သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, November 4, 2010

ဆာလာမ (အပိုင်း - ၂)

တောင်ပေါ်လမ်းတွေဆိုတာ ချောက်ကမ်းပါးနဲ့ လမ်းနဲ့က ဒီလိုကပ်ကပ်လေးတွေပါ။

“ခမ်းရေ အစ်မတို့ လမ်းမှားသွာပြီလား ကြည့်ပါအုံး ရွာလည်း မတွေ့ဘူး”ညည်းတွားမိတော့၊ ခမ်းက “လမ်းတော့ မမှားဘူး အစ်မ၊ ဒီနားမှာ ခဏနေခဲ့နော် တောင်ပေါ်ဆက်တက်ပြီး သွားကြည့်လိုက်အုံးမယ်၊ တောင်က မတ်တော့ နှစ်ယောက်အလေးချိန်နဲ့ ဆိုင်ကယ်ကိုမထိန်းနိုင်မှာစိုးလို့” ဤသို့ပြောပြီးနောက် crystal တစ်ယောက်တည်း တောတောင်ထဲမှာ မျက်စိသူငယ်လေးဖြင့် ကျန်ရစ်ခဲ့ပါတော့တယ်။ အစ်မလည်း လိုက်ခဲ့မယ်ဆိုပြီး ပြောရင်လည်း အခြေအနေက မပေး၊ ကဲ မထူးပါဘူးလေ တောထဲတောင်ထဲမှာ ရှိကြကုန်သော သတ္တဝါအပေါင်းတို့ကို မျက်စိလေးမှိတ်ပြီး အာရုံပြု မေတ္တာပို့ပါတော့တယ်၊ ပြုခဲ့ဖူးသော ကုသိုလ်များကို အားလုံးကြားကြားသမျှ အမျှရကြပါစေကြောင်း အမျှပေးဝေ၊ နားစွင့်လိုက်တော့ ဆိုင်ကယ်သံကလည်း တစတစ ဝေး၍ သွားချေပြီ။ ပတ်ဝန်းကျင်က တိတ်ဆိတ်မှုက ခြောက်ခြားစရာ။ မေတ္တာပို့ပြီး မျက်လုံးလေးဖွင့်ကြည့်မိတော့ ကိုယ့်ရှေ့မှာ ပွင့်တူရွက်တူပန်းအနီရောင်လေးထံ မျက်စိရောက်သွားပါတယ်။ ပန်းလေးက လက်ဝါးကတ်တိုင်မှာ ချည်ထားတာပါလား။ ပန်းက လက်ဆတ်နေသေးတယ်၊ နောက် မျက်လုံးကို နဲနဲ အလုပ်ပေးလိုက်တယ်၊ အမယ်လေး ပျော်လိုက်တာ သချိုင်း သချိုင်းတွေ့ပြီ ဒါဆို ရွာရှိပြီပေါ့၊ သချိုင်းဆိုတာ ရွာရဲ့ အနောက်ဘက်မှာ ထားတတ်ကြတာမို့ ကျမရောက်နေတဲ့အရပ်ဟာ ရွာရဲ့ အနောက်ဘက်ကို ရောက်နေတာဆိုတော့ အရှေ့ဘက်မှာ ရွာရှိရပါမယ်၊ ပန်းက လန်းနေသေးတော့ ရွာက အနီးအနားမှာပဲ ရှိမှာ သေချာနေပြီဆိုတာ သိလိုက်ရပါတယ်။ ရှေ့နားကို နဲနဲလေးတိုးပြီး သစ်ပင် သစ်ရွက်တွေကြားက လှမ်းကြည့်လိုက်တော့ အဝေးတစ်နေရာက မီးခိုးတလူလူထွက်နေတာ တွေ့ရပါတယ်။ ခွေးဟောင်သံ တချက်တချက် ကြားနေရတယ်။ ဒါဆို သေချာပြီ။ ခမ်းရေ အမြန်သာ ပြန်လာပါတော့လို့ တိုးတိုးရေရွတ်မိလိုက်တယ်။ နာရီဝက်လောက် ကြာတဲ့အခါ ခမ်းရဲ့ ဆိုင်ကယ်သံကို စကြားရပါတယ်၊ ခမ်းရဲ့ ဆိုင်ကယ်သံဖြစ်ပါစေလို့ ဆုတောင်းမိသေး။ ဆိုင်ကယ်သံ နီးလာတော့မှ ခမ်းရဲ့ ဆိုင်ကယ်သံမှန်း သေချာသွားတာမို့ အားတက်ဝမ်းသာနိုင်တော့တယ်။ ခမ်းရောက်လာပြီး ရွာကို သွားဖို့ လမ်းရှာကြရပြန်ပါတယ်။ လမ်းပေါက်က ဆိုင်ကယ်သွားနေကြ လမ်းပေါ် သစ်ကိုင်းကျိုးကျနေတော့ သစ်ရွက်၊ သစ်ပင်တွေနဲ့ ပြည့်ပြီး လမ်းမရှိဘူးလို့ ထင်ရတာကြောင့် လမ်းမတွေ့တာဖြစ်နေတာ။ ဒါနဲ့ ရွာထဲလမ်းကို ဆိုင်ကယ်ဆက်ပြီး မောင်းနှင်လာတော့ ရွာကို တွေ့ပါပြီ။ နေ့လည်ပိုင်းဆိုတော့ လယ်စိုက်သွားကြ၊ တောင်ယာအလုပ်များကို လုပ်ကိုင်ကြတာကြောင့် ရွာထဲမှာလူရှင်းနေပါတယ်။ ကလေးတွေ၊ ခွေးလေးတွေနဲ့ အသက်ကြီးပိုင်းတချို့သာတွေ့ရပါတယ်။ ရွာက အိမ်ကိုးလုံးပဲရှိပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုနဲ့ လူသားချင်းစာနာကူညီသော အဖွဲ့တစ်ဖွဲ့ရဲ့ ရုံးအဆောင်အအုံငယ်လေးကို တွေ့ခဲ့ရပါတယ်။ ရွာက လူတွေကို တွေ့နိုင်မယ့် ရက်ကို မေးခဲ့ပြီး ပြန်လာခဲ့ကြပါတယ်။ အပြန်လမ်းတောင်ဆင်းမှာတော့ တထိတ်ထိတ်မဖြစ်တော့ပါဘူး။ လမ်းသိသွားပြီကိုးနော်။ တောင်ပေါ်က ဆင်းတော့ မှောင်ရီစပျိုးနေပြီ၊ ကားလမ်းမပေါ်မှာ ဆိုင်ကယ်အရှိန်မြှင့်မောင်းလာခဲ့ကြပါတယ်။ ဖြည်းဖြည်းမောင်းလို့လဲ မပြောဖြစ်ခဲ့ဘူး ရုံးက လူတွေ နောက်ကျလို့ စိတ်ပူနေလောက်ပြီလို့ စိုးရိမ်ပြီး အရှိန်နဲ့ မောင်းလာခဲ့ကြပါတယ်။ တစ်နေရာအရောက် ကြက်သားအုပ်တစ်စု ကားလမ်းကို ပြေးဖြတ်ကူးကြတယ်၊ ကားတွေဘက်က လွတ်လာပေမယ့် ကျမတို့ ဆိုင်ကယ်နဲ့ မလွတ်ပဲ ကြက်အော်သံ၊ ဆိုင်ကယ်သံနဲ့ လူအော်သံတွေ ဆူညံသွားတော့တယ်။ အရှိန်ကို ထိန်းရင် ဆိုင်ကယ်မှောက်မယ်၊ လူကို ကာကွယ်ရတော့၊ အင်းးးးးးး ကြက်လေးတွေကိုသာ မေတ္တာပို့လိုက်ရပါတော့တယ်။

ကျိုင်းတုံမြို့ထဲကို စဝင်လာတော့ မြေလမ်းလေးအတိုင်း တစ်ခါ မောင်းရသေးတယ်၊ ရှေ့မှာ စေတီတစ်ဆူပါလား၊ ဥာဏ်တော် သိပ်မမြင့်လှပေ။ ခမ်းကပြောတယ် “အစ်မ ဒီဘုရားက ထူးခြားတယ်”၊ “ဟုတ်လား ဘာတွေ ထူးခြားလဲ ပြောပါအုံး၊ သူက မှားလို့မရဘူး”။ “အယ် ဘယ်လိုမှားလို့မရတာလဲ” ကျမက မေးနေတုန်းရှိသေး......၊
ဝုန်းးးးးးးးးးးးးးးးးးး
ဘယ်က ဘယ်လိုဖြစ်တယ် မသိ ဆိုင်ကယ်စလစ်ဖြစ်သွားလိုက်တာ ဆိုင်ကယ်က ကျမတို့နှစ်ယောက်ကို ဘေးဒရွတ်တိုက်ဆွဲသွားပါတော့တယ်၊ သိပ်ဝေးဝေးဆွဲမသွားလို့ တော်သေးတယ်။ ဆိုင်ကယ်အောက်မှာ ခမ်းက ပိလို့၊ ခမ်းအပေါ်မှာ ကျမနဲ့ ဆိုင်ကယ်က ပိနေပါတယ်။ ဖြစ်ပျက်သွားတာက ချက်ချင်းမို့ ကျမလည်း ယောင်နနနဲ့။ ကိုယ့်ဖာသာ မနဲကုန်းထ၊ ခမ်းကိုလည်း တဖွဖွခေါ်လို့။ ခမ်းဆီက အသံမကြားရတော့ ကျမလန့်လိုက်ရတာ၊ နောက်မှ ဆိုင်ကယ်ကို မနိုင်တနိုင်မဖယ်၊ အနားမှာ ရှမ်းလူမျိုးအမျိုးသားတစ်ယောက်က အပြေးလာပြီး ခမ်း ကိုယ်ပေါ်ပိနေတဲ့ ဆိုင်ကယ်ကို ဝိုင်းဖယ်ပေး၊ ခမ်းကို ကျမ လှုပ်ပြီး ထူ၊ ခမ်းက သူနာနေလို့ အသံမထွက်နိုင်၊ အမယ်လေး တော်ပါသေးရဲ့၊ ခမ်းကတော့ အစ်မ ဘာဖြစ်သွားလဲဆိုပြီး သူနာနေတာကို ဂရုမစိုက်အားဘူး၊ ကျမကို စိုးရိမ်တကြီး မေးရှာပါတယ်။ ဆိုင်ကယ်ဦးထုပ်တွေကလည်း မေးသိုင်းကြိုးတွေက ချောင်နေတော့ လွှင့်ထွက်ကုန်လေပြီ။ ကံက ကောင်းချင်တော့ ခေါင်းနဲ့ မရိုက်မိ။ ဆိုင်ကယ်ကို ဝိုင်းထူပေးသောသူကလည်း စကားပင်လှည့်မပြော ထွက်သွားလေတော့သည်။
ခမ်းတစ်ယောက် နာနေတဲ့ ကြားက တဟားဟားရယ်နေပြီး၊ “အစ်မရေ ထူးခြားတာ ဘာလဲဆိုတာ သိပြီလား၊ လမ်းမှာ ကြက်လေးကို သေချင်လို့ လမ်းဖြတ်ကူးတာလားမသိဘူးလို့ စိတ်ထဲက ဖြစ်လိုက်တော့ အခု ဆိုင်ကယ်မှောက်ပြီး သူခြေထောက်နာရပြီတဲ့။ သူကြက်လေးကို တိုက်မိပြီး လှည့်ကြည့်လိုက်တဲ့အခါ ကြက်လေး ခြေတစ်ဖက် နာသွားတာတွေ့လိုက်တယ်၊ ဒါကြောင့် အခုသူပြန်ခံရတာ”လို့ ပြောရှာပါတယ်။ “အော် အစွဲမထားပါနဲ့ ခမ်းရယ်၊ ကဲ ဆိုင်ကယ်ကို ကြည့်အုံး၊ သွားလို့ရသေးရဲ့လား”လို့ ဆိုင်ကယ်လည်း တော်တော်လေး ထိသွားလေသည်။ သို့သော်လဲ မောင်းလို့တော့ ရသေးတဲ့အတွက် ရုံးသို့ ဖြောင့်တန်းစွာရောက်ခဲ့ပါသည်။
ရုံးရောက်တော့ စိတ်ပူနေကြသော ရုံးအဖွဲ့သားများက ကျမတို့ကို ရှာဖို့ပင် တိုင်ပင်စုစည်းနေကြပြီ၊ နှစ်ယောက်သား စကားပင် မပြောနိုင်၊ ခန္ဓာကိုယ်နာကျင်မှုတွေအပြင် ထိတ်လန့်မှုမျိုးစုံတို့အကြောင်းတွေကို ဘယ်က စပြောရမှာပါလိမ့်...

ဆက်ပါအုံးမည်။

လေးစားစွာဖြင့်
crystal

ကျိုင်းတုံမှ ဓာတ်ပုံများကို လိုလိုလားလားဖြင့် ထပ်မံပေးပို့သော အမှောင်ထုထဲက အလင်းစက်များ နှင့် မနိုင်း တို့အား အထူးကျေးဇူးတင်ပါသည်။ ယခုပိုစ့်လေးရေးရသည်မှာ အတော်လေးပင်ထူးခြားလေသည်။ မြန်မာနိုင်ငံသားများအကြောင်းရေးသော ယခုပိုစ့်သည် မြန်မာနိုင်ငံထဲမှ တစ်နေရာဆီတွင်ရှိနေသော နိုင်ငံသားတို့ စုပေါင်းအားဖြည့်ထားသော ပိုစ့်လေးဖြစ်လာခြင်းကြောင့် အလွန်ပင် ဝမ်းမြောက်ကြည်နူးခြင်း ဖြစ်ရပါသည်။

Tuesday, November 2, 2010

ဆာလာမ (အပိုင်း - ၁)

တောင်စဉ် အထပ်ထပ်တွေက ရှမ်းပြည်နယ်ရဲ့ သဘာဝအလှတရားများဖြစ်ပါတယ်။
(ဓာတ်ပုံများကို မနိုင်းနိုင်းစနေမှ ကူညီပေးပို့ပါသည်)

ပြီးခဲ့တဲ့လက ဧည့်သည်များကို ထိုင်းနိုင်ငံရှိ ပတ္တရားကမ်းခြေကို လိုက်ပို့တော့ ကမ်းခြေနားက တောင်တန်းတွေကို ဆိုင်ကယ်နဲ့ သွားရင်း Adventure Trip ကို ခံစားကြသတဲ့။ တောင်တန်းတွေပေါ်ကို စွန့်စွန့်စားစား ဆိုင်ကယ်တွေစီးရင်း အပန်းဖြေကြသတဲ့လား၊ ကျမမှာတော့ အတိတ်ဆီက မောမြေတောင်တန်းတွေပေါ်မှာ သဲထိတ်ရင်ဖို တာဝန်ထမ်းဆောင်ခဲ့သည်များကို မျက်စိထဲမှာ တရေးရေး မြင်ယောင်မိရင်း အတိတ်ဆီကို အတွေးတို့က ခရီးနှင်နေမိပါတော့တယ်.....

မဝေးသေးတဲ့ နှစ်တစ်ခုက တောင်တန်းတွေနဲ့ သာယာလှပတဲ့ ရှမ်းပြည်နယ်ကို ကျန်းမာရေးတာဝန်တွေနဲ့ ရောက်ခဲ့ပါတယ်။ ရန်ကုန်မှ ဝန်ထမ်းများက ဦးဆောင်လို့ ဒေသခံဝန်ထမ်းများ အကူအညီနဲ့ နိုင်ငံသားတို့ရဲ့ ကျန်းမာရေးဆိုင်ရာများကို စွန့်စွန့်စားစား ဆောင်ရွက်ခဲ့တာ အခုဆိုရင် သုံးနှစ်တောင် ပြည့်ခဲ့ပြီ။ ကျမတို့ အနေနဲ့ ကျန်းမာရေးတာဝန်များကို ဆောင်ရွက်ရန် ဒေသတွေခွဲ၊ တာဝန်တွေ ခွဲယူကြရပါတယ်။ ကျမတာဝန်ကျရာ ကျေးလက်ဒေသတွေအားလုံးက တောင်ပေါ်ဒေသတွေချည်းပါပဲ။ ဒေသခံ မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေး ဝန်ထမ်းနှစ်ဦး အားဖြည့်လို့ ကျမတို့ တောင်ပေါ်ဒေသဆီသို့ ထွက်ခဲ့ကြပါတယ်။ ပထမနှစ်ရက်က ဒေသတွေရဲ့ လမ်းကြောင်းကြည့်ဖို့ဖြစ်ပြီး၊ ကျန်ရက်များမှာတော့ ကျန်းမာရေးကိစ္စတွေ ဆောင်ရွက်ရန် စီစဉ်စွဲထားပါတယ်။
ဒီလိုနဲ့ တစ်ရက်မှာ ဒေသခံဝန်ထမ်း ရှမ်းမလေး “ခမ်း”နဲ့ကျမက ဆိုင်ကယ်တစ်စီး၊ ယောက်ျားနှစ်ယောက်က ဆိုင်ကယ်တစ်စီး ခွဲလိုက်ကြပြီး ရွာနှစ်ရွာကို ခွဲဝင်ပါတယ်။ ခမ်းနဲ့ကျမတို့ သွားတဲ့တောင်ပေါ်က မနက်စောစော မိုးရွာထားတာကြောင့် တောင်က ချော်နေပါတယ်၊ မြေပြန့်က စတက်တဲ့လှမ်းမှာပင် ဆိုင်ကယ်က နောက်ပြန် ချော်ကျလိုက်တာ နောက်က ကျမက ခြေထောက်နဲ့ လှမ်းထောက်ပြီးထိန်းလိုက်တဲ့အခါမှ ဆက်ချော်မကျပဲ ခမ်း ကလည်း ဆိုင်ကယ်ကို ထိန်းလိုက်နိုင်ပါတယ်၊ ပထမဆုံး ရင်တုန်မှု ရင်ခုန်မှုပေါ့။
ဒါနဲ့ ကျမလည်း ခြေချင်လျှောက်လိုက် ဆိုင်ကယ်နဲ့တက်လိုက်နဲ့ တောင်ထိပ်ကို ရောက်သွားတယ်ဆိုပါစို့။ လမ်းမှာတော့ အမောစို့တဲ့နေရာတွေ ရှိသလို၊ မိုးနဲ့ ဆောင်းအကူး ရာသီရဲ့ အေးတဲ့ဒဏ်ကို ရန်ကုန်ကလာတဲ့ crystal တစ်ယောက် ကြံ့ကြံ့ခံရင်း အံကြိတ်နေရပါတယ်။ တောင်ထိပ်ရောက်တယ်ဆိုရင်ပဲ တောင်တွေကြားမှာ လယ်ယာစိုက်ပျိုးနေကြတဲ့ တိုင်းရင်းသူလေးတွေကို ကျမတို့ တာဝန်ယူရမည့် ရွာဟုတ်မဟုတ် ခမ်းက ရှမ်းတိုင်းရင်းသား ဘာသာစကားနဲ့ လှမ်းမေးပါတယ်။ ရွာထဲက လယ်စိုက်နေတဲ့ တိုင်းရင်းသူလေးက “နင် ဘာတွေပြောနေတာလဲဝေးးးး ငါနားမလည်ပါလား”တဲ့။ ဗမာစကားနဲ့ ထပ်မေးတော့ ဟိုဘက်က နားလည်သွားတယ်။ “ဒီတိုင်းရင်းသူက အခြားနေရာက ဒီကို ရောက်လာတဲ့ တိုင်းရင်းသူဖြစ်မယ်တဲ့၊ အချို့ ကရင်နဲ့ ကယားတွေလည်း ဒီဘက်ကို တာဝန်ကျရင်း ဒီဘက်မှာ အိမ်ထောင်ကျလို့ နေဖြစ်သွားတာတွေလည်း ရှိပါတယ် အစ်မ”လို့ ခမ်းက ရှင်းပြတယ်။ နယ်ခံတိုင်းရင်းသူလေးကို ကျမတို့ သွားလိုရာ ရွာကို ထပ်မေးကြည့်တော့ တော်တော်လိုသေးကြောင်း ဒီတောင်ကနေ လှမ်းကြည့်ရင် အမြင့်ဆုံးတောင်ထဲမှာ ဖြစ်ကြောင်း ဒီလမ်းကပဲ ဆက်သွားပါလျှင် အဆင်ပြေပါကြောင်း၊ တောင်များက ဆက်နေတာကြောင့် သွားလို့ရကြောင်း လမ်းညွှန်ပေးပါတယ်။
ခမ်းနဲ့ကျမလည်း တောင်ကို မျှော်ကြည့်မိရင်း ဘုရားတမိကြသေးတယ်။ ယောက်ျားလေးတွေကို ပြန်ခေါ်ရင်ကောင်းမလားလို့ တွေးမိတော့ မဖြစ်ဘူး အချိန်က နေ့လည်ကို ရောက်နေပြီ အချိန်သိပ်မရတော့ အားတင်းပြီး ရှေ့ဆက်ဖို့သာရှိပါတယ်။ ခမ်းက “အစ်မ လိုက်ရဲလား၊ အစ်မ သွားမယ်ဆိုရင် သူလိုက်ပို့ပါမယ်လို့ ပြောပါတယ်”ကျမလည်း သက်ပြင်းကို ချရင်း သွားကြမယ်ဆိုပြီး ဆက်ထွက်ခဲ့ကြတယ်။
နေပူလာပြီဖြစ်လို့ တောင်စတက်တုန်းကလိုတော့ ချော်ကျခြင်းမဖြစ်တော့ပေမယ့် တောင်ကြားတွေထဲက ဆိုင်ကယ်နဲ့သွားရတာဆိုတော့ ဆိုင်ကယ်သွားတဲ့လမ်းလေးက တောင်ကမ်းပါးမှာ လက်နှစ်အုပ်စာ သာသာလေးတွေပဲ ရှိတာမို့၊ ဘုရားစာရွတ်ရင်း သတိအနေအထားနဲ့ ချောက်ထဲကျရင် ဘယ်အပင်ကို လှမ်းဆွဲရမယ်ဆိုတာပါ ကြည့်နေရပါတယ်၊ သဲထိတ်ရင်ဖိုစွာနှင့်။
နောက်ထပ် (၂)နာရီခန့် သွားပြီးနောက် တိုင်းရင်းသူလေးပြောတဲ့ နေရာလိုလိုတွေ့သော်လည်း တောထဲ တောင်ထဲမှာ ရွာပျောက်နေပါတယ်။ ကျမတို့ မျက်စိလည် လမ်းမှားသွားပြီလား...........။

ဆက်ပါအုံးမည်....


လေးစားစွာဖြင့်
crystal
------------------------------------------ဝဝဝ-------------------------------------
မနိုင်းရေ
ကျိုင်းတုံမှာ အလုပ်ကိစ္စနဲ့သွားတုန်းက အကြောင်းလေးတွေ ရေးချင်လို့ ကျိုင်းတုံရဲ့ တောင်တန်းများ ပုံလေးတွေ လိုချင်ပါတယ်ရှင်။
ရောက်ခဲ့စဉ်က အကြောင်းအကြောင်းများကြောင့် ဓာတ်ပုံရိုက်ခွင့်မရခဲ့ပါဘူး။
တာဝန်နဲ့ဆိုတော့ ကင်မရာကိုင်ခွင့်မရှိတာပါ။

ပိုစ့်ရေးပြီးရင် ပို့လိုက်ပါ့မယ်။
ကူညီနိုင်ရင် ကူပါနော်။
လေးစားစွာဖြင့်
crystal

ဟလို မcrystal
ကျိုင်းတုံမြို့ထဲက ပုံတော့မရှိဘူး
မိုင်းလားသွားလမ်းတစ်လျှောက်
နောက် တောင်ကြီးပြန်လမ်းတစ်လျှောက်က ပုံတွေတော့ရှိတယ်
ပို့စ်ရေးပို့လိုက်လေ.. လိုအပ်တဲ့ ပုံတွေကို ရှာပြီးထည့်ပေးလိုက်မယ်း)

ကျေးဇူးးး

မနိုင်းရေ
ရှမ်းပြည်တောင်တန်းပုံတစ်ပုံလောက်ဆိုရင်ရပါပြီ။
ပိုစ့်နာမည်က “ဆာလာမ”တဲ့။
အခါလူမျိုးတွေနဲ့ တွေ့ခဲ့တဲ့ အကြောင်းလေး ရေးချင်လို့ပါ။
လောလောဆယ်က ပိုစ့်ကို ရာထားတုန်းပဲရှိသေးတယ်။
စိတ်က အာရုံထွေနေလို့နော်။
တကူးတက ကူညီလို့ ကျေးဇူးပါနော်။
ခရစ္စတလ်

တာချီလိတ်ကနေ တောင်ကြီးကို ပြန်လာတုန်းက ရိုက်ခဲ့တာ
အဆင်ပြေမယ်ထင်တယ်နော်..
ကားပေါ်က လှမ်းလှမ်းရိုက်တယ်ဆိုတော့ ပုံတွေက ထင်သလောက် မကောင်းဘူးး)

မနိုင်းရေ
ကျေးဇူး အထူးတင်ပါတယ်နော်၊ ပုံလေးတွေက အဆင်ပြေပါတယ်။
သဘာဝပုံလေးတွေမို့ ပိုတောင် ကောင်းပါသေးတယ်ရှင်။

အခုလိုကူညီတာဝမ်းသာစွာဖြင့် ကျေးဇူးတင်ပါကြောင်းနော်။
ပုံတွေမြင်တော့ တော်တော်လွမ်းသွားတယ် တောင်တန်းတွေကိုပါ :P
လေးစားစွာဖြင့်
ခရစ္စတလ်

Wednesday, October 27, 2010

“နိုင်ငံသားတို့၏ အရေး ဒို့အရေး”

ရခိုင်ပြည်နယ်ရှိ “ဂီရိ”မုန်တိုင်း လေဘေးသင့်ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးကော်မတီ၏

လေဘေးကယ်ဆယ်ရေးနှိုးဆော်လွှာ

(၂၀၁၀) ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ကမ်းရိုးတန်းဒေသတွင် တစ်နာရီလျှင် မိုင် (၁၂၀)ကျော်နှုန်းဖြင့် အင်အားပြင်းစွာ ဝင်ရောက်တိုက်ခတ်ခဲ့သော လေမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင်းနေ တိုင်းရင်းသားပြည်သူများစွာတို့၏ အသက် အိုးအိမ်နှင့် လယ်ယာများ များစွာပျက်စီး ဆုံးရှုံးခဲ့ရပြီဖြစ်ပါသည်။

ဤသို့ သဘာဝလေဘေးဒဏ်ခံခဲ့ရသော ရခိုင်ကမ်းရိုးတန်းနေ တိုင်းရင်းသားပြည်သူများသည် ကယ်ဆယ်ရေး စခန်းများဖြစ်ကြသော ဘုန်ကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် ယာယီနေထိုင်ကြပြီး၊ စားဝတ် နေရေးအတွက် အခက်အခဲများစွာကို ရင်ဆိုင်နေကြရပါသည်။

မုန်တိုင်းသင့်သော ရွာများသည် ပျောက်ဆုံး ပျက်စီးခြင်းများအပြင် လူအသေအပျောက်များစွာရှိသည်ဖြစ်ရာ ကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းလျက် လေဘေးသင့် ဒေသများသို့ သွားရောက်လှူဒါန်း ထောက်ပံ့ကြ မည်ဖြစ်ပါသည်။

သို့ပါ၍ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများအနေဖြင့် လေဘေးသင့်ဒုက္ခသည်များကို လူသားချင်း စာနာထောက်ထားသောအားဖြင့် စွမ်းနိုင်သမျှ ပါဝင်ကူညီကြပါရန် ကုသိုလ်အကျိုးမျှော်၍ နှိုးဆော် တိုက်တွန်းလိုက်ရပါသည်။

လေဘေးသတင်းများ ကြည့်ရှုနိုင်သော ဆိုဒ်များ

http://arakangirii.blogspot.com/
http://arakangirienglish.blogspot.com/
http://maygawaddyfamily.blogspot.com/
http://irrawaddyblog.com/2010/10/blog-post_661.html
http://ywarookyaung.blogspot.com/
http://thandarmyestar.blogspot.com/


ထိုင်းနိုင်ငံ အလှူခံရာဌာနနှင့် Bank Account
Cyclone Giri Relief Committee of Thailand

Wat Talom, Charan 13,
Khlong Khwang, Phasi Charoen,
Bangkok 10160,Thailand

Bank account
Name - Phra Kaweinda
A/C No - 119-234694-4
Bank Name - Siam Commercial Bank, Thailand

ဆက်သွယ်လှူဒါန်းရန်
Ven. Kundala,(+66-851235054,Email:venukundala2008@gmail.com)
Ven. Kavinda (+66-851663197, Email: kavi.inda@gmail.com)
Ven. Aloka (+66-894348411, Email: realsingle@gmail.cm)
Ven. Indobhasa(+66-850603342,Email: indobhasaa@yahoo.com)
Ven. Nanissara(+66-814919143, Email: nanissara@hotmail.com)
Ven. Nyanika(+66-835550824,Email: nyanika.2008@gmail.com)

ရခိုင်သဟာယအသင်းရုံးခန်း
အမှတ်၁၁၅၊ပထမထပ်(ညာ)၊သမိန်ဗရမ်း
လမ်း၊ MOON BAKERY အနီး၊ တာမွေအ၀ိုင်းထိပ်၊ ရုံးဖုန်း-၄၃၀၁၇၂၊ အီးမေလ်-rakhine.tay@gmail.com

ဒေါက်တာကျော်သိန်း(နာယက) - ၀၉၅၁၂၇၄၆၇၊
ဦးခင်မောင်စိုး (ဥက္ကဋ္ဌ) - ၅၅၂၁၂၆၊
ဦးဇော်အေးမောင် - ၀၉၅၁၄၀၄၀၇၊
မောင်ရဲထူးအောင် - ၀၉၉၀၄၁၃၉၆၊
ဦးဘိုးတင် - ၀၉၅၀၀၆၉၂၆၊
ဦးမျိုးဆွေ - ၀၉၅၀၀၁၁၈၀၊
ဦးဦးလှမြင့် - ၇၃၀၈၈၉၀၆၊
ဦးဇော်ဝင်း - ၀၉၅၀၀၆၈၂၀၊
ဦးသာမြကျော် - ၀၉၅၁၅၅၄၁၉၊
ဦးဦးမြင့်ကျော် - ၀၉၅၀၆၄၆၅၃၊
ဦးထွန်းနိုင် - ၀၉၈၅၁၀၄၀၀၊
ဦးကျော်နိုင် - ၀၉၅၀၆၁၈၈၄



နိုင်ငံသားတို့၏အရေး ဒို့အရေး
တိုင်းရင်းသားတို့အရေး ဒို့အရေး
ပြည်သူတို့အရေး ဒို့အရေး။


လေးစားစွာဖြင့်
Crystal