သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Monday, June 11, 2012

“အောင်ပွဲ”

ဘဝတစ်ခုရတဲ့သူတိုင်း ကိုယ်ပြုလုပ်တာလေးတွေ အောင်မြင်ဖို့ ကြိုးစားကြပါတယ် အောင်မြင်ဖို့မျှော်လင့်ကြမယ်၊ အောင်မြင်တာတွေ ရှိလာမယ်။ ဒီလို အောင်မြင်မှု အောင်ပွဲတွေကို ချုံကြည့်မယ်ဆိုရင် အမျိုးအစား သုံးမျိုး ခွဲထုတ်ကြည့်ကြရအောင် ...။


“ဘဝအောင်ပွဲ”
ဘဝအောင်ပွဲ တဲ့...၊ အဲလိုလေး ကြားလိုက်ရရင် ဘယ်လို အောင်မြင်မှုလေးတွေကို မြင်မိမလဲ... တွေးကြည့်မိပါတယ်။ ငယ်ငယ်တုန်းက ကစားပြိုင်ပွဲတွေ စာမေးပွဲတွေ၊ အရွယ်ရောက်လာတော့ အဆင့်ဆင့်တက်လှမ်းရတဲ့ ပညာရေးတွေ၊ အလုပ်စာမေးပွဲတွေ ရာထူးတိုးမှုတွေ ဒါ့အပြင် စီးပွါးရေးနဲ့ ပတ်သက်တဲ့ အောင်မြင်ခြင်းတွေ အောင်မြင်မှုရလဒ်တွေ လောကီနယ်ပယ်မှာ အများအပြားပေါ့။ ဒီလိုအောင်ပွဲတွေကို တည်မြဲဖို့ ကြိုးစားခြင်းတွေနဲ့ လုံးချာလည်လိုက်နေတာ ဘဝထဲက အောင်ပွဲတွေ ဟုတ်ဘူးလားနော်။ ဒါပေမယ့် ဒီအောင်မြင်မှုတွေက နောင်တမလွန်ကို သယ်မသွားနိုင်တဲ့ အောင်ပွဲမျိုးဖြစ်လို့ “ဘဝအောင်ပွဲ”လို့ခေါ်တာပေါ့။ ဘဝတစ်ခုအတွင်းမှာပဲ အသုံးတဲ့ အသုံးဝင် အောင်မြင်တဲ့ အောင်ပွဲတွေကိုးနော်။ အသက်ခြောက်ဆယ်ပြည့်လို့ ပင်စာစားဘဝ ရောက်တယ်ဆိုရင်တော့ တချို့အောင်မြင်မှုတွေက အသက်အရွယ်နဲ့လိုက်ပြီး အသုံးမလိုတာတွေ ဖြစ်ကြသေးတာပဲ၊ တွေးကြည့်ရင် မမြဲခြင်း အစိုးမရခြင်းတွေ လက်တွေ့မြင်နိုင်မှာပါ။ တစ်ဘဝတည်းမှာပဲ ရေရှည်မတည်မြဲနိုင်တဲ့ အောင်မြင်မှုတွေအတွက် လူတွေ အကြောင်းမဲ့အချိန်ကုန်နေကြတာကို သတိရမယ်ဆိုရင် ဘဝရဲ့ လေးနက်တဲ့ အဓိပ္ပါယ်တွေကို ပိုသိမြင် ခံစားခွင့်ရကြလေမလား၊ အဓိပ္ပါယ်ရှိတဲ့ အချိန်တွေကို ပိုတန်ဖိုးထားဖြစ်မလားလို့ တွေးမိပါတယ်။

“လောကအောင်ပွဲ”
ဒီဘဝ ဒီခန္ဓာအခြေတည် အရင်းပြုလို့......ပြုလုပ်သမျှသော ကုသိုလ်ပြုလုပ်ခွင့်ရတယ် ကုသိုလ်တွေ ပြုလုပ်ကြပါတယ်၊ ဒါနအမျိုးမျိုး ပြုလုပ်လှူဒါန်းကြတဲ့ ကုသိုလ်အောင်ပွဲတွေပါ။ ကုသိုလ်အောင်ပွဲဆိုမှတော့ နောင်တမလွန်ထိ ပါနိုင်ပြီပေါ့ ဒါမျိုးကိုတော့ “လောကအောင်ပွဲ”လို့ခေါ်ပါသတဲ့၊ ဒီလိုကုသိုလ်လေးတွေ မပြုမီရော၊ ပြုမိတိုင်းနဲ့ ပြုပြီးသည့်တိုင်တွေးလိုက်တိုင်း ကြည်နူး ပီတိတွေ ဖြစ်စေပါတယ်။ ဒါနဆိုတော့လည်း လူတွေက အလှူကြီးပေးမှ ဒါနလို့ မြင်နေကြတဲ့သူတွေ ခုထိ ရှိနေတုန်းပါပဲ။ ကိုယ့်အိမ်မှာ နေ့တိုင်း ဘုရားဆွမ်းတော်ကပ်တာ၊ ရေချမ်းလှူတာ၊ ပန်းကပ်တာ စတဲ့ ကုသိုလ်လေးတွေမှ အစပြုလို့ ငှက်လေးတွေကို ထမင်း သို့မဟုတ် ဆန်လေးတွေ ကျွေးတာ၊ အိမ်မှာမွေးထားတဲ့ ကြောင်လေး ခွေးလေး ထမင်းကျွေးတာက အစ ဒါတွေဟာ ဒါနကုသိုလ်တွေပါပဲ၊ ဒီလို ကုသိုလ်လေးတွေကိုလည်း မြင်တတ်မယ် သတိထားတတ်မယ်ဆိုရင် ကုသိုလ်ရနေတာပါပဲ။ ဒီလိုကုသိုလ်ပီတိလေးဖြစ်နေတဲ့ စိတ်လေးက အေးချမ်းနေတယ်၊ ကျေနပ်နေတယ်၊ ကိုယ်ပြုလုပ်လိုက်ရတဲ့ ကုသိုလ်လေးအတွက် ကိုယ့်မှာ ဒီသတ္တိတွေ ကျန်ခဲ့ပါတယ်။ ဒီ ကောင်းကျိုးချမ်းသာသတ္တိတွေကပဲ ပစ္စပ္ပုန်နဲ့ အနာဂတ်မှာ ဆုတောင်းသီခြားပြုစရာမလိုအောင်ကို အကျိုးပေးနေပါပြီ။ သန့်ရှင်းနေတဲ့ စိတ်လေးက ကြည်လင်နေပါတယ်၊ ပေါ့ပါးနေပါတယ်၊ မကောင်းတဲ့စိတ်တွေလို လေးလံ နောက်ကျိ ထိုင်းမှိုင်းမနေဘူးလေ။ ဒါလေးတွေကို သတိထားကြည့်ရင် သိပ်ကို သိသာစေပါတယ်။ ကိုယ့်စိတ်ထဲမှာကို ဘယ်အရာက ကြည်လင်စေတယ်၊ ဘယ်စိတ်တွေက နောက်ကျိစေတယ်၊ ဒီလိုသိရပြီဆိုရင်တော့ ကောင်းသော ကြည်လင်စေတတ်သော စိတ်လေးနဲ့ပဲ နေကြပါစို့နော်။

“ဓမ္မအောင်ပွဲ”
လောကအောင်ပွဲတွေက ဓမ္မအောင်ပွဲဖြစ်ဖို့ရာ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဒီတော့ ဓမ္မအောင်ပွဲကို တက်လှမ်းဖို့ရာ အတွက် လောကအောင်ပွဲဆိုတာတွေက လှေကားထစ်လေးတွေအဖြစ်နဲ့ တက်လှမ်း သွားကြရမှာ ဖြစ်ပါတယ်။ မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့  တရားတော်များကို သံဃာတော်များက ထပ်ဆင့်ဟောကြားနေကြတာကို မှတ်သားနာယူကြရပါမယ်။ ထိုမှတဆင့် တက်လှမ်းနိုင်တာကတော့ နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ ဝိပဿနာတရား အားထုတ်ကြရပါမယ်၊ အဲဒီအခါမှာ  ငြိမ်းရေးမှုတွေရမယ်၊ သောတပန်မှသည် ရဟန္တာ အရိယာတို့သွားရာ လှေကားအဆင့်ဆင့်ကို တက်လှမ်းသွားနိုင်ကြရပါမယ်။ အရိယာသူတော်ကောင်းဖြစ်သွားပြီဆိုရင် သံသရာတစ်လျှောက်လုံး အေးချမ်းသွားပါပြီ။

အခါတစ်ပါးမှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးမှ သားတော်လေး ရာဟုလာကို ငယ်စဉ်အခါတုန်းက  ဆုံးမခဲ့ဖူးတာလေးကို လေ့လာကြည့်ရအောင်....။ ကိုယ်-နှုတ်-စိတ် သုံးပါးလုံးကို ကုသိုလ်/အကုသိုလ် သုံးသပ်ဖို့ သတိထားဖို့ ဆုံးမတော်မူခဲ့ပါတယ်။ ဒီလိုဆင်ခြင်သုံးသပ်ခြင်းဖြင့် ကောင်းကျိုးပေးသလား၊ အပြစ်မကင်းဘူးလားဆိုတာလေးကို သတိထား ခွဲခြားနိုင်သွားပါမယ်။ ဒါကြောင့် မြတ်စွာဘုရားက အားလုံးထဲမှာ သတိတရားက အရေးကြီးဆုံးဖြစ်တာမို့ (အပ္ပမာဒေန- မမေ့၊ မလျော့၊ မပေါ့၊ မဆ၊ မြဲမြံတဲ့ သတိတရားဖြင့်၊ သမ္ပာဒေထ- ပြည့်စုံရစ်ကြပါကုန်လော့) အသေအချာကို မှာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ဓမ္မအောင်ပွဲကို တက်လှမ်းနိုင်ဖို့ သတိထားစရာတွေ သိရှိသွားကြပြီနော်။ “ဘဝရဲ့စာမျက်နှာများ”ကို လာရောက်ကြည့်ရှုအားပေးနေကြတဲ့ ချစ်ခင်လေးစားရသောမိတ်ဆွေများအားလုံးလည်း အောင်ပွဲတွေ အဆင့်ဆင့်တက်လှမ်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါရစေနော်။ 


 “အောင်ပွဲ (၃)မျိုး” - ဘဝအောင်ပွဲ၊ လောကအောင်ပွဲ၊ ဓမ္မအောင်ပွဲ 

ဆွမ်းကပ်လှူတဲ့ ဒကာမများအဖွဲ့
 
မှတ်ချက်။ ။ ထိုင်းနိုင်ငံတောင်ပိုင်း ကော်စမွေကျွန်းမှာ ပြုလုပ်သောသက်ကြီးပူဇော်ပွဲတွင် အရှင်မဏိဇောတာလင်္ကာရ  မှ ဟောကြားတော်မူသော “အောင်ပွဲ (၃)မျိုး” တရားတော်ကို ပြန်လည်နာယူ မှတ်သား ရေးသားခြင်းဖြစ်ပါတယ်။ အခုလိုတရားတော်ကို ပြန်လည်ရေးသားခွင့်ပေးတဲ့ အရှင်မဏိဇောတာလင်္ကာရကိုလည်း အထူးကျေးဇူးတင်စွာဖြင့် ရိုသေစွာ ဦးချကန်တော့လိုက်ပါတယ်ဘုရား။

ဇွန်လ(၁၉)ရက်နေ့မှာ ကျရောက်မယ့် ပြည်သူ့ မိခင် အမေစုရဲ့ မွေးနေ့မှသည် သက်ဆုံးတိုင် အောင်ပွဲတွေ များစွာပိုင်ဆိုင်နိုင်ပါစေ၊  ယခုနှစ် မွေးနေ့ရက်မြတ်မှာလည်း မိသားစုနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

မြန်မာအပါအဝင် တိုင်းရင်းသားအားလုံး ဒီမိုကရေကစီအောင်ပွဲတွေကို အမြန်ဆုံး ရရှိကြပါစေ၊ အောင်ပွဲရဲ့ တကယ့်အနှစ်သာရများကို ခံစားနိုင်ကြပါစေကြောင်း  ဆုတောင်းပေးနေမိပါတယ် ...။

ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

Wednesday, June 6, 2012

အချစ်စစ်တို့လမ်းတွေ ဖြူးကြစေသတည်းးးးးး။

သောကြာဂြိုလ်က နေကို ဖြတ်တဲ့နေ့ (၆-၆-၂၀၁၂)နေ့မှာ မှတ်မှတ်ရရပါပဲ၊ ရေးနေတဲ့ပိုစ့်က ဓမ္မပိုစ့်၊ ချက်တင်က အရေးတကြီး မေးလာတာက မိန်းကလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖေါ်ပေးဖို့ ဖြေပေးပါတဲ့၊ ငယ်တဲ့သူတွေက ကြီးတဲ့သူတွေဆီ နည်းနာယူကြတယ်၊ ဒီလိုတွေ မေးလာရင် ကိုယ့်ခံယူချက်ကိုပဲ ဇောင်းပေးဖြေပေးလို့ မသင့်တော်ဘူး၊ စိတ်ဆိုတာ ဆန်းကြယ်သားးးး။ လူတစ်ဦး စိတ်တစ်မျိုးဆိုတော့ ကိုယ့်ထက်ငယ်တဲ့သူတွေကို ဖြေတဲ့နေရာမှာ မမှားသင့်တာ မမှားရအောင် တော်တော်လေး သတိထားဖြေပေးရပါတယ်။ အရေးကြီးတာက သူတို့ အချစ်ရေး အိမ်ထောင်ရေး ဖြောင့်ဖြူးဖို့မဟုတ်လား။ သူတို့ အကျိုးအတွက် ကိုယ့်အတွေ့အကြုံများကို အထောက်အပံ့ဖြစ်ပါစေလို့ စိတ်ထားပြီး ဖြေပေးပါတယ် (ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ)။

ရေးတဲ့ ပိုစ့်လည်း draft ထဲ သိမ်းထားလိုက်ရပြီး)

သမုဒယနဲ့ နိဂြောဓ အကြားးးး ဗျာများနေရတဲ့ ပုထုဇဉ်တစ်ဦးပါ။

မိန်းကလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုမျိုးလဲ ...။

မည်သို့သော မိန်းကလေးက ချစ်ခြင်းမေတ္တာကို အလေးအနက်ထားပါသလဲ...။

ရင်ခုန်တိုင်း အချစ်လား ...။

မိန်းကလေးတစ်ယောက်၏ ရင်ခုန်ခြင်းနှင့် သူမ၏ ချစ်ခြင်းမေတ္တာ ကွာခြားမှု ...။

 အချစ်စစ်တို့လမ်းတွေ ဖြူးကြစေသတည်းးးးးး။ 

သွားရင်း လာရင်း ပန်းခြံထဲမှာ မင်္ဂလာမောင်နှံ အလှဓာတ်ပုံတွေ ရိုက်နေတာတွေ့လို့၊ 
ကိုယ်လည်း ဝင်ပြီး အားပေးလာခဲ့ပါတယ်။ သူတို့လည်း မကန့်ကွက်ဘူး၊ 
ကိုယ်ရိုက်နေတာတောင် ကျေနပ်နေပြီး ပိုစ့်တွေ ပေးကြသေး။ 
ထိုင်းမှာ ဒီလိုအလှဓာတ်ပုံလေးတွေ ရိုက်ပြီး ဓာတ်ပုံစာအုပ်ထုတ်ကြပါတယ်။ 
အနိမ့်ဆုံးဈေးက ဘတ် နှစ်သောင်းခွဲရှိပါတယ်။ ပျိုပျိုမေတို့ စိတ်ဝင်စားရင် လာရိုက်ကြပေါ့နော်။ 

လေးစားစွာဖြင့်
ခရစ္စတလ်

Thursday, May 24, 2012

သံယောဇဉ်ကြိုး

ဖဘမှာ ဖြိုးအိမ်က ခွေးလေးပုံတွေကြည့်ပြီး ကိုယ့်ရဲ့ ကြောင်လေးတွေ သတိရသွားလို့ ပုံလေးတွေ စုပြီး တင်လိုက်ပါတယ်၊ စာရေးဖို့ ဘယ်လိုမှ ဈာန်မဝင်စားနိုင်သေးတော့ အကောင့်ပိတ် ခပ်တိတ်တိတ်နေမယ်လုပ်ပြီးမှ ...............................သံယောဇဉ်ကြိုးတွေ ...

ချစ်ဖို့ကောင်းလွန်းတယ်

ဖဘမှာ ဒါမျိုးလေးတွေလည်း တွေ့ရတတ်သေး
တွေ့လိုက်တဲ့ချိန် print screen သာနှိပ်ထားလိုက်ပါ မိတ်ဆွေ၊
 လင့်တွေ ဖြုတ်သွားရင် အကျိုးအကြောင်းလေးတွေ ကိုယ့်သူငယ်ချင်းကို ပြန်ပြလို့ ရတာပေါ့း)

အမေ့ရဲ့ အတွေ့အထိမှာ ယုံကြည်နွေးထွေးမှု ငြိမ်းအေးမှုတွေရှိတယ်...

ကိုယ်တော်တွေက အဲလို ကိုက်ပြီး ဆော့ကြတာလေ
ဆော့စရာအဖေါ်ကလည်း ကြောင်ပဲ ရှိတော့.....

အလုပ်တွေနဲ့ ဖိစီးမှုဖြစ်တဲ့အခါ ...

တခါတလေ နေမကောင်းရင် ချောင်ကပ်ငြိမ်နေတဲ့ပုံ

ဘာမှမလုပ်ပဲ အိပ်နေတာပဲ ကောင်းတယ်...
.
ကြောင်လေးတွေ ဒီလိုအိပ်နေတာတွေ့ရင် သိပ်စချင်တာပဲ 

ဆော့တဲ့အရွယ်မှာ ဘာဖြစ်ဖြစ် ဆော့နေတာကိုက ချစ်စရာ... 

 ငယ်မ...ရေ လို့ ခေါ်လိုက်ရင် ကျမဆီ အပြေးလာလေ့ရှိတဲ့ ကြောင်မလေးနဲ့တူတဲ့ကြောင်လေးပုံ

ခရစ္စတလ် သုံးတန်းမှာ “ဇီးကွက်စိန်”အမည်ရတဲ့ ကြောင်မလေး နယ်က အိမ်မှာ မွေးပါတယ်။ 
သူလေးက ကျမရဲ့ ကလေးဘဝသက်တမ်းတစ်လျှောက်လုံး
 ဆော့ဖေါ် ဆော့ဖက်အဖြစ် ပါရမီဖြည့်သွားပါတယ်။ 
ကျမ ဆယ်တန်း ဖြေပြီးမှ သူ ဆုံးသွားတာပါ။ 
ချစ်စနိုးနဲ့ သူ့ကို “ငယ်ငယ်”လို့ခေါ်ပါတယ်။ 
သူ့အကြောင်း ပိုစ့်သပ်သပ်ရေးချင်သေးတယ်.....အားရင်ပေါ့လေး)

ကြောင်မမွေးနိုင်တဲ့ လက်ရှိအခြေအနေမှာ ဂူဂလ်ထဲက ကြောင်ပုံလေးတွေကို လင့်ယူထားပြီး
 နေ့စဉ်တစ်ပုံ တစ်ပုံကြည့်ဖြစ်ပါတယ်။ ငယ်မလေးရဲ့ ပုံတူ ကြောင်ပုံလေးလည်း ရှာရင်း
အဲဒီထဲက ကိုယ်ကြိုက်တဲ့ပုံလေးတွေကို ယူထားတာပါ။
 ကြောင်ချစ်ကြသော ရောင်းရင်းများ အားပေးကြမယ်ထင်ပါတယ်း)))

လေးစားစွာဖြင့်
ခရစ္စတလ်