ညက တိတ်ဆိတ်သည်။
လရောင်ယှက်ဖြာကျနေသော ညသည် အရာအားလုံး ငြိမ်သက်နေသည်။
ရပ်ကွက်တစ်ခု၏ နောက်ဆုံး ထောင့်ဆုံးခြံဝန်းကျယ်ကြီးထဲမှာ အိမ်ရှင်က တိုက်ခံတစ်ထပ်အိမ်လေးနဲ့ နေပြီး အိမ်ငှားများကို တိုက်တန်းလျားသုံးထပ်ဆောင်ဆောက်
ညနေခင်း အခန်းပြောင်းလာသော ကျမအဖို့ မောမောနှင့် အိပ်မောကျရုံသာ ...။
အချိန်မှာ သန်းခေါင်ယံ။
စူးရှကျယ်လောင်သော ငိုသံတစ်ခုသည် အိပ်မောကျနေသော ကျမနားဆီသို့ လျှင်မြန်စွာဝင်ရောက်လာပြီး နိုးထစေသည်။
ငိုနေသည် .. မိန်းမငယ်တစ်ယောက် ငိုနေသည် .. ရှိုက်ကြီးတငင်ငိုနေသည်။ အသံလားရာအရပ်သည် ကျမ၏အခန်း ဘယ်ဘက်မှ ဖြစ်ကာ ကျယ်လောင်စွာငိုနေသောအသံကြားရုံ
ဘာအကြောင်းရာမှန်းမသိသော်လည်း ကျမကိုယ်တိုင် လိုက်ပါ ဝမ်းနည်းမိလေသည်။ တိတ်ပါကွယ် ပင်ပန်းနေမှာပေါ့ ...။
ကျမငယ်စဉ်က အမေက ဆူဆူ၊ မောင်နှမတွေက စလို့ပဲ ငိုငို ပင်တိုင် ချော့သူမှာ အဖေဖြစ်သည်။ အမေဆူနေလျှင် အဖေသည် ဘယ်တော့မှ လိုက်ပါဆူလေ့မရှိ။ ခဏနေလျှင် ငိုနေသော ကျမကို ချီပိုးကာ အဝတ်တန်းတွင် လွှားထားသော အဖေ့ပုဆိုးစလေး ရေဆွတ်လို့ “မငိုပါနဲ့ သမီးရယ် တိတ်တိတ် ငါ့သမီး ပင်ပန်းနေမှာပေါ့” ပြောမြဲ၊ ချော့မြဲ၊ ချီပိုးလို့ အဖေ့ပုခုံးထက်တွင် အိပ်မောကျမြဲ။
အဖေ လူ့လောကကြီးထဲ ခွဲခွါသွားတော့ ချော့မယ့်သူမရှိတော့၊ အမေသည် သူ့မိသားစုတွင် အငယ်ဆုံးဖြစ်သည့်အပြင် မိသားစုက အလိုလိုက်ထားသော မိန်းကလေးမျိုးဖြစ်သဖြင့် သားသမီးရလာသော်လည်း ချော့လေ့ ချော့ထသိပ်မရှိ။ အဖေကတော့ စိတ်ရှည်လက်ရှည် ချော့တတ်လေသည်။ အမေကတော့ မချော့တတ်သည်မှ လွဲ၍ ကျမကို အလွန်အလိုလိုက်ပါသည်။
ချော့မည့်သူ အဖေမရှိသည့်နောက်ပိုင်းတွင် ကိုယ့်ဖာသာ ကြိတ်ငိုတတ်လာသည်။ အသံမထွက်ပဲ မျက်ရည်ကျသည်က များသည်။ အမေ သိလျှင် စိတ်မကောင်းဖြစ်မည်စိုးသဖြင့် ကြိတ်ငိုရသည်များလည်း ရှိသည်။ အမေ သိအောင် ဂျီကျကာ ငိုရသည်များလည်း ရှိသည်။ အသက်ကြီးလာပြီဖြစ်သော အမေ့ကိုလည်း အပူတွေ မကူးစက်စေလိုတော့၊ ထို့ကြောင့် အမေနဲ့ ဖုန်းပြောလျှင် စကားတွေ တွတ်ထိုးနေသော မျက်နှာကြီးသည် မျက်ရည်များက အရွှဲသား။
ငိုသံကြားရာအသံနောက်သို့ အာရုံလိုက်ပါပြီး သူ့ဆီ ချဉ်းကပ်မိဖို့ သတိတစ်ချက်လင်းလက်ခဲ့ပြီးနောက် သူမ၏ ပူလောင်နေသော နှလုံးသားဆီသို့၊ ထိုမှတဆင့် ပူလောင်နေသော နှလုံးသားထဲက ဆူပွက်နေသော သွေးများအထိ ...။
ငြိမ်းအေးပါစေ၊ အေးချမ်းပါစေတော့၊ ပင်ပန်းနေပြီ၊ တိတ်ပါတော့ကွယ် ...။
မိုးရွာပြီးစ လေပြေလေးလို အေးမြပါစေ။
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားနှုတ်တော်မှ ---
*သတိံ ပဋိလဘ ဘဂိနီ
ဘဂိနီ- နှမ၊ သတိံ-သတိကို၊ ပဋိလဘ- တစ်ဖန် သိရလော့ (ဝါ) ဖြစ်စေလော့ ...။
(ဓမ္မပဒဋ္ဌကထာ၊ ၂၊ စာမျက်နှာ ၄၃၉)
ထိုအချိန်တွင် မယ်ပဋာလေး အပူငြိမ်းခဲ့ဖူးပါသည်။ ထိုအကြောင်းတရားက ဧကန်အမှန်ဖြစ်ခဲ့ဖူးပါသည်၊ ထို့ကြောင့် အခုငိုနေသော အသံပိုင်ရှင်သည်လည်း ငြိမ်းချမ်းအေးမြပါစေတော့ ..နှုတ်ဝယ်ဖွဖွ ရွတ်ဆိုမိသည်။ နတ်ဒေဝါများ စောင့်ရှောက်ကြပါစေသား ...။
အချိန်တစ်နာရီခွဲခန့်အကြာတွင် အသံသည် တိုးလျော့လာသည်၊ volume တိုးလျော့လိုက်သကဲသို့ တိုးလျသွားသည်။
ညသည် တိတ်ဆိတ်မှုတို့ ပြန်လည်ကြီးစိုးသွားခဲ့ပြီ။
ကျမလည်း အိပ်မောကျခဲ့သည်။
မနက်လင်းသော် ညက အသံလားရာအရပ်ဆီသို့ ရှုမျှော်မိသော် .. ခြံအပြင်ဘက်ဆီ ခပ်ဝေးဝေးမှာ အုတ်ဂူတချို့။
အိမ်ရှင်သို့ အမေးရှိသော် ကျမ၏ ဘယ်ဘက်အခန်းတွင် အားကစားသမားများနှင့် စာရေးဆရာများ အခန်းငှားနေထိုင်ကြကြောင်း။
တစ်ဖန် အိမ်ငှားများ ညအိပ်လူပိုမခေါ်ရဆိုသော စကားရပ်သည် စာချုပ်ထဲတွင် ပါပြီးဖြစ်သည်။
ဤသို့လျှင် ..
လူဖြစ်စေ ဝိညာဉ်ဖြစ်စေ
ငိုသံတွေ တိတ်စေဖို့ လိုလားပါသည်။
ငိုသံတွေ တိတ်ပါစေ။
ထိုညက လူလား တစ်စုံတရာလားဆိုတာ ကောင်းကင်က လတစ်စင်းနှင့် ကျမသာ သိပါသည်။
ထိုညက သန်းခေါင်ယံချိန်တွင် လကလေးတစ်စင်း ရှိုက်ငိုခဲ့လေသည်။
လေးစားစွာဖြင့်
ခရစ္စတလ်
(၁၆.ဖေဖေါ်ဝါရီ.၂၀၀၈)
2 comments:
ဂျက်ကိုယ်တိုင်လဲ ငိုသံတွေကိုတိတ်စေချင်သူပါရှင်
ပိုစ့်ဖတ်ပြီး ဂယောင်ဂတမ်းနဲ့ မိုးပေါ်က လ ကို မော့ကြည့်လိုက်တယ်၊ “လ”ကလေးကို မော့ကြည့်မိ။
Post a Comment