သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Monday, September 17, 2012

“ချဉ်ပေါင်ဟင်း”

အပိုင်း (၁)
“ထမင်းဘယ်နှစ်လုံးချက်ရမလဲ ...အမေ”

နွေညနေခင်းတစ်ခုမှာ ကျေးလက်ဌာနေရှိ အဘွားအိုတစ်ဦး၏ သမီးကြီးမှ မေးလာသည့်အခါ အဘွားအိုသည် အတန်ငယ်စဉ်းစားပြီးနောက် 

“ဒီညနေ ရန်ကုန်က သားအမိ ခြောက်နာရီရောက်လိမ့်မယ်၊ သူတို့သားအမိနဲ့ ညည်းသမီးနဲ့ မြေးနှစ်ယောက်အတွက်ပါ ထည့်ချက်လိုက်အေ”

“ကျမ သမီးနဲ့ မြေးတွေက ပြန်ကြလိမ့်မယ်၊ ကျမ သားမက်လည်း ရန်ကုန်ကနေ လေးနာရီလောက်က ထွက်လာနေပြီပြောတယ်၊ အပြန် ဝင်ခေါ်မှာပေါ့”

“အို..အေ လေးနာရီက ထွက်လာတဲ့ လေးဘီးကား ဖွတ်ချက်က ဘယ်လောက် မြန်နိုင်မလဲ၊ ကြည့်နေ ညကိုးနာရီရောက် ကံကောင်း၊ ကလေးတွေ ဆာနေမှာပေါ့ ကျွေးလိုက်စမ်းပါ၊ ညည်းသမီးရဲ့  တရုတ်ယောက္ခမတွေက ထမင်းချက်ထားမယ်တဲ့လား၊ အချိန်မတော် ကြက်ခြံထဲ ကြက်ဥနှိက် ကြော်စားနေရအုံးမယ်”

“ဒါဆိုလည်း ဆန်တစ်ပြည်ချက်လိုက်မယ်၊ ကျမတို့ ညီအစ်မ သုံးယောက်၊ အမေရယ် ကလေး လေးယောက်နဲ့ ကျမမြေးနှစ်ယောက်အတွက် လောက်မယ်ထင်တာပဲ”

“အေး ... ဘာဟင်းချက်မတုန်း ဒီညနေ ...”

“အိမ်နောက်ဘက်မယ် ...ကျမသမီး အငယ်မ စိုက်ထားတဲ့ ချဉ်ပေါင်တွေ စွတ်လို့ရနေပြီ အမေ၊ ဒါကြောင့် ချဉ်ပေါင်အရည်ထည်လေးချက်ပြီး မနက်က ငါးကျည်း အကောင်ငယ်လေးတွေကို ကြော်မယ်၊ ထုံးစံအတိုင်း ငါးပိရည် တို့စရာရယ်ပေါ့”

“ညည်းညီမအငယ်မနဲ့ သူ့သမီးက မြို့က လာကြတာ စားနိုင်ပါ့မလား”

“ကျမ ညီမက စားနိုင်ပါတယ်၊ အမေ့မြေး ငယ်ဆုံးမကတော့ အစားရွေးတယ်၊ ငါးကြော်ဆီလေး ဖယ်ထားလိုက်ပါ့မယ်၊ ငါးကြော်ဆီလေးနှယ်ပြီး ငါးကြော်လေးနဲ့ဆို ဖြစ်မှာပါ၊ သူ့အစ်မတွေ ခွံ့ခိုင်းလိုက်မယ်”

“အေး အေး ကောင်းသလိုကြည့်စီမံလိုက်၊ ခြံထဲက ဘယ်သူလဲဟေ့ နေစောင်းပြီ အပင်တွေ ရေလောင်းလိုက်ပါအုံးအေ၊ ထင်းစည်းတွေ ရေမစိုစေနဲ့နော်”

“ကျမ .. အမေရေ့ ရေချိုးမလို့ ဆင်းလာတာ၊ လောင်းလိုက်ပါ့မယ်”
အဘွားအို၏ သမီး နို့ညှာမ။ ကျောင်းဆရာမ အပျိုကြီး ခြံထဲဆင်းပြီး ရေမချိုးခင် အပင်တွေ ရေလောင်းနေပြီ။ 

မကြာခင် ကျောင်းလွှတ်၍ အထက်တန်းကျောင်းသူ အလယ်ကျောင်းသူ အဘွား၏ မြေးများ အိမ်ရောက်ကြပြီ။ 

“ကဲကဲ တလက်စတည်း ရေခပ်ကြ၊ ရေချိုးကြ”
အဘွား၏ သမီးအကြီးသည် မီးဖိုချောင်မှ သူ့သမီးများကို တစ်ချက်လှမ်းအော်လိုက်သည်။ 

“အမေ ညနေဘာချက်မလဲ”

ကျောင်းမှ ပြန်လာသော ကိုးတန်းကျောင်းသူ မြေးမက သူ့အမေကို မေးသံ၊ အဘွားသည် တစ်ချက်နားစွင့်နေလိုက်ပြီး

“မြေးတို့ ညည်းအမေကို ရေမချိုးခင် မီးဖိုချောင်ကူလိုက်အုံး၊ ခဏနေရင် မြေးတို့ အန်တီနဲ့ ညီမ လာလိမ့်မယ်”

“ဟုတ် အဘွား၊ ဒီမှာ ငါးပိရည် ဝိုင်းဖျော်ပေးနေပါပြီ”

“အေး အေး ... ငါးပိရည်အိုး အသစ်ဖွင့်လိုက်တော့၊ ပြီးခဲ့တဲ့နှစ်က ငါးရံ့ပေါလို့ သိပ်ထားတဲ့ ငါးပိ ခုလောက်ဆို စားရပြီဟဲ့။ အရသာကောင်းအောင် ငါးပြေမလေးတွေပါ ရောသိပ်ထားတယ်။
ငါးပနော်လေး မီးဖိုဘေးမှာ မီးအုံပြီးသားလေး ရှိသေးလားဟဲ့၊ အဲဒါလေးနဲ့ ငါးပိရည်ဖျော်လိုက်ပေါ့”

အဘွားအိုသည် လမ်းမဘက်သို့ ငေးရင်း ညနေစာအတွက် လှမ်းပြောလေသည်။ 

“ရှိသေးတယ် အမေရေ၊ အမေ့သမီးငယ်ကိုသာ အေးဆေးမျှော်ပါ၊ မီးဖိုချောင်ကိစ္စ စိတ်မပူပါနဲ့ ဟိဟိ”

“ဟဲ့ ... ဘယ်မှာ မျှော်နေလို့တုန်း”

အဘွားအိုသည် မလုံမလဲ တစ်ချက်ပြောရင်း နာရီကို ကြည့်လိုက်သည်၊
ညနေ ငါးနာရီခွဲပြီ။ 
“အင်းးးး ကားအချိန်မှန်ရင် ညနေခြောက်နာရီဆို ရောက်ပြီ” ဟု စိတ်ထဲ တွေးလိုက်၏။ 

“အမေကလည်း ဝရံတာကကို မခွါတော့ဘူး၊ လာချိန်တန်လာမှာပေါ့၊ ဘာလို့ မျှော်နေမလဲ၊ လေ အအေးမိနေအုံးမယ်”
ရေချိုးရာမှ တက်လာသော သမီးအလတ်မက ကျောင်းဆရာမ ပီသသောလေသံဖြင့် ကရုဏာသံဖြင့်။

“သြော် နင်တို့ကလည်း ခမျာ ကလေးတစ်ဘက်နဲ့ အထုပ်အပိုးနဲ့ လာမယ့်ဟာ”

“ကျမ ရေချိုးပြီးပြီ စောင့်ပေးပါ့မယ်၊ အမေ အထဲဝင်တော့ ဘုရားရေလဲ ဘာညာ လုပ်တော့လေ..”

“အေးအေး ပြီးရော”




ရဝေ ရဝေ သြော်မြိုင်စောင်းမှာလ ............ သေစေညွှန်းတော့ သေရဲပါတယ် ချစ်သူရေ ...

ကျောင်းကအပြန် ငှားလာသော ကက်ဆက်ခွေလေး ဖွင့်ရင်း ရေကဲ့သူက ရေကဲ့လို့၊ ထမင်းပွဲပြင်သူက ပြင်၊ မျှော်သူက မျှော်ကြ၊
ဤသို့ဖြင့် သောကြာနေ့ညနေခင်းလေးတစ်ခုမှာ ကျေးလက်ရနံ့တို့ ဆွတ်ပျံ့ဆဲ...။


အပိုင်း (၂)
“ဟဲ့ ညည်းနယ်အေ ကလေး စာမေးပွဲပြီးပြီချင်းများ လာရသလား”

“ဟုတ်တယ် အမေရေ၊ အမေ့ သားမက်က သူ့သမီးကို ဒီအရွယ်နဲ့တင် စိတ်မချဘူး၊ ကျမတို့ နေ့ဘက် အလုပ်သွားနေရင် သူက ကျောင်းစောစောပြန်ရတယ်၊ လမ်းထဲက (ကလေး၏ဖခင်ဘက်မှ တော်သော အမျိုးများ)အဒေါ်အိမ်တွေမှာ ခဏ နေခိုင်းရတာပေါ့။ ကျမတို့က အလုပ်ပြန်နောက်ကျတာကိုး။ အဲဒါ သူ့အဖေက သူ့သမီးကို အဲ့အိမ်တွေမှာ ထားရတာ စိတ်မချဘူးတဲ့၊ ကုန်သည်အိမ်တွေ မဟုတ်လား လူများ လူရှုပ်တာပေါ့၊ လူစုံရင် ဝိုင်းလေးက ကောင်းကြသေးတာ၊ ဟိုတလောက သူ့သမီးကို ကုန်သည်တစ်ယောက်က ချီထားလို့ ဆိုပြီး မကျေမနပ်ဖြစ်နေတယ်။ ကျမလည်း ကလေး ကျောင်းချိန်က တစ်ဖက် အလုပ်က တစ်ဖက်နဲ့၊ စိတ်ရှုပ်ပါတယ်အမေရယ်”

“ဟဲ့ .... ဒါဆိုလည်း ငါတို့ဆီ လာထားပေါ့၊ ဒီမှာ သူ့အစ်မတွေနဲ့ ကလေး အဖေါ်ရတာပေါ့၊  ညည်းတို့ မြို့မှာလည်း ကလေးဆော့စရာ မြေမရှိ ဘာမရှိနဲ့အေ”

“အင်း ... ကျမလည်း ဒီလိုပဲ စိတ်ကူးပါတယ်၊ သူ့အဖေနဲ့ တိုင်ပင်ရအုံးမယ်”
မြို့ပြ၏ ရုန်းကန်မှုတွေကြား ရင်မောနေသော သမီးငယ်နှင့် မြေးအငယ်ဆုံးလေးအား ကြည့်ရင်း အဘွားအို သက်ပြင်းတစ်ချက်ရှိုက်လိုက်လေသည်။ 

“အမေတို့ စကားနောက်မှ ပြော၊ ဟင်း ထမင်း ပူတုန်း တခါတည်း စားလိုက်ကြရအောင် ”
အဘွား၏ သမီးအကြီးမှ စကားစဖြတ်ခိုင်းပြီး ထမင်းစား ခေါ်၏။ 

“ဟဲ့ ..လူစုံနေတာ စားပွဲဝိုင်းအကြီးခင်းလေ၊ အားလုံး တစ်ခါတည်း စားကြမယ်၊ ကလေးတွေကို ထမင်းဟင်း ပုံပေးလိုက်၊ နင့်အဒေါ် ပင်ပန်းလာတယ်၊  အငယ်ဆုံးမလေးကို အကြီးမ ..နင် ခွံ့လိုက်အုံး၊ သူက ကြောင်စာလောက် စားတာ၊
 သူပြီးမှ စားလိုက်တော့ ငါ့သမီး ကြားလား”

အဘွားအို၏ သမီးသည် သူမ၏ သမီးများကို ထမင်းဝိုင်းအတွက် လိုတာ လုပ်ပေးရင် ပါးစပ်မှလည်း မှာကြားနေလေ၏။

“ဟုတ်ကဲ့ပါ အမေ၊ သမီး ငါးကြော်ဆီလေးလူးပြီး ညီမလေးကို အရင် ခွံ့နှင့်မယ်”

“အောက်က ရေချိုးပြီးတက်လာတဲ့ ကလေးတွေ တခါတည်း အပေါ်ကန် ရေဖြည့်လိုက်နော်၊ ထမင်းစားပြီးရင် ခပ်နိုင်တော့မှာမဟုတ်ဘူး၊ ဒီနေ့ လူများတယ်၊ နောက်ဖေးသုံးရေရော ပန်းကန်ဆေးဖို့ရော၊ မနက် မျက်နှာသစ်ဖို့ပါ ပြည့်စုံရဲ့လား ကြည့်လိုက်အုံး”

မြေးအကြီးမလေးက ညီမဝမ်းကွဲအငယ်မလေးအတွက် ထမင်းနယ်ရင်း သူ့ညီမတွေကို ခြံထဲက ရေကန်ဆီ လှမ်းအော်၏။

“မမကြီး .. ဒီညနေဘာချက်တုန်း၊ လမ်းမှာ ကြက်ဥ ဆယ်လုံးဝယ်ခဲ့သေးတယ်၊ မမကြီး တူမက အစားအသောက် ရွေးလွန်းလို့”

“နင့်တူမ အငယ်လေး စိုက်ထားတဲ့ ချင်ပေါင်တွေကို စွတ်ပြီး ငါးကျဉ်းခေါင်းလေးတွေနဲ့ ချက်ထားတယ်။ ပီးတော့ ဒီနေ့ ငါးပိအိုး အသစ်ဖောက်ထားတယ်အေ့၊ ချဉ်ပေါင်ဟင်းထဲ အချဉ်မစူးအောင် ငါးပိရည်အဖြူထည်လည်း နဲနဲထည့်ခပ်လိုက်တယ်။ အဲဒီ ချဉ်ပေါင်ဟင်းနဲ့ ငါးကျဉ်းကို အဖြူထည် အကြွပ်ကြော်ထားတယ်၊ ငရုတ်သီး အပုတောင့်ကို အိုးကပ်ဆီဒလိမ်းထိုးလေးလုပ်ပြီး ထောင်းထားတယ်။
ငါးပိရည်ဖျော်ရည်ထဲ ထည့်တာလေ၊ နင့်တူမအကြီးက ဒါမျိုး ကျွမ်းတယ်၊ ငါးပနော်မီးအုံးလေးကို အဖျော်လုပ် ထည့်ထားတာပေါ့။ တို့စရာတွေ အထွေအထူး မလုပ်တော့ဘူး၊ ဟင်းက ချဉ်ပေါင်ဆိုတော့လေ။
ငါ့တူမအတွက်ကတော့ ငါးကြော်က ငရုတ်သီးနဲ့ မဟုတ်ဘူး စားလို့ရပါတယ်၊ ကြက်ဥတွေတော့ ထားလိုက်တော့၊ နောက်နေ့စာပေါ့အေ ..”

“အမယ်လေး အစ်မရယ် ကြားတာနဲ့တောင် ထမင်းဆာလာပီ”

“အေးအေး အမေ့ကို ခေါ်၊ ဟိုကျောင်းဆရာမကိုလည်း ခေါ်လိုက်အုံး၊ ငါ ကလေးတွေ ခေါ်လိုက်အုံးမယ်၊ ဟဲ့ကလေးတွေ ကက်ဆက်ပိတ်စမ်း၊ ရေခပ်နေတဲ့သူတွေ တက်ခဲ့ကြတော့ ထမင်းစားကြမယ်ဟေ့..”

ဒီလိုနှင့် ရှစ်ဦးစားနိုင်တဲ့ ထမင်းစားပွဲဝိုင်းလေးသည် ကလေး လူကြီး အုံးအုံးကျက်ကျက် ဆာဆာဖြင့် လွေးကြလေသည်။

ထမင်းပေးပါအုံး ...

လိုက်ပွဲပန်းကန် ထမင်းဖြည့်အုံးဟေ့ ... 

ဟင်းရည်ကို ချိုင့်နဲ့ ခပ်ခဲ့ ခဏခဏ ထထည့်မနေရအောင် ... 

လက်ဆုံပြန်ပြီ ဟင်းပန်းကန်ထဲ မီးပွိုင့်ငှားရတော့မှာပဲ ...

ဟင်းရည်ပန်းကန် နှစ်ပန်းကန် ခွဲပေးလိုက်မယ် ...

ဟဲ့ အငယ်မ ငရုတ်သီးမှုန့်တွေ ဖြူးစားနေသလား ဗိုက်နာမယ်နော် ...

ချဉ်ပေါင်ဟင်းချည်းပဲ စားမနေကြနဲ့ ငါးကြော်လေးများလည်း အားပေးအုံး ...

ငါးပိရည်လည်း ကျန်သေးလားဟဲ့ ...

အမယ်လေး အကြီးမတွေက ပိုဆိုးသေး၊ ငရုတ်အပုတောင့်ကြော်တွေကို ကိုက်စားနေကြတယ်၊
နင်တို့နော် အဝင်ရော အထွက်ပါ ပူထူနေတော့မယ် ...

တစ်ယောက်တစ်ပေါက် စားသောက်ကြရင်း ထမင်းတစ်ပြည်ချက် ဟင်းတစ်အိုးနှင့် ငါးကြော် သုံးဆယ်သား လူဆယ်ယောက် ပြိုက်ကနဲ ကုန်လေတော့သတည်း။ 

သြော် ... စားမြိန်တဲ့ ချဉ်ပေါင်ဟင်းတစ်ခွက်။


ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ် 

8 comments:

ညိမ်းနိုင် said...

ချဉ်ပေါင်ဟင်းနဲ့ ငါးကျဉ်းကြော်......အီးးးးးဟီးးးးး
သိပ်ကြိုက်တဲ့ဟင်း.....၊စိမ်းစားငပိဖုတ်လေးပါ ပါရင်
ဘာပြောကောင်းမလဲ.....၄ပန်ကန်အသာလေးရယ်....
ခုတော့ ဝေးနေတာကြာပေါ့......:(

တောက်ပကြယ်စင် said...

ဘုန်းဘုန်းအတွက်တော့ မီးနင်းတိုးသွားတယ်။ ချဉ်ပေါင်စွတ်တာနော်။ ခူးတာမဟုတ်ဘူး။ ဘုန်းဘုန်းဆိုရင် ခူးတာလို့ ရေးမိမှာ။ အရင်တစ်ခါ မှားပြီးပြီလေ။ ခရစ္စတယ်ပဲ ပြင်ပေးတယ်လေ။ ပြီးတော့ အိုးကပ်ဆီဒလိမ်းထိုးတို့၊ ငါးပနော်မီးအုံးလေးတို့။

ပျော်စရာကောင်းတဲ့ မိသားစုလေးထမင်းဝိုင်းလေးပဲ။ ဖတ်ရင်းနဲ့ ဗိုက်ဆာလာတယ်။ ချဉ်ပေါင်ဟင်းနဲ့ ငါးပိရည်၊ ငါးကြော်လေးကို မြင်ယောင်လို့။ တစ်ယောက်တည်းစားတာထက် ၀ိုင်းနဲ့စားရတာ ပိုစားနိုင်တယ်။

Crystal said...

ကိုညိမ်းနိုင်ကြီးရေ ဝေးနေတာကြာတဲ့ အရသာလေးတွေ ပြန်ပြီး အမှတ်ရသွားစေတာပေါ့လေ :)

အသီးအနှံစိုက်တဲ့ သူတွေက စွတ်တယ်လို့ သုံးကြပါတယ်ဘုရား၊ ပန်းတွေမှသာ ခူးတယ်လို့ ပြောကြပါသတဲ့။ တပည့်တော်က နယ်တွေရောက်ရင် ခြံစိုက်ခင်းတွေဆီ အမြဲသွားတယ်၊ ဝါသနာပါလို့ပါ။ ငရုတ်သီးအပုတောင့်လေးတွေကို ဆီနဲနဲနဲ့ လှော်တာကို အိုးကပ်ဆီဒလိမ်းထိုးတယ်လို့ ခရစ္စတလ်တို့အရပ်မှာ သုံးပါတယ်။ ငါးပနော်ဆိုတဲ့ ငါးကတော့ ငါးရံ့လိုပဲ အကောင်အသေးမျိုးပါ။ ထင်းမီးဖိုဘေးမှာ တုတ်လေးနဲ့ ထောင်ထားရင် ငါးကင်သလိုပဲ ကြက်သွားပါတယ်ဘုရား။
အိမ်လွမ်းသူတစ်ယောက်ရေးတဲ့ပိုစ့်ပါဘုရား _/\_

စံပယ်ချို said...

ချဉ်ပေါင်ဟင်း ငါးကြော်
အရမ်းလိုက်ဖက်တဲ့ မြန်မာဟင်းကောင်းလေးပါ

mstint said...

သီချင်းလေးကို ကြားလိုက်တဲ့ သကာလမှာ တက္ကသိုလ် ကျောင်းသူဘဝကို ပြန်လည်လို့ သတိရသွားတယ် ခရစ္စတလ်ရယ် ... တော်ပါသေးရဲ့ အဲဒီအချိန်က အဲဒီသီချင်းလေးကို ညည်းတွားခဲ့သူက အခုတီတင့်ရဲ့ အိမ်ဦးသခင်ဖြစ်နေလို့ :P
စားမြိန်တဲ့ ချဉ်ပေါင်ဟင်းတစ်ခွက် ငါးပိရည်လေးနဲ့နယ်လိုက်လို့ကတော့ ထမင်းတစ်ပန်းကန် အသာလေးပေါ့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခရစ္စတလ် said...

အမြဲတမ်း အားပေးတဲ့ အန်တီတင့်နဲ့ စံပယ်တို့ရေ ကျေးဇူး အားကြီး အများကြီးနော် :)

ထရီဆာ said...

မမ ခရစ္စတလ်ရေ..မကြီးလွမ်းဆီကနေ ခြေရာလေးတွေ့လို့ လိုက်လာခဲ့တာပါနော် ...

မင်္ဂလာနှစ်သစ်လေးပါလို့ .. :)

ခရစ္စတလ် said...

မင်္ဂလာနှစ်သစ်ပါ ညီမလေးရေ :)