သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, February 2, 2012

မိုးသည်းထဲမှာ


 မိုးသည်းထဲမှာ ခရစ္စတလ်နဲ့အတူ မိုးမိနေတဲ့ စက္ကူပန်းလေးတွေ

 မိုးရာသီမှာ ခရစ္စတလ်ကို မွေးတာမို့လားမသိဘူး မိုးတွေ ရွာရင် သိပ်ကို ပျော်ပါတယ်။ 
မိုးခြိမ်းသံတွေနဲ့ လျှပ်စီးလက်တာတွေကိုလည်း သဘောကျပါတယ်။ မားသားကို ပေါက်ပေါက်ရှာရှာမေးလိုက်သေးတယ် 
သမီးကို အမေမွေးနေတုန်းက မိုးတွေ ရွာနေလားဆိုတော့ 
သိပါဘူးအေ ကလေးမွေးနေတာ မိုးရွာတာ သိနိုင်မလားတဲ့ 
ဟီ ဟိ၊ ဟုတ်သားပဲ:P

 မိုးတိတ်သွားပေမယ့် ပန်းပွင့်တွေမှာ မိုးစက်လေးတွေ တွဲလွဲခိုနေတာ ချစ်ဖို့ကောင်းလိုက်တာ

ညီမလေးတစ်ယောက်ရဲ့ ရုံးခန်းမှာ အလုပ်ကိစ္စတွေ ပြောပြီး အပြန်မှာ ဘုရားတက်မယ်ပေါ့၊ ရန်ကုန်မှာဆို ရွှေတိဂုံဘုရား ခဏခဏရောက်ဖြစ်တယ်။ ထိုင်းရောက်လာတော့ ဘုရားသွားချင်တယ် ဆန္ဒက အကင်းမသေဘူး ဘယ်ဘုရားသွားပြီး အေးအေးဆေးဆေး ဘုရားရှိခိုးရရင် အဆင်ပြေမလဲပေါ့။ နောက်တော့ တိုးအလုပ်တွေ လမ်းညွှန်ကူညီပေးတဲ့ အစ်မတစ်ယောက်နဲ့ တောင်ပေါ်ဘုရားကို သွားဖူးဖြစ်ခဲ့တာက စလို့ မကြာခဏဆိုသလို ရောက်ဖြစ်နေပါတော့တယ်။

အဲဒီနေ့က အိမ်ကနေ ထွက်တုန်းကတော့ နေသာနေသား၊ ပသူနမ်ရောက်တော့မှ အစိုးမရတဲ့မိုးက ရွာပါလေရော ရွာတာမှ သဲသဲမဲမဲကို ရွာချလိုက်တာပါ။ သွားလေရာ ထီးယူတတ်သူမို့ တော်သေးတော့တယ်။ လေကလည်း တိုက် မိုးကလည်း ရွာနဲ့။ ဘုရားသွားရတာ အဆင်ပြေပါ့မလား အိမ်ပဲ ပြန်လိုက်ရင်ကောင်းမလား။ ပြန်မယ့်စိတ်ကို မဖြစ် ဖြစ်အောင်သွားမယ်ဆိုတဲ့ စိတ်က အနိုင်ယူပြီး ဆက်သွားဖြစ်ပါတယ်။ တောင်ပေါ်ဘုရားနားရောက်တော့ လမ်းလျှောက်လို့ မရအောင်ကို လေတွေ တအားတိုက် တကိုယ်လုံးလဲ စိုစိုရွှဲပေါ့။ မိုးရေတွေ စိုနေတာ ပြန်ရင်ကောင်းမလား တစ်ခါ ထပ်တွေးမိတယ်။ လူကသာ တွေးနေတာ၊ ခြေထောက်တွေက ဘုရားဆီကို လှမ်းနေတုန်းပဲ။ ဘုရားပေါ်တက်ခါနီး လေနဲနဲတိုက်တာ သက်သက်သာသွားတယ်။ မိုးကောင်းကင်ကြီးကို မော့ကြည့်ပြီး မိုးမင်းကြီးရေ ကုသိုလ်ကောင်းမှုပြုဖို့လာတာလေ နဲနဲလောက်တော့ သနားပါအုံး ဒီမှာ ကြည့်ပါအုံး မိုးတွေ စိုကုန်ပြီ။ မိုးသဲနေချိန် ချက်ချင်းတိတ်ဖို့ မပြောပါဘူး နဲနဲတော့ စဲပေးအုံးမှပေါ့ ဟုတ်ဘူးလားနော်။

တောင်ပေါ်ဘုရား အတက်လမ်းဘက်မှာ ကော်ဖီဆိုင်လေးတစ်ခုရှိတယ် 
စက္ကူပန်းပင်လေးတွေနားမှာလေ။ အဲဒီမှာ toilet လည်းရှိတယ်။

အဲဒီကို ဝင်ပြီး ဘောင်းဘီစိုနေတာကို ရေညှစ်ချ၊ ပြီးတော့ ကော်ဖီဆိုင်လေးမှာ ကော်ဖီသောက်ရင်း မိုးအတိတ်ကို စောင့်နေလိုက်တယ်။ တစ်နာရီနီးပါး ရွာနေလိုက်တဲ့ မိုး မတိတ်နိုင်ဘူး၊ ဆက်တက်ဖို့ကလည်း တောင်ပေါ်ကရေတွေ ဆင်းလာတာဆိုတော့ တက်မရဘူး ပြန်ဆင်းရမလား ဆက်စောင့်ရမလား။ ကော်ဖီဆိုင်ထဲမှာ ကိုယ့်လိုပဲ မိုးခိုနေကြတဲ့သူတွေ အများသား။ သူတို့က ထီးတောင် မပါကြဘူး။ အဖေါ်တွေ ရှိနေသားပဲလေ ဆိုပြီး ဆက်စောင့်နေလိုက်တယ်။ မိုးမင်းကြီးကလေ ခရစ္စတလ် မျက်နှာငယ်လေးနဲ့ ကောင်းကင်ကြီးကို ခဏခဏကြည့်နေလို့လားမသိဘူး ခဏနေတော့ မိုးတိတ်ပေးလိုက်ပါတယ်။ မိုး လုံးဝတိတ်သွားပေမယ့် တောင်ပေါ်က ရေတွေ ဆင်းလာတာမို့ ခက်ခက်ခဲခဲပဲ ဘုရားပေါ် တက်ခဲ့ရတယ်။ သင်ခန်းစာတစ်ခု ရသွားတာက မိုးရွာနေချိန် သို့မဟုတ် မိုးရွာသီဆိုရင် တောင်ပေါ်ဘုရားသွားရတာ ဧည့်သည်တွေအတွက် အဆင်မပြေလောက်ဘူးဆိုတာပါပဲ။ လူကြီးတွေ ပါလာရင် ပိုဆိုးပါမယ်။ လှေကားထစ်တွေက သိပ်မမြင့်လှပေမယ့် လှေကားထစ်ကျဉ်းတာနဲ့ မြင့်တာကြောင့် နဲနဲအန္တရာယ်များနိုင်မယ်။

ပန်းပွင့်လေးတွေကို ရိုက်နေရင်း တောင်ပေါ်ဘုရားကို ကင်မရာထဲမှာ ဒီလိုလေး တွေ့လိုက်ရတယ်

တပတ်တစ်ခါတော့ ဘန်ကောက်ထဲမှာရှိတဲ့ ဘုရားတစ်ဆူဆူကို သွားပြီး ကုသိုလ်ယူမယ်ဆိုတဲ့ စိတ်က အားကောင်းနေတာမို့ နောက်တပတ်လည်း ဘုရားတက်ခဲ့ဖြစ်ပါတယ်။ 

ပိုစ့်ရေးဖို့ ဓာတ်ပုံတွေရိုက်ရင်း ပုံတွေ လှတာ မလှတာ နဲနဲသိလာတယ်။ ဖဘ သုံးတုန်းက ကိုဂျစ်တူးက နည်းလမ်းပေးပါတယ်။ ဘလော့ဂါများရိုက်တဲ့ ပုံတွေကိုလည်း လေ့လာဆည်းပူးခဲ့ပါတယ်။ ဘလော့ဂါတွေထဲမှာ နိုင်ငံခြားသားတွေ ရေးထားတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပိုစ့်တွေလည်း ရှာဖွေဖတ်ရှုမိပါတယ်။ သူများပုံတွေကို ကြည့်ရင်း ပိုစ့်ကဒ်လေးတွေကြည့်ရင်း ဘယ်လိုရိုက်ရင် ပုံထွက်ကောင်းတယ်ဆိုတာ ကြားဆရာ သင်ဆရာ မြင်ဆရာနဲ့ အလုပ်က သင်သွားပါတယ်။ အခုတော့ ဓာတ်ပုံကြောင့် ပိုစ့်တွေ ဖြစ်လာပြီပေါ့ :)

ဒီတခေါက် ဘုရားတက်တာတော့ မိုးမရွာတော့ဘူး။ မိုးတွေ အုံ့နေရုံပါပဲ။ 
ဒါပေမယ့် တွတ်ပီရဲ့ ကံတရားက ဒီနေ့ ကိုယ့်ဘက်မပါခဲ့ပါဘူး။ အပင်ချင်းယှက်နွယ်နေတဲ့ ဒီနွယ်ပင်လေးတွေကို ကြည့်ရင်း သမုဒယသစ္စာအကြောင်း စဉ်းစားနေကြပါ။ ဒီတခါလည်း စဉ်းစားရင်း ဓာတ်ပုံရိုက်ဖို့ လှေကားလက်တန်းဘက်ကနေ ဒီဘက် နဲနဲရွေ့လိုက်ပါတယ် အနောက်ကလူတွေ ဆင်းရတာ အဆင်ပြေအောင်ပေါ့။ အဲဒီအချိန်မှာပဲ ကင်မရာထုတ်နေရင်း ခြေလှမ်းလိုက်တာ ဖိနပ်နဲ့ လှေကားနဲ့ စလစ်ဖြစ်လိုက်တာကြောင့် ထင်ပါရဲ့ ခြေထောက်ခေါက် လဲပါလေရော :(

ခရစ္စတလ် စလစ်ဖြစ်တဲ့နေရာပေါ့ :(
ဒီပုံက မနှစ်က ရိုက်ထားတဲ့ပုံပါ ဒီတခါတော့ မရိုက်နိုင်ခဲ့တော့ဘူး

ဒေါက်ဖိနပ် အမြင့်မဝတ်တတ်သူမို့ တော်သေးတယ် ဖိနပ်အမြင့်ဝတ်တတ်တဲ့သူသာဆိုရင် ခုချိန် နောက်ဘဝကူးသွားပါပြီ။ ဘုရားပေါ်မှာ သုံးနာရီနီးပါးထိုင်ထားတာကြောင့် ခြေထောက်ထုံနေလို့ ခြေထောက်ကို သိပ်ပြီး ထိန်းမရလိုက်တာ မိုးရွာနေတုန်း မဟုတ်ပေမယ့် မိုးရွာထားတော့ လှေကားတွေ ချော်နေတာ။ လှေကားခြောက်ဆင့်လောက်ကို လျှောကျသွားတာလေ ဒီတခါတော့ သဲထိတ်ရင်ဖို အဖြစ်ရဆုံးပါပဲ။ တော်တော်လေးကို အီစလံဝေသွားပါရဲ့။ ဒါကြောင့် ဖဘက ပျောက်နေလို့ အီးမေးပို့မေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ် သတိတရရှိပေးလို့။ ဘလမှာ ကွန့်မန့်လည်ပြီး မပေးဖြစ်ခဲ့ရင်လည်း တောင်းပန်ပါရစေနော့ စက်ရှေ့ ကြာကြာမထိုင်နိုင်ဘူးဖြစ်နေတယ်လေ။

ဘန်ကောက်က ခင်မင်သူတွေကတော့ အပြင်ထွက်တာတွေ နားထားပါတော့တဲ့။ ပြန်တွေးကြည့်ရင် ဘုရားဝန်းကျင်နားမှာပဲ ခြေထောက်ခေါက်လဲကျတာ သုံးခါ ရှိသွားပြီ။ ဒီလိုပြောရင် ဘုန်းဘုန်းတွေက ဥပါဒါန်ကြောင့် ဥပါဒ်မရောက်ပါနဲ့ ဒကာမကြီးလို့ တရားတစ်ပိုဒ်လောက်တော့ နာရချည်သေးရဲ့လေ။

အိမ်က ထွက်ခါနီး ဘုရားဆွမ်းတော်ကပ်တုန်းက ဘုရားမျက်နှာတော်က ခါတိုင်းလို့ ပြုံးမနေလို့ စိတ်ထဲမှာတောင် ထင့်ကနဲဖြစ်မိသေး။ အို... ကုသိုလ်စိတ်လေးနဲ့ သွားမှာပဲဆိုပြီး ထွက်လာခဲ့လိုက်ပါတယ်။ လမ်းတလျှောက်လုံးလည်း ဘုရားစာရွတ်နေခဲ့ပါတယ်၊ ချော်လဲ ပြုတ်မကျခင်လေးကလည်း ခေါင်းလောင်းတီးပြီး အမျှဝေလိုက်သေးတယ်။ ချော်မလဲခင် နောက်ဆုံးစိတ်ကလေးကို ပြန်စဉ်းစားမိတော့“သတသဟဿရဟ”ဂါထာတော်ကို ရွတ်ဆိုပူဇော်နေခဲ့ပါတယ်၊ ရွတ်ဆို ပူဇော်နေရင်း အာရုံက နွယ်ပင်တွေဆီ ပြောင်းသွားပါတယ်။ ပြုတ်ကျနေစဲမှာတော့ လှေကားအဆုံးအထိ ပြုတ်မကျအောင် လက်နဲ့ လှမ်းထောက် တစ်ခါထောက်မရ ထပ်လျှောကျ နောက်တစ်ခါမှ ထောက်တော့မှ လျှောကျနေတာ ရပ်သွားတယ်။ အနီးမှာ ဆွဲပေးမယ့်သူလည်း မရှိပါဘူး။ ထိုင်းတွေကတော့ (ကိုယ့်အထင်) လဲကျလို့ ရှက်နေမယ်ထင်ပြီး အနားမလာကြဘူး အင်္ဂလန်သူ(သူပြောတဲ့ conversation အရ) အဘွားကြီးတစ်ယောက်ကတော့ are you ok? ပြောပြီး လာထူရှာပါတယ်။ သူထူပေမယ့် ကိုယ်က မထနိုင်သေးပါဘူး ချက်ချင်းဆိုတော့ ခြေထောက်က ထောက်မရသေးဘူးလေ။ ကုသိုလ်ကောင်းမှုပြုနေတဲ့ကြားက ဖြစ်တာဆိုတော့ အင်းးး မပြုမိတဲ့ချိန်များဖြစ်ခဲ့ရင် ဒီထက်ပိုဆိုးမယ်ထင်တယ်နော်။  


အင်းးးးးးးးးး ပြုတ်ကျလို့ ခေါင်းကွဲ သေသွားရင် စုတိစိတ်က ဘာဖြစ်မလဲ။
သေခြင်းရဲ့ အခြားတစ်ဖက်မှာ ဘာဖြစ်မလဲ။
ခုနေသေသွားခဲ့ရင် ကိုယ့်နောက်ကို လိုက်ပါမှာက ?
အောင်စာရင်းကြည့်ရသလိုပဲ ဖြစ်မှာပါ 
ဘဝသံသရာအောင်စာရင်းမှာ ခရစ္စတလ်တစ်ယောက် ခုချိန်သေမယ်ဆိုရင် စာမေးပွဲအောင်နိုင်မယ်ထင်လား။

စကားမစပ် (၂၀၀၅)ခုနှစ်အချိန်တုန်းက တရားစစ်တဲ့ခါ သမာဓိ မတည်နိုင်ဖြစ်နေပါတယ် အလုပ်အာရုံ မိသားစုအာရုံတွေ ရောက်ရောက်နေပါတယ်လို့ တရားစစ်မေးတဲ့ ဆရာတော်ကြီးကို လျှောက်ခဲ့ဖူးပါတယ်။ ဆရာတော်ကြီးက ညည်း အပါယ်လားတော့ အဲဒီလူတွေက ညည်းကို အပါယ်ထိလိုက်ပြီး အဖေါ်လုပ်မယ်ထင်လို့ သူတို့ဆီပဲ စိတ်ရောက်နေရသလားတဲ့၊ ကောင်းရော။ 

 ဒီလို တောင်ပတ်လမ်းလေးတွေမှာ ခေါင်းလောင်းလေးတွေ တီးပြီး တက်ကြပါတယ်


ဒီတီးလုံးသံလေးတွေကို ကြိုက်တယ်

ရေကန်ထဲက ကြာပန်းလေးတွေလည်း ပန်းအိုးကြီးထဲမှာ
ဘောင်ကျဉ်းသွားပေမယ့် ပွင့်လန်းနေမြဲပဲ

အခု ပိုစ့်ရေးနေတဲ့အချိန်ထိ တွေးနေတုန်းပါပဲ။ 
ဒီနေ့ ပိုစ့်ရေးနေတုန်း မိုးတွေ ရွာနေပြန်ပြီ 
မိုးသည်းထဲမှာ မိုးစက်တွေကို ကြည့်ရင်း တွေးနေတုန်းပါပဲ။

လေးစားစွာဖြင့်
ခရစ္စတလ်

Sunday, January 22, 2012

ကူးလူးဖလှယ် စီးပွါးရေးနယ် (အချုပ်)

အချုပ်အားဖြင့် ဆိုရသော်။
စီးပွါးရေးလုပ်တဲ့အခါဖြစ်ဖြစ် ဝန်ထမ်းဘဝဖြစ်ဖြစ် ဝါသနာပါတဲ့ အလုပ်ဖြစ်ဖို့လိုတယ် အရေးကြီးတယ်မဟုတ်လားနော်၊ ကိုယ်ဝါသနာပါတဲ့ အလုပ်ပေါ်မူတည်ပြီး စိတ်ကူးက ကွန့်နိုင်တာမို့ ဝါသနာပါရင် အောင်မြင်ကြတာလို့ ခရစ္စတလ်က မြင်ပါတယ်။ တခါတလေတော့လည်း အနာဂတ်ဘဝလမ်းမှာ အဆင်ပြေစေဖို့ ဝါသနာပါလိုက်ရတဲ့သူတွေလည်း ရှိမှာပေါ့နော်။ ဒါ့အပြင် ကျန်တဲ့ လိုအပ်ချက်တွေလည်း အများကြီးပေါ့။

ဥပမာ-ချောဆိုရင် ပန်းလေးတွေ စိတ်ဝင်စားတယ်၊ ကိုယ်ချစ်တဲ့ ပန်းလေးတွေကို ရွေးစိုက်မယ်၊ ပန်းလေးတွေရဲ့ သဘာဝ၊ ပြုစုပျိုးထောင်မှုတွေ လိုအပ်ချက်တွေ ဒါတွေသိထားမယ်ဆိုရင် ခြံစိုက်မယ်ဆိုတဲ့ စိတ်ကူးကို အကောင်ထည်ဖေါ်လို့ရပြီပေါ့။
ငွေကတော့ သူပိုင်တဲ့ ကျောက်စိမ်းတစ်တုံးလောက် ဖြိုလိုက်ရင်ဖြစ်ပါတယ်လေ၊ သူခရီးသွားနေတုန်း ပြောလို့ကောင်းလိုက်တာနော် :)
သစ်ခွခြံစိုက်ပြီး ရလာတဲ့ အပွင့်လေးတွေကို ရောင်းမယ်၊ အလှဖန်တီးရှင်တွေနဲ့ ချိတ်ထားမယ်၊ ခြံမှာလည်း လက်လီရောင်းမယ်။ အပင်ပေါက်လေးတွေကိုလည်း ထပ်ဆင့်ပြန်ရောင်းမယ်ဆိုရင် တော်တော်လေးကို အဆင်ပြေနေပါပြီ။ ဘာပဲဖြစ်ဖြစ် ဖြစ်နိုင်လောက်တာမှန်သမျှ ကြံဆတွေးတောထားရမှာပါပဲ၊ ဒီအထဲမှာ ကံမလိုက်လို့ အပင်တွေ ပိုးကျနိုင်တာ၊ ရာသီဥတုကြောင့် အပင်တွေ မပွင့်တာ ဒါကို ကြိုတင်ပြင်ဆင်ထားရအုံးမှာနော်။ (ရေးရင်းနဲ့ သစ်ခွပန်းစိုက်နည်းဖြစ်မှာစိုးလို့ တော်ပြီနော်)
ဆိုတော့ မြန်မာပြည်က သစ်ခွ၊ ထိုင်းသစ်ခွနဲ့ တရုတ်သစ်ခွ ဘယ်သစ်ခွပန်းတွေက ဈေးကွက်ပိုဝင်လဲ၊ လူကြိုက်များလဲ၊ ဘယ်နိုင်ငံက မှာရင် ဈေးသက်သာမလဲ စသည်ဖြင့်။

ဈေးကွက်စီးပွါးရေးဘက် ပြန်သွားကြရအောင်...နော်။

မြန်မာပြည်နဲ့ အနီးဆုံး ရေမြေသဘာဝ သိပ်ကွာခြားမှုမရှိလှတဲ့ ထိုင်းဘက်ကို လေ့လာကြည့်ရအောင်နော်။
ထိုင်း-မြန်မာ ကူးသန်းရောင်းဝယ်ရေးတွေမှာ အလေ့အထများတာ နှစ်ခုရှိပါတယ်၊
တစ်ခုကတော့ ဈေးကွက်ဈေးနှုန်းများ စုံစမ်း ဈေးကစားလိုကြတာနဲ့ အမှန်တကယ် ဈေးဝယ်လိုကြတာဖြစ်ပါတယ်။

အုန်းသီးကိုအရင်းပြုလို့ အိမ်တွင်းစီးပွါးရေးလေးတစ်ခုလုပ်ကိုင်ကြတာ အတော်လေးကြီးပွါးကြတယ်

ဈေးကစားခြင်း
ဈေးကစားတာ ဈေးကွက်သိချင်တာကြောင့် စုံစမ်းတာတွေဟာ နည်းမျိုးစုံနဲ့ စုံစမ်းကြတာကြောင့် ထိုင်းက လုပ်ငန်းရှင်တွေတောင် တော်တော်သိနေပါပြီ။ သူတို့စကားအရတော့ မြန်မာတွေ အထာနှပ်နေပြီလို့ ပြောကြပါတယ်။ ထိုင်းလုပ်ငန်းရှင်တွေက မြန်မာတွေ ဈေးလာမေးရင် တကယ်ဝယ်မယ်လို့ မထင်တာများနေပါတယ်။ ဒီလို အဖြစ်အပျက်တွေ များလာတဲ့အခါ ပုံမှန်ဈေးစုံစမ်းရုံသက်သက်ဆိုရင်တော့ တကယ်ဈေးအမှန်ကို သိရဖို့ အဆက်အသွယ်ကောင်းရဖို့ အတော်ခဲယဉ်းသွားပါပြီ။ တကယ့်လက်ကားဈေးအမှန်၊ ဈေးအမှန်ပေးမယ့် လုပ်ငန်းရှင်နဲ့ ဆက်သွယ်ရတာလည်း ခက်သွားတတ်ပါတယ်။ တချို့ဆို (၂)နှစ်လောက် လက်ကားဈေး တဆင့်ခံတွေဆီက ဝယ်နေရင်းမှ တကယ့် ဈေးအမှန်ရောင်းတဲ့ လုပ်ငန်းပိုင်ရှင်တွေနဲ့ တွေ့ဆုံခွင့်ရအောင် ရင်းနှီးထားရတာတွေလည်းရှိပါတယ်။ အကြောင်းကတော့ စက်ရုံတွေက ထုတ်တဲ့ပစ္စည်းတွေကို delivery တွေကို လက်လွဲပေးလိုက်တာကြောင့် မူလစက်ရုံကို ဆက်သွယ်ရ လမ်းစပြတ်သွားတတ်ပါတယ်။

မနက် ငါးနာရီလောက်က စပြီး အုန်းသီးရေခဲမုန့်စည်တွေ လက်လီပြန်ရောင်းမယ့်သူတွေက လာယူကြပါတယ်။ အုန်းရည်ရောင်းမယ့်သူတွေအတွက်လည်း အဆင်သင့်ရောင်းနိုင်အောင် လုပ်ပေးကြပါတယ်။

အမှန်တကယ် ဈေးဝယ်လိုသူတွေ
ထိုင်းဘက်နေ ကြည့်မယ်ဆိုရင် ဈေးဝယ်သူတွေ အမျိုးအစားများစွာရှိပါတယ်။

- ပုံမှန်လက်လီဈေးဝယ်သူ
- လက်လီဝယ်သူတွေထဲက တစ်ဒါဇင်ဈေးဝယ်လိုသူ
- မိမိဆိုင်တစ်ဆိုင်အတွက်သာ ဈေးဝယ်သူ (ရန်ကုန်-မန္တလေး ဆိုင်နှစ်ဆိုင်အတွက် ဝယ်လိုသူ)
- ရန်ကုန်မြို့တွင်း လက်ကားဖြန့်သူ
- မြန်မာတနိုင်ငံလုံးကို လက်ကားဖြန့်သူ စသည်ဖြင့်...........

လက်လီနဲ့ တစ်ဒါဇင်ဝယ်လိုသူတွေအတွက် ထိုင်းမှာ ဈေးဝယ်လိုသူကို လမ်းညွှန်ပေးရတာလွယ်ပေမယ့်
လက်ကားဆိုရင်တော့ ဘယ်လိုဝယ်ချင်တာလဲ ဈေးဘယ်လောက် သက်သာချင်တာလဲ၊
အရည်အသွေးဘယ်လောက် နဲ့ ဈေးနှုန်းဘယ်လောက် လိုချင်တာလဲ၊ ပုံမှန်လက်ကားဈေး(အရည်အတွက် ရာဂဏန်းဈေး)နဲ့ စက်ရုံဈေး(အရည်အတွက် ထောင်ဂဏန်းဈေး)ဖြစ်ပါတယ်။

ရာဂဏန်းဈေးအတွက် လက်ကားရောင်းတဲ့ ဈေးဆိုင်တွေ သွားမေးရ ဝယ်ရတာလွယ်ကူပေမယ့် စက်ရုံဈေးလိုချင်တယ် ဆိုရင် ကိုယ်လိုချင်တဲ့ ကုန်ပစ္စည်းအရည်အသွေး လိုချင်တာ ဖြစ်ချင်တာတွေညှိဖို့ စက်ရုံတွေကို အဆက်အသွယ်ရဖို့ စက်ရုံဈေးရဖို့ တိုက်ရိုက်ဆက်သွယ်ဖို့ အခက်အခဲတွေရှိပါတယ်။

မူရင်းစက်ရုံအဆက်အသွယ်ရပြီဆိုရင်တော့...
မြန်မာပြည်ပို့ဖို့ သယ်ယူပို့ဆောင်စရိတ်နဲ့ စက်ရုံဈေးပေါင်းလိုက်ရင် ထိုင်းဈေးနှုန်းတစ်ခုရလာပါမယ်။
မြန်မာက လက်ကားဖြန့်မယ့် ကုန်သည်ကြီးတွေအနေနဲ့ မြန်မာပြည်ဘက်ခြမ်း သယ်ဆောင်စရိတ်ပေးချေရမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို ကုန်ပစ္စည်းများ ကူးသန်းရောင်းဝယ်လိုတယ်ဆိုရင်တော့ နမူနာပစ္စည်းများကိုပြပြီး ဈေးနှုန်းများ လိုသလိုညှိနှိုင်းကြပါတယ်။ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးစီစဉ်ကြကာ မြန်မာနိုင်ငံ (ပစ္စည်းလက်ခံမည့်မြို့)အရောက် ပို့ဆောင်ပေးလျှက်ရှိပါတယ်။

ထိုင်းနိုင်ငံအနေနဲ့တော့ ကုန်သည်တွေ ပစ္စည်းမှာမယ်ဆိုရင် ပုံစံနှစ်မျိုးနဲ့ လုပ်ပေးလေ့ရှိပါတယ်။ 
တစ်ခုက စက်ရုံလုပ်ငန်းရှင်နဲ့ တိုက်ရိုက်ချိတ်ပေးကြပါတယ်။ ချိတ်ပေးခ မိတ်ဆက်ခကို လုပ်ငန်းပေါ်မူတည်ပြီး ငွေအပြတ်ယူကြပါတယ်။ ဒါကလည်း အဆက်အသွယ်ရှာပေးကြတဲ့သူတွေက ထိုင်းတွေနဲ့ စက်ရုံကို မြို့ခြားပြီး လိုက်ရှာတဲ့အခါ ခရီးစရိတ် ကျွေးမွေးစရိတ်စသည်ဖြင့် ကုန်ကျတာတွေလည်း ရှိလို့ဖြစ်ပါတယ်။  မိတ်ဆက်ရုံကလွဲရင် ကျန်တာတွေ ဘာမှ ပါဝင်ဆောင်ရွက်ခြင်းမလုပ်ပေးကြပါဘူး။ လုပ်ငန်းအပေါ် ဝင်ရောက်စွပ်ဖက်ခြင်းမပြုကြပါဘူး။ ကိုယ်စားလှယ်တစ်ဦးသာ မိတ်ဆက်ပေးကြတဲ့ သစ္စာရှိမှုကို ဆောင်ရွက်ရပါတယ်။ တစ်ဦးနဲ့ တစ်ဦး အလုပ်အပေါ် သစ္စာရှိမှ ယုံကြည်မှုရမယ်၊ ယုံကြည်စိတ်ချရမှ ဆက်သွယ်ဆောင်ရွက်လို့ အလုပ်ဖြစ်ကြမယ်မဟုတ်လား။

နောက်တစ်ခုကတော့ ထိုင်းဘက်ခြမ်းက အားလုံးတာဝန်ယူပါတယ်။ စက်ရုံဈေးပေါ်မှာ (2%)ယူပြီး လုပ်ပေးတာဖြစ်ပါတယ်။ ထိုင်းဘက်က တစ်ဦးက ပစ္စည်းမှာပေးတာ ပစ္စည်းစစ်ပေးတာက အစ ထိုင်းဘက် ကိစ္စမှန်သမျှ တာဝန်ယူရပါတယ်။ ဈေးနှုန်းအနေနဲ့တော့ ဈေးကွက်ထဲက ပေါက်ဈေးကို ထိခိုက်ခံလို့မဖြစ်တာကြောင့် ဈေးအပို ထပ်တင်လို့မရပါဘူး။ ဒါတွေကို ထိုင်း-မြန်မာနှစ်ဘက် ကုန်သွယ်မယ့်သူတွေ ပွင့်ပွင့်လင်းလင်းညှိနှိုင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။

 ထိုင်းနိုင်ငံမှာ တစ်နှစ်လုံး အုန်းရည်ရောင်းကောင်းသလို 
ကိုယ့်ရွှေပြည်ကြီးက အုန်းရည်ရောင်းကောင်းနိုင်မလား ???
အုန်းရည်သောက်ရန် အုန်းသီးတစ်လုံးကို ဘတ်ငွေ(၂၀မှ ၃၀)အထိ ပေးရပါတယ်။ 
ကမ်းခြေမှာဆိုရင် ဘတ်(၅၀)။

ဒီနေ့လိုချိန်ခါကြီးထဲမှာ မြန်မာနိုင်ငံ ရောင်နီသမ်းချိန်ဖြစ်ပြီး ထိုင်းနိုင်ငံရေလွှမ်းချိန်ဖြစ်တာကြောင့် ထိုင်းနိုင်ငံမှာ ရင်းနှီးမြုပ်နှံထားတဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်များအပြင် ထိုင်းလုပ်ငန်းရှင်များပါ မြန်မာပြည်ကို လှမ်းမျှော်ကြည့်နေကြပါပြီ။ ပြီးခဲ့သောနှစ်တွေက ထိုင်းနိုင်ငံတွင်း ရေကြီးမှုများက စီးပွါးရေးဂယက်များစွာ ရိုက်ခတ်စေခဲ့ပါတယ်။ ရေတိုရေရှည်ရင်းနှီးမြုပ်နှံမှုအားလုံးလိုလိုကို ရေလွှမ်းမိုးမှုများက ဂယက်ရိုက်သွားခဲ့တာဖြစ်ပါတယ်။

ဒီအချိန်မှာ မြန်မာနိုင်ငံက ရောင်နီသမ်းချိန်ရောက်လာပြီဖြစ်တဲ့အတွက်  မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ပြည်ပရင်းနှီးမြုပ်နှံမှုများကလည်း  အားတက်သရောရှိလာကြပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အားသာချက်တွေ အပေါ်မူတည်ပြီး အနာဂတ်စီမံကိန်းတွေလည်း ရေးဆွဲကြ ပြင်ဆင်ကြ ပြောင်းရွေ့ချင်လာကြပါတယ်။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းများ တိုးတက်လာခြင်းနောက်ကွယ်မှာ စီးပွါးရေးဆိုင်ရာလေလ့လာခြင်းများလည်း ဒွန်တွဲပါလာကြပါပြီ။ ဒါကြောင့် မြန်မာခရီးသွားလုပ်ငန်းတိုးတက်ခြင်းက အနာဂတ်မြန်မာပြည်စီပွါးရေးတိုးတက်ခြင်းကို တနည်းတဖုံ ပြသရာရောက်နေပြန်ပါတယ်။

အုန်းသီးရေခဲမုန့်ကို အပေါ်က မြေပဲ၊ ငှက်ပျောသီး၊ စတော်ဘယ်ရီသီး တခုခု ထည့်ပြီး ချောကလက်ရည်ဆမ်းထားပါတယ်။ တန်ဖိုးငွေမှာ ဘတ်ငွေ(၂၅)ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို အလည်လာကြတာတဲ့ ဧည့်သည်တွေနဲ့ ခရစ္စတလ်ရဲ့ မောင်လေးများ၊ ညီမလေးတို့တတွေက အမြဲမေးလေ့ရှိကြပါတယ် မြန်မာပြည်ပြန်ရင် ဘာစီးပွါးရေးလုပ်ရင်ကောင်းမလဲ၊ ထိုင်း-မြန်မာ ဘာစီးပွါးရေးတွေလုပ်ရင် ကောင်းမလဲ။ အရင်းအနှီးဘယ်လောက်လိုသလဲ၊ ထိုင်းမှာ စီးပွါးရေးလုပ်မယ်ဆိုရင် ဘာတွေ လိုသလဲ၊ ထိုင်း-မြန်မာ ကူးသန်းရောင်းဝယ်ရေး အပြင် အခြားဆက်စပ် ဘာတွေ လုပ်လို့ရနိုင်သလဲ စသည် စသည်ပေါ့...

ဒီလိုအကြောင်းတွေ အမေးခံရတာများတာက တစ်ကြောင်း၊ ရွှေပြည်တော်ကြီးရဲ့ ကောင်းသော အပြောင်းအလဲများဖြစ်လာတာ၊ ပြောင်းလဲမှုကြောင့် ခေါင်းဆောင်ကောင်းတွေ အပေါ်မှာ ယုံကြည်မှုရှိလာတာ၊ နိုင်ငံရပ်ခြားမှာ အနေကြာလာတဲ့ ကိုယ့်နိုင်ငံ ကိုယ့်မိသားစုကို တန်ဖိုးထားတဲ့ သူတွေ အိမ်ပြန်ချင်ကြတာ အစရှိသည့် အကြောင်းပြချက်ကိုယ်စီရှိကြသည်မို့ “ကူးသန်းဖလှယ် စီးပွါးရေးနယ်” ပိုစ့်လေးကို ဘလော့ဂါများနာမည်နဲ့ ဇာတ်လမ်းဆင် ရေးသားဖို့ မြစ်ဖျားခံလာရခြင်းဖြစ်ပါတယ်။

အုန်းရည်နဲ့ သကြားနဲ့ ရောကျိုပြီး အုန်းသီးခွက်လေးထဲ ပြန်ထည့်၊ အုန်းသီး အသားလေးကို ခြစ်ထည့်ထားပြီး ရေခဲဘူးတွေထဲ ထည့်ထားလိုက်ရင် အုန်းသီးဂျယ်လီဖြစ်သွားပါပြီ။ ဘတ်(၃၀မှ ၅၀)အထိ ပေးရတတ်ပါတယ်။

ထိုင်းနိုင်ငံမှ မဟုတ်ပါဘူး မြန်မာနိုင်ငံမှာဖြစ်ဖြစ် နိုင်ငံရပ်ခြားမှာဖြစ်ဖြစ် ကိုယ်နဲ့ လက်လှမ်းမီရာမှာ စီးပွါးရေး ဘာတွေ လုပ်လို့ရနိုင်မလဲ အိမ်တွင်းမှုလုပ်ငန်းလေးတွေ လုပ်လို့ရနိုင်မလား၊ မြင်အောင် သတိထား လေ့လာကြည့်နိုင်ပါတယ်။ ခရစ္စတလ်တို့တတွေက သတိမထားဖြစ်ကြလို့ပါ။ လူတိုင်းလူတိုင်းက တနေရာတည်းမှာပဲ တသမတ်ရပ်နေကြမယ့်သူတွေ မဟုတ်ကြလေတော့ ခုချိန် လခစားဘဝဖြစ်ပေမယ့်လည်း တချိန်မှာ လုပ်ငန်းရှင်ဖြစ်လာကြမယ်၊ အလုပ်ထဲမှာ ခေါင်းဆောင်တွေ ဖြစ်လာကြမယ်မဟုတ်လား။
ဒီပိုစ့်လေးကို ဖတ်မိတဲ့အခါ တခုခုများ စိတ်ကူးရသွားမယ်ဆိုရင် ကျေနပ်ပါပြီ။ 

ဓာတ်ပုံထဲမှာပါတဲ့ ထိုင်းအမျိုးသမီးလေးက အသက်(၂၂) နှစ်ပဲရှိပါသေးတယ်။ ခရစ္စတလ်အတွက် တကယ့် အိမ်နီးချင်းကောင်းတွေကို တွေ့ဆုံခဲ့ရတာပါ။ ကလေးနှစ်ယောက်အမေလည်းဖြစ်၊ သူ့အမျိုးသားကိုလည်း စီးပွါးရေးဝိုင်းကူလို့ တကယ်ခင်ဖို့ကောင်းပြီး စိတ်သဘောထားဖြူသူလေးပါ။
သူတို့ လုပ်ငန်းတွေ တိုးတက်လာတာမြင်တော့ ကိုယ့်နိုင်ငံက အိမ်တွင်းစီးပွါးရေးလုပ်တဲ့သူတွေကိုလည်း အခုလိုပဲ ကြီးပွါးတိုးတက်စေချင်ပါတယ်။ ဘဝများစွာကို တိုးတက်စေချင်ပါတယ်။

ကိုယ်က အီကိုနဲ့ ဘွဲ့ရထားတာလည်း မဟုတ်၊ စာရေးတာကလည်း မကျွမ်းကျင်၊ စီးပွါးရေးလည်း မလုပ်တတ် ကိုယ်သိထားတာလေးတွေကိုသာ စေတနာနဲ့မျှဝေလိုတာမို့ အမှားအယွင်းဖြစ်သွားရင် နားလည်ပေးကြပါလို့ တောင်းပန်ရင်းးးး။  

 ဒီတော့
သူငယ်ချင်း “ဂျက်”က မေးတယ်လေ
နေပါအုံး ဒါဆို အလုပ်များနေတဲ့ သူက ဘာတွေလုပ်နေတာလဲတဲ့

သြော် စီမံခန့်ခွဲအုပ်ချုပ်ခြင်းဆိုတာ တတ်ကျွမ်းတဲ့သူတွေကို စီမံခန့်ခွဲတတ်ဖို့ပဲ လိုတာလေ ကိုယ်တိုင် ဆောင်ရွက်ဖို့ မလိုဘူးကွဲ့ ဟဲ ..ဟဲ.. :P

တိန်...
သေပီ ဆာ...တဲ့လေ :P


ဒီပိုစ့်ကို ဖတ်ရှုအားပေးကြတဲ့ သူများအားလုံး၊
ကွန်မန့်ပေးကြသူများ၊ ကွန်မန့်မပေးပဲ တိတ်တိတ်လေး လှည့်ပြန်သွားသူအားလုံးနဲ့
ပိုစ့်ထဲမှာပါဝင်သော မခင်ဦးမေ ချော(အစိမ်းရောင်လွင်ပြင်)ညယံJasmine (တောင်ကြီး)နဲ့ တီချမ်းအမှောင်ထုထဲက အလင်းစက် မောင်မျိုး တို့ကို လေးစားစွာ ကျေးဇူးအထူးတင်ပါတယ်နော်။

“ ရွှင်လန်းချမ်းမြေ့ကြပါစေ”

လေးစားစွာဖြင့်
ခရစ္စတလ်

Saturday, January 21, 2012

ကူးလူးဖလှယ် စီးပွါးရေးနယ်... (ဒုတိယပိုင်း)


အပိုင်း(၄)

ချင်းမိုင်မှ ချည်ထည်များ

အီတလီပိုးထည်

ချည်ထည်သက်သက်

ထိုင်းပိုးထည်များ

ကလင်...ကလင်...ဟယ်လို...တီရေ ပြော
ခုတလော့ ဟင်းတွေ တမျိုးမျိုးပြီး ချက်ပြပြီး နှိပ်စက်နေတယ်ပေါ့။ အခုပဲ တီ မှာထားတဲ့ ထိုင်းပိုးထည်တွေကို ပစ္စည်းတွေ သေချာထုတ်ပိုးပြီး၊ ပစ္စည်းစစ်တာတွေ လုပ်နေပြီလေ။ တီလိုချင်တဲ့အချိန် ဘွဲ့ယူမယ့်သူတွေအတွက် အချိန်မီ ပို့ပေးမှာပေါ့။ လီနင်သားတွေကိုတော့ စက်ရုံက မှာထားတာဖြစ်လို့ သူတို့ နယ်စပ်ကို တိုက်ရိုက်ပို့ပေးလိမ့်မယ် တီရေ။ ပွဲနေပွဲထိုင်ဝတ် ထိုင်းပိုးထည်နဲ့ အီတလီပိုးထည်တွေလည်း နမူနာပို့ပေးလိုက်မယ်နော့။ ဒီတခါ ဘန်ကောက်ရောက်တဲ့အခါ စိတ်ဝင်စားရင် စက်ရုံကို ဈေးသွားဆစ်ကြတာပေါ့။ ဒေါ်သလင်း မျှော်နေတဲ့ ပိုစ့်လေးလည်း မေ့မသွားနဲ့အုံးနော်။ ...ရေးပေးမယ်ဆိုလို့ ကျေးဇူးပါတီရေ။ ဘိုင့်ဘိုင်။

လီနင်သား အနေနဲ့ အထည်၏ အရည်အသွေး ကွာခြားမှုပေါ်မူတည်ပြီး ဈေးနှုန်း အစားစားရှိကြလေသည်။ 
ဈေးနှုန်းနှင့် မိမိလိုချင်သော လီနင်သား အရည်အသွေးကို စက်ရုံမှ လက်ကားမှာယူနိုင်ပါသည်။

အပိုင်း(၅)
ဒီဇိုင်းလှလှ ဝတ်လိုတဲ့ ပျိုမေတို့အတွက်

ကလင်...ကလင်...ဟယ်လို...
ဟုတ်ကဲ့ပြောပါရှင်၊ ဘန်ကောက်က ပြောနေပါတယ်..သြော် ညယံ ဘလော့ရေးတဲ့ ညီမလေးလား။ ညီမလေးကို မြင်ဖူးချင်လိုက်တာ။ ဘန်ကောက်လာလည်အုံးလေ။ ညီမလေးသာ လာရင် အလုပ်တွေ ပစ်ပြီး လိုက်ပိုပေးပါ့မယ်။ အင်း ..အင်းး သြော် ဟုတ်ပြီ ညီမလေးက သတို့သမီးတို့၊ ဘွဲ့ယူတဲ့သူတို့ အလှဆင်တဲ့ အမျိုးသမီး လက်ဝတ်ရတနာဆိုင် ဖွင့်ချင်တာလားးးးး။
ထိုင်းမှာက အလှဆင် လက်ဝတ်ရတနာတွေ စက်ခတ် ဒီဇိုင်းတွေ ရှိတယ်။ စက်ရုံကို ဒီဇိုင်းပေးပြီးတော့ ထုတ်ခိုင်းတာပေါ့နော် သူတို့ ဒီဇိုင်းကို ယူလို့ရတာလည်းရှိပါတယ်။ ကိုယ်လိုချင်တဲ့ ဒီဇိုင်းကို ခတ်ခိုင်းလို့လည်း ရပါတယ်။ သူတို့ ဒီဇိုင်းတွေထဲက ရွှေရောင်မှုတ်နဲ့ ငွေရောင်မှုတ်ထားတာတွေလည်းရှိတယ်။ အဲလို အရောင်မှုတ်တွေက အနှစ် (၂၀)ခိုင်ခံ့တယ်လို့ အာမခံတာ ဈေးအကြီးဆုံးနော်။ အဲဒါက ကျောက်အစစ်တွေနဲ့ လုပ်ထားတာပါ။ ကျောက်တွေကတော့ ထုံးစံအတိုင်း တို့များရဲ့ ရွှေပြည်ကြီးကပေါ့ ညီမလေးရေ။
ညီမလေးအနေနဲ့  ဆိုင်မှာ တင်ပြီး ရောင်းလိုတာ ဖြစ်ဖြစ်၊ မြန်မာတနိုင်ငံလုံးကို လက်ကားငှားရမ်းခြင်း လုပ်လိုတာဖြစ်ဖြစ် အစ်မအနေနဲ့ အကြံတစ်ခုပေးချင်တာက ကိုယ်လိုချင်တဲ့ အရည်အသွေးနဲ့ ဈေးနှုန်းကို ထိုင်းစက်ရုံက ခတ်ပေးလို့ရပါတယ်။ ဒီတော့ ဈေးလည်း သက်သာ၊ ကိုယ်အနေနဲ့လည်း အများကြီး ရင်းနှီးထားစရာမလိုတော့ဘူးပေါ့။ ငှားဝတ်သူတွေအနေနဲ့လည်း ပစ္စည်းလှလှလေးကို ဈေးသက်သက်သာငှားနိုင်တာပေါ့။ အငှားသွက်တယ်ဆိုရင် သုံးနှစ်လောက်ဆို မြတ်နေပြီ ဖြစ်လို့ ပစ္စည်း ပျက်စီးသွားတယ်ဆိုရင်တော့ လုပ်ငန်းအရတော့ ကိုက်နေပြီလေ။ ညီမလေး မြန်မာပြည်က ဈေးကွက်ကို လေ့လာပြီးရင် ဒီက စက်ရုံတွေမှာ ဒီဇိုင်းတွေ ရွေးချယ်ပြီး မှာယူလို့ရပါတယ် ညီမလေးရေ။ ပစ္စည်းတွေ စိတ်ချရတဲ့ထုတ်ပိုးမှုနဲ့ မဲဆောက်လမ်းကြောင်းအပြင် တာချီလိတ် လမ်းကြောင်းတွေကလည်း ပို့လို့ရနေတာကြောင့် အစစ အဆင်ပြေပါစေမှာပါ။
..ရပါတယ် ညီမလေးရယ် အစ်မဆီမှာ လာပြီး ကွန်မန့်ပေးကြတဲ့သူက ခပ်နဲနဲလေ။ ဒီအထဲက ကွန်မန့်မှန်မှန်လာပေးတဲ့ ညီမလေးကို ဒီလောက်တော့ ကူညီရမှာပေါ့ ဟုတ်ဘူးလားးးး။
အိုကေတယ်ဆိုရင်သာ အစ်မဆီကို အီးမေးဖြစ်ဖြစ် ဖုန်းဖြစ်ဖြစ်သာ ဆက်လိုက်နော်။
ဘလော့ကိုလည်း အားတဲ့ အခါများ စာလေး ဘာလေး ရေးအုံးလေနော်။ ဒါပဲနော် ဘိုင့်...။


လခစားအလုပ်ကို စိတ်ကုန်ကာ စီးပွါးရေးနယ်ပယ်သို့ ခြေစုံပစ်ဝင်လာသည့် ချည်ထည်ပိုးထည်တိုက်ပိုင်ရှင် “တီ”အဖြစ်  တီချမ်း

ပွဲနေပွဲထိုင်သွားလတ်ဝတ်ရတနာအလှဆင်မြန်းသည့် လုပ်ငန်းပိုင်ရှင် မြန်မာနိုင်ငံတစ်ဦးတည်း ကိုယ်စားလှယ်“ညီမလေး”အဖြစ်  ညယံ

*****ယခုပိုစ့်တွင် အမည်ပါဝင်သော ဘလော့စာမျက်နှာပိုင်ရှင်များ၏ တကယ့်အဖြစ်မှန်မဟုတ်ပါကြောင်း၊ ခရစ္စတလ်၏ စိတ်ကူးမျှသာဖြစ်ပါကြောင်းနှင့် ကြိုတင်ခွင့်မတောင်းပဲ နာမည်အလွဲသုံးစားလုပ်မိပါသဖြင့် အနူးအညွတ်တောင်းပန်အပ်ပါသည်။


ဒီမှာ ပထမပိုင်းက ကူးလူးဖလှယ် စီးပွါးရေးနှယ် (ပထမပိုင်း)


နောက်ဆုံးတစ်ပိုင်း အနေနဲ့ conclusions ကျန်ပါသေးတယ်။ စိတ်ရှည်စွာနဲ့ အားပေးကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ တပတ်အတွင်း အဖတ်အများဆုံးပိုစ့်ဖြစ်သွားတဲ့အတွက် ဘလော့ကို လည်လည်လာကြတဲ့ ခရစ္စတလ် သိသော မသိသော သူအားလုံးကို ကျေးဇူးတင်ပါတယ်နော်။ အမှားများရှိရင် အမြင်မတော်တာများရှိရင် ကွန်မန့်မှာ ရေးပေးသွားကြပါအုံးလို့။


လေးစားစွာဖြင့်
ခရစ္စတလ်