သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........
Showing posts with label Bliss of Us. Show all posts
Showing posts with label Bliss of Us. Show all posts

Friday, January 25, 2013

ဘန်ကောက်မြို့မှ လေဆိပ်အဟောင်း ~~~ ဒွန်မောင်း (Don Mueang Airport)

ပြီးခဲ့တဲ့တစ်ပတ်က မြန်မာတစ်ယောက် ထိုင်းကို အလည်မလာခင် ကြိုဖုန်းဆက်ပါတယ်။ သူဖုန်းခေါ်တာ အင်တာနက်ကလို့ ပြောပါတယ်။ ကြားတစ်ချက်မကြားတစ်ချက်နဲ့။ ပြန်ခေါ်ဖို့ကလည်း သူ့ဖုန်းနံပါတ်ကို မသိ။ မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လေဆိပ်နှစ်ခုလုံး ပြန်လည် အသုံးပြုနေပြီဆိုတာ  သတိမထားမိကြပါဘူး။ ကိုယ့်နိုင်ငံသားတွေအပြင် နိုင်ငံခြားသားတွေလည်း သတိမထားတဲ့သူတွေလည်း ရှိပါတယ်။ လေယာဉ်ဆိုက်ပြီး ဆင်းလာမှ Air Asia နဲ့ လာတဲ့အခါ ဒွန်မောင်းလေဆိပ်ဟောင်း (Don Mueang Airport) ကို ရောက်နေပါလားလို့ သိကြပါတယ်။

 

ဒွန်မောင်းလေဆိပ်ဟောင်း (Don Mueang Airport)မှာ Air Asia International နဲ့ Nok Airway Domestic လေကြောင်းလိုင်းတွေနဲ့ ကုန်တင်လေယာဉ်တွေ အသုံးပြုပါတယ်။ မနှစ်ရေကြီးတုန်းက ဒွန်မောင်းလေဆိပ်ဟောင်း (Don Mueang Airport)ထဲကို ရေတွေ တော်တော်ဝင်ခဲ့လို့ ထိုင်းမှာ ရေကြီးတာ လေဆိပ်ထဲတောင် ရေတွေ ဝင်တယ်ဆိုပြီး နာမည်ကြီးသွားသေးတယ်။ တကယ်တော့ လေဆိပ်အသစ်ကြီးထဲ ရေမဝင်ခဲ့ပါဘူး။ လေဆိပ်အဟောင်းနဲ့ အသစ် ရောကုန်ကြတာပါ။

 ပြည်ပထွက်ခွါ
ခုန ထိုင်းကို အလည်လာမယ့် ဧည့်သည်အကြောင်း ဆက်ရရင် သူပြောတာ ကိုယ်မကြား၊ သူကလည်း white card ဖြည့်ဖို့ လိပ်စာသာ အဓိကတောင်းနေပါတယ်။ ကိုယ်ကလည်း ကြိုရမှာဆိုတော့ (ထိုင်းမလာဖူးလို့ မဖြစ်မနေ လေဆိပ်လာကြိုပေးပါတဲ့၊ အမျိုးသမီးကြီးလည်း ဖြစ်နေတော့ ကိုယ်တိုင် သွားကြိုပေးရပါတယ်။) လေကြောင်းလိုင်း၊ နေ့ရက်နဲ့ အချိန်ကို မေးရပါတယ်။ ဖုန်းက ပြတ်သွားချိန် ...နေ့ ... ဟိုဘက်က ဘာပြောတယ် မသိဘူး ကိုယ်ကြားတာကတော့ ဒီနေ့လို့ကြားပါတယ်။ အချိန်မေးတော့ ညနေ ....တဲ့ လေကြောင်းလိုင်းဆိုတော့ မြန်မာလေကြောင်းပဲလေတဲ့။ သူ့ကြည့်ရတာ လက်မှတ်ကြည့်ပြောနေတာဟုတ်ပုံမရဘူး၊ သေချာလားလို့ ထပ်မေးတော့ ဖုန်းက ကျသွားတယ်။ ပြန်ခေါ်တယ် မကြားရပြန်ဘူး။ နောက်ဆုံး ထပ်ခေါ်တော့ ဘာလက်ဆောင်ယူလာရမလဲ မယူလာပါနဲ့ အားနာတယ် ပြောရုံရှိသေး ဖုန်းက ကျသွားပြန်ရော .......... ဖုန်းလည်း ပြန်မခေါ်တော့ဘူး။ သူနဲ့ ပြန်ပြီး confirm မလုပ်လိုက်ရဘူး။ ဒီနေ့ ကြိုဆိုတော့လည်း ကြိုတာပေါ့၊ အလုပ်များနေတာတွေ ခပ်မြန်မြန်အပြီးသတ်ပြီး သွားရမယ့်အချိန်ကို စဉ်းစားမိတော့ လေယာဉ်ချိန်ကို သတိထားမိလိုက်တယ်။

လွဲနေပြီ၊ ကိုယ်ကလည်း လေယာဉ်လက်မှတ်ရောင်းနေတဲ့သူဆိုတော့ လေယာဉ်အချိန်ကို သိတာနဲ့ ထိုင်းကို ဘယ်အချိန်တွေမှာ ဘယ်လေယာဉ်တွေ ဆိုက်တတ်တယ်ဆိုတာ အလွတ်ရနေတယ်...။ ဧည့်သည်ပြောတဲ့ လေကြောင်းလိုင်းနဲ့ အချိန်လွဲနေပါတယ်။ ဒီလိုလွဲလိုက်ခြင်းက လေဆိပ်နှစ်ခု ကွဲထွက်သွားတယ်။ မြန်မာလေကြောင်းလိုင်း MAI ဆိုရင် လေဆိပ်အသစ်မှာ ကြိုရမယ်။ လေယာဉ်ချိန်အရဆိုရင် Air Asia နဲ့ လာမှာဖြစ်ပြီး  ဒွန်မောင်းလေဆိပ်ဟောင်း (Don Mueang Airport)ကို ဆိုက်ရောက်ရမှာဖြစ်နေပြီ။

 ပြည်တွင်းလေကြောင်း Nok Airway
ဘာလုပ်ရင် ကောင်းမလဲ...၊ သူက မြန်မာလေကြောင်းပြောမှတော့ လေယာဉ်ချိန်မှားနေတာပဲဖြစ်မယ်ဆိုပြီး MAI ဆင်းမယ့်အချိန်သွားကြိုလိုက်ပါတယ်။ လေယာဉ်ဆိုက်ပြီး အများဆုံးတစ်နာရီကြာရင် ကြိုနေတဲ့သူတွေ ရှိတဲ့နား ရောက်ကို ရောက်ရပါတယ်။ အခြား အထူးအထွေမရှိရင်ပေါ့ (ဥပမာ- မုန်တိုင်းရှိတဲ့နေ့ လေယာဉ်ချိန်နောက်ကျလို့ ပုံမှန်ချိန်မရောက်တာတွေလည်း ရှိသေးတာကိုးးး)။ ၂-နာရီကြာတဲ့အထိ ဧည့်သည်ရောက်မလာဘူး။ အလွဲကြီး လွဲပြီမို့ မိုးချုပ်ချုပ် အိမ်ကို အမြန်ပြန်ရပါတော့တယ်။ စိတ်ထဲမှာတော့ လွဲတာ တစ်ခုခုဖြစ်ရင်ဖြစ်၊ မဖြစ်ရင် information တွေ လိုချင်လို့လည်း ဒီလိုလုပ်တတ်ကြဖြစ်လို့ ထားလိုက်ပါတော့လေဆိုပြီး ခေါင်းထဲက ထုတ်လိုက်ပါတယ်။

နောက်သုံးရက်နေတော့ နိုင်ငံခြားသားတစ်ယောက် ဖုန်းဆက်လာပါတယ်။ အီးလို မပီတပီနဲ့ နင် ... စကားတတ်လားတဲ့၊ နင် မြန်မာလား မေးတယ်။ မြန်မာဆိုရင် နင် ... ကို သိလား၊ ဒီနေ့ သူလာမယ်လို့ ဖုန်းဆက်ပြောပါတယ်။ သူမေးတဲ့ ... စကားကို အနည်းငယ်ပြောတတ်သော်လည်း နားမလည်ဘူးလို့ အီးလိုဆက်ပြောခိုင်းလိုက်တယ်။ ဟိုဘက်က ရီတယ် ငါ .. အီးလို မပြောတတ်ဘူးတဲ့။ သူပြောတဲ့ အီးစကားကလည်း ဝဲလိုက်တာ (ဝဲဆို သီရိလင်္ကာနိုင်ငံသားတဲ့၊ နောက်မှ သိရတယ်။)


သူပြောတဲ့ မြန်မာဆိုတာ ကိုယ်နဲ့ လွဲနေတဲ့ ဧည့်သည်ဖြစ်နေပါရော ...။ ကျေးဇူးကြီးလှပါပေရဲ့ မောင်မင်းကြီးရယ်။ ဒါနဲ့ သူက လေကြောင်းလိုင်း နံပါတ်ကို ပြောတယ် ထူးထူးဆန်းဆန်း အချိန်တွေလည်း မပြောပဲနဲ့၊ ဖြစ်ပုံများ အဲလို။

လေကြောင်းလိုင်းနံပါတ် သိရတော့ သေချာသွားပြီ Air Asia နဲ့ မြန်မာနိုင်ငံက လာမယ်ဆိုတာ။ ဧည့်သည်ကို လေဆိပ်ဟောင်းမှာ ကြိုရမယ်ဆိုတာ သူသိပြီး ထင်လို့ ပြောမနေတော့ဘူး။ နိုင်ငံခြားသားတွေမဟုတ်လား ကိုယ့်ထက်တော့ ပိုသေချာမယ် ထင်ထားလိုက်တာ။

သွားကြိုရမယ့်အချိန်ကျတော့ အဲ့ဒီသီရိလင်္ကာနိုင်ငံသားတွေ ဖုန်းဆက်လာတယ်၊ သူတို့ ဂိတ်နံပါတ်-၅မှာ ရောက်နေပြီပေါ့လေ၊ နင်မရောက်သေးဘူးလားတဲ့။ သွားပြန်ပြီ သူတို့လည်း မှားပြီး လေဆိပ်အသစ်မှာ သွားကြိုနေပြန်တယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လေဆိပ်နှစ်ခုရှိကြောင်း၊ အီးလို formal ပြောကြည့်တယ်၊ မရဘူး၊ broken ပြောတယ် မသိပြန်ဘူး။ သူ့စိတ်ထဲမှာ Don Mueang ဆိုတာကို နားမလည်နေတာ။ နောက်ဆုံးတော့ ဧည့်သည်နဲ့ တွေ့ပြီးရင် နင့်ကို ဖုန်းပြန်ခေါ်လိုက်မယ်ဆိုပြီး ဖုန်းချလိုက်ရတော့တယ်။ လေဆိပ်ဟောင်းမှာ လူက ခပ်ရှင်းရှင်း၊ ကြိုတဲ့လူတွေထဲမှာ ကိုယ်တစ်ယောက်တည်း ယောက်ယက်ခတ်နေလို့ မတော်ဘူး မဟုတ်လား။ သူနဲ့ ဖုန်းပြောပြီး ရှုပ်ယှက်ခတ်နေတဲ့အချိန်မှာပဲ ဧည့်သည်က လာကြိုတဲ့ဘက်ကနေ ပြည်တွင်းဆိုက်ရောက်ဘက်က လူစည်နေတော့ နေရာမှားပြီး ဟိုဘက်ထွက်သွားပြန်တယ်။ နေရာကလည်း ဝေး၊ လှမ်းခေါ်လို့လည်း ကြားနိုင်မည်မဟုတ်၊ လူအုပ်ထဲ တိုးဝင်သွားလိုက်တာ ဘယ်ရောက်သွားမှန်းတောင် မသိဘူး။ နောက်ဆုံးတော့ ဖုန်းခေါ်ပါစေလို့ပဲ ဆုတောင်းနေရတော့တယ်။ လေဆိပ်ထဲမှာ စောင့်ကြပ်နေတဲ့ နတ်တွေ အစောင့်တွေကိုလည်း မေတ္တာလှမ်းပို့ပြီး ဧည့်သည်ဘက်က တစ်ခုခု ဆက်သွယ်လာပါစေလို့သာ စိတ်မှန်းနဲ့ ဆုတောင်းနေမိပါတယ်။

ဧည့်သည်တစ်ယောက်အနေနဲ့ စကားအခက်အခဲ ခရီးသွားဖူးတဲ့ အတွေ့အကြုံနည်းမယ်ဆိုရင် မလာခင် သေချာမှုတွေ ပြုလုပ်စေချင်ပါတယ်။ ခုတော့ သူလည်း စိတ်မော လူမော၊ ကိုယ်လည်း စိတ်မောနဲ့။ နောက်ဆုံး ထိုင်း tour guide တစ်ယောက်က ဖုန်းဆက်ပြောပေးလို့ ဧည့်သည်နဲ့ တွေ့သွားပြီး သူ့ကို ကြိုလာရပါတော့တယ်။ ဧည့်သည်နဲ့ သိတဲ့ သီရိလင်္ကာနိုင်ငံသားတွေကိုလည်း ဟိုဘက်လေဆိပ်မှာ၊ သူတို့ မှားကြိုမိမှန်း ဖုန်းဆက်လာပါတယ်။ သူတို့ကိုလည်း ဟိုတယ်သာ ပြန်ခိုင်းလိုက်ရတော့တယ်။ လေဆိပ်အသစ်နဲ့ အဟောင်းက ဘန်ကောက်မြို့ရဲ့ အရှေ့ အနောက်ဖြစ်နေလေတော့၊ သူတို့ လေဆိပ် မှားမှန်းသိတဲ့အချိန် ဧည့်သည်က တက္ကစီကားပေါ်ရောက်နေပါပြီ။ အချက်အလက်အမှားတွေ အလွဲတွေနဲ့ တွေ့ရတဲ့ ဒီဧည့်သည်ကိုတော့ မေ့လို့ရမယ် မထင်ပါဘူး ......... :)

အလွဲများနဲ့ တစ်နေ့တာလို့ ခေါင်းစဉ်တပ်လိုသော်လည်း information တစ်ခုကို sharing လုပ်ချင်လို့ ခေါင်းစဉ်ကိုတော့ ပြောင်းထားပါတယ်။

 အပေါ်စီးက ဓာတ်ပုံရိုက်ထားတာပါ။ ကြိုမယ့်သူနဲ့ ဧည့်သည် တွေ့ဆုံနိုင်ကြစေဖို့ပါ။

ထိုင်းနိုင်ငံနဲ့ ပတ်သတ်သမျှ ဖုန်းနဲ့ ဆက်မေးကြ၊ အီးမေးနဲ့ မေးကြတဲ့သူတွေ အားလုံးအတွက် ရည်ရွယ်ပြီး ရေးပေးလိုက်ပါတယ်။
အစစ အဆင်ပြေကြပါစေ။

“ရွှင်လန်းချမ်းမြေ့ကြပါစေ”

ခင်မင်လေးစားစွာဖြင့်
 ခရစ္စတလ်

Tuesday, March 6, 2012

ငါးထောင်တန် ဖုန်းနဲ့ ကျွန်ုပ်တို့နိုင်ငံ

၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
တန်ဖိုးနည်းတာ များတာထက် ငွေနဲ့ အရည်အသွေး ကိုက်ညီအောင် လုပ်ပေးနိုင်ဖို့က အဓိကလို့မြင်ပါတယ်။

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။
ပြည်သူတွေကို လူလိုမြင်တဲ့ အစိုးရဆိုရင် ဒီလိုတွေတောင် လုပ်ဖို့မလိုပါဘူး။

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။
လွှတ်တော်ထဲရောက်နေတဲ့ အမတ်တိုင်းမှာ လက်ကိုင်ဖုန်းတွေ ရှိပြီးသားမို့ သူတို့ စိတ်ဝင်စားကြပါ့မလား ?

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
စင်းကဒ်ဈေးနှုန်းက သက်သာပြီး ဟန်းဆက်တန်ဖိုးတွေ မြင့်နေအုံးမယ်ဆိုလည်း ပြည်သူအများ မဝယ်နိုင်ပါဘူးလေ....။ မြန်မာကျပ်ငွေ ငါးသောင်းနဲ့ တစ်သိန်းကြားဆိုရင်ပဲ ပြည်သူအတော်များများ ဝယ်နိုင်ကြမှာပါ။ ဖုန်းလိုင်းအရည်အသွေးလေး ကောင်းဖို့ မျှော်လင့် ကြိုဆိုပါတယ်။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။
http://blissofus.blogspot.com/2012/03/blog-post.html အလုပ်ဆိုက်ဘက်မှာ ထိုင်းနိုင်ငံက ဖုန်းဆက်သွယ်မှုတွေနဲ့ ပတ်သက်ပြီး တလက်စတည်းရေးလိုက်ပါတယ်။ ပြီးတော့ ကိုယ့်နိုင်ငံကို ယှဉ်တွဲပြီး တွေးမိပါတယ်။ တဂ်ပိုစ့်ကို ရေးရင်း အများအတွက်လည်း အကျိုးရှိစေဖို့ ဖတ်ကြည့်ပေးပါအုံးနော်။ 
စကားချပ်။   ။အမှန်ကို ဝန်ခံရရင် Tag ပိုစ့်တွေကို လိုက်မဖတ်ဖြစ်ပါဘူး၊ မတော်တဆများ ရေးတာတူနေတာရှိခဲ့ရင် ခရစ္စတလ်က နောက်ကျမှ ရေးတာဆိုတော့ ခွင့်လွှတ်ပါနော်။ မတော်တဆ တိုက်ဆိုင်တာလို့ ပြောပါရစေ။


ငါးထောင်တန်ဖုန်းနဲ့ ပတ်သက်ပြီး အန်တီတင့်နဲ့ သမီးစံတို့ကြောင့် ပိုစ့်ကို ရေးမယ်လို့ ဆုံးဖြတ်လိုက်ပေမယ့် ပိုစ့်ရေးဖို့ ကြာအုံးမယ်လို့ စိတ်ထဲ ထင်နေတာ မထင်မှတ်ပဲ ရေးလက်စ ပိုစ့်သုံးခုကို ကျော်ပြီး ရေးဖြစ်သွားပါတယ်။ စိတ်က အဲသလိုပဲ။ အခြားဘယ်သူတွေ တဂ်ထားသေးလဲ မသိပါဘူး။ မရှိတော့ဘူးထင်ပါတယ်။ အလုပ်များနေတော့ စာတွေကို သိပ်အသေးစိတ် မဖတ်နိုင်ဖြစ်နေပါတယ်။ ဒါကြောင့်ခရစ္စတလ်ကို တခုခု သိစေချင်တာရှိရင် စီဘုံးမှာ ရေးပေးခဲ့ပါနော်။ တခါတခါလည်း ခရီးတွေ ထွက်နေတော့ ပိုစ့်ကျော်သွားရင်လည်း မသိလိုက်မှာစိုးလို့ပါ။ 

အခုတလောတောင် ဟန်းဆက်ပြောင်းချင်သလိုလိုဖြစ်နေသေး :)
သူများတွေ ရှလွတ်တော့ ကိုယ်လည်း ရှလွတ်ချင်သားပဲ။ ဒါပေမယ့် အသုံးလိုမှ ပစ္စည်းဝယ်တတ်တဲ့ စိတ်ကြောင့် ကိုယ်တကယ်အသုံးလိုသလားလို့ မေးချိန်မှာ မရှိလဲ ဖြစ်ပါတယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့်ပေါ့လေ ခြေထောက်နာသက်သာစေတဲ့ ဒေါ်လာငါးဆယ်တန် ဖိနပ်ဝယ်ဖို့တော့ စိတ်ကူးနေပါတယ် :P

ဖုန်းနဲ့ ပတ်သက်ပြီး ပိုစ့်တစ်ပိုဒ်ရေးဖြစ်သွားလို့ တဂ်သူများကို အထူးကျေးဇူးတင်ပါတယ်ရှင်...။
လေးစားစွာဖြင့်
ခရစ္စတလ်

Thursday, February 2, 2012

မိုးသည်းထဲမှာ


 မိုးသည်းထဲမှာ ခရစ္စတလ်နဲ့အတူ မိုးမိနေတဲ့ စက္ကူပန်းလေးတွေ

 မိုးရာသီမှာ ခရစ္စတလ်ကို မွေးတာမို့လားမသိဘူး မိုးတွေ ရွာရင် သိပ်ကို ပျော်ပါတယ်။ 
မိုးခြိမ်းသံတွေနဲ့ လျှပ်စီးလက်တာတွေကိုလည်း သဘောကျပါတယ်။ မားသားကို ပေါက်ပေါက်ရှာရှာမေးလိုက်သေးတယ် 
သမီးကို အမေမွေးနေတုန်းက မိုးတွေ ရွာနေလားဆိုတော့ 
သိပါဘူးအေ ကလေးမွေးနေတာ မိုးရွာတာ သိနိုင်မလားတဲ့ 
ဟီ ဟိ၊ ဟုတ်သားပဲ:P

 မိုးတိတ်သွားပေမယ့် ပန်းပွင့်တွေမှာ မိုးစက်လေးတွေ တွဲလွဲခိုနေတာ ချစ်ဖို့ကောင်းလိုက်တာ

ညီမလေးတစ်ယောက်ရဲ့ ရုံးခန်းမှာ အလုပ်ကိစ္စတွေ ပြောပြီး အပြန်မှာ ဘုရားတက်မယ်ပေါ့၊ ရန်ကုန်မှာဆို ရွှေတိဂုံဘုရား ခဏခဏရောက်ဖြစ်တယ်။ ထိုင်းရောက်လာတော့ ဘုရားသွားချင်တယ် ဆန္ဒက အကင်းမသေဘူး ဘယ်ဘုရားသွားပြီး အေးအေးဆေးဆေး ဘုရားရှိခိုးရရင် အဆင်ပြေမလဲပေါ့။ နောက်တော့ တိုးအလုပ်တွေ လမ်းညွှန်ကူညီပေးတဲ့ အစ်မတစ်ယောက်နဲ့ တောင်ပေါ်ဘုရားကို သွားဖူးဖြစ်ခဲ့တာက စလို့ မကြာခဏဆိုသလို ရောက်ဖြစ်နေပါတော့တယ်။

အဲဒီနေ့က အိမ်ကနေ ထွက်တုန်းကတော့ နေသာနေသား၊ ပသူနမ်ရောက်တော့မှ အစိုးမရတဲ့မိုးက ရွာပါလေရော ရွာတာမှ သဲသဲမဲမဲကို ရွာချလိုက်တာပါ။ သွားလေရာ ထီးယူတတ်သူမို့ တော်သေးတော့တယ်။ လေကလည်း တိုက် မိုးကလည်း ရွာနဲ့။ ဘုရားသွားရတာ အဆင်ပြေပါ့မလား အိမ်ပဲ ပြန်လိုက်ရင်ကောင်းမလား။ ပြန်မယ့်စိတ်ကို မဖြစ် ဖြစ်အောင်သွားမယ်ဆိုတဲ့ စိတ်က အနိုင်ယူပြီး ဆက်သွားဖြစ်ပါတယ်။ တောင်ပေါ်ဘုရားနားရောက်တော့ လမ်းလျှောက်လို့ မရအောင်ကို လေတွေ တအားတိုက် တကိုယ်လုံးလဲ စိုစိုရွှဲပေါ့။ မိုးရေတွေ စိုနေတာ ပြန်ရင်ကောင်းမလား တစ်ခါ ထပ်တွေးမိတယ်။ လူကသာ တွေးနေတာ၊ ခြေထောက်တွေက ဘုရားဆီကို လှမ်းနေတုန်းပဲ။ ဘုရားပေါ်တက်ခါနီး လေနဲနဲတိုက်တာ သက်သက်သာသွားတယ်။ မိုးကောင်းကင်ကြီးကို မော့ကြည့်ပြီး မိုးမင်းကြီးရေ ကုသိုလ်ကောင်းမှုပြုဖို့လာတာလေ နဲနဲလောက်တော့ သနားပါအုံး ဒီမှာ ကြည့်ပါအုံး မိုးတွေ စိုကုန်ပြီ။ မိုးသဲနေချိန် ချက်ချင်းတိတ်ဖို့ မပြောပါဘူး နဲနဲတော့ စဲပေးအုံးမှပေါ့ ဟုတ်ဘူးလားနော်။

တောင်ပေါ်ဘုရား အတက်လမ်းဘက်မှာ ကော်ဖီဆိုင်လေးတစ်ခုရှိတယ် 
စက္ကူပန်းပင်လေးတွေနားမှာလေ။ အဲဒီမှာ toilet လည်းရှိတယ်။

အဲဒီကို ဝင်ပြီး ဘောင်းဘီစိုနေတာကို ရေညှစ်ချ၊ ပြီးတော့ ကော်ဖီဆိုင်လေးမှာ ကော်ဖီသောက်ရင်း မိုးအတိတ်ကို စောင့်နေလိုက်တယ်။ တစ်နာရီနီးပါး ရွာနေလိုက်တဲ့ မိုး မတိတ်နိုင်ဘူး၊ ဆက်တက်ဖို့ကလည်း တောင်ပေါ်ကရေတွေ ဆင်းလာတာဆိုတော့ တက်မရဘူး ပြန်ဆင်းရမလား ဆက်စောင့်ရမလား။ ကော်ဖီဆိုင်ထဲမှာ ကိုယ့်လိုပဲ မိုးခိုနေကြတဲ့သူတွေ အများသား။ သူတို့က ထီးတောင် မပါကြဘူး။ အဖေါ်တွေ ရှိနေသားပဲလေ ဆိုပြီး ဆက်စောင့်နေလိုက်တယ်။ မိုးမင်းကြီးကလေ ခရစ္စတလ် မျက်နှာငယ်လေးနဲ့ ကောင်းကင်ကြီးကို ခဏခဏကြည့်နေလို့လားမသိဘူး ခဏနေတော့ မိုးတိတ်ပေးလိုက်ပါတယ်။ မိုး လုံးဝတိတ်သွားပေမယ့် တောင်ပေါ်က ရေတွေ ဆင်းလာတာမို့ ခက်ခက်ခဲခဲပဲ ဘုရားပေါ် တက်ခဲ့ရတယ်။ သင်ခန်းစာတစ်ခု ရသွားတာက မိုးရွာနေချိန် သို့မဟုတ် မိုးရွာသီဆိုရင် တောင်ပေါ်ဘုရားသွားရတာ ဧည့်သည်တွေအတွက် အဆင်မပြေလောက်ဘူးဆိုတာပါပဲ။ လူကြီးတွေ ပါလာရင် ပိုဆိုးပါမယ်။ လှေကားထစ်တွေက သိပ်မမြင့်လှပေမယ့် လှေကားထစ်ကျဉ်းတာနဲ့ မြင့်တာကြောင့် နဲနဲအန္တရာယ်များနိုင်မယ်။

ပန်းပွင့်လေးတွေကို ရိုက်နေရင်း တောင်ပေါ်ဘုရားကို ကင်မရာထဲမှာ ဒီလိုလေး တွေ့လိုက်ရတယ်

တပတ်တစ်ခါတော့ ဘန်ကောက်ထဲမှာရှိတဲ့ ဘုရားတစ်ဆူဆူကို သွားပြီး ကုသိုလ်ယူမယ်ဆိုတဲ့ စိတ်က အားကောင်းနေတာမို့ နောက်တပတ်လည်း ဘုရားတက်ခဲ့ဖြစ်ပါတယ်။ 

ပိုစ့်ရေးဖို့ ဓာတ်ပုံတွေရိုက်ရင်း ပုံတွေ လှတာ မလှတာ နဲနဲသိလာတယ်။ ဖဘ သုံးတုန်းက ကိုဂျစ်တူးက နည်းလမ်းပေးပါတယ်။ ဘလော့ဂါများရိုက်တဲ့ ပုံတွေကိုလည်း လေ့လာဆည်းပူးခဲ့ပါတယ်။ ဘလော့ဂါတွေထဲမှာ နိုင်ငံခြားသားတွေ ရေးထားတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပိုစ့်တွေလည်း ရှာဖွေဖတ်ရှုမိပါတယ်။ သူများပုံတွေကို ကြည့်ရင်း ပိုစ့်ကဒ်လေးတွေကြည့်ရင်း ဘယ်လိုရိုက်ရင် ပုံထွက်ကောင်းတယ်ဆိုတာ ကြားဆရာ သင်ဆရာ မြင်ဆရာနဲ့ အလုပ်က သင်သွားပါတယ်။ အခုတော့ ဓာတ်ပုံကြောင့် ပိုစ့်တွေ ဖြစ်လာပြီပေါ့ :)

ဒီတခေါက် ဘုရားတက်တာတော့ မိုးမရွာတော့ဘူး။ မိုးတွေ အုံ့နေရုံပါပဲ။ 
ဒါပေမယ့် တွတ်ပီရဲ့ ကံတရားက ဒီနေ့ ကိုယ့်ဘက်မပါခဲ့ပါဘူး။ အပင်ချင်းယှက်နွယ်နေတဲ့ ဒီနွယ်ပင်လေးတွေကို ကြည့်ရင်း သမုဒယသစ္စာအကြောင်း စဉ်းစားနေကြပါ။ ဒီတခါလည်း စဉ်းစားရင်း ဓာတ်ပုံရိုက်ဖို့ လှေကားလက်တန်းဘက်ကနေ ဒီဘက် နဲနဲရွေ့လိုက်ပါတယ် အနောက်ကလူတွေ ဆင်းရတာ အဆင်ပြေအောင်ပေါ့။ အဲဒီအချိန်မှာပဲ ကင်မရာထုတ်နေရင်း ခြေလှမ်းလိုက်တာ ဖိနပ်နဲ့ လှေကားနဲ့ စလစ်ဖြစ်လိုက်တာကြောင့် ထင်ပါရဲ့ ခြေထောက်ခေါက် လဲပါလေရော :(

ခရစ္စတလ် စလစ်ဖြစ်တဲ့နေရာပေါ့ :(
ဒီပုံက မနှစ်က ရိုက်ထားတဲ့ပုံပါ ဒီတခါတော့ မရိုက်နိုင်ခဲ့တော့ဘူး

ဒေါက်ဖိနပ် အမြင့်မဝတ်တတ်သူမို့ တော်သေးတယ် ဖိနပ်အမြင့်ဝတ်တတ်တဲ့သူသာဆိုရင် ခုချိန် နောက်ဘဝကူးသွားပါပြီ။ ဘုရားပေါ်မှာ သုံးနာရီနီးပါးထိုင်ထားတာကြောင့် ခြေထောက်ထုံနေလို့ ခြေထောက်ကို သိပ်ပြီး ထိန်းမရလိုက်တာ မိုးရွာနေတုန်း မဟုတ်ပေမယ့် မိုးရွာထားတော့ လှေကားတွေ ချော်နေတာ။ လှေကားခြောက်ဆင့်လောက်ကို လျှောကျသွားတာလေ ဒီတခါတော့ သဲထိတ်ရင်ဖို အဖြစ်ရဆုံးပါပဲ။ တော်တော်လေးကို အီစလံဝေသွားပါရဲ့။ ဒါကြောင့် ဖဘက ပျောက်နေလို့ အီးမေးပို့မေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ် သတိတရရှိပေးလို့။ ဘလမှာ ကွန့်မန့်လည်ပြီး မပေးဖြစ်ခဲ့ရင်လည်း တောင်းပန်ပါရစေနော့ စက်ရှေ့ ကြာကြာမထိုင်နိုင်ဘူးဖြစ်နေတယ်လေ။

ဘန်ကောက်က ခင်မင်သူတွေကတော့ အပြင်ထွက်တာတွေ နားထားပါတော့တဲ့။ ပြန်တွေးကြည့်ရင် ဘုရားဝန်းကျင်နားမှာပဲ ခြေထောက်ခေါက်လဲကျတာ သုံးခါ ရှိသွားပြီ။ ဒီလိုပြောရင် ဘုန်းဘုန်းတွေက ဥပါဒါန်ကြောင့် ဥပါဒ်မရောက်ပါနဲ့ ဒကာမကြီးလို့ တရားတစ်ပိုဒ်လောက်တော့ နာရချည်သေးရဲ့လေ။

အိမ်က ထွက်ခါနီး ဘုရားဆွမ်းတော်ကပ်တုန်းက ဘုရားမျက်နှာတော်က ခါတိုင်းလို့ ပြုံးမနေလို့ စိတ်ထဲမှာတောင် ထင့်ကနဲဖြစ်မိသေး။ အို... ကုသိုလ်စိတ်လေးနဲ့ သွားမှာပဲဆိုပြီး ထွက်လာခဲ့လိုက်ပါတယ်။ လမ်းတလျှောက်လုံးလည်း ဘုရားစာရွတ်နေခဲ့ပါတယ်၊ ချော်လဲ ပြုတ်မကျခင်လေးကလည်း ခေါင်းလောင်းတီးပြီး အမျှဝေလိုက်သေးတယ်။ ချော်မလဲခင် နောက်ဆုံးစိတ်ကလေးကို ပြန်စဉ်းစားမိတော့“သတသဟဿရဟ”ဂါထာတော်ကို ရွတ်ဆိုပူဇော်နေခဲ့ပါတယ်၊ ရွတ်ဆို ပူဇော်နေရင်း အာရုံက နွယ်ပင်တွေဆီ ပြောင်းသွားပါတယ်။ ပြုတ်ကျနေစဲမှာတော့ လှေကားအဆုံးအထိ ပြုတ်မကျအောင် လက်နဲ့ လှမ်းထောက် တစ်ခါထောက်မရ ထပ်လျှောကျ နောက်တစ်ခါမှ ထောက်တော့မှ လျှောကျနေတာ ရပ်သွားတယ်။ အနီးမှာ ဆွဲပေးမယ့်သူလည်း မရှိပါဘူး။ ထိုင်းတွေကတော့ (ကိုယ့်အထင်) လဲကျလို့ ရှက်နေမယ်ထင်ပြီး အနားမလာကြဘူး အင်္ဂလန်သူ(သူပြောတဲ့ conversation အရ) အဘွားကြီးတစ်ယောက်ကတော့ are you ok? ပြောပြီး လာထူရှာပါတယ်။ သူထူပေမယ့် ကိုယ်က မထနိုင်သေးပါဘူး ချက်ချင်းဆိုတော့ ခြေထောက်က ထောက်မရသေးဘူးလေ။ ကုသိုလ်ကောင်းမှုပြုနေတဲ့ကြားက ဖြစ်တာဆိုတော့ အင်းးး မပြုမိတဲ့ချိန်များဖြစ်ခဲ့ရင် ဒီထက်ပိုဆိုးမယ်ထင်တယ်နော်။  


အင်းးးးးးးးးး ပြုတ်ကျလို့ ခေါင်းကွဲ သေသွားရင် စုတိစိတ်က ဘာဖြစ်မလဲ။
သေခြင်းရဲ့ အခြားတစ်ဖက်မှာ ဘာဖြစ်မလဲ။
ခုနေသေသွားခဲ့ရင် ကိုယ့်နောက်ကို လိုက်ပါမှာက ?
အောင်စာရင်းကြည့်ရသလိုပဲ ဖြစ်မှာပါ 
ဘဝသံသရာအောင်စာရင်းမှာ ခရစ္စတလ်တစ်ယောက် ခုချိန်သေမယ်ဆိုရင် စာမေးပွဲအောင်နိုင်မယ်ထင်လား။

စကားမစပ် (၂၀၀၅)ခုနှစ်အချိန်တုန်းက တရားစစ်တဲ့ခါ သမာဓိ မတည်နိုင်ဖြစ်နေပါတယ် အလုပ်အာရုံ မိသားစုအာရုံတွေ ရောက်ရောက်နေပါတယ်လို့ တရားစစ်မေးတဲ့ ဆရာတော်ကြီးကို လျှောက်ခဲ့ဖူးပါတယ်။ ဆရာတော်ကြီးက ညည်း အပါယ်လားတော့ အဲဒီလူတွေက ညည်းကို အပါယ်ထိလိုက်ပြီး အဖေါ်လုပ်မယ်ထင်လို့ သူတို့ဆီပဲ စိတ်ရောက်နေရသလားတဲ့၊ ကောင်းရော။ 

 ဒီလို တောင်ပတ်လမ်းလေးတွေမှာ ခေါင်းလောင်းလေးတွေ တီးပြီး တက်ကြပါတယ်


ဒီတီးလုံးသံလေးတွေကို ကြိုက်တယ်

ရေကန်ထဲက ကြာပန်းလေးတွေလည်း ပန်းအိုးကြီးထဲမှာ
ဘောင်ကျဉ်းသွားပေမယ့် ပွင့်လန်းနေမြဲပဲ

အခု ပိုစ့်ရေးနေတဲ့အချိန်ထိ တွေးနေတုန်းပါပဲ။ 
ဒီနေ့ ပိုစ့်ရေးနေတုန်း မိုးတွေ ရွာနေပြန်ပြီ 
မိုးသည်းထဲမှာ မိုးစက်တွေကို ကြည့်ရင်း တွေးနေတုန်းပါပဲ။

လေးစားစွာဖြင့်
ခရစ္စတလ်

Sunday, January 22, 2012

ကူးလူးဖလှယ် စီးပွါးရေးနယ် (အချုပ်)

အချုပ်အားဖြင့် ဆိုရသော်။
စီးပွါးရေးလုပ်တဲ့အခါဖြစ်ဖြစ် ဝန်ထမ်းဘဝဖြစ်ဖြစ် ဝါသနာပါတဲ့ အလုပ်ဖြစ်ဖို့လိုတယ် အရေးကြီးတယ်မဟုတ်လားနော်၊ ကိုယ်ဝါသနာပါတဲ့ အလုပ်ပေါ်မူတည်ပြီး စိတ်ကူးက ကွန့်နိုင်တာမို့ ဝါသနာပါရင် အောင်မြင်ကြတာလို့ ခရစ္စတလ်က မြင်ပါတယ်။ တခါတလေတော့လည်း အနာဂတ်ဘဝလမ်းမှာ အဆင်ပြေစေဖို့ ဝါသနာပါလိုက်ရတဲ့သူတွေလည်း ရှိမှာပေါ့နော်။ ဒါ့အပြင် ကျန်တဲ့ လိုအပ်ချက်တွေလည်း အများကြီးပေါ့။

ဥပမာ-ချောဆိုရင် ပန်းလေးတွေ စိတ်ဝင်စားတယ်၊ ကိုယ်ချစ်တဲ့ ပန်းလေးတွေကို ရွေးစိုက်မယ်၊ ပန်းလေးတွေရဲ့ သဘာဝ၊ ပြုစုပျိုးထောင်မှုတွေ လိုအပ်ချက်တွေ ဒါတွေသိထားမယ်ဆိုရင် ခြံစိုက်မယ်ဆိုတဲ့ စိတ်ကူးကို အကောင်ထည်ဖေါ်လို့ရပြီပေါ့။
ငွေကတော့ သူပိုင်တဲ့ ကျောက်စိမ်းတစ်တုံးလောက် ဖြိုလိုက်ရင်ဖြစ်ပါတယ်လေ၊ သူခရီးသွားနေတုန်း ပြောလို့ကောင်းလိုက်တာနော် :)
သစ်ခွခြံစိုက်ပြီး ရလာတဲ့ အပွင့်လေးတွေကို ရောင်းမယ်၊ အလှဖန်တီးရှင်တွေနဲ့ ချိတ်ထားမယ်၊ ခြံမှာလည်း လက်လီရောင်းမယ်။ အပင်ပေါက်လေးတွေကိုလည်း ထပ်ဆင့်ပြန်ရောင်းမယ်ဆိုရင် တော်တော်လေးကို အဆင်ပြေနေပါပြီ။ ဘာပဲဖြစ်ဖြစ် ဖြစ်နိုင်လောက်တာမှန်သမျှ ကြံဆတွေးတောထားရမှာပါပဲ၊ ဒီအထဲမှာ ကံမလိုက်လို့ အပင်တွေ ပိုးကျနိုင်တာ၊ ရာသီဥတုကြောင့် အပင်တွေ မပွင့်တာ ဒါကို ကြိုတင်ပြင်ဆင်ထားရအုံးမှာနော်။ (ရေးရင်းနဲ့ သစ်ခွပန်းစိုက်နည်းဖြစ်မှာစိုးလို့ တော်ပြီနော်)
ဆိုတော့ မြန်မာပြည်က သစ်ခွ၊ ထိုင်းသစ်ခွနဲ့ တရုတ်သစ်ခွ ဘယ်သစ်ခွပန်းတွေက ဈေးကွက်ပိုဝင်လဲ၊ လူကြိုက်များလဲ၊ ဘယ်နိုင်ငံက မှာရင် ဈေးသက်သာမလဲ စသည်ဖြင့်။

ဈေးကွက်စီးပွါးရေးဘက် ပြန်သွားကြရအောင်...နော်။

မြန်မာပြည်နဲ့ အနီးဆုံး ရေမြေသဘာဝ သိပ်ကွာခြားမှုမရှိလှတဲ့ ထိုင်းဘက်ကို လေ့လာကြည့်ရအောင်နော်။
ထိုင်း-မြန်မာ ကူးသန်းရောင်းဝယ်ရေးတွေမှာ အလေ့အထများတာ နှစ်ခုရှိပါတယ်၊
တစ်ခုကတော့ ဈေးကွက်ဈေးနှုန်းများ စုံစမ်း ဈေးကစားလိုကြတာနဲ့ အမှန်တကယ် ဈေးဝယ်လိုကြတာဖြစ်ပါတယ်။

အုန်းသီးကိုအရင်းပြုလို့ အိမ်တွင်းစီးပွါးရေးလေးတစ်ခုလုပ်ကိုင်ကြတာ အတော်လေးကြီးပွါးကြတယ်

ဈေးကစားခြင်း
ဈေးကစားတာ ဈေးကွက်သိချင်တာကြောင့် စုံစမ်းတာတွေဟာ နည်းမျိုးစုံနဲ့ စုံစမ်းကြတာကြောင့် ထိုင်းက လုပ်ငန်းရှင်တွေတောင် တော်တော်သိနေပါပြီ။ သူတို့စကားအရတော့ မြန်မာတွေ အထာနှပ်နေပြီလို့ ပြောကြပါတယ်။ ထိုင်းလုပ်ငန်းရှင်တွေက မြန်မာတွေ ဈေးလာမေးရင် တကယ်ဝယ်မယ်လို့ မထင်တာများနေပါတယ်။ ဒီလို အဖြစ်အပျက်တွေ များလာတဲ့အခါ ပုံမှန်ဈေးစုံစမ်းရုံသက်သက်ဆိုရင်တော့ တကယ်ဈေးအမှန်ကို သိရဖို့ အဆက်အသွယ်ကောင်းရဖို့ အတော်ခဲယဉ်းသွားပါပြီ။ တကယ့်လက်ကားဈေးအမှန်၊ ဈေးအမှန်ပေးမယ့် လုပ်ငန်းရှင်နဲ့ ဆက်သွယ်ရတာလည်း ခက်သွားတတ်ပါတယ်။ တချို့ဆို (၂)နှစ်လောက် လက်ကားဈေး တဆင့်ခံတွေဆီက ဝယ်နေရင်းမှ တကယ့် ဈေးအမှန်ရောင်းတဲ့ လုပ်ငန်းပိုင်ရှင်တွေနဲ့ တွေ့ဆုံခွင့်ရအောင် ရင်းနှီးထားရတာတွေလည်းရှိပါတယ်။ အကြောင်းကတော့ စက်ရုံတွေက ထုတ်တဲ့ပစ္စည်းတွေကို delivery တွေကို လက်လွဲပေးလိုက်တာကြောင့် မူလစက်ရုံကို ဆက်သွယ်ရ လမ်းစပြတ်သွားတတ်ပါတယ်။

မနက် ငါးနာရီလောက်က စပြီး အုန်းသီးရေခဲမုန့်စည်တွေ လက်လီပြန်ရောင်းမယ့်သူတွေက လာယူကြပါတယ်။ အုန်းရည်ရောင်းမယ့်သူတွေအတွက်လည်း အဆင်သင့်ရောင်းနိုင်အောင် လုပ်ပေးကြပါတယ်။

အမှန်တကယ် ဈေးဝယ်လိုသူတွေ
ထိုင်းဘက်နေ ကြည့်မယ်ဆိုရင် ဈေးဝယ်သူတွေ အမျိုးအစားများစွာရှိပါတယ်။

- ပုံမှန်လက်လီဈေးဝယ်သူ
- လက်လီဝယ်သူတွေထဲက တစ်ဒါဇင်ဈေးဝယ်လိုသူ
- မိမိဆိုင်တစ်ဆိုင်အတွက်သာ ဈေးဝယ်သူ (ရန်ကုန်-မန္တလေး ဆိုင်နှစ်ဆိုင်အတွက် ဝယ်လိုသူ)
- ရန်ကုန်မြို့တွင်း လက်ကားဖြန့်သူ
- မြန်မာတနိုင်ငံလုံးကို လက်ကားဖြန့်သူ စသည်ဖြင့်...........

လက်လီနဲ့ တစ်ဒါဇင်ဝယ်လိုသူတွေအတွက် ထိုင်းမှာ ဈေးဝယ်လိုသူကို လမ်းညွှန်ပေးရတာလွယ်ပေမယ့်
လက်ကားဆိုရင်တော့ ဘယ်လိုဝယ်ချင်တာလဲ ဈေးဘယ်လောက် သက်သာချင်တာလဲ၊
အရည်အသွေးဘယ်လောက် နဲ့ ဈေးနှုန်းဘယ်လောက် လိုချင်တာလဲ၊ ပုံမှန်လက်ကားဈေး(အရည်အတွက် ရာဂဏန်းဈေး)နဲ့ စက်ရုံဈေး(အရည်အတွက် ထောင်ဂဏန်းဈေး)ဖြစ်ပါတယ်။

ရာဂဏန်းဈေးအတွက် လက်ကားရောင်းတဲ့ ဈေးဆိုင်တွေ သွားမေးရ ဝယ်ရတာလွယ်ကူပေမယ့် စက်ရုံဈေးလိုချင်တယ် ဆိုရင် ကိုယ်လိုချင်တဲ့ ကုန်ပစ္စည်းအရည်အသွေး လိုချင်တာ ဖြစ်ချင်တာတွေညှိဖို့ စက်ရုံတွေကို အဆက်အသွယ်ရဖို့ စက်ရုံဈေးရဖို့ တိုက်ရိုက်ဆက်သွယ်ဖို့ အခက်အခဲတွေရှိပါတယ်။

မူရင်းစက်ရုံအဆက်အသွယ်ရပြီဆိုရင်တော့...
မြန်မာပြည်ပို့ဖို့ သယ်ယူပို့ဆောင်စရိတ်နဲ့ စက်ရုံဈေးပေါင်းလိုက်ရင် ထိုင်းဈေးနှုန်းတစ်ခုရလာပါမယ်။
မြန်မာက လက်ကားဖြန့်မယ့် ကုန်သည်ကြီးတွေအနေနဲ့ မြန်မာပြည်ဘက်ခြမ်း သယ်ဆောင်စရိတ်ပေးချေရမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို ကုန်ပစ္စည်းများ ကူးသန်းရောင်းဝယ်လိုတယ်ဆိုရင်တော့ နမူနာပစ္စည်းများကိုပြပြီး ဈေးနှုန်းများ လိုသလိုညှိနှိုင်းကြပါတယ်။ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးစီစဉ်ကြကာ မြန်မာနိုင်ငံ (ပစ္စည်းလက်ခံမည့်မြို့)အရောက် ပို့ဆောင်ပေးလျှက်ရှိပါတယ်။

ထိုင်းနိုင်ငံအနေနဲ့တော့ ကုန်သည်တွေ ပစ္စည်းမှာမယ်ဆိုရင် ပုံစံနှစ်မျိုးနဲ့ လုပ်ပေးလေ့ရှိပါတယ်။ 
တစ်ခုက စက်ရုံလုပ်ငန်းရှင်နဲ့ တိုက်ရိုက်ချိတ်ပေးကြပါတယ်။ ချိတ်ပေးခ မိတ်ဆက်ခကို လုပ်ငန်းပေါ်မူတည်ပြီး ငွေအပြတ်ယူကြပါတယ်။ ဒါကလည်း အဆက်အသွယ်ရှာပေးကြတဲ့သူတွေက ထိုင်းတွေနဲ့ စက်ရုံကို မြို့ခြားပြီး လိုက်ရှာတဲ့အခါ ခရီးစရိတ် ကျွေးမွေးစရိတ်စသည်ဖြင့် ကုန်ကျတာတွေလည်း ရှိလို့ဖြစ်ပါတယ်။  မိတ်ဆက်ရုံကလွဲရင် ကျန်တာတွေ ဘာမှ ပါဝင်ဆောင်ရွက်ခြင်းမလုပ်ပေးကြပါဘူး။ လုပ်ငန်းအပေါ် ဝင်ရောက်စွပ်ဖက်ခြင်းမပြုကြပါဘူး။ ကိုယ်စားလှယ်တစ်ဦးသာ မိတ်ဆက်ပေးကြတဲ့ သစ္စာရှိမှုကို ဆောင်ရွက်ရပါတယ်။ တစ်ဦးနဲ့ တစ်ဦး အလုပ်အပေါ် သစ္စာရှိမှ ယုံကြည်မှုရမယ်၊ ယုံကြည်စိတ်ချရမှ ဆက်သွယ်ဆောင်ရွက်လို့ အလုပ်ဖြစ်ကြမယ်မဟုတ်လား။

နောက်တစ်ခုကတော့ ထိုင်းဘက်ခြမ်းက အားလုံးတာဝန်ယူပါတယ်။ စက်ရုံဈေးပေါ်မှာ (2%)ယူပြီး လုပ်ပေးတာဖြစ်ပါတယ်။ ထိုင်းဘက်က တစ်ဦးက ပစ္စည်းမှာပေးတာ ပစ္စည်းစစ်ပေးတာက အစ ထိုင်းဘက် ကိစ္စမှန်သမျှ တာဝန်ယူရပါတယ်။ ဈေးနှုန်းအနေနဲ့တော့ ဈေးကွက်ထဲက ပေါက်ဈေးကို ထိခိုက်ခံလို့မဖြစ်တာကြောင့် ဈေးအပို ထပ်တင်လို့မရပါဘူး။ ဒါတွေကို ထိုင်း-မြန်မာနှစ်ဘက် ကုန်သွယ်မယ့်သူတွေ ပွင့်ပွင့်လင်းလင်းညှိနှိုင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။

 ထိုင်းနိုင်ငံမှာ တစ်နှစ်လုံး အုန်းရည်ရောင်းကောင်းသလို 
ကိုယ့်ရွှေပြည်ကြီးက အုန်းရည်ရောင်းကောင်းနိုင်မလား ???
အုန်းရည်သောက်ရန် အုန်းသီးတစ်လုံးကို ဘတ်ငွေ(၂၀မှ ၃၀)အထိ ပေးရပါတယ်။ 
ကမ်းခြေမှာဆိုရင် ဘတ်(၅၀)။

ဒီနေ့လိုချိန်ခါကြီးထဲမှာ မြန်မာနိုင်ငံ ရောင်နီသမ်းချိန်ဖြစ်ပြီး ထိုင်းနိုင်ငံရေလွှမ်းချိန်ဖြစ်တာကြောင့် ထိုင်းနိုင်ငံမှာ ရင်းနှီးမြုပ်နှံထားတဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်များအပြင် ထိုင်းလုပ်ငန်းရှင်များပါ မြန်မာပြည်ကို လှမ်းမျှော်ကြည့်နေကြပါပြီ။ ပြီးခဲ့သောနှစ်တွေက ထိုင်းနိုင်ငံတွင်း ရေကြီးမှုများက စီးပွါးရေးဂယက်များစွာ ရိုက်ခတ်စေခဲ့ပါတယ်။ ရေတိုရေရှည်ရင်းနှီးမြုပ်နှံမှုအားလုံးလိုလိုကို ရေလွှမ်းမိုးမှုများက ဂယက်ရိုက်သွားခဲ့တာဖြစ်ပါတယ်။

ဒီအချိန်မှာ မြန်မာနိုင်ငံက ရောင်နီသမ်းချိန်ရောက်လာပြီဖြစ်တဲ့အတွက်  မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ပြည်ပရင်းနှီးမြုပ်နှံမှုများကလည်း  အားတက်သရောရှိလာကြပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အားသာချက်တွေ အပေါ်မူတည်ပြီး အနာဂတ်စီမံကိန်းတွေလည်း ရေးဆွဲကြ ပြင်ဆင်ကြ ပြောင်းရွေ့ချင်လာကြပါတယ်။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းများ တိုးတက်လာခြင်းနောက်ကွယ်မှာ စီးပွါးရေးဆိုင်ရာလေလ့လာခြင်းများလည်း ဒွန်တွဲပါလာကြပါပြီ။ ဒါကြောင့် မြန်မာခရီးသွားလုပ်ငန်းတိုးတက်ခြင်းက အနာဂတ်မြန်မာပြည်စီပွါးရေးတိုးတက်ခြင်းကို တနည်းတဖုံ ပြသရာရောက်နေပြန်ပါတယ်။

အုန်းသီးရေခဲမုန့်ကို အပေါ်က မြေပဲ၊ ငှက်ပျောသီး၊ စတော်ဘယ်ရီသီး တခုခု ထည့်ပြီး ချောကလက်ရည်ဆမ်းထားပါတယ်။ တန်ဖိုးငွေမှာ ဘတ်ငွေ(၂၅)ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို အလည်လာကြတာတဲ့ ဧည့်သည်တွေနဲ့ ခရစ္စတလ်ရဲ့ မောင်လေးများ၊ ညီမလေးတို့တတွေက အမြဲမေးလေ့ရှိကြပါတယ် မြန်မာပြည်ပြန်ရင် ဘာစီးပွါးရေးလုပ်ရင်ကောင်းမလဲ၊ ထိုင်း-မြန်မာ ဘာစီးပွါးရေးတွေလုပ်ရင် ကောင်းမလဲ။ အရင်းအနှီးဘယ်လောက်လိုသလဲ၊ ထိုင်းမှာ စီးပွါးရေးလုပ်မယ်ဆိုရင် ဘာတွေ လိုသလဲ၊ ထိုင်း-မြန်မာ ကူးသန်းရောင်းဝယ်ရေး အပြင် အခြားဆက်စပ် ဘာတွေ လုပ်လို့ရနိုင်သလဲ စသည် စသည်ပေါ့...

ဒီလိုအကြောင်းတွေ အမေးခံရတာများတာက တစ်ကြောင်း၊ ရွှေပြည်တော်ကြီးရဲ့ ကောင်းသော အပြောင်းအလဲများဖြစ်လာတာ၊ ပြောင်းလဲမှုကြောင့် ခေါင်းဆောင်ကောင်းတွေ အပေါ်မှာ ယုံကြည်မှုရှိလာတာ၊ နိုင်ငံရပ်ခြားမှာ အနေကြာလာတဲ့ ကိုယ့်နိုင်ငံ ကိုယ့်မိသားစုကို တန်ဖိုးထားတဲ့ သူတွေ အိမ်ပြန်ချင်ကြတာ အစရှိသည့် အကြောင်းပြချက်ကိုယ်စီရှိကြသည်မို့ “ကူးသန်းဖလှယ် စီးပွါးရေးနယ်” ပိုစ့်လေးကို ဘလော့ဂါများနာမည်နဲ့ ဇာတ်လမ်းဆင် ရေးသားဖို့ မြစ်ဖျားခံလာရခြင်းဖြစ်ပါတယ်။

အုန်းရည်နဲ့ သကြားနဲ့ ရောကျိုပြီး အုန်းသီးခွက်လေးထဲ ပြန်ထည့်၊ အုန်းသီး အသားလေးကို ခြစ်ထည့်ထားပြီး ရေခဲဘူးတွေထဲ ထည့်ထားလိုက်ရင် အုန်းသီးဂျယ်လီဖြစ်သွားပါပြီ။ ဘတ်(၃၀မှ ၅၀)အထိ ပေးရတတ်ပါတယ်။

ထိုင်းနိုင်ငံမှ မဟုတ်ပါဘူး မြန်မာနိုင်ငံမှာဖြစ်ဖြစ် နိုင်ငံရပ်ခြားမှာဖြစ်ဖြစ် ကိုယ်နဲ့ လက်လှမ်းမီရာမှာ စီးပွါးရေး ဘာတွေ လုပ်လို့ရနိုင်မလဲ အိမ်တွင်းမှုလုပ်ငန်းလေးတွေ လုပ်လို့ရနိုင်မလား၊ မြင်အောင် သတိထား လေ့လာကြည့်နိုင်ပါတယ်။ ခရစ္စတလ်တို့တတွေက သတိမထားဖြစ်ကြလို့ပါ။ လူတိုင်းလူတိုင်းက တနေရာတည်းမှာပဲ တသမတ်ရပ်နေကြမယ့်သူတွေ မဟုတ်ကြလေတော့ ခုချိန် လခစားဘဝဖြစ်ပေမယ့်လည်း တချိန်မှာ လုပ်ငန်းရှင်ဖြစ်လာကြမယ်၊ အလုပ်ထဲမှာ ခေါင်းဆောင်တွေ ဖြစ်လာကြမယ်မဟုတ်လား။
ဒီပိုစ့်လေးကို ဖတ်မိတဲ့အခါ တခုခုများ စိတ်ကူးရသွားမယ်ဆိုရင် ကျေနပ်ပါပြီ။ 

ဓာတ်ပုံထဲမှာပါတဲ့ ထိုင်းအမျိုးသမီးလေးက အသက်(၂၂) နှစ်ပဲရှိပါသေးတယ်။ ခရစ္စတလ်အတွက် တကယ့် အိမ်နီးချင်းကောင်းတွေကို တွေ့ဆုံခဲ့ရတာပါ။ ကလေးနှစ်ယောက်အမေလည်းဖြစ်၊ သူ့အမျိုးသားကိုလည်း စီးပွါးရေးဝိုင်းကူလို့ တကယ်ခင်ဖို့ကောင်းပြီး စိတ်သဘောထားဖြူသူလေးပါ။
သူတို့ လုပ်ငန်းတွေ တိုးတက်လာတာမြင်တော့ ကိုယ့်နိုင်ငံက အိမ်တွင်းစီးပွါးရေးလုပ်တဲ့သူတွေကိုလည်း အခုလိုပဲ ကြီးပွါးတိုးတက်စေချင်ပါတယ်။ ဘဝများစွာကို တိုးတက်စေချင်ပါတယ်။

ကိုယ်က အီကိုနဲ့ ဘွဲ့ရထားတာလည်း မဟုတ်၊ စာရေးတာကလည်း မကျွမ်းကျင်၊ စီးပွါးရေးလည်း မလုပ်တတ် ကိုယ်သိထားတာလေးတွေကိုသာ စေတနာနဲ့မျှဝေလိုတာမို့ အမှားအယွင်းဖြစ်သွားရင် နားလည်ပေးကြပါလို့ တောင်းပန်ရင်းးးး။  

 ဒီတော့
သူငယ်ချင်း “ဂျက်”က မေးတယ်လေ
နေပါအုံး ဒါဆို အလုပ်များနေတဲ့ သူက ဘာတွေလုပ်နေတာလဲတဲ့

သြော် စီမံခန့်ခွဲအုပ်ချုပ်ခြင်းဆိုတာ တတ်ကျွမ်းတဲ့သူတွေကို စီမံခန့်ခွဲတတ်ဖို့ပဲ လိုတာလေ ကိုယ်တိုင် ဆောင်ရွက်ဖို့ မလိုဘူးကွဲ့ ဟဲ ..ဟဲ.. :P

တိန်...
သေပီ ဆာ...တဲ့လေ :P


ဒီပိုစ့်ကို ဖတ်ရှုအားပေးကြတဲ့ သူများအားလုံး၊
ကွန်မန့်ပေးကြသူများ၊ ကွန်မန့်မပေးပဲ တိတ်တိတ်လေး လှည့်ပြန်သွားသူအားလုံးနဲ့
ပိုစ့်ထဲမှာပါဝင်သော မခင်ဦးမေ ချော(အစိမ်းရောင်လွင်ပြင်)ညယံJasmine (တောင်ကြီး)နဲ့ တီချမ်းအမှောင်ထုထဲက အလင်းစက် မောင်မျိုး တို့ကို လေးစားစွာ ကျေးဇူးအထူးတင်ပါတယ်နော်။

“ ရွှင်လန်းချမ်းမြေ့ကြပါစေ”

လေးစားစွာဖြင့်
ခရစ္စတလ်

Saturday, January 21, 2012

ကူးလူးဖလှယ် စီးပွါးရေးနယ်... (ဒုတိယပိုင်း)


အပိုင်း(၄)

ချင်းမိုင်မှ ချည်ထည်များ

အီတလီပိုးထည်

ချည်ထည်သက်သက်

ထိုင်းပိုးထည်များ

ကလင်...ကလင်...ဟယ်လို...တီရေ ပြော
ခုတလော့ ဟင်းတွေ တမျိုးမျိုးပြီး ချက်ပြပြီး နှိပ်စက်နေတယ်ပေါ့။ အခုပဲ တီ မှာထားတဲ့ ထိုင်းပိုးထည်တွေကို ပစ္စည်းတွေ သေချာထုတ်ပိုးပြီး၊ ပစ္စည်းစစ်တာတွေ လုပ်နေပြီလေ။ တီလိုချင်တဲ့အချိန် ဘွဲ့ယူမယ့်သူတွေအတွက် အချိန်မီ ပို့ပေးမှာပေါ့။ လီနင်သားတွေကိုတော့ စက်ရုံက မှာထားတာဖြစ်လို့ သူတို့ နယ်စပ်ကို တိုက်ရိုက်ပို့ပေးလိမ့်မယ် တီရေ။ ပွဲနေပွဲထိုင်ဝတ် ထိုင်းပိုးထည်နဲ့ အီတလီပိုးထည်တွေလည်း နမူနာပို့ပေးလိုက်မယ်နော့။ ဒီတခါ ဘန်ကောက်ရောက်တဲ့အခါ စိတ်ဝင်စားရင် စက်ရုံကို ဈေးသွားဆစ်ကြတာပေါ့။ ဒေါ်သလင်း မျှော်နေတဲ့ ပိုစ့်လေးလည်း မေ့မသွားနဲ့အုံးနော်။ ...ရေးပေးမယ်ဆိုလို့ ကျေးဇူးပါတီရေ။ ဘိုင့်ဘိုင်။

လီနင်သား အနေနဲ့ အထည်၏ အရည်အသွေး ကွာခြားမှုပေါ်မူတည်ပြီး ဈေးနှုန်း အစားစားရှိကြလေသည်။ 
ဈေးနှုန်းနှင့် မိမိလိုချင်သော လီနင်သား အရည်အသွေးကို စက်ရုံမှ လက်ကားမှာယူနိုင်ပါသည်။

အပိုင်း(၅)
ဒီဇိုင်းလှလှ ဝတ်လိုတဲ့ ပျိုမေတို့အတွက်

ကလင်...ကလင်...ဟယ်လို...
ဟုတ်ကဲ့ပြောပါရှင်၊ ဘန်ကောက်က ပြောနေပါတယ်..သြော် ညယံ ဘလော့ရေးတဲ့ ညီမလေးလား။ ညီမလေးကို မြင်ဖူးချင်လိုက်တာ။ ဘန်ကောက်လာလည်အုံးလေ။ ညီမလေးသာ လာရင် အလုပ်တွေ ပစ်ပြီး လိုက်ပိုပေးပါ့မယ်။ အင်း ..အင်းး သြော် ဟုတ်ပြီ ညီမလေးက သတို့သမီးတို့၊ ဘွဲ့ယူတဲ့သူတို့ အလှဆင်တဲ့ အမျိုးသမီး လက်ဝတ်ရတနာဆိုင် ဖွင့်ချင်တာလားးးးး။
ထိုင်းမှာက အလှဆင် လက်ဝတ်ရတနာတွေ စက်ခတ် ဒီဇိုင်းတွေ ရှိတယ်။ စက်ရုံကို ဒီဇိုင်းပေးပြီးတော့ ထုတ်ခိုင်းတာပေါ့နော် သူတို့ ဒီဇိုင်းကို ယူလို့ရတာလည်းရှိပါတယ်။ ကိုယ်လိုချင်တဲ့ ဒီဇိုင်းကို ခတ်ခိုင်းလို့လည်း ရပါတယ်။ သူတို့ ဒီဇိုင်းတွေထဲက ရွှေရောင်မှုတ်နဲ့ ငွေရောင်မှုတ်ထားတာတွေလည်းရှိတယ်။ အဲလို အရောင်မှုတ်တွေက အနှစ် (၂၀)ခိုင်ခံ့တယ်လို့ အာမခံတာ ဈေးအကြီးဆုံးနော်။ အဲဒါက ကျောက်အစစ်တွေနဲ့ လုပ်ထားတာပါ။ ကျောက်တွေကတော့ ထုံးစံအတိုင်း တို့များရဲ့ ရွှေပြည်ကြီးကပေါ့ ညီမလေးရေ။
ညီမလေးအနေနဲ့  ဆိုင်မှာ တင်ပြီး ရောင်းလိုတာ ဖြစ်ဖြစ်၊ မြန်မာတနိုင်ငံလုံးကို လက်ကားငှားရမ်းခြင်း လုပ်လိုတာဖြစ်ဖြစ် အစ်မအနေနဲ့ အကြံတစ်ခုပေးချင်တာက ကိုယ်လိုချင်တဲ့ အရည်အသွေးနဲ့ ဈေးနှုန်းကို ထိုင်းစက်ရုံက ခတ်ပေးလို့ရပါတယ်။ ဒီတော့ ဈေးလည်း သက်သာ၊ ကိုယ်အနေနဲ့လည်း အများကြီး ရင်းနှီးထားစရာမလိုတော့ဘူးပေါ့။ ငှားဝတ်သူတွေအနေနဲ့လည်း ပစ္စည်းလှလှလေးကို ဈေးသက်သက်သာငှားနိုင်တာပေါ့။ အငှားသွက်တယ်ဆိုရင် သုံးနှစ်လောက်ဆို မြတ်နေပြီ ဖြစ်လို့ ပစ္စည်း ပျက်စီးသွားတယ်ဆိုရင်တော့ လုပ်ငန်းအရတော့ ကိုက်နေပြီလေ။ ညီမလေး မြန်မာပြည်က ဈေးကွက်ကို လေ့လာပြီးရင် ဒီက စက်ရုံတွေမှာ ဒီဇိုင်းတွေ ရွေးချယ်ပြီး မှာယူလို့ရပါတယ် ညီမလေးရေ။ ပစ္စည်းတွေ စိတ်ချရတဲ့ထုတ်ပိုးမှုနဲ့ မဲဆောက်လမ်းကြောင်းအပြင် တာချီလိတ် လမ်းကြောင်းတွေကလည်း ပို့လို့ရနေတာကြောင့် အစစ အဆင်ပြေပါစေမှာပါ။
..ရပါတယ် ညီမလေးရယ် အစ်မဆီမှာ လာပြီး ကွန်မန့်ပေးကြတဲ့သူက ခပ်နဲနဲလေ။ ဒီအထဲက ကွန်မန့်မှန်မှန်လာပေးတဲ့ ညီမလေးကို ဒီလောက်တော့ ကူညီရမှာပေါ့ ဟုတ်ဘူးလားးးး။
အိုကေတယ်ဆိုရင်သာ အစ်မဆီကို အီးမေးဖြစ်ဖြစ် ဖုန်းဖြစ်ဖြစ်သာ ဆက်လိုက်နော်။
ဘလော့ကိုလည်း အားတဲ့ အခါများ စာလေး ဘာလေး ရေးအုံးလေနော်။ ဒါပဲနော် ဘိုင့်...။


လခစားအလုပ်ကို စိတ်ကုန်ကာ စီးပွါးရေးနယ်ပယ်သို့ ခြေစုံပစ်ဝင်လာသည့် ချည်ထည်ပိုးထည်တိုက်ပိုင်ရှင် “တီ”အဖြစ်  တီချမ်း

ပွဲနေပွဲထိုင်သွားလတ်ဝတ်ရတနာအလှဆင်မြန်းသည့် လုပ်ငန်းပိုင်ရှင် မြန်မာနိုင်ငံတစ်ဦးတည်း ကိုယ်စားလှယ်“ညီမလေး”အဖြစ်  ညယံ

*****ယခုပိုစ့်တွင် အမည်ပါဝင်သော ဘလော့စာမျက်နှာပိုင်ရှင်များ၏ တကယ့်အဖြစ်မှန်မဟုတ်ပါကြောင်း၊ ခရစ္စတလ်၏ စိတ်ကူးမျှသာဖြစ်ပါကြောင်းနှင့် ကြိုတင်ခွင့်မတောင်းပဲ နာမည်အလွဲသုံးစားလုပ်မိပါသဖြင့် အနူးအညွတ်တောင်းပန်အပ်ပါသည်။


ဒီမှာ ပထမပိုင်းက ကူးလူးဖလှယ် စီးပွါးရေးနှယ် (ပထမပိုင်း)


နောက်ဆုံးတစ်ပိုင်း အနေနဲ့ conclusions ကျန်ပါသေးတယ်။ စိတ်ရှည်စွာနဲ့ အားပေးကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ တပတ်အတွင်း အဖတ်အများဆုံးပိုစ့်ဖြစ်သွားတဲ့အတွက် ဘလော့ကို လည်လည်လာကြတဲ့ ခရစ္စတလ် သိသော မသိသော သူအားလုံးကို ကျေးဇူးတင်ပါတယ်နော်။ အမှားများရှိရင် အမြင်မတော်တာများရှိရင် ကွန်မန့်မှာ ရေးပေးသွားကြပါအုံးလို့။


လေးစားစွာဖြင့်
ခရစ္စတလ်

Thursday, January 19, 2012

ကူးလူးဖလှယ် စီးပွါးရေးနယ်......

တစ်ခါက မြို့တော်ဘန်ကောက်ဝယ် destop တစ်လုံး၊ laptop တစ်လုံး၊ ဖုန်းသုံးလုံး အပြင် နားက နားကြပ်များနှင့် အလုပ်များနေသော မိန်းမတစ်ယောက်ရှိလေသည်။ (ရှိတာလေးတွေ ကြွားနေခြင်းဖြစ်သည် ကြွားပါစေပေါ့...)

စပ်စုကြည့်ရအောင် ဘာတွေ လုပ်နေပါလိမ့်...
 အပိုင်း(၁)
ခရစ္စတလ်ရဲ့စိတ်ကူးထားတဲ့ အိမ်ကလေးမှာ စိုက်ချင်လို့ သစ်ခွပန်းခြံက ဓာတ်ပုံရိုက်လာတာ :)

ကလင်...ကလင်... ဟယ်လို...
->ဟုတ်ပါတယ် ခရစ္စတလ်ပါ။ သြော် “ချော” လား ပြောလေ ဘာမှာချင်လဲ ဘန်ကောက်က...။
အင်းလေ ရတာပေါ့ အစ်မ ရှာပေးမယ်။ သစ်ခွပန်း အရောင်လှလှရှာပေးမယ်၊ အကိုင်းဖြတ်မဟုတ်ဘူး၊ အပင်ပေါက်လည်း ဖြစ်စေရမယ်၊
အပင်တွေထဲ ထည့်ရမယ့် ဆေးတွေလည်း ရှာပြီး ပို့ပေးလိုက်မယ်နော်။
ပို့တဲ့ကိစ္စလား ဒါလည်း မပူနဲ့ ဘန်ကောက်ကနေ မဲဆောက်ကို ပို့ပေးမှာပေါ့။ မဲဆောက်ရောက်ရင် ကိုမျိုးက မြန်မာနိုင်ငံအရပ်ရပ်ကို ပို့ပေးတဲ့ကိစ္စကို ဆောင်ရွက်ပေးမယ်လေနော်။
“ချော”အနေနဲ့ ရန်ကုန်ဆင်းယူချင်လား၊ မန္တလေးအရောက် ပို့ပေးရမလား။
ပို့ရမယ့်နေရာ လိပ်စာကိုသာ အီးမေးနဲ့ ပို့ပေးထားနော်။ ပစ္စည်း Qualityကို စိတ်ချ၊ ဈေးနှုန်းလည်း အသက်သာဆုံးဖြစ်အောင် ပန်းမျိုးစုံပေါလှတဲ့ ကချနဘူရီမြို့က ပန်းစိုက်ဆိုင်တွေကနေ ဝယ်ပေးလိုက်ပါ့မယ်နော်။

ခရစ္စတလ်အတွက်တော့ ကချင်ဆားမုန့်လေးတွေသာ လူကြုံရှိရင် ပို့ပေးလိုက်ပါ ဟဲ ဟဲ
အိုကေနော်...ဘိုင့်ဘိုင် :)

“ချော” အတွက် သစ်ခွစိမ်းစိမ်းလေး

“ လိုတာရွေး ကြိုက်ဈေးနဲ့ ဝယ်”
သစ်ခွပန်းပင်များ မျိုးစေ့များ မျိုးပင်များ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအရောက်ပို့ဆောင်ပေးခြင်းဖြစ်ပါတယ်... :)


 အပိုင်း(၂)

ကလင်...ကလင်...ဟယ်လို...
->ဟယ်... မဦး၊ အမယ် ခုပဲ သတိရနေတာ၊ နေကောင်းလား။ ဘန်ကောက်က ဘာလိုချင်လဲပြော...။ အိတ်လိုတယ်လား၊ ပိုက်ဆံအိတ်လား ခရီးဆောင်အိတ်လား ဒါမှ မဟုတ် အိတ်မျိုးစုံလား။
အင်း ...အင်း ဟုတ်ပြီ ဒါဆို ဆိုဒ်စုံ ဒီဇိုင်းအစုံလိုချင်တယ် ပြန်ရောင်းချင်တယ်ဆိုရင် စက်ရုံနဲ့ ချိတ်ပေးမယ်လေ။
အီတလီသရေအိတ်စက်ရုံက သရေအိတ်တွေက သရေအစစ်တွေလေ မဦးရဲ့သိလား။
အင်း သူတို့က ထိုင်းမှာ စက်ရုံထိုင် ပြီးတော့ ဥရောပကို ပို့ကြမှာလေ။
လောလောဆယ် သူတို့ကလည်း မြန်မာပြည်က တစ်ဦးတည်း ကိုယ်စားလှယ်လိုချင်နေကြတာ
နောက်အဆင်ပြေရင်တော့ မြန်မာနိုင်ငံမှာ စက်ရုံတည်ချင်ကြတယ်။
အဆင်ပြေရင် မဦးပဲ ဒီလုပ်ငန်းလေးကို ဦးစီးစေချင်တယ်။
အိမ်ဆေးခန်းလေးလည်း ဖွင့်၊ မဦးရဲ့ ချစ်ချစ်ရှာတဲ့ငွေတွေကို စီးတဲ့ရေ ဆည်တဲ့ ကန်သင်းဖြစ်အောင် ကိုယ်ပိုင်စီးပွါးရေးလည်း လုပ်။ ကိုင်း ဟန်မကျဘူးလားးးးး။ ဖြစ်ပါတယ်...မဦးက လုပ်ချင်တယ်ဆိုရင်လေ အားလုံးနဲ့ ချိတ်ဆက်တာ ပစ္စည်းပို့ပေးတာအစ ကူညီရမှာပေါ့။ ခရစ္စတလ်ကို ကော်မစ်ရှင်လေး(2%)လောက် ပေးရင် ကျေနပ်ပါတယ် ဟီ ဟိ :P
အင်း အင်း ဘန်ကောက်က ဆေးရုံတွေမှာ ဆေးစစ်ဖို့ လွှတ်ပေးလိုက်တဲ့ လူနာတွေလည်း အဆင်ပြေပါတယ်။ သူတို့ စစ်ချင်တဲ့ ဆေးရုံနဲ့ ဝယ်ရမယ့် ဆေးတွေကို သေချာဆောင်ရွက်ဖို့ ကြောင်ဖြူများရှင် ကြီးကြပ်ဆောင်ရွက်နေပါတယ်။ ဆေးရုံက ထိုင်းနာစ့်မလေးတွေ ချောတယ်မဟုတ်လား ဟဲ ဟဲ၊ စိတ်သာချပါလေ။
လူနာတွေ အဆင်ပြေတော့ မဦးလည်း မျက်နှာရ၊ လူနာတွေလည်း အဆင်ပြေစေ၊ ဒီတော့မှ ခရစ္စတလ် ရွှင်လန်းချမ်းမြေ့ရတော့မှာပေါ့ရှင် ဟုတ်ဘူးလားးးးး။ ဒါပေါ့ ကောင်းတယ်လေ...
ဒါဆို သရေအိတ်နမူနာနဲ့ ဈေးတွေပို့လိုက်မယ် ဟိုဘက်မှာ အိုကေတယ်ဆိုရင် ဆိုင်ဖွင့်ဖို့ မဦး စီစဉ်လိုက်တော့နော်။
အိုကေ this man နဲ့ this man တွေပဲ ကူညီရမှာပေါ့နော်။ အိုကေ..ဒါပဲနော် ဘိုင့်....။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားတံဆိပ်များထုတ်သော စက်ရုံများရှိရာတွင် ရောင်းလိုသော တံဆိပ် သို့မဟုတ် မိမိနှစ်သက်သော အရည်အသွေး တံဆိပ်များထုတ်သည့်စက်ရုံများကို ထိုင်းမှ မြန်မာသို့ ဆက်သွယ်ဝယ်ယူတင်သွင်းနိုင်ပါတယ်... :)

အပိုင်း(၃)
ကြောင်တစ်ကောင်ကို ဘတ်တစ်သောင်းကနေ ဘတ် သိန်းဂဏန်းအထိ ရှိတယ်နော်...

ကလင်...ကလင်...ဟယ်လို...
->မြန်မာနိုင်ငံပြန်ပြီး စီးပွါးရေးလုပ်နေတဲ့ ..“ဂျက်”ပါလား၊ ပြောလေ...ဘယ်လိုလဲ နိုင်ငံတော်သစ်ကြီးမှာ အိုကေနေပြီလား။ ဟယ် ဟုတ်လား ...အိမ်အလှမွေးကြောင်တွေ ရောင်းတဲ့ဆိုင်ဖွင့်ထားတယ်လား၊ ကောင်းတာပေါ့။
ကြောင်ချစ်တဲ့သူကြီးဆိုတော့။ အင်း... ပြော- ဘန်ကောက်က ဘာကူရမလဲ။ သြော် ရပါတယ် ဘန်ကောက်ထဲမှာ အလှမွေး ကြောင်မျိုးစုံရောင်းတဲ့ဆိုင်၊ ခွေးနဲ့ အလှမွေးငါးတွေပါ မှာလို့ရပါတယ်။ ဈေးကတော့နှစ်မျိုးရှိတယ် ဂျက်ရေ...သူတို့က နယ်စပ်အထိ ပို့ပေးတာလည်းရှိတယ်။ ဒါက လက်ကားနယ်ဈေးတစ်မျိုး၊ ဆိုင်မှာ ရောင်းတဲ့ ဘန်ကောက်တွင်း လက်ကားဈေးလည်း ရှိပါတယ်။ ဆိုင်က ရနိုင်မယ့် အကောင်အမျိုးအစားနဲ့ ဈေးနှုန်းကို အီးမေးထဲက attch file နဲ့ ပို့ပေးလိုက်မယ် “ဂျက်”လိုချင်တဲ့ ကြောင်လေးတွေကို ရွေးပြီး ဈေးနှုန်းလည်း သင့်တော်တယ်ဆိုရင် မှာပေးပါ့မယ်။ နယ်စပ်ပို့ဆောင်ရေးကတော့ “ကိုမျိုး”က စီမံပေးနိုင်ပါတယ်၊ ကြောင်လေး သွားကြည့်ဖို့ကတော့ ကြောင် ကျွမ်းဆရာ ကြောင်ဖြူများရှင်ကိုပဲ အားကိုးရတော့မှာပေါ့။
အစစ အဆင်ပြေစေရမယ်စိတ်ချ၊ ကျန်းမာပြီး ချစ်စရာကောင်းတဲ့ အကောင်လေးတွေ “ဂျက်”ဆီကို အရောက်ပို့ပေးလိုက်မယ်နော်။ သြော် ဟုတ်ပြီ...အမွှေးပွဆေးတွေ ဖြူးထား မဖြူးထားလည်း စစ်ပေးမယ် ရပါတယ် အားနာစရာဘာမှ မလိုပါဘူး၊ ခရစ္စတလ်ကလည်း ကြောင်လေးတွေ ချစ်တယ်၊ ကူညီဖို့လည်း ဝါသနာပါတယ် ဒါကြောင့် ဘန်ကောက်မှာ လိုအပ်တာရှိရင် ဖုန်းလေးသာ ဆက်၊ ဖုန်းဆက်လို့ အဆင်မပြေရင် အီးမေးပို့နော်။ ပြီးမှ အသေးစိတ် ညှိနှိုင်းတိုင်ပင်ကြမယ်လေ။
ဟုတ်ပါပြီ သိပ်လည်း လွမ်းမနေနဲ့အုံးနော် နီးနီးလေး နေကြပြီးတော့ :P စတာ.. ဟိ။ ဘိုင့်ဘိုင်နော်။
လှတဲ့ အလှမွေးငါးတွေ

ဒီခွေးလေးတွေက တစ်ကောင် ဒေါ်လာနှစ်ရာဖြစ်ပါတယ်။

မြန်မာပြည်တွင် တစ်နိုင်ငံလုံးသို့ သစ်ခွ လက်လီ လက်ကားဖြန့်သည့် သစ်ခွခြံအကြီးဆုံးပိုင်ဆိုင်သူ “ချော”အဖြစ် ချော(အစိမ်းရောင်လွင်ပြင်)၊

ဆေးနဲ့ ဆေးရုံကိစ္စများ တာဝန်ခံသူလည်းဖြစ်၊ ထိုင်းမှ ကြောင်များ export import တင်သွင်းဖြန့်ဖြူးသူအဖြစ် “ကြောင်ဖြူများရှင်”အဖြစ်  အမှောင်ထဲကအလင်းစက်၊

ကြောင်များ export import တင်သွင်းဖြန့်ဖြူးသူ “ဂျက်” အဖြစ်  Jasmine(တောင်ကြီး)၊

သရေအိတ်အမျိုးမျိုး မြန်မာနိုင်ငံတစ်ဦးတည်း ကိုယ်စားလှယ်နှင့် စာနာစိတ်နဲ့ ဆေးကုတဲ့သူအဖြစ် “မဦး”အဖြစ် မမကွမ်-ခင်ဦးမေ

မဲဆောက်မှ  ဖမားနဲ့ ယပလပ် နယ်ပယ်များအတွက် တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် “ကိုမျိုး” မောင်မျိုး

မှတ်ချက်။   ။ ပိုစ့်ရေးနေတာ နဲနဲကြာနေပြီ ကြားဖြတ်ပိုစ့်တွေလည်း တင်ဖြစ်လိုက်သေးတယ် ပြီးတော့ ပိုစ့်ကလည်း ရှည်လာလို့ ဖြတ်လိုက်ရပါတယ်။ စီးပွါးရေးနဲ့ဆိုင်တဲ့ ပိုစ့်ဆိုတော့ ဦးနှောက်စားတယ် ရေးရတာ ဘောင်ကြီးနဲ့ ဖြစ်နေတယ်။ ရေးတဲ့ပုံစံကလည်း ကိုယ်က စာရေးဆရာမဟုတ်လေတော့ ဘယ်လိုဘယ်ပုံ ရေးရမလဲ စဉ်းစားလို့ကို မရဘူးဖြစ်နေတယ်။ ဟိုနေ့က မောင်မျိုးနဲ့ ဖုန်းပြောဖြစ်ရင်း အကြံရသွားတယ်။ ပိုစ့်အဟောင်းတစ်ခုရေးထားတာရှိတယ် အဲဒီပုံစံနဲ့ပဲ ရေးလိုက်ပါတယ်။ အဲဒီပိုစ့်အဟောင်းရေးတုန်းက အစ်မတစ်ယောက်နဲ့ နှစ်ယောက်ပေါင်းရေးတာ အခုတော့ တစ်ယောက်တည်းပေါ့။ ဟိုးးးးးးးးတုန်းက ပိုစ့်အဟောင်း ဖတ်ဖူးတဲ့သူတွေ မှတ်မိကြမှာပါ။

*****ဇာတ်လမ်းမှာ ပါဝင်တဲ့ အမည်ပိုင်ရှင်တွေ၏ ဖြစ်ရပ်မှန် မဟုတ်ပဲ  ခရစ္စတလ်၏ စိတ်ကူးမျှသာဖြစ်ပါတယ်။ ဆက်ရန် လာပါအုံးမယ်နော်။ ခရစ္စတလ်နဲ့ ရင်းနှီးတဲ့ ဘလော့ဂါများ၏ နာမည်ကို အလွဲသုံးစားလုပ်မိပါတယ် အဲ...မကျေနပ်ကြဘူးဆိုရင် ဘန်ကောက်ကိုသာ လာခဲ့ကြပါတော့ ရှင်... :)

လေးစားစွာဖြင့်
ခရစ္စတလ်

Monday, November 28, 2011

“လွမ်းမောဖွယ်၊ အို ..အယုဒ္ဓယ” အပိုင်း(၂)

Wat Phanan Choeng Worawihan
မြတ်စွာဘုရားရုပ်ပွါးတော်ကို ဖူးတွေ့ရတာ စိတ်အေးချမ်းလှပါတယ်။ ဘုရားဘွဲ့တော်မြန်မာအသံထွက်ဖို့ နဲနဲခက်ပါတယ်၊ လွယ်လွယ် ကိုယ့်စိတ်ထဲမှာ မနူဟာမင်းကြီးတည်ခဲ့တဲ့ ဘုရားနဲ့ တွဲမှတ်လိုက်တယ်၊ တချို့ကတော့ တရုတ်ဘုံကျောင်းလိုဖြစ်နေလို့ ဘုံကျောင်းဘုရားတဲ့။ ဒီဘုရားမှာ ဘုန်းကြီးကျောင်းလည်း ရှိပါတယ်။ သာသနာပိုင်က ဘွဲ့တံဆိပ်တွေ အပ်နှင်းရာ၊ သာသနာ့အခမ်းအနားများကျင်းပရာ အထင်ကရနေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒကာဒကာမတွေက ထိုင်း-တရုတ်လူမျိုးအများစု ကိုးကွယ်ရာဖြစ်လို့ ရေကြီးနေတုန်းက ဘုရားဝင်းအတွင်းနဲ့ ဘုန်းကြီးကျောင်းကို ရေမဝင်ဖို့ အထူးကြိုးစား ကာကွယ်ခဲ့ကြပုံကို ဓာတ်ပုံများက သက်သေပြနေကြပါတယ်။

ဓာတ်ပုံတွေကိုတော့ အများကြီးရိုက်လာခဲ့ပါတယ်။ ပုံကောင်းတာလေးတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတာလေးတွေ ရွေးတင်ပေးလိုက်ပါတယ်။
ကားသွားနေတုန်း ရိုက်ပေမယ့် ကားက အသစ်ကြီး(သူများ ကားနော်)ဆိုတော့ ပုံတွေ ဝါးမသွားဘူး တော်သေး :P

ကျောက်ဖရားမြစ်ဘေးမှာ လေညှင်းခံရာ ဇရပ်ဆောင်ဖြစ်ပါတယ်။

တမံတုပ်ထားတယ်ဆိုတာ ဒါမျိုးလား

ရေကျသွားလို့ပေါ့၊ ရေတက်နေတုန်းက ဒီလိုသာ မတားနိုင်ခဲ့ရင် ပျက်စီးဆုံးရှုံးမှုက မတွေးဝံ့စရာ

ဆိပ်ခံတံတားလေး ကျိုးနေတာလေ

မြစ်ဘေးမှာ ထိုင်ရင်း သဘာဝပတ်ဝန်းကျင်ရသတွေ မခံစားနိုင်ကြတော့ဘူး

အယုဒ္ဓယသားတို့က စစ်ဆိုတာလည်း မကြားချင်ဘူး၊ ရေဆိုတာလည်း မကြားချင်ဘူး
အဲလောက်ကို သွေးလန့်နေကြပြီလို့ ပြောကြပါတယ်။ သူတို့ဆီ ဧည့်သည်တွေ လာလည်ကြဖို့တောင်
မျှော်လင့်ချက် မထားနိုင်တော့ပါဘူးတဲ့၊ ခုချိန် နောင်ဘာဖြစ်မယ်ဆိုတာ မတွေးတတ်တော့ဘူးလို့
ပြောကြပါတယ်။ ခရစ္စတလ်ကတော့ နိုင်ငံခြားသားဆိုတာ သမိုင်းအထင်ကရတို့ စစ်ဘေးဒဏ်ခံပုံရိပ်တို့ သဘာဝဘေးဒဏ်တို့ကို စိတ်ဝင်စားကြတာမို့ ခုချိန် အယုဒ္ဓယဘယ်လိုမျိုးနေမလဲဆိုတဲ့ အတွေးနဲ့ စိတ်ဝင်တစားလာရောက် လေ့လာနေကြအုံးမှာ၊ အရင်ကထက် ဧည့်သည်ပိုများနိုင်ပါတယ်၊
ပြောင်းလဲသွားတာကို ရောက်ဖူးတဲ့သူတွေတောင် ထပ်သွားကြည့်ချင်ကြမှာပါ။ 
ကိုယ့်ဖာသာတောင် ဒီခရီးသွားရတာ အရင်အခေါက်များစွာကထက် စိတ်လှုပ်ရှားမှုတွေ 
များစွာ များစွာ ဖြစ်ခဲ့ပါတယ်။

အပြန်လမ်းမှာတော့ ရေလွှမ်းနေတဲ့ လမ်းမကြီး အစိတ်အပိုင်းအချို့

ဆက်သွားလို့မရလို့ နှစ်နေရာ ပြန်ကွေ့ပြီး လမ်းရှာမောင်းခဲ့ရသေး

ကုန်းမြေမှန်သမျှ မြစ်ပြင်အလား မကွဲပြားတော့

ရေတိုက်စားတဲ့နေရာရာအချို့မှာ လမ်းမကြီးလည်း လမ်းပျောက်ဖြစ်ရ

ဆက်သွားလို့ ဖြစ်နိုင်မဖြစ်နိုင် ရပ်ကြည့်နေကြတာလည်း ရှိရဲ့။

မြို့တော်ဟောင်း အယုဒ္ဓယမှာ ရေတွေ ကြီးနေတုန်း အယုဒ္ဓယကို သွားဖို့တော်တော်နဲ့ မဖြစ်နိုင်တော့ဘူးလို့ တွေးမိခါမှ ဒီမြို့ကို အရင်ဆုံးသွားရတဲ့အဖြစ်။ သွားမိပြန်တော့လည်း စိတ်ထဲမှာ လှိုက်မောမှုတွေနဲ့ ပြန်လာရတဲ့အဖြစ်။ တကယ်ပါ။ ကိုယ့်နိုင်ငံကို သူတို့ မကောင်းပြောပေမယ့် သူတို့ ဒီလိုဖြစ်တော့ ကိုယ်ချင်းစာပါတယ်။ သူတို့ဆီမှာ ပျက်စီးမှုတွေက ကိုယ့်ဆီမှာဆို ပန်းနဲ့ ပေါက်သလောက်ပဲရှိတာ ဟုတ်ဘူးလား။ ဒါပေမယ့် လူသားချင်းကိုယ်ချင်းစာပါတယ်။ မိသားစုတွေ၊ စီးပွါးရေးတွေ၊ နိုင်ငံရဲ့ဆုံးရှုံးမှုတွေ အများကြီး ဆုံးရှုံးကြရတာပါ။ ဒါတွေက တဆင့် ဂယက်ရိုက်မှုတွေ အများကြီး ဖြစ်ကြအုံးမှာ။


အရင်တုန်းကဆို ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းလေ့ရှိကြပေမယ့် ခုများတော့  စကားလည်း မပြောနိုင်၊ ငေးငိုင်မှိုင်တွေတဲ့ မျက်ဝန်းတွေနဲ့ ယပလပ်တို့တတွေ။ လမ်းတလျှောက်မှာ ရေကျသွားလို့ ရေဘေးရှောင်ရာကနေ ပြန်လာတဲ့ မိသားစုတွေ အထုပ်အပိုးပစ္စည်းတွေနဲ့ အသီးသီး ပြန်လာနေကြပါပြီ။ သိပ်မကြာခင်မှာ ကျောင်းတွေလည်း ပြန်ဖွင့်တော့မယ်ကိုး။

ဘန်ကောက်မြို့ကို အပြန်လမ်းမှာ ကားလမ်းကောင်းတဲ့လမ်းမကြီးကနေ မြို့ထဲ ပြန်ဝင်ဖို့ ကားတွေ စုပြုံတန်းစီမောင်းနေရတာမို့ မြို့အဝင်ညဖြစ်သွားပါတယ်။ ဒူမောင်းလေဆိပ်ကြီးထဲ ရေတွေ ဝင်နေတာများ ပြချင်လိုက်တာ၊ လေဆိပ်တခုလုံး မီးတွေ မှောင်မည်းလို့၊ ရေတွေက အိမ်တစ်ထပ်ကျော် မြုပ်နေတုန်း။ ဒီနားနီးတဝိုက်က လူတွေ စဥ်းစားကြည့်ကြပါတော့။

သူတို့မျက်နှာမှာ ကြေကွဲမှုတွေတွေ့လိုက်ရတော့ မြန်မာတွေကို နှိမ်ခဲ့သမျှ ဝဋ်လည်တာလို့ပြောမထွက်ပါဘူး။ ကိုယ့်ဖာသာလည်း ဘာကို စိတ်မကောင်းမှန်းမသိတော့ဘူး။ လွမ်းမောမိတယ် အယုဒ္ဓယရေ..... ပေါ့။

လေးစားစွာဖြင့်
ခရစ္စတလ်

p.s : ပုံတွေ ကြည့်တာ အားမရသေးရင် ဒီလင့်လေးကို နှိပ်ပေါ့

Sunday, November 27, 2011

“လွမ်းမောဖွယ်၊ အို ... အယုဒ္ဓယ”

အပိုင်း(၁)
၂၆-နိုဝင်ဘာလ-၂၀၁၁ နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အယုဒ္ဓယမြို့သို့ သွားရောက်ရာ လမ်းခရီးတစ်လျှောက် ဓာတ်ပုံများကို စုစည်း တင်ဆက်လိုက်ပါတယ်။ 
ကားထဲကနေ လှမ်းရိုက်ထားတာဆိုတော့ 
ဓာတ်ပုံတစ်ပုံရဲ့ အရည်အသွေးတွေ ကျနေတာကို သည်းခံပေးပါရန် တောင်းပန်ပါတယ်နော်။

 ဘန်ကောက်မြို့တော်မှ စထွက်တဲ့ လမ်းမကြီးပေါ်တစ်နေရာ

 အယုဒ္ဓယမြို့ဝင်ခါနီး လမ်းမကြီး၏ လမ်းအပိုင်းအချို့ ရေဝင်မှုကြောင့် ပျက်စီးနေပုံ

 လမ်းမကြီးပေါ်ရေမရှိတော့ပေမယ့် လမ်းဘေးမှာ ရေတွေ အပြည့်

 အချို့နေရာများမှာ သဲအိတ်များ အကူအညီယူနေရဆဲ

သဲအိတ်တွေ တောင်ပုံရာပုံ

 ကားလမ်းလား၊ လယ်ကွင်းလား၊ ရေကန်လား ဘာမှ မကွဲပြားတော့ပါ

 အပင်ကြီးတွေ အသက်မသေပေမယ့် အပင်ငယ်များကတော့ ရေလွှမ်းမိုးမှုတွေကြောင့် ပျက်စီးနေပုံ

 အယုဒ္ဓယမြို့ဦးစေတီတော်

 မြို့ထဲဝင်လာတော့ လမ်းမကြီးကို သန့်ရှင်ရေးလုပ်ထားပြီး
လမ်းမအလယ်မှာတော့ အရင်လိုမလှနိုင်သေး

သန့်ရှင်းရေးလုပ်အားပေးလူငယ်တွေ တက်တက်ကြွကြွ

နောက်ဆက်တွဲ ပုံလေးတွေ တင်ပေးပါအုံးမယ်။ 

လေးစားစွာဖြင့်
ခရစ္စတလ်