သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, May 3, 2012

“အဆိုးနဲ့အကောင်း၊ အကျိုးနဲ့ အကြောင်း”

 ထိုင်းနိုင်ငံမှာ မြန်မာတွေ ထီးတော်တင်လှူထားသော စေတီတစ်ဆူ

ဧပြီလမှာ အလည်ကြလာတဲ့ ညီမငယ်ရဲ့ သားငယ်လေးက ရန်ကုန်က အင်္ဂလိပ်ကျောင်းတစ်ခုမှာ သုံးနှစ်အရွယ် မူကြိုတက်နေတော့ စကားမပီတပီနဲ့  "which one is good, aunty? ..."သူရဲ့ အမေးစကားတွေက တွင်ကျယ်စွာ ဒီလိုလေး မေးတတ်နေပြီ၊ လေဆိပ်မှာ ဘန်ကောက်မြို့ကို ရောက်ပြီဆိုတော့... ဒါ..ဘန်ကောက်လား oh, this is Bangkok လို့ တွင်တွင်ပြောပါတယ်။ ဘန်ကောက်က ဘာထူးလို့လဲ မေမေ၊ သားတို့ဆီမှာလည်း ကားတွေ ရှိတာပဲလို့ ဆိုတယ်။ စူးစမ်းတတ်တဲ့ သိလိုစိတ်နဲ့ မေးတတ်တာလေးတွေ ကောင်းတဲ့ဘက်ကို ဦးတည်နေတာမို့ လူကြီးတွေက ကလေးငယ်တွေကို သေချာဖြေပေးရတဲ့ အချိန်လည်းဖြစ်တယ်မဟုတ်လား။ ဒီအရွယ်လေးတွေ စူးစမ်းတဲ့ အသိနဲ့ စကားလေးတွေက မထူးဆန်းသလိုနဲ့ အဓိပ္ပါယ်တော်တော်လေး သက်ရောက်စေပြန်ပါတယ်။

သူ့အမေက မကောင်းတာ မလုပ်ရဘူးဆိုတာကို သေချာသင်ထားလေတော့ တခုခုဆို which one is good or bad, aunty? မေးနေတော့တာပဲ။ မကောင်းဘူး၊ မလုပ်ရဘူးဆိုလည်း ပြောစကားနားထောင်ပါတယ်။ တကယ်လိမ္မာအေးချမ်းတဲ့ ကလေးပါ။ ဒီလို သားအလိမ္မာမျိုးလေး နှစ်ယောက်လောက်တော့ မွေးလိုက်ချင်သားးး (င့ါနှယ်... လောဘကြီးထာာာနော်)

ကလေးရဲ့ အမေးစကားနဲ့ ပြင်ပမှာ လတ်တလောလေးက ဖြစ်ပျက်တို့နဲ့ ယှဉ်တွဲမိပြီး တစ်ကိုယ်တည်း ပြုံးမိပါတယ်။ ကိုယ်တွေးမိတာလေးကို ခရစ္စတလ်ရဲ့ အိမ်လေးဆီ အလည်လာကြတဲ့သူတွေလည်း မျှဝေကြည့်ချင်လို့ အတွေးတွေကို စာသားအသွင် ပြောင်းလိုက်ပါရဲ့နော်း)

အဆိုးနဲ့အကောင်း ...
မကြာခင်ကာလမှာ ပြီးသွားခဲ့တဲ့ မြန်မာတွေ နှစ်ကူးကာလ၊ ထိုင်းတွေ နှစ်ကူးကာလကို ကြည့်မိရင်း နီးနီးစပ်စပ် တွေးမိပါရဲ့။ အတိတ်ကာလတုန်းက သင်္ကြန်ကျတဲ့ ရက်တွေမှာ ကားတစ်စီးနဲ့ လျှောက်လည်ဖူးခဲ့လေတော့ သင်္ကြန်တွင်း သဘာဝများနဲ့ မစိမ်းပါဘူး။ မူးကြတာတွေ ရမ်းတာတွေရှိသလို အေးချမ်း ပျော်ရွှင်စွာ မိသားစုတွေနဲ့ လည်ကြတာတွေလည်း  ရှိကြပါတယ်။ မဏ္ဍပ်တွေမှာ ပျော်တဲ့သူက ပျော်၊ လွန်တဲ့သူတွေက လွန်ကြပေါ့။ မဏ္ဍပ်တွေကို ဆောက်တဲ့ သူတွေကလည်း ကိုယ့်မဏ္ဍပ်ကို လူစည်ကားစေချင်ကြသေးတာ။ လူစည်နိုင်မယ့် နည်းလမ်းတွေလည်း အမျိုးမျိုး အဖုံဖုံ ကြံစည်ကြ ပြုလုပ်လာကြတာပြန်ပါတယ်။
ပထမတော့ ကောင်မလေး ချောချောလေးတွေ ရေလာပက်စေချင်ကြတယ်၊ ရေပက်ခကြေးတွေလည်း မနဲပါဘူး။ တစ်ရက် သုံးသောင်း (အခုဆို ဈေးတက်လောက်ပြီ ထင်ရဲ့) သင်္ကြန်ရက် အကုန်ပက်မယ်ဆို ဈေးလျော့ပေးမယ်ပေါ့။ ဒါက တစ်မျိုး၊ နောက်ပိုင်းတော့ ပိုဆိုးလာတယ် ပြောရမလား၊ ဈေးကွက်စီးပွါးရေးနဲ့ နှစ်ကူးကို အိုးမဲသုပ်တယ် ခေါ်မလားးးး (ငါ့နှယ် အဆိုးမြင်ဝါဒီကြီး ဖြစ်နေပြန်ပါပြီဟယ်...) မဏ္ဍပ်မှာ အဆိုတော်တွေ ငှားရလောက်အောင်လည်း ပိုက်ဆံ မလောက်ငကြတော့ ဟိုကောင်မလေးတွေလေ သိတယ်မဟုတ်လားးးး(အားလုံးတော့လည်း ဟုတ်ချင်မှ ဟုတ်မယ်ပေါ့နော်..) အင်းးးးးသူတို့ကို မဏ္ဍပ်ပေါ် ခေါ်တင်လာပြီး မဟုတ်က ဟုတ်က အကတွေ ကခိုင်းပါရော။ အင်းးးး ခေတ်ကာလသားတွေကလည်း ပါးစပ်ကသာ ပေါက်ကရ အော်နေကြတာ မျက်လုံးတွေက ခွါနိုင်ကြတာမဟုတ်ဘူး။ သူ့ဇာတ်နဲ့ သူ့အရပ် (တီချမ်း ပြောနေကြစကားး) ဟုတ်ပေမယ်လို့ အများအမြင်မှာတော့ မြန်မာမိန်းကလေးထုတစ်ရပ်လုံး ကိုယ်စားပြုသွားတယ်လေ။

ဆဒ္ဒန်ဆင်မင်းဇာတ်တော်ထဲကလိုပေါ့လေ...အစွယ်လိုသူက မင်းမိဖုရား...အဲလေ ... ပိုက်ဆံလိုချင်သူက မဏ္ဍပ်စီစဉ်သူဖြစ်ပါတယ်။ မဏ္ဍပ်စည်ကားမှ ရေပက်ခံမယ့်သူများမယ်၊ ရေပက်ခံမယ့်သူများမှ ရေပက်မယ့်သူတွေများမယ်။ ရေပက်မယ့်သူတွေများမှ  မဏ္ဍပ်စီစဉ်သူက ပိုက်ဆံအရများမယ်မဟုတ်လား။ ဒါကြောင့် အပြစ်အကြီးဆုံးက လှုပ်နေကြတဲ့ ရုပ်တရားကြီးတွေ မဟုတ်ပါဘူး၊ နောက်ကွယ်က စီစဉ်သူများသာဖြစ်ပါလားလို့ တွေးမိပါရဲ့လေ........။
သားငယ်လေး အရွယ်ရောက်လာတဲ့အခါ ဒါတွေက မကောင်းမှုမည်တယ်ဆိုတဲ့အကြောင်း ဒေါ်လေးက ပြောပြရအုံးမယ်...။

ထိုင်းနိုင်ငံတောင်ဘက်ယွန်းယွန်းက ကျွန်းလေးမှာ ထိုင်းနှစ်ကူးသင်္ကြန်ကာလ
 နိုင်ငံခြားသားများ ပါဝင်ဆင်နွဲ

ဟိုဘက် ဒီဘက် ရေပက်ကြတာ ပျော်ရွှင်စရာ...

ညီအစ်ကိုရင်းပမာဆုံတွေ့ကြတာ ချမ်းမြေ့စရာ ...

ဟေ့ ဟေ့... နွေမး)

ဖေဖေလည်း ချမ်းမြေ့ပါစေ.. မေမေလည်း ချမ်းမြေ့ပါစေ.. သားသားလည်း ချမ်းမြေ့ပါစေး)

 သေနတ်လေးနဲ့ ပစ်တာလောက်တော့ ...ရီတာပေါ့ ရီတာပေါ့ ...း)

အရွယ်စုံ လူစုံ ပျော်ရွှင်ကြတဲ့ နှစ်ကူးသင်္ကြန်မဟား)

ဖြူဖြူပြာပြာနီနီဝါဝါ ဝေဆာမြူးလို့လွင်...း)

ထိုင်းနိုင်ငံမှာ ပျော်စရာ ချစ်စရာကောင်းစွာ အေးအေးချမ်းချမ်းနဲ့ သင်္ကြန်ကာလကို ဖြတ်သန်းကြပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာတို့အနေနဲ့လည်း သက်ကြီးပူဇော်ပွဲတွေအပြင် တရားပွဲတွေ ကျင်းပလို့ ကောင်းမှုကုသိုလ်များကို စီစဉ်ကြ ပြုလုပ်ကြနဲ့ ပျော်စရာ၊ ငြိမ်းချမ်းလှပါတယ်။
ရေခြားမြေခြားရောက်နေပေမယ့် ကိုယ့်လူမျိုးတို့ရဲ့ ထုံးတမ်းစဉ်လာများကို မြတ်နိုးထိန်းသိမ်းကြတာ ပီတိဖြစ်စရာပေါ့နော်။ ပိုက်ဆံရှာရုံသက်သက် မဟုတ်ကြပဲ အများအကျိုးကိုလည်း ဝိုင်းကြ ဝန်းကြ။ 

တရားပွဲ မစခင် ပြင်ဆင်နေကြ ဘာတွေ လိုအပ်သလဲ ဆွေးနွေးကြနဲ့...

မြန်မာနိုင်ငံမဟုတ်တဲ့ နိုင်ငံရပ်ခြားမှာ တရားပွဲတစ်ခုကျင်းပဖို့ဆိုတာ လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး။  တရားတစ်ပိုဒ် နာကြားဖို့ အချိန် (၂)နာရီအတွက် ပြင်ဆင်ရတာတွေ အများကြီးပေါ့။ တရားပွဲကျင်းပဖို့ ခွင့်တောင်းရမယ်၊ တရားပွဲ “မ”တည် အလှူငွေ၊ တရားဟောမယ့် ဆရာတော် အားရက်နဲ့ တရားပွဲကျင်းပမယ့်နေရာ အားရက် ညှိနှိုင်းရတယ်၊ မိုးလေကင်းစင်တဲ့ အချိန်ကာလလည်း ဖြစ်ရမယ်၊ တရားပွဲလာ ပရိသတ် သွားလာရေး အဆင်ပြေချောမွေ့ရေး၊ ရဲမဖမ်းရေး၊ တရားဟောမယ့် ဆရာတော် ပင့်ဖိတ်ရေးကိစ္စ အဝဝ အစရှိသည်ဖြင့်ပေါ့လေ ပြင်ဆင်ကြ ညှိနှိုင်းဆောင်ရွက်ကြရပါတယ်။ 

တရားပွဲကျင်းပရာ နေရာကို အခုလို ကြိုပို့တွေ စီစဉ်ပေးကြပါတယ်...

တရားပွဲဖြစ်မြောက်ရေးစီစဉ်ဆောင်ရွက်သူများအနေနဲ့ လူအများ တရားအသိလေးတွေ တိုးပါစေဆိုတဲ့ စေတနာလေးနဲ့ မမောနိုင်မပန်းနိုင် ဆောင်ရွက်ကြရပါတယ်။ ကိုယ့်စီးပွါးရေး မိသားစုအရေးတွေ ခဏထားလို့ အများအကျိုးအတွက် စင်ကြယ်တဲ့ စိတ်တွေနဲ့ ဆောင်ရွက်ကြရပါတယ်။ တရားပွဲမှာ တရားဟောတဲ့ ဆရာတော်က ရေခြားမြေခြားအထိ ကြွရောက်တော်မူကြပြီး စေတနာ ကရုဏာများများနဲ့ တရားဓမ္မများ ဟောကြားပေးပါတယ်၊ မြန်မာတွေအနေနဲ့ တရားအသိ မမေ့မလျော့စွာနဲ့ တရားပွဲတွေ ကျင်းပ၊ ကုသိုလ်ကောင်းမှုတွေ ယူကြတာကြောင့် ဆရာတော်များကလည်း ဝမ်းသာပီတိဖြစ်ကြပါတယ်။ ဟောကြားလိုက်တဲ့တရားကို နာယူမှတ်သားရတဲ့အခါ ပရိသတ်အနေနဲ့ သီလ သမာဓိ ပညာနဲ့ ပြည့်စုံနေသော ဆရာတော်များကို ဖူးမြင်ရတဲ့ ကုသိုလ်၊ ဆောက်တည်ရတဲ့ သီလကုသိုလ်၊ လှူဒါန်းရသော ဒါနကုသိုလ်၊ တရားနာယူလိုက်တဲ့အခါ တရားအသိလေး တစ်ခု စိတ်ထဲမှာ မှတ်မိနေမယ်ဆိုရင် ဘာဝနာကုသိုလ်အပြင် တရားပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းဆောက်ရွက်ကြတဲ့ ဝေယျာဝစ္စကုသိုလ်တွေပါ အများကြီးရသွားပါပြီ။ ဒီလိုကုသိုလ်တွေ လူအများရဖို့ တရားပွဲစီစဉ်သူများက အခက်အခဲများစွာကြားက စေတနာရှေ့ထားလို့ စီစဉ်ပေးကြရတာပါ။

ကောင်းမှုကုသိုလ်လေးတွေ ပြုနေချိန် စိတ်လေးက
 အေးချမ်းနေတယ် ရှင်းသန့်နေပါတယ် လန်းဆန်းနေပါတယ်...

အကျိုးနဲ့ အကြောင်း
သင်္ကြန်မဏ္ဍပ်စီစဉ်သူတွေရဲ့ ကံသုံးပါးနဲ့ တရားပွဲတစ်ခုဖြစ်မြောက်အောင်မြင်အောင် ဆောင်ရွက်နေကြတဲ့ သူတွေရဲ့ ကံသုံးပါး ဘယ်အရာက ကောင်းတယ်/ဆိုးတယ်ဆိုတာ ခွဲခြားပြီး သိနိုင်ပါပြီ၊ ဘယ်အရာ ကောင်းမှု၊ ဘယ်အရာက မကောင်းမှုဆိုတာ မြင်နိုင်ပါပြီ။ သားငယ်လေး အရွယ်ရောက်လာတဲ့အခါမှာလည်း ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစား ဆုံးဖြတ်နိုင်ပြီး မှန်ကန်တဲ့ အသိရှိပါစေလို့ ဒေါ်လေးက တိတ်တဆိတ်တွေးလို့ ဆုတောင်းနေမိပါတယ်...။ 

“ရွှင်လန်းချမ်းမြေ့ကြပါစေ”

လေးစားစွာဖြင့်
ခရစ္စတလ်

p.s - သင်္ကြန်တွင်း အေးချမ်းစွာရေကစားနေကြတဲ့ ပုံလေးတွေက ဘလော့စာရေးတဲ့သူ နှစ်ယောက်ရဲ့စိတ်ကူးတွေဖြစ်ပြီး၊ ခရစ္စတလ်ကိုယ်တိုင် ရိုက်ကူးထားတာဖြစ်ပါတယ်။ ပုံများ ကူးယူခြင်းသည်းခံကြပါလို့ တောင်းပန်ပါရစေနော်...း)

Sunday, April 22, 2012

“ကမ္ဘာကို အချစ်များနဲ့ ရေးခြယ်......”


တောင်တန်းတွေနဲ့ ပင်လယ်ဖြတ်ပြီး 
မိုးတိမ်တွေကို မော့ကြည့်လိုက် 
ကိုယ့်ရဲ့နေ့တွေ ဘယ်လောက်များများ
တစ်ခုသော ကောင်းကင် ကောင်းကင်ပြာကြီး
 ရွေ့လျားနေတဲ့ တိမ်တိုက်တွေလို ခရီးနှင်ကြ 

မိုးတိမ်များ မျောလွှင့်ဆဲ 
ဘယ်လိုပုံသဏ္ဌာန်တွေ ကွဲလွဲ 
တကယ့်တကယ်တမ်းတော့
ကောင်းကင်တစ်မိုးအောက် ခရီးသွားများပါကွယ် 

တို့လူသား ဘဝတွေလဲ 
ဘယ်လိုအခြေအနေတွေခြားလဲ
ငြင်းဆန်မရတဲ့ လောကဓံတရားရဲ့ ရုပ်သေးရုပ်များပါဘဲ 

အားလုံးဘဲ ဆန္ဒများနောက်လိုက်
မောဟနဲ့ လောင်မြိုက်ရင်း 
တကယ်ဆိုရင် ဘာမှ မကွဲပြားမှန်း ..........
သိရက်နဲ့ ..

ဘာကြောင့်များ မာန..တံတိုင်း ခြားနေချင်သလဲ.... 

အကျည်းတန်တဲ့ ရန်ပွဲတွေက ဘယ်လိုချိန်မှာ ရပ်သွားမလဲ 
အငြိုးတွေနဲ့ မာနတွေဖွဲ့ အမုန်းမီးတောက်များပါဘဲ 

အို.....လဲကျတဲ့သူ ထူဖေး“မ”လို့ 
အားနည်းတဲ့သူ ကူရင်း.... 
ဒဏ်ရာတွေ အပြန်အလှန် မပေးကြနဲ့
လောကထဲ........... 

တဒင်္ဂလေး ဆုံလာတဲ့ ဧည့်သည်တွေဘဲ 

ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ် ဒဏ်ရာတွေ ကုစားကြပါစို့... 
အပြာရောင် မိုးသားများရဲ့ အောက် 
ချိုသော သီချင်းတွေကို ဆိုညည်းလို့ 
အတူသွားကြမယ်၊ နှလုံးသားတိုင်း...

ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ် ဒဏ်ရာတွေ ကုစားပေးနိုင်ဖို့... 
အပြာရောင် မိုးသားများရဲ့ အောက် ချိုသော သီချင်းတွကို ဆိုညည်းလို့ 
အတူသွားကြမယ် လာသွားစို့.... 

ကျေးဇူးတရားများနဲ့ ချစ်သော ကမ္ဘာမြေကို..... 

အသိဥာဏ်မဲ့ ဘယ်လိုလုပ်ကြမလဲ
သူဟာ မြူမှုန်ငယ်တစ်ခုဘဲ 
သမုဒ္ဒရာထက်က ရေပွက်ငယ်လေးတစ်ခု 
ခုမြင်ခုပျောက် ခဏတာဘဲ 

တို့အချစ်ရဲ့ ခြေသံများနောက်လိုက်
မီးကအစ ကမ္ဘာငယ်အဆုံး
ဖြူစင်စွာ အတူလက်တွဲကြစို့
တစ်ယောက်နဲ့ တစ်ယောက် 

ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ် ဒဏ်ရာတွေ ကုစားကြပါစို့... 
အပြာရောင် မိုးသားများရဲ့ အောက် ချိုသော သီချင်းတွကို ဆိုညည်းလို့ အတူသွားကြမယ်၊ နှလုံးသားတိုင်း.. 

ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ် ဒဏ်ရာတွေ ကုစားပေးနိုင်ဖို့... 
အပြာရောင် မိုးသားများရဲ့ အောက် ချိုသော သီချင်းတွကို ဆိုညည်းလို့ 
အတူသွားကြမယ်၊ လာသွားစို့....... 

 ကျေးဇူးတရားများနဲ့ ချစ်သော ကမ္ဘာမြေကို..... 
 ကျေးဇူးတရားများနဲ့ ချစ်သော ကမ္ဘာမြေကို..... 



စိုင်းစိုင်းနဲ့ ချမ်းချမ်း

ချစ်ကြတဲ့ သူတို့တွေထဲ သူတို့လည်း ပါတယ်

ချိုပြုံးနဲ့ မျိုးကျော့မြိုင်

စွယ်စုံအနုပညာရှင် အကယ်ဒမီ ဝင်းဦး

သဘာဝပတ်ဝန်းကျင် အလှအပများကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်တဲ့အတွက် ...
ဧပြီ (၂၂)ရက်နေ့ အမှတ်တရ

ခင်မင်လေးစားစွာဖြင့် 
ခရစ္စတလ်
p.s - အလုပ်များနေလို့ စကားလုံးများ ပျောက်ဆုံးနေပါသည် :)

Saturday, April 7, 2012

“ပိတောက်တစ်မျက်နှာ”

ဒီနှစ် ယပလပ်နိုင်ငံကြီးမှာ သင်္ကြန်မိုး စောစောရွာပါတယ်။ 
ပူအိုက်စွတ်စိုတော့ ပိတောက်တွေ ပွင့်ကြပါရော...

ဧပြီ...။ 
အမှတ်တရတွေ များတဲ့ ဧပြီ။ 

ပိတောက်ပန်းတွေ လှိုင်လှိုင်ပွင့်တော့ ပိတောက်ချစ်သူတွေ ပျော်ကြတာပေါ့။ အပင်က ပွင့်တဲ့ ပိတောက်ပန်းကို ဓာတ်ပုံရိုက်ဖို့ ဘန်ကောက်ထဲမှာ ကြိုးစားတာ မအောင်မြင်ဘူး၊ ခရီးတွေ ထွက်တော့မှ တဝကြီး ရိုက်လာခဲ့ပါတယ်။ ငယ်ငယ်က ဒေါ်လေးဘွားမြရည်(အမေရဲ့ ဒေါ်လေး၊ မြေးတွေ လက်ထက်ရောက်တော့ အဲလိုခေါ်ဖြစ်ကုန်တယ်လေ...)အိမ်က ပိတောက်ပန်းတွေပွင့်ပြီဆိုရင် အကိုင်းလိုက် လာပို့ခိုင်းတာ မှတ်မိသေး။



သူများတွေက မေးကြတယ် သင်္ကြန်မပြန်ဘူးလားတဲ့၊ မပြန်ဖြစ်သေးပါဘူး၊ ကိုယ့်အလုပ်က သူများတွေ အနားရချိန် အလုပ်ရှုပ်တာ၊ သူများတွေ မအားတဲ့ချိန် ကိုယ်အနားရတဲ့ အလုပ်လေ။ ဒီနှစ်မှာ မြန်မာနိုင်ငံကလူတွေ ထိုင်းကို အလည်လာတာ အတော်များတယ်၊ သင်္ကြန်ဗုန်းကြောက်လို့ ထိုင်းအလည်လာကြဟန်တူပါရဲ့။ လေယာဉ်လက်မှတ်တွေ ဈေးတက်၊ တချို့ရက်တွေမှာ ဝယ်မရဖြစ်ကုန်ပါတယ်။ တို့မြန်မာတွေ ချမ်းသာလာကြပြီလား၊ ချမ်းသာတဲ့သူတွေ နိုင်ငံရပ်ခြားအလည်သွားတာ ပိုများလာသလား၊ နိုင်ငံရပ်ခြားကို ထွက်လည်ဖို့ မျက်စိပွင့် နားပွင့်ဖြစ်သွားကြသလား၊ ဒီနှစ်နွေမှာ မြန်မာတွေ ထိုင်းကို အလည်လာတာများတယ်လို့ စာရင်းတွေ ပြနေလေရဲ့။

အခြားနိုင်ငံခြားသားခရီးသွားတွေက ထိုင်းကို အီ..သွားလို့ မြန်မာဘက်ကို ကူးသွားချိန်မှာ မြန်မာတွေက နိုင်ငံတကာကို အလည်ပတ်သွားဖို့ ခေါင်းထောင်ကြည့်လာကြပြီ။ မြန်မာနိုင်ငံမှာ တိုးလုပ်ငန်းလုပ်ကိုင်ကြဖို့ တာဆူနေတဲ့သူတွေလည်း များလှတယ်။ ငါးပွက်ရာ ငါးစာချတာထက် ကိုယ်နိုင်တဲ့ ဇာတ်ကို ပိုင်အောင်ကဖို့ အရေးကြီးတဲ့ချိန်ဖြစ်ပါတယ်။ အောင်မြင်ကြတဲ့သူတွေကို ကြည့်ရင် ကိုယ်ပိုင်စိတ်ကူးတွေ တီထွင်မှုတွေရှိတယ်၊ ငါးပွက်ရာ ငါးစာချတာ ဘာဖြစ်သလဲဆိုရင်တော့ ရေသာများ၍ ငါးမတွေ့ဖြစ်တတ်တယ်လေ။

လေအဝှေ့မှာ ပန်းရနံ့တို့က ကလူကျီစယ်လို့...

ပျဉ်းမပန်းလေးတွေနဲ့ ပိတောက်ပန်းလေးတွေ အလှခြင်း ပြိုင်နေကြတယ်

တခါတုန်းက တက္ကသိုလ်ကျောင်းတော်ကြီးထဲမှာ နေ့တိုင်းလိုလို ဓာတ်ပုံရိုက်တယ်၊ 
အခုတော့ သဘာဝအလှပုံလေးတွေပဲ ရိုက်လိုက် ကြည့်လိုက် ပီတိဖြာနေတယ်။ 
ကိုယ့်ပုံဘာလို့ မရိုက်တာလဲဆိုရင် ....

 ဒီပုံလေးလည်း ကိုယ့်ဖာသာကိုယ် ရိုက်ပြီး သဘောတွေ ကျနေတယ်

ခုတလော ဆိုက်ထဲက ပုံတွေ “မ”သွားကြတယ်၊ တောင်းရင် ပေးမှာပေါ့။

ပါးစပ်ထဲ ရောက်လာတဲ့ သီချင်းလေး နားထောင်ကြည့်ပါအုံးးးး

သင်္ကြန်မင်းသားကြီး ဦးဇော်ဝမ်း

Rဇာနည်

နှစ်ကူးမှာ အလုပ်များတာနဲ့ ခရီးတစ်ခုသွားရမှာနဲ့မို့ နှစ်သစ်ကို စောစောစီးစီးကြိုဆိုလိုက်ပါရစေနော်။ 
မြန်မာတို့ရဲ့ နှစ်သစ်မှာ ခင်မင်ရတဲ့ မိတ်ဆွေများအားလုံး 
အစစ အဆင်ပြေလို့ စိတ်ချမ်းသာကြပါစေကြောင်း 
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

နောက်နှစ်မှာ ပြန်လည်ဆုံတွေ့တော့မယ်နော်...။

လေးစားစွာဖြင့်
ခရစ္စတလ်