သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........
Showing posts with label Bliss. Show all posts
Showing posts with label Bliss. Show all posts

Sunday, March 6, 2016

မေတ္တာကမ္ဘာ၏ စွမ်းဆောင်မှုအကြီးမားဆုံးသော တရား(၂) ပါး

၂၀၁၃-ခုနှစ် မြန်မာနိုင်ငံ ရန်ကုန်မြို့ ရှိ ရွှေဂုံတိုင်အထူးကုဆေးခန်း ဓမ္မသဘင်တွင်
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်ကြီးဟောကြားတော်မူအပ်သော
မေတ္တာကမ္ဘာ၏ စွမ်းဆောင်မှု အကြီးမားဆုံးသောတရား ၂-ပါးအကြောင်း တရားဒေသနာတော်



မေတ္တာဆိုတာ .. တစ်ကမ္ဘာလုံးအနှံ့ ထားရမှာဖြစ်လို့
မေတ္တာကမ္ဘာ
အားလုံးရဲ့ အကျိုးစီးပွါးကို လိုလားတဲ့စိတ်ဓာတ်၊
တနည်းအားဖြင့် ပြောရမယ်ဆိုရင် မိတ်ဆွေတို့ရဲ့ စိတ်ဓာတ်ကို မေတ္တာလို့ ခေါ်တာ ...။

မေတ္တာလို့ဆိုတဲ့ စကားလုံးနဲ့ မိတ်တဆိုတဲ့ စကားလုံးဟာ
မိတ်တဆိုတဲ့ စကားလုံးကနေ ဆင့်ပွါးပြီးတော့ မေတ္တာဆိုတဲ့ စကားလုံးဖြစ်ပေါ်လာတာ …။

မိတ်တဆိုတာ ချစ်ခင်သူလို့ အဓိပ္ဗါယ်ရတယ် ...။
မိတ်ဆွေဆိုတာ ခင်မင်ပြီးတော့ အကျိုးစီးပွါးကို လိုလားတဲ့ သူတွေကို မိတ်ဆွေလို့ခေါ်တာ။
အဲ့ဒီမိတ်ဆွေရဲ့ စိတ်ဓာတ်ကို မေတ္တာလို့ခေါ်တာပဲ။
အဲဒီမေတ္တာဟာ တစ်ကမ္ဘာလုံးအနှံ့  အကန့်အသတ်မရှိ ထားရမှာဖြစ်လို့ မေတ္တာကမ္ဘာ …
အလွန်ကျယ်ပြန့်တဲ့ မေတ္တာတရား။
အဲဒီမေတ္တာရှိသော်လည်းပဲ မေတ္တာကမ္ဘာကို တည်ဆောက်နိုင်ဖို့ဆိုတာ အရည်အချင်း ၂-ရပ် ပြည့်စုံဖို့ လိုအပ်တယ်ပေါ့။
မေတ္တာရှိတိုင်း စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟာ  သတ္တဝါတွေရဲ့ အကျိုးကို လိုလားတဲ့နေရာမှာ မေတ္တာတရားဆိုတာ ဘုရားကို မှီနိုင်လောက်တဲ့အတိုင်းအတာ ဘုရားကို မှီတဲ့ ပုဂ္ဂိုလ် မရှိဘူးပေါ့။ အားလုံးအပေါ်မှာ မေတ္တာထားနိုင်တယ် ..
ဘာဖြစ်လို့ မေတ္တာထားနိုင်တုန်းဆိုရင် မြတ်စွာဘုရားမှာ ဒေါသဆိုတဲ့ အမုန်းတရားဟာ ဝါသနာနဲ့ တကွ ပယ်ထားပြီးဖြစ်တဲ့အတွက်ကြောင့် အငွေ့အသက်လေးတောင် မကျန်အောင်၊
သန့်စင်တဲ့မေတ္တာတရားဟာ မြတ်စွာဘုရားမှာ  အပြည့်အဝရှိတယ်။
အားလုံးသော သတ္တာဝါတွေရဲ့ အပေါ်မှာ အကျိုးစီးပွါးကို လိုလားတဲ့စိတ်ဓာတ် အပြည့်အဝရှိတယ်။

ဘုန်းကြီးတို့တတွေမှာ မေတ္တာထားတယ်လို့ဆိုတာတောင် ကိုယ်နဲ့ အဆင်ပြေတဲ့ ပုဂ္ဂိုလ်ပေါ်သာ ထားနိုင်တာ၊ အဆင်မပြေတဲ့ ပုဂ္ဂိုလ်အပေါ်မှာဆိုရင် သက်ရောက်ဖို့ မေတ္တာဆိုတာ တော်တော်ခဲယဉ်းတယ်ပေါ့။
နောက်တစ်နည်းအားဖြင့် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်အကျိုးပြုနေတဲ့ ပုဂ္ဂိုလ်မျိုးတွေ အပေါ်မှာသာ ကိုယ့်ရဲ့ မေတ္တာရောက်ရှိပြီးတော့ ကိုယ်နဲ့ မသိဖာသာနေကြတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ မေတ္တာက ရောက်ချင်မှ ရောက်တယ်ပေါ့။

အဲတော့ ပုဂ္ဂိုလ်လေးမျိုးလုံးဆိုပါစို့ …။
- မိမိကိုယ်ပေါ်မှာရှိတဲ့ မေတ္တာစိတ်ဓာတ်
- ကိုယ်နဲ့ ချစ်ခင်တဲ့ ပုဂ္ဂိုလ် အပေါ်မှာ ရောက်ရှိတဲ့ မေတ္တာ စိတ်ဓာတ်
- သာမန် ပုဂ္ဂိုလ် ကိုယ်နဲ့ မသိတဲ့ သာမန်ပုဂ္ဂိုလ်တစ်ဦးအပေါ်မှာထားတဲ့ မေတ္တာစိတ်ဓာတ်
- ကိုယ်နဲ့ မတည့်တဲ့ ပုဂ္ဂိုလ် ကိုယ်ရဲ့  ရန်သူသဖွယ်ဆက်ဆံရတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာရောက်တဲ့မေတ္တာဆိုတာပေါ့။
ဒီမေတ္တာလေးမျိုးလုံး တန်းတူညီတူ ထားနိုင်ဖို့ဆိုတာ အင်မတန်ခဲယဉ်းတဲ့အရာတစ်ခုပေါ့ …။

ကိုယ့်အပေါ်မှာ ကိုယ့်ရဲ့ အကျိုးစီးပွါးကို လိုလားသလောက် ကိုယ့်ရဲ့ မိတ်ဆွေအပေါ်မှာ ထားနိုင်တဲ့ မေတ္တာဟာ ကိုယ်နဲ့ တန်းတူညီမျှဆိုတာ သာမန်ပုဂ္ဂိုလ်တွေ ထားနိုင်ဖို့ ခဲယဉ်းတယ်ပေါ့နော်။ နဲနဲလေး ကိုယ့်အပေါ်မှာတော့ သာကောင်းသာနေလိမ့်မယ်။

အဲတော့ မြတ်စွာဘုရားကျတော့ ဒီလိုမဟုတ်ဘူး။
မိမိနဲ့ ရင်းနှီးတဲ့ပုဂ္ဂိုလ်ပေါ်ထားတဲ့ မေတ္တာ၊ မိမိနဲ့ မသိတဲ့ပုဂ္ဂိုလ်ပေါ်ထားတဲ့ မေတ္တာ၊ မိမိအပေါ် ရန်လုပ်နေတဲ့ပုပုဂ္ဂိုလ်တွေအပေါ်ထားတဲ့ မေတ္တာဆိုတာ တသားတည်းပဲ တညီတည်းပဲ။ မေတ္တာဆိုတာ တသားတည်းပဲတညီတည်းပဲ ခွဲခြားလို့မရပါဘူး၊ မေတ္တာစိတ်ဓာတ်က တပြေးညီဖြစ်နေတယ်။ ဒါက စိတ်ဓာတ်ပိုင်းဆိုင်ရာ လေ့ကျင့်ထားသည့်အတွက်ကြောင့် မြတ်စွာဘုရားကျတော့ စိတ်ပိုင်းဆိုင်ရာ အညစ်အကြေးတွေ လုံးဝဖယ်ရှားနိုင်လို့ perfect ဖြစ်သွားပြီပေါ့။ မေတ္တာနဲ့ ပတ်သက်ရင် အစွန်းအငြိမရှိ။
ဘုန်းကြီးတို့တတွေရဲ့ မေတ္တာဟာ တစ်ဘက်စောင်းနင်းဖြစ်နေတတ်တယ်ပေါ့။
မြတ်စွာဘုရားရဲ့ မေတ္တာကျတော့  ကမ္ဘာမှာရှိကြတဲ့ သတ္တဝါတွေ အားလုံးအပေါ်မှာထားနိုင်တဲ့ မေတ္တာ၊  တပြေးညီထားနိုင်တဲ့ မေတ္တာဖြစ်လို့ မေတ္တာကမ္ဘာ။

အဲဒီမေတ္တာကမ္ဘာလိုမျိုး ဖေါ်ဆောင်နိုင်ဖို့ဆိုတာကျတော့ ကြီးမားတဲ့ အရည်အချင်း ၂-ရပ်ရှိဖို့လိုတယ်တဲ့။
အဲဒီအရည်အချင်း ၂-ရပ်က ဘာလဲလို့ဆိုရင် …
(၁) အသိပညာနဲ့
(၂) အကြင်နာတရားပဲဖြစ်တယ်ပေါ့။

ပါဋ္ဌိစကားလုံးနဲ့ ပြောတဲ့အခါ ပညာနဲ့ ကရုဏာ။ ပညာလည်းရှိရမယ်။ ကရုဏာလည်း ရှိရမယ်။
ပညာနဲ့ကရုဏာ နှစ်ဘက်အစုံရှိတဲ့ ပုဂ္ဂိုလ်ကသာလျှင် ခိုင်မာတဲ့ မေတ္တာကမ္ဘာကို တည်ဆောက်နိုင်မှာဖြစ်တယ်။ ကျန်တဲ့ ပုဂ္ဂိုလ်တွေဟာ ရင်ထဲနှလုံးထဲမှာ မေတ္တာဘယ်လောက်ရှိရှိ ကရုဏာပညာဘက်က ၂-ခု ထိန်းညှိထားနိုင်ခြင်း ဒီအရည်အချင်း ၂-ရပ်ပြည့်စုံအောင်မရှိဘူးဆိုရင် ဖေါ်ဆောင်တဲ့အခါမှာ အောင်မြင်ဖို့ အင်မတန်မှ ခက်ခဲတယ်။ လွဲချော်သွားနိုင်တယ်ပေါ့။

ဆိုပါစို့ မေတ္တာတော့ ရှိတယ် .. အားလုံးရဲ့ အကျိုးစီးပွါးကို လုပ်ချင်တယ်။ သာမန်အားဖြင့် ကြည့်မယ်ဆိုရင်အများကောင်းကျိုးတွေ ဆောင်ရွက်ပေးချင်တယ်၊ ပရဟိတလုပ်ငန်းတွေ လုပ်ချင်တယ်၊ လူမှုရေးတွေ လုပ်ပေးချင်တယ်။ အဲဒီလိုလုပ်ပေးချင်တဲ့အခါ ဒီလုပ်ငန်းကို ဖေါ်ဆောင်နိုင်တဲ့ အသိပညာ၊ သတ္တဝါတွေ အပေါ်မှာ အားလုံးအပေါ်မှာ ထားနိုင်တဲ့ အကြင်နာဆိုတဲ့ ကရုဏာ .. ဒီ၂-ခုရှိမှ အပြည့်အဝ ဖေါ်ဆောင်ပေးနိုင်တယ်။

ပညာတော့ ရှိပါရဲ့  ကရုဏာမရှိဘူးဆိုလို့ရှိရင် မိမိမေတ္တာဟာ တိမ်းစောင်းပြီးတော့ သွားနိုင်တယ်ပေါ့။
နောက်ဆုံးမှာ ပညာထက်လွန်းအားကြီးလာပြီးတော့ ကရုဏာတရားကင်းမဲ့လာတဲ့ ပုဂ္ဂိုလ်ဟာ ရက်စက်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်သွားတတ်သေးတယ်တဲ့။
ပညာရှိပေမယ်လို့ အကြင်နာတရားက ထိန်းကွပ်မပေးလို့ရှိရင် လမ်းချော်သွားနိုင်သေးတယ်ပေါ့။

ပညာတရားရှိမှ မိမိက မေတ္တာဘယ်လောက်ပဲရှိရှိ ပညာတရားရှိပြီဆိုရင် လုပ်သင့်တာ မလုပ်သင့်တာ ခွဲခြားသိတတ်တယ်။ လုပ်သင့်တာ မလုပ်သင့်တာ ခွဲခြားသိခြင်းအားဖြင့် မိမိရဲ့ မေတ္တာတည်ဆောက်တဲ့အခါ ဒီပညာကနေပြီးတော့ လုပ်သင့် မလုပ်သင့် ချင့်ချိန်နှိုင်းဆနိုင်ပြီး လုပ်သင့်တာကို လုပ်ပေးခြင်း၊ မလုပ်သင့်တာကို ရှောင်ရှားနိုင်ခြင်းအားဖြင့် မိမိရဲ့ မေတ္တာတရားဟာ စွမ်းဆောင်မှုတွေ ပြည့်လာတယ်လို့ ဒီလိုပြောရမယ်။

အဲတော့ ပညာတော့ ရှိပြီ ကရုဏာတရားမရှိဘူးဆိုရင် လုပ်သင့်တာ မလုပ်သင့်တာတော့ သိတယ်၊ သို့သော် တဘက်သားအပေါ်မှာ အကြင်နာတရားမရှိဘူးဆိုတဲ့အခါမှာ  လုပ်သင့်တာတော့ သိတယ် လုပ်မပေးဘူး။
မလုပ်သင့်မှန်းတော့ သိတယ် လုပ်လိုက်တယ်။
အကြင်နာမရှိသည့် အတွက်ကြောင့် …။
အဲဒီလို ပညာတော့ ရှိတယ် ကရုဏာမရှိဘူးဆိုရင်လည်း လမ်းလွဲသွားနိုင်တယ်။

မေတ္တာအခြေခံထားလို့ အကြင်နာတရားကတော့ အပြည့်အဝရှိပါတယ်၊ ကြင်နာတယ် သို့သော် လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားသိနိုင်တဲ့ ပညာအားနဲနေတဲ့အတွက်ကြောင့် ကောင်းတယ်ထင်ပြီး လုပ်ပေးလိုက်တယ် အဆိုးဖြစ်သွားတယ်၊ မကောင်းဘူးထင်ပြီး မလုပ်ပဲနေလိုက်တယ် အဆိုးဖြစ်သွားပြန်ရော။
ဆိုလိုတာကတော့ ပညာလည်းရှိရမယ် ကရုဏာလည်း ရှိရမယ်။ ဒီနှစ်ခုပြည့်စုံအောင်ရှိဖို့လိုတယ်လို့ဆိုတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ သတ္တဝါတွေ အပေါ်မှာ စွမ်းဆောင်မှုပေးတဲ့ ကြီးမားဆုံးသော အရည်အချင်း  ၂-ရပ်ဆိုတာ ကရုဏာနဲ့ပညာပဲဖြစ်တယ်တဲ့။

သတ္တဝါတွေရဲ့  ကောင်းကျိုးချမ်းသာ လိုလားပြီး အပင်ပန်းခံပြီး လုပ်ပေးနိုင်တာဟာ ကရုဏာကြောင့်၊
လုပ်တဲ့အခါမှာ မှန်ကန်တဲ့ လမ်းအတိုင်း လုပ်သင့်တာကို လုပ်တယ်။ ရှောင်သင့်တာကို ရှောင်တယ် ဒါကြတော့ ပညာရဲ့ အခန်းကဏ္ဍ။ ပညာနဲ့ ရွေးချယ်ပြီးတော့ ဆောင်သင့်တာနဲ့ ရှောင်သင့်တာ သိဖို့လိုအပ်တယ်ပေါ့။

ကိုယ့်ကျင့်သီလတောင် မြတ်စွာဘုရားက ၂-မျိုးခွဲပြီးတော့ ဟောတယ်။ စာရိတ္တသီလနဲ့ ဝါရိတ္တသီလတဲ့။
စာရိတ္တဆိုတာ ကျင့်သုံးရမယ့်တရား၊ ဝါရိတ္တဆိုတာ ရှောင်ရမယ့်တရား။ ဘယ်အရာပဲဖြစ်ဖြစ် ဆောင်ရန်နဲ့ ရှောင်ရန် ၂-ခုရှိနေတာပါပဲ။ အဲဒီနှစ်ခုကို မလွဲမှားအောင် ထိန်းချုပ်ပေးနိုင်တာ ပညာဆိုတဲ့ အရည်အချင်းပဲပေါ့။ ကရုဏာရှိပြီး ပညာမရှိရင် လွဲမှားတဲ့လမ်းစဉ်ကို ချမှတ်ပြီး လွဲမှားတဲ့ လမ်းကြောင်းကို လျှောက်ရင် ဒုက္ခရောက်တာပဲပေါ့။ ကရုဏာတော့ ရှိပါတယ် ပညာမပြည့်စုံဘူးဆိုရင် ချမှတ်တဲ့ လမ်းစဉ်ဟာ လွဲနိုင်တာပဲပေါ့။

ပညာတော့ ရှိတယ် ကရုဏာမရှိဘူးဆိုပြန်ရင်လည်း အကြင်နာတရား ထားရမယ့်နေရာမှာ မထားပဲနဲ့ စိတ်ရှည်ခြင်း သည်းခံခြင်းဆိုတာတွေ မရှိသည့်အတွက်ကြောင့်၊ ကရုဏာတရားကင်းမဲ့သည့် အတွက်ကြောင့် သူတဘက်သားအပေါ်မှာ အကျိုးဖြစ်ထွန်းမှုမရှိနိုင်ဘူးတဲ့။
ဒါကြောင့်မို့ ကရုဏာနဲ့ ပညာဟာ မေတ္တာကမ္ဘာမှာ အရေးအကြီးဆုံးတရား ၂-ခုဖြစ်တယ်ပေါ့။

လုပ်ငန်းသေးတာ ကြီးတာ အဓိက မဟုတ်ဘူး၊ မိမိတို့ အတိုင်းအတာအရ မိမိတို့ ဆောင်ရွက်တဲ့ လုပ်ကိုင်တဲ့ကိစ္စတွေမှာ လုပ်ကိုင်ဆောင်ရွက်တဲ့ အခါမှာ အကျိုးစီးပွါးကို လိုလားတယ်ဆိုတဲ့ မေတ္တာအရင်းခံပြီးတော့ ဒီလိုလုပ်တဲ့အခါမှာ လွဲမှားမှုမရှိအောင် ပညာဆိုတာ ထက်မြက်နေအောင် ဆည်းပူးအားထုတ်နေကြရတယ်။ စဉ်းစားကြရတယ်။ အသိပညာတွေ တိုးတက်နေအောင် လေ့လာနေကြရတယ်။ ပညာရှိမှ မိမိချမှတ်တဲ့ လမ်းစဉ်က မှန်ကန်တဲ့ လမ်းကြောင်းရောက်ရမယ်ပေါ့။
ကရုဏာတရားရှိမှ မိမိက သူတဘက်သားအပေါ်မှာ ကြင်နာစိတ်ရှည်သည်းခံခြင်းဆိုတာ ထားနိုင်မယ်ပေါ့။
ဒီသဘာဝတရားတွေနဲ့ မိမိရဲ့ မေတ္တာကို ဖေါ်ဆောင်နိုင်မှာဖြစ်တယ်ပေါ့။
လောကမှာ ကရုဏာနဲ့ ပညာ အပြည့်ဝဆုံး ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားသာလျှင်ဖြစ်တယ်ပေါ့။

တခြားပုဂ္ဂိုလ်တွေ အနေနဲ့ကတော့ မိမိတို့ လုပ်ကိုင်ဆောင်ရွက်ရမယ့်နေရာမှာ ကရုဏာနဲ့ ပညာ ထိန်းညှိပြီးတော့ လုပ်ကြရမှာဖြစ်တယ်။

ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်ကြီးဟောကြားတော်မူအပ်သော
မေတ္တာကမ္ဘာ၏ စွမ်းဆောင်မှုအကြီးမားဆုံးသော တရား(၂) ပါး တရားဒေသနာတော်ကို နာကြားပြီး ရေးသားမျှဝေလိုက်ပါတယ်။

တရားတော်ကို နာကြားပြီး မိမိတွင် ပညာအားသာလွန်ကာ ရက်စက်တတ်သူဖြစ်နေသလား၊

အဆင်ခြင်မဲ့သော ကရုဏာထားမိလေသလားဆိုတာကို

သတိတရားဖြင့် ဆင်ခြင်သုံးသပ်နိုင်ပြီး လမ်းကောင်းလမ်းမှန်များကို
ရွေးချယ်လျှောက်လှမ်းနိုင်ကြပါစေ …။



Thursday, October 4, 2012

သင် အားသန်ရာကို သိပါလေစ ...။


အခုရေးမယ့်အကြောင်းအရာက ဘာသာရေးအကြောင်းတော့ မဟုတ်ပါဘူး။ အခုတလော အင်တာနက်ပေါ်မှာနှင့် တခြားနေရာတော်တော်များများမှာ သတိထားမိတာလေးကို အရင်ကသိထားဖူးတဲ့ အကြောင်းအရာတွေနှင့် ပေါင်းပြီး ပြောပြချင်လို့ပါ။ တချို့ လည်း အခုပြောမယ့်ကိစ္စကို သိပြီးသား ဖြစ်ချင်ဖြစ်နေမှာပါ။ မသိသေးတဲ့သူတွေအတွက်တော့ Knowledge Share သဘောမျိုး လုပ်လိုက်ပါတယ်။ သိထားပြီးသား ပုဂ္ဂိုလ်များကလည်း အခုအကြောင်းအရာကို မိမိတို့မြင်တဲ့ရှုထောင့်အသီးသီးကနေ ၀ိုင်းပြီး ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။ ဒါမှ ကျွန်တော်ရော၊ စာလာဖတ်ကြတဲ့သူတွေအားလုံးရော အသိပညာဗဟုသုတတွေ ရှေးကထက်တိုးပြီး စုဆောင်းမိသွားနိုင်မှာ မို့လို့ပါ။

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်နီးပါးက ဖြစ်မယ်ထင်ပါတယ်။ စာရေးဆရာမ ဂျူးရဲ့  ၀တ္ထုတိုလေး နှစ်ပုဒ်ကို ထူးအိမ်သင်နှင့် ဟေမာနေ၀င်းတို့က အသံထွက်ဖတ်ပြီး အခွေထုတ်ခဲ့ပါတယ်။ အခုတောင် အွန်လိုင်းမှာ သူတို့ အသံဖိုင်တွေ ရှိနေပါတယ်။ အဲဒီတုန်းကတော့ ဆရာမဂျူးတစ်ယောက် အစမ်းထွင်တယ်လို့ စိတ်ထဲက ထင်မိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ဆူနာမီဆရာတော်ဦးဥတ္တမသာရက သူ့ရဲ့  “အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ” ဆိုတဲ့ တရားဖြန့်ချိရေးဌာနမှာ ဆရာကြီးရွှေဥဒေါင်းရဲ့ ဆောင်းပါးတွေကို သူကိုယ်တိုင် အသံဖိုင်ပြန်ပြောင်းပြီး စီဒီခွေလုပ်ပါတယ်။ အဲဒီတုန်းက နိုင်ငံခြားရောက်နေတဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က အဲဒီအခွေလိုချင်ပါတယ်ပြောတော့ ကျွန်တော်က သူ့ကိုတောင် ဘာလို့ သူများအသံကြီးနှင့် နားထောင်နေမှာလဲ။ စာအုပ်ပဲဖတ်ပေါ့ လို့ အတွန့်တက်ခဲ့ဖူးပါသေးတယ်။

အခုဒီဘက်နှစ်တွေမှာ ဆောင်းပါး၊ ၀တ္ထု၊ ကဗျာနှင့် တရားစာပေတွေကို စာနှင့်ရိုက်ထားတဲ့ပုံစံအဖြစ်ကနေ အသံပုံစံအဖြစ်ပြောင်းတာမျိုး အထူးတလည် လုပ်လာတာ တွေ့နေရပါတယ်။ တချို့ ကလည်း အသံပုံစံကနေ စာပုံစံကို ပြန်ပြောင်းကြပါတယ်။ ဟိုတလောကလည်း မျက်မမြင်တွေအတွက် စာအုပ်တွေကို အသံဖိုင်အဖြစ်နှင့် ပုံစံပြောင်းပြီး အလှူခံကြတာ၊ လှူကြတာ  ကျွန်တော့်ပတ်ဝန်းကျင်မှာတွေ့လာရတယ်။ သူတို့တွေလို မျက်စိမမြင်ရတဲ့သူတွေအတွက်တော့ ဒီလို စာတွေကို အသံအဖြစ် ပြောင်းပေးတဲ့ကိစ္စက တကယ့်ကို ရှိသင့်တဲ့ လိုအပ်ချက်ဖြည့်ဆည်းမှုတစ်ခုပါဘဲ။ ဒီတော့ မျက်စိလည်းကောင်း၊ စာလည်းဖတ်တတ်ကြတဲ့ သူတွေအတွက်ရော ဒီအသံပုံစံစနစ်ကို ပြောင်းတဲ့ကိစ္စက တကယ်လိုအပ်ပါသလား?

Peter Drucker ရဲ့  Management Challenges For the 21st Century ဆိုတဲ့ စာအုပ်ထဲကနေ အခုမေးခွန်းနှင့် ပတ်သက်ပြီး ဆရာကြီး သုတေသနပြုပြီး လေ့လာတွေ့ရှိထားတာ အချို့ ကို  ပြန်လည်ပြီး ပြောပြချင်ပါတယ်။

Drucker က လူတစ်ယောက်အနေနှင့် မိမိဟာ စာဖတ်သမား (Reader) လား၊ နားထောင်သမား (Listener) လားဆိုတာ ကိုယ့်ဖာသာသိဖို့လိုပါတယ်တဲ့။ တချို့ ကတော့ နှစ်မျိုးလုံးလည်း ဖြစ်နိုင်ပါတယ်တဲ့။ လူတွေတော်တော်များများ ဒါကို သတိမထားမိကြပါဘူး။ Drucker က နိုင်ငံရေးခေါင်းဆောင်တွေ၊ အနုပညာရှင်တွေနှင့် အောင်မြင်တဲ့စီးပွားရေးသမားတွေကို သုတေသနလုပ်ပြီး ဒီကိစ္စကို ရှင်းပြထားပါတယ်။


 တချို့ နိုင်င်ငံရေးခေါင်းဆောင်တွေဟာ သတင်းစာရှင်းလင်းပွဲလိုမျိုးတွေလုပ်တဲ့အခါမှာ ပရိတ်သတ်တွေဘက်ကနေ စာနှင့်ရေးပြီး မေးလာတဲ့ မေးခွန်းမျိုးဆိုရင် ကျေနပ်အားရလောက်အောင် ထိထိမိမိ ပြန်လည်ဖြေဆိုနိုင်ကြပေမယ့်  လူချင်းတိုက်ရိုက်တစ်ဦးချင်းဆုံပြီး မေးလာတဲ့အခါတွေမှာတော့ အိုးနင်းခွက်နင်း ဖြစ်တတ်ကြပါတယ်။ တချို့ ခေါင်းဆောင်တွေကျတော့ စာနှင့်ရေးသားတင်ပြလာတဲ့ အကြောင်းအရာတွေကို ကိုယ်တိုင်ဖတ်တဲ့အခါ လွယ်လွယ်နှင့် သဘောမပေါက်လို့ အဲဒီစာတွေကို ကိုယ်ရေးအရာရှိတစ်ယောက်ယောက်ကို အသံကျယ်ကျယ်နှင့်ဖတ်ခိုင်းတာမျိုးဖြစ်ဖြစ်၊ ဒါမှမဟုတ် Presentation လုပ်ခိုင်းတာမျိုးဖြစ်ဖြစ် လုပ်ပြီး နားထောင်မှသာ သဘောပေါက်ပါတယ်တဲ့။



ဒီ Reader နှင့် Listener ကွဲတာဟာ ဘယ်သန်နှင့် ညာသန်ကွဲတဲ့ပုံစံမျိုးလိုပါဘဲ။ လူဆယ်ယောက်မှာ တစ်ယောက်က ဘယ်သန်ဖြစ်တတ်ကြပြီး၊ Reader နှင့် Listener မှာကတော့ တစ်ဝက်စီလောက် ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ မဖွံ့ ဖြိုးသေးတဲ့တိုင်းပြည်အချို့ မှာ ဘယ်သန်တွေကို နှိမ်တာတွေ၊ ညာဘက်ကို အတင်းအသုံးပြုခိုင်းတာမျိုးတွေလုပ်ကြတော့ တချို့ လည်း အဆင်ပြေသွားကြပေမယ့် တချို့ တွေမှာ ခါးသီးတဲ့အတွေ့အကြုံတွေကို ခံစားကြရပါတယ်။ Reader နှင့် Listener တွေကိုလည်း တစ်ခုခုကိုအားသန်အောင် အတင်းမလုပ်ယူပဲ သန်တဲ့အတိုင်းပဲ ထားရှိဖို့ Drucker ကတိုက်တွန်းထားပါတယ်။

ဒါနှင့် ပတ်သက်ပြီး ကျွန်တော်ငယ်ငယ်ကဖြစ်ခဲ့တဲ့ ကိုယ်ပိုင်အတွေ့အကြုံလေးကိုလည်း ပြောပြချင်ပါသေးတယ်။ ကျွန်တော်က မွေးရာပါ ဘယ်သန်တစ်ယောက်ပါ။ သူငယ်တန်းစတက်တုန်းက အတန်းပိုင်ဆရာမကြီးက ကျွန်တော့်ကို အတင်း ညာဘက်လက်နှင့်စာရေးခိုင်းပါတယ်။ သူငယ်တန်းမတက်ခင်ကတည်းက အမေက ကျွန်တော့်ကို စာရေးတတ်အောင် သင်ထားပြီးသားမို့ တကယ်က ကျွန်တော် ဘယ်လက်နှင့်ကောင်းကောင်းစာရေးတတ်နေပါပြီ။ ဆရာမက ညာလက်နှင့် အတင်းရေးခိုင်းတော့ ကျွန်တော်ဒုက္ခရောက်ရပါတော့တယ်။ ဆရာမအလစ်ဆိုရင် ကျွန်တော်က ဘယ်လက်နှင့်ခိုးခိုးရေးပြီး ဆရာမရှေ့ ဆိုရင် ညာလက်နှင့် ရေးပါတယ်။ အဲဒီအချိန်တုန်းက တော်တော်လေး စိတ်ညစ်ခဲ့ရပါတယ်။ ကံကောင်းချင်တော့ ကျွန်တော် သူငယ်တန်းစတက်ပြီး နှစ်လ၊ သုံးလလောက်ရောက်တော့ အဲဒီဆရာမကြီး ပင်စင်ယူသွားပါတော့တယ်။ နောက်ရောက်လာတဲ့ ဆရာမအသစ်ကတော့ လူငယ်ဆရာမတစ်ယောက်မို့ ခေတ်အမြင်ရှိပြီး ကျွန်တော့်ကို ဘယ်လက်နှင့်ဘဲ ဆက်ရေးစေခဲ့ပါတယ်။ နောက် ဘယ်လက်ကိုသုံးတာနှင့်ပတ်သက်ပြီး မြန်မာ့ဓလေ့လူမှုပတ်ဝန်းကျင်မှာ နှိမ့်ချတဲ့အယူအဆတော်တော်များများ ရှိနေသေးတာ အခုအချိန်အထိ တွေ့နေရပါသေးတယ်။ ဘာလို့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ လက်ချင်းအတူတူ အဆင့်အတန်းခွဲနေတယ်ဆိုတာတော့ မပြောတတ်ပါဘူးခင်ဗျာ။

Reader နှင့် Listener ကွဲတာနှင့် ဆက်နွှယ်ပြီး လူတွေ တစ်ယောက်နှင့် တစ်ယောက် လေ့လာသင်ယူမှု (Learning) လုပ်ပုံ မတူညီကြတာကိုလည်း သိထားဖို့လိုပါသေးတယ်။ ကျောင်းတွေမှာက လူတိုင်းအတွက် သင်ကြားမှုပုံစံကို တစ်မျိုးတည်းဘဲ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် တချို့ လူတွေမှာတော့ ကျောင်းတွေက သတ်မှတ်ကျင့်သုံးနေတဲ့ သင်ကြားလေ့ကျင့်မှုပုံစံနှင့် အံမ၀င်တာမျိုးတွေရှိတတ်ပါတယ်။ ဥပမာ ၀င်စတန်ချာချီဟာ ကျောင်းပညာရေးမှာ အောင်အောင်မြင်မြင် မသင်ယူနိုင်ခဲ့ပါဘူး။ ကျောင်းတက်နေရတာဟာ အနှိပ်စက်ခံနေရသလိုမျိုးဖြစ်နေခဲ့တယ်လို့ ပြောပါတယ်။ တကယ်တမ်း သူဖြစ်တဲ့ပြဿနာကတော့ နားထောင်တာရယ်၊ စာဖတ်တာရယ်ကနေ သူ့အနေနှင့် ပညာသင်ယူလို့မရတဲ့ အခက်အခဲဖြစ်တာပါ။ သူနှင့် အဆင်ပြေတဲ့ သင်ယူနည်းစနစ်ကတော့ စာရေးခြင်း (Writing) ဖြစ်နေတာပါတဲ့။



Drucker ရဲ့ လေ့လာတွေ့ရှိချက်အရတော့ ဒိတ်ဒိတ်ကြဲ စာရေးဆရာအချို့ ဟာ စာရေးတာကနေ သင်ယူမှုကိုလုပ်ကြတယ်လို့ ပြောပါတယ်။ နောက် General Motor ကုမ္ပဏီက Alfred Sloan ကျတော့ အစည်းအဝေးတစ်ခုပြီးတိုင်း အစည်းအဝေးမှာ တက်ရောက်ခဲ့တဲ့ လူတစ်ယောက်ဆီကို အစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့အဓိကအကြောင်းအရာတွေနှင့်ပတ်သက်တဲ့ စာအရှည်ကြီးတစ်စောင် အချိန် သုံးလေးနာရီယူပြီးရေးပါတယ်တဲ့။ ဘာလို့အဲဒီလိုရေးလဲဆိုတော့ သူဒီလိုမှ စာမရေးလိုက်ရင် ဒီအစည်းအဝေးမှာ ၀ိုင်းပြီးဆွေးနွေးခဲ့ကြတာတွေကို ၂၄နာရီအတွင်း မေ့သွားတတ်လို့ပါလို့ပြောပါတယ်။ ဂီတပညာရှင် Beethoven ကျတော့ သူ သီချင်းစပ်တဲ့အခါတွေမှာ ခေါင်းထဲပေါ်လာတဲ့ သံစဉ်တွေကို စာအုပ်တစ်အုပ်ပေါ်မှာ ချက်ချင်းချရေးလိုက်တတ်ပေမယ့် အဲဒီစာအုပ်ကို နောက်တစ်ခါ ဘယ်တော့မှ ပြန်ကြည့်လေ့မရှိပါဘူးတဲ့။ အဲဒီလိုမှ စာအုပ်ထဲမှာ ချမရေးရရင်လည်း သူက အဲဒီသူ့သီချင်းကို မမှတ်မိတတ်ပြန်ပါဘူး။



သင်ယူမှုပုံစံနောက်တစ်မျိုးကတော့ စကားပြောခြင်း (Talking) ကနေသင်ယူတာပါတဲ့။ အဲဒီပုံစံမှာတော့ တချို့ အလုပ်တွေမှာ အဆင့်မြင့်တာဝန်ထမ်းဆောင်နေရတဲ့ပုဂ္ဂိုလ်တွေဟာ သူ့အောက်ခြေက အရာရှိတွေနှင့် ၀န်ထမ်းတွေကိုခေါ်ပြီး အချိန်အကြာကြီး စကားပြောတတ်ပါတယ်။ တကယ်က သူဟာ အောက်ခြေ၀န်ထမ်းတွေကို တကယ်စကားပြောချင်လို့ ပြောနေတာမဟုတ်ပဲ သူ့အလုပ်နှင့်ပတ်သက်တာတွေကို တခြားသူတွေကို ပြောပြပြီး နားထောင်ခိုင်းတဲ့နည်းနှင့် သူ့ဖာသာ လေ့လာသင်ယူမှုလုပ်နေခြင်းသာဖြစ်ပါတယ်။ ဒီလိုပုံစံမျိုးနှင့် လေ့လာသင်ယူမှုကို အောင်မြင်နေကြတဲ့ ရှေ့ နေတွေနှင့် ရောဂါရှာဖွေတဲ့
ဆေးပညာရှင်တွေလည်း  လုပ်တတ်တယ်လို့ ဆိုပါတယ်။

အောင်မြင်တဲ့ စာတမ်းတွေကို ရေးနေကြတဲ့ တချို့ တက္ကသိုလ်ပါမောက္ခတွေကျတော့ သူတို့စာသင်နေတဲ့အချိန်မှာ သူတို့အသံကို သူတို့ပြန်နားထောင်ရင်းကနေ အဲဒီကနေ စာတမ်းရေးဖို့အတွက် အထောက်အကူပြန်ဖြစ်တယ်လို့ ပြောထားတာတွေ့ရပါတယ်။ Drucker ကတော့ လူတွေ လုပ်လေ့လုပ်ထရှိတဲ့ သင်ယူပုံသင်ယူနည်း ဒါဇင်ဝက်လောက်ရှိမယ်လို့ ခန့်မှန်းတွက်ပြထားပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဘယ်လိုသင်ယူနည်းကို အားသန်လဲဆိုတာကို ကိုယ်တိုင်စီစစ်ပြီး အားသန်ရာအတိုင်းလေ့လာသင်ယူကြဖို့ သူကတိုက်တွန်းထားပါတယ်။

Peter Drucker ရဲ့  ဒီစာကိုဖတ်ပြီးသွားတော့မှ နာမည်ကျော်ပုဂ္ဂိုလ်တွေ တချို့ ကျောင်းစာမှာ ညံ့ဖျင်းကြတယ်ဆိုတာမျိုး၊ တချို့ တက္ကသိုလ်ပညာကို ပြီးအောင်ဆက်မတက်တော့ပဲ ကျောင်းထွက်လိုက်တာမျိုးတွေ ဖတ်ရတုန်းက သူတို့ကို Genius တွေမို့လို့ ဒီလိုမျိုး ဖြစ်ကြတာလို့ တွေးထင်မိခဲ့ဖူးရာကနေ၊ အခုတော့ သူတို့တွေဟာ သူတို့အတွက် ဘယ်လိုသင်ယူမှုပုံစံနှင့် လိုအပ်တဲ့ပညာကိုဆည်းပူးတာက အဆင်ပြေမယ်မှန်း ကိုယ့်ဖာသာ သဘောပေါက်သွားကြလို့ ဒီလိုမျိုး လုပ်လိုက်ကြတာဖြစ်မယ်လို့ မှန်းဆမိလာပါတယ်။ အထူးသဖြင့်တော့ သူများကို ပညာသင်ကြားပို့ချပေးနေရတဲ့ ဆရာတွေအနေနှင့်လည်း မိမိတပည့်တွေ စာမလိုက်နိုင်တာမျိုး တွေ့ရရင် သူတို့ညံ့ဖျင်းမှု၊ မိမိသင်ကြားတာညံ့ဖျင်းမှုကြောင့်လို့ တရားသေမတွက်ပဲ သင်ကြားမှုနှင့် သူတို့ရဲ့ သင်ယူလိုမှုပုံစံ အံမ၀င်လို့များ သူတို့ မလိုက်နိုင်ကြတာလားဆိုတာကို ထည့်စဉ်းစားပေးသင့်တယ်လို့လည်း တွေးမိပါတယ်။

ကျွန်တော်ကိုယ်တိုင် အွန်လိုင်းပေါ်မှာ တရားနှင့်ပတ်သက်တဲ့ စာတွေရေး၊ သူများရေးတဲ့စာတွေ၊ တရားတော်တွေ မျှဝေတာလုပ်တော့လည်း သတိထားမိလာပါတယ်။ တချို့ တွေ စာဖတ်တာကို အားမသန်ကြပါဘူး။ စာကို ဖတ်လိုက်ပေမယ့်လို့ စာရဲ့ ဆိုလိုရင်းကို သဘောမပေါက်တာတွေ့ရပါတယ်။ တချို့ လူတွေကို တရားခွေတွေ ပေးနားထောင်ခိုင်းတဲ့အခါမှာလည်း အဲဒီအတိုင်းပါဘဲ။ တချို့ တွေ နားထောင်တာမှာ အားမသန်တာကို တွေ့ရပါတယ်။ ဒီတော့ အကြောင်းမသိရင် ဒီလူတွေကဘဲ ပါရမီဓါတ်ခံနည်းနေသလိုလို၊ အကုသိုလ်ဓါတ်ခံများနေသလိုလို ထင်မှတ်စရာဖြစ်နေပါတယ်။ တကယ်ဖြစ်နိုင်ချေရှိတာကတော့ သင်ယူမှုပုံစံလွဲနေတာဘဲ ဖြစ်ဖို့ရှိပါတယ်။ ဒီတော့ ဓမ္မဒါနဖြန့်ဝေတဲ့အလုပ်လုပ်ချင်တဲ့သူအနေနှင့် လူတွေ များများတရားတွေနားလည်အောင်ဆိုရင်တော့ ဖြန့်ဝေမှုပုံစံအမျိုးမျိုးကို သုံးကြည့်သင့်တယ်လို့ ယူဆပါတယ်။

ဒီတော့ စစချင်းမေးထားခဲ့တဲ့မေးခွန်းဆီကို ပြန်သွားကြရအောင်ပါ။

မျက်စိလည်းကောင်း၊ စာလည်းဖတ်တတ်ကြတဲ့ သူတွေအတွက်ရော ဒီအသံပုံစံစနစ်ကို ပြောင်းတဲ့ကိစ္စက တကယ်လိုအပ်ပါသလား?

ကျွန်တော် ကိုယ့်ဖာသာ ဖြေမိတဲ့အဖြေကတော့ - တကယ်လိုအပ်ပါတယ်။ လူတွေအတွက်အကျိုးရှိမယ့် လောကီနှင့် လောကုတ္တရာစာပေတွေကို တတ်နိုင်သလောက်၊ လက်လှမ်းမီသလောက် အသံပုံစံအဖြစ်ပြောင်းပေးသင့်သလို၊ အသံတွေကိုလည်း စာအဖြစ်အသွင်ပြောင်းပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ လူတွေ တစ်ဦးနှင့်တစ်ဦး အကြောင်းအရာတစ်ခုကို သဘောပေါက်နားလည်သွားအောင် သင်ယူကြတဲ့ပုံစံချင်း မတူညီလို့ပဲ ဖြစ်ပါတယ်။

ဒီအလုပ်ဟာ လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်တာတော့ ကျိန်းသေပါတယ်။ လူအင်အား၊ ငွေအင်အား၊ အချိန်အင်အားတွေတော့ အများကြီးစိုက်ထုတ်ဖို့ လိုအပ်ပါတယ်။ တစ်ဦးချင်း လုပ်တာထက် အုပ်စုဖွဲ့ပြီးလုပ်တာမျိုး၊ အဖွဲ့အစည်းတစ်ခုထူထောင်ပြီးလုပ်တာမျိုးဆိုရင် ပိုပြီး လွယ်ကူထိရောက်မှု ရှိနိုင်လိမ့်မယ်လို့ထင်ပါတယ်။ ဒါကြောင့် လုပ်နိုင်တဲ့ အင်အားရှိသူများ ဦးစီးဦးဆောင်ပြုပြီး လုပ်သွားပေးကြဖို့ အပြုသဘောဆောင်ပြီး တိုက်တွန်းလိုက်ပါတယ်။ စာဖတ်သူများကရော ဒီကိစ္စအပေါ် ဘယ်လိုတွေးမိထားလဲဆိုတာလေး ပြောပေးနိုင်ရင် အများအတွက် အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်းခင်ဗျာ။

လေးစားစွာဖြင့် 
Bliss

Saturday, December 10, 2011

တိုလီ ထွာလီ (ဘာသာရေး)

ဒီနေ့ “နတ်တော်လပြည့်နေ့” မှာ ပိုစ့်ရေးဖို့ ကျန်နေသေးတဲ့ အပိုင်းကို ဆက်ရေးဖို့ စိတ်ပါနေတယ်၊ ဥပုသ်သီလ လည်း မကျိုးတော့ဘူးပေါ့။ တိုလီ ထွာလီ ခေါင်းစဉ်အောက်မှာပဲ ရေးဖြစ်တာကတော့ ရေးမယ့် အပိုင်းအစတိုထွာလေးတွေ စုစည်းထားပြီး ပစ်မှတ်ကတော့ တစ်ခုတည်းပါပဲ..... :)

One day Prince Siddhattha went into the garden and saw the four sighs of an old man, a man afflicted with a loath some, a corpse, and an ascetic. He appreciated the last one.(ပိုစ့်ကဒ်မှာပါတဲ့ စာသားလေးဖြစ်ပါတယ်။)

ဘဝမှာ အစစ ပြည့်စုံသော ချမ်းသာမျိုးစုံကို ခံစား စံစားနေသူအဖို့ ဒီလို ခံစားမှုရသတွေအပေါ် အီ..တောက် လာတဲ့ ခံစားမှုမျိုး ဖြစ်နေချိန် ဒီရသတွေနဲ့ မတူတဲ့ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဆိုသော နိမိတ်တွေ တွေ့ရသောအခါ ထွက်ပေါက်လမ်းစ တွေ့သွားသူ ဘုရားလောင်း မင်းသား သိဒ္ဓတ္ထ။

အရမ်းကောင်းတဲ့ ထောပတ်သီးဖျော်ရည်၊ ချိုလွန်းလို့ ခါးတဲ့ ဒူးရင်းသီး၊ အရသာကောင်းလှတဲ့ ဒန်ပေါက်  ဒီအရသာတွေမှာ အီလွန်းလို့ ဆက်မစားနိုင်ဖြစ်ရတာ၊ ဒါမျိုး ကိုယ်တိုင်ဖြစ်တဲ့အခါမှာ မဆီမဆိုင် အလောင်းတော်မင်းသား လောကီစည်းစိမ်မှာ ငြီးငွေ့တာကို သွား သတိရမိသေး။

အောက်တိုဘာလမှာရော နိုဝင်ဘာလမှာပါ အမှတ်မထင် ပြုမိတဲ့ ကုသိုလ်ကောင်းမှုတွေ တော်တော်လေး လုပ်ဖြစ်ပါတယ်။ ထိုကုသိုလ်တွေနဲ့ ပတ်သက်ပြီး အချိန်တိုင်းမှာ ဝမ်းမြောက်နေခဲ့ပါတယ်။ ထိုပီတိတွေက သမာဓိတည်ဖို့ အားပေးတယ်မဟုတ်လား။

အလှူတစ်ခု ပေးလှူပြီးတိုင်း သူများကို ပြောပြတယ်ဆိုတဲ့နေရာမှာ ကိုယ်တိုင် ဘယ်လို ဝမ်းမြောက်ခဲ့တာ
ဘာကြောင့် ဝမ်းမြောက်ရတာ၊ အကြိမ်ကြိမ်ဝမ်းသာနေတာ ဒီလိုပုံစံပေါ်အောင် ပြောနိုင်ရင် ကိုယ်ရော မျှဝေခံရတဲ့သူပါ လိုက်ပါ အတူတကွ ဝမ်းသာနိုင်မယ် ကုသိုလ်ရနိုင်မယ်လေ၊ ဟုတ်ဘူးလား။
ဒီမှာ ကုသိုလ်ဟေ့ အမျှ ယူလိုက်ဆိုတာကတော့ သာဓုသာ ခေါ်လိုက်တာ ဝါးတားတားဖြစ်နေတယ်
စိတ်မှာ တက်ကြွမှုမပါတော့ ကုသိုလ်ဝမ်းမြောက်မှုက လျော့နည်းသွားပါလေရော။
နားထောင်သူအနေနဲ့ သူများကုသိုလ်ကို အလကား လာကြွားနေတယ်ဆိုတဲ့ စိတ်ဝင်လိုက်မိရင်လည်း အဟောသိကံဖြစ်ရတတ်ပါတယ်။ ပြောတဲ့သူကလည်း ကြွားဝါစိတ် မပါစေရဘူးပေါ့နော်။

ခဲအိုတစ်ယောက် ပို့ပေးတဲ့ ပုံလေး ဖြစ်ပါတယ်။ ဘယ်မှာလဲတော့ မသိဘူး။

အောက်တိုဘာလမှာတုန်းက မနက်စောစော မိုးသည်းထဲမှာ ပိဏ္ဍပတ်ဆွမ်း ဆွမ်းလောင်းရတာကို သိပ်စိတ်ချမ်းသာခဲ့တယ်။ ငယ်စဉ်က အဖေနဲ့အတူ ဆွမ်းလောင်းဖူးတဲ့ နံနက်ခင်းဆီ စိတ်တွေ ရောက်လို့။


မုန့်လုံးရေပေါ်မှာ အုန်းသီးမပါတာကတော့ available မဖြစ်လို့ မှတ်ကြပါကုန်။
ပုံထဲမယ် ဇွန်းတွေ ဘယ်ညာလွဲနေတာလည်း mirror ကို ရွေးလိုက်တာ အဲလိုဖြစ်သွားပါတယ် :(

မုန့်လုံးရေပေါ် ကပ်လှူထားပါတယ်။ ကပ်ဘေးဆိုက်ရင် မုန့်လုံးရေပေါ်လှူရတယ်လို့ စာထဲ ဖတ်မိတာလား၊ ငယ်ငယ်က သူများပြောတာ ကြားဖူးထားတာလားမသိပါဘူး၊ ထိုင်းမှာ ရေကြီးနေချိန်နဲ့ တိုးနေတုန်း-ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဒါက တစ်ချက်ပေါ့။
နောက်တစ်ချက်ကတော့ ငွေနစ်မြုပ်မှုရှိနေရင် ငွေပေါ်အောင် စနေနေ့မနက်မှာ မုန့်လုံးရေပေါ် အလုံး(၂၀) လှူရတယ်တဲ့။ ဒါကတော့ စာရေးဆရာသက်နှင်းဆွေ ပြောထားတာလေးပါ။
နောက်ဆုံးအဓိကအချက်ကတာ့ မုန့်လုံးရေပေါ်လုပ်ဖို့ ထိုင်းမှာ မခက်ဘူး အမှုန့်ဝယ်၊ ထန်းညက်ရှိရင် ရပြီ၊
ထန်းညက်ကလည်း ရှိတယ် အမှုန့်ကလည်း ဝယ်ရလွယ်တယ်၊ ကိုယ်တိုင်လည်းစားချင်တယ်
မြတ်စွာဘုရားကိုလည်း ကိုယ်တိုင်ပြုလုပ်သော မုန့်ဆွမ်းကပ်လှူချင်စိတ်လည်း ဖြစ်နေတယ် ဒါတွေစုပေါင်းပြီး မုန့်လုံးရေပေါ်လှူဖြစ်လိုက်ပါတယ်။ ပထမဆုံးကိုယ်တိုင်လုပ်တဲ့ မုန့်လုံးရေပေါ်။

သီတင်းကျွတ်လပြည့်နေ့မှာလည်း ဆွမ်းတော်ကပ်ပါတယ်၊ ထောပတ်ထမင်းနဲ့ သစ်သီးဆွမ်း၊ ရှင်ဥပဂုတ်ကိုယ်တော်ကို ဆွမ်းကပ်ပါတယ်။ လပြည့်နေ့နဲ့ ဗုဒ္ဓဟူးနေ့ တိုက်ဆိုင်မယ်ဆိုရင် အရှေ့တောင်အာရှဒေသကို ဆွမ်းခံကြွတယ်လို့ ဘာသာရေး မဂ္ဂဇင်းတွေမှာ ဖတ်ဖူးပါတယ်။ (ရှင်ဥပဂုတ်ကိုယ်တော် တကယ်ရှိတယ်လို့ မရှိဘူးဆိုတဲ့ ရဟန်းသံဃာတော်များ ရေးထားတဲ့ စာတွေလည်း ဖတ်ဖူးတယ်၊ ရေးတဲ့ ကိုယ်တော်က ဘယ်လိုကိုယ်တော်ဖြစ်တယ်ဆိုတာကို ကြည့်ပြီး မိမိဖာသာ စဉ်းစားဆင်ခြင်ဆုံးဖြတ်လိုက်ပါတယ်)။ ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် “သံဃဿ ဒေမ” သံဃာတော်မြတ်များ၏ ကျေးဇူးကိုရည်မှန်း လှူဒါန်းပါ၏လို့ အာရုံပြုလှူဒါန်းလိုက်ပါတယ်။ 
အဲဒီနေ့က ထူးခြားတာလေး တစ်ခုဖြစ်ခဲ့ပါတယ်။

ရေစကြီးချိန်မို့ ဈေးထဲမှာ သစ်သီးတွေ ရှားကုန်တဲ့ချိန်၊ သစ်သီးလေး သုံးမျိုးနဲ့ ဆွမ်းကပ်လှူရတာမို့ အားငယ်စွာနဲ့ မြတ်စွာဘုရားအမှုးပြုပြီး သံဃာများကို ဆွမ်းကပ်ပါတယ်၊ မျက်နှာငယ်ငယ်နဲ့ပဲ လာအလှူခံပါ့မလားလို့ စိတ်ပူသေးတယ်။ ဒါကြောင့် ဘုရားရှိခိုးရင် တပည့်တော်မကို သနားသဖြင့် အလှူခံကြွပေးတော်မူပါလို့ အားငယ်ငယ်နဲ့ လျှောက်ပါတယ်။ အဓိဋ္ဌာန်လည်း ပြုမိတယ် ဒါနလေး မြောက်တယ်ဆိုရင်လည်း ထူးခြားမှုတစ်ခုခု ထားခဲ့တော်မူပါလို့ တောင်းပန်လျှောက်ထားတယ်။
ဘုရားရှိခိုးပြီးတော့ ဒီလိုလျှောက်ထားတယ်ဆိုတာ မေ့သွားတယ်။ အာရုံတွေက အဲလို။
မနက်သုံးနာရီခွဲလောက်မှာ ဆွမ်းပွဲပြင်ထားတာကို မနက်ခြောက်နာရီလောက်မှာ စွန့်ပါတယ်။
စွန့်တဲ့အချိန် ပန်းကန်ကို လက်လှမ်းယူလိုက်တဲ့အခါ လက်နှစ်ဖက်ခြား အလယ်ကနေ အငွေ့လေးတွေ ပျံ့လွင့်သွားတာကို တွေ့လိုက်ရပါတယ်။ အမွှေးတိုင်ထွန်းတာ ငြိမ်းသွားတာ ကြာလှပါပြီ၊ ခြင်ဆေးလည်း မထွန်းထားပါဘူး။ ဘယ်က အငွေ့လဲလို့ တွေးနေတုန်း ဆုတောင်း အဓိဋ္ဌာန်ကို သတိရတော့မှ ဒါနလေး မြောက်သွားပြီဆိုပြီး အဲဒီတော့မှ ဝမ်းသာလိုက်ရတဲ့ဖြစ်ခြင်း။
(မမြင်ရတဲ့ သူတော်ကောင်းတွေကများ ကောင်းမှုကုသိုလ်အတွက် ကျမကို ဝမ်းသာစေချင်လို့လားမသိ)

လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက အမေတို့ မင်္ဂလာတောင်ညွှန့်အိမ်မှာ ဆွမ်းတော်မနက်အစောကြီး ထကပ်သေးတယ်။ အပျင်းထူတာတစ်ကြောင်း၊ အမေတို့ လုပ်နေတာပဲဆိုပြီး စိတ်ပေါ့တာက တစ်ကြောင်း၊ အလုပ်သွားရမှာက တစ်ကြောင်းနဲ့မို့ မနက်စောစော မထဖြစ်ခဲ့ပါဘူး။ အမေက လာနိုးပါတယ် ထပြီး ဘုရားရှိခိုးဖို့။ သို့ပေမယ့် ကျမကတော့ ဆက်အိပ်ပါတယ် အဲလိုဖြစ်နေတာ တကယ်မဟုတ်ပါ၊ အိမ်မက်မက်နေတာပါ တကယ်ဖြစ်နေတယ်လို့ စိတ်က ထင်နေတာ။ ဘာဖြစ်သလဲဆိုတော့ အမေက အိမ်ရှေ့မှာ ဘုန်းကြီး ကြွတယ် ထထလို့ လှုပ် နှိုးတယ်၊ ဒါနဲ့ တကယ်ပဲ နိုးလာပြီး ယောင်တောင်တောင်နဲ့ မျက်နှာသစ်ပြီး အမေ ခုနက ဘုန်းကြီးကြွတယ်ဆို ဘယ်မှာလဲလို့ မေးတော့ အမေက မပြောပါဘူးတဲ့။ ဒါဆို သမီးကို ဘာလို့ နှိုးလဲ ဘုန်းကြီးကြွတယ်ဆို လို့ ဆိုတော့ မပြောပါဘူးတဲ့ သူတို့ဖာသာ အိမ်ရှေ့မှာ ဘုရားရှိခိုးနေကြတာတဲ့ ဘယ်သူမှ မနှိုးပါဘူးတဲ့။ ကောင်းရော....

အဲဒါနဲ့ တခုခုပဲဆိုပြီး အိမ်ရှေ့လှမ်းကြည့်တော့ ခပ်ဝေးဝေးမှာ သပိတ်လွယ်ထားတဲ့ ရဟန်းတစ်ပါး အိမ်ဘက်ကနေ ကျောခိုင်းလို့ ကြွသွားတာ တွေ့လိုက်ရတယ်။ မနက် သုံးနာရီမထိုးသေးခင် ဘယ်ဘုန်းဘုန်းကများ ဆွမ်းခံကြွမှာလဲဟင်....။ မန္တလေးမှာဆိုရင်တော့ ဖြစ်နိုင်သေးတယ် မန္တလေးမှာ မနက်အစောကြီး ဆွမ်းခံကြွကြတယ်လေနော်။ တကယ်ကိုယ်တွေ့ လက်တွေ့ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဖြစ်ပါတယ်။

နောက် အလှူတစ်ခုကတော့ ထိုင်းကိုလာကြတဲ့ ရဟန်းတော်အားလုံးကို လက်ခံထားတဲ့ ဘုန်းကြီးကျောင်းက ကထိန်အလှူပါ။ ကထိန်မှာ ဆွမ်းတစ်ဝိုင်းကို ဘတ်(၅၀၀)တန်ဖိုးရှိပါတယ်။ အလှူခံကောက်တဲ့ ညီမတစ်ယောက်ကို အစ်မ ဘုန်းကြီးကျောင်းမှာ လိုနေတဲ့နေရာလေး တခုခုရှိရင်ပြော လှူချင်တယ်လို့ ပြောထားတယ် မထင်မှတ်ပဲ ရေတွေကြီး လူတွေ ပြန်သွားလိုက်ကြတာ၊
ကထိန်မှာ လှူမယ့်သူတွေနဲကုန်တယ်။ ဒကာ ဒကာမတွေ ဒုက္ခရောက်တော့ ဘုန်းကြီးတွေ တိုက်ရိုက်ထိခိုက်ကုန်တာပေါ့။ ဒါနဲ့ပဲ ဆွမ်းတစ်ဝိုင်းစာကို လှူဖြစ်လိုက်တယ် တခြားလိုတာတွေထက် လောလောဆယ်မှာ ရဟန်းတော်တွေ ဆွမ်းကိစ္စ အရေးကြီးနေပြီ မဟုတ်လား။
ဆွမ်းကပ်တဲ့နေ့က ငွေကောက်ပြီး သွားလှူပေးတဲ့ ညီမက ဖုန်းဆက်ပြောတယ် သာဓုခေါ်ဖို့။
အိမ်ပြောင်းနေလို့ ကိုယ်တိုင်ကတော့ မသွားနိုင်ခဲ့ပါဘူး၊ မဟုတ်ရင် ကြောင်ဖြူများရှင်နဲ့ အဲ့မှာ ဆုံနေအုံးမယ် :D။ အလှူဓာတ်ပုံတွေ ဒီလင့်လေးမှာ ကြည့်ပါနော်၊ သူများပိုစ့်ကို ခွင့်မတောင်းပဲ လင့်လိုက်ပါတယ် :))
အဲဒီညီမ လှူနေတဲ့အချိန်မှာ စိတ်ထဲမှာ ဒီနေ့ အလှူထင်တယ်ဆိုပြီး မှန်းပြီး ဒီလိုကုသိုလ်လေးကိုလည်း မနက်စောစောဘုရားရှိခိုးတုန်းက အမျှဝေနေမိသေးတယ်။

အမှတ်မထင်လှူဖြစ်တာကတော့ ဓမ္မကထိကဆရာတော်နှစ်ပါးနဲ့ လက်ထောက်သံဃာတစ်ပါး အားလုံးသုံးပါးကို နေ့ဆွမ်း (လူအနည်းငယ်ရှင်းပြီး စားသောက်ဖွယ်များ အစပ်များခြင်းကို  ရှောင်လိုသောကြောင့် လေဆိပ်က ဂျပန်စားသောက်ဆိုင်တစ်ခုမှ ကပ်လှူဖြစ်ခဲ့တာပါ။.

နယ်လှည့်ဆရာတော်တွေဟာ ခရီးထွက် တရားဟောရတွေ သိပ်ပင်ပန်းကြပါတယ်။ ဂေါပကမျိုးစုံတို့ရဲ့ အမျိုးမျိုးသော စေတနာများအကြားမှာ ဆရာတော်တွေ ပင်ပန်းကြရတယ်ဆိုတာ ဘယ်သူမှ သိပ်သတိမထားမိကြဘူး။ ဒါကြောင့် နာမည်ကြီးမှုရဲ့ နောက်မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ များစွာဆုံးရှုံးကုန်တော့တယ်။ အေးအေးဆေးဆေးနားနေချိန်လေးတွေတော့ သူတို့လည်း လိုချင်ကြပါတယ်။ ဒါကြောင့် ဆရာတော်တွေနား သွားရင် မေးရ မြန်းရတယ်။ ကိုယ်သွားလို့ သင့်တော်၏ မတော်၏ပေါ့။ ကိုယ်သွားတဲ့အခါ ဆရာတော်တွေ အနှောင့်အယှက်မဖြစ်လောက်ဘူး၊ တခြားဒကာဒကာမတွေ ရောက်ယှက်ခတ်မနေဘူး၊ ဆရာတော်များကိုလည်း အေးဆေး လျှောက်ထား ပြောဆိုခွင့်ရမှ သွားချင်တာ။

ရဟန်းသံဃာတော်တွေနဲ့ ပတ်သက်ဖို့ ကိစ္စတွေ ရှိလာတဲ့အခါ အဘွားကို သတိရတယ် အဘွားနဲ့ အခါပေါင်းများစွာ ဘုန်းကြီးကျောင်းကို သွားရတဲ့အတွက် အဘွားဆီက ပညာတွေ တမင် မသင်ပဲ အဘွားရဲ့ အလေ့အထ ရှုမြင်မှုတွေ ကိုယ့်ဆီမှာ ကူးစက်ကျန်နေခဲ့ပါတယ်။

လေဆိပ်မှာ ဆရာတော်တွေကို သွားရောက် ကန်တော့ နှုတ်ဆက်ချိန်မှာ နေ့ဆွမ်းကပ်လှူမယ့်သူ လစ်လပ်နေတာမို့ အလွန်ဝမ်းသာစွာနဲ့ ဒီကုသိုလ်လေးကို ယူဖြစ်ခဲ့တာပါ။   
အခုနောက်ပိုင်းမှာ ကုသိုလ်မပြုခင် စိတ်မှာ ဘာအရောင်မှ မပါဘူးလို့ သိနေမှ ကုသိုလ်ကို ပြုလိုပါတယ်။ စင်ကြယ်ချင်လို့ပါ။

ကျိုက်ထိုဆရာတော်ကို ပထမဆုံးအကြိမ် ဖူးရခြင်းဖြစ်ပါတယ်။ ကျိုက်ထိုဆရာတော်အသံက ဖြူးဆရာတော်ကြီးရဲ့ အသံနဲ့ လေယူလေသိမ်းက အစ တူနေတယ်။ ဖြူးဆရာတော်ရဲ့ နောက်ဆုံးအချိန်တွေမှာ ဆရာတော်အနား ဆေးရုံမှာ ဘုရားစာရွတ်ပေးခဲ့ဖူးသေးတယ်။ ဖြူးဆရာတော်ကြီး ပျံလွန်တော်မူသွားတော့မှ ဆရာတော့်တရားတွေ နာယူရင်း ဆရာတော်ကို နှမြောလိုက်တာ။ အပင်ပန်းခံနိုင်လွန်းတဲ့ ဆရာတော်တစ်ပါးပါ။

ဒါကြောင့် နယ်လှည့်တရားဟောဆရာတော်များလုံးကို ကျန်းမာရေး ဂရုစိုက်စေချင်ပါတယ်။ နောင်လာနောက်သားတွေ တရားနာယူခွင့် သူတော်ကောင်းတွေနဲ့ တွေ့ဆုံခွင့် အချိန်ပိုရတာပေါ့။

တရားပွဲမတိုင်ခင် စီစဉ်တဲ့အစ်ကိုတွေနဲ့ ခင်မင်ရင်းနှီးနေကြတော့ တရားပွဲမတိုင်ခင်က အစီအစဉ်တွေ ကျမဆီ ဖုန်းဆက် ပြောကြတာလေး နှစ်ခုကိုပြောပြမယ်နော်။ သူတို့ပြောတာက တစ်ခု၊ ကျမတောင်းဆိုတာ တစ်ခု။ သူတို့ပြောတာက သူတို့တွေ လှူလိုက်ရတဲ့ အလှူငွေတွေက ဆရာတော်ပြန်ပြီး ကုသိုလ်ပြုတဲ့ထဲ ပါသွားမှာဖြစ်လို့ ထပ်ဆင့် ကုသိုလ်တိုးတယ်၊ ဆရာတော်ရဲ့ သီလ၊ သမာဓိ၊ ပညာနဲ့ ဆရာတော် ဘာတွေ လုပ်နေတာလဲ ဆိုတာကို ကြည့်ပြီး ဆရာတော်ပြုတဲ့ ကုသိုလ်တွေကို တတပ်တအားပါဝင်အားဖြည့်ချင်လို့ တရားပွဲကျင်းပဖြစ်ခဲ့တာဖြစ်တဲ့အပြင် လူငယ်တွေလည်း ဆရာတော့် သွန်သင်ဆုံးမမှုကို နာယူစေချင်လို့ဖြစ်တယ်လို့ ပြောပါတယ်။ (သီတဂူဆရာတော်ကြီး မိန့်တော်မူသလို ministry သတိရမိတယ်၊ အောက်မှာ ဗီဒီယိုလင့်လေးပေးထားပါတယ်။)
ကျမဘက်က တစ်ခုတော့ အကြံပေးပါရစေ......ရှည်မိသေးတယ်။ ကောင်းမှုကုသိုလ်ပြုလုပ်တဲ့အရေးမှာ စေတနာတွေ ထားတာ ဝမ်းသာနေတာ အားလုံးကောင်းပါတယ် အများနဲ့ လုပ်ရတာမို့ ဦးဆောင်လုပ်ရမယ့်သူတွေမှာ ကျိန်းသေ အနစ်နာခံရမှုတွေ ကြုံတွေ့လာနိုင်ပါတယ် အများအကျိုးကို ကြည့်လို့ အနစ်နာခံလိုစိတ်များထားပြီး အများသဘောကျပဲ အဆင်ပြေအောင် စီစဉ်နိုင်ကြရင်ကောင်းပါမယ်၊ ကိုယ်ဖြစ်ချင်တာကိုချည်းပဲ အမှန်ဖြစ်ရမယ်ဆိုတဲ့ စိတ်ကို အများအကျိုးဆောင်ရွက်ရာမှာ ပယ်သတ်ထားနိုင်တာ အကောင်းဆုံးပါပဲ။
နောက်အရေးကြီးတဲ့အချက်ကတော့ နယ်လှည့်သာသနာပြု ဓမ္မကထိကဆရာတော်များကို သနားကြဖို့ပါ၊
ဆရာတော်များ မပင်ပန်းပါစေနဲ့၊ ကျန်းမာရေး အထူးအလေးထား ဂရုပြုပေးကြပါလို့ ဒါလေး request လုပ်ပါတယ်။ 

ဆွမ်းကပ်တဲ့အကြောင်းလေး ပြန်ဆက်မယ်နော်........
(တောင်ပိုင်းက ကျွန်းစုတွေမှာ တရားဟောပြီး ဘန်ကောက်လေဆိပ်ကို ပြန်ကြွလာပြီး လေဆိပ်မှာပဲ မြန်မာနိုင်ငံကို
တန်းကြွရမှာဖြစ်ပါတယ်) ခရီးပန်းလာတဲ့ ဆရာတော်တွေ ဒီချိန်မှာ ဆွမ်းသေချာ ဘုန်းနိုင်မှ ဖြစ်မယ် မြန်မာနိုင်ငံပြန်ကြွမယ့် အချိန်ကလည်း ဆွမ်းချိန်ကျော်သွားမှာကိုး ဒါနဲ့ လူအနည်းငယ်ရှင်းပြီး အစပ်မများတဲ့ ဂျပန်ဆိုင်ပဲ ရွေးလိုက်ပါတယ်။ အဲဒီဆိုင်မှာ စားပွဲတချို့က သံဃာစဉ်လို အမြင့်လေး ဖြစ်နေတယ်  ဒါနဲ့ အဲဒီစားပွဲမှာ သံဃာသုံးပါး နေရာယူကြပြီး ကပ္ပိယဒကာများက အနိမ့်စားပွဲလေးမှာ နေရာယူကြတယ်။
နေ့ဆွမ်းအလှူဒကာမကတော့ ဝေယျာဝစ္စကုသိုလ်ယူနေတာမို့ ဆရာတော်များ စားပွဲအနားမှာ လိုတာလေးတွေ လုပ်ပေးရင်းနဲ့ ကုသိုလ်ထပ်ယူပါတယ်။ ဆရာတော်ကြီးတွေကို အခုလို ဝေယျာဝစ္စကုသိုလ်လေးယူဖို့ အခွင့်အရေးက ကိုယ်လိုလူအဖို့ ရခဲပါတယ်။
 ပြီးတော့ လိုအပ်နေတဲ့ချိန်မှာ လှူခွင့်ရဖို့ဆိုတာလည်း မလွယ်ပြန်ဘူး။ ဆွမ်းဘုန်းပေးတဲ့အချိန်မှာလည်း ဆရာတော်တွေ တရားဟော ခရီးက အပြန်ခရီးဖြစ်တာမို့ စိတ်ချလက်ချရှိနေတာရော ပင်ပန်းလာတာရောစိတ်လည်း သက်တောင့် သက်သာရှိနေကြလို့ ထင်ပါရဲ့ ဆွမ်းတွေ တော်တော်လေး ဘုန်းပေးကြပါတယ်။ ကိုယ်လှူတဲ့ဆွမ်းကို ဒီလိုဘုန်းပေးတာ မြင်ရတော့ ပိုပြီး တိတ်တိတ်လေး ဝမ်းသာနေပြန်ရော။

ဆရာတော်များကို လေဆိပ်မှာ ကန်တော့တုန်းက ဆုပေးတဲ့အသံမှာ မေတ္တာအားတွေ ပါနေလေရဲ့၊ စိတ်ရဲ့ စွမ်းအင်တွေဟာ စက်ကွင်းတွေလိုပဲ တစ်ယောက်က ပို့လွှတ်လိုက်တဲ့ မေတ္တာကို နောက်တစ်ယောက် ခံယူရတဲ့ချိန်မှာ အေးကနဲ လာငြိတယ်။ ရေထဲ ခဲလုံးပစ်ချလိုက်လို့ ပေါ်တဲ့ လှိုင်းလေးတွေလိုပဲ။

အခုလို ရှည်ရှည်ဝေးဝေးရှင်းပြလိုက်လို့ စိတ်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဝမ်းမြောက်တဲ့ စိတ် ဖြစ်ပေါ်လာပြီး သာဓုခေါ်နိုင်ပါစေလို့ စိတ်ညွှတ်လိုက်ပါတယ်။

စကားမစပ် ဆရာတော်ကြီးများ၏ ကြည်ညိုလေးစားဖွယ်ကောင်းသော သြဝါဒကို နာယူကြည့်ပါအုံး။
သိမ်နှုတ်မင်္ဂလာပွဲမှ သြဝါဒများဖြစ်ပါတယ်။


ရိုးရိုးလေးတွေးမိတာက စာသင်တိုက်က စာသင်စာချဆရာတော်တွေ ပညာအရာထူးချွန်တဲ့ဆရာတော်ဟာ ဥယျာဉ်မှုးတွေဆိုရင် ဓမ္မကထိကဆရာတော်များကတော့ ပန်းလေးတွေနဲ့ တူမနေဘူးလား။



ဆရာတော် မိန့်ထားတာလေး နားထောင်ကြည့်ပါအုံးနော်။
ကျမ ဘာကို ဆိုလိုချင်တယ်ဆိုတာ သိကြမယ်ထင်ပါတယ် :)

အနာဂတ်ဆိုတာ မသေချာဘူး၊ အတိတ်ဆိုတာ အသုံးမဝင်တော့ဘူး။
ပစ္စုပ္ပန်မှာပဲ ကုသိုလ်စိတ်နဲ့ နေတာအကောင်းဆုံး။ 

 ဒီအကြောင်းလေးတွေကို ပြောပြရင်း 
(၂၀၁၁)ခုနှစ်ရဲ့ ဒီနောက်ဆုံးပိုစ့်လေးနဲ့  အားလုံးကို နှုတ်ဆက်လိုက်ပါတယ်။
 လေးစားစွာဖြင့်
ခရစ္စတလ်

“အားလုံး အားလုံး နှစ်သစ်မှာ ပျော်ရွှင်အေးချမ်းကြပါစေ”

Saturday, November 12, 2011

ဓါတ်ခဲများနေ့

by Vimuttisukha Bliss on Friday, November 11, 2011 at 10:19pm


ဒီနေ့ကတော့ အားလုံးသိထားပြီးတဲ့အတိုင်း 11.11.11 နေ့ပါဘဲ။
ကျွန်တော်တို့ဆီမှာလည်း ဖုန်းတွေနှင့် ဟိုလူက message ပို့။ ဒီလူက message ပို့ပေါ့။ (အဲဒီ message ကို လူ (၁၁)ယောက်ဆီကို (၁၁) မိနစ်အတွင်းပို့ဆိုတာတောင် ပါလိုက်သေး။)
ကိုယ်ကလည်း ပြန်ပို့တော့ ဂျပန်မိတ်ဆွေတစ်ယောက်ဆီက message ပြန်ဝင်လာပါတယ်။
ဒီနေ့က 11.11.11 ဖြစ်တဲ့အပြင် “ဓါတ်ခဲများနေ့” ပါတဲ့။
ဘာလို့လဲဆိုတော့ ဂျပန်ခန်းဂျီးစာလုံးနှင့် ဒီနေ့ ရက်စွဲကို ရေးမယ်ဆိုရင် 十一年十一月十一日 လို့ရေးရပါတယ်။ ခန်းဂျီးနှင့် တစ်ဆယ်ကိုရေးရင် ( 十 ) လို့ ရေးရပြီး တစ်ကိုရေးရင် ( 一 ) လို့ ရေးရပါတယ်။ အဲဒါဟာ ဓါတ်ခဲတစ်လုံးမှာပါတဲ့ Positive ( + ) နှင့် Negative ( - ) တို့နှင့် သွားပြီးတူနေပါတယ်။ အဲဒါကြောင့်ဒီနေ့ကို “ဓါတ်ခဲများနေ့” လို့ ဂုဏ်ပြုသတ်မှတ်ထားတယ်လို့ဆိုပါတယ်။ ဂျပန်လိုရေးရင်တော့ 電池の日 လို့ရေးပါတယ်ခင်ဗျား။
စိတ်ဝင်စားရင်တော့ အဲဒီဂျပန်စာလုံးနှင့် အင်တာနက်မှာ ဆက်ပြီးရှာဖွေ ဖတ်ရှုနိုင်ကြောင်းပါ။

အိမ်ဦးနတ် ၁၁ရက်နေ့က ပို့လာတဲ့အကြောင်းလေးပါ။ သူ့ဖဘမှာ တင်ထားပါတယ်။ ကိုယ့်ဝန်းကျင်က မိတ်ဆွေတွေလည်း သိရအောင် တင်ပေးလိုက်တာပါ။

ထိုင်းနိုင်ငံ ရေကြီးတော့ လျှပ်စစ်မီးတွေ တချို့နေရာတွေမှာ အဖြတ်ခံရတယ် ဒါကြောင့် ဘန်ကောက်ထဲမှာလည်း မီးဖြတ်ခံရရင် နောက်ပိုင်းပေါ်နေတဲ့ လျှပ်စစ်နဲ့ သွင်းတဲ့ လက်နှိပ်ဓာတ်မီးတွေက အလုပ်မဖြစ်တော့ဘူး၊ မီးမလာရင် အားသွင်းမရဘူးလေ။ အခု ဓာတ်ခဲနဲ့ ထွန်းတဲ့ လက်နှိပ်ဓာတ်မီးတွေ ပြန်ရောင်းအားကောင်းလာတယ်၊ ဓာတ်ခဲတွေလည်း ဝယ်မရအထိဖြစ်ကုန်ပါပြီ။ ခေတ်ကြီးက နောက်ပိုင်းမှာ နည်းပညာတိုးတက်မှုတွေကို သဘာဝတရားကြီးက ဒဏ်ပြန်ခတ်နေတဲ့ချိန် ဓာတ်ခဲများနေ့ဆိုတော့ အင်းးးးးးးးးးး နည်းပညာ၊ သဘာဝတရား၊ လူသားတွေ ဆက်တွေးမိပါတယ်။ မိတ်ဆွေတို့လည်း တွေးကြည့်ကြပါအုံးလို့........။

လေးစားစွာဖြင့်
ခရစ္စတလ်

Sunday, March 6, 2011

စောင့်မျှော်နေတဲ့ အနာဂတ်များ

 ပုံကို ဂူဂယ်မှ ကူးယူပါသည်။

ကျွန်တော် ဂျပန်ပြည်စရောက်တဲ့အချိန်ကစလို့ နေ့စဉ် သွားရင်းလာရင်း သတိပြုမိခဲ့တာ တစ်ခုရှိခဲ့ပါတယ်။ အဲဒါကတော့ ဒီမြို့က လူငယ်လေးတွေပါဘဲ။ ကျွန်တော်ကိုယ်တိုင် ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်း လာခဲ့ဖူးတာရော၊ အဲဒီကနေတဆင့် အသက်(၂၀) အရွယ်ကနေ အခု (၃၀) ကျော် ဖြစ်လာခဲ့တဲ့အထိ ဖြတ်သန်းခဲ့ရတဲ့ ဘ၀အစိတ်အပိုင်းများက ဒီကလူငယ်တွေအပေါ် ပိုပြီး စိတ်ဝင်စားမှုကို ဖြစ်စေပါတယ်။ ဒီမှာ ကျွန်တော်မြင်နေရတဲ့ လူငယ်တွေကို ကြည့်ကြပါအုံး။ သူတို့ရဲ့  မျက်နှာတွေမှာ အထင်ရှားဆုံးတွေ့ရတာက လူငယ်သဘာဝ လွတ်လပ်မှုနှင့် တက်ကြွလန်းဆန်းနေမှုပဲဖြစ်ပါတယ်။ သူတို့တွေမှာ မိမိဘ၀အပေါ် ယုံကြည်စိတ်ချနေမှုက သူတို့လှုပ်ရှားသွားလာနေပုံကိုကြည့်ရင် အထင်းသားတွေ့မြင်နိုင်ပါတယ်။ သူတို့စိတ်ဝင်စားတဲ့ ၀ါသနာပါတဲ့ ပညာရပ်ဆိုင်ရာသော်လည်းကောင်း၊ ဒါမှမဟုတ် စာပေ၊ ဂီတ၊ အနုပညာ၊ အားကစား တစ်ခုခုကို နှိုက်နှိုက်ချွတ်ချွတ် ထဲထဲဝင်ဝင်လေ့လာဖို့ စိုင်းပြင်းနေတာကို သူတို့ရဲ့  လှုပ်ရှားမှုတွေက သက်သေခံနေကြပါတယ်။ စားသောက်ဆိုင်တွေမှာ သူငယ်ချင်းတွေ စုပြီး စားကြ သောက်ကြတဲ့အချိန်မှာဆိုရင်လည်း စိတ်လွတ်လပ်မှုကို အပြည့်အ၀ခံစားရင်း ပျော်ရွှင်ကြည်နူး နေနိုင်ကြတာကို သတိထားမိပါတယ်။ သူတို့ဘ၀လေးတွေ ဘာကြောင့် အခုလို လွတ်လပ်အေးချမ်း နေကြတာပါလိမ့်။

ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ လူငယ်ကျောင်းသားဘ၀ကို ပြန်စဉ်းစားကြည့်မိပါတယ်။ ဆယ်တန်းအောင် တဲ့အချိန်မှာ တက်စရာ တက္ကသိုလ်က အဆင်သင့်ရှိမနေခဲ့ပါဘူး။ မြန်မာပြည်အခြေအနေက တက္ကသိုလ်တက်ဖို့အတွက် သုံးနှစ်လောက်စောင့်ရပါမယ်တဲ့။ အဲဒီမှာတင် လူငယ်ထုဘ၀ဟာ ကမောက်ကမ စဖြစ်ကြရတော့တာပါဘဲ။ ဒီစောင့်ရမယ့်သုံးနှစ်ကို ဘယ်လိုဖြတ်သန်းကျော်လွန်ကြမလဲ။ တချို့ ကတော့ ဘ၀တိုးတက်ကြောင်းအတွက် အထောက်အကူဖြစ်စေမယ့် သင်တန်းတွေလျှောက်တက်ရင်း အချိန်ကို အသုံးချလိုက်ကြတယ်။ တချို့ ကတော့ နိုင်ငံခြားကိုထွက်သွားကြတယ်။ တချို့ လည်း အလုပ် လုပ်တော့မယ်ဆိုပြီး နီးစပ်ရာ လုပ်ငန်းခွင် တစ်ခုခုထဲ ၀င်လိုက်ကြရတယ်။ တချို့ လည်း အပျံသင်စအရွယ် အလည်လွန်ရင်း အိမ်ထောင်သည်ဘ၀ပြောင်းခဲ့ကြရတယ်။ တချို့ လည်း ယောင်လည် ယောင်လည် အခြေစိုက်သွားကြတယ်။ မိဘဆွေမျိုး ကျောထောက်နောက်ခံကောင်းတဲ့သူတွေကတော့ သိပ်အထိ မနာကြပေမယ့်လို့ အခြေခံလူတန်းစားဘဝဖြစ်တဲ့ လက်လုပ်လက်စား မိဘတွေရဲ့ သားသမီးတွေအတွက် ကတော့ အနာဂတ်ဟာ အဲဒီအချိန်မှာ စပြီး မှုန်ဝါးသွားရတော့တာပါဘဲ။

ကိုယ်လုပ်ချင်တာက တစ်ခု၊ ပေးလာတဲ့ ဘ၀အခြေအနေအရပ်ရပ်ကြောင့် လုပ်ချင်တာကို လုပ်ခွင့်မရဘဲ လုပ်သင့်တာကိုလုပ်ရင်း စိတ်ဝင်စားရာ၊ ၀ါသနာပါရာ တွေကို ရင်ထဲမှာ ကြိတ်မှိတ်မျိုသိပ်လိုက်ရတဲ့ လူငယ်ထုအရေအတွက်က ရာခိုင်နှုန်းနဲ့ ရေတွက်ကြည့်မယ်ဆို (၉၀)များကျော်မလားမသိ။ တက္ကသိုလ်က ဘွဲ့တစ်ခုရပြီးချိန်မှာ အလုပ်ရဖို့အခွင့်အလမ်းသာမယ့် အပေါ်မူတည်ပြီး အဓိကစဉ်းစားကြရတော့ ကိုယ်ဝါသနာပါတာကို ဘ၀တွေ၊ စိတ်တွေနှစ်ပြီး လုပ်ဖို့ဆိုတာ ဝေလာဝေးရော။ ကျောင်းပြီးလို့ အလုပ်ထဲဝင်ပြီး ၀င်ငွေအမြန်ဆုံးရဖို့အတွက် ကိုယ့်ကို မျှော်လင့်စောင့်စားနေကြတဲ့ မိသားစုတွေ ရှိနေတဲ့ လူငယ်တွေမှာဆို ကျောင်းသားဘ၀ဖြတ်သန်းနေရတာက သူတို့အတွက်တော့ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခုပါပဲ။

နိုင်ငံခြားတိုင်းပြည်တွေမှာလို ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်တယ်ဆိုတဲ့ ဝေါဟာရက မြန်မာလူငယ်တွေကြားမှာတော့ တစိမ်းဆန်ဆန်ပါဘဲ။ (ဒီဘက်နှစ်တွေမှာတော့ အဝေးသင် တက္ကသိုလ်တွေဖွင့်လိုက်ပြီး အလုပ်သမားတွေအတွက် စီစဉ်ပေးထားတော့ ရှိနေပါပြီ။ ဒါပေမယ့် Day ကျောင်းသားတွေအတွက် ကျောင်းတက်ရင်း အချိန်ပိုင်းလုပ်လို့ရတဲ့ နေရာဌာနဆိုတာ အတော်လေးကို ရှားနေပါသေးတယ်။) တချို့ ကတော့ ကျောင်းတက်ရင်းတဖက်နှင့် ကျူရှင်ဆရာတွေ၊ Study Guide လို့ခေါ်တဲ့ ကျောင်းသားတွေကို စာကူပြပေးတာမျိုးတွေ လုပ်ရင်း ၀င်ငွေရှာကြတာတော့ ရှိပါတယ်။ အများစုကတော့ ကျောင်းတစ်ခုတည်းကိုသာ တစ်စိုက်မတ်မတ်တက်ကြတော့တာပါဘဲ။ ကျောင်းချည်းပုံမှန် တက်နေလို့  ပညာရေးဘက်မှာ ထူးချွန်ထက်မြက်သူတွေ ဖြစ်လာကြလိမ့်မယ်လို့လည်း မျှော်လင့်ချက်က ထားလို့ မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ တက္ကသိုလ်မှာ သင်ကြားပေးနေတဲ့ ပညာရေးစနစ်က နိုင်ငံတကာအဆင့်မီအောင် အရည်အချင်းမပြည့်မှီဘဲ စာမေးပွဲမှာ ဖြေနိုင်ရုံ သက်သက်မျှလောက်သာ အသုံးတည့်တာမို့ ဘ၀အတွက် ရည်ရွယ်လေ့လာချင်သူတွေအနေနှင့်ကတော့ ပြဒါးတစ်လမ်း သံတစ်လမ်း ပါဘဲ။ ဒီတော့ အဖြေက ရှင်းပါတယ်။ ကျောင်းပြီးရင် ဘာဖြစ်လာမလဲဆိုတော့ ဘွဲ့လက်မှတ်တစ်ခုရတာကလွဲ ဘာများထပ်ဖြစ်စရာ ရှိနိုင်မှာလဲ။

ဒီလိုနှင့် ကျောင်းပြီးသွားတော့ ဘွဲ့ဆိုတာကြီးကို ပွေ့ဖက်ရင်း ကိုယ်သင်ယူခဲ့တဲ့ ပညာရပ်နှင့် ဘယ်လိုမှ မပတ်သက်တဲ့ လုပ်ငန်းခွင်တွေထဲ ၀င်ရောက်လုပ်ကိုင်ကြရတော့တာပါဘဲ။ ကျောင်းမပြီးခင် ကျောင်းတက်နေတဲ့ အချိန်တောက်လျှောက်မှာလည်း ကျောင်းစာကို ဖြောင့်ဖြောင့်တန်းတန်းသင်ဖို့အရေးထက် ကျောင်းပြီးရင် ငါဘာလုပ်ရပါ့ ဆိုတဲ့အတွေးက ဒီကျောင်းသားကို အမြဲနှိပ်စက်နေတာပါ။ လူငယ်တို့သဘာဝ လွတ်လပ် တက်ကြွ လန်းဆန်းဖို့ဆိုတာ ဝေးစွ။ သို့ပေမယ့်လို့ ဘာပဲဖြစ်ဖြစ် ကိုယ်ရတဲ့ အတိုင်းအတာအတွင်းမှာတော့ တတ်နိုင်သလောက် ပျော်စရာတွေဖန်တီးပြီး အဆင်ပြေအောင် နေကြရတာပါဘဲလေ။ တခြားနိုင်ငံက ကျောင်းသားလူငယ်တွေနှင့်တော့ ပခုံးချင်း လာမတိုင်းနှင့်ပေါ့။

အခု ကျွန်တော်ရောက်နေတဲ့နိုင်ငံမှာလည်း ကျောင်းသားတွေကျောင်းပြီးရင် အလုပ်မရကြလို့ အလုပ်လက်မဲ့ပြဿနာဆိုတာကြီးက ဒီနိုင်ငံကအစိုးရကို ခေါင်းကြီးနေစေတာ နှစ်တော်တော်ကြာ ရှိနေပါပြီ။ ဒါပေမယ့် ကိုယ့်တိုင်းပြည်နှင့်ယှဉ်လိုက်ရင်တော့ သူဌေးသင်္ဘောပျက်တာနှင့် သူတောင်းစားခွက် ပျောက်တာနှင့် လိုပါဘဲ။ ဒီနိုင်ငံက အဆင်မပြေဖြစ်နေတာလောက်တော့ ကိုယ့်တိုင်းပြည်အခြေအနေက ပျင်းတောင်ပျင်းသေးတယ်လို့ ပြောလို့ရပါတယ်။

ဒီက လူငယ်တွေဘ၀ကို တစ်ဘက်ကနေ သဘောကျ ကျေနပ်မိသလို အခြားတစ်ဘက်ကလည်း အားမရဖြစ်မိတာရှိပါတယ်။ သူတို့တွေမှာ ဒီလောက် ရေခံ မြေခံ ကျောထောက်နောက်ခံကောင်းတဲ့ နိုင်ငံရေးစနစ်၊ ပညာရေးစနစ်၊ စီးပွားရေးစနစ် စတာတွေရှိနေပါလျက်နှင့် ကြိုးစားအားထုတ်မှုအပိုင်းမှာ သိပ်တော့ အားရစရာ မရှိပါဘူး။ ဘ၀ကို သူဌေးသား သူဌေးသမီးတွေလို ကြောင့်ကြမဲ့ ပေါ့ပေါ့လေး ဖြတ်သန်းနေကြတဲ့ပုံ ပေါ်နေပါတယ်။ ကိုယ်တွေရဲ့ နိုင်ငံမှာ ဒီလိုမျိုး အခွင့်အရေးကောင်းတွေသာ ရကြည့်လိုက်စမ်းပါ။ ကျွန်တော်တို့ တိုင်းပြည်က လူငယ်တွေ ဒီကလူငယ်တွေထက် အဆပေါင်းများစွာ သာအောင် ကြိုးစားပြနိုင်ပါတယ်။

အခုတောင် မြန်မာပြည်ကလူငယ်တွေဟာ ရသလောက် အခွင့်အရေး အလင်းရောင် မှုန်မှုန်မွှားမွှားလေးနှင့် အနာဂတ်ကို မရရအောင် ခရီးဆက်နေကြသေးတာပဲ။ ကိုယ်တွေက သူဌေးသားသမီးတွေမှ မဟုတ်တာကိုး။ ဘ၀က နာထားကြတာ။ တချိန်ချိန် အခွင့်အရေးနဲ့ အခွင့်အလမ်းတွေသာ ပေါ်လာစမ်းပါစေ၊ ရလာတဲ့ ပေးလာတဲ့ အခွင့်အရေးကို လက်မလွှတ်တမ်း ဆုပ်ကိုင်းရင်း အားကြိုးမာန်တက် ကြိုးစားကြမယ်ဆိုတာကို ရဲရဲကြီးပြောနိုင်ပါတယ်။

မဝေးတော့တဲ့ တချိန်ချိန်မှာတော့ ကျွန်တော်တို့တိုင်းပြည် အနာဂတ်အတွက် တောက်ပြောင်လင်းလက်တဲ့ တက်ကြွလန်းဆန်းနေသော ညီငယ်ညီမငယ် လူငယ်မျိုးဆက်သစ်တွေ တကျော့ပြန်လည် မြင်တွေ့နိုင်တော့မယ်လို့ ရင်ထဲက ယုံကြည်မျှော်လင့်နေမိပါတယ်။

လေးစားစွာဖြင့်
Bliss 
၁၅-ဖေဖေါ်ဝါရီလ-၂၀၁၁ (1:03 AM)