သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, November 17, 2011

တိုလီ ထွာလီ ......

 အပိုင်း(၁)
တိုးရာသီနီးလာပြီမို့ ဧည့်သည်တွေက ထိုင်းကိုလာလည်ချင်နေကြပြီ၊ ထိုင်းမှာ ရေတွေကလည်း ကြီးနေ၏။ တားပါသော်လည်း စီစဉ်ပြီးပြီ မဖျက်လိုဟု ဆိုကာ ဘယ်တော့ ရေကျမည်လဲ မေးကြ၏။ မမယင်လတ်ကလည်း မပြောနိုင်၊ ခရစ္စတလ်သည်လည်း အကြားအမြင်မရသဖြင့် ပြန်လည်မဖြေကြားနိုင်ပေ။ ထို့ကြောင့် အကျွန်ုပ်စိတ်ဝင်စားသော ဝိပဿနာလမ်းကြောင်းအပြင် သမထကျင့်စဉ်များ မကျင့်ထားမိတာ နာသကွယ်ဟု တွေးမိနေ၏။

သတင်းမေးသောသူများလည်း မောသွားကြပြီထင်၊ ရေကြီးလာပြီလားဟု သိပ်မမေးကြတော့ပေ၊ အမှန်တော့ ခရစ္စတလ်သည်လည်း ခေတ်မီလို၏။ ရေတွေ ဘယ်လိုကြီးတာ ဘယ်လိုဓာတ်ပုံတွေ ရိုက်ပြီး ပြလိုက်မည်ဟု စိတ်ကူးတွေ ယဉ်ထားသမျှ သဲရေကျတော့၏။ သို့ပေသည့် ရေသည်ကား အကျွန်ုပ်တို့ ခရိုင်တွင်းရှိ အလုပ်သမားများနေထိုင်ရာ စပါးကြီးမြွေကြီးများ အလွန်ပေါသော အရပ်သို့ အမှတ်မထင်ဝင်လာလေ၏။ အတူနေ အစ်မက ဓာတ်ပုံသွားရိုက်မယ်ဆို သွားရိုက်ချင်ရိုက်လေဟူ၏ သို့သော် သို့သော် မျက်စိထဲတွင် ပေါင်လုံးခန့်ရှိသော မြွေကြီးများကို ပြေးမြင်မိလေသောကြောင့် စပ်စုလိုသော စိတ်များကို မြိုသိပ်ခါ အိမ်နားသို့ ရေမရောက်လာသော်လည်း အိမ်ပေါ်မှ အိမ်အောက်သို့မဆင်းတော့ပေ။

ထိုထိုသော ကိစ္စများကြောင့် ဂူအောင်းနေရသောအခါ စိတ်နှင့်ရုပ်အား အလုပ်ပေးလိုသောကြောင့် ရတနာသုံးပါးထံသို့ အာရုံများ ညွှတ်ထားလေ၏။ အယုဒ္ဓယသို့ ရေဝင်ရောက်စဉ်ကတည်းက မနက်ငါးနာရီဆို ဘုရားရှိခိုးလေ၏၊ မတော် သေခဲ့သော ဒီကုသိုလ်လေးပဲ ပါမည်ဟု ယူဆကာ ကုသိုလ်စုဆောင်းခြင်းအလုပ်ကို လုပ်၏။ ဘန်ကောက်မြို့တွင် နေထိုင်သော ဘလော့ဂါ ကြောင်ဖြူများရှင်ကား စာတွေ ကြိုးစားနေသည်ဟု အတင်းရ၏။

တဖန် အားနေသော အချိန်များကို မုန့်လုပ်နည်းများကို မေးမြန်း(ဖုန်းဆက်ပြီး အမေထံသို့မေး၏)၍လည်းကောင်း၊ ချောဆိုသော မိန်းကလေးကို အားကျ၍ တနည်း နက်ထဲမှ ရှာဖွေဖတ်ရှုပြီးသကာလ အောက်တွင်တွေ့ရသော မုန့်ကို အလွန်ခက်ခဲစွာ ပြုလုပ်လေ၏။

ပူတင်းမုန့်ဆွမ်း ဘုရားဆွမ်းတော်ကပ်၏။
ပူလာတဲ့အခါ တင်းသွားလို့ ပူတင်းခေါ်တာနေမှာပါ။

 ဗူးလေးထဲမှာ ဇွန်းဖြင့် ကလော်ထားသော မလှလော။
အစားကောင်းလေးများစားရလျှင် အမေ့ကို သတိရ၏။ 
လူကြီးတွေအတွက် ကြက်ဥနှင့် နွားနို့ချည်းသက်သက် ကျွေးရလျှင် 
အားလည်းရှိ၊ ကျန်းမာရေးနှင့်လည်း ညီညွှတ်၏။ 
မနက်စောစော ထမင်းမစားချင်သောသူများအတွက်လည်း
ကော်ဖီဖြင့် တွဲဖက်သုံးဆောင်လျှင် အလွန်သင့်လှပေ၏။
မိနစ်နှစ်ဆယ်လောက်တော့ အချိန်ပေးရမည်။

 ညီမငယ်တယောက် ဟိုတလောက အင်္ကျီလိုက်ဝယ်ပေးဖို့ ခေါ်သောကြောင့် လိုက်ဝယ်ပေး၏။
အဝတ်အထည်များသည် အလွန်လှပေ၏။ သို့သော် ကိုယ့်အရွယ်နှင့်ဆို မလိုက်ဖက်တော့ပေ။ 
အနိစ္စပါတကား။ 
ထိုသူကလည်း ဖဘတွင် ထောက်ခံလေ၏။

 သစ်ခြောက်ပင်နှင့် ကောင်းကင် ယှဉ်တွဲ ဓာတ်ပုံရိုက်မည်ဟု ကင်မရာ ချိန်လိုက်စဉ် ဘွားကနဲ ပေါ်လာသော ဟက်စ်ကီးကြောင့် ရင်ခုန်သွား၏။
သူ့ကို ဓာတ်ပုံလှမ်းရိုက်လို့ နာ့ကို လှမ်းပစ်လိုက်ရင် ဒွတ်ခ။

ယခုနေထိုင်သော အခန်းမှ ကြည့်လိုက်လျှင် ကောင်းကင်ကြီး ပသာဒဖြစ်စွာဖြင့် နေတိုင်းမြင်တွေ့နိုင်၏။ လွမ်းတတ်သူများဆိုလျှင် တစိမ့်စိမ့်ကြည့်ကာ လွမ်းကြမည်ထင်၏။ မိမိစိတ်ကို ပြန်မေးသော စိတ်က ရလဒ်အဖြေထုတ်ပေး၏၊ အဖြေကား ခံစားမှု လေဟာနယ်ဟူ၏။

 ထိုမှ တဖန် ရှေ့ဆက်ရလျှင် တိမ်သားတွေ အလိပ်လိပ် တက်လာတိုင်း ထိုသူအတွက် ဓာတ်ပုံပို့ပေးရန် သတိရ၏။ အခု ရိုက်နေချိန်မှာ လေတိုက်နေသောကြောင့် တိမ်တို့ လေယူရာ တိမ်း ယိမ်းကြပြန်၏။ “လွမ်းစရာ့ သစ်ပင်ပါပဲလေ” ဟု ပြောလေမလား.......

ထိုသူလေးတို့တတွေ စားသောက်သော နေရာတချို့ကို ရောက်ဖူးခဲ့၏၊ သို့သော် သူတို့လည်ပတ်ကြသော နေရာများကိုကား မရောက်ဖူးခဲ့ချေ။
ထို့ပြင် သူတို့ ပြောနေကြသော နှင်းဆီအကြောင်းလည်း ဘာမှန်းမသိ၊ 
ကလေးတွေရဲ့ အထာ မလိုက်နိုင်မှန်းသိသော် ငါအိုပြီဟု သတိရ၏။
ထို့ကြောင့် ဤပုံလို အသာချောင်းရုံ ချောင်း၏။ 

ရန်ကုန်မှာ နေစဉ်ကပင် သင်တန်းများမှ သူငယ်ချင်းများနှင့် အမိတက္ကသိုလ်ကျောင်းတော်ကြီးမှ သူငယ်ချင်းများကို ရောထွေးတတ်၏။ ရင်းနှီးလွန်းသော သူငယ်ချင်းများမှ လွဲ၍ ကျန်သူများကို နာမည်ပါ မေ့ကုန်၏။ မိမိ၏ အားနည်းချက်ဖြစ်လေ၏။ တစ်စုံတယောက်က မိတ်ဆက်ပေးလျှင်လည်း နာမည်ကို ခဏတွင်းပင် မေ့သွားလေ၏။ သမ္မတဘုရှ်ကို သတိရ၏။ ယခုအခါ ဖဘတွင် နတ်သမီး၏ သီချင်းသရုပ်ဖော်မှုများကို တွေ့သောအခါ သိသလိုလို ခံစားလာရ၏။ ဘယ်မှာ စကားပြောမိဖူးပါလိ့မ်ဟု ဘယ်လိုမှ မစဉ်းစားတတ်တော့ချေ။ သူမ၏ အဒေါ်များနှင့်လည်း စကားပြောဖူးသလိုလို ဟိုလိုလို ဒီလိုလိုသာဖြစ်၏။ ဘာမှ မမှတ်မိ။ မှတ်ဥာဏ်များ ချို့ယွင်းနေပြီထင်၏။ 

ဆာရာဘူရီမြို့က အီတလီကျေးရွာပုံစံတူ အပန်းဖြေစရာနေရာလေး တစ်ခုဖြစ်ပါ၏။
ထိုမြို့လေးကို ညွှန်းဆိုသော ပိုစ့်ရေးသားသူကို  ကျေးဇူးတင်ရမည်။
သူ့ကြောင့် အတိုင်အဖောက်ညီသော ထိုသူနှင့် ခရီးသွားဖြစ်ခဲ့၏၊ 
သူကိုယ်တိုင် ပိုစ့်ရေးမည်ဆိုသောကြောင့် စောင့်စားနေရ၏။

အတိတ်ဆိုတာ ပစ္စုပ္ပန်မှာ အသုံးမဝင်တော့ပေ၊ နို့ပေမယ့် တိုက်ဆိုင်စရာအကြောင်းများရှိလျှင်တော့ တရစ်ဝဲဝဲ။ 
သူမ ခရီးထွက်သော ပုံများကို တင်ထားသောအခါ လွန်လေပြီးသော ရွှေရောင်လွှမ်းခဲ့သည့် အတိတ်များဆီ။ 
ရန်ကုန်က စက်ထဲမှ ဓာတ်ပုံများကို စီဒီခုတ်လာ၏၊ ယခု ပြန်ထုတ်ကြည့်မိလေ၏။
ဝေးခဲ့ပြီးသော ကာလများပါပေ။ 

 မကြာသေးခင်က အခန်းကို အလည်လာသွားတဲ့ ကြောင်မလေး။ အခုတော့ ဘယ်ရောက်နေလဲမသိ။

ကြောင်ဂိုဏ်းများအတွက် အမှတ်တရရေးနေသော သူမကို ကျေးဇူးတင်မိ၏။ ကိုယ့်အိမ်မှ အချစ်တော်လေးများအကြောင်း ရေးချင်မိ၏ သို့သော် အနည်းငယ်ပျင်းနေ၏ စိတ်နှစ်ပြီး စာရေးလို့မရ၊ စိတ်သည် တခါတရံ ဤသို့ ဖြစ်တတ်ချေသေး၏။

ထိုအရောင် ကြောင်လေးကို လိုချင်ပါသည်ဟု ဆို၏ ကျွန်တော်လာရင် ဒီကြောင်မျိုး လိုက်ဝယ်ပေးရမည်ဟု တောင်းဆိုသော ထိုသူကလေးလည်း ပိုစ့်တွေ ထပ်မရေးသည်မှာ ကြာလေ၏။ ကြောင်မလေး လိုက်ဖမ်းနေပြီလားမသိ။ 
ခမာပြည်ရောက်တိုင်း လိုအပ်သည်များကို အစ်ကိုကြီးသဖွယ် စိတ်ပူစွာ မှာသည်မှာ မဆုံးတော့ချေ :D

ခမာပြည်နဲ့ ပတ်သက်လျှင် အားတက်သရော ကူညီပေးကြတဲ့ သူတို့စုံတွဲ လေးကိုလည်း ကျေးဇူးတင်ရ၏။ 

ဝါခေါင်လဖွားခြင်းတူတဲ့ အစ်မထံ ဒီတခါ ခမာပြည်သွားရင်ဖြင့် လမ်းကြုံအောင် ဝင်မည်ဟု တွေးထားပါ၏။ အိမ်ရှင် မျက်ခုံးများ လှုပ်နေရှာရော့မည်ထင့်။ 

သတ္တဝါလေးတွေ အလွန်ချစ်တတ်ပါသော အကျွန်ုပ်သည် ဒီနေရာလေးမှာလည်း ပီဂျီလေးအကြောင်း သွားသွားချောင်းရ၏။ အပျိကြီးမဟုတ်သော်လည်း သတ္တဝါလေးတွေကို ချစ်တတ်ပါ၏။ 
တခါတခါ မျက်စိလည်ပြီး ရောက်ရောက်လာတတ်တဲ့ သူ့ ဆီလည်း စာဖတ်သွား၏။ အသစ်တင်သမျှ ဆိုက်ဘားလေးမှာ ပိုစ့်တက်လာရင် သူ့  ထံ စာသွားဖတ်၏။
 သူ့ ဆီလည်း တိတ်တိတ် စာဖတ်သွား၏၊ သို့သော် သူတို့ သိ၏။ ခြေသံ မလုံသောကြောင့် ဖြစ်မည်။ မြန်မာပြည်က ပုံရိပ်တွေ သတိရမိတော့ အန်တီ့နေရာလေးကို ရောက်ရောက်မိပြန်၏။

ရန်ကုန်မှာ နေတုန်းက မနက်မိုးလင်းလျှင် သတင်းစာဖတ်၏၊ အခုတော့ မနက်မိုးလင်းလျှင် ဆိုဒ်ဘားမှ လင့်များကို အသစ်ဘာတွေ တင်သလဲဟု ကြည့်၏ ဖတ်၏ ဘလော့ အလည်ထွက်၏။ ဆိုဒ်ဘားမှာ လင့်ချိတ်ထားတဲ့ မိတ်ဆွေများထံ အသစ်တင်တိုင်း ရောက်ပါ၏။ ဘလော့တွေမှာရော ဖဘမှာပါ ကိုယ်နဲ့ မဆိုင်သောအကြောင်းအရာများကို ဝင်မရှည်မိစေရန် မိမိလက်ကို ကွန်ထရိုးလုပ်နေရသေး၏။ သူများမကြိုက်မှာ စိုးပါသည်။ :(((

ဘလော့ပိတ်သိမ်းသွားပြီဖြစ်သော ကိုလူထွေးသည် ထိုအကြောင်းများ ဇွဲကောင်းကောင်းနှင့် ရေးနေစဉ်တုန်းက အားပေးခဲ့ဖူး၏။

ထိုထိုဤဤအကြောင်းများ ရေးရခြင်း၏ ရည်ရွယ်ချက်မှာကားးးးးးးးးးးးးးးး
မိန်းကလေးအများစုသည် ခန္ဓာနှင့်ရင်းနှီးကာ တစ်စုံတရာ လက်ခံရယူရသော မိန်းကလေးအပေါ်၌ အထင်မြင်သေးများခြင်းရှိကြပါ၏။ ထို့ပြင် မိမိချစ်သူ လင်ယောက်ျားများနှင့် ပတ်သက်ဆက်နွယ်ခဲ့ကြပါလျှင် ပိုဆိုးတော့၏။ သို့သော် ပြဿနာဇစ်မြစ်ကိုကား  မရှာကြပေ။ ဒါက တကိစ္စဖြစ်ပေ၏။
မြန်မာနိုင်ငံတွင် မြို့နေလူထုထက် ကျေးရွာနေလူထု ပိုများသည်ကို အများသိပြီးဖြစ်၏။ လူနေထူထပ်သော ကျေးရွာမြို့ငယ်လေးများရှိ အိမ်ထောင်သည်အမျိုးသမီးအများစုသည် ရောဂါရမှန်းလည်း မသိကြ၊ ကျန်းမာရေး ဗဟုသုတများလည်း အလှမ်းဝေးကြကုန်၏။ မြန်မာလူမျိုးတို့၏ စရိုက်အရ ထိုကိစ္စများကို အရှက်တရားအောက်တွင် ထားလိုက်ဘိသောအခါဝယ် မဖြစ်သင့် မဖြစ်ထိုက်သည်များဖြစ်ကုန်ကြ၏။ မြန်မာနိုင်ငံတွင်း ကယ်ဆယ်ရေးအဖွဲ့အသီးသီး၏ ဦးတည်အုပ်စုတွင်လည်း မပါဝင်၊ နိုင်ငံတော်၏ အလေးထားဆောင်ရွက်မှုများမှာလည်း ထိရောက်လှသောကြောင့် ထိုနှစ်ဝတွင် လစ်လပ်လျှက်ရှိပေ၏။ ဗဟုသုတလည်း နည်းပါး၊ ယောက်ျားများ၏
 များများမသိတာကောင်းသည် ဟူသော လွဲမှားတဲ့ အတ္တများ အယူအဆများအောက်တွင် အိမ်ထောင်သည်မြန်မာအမျိုးသမီးများစွာတို့ အသက်များ စတေးရပြန်၏။ ထိုထိုသော အကြောင်းများကို မျက်ဝါးထင်ထင် တွေ့မြင်မိသောအခါ ကိုယ့်ထမင်းကိုယ်စား၍ လျှာအလွန်ရှည်သော အကျွန်ုပ်သည် ပိုစ့်ရေးကာ ထင်ရှားစေဖို့ ကြိုးစား၏။ ဇာတ်ကို ခဏနားကာ မိန်းကလေးတွေ လာဖတ်လျှင် လွတ်ကောင်းမည်ဟု တွေး၏၊ ကောင်မလေးတွေ စိတ်ဝင်စားအောင် ဘယ်လိုလုပ်ရမည်မသိ။ သို့နှင့်ပင် တခန်းရပ်သွားသော ပိုစ့်များဟုသာ နာမည်တပ်ရတော့မည် ထင်၏။

ထိုထိုသော အကြောင်းအရာများက တိုလီ ထွာလီ ပိုစ့်ဖြစ်လာ၏။ အမျိုးထဲ ယခု နောက်ဆုံးမျိုးဆက်လေး တစ်ဦး အကျွန်ုပ်နှင့်တူသည်ဟု ဆို၏။ ယခုခေတ်ကာလတွင် မိန်းကလေးဖြစ်လာရသဖြင့် အကျွန်ုပ်မှာ စိတ်မောနေ၏။ ခေတ်ကာလအရ ဒါက တစ်မျိုး။ ဘာသာရေးအရကြည့်လျှင် သမုဒယတစ်မျှင်တိုးသောအခါ ကြီးကြီးကျယ်ကျယ်ပြောရလျှင် ဘုရားလောင်းကို သတိရမိပါ၏။ နန်းတော် ဥယျာဉ်ထဲတွင် နိမိတ်ကြီးလေးပါးမြင်ပြီး ပြန်အလာ သားတော်ရာဟုလာလေး ဖွားမြင်တော်မူခိုက်နှင့် ကြုံ၏။ ထိုအခိုက် ဘုရားလောင်းစိတ်ထဲတွင် ဖြစ်စဉ်ကို အမှန်အတိုင်းပြောရလျှင် သဘောမကျဖြစ်ခဲ့မိဖူး၏။ မိမိမြတ်နိုးတော်မူလှသော မိဖုရားမှ ဖွားမြင်လေသော သားတော်အပေါ် စိတ်မောမှုကို နားမလည်ခဲ့ပါချေ။ ယခုအခါတွင် တူမလေးရရှိချိန် ရန်ကုန်မှ ဓာတ်ပုံများ ပို့လာသောအခါ သမုဒယတွေ တိုးပြန်ပေါ့ဟု သက်ပြင်းများ ချမိသည်နှင့် တပြိုင်နက် ဘုရားလောင်းကို ကိုယ်ချင်းစာမိပါတော့၏။ လငပုပ်ဖမ်းတာ စိတ်အစဉ်ကို ဖြစ်မှာပေါ့ဟု ဥာဏ်လေး တစ်ထွာတစ်မိုက်တွေးမိပါ၏။
တွေးရကောင်းလား အပြစ်တင်လျှင်လည်း ခံရပါတော့မည်၊ သို့သော် တွေးမိပြီးပြီ။
အပိုင်း(၂)တွင် ဘာသာရေးအကြောင်း ဇောင်းပေးရေးမည်ဟု ကြံရွယ်မိ၏။
လင့်ပိုင်ရှင်များကို ကြိုတင်ခွင့်မတောင်းပဲ လင့်ထားမိပြန်ပါတယ် ခွင့်လွှတ်ကြမယ်လို့ ထင်ပါတယ် :)))

လေးစားစွာဖြင့်
ခရစ္စတလ်

Saturday, November 12, 2011

ဓါတ်ခဲများနေ့

by Vimuttisukha Bliss on Friday, November 11, 2011 at 10:19pm


ဒီနေ့ကတော့ အားလုံးသိထားပြီးတဲ့အတိုင်း 11.11.11 နေ့ပါဘဲ။
ကျွန်တော်တို့ဆီမှာလည်း ဖုန်းတွေနှင့် ဟိုလူက message ပို့။ ဒီလူက message ပို့ပေါ့။ (အဲဒီ message ကို လူ (၁၁)ယောက်ဆီကို (၁၁) မိနစ်အတွင်းပို့ဆိုတာတောင် ပါလိုက်သေး။)
ကိုယ်ကလည်း ပြန်ပို့တော့ ဂျပန်မိတ်ဆွေတစ်ယောက်ဆီက message ပြန်ဝင်လာပါတယ်။
ဒီနေ့က 11.11.11 ဖြစ်တဲ့အပြင် “ဓါတ်ခဲများနေ့” ပါတဲ့။
ဘာလို့လဲဆိုတော့ ဂျပန်ခန်းဂျီးစာလုံးနှင့် ဒီနေ့ ရက်စွဲကို ရေးမယ်ဆိုရင် 十一年十一月十一日 လို့ရေးရပါတယ်။ ခန်းဂျီးနှင့် တစ်ဆယ်ကိုရေးရင် ( 十 ) လို့ ရေးရပြီး တစ်ကိုရေးရင် ( 一 ) လို့ ရေးရပါတယ်။ အဲဒါဟာ ဓါတ်ခဲတစ်လုံးမှာပါတဲ့ Positive ( + ) နှင့် Negative ( - ) တို့နှင့် သွားပြီးတူနေပါတယ်။ အဲဒါကြောင့်ဒီနေ့ကို “ဓါတ်ခဲများနေ့” လို့ ဂုဏ်ပြုသတ်မှတ်ထားတယ်လို့ဆိုပါတယ်။ ဂျပန်လိုရေးရင်တော့ 電池の日 လို့ရေးပါတယ်ခင်ဗျား။
စိတ်ဝင်စားရင်တော့ အဲဒီဂျပန်စာလုံးနှင့် အင်တာနက်မှာ ဆက်ပြီးရှာဖွေ ဖတ်ရှုနိုင်ကြောင်းပါ။

အိမ်ဦးနတ် ၁၁ရက်နေ့က ပို့လာတဲ့အကြောင်းလေးပါ။ သူ့ဖဘမှာ တင်ထားပါတယ်။ ကိုယ့်ဝန်းကျင်က မိတ်ဆွေတွေလည်း သိရအောင် တင်ပေးလိုက်တာပါ။

ထိုင်းနိုင်ငံ ရေကြီးတော့ လျှပ်စစ်မီးတွေ တချို့နေရာတွေမှာ အဖြတ်ခံရတယ် ဒါကြောင့် ဘန်ကောက်ထဲမှာလည်း မီးဖြတ်ခံရရင် နောက်ပိုင်းပေါ်နေတဲ့ လျှပ်စစ်နဲ့ သွင်းတဲ့ လက်နှိပ်ဓာတ်မီးတွေက အလုပ်မဖြစ်တော့ဘူး၊ မီးမလာရင် အားသွင်းမရဘူးလေ။ အခု ဓာတ်ခဲနဲ့ ထွန်းတဲ့ လက်နှိပ်ဓာတ်မီးတွေ ပြန်ရောင်းအားကောင်းလာတယ်၊ ဓာတ်ခဲတွေလည်း ဝယ်မရအထိဖြစ်ကုန်ပါပြီ။ ခေတ်ကြီးက နောက်ပိုင်းမှာ နည်းပညာတိုးတက်မှုတွေကို သဘာဝတရားကြီးက ဒဏ်ပြန်ခတ်နေတဲ့ချိန် ဓာတ်ခဲများနေ့ဆိုတော့ အင်းးးးးးးးးးး နည်းပညာ၊ သဘာဝတရား၊ လူသားတွေ ဆက်တွေးမိပါတယ်။ မိတ်ဆွေတို့လည်း တွေးကြည့်ကြပါအုံးလို့........။

လေးစားစွာဖြင့်
ခရစ္စတလ်

“မြွေ” နှင့် အကျိုးပေးသလော ...

မြွေနဲ့ ကြိုးအခွေနဲ့ ကွဲပြားအောင် ဝိုင်းပြထားပါတယ်

(2009)ခုနှစ်တုန်းက နေခဲ့တဲ့ အိမ်ခန်းကို မိုးဦးကျမှာ စပြောင်းလာတာပေါ့။ အခန်းက အောက်ထပ်လည်းဖြစ်တဲ့အတွက် သွားလာရတာ အဆင်ပြေပြီး၊ နောက်ဘက်မှာ ပန်းခြံကြီးရှိနေတာကြောင့် အေးချမ်းလှပါတယ်။ မီးဖိုချောင်နောက်ဘက်မှာ သပြေညောင်ပင်ရှိပါတယ်၊ ညောင်ပင်ရဲ့ အကိုင်းတချို့က အခန်းကို ထိစပ်နေပါတယ်။ ဒါကြောင့် ကောင်ကောင်က ခဏခဏလာလည်တာလေ။ ဒီလောက်ဆိုရင် ခရစ္စတလ် ပြောချင်တာ ရိပ်မိလောက်ရောပေါ့နော်။

ပထမအကြိမ် မိတ်ဆက်ခြင်း
အခန်း အနောက်ဘက် မီးဖိုခန်းနဲ့ ရေချိုးအိမ်သာက ကပ်လျှက်ပေါ့၊ မီးဖိုထဲ ဟင်းချက်၊ ရေချိုးခန်းထဲ ပန်းကန်ဆေးရတယ် ဒီလိုနဲ့ တစ်နေ့မှာ ပန်းကန်ဆေးပြီး ရေချိုးခန်းက အထွက် ခြေထောက်အောက်က ခြေသုတ်ပုဝါနားမှာ လှုပ်ခတ်သွားတာတွေ့လိုက်ပါတယ်။ အိမ်မြှောင်တွေတော့ တက်နင်းမိတော့မှာပဲ လွတ်လွတ်ကင်းကင်းမနေဘူးလို့ တွေးမိတုန်း စက္ကန့်ပိုင်းအတွင်းမှာပဲ အိမ်မြှောင်မှ ဟုတ်ရဲ့လားမသိ သံသယစိတ်နဲ့ ခြေသုတ်ကို ဆွဲလိုက်တာ လျှောကနဲထွက်လာပါလေရော.......။
လန့်သွားလား မိတ်ဆွေ...ကျမကတော့ တော်တော်လေး လန့်သွားပါတယ်၊ အရောင်က အစိမ်းနဲ့ အနက်ကြားလေး ၊ အုန်းသီးကြွက်မြီးလိုပဲ ရုတ်တရက်ကြည့်လိုက်ရင်၊ အမောက်ကတော့ ထောင်နေတာပဲ အရွယ်လေး ငယ်ပေမယ့် အထင်မသေးသင့်တဲ့အထဲ သူလည်း ပါတယ်ထင်တယ်။ ကောင်ကောင်လေးက အခန်းထဲမှာ သူ့အိမ်သူ့ယာကျနေတာပဲ လျှောက်သွားနေပါတယ်။ အသိညီမလေးတစ်ယောက်ကို ဖုန်းအမြန်ဆက်၊ ဘာလုပ်ရမလဲဆိုတော့ အားကိုးရပါတယ် မလာရဲဘူး နီးရာ တစ်ယောက်ယောက်ကို ဖုန်းပေးလိုက် သူပြောပေးမယ်တဲ့ သူက ဖုန်းထဲမှာတော်တော်လေး ကြောက်နေပါပြီ၊ အပြင်မှာ တကယ်တွေ့နေတဲ့သူက မကြောက်ရဘူး။ နောက်ဆုံးတော့ အိမ်ဘေးက ထိုင်းလူမျိုးယောက်ျားလေးတွေကို အကူအညီတောင်းပြီး ဖယ်ခိုင်းလိုက်ရပါတယ်။ မသတ်ဖို့လဲ အခါခါ ပြောယူရတယ်။ လာဖမ်းပေးတဲ့သူက မြွေကို အမြီးကနေ ဆတ်ကနဲ ကောက်ဆွဲလိုက်တာ တန်းလန်းလေး ပါသွားပါလေရော။

ဒီလိုနဲ့ စိတ်အေးရရောလားဆိုတော့ မဟုတ်သေးဘူး၊ မြွေဝင်လာတဲ့ မီးဖိုထဲကို မသွားရဲလို့ ထမင်းဟင်း မချက်စားဖြစ်လိုက်တာ နှစ်လတောင် ကြာသွားတယ်။ အိပ်ခန်းထဲ မဝင်လာအောင် အပေါက်တွေကိုလည်း အားလုံးပိတ်ထားရတယ်။ အခန်းထဲမှာ လှုပ်တာလေးမြင်သမျှ မြွေလား စောင့်ကြည့်နေရတဲ့ အနေအထားကို ရောက်နေပြီပေါ့ရှင်။

ဟုတ်ပါ့၊ မြွေနဲ့ အကျိုးပေးတာ ငယ်ငယ်ကတည်းကပေါ့၊ ကြောင်ပန်းရွက်ပင်တွေ ကျမတို့ ဇာတိမြေ နယ်မှာ ပေါမှပေါ၊ ကလေးဘဝတုန်း အပင်တွေနဲ့ လှီးဖြတ်ပြီး ထမင်းဟင်းချက်တိုင်းကစားကြတယ်လေ၊ အဲလိုနဲ့ တနေ့ အပင်ဆီကို လက်လှမ်းလိုက်တုန်း အဖေက နောက်ကနေ ဆွဲပွေ့လိုက်ပါလေရော၊ ပြီးတော့ ခပ်လှမ်းလှမ်းကနေ အစိမ်းရောင်မြွေတစ်ကောင် လက်မအရွယ်လုံးပတ်နဲ့ အပင်ထက်မှာ၊ ကံကောင်းလို့ အဖေက အဆွဲမြန်ပေလို့သာ။
ခရစ္စတလ်တို့ နယ်က  ခြံကြီးရဲ့ရှေ့မှာ ရေအိုင်လား ရေကန်လား အကြီးကြီးတခုရှိပါတယ်၊ အဲဒီနားမှာလည်း မကြာခဏ မြွေတွေနဲ့ ခလုပ်တိုက်နေကြပေါ့၊ တခါမှ အန္တရာယ်မပြုပါဘူး။ အခုလိုအချိန်မှာ စဉ်းစားမိတာက မြွေဆိုတာ ကြောက်ရမယ် အန္တရာယ်ရှိတယ်ဆိုတာ သိတဲ့ အသိနဲ့ ကြောက်နေတာကိုးနော်။

ဒုတိယအကြိမ် သရုပ်ဖော်တင်ဆက်မှု
မနက်ပိုင်း ဘုရားရှိခိုးဆွမ်းတော်ကပ်နေတုန်း မှတ်မှတ်ရရ သဗ္ဗဇယမင်္ဂလာဂါထာ ပူဇော်နေတုန်း အခန်းမျက်နှာကျက်ကနေ ပြုတ်ကျသံကြားလိုက်ရပါတယ်၊ အိမ်မြှောင်တွေလည်း ဒီလိုပဲ ခြေမခိုင်ပဲ ပြုတ်ကျနေကြတာမို့ မျက်လုံးဖွင့်မကြည့်မိပါဘူး။ ဘုရားဆက်ရှိခိုးနေတာပေါ့။ ခဏနေတော့ စိတ်ထဲမှာ တခုခုထင့်နေလို့ မျက်လုံးဖွင့်မိတော့ အထက်ပါပုံအတိုင်း ကောင်ကောင်က တီဗွီအင်တာနာ ကြိုးခွေပေါ်မှာ တန်းလန်းလေးဖြစ်နေတာ တွေ့လိုက်ရပါတယ်။ ဘုရားရှိခိုးနေတဲ့ ကိုယ့်မျက်နှာနဲ့ သူရှိနေရာ နေရာက နှစ်ပေလောက်ပဲ ဝေးပါတယ်၊ ကိုယ်တော်က ကျမကို စိုက်ကြည့်နေတယ်...........။

ကြိုးခွေပေါ်ရှိနေတဲ့ မြွေပိစိကို ဖယ်ဖို့ ကြိုးစားနေတုန်း ဘယ်နားရောက်သွားတယ်မသိ ပျောက်သွားပါတယ်။ တနေ့လုံးရှာတယ် မတွေ့ပါဘူး။ နောက်နေ့မနက် အိပ်ယာထတော့ ဘုရားစဉ်အပေါ်က မီးကြိုးမှာ တရွေ့ရွေ့သွားနေတဲ့ ကောင်ကောင်လေးကို ပြန်တွေ့တော့တာပါပဲ။

ထိုင်းတွေ ဘယ်လောက် ဝေးဝေးသွားပစ်တယ်တော့မသိဘူး အိမ်ရှေ့ခဏခဏ 
ပြန်ရောက် ရောက် လာပြန်တယ်၊ ဒုတ်ရှည်ရှည်လေးနဲ့ တွန်းပြီး မောင်းထုတ်ရတယ် သူ့အမြီးလေးကို ထိသွားလို့ ဒုတ်ကို အငြိုးကြီးကြီးနဲ့ ပေါက်လိုက်တာများ ဒလစပ် ပါပဲ။ နောက်တော့ ဒုတ်မှန်းသိပြီး ပေါက်မရတော့မှ ဒုတ်ကို စိမ်းစိမ်းကြီးစိုက်ကြည့်နေရဲ့။ တခါ တခါတော့လည်း အိမ်ရှေ့ကြမ်းပြင်ကြွေပြားမှာ ချောနေတော့ သူတွားသွားရတာ အဆင်မပြေဘူး လိုရာကို တော်တော်နဲ့ မရောက်နိုင်ဘူးပေါ့ ရယ်ရသား...။ ဒါကြောင့် ဝမ်းနဲ့ တွားသွားရတဲ့ မြွေဘဝ၊ နဂါးဘဝတွေဟာ သနားစရာပါ။

နိဂုံးချုပ်ခြင်း
၂-နှစ်အကြာ အမေအလည်လာတဲ့အခိုက် ပြီးခဲ့သော ဇွန်လမှာပေါ့.........
ထုံးစံအတိုင်း အမေလာတော့ ချက်ပြုတ်စားသောက်ရတာ ပျော်စရာ။ ထမင်းဟင်းချက်တဲ့အခါ အကျွေးချင်ဆုံး လူသားနှစ်ယောက်ရှိတယ် အမေနဲ့ အိမ်ဦးနတ်။ အဖေက ကျမဆယ့်သုံးနှစ်သမီးတည်း ကွယ်လွန်ခဲ့ပြီမို့ အမေပဲ စုပုံချစ်နေရတယ်။ 
ဆီပုလင်းလေး လှမ်းယူဖို့ မီးဖိုချောင်အဝက ခြင်လုံသံဇကာတံခါးကို ဖွင့်လိုက်ရော
လက်က ဖုန်းပြောနေတာ တစ်ဘက်၊ တံခါးကို ဖွင့်နေတာ တစ်ဘက်၊ တံခါးကို ပြန်ပိတ်ပြီး ခေါင်းပေါ်ကို ပြုတ်ကျတယ် ဘာပြုတ်ကြပါလိမ့်....ခေါင်းပေါ်က ပြုတ်ကျတဲ့ အရာတစ်ခုက လျောကနဲ အောက်ပြုတ်ကျ ငုံ့ကြည့်တော့ လား လားးးးးးးးးးးးးးး။
အမယ်လေး အမေရဲ့ ကောင်ကောင်ပါတော့ ဒီတခါ ကောင်ကောင်က ပိုရှည်တယ်တော့ 
အဲလို အော်လိုက်တယ် မထင်ပါနဲ့လို့၊ အမေက ရောဂါသည် အမေလန့်သွားမှာစိုးတဲ့ ကျမအဖို့ရာ အသံမထွက်ပဲ အမေက အနားမှာဖြစ်တာမို့ အမေ့ကို လက်တစ်ဘက် လှမ်းတား ဖုန်းကို အမြန်ချ၊ ဘာစကားမှ အသံမထွက် ခပ်မြန်မြန်လှုပ်ရှားလိုက်ရပါတယ်။ အဓိကက အမေမလန့်ဖို့၊ မြွေက မီးဖိုချောင်ထဲမှာ ပြန်ဝင်သွားတယ်။ ရေချိုးခန်းဘက်က ကုတ်တက်ပြီး ကြည့်တော့ တံခါးနံရံပေါ်မှာ သူက အပေါ်ဘက်ကို တရွေ့ရွေ့။ သူသွားနေတာ ကိုယ့်အရပ်ထက်တော့ မြင့်တဲ့နေရာကို ရောက်နေပါရောလား။ ခက်ပါရော ဘယ်လိုဖယ်ကြမလဲ။ မီးဖိုချောင်ထဲကနေ အပြင်တွန်းထုတ်လို့မလွယ်ဘူး၊ တံခါးပိတ်ပြီး ဖမ်းတဲ့အခါ မိရင် တော်ရဲ့ မမိရင် တံခါးပိတ်ပြီး ဖမ်းမှာဆိုတော့ ဖမ်းတဲ့သူအတွက် အန္တရာယ်က အများသား။ ဘေးခန်းက မြွေဖမ်းပေးနေကျ အိမ်နီးချင်းတွေ အိမ်ပြောင်းသွားပြီ။ တကယ်ကို ခက်နေပါပြီ။
အိမ်ရှေ့နားက ဆိုင်မှာ မြန်မာကောင်လေးတစ်ယောက်ကို သွားခေါ်လာခဲ့တယ်။ ဒုတ်တစ်ချောင်းပေးပြီး အိတ်ထဲကို မြွေထည့်ပေးပါ။ ဝေးဝေးသွားလွှင့်လိုက်ပါ့မယ်လို့ သူနဲ့ ညှိတယ် သူက ရိုက်သတ်မယ်တဲ့၊ မသတ်ပါနဲ့ အရှင်ပဲ ဖမ်းပေးပါ။ မသတ်ပါနဲ့လို့ တောင်းပန်တယ်။ မြွေအရွယ်ကို ကြည့်ပြီး အိုကေ ဖမ်းမယ်ပေါ့။ မီးဖိုထဲ ဆင်းပြီး တံခါးပိတ်လိုက်တယ် တစ်ချက်ပဲ ကြားလိုက်တယ် ကိစ္စ ပြီးသွားပါရောလား။ 
အခါခါ ပြောနေတဲ့ကြားက တားနေတဲ့ကြားက မြွေလေး သေသွားရှာပါတယ်။ လူကို မြွေပေါက်မှာ စိုးရိမ်တာတစ်မျိုး၊ မြွေကို လူက သတ်မှာစိုးတာတမျိုး။ ကျမ ခေါင်းထဲမှာ သွေးလည်ပတ်မှုတွေ ကမောက်ကမတွေကို ဖြစ်ကုန်ရော...........။ နောက်ဆုံးတော့ မြွေလေးကို အမျှပေးဝေပြီး နောင်ဘဝ ဒီလိုမဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးရတော့တာပေါ့။ 


ဒီကြားထဲမှာ မြွေဝင်တာနဲ့ ပတ်သက်ပြီး ထိုင်းတွေက အတိတ်ကောက် ထီတွေ ထိုးကြ၊ မြန်မာညီမလေးတွေက ကျမကိုယ်စား မေးမြန်းသင့်တယ်ထင်တဲ့ နေရာတချို့မှာ သွားမေးကြ၊ သိုက်ရှိတယ်၊ ခြတောင်ပို့ရှိတယ်၊ ကျမရွတ်တဲ့ ဘုရားစာတွေကို သဘောကျတယ်၊ သဘောမကျဘူး စတဲ့ စတဲ့ မျိုးစုံသော ပွစိလေးတွေလည်း ဖြစ်သွားသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအခန်းက ကျမ မပြောင်းဖြစ်ခဲ့ပါဘူး၊ အခန်းမှာ မနေဖို့ အားလုံးက အကြံပေးတယ် အဲဒီချိန်က မပြောင်းဖြစ်ခဲ့ပါဘူး။ သိုက်ဖြစ်ဖြစ် အစောင့်ဖြစ်ဖြစ် မကျွတ်မလွတ်တာဖြစ်ဖြစ် ဖြစ်ချင်တာဖြစ် ကျမ ကောင်းမှုကုသိုလ်ပြုလုပ်နေတာဖြစ်တာကြောင့် မပြောင်းပါဘူး၊ ကြိုက်သလိုလုပ်ပါ၊ မေတ္တာပို့ပါတယ်။ အမျှဝေတာကို တချို့က မလိုလားလို့ သာဓုမခေါ်တာလည်း ရှိသေးတယ် မဟုတ်လား။ ထူးဆန်းတာတွေ ရှိလားဆိုတော့ ရှိသလိုလိုပါပဲ။ အဲဒီအခန်း ရောက်စက ဘုရားစာရွတ်ဖတ်ပူဇော်နေရင် မလှမ်းမကမ်းမှာ တစ်ဦးဦးရှိနေသလိုပါပဲ။ မမြင်ရတော့ မကြောက်ပါဘူး။ နောက်တစ်ချက် တိုက်ဆိုင်တာက အိမ်အနီးအနားမှာ အိမ်ထောင်သည်တွေ တော်တော်များများ ကိုယ်ဝန်တွေ ရကုန်ကြတယ်။ အခန်းရောက်စတုန်းက အခန်းမှာနေခွင့်ပြုဖို့ အဆင်ပြေသလို ခွင့်တောင်းပါတယ်၊ ဟုတ်သော်ရှိ မဟုတ်သော်ရှိ။ သိုက်ရှိတယ်ဆိုတော့လည်း ကောင်းရာမွန်ရာ ဘုံဘဝများကို သွားကြပါ ကုသိုလ်တွေကို သာဓုခေါ်ပါလို့ မြန်မာလို ကိုယ့်ဖာသာ ဆီလျှော်သလိုပြောပါတယ်။ ပြီးတော့ ကောင်းမှုကုသိုလ်လုပ်နေတဲ့ ငါက ဘာလို့ ကြောက်နေရအုံးမှာလဲဆိုတဲ့ သတ္တိနဲ့ ဆက်နေပါတယ်။ တစ်ခါလောက်ပဲ ခွေးသေကောင်ပုပ်တဲ့အနံ့ ရဖူးပါတယ်။ များသောအားဖြင့် မွှေးတဲ့ အနံ့လေးတွေပဲ ရတတ်ပါတယ်။ ပြောရအုံးမယ် သူတို့နဲ့ ကျမ သဘောတူညီမှု တစ်ခု ယူထားသေးတယ်၊ အခန်းမှာ နေချင်တယ်ဆိုရင် အိမ်မြှောင်အနေနဲ့ပဲနေတယ်။ မြွေဆိုတော့ အန္တရာယ်များတယ်လို့ ပြောထားတယ်။ ဒီတော့ နေကြရောလားလို့ မေးမယ်မဟုတ်လား၊ တခန်းလုံး အိမ်မြှောင်အကောင်အရေအတွက် အကောင်နှစ်ဆယ်လောက်ရှိပါတယ်ရှင်..................။

မြွေဒုတိယအကြိမ်လာပြီး ပျောက်သွားတဲ့နေ့ ညက အိပ်မပျော်လို့ အင်တာနက်ထဲ ခေါင်းဝင်ပြီး စိတ်ကို ဖြေတယ်။ တရားမှတ်တယ်၊ ဘယ်က ပေါ်လာမယ်မှန်းမသိတဲ့ မြွေကို စိုးရိမ်ကြီးစွာနဲ့ စောင့်နေရတာကိုး။ ပြီေးတာ့ နက်ထဲက မြွေနဲ့ ပတ်သက်တာတွေ ရှာတော့ ကြောင်ဖြူများရှင်ကြီးရေးထားတဲ့ မြွေဖမ်းတဲ့ပိုစ့်ကို တွေ့ရ ဖတ်ရ၊ နောက်ပိုင်းမှာ အဲဒီဆိုဒ်ကို မှတ်ထားပြီး သွားသွားဖတ်ဖြစ်ခဲ့တယ်။ ကြောင်တွေ အကြောင်းရေးလို့လည်းပါတယ်။ ကြောင်ချစ်သူမို့ ဘယ်ဘလော့ဂါ ကြောင်ပိုစ့်တွေ ရေးရေး သွားသွားဖတ်ဖြစ်ပါတယ်။ ပြောချင်တာကတော့ ကြောင်ဖြူများရှင် ဒီပိုစ့်လေးနဲ့ ပထမဆုံး သိခဲ့ရတာပါလို့...
http://www.justice999burma.com/2010/10/blog-post.html

လေးစားစွာဖြင့်
ခရစ္စတလ်