သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........
Showing posts with label လူထုအရေး. Show all posts
Showing posts with label လူထုအရေး. Show all posts

Wednesday, December 23, 2015

ဘဝစာမျက်နှာသစ်တွေ ဘယ်လောက်ကျန်သေးလဲ ...

လူတိုင်း ကြုံရနိုင်တဲ့ သက်လတ်ပိုင်း စိတ်ဂယက် 
(Mid-life Crisis)
=============================================
Healthcare.com.mm
Written by : ဒေါက်တာသီဟသစ်
Ref:MMDailynews

(၁) အသက် ၄၀ နားနီးကနေ ၆၀ နှစ်ကြားထဲက လူတိုင်း ဖြစ်နိုင်သလို အဲဒီအသက် မရောက်သေးသူ လူငယ်များလည်း မဖြစ်မနေ သိရှိ မှတ်သားထားသင့်တဲ့ရောဂါတစ်ခုအကြောင်း ကျွန်တော်ရေးသားဖော်ပြပေးလိုက်ပါတယ်။

(၂) ငါ့ရဲ့ အသက်ရှင် ဖြစ်တည်နေမှုရဲ့ အနှစ်သာရက ဘာလဲ။ ဘ၀ရဲ့ အနှစ်သာရဆိုတာ ဘာများလဲကွယ်။ မှန်ကြည့်တိုင်း ငါ့ကို ပြန်ငေးစိုက်ကြည့်နေတဲ့ သူဟာ ဘယ်သူလဲ။ ဟူး…………. တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုတောင် မမှတ်မိချင်တော့ဘူး။ ငါရူးများ ရူးသွားပြီလား။
လောကကြီးကိုက နားလည်မှု၊ စောင့်စည်းမှုတွေ မရှိတော့တာ အရမ်းစိတ်ပျက်စရာ ကောင်းတယ်။ ငါ့ဟာငါ ဘာလိုချင် ဘာဆက်ဖြစ်ချင်မှန်းတော့ မသိတော့ဘူး။ အရာအားလုံးဟာ စိတ်ကုန်စရာလို့ပဲ ခံစားနေရတယ်။ ပြန်တွေးကြည့်ရင် ငါ့ဘ၀က အကုန်လုံး အလိုမကျစရာ၊ နောင်တရစရာတွေချည်းပဲ။ 
တစ်ချိန်က အရူးအမူး ငါကြိုးစားခဲ့တာတွေ အခုတော့လည်း ဘာမှ မဟုတ်သလိုပဲ။ ငါ့မိသားစုအတွက် ငါ့အသိုင်းအ၀ိုင်းအတွက် ငါအနစ်နာခံ ပေးဆပ်ခဲ့ရတာတွေ တကယ်တမ်းကျ မတန်ဘူး။
အခုကျတော့ အရာအားလုံး ပြောင်းလဲ သွားခဲ့ပြီ။ ငါ့ဘ၀ရဲ့ ကောင်းတဲ့အချိန်တွေ၊ ထက်မြက်နုပျိုတဲ့ အချိန်တွေ ကျန်ခဲ့ပြီ။ ပြန်မရနိုင်တော့တာ အသေအချာပဲ။
ရှေ့လျှောက် ကောင်းဖို့လည်း မမြင်တော့ဘူး။ ငါအသက်ကြီးလာပြီလေ။ အိုလာပြီ။ ရုပ်ကျသွားတာ အရမ်းသိသာတာပဲ။ 
သက်လတ်ပိုင်းဆိုတာ လူငယ်ဘ၀ရဲ့ ရင်ခုန်စွဲမက်စရာ ပိုင်ဆိုင်မှုအတော်များများကို မြေမြှုပ်သဂြိုင်္လ်လိုက်ရတဲ့ အချိန်ထင်
တယ်။ နောက်ထပ် ကြုံတွေ့ရမယ့် ဘ၀ရဲ့ စာမျက်နှာ သစ်တွေ ဘယ်လောက်မှ ကျန်တော့မယ် မထင်ဘူး။

ရှေ့ကို မျှော်ကြည့်တော့လည်း ………. 
အို…..ဘ၀ဆိုတာ တကယ်တမ်းတော့ ထွေထွေထူးထူး နှစ်သက်စရာ မကောင်းလှပါဘူး။ 
အကုန်လုံးက မသေချာ မရေရာတာနဲ့ စမ်းတ၀ါးဝါးနိုင်လိုက်တာ။
ပြောလိုက်ကြတာများ ဘာတဲ့။ ဘ၀ဆိုတာ တိုက်ပွဲဆိုလားပဲ။ 
တကယ်တမ်းသာ အဲလိုဆိုရင် ငါဟာနှစ်ရှည်လများ တိုက်ခဲ့တဲ့ တိုက်ပွဲပြီးသွားလို့ ဗုံးဆံတွေ ယမ်းငွေ့တွေကြား အားပြတ်လဲကျနေလို့ အိမ်မပြန်ရသေးတဲ့ စစ်သားအိုကြီးတစ်ယောက်ပဲ ဖြစ်မှာပဲ။ 
ငါ့မှာ အဖော်ကောင်းရယ်လို့မှ မရှိတော့တာ။
ငါလိုလားတောင့်တခဲ့တဲ့ အရာတွေကရော…….. ရောက်ချင်ခဲ့တဲ့ ပန်းတိုင်တွေကရော……. အကုန်လေးလံ နှေးကွေးနေတာပဲ။ ဘ၀ဆိုတာ ဘယ်လိုဖြစ်သင့်သလဲ ဆိုတဲ့ မေးခွန်းရဲ့ ထောင်ချောက်ထဲမှာ ငါပိတ်မိနေပြီ။ အရင်တုန်းက ဒီအနေအထားတွေနဲ့ ငါတင်းတိမ်ရောင့်ရဲခဲ့တာတော့ မှန်တယ်။ ဒါပေမဲ့ အခုတော့ ငါမပျော်တော့ဘူး။ မတင်းတိမ်မရောင့်ရဲ နိုင်တော့ဘူး။ လက်ရှိရှိနေတဲ့ မိသားစုဟာလည်း မွန်းကြပ်စရာပဲ။ ငါအကုန်လုံးကို မကျေနပ်တော့ဘူး။ အပြောင်းအလဲ ပျော်စရာတွေ ငါလုပ်နိုင်ပါဦးမလား။ ငါ့အသက်က ကြီးနေပြီလေ။ သေခြင်းတရားနဲ့ တွေ့ရဖို့ သိပ်အများကြီးမလိုတော့တဲ့ လူတစ်ယောက်က ဘာတွေများ ပျော်စရာတွေ ဖန်တီးနိုင်ဦးမှာလဲကွယ်………။
ငါနေ့တိုင်း လုပ်နေရတဲ့ အလုပ်တွေဟာ သိပ်ပျင်းစရာကောင်းတာပဲ။ ဆက်မလုပ်ချင်တော့ဘူး။
ထွက်ပြီး အလုပ်အသစ်ပြောင်းရင် ကောင်းမလား။ ဟုတ်တယ်။ 
ငါ့ဘ၀ရဲ့ ပျော်ရွှင်မှု အသစ်အဆန်းတွေ၊ ရင်ခုန်ကြည်နူးရမှုတွေကို ငါ့ဟာငါ ဖန်တီးရှာဖွေမယ်။ ငွေနဲ့ ၀ယ်လို့ရသမျှ ၀ယ်မယ်။ ငါမအိုသေးဘူး ဆိုတာမျိုး ရအောင်နေပြမယ်။

ဟူး…….. ဒါပေမဲ့လည်း ဘယ်က စပြောင်းလဲရမှန်း မသိပါလားနော်။

(၃) စာပိုဒ် အမှတ် (၂) မှာ ဖော်ပြခဲ့တဲ့ စိတ္တဇဆန်ဆန် အတွေးတွေဟာ ၀တ္ထုဆန်အောင်၊ ရသမြောက်အဖွဲ့ဆန်အောင် အနုပညာဈာန်နဲ့ ဖန်တီးရေးသားထားတာ မဟုတ်ပါဘူး။ ဒါတွေဟာ သက်လတ်ပိုင်း စိတ်ဂယက် (Midlife Crisis) ရဲ့ ထင်ရှားပေါ်လွင်တဲ့ လက္ခဏာများပဲ ဖြစ်ပါတယ်။ သင်ဟာ အသက် ၄၀ ပြည့်ပြီးသူ တစ်ဦးဖြစ်ပြီး အထက်ပါ အတွေးတွေအတိုင်း နေ့စဉ်ရက်ဆက် တွေးမိနေပါက သက်လတ်ပိုင်းစိတ်ဂယက် ဝေဒနာ ခံစားနေရပြီလို့ ဆိုနိုင်ပါတယ်။


(၄) Mid-life Crisis ဆိုတဲ့ ဝေါဟာရကို အနောက်တိုင်း လူ့အဖွဲ့အစည်းမှာ ၁၉၆၅ ခုနှစ်က အီးလီးယက် ဂျက်ခ် ဆိုသူက စတင်သုံးစွဲခဲ့ပြီး အဆိုပါ စကားလုံးဟာ သက်လတ်ပိုင်း ရောက်နေတဲ့ လူအချို့ ငယ်ရွယ်နုမျစ်မှုရဲ့ စွမ်းရည်တွေ ကျဆင်းလာကာ အိုမင်းလာမှုကို သတိထားမိစပြုလာတဲ့ အချိန်မှာ အလိုမကျခြင်း ပြင်းစွာ ဖြစ်ရတဲ့ ကာလတစ်ခုကို ကိုယ်စားပြုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစကားလုံးဟာ တဖြည်ဖြည်း ကျယ်ပြန့်တဲ့ သဘောမျိုး ဆောင်လာပါတယ်။

သက်လတ်ပိုင်း စိတ်ဂယက်ကို ခံစားသက်ရောက်စေတဲ့ အချက်တွေထဲမှာ ကိုယ့်ရဲ့ အိမ်ထောင်ဖက်က ဖောက်ပြန်ခြင်း၊ ကိုယ်တိုင်ဖောက်ပြန်မိ၍ ပတ်ဝန်းကျင်၏ ကဲ့ရဲ့မှုကို ခံရခြင်း၊ အမျိုးသားသဘာဝ စွမ်းဆောင်နိုင်မှု ကျဆင်းခြင်း၊ အမျိုးသမီးများ သွေးဆုံးခြင်း၊ ဘ၀လက်တွဲဖော် (သို့) ချစ်ခင်ရသူ အရင်းအချာ တစ်ဦးဦး ကွယ်လွန်သွားခြင်း၊ အလုပ်လက်မဲ့ ဖြစ်သွားခြင်း၊ ရာထူးကျခြင်း၊ လက်ရှိ အလုပ်သည် မုန်းစရာကောင်းသည်ဟု ခံစားနေရသော်လည်း တူမျှသော ၀င်ငွေ ဆက်ရနေအောင် အလုပ်မပြောင်းနိုင်သေးသဖြင့် လက်ရှိအလုပ်ကိုပဲ ဇွတ်ပေလုပ်နေရခြင်း၊ သားသမီးများ အရွယ်ရောက်ကာ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာသွားခြင်း စသည့် ဘ၀နှင့်ချီ စိတ်ထိခိုက်ရသော ထိုးနှက်ချက်များ ပါဝင်ကြောင်း တွေ့ရပါတယ်။

ဒီတော့ စောစောက ဖော်ပြခဲ့တဲ့ ဂယောက်ဂယက် အတွေးပေါင်းစုံ ၀င်လာပြီး ကိုယ့်ရဲ့ ပိုင်ဆိုင်မှု၊ ရုပ်ရည်၊ ကိုယ်ရည်ကိုယ်သွေး စတဲ့ အချက်တွေအပေါ် အားမလိုအားမရ ခံစားလာရခြင်းကို သက်လတ်ပိုင်းစိတ်ဂယက်လို့ ခေါ်တာပါ။

အသက် ၄၀ နဲ့ ၆၀ ကြားမှာပဲ ဖြစ်တတ်တယ်လို့ တွေ့ရှိထားပေမယ့် ရုပ်ဝတ္ထုပစ္စည်း ကိုးကွယ်မှု အားကောင်းလာတဲ့ ယနေ့ခေတ်မှာဆိုရင် ၃၅ နှစ်အထက် လူတွေလည်း ထည့်သွင်းစဉ်းစားဖို့ သင့်ပြီလို့ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ ဆိုချင်ပါတယ်။
အဲဒီလို မကျေနပ်မှုတွေဟာ အရင်နဲ့ လုံးဝမတူတဲ့ အမူအကျင့် နေပုံထိုင်ပုံတွေကို ပြောင်းလဲကျင့်သုံးမိခြင်းဖြင့် ပွင့်ကန်ထွက်ကုန်ပါတယ်။ 




အိမ်ထောင်မရှိသေးသူများ အဆင်ပြေသလို ပြုပစ်လိုက်ခြင်း၊ အိမ်ထောင်ရှိသူများ အချစ်သစ် ရှာချင်လာခြင်း၊ ပြည့်စုံသူများက တကယ့်ဈေးကြီးပါပေ့ ဆိုသော လူတိုင်းငေးလောက်သည့် အသုံးအဆောင်များ (ဥပမာ ယာဉ်၊ အီလက်ထရောနစ်ပစ္စည်း) ၀ယ်ယူသုံးစွဲပစ်ခြင်း၊ ခန္ဓာကိုယ်ကို လှပအောင် အသစ်တစ်ဖန် အလှဆင် မွမ်းမံခြင်း (အလှပြင်ဆိုင် မှန်မှန် သွားခြင်း၊ မူးယစ်သေစာ သောက်စားဖြစ်လာခြင်း စတာတွေ အရင်က မလုပ်ဖူးရင်တောင် လုပ်ဖြစ်လာကြပါတယ်။ ကလေးယူတာ နောက်ကျလို့ အဲဒီအချိန်မှာ ငယ်ရွယ်သေးတဲ့ သားသမီးတွေ ရှိနေသေးရင် အဲဒီ ကလေးတွေကို ကျောင်းစာ၊ အားကစား၊ ဘာသာစကား စတဲ့ ဘက်စုံမှာ အလွန်အမင်း တော်စေလွန်းလို့ အတင်းအကြပ်ဖိအားပေးရင်း မိဘနဲ့ သားသမီးကြား ပဋိပက္ခ ပိုဆိုးလာတာ တွေ့ရလေ့ ရှိပါတယ်။ မိဘတွေ ဖက်ကတော့ စေတနာနဲ့ပါ ဆိုပေမယ့် သူ့ဟာသူ Mid-life Crisis ခံစားနေရတဲ့ ရောင်ပြန်ကို သားသမီးတွေ အပေါ် လာဟပ်တာတော့ အသိနဲ့ ထိန်းရမယ့် ကိစ္စပါပဲ။

လေ့လာမှု တစ်ရပ်အရ ဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေမှာ သက်လတ်ပိုင်း စိတ်ဂယက် ဆိုတာ လူ ၁၀ ယောက်မှာ တစ်ယောက် ဘ၀မှာ မလွဲမသွေ ကြုံတွေ့ရလေ့ ရှိပြီး အဲဒါကြောင့် နိုင်ငံအတွင်းမှာ ရှိတဲ့ ကားအကောင်းစားတွေ (အထူးသဖြင့် လူငယ်တွေ စီးတဲ့ ပြိုင်ကားတွေ) ၊ ပင်လယ်စီး စပိဘုတ်တွေ၊ တစ်ကိုယ်ရည်သုံး ဇိမ်ခံအီလက်ထရောနစ် ပစ္စည်းတွေဟာ အရမ်းရောင်းရပါသတဲ့။ တစ်ဦးတစ်ယောက်ခြင်း ပစ္စည်းဝယ်နိုင်စွမ်း (Purchasing Power) မြင့်တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံ တစ်ခုရဲ့ တစ်နိုင်ငံလုံး လူဦးရေ ၁၀% က ၀ိုင်းဝယ်တာ ဆိုတော့ စဉ်းစားသာကြည့်ပေတော့။

ဘာလို့ အဲဒီလို လုပ်ကြသလဲ ဆိုတော့ မသိစိတ်ထဲက ဘာမှန်းမသိတဲ့ စိတ်ကူးပန်းတိုင် အိပ်မက်ကို ဖွေရှာဖြည့်ဆည်းချင်ကြလို့ပါ။ ခက်တာက ပန်းတိုင်က ဘာမှန်းမသိလို့ စိတ်ရူးပေါက်ရာ လျှောက်လုပ်ကြတာပေါ့။ ဒါ့အပြင် မပြီးပြတ်သေးတဲ့ (သို့) မလုပ်နိုင်လောက်တော့တဲ့ စိတ်ကူးတွေအတွက်လည်း ကိုယ့်ကိုယ်ကို အပြစ်တင်မိနေတာကိုး။ ရွယ်တူတန်းတူတွေ ကိုယ့်ထက်အောင်မြင်တာ တွေ့တိုင်းလည်း ရှက်ရွံ့အားငယ်စိတ်ကို ရင်ထဲကြိတ်ခံစားထားရတာလည်း ပါပါတယ်။ ဒီတော့ နုပျိုခြင်းကို ရရှိနိုင်တယ်လို့ ထင်တဲ့ အသုံးအဆောင်တွေ သုံးတယ်။ တချို့ဆို လူငယ်တွေ၊ အသိုင်းအ၀ိုင်းသစ်တွေနဲ့ ပြောင်းပြီး သွားပေါင်းတာ တွေ့ရပါတယ်။ အသက်ကြီးမှ သင်းကွဲတယ်ဆိုတာ အဲဒါပေါ့။

(၅) ဒီနေရာမှာ mmDailyNews ရဲ့ စာဖတ်ပရိသတ်များရဲ့ ရင်ထဲမှာ မတင်မကျ ဖြစ်နေတာ တစ်ခု ရှိနေမယ်လို့ ကျွန်တော်သိနေပါတယ်။ ဟုတ်တယ်လေ။ အထက်မှာ ဖော်ပြခဲ့တဲ့ အတွေးတွေ၊ လုပ်ရပ်တွေ ဆိုတာ နေ့စဉ်ဘ၀ လူအတော်များများ စိတ်ထဲ ပေါ်နေကျ အရာတွေ ဖြစ်ပြီး ဒါတွေက ဘယ်လိုကျန်းမာရေးကို ထိခိုက်စေလို့လဲ / ကျန်းမာရေးဆောင်းပါးရှင် တစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ဘာတွေ လာပြောနေသလဲ ဆိုတာမျိုးပေါ့။


Mid-Life Crisis ဟာ အမျိုးသားတွေကော အမျိုးသမီးတွေရဲ့ ကျန်းမာရေးတွေကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ထိုးနှက်ဖျက်ဆီးပါတယ်။ သက်လတ်ပိုင်း စိတ်ဂယက် ခံစားရသူ အမျိုးသား ၅ ယောက်မှာ ၄ ယောက်ဟာ အရက်ရဲ့ ကျေးကျွန် ဖြစ်သွားတာ တွေ့ရပါတယ်။ အသက်ကြီးမှ အရက်ပြင်းပြင်းထန်ထန် သောက်ဖြစ်သွားတဲ့ ၄င်းတို့ဟာ အသည်းအဆီဖုံး/ခြောက်၊ အသည်းကင်ဆာ စတဲ့ ရောဂါဆိုးတွေနဲ့ ဆေးရုံကုတင်ပေါ် ၅ နှစ်ကနေ ၇ နှစ်အတွင်း သေချာပေါက် ရောက်လာကြပါတယ်။ တခြားမူးယစ်ဆေးဝါး ဆိုရင်တော့ သေနိုင်စွမ်းက အရက်ထက် စောမှာ သေချာပါတယ်။ ဒါက ပထမအချက်ပါ။
အဲလို အသက်အရွယ် အမျိုးသားတွေမှာ မူးယစ်သေစာကြောင့် ယာဉ်တိုက်မှု ဖြစ်တဲ့ နှုန်းတွေ၊ မတော်တဆ ထိခိုက်မှု ဖြစ်တဲ့ နှုန်းတွေ မြင့်မားနေတဲ့ အချက်က အတော်လေး သိသာပါတယ်။ ဒါက ဒုတိယအချက်ပေါ့။


တတိယ အချက် ပြောရမယ် ဆိုရင် လိင်မှု ဆိုင်ရာ ကိစ္စတွေမှာ အဆင်အခြင်မဲ့ ကျင့်သုံးမယ်ဆိုရင် HIV အပါအ၀င် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပေါင်းစုံ ကူးဖို့ အခွင့်အလမ်း မြင့်ပါတယ်။ ကွန်ဒုံးသုံးတယ်ဆိုပေမယ့် မူးယစ်ရီဝေနေချိန်မှာ၊ စိတ်လေနေချိန်မှာ သုံးပုံစနစ်မကျတာလေး တစ်ခါတည်းနဲ့ HIV POSITIVE ဖြစ်သွားသူတွေ ခဏခဏ တွေ့နေရပါတယ်။ ဒီသုံးချက်ဟာ အမျိုးသားတွေ အတွက် Mid-life Crisis ရဲ့ အထူးအန္တရာယ် များတဲ့ နောက်ဆက်တွဲ သုံးခုပါ။

အမျိုးသမီးတွေကျတော့ သွေးဆုံးခါနီးလာလို့ မ ဟော်မုန်း အားနည်းလာကာ တရှောင်ရှောင်တပိန်ပိန်နဲ့ ဝေဒနာလေးများ ပေါ်လာတတ်ပါတယ်။ စားမ၀င်၊ အိပ်မပျော်တာ၊ အရိုးပါးစ ပြုလာလို့ တစ်ခုခုဆို ဟိုနေရာ ဒီနေရာက ကိုက်တာ၊ သွေးဆုံးခါနီး ရာသီလာရင် ပိုဝေဒနာ ဆိုးလာတာ၊ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်း ပိုဆိုးလာတာ၊ ရုပ်ကျနှုန်း သိသာလာလို့ စိတ်ပါ လိုက်ကျတာ စသဖြင့် အီစထရိုဂျင်ခေါ် မဟော်မုန်း အားနည်းမှုနဲ့ ဆက်စပ်တဲ့ ရောဂါတွေ တန်းစီပြီး ခံစားရတတ်ပါတယ်။
နောက်ပြီး သားသမီးတွေ အတောင်အလက် စုံလို့ မိဘရင်ခွင်ကနေ ထွက်သွားတဲ့ ဒဏ်ကို အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုခံစားရလေ့ရှိပါတယ်။ အထီးကျန်သိုက်မြုံ ရောဂါစု (Empty Nest Syndrome) လို့ ခေါ်ပါတယ်။ သားသမီးတွေက အဆက်အသွယ်မလုပ်၊ ဂရုစိုက်မှု အားနည်းရင် အမျိုးသမီး အများစုက သွေးတိုးရောဂါနဲ့ နှလုံးရောဂါတွေ ပိုဆိုးလာတတ်ကြကြောင်း သုတေသနတွေ အခိုင်အမာ ရှိပါတယ်။


နောက်တစ်ချက် ပြောရရင် အမျိုးသမီးတိုင်းတော့ မဆိုလိုပေမယ့် အချို့က လိင်မှုကိစ္စ ရှုပ်ထွေးမှုနဲ့ ထွက်ပေါက်ရှာကြပါတယ်။ ဒီအခါမှာ ရောဂါတွေ ကူးနိုင်တဲ့ အန္တရာယ်က အမျိုးသမီးက အမျိုးသားထက် နည်းနည်း ပိုများတာတွေ့ရသလို ပတ်ဝန်းကျင်ရဲ့ အထင်သေးရှုံ့ချမှုမှာလည်း အမျိုးသမီးတွေက ပိုခံရ ပိုအရှက်ရလေ့ ရှိပါတယ်။ ဒီတော့ လွတ်မလား လုပ်ကြည့်ပေမယ့် Mid-life Crisis ကနေ ရုန်းမထွက် နိုင်တော့ ပြန်ဘူးပေါ့။
သွေးဆုံးစောလို့ လိင်မှုကိစ္စကို မဖြစ်နိုင်တော့ဘူး ထင်ကာ လက်လျော့လိုက်သူ အမျိုးသမီး အများစုဟာ အိမ်ထောင်ဖက်က အချစ်သစ်ရှာသွားတာကြောင့်ရယ်၊ ကိုယ်ပိုင် ပျော်ရွှင်မှုတစ်ရပ် ဆုံးရှုံးလိုက်ရတာရယ် ပေါင်းပြီး အခြေအနေ ပိုဆိုးသွားကြပါတယ်။ (တကယ်တမ်းကတော့ သွေးဆုံးသွားပေမယ့် ချောမွေ့စေတဲ့ အဆီတစ်မျိုးမျိုးကို သုံးကာ အိမ်ထောင်ဖက်နဲ့ နေနိုင်ပါသေးတယ်။ ဒါဟာ အမျိုးသမီးအင်္ဂါ သေးသိမ်သွားခြင်းကို တားဆီးနိုင်သလို စိတ်ရောကိုယ်ပါ ကျန်းမာရေးအပေါ် အတိုင်းအတာတစ်ခုအထိ အကျိုးပြုကြောင်း သုတေသနများအရ သိရပါတယ်)

သက်လတ်ပိုင်းစိတ်ဂယက်ကို ဖြစ်စေတဲ့ အချက်တွေဟာ တစ်ဦးနဲ့ တစ်ဦး မတူကြသလို လူနေမှု အဆင့်အတန်းအရလည်း မတူကြပါဘူး။ အနီးကပ်ဆုံးသူ သေသွားလို့ ကိုယ့်လည်း သေမျိုးပါလားဆိုပြီး ကြောက်လန့်သွားတဲ့ အချိန် (သက်ဆိုင်ရာ ဘာသာရဲ့ တရားဓမ္မကို လိုက်စားသူတွေကတော့ ငြိမ်းချမ်းသွားကြပါတယ်) မျိုးမှာ၊ သက်တမ်း တစ်ဝက်ကျော်ကာ အိုလာပြီလို့ ခံစားရချိန်မှာ၊ လိင်မှုစွမ်းရည်တွေ ကျဆင်း ပျောက်ဆုံးသွားတဲ့ အချိန်မှာ၊ ကြိုးစားရုန်းကန် ပေးဆပ်ခဲ့ရသော်လည်း အရာမရောက်ပါလားဟု အတွေးဝင်လာချိန်မှာ စသဖြင့် အကြောင်းတရား အမျိုးမျိုး ရှိကြပြီး တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။


အမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက်စလုံးမှာ တူညီစွာ ခံရတဲ့ အချက်ကတော့ သက်လတ်ပိုင်းစိတ်ဂယက်ကြောင့် ခံစားရမှုဟာ စိတ်ကျရောဂါ (Depression) ဆီကို ဦးတည်သွားတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူမှုရေးမှာ ပြုမူနေထိုင်ပြောဆိုပုံတွေ (အထူးသဖြင့် စကားလုံးတွေ) ကို ဂရုမစိုက်ဘဲ လုပ်မိလို့ ပတ်ဝန်းကျင်နဲ့ သဟဇာတ မရှိတော့ဘဲ အထီးကျန်ကာ စိတ်ကျရောဂါ ပိုဆိုးလာတာတွေ၊ အိမ်အပြင်တောင် မထွက်ချင်တော့တာတွေ ဖြစ်လာတတ်ပါတယ်။ အပေါင်းအဖော် သူငယ်ချင်းတွေနဲ့ အပျော်အချိန်ဖြုန်းခြင်း၊ ပရဟိတ အလုပ်တွေ တတ်စွမ်းသ၍ လုပ်ခြင်း၊ အနုပညာ အတတ်ပညာ ဘာသာရေး စသဖြင့် သန်ရာတစ်ခုခု လေ့လာခြင်းစတဲ့ မှန်ကန်တဲ့ ပျော်စရာတွေ ဖန်တီးနိုင်ရင်တော့ ခံသာပါသေးတယ်။ နို့မို့ စိတ်ကျရောဂါဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေစိတ်ကို ဖြစ်စေတာ ကြောက်စရာပါပဲ။

ဒါကြောင့် အကြံပြုလိုတာက စိတ်ထွက်ပေါက်အဖြစ် အသုံးချတဲ့ အရာများကြောင့် မိမိရဲ့ ကျန်းမာရေး မထိခိုက်ရအောင် အသိဥာဏ်ရှိရှိ ကာကွယ်ပါ၊ ဖြစ်လာရင်လည်း ကုသမှု အမြန်ဆုံး ရယူဖို့ အရေးကြီးတယ် ဆိုတာပါပဲ။


(၆) သက်လတ်ပိုင်း စိတ်ဂယက်ကို ဘယ်လို ကာကွယ်ကြမလဲ……..???
ကမ္ဘာကျော် စိတ်ပညာရှင် ဆစ်ဂမန်ဖရွိုက်ကတော့ ပြောခဲ့ပါတယ်။ Mid-life Crisis ဆိုတာ သေဖို့နီးလာတာ ခံစားမိလို့ ကြောက်တဲ့ စိတ်က မောင်းနှင်တွန်းအားပေးလိုက်တဲ့ အတွေးစုတွေ ဖြစ်ပါတယ်တဲ့။ ဒီအတွေးစုတွေရဲ့ ကန်ထွက်မှုဟာ ယဉ်ကျေးမှုအမျိုးမျိုး၊ လူပုံစံ အမျိုးမျိုးကို လိုက်ပြီး အပျော်ရှာခြင်း အဖြစ်လည်းကောင်း၊ အပျော်ရှောင်ခြင်း အဖြစ်လည်းကောင်း စိတ်ရူးပေါက်စွာ ကွဲပြားကုန်ကြတာ ဖြစ်ပါတယ်။

၂၁ ရာစုရဲ့ အပေါ်ယံ ရွှေမှုန်ကြဲ ပကာသနအခြေခံ လူနေမှုစနစ်မှာ သက်လတ်ပိုင်း စိတ်ဂယက်ကို လူတွေဟာ ပိုပြီး သိချင်စိတ် များလာကြပါတယ်။ လေ့လာလာကြပါတယ်။ ဒီအခါမှာ စိတ်ပညာရှင်တွေ ကျန်းမာရေး ပညာရှင်တွေဟာ သက်လတ်ပိုင်း စိတ်ဂယက် မကြုံရနိုင်တဲ့ နည်းလမ်းများကို ရှာတွေ့လာကြပါတယ်။

- အိမ်ထောင်ရေးကို နွေးထွေးပျော်စရာကောင်းအောင် ထိန်းသိမ်းပါ။

အိမ်ထောင်သက် အတော်လေးရလာတဲ့ သက်လတ်ပိုင်း အချိန်မှာ တစ်ဦးအပေါ် တစ်ဦး ချစ်ခင် စိတ်ပါမှု အရင်လောက် မများကြတော့ပါဘူး။ အိမ်တွင်းရေး ပျော်ရွှင်မှုဟာ အရောင်မှိန်လာပြီး လျစ်လျူရှုထားခံရတဲ့ အဆင့်ရောက်သွားတတ်ရင် သက်လတ်ပိုင်း စိတ်ဂယက် ပိုမို ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ရေး သာယာချမ်းမြေ့မှု အမြဲရနေအောင် ကြံဆောင်ဖန်တီးပြီး သက်လတ်ပိုင်း စိတ်ဂယက်ကို ကာကွယ်ပါ။









- သူငယ်ချင်းမိတ်ဆွေကောင်းများ ရှိပါစေ။

တကယ်စစ်မှန်တဲ့ သူငယ်ချင်းတွေ မရှိသူဟာ သက်လတ်ပိုင်း စိတ်ဂယက် ခံစားရဖို့ သေချာသလောက်ပါပဲ။ ဒါကြောင့် ဒီအချက်ကို အခုကတည်းက ပြုပြင်ဖာထေးထားပါ။ အကယ်၍ သင့်မှာ အဲလို နှလုံးသားချင်းနီးပြီး ဂရုတစိုက် ရှိတဲ့၊ အရေးကြုံရင် အားကိုးရတဲ့ မိတ်ဆွေ မရှိဘူး ဆိုရင် လူတွေက စိတ်ထားမကောင်းလို့ ဆိုပြီး အကြောင်းပြချက် မပေးပါနဲ့။ မိတ်ဆွေကောင်းတွေ ရဖို့ဆိုရင် သင်ကိုယ်တိုင်က မိတ်ဆွေကောင်း အရင် ဖြစ်နေဖို့ လိုပါတယ်။









- သင့်အလုပ်အကိုင်ရဲ့ အရေးပါမှုနဲ့ အနာဂတ်မျှော်လင့်ချက်ကို ပုံဖော်တွေးပါ။

သင့်ရဲ့ အလုပ်အကိုင်ဟာ လူတွေကို ဘယ်နည်းဘယ်ပုံ အကျိုးပြုနေသလဲ အကောင်းဖက်က တွေးပါ။ သင်ဟာ ကုမ္ပဏီပိုင်ရှင် တစ်ယောက် ဖြစ်ရင် သင့်ရဲ့ ထုတ်ကုန်တွေ၊ ၀န်ဆောင်မှုတွေကြောင့် လူတွေ ဘယ်လို အကျိုးရှိ ပျော်ရွှင်သွားစေသလဲ ဆိုတာမျိုး၊ သာမန် ၀န်ထမ်းတစ်ယောက် ဖြစ်နေရင်လည်း ငါဟာကုမ္ပဏီမှာ ဘယ်နေရာတွေမှာတော့ အရေးပါတယ် ဆိုတာမျိုး၊ အောက်ခြေအလုပ်တစ်ခု လုပ်နေရရင်လည်း ဖြေသိမ့်စရာ ကြံဖန်တွေးပါ။ ဒီနေရာနဲ့ မကျေနပ်နိုင်ရင် ရှေ့ကို လှမ်းဖို့ အားတွေ ထုတ်ပါ။ မျှော်လင့်ချက်တွေ ရှင်သန်နေသ၍ သင်ဟာ Mid-life Crisis ဖြစ်ဖို့ ဝေးနေသေးတယ် ဆိုတာ သေချာပါတယ်။ နောက်ပြီး အသက် ၄၀-၅၀ အထိ နိမ့်ကျတဲ့ ဘ၀မျိုးမှာ နေလာပြီး တစ်ကျော့ပြန် အားမာန်တွေနဲ့ ထိပ်ဆုံးတစ်နေရာ ရသွားတဲ့ သူဌေးတွေ၊
အနုပညာသမားတွေ၊ တီထွင်ဖန်တီးသူတွေ စသဖြင့်
ဒီကမ္ဘာကြီးပေါ်မှာ မရေမတွက်နိုင်လောက်အောင် ရှိနေတယ်ဆိုတာ သင့်အတွက် အားတက်စရာ တစ်ခုပါပဲ။





- ပုံမှန် အားကစားလိုက်စားပါ။

ကိုယ်လက်လှုပ်ရှားမှုတစ်ခုကို စနစ်တကျ လုပ်ပေးခြင်းဟာ ဘ၀ကို စိတ်ပျက်ငြီးငွေ့ခြင်း၊ ဘ၀ကို တရားလွန် တပ်မက်စွဲလန်းခြင်း ဆိုတဲ့ အစွန်းတရားတွေကို ထိုက်သင့်သလောက် တားဆီးနိုင်တဲ့ စိတ်အခြေအနေများကို ပေါ်စေတဲ့ အာနိသင် ရှိကြောင်း သိပ္ပံနည်းကျ စမ်းသပ်တွေ့ရှိထားပါတယ်။ ဒါဟာ အိုမင်း လေးလံ အားယုတ်မှုကိုပါ ကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခုမို့ သက်လတ်ပိုင်း စိတ်ဂယက်ကို ကာကွယ်ဖို့ အသင့်တော်ဆုံး နည်းလမ်း တစ်ခုပါပဲ။







- ဘာသာရေး လိုက်စားပါ။

ဘာသာရေး လိုက်စားသူတွေဟာ ဘ၀အပေါ် မျှတတဲ့ အမြင်နဲ့ ကြည့်တတ်ကြလို့ သာမန်လူတွေထက် စိတ်နှလုံး ပိုအေးချမ်းကြတာ တွေ့ရပါတယ်။ တရားဘာဝနာ ပွားများခြင်း (Meditation) ဆိုတာ ဘ၀ရဲ့ အလိုမကျမှုတွေကို ကုစားဖို့ အကောင်းဆုံး နည်းလမ်းတစ်ရပ် ဖြစ်သလို Mid-life Crisis ကြောင့် ဖြစ်လာမယ့် သွေးတိုး၊ နှလုံး၊ သတိမေ့ ရောဂါများကို ကာကွယ်နိုင်တဲ့ အကောင်းဆုံး ဆေးတစ်လက်ပါပဲ။











- အရမ်းရှုပ်ထွေးပြည့်စုံတဲ့ ဘ၀ပုံစံထက် အေးချမ်းတဲ့ ဘ၀ကို ရွေးချယ်ပါ။

အရမ်းလန်းတဲ့ကား၊ အိမ်ကြီးအိမ်ကောင်း၊ ၀တ်ကောင်းစားလှတွေ၊ ပိုက်ဆံဖြုန်းတဲ့ အားလပ်ရက် ခရီးစဉ်တွေဟာ ပျော်ရွှင်ကျေနပ်မှုကို ပေးတယ်လို့ ထင်ရပေမယ့် ဆန့်ကျင်ဖက်နဲ့ အဆုံးသတ်တတ်ပါတယ်။ ဒါတွေထဲက အချို့တစ်ဝက် ရှိရင် အတော်လေးကောင်းတဲ့ ဘ၀ ဖြစ်ပေမယ့် အကုန်လုံး ရှိဖို့ အရေး ကျားကုတ်ကျားခဲ ကြိုးပမ်းနေခြင်းဟာ တစ်ချိန်မှာ သက်လတ်ပိုင်း စိတ်ဂယက် ကြုံကိုကြုံရမယ့် အနေအထားလို့ လူမှုစိတ္တဗေဒ ပညာရှင်များက ဆိုပါတယ်။ သာမန်ပြည့်စုံတဲ့ မိသားစုတွေကတော့ ဘ၀ရဲ့ ပျော်ရွှင်မှု အဓိပ္ပာယ်ရှိမှုကို အစစအရာရာ ပြည့်စုံသူတွေထက် ၁.၅ ဆ ပိုခံစားရလေ့ ရှိပါသတဲ့။ 
အစွန်းရောက်လွန်းစွာဆင်းရဲခြင်း၊ ချမ်းသာခြင်းတွေကို ရှောင်နိုင်ရင် သက်လတ်ပိုင်း စိတ်ဂယက်ကိုလည်း ရှောင်ပြီးသားဖြစ်သွားပါတယ်လို့ ပညာရှင်များက ဆိုပါတယ်။




- ကျန်းမာရေးလိုက်စားပြီး ခန္ဓာကိုယ် ပုံမပျက်အောင် ထိန်းသိမ်းပါ။

ငယ်စဉ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် အမူအကျင့်တွေကို လေ့လာဆည်းပူး လိုက်နာထားပါ။ ဒါဆိုရင် သက်လတ်ပိုင်း စိတ်ဂယက် မကြုံဖို့ အားပေးပါတယ်။ ဘ၀မှာ စိတ်မကျဉ်းကြပ်ဖို့ စားချင်တာ စားမယ်၊ နေချင်သလို နေမယ်ဆိုတဲ့ သူတွေဟာ သက်လတ်ပိုင်းစိတ်ဂယက်ကို ခံစားရဖို့ ရာနှုန်းပြည့်နီးပါး နီးစပ်ပါတယ်။ နောက်ထပ် ပြုံးစရာ အချက်တစ်ချက်က ခါးအဆမတန် တုတ်လာသူတွေဟာ သက်လတ်ပိုင်း စိတ်ဂယက်ရဲ့ သားကောင်တွေ ဖြစ်တတ်ပါသတဲ့။ ဒါကြောင့် Mid-life Crisis ကို ကာကွယ်ဖို့ အလှူတွေချည်းပဲ လိုက်စားမနေပါနဲ့၊ ကျန်းမာရေးနဲ့ ဘာသာရေးလဲ လိုက်စားပါဦးလို့ တိုက်တွန်းပါတယ်။










- အလွန်အမင်း နှလုံးသွင်း ခံစားတတ်သော အကျင့်ကို ပြင်ပါ။





ချစ်ခင်ရသူ တစ်ဦးဦးနဲ့ သေခွဲ ခွဲရတာမျိုး၊ အလုပ်အကိုင် ထိခိုက်သွားတာမျိုး၊ သားသမီးတွေ စွန့်ခွာသွားတာမျိုး စတဲ့ ထိခိုက်နာကျင်ရမှုတွေကို မေ့ဖျောက်အေးချမ်းအောင် အထက်ပါ အချက် ၇-ချက်ကို လိုက်နာကျင့်သုံး ကာကွယ်ပါ။














တကယ်တမ်းကတော့ ဥရောပသားတွေ ပြောသလို အသက် ၄၀ မှ ဘ၀ စတယ်ဆိုတာဟာ အသက် ၄၀ ရောက်ရင် လူတစ်ယောက်အတွက် ပညာ၊ ဥစ္စာ၊ ချစ်ခြင်းမေတ္တာ၊ မိသားစု စတဲ့ တန်ဖိုးရှိတဲ့ အရာကောင်းတွေ စုစည်းမိထားပြီး ဘ၀ရဲ့ အရသာကို အေးဆေး စခံစားရတော့မယ့် အရွယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ထို့အတူ တစ်ယောက်ချင်းစီအတွက် မိမိကိုယ် မိမိ အမှန်သိခြင်း (Self-actualization) နဲ့ မိမိရဲ့ ကောင်းမွန်မှုတွေကို သိရှိကျေနပ်ခြင်း (Self-awareness) ရအောင် ပြန်လည်ဝေဖန် သုံးသပ်ပြီး တည်ငြိမ်အေးချမ်းစွာ နေထိုင်ရတော့မယ့် အရွယ်ဖြစ်ပါတယ်။ ဒီလိုတန်ဖိုးရှိတဲ့ အချိန်မှာ Mid-life Crisis ခေါ် သက်လတ်ပိုင်း စိတ်ဂယက်ကို မကြုံတွေ့ရအောင် ကိုယ့်ကိုယ်ကို ပြင်ဆင်နှလုံးသွင်းရင်း (အိုမင်းမှုဆိုတာ စာရေးသူလည်း ကိုယ်ချင်းစာ မခံစားပေးနိုင်သေးပေမယ့်) အိုမင်းမှုကိုလည်း ပုံမှန်စိတ်အနေအထားနဲ့ လက်ခံနှေးကွေးစေရင်း ကျန်းမာပျော်ရွှင်စွာ နေနိုင်ကြပါစေ။


ပုံလေးတွေဖြင့် ပူးတွဲမျှဝေလိုက်ပါတယ်။
မူရင်းရေးသားသည့် စာရေးသူအား အထူးကျေးဇူးတင်ပါတယ်...။

ခင်မင်စွာဖြင့်
ခရစ္စတလ်

Sunday, April 6, 2014

မြန်မာနိုင်ငံမှ ဘဏ်စနစ်များ တိုးတက်ပါစေသား ...။

 facebook မှာ တင်ထားပြီးသားကို ဘလော့မှာ ပြန်တင်ပေးလိုက်ပါတယ်။ ဖဘရဲ့ အားနည်းချက်လား ကိုယ်ညံ့သလားတော့ မသိ၊ ကိုယ်ရေးပြီး အတော်ရှာခက်ပါ့။ blog မှာတော့ ရှာရလည်း လွယ်တယ်၊ အီးမေးနဲ့လည်း သိမ်းလို့ရပါတယ်။ 
ဖဘမှာ မဖတ်ရသေးတဲ့ ဘလော့က မိတ်ဆွေတွေ ဖတ်ဖို့ တင်ပေးလိုက်ပါတယ်။ 
သင်္ကြန်ပိတ်ရက်တွေနဲ့ အားနေလို့ စာလေး ပြန်စီချရေးမိပါတယ် ... :)


ရန်ကုန်ပြန်စဉ်တစ်လအတွင်း တော်တော်များများလေ့လာဖြစ်ခဲ့တယ်၊ ကုန်ဈေးနှုန်းတွေ လစာတွေ၊ စီးပွါးရေးနဲ့ ငွေကြေးဈေးကွက်၊ ခရီးသွားလုပ်ငန်းတွေအကြောင်း အကြမ်းဖျဉ်းလေ့လာခဲ့ပါတယ်။ အဲဒီထဲက CB Bank Easi Travel Prepaid Master Card
အကြောင်းလေး နဲနဲပြောပြပါမယ်။ သိချင်တဲ့သူလည်း မေးထားလို့ပါ။ 







အပိုင်း (၁)
ဘဏ်ကဒ်မှာ Master Card & Visa ကဒ်ဆိုပြီး နှစ်မျိုးရှိပါတယ်။

Master Cardကတော့ မိမိနဲ့ မိသားစု သုံးစွဲလို့ရပါတယ်။ Visa ကတော့ privacy ပိုမြင့်တယ် တစ်ဦးတည်းပဲ သုံးလို့ရနိုင်ပါတယ်။

ကဒ်လုပ်တဲ့အခါ မှတ်ပုံတင်နဲ့ ကဒ်ပြုလုပ်ခ မြန်မာငွေ 8000ပေးသွင်းရပါတယ်။

မြန်မာငွေ ထည့်သွင်းရင် ဒေါ်လာနဲ့ ပမာဏပြပေးပါတယ်။

ဒေါ်လာ 50 မှ 5000 အထိ ပမာဏတူတဲ့ မြန်မာငွေသွင်းနိုင်ပါတယ်။ ပြန်ထုတ်တဲ့အခါ ပေါက်ဈေးနဲ့ ညှိပြီး မြန်မာငွေ ပြန်ရမှာပါ။

အွန်လိုင်းဈေးဝယ်တာနဲ့ နိုင်ငံခြားမှာ သုံးဖို့ ဘဏ်က ရှင်းပြပါတယ်။ ဝယ်လို့မရတဲ့ website တချို့တော့ရှိပါတယ်။

ဘဏ်နဲ့ customer ကြား စည်းကမ်းနဲ့နားလည်မှုစာချုပ် လက်မှတ်ထိုးရပါတယ်။

ကဒ်ကို အသက် ၂၁-နှစ်အထက် ရဟန်းလူပုဂ္ဂိုလ်များ ပြုလုပ်နိုင်ပါတယ်။

ကဒ်နဲ့ အွန်လိုင်းဈေးဝယ်မှုမှာ ဘဏ်ဘက်က exchange rate ကိုပဲ စားမှာဖြစ်ပါတယ်။

ငွေလွှဲခ မဖြတ်ဘူးလို့ဆိုပါတယ်။

အွန်လိုင်းက ဈေးဝယ်တဲ့အခါ confirmation code ကို ပေးထားတဲ့ အီးမေးနဲ့ ထည့်ပေးပြီး ဈေးဝယ်နိုင်ပါတယ်လို့ ဘဏ်က ညီမလေးများက ရှင်းပြပါတယ်။

ကဒ်ပြုလုပ်တာနဲ့ ပတ်သက်ပြီး အဓိက သိသင့်ပြုလုပ်ရမှာတွေဖြစ်ပါတယ်။ 

--------------------------------

အပိုင်း (၂)
ထိုင်းက ဘဏ်တွေအကြောင်း အနည်းငယ် ပြောကြည့်မယ် ....

ထိုင်းမှာ Cyber-banking debit ကဒ် အသုံးပြုတာတောင် အတော်လေး အဆင်ပြေပါတယ်။ တချို့ website တွေ ဈေးဝယ်မရတာတော့ ရှိပါတယ်။

ဘယ်နိုင်ငံမဆို ငွေလွှဲရင် မြန်မာနိုင်ငံမှ အပ သုံးရက်မြောက်ဆို ကိုယ့်အကောင့်ထဲ ငွေရောက်ပါပြီ။ တခြားဘာမှ အမှားအယွင်းမဖြစ်ရင်ပေါ့။

Cyber-banking debit ကဒ် နှစ်ခုရှိတဲ့အထဲက ဘဏ်တစ်ခုက ကိုယ့် entry တိုင်းကို ငွေထပ်ဖြတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကဒ်နဲ့ဆို ကိုယ်သုံးစွဲတဲ့နေရာတွေမှာ ဈေးသက်သာပေးတယ်။ ဆိုလိုတဲ့ သဘောက ဈေးသက်သာချင်ရင် ဒီကဒ်ကို သုံးပေါ့။

ဖုန်းခတွေ ပေးဆောင်တာဖြစ်ဖြစ် ကုန်တိုက်တွေမှာ ဈေးဝယ်တာဖြစ်ဖြစ် ဘဏ်ကဒ်နဲ့ ဖြတ်မယ်ဆို ဘတ်ငွေ1000သုံးစွဲရင် ဘတ်100 ဘဏ်က ပြန်ပေးပါတယ်။
ဒီတော့ customer ဘက်က ကဒ်ထဲ ငွေထည့်ပြီး သုံးတဲ့စနစ်ကို လိုလားစွာ သုံးချင်ကြတာပေါ့နော်။ အမြဲတမ်းပေးနေတာ မဟုတ်ပေမယ့် လတော်တော်များများ ပြန်ပေးလေ့ရှိပါတယ်။

Cyber-banking debit ကဒ်နဲ့ ပတ်သက်ပြီး ဘဏ်တွေက လူအများသုံးချင်အောင် ပုံစံအမျိုးမျိုးနဲ့ ဆွဲဆောင်ကြပါတယ်။
ဝယ်တဲ့နေရာမှာ သူတို့ဘဏ်ကဒ်သုံးရင် ဈေးသက်သာစေနိုင်တာ၊ အွန်လိုင်းမှာ ဈေးဝယ်နိုင်မှု website များများ လက်ခံနိုင်တာတွေ ပြုလုပ်ပေးထားပြီး တခြားတစ်ဘက်က သုံးစွဲသူဘက် အခွန်လေး မသိမသာ ပြန်ကောက်တာလည်း ရှိပါတယ်။

နောက်ဘဏ်တစ်ခုကတော့ website များများတော့ သုံးမရဘူး၊ ဈေးလည်း မသက်သာဘူး၊ ဒါပေမယ့် သုံးစွဲမှုများလေ သူက ဘဏ်ထဲကို ငွေပြန်ထည့်ပေးတတ်တာ၊ နှစ်ကုန် အတိုးပေးတာမျိုးနဲ့ ဆွဲဆောင်ပြန်ရော။

ယေဘူရအားဖြင့်ကြည့်မယ်ဆိုရင် အနည်းအငယ်ဆီတော့ ကွာပေမယ့် အတူတူလောက်တော့ ဖြစ်သွားပါတယ်။ သုံးစွဲသူကို နည်းမျိုးစုံနဲ့ Marketing လုပ်ကြတာ သူတို့ တာဝန်ပဲ မဟုတ်လားနော်။


 ဘယ်ချိန်က ပြည့်သွားလဲ မသိ၊ ကိုယ်တော့ အဲ့ ငါးဆယ်ထဲ မပါ :D
--------------------------------------
အပိုင်း (၃)
ကိုယ့်နိုင်ငံက ဘဏ်တွေဘက် ပြန်လှည့်ကြည့်မိရင် ...

ဘဏ်တွေမှာ လေဝင်လေထွက်မကောင်းပါဘူး။ ဘဏ်ဝန်ထမ်းတွေ ကျန်းမာရေးပိုင်းဆိုင်ရာ ဘယ်လို ဖြေရှင်းကြမယ်တော့မသိပါ။ ငွေစက္ကူများက ထွက်လာတဲ့ မှိုနံ့တွေက ကြောက်စရာပါ။
ဒီကြားထဲ မီးချွေတာ၊ မီးပျက်တာနဲ့ ဝန်ထမ်းတွေကို ဆေးစစ်ကြည့်မယ်ဆိုရင် ... သိပ်မတွေးတာကောင်းပါတယ်လေ ....

ဘဏ်ကဒ်တွေထဲက အနိမ့်ဆုံး ATM ကဒ်ပြုလုပ်မယ်ဆိုကြပါစို့ ...
ATM ကဒ်ပြုလုပ်တဲ့အခါ ချက်ချင်းမရသေးဘူးနော်၊ နောက်ရက်မှ လာယူရမှာတဲ့။
ပြီးတော့ စက်တွေ ၂၄-နာရီတော့ သုံးမရတတ်ပြန်ဘူး၊ ဆာဗာဒေါင်းရင် မရနိုင်ပါဘူးတဲ့လေ။ 


ATM စက်တွေမှာ CB Bank Easi Travel Prepaid Master ဘဏ်ကဒ်ကို ပေးမစစ်သေးပါဘူးတဲ့ permission ပိတ်ထားပါတယ်လို့ပြောလိုက်တယ်။ ကိုယ်သွားတဲ့ စက်မှာ မရဘူးလို့ ဘဏ်က ပြောတာပါ။ တခြားနေရာက စက်တွေမှာ ရနိုင်မလားတော့ မစစ်မိခဲ့တော့ဘူး။Multi-Currrency မသွင်းထားလို့လားမေးတော့ ဘဏ်ဝန်ထမ်းတွေက ခပ်တွေတွေလေး ခေါင်းညိတ်ပြတယ်။ သူတို့လည်း သိပ်သိပုံမရပါ။
 
ATM ကဒ် အားသာချက်ကတော့ ဘယ်မြို့ကပဲ ငွေထုတ်ထုတ် ငွေလွှဲခ မပေးရပါဘူး။ စက်ရှိတဲ့ မြို့တွေမှာသာ ငွေထုတ်လို့ရမယ်။
သုံးစွဲသူအနေနဲ့ ဘယ်မြို့တွေမှာ စက်ရှိနိုင်မလဲဆိုတာ သိဖို့ အထူးလိုအပ်ပါတယ်။
ATM ကဒ်သုံးစွဲသူတွေကို အတိုးတော့ မစားရဘူးတဲ့ သုံးစွဲဖူးသူတွေက ပြောကြပါတယ်။

အခု CB Bank Easi Travel Prepaid Master Card ကို ATM စက်ထဲ ငွေစစ်ကြည့်တော့ ငွေစစ်ခ ပေးရမယ်လို့ စာပေါ်လာတယ်။
(ကျမကလည်း ကပ်စီးကုပ်လေ ပေးပါဘူးပေါ့၊ အဲဒါနဲ့ ထပ်မစစ်ခဲ့တော့ဘူး)။ လိုင်းကနေ စစ်ရင်တော့ မဖြတ်တန်ကောင်းရဲ့။ ကိုယ့် balance လေးတောင် မကြည့်ရဘူးလားမသိ...

ဘဏ်က စာချုပ်မှာ စာရင်းအင်းပညာနဲ့ ပတ်သက်တာတွေကို မြန်မာမှု ပြုရေးသားထားပါတယ်။ ကျမတို့ စာသင်ခဲ့တုန်းက စာရင်းအင်းပညာရပ်ကို အီးလိုသင်ခဲ့ရတော့ ဖတ်ရတာ နဲနဲတော့ စဉ်းစားပြီး ပြန်တွေးရတယ်၊ ဒါကတော့ ကိုယ့်အားနည်းချက်ပါ။

online banking မသုံးဖူးတဲ့သူဆိုရင် အဲဒီစာတွေ နားလည်ဖို့ ကြိုးစားရမယ်။
ဘဏ်ဝန်ထမ်းတွေက အရင်က သုံးဖူးလားလို့ မေးတော့ သုံးဖူးတယ်လို့ ပြောလိုက်လို့လားမသိ စာပဲ ဖတ်ခိုင်းတော့တယ်၊ ရှင်းမပြတော့ဘူး။ ပြီးတော့ လက်မှတ်ထိုးပေးရပါတယ်။

လက်မှတ်ထိုးပေးရတဲ့ စာချုပ်ကို မိတ္တူ မပေးပါဘူး။ တကယ်ဆို စည်းကမ်းတွေနဲ့ စနစ်တွေပါတဲ့ စာရွက်ကို လက်မှတ်ထိုးပေးထားတဲ့ သုံးစွဲသူထံမှာလည်း မိတ္တူရှိသင့်တာပေါ့။
အဲဒါနဲ့ ဖုန်းနဲ့ ဓာတ်ပုံရိုက်လာခဲ့တယ်။ ဓာတ်ပုံရိုက်ရမလားလို့ မေးမနေတော့ဘူး
ရိုက်နေတုန်းက ဘဏ်က ဝန်ထမ်းတွေ မတားကြပါဘူး။

နောက်တစ်ခုကတော့ ကိုယ်သိချင်တာလေး မေးဖို့ ဘဏ်တွေကို ဖုန်းဆက်ရင် HotLine တွေလည်း ဖုန်းကိုင်မယ့်သူမရှိပါဘူး။ အဲဒါနဲ့ ဘဏ်ကို ထပ်သွားရပြန်တယ်၊ ပြည်ပထွက်လာမှ မေးစရာပေါ်ရင် အခက်ဆိုပြီး သိချင်သမျှ မေးဖို့အတွက်ပါ။ ဘဏ်ရောက်တော့ ဖုန်းခေါ်မရတာ မီးပျက်နေလို့ပါတဲ့ တောင်းပန်ကြပါတယ်။

နားလည်ပေးရမယ်လေ ကိုယ့်နိုင်ငံအကြောင်းသိနေသားနဲ့။
ကိုယ့်နိုင်ငံက ခေတ်စနစ်နောက်ကျနေသေးတော့ ဘဏ်တွေ အသုံးပြုရတာ အစစ အထစ်အငေါ့လေးတွေတော့ ရှိတုန်းပါပဲ။ အခု အနည်းငယ်တိုးတက်ဖွယ်သော စနစ်လေးတွေ ထွန်းကားလာတာကို အနာဂတ်ကောင်းဖို့အတွက် ကြိုဆိုကြရမှာပေါ့။ 


ဘဏ်စနစ်တွေ အများကြီး ထွန်းကားလာရင် စီးပွါးရေးအတော်လေး အဆင်ပြေမယ်။ အခုလည်း တစ်ချို့ တက္ကစီသမားတွေ ဘဏ်နဲ့ ချိတ်ဆက် အကြွေးဝယ်ခွင့်ရနေပါပြီ။ owner ကို ပေးရတာထက် ဘဏ်ကို အချိန်မှန်မှန် ငွေချေနိုင်ရင် အချိန်တန် ကားလေးတစ်စီးပိုင်ခွင့်ရမယ်။ မြေဝယ်ထားပြီး မြေစာချုပ်ပြရင် ဆောက်လုပ်မှုစရိတ်တချို့ ဘဏ်က ထုတ်ချေးပေးနေပြီဆိုတော့ အလားအလာများစွာ အနာဂတ်မှာ ကောင်းပါစေသားလို့ ...။

နောက်တော့လည်း ကောင်းသွားမှာလေလို့ အကြောင်းအရာများစွာကို ဖြေသိမ့်အတွေးတွေ အများကြီးနဲ့ ရန်ကုန်က ခေတ္တ ခွဲခွါခဲ့ရပြန်ပါတယ် ...။

ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်
 

Saturday, December 8, 2012

ကုသိုလ်အရေးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်...။


မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရား ပရဝုဏ်အတွင်းရှိ လွန်ခဲ့သော နှစ်ပေါင်း (၇၀)ကျော်ခန့်က ကျိုက်ထိုမြို့ ဘုရားကြီးကျောင်းတိုက်ဆရာတော်ဘုရားကြီး ဥူးကေသရ စတင်တည်ထားခဲ့သော မဟာဗောဓိစေတီတော်ကြီးသည် ပြီးမြောက်ခြင်းမရှိခဲ့ပါသဖြင့် ယခုအခါ ကျိုက်ပေါလောမှဲ့ရှင်တော်ဘု၇ား သြဝါဒစရိယဆရာတော်ကြီးများ၏ သြဝါဒကို ခံယူလျက် ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ခွင့်ပြုချက်ဖြင့်
ကျိုက်ထိုမြို့နေ -  ဦးခင်သန်း+ဒေါ်ဖွားကြည်၊ ရန်ကုန်မြို့နေ ဗိုလ်မှုးမြင့်သိန်း+ဒေါ်ခင်သန်းမြိုင်မိသားစုတို့မှ ပင်မ မတည်အလှူရှင်များမှ စတင်လှူဒါန်းထားလျှက်ရှိပါသည်။

သို့ဖြစ်ပါ၍ မဟာဗောဓိစေတီတော်ကြီးတည်ဆောက်နေစဉ် ယခုအချိန်တွင် ကြုံတောင့် ကြုံခဲ အခွင့်အရေးတစ်ခုအနေဖြင့် နိဗ္ဗာန်အကျိုးမျှော်ကိုး၍  နှိုးဆော်တိုက်တွန်းအပ်ပါသည်...။

ဆက်သွယ်လှူဒါန်းရန် - ဦးကျော်ဝင်း (ဝင်းသိင်္ဂီပုံနှိပ်တိုက်)၊ ဈေးရှေ့၊ ဗိုလ်ချုပ်လမ်း၊ ကျိုက်ထိုမြို့၊ မွန်ပြည်နယ်။ ဖုန်း - +95 9730 93127၊ +95 57 60080



မဟာဗောဓိစေတီတော်အကြောင်း သိကောင်းစရာများ

ဒီလောကအတွင်း ဘာသာမတူ အယူကွဲ ဝါဒကွဲတဲ့ ကိုးကွယ်မှုတွေ မျိုးစုံရှိကြပြီး ဘာသာအသီးသီးတို့ရဲ့ အထွဋ်အမြတ်နေရာတွေလည်း အသီးသီးရှိကြတယ်။ ဗုဒ္ဓဘာသာရဲ့ အထွဋ်အမြတ်နေရာတွေကတော့
(၁) ဘုရားအလောင်းတော် မွေးဖွားခဲ့တဲ့ လုမ္ပိနီ၊
(၂) ဘုရားဖြစ်ရာ မဟာဗောဓိ၊
(၃) တရားဦးဟောရာ မိဂဒါဝုန်၊
(၄) ပရိနိဗ္ဗာန်စံရာ ကုဿိန္နာရုံ ဖြစ်ကြပြီး သံဝေဇနိယ လေးဌာန (သံဝေဂပွားများရာ နေရာ) အဖြစ် ထင်ရှားခဲ့တယ်။ ဘုရားရှင်ကိုယ်တိုင်လည်း ဒီသံဝေဇနိယ လေးဌာနကို ဘုရားဖူးရောက်လာသူ အမျိုးကောင်းသား အမျိုးကောင်းသမီးများဟာ ကြည်ညိုတဲ့စိတ်နဲ့ သုဂတိကို ရောက်နိုင်တယ်လို့ ဟောထားပါတယ်။
ဒီသံဝေဇနိယလေးဌာနထဲမှာ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဂယာမြို့အနီးမှာ ရှိတဲ့ မဟာဗောဓိကတော့ ထူးမြတ်တဲ့ နေရာဒေသတစ်ခုဖြစ်တယ်။ ဘာကြောင့် ထူးမြတ်သလဲဆိုရင် ကမ္ဘာလောကကြီး စတင်ဖြစ်ထွန်းတုံးက ဒီကမ္ဘာလောကမှာ ဘုရားပွင့်တဲ့ ကမ္ဘာဟုတ်မဟုတ်ဆိုတာ ဒီမဟာဗောဓိမြေနေရာမှာ ကြာပန်းပွင့် မပွင့်ကို ဗြဟ္မာတွေက လာကြည့်ကြတယ်။
မဟာဗောဓိဂန္ဓကုဋိကျောင်းအတွင်းရှိ ဗုဒ္ဓဂယာ ရုပ်ပွားတော်
ကြာပန်း တစ်ပွင့်ပွင့်ရင် ဘုရားတစ်ဆူ၊ နှစ်ပွင့်ပွင့်ရင် ဘုရားနှစ်ဆူပေါ့။ အခုကမ္ဘာကတော့ ကြာပန်း ငါးပွင့်ပွင့်လို့ ဘုရားငါးဆူပွင့်တဲ့ ဘဒ္ဒကမ္ဘာလို့ခေါ်တယ်။ နောက်ပြီးတော့ ကမ္ဘာမြေကြီး စတင်ပေါ်ထွန်းတဲ့နေရာဟာ ဒီမဟာဗောဓိဖြစ်သလို ကမ္ဘာကြီး မီလောင်ပျက်စီးတဲ့အချိန်ရောက်ရင်လဲ ဒီမဟာဗောဓိမြေဟာ နောက်ဆုံးမှ မီးလောင်ပျက်စီးတဲ့ နေရာလဲဖြစ်တယ်။ (ကမ္ဘာလောကကြီး ဖြစ်ပုံ တည်ပုံ ပျက်ပုံကို ဘုရားဟောနဲ့ သိပ္ပံပညာရှင်များ အယူအဆ တူပုံကို နောက်မှ တင်ပြပါ့မယ်)။ ဒီမဟာဗောဓိမြေနေရာဟာ ဘုရားရှင်တိုင်း ပွင့်တော်မူတဲ့နေရာပဲဖြစ်တယ်။ ဒါကြောင့် ဗောဓိပင်ပေါက်ရာဒေသ၊ အပရာဇိတပလ္လင်တည်ရှိရာဒေသဖြစ်လို့ ထူးမြတ်တဲ့နေရာပါ။ နောက်ပြီး အဝိဇဟိတဌာန (ဘုရားရှင်တိုင်း မစွန့်တဲ့ဌာန (၀ါ) ပစ်မထားတဲ့ဌာန) လို့လဲဆိုတယ်။
ဗောဓိပင်နဲ့ အပရာဇိတပလ္လင် တည်ရှိရာ ပတ်ဝန်းကျင်ကို ဗုဒ္ဓဂယာလို့ခေါ်တယ်။ ဗုဒ္ဓဂယာဟာ ယခု အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၊ ဂယာမြို့နဲ့ (၇) မိုင်ကွာ ဝေးပြီး ကိုးလ်ကတ္တားမြို့နဲ့ ၂၉၂ မိုင်ကွာ ဝေးတယ်။ ဂယာမြို့ရဲ့ ရထားဘူတာကနေ ဗုဒ္ဓဂယာကို တက္ကစီနဲ့လာနိုင်သလို မြင်းလှည်းနဲ့လဲ လာလို့ ရပါတယ်။ အခု ဂယာမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်လည်း ဖွင့်လှစ်ထားပြီဖြစ်လို့ သွားရေးလာရေး အဆင်ပြေလာနေပါပြီ။ ရှေးတုံးကတော့ ဗောဓိမဏ္ဍဝိဟာရလို့ခေါ်ခဲ့တယ်။ အခုတော့ မဟာဗောဓိကျောင်းပေါ့။
ဗုဒ္ဓဂယာဒေသဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်နေရာအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့တယ်။ အေဒီ ၂ ရာစုမှာ အသောကမင်းကြီးက ဗောဓိညောင်အနီး ဦးစွာကျောင်းဆောက်ခဲ့ပြီး ခေတ်အဆက်ဆက် ဆက်လက် ပြုပြင်လာခြင်းဖြစ်တယ်။ ရာစုနှစ်တွေနဲ့အတူ ပုံစံတွေလည်း ပြောင်းလဲခဲ့ပါတယ်။ အေဒီ ၆ ရာစုလောက်မှာ သဲသောင်ပြင်တွေလဲ ဖုံးလွှမ်းသွားခဲ့တယ်။ တိဘက်သမိုင်းမှတ်တမ်းအရ အေဒီ ၁၂၃၄ ခုမှာ တိဘက်ဘုန်းတော်ကြီး ဓမ္မဆွာမိန်ရဲ့ မှတ်တမ်းအရ သူဒီနေရာကို ရောက်တဲ့အချိန် ရဟန်းတော် ၄ ပါးသာ မြင်ရပြီး သဲသောင်ပြင်တွေ ဖြစ်နေခဲ့တယ်။ ၁၂၈၆ ကနေ ၁၅ ရာစုအထိ သီရိလင်္ကာက ဒီကျောင်းတော်ကို များစွာထောက်ပံ့ ပြုစုခဲ့တယ်လို့ဆိုတယ်။  အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓသာသနာ ကွယ်ပျောက်သွားတဲ့ အချိန်မှာတော့ ဟိန္ဒူဘာသာတွေ ကြီးစိုးလာကြပြီး ဗုဒ္ဓဂယာဒေသလည်း မဟန့်ဘုန်းကြီး ဟိန္ဒူဘာသာဝင်တွေရဲ့ လက်ထဲ နှစ်ပေါင်း သုံးရာကျော် ကျရောက်သွားခဲ့ရတယ်။ အဲဒီအချိန် ဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓဂယာကို လာဖူးဖို့အတွက် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရတယ်။ အခုတော့ အိန္ဒိယအစိုးရက ၁၉၄၉ ခု ကျောင်းကန်ဘုရား တည်ဆောက်ရေး အက်ဥပဒေအရ ၁၉၅၃ ခု မေလ ၂၈ ရက်မှာ ဗုဒ္ဓဂယာဒေသပြုပြင်ထိန်းသိမ်းရေး ကော်မတီကို ဖွဲ့စည်းခဲ့တယ်။
ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်နေရာဖြစ်တဲ့ ဗုဒ္ဓဂယာကို ဗုဒ္ဓဘာသာဝင် လက်ထဲ ပြန်လည်ရောက်ရှိလာအောင် အဓိကစွမ်းဆောင်သူကတော့ သီရိလင်္ကာနိုင်ငံသား အနာဂါရိကဓမ္မပါလ ပဲဖြစ်တယ်။

ရှေးခေတ် မဟာဗောဓိကျောင်းပုံ
အင်္ဂလိပ်တွေ အိန္ဒိယကို အုပ်ချုပ်စဉ်က သီဟိုခေါ် သီရိလင်္ကာလည်း အင်္ဂလိပ်ရဲ့ အင်ပါယာလက်အောက် ကျရောက်ကာ မြန်မာနိုင်ငံလိုပဲ အင်္ဂလိပ်တို့ရဲ့ အိန္ဒိယဘုရင်ခံချုပ်က အုပ်ချုပ်ခဲ့တယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ အနာဂါရိကဓမ္မပါလ အိန္ဒိယကိုရောက်လာပြီး ဘုရားလာဖူးတဲ့အချိန် (အင်္ဂလိပ်ခေတ်) ဒီဗုဒ္ဓဂယာကို ကြီးစိုးနေတာက မဟန့်ဟိန္ဒူဘုန်းကြီး တွေဖြစ်တယ်။ အဲဒါကို မြင်ရတော့ အနာဂါရိကဓမ္မပါလ အတော့်ကို စိတ်ထိခိုက်သွားတယ်။ မဟန့်တွေက သူ့ကို ကောင်းမွန်စွာ ဘုရားဖူးခွင့်မပေးဘူး။ မောင်ထုတ်ခံခဲ့ရ၊ အရိုက်ခံခဲ့ရတယ်။ ဒါပေမယ့် အနာဂါရိကဓမ္မပါလက မဟာဗောဓိညောင်ပင်အောက်မှာ သံမဏိအဓိဋ္ဌာန်တစ်ခု ချခဲ့တယ်။ “ဒီမဟာဗောဓိ အထွဋ်အမြတ် မြေနေရာဟာ ဗုဒ္ဓဘာသာအားလုံးတို့ရဲ့ နေရာ မဖြစ်ဖြစ်အောင် ငါသည် အသက်စွန့်ပြီး ကြိုးစားဆောင်ရွယ်မယ်” လို့ အဓိဋ္ဌာန်ပြုကာ အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်၊ တရားရုံးကို အခေါက်ပေါင်းများစွာ တက်ခဲ့ရပါတယ်။ မဟာဗောဓိအသင်းကြီးကို ထူထောင်ပြီး ဗုဒ္ဓဂယာသည် ဗုဒ္ဓဘာသာအတွက် အထွဋ်အမြတ်ဖြစ်စေရမယ်လို့ ကြိုးစားသွားတာ ၁၉၃၁ ခု သူသေဆုံးသွားတဲ့အထိ ပါပဲ။ (အနာဂါရိကဓမ္မပါလကို သီရိလင်္ကာသူရဲကောင်းလို့ခေါ်သလို ဒုတိယ အသောကလို့လဲ အခေါ်ခံရတယ် သူ့အကြောင်းကို နောက်မှ တင်ပြပါ့မယ်)။ အနာဂါရိကဓမ္မပါလရဲ့ ကြိုးစားမှုကြောင့် ယခု မဟာဗောဓိ စောင့်ရှောက်ထိန်းသိမ်းရေး ကော်မတီမှာ ဗုဒ္ဓဘာသာဝင် ၄ ဦးနဲ့ ဟိန္ဒူဘာသာဝင် ၅ ဦး ပါဝင်ဆောင်ရွက်ခဲ့ရတယ်။ ၂၀၀၂ ခုမှာတော့ မဟာဗောဓိကို ကုလသမဂ္ဂရဲ့ စောင့်ရှောက်ထိန်းသိမ်းမှု စာရင်းမှာ ပါဝင်ခဲ့ရတယ်။
ဗုဒ္ဓဂယာဟာ နေရဉ္စရာမြစ် (ယခုဖာကူမြစ်) ကမ်းနံဘေးမှာ တည်ရှိပြီး ဘုရားရှင် ရေသပ္ပါယ်ခဲ့ဖူးတဲ့မြစ်၊ တစ်သိန်းတန် ရွှေခွက်ကို မျောခဲ့ဖူးတဲ့မြစ်ဖြစ်တယ်။ မိုးရာသီမှာ မြစ်ရေတွေ လျှံတတ်ပေမယ့် ကျန်တဲ့အချိန်မှာ သဲချောင်းကြီး တစ်ချောင်းဖြစ်နေတယ်။


မဟာဗောဓိစေတီတော်
မဟာဗောဓိစေတီတော်ရဲ့ အမြင့်ကတော့ ၅၄ မီတာ (ပေ ၁၈၀) မြင့်ကာ အေဒီ ၂ ရာစုကတည်းက တည်ထားဟန်တူပါတယ်။ အေဒီ ၃ ရာစုမှာတော့ အသောကမင်း ပြန်လည် ပြုပြင်ထားတယ်လို့ သမိုင်းမှတ်တမ်းမှာ ဆိုထားတယ်။ မြန်မာနိုင်ငံမှ မင်းတုံးမင်းတြားကြီးလည်း မဟာဗောဓိပြုပြင်ရေးအတွက် ရွှေငွေကျောက်သံပတ္တမြားတွေ များစွာလှူလာခဲ့တယ်။ မင်းတုံးမင်းဇရပ်ဆိုတာလဲ ရှိခဲ့တယ်။ ယခု ဖူးတွေ့ရတဲ့ မဟာဗောဓိစေတီတော်ကတော့ အေဒီ ၇ ရာစု၊ ၈ ရာစုက လက်ရာတွေဖြစ်ပြီး စေတီရံတွေကတော့ အေဒီ ၁၂ ရာစုလက်ရာတွေ ဖြစ်တယ်။ စေတီတော်ရဲ့ အပေါ်မှာ ကပ်ထားတဲ့ ရွှေအဆင်းဘုရားပုံတော်တွေကတော့ အေဒီ ၁၉ ရာစုအချိန် ပြန်လည် ဖြည့်စွက်ထားခြင်းပဲဖြစ်တယ်။
စာရေးသူတို့အဖွဲ့ မဟာဗောဓိ ရောက်စဉ် ၁၀.၀၂.၂၀၁၂
အခု မဟာဗောဓိပတ်ဝန်းကျင်မှာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာကျောင်းတွေ အသီးသီး ပေါ်ထွက်လာနေပါပြီ။ ဘုရားဖူး အများဆုံး ရောက်လာကြတဲ့ အချိန်ကတော့ ဆောင်းဦးရာသီပဲဖြစ်တယ်။ အုပ်စုအများဆုံးနဲ့ လူစုအများဆုံး လာတာကတော့ တိဗက်ဗုဒ္ဓဘာသာတွေပဲဖြစ်တယ်။ သူတို့ တရုတ်နီလက်အောက်မှာ မနေချင်လို့ အိန္ဒိယမှာ အခြေချနေထိုင်ပြီး ပြည်ပအစိုးရဖွဲ့ထားနိုင်တဲ့ အုပ်စုတွေဖြစ်တယ်။ ဆောင်းရာသီရောက်ရင် သူတို့နေတဲ့ အိန္ဒိယမြောက်ပိုင်းမှာ အေးလွန်းလို့တကြောင်း ဗုဒ္ဓဂယာမှာ ဆောင်းရာသီအချိန် ရာသီဥတု ကောင်းမွန်တာကြောင့် တစ်ကြောင်း၊ ဒီအကြောင်းတွေကြောင့် တိဗက်ဘုရားဖူးတွေ သောင်းချီပြီး နှစ်စဉ်ရောက်လာကြတယ်။
ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ ဘုရားဖူးတွေလည်း အုပ်စုလိုက် နှစ်ပေါင်းများစွာ ဘုရားလာဖူးခဲ့ကြတယ်။ မြန်မာပြည်ဘုရားဖူးအဖွဲ့ကတော့ ၁၉၉၀ နောက်ပိုင်းမှ အလာများတာတွေ့ရတယ်။ ခုတော့ မြန်မာပြည် ဘုရားဖူးအဖွဲ့လည်း နှစ်စဉ် သောင်းဂဏာန်းနဲ့ ရှိနေပြီ။ ထိုင်ဝမ်၊ ဗီယက်နမ်နဲ့ တခြားနိုင်ငံ ဗုဒ္ဓဘာသာတွေ အနောက်နိုင်ငံသားတွေလည်း သူ့အုပ်စုနဲ့သူ ရောက်လာမစဲ တဖွဲဖွဲပါပဲ။


မဟာဗောဓိစေတီတော်ရဲ့ အောက်ခြေကတော့ ပြန်လည်တူးဖေါ်ထားတဲ့ အနေအထားဖြစ်လို့ နိမ့်တဲ့ အပိုင်းမှာ တည်ရှိတယ်။ စေတီတော်ထိပ်ကတော့ မြင့်ပါတယ်။ အဝေးကနေ လှမ်းမြင်ရကတည်းက စိတ်ကြည်နူးစရာ ကောင်းနေပြီ။ စေတီအနားရောက်လာလေ ဘေးပတ်ဝန်းကျင်က ဆိုင်ခန်းလေးတွေ လည်း စည်စည်ကားကားနဲ့၊ ဈေးဆိုင်ကဖွင့်တဲ့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ သီချင်းသံ၊ တိဗက်ဘုရားဝတ်ပြု သီချင်းသံတွေလည်း နားဝင်ချိုနေတယ်။ မဟာ ဗောဓိဘုရားဝင်းအတွင်းမှာ နိုင်ငံပေါင်းစုံမှ ဗုဒ္ဓဘာသာဝင်များက ဘုရားရှိခိုးစာ မျိုးစုံနဲ့ ရှိခိုးကြသလို၊ ဘုရားရှိခိုးနည်းအမျိုးမျိုးကိုလည်း တွေ့ရပါတယ်။ နောက်ပြီး အဓိဋ္ဌာန်အမျိုးမျိုးနဲ့ ပုတီးစိပ်ကြ၊ တရားဘာဝနာပွားကြတာတွေလည်း စုံလို့ပါပဲ။ ဒီနေရာကို ရောက်လာကြတဲ့သူတွေအားလုံးလဲ မေတ္တာစိတ်ကြောင့်လား၊ ဘုရားရှင်ရဲ့ တရားတော်ဓါတ်ကြောင့်လား နှစ်ခုစလုံးကြောင့်လား မပြောတတ်တော့ပါ။ စိတ်ထဲကို ငြိမ်းချမ်းသွားတော့တယ်။ ဗောဓိညောင်ရိပ်အပါအဝင် သစ်ပင်ရိပ်တွေကလဲ အေးချမ်းလှပါတယ်။ ဒီမဟာဗောဓိက ဘာကြောင့် အဲဒီလောက် ငြိမ်းချမ်းနေရသလဲလို့ ပြန်စဉ်းစားကြည့်ရင် ဘုရားရှင်ကိုယ်တိုင် ဘုရားဖြစ်ခဲ့တဲ့နေရာဖြစ်လို့။ ဘုရားဖြစ်ပြီး ၄၉ ရက်တိုင်တိုင် ငြိမ်းချမ်းစွာ တရားနှလုံးသွင်းခဲ့လို့ အဲဒီတရားဓါတ်တွေ အခုထိ လွှမ်းခြုံနေတယ်လို့ စာရေးသူ ခံစားမိတယ်။
ထင်ရှားတဲ့ အသွင်အပြင်ကတော့
(၁) မဟာဗောဓိစေတီ
ဒီမဟာဗောဓိစေတီတော်ဟာ နှစ်ပေါင်း ၂၀၀၀ ကျော်ခဲ့ပါပြီ။ ဘုရားဖြစ်တဲ့နေရာဒေသရဲ့ အထိမ်းအမှတ်အဖြစ် အသောကမင်းက သူ့ရဲ့ နန်းစံနှစ် (နန်းသက်) ဆယ်နှစ်မြောက်မှာ လာပြီး မွမ်းမံထားပါတယ်။ အသောကမင်းရဲ့နောက်ပိုင်း ဗုဒ္ဓဘာသာဝင်း မင်းဆက်တွေက ဆက်လက် ပြုပြင်လာခဲ့တယ်။ အင်္ဂလိပ်အုပ်ချုပ်စဉ်က မြန်မာဘုရင် မင်းတုန်းမင်းရဲ့ တောင်းဆို၊လှူဒါန်းမှုအရ အင်္ဂလိပ်မင်းတို့ကလည်း ပြုပြင်ခဲ့သေးတယ်။ မဟာဗောဓိစေတီရဲ့ အမြင့်ကတော (ပေ ၁၈၀) မြင့်ပြီး လေးဒေါင့်ပုံ စေတီဖြစ်ကာ အောက်ခြေဖိနပ်တော်ကြီးပြီး အထက်သို့ ချွန်တက်သွားတဲ့ပုံစုံဖြစ်တယ်။ ပန်းပု၊ ပန်းတော့၊ ပန်းတမော့၊ ပန်းရန်လက်ရာတွေက လက်ရာကောင်းမွန် တည်ကြည်လှတာ တွေ့ရတယ်။ မဟာဗောဓိစေတီတော်ဟာ နှစ်ထပ်စေတီတော်ဖြစ်ပြီး အောက်ထပ်မှာ ဘုရားဂန္ဓကုဋိကျောင်းဖြစ်ကာ လွန်စွာသပ္ပါယ် ကြည်ညိုစရာ အတိဖြစ်တဲ့ ထိုင်တော်မူ ဆင်းတုတော် တစ်ဆူကို ဖူးမဝနိုင်အောင် ဖူးတွေ့ရတယ်။ ဂန္ဓကုဋိ အပေါ်မှာ စေတီတည်ထားခြင်းပါ။ ထောင့်လေးထောင့်မှာ ပင်မစေတီတော်ကြီးနဲ့ ပုံစံတူ စေတီလေးဆူကိုလည်း ဖူးတွေ့ရတယ်။
(၂) ဗောဓိညောင်ပင်
မဟာဗောဓိမှ ဗောဓိညောင်ပင်
ဒီဗောဓိညောင်ပင်ကတော့ မဟာဗောဓိစေတီတော်ရဲ့ အနောက်ဘက်မှာ တည်ရှိပြီး ပေ ၁၀၀ ကျော်ကျော်မြင့်တဲ့ အရိပ်ကောင်း အပင်တစ်ပင်ပါ။ ဗောဓိပင်ဟာ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားနဲ့ အတူ တစ်ချိန်တည်း တစ်ရက်တည်းပေါက်ဖွားခဲ့လို့ (ဖွားဖက်တော်)မှာ ပါဝင်တယ်။ ဒီဗောဓိညောင်အောက်မှာ ဘုရားရှင် သဗ္ဗညုတဉာဏ်တော် ရခဲ့တဲ့နေရာလဲဖြစ်တယ်။ ဘုရားရှင်ရဲ့ မှီခို သီတင်းသုံးခဲ့တဲ့ ပရိဘောဂစေတီလဲဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဒီဗောဓိညောင်ပင်ကို တလေးတစား လာဖူးကြတယ်။ ဗောဓိညောင်အောက်မှာ ဘုရားရှိခိုးစာတွေ ရွတ်ဆို၊ ပရိတ်၊ ပဌာန်းရွတ်၊ မေတ္တာပို့၊ ဘာဝနာပွား ဆုတောင်းနေကြတာ အားလုံးရဲ့ မျက်နှာတွေဟာ ကြည်လင်နေတာတွေ့ရတယ်။ ဗောဓိညောင်ရွက်ကိုလည်း အမြတ်တနိုး ကောက်ယူသွားကြတယ်။
ယခုလက်ရှိဗောဓိပင်ကတော့ ဘုရားရှင်လက်ထက်က အပင် မဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သီဝနတ်ဘုရားကို ကိုးကွယ်တဲ့ ဘင်္ဂလားပြည် အလည်ပိုင်းကို အုပ်စိုးတဲ့ သာသင်္ကမင်းက ခရစ်နှစ် ၆ ရာစုခန့်က ဗောဓိပင်ကို ခုတ်ဖြတ်တူးဖော်ပစ်ပြီးထောပတ်များလောင်း ထည့်ကာ မီးရှို့ဖျက်ဆီးခဲ့တယ်။ Harry Lwin ဤအကြောင်းအရာကို ကြားသိပြီး မဂဓတိုင်းပြည့်ရှင် အကြောင်းကြားတော့ ဘုရင်ပူရာဏမာဗာက ထပ်မံစိုက်ပျိုးခဲ့ပါတယ်။ တဖန် သာသင်္ကမင်း ကထိုဗောဓိပင်ကို  ထပ်မံဖျက်ဆီးပြီး ဤနေရာ၌ ဗောဓိပင် မစိုက်ရဟု အမိန့်ထုတ်ခဲ့ပါတယ်။ ဘုရင် ပူရာဏမာဗာကလည်း ဒုတိယအကြိမ် ထပ်မံစိုက်ပျိုးပါတယ် အံ့ဖွယ်ကောင်းလောက်အောင် ထိုဗောဓိပင်ဟာ တစ်ညတည်း ၁၀ ပေခန့်ကြီးမြင့်လာခဲ့ခြင်းပါ။ အဲဒီဗောဓိပင်ကိုလည်း သာသင်္ကမင်းက ၃ ကြိမ်မြောက် အကြွင်းမရ ခုတ်ဖြတ်ဖျက်ဆီးပြီး ၂၄ ပေခန့်မြင့်တဲ့ ကျောက်လက်ရန်းကြီးကို ကာရန်ထားခဲ့ပါတယ်။ ပူရာဏမာဗာကလည်း နွားနို့ဖြင့် သွန်းလောင်းပြီး တတိယ အကြိမ်မြောက် စိုက်ပျိုးခဲ့ပါတယ်။
( ကျောက်စာဝန် ကာနင်ဂန်ကမူ ထိုကျောက်လက်ရန်းကြီးကို ဗောဓိပင်အား ရန်သူတို့ မဖျက်ဆီးနိုင်ရန် ဘုရင်ပူရာဏမာဗာ ကပဲ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်)
ဒယ်အိုးထဲဆင်းမည့် သာသင်္ကမင်းဟာ ဗောဓိပင်ကို တူးဖော်စဉ်က အမြစ်အဆုံးကို ရှာမတွေနိုင်ခဲ့ ဟုလည်း ဆိုထားပါသေးတယ်။
ခရစ်နှစ် ၁၈၁၁ ခုက ဘူချန်ဟန်မီတန် အမည်ရှိ အင်္ဂလိပ်ပညာရှင် တဦးက ဗုဒ္ဓဂယာကို ရောက်ခဲ့ဘူး ရာ သူက ခက်မ ၅ ဖြာ နှင့် စည်ပင်နေသည့် အမြင့်ပေ ၃၀ ရှိ ဗောဓိပင်ကြီးကို မြင်တွေခဲ့ပြီး အဲဒီ ဗောဓိပင်ရဲ့ သက်တမ်းမှာ နှစ်တရာရှိမည် မထင်ဟု ဆိုခဲ့ပါတယ်။
ဒါပေမယ့် အေဒီ ၁၈၇၀ မှာ ရာသီဥတုဒဏ်ကြောင့် အဲဒီဗောဓိညောင်ကြီး ပြိုလဲသွားပြန်တယ်။ အင်္ဂလိပ်ဘုရင်ခံချုပ်က ဆာအဲလစ်စန္ဒားကနိမ်ကမ်အား တာဝန်ပေးပြီး သူက လဲသွားတဲ့အကိုင်းကို ခုတ်ပြီး ကောင်းမွန်စွာ ပြန်စိုက်ထားခဲ့လို့ ယခုတိုင် ကျန်ရှိနေတာဖြစ်တယ်။ ဒါကတော့ ဗောဓိညောင်ပင်ရဲ့ မှတ်သားစရာ မှတ်တမ်းလေးပါ။ မူလဗောဓိပင် မဟုတ်ပေမယ့် မူလဗောဓိပင်ရဲ့ အဆက်အနွယ်ဖြစ်တယ်လို့ သဘောပေါက်ရပါလိမ့်မယ်။
(၃) သတ္တဌာန = ဘုရားဖြစ်ပြီး တရားနှလုံးသွင်းကာ ဘုရားရှင် နေခဲ့တဲ့ နေရာ ခုနစ်နေရာ
(၃း၁) ဝဇိရာသနပလ္လင်တော်
ဝဇီရာသန ပလ္လင်တော်မြတ်
ဒီပလ္လင်တော်ကတော့ ဗောဓိညောင်ပင်နဲ့ မဟာဗောဓိစေတီအကြားမှာ တည်ရှိပြီး ဘုရားရှင် သဗ္ဗညုတဉာဏ်တော် ရခဲ့တဲ့ ထိုင်တော်မူရာ နေရာဖြစ်တယ်။ စကြာဝဠာ ကမ္ဘာမြေကြီး စတင်ပေါ်ထွန်းရာ နေရာလည်းဖြစ်၊ မဟာဗောဓိစေတီတော်ရဲ့ အနောက်၊ ဗောဓိညောင်ပင်ရဲ့ အရှေ့ဘက်မှာ တည်ရှိကာ ယခု ကျောက်ဆစ်လက်ရာ ပလ္လင်တစ်ခု အစားထိုးထားတာ ဖူးတွေ့ရတယ်။ အသောကမင်း လှူဒါန်းထားတဲ့ပလ္လင်လို့ သမိုင်းပညာရှင်တွေ ယူဆထားကြတယ်။ ဘုရားဖြစ်ပြီးတာနဲ့ ဘုရားရှင်ဟာ အဲဒီနေရာမှာ (၇) ရက်ပတ်လုံး ဖလသမာပတ် ဝင်စားပြီး နေခဲ့တယ်။ ဒါကြောင့် ဒီနေရာကို ပလ္လင်္ဂသတ္တာဟ လို့ခေါ်တယ်။ အရင်တုံးကတော့ ခြံမခတ်ထားပါဘူး။ ဒါပေမယ့် ဗေဒင်ဆရာတွေရဲ့ (အောင်မြေ)ဆိုတဲ့ အဟောကြောင့် ဘုရားဖူးလာတဲ့ သူတွေ အလုအယက် ဗောဓိညောင်နားက မြေတွေကို ကုတ်ယူကြတယ်။ ခြစ်ယူကြတယ်။ အလုအယက် ယူကြတယ်။ စဉ်းစားကြည့်ပါ။ ဘုရားဖူးက တစ်ယောက်နှစ်ယောက် မဟုတ်ဘူးလေ။ ထောင်သောင်းချီပြီး လာနေကြတာ။ တစ်ယောက်ကို အောင်မြေလောက်စာလုံးလောက် ကောက်ယူမယ် ဆိုရင် ဗောဓိညောင်ပင်ကြီးအနီးမှာ ဘာမြေမှ ကျန်တော့မှာ မဟုတ်ဘူး ဗောဓိပင်ကြီးလဲ ပျက်စီးသွားမယ်။ တချို့လဲ ဗောဓိပင်ရဲ့ အခေါက်ကို ခွာယူချင်ကြသေးတယ်။ ကြည်ညိုတာကို အပြစ်မဆိုချင်ပါဘူး။ တစ်ယောက်နဲနဲစီ ခွာယူသွားရင် ဗောဓိပင်ကြီး ပျက်စီးသွားမှာသေခြာတယ်။ ဒါကြောင့် ဗောဓိပင်ကြီး မပျက်စီးအောင် ဘောင်ခတ်ထား လိုက်တော့တယ်။
(၃း၂) အနိမိသဌာန
အနိမိသ သတ္တာဟ
ဒုတိယနေရာကတော့ ဘုရားဖြစ်ပြီးသော်လည်း တချို့နတ်တွေက ဘုရားမဖြစ်သေးဘူးလို့ ထင်နေကြလို့ နတ်တွေရဲ့ သံသယကို ပယ်ဖျောက်ဖို့ ဘုရားရှင်ဟာ ပလ္လင်ပေါ်ရပ်ကာ ကောင်းကင်ပေါ် ပျံတက်ပြီိး တန်ခိုး ပြာဋိဟာကို ပြတော်မူခဲ့တယ်။ အဲဒီနောက် ဗောဓိပင်ရဲ့ အရှေ့မြောက်ထောင့် (၁၀၄)ပေ အကွာမှာ (၇) ရက်တိုင်တိုင် ရပ်တော်မူပြီး ဗောဓိပင်ကို မမှိတ်မသုန် ကြည့်ရှုနေခဲ့တယ်။ အဲဒီနေရာကို အနိမိသသတ္တာဟ လို့ခေါ်ပြီး ယခု မဟာဗောဓိစေတီတော်ကြီးနဲ့ သဏ္ဍာန်တူတဲ့ အနိမိသစေတီတော် တစ်ဆူ ဖူးတွေ့ရတယ်။
(၃း၃) ရတနာစင်္ကမ
ရတနာစင်္ကမ
တတိယနေရာကတော့ မဟာဗောဓိစေတီတော်ရဲ့ မြောက်ဘက်မှာ တည်ရှိပြီး ဘုရားရှင်က တန်ခိုးတော်နဲ့ ရတနာစင်္ကြန်ကို ဖန်ဆင်းကာ ခုနစ်ရက်လုံးလုံး စင်္ကြန်လျှောက် တရားနှလုံးသွင်းခဲ့တယ်။ အမှတ်အသားအဖြစ် အောက်မှာ ကျိုးပဲ့နေတဲ့ အင်္ဂတေကြာပန်း (၁၁) ပွင့်ကို တွေ့ရတယ်။ နောက်ပိုင်းမှာတော့  မဟာဗောဓိစေတီရဲ့ မြောက်ဘက်မှာ အမြင့် (၃) ပေခန့်ရှိ အင်္ဂတေပလ္လင်ရှည်တစ်ခု ပြုလုပ်ထားပြီး အင်္ဂတေကြာပန်းများ တန်းစီ ပြုလုပ်ထားကာ ဘုရားရှင် စင်္ကြန်လျှောက်တဲ့ အထိမ်းအမှတ်အဖြစ် ကြည်ညိုစွာ မြင်တွေ့ရတယ်။ ဒီနေရာကို ရတနာစင်္ကမ ရတနာစင်္ကြန်လမ်းလို့ ခေါ်တယ်။

(၃း၎) ရတနာဃရ
ဒီစတုတ္ထနေရာကတော့ မဟာဗောဓိစေတီတော်ကြီးရဲ့ ပေ (၇၀) ဝေးတဲ့ အနောက်မြောက်ထောင့်မှာ တည်ရှိတယ်။ နတ်တွေ ဖန်ဆင်းပေးထားတဲ့ ရတနာစံကျောင်းတော်မှာ ဘုရားရှင်က ခုနစ်ရက်ပတ်လုံး သီတင်းသုံးခဲ့ကာ ပဋ္ဌာန်းတရားတော်များကို ဉာဏ်တော်နဲ့ ဝေဖန်တဲ့နေရာဖြစ်တယ်။ ပဋ္ဌာန်းတရားတော်ကို သုံးသပ်ပြီးတဲ့နောက် ဘုရားရှင်ရဲ့ ခန္ဓာကိုယ်မှာ ရောင်ခြည်တော်တွေ ကွန့်မြူးလာတယ်။ အခုတော့ အုဋ္ဌ်ကျောင်းငယ်လေး တစ်ဆောင်တွေ့ရပြီး ထူပါကျောက်နဲ့ ထုဆစ်ထားတဲ့ ခြံခတ်ထားပါတယ်။ ဒီနေရာကို ရတနာဃရသတ္တာဟ = ရတနာစံကျောင်းလို့ ခေါ်ပါတယ်။

(၃း၅) အစပါလ (ခေါ်) ဆိတ်ကြောင်းညောင်ပင်
ပဉ္စမနေရာကတော့ မဟာဓောဓိစေတီတော်ရဲ့ အရှေ့တည့်တည့် ပေ (၇၀) ကွာတဲ့ နေရာမှာ တည်ရှိပြီး ဘုရားရှင်လက်ထက်မှာ ဆိတ်ကျောင်းသားများ ဆိတ်ကြောင်းတဲ့ နေရာဖြစ်ခဲ့တယ်။ ဘုရားရှင်နဲ့ မာနတ်မင်းသမီး သုံးပါး တွေ့ဆုံတဲ့ နေရာဖြစ်တဲ့အပြင် ဟုံဟုံကပုဏ္ဏားနဲ့ တွေ့တဲ့နေရာလဲ ဖြစ်တယ်။ အခု အစပါလ အထိမ်းအမှတ်အဖြစ် မဟာဗောဓိစေတီတော် လှေခါး အဆင်းလမ်း ခလယ်မှာ ကျောက်တိုင် တစ်တိုင် စိုက်ထူထားတာ တွေ့ရတယ်။ ဒီနေရာကို အစပါလသတ္တာဟ လို့ခေါ်ပြီး ဘုရားရှင် ခုနစ်ရက်ပတ်လုံး သီတင်းသုံးခဲ့တယ်။

(၃း၆) မုဉ္စလိန္ဒာ
မုဉ္စလိန္ဒာအိုင်
ဒီဆဋ္ဌမနေရာကတော့ မဟာဗောဓိစေတီတော်ရဲ့ အရှေ့တောင်ဘက် ပေ (၁၇၀) အကွာမှာ တည်ရှိပြီး မုဉ္စလိန္ဒာ ရေကန်အနီးမှာ ရှိပါတယ်။ အဲဒီနေရာ ဘုရားရှင် ခုနစ်ရက် သီတင်းသုံးတဲ့အချိန် မုဉ္စလိန္ဒာ နဂါးမင်းကြီးက ကြည်ညိုလွန်းလို့ နဂါးမင်းဟာ သူ့ကိုယ်ကို ပလ္လင်တော်အဖြစ် အခွေပြုကာ ဘုရားရှင်အား ထိုင်စေခဲ့တယ်။ သူ့ရဲ့ ပါးပျဉ်းကြီးနဲ့ ဘုရားရှင်အား မိုးမစိုအောင် မိုးပေးခဲ့တယ်။ ယခု အဲဒီနေရာ ရေကန်ရဲ့ အရှေ့မြောက်ထောင့် အနီးမှာ ကျောက်တိုင်တစ်တိုင် စိုက်ထူထားပြီး မုဉ္စလိန္ဒသတ္တာဟအဖြစ် တွေ့ရတယ်။

(၃း၇) ရာဇာရတန
မြန်မာပြည်မှ စိုက်ထားသော လင်းလွန်းပင်
သတ္တမနေရာကတော့ မဟာဗောဓိစေတီတော်ရဲ့ တောင်ဘက် ပေ (၇၀) အကွာမှာ တည်ရှိပြီး လင်းလွန်းပင်အောက်မှာ ခုနစ်ရက်ပတ်လုံး ဘုရားရှင် သီတင်းသုံးခဲ့တယ်။ အဲဒီအချိန် တဖုဿနဲ့ ဘလ္လိက ရောက်လာပြီး ပျားဆုပ်မုန့်ကို ဘုရားရှင်အား ကပ်လှူခဲ့တယ်။ ဒွေဝါစိက သရဏဂုံကို ခံယူကာ ဘုရားရှင်ရဲ့ ဆံတော်ကို ပင့်ဆောင်ပြီး ဥက္ကလာပမှာ ရွှေတိဂုံစေတီ တည်ခဲ့တယ်။ (သံဃာတော် မရှိသေးတဲ့အတွက် သရဏဂုံ နှစ်ပါးကိုသာ ခံယူခဲ့တယ်၊ သူတို့နှစ်ယောက်က ပထမဆုံး ဗုဒ္ဓဘာသာဝင်ဖြစ်တယ်၊ ရွှေတိဂုံစေတီတော်လဲ ပထမဦးဆုံး စေတီတော်ဖြစ်တယ်) ဘုရားရှင်လက်ထက်က လင်းလွန်းပင်ကြီးကတော့ မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကမှ မြန်မာပြည်ကနေ လင်းလွန်းပင် တစ်ပင် ပြန်လည် အစားထိုး စိုက်ထားတာတွေ့ရတယ်။ အဲဒီနေရာမှာ ကျောက်စေတီတွေ တွေ့ရပြီး ရာဇာရတနသတ္တာဟ လို့ခေါ်တယ်။
မဟာဗောဓိစေတီတော် တည်ရှိရာ ဂယာမြို့ပတ်ဝန်းကျင်မှာ တွေ့ရမယ့် သာသနာ့ဆိုင်ရာ အထိမ်းအမှတ်များကတော့ သိဒ္ဓတ္ထမင်းသား တောထွက်ကာ အနောမာသောင်ကမ်းအနီး ဆံတော် ပယ်တဲ့နေရာ၊ ၆ နှစ်တိုင်တိုင် ဒုက္ကရစရိယာ ကျင့်တဲ့နေရာ၊ ဥရုဝေလတောင်တန်း၊ သုဇာတာသူဌေးသမီးဃနာနို့ဆွမ်းချက်တဲ့ သေနနိဂုံးရွာ၊ ဘုရားအလောင်းတော် ရွှေခွက်မျှောတဲ့ နေရဉ္စရာမြစ်ကမ်း၊ သောတ္ထိယ မြက်ရှစ်ဆုပ် လှူတဲ့နေရာ တွေဟာ ခရီးသွား ဘုရားဖူးများအတွက် လှည်ပတ်ကြည့်ရှုတဲ့နေရာတွေ ဖြစ်ပါတယ်။
ဒီနေရာတွေဟာ ဘုရားရှင်လက်ထက်ကတော့ ဗုဒ္ဓဂယာလို့ မခေါ်ဘူး။ ဝိနယမဟာဝါပါဠိထဲမှာ ဘုရားဖြစ်ပြီးတဲ့နောက် ဘုရားရှင်ဟာ မိဂဒါဝုန်ကို ကြွတဲ့အချိန် မိဂဒါဝုန်နဲ့ မဟာဗောဓိဟာ (၁၈) ယူဇနာ (တစ်ယူဇနာကို ၁၃ မိုင်နီးပါးလို့ တွက်ချက်ကြသလို တချို့လည်း ၈ မိုင်ကျော်လို့ သတ်မှတ်တယ်) ကွာဝေးတယ် လို့ဆိုထားတယ်။ လမ်းခရီးမှာ ဘုရားရှင်နဲ့ ဥပကတို့ ဂယာမှာ တွေ့ဆုံကြတယ်။ အဲဒီအချိန် ဂယာနဲ့ မဟာဗောဓိဟာ သုံးဂါဝုတ်ကွာဝေးတယ် လို့ဆိုတယ်။ ဒါပေမယ့် ယခု ဂယာမြို့က ကျယ်လာ လူဦးရေများလာလို့ ဗုဒ္ဓဂယာနဲ့ ဆက်သွားလို့ မဟာဗောဓိလည်း ဂယာမြို့နယ်ထဲ ပါသွားခြင်းပါ။ ဂယာမြို့လည်း ဘုရားပွင့်ရာ ဒေသကို အမီပြုပြီး ဗုဒ္ဓဂယာ လို့ လူသိများလာခဲ့တယ်။ အင်တာနေရှင်နယ်အခေါ်ကတော့ Budhgaya ဗုဒ်ဂယာ လို့ပဲခေါ်တယ်။
စာဖတ်သူများ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
တောင်တန်း သာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စ၀်ဆုခမ်း ခေတ္တ ဗုဒ္ဓဂယာ) ၂၀၁၂ ဖေဖော်ဝါရီ
မှီငြမ်း -
(၁) မြန်မာ့ စွယ်စုံကျမ်း
(၂) Microsoft Encarta Premiums 2009, Budh Gaya
(၃) http://en.wikipedia.org/wiki/Bodhi_Tree
(၄) http://www.myanmarengineer.org

http://saitunsein.blogspot.com/2012/03/blog-post_13.html မှ ကူးယူဖေါ်ပြပါသည်။


ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

Thursday, December 6, 2012

ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားသမိုင်းအကျဉ်း


ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရားသမိုင်းသည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီး နှစ်ပေါင်း (၂၂၀)အကြာ၊ အိန္ဒိယပြည်တွင် သီရိဓမ္မာသောကမင်းကြီး တတိယသင်္ဂါယနာတင်သည့် အချိန်မှ စခဲ့သည်ဟု ဆိုရပါမည်။

မင်းကြီးသည် အကျင့်သိက္ခာနှင့် မညီသော ရဟန်းများကို သာသနာတော်မှ ဖယ်ရှားပြီး သာသနာတော် သန့်ရှင်းတည်တံ့ပြန်ပွားစိမ့်သောငှာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်အား အကြီးအမှုးပြု၍ ပိဋကတ်ကျမ်းဂန်၌ ကျွမ်းကျင်လိမ္မာသော ရဟန်းတော်အပါးတစ်ထောင်ကို ရွေးချယ်တော်မူ၏။ ထို့နောက်တတိယသင်္ဂါယနာတင်ပွဲကြီးကို ပါဋလိပုတ်ပြည်အာသောကာရာမကျောင်းတိုက်ကြီး၌ ကိုးလတိုင်တိုင် ကျင်းပတော်မူသည်။

ထိုမျှမကသေး မင်းကြီးသည် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ကြီးနှင့် တိုင်ပင်ကာ အခြားနိုင်ငံများတွင် သာသနာပြန့်ပွါးငှာ ကိုးတိုင်း ကိုးဌာနသို့ သာသနာပြုအဖွဲ့များစေလွှတ်တော်မူသည်။ တစ်ဖွဲ့လျှင် ရဟန္တာ (၅)ပါးစီ ပါဝင်စေပြီး သားတော် အရှင်မဟိန္ဒဦးဆောင်သောအဖွဲ့သည် ယခုအခါသီရိလင်္ကာဟုခေါ်သော သီဟိုဋ္ဌ်ကျွန်းသို့ ရောက်ရှိတော်မူသည်။

{မြန်မာနိုင်ငံ သုဝဏ္ဏဘူမိ သထုံပြည်သို့လည်း အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ် နှစ်ပါးဦးဆောင်သောအဖွဲ့ ရောက်ရှိလာသည်။ မြန်မာနိုင်ငံတွင် ကြီးမားသော သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်တော်မူကြသည်။

ရဟန္တာနှစ်ပါးသည် ကျိုက်ထိုမြို့မြောက်ဘက် တစ်မိုင်ခန့်အကွာ မောရတောင် (ယခုဘုရားသုံးဆူရွာတွင်) သောဏစေတီ၊ ဥတ္တရစေတီနှင့် အရှင်နှစ်ပါးပေါင်း၍ သောဏုတ္တရစေတီဟူ၍ စေတီသုံးဆူကို တည်ထားတော်မူသည်။ ၄င်းစေတီသုံးဆူကို အစွဲပြု၍ ယခုအခါ ဘုရားသုံးဆူတောင်ဟု ခေါ်တွင်သည်။

ရဟန္တာနှစ်ပါးသည် ဘီးလင်းမြို့မြောက်ဘက် ခြောက်မိုင်ခန့်အကွာရှိ သာယာလှပသော ကုသီနာရုံတောင်ပေါ်တွင် ပရိနိဗ္ဗာန်စံဝင်တော်မူကြသည်။ ပရိနိဗ္ဗာန်စံဝင်တော်မူသော ရုပ်ထုပုံတော်များကို အသစ်ပြုပြင်ထားသော ဂန္ဓကုဋီတိုက်တွင် ထားရှိပြီး ဒေသခံများနှင့် ရပ်နီးရပ်ဝေး ဘုရားဖူးများက လာရောက်ပူဇော်ကြသည်။}

ထိုအချိန်က သီဟိုဋ္ဌ်ကျွန်းနိုင်ငံကို ဒေဝါနံပီယတိဿမင်းကြီး စိုးစံတော်မူသည်။ အရှင်မဟိန္ဒ ဦးဆောင်သော သာသနာပြုအဖွဲ့ရောက်ရှိတော်မူလာသောအခါ မင်းကြီးသည် မိမိကိုယ်တိုင်လည်း ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာကြိုဆိုတော်မူသည်။ မင်းကြီးနှင့် ရဟန္တာအရှင်မြတ်တို့သည် သာသနာပြုလုပ်ငန်းများကို အစဉ်အတိုင်း ဆောင်ရွက်တော်မူကြသည်။

တစ်နေ့တွင် မင်းကြီးသည် အခြားနိုင်ငံများမှ လူအပေါင်းတို့သည်လည်း ဗုဒ္ဓရုပ်ပွါးတော်များကို ဖူးမျှော်ပူဇော်ရပါလျှင် လောကီအကျိုး၊ လောကုတ္တရာအကျိုးများရစေပြီး ဗုဒ္ဓဘာသာကို အလွန်သက်ဝင် ယုံကြည်လာကြလိမ့်မည်ဟု စဉ်းစားတော်မူသည်။

ထို့နောက် ဒေဝါနံပီယတိဿမင်းကြီးသည် မိမိ၏ အကြံတော်ကို အရှင်ဟိန္ဒအားလျှောက်ထားရာ အရှင်ဟိန္ဒကလည်း ကောင်းမြတ်သောအကြံဖြစ်သဖြင့် သင့်တော်ကြောင်း မိန့်ကြားတော်မူသည်။ ထိုအခါ မင်းကြီးသည် ပန်းပုပညာရှင် အကျော်အမော်တို့အား ရုပ်ပွါးတော်လေးဆူကို ထုလုပ်စေတော်မူသည်။ ပြီးစီးသောအခါ ရုပ်ပွါးတော်လေးဆူတို့အား တိုင်းသူပြည်သားများ နန်းတွင်းသူ နန်းတွင်းသားများနှင့်အတူ ရဟန်းတော်များအား ဆွမ်းလုပ်ကျွေးတော်မူလျှက် (၁၅)ရက်တိုင်တိုင် ပူဇော်ပွဲကျင်းပတော်မူသည်။

ထို့နောက် မင်းကြီးသည် မိမိကြံရွယ်ထားသည့်အတိုင်း အခြားနိုင်ငံများမှ လူများပူဇော်ကိုးကွယ်နိုင်စေခြင်းငှာလည်းကောင်း၊ ဗုဒ္ဓသာသနာပြန့်ပွါးစေခြင်းငှာလည်းကောင်း ရုပ်ပွါးတော်လေးဆူမှ တစ်ဆူကို ကျွန်းတုံးဖောင်ပေါ်တွင်လည်းကောင်း၊ တစ်ဆူကို ပိန္နဲတုံးဖောင်ပေါ်တွင်လည်းကောင်း၊ တစ်ဆူကို သင်္ကန်းတုံးဖောင်ပေါ်လည်းကောင်း တစ်ဆူကို ကျောက်လှည်းဘီးဖောင်ပေါ်တွင်လည်းကောင်း အသီးသီးတင်ကာ စည်ကားသိုက်မြိုက်စွာ အခမ်းအနားဖြင့် သမုဒ္ဒရာအတွင်းသို့ အဓိဋ္ဌာန်ပြုကာ မျောလွှတ်တော်မူလိုက်သည်။

ရုပ်ပွါးတော်လေးဆူတို့သည် နတ်၊ သိကြားတို့၏ အစောင့်အရှောက်ဖြင့် သာသနာတော်ထွန်းကားရာ မြန်မာနိုင်ငံသို့ဆိုက်ရောက်လာကြသည်။

တစ်ဆူမှာ ကျိုက္ခမီကမ်းခြေသို့ ဆိုက်ရောက်ပြီး “ကျိုက္ခမီရေလယ်ဘုရား” ဘွဲ့တော်နှင့် ကျော်ကြားလျက်ရှိပါသည်။ ပွဲတော်မှာ သီတင်းကျွတ်လပြည့်မှ လပြည့်ကျော် (၅)ရက်နေ့အထိဖြစ်သည်။ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများ လာရောက်ဖူးမျှော်ကြသဖြင့် အလွန်စည်ကားသည်။

 တစ်ဆူမှာ ထားဝယ်ကမ်းခြေသို့ ဆိုက်ရောက်ပြီး “ရှင်မုတ္တီး” ဘွဲ့တော်ဖြင့် ကျော်ကြားပါသည်။

အခြားတစ်ဆူမှာ ပုသိမ်ကမ်းခြေသို့ ဆိုက်ရောက်ပြီး ပုသိမ်မြို့ ရွှေမုတ္ထောစေတီတော်ကြီး၏ အာရုံခံတန်ဆောင်းတစ်ခုအတွင်း “သီဟိုဋ္ဌ်ရှင်ဘုန်းတော်ပြည့်ဘုရား” ဘွဲ့တော်ဖြင့် ကိုးကွယ်ပူဇော်ထားသည်။



ကျောက်လှည်းဘီးဖြင့် မျောလာသော ကျန်တစ်ဆူမှာ မွန်ပြည်နယ် ကျိုက်ထိုမြို့ ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရားဖြစ်ပါသည်။ ဘွဲ့တော်ကို မူလက “ကျိုက်ပေါလောဘုရား”၊ နောင်သော် ပကတိမျက်စေ့ကဲ့သို့ ကြည်လင်တောက်ပသော မျက်လုံးတော်ကို အစွဲပြု၍ “ကျိုက်ပေါလောမျက်ရှင်တော်ဘုရား”၊ ထို့နောက်တွင် လက်ျာဘက် နားထင်ပေါ်တွင်ရှိသော မှဲ့တော်ကို အစွဲပြု၍ “ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရား” ဟူ၍ အမျိုးမျိုးပြောင်းလဲခေါ်ဝေါ် ပူဇော်ကြပါသည်။

ကျောက်လှည်းဘီး

ယခု ဂေါပကအဖွဲ့သည် (၁၉၈၈)ခုနှစ် အစပိုင်းမှ (၁၉၉၉)ခုနှစ် မတ်လအထိ (၁၁)နှစ်ကာလအတွင်း အလှူငွေ စုစုပေါင်း (၃၄၆)သိန်းကို ရရှိခဲ့ပါသည်။

မြို့ခံအလှူရှင်များ၊ အနယ်နယ်အရပ်ရပ်မှ အလှူရှင်အပေါင်းတို့၏ ဤအလှူဒါနဖြင့် ရွှေသားပလ္လင်တော်ကြီး၊ ဂန္ဒကုဋီတိုက်ကြီး၏ ရွှေသားမျက်နှာကျက်တော်နှင့် ရွှေသားနံရံများ (ယခုပြုပြင်ဆဲ)ကို မြန်မာအနုပညာလက်ရာအလှအပတို့ဖြင့် ရွှေကျောင်းတော်ကြီးအဖြစ်ပြုပြင်လျက်ရှိပါသည်။

ထို့အပြင်ဘုရားဖူးများ တည်းခိုနိုင်ရန် နှစ်ထပ်ဆောင်ကြီး အသစ်တစ်ခုကို တည်ဆောက်ခြင်း၊ တရားဟောတရားနာရန် ဓမ္မာရုံကြီးတစ်ခု၊ သိမ်တော်ကြီးတစ်ခုနှင့် အခြားသာသနိက အဆောက်အဦးများ ပြုပြင်ထိန်းသိမ်းခဲ့ပါသည်။ အလှူရှင်အပေါင်း သာဓုအနုမောဒနာခေါ်နိုင်ကြပါကုန်။

ဘုရားသမိုင်းအကျဉ်းနှင့်ပတ်သက်၍ ဂေါပကအဖွဲ့မှ အမှာစာ.....
ကျိုက်ထိုမြို့ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားသမိုင်းအကျယ်တွင် သမိုင်းပြုစုသူ စစ်တောင်းမြို့ အလယ်တန်းကျောင်းအုပ်ဆရာကြီး ဦးစိုးနိုင် (စိုးရာဇာ)က ဘုရားတည်ရှိရာ ကျိုက်ထိုမြို့နောက်ခံသမိုင်း၊ သုဝဏ္ဏဘူမိမြို့ဟောင်း နောက်ခံသမိုင်း၊ ရှေးခေတ် မွန်လူမျိုးတို့အကြောင်း၊ သုဝဏ္ဏဘူမိသို့ သာသနာရောက်ရှိလာပုံအကြောင်းစသည်တို့ကို သိမှတ်ဖွယ်ရာ အဖြာဖြာနှင့် စုံလင်စွာရေးသားခဲ့ပါသည်။

သို့သော် ဘုရားဖူးလာ သူတော်ကောင်းတို့အနေဖြင့် မအားမလပ် အချိန်မပေးနိုင်ကြမည်စိုးသောကြောင့် ဘုရားသမိုင်းကို အကျုဉ်းချုံးရေးသားထုတ်ဝေခြင်းဖြစ်ပါသည်။

မျောလေးမျောသမိုင်းဝင် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားသမိုင်းအကျဉ်း မှ ကူးယူဖေါ်ပြပါသည်။

လေးစားစွာဖြင့်
ခရစ္စတလ်

Sunday, March 18, 2012

ဆန္ဒရှိမယ်ဆိုရင် ...။

ရောဂါမျိုးစုံပေါ်ထွန်းခေတ်ကာလထဲမှာ သွေးတိုး၊ ဆီးချိုလို သက်ဆုံးတိုင်ခံစားရတဲ့ ရောဂါမျိုး အခြားရောဂါတွေလည်း ရှိကြတယ်။ ဆေးစား ဆေးသောက်လို့ ရောဂါကို ထိန်းထားပြီး သက်တမ်းစေ့နေသွားနိုင်ကြတဲ့ လူတွေလည်း အများကြီးပေါ့...။ အဲဒီလိုပဲ HIV တို့ အနာကြီးရောဂါသည်တို့ဆိုရင်လည်း လူတွေ ရောဂါနာမည်ပေါ်ကြည့် ခွဲခြားဆက်ဆံချင်ကြတယ်၊ ခွဲခြားမြင်တဲ့ သူတွေ များတယ်။ မကူးနိုင်ပါဘူးဆိုလည်း ကြောက်ကြတယ်။ ဘာလို့ ကြောက်တာလဲ ဆိုတော့ ရှင်းရှင်းလေးပါပဲ သေသေချာချာမသိသေးလို့ပါ။ ဒါဆို လူအများ သေသေချာချာ သိဖို့လိုတာပေါ့နော်။ ကျမတို့ နိုင်ငံမှာ အသိပညာတွေ လက်ဆင့်ကမ်းဖို့ အများကြီး လိုနေပါသေးတယ်။ မသိလို့ မှားကြတာတွေ မသိလို့ ကြောက်ရတာတွေကို ကျမတို့ ဘယ်လိုကျော်လွှားနိုင်ကြမလဲ...။

မြန်မာနိုင်ငံထဲမှာ နေရာတော်တော်စုံစုံကို သွားခဲ့ဖူးတယ်၊  လူတော်တော်များများကို ကြည့်ရင် အခြား မကောင်းတာတွေတော့ စုံအောင်သိကြပါတယ်၊ ကောင်းတာ သိသင့်တာဆို မသိကြပါဘူး။ ကျမကတော့ ရောက်လေရာမှာ ကိုယ့်အလုပ်နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် အမြင်မတော်နေရင် ထုံးစံအတိုင်းပေါ့ လျှာကရှည်လိုက်သေးတယ် တားမရဘူး၊ ကိုယ့်တာဝန်ကြီးလိုပဲ။ အမေဆို ခဏခဏ အနောက်က လိုက် ဘရိတ်အုပ်နေရတယ်။ ယောက်ျားကတော့ အလုပ်ကို စွဲလန်းလွန်းတယ်ပေါ့။ မြင်နေတာကိုးးး မနေနိုင်ဘူးလေ။ လက်လှမ်းမှီရာကို မပြောရရင်ကို မနေနိုင်ဘူး။ ပြောတာမကြိုက်လို့ မုန်းချင်လဲ မုန်းပေါ့၊ တတ်နိုင်ပါဘူး၊ ကိုယ့်စေတနာ နားမလည်ရင်တော့ သူတို့တွေ ဒုက္ခနဲ့တွေ့မှ နားလည်ကြမှာ။ အခုတော့ ထိုင်းမှာ နေပြီး၊ ယောက်ျားလုပ်စာ ထိုင်စားရင်း အငြိမ်းစားရသွားတာ :)။ အဲလိုလဲ မထင်လိုက်နဲ့အုံးလို့။ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးတွေက ခလုပ်တိုက်မိရင် လုပ်ပေးနေရသေးတယ်။ လိုရင်းမရောက်မှာစိုးလို့ ခဏရပ်အုံးမှ... :D

လိုရင်းကို ပြန်ဆက်ရရင်တော့ ကျန်းမာရေးကိစ္စဆိုရင် ခရစ္စတလ်တစ်ယောက် ငယ်ငယ်တည်းက ချူချာတဲ့သူဆိုတော့ နေမကောင်းဖြစ်တဲ့သူတွေ့ရင် ကိုယ်ချင်းစာတယ်၊ သူတို့လေးတွေရဲ့ ခံစားမှုကို နားလည်ပါတယ်။ နေမကောင်းဖြစ်ရတဲ့အချိန်မှာ ဘဝဟာ ပျော်စရာကို ဘယ်ကောင်းနိုင်မှာလဲနော်၊ ပြီးတော့ ဒီလိုလည်း ဘယ်ဖြစ်ချင်မှာလဲ။ ဒီတော့ ကိုယ့်လိုပဲ ကျန်းမာရေးနဲ့ ပတ်သက်ရင် အားနည်းတဲ့သူတိုင်းကို ကူညီပေးချင်ပါတယ်၊ တတ်အားသရွေ့ပေါ့။

အမှောင်ထုထဲက အလင်းစက်ကို အစပြုလို့ ဖဘထဲက ကြောင်ဂိုဏ်းဝင်များနဲ့ ချစ်မိကြတယ် ဆိုကြပါစို့...။ ဒီလိုနဲ့ တနေ့မှာ ဖဘက အမှတ်မထင် မြန်မာမုဒိတာလူငယ်များအဖွဲ့က ကိုညိမ်းနိုင်တစ်ယောက်

အတွက် ထိုင်းနိုင်ငံဘက်မှ ကူညီဖို့ စကားစပါတယ်။ အမှန်တော့ ဒမ်ဒမ်ရဲ့ စီဘုံးမှာ ကိုယ်က ပျိုးခဲ့တာ ဟိ ဟိ။ သူတို့ထဲမှာလဲ မမကွန်ပြီးရင် ကိုယ်က အသက်အကြီးဆုံးဖြစ်နေတယ်။ သူတို့ ပရဟိတအလုပ်လေးတွေ လုပ်နေတော့ ကိုယ်ကလည်း မကူရင် မကောင်းဘူးမဟုတ်လားးး။ ကိုယ်တိုင်ကလည်း ဝါသနာမပါရှာတော့ ထုံးစံအတိုင်း ကူမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုဆိုတော့ ဘယ်လိုလုပ်ကြမလဲ ဘယ်လိုလုပ်ရမယ် စဉ်းစားစရာတွေ တသီကြီးပါပဲ။

အလှူငွေကောက်ခံခြင်းကိစ္စ
အလှူငွေလေး ရသလောက် ကောက်ပြီး လှူလိုက်တာက လွယ်ပေမယ့် ဒီလိုကိစ္စမျိုးဆိုတာ ငွေက အမြဲလိုအပ်နေတာမဟုတ်လား။ ငွေပဒေသာပင်ထဲကို ထည့်ဝင်နိုင်ရင် ပိုအကျိုးရှိပါမယ်။ အလှူခံပုဂ္ဂိုလ်တွေအနေနဲ့လည်း ရေရှည်အကျိုးရှိနိုင်မယ်လို့ တွေးမိတယ်၊ ဒါ့အပြင် လှူဒါန်းတဲ့သူတွေလည်း တစ်သက်တာ ကုသိုလ်ရပေါ့။ အလှူငွေကောက်ခံဖို့နဲ့ ပတ်သက်ပြီး ဆက်စပ်စဉ်းစားမိတော့ အနာကြီးရောဂါနဲ့ ပတ်သက်ပြီး ထိုင်းမှာရှိတဲ့ ရွေ့ပြောင်းအလုပ်သမားများကို ကျန်းမာရေးအသိပညာတွေ မျှဝေပြီး အလှူငွေလှူဖို့ တိုက်တွန်းကြမလား။ ဘာကြောင့်လဲဆိုတော့ ကာလသားရောဂါနဲ့ အနာကြီးရောဂါသည်တွေကို အမှတ်မှားကြတယ်မဟုတ်လား။ သောင်းကျန်းလွန်းရင် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ ခံဆိုတဲ့ သဘောထားတွေနဲ့ အနာကြီးရောဂါသည်တွေကို မှားပြီး ခွဲခြားဆက်ဆံကြ လူမှုအသိုင်းအဝိုင်းထဲက ထုတ်ပယ်ထားကြပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် ဗဟုသုတလည်းရ၊ အလှူငွေလည်း ထည့်ဝင်ဆိုရင် အဖိုးတန် အကျိုးထူးနှစ်ခု တပြိုင်နက်ရနိုင်ကြပါလိမ့်။

နောက်တစ်နည်းကတော့ ထိုင်းနိုင်ငံမှာ တရားပွဲကျင်းပဖို့ရာ ခရစ္စတလ် ကူညီတောင်းရင် ဆရာတော် သံဃာတော်များကလည်း ကူညီကြမှာပါ။ တခါမှ ကူညီတောင်းဖူးဘူးလေ၊ ပြီးတော့ ကုသိုလ်ရေးဆိုတော့ ကူညီဖို့ အားတက်သရောရှိမယ်ပေါ့။ ဟုတ်တယ် မဟုတ်လား ဘုန်းဘုန်းတို့ (မှန်လိုက်လေ ဒကာမကြီးရေ) ကိုယ့်ဖာသာ မေး၊ ကိုယ့်ဖာသာ ဖြေလိုက်ပါတယ် :)။ အလှူငွေထည့်ဝင်တဲ့သူတွေအတွက်လည်း တရားလည်းနာရ၊ အလှူထည့်ဝင်တဲ့အတွက်လည်း အာယုဒါနမြောက်ခြင်းဖြင့် ကုသိုလ်နှစ်ခု တပြိုင်နက်ရနိုင်တာမို့ သိပ်ကောင်းတဲ့ အစီအစဉ်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်နော်။

အလှူပေးခြင်းနဲ့ ပတ်သက်လို့ တစိတ်တဒေသ
* စကားစပ်မိလို့ ပြောရရင် ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ နှစ်ပြားတန်ဆောင်းဆိုတာ ကြားဖူးကြလား မသိ၊ ရှေးခေတ်က ဈေးသူဈေးသားတွေ တစ်နေ့ နှစ်ပြားစုပြီး လှူဒါန်းခဲ့လို့ နှစ်ပြားတန်ဆောင်းလို့ အမည်တွင်ခဲ့တာပေါ့။ ဒီလိုပဲ ထိုင်းမှာလည်း တစ်ဘတ်စေ့လေးတွေ နှစ်ဘတ်စေ့လေးတွေ စုဘူးလေးနဲ့ စုပြီး တချိန်မှာ လှူဒါန်းနိုင်လည်း အများကြီး လှူနိုင်တာပါပဲနော်။

* ထိုင်းမှာ ပန်းရောင် saving bank တစ်ခုရှိတယ်၊ ကလေးတွေအတွက် မိဘတွေက ငွေစုပေးထားပြီး ကလေးအသက် (၁၈)နှစ်ပြည့်ရင် ငွေထုတ်နိုင်ပါတယ်။ ဘဏ်ကလည်း အတိုးနှုန်းပေးပါတယ်။ နောင်အနာဂတ်မှာ ကောင်းအောင် စနစ်တွေ စည်းကမ်းတွေနဲ့ လုပ်ပေးထားတာပါ။ ကလေးရဲ့ အနာဂတ်ကောင်းဖို့အတွက်ပါ။

* စာသင်တိုက်ဖြစ်ဖြစ် တရားရိပ်သာဖြစ်ဖြစ် အလှူကြီးပေးပြီးတဲ့နောက်နေ့ အလှူရှင်တွေ ဘုန်းကြီးကျောင်းကို တခေါက် သွားကြည့်စေချင်တယ်၊ အလှူကြီးပေးတဲ့နေ့သာ စားကောင်းသောက်ဖွယ်တွေ ဖွယ်ဖွယ်ရာရာ၊ နောက်နေ့ အလှူရှင်မရှိရင် ငပိရည်ကြိုလေး၊ ပဲကတ္တီပြုတ်လေးတွေ။ ဒါမျိုးတွေ တွေ့တော့ အိမ်က လူကြီးတွေကို မေးကြည့်မိတယ် ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ၊ အမြဲတမ်းဆွမ်းစရိတ်မှာ အတော်နည်းပါးတော့ အလှူရှင်မရှိတဲ့ ရက်တွေဆို အဆင်ပြေသလိုလေး ဘုန်းပေးကြတဲ့ သံဃာတွေ၊ သီလရှင်ဆရာလေးတွေ၊ ယောဂီတွေ မြန်မာပြည်မှာ ထုနဲ့ဒေးပါ။

တွေးကြည့်နိုင်ဖို့ ဥပမာလေးတွေ ပြောကြည့်တာပါ။ 

အလှူခံသူနဲ့ လှူဒါန်းသူအကြား 
အလှူခံတဲ့သူတွေအနေနဲ့လည်း လှူဒါန်းလိုက်တဲ့ အလှူစိတ်ထဲမှာ လှိုက်လှိုက်လှဲလှဲကျေနပ်ဝမ်းသာစေချင်ပါတယ်။ ဥပမာ-အလှူခံလာတာနဲ့ အလှူခံတော့မယ်ဆိုတာမျိုးကြီး မငြိုငြင်စေချင်ဘူးလေ။ ပြီးတော့ တကယ့်ကို စိတ်ထဲက ကြည်ကြည်နူးနူး စင်ကြယ်စွာလှူဒါန်းတာမျိုး ပိုအကျိုးရှိတယ် မဟုတ်လား။ တာဝန်တစ်ခုလို လှူဒါန်းတာမျိုးလည်း မဖြစ်စေချင်ပြန်ဘူး။ တချို့ဆို လစဉ်အလှူငွေ လိုက်ကောက်ပြီး အလှူရှင်တွေက ငွေစိုက်ထားခိုင်းလို့ အလှူငွေလိုက်ကောက်သူမှာ ဝန်ပိရတာတွေလည်း ကြားဖူးတာရှိပါသေးတယ်။ အများအတွက်လုပ်ပေးကြတာဆိုတော့ အားလုံးညီညွတ်မှ နားလည်ပေးနိုင်ကြမှ စုပေါင်းလုပ်တဲ့ ကိစ္စတိုင်း အောင်မြင်ကြတာပါ။

ဒါကြောင့် လိုအပ်တဲ့ အချက်အလက်လေးတွေ စုဆောင်းလိုက်ပါတယ်။
ဒီလင့်လေးကို ဖတ်ကြည့်နိုင်ပါတယ်။

ခရစ္စတလ်လည်း နှစ်ဘတ်စေ့လေးတွေ စုတယ်၊ ဟိုတလောက ဆွမ်းခံကိုယ်တော်ကို လှူလိုက်တာ ဘတ်သုံးရာတောင် ရတယ်၊ အဲဒီစဥ့်အိုးသေးသေးလေးထဲက။ ကိုင်း စုလိုက်တော့ များလာတယ်မဟုတ်လား။ ခရစ္စတလ် ကျောင်းမပြီးခင် ပထမဆုံးအလုပ်ဝင်တုန်းက ရတဲ့လခကို  ဆွမ်းစရိတ်ပဒေသာပင်စိုက်ထူခဲ့ဖူးတာလေး ဒီနေ့ ပြန်အမှတ်ရမိတယ်။
ဒီတော့ ပိုက်စံစုတာဖြစ်ဖြစ်၊ ကုသိုလ်စုတာဖြစ်ဖြစ် 
စု နိုင်တော့ ချမ်းသာတာပေါ့။ လောကီ လောကုတ္တရာ ပြောပါတယ် :)

-------------------------------------------------------------------၀၀၀-------------------------------------------------
မဒမ်ရဲ့ အမျိုးသား“ကိုရင်”ရေးထားတဲ့ ပိုစ့်ကို မုဒိတာပွါးကြပါအုံးနော်..........။
မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ ဒုတိယမြောက်ခြေလှမ်းပါခင်ဗျာ.....၊လောလောဆယ် အလုပ်တွေရှုပ်နေတာကြောင့် ဒီအလှူနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ပို့စ်မရေးလိုက်နိုင်ခဲ့ပါဘူး...၊ ကိုရင်တင်ထားတာကိုပဲကော်ပီလိုက်ရပါတယ်ခင်ဗျား.....:)))) 
အားလုံးမင်္ဂလာပါခင်ဗျား။
မြန်မာမုဒိတာလူငယ်များအဖွဲ့၏ ဒုတိယမြောက်အလှုအဖြစ် မရမ်းချောင်း အနာကြီးရောဂါသည်ဂေဟာကို ဧပြီလပထမပတ်တွင် လိုအပ်သည်များကို တတ်နိုင်သလောက် လှုဒါန်းရန် စီစဉ်ထားပါတယ်ခင်ဗျား။ အလှုငွေ ရရှိမှု အပေါ်မူတည်ပြီး

၁။ငွေသားအလှူ


၂။ဆေး၊ ဆန်အလှူ


၃။အ၀တ်အထည်


၎။ဝှီးချဲ များကို အလှုငွေ ရရှိတဲ့အပေါ်မူတည်ပြီး လှူဒါန်းနိုင်ဖို့ စီစဉ်ထားပါတယ်။
ပါဝင်အားဖြည့် လှူဒါန်းလိုသူများအား ကျွန်တော်တို့အဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျား။

မရမ်းချောင်း အနာကြီးရောဂါသည် စောင့်ရှောက်ရေးဂေဟာအကြောင်း

ရန်ကုန်တိုင်း၊ လှည်းကူးမြို့ နယ် ဖောင်ကြီးအလွန်မှာ ဂေဟာ တည်ရှိပါတယ်။ လက်ရှိ ဂေဟာက စောင့်ရှောက်ထားသူ ဝေဒနာသည် ကျား ၅၇ဦး၊ မ ၄၆ဦး စုစုပေါင်း ဝေဒနာသည် ၁၀၃ဦး ရှိပါတယ်။
 
နေ့စဉ် လူနေမှုဘဝ

ဝေဒနာရှင်တွေဟာ မနက်စောစော ဘုရားဝတ်တက်ကြတယ်။ ပြီးရင် စောင့်ရှောက်ရေးဂေဟာက ဆန်(၇)ပြည်လောက် ချက်ထားတဲ့ ထမင်းကို ဆီငါးကျပ်သား တစ်ဆယ်သားလောက်ထည့်ပြီး ကြော်ထားတဲ့ထမင်းကို ကျွေးပါတယ်။ အလှုရှိတဲ့နေ့ဆို အသားဟင်းနဲ့ သူတို့စားသောက်နေကြပုံက အလွန်ကို အားရစရာ ကောင်းလှပါတယ်။ အလှုရှင် မရှိတဲ့နေ့ဆိုရင် သူတို့တွေဟာ ပြုတ်မနူးပဲ၊ပြုတ်နူးပဲတွေကို အရည်ကျဲချက်လိုက်၊ ကုလားပဲဟင်းလို ချက်လိုက်နဲ့ မျိုးစုံချက်ကျွေးတာနဲ့ပဲ စားကြရပါတယ်။ ညစာကိုလည်း စောစောကလို စားအပြီးမှာ မြေစိုက်တဲ ဓမ္မာရုံကို သွားကြပြီး တရားနာခြင်းအမှုကို ပြုကြပါတယ်။

တစ်နှစ်ပတ်လုံး ဝေဒနာသည်တွေ နှစ်ကြိမ်ပဲ စားခဲ့ဖူးတယ်ဆိုတဲ့ ဒံပေါက်ထမင်း

ဆရာဝန်လာတဲ့ ရက်တွေမှသာ ဆေးခန်းပြခွင့်ရှိပါတယ်။ လက်ရှိ အချိန်မှာ တိုက်နယ်ဆေးရုံလေးက ဆရာဝန်လေးဟာ ဆယ်ရက်တစ်ခေါက်သာ ရောက်ဖြစ်တယ် ပြောပါတယ်။ အချိန်ပြည့် blue staff တစ်ယောက် ရှိပေမဲ့ လက်ရှိ လူနာအင်အားနဲ့က တော်တော့်ကို ကွာခြားနေပါတယ်။

ဒီလို ဖိနပ်တွေ စီးကြရပါတယ်။

သူတို့တွေရဲ့ ခြေချောင်းတွေဟာ တစ်ဖက်နဲ့တစ်ဖက် အတိုအရှည် မညီကြပါဘူး။ ဒါကြောင့် သူတို့တွေအတွက် အထူးပြုလုပ်ထားတဲ့ ဖိနပ်တွေ စီးကြရပါတယ်။ ဒါပေမဲ့ အဲဒီ အထူးပြုလုပ်ထားတဲ့ ဖိနပ်ကိုလည်း တစ်ခါတစ်လေသာ လှုဒါန်းမဲ့သူ ရှိပါတယ်တဲ့။ အဲလိုအချိန်မှာတော့ ခြေထောက်မှာ ဖြစ်နေတဲ့ အနာရောဂါတွေဟာ သက်သာလေ့ရှိပါတယ်။ ဖိနပ်ပြတ်သွားပြီး လှူဒါန်းမဲ့လူမရှိရင်တော့ လက်ရှိ အများစီးနေတဲ့ ဖိနပ်တွေကို ကြိုးတွေဆိုး ဖြတ်ညှပ်ပြီး စီးနေကြရပါတယ်။

သူတို့တွေရဲ့ မျိုးဆက်ကလေးတွေ

အနာကြီးရောဂါသည် ခံစားခဲ့ရတဲ့လူတွေဟာ သာမန်လူတွေပဲ ဖြစ်တာမို့ အိမ်ထောင်ပြုနိုင်ကြသလို သားသမီးတွေလည်း ထွန်းကား ကြပါတယ်။ သူတို့မှာ ဝေဒနာရဲ့ ဖိစီးမှုတွေကြောင့် ဒဏ်ရာဒဏ်ချက်တွေနဲ့ ခံစားကြရပေမဲ့ အနာကြီးရောဂါဆေး သောက်ထား တာကြောင့် မွေးလာတဲ့ သားသမီးလေးတွေမှာတော့ ရောဂါကင်းကြပါတယ်။ သူတို့ သူတို့လေးတွေဟာလည်း မှီတွယ်စရာ ဂေဟာလေးမှာ နေထိုင်ရင်း အလှူရှင်တွေရဲ့ လှူဒါန်းမှုကို မျှော်လင့်ကာ ဘ၀ကို ချို့ တဲ့စွာ ဖြတ်သန်းနေကြရပါတယ်။

ကျွန်တော်တို့ ဘာ့ကြောင့် သူတို့ကို ကူညီသင့်သလဲ

အနာကြီးရောဂါသည်များကို အရပ်ထဲမှာ (မရိုသေစကား) အနူလို့ ခေါ်ဝေါ်ကြပါတယ်။ လူတောထဲ အ၀င်မခံ ရွံကြပါတယ်။ ရောဂါ ကူးမှာ ကြောက်ကြပါတယ်။ ရောဂါသည်တွေ ကိုယ်တိုင်ကလည်း လူတွေကြားထဲ မသွားရဲ မလာရဲ အမြဲတမ်း စိတ်အားငယ်နေကြ ပါတယ်။ အနာတစ်ခုဖြစ်ရင် လွယ်လွယ်နဲ့ မပျောက်ပဲ အဆိုးဆုံး အခြေအနေထိ ခံစားရပြီး ဖြတ်တောက်ပစ်ရပါတယ်။ အနာကြီးရောဂါ ကုသဆေး သောက်ထားကြလို့ ကူးစက်နိုင်ခြင်း မရှိကြတော့ပေမဲ့ နောက်ဆက်တွဲဝေဒနာတွေက မရှုမလှပါဘူး။  ခြေလက်တွေဟာ ထုံနေကြပြီး ခြေထောက်ကို သံစူးရင်တောင်မသိနိုင်ကြပဲ ပေါင်မှာအကျိတ်ခိုလာမှ အနာရှိလောက်တယ်ထင်ပြီး ဖြဲရှာရတဲ့ဘ၀တွေပါ။ တစ်ချို့ တွေဆို ဘီးတပ် ကုးလားထိုင်ပေါ်မှာပဲ ဘ၀ကို ကုန်ဆုံးနေရပါတယ်။


ဂေဟာမှ ဝေဒနာသည် အဖွားအရွယ်တစ်ဦး

အဲဒီဝေဒနာရှင်တွေဟာ အရင်က ကျွန်တော်တို့လို လူကောင်းတွေပါပဲ။ ကံတရား၊ စိတ်၊ ဥတု၊ အဟာရမမျှတမှုတွေကြောင့် အရွယ်မျိုးစုံမှာ အနာကြီးရောဂါကို ခံစားခဲ့ကြရင်း လူတောမတိုင်းနိုင်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ကူညီသည့်သူများကို အားကိုးရင်း အသက်ဆက်နေရသူတွေ ဖြစ်ပါတယ်။ လက်ရှိ အဆိုပါ ဝေဒနာရှင်များအတွက် လှူဒါန်းနေသူများ ရှိကြသော်လည်း လှူဒါန်းမှုအားမှာ ဆင်၏ ခံတွင်းကို နှမ်းပက်သလို အရမ်းကို အားနည်းနေပါသေးတယ်။

ဆေးထည့်တဲ့အခါ ခြေထောက်တင်တဲ့ခုံကို ကြည့်ခြင်းအားဖြင့် လိုအပ်မှုတွေကို ထင်သာ မြင်သာစေပါတယ်။

ထိုသူတွေအတွက် ဆန်၊ဆီ၊ဆေး၊အ၀တ်အထည်၊ ၀ှီးချဲများ တကယ့်ကို လိုအပ်နေပါတယ်။ အလှုရှင်တွေ လိုအပ်နေပါတယ်။ အကယ်၍ စိတ်ပါဝင်စားစွာ လှုဒါန်းလိုသူများအနေနဲ့ မိမိတို့ နေထိုင်ရာ နိုင်ငံအလိုက် အောက်ပါ အကျိုးတော်ဆောင်များထံ ၂.၄.၂၀၁၂ နောက်ဆုံးထားပြီး ဆက်သွယ် လှုဒါန်းနိုင်ကြပါတယ်ခင်ဗျား။

ဗြိတိန်မှ အကျိုးတော်ဆောင်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com

+၄၄ ၇၇၄၀ ၉၈၃၉ ၄၂

အမေရိကမှ အကျိုးတော်ဆောင်
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com

+၁၂၀ ၁၈၈၈ ၉၇၅၁

စင်ကာပူနိုင်ငံမှ အကျိုးတော်ဆောင်များ
၁။ကိုငြိမ်းနိုင် @ ကိုနိုင်ထွဋ်
eikunaing@gmail.com

+၆၅ ၉၀၂၂ ၁၈၀၇

+၆၅ ၉၈၈၂ ၉၀၇၈

၂။ကိုရင် + မဒမ်ကိုး

celestial.whiteangle@gmail.com

+၆၅ ၈၃၇၅ ၁၀၆၉

ထိုင်ဝမ်မှ လှုဒါန်းလိုသူများအတွက်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀

jerrypigpig@gmail.com

ထိုင်းနိုင်ငံမှ အကျိုးတော်ဆောင်
မခရစ္စတယ်
Tel: +668 5113 7722
gmail: blissofus@gmail.com
မလေးရှားနိုင်ငံ အကျိုးတော်ဆောင်
၁။ဇင်ငြိမ်းဦး(မြန်မာ အိုင်တီနန်းတော်)
+၆၀ ၁၇၇၀ ၅၈၂ ၁၉

၂။မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com

+၆၀ ၁၆၃၂ ၄၉၆ ၉၁

၃။မောင်ဘုန်း
mr.janjarom@gmail.com
+၆၀ ၁၀၂၈၂၇၀၇၁

၎။မိုးဇက် (ကလန်း)
bloggermoses@gmail.com
http://www.facebook.com/profile.php?id=100003084986957

ဂျပန်နိုင်ငံ အကျိုးတော်ဆောင်
နေဝသန်@ ရန်နိုင်
nay.naywathan@gmail.com
+81 80 3852 5214

မြန်မာနိုင်ငံ အကျိုးတော်ဆောင်
၁။andrew @ကျော်စွာစိုးမြတ်
andrewkc189@gmail.com

+၉၅၁ ၆၄၃ ၀၈၆

၂။သမီးစံ
sandartinmyint@gmail.com
+၉၅၁ ၃၉၁ ၇၅၄
+၉၅၁ ၃၉၁ ၀၀၃
http://www.facebook.com/profile.php?id=100003084986957#!/mi.san1

လှုရှင်များအား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလျက်
MMYG လူငယ်များအဖွဲ့ ကိုယ်စား
ကိုရင်
18:00( GMT)



“ဘဝများကို ဖေးကူလို့ စာနာရိုင်းပင်းကြပါစို့” လို့ ထပ်ဆင့် ပြောရင်း လှူဒါန်းလိုသော စိတ်လေး ဖြစ်ပေါ်လာရင် ဆန္ဒတစ်စုံတရာ ရှိမယ်ဆိုရင် မိမိတို့နဲ့ လက်လှမ်းမီရာ သူငယ်ချင်းများမှ တဆင့် လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းလိုက်ပါရစေနော်။ လိုအပ်တဲ့ နေရာလေးတွေမှာ လှူဒါန်းခြင်းဖြင့် ကုသိုလ်တူတူစုကြရအောင်နော်...။

ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်