင်အအုံငယ်လေးကို တွေ့ခဲ့ရပါတယ်။ ရွာက လူတွေကို တွေ့နိုင်မယ့် ရက်ကို မေးခဲ့ပြီး ပြန်လာခဲ့ကြပါတယ်။ အပြန်လမ်းတောင်ဆင်းမှာတော့ တထိတ်ထိတ်မဖြစ်တော့ပါဘူး။ လမ်းသိသွားပြီကိုးနော်။ တောင်ပေါ်က ဆင်းတော့ မှောင်ရီစပျိုးနေပြီ၊ ကားလမ်းမပေါ်မှာ ဆိုင်ကယ်အရှိန်မြှင့်မောင်းလာခဲ့ကြပါတယ်။ ဖြည်းဖြည်းမောင်းလို့လဲ မပြောဖြစ်ခဲ့ဘူး ရုံးက လူတွေ နောက်ကျလို့ စိတ်ပူနေလောက်ပြီလို့ စိုးရိမ်ပြီး အရှိန်နဲ့ မောင်းလာခဲ့ကြပါတယ်။ တစ်နေရာအရောက် ကြက်သားအုပ်တစ်စု ကားလမ်းကို ပြေးဖြတ်ကူးကြတယ်၊ ကားတွေဘက်က လွတ်လာပေမယ့် ကျမတို့ ဆိုင်ကယ်နဲ့ မလွတ်ပဲ ကြက်အော်သံ၊ ဆိုင်ကယ်သံနဲ့ လူအော်သံတွေ ဆူညံသွားတော့တယ်။ အရှိန်ကို ထိန်းရင် ဆိုင်ကယ်မှောက်မယ်၊ လူကို ကာကွယ်ရတော့၊ အင်းးးးးးး ကြက်လေးတွေကိုသာ မေတ္တာပို့လိုက်ရပါတော့တယ်။
ကျိုင်းတုံမြို့ထဲကို စဝင်လာတော့ မြေလမ်းလေးအတိုင်း တစ်ခါ မောင်းရသေးတယ်၊ ရှေ့မှာ စေတီတစ်ဆူပါလား၊ ဥာဏ်တော် သိပ်မမြင့်လှပေ။ ခမ်းကပြောတယ် “အစ်မ ဒီဘုရားက ထူးခြားတယ်”၊ “ဟုတ်လား ဘာတွေ ထူးခြားလဲ ပြောပါအုံး၊ သူက မှားလို့မရဘူး”။ “အယ် ဘယ်လိုမှားလို့မရတာလဲ” ကျမက မေးနေတုန်းရှိသေး......၊
ဝုန်းးးးးးးးးးးးးးးးးးး
ဘယ်က ဘယ်လိုဖြစ်တယ် မသိ ဆိုင်ကယ်စလစ်ဖြစ်သွားလိုက်တာ ဆိုင်ကယ်က ကျမတို့နှစ်ယောက်ကို ဘေးဒရွတ်တိုက်ဆွဲသွားပါတော့တယ်၊ သိပ်ဝေးဝေးဆွဲမသွားလို့ တော်သေးတယ်။ ဆိုင်ကယ်အောက်မှာ ခမ်းက ပိလို့၊ ခမ်းအပေါ်မှာ ကျမနဲ့ ဆိုင်ကယ်က ပိနေပါတယ်။ ဖြစ်ပျက်သွားတာက ချက်ချင်းမို့ ကျမလည်း ယောင်နနနဲ့။ ကိုယ့်ဖာသာ မနဲကုန်းထ၊ ခမ်းကိုလည်း တဖွဖွခေါ်လို့။ ခမ်းဆီက အသံမကြားရတော့ ကျမလန့်လိုက်ရတာ၊ နောက်မှ ဆိုင်ကယ်ကို မနိုင်တနိုင်မဖယ်၊ အနားမှာ ရှမ်းလူမျိုးအမျိုးသားတစ်ယောက်က အပြေးလာပြီး ခမ်း ကိုယ်ပေါ်ပိနေတဲ့ ဆိုင်ကယ်ကို ဝိုင်းဖယ်ပေး၊ ခမ်းကို ကျမ လှုပ်ပြီး ထူ၊ ခမ်းက သူနာနေလို့ အသံမထွက်နိုင်၊ အမယ်လေး တော်ပါသေးရဲ့၊ ခမ်းကတော့ အစ်မ ဘာဖြစ်သွားလဲဆိုပြီး သူနာနေတာကို ဂရုမစိုက်အားဘူး၊ ကျမကို စိုးရိမ်တကြီး မေးရှာပါတယ်။ ဆိုင်ကယ်ဦးထုပ်တွေကလည်း မေးသိုင်းကြိုးတွေက ချောင်နေတော့ လွှင့်ထွက်ကုန်လေပြီ။ ကံက ကောင်းချင်တော့ ခေါင်းနဲ့ မရိုက်မိ။ ဆိုင်ကယ်ကို ဝိုင်းထူပေးသောသူကလည်း စကားပင်လှည့်မပြော ထွက်သွားလေတော့သည်။
ခမ်းတစ်ယောက် နာနေတဲ့ ကြားက တဟားဟားရယ်နေပြီး၊ “အစ်မရေ ထူးခြားတာ ဘာလဲဆိုတာ သိပြီလား၊ လမ်းမှာ ကြက်လေးကို သေချင်လို့ လမ်းဖြတ်ကူးတာလားမသိဘူးလို့ စိတ်ထဲက ဖြစ်လိုက်တော့ အခု ဆိုင်ကယ်မှောက်ပြီး သူခြေထောက်နာရပြီတဲ့။ သူကြက်လေးကို တိုက်မိပြီး လှည့်ကြည့်လိုက်တဲ့အခါ ကြက်လေး ခြေတစ်ဖက် နာသွားတာတွေ့လိုက်တယ်၊ ဒါကြောင့် အခုသူပြန်ခံရတာ”လို့ ပြောရှာပါတယ်။ “အော် အစွဲမထားပါနဲ့ ခမ်းရယ်၊ ကဲ ဆိုင်ကယ်ကို ကြည့်အုံး၊ သွားလို့ရသေးရဲ့လား”လို့ ဆိုင်ကယ်လည်း တော်တော်လေး ထိသွားလေသည်။ သို့သော်လဲ မောင်းလို့တော့ ရသေးတဲ့အတွက် ရုံးသို့ ဖြောင့်တန်းစွာရောက်ခဲ့ပါသည်။
ရုံးရောက်တော့ စိတ်ပူနေကြသော ရုံးအဖွဲ့သားများက ကျမတို့ကို ရှာဖို့ပင် တိုင်ပင်စုစည်းနေကြပြီ၊ နှစ်ယောက်သား စကားပင် မပြောနိုင်၊ ခန္ဓာကိုယ်နာကျင်မှုတွေအပြင် ထိတ်လန့်မှုမျိုးစုံတို့အကြောင်းတွေကို ဘယ်က စပြောရမှာပါလိမ့်...
ဆက်ပါအုံးမည်။
လေးစားစွာဖြင့်
crystal
လေးစားစွာဖြင့်
crystal
ကျိုင်းတုံမှ ဓာတ်ပုံများကို လိုလိုလားလားဖြင့် ထပ်မံပေးပို့သော အမှောင်ထုထဲက အလင်းစက်များ နှင့် မနိုင်း တို့အား အထူးကျေးဇူးတင်ပါသည်။ ယခုပိုစ့်လေးရေးရသည်မှာ အတော်လေးပင်ထူးခြားလေသည်။ မြန်မာနိုင်ငံသားများအကြောင်းရေးသော ယခုပိုစ့်သည် မြန်မာနိုင်ငံထဲမှ တစ်နေရာဆီတွင်ရှိနေသော နိုင်ငံသားတို့ စုပေါင်းအားဖြည့်ထားသော ပိုစ့်လေးဖြစ်လာခြင်းကြောင့် အလွန်ပင် ဝမ်းမြောက်ကြည်နူးခြင်း ဖြစ်ရပါသည်။
5 comments:
အောင်မလေးရာ .... ဆိုင်ကယ်မှောက်သွားတယ် ဆိုလို့  လန့် တောင်သွားတယ်. တော်သေးတာပေါ့... အမတို့  ဆိုင်ကယ်မှောက်ခဲ့တာ တာချီလိတ် ကနေ့  ကျိုင်းတုံ အ၀င်ဖြစ်မယ်ထင်တယ်... အဲ့ဒီလောက်တုန်းက ပြည်သူ့ဆေးရုံက မြို့ထဲလောက်မှာပဲ ရှိဦးမယ်... ခုမှသာ ရေပူစမ်းဖက် ကိုရွေ့သွားတာ... ကံသီတာပဲ ပြောရမယ်...
ကျနော် ဆို ဆိုင်ကယ်မှောက်တာ လူ ကိုယ် တခြမ်း စုတ်ပြတ်သွားတယ်... အမကံကောင်းတယ်.... လူမှုရေးနဲ့  သက်ဆိုင်တဲ့ အလုပ်မို့ ထင်ပါတယ်.. ကံဖယ်တာ...
မနိုင်နိုင်း ပုံတွေ ထဲက ဒုတိယ ပုံကို ကောင်းကောင်းမှတ်မိတယ်... တာချီလိတ်ကနေ့  ကျိုင်းတုံကို ပြန်တိုင်း အဲ့ဒီမြင်ကွင်းလေးတွေကို မငြီးမငွေ့  ကြည့်တယ်.... လမ်းကြီးက ဟုန်ပန်း ကလာဖောက်တာတဲ့ ကောင်းမှကောင်း ဗျာ...
အမသွားခဲ့တဲ့ရွာလေးတွေကို စိတ်ဝင်စားတယ်.... ကျနော် အဲ့လောက်ထိ မနှံ့စပ်ခဲ့ဘူး...
ဘာပဲဖြစ်ဖြစ် အလွမ်းပြေ ရှမ်းပြည် အရှေ့ပိုင်း ပို့ စ်လေးကို ဖတ်ရတော့ ၀မ်းသာပါတယ်... ဆက်ရေးပါအမရေ....
အမရေ စိတ်ဝင်စားဖို့ကောင်းတယ် အဆက်ကိုမျှော်နေမယ်။
စိတ်ဝင်စားဖို့ကောင်းတယ်
ဆက်ရန်ကို မြန်မြန်ရေးပါနော်...
စောင့်ဖတ်ပါဦးမယ်
ဘုရားဘုရား ကံကောင်းလို့နော်။ ၀ုန်းဆိုပြီး ဆိုင်ကယ်မှောက်သွားတာဆိုတော့ လူကိုထိတ်သွားတာပဲ။ တော်သေးတာပေါ့..။ ဆက်ရန်ကို မျှော်နေမယ်။ ခရစ်စတယ်ကတော့ ဘာကြောင့်ပဲဖြစ်ဖြစ် ဒီလိုခရီးသွားရရင် ပျော်နေတာပဲ ဟုတ် :D
ဆိုင်ကယ်မှောက်တာ ကံဆိုးကံကောင်းပဲ၊ ခမ်းရဲ့ ဆိုင်ကယ်ဦးထုပ်က ကျွတ်မထွက်လို့ သူ့မျက်နှာ မစုတ်ပေမယ့် ဒူးတော်တော်နာသွားလို့ အလုပ်အနားပေးလိုက်ရပါတယ်၊ ခရစ္စတလ်ကတော့ ခမ်းရဲ့ကိုယ်ပေါ်မှာ မှောက်ရက်သား ဒရွတ်တိုက်ပါသွားလို့ ဆိုင်ကယ်ဦးထုပ်လွှင့်သွားပေမယ့် မျက်နှာမစုတ်ဘူးဖြစ်သွားတာပါ။ ရာသီကအေးတော့ ဂျင်းဘောင်းဘီအထူကို ဝတ်ထားတာကြောင့် အပွန်းအပဲ့ သက်သာသွားပါတယ်၊ ခြေဖမိုးနဲ့ တင်ပါးနေရာတွေတော့ ပွန်းသွားတယ်လေ၊ ခရီးသွားတဲ့ လဝက်လုံး အနာရင်းတဲ့ ဒဏ်ကို ခံစားခဲ့ရတာပေါ့။ မန္တလေးရောက်နေတဲ့ အမျိုးသားက ညတိုင်းဖုန်းလှမ်းဆက်ပြီး အားပေးနေခဲ့လို့ ဘာပဲဖြစ်ဖြစ် အနာသက်သာပါတယ်လေ ဟီဟိ :P
Post a Comment