သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, April 28, 2016

စဉ်းစားရင်း တွေးရင်း ...။




ဆောင်ရွက်စရာကိစ္စလေးတွေ များလွန်းနေတဲ့ ကာလမှာပဲ တကိုယ်တည်း တွေးနေမိတဲ့ အတွေးတွေ စိတ်ထဲ ထပ်ခါထပ်ခါ ပေါ်လာပါတယ်။ တချို့ အတွေးတွေက အများနဲ့ ဆိုင်တယ်၊ တချို့အတွေးတွေက ကိုယ်တစ်ယောက်တည်းနဲ့သာ ဆိုင်တယ်ဆိုပြီး ခွဲခြားလိုက်ပါတယ်။ အများနဲ့ဆိုင်တယ် အများကို ပြောသင့်ပြီလား၊ အချိန်အခါ စောင့်ကြည့်ပြီး ပြောသင့်တဲ့အချိန်လား ထပ်စဉ်းစားဖြစ်ပါတယ်။ ပြောတဲ့အခါ နားဝင်ဖို့ နားထောင်ကောင်းဖို့ အမြင်မမှားစေဖို့ ဂရုပြုရတဲ့ အကြောင်းတရားတွေလည်း ရှိတတ်ပါသေးတယ်။

တဆက်တည်း ကျမ ဘယ်လိုလိုပြောပြော ကျမအပေါ် နားလည်ပေးတဲ့ သူတွေကို တချိန်တည်း သတိရမိပါတယ်။ ဒါကတော့ ယုံကြည်မှုဆိုပါတော့...။ ကျမ ဘယ်လိုပြောပြော အကြောင်းတစ်ခုခုရှိရမယ်၊ ပြောရတဲ့ ရည်ရွယ်ချက်ကတော့ သူ့မှာ ရှိမှာပါ။ သူက ကောင်းစေချင်လို့ အမုန်းခံ ပြောနေတာဖြစ်မယ် ..အခုလိုနားလည်ပေးနေခြင်းတွေနဲ့ ယုံကြည်မှုတွေက တည်ဆောက်ဖို့လည်း မလွယ်ဘူးနော်။

အမေ .. အသက် ၇၀ကျော်ထဲ ရောက်လာပြီဖြစ်တဲ့ အမေတစ်ယောက် တခါတလေ သမီးဖြစ်သူဆီ ရင်ဖွင့်လေ့ရှိတယ်။ ဆေးများစွာနဲ့ အသက်ဆက်နေရပြီး အသက်ကြီးရင့်လာနေပြီဖြစ်တဲ့ အမေရဲ့ တချို့ အယူအဆလေးတွေက ကလေးတစ်ယောက်လို့ အပြစ်ကင်းတဲ့ လွဲမှားမှုလေးတွေရှိနေတတ်ပါတယ်။ ဥပမာ သူစေတနာနဲ့လုပ်တယ် ပြောတယ် သူ့ကို အထင်လွဲတယ်ဆိုတာမျိုး၊ သူမျှော်လင့်တာလေး ဖြစ်မလာတတ်တဲ့အခါတွေမျိးတွေမှာပေါ့၊ ကျမက ချော့တခါ ခြောက်တလှည့်နဲ့ အကျိုးအကြောင်း ပြောပြဖြစ်တဲ့ အခါတွေလည်းရှိပါတယ်၊ အမုန်းခံ ပြောရတာမျိုးတွေလည်း ရှိတယ်၊ ချော့ပြီး လေပြေလေးနဲ့ ပြောပြမိတာတွေရှိပါတယ်။ တခါတလေ ဆူမိတာတွေ ရှိလို့ ပြန်တောင်းပန်ရတာတွေလည်း ရှိတယ်။ အဲဒါတွေကတော့ အမေနဲ့ သမီးအကြား ဖြစ်တည်နေသော ယုံကြည်မှုပါပဲ။ ကျမ ဘယ်လိုပြောပြော အမေဆိုတာကတော့ သားသမီးကို မုန်းတတ်သူမျိုးမှ မဟုတ်ပဲနော်။

မောင်နှမတွေ .. အမျိုးထဲက မောင်နှမတွေထဲမှာ ကျမက အငယ်ဆုံးအဖြစ် လူ့လောကကြီးထဲ ရောက်လာခဲ့ပါတယ်။ အစ်ကိုတွေ အစ်မတွေ ချီပိုး ထမင်းခွံ့ စနောက်ကြနဲ့ အလိုလိုက်ပေးကြတာများပါတယ်။ သူတို့တွေရဲ့ ချစ်ခင်မှု ကိုယ့်အပေါ် စာနာမှု ယုံကြည်မှုတွေကို ကျမကလည်း ကောင်းကောင်းနားလည်ထားပါတယ်။ ဒါကြောင့်ပဲ သူတို့ကိစ္စတွေမှာ အမုန်းခံ ဝင်ပြောရတာတွေလည်း ရှိခဲ့တယ်၊ ဆိုးလိုက် ချွဲလိုက်နဲ့ နေခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် တစ်ဦးအပေါ် တစ်ဦးနားလည်ထားကြတယ် အခိုက်အတန့်တော့ အထင်လွဲတာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မိဘတွေဆီက ဆင်းသက်လာတဲ့ သွေးတွေ၊ ဘိုးဘွားတွေရဲ့ စီးဆင်းနေသော သွေးတွေဟာ ကျမတို့တွေရဲ့ ကိုယ်ခန္ဓာဆီမှာ စီးဆင်းနေတာဖြစ်လို့ ဘယ်လိုမုန်းမုန်း တနေ့ပြုံးနိုင်ကြပါတယ်။

ဘဝမှာ ကျမ ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ကျမက ပြောသော စကားများကို နားလည်တတ်သလို၊ မပြောဖြစ်သော စကားများကိုပါ နားလည်ပေးတတ်တဲ့ ကျမထက် ၆-လကြီးပြီး ဗုဒ္ဓဘာသာမဟုတ်တဲ့ မွတ်စလင်သူငယ်ချင်းမလေးဖြစ်ပါတယ်။ တခါတုန်းက ကျမကသာ ယောက်ျားဘဝရရင် သူမကို ယူမှာလို့ ပြောခဲ့မိဖူးတယ်။ ကျမမှာလည်း ဘာသာမတူတဲ့ သူတွေကို မနှစ်သက်တာ တချို့ရှိပါတယ်၊ ဒါပေမယ့် ကျမအချစ်ဆုံးသူငယ်ချင်းကို သတိရမိတိုင်း ကိုယ်နဲ့ အကြိုက်မတူ အမြင်မတူ အယူအဆ မတူတဲ့ ဘာသာခြားတိုင်း ဆိုးတယ်ဆိုတဲ့ အမြင်ကို ဖယ်ခွါနိုင်ခဲ့ပါတယ်။ သူ့ကြောင့်ပဲ အမုန်းတရားတချို့ကို သတိထားခဲ့နိုင်ပါတယ်။
ကျမရဲ့ သူငယ်ချင်းမလေးက အခုဖဘထဲမှာရှိနေပါတယ်။ အခုလည်း သူငြိမ်ငြိမ်လေး နားလည်ပေးနေတယ်ထင်ပါရဲ့ ...။

ဖဘကြီး .. ဒီကွန်ယက်ကြီးထဲမှာ နှစ်အတန်ကြာ အတူရှိနေတဲ့သူတွေက ကျမရဲ့ အကြောင်း အားလုံးမဟုတ်တောင် အတော်အသင့်တော့ သဘောပေါက်နားလည်နေကြလောက်ပါပြီ။ ကျမရေးနေတဲ့ စာတွေ ပြောင်းသွားတာ အမြင်တွေက စီးဆင်းသွားတဲ့ ကွန့်မန့်တွေ ပြောင်းသွားတာ၊ ကွန်ယက်ထဲက လူတွေကို ဆက်သွယ် ဆက်နွယ်မှုပုံစံပြောင်းခဲ့တာတွေကို နားလည်ပေးနေကြလို့သာ ဒီနေ့ ဒီအချိန်အထိ အတူရှိနေကြတာမဟုတ်လားနော်။

ကြီးကြီးကျယ်ကျယ်တွေ ပြောတာတော့ မဟုတ်ရပါဘူး၊ ဖဘကို အတန်ကြာပိတ်ပြီး ပြန်ဖွင့်သုံးတဲ့အခါ ရည်ရွယ်ချက်တစ်ခု သတ်သတ်မှတ်မှတ်ထားပြီး သုံးခဲ့ပါတယ်။ ကျမကိုယ် ကျမလည်း သတိနဲ့ သုံးမယ်၊ ကိုယ့်ကြောင့် တစ်ပါးသူ ထိခိုက်နစ်နာအောင် မသုံးမိဖို့ ဂရုစိုက်ရမယ်၊ ကိုယ်ရေးလိုက်တာ သူများမှာ အထင်လွဲနိုင်မလားဆိုတာ စဉ်းစားတတ်လာတယ်။ အထင်လွဲသွားရင်လည်း ကျမပြန်တောင်းပန်ပါတယ်။ တခါတလေ ကွန်မန့်တွေ အဖျက်ခံရတယ်၊ သူတော့ ကိုယ့်ကို အထင်လွဲသွားပြီ အဲ့အခါမျိုးတွေဆို ငြိမ်ငြိမ်လေး နေလိုက်ရတယ်၊ စိတ်ဆိုးနေချိန် သွားတောင်းပန်လည်း ရန်တွေ့လွတ်နိုင်တာဆိုတော့ ငြိမ်ငြိမ်လေး နားလည်ပေးနေမိတဲ့အချိန်တွေလည်း ရှိခဲ့ဖူးပါတယ်။

ထူးခြားတာက ဒီအကောင့်ထဲမှာလည်း တစ်ဦးနဲ့ တစ်ဦးမတည့်ကြဘူး ဒါပေမယ့် ကျမအကောင့်ထဲတော့ အတူရှိနေကြတာကိုလည်း သတိထားမိလာတယ်။ ကျမနဲ့ အမြင်မတူသူတွေ အယူအဆမတူတွေလည်း ရှိနေကြတယ်နော် ..ဒါပေမယ့် ကျမတို့အားလုံး ဇူကာဘတ်ရဲ့ သင်္ချာဘာသာရပ်ထဲက အစုကို အခြေခံတည်ဆောက်ထားတဲ့ လူမှုကွန်ယက်ဖဘထဲ နားလည်မှုတစ်ခု ယုံကြည်မှုတစ်ခုနဲ့ တစုတဝေးတည်း နေထိုင်ကြပါတယ်။

အဲဒီတော့ ကျမရေးတင်မယ့် ပိုစ့်တစ်ခုခုက ဖတ်မိတဲ့သူတစ်ဦးဦးကို စိတ်ထိခိုက်မိစေမယ်ဆိုရင် မရေးဖြစ်တာများပါတယ်။ အခုတော့ ကျမရေးချင်နေမိတဲ့ အကြောင်းတစ်ခုရှိနေတယ်၊ ဖတ်မိရင် ကျမကို မုန်းကြဖို့က ရာခိုင်နှုန်းများနေတယ်၊ ဒီတစ်ခါတော့ အမုန်းခံပြီး တစ်ဦးတစ်ယောက်လောက်ပဲ နားလည်ပြီး အကျိုးရှိမယ်ဆိုရင်လည်း ရေးချလိုက်တော့မယ် စိတ်ကူးမိနေတဲ့အကြောင်း ...။



ချစ်ခင်လေးစားစွာဖြင့်

ခရစ္စတလ်



စာကြွင်း

=====

ရေးမယ့်အကြောင်းကလေ ...

နိုင်ငံရေးလည်း မဟုတ်ဘူး၊ နိုင်ငံရေးအကြောင်းကို တစ်စုံတစ်ယောက်က ကူညီတောင်းလို့ အကောင့်ခွဲပြီး သီးခြားရေးပေးနေတယ်။ သိတဲ့လူလည်း ရှိကောင်းရှိမယ်။ သတိမထားမိတဲ့ သူတွေက ပိုများမယ် ...။

စီးပွါးရေးနဲ့ ပတ်သက်တာ အကောင့်အသစ်ဘက်မှာပဲ ရေးတော့မှာ ...။

ဘာသာရေးလား .. ကိုယ့်ဘာသာတောင် ကန်းနေသေးတာဆိုတော့ အမှန်တကယ်လမ်းကြောင်းမှန်နေသူတွေကိုသာ ပံ့ပိုးကူညီပါရမီဖြည့်ဖို့သာ အားသန်ပါတယ်။ ဒါဝါသနာလို့ ခေါ်မလား ...။

ပါစင်နယ်လား .. အို ဝေးပါသေးတယ်၊ ကမ္ဘာပေါ်မှာ ယုံကြည်ရဆုံး အမေ့ကိုတောင် ပြောတတ်သူမဟုတ်ဘူး ...။wink emoticon

Sunday, March 6, 2016

မေတ္တာကမ္ဘာ၏ စွမ်းဆောင်မှုအကြီးမားဆုံးသော တရား(၂) ပါး

၂၀၁၃-ခုနှစ် မြန်မာနိုင်ငံ ရန်ကုန်မြို့ ရှိ ရွှေဂုံတိုင်အထူးကုဆေးခန်း ဓမ္မသဘင်တွင်
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်ကြီးဟောကြားတော်မူအပ်သော
မေတ္တာကမ္ဘာ၏ စွမ်းဆောင်မှု အကြီးမားဆုံးသောတရား ၂-ပါးအကြောင်း တရားဒေသနာတော်



မေတ္တာဆိုတာ .. တစ်ကမ္ဘာလုံးအနှံ့ ထားရမှာဖြစ်လို့
မေတ္တာကမ္ဘာ
အားလုံးရဲ့ အကျိုးစီးပွါးကို လိုလားတဲ့စိတ်ဓာတ်၊
တနည်းအားဖြင့် ပြောရမယ်ဆိုရင် မိတ်ဆွေတို့ရဲ့ စိတ်ဓာတ်ကို မေတ္တာလို့ ခေါ်တာ ...။

မေတ္တာလို့ဆိုတဲ့ စကားလုံးနဲ့ မိတ်တဆိုတဲ့ စကားလုံးဟာ
မိတ်တဆိုတဲ့ စကားလုံးကနေ ဆင့်ပွါးပြီးတော့ မေတ္တာဆိုတဲ့ စကားလုံးဖြစ်ပေါ်လာတာ …။

မိတ်တဆိုတာ ချစ်ခင်သူလို့ အဓိပ္ဗါယ်ရတယ် ...။
မိတ်ဆွေဆိုတာ ခင်မင်ပြီးတော့ အကျိုးစီးပွါးကို လိုလားတဲ့ သူတွေကို မိတ်ဆွေလို့ခေါ်တာ။
အဲ့ဒီမိတ်ဆွေရဲ့ စိတ်ဓာတ်ကို မေတ္တာလို့ခေါ်တာပဲ။
အဲဒီမေတ္တာဟာ တစ်ကမ္ဘာလုံးအနှံ့  အကန့်အသတ်မရှိ ထားရမှာဖြစ်လို့ မေတ္တာကမ္ဘာ …
အလွန်ကျယ်ပြန့်တဲ့ မေတ္တာတရား။
အဲဒီမေတ္တာရှိသော်လည်းပဲ မေတ္တာကမ္ဘာကို တည်ဆောက်နိုင်ဖို့ဆိုတာ အရည်အချင်း ၂-ရပ် ပြည့်စုံဖို့ လိုအပ်တယ်ပေါ့။
မေတ္တာရှိတိုင်း စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟာ  သတ္တဝါတွေရဲ့ အကျိုးကို လိုလားတဲ့နေရာမှာ မေတ္တာတရားဆိုတာ ဘုရားကို မှီနိုင်လောက်တဲ့အတိုင်းအတာ ဘုရားကို မှီတဲ့ ပုဂ္ဂိုလ် မရှိဘူးပေါ့။ အားလုံးအပေါ်မှာ မေတ္တာထားနိုင်တယ် ..
ဘာဖြစ်လို့ မေတ္တာထားနိုင်တုန်းဆိုရင် မြတ်စွာဘုရားမှာ ဒေါသဆိုတဲ့ အမုန်းတရားဟာ ဝါသနာနဲ့ တကွ ပယ်ထားပြီးဖြစ်တဲ့အတွက်ကြောင့် အငွေ့အသက်လေးတောင် မကျန်အောင်၊
သန့်စင်တဲ့မေတ္တာတရားဟာ မြတ်စွာဘုရားမှာ  အပြည့်အဝရှိတယ်။
အားလုံးသော သတ္တာဝါတွေရဲ့ အပေါ်မှာ အကျိုးစီးပွါးကို လိုလားတဲ့စိတ်ဓာတ် အပြည့်အဝရှိတယ်။

ဘုန်းကြီးတို့တတွေမှာ မေတ္တာထားတယ်လို့ဆိုတာတောင် ကိုယ်နဲ့ အဆင်ပြေတဲ့ ပုဂ္ဂိုလ်ပေါ်သာ ထားနိုင်တာ၊ အဆင်မပြေတဲ့ ပုဂ္ဂိုလ်အပေါ်မှာဆိုရင် သက်ရောက်ဖို့ မေတ္တာဆိုတာ တော်တော်ခဲယဉ်းတယ်ပေါ့။
နောက်တစ်နည်းအားဖြင့် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်အကျိုးပြုနေတဲ့ ပုဂ္ဂိုလ်မျိုးတွေ အပေါ်မှာသာ ကိုယ့်ရဲ့ မေတ္တာရောက်ရှိပြီးတော့ ကိုယ်နဲ့ မသိဖာသာနေကြတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ မေတ္တာက ရောက်ချင်မှ ရောက်တယ်ပေါ့။

အဲတော့ ပုဂ္ဂိုလ်လေးမျိုးလုံးဆိုပါစို့ …။
- မိမိကိုယ်ပေါ်မှာရှိတဲ့ မေတ္တာစိတ်ဓာတ်
- ကိုယ်နဲ့ ချစ်ခင်တဲ့ ပုဂ္ဂိုလ် အပေါ်မှာ ရောက်ရှိတဲ့ မေတ္တာ စိတ်ဓာတ်
- သာမန် ပုဂ္ဂိုလ် ကိုယ်နဲ့ မသိတဲ့ သာမန်ပုဂ္ဂိုလ်တစ်ဦးအပေါ်မှာထားတဲ့ မေတ္တာစိတ်ဓာတ်
- ကိုယ်နဲ့ မတည့်တဲ့ ပုဂ္ဂိုလ် ကိုယ်ရဲ့  ရန်သူသဖွယ်ဆက်ဆံရတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာရောက်တဲ့မေတ္တာဆိုတာပေါ့။
ဒီမေတ္တာလေးမျိုးလုံး တန်းတူညီတူ ထားနိုင်ဖို့ဆိုတာ အင်မတန်ခဲယဉ်းတဲ့အရာတစ်ခုပေါ့ …။

ကိုယ့်အပေါ်မှာ ကိုယ့်ရဲ့ အကျိုးစီးပွါးကို လိုလားသလောက် ကိုယ့်ရဲ့ မိတ်ဆွေအပေါ်မှာ ထားနိုင်တဲ့ မေတ္တာဟာ ကိုယ်နဲ့ တန်းတူညီမျှဆိုတာ သာမန်ပုဂ္ဂိုလ်တွေ ထားနိုင်ဖို့ ခဲယဉ်းတယ်ပေါ့နော်။ နဲနဲလေး ကိုယ့်အပေါ်မှာတော့ သာကောင်းသာနေလိမ့်မယ်။

အဲတော့ မြတ်စွာဘုရားကျတော့ ဒီလိုမဟုတ်ဘူး။
မိမိနဲ့ ရင်းနှီးတဲ့ပုဂ္ဂိုလ်ပေါ်ထားတဲ့ မေတ္တာ၊ မိမိနဲ့ မသိတဲ့ပုဂ္ဂိုလ်ပေါ်ထားတဲ့ မေတ္တာ၊ မိမိအပေါ် ရန်လုပ်နေတဲ့ပုပုဂ္ဂိုလ်တွေအပေါ်ထားတဲ့ မေတ္တာဆိုတာ တသားတည်းပဲ တညီတည်းပဲ။ မေတ္တာဆိုတာ တသားတည်းပဲတညီတည်းပဲ ခွဲခြားလို့မရပါဘူး၊ မေတ္တာစိတ်ဓာတ်က တပြေးညီဖြစ်နေတယ်။ ဒါက စိတ်ဓာတ်ပိုင်းဆိုင်ရာ လေ့ကျင့်ထားသည့်အတွက်ကြောင့် မြတ်စွာဘုရားကျတော့ စိတ်ပိုင်းဆိုင်ရာ အညစ်အကြေးတွေ လုံးဝဖယ်ရှားနိုင်လို့ perfect ဖြစ်သွားပြီပေါ့။ မေတ္တာနဲ့ ပတ်သက်ရင် အစွန်းအငြိမရှိ။
ဘုန်းကြီးတို့တတွေရဲ့ မေတ္တာဟာ တစ်ဘက်စောင်းနင်းဖြစ်နေတတ်တယ်ပေါ့။
မြတ်စွာဘုရားရဲ့ မေတ္တာကျတော့  ကမ္ဘာမှာရှိကြတဲ့ သတ္တဝါတွေ အားလုံးအပေါ်မှာထားနိုင်တဲ့ မေတ္တာ၊  တပြေးညီထားနိုင်တဲ့ မေတ္တာဖြစ်လို့ မေတ္တာကမ္ဘာ။

အဲဒီမေတ္တာကမ္ဘာလိုမျိုး ဖေါ်ဆောင်နိုင်ဖို့ဆိုတာကျတော့ ကြီးမားတဲ့ အရည်အချင်း ၂-ရပ်ရှိဖို့လိုတယ်တဲ့။
အဲဒီအရည်အချင်း ၂-ရပ်က ဘာလဲလို့ဆိုရင် …
(၁) အသိပညာနဲ့
(၂) အကြင်နာတရားပဲဖြစ်တယ်ပေါ့။

ပါဋ္ဌိစကားလုံးနဲ့ ပြောတဲ့အခါ ပညာနဲ့ ကရုဏာ။ ပညာလည်းရှိရမယ်။ ကရုဏာလည်း ရှိရမယ်။
ပညာနဲ့ကရုဏာ နှစ်ဘက်အစုံရှိတဲ့ ပုဂ္ဂိုလ်ကသာလျှင် ခိုင်မာတဲ့ မေတ္တာကမ္ဘာကို တည်ဆောက်နိုင်မှာဖြစ်တယ်။ ကျန်တဲ့ ပုဂ္ဂိုလ်တွေဟာ ရင်ထဲနှလုံးထဲမှာ မေတ္တာဘယ်လောက်ရှိရှိ ကရုဏာပညာဘက်က ၂-ခု ထိန်းညှိထားနိုင်ခြင်း ဒီအရည်အချင်း ၂-ရပ်ပြည့်စုံအောင်မရှိဘူးဆိုရင် ဖေါ်ဆောင်တဲ့အခါမှာ အောင်မြင်ဖို့ အင်မတန်မှ ခက်ခဲတယ်။ လွဲချော်သွားနိုင်တယ်ပေါ့။

ဆိုပါစို့ မေတ္တာတော့ ရှိတယ် .. အားလုံးရဲ့ အကျိုးစီးပွါးကို လုပ်ချင်တယ်။ သာမန်အားဖြင့် ကြည့်မယ်ဆိုရင်အများကောင်းကျိုးတွေ ဆောင်ရွက်ပေးချင်တယ်၊ ပရဟိတလုပ်ငန်းတွေ လုပ်ချင်တယ်၊ လူမှုရေးတွေ လုပ်ပေးချင်တယ်။ အဲဒီလိုလုပ်ပေးချင်တဲ့အခါ ဒီလုပ်ငန်းကို ဖေါ်ဆောင်နိုင်တဲ့ အသိပညာ၊ သတ္တဝါတွေ အပေါ်မှာ အားလုံးအပေါ်မှာ ထားနိုင်တဲ့ အကြင်နာဆိုတဲ့ ကရုဏာ .. ဒီ၂-ခုရှိမှ အပြည့်အဝ ဖေါ်ဆောင်ပေးနိုင်တယ်။

ပညာတော့ ရှိပါရဲ့  ကရုဏာမရှိဘူးဆိုလို့ရှိရင် မိမိမေတ္တာဟာ တိမ်းစောင်းပြီးတော့ သွားနိုင်တယ်ပေါ့။
နောက်ဆုံးမှာ ပညာထက်လွန်းအားကြီးလာပြီးတော့ ကရုဏာတရားကင်းမဲ့လာတဲ့ ပုဂ္ဂိုလ်ဟာ ရက်စက်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်သွားတတ်သေးတယ်တဲ့။
ပညာရှိပေမယ်လို့ အကြင်နာတရားက ထိန်းကွပ်မပေးလို့ရှိရင် လမ်းချော်သွားနိုင်သေးတယ်ပေါ့။

ပညာတရားရှိမှ မိမိက မေတ္တာဘယ်လောက်ပဲရှိရှိ ပညာတရားရှိပြီဆိုရင် လုပ်သင့်တာ မလုပ်သင့်တာ ခွဲခြားသိတတ်တယ်။ လုပ်သင့်တာ မလုပ်သင့်တာ ခွဲခြားသိခြင်းအားဖြင့် မိမိရဲ့ မေတ္တာတည်ဆောက်တဲ့အခါ ဒီပညာကနေပြီးတော့ လုပ်သင့် မလုပ်သင့် ချင့်ချိန်နှိုင်းဆနိုင်ပြီး လုပ်သင့်တာကို လုပ်ပေးခြင်း၊ မလုပ်သင့်တာကို ရှောင်ရှားနိုင်ခြင်းအားဖြင့် မိမိရဲ့ မေတ္တာတရားဟာ စွမ်းဆောင်မှုတွေ ပြည့်လာတယ်လို့ ဒီလိုပြောရမယ်။

အဲတော့ ပညာတော့ ရှိပြီ ကရုဏာတရားမရှိဘူးဆိုရင် လုပ်သင့်တာ မလုပ်သင့်တာတော့ သိတယ်၊ သို့သော် တဘက်သားအပေါ်မှာ အကြင်နာတရားမရှိဘူးဆိုတဲ့အခါမှာ  လုပ်သင့်တာတော့ သိတယ် လုပ်မပေးဘူး။
မလုပ်သင့်မှန်းတော့ သိတယ် လုပ်လိုက်တယ်။
အကြင်နာမရှိသည့် အတွက်ကြောင့် …။
အဲဒီလို ပညာတော့ ရှိတယ် ကရုဏာမရှိဘူးဆိုရင်လည်း လမ်းလွဲသွားနိုင်တယ်။

မေတ္တာအခြေခံထားလို့ အကြင်နာတရားကတော့ အပြည့်အဝရှိပါတယ်၊ ကြင်နာတယ် သို့သော် လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားသိနိုင်တဲ့ ပညာအားနဲနေတဲ့အတွက်ကြောင့် ကောင်းတယ်ထင်ပြီး လုပ်ပေးလိုက်တယ် အဆိုးဖြစ်သွားတယ်၊ မကောင်းဘူးထင်ပြီး မလုပ်ပဲနေလိုက်တယ် အဆိုးဖြစ်သွားပြန်ရော။
ဆိုလိုတာကတော့ ပညာလည်းရှိရမယ် ကရုဏာလည်း ရှိရမယ်။ ဒီနှစ်ခုပြည့်စုံအောင်ရှိဖို့လိုတယ်လို့ဆိုတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ သတ္တဝါတွေ အပေါ်မှာ စွမ်းဆောင်မှုပေးတဲ့ ကြီးမားဆုံးသော အရည်အချင်း  ၂-ရပ်ဆိုတာ ကရုဏာနဲ့ပညာပဲဖြစ်တယ်တဲ့။

သတ္တဝါတွေရဲ့  ကောင်းကျိုးချမ်းသာ လိုလားပြီး အပင်ပန်းခံပြီး လုပ်ပေးနိုင်တာဟာ ကရုဏာကြောင့်၊
လုပ်တဲ့အခါမှာ မှန်ကန်တဲ့ လမ်းအတိုင်း လုပ်သင့်တာကို လုပ်တယ်။ ရှောင်သင့်တာကို ရှောင်တယ် ဒါကြတော့ ပညာရဲ့ အခန်းကဏ္ဍ။ ပညာနဲ့ ရွေးချယ်ပြီးတော့ ဆောင်သင့်တာနဲ့ ရှောင်သင့်တာ သိဖို့လိုအပ်တယ်ပေါ့။

ကိုယ့်ကျင့်သီလတောင် မြတ်စွာဘုရားက ၂-မျိုးခွဲပြီးတော့ ဟောတယ်။ စာရိတ္တသီလနဲ့ ဝါရိတ္တသီလတဲ့။
စာရိတ္တဆိုတာ ကျင့်သုံးရမယ့်တရား၊ ဝါရိတ္တဆိုတာ ရှောင်ရမယ့်တရား။ ဘယ်အရာပဲဖြစ်ဖြစ် ဆောင်ရန်နဲ့ ရှောင်ရန် ၂-ခုရှိနေတာပါပဲ။ အဲဒီနှစ်ခုကို မလွဲမှားအောင် ထိန်းချုပ်ပေးနိုင်တာ ပညာဆိုတဲ့ အရည်အချင်းပဲပေါ့။ ကရုဏာရှိပြီး ပညာမရှိရင် လွဲမှားတဲ့လမ်းစဉ်ကို ချမှတ်ပြီး လွဲမှားတဲ့ လမ်းကြောင်းကို လျှောက်ရင် ဒုက္ခရောက်တာပဲပေါ့။ ကရုဏာတော့ ရှိပါတယ် ပညာမပြည့်စုံဘူးဆိုရင် ချမှတ်တဲ့ လမ်းစဉ်ဟာ လွဲနိုင်တာပဲပေါ့။

ပညာတော့ ရှိတယ် ကရုဏာမရှိဘူးဆိုပြန်ရင်လည်း အကြင်နာတရား ထားရမယ့်နေရာမှာ မထားပဲနဲ့ စိတ်ရှည်ခြင်း သည်းခံခြင်းဆိုတာတွေ မရှိသည့်အတွက်ကြောင့်၊ ကရုဏာတရားကင်းမဲ့သည့် အတွက်ကြောင့် သူတဘက်သားအပေါ်မှာ အကျိုးဖြစ်ထွန်းမှုမရှိနိုင်ဘူးတဲ့။
ဒါကြောင့်မို့ ကရုဏာနဲ့ ပညာဟာ မေတ္တာကမ္ဘာမှာ အရေးအကြီးဆုံးတရား ၂-ခုဖြစ်တယ်ပေါ့။

လုပ်ငန်းသေးတာ ကြီးတာ အဓိက မဟုတ်ဘူး၊ မိမိတို့ အတိုင်းအတာအရ မိမိတို့ ဆောင်ရွက်တဲ့ လုပ်ကိုင်တဲ့ကိစ္စတွေမှာ လုပ်ကိုင်ဆောင်ရွက်တဲ့ အခါမှာ အကျိုးစီးပွါးကို လိုလားတယ်ဆိုတဲ့ မေတ္တာအရင်းခံပြီးတော့ ဒီလိုလုပ်တဲ့အခါမှာ လွဲမှားမှုမရှိအောင် ပညာဆိုတာ ထက်မြက်နေအောင် ဆည်းပူးအားထုတ်နေကြရတယ်။ စဉ်းစားကြရတယ်။ အသိပညာတွေ တိုးတက်နေအောင် လေ့လာနေကြရတယ်။ ပညာရှိမှ မိမိချမှတ်တဲ့ လမ်းစဉ်က မှန်ကန်တဲ့ လမ်းကြောင်းရောက်ရမယ်ပေါ့။
ကရုဏာတရားရှိမှ မိမိက သူတဘက်သားအပေါ်မှာ ကြင်နာစိတ်ရှည်သည်းခံခြင်းဆိုတာ ထားနိုင်မယ်ပေါ့။
ဒီသဘာဝတရားတွေနဲ့ မိမိရဲ့ မေတ္တာကို ဖေါ်ဆောင်နိုင်မှာဖြစ်တယ်ပေါ့။
လောကမှာ ကရုဏာနဲ့ ပညာ အပြည့်ဝဆုံး ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားသာလျှင်ဖြစ်တယ်ပေါ့။

တခြားပုဂ္ဂိုလ်တွေ အနေနဲ့ကတော့ မိမိတို့ လုပ်ကိုင်ဆောင်ရွက်ရမယ့်နေရာမှာ ကရုဏာနဲ့ ပညာ ထိန်းညှိပြီးတော့ လုပ်ကြရမှာဖြစ်တယ်။

ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်ကြီးဟောကြားတော်မူအပ်သော
မေတ္တာကမ္ဘာ၏ စွမ်းဆောင်မှုအကြီးမားဆုံးသော တရား(၂) ပါး တရားဒေသနာတော်ကို နာကြားပြီး ရေးသားမျှဝေလိုက်ပါတယ်။

တရားတော်ကို နာကြားပြီး မိမိတွင် ပညာအားသာလွန်ကာ ရက်စက်တတ်သူဖြစ်နေသလား၊

အဆင်ခြင်မဲ့သော ကရုဏာထားမိလေသလားဆိုတာကို

သတိတရားဖြင့် ဆင်ခြင်သုံးသပ်နိုင်ပြီး လမ်းကောင်းလမ်းမှန်များကို
ရွေးချယ်လျှောက်လှမ်းနိုင်ကြပါစေ …။



Sunday, February 14, 2016

မေတ္တာအကျဉ်းသား ~~~

မေတ္တာအကျဉ်းသား...။

တစ်ခုသော လမ်းမှာ လှမ်းလျှောက်လာရင်း ခပ်တိုးတိုး စကားလုံးတစ်ခု သူ့နှုတ်ဖျားမှ ရွတ်ကြည့်မိလေသည်။ နှလုံးသားထဲက ထွက်ကျလာတဲ့ စကားစုလေးကို ကိုယ့်နားထဲ ပြန်ကြားလိုသောကြောင့် ရွတ်မိခြင်းဖြစ်သည်။ ကြားမိသော ထိုစကားစုလေးကို နှလုံးသားထံ ပြန်စီးဝင်သွားသည့်အခါ သူ့နှုတ်ခမ်းထက် ကြည်မြသော အပြုံးတစ်ခု စွန်းထင်းသွားတော့သည်။

ကံကောင်းပါသည်၊ ထိုနေ့က ဘေးဝန်းကျင်လမ်းမထက် သူတစ်ဦးတည်းသာ လျှောက်လှမ်းနေခဲ့သည်မို့ ...။

~~~ မေတ္တာအကျဉ်းသား ~~~

မေတ္တာအကျဉ်းသားဆိုတဲ့ စကားစုအတွက် စာဖတ်သူမိတ်ဆွေလည်း ရုတ်တရက်ကြားမိလျှင် နားရှုပ်ဖွယ်ဖြစ်နိုင်ပါသည်။

မေတ္တာ၏ အေးမြသည့်သဘော ~~~
အကျဉ်းသား၏ ပိတ်လှောင်မှုဘောင် ~~~
ထိုအရာ ၂-ခု ပေါင်းစပ်လိုက်သောအခါ ...။

သူတစ်ပါးအလိုသို့ (သို့မဟုတ်) ကိုယ်မှတပါး အခြားသောသူ အားလုံးအတွက် လိုလားစွာ မိမိဘဝကို ကိုယ်တိုင် ဘောင်ခတ်အကျဉ်းစံလိုက်ခြင်းပင်ဖြစ်သည်။ ထိုထိုသော ဘောင်အတွင်း၌ ကျေနပ်စွာ ပေးဆပ်ခြင်းတွေ၊ မျှော်လင့်ခြင်းကင်းတဲ့ စေတနာတွေနဲ့ တစ်ပါးသူအကျိုးရှိစေဖို့ မိမိကိုယ်တိုင် အပ်နှင်းမည့် အေးမြသော မေတ္တာအဖြာဖြာတို့အပြင် ကျိုးနွံစွာဖြင့် သည်းခံခြင်းဆိုသော သတ္တိတို့နှင့် သတိမြဲစွာ နေထိုင်လေသည်။

ထင်ထင်ရှားရှား ထိုသို့သောသူမျိုးကို ညွှန်ပြပါဆိုလျှင် သိပ်မခဲယဉ်းလှပေ။
ဒီပင်္ကရာမြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဗျာဒိတ်စကားမိန့်ကြားခဲ့သော သုမေဓာရှင်ရသေ့ဖြစ်ပါသည်။
တစ်ဦးတည်း နိဗ္ဗာန်သောင်ကမ်းသို့ ဆိုက်ကပ်နိုင်သောအခြေအနေကို သွေဖယ်ပြီး
လောကသားတို့၏ ကောင်းကျိုးမှန်သမျှကို ဆောင်ရွက်လိုသော၊ ဆင်းရဲဒုက္ခမှန်သမျှမှ ကယ်တင်လိုသော၊ သတ္တဝါအများ၏ အကျိုးကို လိုလားသောမဟာကရုဏာနှင့် ပြင်းပြလှသောဆန္ဒ မေတ္တာစိတ်တို့သည် သုမေဓာရသေ့ကလေး၏ ဘဝသံသရာကို ကိုယ်တိုင်ဘောင်ခတ် ထုဆစ်ခဲ့ခြင်းဖြစ်ပါသည်။
တွေးမိတိုင်း ကြည်ညိုဖွယ်ကောင်းလှသော မေတ္တာများဖြစ်သည်။

ထိုသို့သော ကြီးမားသည့် မေတ္တာရှင်ကို ပံ့ပိုးကူညီပါရမီဖြည့်မည့် အမျိုးသမီးကလေး သုမိတ္တာသည် တောင်းဆုလေးတစ်ခုကြောင့် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကောက်ကောက်ပါအောင် ပါရမီတွေ ဖြည့်ပြီး ဘဝသံသရာကို ဝန်းရံဘောင်ခတ်ခဲ့သည်မှာ ထိုမေတ္တာကြောင့်ပင်မဟုတ်လား။

အများအတွက် တစ်ဦးတစ်ယောက်အတွက် စင်ကြယ်စွာ ထားနိုင်သော မေတ္တာရှင်များသည် သူတို့ဘဝကို ဘောင်ခတ် လိုလားစွာ အကျဉ်းကျစေတော့သည်၊ နှစ်လိုစွာ ကြည်နူးစွာ သိမ်မွေ့စွာ မေတ္တာအပ်နှင်းလိုကြသူများဖြစ်ကြပါသည်။
ခိုင်မြဲသော လေးနက်သော မေတ္တာတရားတို့သည် လောကဓံမုန်တိုင်းဒဏ်ကိုလည်း ခံကြရပါသည်။ လိုလားသောစိတ် သဒ္ဓါတွင် သတိဟူသော ပညာဖြင့် ထိန်းကြောင်းကြရင်း ဆင်းရဲခြင်းဟူသော ဒုက္ခမှန်သမျှကို သတ္တိရှိစွာ သည်းခံနိုင်ကြလေသည်။ ဘဝကို အနာခံရင်း ကျေနပ်ကြလေသည်။ အကျိုးကို ရည်မျှော်ရင်း အမောပြေကြလေသည်။ ပေးဆပ်ရင်း ပျော်ရွှင်ကြလေသည်။ ဝမ်းမြောက်ခြင်း ပီတိဖြင့်သာ ချမ်းသာကြရလေသည်။

မြတ်စွာဘုရားဆိုတာ သာမာန်လူတစ်ဦးအနေနဲ့ မြင်ကြည့်ဖို့ ခက်နေမယ်ဆိုရင် ယနေ့ခေတ်မှာလည်း ဥပမာပြစရာတွေလည်း ရှိနေပါသေးသည်။ ကိုယ့်ကိုယ်ကျိုးကို မငဲ့ အများအတွက်ရယ်လို့ ရည်စူး .. ကူညီစောင့်ရှောက်နေကြသူတွေရဲ့ ရင်ထဲက မေတ္တာကို လှမ်းမြင်နိုင်မယ်ဆိုရင် တွေးကြည့်ပေးနိုင်မယ်ဆိုရင် သူတို့ရဲ့ ရည်မှန်းချက်တွေ လုပ်ဆောင်ချက်တိုင်းအတွက် စာနာ နားလည် သဘောပေါက်နိုင်မှာဖြစ်ပါသည်။

ထိုမှတဆင့် သာသနာ့တာဝန်များကို ရွပ်ရွပ်ချွံချွံထမ်းရွက်ခဲ့ကြသော သာသနာ့ဝန်ထမ်း ဆရာတော်ကြီးများနှင့် ရဟန်းတော်များ၊ မိသားစုတွေထဲက မိသားစုအတွက် အပင်ပန်းခံ ရုန်းကန်ရှာဖွေပေးနေကြသော ဖခင်တို့၏ မေတ္တာများ၊ အိမ်ထောင်ကို ထိန်းသိမ်း မိမိဆန္ဒကို ဘေးချိတ် သားသမီးများအပေါ်ထားသော မိခင်တို့၏ မေတ္တာများ၊ မောင်ငယ် ညီမငယ်များကို စောင့်ရှောက်တတ်ကြသော အစ်ကိုကြီး အစ်မကြီးများ၏ မေတ္တာများ၊ မိသားစုကို ကူညီစောင့်ရှောက်တတ်သော မိသားစုဝင်များ၏ မေတ္တာများ၊ ထပ်ချဲ့ တွေးမယ်ဆိုရင် နိုင်ငံနှင့်လူမျိုးအတွက် စောင့်ရှောက်ခဲ့ကြလေသော မြန်မာနိုင်ငံ လွတ်လပ်ရေးဖခင်ကြီးနှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးများ၊ စစ်မြေပြင်နှင့် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားကြရှာသော စစ်သည်များနှင့် နိုင်ငံ့ဝန်ထမ်းများ၊ လတ်တလော အထင်ရှားဆုံးပုဂ္ဂိုလ်ကတော့ မြန်မာနိုင်ငံလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အစရှိသည့် ထိုထိုသော မေတ္တာရှင်များသည် သံသရာထဲက မေတ္တာအကျဉ်းသား သံသရာခရီးသွားများဖြစ်ကြပါသည်။

လောကမှာ ကိုယ့်အကျိုးကို ကွက်ကြည့်ပြီး အတ္တ၊ မာနထားတဲ့သူက မေတ္တာတရားကြီးမားသူတွေထက် ပိုများနေသောကြောင့် ဆင်းရဲခြင်းဒုက္ခတွေရဲ့ ရိုက်ခတ်ခြင်းဒဏ်ကို အများသတ္တဝါတို့သည် မလွဲမသွေ ခံစားနေကြရမှာဖြစ်ပါသည်။ ရှောင်လွဲမရသော အတိတ်ကံအကျိုးပေးတွေနှင့် ပစ္စုပ္ဗုန်ကို ရင်ဆိုင်ကြပြီး အနာဂတ်ကို တစ်ဖန်ပုံဖေါ်ထုဆစ်ရပြန်သည်။ သမုဒယနယ်ထဲနေထိုင်မိပြီမို့ ဒုက္ခသစ္စာဆိုတာ ပြေးမလွတ်ကြပါ။ ထိုအခါ မိမိစိတ်နှင့် မိမိပြန်အကျဉ်းကျလျက်ရှိသော မေတ္တာကြီးမားသူတို့၏ နှလုံးသွေးစက်တို့သည် တစိမ့်စိမ့်ဖြင့် တိတ်ဆိတ်စွာ ယိုစိမ့်ကြရပါသည်။

မေတ္တာအကြောင်းအရားများကို ပြောမယ်ဆိုလျှင် ချန်လှပ်ထားမရသော ချစ်ခြင်းမေတ္တာအကြောင်း ပြောကြည့်ကြပါစို့။ မေတ္တာကို အခြေခံသော ချစ်သူနှစ်ဦးတို့၏ ချစ်ခြင်းမေတ္တာများ၊ အိမ်ထောင်သည်တို့၏ ခိုင်မြဲသောမေတ္တာနှင့် ရိုးသားခြင်း သစ္စာတရားတို့သည်လည်း အဓိကအကြောင်းတစ်ရပ်အဖြစ် ပါဝင်နေပြန်ပါသည်။

ချစ်သူဘဝမှာ မသိသာလှသော လောကဓံမုန်တိုင်းတို့သည် ကံမွဲလှသူ လူသားတို့အပေါ် ဘက်မလိုက် ရိုက်ခတ်တတ်သောကြောင့် အိပ်ထောင်သည်ဘဝတွင် ဇနီးမောင်နှံတို့၏ ညီမျှသော နားလည်မှု၊ ငဲ့ညှာတတ်သော စာနာမှု၊ မာန်မာနကင်းသော ချစ်ခြင်းမေတ္တာဖြင့် ကျိုးနွံစွာ သတ္တိရှိရှိ သည်းခံခြင်းဖြင့် နှစ်ယောက်တစ်ဘဝ ကြိုးစားတည်ဆောက်ကြရပါသည်။ မေတ္တာ၏အားဖြင့် ဘဝကို မောင်းနှင်ကြရသည်။ သစ္စာကို အာဟာရပြု ၊ သည်းခံခြင်းတည်းဟူသော ကိုယ်ခံအားဖြင့် ဘဝသံသရာထဲ ရုန်းကန်ကူးခတ်နေကြလေသည်။

ထိုအခါ အထူးထူးသော မေတ္တာတရားများကို လေ့လာဆင်ခြင်မိရင်း တစ်ယောက်သောသူအပေါ် ထားမိသော မိမိမေတ္တာကို သုံးသပ်မိစဉ် .. ထိုအခိုက်အတန့်လေးဝယ် စိတ်ဝယ်တိုးတိုး ရေရွတ်မိသော စကားစုလေးတစ်ခု ဖြစ်ပေါ်လာလေသည်။

ကိုယ်ဟာ မေတ္တာနွံထဲ ခုန်ချမိတဲ့ မေတ္တာအကျဉ်းသားတစ်ဦးပါ ...။

ချစ်ခြင်း မုန်းခြင်း
အစွန်းလွတ်ပြီး
ခွင့်လွှတ်နားလည်ခြင်းတွေနဲ့ 
သူ့ဘဝကို ကိုယ်က ဖေးကူ
အေးမြပြီး ရောင်စဉ်မဲ့တဲ့
ကိုယ့်ရင်ထဲက
မေတ္တာဆိုတာ
သူ့ထံသို့သာ ထာဝစဉ်စီးဆင်းနေပြီး
ပျော်ရွှင်ချမ်းမြေ့စေတော့ရယ်လို့ ရည်စူး
မေတ္တာအကျဉ်းသား တစ်ယောက်ရဲ့ 
နှလုံးသားထက်ဝယ်
ချစ်ခြင်းမေတ္တာများက
တခမ်းတနားကို ရှိနေအုံးမှာပါ ...။



ခင်မင်စွာဖြင့်
ခရစ္စတလ်
(၁၄-၀၂-၂၀၁၆)