သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, June 20, 2010

“တောင်”ဘက်ကို...။

တခါတုန်းက ရုံးပိတ်ရက်ရှည်ရကြသဖြင့် ရုံးမှ အပျိုကြီးများအဖွဲ့သည် ပုဂံညောင်ဦး ဘုရားဖူးခရီး ထွက်ခဲ့ကြ၏။ မည်သည့် ဘုရားဖူးအဖွဲ့ကိုမှ မဆက်သွယ်ကြပဲ အပျိုကြီးမမများက ခရီးစဉ်ကို ကိုယ်တိုင်ဆွဲပေးရန် crystal အား တာဝန်အပ်နှင်းလေသည်။ ထို့ကြောင့် ဟိုတယ်များဘိုကင်လုပ်ခြင်းနှင့် လက်မှတ်များဝယ်ကာ ခရီးစတင်ထွက်ခဲ့ကြလေသည်။
ညောင်ဦးမြို့ရှိ Thante Hotel တွင် တည်းခိုနေထိုင်ကြ၏။ ညောင်ဦးမြို့ထဲအနီးတဝိုက်နေရာများကို မြင်းလှည်း သုံးစီးငှား၍ လည်ပတ်ရန် စီစဉ်ထားပြီး ပုဂံနှင့် ပုပ္ပါးကိုတော့ ကားတစ်စီး စီစဉ်၍ လည်မည်ဟု စီစဉ်လိုက်လေသည်။ ဟိုတယ်မှ ကားက သေးနေသဖြင့် တစ်အုပ်စုလုံး စီးရန် အဆင်မပြေဖြစ်ခဲ့ရလေသည်။ ထို့ကြောင့် ရန်ကုန်မှ အပျိုကြီးမမတို့သည် ဟိုတယ်အပြင်ဘက်သို့ ကားငှားရန် အလို့ငှာ ဟိုကြည့် ဒီကြည့်ဖြင့် ထွက်ခဲ့ကြလေသည်။

အပြင်ဘက်တွင် ဆောင်းရာသီဖြစ်သည့်အလျှောက် နေကလည်း မပူသေး၊ မြူကလည်း ဆိုင်းနေ၏၊ ထို့ကြောင့် အနီးအနားက ဆိုင်လေးများက ဒေသခံများကို အငှားကား ငှားရန် မေးမိလေသောအခါ....
“ဟောဟိုမယ် “တောင်”ဘက်ကို တည့်တည့်ဆင်းသွား
အဲဒီမှာ ဘုရားဖူးခရီးသည်တွေကို စောင့်တဲ့ ကားတွေ ရှိတယ်”

ဤသို့ ပြောနေသော အညာသား ကိုဟဝှာသည် မျက်လုံးလေး မှိတ်၍ ပြောခြင်း ဖြစ်လေသည်။ အပျိုကြီးမမများ စုံစမ်းနေသော နေရာသည် လမ်းဆုံတစ်ခုတွင် ဖြစ်ပြန်၏။ ထို့ကြောင့် အပျိုကြီးမမတို့ တစ်အုပ်စုလုံးသည် နေကို ရှာသူက ရှာကြ၏။ ကောင်းကင် မော့ကြည့်ပြီး တောင်ဘက်..... တောင်ဘက်......ဘယ်အရပ်က တောင်ဘက်ပါလိမ့်ဟု crystal က တွေး၏၊ ဘေးက ရွယ်တူသူငယ်ချင်းက လမ်းမပေါ်တွင် လက်နှစ်ဖက်ဆန့်ရင်း “နေထွက်ရာဘက်ကို မျက်နှာမူပါ၊ လက်နှစ်ဖက်ကို ဆန့်တန်းပါ၊ နေထွက်ရာ အရပ်သည် အရှေ့၊ ညာဘက်တွင် တောင်” ဟု အော်ဆို၏၊ သို့သော်လည်း နေက မထွက်၊ မြူကလည်း ဆိုင်း နံနက် (၆)နာရီအချိန်တွင် မြူကလည်း မကွဲသေး။ ကဲ ဘယ်နှယ့် လုပ်ရပါ့.....။ အဲ အော်မေ့ဂိုဏ်းခေါင်းဆောင်ကြီးကို (အခုတော့ Washington DC မှာ တာဝန်ထမ်းဆောင်နေပါပြီ) အားကိုးတကြီး ကြည့်မိသော် သူမက ဟက်ဟက်ပက်ပက် ရယ်မောနေရင်း “ငါ့မှာ ပြောပြဖို့ကိုတောင် မပြောနိုင်ဘူး ရီချင်နေလို့”ဆိုကာ အညာဒေသမှ တောင် မြောက် ခေါ်ဝေါ်သုံးစွဲမှုများကို ရှင်းပြလေသည်။ အော် သိသွားတော့လည်း မခက်သားပဲကိုး။ သူတို့ ပြောနေကြတာက “တောင်ဘက်ဆိုရင် ဆင်းသွား၊ မြောက်ဘက်ဆိုရင် တက်သွားတယ်”လို့ သုံးကြတယ်တဲ့။
ကဲ ဒေသန္တသရ ဗဟုသုတလေး တစ်ခုလေးလည်းဖြစ်အောင်၊ ကျမရဲ့ အစ်မ အပျိုကြီးများအုပ်စုမှ ခွဲထွက် လာသော နောက်ပိုင်းမှာ အမှတ်တရအနေနဲ့ ပိုစ့်လေးရေးချင်နေတာလည်း ပါတယ်၊ မွေးနေ့နီးပြီမို့ နှစ်တိုင်း မွေးနေ့အတွက် သတိတရနဲ့ ဆုတွေတောင်း လက်ဆောင်တွေ ပို့ပေးနေကြ၊ ကျမရဲ့ မင်္ဂလာဧည့်ခံပွဲမှာ ပျော်ရွှင်စွာ ဝိုင်းဝန်းကူညီပေးကြသော ကျမရဲ့ ရုံးမှ အစ်မတော်များကို လွမ်းရင်း ဒီပိုစ့်လေးကို ရေးလိုက်ပါတယ်ရှင်။

ဒီနေရာလေးမှာ ညဘက် မိုးကောင်းကင်ကြီးကို မော့ကြည့်ပြီး
မောင်ရင်ဆိုင်းတန်းကြယ် အကြောင်း ပြောခဲ့ကြတယ်။

ဒီအခန်းမျိုးလေး သုံးခန်းကို ယူပြီး တည်းကြပေမယ့် ရောက်တဲ့ညက စကားတွေ စုပြီး အခန်းထဲမယ် ပြောနေလိုက်ကြတာ၊ ပြီးတော့ တီဗွီဖွင့်ပြီး ဘောလုံးပွဲလည်း ကြည့်နေကြသေးတယ်။ ဒါကြောင့် တစ်ဖက်ခန်းက နိုင်ငံခြားသူဧည့်သည် ကလေးအမေက ဟိုတယ်မန်နေဂျာကို သွားတိုင်တယ်လေ၊ သူ့ကလေး အိပ်မရလို့ ဒီအခန်းထဲက တအားဆူတယ်ပေါ့။ မန်နေဂျာက လာပြောတော့ ဂိုဏ်းချုပ်ကြီးက ရှက်ရှက်နဲ့ နိုင်ငံခြားသူကို တောင်းပန်ပြီး ကျမတို့ကို ကိုယ့်နေရာကိုယ် ပြန်ကြဖို့ အမိန့်ပေးပါတော့တယ်။ တချိန်က အဖြစ်လေးတွေက သတိရစရာတွေ အမှတ်ရစရာတွေအဖြစ် ရင်ထဲမှာ ကျန်နေဆဲပါပဲ။



(အစ်မတော်များထံမှ တုံ့ပြန်သံ)
ခရီးထွက်ခဲ့ကြတဲ့ အပျိုကြီးမမတွေ အဖွဲ့ ဟာ အခုတော့ စွံတဲ့လူတွေကလဲစွံ တစ်နယ်တစ်ကျေးရောက်တဲ့လူကရောက်နဲ့ ပေါ့

တစ်ခါတစ်ခါ အရမ်းသတိရမိပါတယ် ညီမလေးတွေ ဘယ်ရောက်နေလဲပေါ့ ...စိတ်လဲပူမိပါတယ်...ဘယ်လိုပုံစံနဲ့ ဘယ်လိုခရီးဆက်နေကြလဲပေါ့.....
ဒါပေမဲ့လဲ ဒို့ကဘယ်သိနိုင်မှာလဲလေ..တွေ့ဆိုကြုံကွဲ လောကဓမ္မတာပဲမို့...သတိတရနဲ့ စာလွှာပါးလာတာပဲ ကျေးဇူးတင်လှပါပြီ...
ရုံး မှာတော့ နောက်ထပ်မင်္ဂလာပွဲတွေ ဆက်လက်ပြီး နွဲနေလေရဲ့..
ဒါပဲနော်
စာအရေးအသားတော့ကောင်းသားပဲ..ဟဲဟဲ.. အညာဒေသကို ပြန်ပြောင်းအောက်မေ့မိလာတယ်....

နောက်လဲ ရေးအုံးနော်...
ချစ်ရသော “မမဥ

HOOOOOOO Hi my sis long time no see.
သတိရနေတဲ့ “မသီ”

အငယ်ဆုံး ညီမလေးကို လွမ်းနေ သတိရနေကြပါတယ်....
ဥုံဥုံနှင့် အစ်မတော် အပျိုကြီးများနဲ့ ပြိုကျသွားသူများ။

5 comments:

လသာည said...

ဂိုဏ်းချူပ်ကြီးနဲ့ အစ်မတော်တွေကို လွမ်းတဲ့ပိုစ်ပေါ့နော်..။ တောင်ဆင်းပြီး မြောက် ပြန်တက်ခဲ့သေးလားး))

ကိုပိန် said...

ကြောင် တောင်တောင်

flowerpoem said...

အမရေ ဒီပို့စ်ကို ဖတ်ပြီး လွန်ခဲ့တဲ့ ၈ နှစ်က ပုဂံခရီး ကိုသတိရမိပါတယ် အခါအခွင့်ရရင် ပြန်သွားချင်ပါတယ်..

သီတဂူစတား said...

ဒကာမကြီးရဲ့ ဆိုဒ်ကို အခုမှ ရောက်ဖူးတာပါ။ တော်တော်လေး ပြည့်စုံနေတာ တွေ့ရပါတယ်။ စာပေတွေ အတွေ့အကြုံ ဗဟုသုတတွေ ကျန်းမာစွာ ဆက်လက် မျှဝေနိုင်ပါစေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ခရီးသွားရတာ ဘာဘဲဖြစ်ဖြစ် ပျော်စရာနော်
ညစ်ညူးနေတဲ့စိတ်တွေက ခရီးထွက်လိုက်ရင် လန်းဆန်းသွားရော..
တို့လဲ ခုမှ ခရီးက ပြန်ရောက်တာ
ဒါကြောင့် မရောက်ဖြစ်ဘူး..
အရင်ဘလော့က ပျက်သွားလို့ အသစ်ပြန်လုပ်ထားရတယ်လေ..
နေကောင်းတယ်ဟုတ်..