သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Monday, February 1, 2010

တူနှစ်ကိုယ်တိုင်းပြည်ကို ထူထောင်သော နေ့မြတ်။

ဒီနေ့ ဒီရက်အတွက် စကားလုံးတွေများစွာ ပြောချင်နေသောလည်း အခွင့်ရယ် မသာခိုက်ဟာမို့....။ သီချင်းလေးအတိုင်းပဲ စီးဆင်းလိုက်ပါတယ်။ ကျမရဲ့ သခင် အိမ်ဦးနတ်ကို ပီတိဖြစ်စေလိုတာကြောင့် မျက်နှာရမလားလို့ သီချင်းစာသားလေးကို ကူးထည့်ပေးလိုက်ပါတယ်။ စာဖတ်သူလည်း ကျမတို့နှစ်ဦးနဲ့ ခံစားမှုခြင်း တိုက်ဆိုင်ဖြစ်ခဲ့ရင်။

ကိုင်ဇာ - တူနှစ်ကိုယ်တိုင်းပြည်
(စိန်ခေါ်သံခြားက လူမှုစစ်ပွဲတွေ၊ ကြင်နာသူနဲ့အတူ တိုက်ပွဲဝင်ရဲပြီ၊ 
နေရောင်ခြည်အောက်မှာ ကိုယ်ချစ်သူနဲ့အတူ နိုင်ငံပြည်သစ်တည် 
နှစ်ယောက်တည်း ဒို့တိုင်းပြည်)
အာကာကိုလွှာပုံပြုလို့ မေယုနဲ့ စုတ်တံချီ ပင်လယ်ပြာ အဏဝါသမုဒ်ကို မင်လုပ်လို့ရေးသီ၊ မြန်မာရှင်ဘုရင်တွေ ခေတ်တုန်းက ဒီအချစ်ရဲ့အကြောင်းတွေသည် 
ရွှေပေလွှာ ပုရပိုက်ထဲမှာ အိမ်မက်ဖြစ်သွားပြီ။
ပုံပြင်ဆန်ဆန် စိတ်ကူးယဉ် အချစ်မျိုးနဲ့ ခေတ်ကိုမမီ၊ 
ကိုယ်ရင်မှာ ဘယ်လိုချစ်သလဲလို့ သူမေးမြန်းခဲ့သည်
ကြင်နာသူကို ပြန်ပြောပြမယ့် ကိုယ့်အချစ်အကြောင်းတွေသည် 
ယုံချင်ယုံ မယုံချင်လည်းယုံ မကြုံစဖူးထူးသည်။ 
ကိုယ်ကြင်နာသူကလွဲရင် နတ်သမီးလည်း မမက်ပါပြီ၊ 
ရံရွေဖော် အပျိုစင်တစ်သန်းတောင် တစ်ယောက်တည်းနဲ့မလဲပြီ၊ 
ကြင်နာသူကိုသာ နှလုံးသားချဉ်ခြင်း တပ်မက်လာရင် 
ဘုရင်ခံတောင် မလိုချင်ဘူးလို့ ဥဒါန်းတွေ ရင့်ချီ။ 
ထမင်းရည်ပူအတူတူလျှက်ရမယ်လို့တော့ မပြောလိုပြီ 
မည်သူမဆို တကယ်မြတ်နိုးရင် တကယ်စွန့်လွတ်ဝံ့သည်။ 
ဟိုရွာပြင် ဇနပုဒ်တဲကလေး၊ ဆီမီးမှိတ်တုတ် မှောင်ရီ 
အတူနေရင် ကြယ်မြင်လမြင် နှစ်ယောက်တည်း တိုင်းပြည်။


တွဲလက်မဖြုတ်ပါ ချစ်ခရီးလမ်းဆုံးအထိရွယ်။
အနမ်းပန်း
တေးရေး-ကိုင်ဇာ
တေးဆို-ကိုင်ဇာ+မေဆွိ
မတူညီတာတွေ လိုက်ညှိနေမယ့်အစား တစ်ဦးကို တစ်ဦးက ချစ်ခြင်းမေတ္တာများနဲ့ စာနာနားလည် ပေးလိုက်ရင် နှစ်ဦးသား စိတ်လည်း ချမ်းသာ၊ မေတ္တာဖြင့် ဖွဲ့တည်သော အိမ်ထောင်ရေးလည်း ဖြစ်၊ သံသရာတွင်လည်း ညီမျှသော ကုသိုလ်တရားတို့နဲ့ တူနှစ်ကိုယ် လက်တွဲလို့ နိဗ္ဗာန် ရွှေပြည်တော်မြတ်သို့ သက်ဝင်ခိုလှုံနိုင်ရမယ်လို့ မျှော်လင့်ရင်း။

(သူနဲ့တွေ့လို့ ချစ်ကြိုးသွယ်)

မင်္ဂလာနှစ်ပတ်လည်နေ့အတွက် ကိတ်မုန့်လေးတွေ။
 
 

Sunday, January 31, 2010

ချစ်တာထက် မေတ္တာပို။

မဟာမြိုင်တောရဆရာတော် ဦးဇောတိက ဟောကြားတော်မူသော တရားတော်တစ်ပုဒ်တွင် လူနှင့်တိရစ္ဆာန် တို့၏ အဓိကခြားနားချက်တစ်ခု ပါဝင်သည်ကို သတိထား၍ နာကြားဖူးခဲ့သည်။ စာသားအတိအကျတင်ပြနိုင် လောက်အောင် မမှတ်မိတော့သော်လည်း၊ ဆိုလိုရင်းမှာ လူသည်သင်ကြားပေးရန် လိုသောသတ္တဝါဖြစ်သည် ဟူသောအချက်ကို ဆရာတော်ကဆိုလိုခြင်းဖြစ်သည်။
မွေးစ တိရစ္ဆာန်ငယ်တစ်ကောင်သည် မိခင်၏ယုယဖေးမမှု မရသော်လည်း ထိုတိရစ္ဆာန်၏ မွေးရာပါ အရည် အချင်းကြောင့် သူ၏အသက်ရှင်သန် ဖြစ်ထွန်းမှုအတွက် သူကိုယ်တိုင် ပြုလုပ်နိုင်စွမ်းရှိသည်။ ဥပမာအားဖြင့် ခွေးမကြီး တစ်ကောင်က မွေးဖွါးလိုက်သော ခွေးငယ်လေးများသည် မွေးပြီးပြီးချင်း၊ နို့စို့ရကောင်းမှန်း သိကြ သည်။ သိရုံမျှမက မိခင်နို့ကိုရအောင် ရှာဖွေတတ်ကြသည်။ မထွေးပွေ့ရပဲလျက် နို့စို့တတ်ကြသည်။ လူကား ထိုကဲ့သို့မဟုတ်။ မွေးရာပါ အရည်အချင်းမရှိ။ သိတတ်သူမှ မသိတတ်သူကို ပြုစုစောင့်ရှောက် သင်ကြားပေး ရသည်။ မိခင်ဝမ်းမှ ကျွတ်စကလေးငယ်သည် နို့စို့ချင်သည်တော့မှန်သည်။ သို့သော် မွေးရာပါ အရည်အချင်း မရှိသောကြောင့် မိခင်ရှိရာဘက် လှမ်း၍မသွားနိုင်။ မိခင်က ပွေ့ယူချီမပေးရသည်။ သို့သော် ထိုမွေးရာပါ အရည်အချင်းရှိသော တိရစ္ဆာန်အား သင်ကြားပေးသော် အတိုင်းအတာတစ်ခုအထိသာ ရသည်။ အဆုံးမရှိ မတတ်မြောက်နိုင်။ မွေးရာပါ အရည်အချင်းမရှိသော လူသားကား သင်ကြားပေးခဲ့သော်၊ အဆုံးမရှိ တတ်သိ နားလည်သွားကြ၏ဟု ဆရာတော်ကဟောကြားပါသည်။ထိုကြောင့် လူကိုသင်ကြားပေးရန် လိုသည်ဟုဆို၏။
ကျွန်တော်၏အသက်အရွယ်အရ၊ လုပ်ငန်းအတွေ့အကြုံအရ၊ ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံမှု အတွေ့ အကြုံ အရ ဆရာတော်၏ဟောတရားသည် အလွန်မှန်ကန်ကြောင်းတွေ့ရပါသည်။
x x x
ကျွန်တော်၏ဘဝ တစ်စိတ်တစ်ပိုင်း ဝမ်းစာရှာဖွေမှုကို ‘သင်္ဘောသား’ အလုပ်ဖြင့် ရှာဖွေခဲ့ရဖူးသည်။ အထက် ပိုင်းအရာရှိများအဖြစ် ဂျပန်လူမျိုးများဖြင့် ဖွဲ့စည်းထားသော သင်္ဘောကုမ္ပဏီတွင် လုပ်သက် စုစုပေါင်း ၂၈ လတိုင်တိုင် လုပ် ကိုင်ခဲ့ဖူးသည်။
ကျွန်တော်တို့သင်္ဘောရှိ ဂျပန်အရာရှိများအားလုံးလိုလို အလွန်အလုပ်လုပ်ကြသည်။ အလုပ်မလုပ်ရမနေ နိုင်သူ များကို Workaholics ဟုခေါ်ဝေါ်သုံးစွဲသည်ဟု ကြားဖူးပါသည်။ လက်တွေ့အနေဖြင့်မူ မကြုံဖူးခဲ့။ ဂျပန် သင်္ဘော ရောက် မှသာ နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရခြင်းဖြစ်သည်။
ယင်းဂျပန်သင်္ဘောအရာရှိများအနက်အင်ဂျင်နီယာမှူး( Chief Engineer )မှာကား တော်တော့်ကို အလုပ် မလုပ် ရမနေနိုင်သောပုဂ္ဂိုလ်ဖြစ်သည်။
ဆိပ်ကမ်းမကပ်ရမီ သင်္ဘောကျောက်ချ၍ နှစ်ရက်၊ သုံးရက်နေခွင့်ရပြီဆိုလျှင်၊ သူ၏ ယုန်သွားလေးကိုဖြဲ၍ ပျော် နေတတ်သည်။ တိုက်ရိုက်ဆိပ်ကမ်းကပ်ရမည်ဆိုလျှင်တော့ ယုန်သွားလေးလည်း မတွေ့ရတော့။ စူပုတ်ထားသောမျက်နှာ နှင့် ဆောင့်အောင့်နေတတ်သည်။
သင်္ဘောဆိပ်ကမ်းကပ် ကုန်ချရန်ဆိုလျှင် ၂၄ နာရီမှ ၃၆ နာရီအတွင်းကြာတတ်သည်။ကုန်တင်ရမည် ဆိုလျှင် တော့ ဆယ့်လေးငါးနာရီဖြင့် ပြီးသွားတတ်သည်။ သူ့သင်္ဘောအင်ဂျင်ကို သူ့စိတ်တိုင်းကျမကိုင်ရလျှင် သူမပျော်ရွှင်တော့။ ကျောက်ချထားချိန် ဆိပ်ကမ်းကပ်ချိန် လောက်သာ အင်ဂျင်ကလည်း ပြုပြင်မွမ်းမံ၍ ရသည်။ ခရီးသွားနေစဉ် ခေတ္တနား၍ပြုပြင်မွမ်းမံရန် အခွင့်ရနိုင်သောအရာ မဟုတ်။ မိမိ၏တာဝန်ကို အကောင်းဆုံး ထမ်းဆောင်ခွင့်ရမှ ကြေနပ်တတ်သည့် သူ၏စိတ်ဓါတ်သည် မည်ကဲ့သို့ ရရှိလာ ပါသနည်း။
x x x
ကျွန်တော် ဂျပန်နိုင်ငံသို့ မကြာခဏရောက်ဖူးသည်။ ဆိပ်ကမ်းကပ်ပြီးနောက် အလုပ်ပြီးလျှင် ဆိပ်ကမ်းဆင်း (Go shore ဟုပြောလေ့ရှိသည်) ဈေးဝယ်၊ လည်ပတ် ဗဟုသုတရှာဖြစ်သည်။ အရပ်တကာသွားရင်း ကလေးများကျောင်းတက်ကျောင်းဆင်း သွားကြသည်ကိုလည်း တွေ့ဖူးသည်။ ကလေးများကို မိဘများက ကျောင်းလိုက်ပို့သည်ကို မတွေ့ဖူးခဲ့ပါ။ကလေးများ အုပ်စုလိုက် ကားလမ်း များ ဖြတ် ကူးသွားကြသည်။ လမ်းအချက်ပြမီးများကြည့်၍ သူတို့အားကိုးနှင့် သူတို့ဖြတ်သန်းကြသည်။ ကားမောင်းသူများကလည်း ကလေးများ ဖြတ်သန်းနေလျှင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးကြသည်ကို တွေ့ရသည်။ ကိုယ့်အား ကိုယ်ကိုး ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုမွေးကြဟု သင်ကြားပေးနေသကဲ့သို့ ခံစားရသည်။ အထူးခြားဆုံးကား ဂျပန်စာအုပ်ဆိုင်များဖြစ်သည်။ ကျောင်းသားကလေးများ ဝင်ရောက်လာပြီး၊ သူတို့ နှစ် သက် ရာ စာအုပ်များ ကိုယူ၍ ဆိုင်တွင်းတစ်နေရာရာထိုင်၍ ဖတ်နေသည်ကို စိတ်ရှည်စွာ ခွင့်ပြုထားကြသည်။ ကလေးများ အခမဲ့ ဖတ်ချင်သလောက် ဖတ်ခွင့်ပြုသည်။ ကလေးများကလည်း စာအုပ်ဆိုင်ထဲရောက်လျှင် မျက်နှာနှင့် စာအုပ်အပ်ပြီး သည်နှင့် စာအုပ်ထဲသာ စိတ်ရှိနေတတ်ကြသည်။ နောက်ပြောင်ဆော့ကစား စကားများ တာတွေ မတွေ့ရ။ လူဆိုတာ စာ များများဖတ်ခြင်းဖြင့် ဗဟုသုတကိုရှာဖွေရမည်ဟု သင်ကြားပေးနေသကဲ့သို့ မြင်ခဲ့ရသည်။
တခါက ဂျပန်နိုင်ငံ ဈေးတန်းတခုအတွင်း ဖြတ်သွားရင်း၊ ကျွန်တော်သတိထားခဲ့မိတာ တစ်ခုရှိသည်။
မြင်ကွင်းကား ရိုးရိုးလေးဖြစ်သည်။ ဂျပန်မိခင်တစ်ယောက် ဈေးဝယ်ထွက်လာခြင်းသာ၊ သူ၏ကလေး (လေးငါး လသားလောက်ရှိမည်ထင်သည်)ကို ကြောတွင်သိုင်းထား၍ ဈေးဝယ်နေခြင်းမျှသာ၊ ကလေး အမေက ဝယ်ယူပြီး၊ ပစ္စည်းများကို ပလပ်စတစ်အိတ်တွင်ထည့်၍ လက်မှဆွဲထားသည်။ ထို့ပြင် သူ၏ကြောပိုး အိတ် ထဲမှ ကလေးလေး၏ လက် တွင် ပလပ်စတစ် ကျွတ်ကျွတ်အိတ်အလွတ်ကလေးကို ထည့်ပေးထားခြင်း ကား ကျွန်တော့်အတွက်တော့ ထူးလည်း ထူးခြားသည်။ အမေ၏ဉာဏ်အမြော် အမြင်ကို ကျွန်တော်လေးစား မိသည်။ ကလေးနှင့်လိုက်ဖက်သော တာဝန်တစ်ခု ပေးတတ်ခြင်းကပင် အမေ၏ကောင်းမွန်သော ဗဟုသုတ ဖြစ်တော့၏။ ”လူသည် အလုပ်လုပ်ရမည်၊ နိုင်ရာဝန်ထမ်းရမည်” ဟု အသံတိတ်သင်ကြားပေးနေခြင်း ဖြစ်နိုင် သည်။
ကျွန်တော် ကြုံဆုံခဲ့ဖူးသော သင်္ဘောအင်ဂျင်နီယာမှူးကြီး၏အမေသည် ကျွန်တော်တွေ့ခဲ့ဖူးသော ကြောပိုး အိတ် ထဲမှကလေးကို ကျွတ်ကျွတ်အိတ်အလွတ်တစ်လုံးကို ကိုင်ထားစေသောအမေမျိုးဖြစ်ခဲ့မှာ သေချာသ လောက်ဖြစ်သည် ဟု ကျွန်တော်ထင်မိသည်။ ကျွန်တော်၏ထင်မြင်ယူဆချက် မှန်မမှန်ကိုတော့ သားသမီး များကို အလွန်ကောင်းစားစေလိုသော ကျွန်တော်တို့ အဖေ အမေများ တွေးတောဆင်ချင်စဉ်းစား ကြည့်ကြ စေလိုပါသည်။
ချစ်ခြင်းဆိုသည်မှာကိုယ့်အလိုကျ ကိုယ်ပိုင် ကျေနပ်ခံစားမှုမှ သာလွန်၍ မေတ္တာ ဆိုသည်ကား တဖက်သား ကောင်းစားစေလိုသော သဘောသွား ပို၍ အလေးကဲသည်ကိုလည်း ကျွန်ုပ်တို့ သတိမူ သင့်သည်ဟု ထင်ပါသည်။
အတွေးသစ်ဂျာနယ် အတွဲ(၉) အမှတ်စဉ်(၄၀၇) ၂၂-၀၉-၂၀၀၈



Saturday, January 30, 2010

မြတ်ဗုဒ္ဓမိန့်ကြားခဲ့လေသော လင်နဲ့မယား ညီမျှစေရမည့် အရေး(၄)ပါး။

(၁) ယုံကြည်မှုတူညီရမယ် (သမသဒ္ဓါ)
သဒ္ဓါဆိုတာ ယုံကြည်မှု၊ သမ ဆိုတာ တူညီတာ၊ ဒါ့ကြောင့် သမသဒ္ဓါ ယုံကြည်မှုတူညီတာလို့ အဓိပ္ပါယ်ရတယ်။ လင်ရယ် မယားရယ်လို့ဖြစ်လာပြီဆိုရင် ယုံကြည်မှုတူညီရပါမယ်။ စီးပွါးရေးလုပ်တဲ့နေရာ လူမှုရေးလုပ်တဲ့နေရာတွေမှာလဲပဲ တစ်ဦးလုပ်တာကို တစ်ဦးက ယုံကြည်မှု အပြည့်အ၀ရှိပြီး စိတ်တူ ကိုယ်တူဖြစ်နေရမယ်။ ဒီထက်အရေးကြီးတာက ဘာသာရေး၊ ဒီဘာသာရေးမှာ ပိုပြီး ယုံကြည်မှုတူညီဘို့ အရေးကြီးတယ်။ မယားလုပ်တဲ့သူက ဗုဒ္ဓဘာသာကို ယုံကြည်သူဆိုရင် လင်ဖြစ်သူကလဲ ဗုဒ္ဓဘာသာကိုပဲ ယုံကြည်သူ ဖြစ်ရပါမယ်။ ဒါကိုပဲ ယုံကြည်မှုတူညီရမယ် (သမသဒ္ဓါ) လို့ဆိုလိုတာပါ။ 

(၂) ၀ါသနာတူရမယ်  (သမသီလ)
သီလ ဆိုတာ အလေ့အကျင့် ၀ါသနာ၊ သမဆိုတာ တူညီတာ။ နှစ်ရပ်ပေါင်းတော့ သမသီလ၊ အလေ့အကျင့် ၀ါသနာတူညီတာကို ပြောတာ။ လင်ရယ် မယားရယ်လို့ ဖြစ်လာပြီဆိုရင် ၀ါသနာတူညီရပါမယ်။ ၀ါသနာမတူညီသေးဘူးဆိုရင် တူညီအောင် ကြိုးစားပြီး ညှိနေရမယ်။ နှစ်ယောက်ပေါင်းမှ တစ်ဝါသနာပဲ ဖြစ်ရမယ်။ ပျော်ရွင်ချမ်းမြေ့တဲ့ အိမ်ထောင်သည်ဘ၀ကိုပိုင်ဆိုင်ပြီး အိုအောင်မင်းအောင် ပေါင်းဆုံနိုင်မယ်။
(၃) ထောက်ပံ့မှု တူရမယ် (သမစာဂ)
စာဂ ဆိုတာ ထောက်ပံ့မှု၊ သမဆိုတာ တူညီတာ။ နှစ်ရပ်ပေါင်းတော့ သမစာဂ၊ ထောက်ပံ့မှုတူညီတာ။ လင်ရယ် မယားရယ်လို့ဖြစ်လာပြီဆိုရင် သူ့ဘက် ကိုယ့်ဘက် ထောက်ပံ့မှု တူညီရပါမယ်။ ဒါ့ကြောင့် ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းမြေ့မြေ့ သက်ဆုံးတိုင် ရိုးမြေကျ အိုအောင်မင်းအောင် ပေါင်းစုံနိုင်ဘို့အတွက် ထောက်ပံ့တဲ့နေရာမှာလဲ သူ့ဘက်ကိုယ့်ဘက် ညီတူညီမျှ ထောက်ပံ့ကြပါ။
(၄) အသိတူညီရမယ် (သမပညာ)
ပညာဆိုတာ အသေးစိတ်သိမှု၊ သမ ဆိုတာက တူညီတာ။ နှစ်ရပ်ပေါင်းတော့ သမပညာ၊ အစစအရာရာ အသိတူညီနေရမယ်။ လင်ရယ် မယားရယ်လို့ဖြစ်လာပြီဆိုရင် အစစအရာရာ အသိတူညီပါတဲ့။ လင်မယားကြားမှာ လျှို့ဝှက်ချက်မထားပါနဲ့။ လင်သွားတဲ့နေရာ လင်စားတဲ့အစားအစာတွေကို မယားက သိနေရမယ်၊ သိပိုင်ခွင့်ရှိရပါမယ်။ ထို့အတူပဲ။ မယားသွားတဲ့နေရာ မယားစားတဲ့အစားအစာတွေကို လင်က သိနေရမယ်၊ သိပိုင်ခွင့်ရှိရပါမယ်။ ဒီလို အသေးအဖွဲလေးတွေကအစ လင်မယားအချင်းချင်းသိနေရပါမယ်။ လင်မယားကြားမှာ လျှို့ဝှက်ချက် မရှိရပါဘူး။ လျှို့ဝှက်ချက်ရှိလာပြီဆိုရင် ပေါက်ကြားတဲ့တစ်နေ့ သံသယတွေ ၀င်လာမယ်။ သံသယ၀င်လာပြီဆိုရင် ယုံကြည်မှု စိတ်ချရမှုအပိုင်းတွေ လျော့နည်းလာပြီး ပြဿနာတွေ တက်လာနိုင်ပါတယ်။ ပျော်ရွှင်ဘွယ်ရာ အိမ်ထောင်သည်ပိုင်ရှင်တွေ ဖြစ်လာတော့မှာ မဟုတ်တော့ဘူး။ ဒါ့ကြောင့် ပျော်ရွှင် ချမ်းမြေ့တဲ့ အိမ်ထောင်သည်ဘ၀ကို ပိုင်ဆိုင်ဘို့ လင်မယား နှစ်ယောက်စလုံး အသိတူညီရပါမယ်။
ဒီအချက် (၄) ချက်ကိုလိုက်နာကျင့်သုံးမယ်ဆိုရင် ဒီလင် ဒီမယား ပျော်ရွှင်ချမ်းမြေ့စွာ သက်ဆုံးတိုင် ရိုးမြေကျ အိုအောင်မင်းအောင် ပေါင်းဆုံနိုင်တယ် လို့ ဗုဒ္ဓဘာသာစာပေမှာ ဆိုပါတယ်။ ဒါ့ကြောင့် ဒီအချက် (၄) ချက်ကို လိုက်နာကျင့်သုံးနိုင်ကြပါစေ၊ လိုက်နာကျင့်သုံးနိုင်ပြီးသကာလ အိမ်ထောင်သည်များအားလုံး သက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင် အိုအောင်မင်းအောင် ပေါင်းဆုံနိုင်ကြပါစေ။


အထက်ပါ တရားလေးကို ကျမတို့ဇနီးမောင်နှံအတွက် မွေးနေ့မင်္ဂလာတရားဟောကြားပေးပါသော ဘုန်းဘုန်း အရှင်ကဉ္စနသာရ (ကသစ်ဝိုင်ဓမ္မရိပ်သာ-အောင်မင်းခေါင်ကုန်းမြေ) အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် တရားအစအဆုံးကို တရားခွေမှ အသံကို စာပြန်စီရန် လတ်တလောမှာ ရာသီအကူးအပြောင်းဖြစ်လို့ ဖျားနေတာကတစ်ကြောင်း ပရဟိတအလုပ်များနဲ့ အလုပ်များနေတာကြောင့် အောက်ပါလင့်လေးမှ စာသားများကို သွားရောက်ကူးယူကာ တရားခွေထဲမှ အဓိကလိုရင်းတရားစာသား များကိုသာ ဖော်ပြပေးလိုက်ပါတယ်။
http://dhammagarden.blogspot.com/2010/01/blog-post_29.html