သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Friday, January 28, 2011

“အသက်ကို ဥာဏ်စောင့်၏”

မြတ်စွာဘုရားမျက်နှာတော်ပုံလေးကို မြင်ရင်
ဘယ်ဆိုဒ်မယ် တင်ထားတယ်ဆိုတာ အချို့က သိကြမည်...

လွန်လေပြီးသော ဆယ့်လေးနှစ်ကျော်ခန့်က ကရုပ်လေးသည် သူမ၏ အိမ်ပေါ်တွင် မတော်တဆ ခလုတ်တိုက်မိရာမှ စားပွဲထောင့်စွန်းနဲ့ ဝမ်းဗိုက်နေရာသို့ အရှိန်ပြင်းစွာ ဆောင့်မိလေသည်။ ထိုသို့ ဖြစ်ပွါးပြီး တစ်ပတ်ခန့်အကြာ သူမသည် မနက်စာ စားသောက်ပြီး ကုတင်ပေါ်ရှိ အဘွားနံဘေး၌ ခေတ္တလဲလျောင်းနေစဉ် ဝမ်းဗိုက်နေရာတဝိုက်တွင် တခါမှ မခံစားရဖူးသော နာကျင်မှုဝေဒနာမျိုးခံစားရင်း ညည်းငြူမိလေ၏၊ သူမ၏ ကြီးဒေါ်က ပရုပ်ဆီလိမ်းခိုင်းပါသော်လည်း ဝေဒနာသည် မသက်သာပဲ သာ၍ပင် ဆိုးလာလေသည်။ ထိုမှ တဖန် ကုတင်ပေါ်မှ ဆင်းကာ အိမ်ရှေ့သို့ ထွက်အလာတွင်ပင် ဝမ်းဗိုက်တစ်နေရာမှ ပြင်းထန်စွာ နာကျင်ရင်း ဆောင့်ဆွဲခံလိုက်ရသကဲ့သို့ တစ်စုံတစ်ခု ပြုတ်ထွက်သွားသကဲသို့ဖြစ်ကာ ခွေခွေလေး လဲကျသွားပါတော့သည်။

“ဤဇာတာရှင်သတို့သမီးလေးသည် ကျန်းမာရေး အလွန်ချူချာလေမည်၊ သူမသည် မရဏဖွားဖြစ်သည့်အလျောက် ငယ်စဉ်တွင် သေ၊ မသေသော် သူတစ်ထူးဖြစ်လိမ့်မည်ဟု” သူမငယ်စဉ်က ဤသို့ ဇာတာဖတ်ကြလေသည်။ ထိုမှ တဖန် လက္ခဏာကြည့်တတ်သူများက အသက်လမ်းကြောင်းတွင် ကျွန်းခံနေသောကြောင့် အသက်လုရဖွယ် ခွဲစိတ်ခြင်းခံရမည် ဆိုကြပြန်၏။

ထိုထိုသောအနှီလူကြီးမင်းများ ပြောစကားသည် ဟုတ်သည်ဖြစ်စေ၊ မဟုတ်ဖြစ်စေ ကရုပ်လေးသည် သေခြင်းတရားကို သိတတ်စအရွယ်မှ စ၍ အမြဲလိုလို တစ်ယောက်တည်း မကြာခဏ သေကြည့်လေ၏။ သေလျှင် ဘာဖြစ်မည်နည်း၊ အဘယ်သို့သောတရားသည် ဝေဒနာများကို ကျော်လွှားနိုင်မည်နည်း။ မသေခင်ဘာဖြစ်နည်း။ မသေခင် ဘယ်ကဲ့သို့ ကျင့်ကြံနေထိုင်ရမည်နည်း၊ မသေခင် ဘာလုပ်ရမည်နည်း၊ စသည်တို့ကို အဖန်ဖန်တွေးတောနေလေ့ရှိသူဖြစ်၏။

ထိုသို့တွေးတောပြီးနောက် အဖြေရှာ၏၊ လေ့လာ၏၊ လေ့ကျင့်၏၊ ပြင်ဆင်၏။ ထိုအခါသမယသည် သူမ၏ တစ်နှစ်သော မွေးနေ့မတိုင်မီ ခြောက်ရက်မြောက်တွင် ကျရောက်လာခဲ့ပါတော့သည်။ သူမသည် ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း ခွဲစိတ်ခန်းမဝင်မီ မိသားစုအားလုံးကို တစ်ချက်စောင်းငဲ့ကြည့်ပြီးနောက် မည်သို့သော စကားကိုမှ မဆို တိတ်တဆိတ်ပင် စိတ်အလုပ်များကို လျှင်မြန်စွာလုပ်လျှက်ရှိနေပါသည်။ သူမ၏ မိသားစုသည် သူမအား စိုးရိမ်ပူပန်မှုများနှင့်သာ ခွဲစိတ်ခန်းအပြင်တွင် ကျန်ရစ်ခဲ့ပြီ။ ခွဲစိတ်ခန်းဆီသို့ သယ်ဆောင်လာသော တွန်းလှည်းပေါ်တွင် မေတ္တာပို့ရင်း သူမ အေးချမ်းစွာ လိုက်ပါလာခဲ့ပါသည်။ ခွဲစိတ်ရမည်ကိုလည်း သူမ မကြောက်ပါ၊ သေခြင်းတရားကိုလည်း သူမမကြောက်ပါ၊ သူမကြောက်သည်က မေ့လျော့မည်ကိုသာ။ ရတနာသုံးပါးမရှိရာအရပ်တွင် သူမ မနေလိုပါ။ ဝေဒနာကြောင့် သိတစ်ချက် မသိတစ်ချက်ဖြစ်နေသော အသိစိတ်ကို ဖြည်းညင်းစွာ သူမ စောင့်ကြည့်လျှက်ရှိပါသည်။ ဝေဒနာကို သိနေသော စိတ်သည် ပြင်းအားမများလှစွာ သိရုံလေးသာဖြစ်သည်၊ သက်သက်သာသာလေး သိနေတယ် ဆိုရုံမျှပင်။ တင်းထားသော စိတ်နဲ့ အာရုံကြောများသည် ဖြည်းဖြည်းပြေကျလာသည်ကို တွေ့ရလေသည်။ ခံစားနေရသော ဝေဒနာက တခြား၊ သိနေသော စိတ်က တခြား သိမှု ပျက်မှုကို ဖြစ်မှု ပျက်မှုကို သိရသောအခါ။ ။

ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့ ဆိုကြသတဲ့...

ငယ်စဉ်ကပင် ဖျားနာခြင်းဖြင့် ကျောင်းတက်စဉ်ကာလပတ်လုံး နပန်းလုံးနေရသောကြောင့် မိဘများသည် စာကျက်ဖို့ပင် သူမအား မတိုက်တွန်းကြပါ။ တစ်နှစ်တတန်းမှန်မှန်အောင်လျှင်ပင် ကျေနပ်ခဲ့ကြသည်။ ဆယ်တန်းပထမဆုံးစတက်သော လတွင်ပင် ဆေးခွင့် တစ်လယူကာ ဆေးများဖြင့် နပန်းလုံးရပြန်သည်။

သို့သော်လည်း သူမသည် စိတ်ဓာတ်ပြင်းထန်သူဖြစ်သည်၊ ဇွဲရှိသူဖြစ်သည်၊ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားများကို အကြွင်းမဲ့ယုံကြည်သူဖြစ်သည်၊ ထို့အတွက်ကြောင့် ဘယ်အတွက်မှ နောက်မဆုတ်ခဲ့ပေ။ ကျန်းမာရေးဂရုစိုက်ဖို့ အားလုံးစိတ်ပူစွာ မှာကြားနေသည့်ကြားကပင် မြန်မာနိုင်ငံအနှံ့အပြားသို့ သွားကာ မြန်မာပြည်သူများ၏ ကျန်းမာရေးများကို တဖက်တလမ်းမှ ကူညီခဲ့လေသည်။ ယခုအခါ မိသားစုများ ဘုရားဖူး လေ့လာရေးခရီးများကိုလည်း စေတနာများများဖြင့် ကူညီပေးရင်း “ကုသိုလ်လည်းရ ဝမ်းလည်းဝ” သော အလုပ်ကလေးဖြင့် ပြည်ပနိုင်ငံများတွင် ကူးချီသန်းချီဖြင့် သွားလာနေပြန်သည်။

သူမသည် ဘာကြောင့်များ ဘယ်ကဲ့သို့သော စိတ်လေးနဲ့ လှုပ်ရှားနေနိုင်ခဲ့တာပါလိမ့်နော်...

ခွဲစိတ်ခန်းထဲတွင် သူမအား အသေးစားခွဲစိတ်မှုမှ အကြီးစားခွဲစိတ်မှုအဖြစ်သို့ ပြောင်းလဲကြောင်း  ခွဲစိတ်ခန်းတွင်းတာဝန်ကျ ဆရာမ မှနေ၍ မိသားစုကို အသိပေးလိုက်သောအခါ မိသားစုဝင်များသည် ငိုပွဲဆင်ကြလေတော့သည်။ ခွဲစိတ်ပြီး သုံးနာရီခန့်ကြာမှ သတိမရတစ်ချက် ရတစ်ချက်နှင့် ခွဲစိတ်ဖြစ်လားလို့ ကရုပ်လေးက မေးခဲ့လေသည်။ လက်နှစ်ဖက်တွင် ပိုက်နှစ်ချောင်း၊ နှာခေါင်းပိုက်များနှင့် ကရုပ်လေးကို မိသားစုများက မမြင်ရက်ကြပေ။ သတိကောင်းကောင်းရလာသောအခါ အငိုမျက်ဝန်းများနဲ့ ကရုပ်လေး၏ လူနာကုတင်နားတွင် ဝိုင်းလို့။ ထိုအချိန်မှ စ၍ ကျန်းမာအောင် ကြိုးစားပြီးနေတော့မည်၊ ကျန်းမာမှ မိမိ၏ မိသားစုသည် သောကကင်းကြမည်၊ အထူးသဖြင့် အမိသည် ဝမ်းဖြင့် လွယ်၍ မွေးထားသောကြောင့် အများတကာထက် သောကပိုလေသည်၊ ထိုအကြောင်းအရာသည် ကြီးမားသော တွန်းအားတစ်ခုဖြစ်လေသည်။ ထို့ပြင် အသက်ရှည်ခဲ့သော အဘယ်အကျိုးရှိအံ့နည်း၊ ရှည်သည့် အသက်နှင့် အမျှ အကျိုးရှိအောင် နေသွားရဖို့လည်းလိုပေသည်။ ထို့အတွက်ကြောင့် အသက်ရှည်ခြင်းကို ဥာဏ်ဖြင့် ဆင်ခြင်ပြီး ပြုမှုနေထိုင်သင့်လှပေသည်။

ထိုထိုဤဤသော ရက်များအတွင်း ကရုပ်လေးသည် ဆေးရုံတွင် ကျင်းပသော ဝါဆိုသင်္ကန်းကပ်လှူပွဲ၌ မွေးနေ့ကို အကြောင်းပြုလို့ လူနာကုတင်ပေါ်မှပင် သင်္ကန်းကပ်လှူခဲ့ပါသည်။ ။

ဇန်နဝါရီ (၂၂)ရက်နေ့ ဆယ်နာရီခန့်က ဖြစ်မည်၊ “မာတာ လက်အကြောကပ်တာ သက်သာရဲ့လား၊ စာပြန်မရိုက်နဲ့ သက်သာအောင်သာနေ၊ နေကောင်းလားမေးတာပါ” ဟု မိန့်ကြားသွားသော ဘုန်းဘုန်းဦးမော်ဒန်သည် အခုတော့ ဆေးရုံပေါ်တွင် မွေးနေ့ပွဲကို တကူးတက သွားရောက် ကျင်းပလျှက်ရှိပါသည်။

ကရုပ်လေးသည် ဂေါတမမြတ်စွာဘုရားပွင့်တော်မူစဉ်က ဘယ်ဂျောင်ရောက်နေသည် မသိပါသဖြင့် မြတ်စွာဘုရားအား သက်တော်ရှည်ကြာစွာ သီတင်းသုံးခြင်းဖြင့် သတ္တဝါတို့၏ ဆင်းရဲကို ကယ်တင်ရန်အလို့ငှာ လမ်းပြပေးတော်မူပါရန် တောင်းပန်လျှောက်ထားခွင့် မရခဲ့ပါ။ သို့သော်လည်း ယခုချိန်ခါတွင်တော့ တပည့်တော် ရိုသေစွာလျှောက်ထား တောင်းပန်အပ်ပါသည်ဘုရား-ယနေ့ခေတ်ကာလသည် အရောင်စုံများနှင့် ရှုပ်ယှက်ခတ်လျှက်ရှိလှပါသည်ဘုရား၊ သာသနာ့တာဝန်များကို အထူးထမ်းရွက်ရန် လိုအပ်နေသော ခေတ်ပျက်ကြီးဖြစ်နေပါသည်ဘုရား၊ သို့ပါသောကြောင့် သတ္တဝါတို့၏ အကျိုးစီးပွါးအလို့ငှာ တပည့်တော်မှ သနားသဖြင့် တောင်းပန်လျှောက်ထားလိုက်ရပါသည် ဆရာတော် သံဃာတော်အရှင်မြတ်တို့ဘုရား မိမိ၏ ကျန်းမာရေးကို ဂရုပြုတော်မူကြပါရန်နှင့် “အသက်ကို ဥာဏ်စောင့်၏“ ဆိုသကဲ့သို့ ဤဆိုသောစကားလေးကိုလည်း သတိရတော်မူကြပါရန် အလေးအမြတ်ထားကာ သတိပေးစကားဖြင့် အသိပေး လျှောက်ထားအပ်ပါတယ်ဘုရား။ တပည့်တော်လျှောက်ထားခြင်းသည် ကံသုံးပါးလုံးဖြင့် မှားယွင်းခြင်းများရှိခဲ့ပါလျှင်လည်း ဂရုဏာရှေ့ထားလို့ ခွင့်လွှတ်တော်မူကြပါရန် တောင်းပန်လျှောက်ထာလိုက်ပါတယ်ဘုရား။

မှတ်ချက်။ ။ အခုလို သတိပေးစကားဖြင့် ပိုစ့်ကို ရေးရခြင်းသည် ဘုန်းဘုန်းဦးဝိစိတ္တသာရ(ဓမ္မဂင်္ဂါ-မော်ဒန်တောရ)အမှုးပြုသော သာသနာ့ဝန်ထမ်း ရဟန်းသံဃာအားလုံးအပြင် လူပုဂ္ဂိုလ်များကိုလည်း ရည်ညွှန်းပါသည်။


လေးစားစွာဖြင့်
crystal

ကမ်ပူးချားလို့ခေါ်တဲ့ ကမ်ဘောဒီးယားကို ဘုရားဖူးသွားပို့ရာမှ ပြန်လည်ရောက်ရှိပြီးနောက် အနားယူနေပါသည်။ လက်ဆောင်အနေနဲ့ ပိုစ့်လေးတွေ ပါလာပါတယ်ရှင့် :)

Sunday, January 16, 2011

ကွန်ပျူတာတစ်လုံးတော့ ၀ယ်လိုက်ပါ


လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်လောက်ကစလို့ ကွန်ပျူတာတွေကို အိမ်တွေမှာ စတင်ပြီးသုံးစွဲခဲ့ကြပါတယ်။ အဲဒီအချိန်တွေတုန်းက ကွန်ပျူတာတစ်လုံးကို သုံးစွဲဖို့ဆိုတာ သိပ်တော့ မလွယ်ကူလှပါဘူး။ သူ့ကိုခိုင်းစေလို့ရမယ့် အမိန့်ပေးစကားလုံးတွေ၊ ခလုတ်တွေကို သိထားနိုင်မှ ဖြစ်တာပါ။ မဟုတ်ရင်တော့ အဲဒီအချိန်တုန်းက ကွန်ပျူတာဆိုတာ သာမန်လူတစ်ယောက်အတွက်တော့ တီဗွီတစ်လုံးလောက်အဖြစ်တောင်မှ အသုံးမ၀င်တဲ့ စက်တစ်လုံးပါဘဲ။

အဲဒီ အနှစ်နှစ်ဆယ်ကျော် အချိန်ကနေ တဖြည်းဖြည်းချင်း ကွန်ပျူတာဟာ လူတွေရဲ့  နေ့စဉ်ဘ၀ထဲကို တစ်စတစ်စနဲ့ ဝင်ရောက်လာခဲ့ပါတယ်။ အမိန့်ပေးစကားလုံးတွေအစား ရုပ်ပုံတွေကို နှိပ်ပြီး သုံးလို့ရတဲ့အဆင့်ကို ကူးပြောင်းနိုင်ချိန်မှာတော့ ကွန်ပျူတာစက်ဟာ လူတွေရဲ့  စိတ်ဝင်စားမှုကို စွဲဆောင်ဖမ်းစားလာနိုင်တဲ့ ပစ္စည်းတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။

အဲဒီကနေ တဆင့်တက်ကာ ကွန်ပျူတာထဲကို စီဒီပြားများကိုထည့်သွင်းပြီး သီချင်းနားထောင်နိုင်လာပါတယ်။ ရုပ်ရှင်ဗီဒီယိုတွေ ကြည့်လို့ရလာပါတယ်။ ဂိမ်းတွေ ဆော့နိုင်လာပါတယ်။ ဒီလိုနဲ့ဘဲ ကွန်ပျူတာဆိုတာ တခြားသော တီဗွီ၊ ရေဒီယို၊ ကက်ဆက် စတဲ့ လျှပ်စစ်လူသုံးကုန်ပစ္စည်းတွေလို
မျိုး လူတွေအတွက် အရေးပါအရာရောက်တဲ့ အိမ်သုံးပစ္စည်းတစ်ခုလိုဖြစ်လာခဲ့ပါတော့တယ်။

ကွန်ပျူတာကို လူငယ်လူရွယ်တော်တော်များများကတော့ အခုခေတ်မှာ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်နေကြပါပြီ။ တချို့ လည်း ကျောင်းတွေ၊ သင်တန်းတွေမှာ သွားရောက် သင်ယူကြလို့ စနစ်တကျသုံးစွဲတတ်ကြသလို၊ တချို့ လည်း မိမိဖာသာ စာအုပ်များ ဖတ်ရှုလေ့လာခြင်း၊ နားလည်သူများကို မေးမြန်းခြင်း စမ်းသပ်လုပ်ကြည့်ခြင်းများဖြင့် ကျွမ်းကျင်စွာ သုံးတတ်နေကြပါတယ်။

သတိထားမိသလောက် လူလတ်ပိုင်းနှင့် လူကြီးပိုင်းအရွယ်အချို့ မှာတော့ ကွန်ပျူတာကို သုံးစွဲဖို့အရေးမှာ စိတ်ထဲ မ၀ံ့မရဲဖြစ်နေတတ်ကြတာကို တွေ့ရပါတယ်။ ယခင်က လက်နှိပ်စက်ကို အသုံးပြုခဲ့ဖူးတဲ့သူတွေက ကွန်ပျူတာကို လက်နှိပ်စက်လောက် သုံးလို့အဆင်ပြေမှ ပြေပါ့မလားလို့ တွေးနေတတ်ကြပါတယ်။ တချို့ ကလည်း ခလုပ်တွေနှင့် ရှုပ်ရှက်ခက်နေလို့ စိတ်ရှုပ်မျက်စိနောက်ပုံရပါတယ်။ တချို့ ကျတော့ ကွန်ပျူတာကို သုံးလည်း သုံးတတ်ချင်ပါရဲ့ ၊ ဒါပေမယ့် ဒီအသက်အရွယ်ကြီးကျမှ သင်တန်းသွားတက်ပြီး ကလေးတွေနှင့် စာအတူလိုက်သင်ရမှာကို ရှက်နေတတ်ပြန်ရော။ တချို့ ကလည်း လျှပ်စစ်ပစ္စည်းတစ်ခုကို သုံးစွဲရမှာမို့ အခန့်မသင့်လို့ပျက်သွားမှဖြင့်ဆိုပြီး လန့်နေတတ်ပြန်ပါတယ်။

ဒီလို အကြောင်းပေါင်းစုံတွေနှင့် လူတော်တော်များများ ကွန်ပျူတာဆိုရင် ခပ်လှမ်းလှမ်းမှာဘဲနေပြီး တစ်စိမ်းပြင်ပြင်လို ဖြစ်နေကြပါတယ်။ စမ်းသုံးကြည့်ပါဆိုလည်း အကြောက်အကန်ငြင်းကြတော့တာပါဘဲ။ အဲဒါမျိုးက ကျွန်တော်တို့ မြန်မာတွေချည်းမဟုတ်ပါဘူး။ နိုင်ငံခြားသားတွေထဲမှာလည်း ဒီလိုမျိုးတွေအများကြီးရှိနေပါတယ်။

တကယ်တော့ အခုအချိန်ကျွန်တော်တို့တွေ အသုံးပြုနေတဲ့ကွန်ပျူတာဆိုတာဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက ကွန်ပျူတာတွေလိုမျိုး သုံးရတာ မခက်တော့ပါဘူး။ လူတွေ အလွယ်တကူ သုံးလို့ရအောင်ကို စီစဉ်ပေးထားတဲ့ ဂဏန်းပေါင်းစက်ထက် ပိုပြီးသုံးရမခက်တော့တဲ့ စက်တွေဖြစ်နေပါပြီ။ လက်နှိပ်စက်ထက်ပိုပြီး သက်သာလွယ်ကူလျင်မြန်တဲ့ ပစ္စည်းတစ်ခုဖြစ်နေပါပြီ။ အိမ်က တီဗွီတွေ၊ ကက်ဆက်တွေလိုမျိုး၊ ဂိမ်းစက်တွေလိုမျိုး လူကိုဖျော်ဖြေမှု အပြည့်အ၀ပေးနိုင်တဲ့ အပန်းဖြေ ပစ္စည်းတစ်ခုဖြစ်နေပါပြီ

ကွန်ပျူတာတစ်လုံးမှာ စက်ပိုင်းဆိုင်ရာပစ္စည်းတွေနှင့် သူတို့ကိုအသုံးချနိုင်အောင်လုပ်ထားတဲ့ Software လို့ခေါ်တဲ့ ပရိုဂရမ်တွေပါဝင်ပါတယ်။ ဘယ်လောက်ပဲ နားမလည်တဲ့သူက ကွန်ပျူတာကိုသုံးနေပါစေ။ ကွန်ပျူတာမှာ ထွေထွေထူးထူး ပျက်စရာ ဘာမှမရှိပါဘူး။ စက်ပိုင်းဆိုင်ရာ ပျက်သွားစရာ မရှိပါဘူး။ တကယ်လို့ အခန့်မသင့်ရင် တခါတလေ Software ဆိုတာတွေက ပျက်သွားတတ်ပေမယ့်လို့ အဲဒီ Software တွေက အလွယ်တကူ ကွန်ပျူတာထဲကို စီဒီချပ်တွေကနေတဆင့်ပြန်ထည့်သွင်းပေးလိုက်လို့ရပါတယ်။ စိတ်ပူစရာမရှိပါဘူး။

ဒီတော့ မေးစရာရှိတာက ကွန်ပျူတာတစ်လုံးရှိတော့ ဘာတွေလုပ်လို့ ရမှာမို့လို့လဲ? ဘာများ အကျိုးဖြစ်ထွန်းနိုင်မှိာု့လို့လဲ? လို့ မေးနိုင်ပါတယ်။ ကွန်ပျူတာကို အသုံးပြုပြီး လုပ်လို့ရတာတွေကတော့ အများကြီးရှိပါတယ်။ သုံးတတ်ရင် သုံးတတ်သလိုပေါ့။

အခြေခံအားဖြင့်တော့ ကွန်ပျူတာတစ်လုံးရှိရင် သူနှင့် သီချင်းနားထောင်လို့ရပါမယ်။ ဗွီဒီယိုကြည့်လို့ရပါမယ်။ ဂိမ်းဆော့လို့ရပါမယ်။ စာတွေရေးလို့ရမယ်။ စာရင်းတွေ လုပ်လို့ရမယ်။ ဂဏန်းသင်္ချာတွေ တွက်လို့ရမယ်။ ပုံတွေဆွဲလို့ရမယ်။

နဲနဲတဆင့်ထပ်တက်ပြီးသုံးမယ်ဆိုပါစို့။ အခုလို ဂျပန်နိုင်ငံလိုမျိုးနေရာမှာ အင်တာနက်ဆိုတာက လွယ်လင့်တကူ သုံးလို့ရနေပါတယ်။ တကယ်လို့ ကွန်ပျူတာကို အင်တာနက်နှင့်ချိတ်ပြီးသုံးဆွဲနိုင်ခဲ့ရင် လုပ်လို့ရတာတွေက ပိုပြီးကျယ်ပြန့်သွားပါတော့တယ်။

မြန်မာအပါအ၀င် တစ်ကမ္ဘာလုံးမှာရှိတဲ့ သီချင်းတွေ၊ ရုပ်ရှင်တွေကို ရှာဖွေကြည့်ရှုနိုင်သွားပါမယ်။ တခြားနေရာဒေသတစ်ခုမှာရှိနေတဲ့ အင်တာနက်သုံးစွဲနေသူတွေနှင့်ချိန်းပြီး ဂိမ်းတွေကို အတူတူဆော့လို့ရနိုင်သွားပါမယ်။ အထူးသဖြင့် နိုင်ငံခြားရောက်နေတဲ့သူတွေအတွက် မရှိမဖြစ်၊ မသုံးမဖြစ်သုံးစွဲရမယ့် အီးမေးလ် (Email) ဆိုတာပါဘဲ။ ဟိုးယခင်ကလို တစ်ယောက်နှင့်တစ်ယောက်စာတွေရေးပြီး စာတိုက်ကနေပို့နေမယ့်အစား အီးမေးလ်ကိုသုံးပြီး မိနစ်ပိုင်းအတွင်း မိမိပို့ချင်တဲ့သူဆီ စာတွေကို လွယ်ကူလျင်မြန်စွာ ပို့နိုင်သွားမှာဖြစ်ပါတယ်။ ဟိုဘက်ကနေပို့လိုက်တဲ့စာကိုလည်း ထိုနည်းလည်းကောင်း မိနစ်ပိုင်းအတွင်း ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ စာနှင့်အတူတွဲပြီး ဓာတ်ပုံတွေ၊ အရေးကြီးစာရွက်စာတမ်းတွေ၊ ဗီဒီယိုတွေပါ ကြည့်နိုင်၊ ဖတ်ရှုနိုင်မှာမို့ အသုံးဝင်မှုက တန်ဖိုးဖြတ်မရနိုင်ပါဘူး။

ဒီဘက်နှစ်တွေထဲမှာဆိုရင် အီးမေးလ်ထက်ပိုပြီးခရီးရောက်တဲ့ ချက်တင်း (Chatting) ကို သုံးစွဲလို့ရလာပါပြီ။ ချက်တင်းကိုသုံးခြင်းအားဖြင့် တစ်ဘက်လူနှင့် ဟိုဘက်ဒီဘက် အပြန်အလှန် ချက်ချင်း စာဖြင့်ရိုက်ပြီး စကားပြောနိုင်ခြင်း၊ ဖုန်းပြောသလို အခြားတစ်ဘက်ကလူနှင့် စကားပြောနိုင်ခြင်း၊ တကယ်လို့ ကင်မရာပါ ကွန်ပျူတာမှာ တပ်ဆင်ထားပါက မိမိရုပ်ကော၊ အခြားတဘက်မှလူရဲ့ ရုပ်ကိုပါ အပြန်အလှန်မြင်တွေ့ပြီး စကားပြောနိုင်ခြင်းများကို ပိုက်ဆံတစ်ပြားမှ ကုန်စရာမလိုဘဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်းများကို မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှာရှိတဲ့ သတင်းဌာနများ၊ သတင်းစာများ၊ ဂျာနယ်များ၊ အင်တာနက်စာမျက်နှာများမှတဆင့် ရုပ်သံဖြင့် နားဆင်ကြည့်ရှုနိုင်သလို စာအနေဖြင့်လည်း ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ အားကစားနှင့်ပတ်သက်သော သတင်းများကိုလည်း အချိန်နှင့်တပြေးညီဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ စာပေ၀ါသနာရှင်များအတွက် မြန်မာအပါအ၀င် နိုင်ငံတကာမှ စာအုပ်ပေါင်းစုံကို ပိုက်ဆံကုန်စရာမလိုဘဲ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဘာသာရေးကိုလေ့လာလိုက်စားလိုသူများအတွက်လည်း မြန်မာလို၊ အင်္ဂလိပ်လို ရေးသားထားသော ဘာသာရေးအကြောင်းအရာများကို ဖတ်ရှုလေ့လာမှတ်သားနိုင်မှာဖြစ်သလို တရားတော်များကိုလည်း လွယ်လွယ်ကူကူဖြင့် နာယူနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် အင်တာနက်ကတဆင့် ဘဏ်မှ ငွေလွှဲခြင်းများ၊ ဈေးဝယ်ခြင်းများ၊ ပစ္စည်းရောင်းခြင်းများ၊ အလုပ်ရှာခြင်း၊ ကျောင်းလျှောက်ခြင်း၊ ဗေဒင်မေးခြင်း၊ ကျန်းမာရေးနှင့်ပတ်သက်သောအချက်အလက်များတိုင်ပင်ဆွေးနွေးခြင်း၊ မိုးလေ၀သကြည့်ခြင်း၊ ပိုက်ဆံဈေး(Exchange Rate) ကြည့်ခြင်း စသည့် မြောက်မြားလှစွာသော ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀မှာ မသုံးမဖြစ်သုံးနေရတဲ့ ကိစ္စတော်တော်များများကို ကွန်ပျူတာကနေတဆင့် လုပ်လို့ရနေပြီ ဖြစ်ပါတယ်။

ကွန်ပျူတာတစ်လုံး နှင့် အင်တာနက်သာ အိမ်မှာရှိနေရင် အပျင်းလည်းပြေသလို၊ ပညာလည်းရ၊ ဗဟုသုတလည်းတိုး၊ ကုသိုလ်လည်းရ၊ နိုင်ငံတကာက မိတ်ဆွေအပေါင်းအသင်းတွေနှင့်လည်း ခင်မင်ရင်းနှီးခွင့်ရတာမို့ ကိုယ့်ရဲ့ အားလပ်တဲ့ကိုယ်ပိုင်အချိန်တွေမှာ တခြားပိုက်ဆံကုန်ပြီး ကျန်းမာရေးထိခိုက်နိုင်တဲ့ အပန်းဖြေမှုတွေရဲ့ နေရာမှာ အစားထိုးသင့်တဲ့ အိမ်သုံးပစ္စည်းကောင်းတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် စာဖတ်သူမိတ်ဆွေ..။ ၂၁ရာစုခေတ်ထဲမှာ ကွန်ပျူတာကို သူစိမ်းပြင်ပြင်တော့မနေလိုက်ပါနှင့်။ သူက သင့်ရဲ့  လက်တိုလက်တောင်းခိုင်းလို့ရတဲ့ အထောက်အပံ့ကောင်း ပစ္စည်းတစ်ခုဆိုတာကို မေ့မထားလိုက်ပါနှင့်။ သူ့ကို ကိုင်တွယ်အသုံးပြုဖို့ကိုလည်း လန့်မနေပါနှင့်။ သုံးရင်း သုံးရင်း အဆင်ပြေသွားမှာပါ။ ဒီတော့ သိပ်စဉ်းစားမနေပါနှင့်။ ကွန်ပျူတာတစ်လုံးတော့ မဖြစ်မနေ အမြန်သာဝယ်လိုက်ပါ။

လေးစားစွာဖြင့်
Bliss

Tuesday, January 4, 2011

မိတ်ဆွေ

မိတ်ဆွေဆိုတဲ့ စာလုံးလေးနဲ့ ပတ်သက်တဲ့ သက်ဆိုင်တဲ့ စကားပုံလေးတွေ ကြားဖူးနားဝရှိတာလေးတွေကို စဉ်းစားမိသလောက် ချရေးမိတယ်။

“အရပ်ကောင်းမှ အလောင်းလှ”
ကိုယ့်နေထိုင်အရပ်မှာ မိတ်ဆွေကောင်းတွေရှိမှ မိမိအိမ် အပူသောကဖြစ်နေချိန်မှာ အရပ်က ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပါမှ သေဆုံးသူကို အဆင်ပြေစွာ သဂြိင်္ုလ်နိုင်ခြင်းကို ဆိုလိုတယ်လို့ နားလည်မိတယ်။

“အိမ်နီးချင်းကောင်းမှ လင်ကောင်းရ”
ဒါကတော့ လင်လို့ ဆိုထားပေမယ့် မိန်းကလေးတွေအတွက်ပဲလည်း မထင်နဲ့အုံး၊ မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် ပတ်ဝန်းကျင်က “မရှင်းဘူး”ဆိုတဲ့ စကားတစ်ခုတည်းနဲ့တင် သံသယဆိုတာ ဖြစ်သွားခဲ့ရင် ဘဝတသက်တာ စနိုးစနှောင့် ဖြစ်ရတော့တာမဟုတ်လား။ အခြားသော အချက်များစွာလည်းရှိပါသေးတယ်။

“ငွေမရှိလည်း မိတ်ကောင်းရှိရင် စီးပွါးဖြစ်ပါတယ်”
ဒါလေးကတော့ စကားပုံမဟုတ်ပါဘူး၊ ထိုင်းကို လာလည်သွားတဲ့ ဧည့်သည်တစ်ယောက် သူ့အဖေ စီးပွါးရေး လုပ်ကိုင်ကြတာနဲ့ ပတ်သက်လို့ ပြောဖြစ်ကြတာလေးပါ။ ကြားဖူးနေတာကြာပြီဖြစ်ပေမယ့် အခုလို စီးပွါးရေးကို ကိုယ်တိုင်လုပ်ကိုင်ကြည့်မှ တကယ်မှန်ကြောင်း လက်တွေ့မှာ သိလာရတာပါ။

“သူငယ်ချင်းကောင်းဆိုတာကျတော့ မင်းလက်ကို ကိုင်လိုက်တာနဲ့ မင်းနှလုံးသားကို ထိပြီးသား”
ပြောရန်မလိုပဲ နားလည်နိုင်ပေးသူကိုပြောတာပေါ့။ နားလည်ပေးနိုင်တဲ့နေရာမှာလည်း အတိုင်းတာ နက်ရှိုင်းလွန်းပါတယ်။ မိမိနဲ့ထပ်တူ မျှဝေခံစားနားလည်ပေးနိုင်သူဖြစ်မယ်။

ဒီတော့ မိတ်ဆွေဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး အင်တာနက်မှာ ကလစ်မိတော့ ဒါလေး တွေ့ရပါတယ်။ လင့်ကတော့ ဘာလို့ ကြည့်မလဲမသိတော့ပါဘူး။ ပိုင်ရှင်ရှိရင်လည်း လာကန့်ကွက်ပါစေဆိုပြီး အခုလို ထပ်ဆင့်ကူးယူ ဖေါ်ပြလိုက်ပါတယ်။ ဒါမှ လင့်ပြောင်းသွားရင်လည်း သိရမှာလေနော်။ ကဲ ကဲ...စာဖတ်သူ သူတော်ကောင်း အပေါင်းတို့ မိတ်ဆွေ၊ အဆွေခင်ပွန်း၊ အဖေါ်၊ ဘဝအဖေါ်၊ friendship, partnership, network, globalization စသော စသော ပုံစံတူ ဆင့်ပွါး ခေါ်ဆိုကြလေသော အသုံးအနှုန်းတိုင်းအတွက် အသုံးဝင်စေမယ်လို့ ထင်လို့ ကူးယူဖေါ်ပြလိုက်ခြင်းဖြစ်ပါတယ်။ ကိုယ့်ဖာသာကိုယ်ချရေးရင် စနစ်ကျချင်မှ ကျမှာလေနော် အဟဲ အဟတ်...။

အဆွေဟုခေါ်ပြီး မျက်မှောက်၌သာ အဖော်သဟဲပြုလျက် မျက်ကွယ်တွင် ရန်သူလိုဖြစ်သောသူသည် ဟန်ဆောင် မိတ်ဆွေမည်၏။
အကြင်သူသည် အကြောင်းကိစ္စပေါ်လတ်သော် အဖော်သဟဲ ဖြစ်၏။ ထိုသူသည် မိတ်ဆွေစစ်မည်၏။
လောက၌ မိတ်ဆွေစစ်နှင့်ဝေးပြီး မိတ်ဆွေတုနှင့်ပေါင်းသင်းမိပါက အကျိုးစီးပွါး ပျက်ပြားခြင်းကို မုချကြုံရပေအံ့။

မိတ်ဆွေတု (၄)မျိုး
( ၁) အညဒတ္တုဟရ - မိမိထံမှသာ လာရောက်ယူဆောင်လေ့ရှိသော မိတ်ဆွေတု။
( ၂) ၀စီပရမ - နှုတ်ဖြင့်သာ လိုလားယောင်ပြုလျက် တစ်စုံတစ်ရာ လက်မပါသော မိတ်ဆွေတု။
( ၃) အနုပ္ပိယဘာဏီ - အကြိုက်လိုက်ကာ ပြောဆိုတတ်ပြီး ကွယ်ရာတွင် ရန်သူသဖွယ် ပြုတတ်သော မိတ်ဆွေတု။
( ၄) အပါယသဟာယ - ပျက်စီးကြောင်း၌သာ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေတု။

( ၁) အညဒတ္တုဟရ မိတ်ဆွေတု အင်္ဂါ(၄)ပါး
(က) ယူသာ ယူတတ်၏။
( ခ) နည်းသော ဥစ္စာကို ပေးခြင်းဖြင့် များစွာသော ဥစ္စာကို အလိုရှိ၏။
( ဂ) မိမိဘေးကြုံခိုက်သာ မှီခိုကာ အမှုကိစ္စဆောင်ရွက်ပေးပြီး ဘေးလွတ်သောအခါ ပြန်မကြည့် သတိရမှုမရှိခြင်း။
(ဃ) အကျိုးစီးပွါး ရလိုသောကြောင့် ချဉ်းကပ်ခြင်း။

( ၂) ၀စီပရမ မိတ်ဆွေတု အင်္ဂါ(၄)ပါး
(က) လွန်ပြီးသောအကြောင်းအရာဖြင့် ချီးမြှောက်ခြင်း။
( ခ) မဖြစ်သော အကြောင်းအရာဖြင့် ချီးမြှောက်ခြင်း။
( ဂ) အချီးအနှီးလောကွတ်ဖြင့် ချီးမြှောက်ခြင်း။
(ဃ) ဖြစ်ဆဲကိစ္စတို့၌ ပျက်စီးခြင်းကို အကြောင်းပြုကာ ချီးမြှောက်ခြင်း။

( ၃) အနုပ္ပိယဘာဏီ မိတ်ဆွေတု အင်္ဂါ(၄)ပါး
(က) မကောင်းမှု၌ တိုင်ပင်သင့်သည်ကိုလည်း ခွင့်ပြုခြင်း။
( ခ) ကောင်းမှု၌ တိုင်ပင်သည်ကိုလည်း ခွင့်ပြုခြင်း။
( ဂ) မျက်မှောက်၌ ချီးမွမ်းစကားဆိုခြင်း။
(ဃ) မျက်ကွယ်၌ ကဲ့ရဲ့စကားဆိုခြင်း။

( ၄) အပါယသဟာယ မိတ်ဆွေတု အင်္ဂါ(၄)ပါး
(က) သေရည်သေရက်သောက်စားခြင်းတို့၌ အပေါင်းအဖော် ဖြစ်၏။
( ခ) အခါမဲ့သွားလာခြင်း၌ အပေါင်းအဖော် ဖြစ်၏။
( ဂ) ပွဲလမ်းသဘင်ပျော်ရွှင်လိုက်စားမှု၌ အပေါင်းအဖော် ဖြစ်၏။
(ဃ) လောင်းကစားခြင်း၌ အပေါင်းအဖော်ဖြစ်၏။

မိတ်ဆွေစစ်(၄)မျိုး
( ၁) ဥပကာရ ကျေးဇူးပြုတတ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။
( ၂) သမာမသုခဒုက္ခ ချမ်းသာအတူ ဆင်းရဲလည်းအတူဖြစ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။
( ၃) အတ္တက္ခာရီ အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။
( ၄) အနုကမ္ပက အကျိုးစီးပွားကို အစဉ်စောင့်ရှောက်တတ်သည့် စိတ်နှလုံးကောင်းရှိသည့် မိတ်ဆွေစစ်။

ဥပကာရ မိတ်ဆွေစစ်

( ၁) မူးယစ်နေခြင်းဖြင့် မေ့လျော့နေသော မိတ်ဆွေကို စောင့်ရှောက်တတ်၏။
( ၂) မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်၏။
( ၃) ကြောက်ရွံ့နေသော မိတ်ဆွေ၏အားကိုရာ ဖြစ်စေ၏။
( ၄) ပြုဖွယ်ကိစ္စပေါ်လာက အကူအညီတောင်းခံသည်ထက် နှစ်ဆသော စည်းစိမ်အထောက်အပံ့ကိုပေးတတ်၏။

သမာဏသုခဒုကမိတ်ဆွေစစ်
( ၁) လျှို့ဝှက်တတ်သော စကားကို ပြောကြားတတ်ခြင်း။
( ၂) မိတ်ဆွေ၏ လျှို့ဝှက်အပ်သော အမှုကို လုံခြုံအောင် လျှို့ဝှက်ခြင်း။
( ၃) ဘေးရန်ရှိသောအခါ စွန့်လွှတ်í မသွားခြင်း။
( ၄) အရေးကိစöကြုံလျှင် မိတ်ဆွေအတွက် အသက်ကိုသော်လည်း စွန့်လွှတ်နိုင်ခြင်း။

အတ္တကာရီမိတ်ဆွေစစ်
( ၁) မကောင်းမှုမှ တားမြစ်တတ်၏။
( ၂) ကောင်းမှု၌ တိုက်တွန်းနိုးဆော်၏။
( ၃) မကြားဖူးသောအကြားအမြင် ဗဟုသုတများကို ပြောကြားတတ်၏။
( ၄) နတ်ရွာနိဗ္ဗာန်ရောက်ကြောင်း ကောင်းသောတရားကို ပြောကြားတတ်၏။

အနုကမ္ပကမိတ်ဆွေစစ်

( ၁) မိတ်ဆွေ၏ ဆုတ်ယုတ်ပျက်စီးခြင်းကို မနှစ်သက်။
( ၂) မိတ်ဆွေ၏ အကျိုးစီးပွား ဖြစ်ထွန်းကြီးပွားခြင်းကို နှစ်သက်၏။
( ၃) မိတ်ဆွေအား ကျေးဇူးမဲ့ ကဲ့ရဲ့စကားပြောကြားသူကို ကန့်ကွက်တားမြစ်တတ်၏။
( ၄) မိတ်ဆွေအား ချီးမွမ်းစကားပြောကြားသူကို ထောက်ခံတတ်၏။

မိတ်ဆွေ
၁။ ရပ်ဝေးရောက်ပြီး ကွဲကွာနေသောအခါ သင့်ကိုသတိရအောက်မေ့၏။
၂။ ရပ်ဝေးမှ ပြန်လာရန် လိုလား၏။
၃။ သင်ရပ်ဝေးမှပြန်လာသောအခါ ၀မ်းသာအယ်လဲ ကြိုဆို၏။
၎။ သင်ပြောသောစကားကို နှစ်သက်လက်ခံ၏။
၅။ သင်၏မိတ်ဆွေများကို ရွေးချယ်ပေါင်းသင်း၏။
၆။ သင်၏ရန်သူများကို ရှောင်ကြဉ်၏ (သင်ချစ်ရာကိုချစ် သင်မုန်းရာကိုမုန်း၏)။
၇။ သင့်ကိုကဲ့ရဲ့ရှုတ်ချဆဲရေးလျှင် ကန့်ကွက်ချေပ၏၊ တားမြစ်၏။
၈။ သင့်အကြောင်း ချီးကျူးစကားပြောသူကို ထောက်ခံ၏။
၉။ သူ၏ လျှို့ဝှက်ချက်ကို သင့်အား ယုံမှတ်ကာ ပြောကြားတတ်၏။
၁၀။ သင်၏ လျှို့ဝှက်ချက်များကို နှုတ်လုံစွာ စောင့်ထိန်းတတ်၏။
၁၁။ သင့်လုပ်ဆောင်ချက်များကို နှုတ်လုံစွာ စောင့်ထိန်းတတ်၏။
၁၂။ သင်၏ အတတ်ပညာ အသိပညာကို ချီးမွမ်း၏။
၁၃။ သင်၏ ကြီးပွားတိုးတက်မှုကို နှစ်သက်လိုလား၏။
၁၄။ သင် ဆုတ်ယုတ်ပျက်စီးမှုကို မလိုလားချေ။
၁၅။ စားသောက်ဖွယ်ရာ အထူးဆန်းများစားရသောအခါ၌ သင့်ကို သတိရတမ်းတ၏။
၁၆။ စားသောက်ဖွယ်ရာ အထူးအဆန်းစားရသောအခါ၌ ငါ့မိတ်ဆွေလည်း အလားတူရပါစေဟု လိုလားတောင့်တ တတ်၏။

မိတ်ဆွေဆိုတာ ဘယ်သူတွေဖြစ်မလဲ၊ လူလား၊ မိန်းမလား ယောက်ျားလား၊ လုပ်ဖေါ်ကိုင်ဖက်တွေကိုလား၊ သူငယ်ချင်းတွေလား၊ သတ္တဝါလေးတွေရော ပါသေးလား။ ပါဝင်တာကတော့ မိမိပတ်ဝန်းကျင်မှာ တွေ့ရတဲ့ သက်ရှိသတ္တဝါတွေ အားလုံးကို ဆိုလိုတယ်လို့ပဲ ပြောပါရစေတော့။ သတ္တဝါတွေဆိုတော့ တိရစ္ဆာန်တွေရောပါနေတာလား၊ ဟုတ်ပါတယ် သူတို့လေးတွေလည်း ခံစားနားလည်တတ်ကြပါတယ်။ သူများတွေတော့ မသိပါ crystal ရဲ့ ကလေးဘဝ အချိန်တော်တော်များများမှာ “ငယ်မ” အမည်ရတဲ့ ကြောင်မလေးတစ်ကောင်နဲ့ အဖေါ်ပြုပြီး ကစားခဲ့ရပါတယ်။ ဒီလိုဆိုတော့ သူလည်း မိတ်ဆွေပဲနော်။ မိဘနဲ့ သားသမီး၊ ညီအစ်ကိုမောင်နှမ၊ ဇနီးနဲ့ ခင်ပွန်း၊ ဆွေမျိုးတွေ၊ ဆရာနဲ့ဒကာ၊ ကျွန်နဲ့ သခင်၊ မင်းနဲ့ ပြည်သူ အားလုံးသည် သံသရာခရီးသွား မိတ်ဆွေများပဲ မဟုတ်လားနော်။ ဒီလိုဆိုတော့ တစ်ဦးကနေ တစ်ဦးအပေါ် ဘယ်လိုမျိုး မိမိကိုယ်တိုင်က သက်ရောက်စေခဲ့သလဲ၊ မိမိအပေါ်ရော ဘယ်လိုသက်ရောက်စေခဲ့သလဲ။


ဒီတော့ အထက်ပါ အချက်အလက်တွေကိုပဲ သေချာဖတ်မိရင် မိမိကိုယ်တိုင် ဘယ်အမျိုးအစားထဲမှာ ပါနေပါလိမ့်။ မိမိစိတ်ကို မညာတမ်း တစ်ကိုယ်တည်း အတ္တနဲ့ စဉ်းစားမိရင် crystal ကိုယ်တိုင် မိတ်ဆွေတုထဲမှာပါနေတဲ့ အချက်တချို့နဲ့ ငြိနေတာကို တွေ့မိတယ်။ တချိန်တည်းမှာပဲ ရတနာသုံးပါးရဲ့ အဆုံးအမအောက်မှာ ရှိသူမို့ “ဒါမကောင်းတာပဲ အကုသိုလ်ပဲ၊ ဒီအကုသိုလ်ဟာ အပြစ်ကြီးတယ်၊ သံသရာကိုလည်း ရှည်စေတယ်၊ ကိုယ်လည်း မကောင်း၊ သူများအတွက်လည်း မကောင်းဘူး၊ ဒါတွေအသိဝင်မှုကြောင့် တချို့ကိစ္စတွေဟာ ပြုပြီးတော့ မှားမှန်းသိရတယ်၊ ပြုလုပ်နေရင်း ရပ်သွားတယ်၊ မပြုလုပ်ခင် သတိရလို့ ရှောင်ကြဉ်ဖြစ်ခဲ့ရတာတွေလည်း ရှိခဲ့ဖူးပါတယ်”။



နှစ်သစ်မှာ အရိုးသားဆုံး ဝန်ခံရမယ်ဆိုရင်
ကိုယ်တိုင်လည်း မိတ်ဆွေကောင်း မိတ်ဆွေစစ်ဖြစ်အောင် (၁၉၉၆)ခုနှစ်နောက်ပိုင်းကစလို့ ပြုမူနေထိုင်သွားဖို့အတွက် သတိထား စတင်ကြိုးစားလာခဲ့ရာ သူတစ်ပါးရဲ့ ကောင်းကျိုးကို လိုလားသော စေတနာများများ ထားနိုင်ခဲ့ပါတယ်။ ထို့အပြင် မိမိတွေ့ခွင့်ရမယ့် သူတွေသည်လည်း မိတ်ကောင်းဆွေစစ်ဖြစ်ပါစေလို့ ဆုတောင်းခဲ့တဲ့အတိုင်း မိတ်ဆွေစစ်များနဲ့လည်း တွေ့ဆုံခွင့်ရခဲ့ပါတယ်။ နှစ်သစ်မှာ စာဖတ်နေသူသည်လည်း မိတ်ဆွေစစ်များနဲ့ နောင်လာမယ့် အနာဂတ်မှာ ဆုံစည်းခွင့်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။

“အရောင်မပါပဲ ကျမကို ချစ်ခင်ကြတဲ့ အားလုံးသောမိတ်ဆွေတွေကို
ကျမဘယ်လိုမှ မေ့နိုင်တော့မည်မဟုတ်ပေ”

လေးစားစွာဖြင့်
crystal