“ဘဝတွင် ဆန်းကြယ်သော အချစ်တချို့ရှိသည်။ သံသရာခရီးတွင် တစ်ယောက်တစ်နေရာဆီ တစ်ဘဝဆီဖြစ်နေကြသော်လည်း ဖွဲ့နှောင်သော အချစ်များသည် အလျှင်ရှိကြလေသည် - ခရစ္စတလ်”
အထက်တန်းကျောင်းတစ်ခု၏ ကျောင်းသားပွဲတော်ပျော်ပွဲရွှင်ပွဲနေ့တွင် ခြောက်တန်းကျောင်းသူလေးတစ်ယောက် အရာရာကို ငေးလျှက်ရှိပါသည်။
“ဟိတ် ကောင်မလေး ငေးနေတာများ မျက်လုံးကို စိုက်နေတာပဲ ချစ်စရာလေးတော့ ”
“ရွှတ်”
“အို့ ”
အရာအားလုံးသည် ခဏလေးဖြစ်သည်။ သို့ပေမယ့် ခဏလေးမဟုတ်သော အရာတစ်ခုရှိသည်၊ ထိုအရာသည် ရင်ခုန်သံဖြစ်သည်။ ထူးဆန်းတယ်ပဲ ပြောပြော၊ ရူးနှမ်းတယ်ပဲ ဆိုဆို။ ခြောက်တန်းကျောင်းသူကောင်မလေးသည် ပါးပြင်လေးကို နမ်းသွားတဲ့ မမတစ်ယောက်ကို လှမ်းကြည့်လိုက်စဉ် ရင်ခုန်ခဲ့ပါသည်။ မမသည် သွားတက်လေးပေါ်အောင် လှစ်ကနဲ ပြုံးရင်း သူမအနားက ပျောက်ကွယ်သွားသည်။ သူမသည် ကလေးအရွယ်သာရှိသေးသည်။ အချစ်ဆိုတာ ဘာမှန်းမသိ။ ဒါပေမယ့် မမ၏ အပြုံးကြောင့် စိတ်တွေ ဝုန်းဒိုင်းကြဲလှုပ်ရှားသွားခဲ့ရသည်။ သူမဘဝတွင် ဒီလိုခံစားမှုမျိုး တစ်ခုမှ မဖြစ်ခဲ့၊ သိလည်း မသိ။ နှလုံးအားနည်းသော သူမသည် စိတ်လှုပ်ရှားမှုဒဏ်ကြောင့် ကျောင်းသူကျောင်းသားများ ထိုင်ရန် ချထားသော ထိုင်ခုံများရှိရာ ထိုင်ချလိုက်သည်။ ရင်ခုန်ရတာ မောလိုက်တာ။
မမသည် ဆယ်တန်းကျောင်းသူဖြစ်သည်။ သူမတို့ ခြောက်တန်းအဆောင်နှင့် မမတို့အခန်းသည် မျက်နှာချင်းဆိုင်ဖြစ်ကာ အဆောင်သီခြားစီဖြစ်သည်။ မမတို့အခန်းမှ ကြည့်လျှင် သူမကို တိုက်ရိုက်မြင်နိုင်သည်။ နောက်နေ့များတွင် မမသည် ဘာဟင်းနဲ့စားလဲ ဘာလုပ်နေတာလဲ ခြေဟန်လက်ဟန်များနှင့် လှမ်းမေးလေ့ရှိသည်။ သူမသည် ရှက်သည်။ မမလှမ်းကြည့်လျှင် မျက်နှာလွှဲထားသည်။ ခေါ်လျှင် မထူး။ မေးလျှင် မဖြေ။ အင်တင်တင်ဖြင့်နေသည်။ သို့သော် မမ မမြင်အောင် ခိုးကြည့်သည်။ အတန်းတင်စာမေးပွဲများ အချိန်ဇယားထွက်သောခါမှ မမနဲ့ သူမ နောက်နှစ်မတွေ့နိုင်တော့မှန်းသတိရလေသည်။ မမသည် စာမေးပွဲမဖြေခင် နောက်ဆုံးနေ့၌ အမှတ်တရဟု ဆိုကာ သူမ၏လက်ကိုင်ပုဝါလေးကို ဆွဲယူကာ ထွက်ပြေးသွားတော့သည်။ ခုနှစ်တန်းတစ်နှစ်တာလုံး မတွေ့နိုင်တော့တဲ့ မမကို လွမ်းသည်။ မမ၏ လွယ်အိတ်လေး မှတ်မိသည်။ မမစီးနေကြ ကားလေးများ ဖြတ်သွားလျှင် လိုက်ကြည့်သည်။ မမ၏ အပြုံးများကို သတိရသည်။
နှစ်တွေအတန်ကြာဖြတ်သန်းရင်း သူမသည် မမကို အတန်ငယ် မေ့လာသည်။ သူမလည်း ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ရန် ပြင်ဆင်နေပြီ။ တနေ့တွင် သူမ၏ အစ်မတစ်ယောက် ရန်ကုန်တက္ကသိုလ်ကြီးထဲသို့ အဖေါ်လိုက်ခဲ့ရန်ခေါ်လေသည်။ အဓိပတိလမ်းမကြီးထက်တွင် ဘွဲ့ယူရန် ဘယ်နားနေမှန်းမသိသေးသော သူမသည် ဘယ်နားဓာတ်ပုံရိုက်မည် အလှပြင်လျှင် ဘယ်သူနဲ့ ပြင်မည်။ အဝတ်အစားဒီဇိုင်းများ ဘယ်လိုချုပ်မည်နှင့် သူမ၏ အစ်မကို စကားဖောင်ဖွဲ့၍ လာရင်း လမ်းတစ်ဘက်ခြမ်း အမျိုးသမီးသုံးဦး ဖြတ်သွားလေသည်။ ဖြတ်သွားစဉ် ပုံရိပ်တစ်ခုသည် သူမ၏ခြေလှမ်းကို ရပ်တန့်စေသည်။ အစ်မကို ခဏဟု ပြောကာ လမ်းဟိုဘက်ခြမ်းမှ အစ်မများဆီကို ကူးသွားရင်း မမကို လှမ်းခေါ်လိုက်ပါသည်။ သူမအတန်ကြာအောင် မေ့နေခဲ့ပြီဖြစ်သော မမသည် အရင်အတိုင်းပင်။ အရင်အတိုင်းမဟုတ်သည်က သူမ။ ကလေးအရွယ်လေးမှ အပျိုအရွယ် မိန်းမငယ်အသွင်ပြောင်းနေပြီ မဟုတ်လော။ မမသည် သူမကို ရုတ်တရက် မမှတ်မိပါ။ သို့သော် သူမ ပြုံးပြလိုက်ပြီး မမ မမှတ်မိတော့ဘူးလားလို့ မေးလိုက်ချိန် မှတ်မိသွားပြီ၊ အလွန်ပျော်စရာကောင်းလေသည်။ မမသည် သူမ လက်ကလေးကို ကိုင်ရင်း ဘာလာလုပ်သလဲ ဘယ်သူနဲ့ လာသလဲ စုံအောင် မေးသည်။ သူမကတော့ မမကို ပြန်တွေ့ရတာပင်တော်တော်ဝမ်းသာလှပြီ။ သူမသည် တခဏတာအတွင်း ဦးနှောက်ကို အလုပ်ပေးလိုက်ပါသည်။ ကျောင်းတော်ကြီးထဲတွင် မမနှင့် ဓာတ်ပုံတွဲရိုက်သည်၊ မမအိမ်ဖုန်းနံပါတ်ရအောင် တောင်းခဲ့လိုက်သည်။
ထိုနေ့က သူမ ပျော်ကာ တဟီးဟီးဖြစ်နေပုံကို သူမ၏အစ်မသည် ပုံစံကိုက ရည်းစားနဲ့ တွေ့လို့ အူမြူးနေသလိုပဲဟု သြဘာပေးသည်။ ဘယ်လိုဖြစ်ဖြစ် မမကို ပြန်တွေ့ပြီ မဟုတ်လော။ ကံများကောင်းချင်တော့ အစ်မနှင့် မမတို့က မေဂျာတူသည်၊ မရင်းနှီးကြ။ မမ အကြောင်းများ စုံစမ်းသည် စပ်စုသည်။ စဉ်းစားသည် အကြံထုတ်သည်။
သူမနှင့် မမတို့ ဖုန်းထဲတွင် နာရီပေါင်းများစွာ စကားပြောကြပါသည်။ သူမ ပြောင်းခဲ့သောအိမ်အသစ်နှင့် နှစ်လမ်းသာခြားနေသော မမထံသို့ တခါတရံ ဖြတ်သွားရင်း ချောင်းရုံကလွဲလို့ အပြင်မှာ ဘယ်သောအခါမှ ထပ်မတွေ့ဖြစ်ခဲ့ပါ။ သို့သော်လည်း သူမကြောင့် မမ၏ဘဝသည် များစွာပြောင်းလဲသွားပါသည်။
မမသည် အမေနှင့် အဖေ အိမ်ထောင်ရေး အဆင်မပြေသော မိသားစုမှ သမီးအကြီးဖြစ်ပါသည်။ စိတ်အလွန်နုပြီး မြိုသိပ်တတ်သူဖြစ်သည်။ ရင်းနှီးသော သူငယ်ချင်းနှစ်ယောက်မှ အပ မမနှင့်ပေါင်းသင်းဆက်ဆံရေး အဆင်ပြေသော သူငယ်ချင်းမိတ်ဆွေမရှိ။ မမ နေထိုင်ပုံစံနှင့် လူမှုဆက်ဆံရေးကို ကြားရမြင်ရသော သိပ်ဘဝမကျပါ။ သူမကတော့ သူငယ်ချင်းများနှင့် လုံးလုံးထွေးထွေးနေတတ်သူဖြစ်သည်။ သူမသည် ငယ်ငယ်တုန်းကလို ရင်တွေခုန်နေရုံနှင့် ငြိမ်နေသော ကလေးမလေး မဟုတ်တော့။ ထို့ကြောင့် မမကို ဖုန်းဖြင့် စကားများစွာပြောခြင်းကိစ္စ ဖြစ်ပေါ်လာရသည်။ သူမ၏ အိမ်က လူများ ရည်းစားရနေသည်ဟုပင် အထင်လွဲကြလောက်အောင်ပင် မမနှင့် ဖုန်းပြောနေသော အသွင်အပြင်များရှိခဲ့ပါသည်။
မမနှင့် သူမ ဘာတွေ ပြောကြပါသနည်း။
ပထမတွင် သူမက မမစိတ်ဝင်စားလောက်မည့် အကြောင်းများစွာ ပြောပြသည်။ မမသည် ငြိမ်၍ နားထောင်နေပါသည်။ ဒုတိယပိုင်းတွင် မမသည် သူမပြောသော အကြောင်းများကို အပြန်အလှန်ဆွေးနွေးတတ်လာသည်။ အချိန်မှန် ဖုန်းဆက်မှ ကြိုက်သည်။ နေ့စဉ် နေ့လည် (၂)နာရီတွင် ဖုန်းဆက်သည်။ နောက်ကျလျှင် စိတ်ကောက်သည်။ စိတ်ကောက်လျှင်လည်း ဘာမှ မပြော ဖုန်းကိုသာ ကိုင်ထားသည်။ ဖုန်းချလိုက်လျှင်လည်း ပိုစိတ်ဆိုးတော့သည်။ တတိယပိုင်းတွင် မမသည် သူမကို အရာရာတိုင်ပင်မှ ကျေနပ်တတ်သူဖြစ်လာသည်။ သူမကို ပြောပြလိုက်ရမှ ရင်ဖွင့်လိုက်ရမှ ကျေနပ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် မမသည် တစ်နှစ်လောက်အတွင်း မျက်နှာလေး တော်တော်လန်းလာသည်။ ဘွဲ့ရပြီး အလုပ်လုပ်ရန်မလိုသော မမသည် အိမ်ထဲတွင် ပိတ်လှောင်နေသည်ကို သူမ မနှစ်မြို့ပါ။
မမဘဝလေး အေးချမ်းစွာ သက်ဆုံးတိုင် စိတ်ချမ်းသာစေချင်သည်မှာ သူမ၏ မှန်ကန်သော သစ္စာဖြစ်ပါသည်။ ဘာသင်တန်းမှ မတက်၊ ဘွဲ့ရပြီး အိမ်ထဲမှာ ကုပ်နေရသော မမတွင် စိတ်သဘောထားပြည့်ဝသော ချစ်သူတစ်ယောက်ရှိလျှင် အလွန်ကောင်းမှာပဲ ဟုတွေးမိပါသည်။ ထို့ကြောင့် မမကို ရစ်သီရစ်သီလုပ်နေသော ဘဲဘဲကြီးများကို စောင့်ကြည့် စပ်စုလေ့လာရသော အလုပ်တစ်ခုပိုလာပြန်သည်။ သူမသည် အမှန်တကယ်တော့ သိပ်အားနေသူတစ်ယောက်မဟုတ်ပါ။ နို့ပေမယ့်လည်း မမ၏ ဘဝအရေးဖြစ်သည်။
မမကို ချစ်နေသော ဘဲဘဲများတွင် ရူပါသိပ်အလာကြီး မဟုတ်သော်လည်း စိတ်သဘောထားကောင်းသောသူ တစ်ဦးကို မကြာခင် တွေ့၏။ ဘယ်သူမှ မဟုတ်၊ သူမ၏ ငယ်သူငယ်ချင်း အစ်ကိုအကြီးဆုံးဖြစ်ပါသည်။ ထိုအစ်ကိုကြီးသည် မမကို တစ်ဖက်သတ် ကြိတ်ချစ်နေသူဖြစ်ပါသည်။ သူငယ်ချင်း၏ အစ်ကိုကြီးဖြစ်သဖြင့် သူ့အကြောင်း ကောင်းကောင်းသိလေသည်။ စိတ်ရှည်သည်။ သည်းခံတတ်သည်။ သဘောထားကြီးလေသည်။ ရေတပ်ဗိုလ်ကြီးဖြစ်သည်။ မမအသက်ထက် အနည်းငယ် ကြီးသည်။ မမကို အလိုလိုက် သည်းခံစိတ်ရှည်နိုင်မည့်သူမျိုးဖြစ်သည်။ ကောင်းလေစွ။ အလောတော်လေစွ။ မမအကြိုက်များ၊ မကြိုက်ခြင်းများကိုလည်းကောင်း၊ တစ်ကိုယ်တည်းမြိုသိပ်တတ်သော မိန်းမတို့၏ မနောကိုလည်းကောင်း အခြားသော ရှောင်ရန်ဆောင်ရန်များကို အထပ်ထပ်အခါခါ မှာကြားပြီး မမ၏ ရှေ့တော်သို့ သွင်းကြလေသည်။
အစပိုင်းတွင်ပြဿနာ အဖုအထစ်လေးတွေတော့ ရှိခဲ့သည်။ မမသည် သူမနှင့် အချိန်များစွာ စိတ်ချင်းရင်းနှီးထားသည့်အတွက် သူမအပေါ် စိတ်ပိုင်းဆိုင်ရာ မှီခိုလျှက်ရှိသည်။ ယောက်ျားမယူချင်ပေ။ ဘဝရှေ့ရေးအတွက် သွယ်ဝိုက်သောနည်းများနှင့်နားချသည်။ လမ်းပြသည်။ နမူနာတွေ ရှာဖွေပြောသည်။ တစ်ဖက်ကလည်း ဟိုအစ်ကိုကြီး ကြိုးစားခိုင်းရသည်။ သူမနှင့် သူမ၏ငယ်သူငယ်ချင်းတို့သည် မမတို့ ဖူးစာစုံဖို့အရေး အတော်ကြိုးပမ်းရပါသည်။ မမသည် အတော်ခေါင်းမာလေသည်။ တော်တော်နှင့် လက်မခံ။ နောက်ပိုင်းတွင် သူမသည် မမကို နေ့တိုင်းဖုန်းဆက်ခြင်းမှ ရက်ခြားဆက်သည်၊ ရက်ခြားမှ တပတ်ခြား၊ တပတ်ခြားမှ တစ်လ တစ်ခါလောက်ဆက်သည်။ ထိုသို့ ဖုန်းလျော့ဆက်ရာတွင် ဟိုအစ်ကိုကြီးကို ချောင်းဖြစ်အောင် မြောင်းဖောက်စေခဲ့ရသည်။
ပထမတော့ မမသည် ဖုန်းမဆက်လို့ စိတ်ကောက်သည်။ သူမမှာလည်း တက္ကသိုလ်ကျောင်းတက်နေရပြီဖြစ်သဖြင့် အကြောင်းပြကောင်းနေသည်။ ထို့နောက်တွင်တော့ သူမဖုန်းမဆက်သောအချိန်များတွင် ဟိုအစ်ကိုကြီးနဲ့ ဖုန်းပြောကြ လူချင်းတွေ့ကြပြီး ချစ်သူတွေတောင် ဖြစ်သွားကြလေသည်။ လက်ထပ်မည့်သတင်းကြားပါသော်လည်း လက်ထပ်ဖိတ်စာ သူမ မရခဲ့ပါ။ နောက်ဆုံးသတင်းကြားလိုက်ချိန်တွင် မမတစ်ယောက် ကိုယ်ဝန်နှင့် မီးဖွါးတော့မည်တဲ့။ ထိုနောက်ပိုင်းမှ ခုချိန်တိုင် မမသတင်း သူမ မစုံစမ်းဖြစ်ခဲ့တော့ပါ။
“အချစ်နှင့် အရက်သည် မျှဉ်းဖြတ်ရသော အရာများဖြစ်သည် - ခရစ္စတလ်”
မမ၏ မင်္ဂလာဆောင် ဓာတ်ပုံများကို သူငယ်ချင်းအိမ်တွင် သွားကြည့်စဉ် ဓာတ်ပုံထဲမှာ မြင်ရသော မမ၏ အပြုံးများက လွမ်းစရာ။ မမနှင့် သူမအကြောင်း အနည်းငယ်သိသော သူငယ်ချင်းသည် ဓာတ်ပုံကြည့်နေသူ သူမ၏မပီပြင်သောအပြုံးကို မြင်တော့ မမကို နှမြောနေသလားဟုမေးသည်။ နှမြောနေမှတော့ ငါဇာတ်ဆရာမလုပ်ခဲ့ဘူးဟေ့လို့ ပြောလိုက်သည်။ ရင်ထဲမှာတော့ နာသလိုလို။
မမသည် သူမကို ချစ်စရာကလေးမလေးမို့ နမ်းခဲ့စဉ်အချိန်က အလန့်တကြား မော့ကြည့်မိရင်း မမ၏အပြုံးတွင် မှင်သက်နေမိသည်။ လန့်ခြင်းကြောင့် သို့မဟုတ် မမကို ကြည့်မိလို့၊ ထိုအကြောင်းနှစ်ခုလုံးလည်း ဖြစ်နိုင်ပါသည်၊ စိတ်တွေ ယောက်ယက်ခတ်ဖူးသည်။ ခုချိန်တွင် သူမ၏ အချစ်ဦး ဘယ်သူလဲ မေးလျှင် မမကိုသာ ပြေးမြင်မိပါသည်။ ရူးလေစွတကား။ မမ၏ အပြုံးသည် သူမကို ဘဝများစွာက ပြုံးပြနေခဲ့သည့်အတိုင်းလိုပင်။ ဒီလိုပြုံးပြတာကို စိတ်ထဲတွင် ရင်းနှီးနေခဲ့ပါသည်။ မမ၏ စကားပြောနေပုံကို ငြိမ်ငြိမ်လေး ထိုင်ကြည့်နေရတာ တော်တော်အရသာရှိပါသည်။ မမနှင့် ပတ်သက်လျှင် သူမသည် ယောက်ျားလေးတစ်ယောက်ဖြစ်ချင်သည်။ ဝေးပြီး ပထမဆုံးပြန်တွေ့ကြတုန်းက ဓာတ်ပုံရိုက်တော့ မမသည် သူမလက်ကို ကိုင်ထားပြီး သူမကတော့ (သူမထက်အနည်းငယ် အရပ်နိမ့်သဖြင့်)မမ၏ ပုခုံးကို ဖက်ထားလေသည်။ ထိုဓာတ်ပုံလေးကို ကြည့်မိတိုင်း ဘဝဟောင်း ချစ်သူများတော်ခဲ့လေသလားလို့ အယောင်ယောင်အမှားမှားဖြစ်မိသည်။ အခြားဘယ်လိုမိန်းမများအပေါ်မှ မဖြစ်ပါ။ သူများတွေ ပြောပြလျှင် သူမ ရူးနေပြီလို့ ပြောကြမည်။ သံသရာတွင် သတ္တဝါတိုင်းသည် ဆွေမျိုးတော်စပ်ခဲ့ပုံအမျိုးမျိုးရှိကြသည် မဟုတ်လော။ သေချာတာတစ်ခုကတော့ မမနှင့် သူမ ဘဝတကွေ့တွင် ပတ်သက်ဖူးခဲ့ရမည်။ အတိတ်များကို ပြန်တွေးမိရင်း မမတစ်ယောက် သာယာသော အိမ်ထောင်ရေးနှင့် စိတ်ချမ်းမြေ့နေမယ်လို့ ယုံကြည့်လိုက်ပါသည်။ သူမ၏ရင်တွင်းမှလာသော အရောင်မရှိတဲ့ ချစ်ခြင်းမေတ္တာဖြင့် စီရင်ပေးခဲ့သော အချစ်ဇာတ်လမ်းလေးနှင့် လောကအလယ် ဘဝလမ်းခရီး ချောမွေ့စေချင်ပါသည်။
မမသည် သူမ၏ချစ်သူမဟုတ်သော သူငယ်ချင်းမမတစ်ယောက်ဖြစ်သည်။
မမသည် ပန်းတစ်ပွင့်ဆိုလျှင် သူမသည် ဥယျာဉ်မှုးသာဖြစ်လိုသည်။
ဒီဇာတ်လမ်းမှာ မမသည် မင်းသမီးဆိုပါလျှင် သူမသည် အချစ်ဇာတ်ဆရာဖြစ်ခဲ့ပါသည်။
လေးစားစွာဖြင့်
ခရစ္စတလ်
7 comments:
“ရွှတ်”
“အို့ ”
ဆိုလို့.လန့်တွားတာဘဲး)
အဲ့ဒီ့အခန်းဖြတ်ပါ။ :P
တော်သေးတာပေါ့ဇာတ်ဆရာရယ်..
မဖြစ်သင့်တာတွေမဖြစ်ကုန်လို့ :P
ရှေးရှေးဘ၀က.ဆုတောင်းမှားခဲ့တာကြောင့်
ထင်တယ်နော်အစ်မ။
ပြောမပြတတ်တဲ့ရသတစ်ခုကို
ခံစားမိပါတယ်။
အားပေးလျှက်ပါရှင်..
ချစ်ခင်လျှက်
မိစံ
ရှင်နမ်းခဲ့တယ်ပေါ့
ဂယ်ကြီးလား မမရဲ့မောင် အကြောင်းတွေဆိုစိတ်ဝင်စားတယ်
အော်အချစ် အချစ်
ဝါးး တော်တော်ကောင်းတယ် မမရေ
တော်တော်ကိုစိတ်ဝင်တစားကိုဖတ်ဖြစ်သွားတယ်
ကြိုက်တော့မလား ကြိုက်တော့မလား
မဖြစ်သင့်ဘူးနဲ့
အင်းး ဒါတွေကလဲပြောရခက်တယ်နော် ရှိနေကြတာဘဲ
ဇာတ်လမ်းဆွဲဆောင်မှု့အရမ်းရှိတယ်
ချစ်တဲ့
ဒိုးကန်
အာဘွားးးးးးးး
ဆိုတာညီမလေးလိုချစ်တော့ပေးမိတာပေါ့နော်
ဘ၀ ဘ၀ အမြဲဆုံခဲ့ဖူးလို့ပါကွယ်
ဒီပို့စ်လေးဖတ်မိတော့ မမြသွေးတို့ အထက်ကျောင်းသူဘ၀ မိန်းကလေးကျောင်းမှာ မိန်းကလေးအချင်းချင်း အချစ်တော်ထားခဲ့တာတွေ ပြန်သတိရမိတယ်။
မမမင်းတမီး နဲ့ အချစ်ဇာတ်ဆရာ ..
'အချစ်ဇာတ်ဆရာ' ပို့စ်လေးဖတ်ရတာ ဆန်းကျယ်တဲ့
လောကကြီးထဲမှာ ထူးဆန်းတဲ့စိတ်စေတသိက်ကို စဉ်းစားခန်းဝင်သွားတယ် ခရစ္စတလ်ရေ။
ကြည်လင်အေးမြသောစိတ်ဓာတ်အမြဲပိုင်ဆိုင်ပါစေ။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment