သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Monday, December 5, 2016

လူ့ပြည် နဂါးပြည် စုန်ချီ ဆန်ချီ

ကျန်းမာရေးပရောဂျက်အလုပ်ထဲမှာ ခရီးတွေ သွားလာရင်း မန္တလေးဆိုတာ ခဏခဏရောက်ဖြစ်တဲ့ မြို့ပေါ့။ ခရီးထွက်တိုင်း ရောက်ရာအရပ်မှာ ဘုရားဖူးပါတယ်။ ဘုရားသမိုင်းတွေကို ဒေသခံတွေဆီက နားထောင်ရတာ တစ်မျိုးအရသာပေါ့။ အရပ်ဓလေ့တွေထဲ ပါးစပ်ရာဇဝင်လေးတွေ နားထောင်ရတာ တစ်မျိုးကောင်းပါတယ်။ အဲလိုဝါသနာပါတဲ့ ကျမအတွက် ပရောဂျက်ခေါင်းဆောင်ဆရာဝန်ကြီးက သတင်းတစ်ခုသယ်လာပါတယ်။ ဘုန်းကြီးကျောင်းတစ်ခုထဲက ဘုရားမှာ နဂါးတွေ အတော်ဝင်ပူးဆိုပဲ ကျမကို စပ်စုချင်ရင် သုတေသနလုပ်ချင်ရင် သွားမလား လိုက်ပို့မယ်လို့ဆိုပါတယ်။ ဒါနဲ့ အလုပ်တွေပြီးချိန် အချိန်ရမယ်ဆို သွားဖို့ဆုံးဖြတ်လိုက်ကြပါတယ် ...။
ဘုန်းကြီးကျောင်းရောက်သွားပြီဆိုပါစို့ ..။ ဘကဘုန်းတော်ကြီးကျောင်းတစ်ခု၊ သမိုင်းထဲက နာမည်ကျော်ဘုရားစေတီတစ်ဆူနဲ့ အဲဒီနားက တည်လက်စ နဂါးရုံဘုရားတစ်ဆူ။ ဘုရားစေတီအလှူရှင်ဒကာမကြီးက သမိုင်းထဲက အလွန်လှပတဲ့ ရှမ်းမင်းသမီးတစ်ပါးဖြစ်ပါတယ်။ ဒီလောက်ဆို ဘယ်ဘုရားလဲ ရိပ်မိလောက်ရောပေါ့နော်။
ဘကဘုန်းတော်ကြီးကျောင်းဆရာတော်က .. မိန်းကလေးတစ်ဦး မကြာခင်ကျောင်းလွှတ်အပြန် ဒီနားက ဖြတ်သွားလေ့ရှိပါတယ် ခေါ်ပြီးပြမယ် ဘာတွေဖြစ်မလဲ ဘာလဲဆိုတာ ခေတ်အမြင် ဘာသာရေးအမြင် ဒကာမတို့အမြင်ကို သိလိုပါတယ်လို့ မိန့်ပါတယ်။ အဲဒီအချိန်မှာပဲ ဘုရားစေတီနားက နတ်ကွန်းမှာ ရှမ်းဆိုင်းတွေတီးလို့ပေါ့။ နတ်ကွန်းနားမှာ ဆိုင်းတွေ တီးကြ ကပြကြနဲ့ .. နတ်ချော့တာလား သူတို့ကချင်တာလား လျှောက်တွေးမိသေးတယ် ...။
ကျမကတော့ ဘယ်အရာမဆို ငါဆိုရင်ရောလို့ တွေးတတ်တယ်။ ဆိုပါစို့ နတ်ဖြစ်တယ်ဆိုပါတော့ ..အမွှေးတိုင်တွေ မွှန် အုန်းသီးငှက်ပျောသီး အစိမ်းတွေနဲ့၊ ကိုယ်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ပုဝါတွေ အတင်းခြုံပေး ပြီးတော့ရှိသေးတယ် မြနန်းနွယ်ဆီမှာ တိုးတိုးအနားကပ်ဆုတောင်းရင် ပြည့်တယ်ဆိုလို့ အနားကပ်တိုးတိုးဆုတောင်းကြသတဲ့။ ကျမသာ နတ်ဖြစ်ရင် မကြိုက်ဘူးနော်။ လူတကာလာ တိုးတိုးလာပြောရင် နားညည်းတာတစ်မျိုး လူနံ့မျိုးစုံနဲ့ အုန်းသီးငှက်ပျောသီးအစိမ်းဆိုတာလည်း စားကောင်းသောက်ဖွယ်မဟုတ်။ ကိုယ်ချင်းစာကြည့်တာပါ ...။
ဆိုတော့လေ တစ်ခုလေး ပြောကြည့်ချင်တာက .. ဗေဒင်ဆရာက ပြောတာဖြစ်ဖြစ် အခြားတစ်ဦးဦးက ယတြာချေဖို့ပြောလာရင် ဥပမာ- ဘယ်သူ့ဆီမှာ ပွဲထိုးပွဲဆက်ရမယ်ဆိုရင် ပွဲထိုးဖို့ကုန်ကျငွေကို ကိုယ်လှူရမယ့်သူ နာမည်နဲ့ (နတ်အမည် ဘိုးတော်အမည် နတ်သမီးစသည်ပေါ့) အလှူဒါနပြုပေးလိုက်ပါ။ အလှူပြုပြီးရင် သူတို့နာမည်နဲ့ အခြားမြင်အပ်မမြင်အပ်သတ္တဝါတွေကို အမျှပေးဝေလိုက်ပါ။ ပါးစပ်က အသံထွက်ပြီး စိတ်ပါလက်ပါ အမျှဝေပေးပါ။ အလှူ လှူပေးနေတဲ့အချိန်မှာလည်း သူတို့ကိုယ်စား ကောင်းမှုကုသိုလ်ပြုပေးနေတဲ့ စိတ်လေးကို ကြည်ကြည်လင်လင်လေးထားပေးပါ။ ကိုယ်က ဘာဖြစ်ချင်တယ်ညာဖြစ်ပါစေဆိုတာတွေ ခဏမေ့ထားပြီး စိတ်ကို ပေါ့ပေါ့ပါးပါးနဲ့ သူတို့ကိုယ်စားကောင်းမှုပြုပေးနေတဲ့ စိတ်ကလေးသာဖြစ်ပါစေ။ ဒါက လမ်းကြုံ စကားလက်ဆောင်ပါးတာပါ။ ဒီလိုလေး လုပ်ပေးတာ ထူးခြားမှုရှိတာ သိလာပါလိ့မ်မယ်။ ဘာထူးခြားမလဲဆိုတဲ့ စိတ်ကြီးနဲ့လည်း မလုပ်လိုက်ပါနဲ့အုံး၊ ကုသိုလ်ပြုနေချိန် စိတ်ကလေးကို ကြည်လင်အောင်သာထားလိုက်ပါ ...။
ခုနက စကားပြန်ဆက်ရရင်တော့ ကိုးတန်းအရွယ်မိန်းကလေးတစ်ဦးက ဘုန်းကြီးကျောင်းရှေ့က ဖြတ်သွားချိန် ဆရာတော်က ခေါ်ခိုင်းလို့ ကလေးမလေး ရောက်လာပါတယ်။ ကလေးမလေးက ဘုရားကိုကန်တော့ ဆရာတော်ကိုကန်တော့ပြီး ခေါင်းပြန်မော့လာချိန်မှာ မူမမှန်တော့တာ စပါတော့တယ်။ သူရဲ့ မူမမှန်မှုက မမြင်ရရင် ယုံဖို့တော်တော်ခက်တဲ့အနေအထားပါပဲ။ ဆရာတော်ကို ကန်တော့ပြီးကတည်းက ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေပြီး လက်က အပေါ်မြှောက်လို့ ပူးထားသလိုဖြစ်၊ ခြေထောက်တွေက လိမ်သွားပါတယ်။ သာမာန်လူတစ်ယောက်ခြေထောက်တွေ လိမ်သွားဖို့ဆိုတာ ဖြစ်ခဲတယ်နော်၊ တအားလိမ်တာမျိုးဆိုရင် အကြောပျော့တဲ့သူတွေ လေ့ကျင့်ထားသလိုမျိုးမှဖြစ်မယ် ပျော့ပျော့လေးနဲ့ လိမ်သွားတာမျိုးဆိုပါတော့ ...။
ဘုရားစေတီနားက သံမံတလင်းပေါ်မှာ လူးနေတာများ မြွေတစ်ကောင်လူးနေတာမျိုး၊ ဘယ်လောက်လူးသလဲဆိုရင် လက်တစ်တောင်ဆစ်နားက သွေးတွေထွက်လာတဲ့အထိပါပဲ။ ဆရာတော်က ကလေးမလေး ပင်ပန်းလို့ ထွက်ခိုင်းတာ မထွက်သေးပဲ နာရီဝက်လောက်ကြာအောင်ပဲ မြေမှာလူးလို့ ဘုရားကို အခါခါကန်တော့နေပါတယ်။ အဲဒီအချိန်အတွင်းမှာပဲ ခုနက ရှမ်းဆိုင်းတီးတဲ့သူတွေလည်း ဝင်ပူးကတာတွေ ဖြစ်လာပါသေးတယ်။ ဒါပေမယ့် ပူးဝင်သူအားလုံး (၇)ယောက်လောက်ထဲမှာမှ ဒီကလေးမတစ်ဦးပဲ ဘာဆိုင်းအလိုက်မှ ကနေတာမဟုတ်၊ လူအသိစိတ်နဲ့ လုံးဝကင်းကွာသွားတာမျိုးဖြစ်နေပါတယ်။ အရှက်လုံအောင်လည်း အတင်းချုပ်ပြီး လုံချည်စကို ကြိုးချည်ပေးထားရပါတယ်။ ကျမလည်း စိတ်ထဲကနေ သွေးထွက်လို့ နာတာတွေတောင် မသိရလောက်အောင် ဖြစ်တဲ့အချိန်မှပဲ ဘာဖြစ်လာမလဲ သိချင်တဲ့စိတ်ကိုလျော့ပြီး အတင်းနားခိုင်းဖို့ ဝိုင်းပြောရပါတော့တယ်။ ကြာရင် ကလေးမ အန္တရာယ်ဖြစ်လာတော့မယ်လေ ...။
တကယ်တော့ ကျမက မမြင်ရတာတွေကို အယုံအကြည်မရှိပါဘူး။ ကိုယ်တိုင်မမြင်ဖူးသမျှတော့ ငါဘယ်တော့မှ ယုံမှာမဟုတ်ဘူးဆိုတာမျိုး။ အခုလည်း ယုံလို့သွားကြည့်တာမဟုတ်ဘူး၊ ဘာတွေ အင်ထုနေကြတာလည်းဆိုတာ သွားကြည့်အုံးမှဆိုပြီး သွားခဲ့တာပါ။ ဆရာတော်က ဘယ်လိုမြင်လဲ ပြောကြည့်ကြပါအုံးဆိုတော့လည်း နားလည်ရခက်ပါတယ်ဘုရားလို့သာ လျှောက်လိုက်ပါတယ်။ ပြီးတော့ ဝင်ပူးလို့ လူစိတ်ပျောက်သွားတဲ့ ကလေးမလေးကို ခေါ်ပြီး အင်တာဗျူးကြည့်ပါအုံးလို့ ဆရာတော်က မိန့်တာနဲ့ ကလေးမလေးကို အနားခေါ်ပြီး မေးကြည့်ရတော့တာပေါ့လေ ...။
မနက်တိုင်း စေတီလေးဆီလာပြီး ဘုရားပန်းလဲလှယ် စေတီဝန်းကျင် သန့်ရှင်းရေးပြုလုပ်ပြီး ဘုရားရှိခိုးကန်တော့ မေတ္တာပို့ အမျှဝေပြီးမှ ပန်းရောင်းထွက်လေ့ရှိတဲ့ အမျိုးသမီးတစ်ဦးကို အနီးအနားက စေတီပျက်ငယ်များမှာ ရှိနေကြတဲ့ နဂါးတို့က အလွန်သဘောကျကြပါသတဲ့။ အမျိုးသမီးရဲ့ အေးအေးချမ်းချမ်းမေတ္တာပို့ အမျှဝေသံတွေကို မနက်တိုင်း ကြားနေရတဲ့အတွက် စေတီပျက်ငယ်များမှာရှိတဲ့ နဂါးတွေက ချစ်ခင်နှစ်သက်မိနေကြတာပေါ့။ တစ်ခါတော့ နဂါးမငယ်လေးတစ်ဦးက အမျိုးသမီးကို အမေလိုချစ်ခင်စိတ်ဖြစ်တာကြောင့် ဒီအမေနဲ့အတူနေရရင်ကောင်းမယ်လို့ စိတ်ဖြစ်မိလိုက်ပါတယ်တဲ့။ မကြာမီမှာပဲ ပန်းသည်အမျိုးသမီးမှာ ကိုယ်ဝန်ရပြီး သမီးမိန်းကလေးတစ်ဦးမွေးဖွားခဲ့ပါတယ်။ 
ကိုးတန်းကျောင်းသူမိန်းကလေးက သူမှတ်မိသလောက် ကျမကို ပြောပြပေးပါတယ်။ ငယ်ငယ်က ဒီဘုရားနားမှာ လာဆော့ချင်တာတွေ၊ ဒီလာရင် အမျိုးတွေ တွေ့ရသလို ပျော်နေခဲ့တာတွေ ဒီရောက်တိုင်း စိတ်ပြောင်းပြီး ဘဝဟောင်းတုန်းကလို ပြုမူမိတာတွေကို သူပြောတတ်သလို ခပ်ရိုးရိုးပြောပြပါတယ်။ 
အခုအရွယ်ရောက်လာတဲ့အခါ ကလေးမရဲ့အမေက ဒီလိုခဏခဏဖြစ်နေတာကြောင့် သမီးကလေး အန္တရာယ်ဖြစ်မှာစိုးတဲ့အတွက် ဘုရားကို မလာစေချင်ကြောင်းလည်း ပြောပြပါတယ်။ ကလေးမလေးကို စဝင်ပူးချိန်မှာ ဘာကိုနောက်ဆုံးမှတ်မိလဲဆိုတော့ အရိပ်ကနဲဖြစ်ပြီး နောက်ပိုင်း မြေမှာ လူးနေတာတွေကို သူဘာမှ မသိပါဘူးတဲ့၊ မြင်လည်း မမြင်ရပါဘူး။ မေ့နေသလိုဖြစ်သွားပါတယ်။ အခုပြန်သတိရလာချိန်လည်း မြေလူးလို့ နာကျင်တာတွေကို သူဘာမှ မခံစားရဘူးလို့ ရွှင်ရွှင်လန်းလန်းနဲ့ပဲ ပြောပါတယ်။ အနာစပ်တာလည်း ဆေးထည့်ပေးမှ နာမှန်းသိပါတယ်။ မြေလူးနေချိန်မှာတော့ ပါးစပ်ကို အတင်းပိတ်ထားပါတယ်။ ဘာမှ မေးမရပါဘူး။ 
သူ့ကို ကြည့်ရတာ မြေမှာလူးနေချိန် နာကျင်မှု ရုပ်ဝေဒနာ မခံစားရပါဘူး။ သွေးထွက်လည်း လူးလှိမ့်နေတာပါပဲ၊ ပြန်သတိလည်လာတဲ့အခါမှ ရုပ်ဝေဒနာကို ပြန်ခံစားရပါတယ်။ မြေမှာ လူးချိန် မောနေတာလည်း သတိပြန်ရလာတော့ ပျောက်သွားပါတယ်။ မောနေတာပျောက်သွားတယ် လက်က အနာတွေ နာနေတာ သိလာတယ်။ 
ကျမနဲ့ကလေးမ မေးနေတဲ့အချိန်မှာ မေးဖို့ သတိလစ်သွားခဲ့တာက သူ့အတိတ်ဇာတ်ကြောင်းကိုပါပဲ။ သူ့ကို မေးနေတဲ့အချိန်မှာ တကယ်ပူးဝင်ခြင်း ဟုတ်တယ် မဟုတ်ဘူးပဲအာရုံစိုက်မိနေတော့ သူ့ရဲ့ အတိတ်ဘဝတွေကို အသေးစိတ်စပ်စုဖို့ မေ့နေခဲ့ပါတယ်။ သူတို့ နဂါးဘဝနဲ့ စေတီပျက်ငယ်တွေမှာ ဘယ်လောက်ကြာနေခဲ့ပြီလဲ၊ ဘာကြောင့် သူတို့ဒီနေရာမှာ စောင့်ရှောက်နေရသလဲဆိုတာမျိုးတွေပေါ့၊ သူ့အပြင်ဘယ်သူတွေရှိသေးသလဲ စသည်ဖြင့်ပေါ့လေ။ သူ့စကားထဲမှာတော့ သူတို့အနေနဲ့ ဒီလိုပဲ လူ့ပြည်အလည်ခဏ မကြာမကြာလာလေ့ရှိကြပါတယ်လို့ ပြောတာ သတိထားမိလိုက်ပါတယ်။ နဂါးရုံဘုရားကို တည်မှာလည်း သူတို့ တည်စေချင်တာကြောင့် စေတီတည်ပေးနေတာလို့ ဆရာတော်က ထပ်ဖြည့်ပြောပါတယ်။ 
အတိုချုံးလိုက်ရင်တော့ ဘဝကို နှစ်သက်ချစ်ခင်မှုနဲ့ လူ့ပြည်လာလိုက် အတိတ်နဂါးပြည်ပြန်စွဲလန်းလိုက် တခါနဂါးပြန်ဖြစ်လိုက်နဲ့ သံသရာထဲ ခရီးသွားနေကြပုံပါပဲ။ ဘဝကို လေးလေးနက်နက်ချစ်ခင်နှစ်သက်မိခြင်းပေါ့ ...။ 
အတုအယောင်တွေထဲမှာ ဒီလိုမျိုးလေး တွေ့မိတော့ နဲနဲတော့ မင်သက်မိတာပေါ့လေ။ ဘာသာရေးနဲ့ ပတ်သက်တာတွေလည်း တွေးမိတယ်၊ တခြား ဝင်ပူးသူတွေကို ကြည့်ပြီး သူတို့ တကယ်ဝင်ပူးတာမဟုတ်ပဲ ဒီလိုတွေဖြစ်နေရတာကို အကြောင်းရှာကြည့်မိတယ်။ ပြီးတော့ ဒီလိုပဲ ဘဝတွေ ဘဝတွေ ကူးနေကြတာ နှစ်သက်လို့ ဘဝတွေကို တရှိုက်မက်မက်ချစ်သူတွေကို သံသရာလွတ်လမ်း သွားပါလားလို့ တိုက်တွန်းဖို့ ပြောမထွက်ခဲ့ပါဘူး ...။ 
အခြားဝင်ပူး ဝင်ကသူတွေကတော့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမရှိတာတစ်ကြောင်း၊ သူများပူးတာမြင်ပြီး ကိုယ်လည်း ဝင်ပူးတာဖြစ်ချင်တာတစ်ကြောင်း၊ ဒီကြားထဲ ဆိုင်းသံ ဗုံသံကြားရင် ကချင်တဲ့သူတွေလည်း ပါမယ်ဆိုရင် ပွဲစည်တယ်ပြောရမလား တဂျိမ်းဂျိမ်းနဲ့ ကနေကြတော့တာပါပဲ။ ကျမတို့ အဖွဲ့ထဲက ညီမလေးတစ်ယောက်လည်း ခြေဖျားလက်ဖျားတွေ အေးစက်ပြီး ကတုန်ကရင်ဖြစ်သေးတယ်။ သမီးက နဂါးသိုက်က လာတာဆိုတော့ နေလို့မရဘူး တခုခုဖြစ်ချင်နေသလိုပဲလို့ ခပ်တိုးတိုးပြောပါတယ်။ စိတ်ခံစားလွယ်မှုနဲ့ မျက်မြင်မှာ ကြုံတွေ့နေရတာတွေ ငယ်ငယ်ကတည်းက နဂါးသိုက်က လာတယ်ဆိုတဲ့ လွှမ်းမိုးမှုတွေ ပေါင်းပြီး တုန်တုန်ချိချိဖြစ်နေရှာတယ်။ သူ့လက်ကို ကိုင်ပြီး ညီမလေး တရားဝင်ဖူးတယ်မဟုတ်လား၊ စိတ်ထဲ တုန်နေတာကို သတိထားလိုက်၊ ဘာမှ မဖြစ်ဘူး အခုဝင်ပူးတဲ့သူတွေက အင်တွေချည်းပဲ ဟိုကလေးမကလွဲရင် ကျန်တာတွေက က နေကြတာမို့ သေချာကြည့် စိတ်ဝင်စားဖို့ကောင်းပါတယ်လို့ စိတ်ပြောင်းလိုက်တဲ့အခါ အတော်လေး အဆင်ပြေသွားပါတယ်၊ ဘာမှ ထပ်မဖြစ်တော့ပါဘူး ...။
တခြားပူးကပ်တာတွေ မှန်မမှန်တော့ မသိပါဘူး၊ ဒီအဖြစ်အပျက်လေးမှာတော့ အပိုင်း ၂ခုကွဲထွက်သွားတယ် ..သံသရာတလျှောက် စွဲလန်းမှုပြဿ နာတွေကြောင့်နဲ့ လူ့စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအားနည်းတာကြောင့်ဆိုပြီးပေါ့လေ ...။
ဘဝသံသရာထဲ ခရီးသွားရင်း တွေ့ကြဆုံကြ ကွေကွင်းကြနဲ့ ပေါ့ ...။

ရွှင်လန်းချမ်းမြေ့ကြပါစေ ...။
ခရစ္စတလ်

Thursday, July 28, 2016

အိမ်ကလေးဆီ ...။

မြေ၁-ဧကအကျယ်ပေါ်တွင် ဆောက်ထားသော အိမ်ထဲမှ ခိုးခိုးခစ်ခစ်ရလး ပျံ့လွင့်နေသည်။ သဘောတကျရယ်နေလိုက်တာများ ပတ်ဝန်းကျင်တိတ်ဆိတ်မှူကြောင့် ထင်ပါရဲ့၊ ကလေးငယ်ရယ်သံကို ချိုလွင်လွင်ကို ကြားနေရသည်။ ပြီးနောက် အမျိုးသမီးအသံတစ်ခု ခပ်တိုးတိုးကြားရမည်။ ထိုမှ ထိုမှ ...။ယ္သံေ

ရန်ကုန်မြို့ပြရဲ့ ဆူညံမှူတွေ ဝေးရာ အေးချမ်းသော ပတ်ဝန်းကျင်တစ်ခုတွင် ချစ်စရာစိတ်ကူးဖြင့် ဆောက်ထားသော အိမ်ကလေးတစ်လုံးရှိလေသည်။ ခြံကျယ်ကျယ်တွင် လွတ်လပ်စွာ ဆော့ကစားနေသော မွှေးဖါးဖါး အရပ်မြင့်မြင့် ခွေးကြီး ၂-ကောင်မြင်တွေ့ရမည်၊ နေရောင်ခြည်အောက်တွင် နေပူဆာလှုံနေသော ကြောင်မကြီးနဲ့ သူ့ကလေးငယ်များကလည်း သူတို့နေဖို့သတ်မှတ်ပေးထားသော နေရာတွင် အိပ်နေကြတာမြင်တွေ့နိုင်ပါမည်။

အိမ်၏ ခပ်လှမ်းလှမ်းတွင် အိမ်ငယ်သေးသေးတစ်လုံးရှိလေသည်။ ထိုအိမ်လေးကို ကစ်တီဟောက်စ်လို့ အမည်ပေးထားလေသည်။ ကလေးငယ်များ လွတ်လပ်ပေါ့ပါးစွာ ဆော့ကစားနိုင်ဖို့ဖြစ်သည်။ ကလေးအတွက် ရည်ရွယ်ဆောက်ထားသည်ဖြစ်၍ ထိုအိမ်ကလေးတွင် ကလေးတွေ အန္တရာယ်ဖြစ်စရာမရှိရအောင် ကြိုတင်စီစဉ်ကာ ဆောက်လုပ်ထားခြင်းဖြစ်ပါသည်။ ထိုအိမ်ကလေးတွင် ကလေးငယ်များ စိတ်ကြိုက် ဆော့ကစားနိုင်ရမည်၊ ခေတ်ပေါ်နည်းပညာများကို အသုံးမပြုစေပဲ လွတ်လပ်ပေါ့ပါးစွာ ဆော့ကစားဖြင်းဖြင့် ကာယအား ဥာဏအားတွေ ရရှိစေရမည်။ လွတ်လပ်စွာ ပျော်ရွှင်ရယ်မောခြင်းကို သိနားလည်စေရမည်။ ကလေးတစ်ဦးနှင့်တစ်ဦး ပျော်ရွှင်စွာ ဆော့ကစားခြင်းဖြင့် ရရှိနိုင်မည့် နားလည်စာနာကူညီမှူများကို ကလေးဘဝကတည်း ကောင်းမွန်စွာ သိနားလည်ထား လေ့ကျင့်ပြီးသားဖြစ်နေမည်။ လူသားတစ်ဦးဘဝတွင် အရေးကြီးဆုံးဖြစ်သည့် ကလေးဘဝကပင် တစ်ဦးနှင့်တစ်ဦး အတ္တမာန ခဝါချကာ စာနာနားလည်မှုရှိသူ၊ ရိုင်းပင်းကူညီစိတ်ဖြင့် စိတ်သဘောထားပြည့်ဝသော လူသားကလေးများအဖြစ် အလေ့အကျင့်ဖြစ်စေမည်။
ခြံကျယ်ကျယ်ထဲတွင် ဝါးပင်များသည်လည်း လေနှင်ကာ ယိမ်းကြရင်း၊ ဝါးရွက်သံကလေးများ၏ လှုပ်ခတ်သံကို အိမ်ကလေးဆီမှ နားဆင်နိုင်မည်။ အိပ်ခန်းဘေးတွင် ဝရံတာထွက်ရပ်လိုက်သည်နှင့် လသာသော ညများတွင် ကောင်းကင်မှ လမင်းကြီး၏ လရောင်ဆမ်းသော ညချမ်းကို လျှပ်စစ်မီးပိတ်၍ ခံစားနိုင်မည်။ ထိုအခါ ကလေးငယ်က လကလေး တိမ်ထဲ ပုန်းအိပ်သွားရင် ဘယ်ချိန်ပြန်နိုးမလဲဆိုသော မေးခွန်းကို သူမဖြေဖို့ စဉ်းစားမည်၊ အဖြေပေးရမည်။

ဘုရားခန်းကို ဝင်လိုက်သည်နှင့် အေးချမ်းမှုတို့ ခံစားတို့ထိစေမည်၊ သပ်ရပ်အေးချမ်းလှသော ဘုရားခန်းတွင် မြတ်စွာဘုရားသည် ငြိမ်းချမ်းစွာ စံပါယ်တော်မူနေမည်။ ဘုရားခန်းအနီးတွင် စာကြည့်ခန်းတစ်ခု သီးခြားထားမည်။ စာဖတ်ချိန်နှင့် တရားအားထုတ်ချိန်သည် ကာယကံရှင်အတွက် တိတ်ဆိတ်မှုလိုအပ်သည်။ ဒါကြောင့် ဘုရားခန်းနှင့် စာကြည့်ခန်းသည် မနီးမဝေးတွင် ရှိနေမည်။ ဆိတ်ငြိမ်သောဘုန်းခန်းတွင်းမှ ပန်းရနံ့တို့က အေးမြသော လေဆောင်ရာ တချက်ပျံ့လွင့်နေပြီး ခြံဝင်းအတွင်း အလှချိတ်ထားသော ဆွဲလည်သံလွင်လွင်ကိုပါ ကြားနိုင်မည်။ ခြံထဲသို့ ငုံ့ကြည့်လိုက်ရင် အဖြူရောင် ဒန်းကလေးတစ်ခုလည်း လှမ်းတွေ့ရမည်။

အိမ်၏ အပေါ်မှ ကြည့်လျှင် ဇီဇဝါ၊ ဆလပ်ပန်း၊ ယုဇနပန်း၊ သနပ်ခါးပန်း၊ နှင်းဆီနှင့် လီလီပန်းများသည် သူ့ရာသီနှင့်သူ တလှည့်ဆီ ဖူးပွင့်နေကြမည်။ သစ်ခွပန်းရုံကို အပင်မြင့် အောက်တွင် အရိပ်ကောင်းရအောင် ကြံဆောင်ထားရမည်။ ပန်းပင်များ ရေဝဝရဖို့အတွက် အဝီစိတွင်းက ရေကို မပြတ်အောင် စီမံထားပြီး ခြံစိုက်ဝါသနာပါသော ဝန်ထမ်းတစ်ယောက်က ခြံအတွက် ပန်းပင်များ နေရာချထားရေး၊ ရှင်သန်ရေးနှင့် သန့်ရှင်းရေးအတွက်ကိုပါ တာဝန်းပေးရမည်။

ဧည့်ခန်းတွင် ခပ်တိုးတိုး ပျံ့လွင့်နေသော ဂီတသံစဉ်ကို နားဆင်နိုင်မှာဖြစ်ပြီး၊ အလှထားပန်းအိုးများနှင့် ခန်းစည်းများက အိမ်ကျက်သရေကို ပိုတိုးစေမည်ထင်၏။ အိပ်ခန်းများတွင်လည်း ညပိုင်း အိပ်စက်အနားယူချိန် လျှပ်စစ်ပစ္စည်းများ၏ အနှောင့်အယှက်ကင်းဝေးရန် စီစဉ်ထားသည်။ ချမ်းမြေ့ဖွယ်ကောင်းသော အိမ်ကလေးတွင် လူကြီးများနှင့် ကလေးများအတွက် ကျန်းမာရေးကောင်းစေရန် လေဝင်လေထွက်ကောင်းသော၊ သဘာဝရသများ ခံစားနိုင်စေပြီး စိတ်ကြည်နူးချမ်းမြေ့ဖွယ် အနားယူနေနိုင်ဖို့ အထူးစီမံဆောက်လုပ်ထားလေသည်။ ထိုအိမ်တွင် ကလေးများ ပျော်ရွှင်ကျန်းမာနေကြမည်၊ လူကြီးများ ချမ်းမြေ့ပျော်ရွှင်နေကြမည်၊ ခွေးနဲ့ကြောင်ကလေးများ လွတ်လပ်ဆော့ကစားနေလေသည်။


ပြီးတော့ ဘာထပ်ထည့်ချင်သေးလဲ သမီးးးး
တော်ပီလေ ဒီလောက်ဆို တော်တော်လှနေပြီထင်တယ် တီတီ
အေး ဟုတ်တာပေါ့ သမီးနေမယ့် အိမ်ကလေး တော်တော်လှသွားပြီနော်။ 
ဟယ် ..ဘယ်မှာလဲ ပြပါအုံး ဘွား .. ကြည့်စမ်းမယ် 
ဟင် .. ဘာမှလည်း ဆွဲမထားဘူး တောင်ခြစ် မြောက်ခြစ်။ ဘွားက အဟုတ်မှတ်လို့။ ဟိဟိ ခိခိ ...။


တခါက ကျမသည် မူကြိုတက်နေသော တူမနှင့်အတူ ပန်းချီဆွဲကူ ကစားရင်း
သူမစိတ်ကလေးဆီ ချဉ်းကပ်ကြည့်ရင်း ..
ကိုယ်ဖြစ်စေချင် သိစေချင်တာလေးလဲ ထည့်ပြောရင်းဖြင့်

သဘာဝကို ချစ်တတ်သော ကလေးတစ်ဦးဖြစ်စေချင်ပြီး၊ အေးချမ်းပျော်ရွင်ဖွယ်ကောင်းသော အိမ်ကလေးတစ်ခုဆီ စိတ်ကူးနှင့် ဆွဲခေါ်သွားမိလေသည်။ ထိုအခါ မလှမ်းမကမ်းတွင်ရှိသော ကလေးငယ်၏ ဘွားဘွားကြီးသည် အိမ်ကလေး၏ ခမ်းနားမှုကို အသံကြားကာ စိတ်ဝင်စားခြင်းများဖြင့် ပန်းချီကားကို အလွန်လှအံ့ထင်ပြီးနောက် ဆွဲယူကြည့်ခြင်းဖြစ်သည်။

ရယ်သံချိုလွင်လွင်ကို ယခုတိုင် သူမကြားယောင်နေပါသည် ...။


တခါတုန်းက အိမ်ကလေးဆီ...။

ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

Saturday, June 18, 2016

အဘွားကြီးတစ်ယောက်ရဲ့ ဗြစ်တောက် ဗြစ်တောက်

ကျမတို့ငယ်ငယ်က လူကြီးတွေတားမြစ်ရင် အကြောင်းရင်း သိပ်ပြန်မေးလေ့မရှိဘူး။ မေးရင်လည်း ရိုင်းရာကျမယ်မဟုတ်လား။ မြန်မာဓလေ့အရ လူကြီးသူမဆုံးမတယ်ဆို အကြောင်းတစ်ခုခုတော့ ဖြစ်မယ်ဆိုပြီး ငြိမ်နေလိုက်ကြတယ် လိုက်နာစကားနားထောင်လိုက်ကြပါတယ်။
ခုခေတ်တော့ ဒီလိုမဟုတ်တော့ဘူး။ ဒိတ်အောက်နေတဲ့ သူတွေ ပြောတာ ဂရုစိုက်စရာမလိုတော့ဘူးဆိုပြီး ကျင့်သုံးလာကြပါတယ်။ ရှေးလူကြီးတွေ ကတော့ ဒီလိုညည်းကြတယ် ငါတို့က ကြိုမြင်နေလို့ ပြောတာ .. ခံစရာရှိရင် နင်တို့ပဲ ခံရမှာတဲ့လေ။ လူကြီးတွေ ဆုံးမကြတယ်ဆိုတာ အမှန်တွေပါပဲနော်။ ကိုယ့်ရှေ့ကနေ လောကဘဝထဲ ကြီးပြင်းလာခဲ့သူတွေဆိုတော့ သူတို့ အတွေ့အကြုံတွေ ဗဟုသုတတွေက ကိုယ့်ထက်ပိုများ ပိုသိလို့ လမ်းပြဆုံးမနိုင်ကြတာပါ။ တကယ်တော့ အဲလိုသိလာတာလည်း ကိုယ်က သူတို့အရွယ်ရောက်လာမှ မှန်လေခြင်းလို့ နားလည်လာတာကိုးနော်။ 



အင်းးး အခုလည်း ပြောချင်နေတာလည်း ကြာပြီ၊ ပြောရင်လည်း မုန်းကြမှာပါ။ အမုန်းခံပြောတာ ဘယ်သူ့အတွက်လည်းလို့ စဉ်းစားကြည့်မိရင်ပဲ တော်လှပါပြီ။ ဘေးကနေ သတိပေးစကားပြောသူဆိုတာ ကိုယ့်အကျိုးလိုလားသူတွေလို့ နောင်တချိန် နားလည်လာကြမှာပါ။ 
အခုခေတ် မြန်မာနိုင်ငံသားတွေအကြား တောရော မြို့ပါမကျန် ခေတ်စားနေကြတဲ့ ဖေ့ဘွတ်ခ်
ကျောင်းသားတွေလည်း စာမကျက်နိုင်အောင် ဖေ့ဘွတ်ခ် ...ဆွဲ။ 
အိမ်ထောင်သည်တွေလည်း အချင်းချင်းမေတ္တာမဝင်နိုင်အောင် ဖေ့ဘွတ်ခ်မှ ဖေ့ဘွတ်ခ်ကိုသာ သဲသဲမဲမဲပေါ့။
တရားရိပ်သာတွေထဲလည်း ဖုန်းမသုံးဖို့ တားမြစ်ချက်တွေ ပြုလုပ်လာရပါပြီ။
အခုကလေးတွေ ကျောင်းဖွင့်ချိန်မှာတောင် ကျောင်းကို ဖုန်းမယူလာရလို့ တချို့ကျောင်းတွေ စာကပ်ရသည်အထိရှိလာပါပြီ။
အာရုံများ ကျက်စားလို့ ကောင်းရာ၊ စွဲလန်းစရာကောင်းတဲ့ အင်တာနက်ခေတ်မဟုတ်ပါလား ...။

ဒီတော့ ဖဘမှာ အကောင့်ပြုလုပ်၊ ဖတ်ရှုလေ့လာ၊ ဓာတ်ပုံတင်ကြ .. မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ်ပေါ့။ တစ်ဘက်ကို လှမ်းမမြင်ရတဲ့ အခြေအနေမှာ ကိုယ့်ချစ်တဲ့သူလည်း ရှိမယ်။ မုန်းတဲ့ သူလည်း ရှိမယ်ပေါ့။
ကိုယ့်မုန်းနေမယ့်သူတွေဆိုတာ စာကပ်ထားတာမှ မဟုတ်ကြတာ။ အရင်က ခင်ပေမယ်လို့ နောက်မှ ကြည့်မရလည်း ဖြစ်သွားတတ်သေးတာ။ အရင်က ကြည့်မရသူလည်း နောက်မှ ခင်လည်း ခင်တတ်ကြဆိုတော့ ဘယ်အရာမှ အစိုးမရပါဘူး။ သတိထား သင့်တယ်မဟုတ်ပါလား။
လူတိုင်းသုံးနေတဲ့ဖဘဆိုတာ ဘယ်လောက် လုံခြုံမှုရှိလဲ သိလားလို့ မေးကြည့်ချင်ပါတယ်။
ဘာဆို ဘာမှ လုံခြုံမှုမရှိပါဘူး။ ဘယ်သို့သော လျှို့ဝှက်ချက်မှ ဖဘမှာ မထားပါနဲ့။ မလုပ်ပါနဲ့။
ကိုယ့်အကောင့်ထဲမှာ ကိုယ့်သိတဲ့ လူတွေချည်းပဲ၊ တခြားဘယ်သူမှ မမြင်ရဘူး။
စိတ်ချရတယ်လို့ဆိုရင် နမူနာအဖြစ်ပျက်လေးပြောပြမယ်နော်...။
ဂျပန်က စားသောက်ဆိုင်တွေမှာ လူများရင် တန်းစီစောင့်ရပါတယ်။ ကိုယ့်ရှေ့က တန်းစီနေတဲ့ လူအုပ်ထဲ ကောင်လေး နှစ်ယောက် ပြောနေကြတာ နားစွင့်မိတော့၊ ရှေ့နောက်ဆိုတော့ နားမစွင့်လည်း ကြားနေရတာကိုးလေ.....
သူ့အကောင့်ထဲက ကောင်မလေးအရမ်း မိုက်တယ်ပေါ့ ဘေးက သူငယ်ချင်းက ပြ ပြတဲ့။ ငါ့ထဲသူမရှိဘူး အဲ့ပုံ ငါ့ဆီ ပို့ပေးပါတဲ့။ facebook ကနေdownတယ်။ ပြီးတော့ ဗိုင်ဘာကနေ ပို့ပေးလိုက်တယ်။ စဉ်းစားကြည့် ကိုယ့်အကောင့်ထဲက လူက ပုံကို ဒေါင်းလိုက်တယ်။ တခြားပို့လို့ရတဲ့ applicationတွေနဲ့ ကိုယ်မသိအောင် ပို့လို့ရပါတယ်။ အဲဒါမျိုးပုံစံတူ ထိုင်းမှာတုန်းက ဦးဇင်းနှစ်ပါး ဒူမောင်းလေဆိပ်မှာ အဲလိုလုပ်နေကြတာမြင်ခဲ့ဖူးတယ်။ ဆိတ်ကွယ်ရာဆိုတာ မရှိဘူးဆိုတာ သတိထားကြပါလို့နော်။
နောက်တစ်ခု ဘယ်သူ့မှ ဂရုစိုက်ဖို့မလိုဘူး ကိုယ့်အကောင့် ကိုယ်ပိုင်တယ် လုပ်ချင်တာ လုပ်မယ်လို့ ခံယူထားသူတွေလည်း မနဲဘူး။ အဲလိုတွေကို မသိသေးတာလား သိရက်နဲ့ သဘောတူလို့လားတော့ တကယ်မသိပါဘူး။ ကိုယ်လည်း ကိုယ်ချင်းစားပါတယ် ဓာတ်ပုံတွေ အများကြီး ရိုက်ခဲ့ဖူးပါတယ်။ ဘယ်သူမဆို ကိုယ့်ပုံလေးတွေ လှတယ်လို့ပြောရင် သဘောကျတာပေါ့။ မိန်းမဆိုတာ အဘွားကြီးဖြစ်တဲ့အထိ လှတယ်ပြောရင် သဘောကျတဲ့သူချည်းပါပဲ။
ဒါပေမယ့်ဖဘဆိုတာ မိန်းကလေးတစ်ယောက် အလှပြရမယ့်နေရာမဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်ရဲ့ ပုံကို ယောက်ျားလေး တစ်ဦးဦးက ပုံမှန်အချိန်မှာ ချောတယ် လှတယ်ဒါ့အပြင် ပုံဆိုးပန်းဆိုးကြီးများ စသည်ဖြင့် ပြောတတ်ကြပေမယ်လို့၊  စိတ်ထဲရှိပေမယ်လို့ ယောက်ျားတွေရဲ့ သဘာဝတရားအရ လိင်စိတ်ကြွတဲ့ အချိန်ဆိုတာရှိတယ်။ ဒါကို ဘယ်သူမှ မကင်းနိုင်ကြဘူး။ ရုပ်သဘောအရ အလိုလို ဖေါက်ပြန်တတ်တဲ့ အကြောင်းတရားတစ်ခုပဲ။ အဲလိုချိန်မျိုးမှာ ကိုယ့်ချစ်သူ ကိုယ့်မိန်းမပုံကို ကြည့်ချင်တာ မဟုတ်ဘူး တခြား လိင်စိတ်ကြွစေတဲ့ ပုံတွေ ကိုယ်နဲ့ မရင်းနှီးတဲ့ မိန်းကလေးပုံတွေ ပေါင်တို လည်ဟိုက် မပေါ့်တပေါ်လေးတွေ ကြည့်ချင်လာကြတယ်၊ ရှာဖွေလာကြတယ်။ ကြည့်ပြီး ဒီတိုင်းနေတာမဟုတ်ဘူး။ လိင်စိတ်အဆာဖြေဖို့ အသုံးချကြပါတယ်။ ဒီလိင်စိတ်ဆိုတာ ဗိုက်ဆာလို့တစ်ခုခုကို စားချင်စိတ်ဖြစ်သလိုပါပဲ သဘာဝတရားအရကြည့်မယ်ဆိုရင် မထူးဆန်းတဲ့ကိစ္စပါ။ ဒါပေမယ့် လူမသိအောင် ဖြေရှင်းကြရတာပေါ့။ ( ယောက်ျားတိုင်းလို့ မဆိုလိုပါဘူး။ အများအားဖြင့်ပေါ့လေ) ဟိုတုန်းက မိန်းကလေး မပေါ့်တပေါ်ပုံလေးတွေဆိုတာ ရှာရခက် ကြည့်တာတောင် သိုသိုဝှက်ဝှက်လေး။ ခုများတော့ ဖုန်းထဲ စာတစ်လုံးရိုက်လိုက်တာနဲ့ တစ်ကိုယ်တည်း ကြည့်ချင်သလိုကြည့်လို့ရနေတဲ့ ခေတ်ရောက်နေပြီမဟုတ်လား။ ဒီတော့ ကိုယ်မသိနိုင်တဲ့ အခြားတစ်ဘက်မှာ ဘယ်လိုတွေ အသုံးချနေမယ်ဆိုတာ မသိနိုင်ဘူး။ အန္တရာယ်များတယ်လို့ လူကြီးတွေက ရိပ်မိလို့ သတိပေးရင် နားမဝင်တဲ့ အရွယ်လေးတွေဆိုတော့လည်း ... သက်ပြင်းရှိုက်ရင်း မပြောတော့ပါဘူးလေပေါ့နော်။
အသုံးချတယ်ဆိုတာကို ချဲ့တွေးကြည့်မြင်ကြည့်ရအောင် ..ဖဘမှာ closed group, secret group တွေ ဖွဲ့ပြီး ပွန်းတွေ လုပ်နေကြတာ အများကြီးပါ။ ပွန်းဆိုတာ နှာကိစ္စမျိုးစုံလုပ်တာတွေကို ပြောတာနော်။ မသိတဲ့နယ်က လူတွေ သိအောင်ရှင်းပြတာပါ။ ပြည်တွင်းပြည်ပ လူမျိုးစုံ စုပြီး တင်ထားတဲ့ ပွန်းတွေလည်း ရှိမယ်။ မြန်မာနိုင်ငံကလည်း ခေတ်မှီလာပြီနော်။ အဲလိုတွေထဲကိုများ ကိုယ့်ကြည့်မရသူ တစ်ဦးဦးက ဓာတ်ပုံကို ဒေါင်းလို့ ပို့လိုက်မယ်ဆိုရင်လည်း ဘာမှ မတတ်နိုင်ပါဘူး။ အင်တာနက်သတင်းတွေထဲမှာလည်း ကိုယ့်မလိုသူတွေ အပုပ်ချလို့ ဒုက္ခရောက်နေတဲ့သူတွေ ဒုနဲ့ဒေးပါ။

အသုံးချတယ်ဆိုတဲ့ နေရာမှာ အကြောင်းရင်းက အရှက်ရစေချင်လို့ဖြစ်ချင်ဖြစ်မယ်။ ကိုယ့်အကောင့် လူများ နာမည်ကြီးချင်လို့ အလွယ်လမ်းလိုက်တာလည်း ဖြစ်နိုင်တယ်။ စီးပွါးရေးအရ တစ်ခုခုလုပ်ဖို့ လူဝင်အောင် ပွဲဆူအောင် ဖွလိုက်တာလည်း ဖြစ်နိုင်တယ်။ လူများလာရင် စိတ်ကြွဆေးက အစ ဘာသာရေးအလှူခံတာအဆုံး လုပ်ချင်တာလုပ် လူသိသွားအောင် လုပ်နိုင်တာမျိုးဆိုတော့ ဘာပဲဖြစ်ဖြစ် သတိဆိုတာ ပိုတယ်မရှိပါဘူးနော်။
facebookဆိုတာ ကောင်းကောင်းမသုံးတတ်သေးရင် သူများတွေ ဘယ်လိုသုံးနေသလဲ။ ကိုယ့်ထက် ကျွမ်းကျင်သူတွေ ဘယ်လို သုံးနေတာလဲ လေ့လာကြည့်ကြပါအုံး။ ခေတ်မှီတိုးတက်တဲ့ နည်းပညာတွေ တိုးတက်နေတဲ့ ခေတ်ထဲမှာ ဘာမှမသိလို့ သိတဲ့လူတွေ သတိပေးတာ နားမဝင်လို့ ပြဿ နာတွေ ဖြစ်လာရင် အရင်ဆုံး ကိုယ်ပဲ ခံရမှာပဲဆိုတာ သိထားရအောင်လို့ပါ။
စမတ်ဖုန်းတွေရဲ့ စွမ်းအား၊ အွန်လိုင်းနည်းပညာ၊ ဖဘပိုင်ရှင် ဇူကာဘတ်ရဲ့ ကျေးဇူးနဲ့ အခုခေတ်မှာ တစ်လင်တစ်မယားစနစ်တွေ ဥပဒေတွေလည်း အပေါ်ယံလူကြိုက်များတဲ့ သတင်းအဖြစ်သာ ရှိနေကြပြီး တကယ်လက်တွေ့မှာတော့ အသုံးမဝင်ပါဘူးဆိုတာ သိစေချင်ပါတယ်။
ဖဘကနေ တစ်ဦးနဲ့ တစ်ဦးဆက်သွယ်လို့ အလွယ်တကူရလာကြတယ်၊ ဖဘမှာ ပုံတွေ မြင်နေရတော့ စိတ်ကြွကြတယ်၊ စိတ်ဆိုတာ ဆာတတ်တဲ့ သဘောရှိပါတော့ လိင်စိတ်ကြွလွယ်ကြတာပေါ့။ ဖုန်းတွေမှာ နည်းပညာတိုးတက်မှုနဲ့အတူ အသုံးချတာတွေက မှားယွင်းလာကြတယ်။ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာတွေ ကြေညာတွေနဲ့ ဆော့ဝဲလ်တွေရောင်းလာကြတယ်။ အပန်းဖြေဖို့ မိန်းကလေးတွေနဲ့ ဆက်သွယ်ဖို့ ကြေညာလာကြတယ်။ ယောက်ျားလေးဆိုတာကလည်း ပင်ပန်းတာကို အကြောင်းပြ အပန်းဖြေဖို့ဆို မိန်းကလေးနဲ့မှ အပန်းပြေသလိုဖြစ်ကြတယ်မဟုတ်လားနော်။
ဆိုပါတော့ စားသောက်ဆိုင်တစ်ခုထဲမှာ မိန်းကလေးတစ်ယောက် ဖုန်းသုံးနေတာကို တွေ့မယ်၊ အမိုက်စားဖြစ်ချင်လည်း ဖြစ်မယ် စိတ်အဆာဖြေဖို့ လှမ်းကလိချင်တယ်။ ဖုန်းထဲကနေ ကိုယ်ရောက်နေတဲ့နယ်နိမိတ် သတ်မှတ်ပြီး ဘယ်နံပါတ်နဲ့ သုံးနေသလဲ ရှာလို့ရတယ်။ ဖုန်းနံပါတ်သိရင် ဗိုင်ဘာထဲ ထည့်ကြည့်။ ဗိုင်ဘာမှာ သူပုံတင်ထားရင် သေချာပြီ ဆက်သွယ်လို့ရပြီ။ နောက်ရက်တွေမှာ လှမ်းကြူမယ် ချိန်းမယ် လည်မယ် ဘာလုပ်ချင်လဲ အကုန်ဖြစ်တယ်။ လွယ်လွန်းလို့မှ စကားနဲ့ပြောနေရတာတောင် ခက်ပါသေးတယ်။ ပြည်ပနိုင်ငံတွေမှာ လွတ်လပ်ကြတယ်၊ စည်းဆိုတာ မရှိကြဘူး၊ ဘာသာတရား အဆုံးအမဆိုတာ ဆိတ်ကွယ်ရာမှာ အသုံးမဝင်ပါဘူး။ လွယ်တာလေးတွေ တွေ့မယ်၊ ငွေလည်းရှိတယ်၊ အချိန်လည်းရတယ် ကဲ .. ဘာလိုသေးလဲ ဟိုတယ်ကိုသာ သွားကြမယ် .. ဆိုသလိုဖြစ်နေတာပေါ့နော်။

အားလုံးကို ချုံကြည့်မယ်ဆိုရင် အပြစ်တွေ ပြောနေတာမဟုတ်ရပါဘူး။ ကိုယ့်ကျင့်တရားကို ဥပဒေနဲ့ ထိန်းလို့မရဘူး။ ဆိတ်ကွယ်ရာမှာ ဘာသာတရားအဆုံးအမအသိက သတိမမြဲနိုင်ဘူးနော်။ ခံစားလိုမှုအာရုံက အားကောင်းနေတဲ့အခါ စိတ်ဆိုတာ ထိန်းမရတတ်ဘူး။ မျက်စိဒေါက်ထောက်ထားပြီး လိုက်စောင့်ရှောက်နေလို့မရဘူး။ စိတ်ဆာနေရင် ပညာက စိတ်ကို မဦးစီးနိုင်ဘူး ပုထုဇဉ်တွေမို့လား။ စိတ်နောက်ကိုယ်ပါ မှားတတ်ကြတယ်။ မှားတာတွေများလာတော့ ရဲစိတ်ဝင်လာကြတယ်။ အမှားဆိုတာ တစ်ခါကျူးလွန်ဖူးရင် ကျူးလွန်ဖို့ သတ္တိအပြည့်ဖြစ်လာတတ်ကြပါတယ်။ မှားနေတယ်လို့ကို မထင်တတ်ကြတော့ဘူးလေ။
အမျိုးသားတွေလည်း ကိုယ့်ဓာတ်ပုံ အွန်လိုင်းတင်တာ သတိထားကြပါအုံး။ ကိုယ်နဲ့ ပြောထားတဲ့ ချက်တင်တွေ စုထားပြီး မိန်းကလေးဘက်က သိက္ခာချနိုင်တယ်။ ကိုယ့်အနာဂတ်မပျက်စီးစေချင်ရင် ယောက်ျားလေးတွေလည်း သတိထားကြပါနော်။ ကဲချင်ရင် လိမ်ချင်ရင် အစအဆုံး ဖုံးဖုံးဖိဖိကျွမ်းကျင်ဖို့လိုပါတယ်။ ကျန်းမာရေးနဲ့ မိသားစုတွေကိုလည်း ဂရုစိုက်ပါပေါ့လေ ...။
အဆိုးအကောင်းဆိုတာ ပြောတဲ့သူက ပြောပဲပြောနိုင်တာပါ။ သတိပေးနိုင်တာပါ။ တားမြစ်မှု သတိပေးမှုနဲ့အတူ အကြောင်းအရာတွေကို လူမုန်းခံပြီး ပွင့်လင်းမြင်သာစွာ ရှင်းပြလိုက်ပါတယ်။

ကျင့်သုံး၏ မကျင့်သုံး၏ကတော့ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။

မိန်းကလေးတွေ ဘေးအန္တရာယ်ကင်းကြပါစေ။
အမျိုးသားတွေလည်း သတိမလွတ်မိကြပါစေနဲ့။
ဒါမှ ဘဝတွေထဲ ရှိုက်သံများတဲ့ ညတာမရှည်စေဖို့ပါ။
အသက်ကြီးလာတော့ အပေါက်ဆိုးလာတဲ့
ဗြစ်တောက် ဗြစ်တောက် ပြောနေတဲ့ အဘွားကြီးတစ်ယောက်အဖြစ် ကိုယ့်ဘာသာ သတိထားမိလာပါတယ် ...။

ခင်မင်စွာဖြင့်
ခရစ္စတလ်

Thursday, April 28, 2016

ကိုယ်နေချင်တဲ့ .. ဘဝ



လွန်ခဲ့တဲ့ ၁၀နှစ်အတွင်း နည်းပညာရဲ့ ပြောင်းလဲတိုးတက်မှုအရှိန်အဟုန်မြင့်မားသွားလိုက်တာ ...။
တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာရဲ့ စွမ်းအားတွေကြားမှာ လူမှုဘဝတွေလည်း ပြောင်းလဲနှုန်းမြင့်တက်လာခဲ့ပါတယ်။ ပြောင်းလဲမှုများထဲမှာ ကောင်းကျိုး ဆိုးကျိုးတွေ ဒွန်တွဲ ယှဉ်တွဲပါလာခဲ့ပါတယ်။ တိုးတက်မှုတွေကြောင့် လူသားတွေ ကောင်းမွန်တဲ့ ဘဝကို တည်ဆောက်ခွင့်ရကြတယ်၊ တည်ဆောက်ဖို့လွယ်လာကြပါတယ်။ တစ်ဘက်ကလည်း အဆိုးတွေက ကျွဲကူးရေပါဆိုသလို ကပ်ငြိပါလာတတ်စမြဲပါ။

လူတစ်ယောက် အရွယ်ရောက်လာချိန် သူ့အသိဥာဏ်မှာ အကြောင်းကြောင်းတွေကြောင့် ဘဝကို ဘယ်လိုတည်ဆောက်မယ်ဆိုတာကို တွေးမိသူလည်း ရှိတယ်။ ရည်မှန်းချက်မထားပဲ မီးစင်ကြည့်ကနေကြသူလည်း အများအပြားပေါ့။ ဒါပေမယ့် လေ့လာသတိထားကြည့်ရင် သူ့အပြောအဆို အနေအထိုင် အပြုအမူတွေက သူဘာကို ဖြစ်ချင်တယ်ဆိုတာ ဖေါ်ပြနေပါတယ်။ တချို့တလေက သူတို့ကိုယ်တိုင်တောင် သတိမထားမိတာတွေ ရှိတတ်ပါသေးတယ်။

အသက်အရွယ်တစ်ခုရောက်တိုင်း ကိုယ်ဘာတွေ လုပ်ဖြစ်နေတတ်သလဲ၊ ရည်ရွယ်ထားတာတွေ လုပ်ဖြစ်သလား၊ မလုပ်ဖြစ်ခဲ့တာတွေက ဘာကြောင့်လဲ၊ ကိုယ်က ဘယ်နေရာမှာ အားသာချက်ရှိလဲ အားနည်းချက်တွေ ရှိမလဲ၊ ကိုယ်နေချင် ဖြစ်ချင်တဲ့ဘဝကို ကြိုးစားတည်ဆောက်ဖို့ ဘာတွေ ကြိုးစားပြင်ဆင်သင့်လဲ ဘယ်လိုနေထိုင်သွားမှာလဲ .. စသည်ဖြင့် တွေးမိတဲ့သူတွေလည်း ရှိမယ်၊ မတွေးမိတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ဒီတော့ လူသားနဲ့ နည်းပညာအကြား ဆက်စပ်မှုတွေကို အနည်းငယ်လေ့လာကြည့်ကြရအောင်...။

အခုလိုနည်းပညာတွေ ထွန်းကားနေတဲ့ ခေတ်ထဲမှာ မွေးလာတဲ့ကလေး တစ်နှစ်သားအရွယ်ကတောင် ဖုန်းသုံးတတ်နေပါပြီ။ လူသားတွေ တီထွင်ဖန်တီးတည်ဆောက်ထားတဲ့ နည်းပညာတွေက လူတွေကို အထောက်အကူပြုဖို့ အဓိကရည်ရွယ်ချက်ပါ။ ဒါပေမယ့် နေမကောင်းလို့ သောက်ရတဲ့ ဆေးတွေတောင် ဘေးထွက်ဆိုးကျိုးတွေ ခံစားကြရတာဆိုတော့ နည်းပညာတိုးတက်မှုတွေထဲမှာ ဘဝတွေ ကြေမွပျက်စီးကြရတာလည်း သဘာဝတရားပဲလား မပြောတတ်တော့ပါဘူး ...။

ပင်ပန်းဆင်းရဲစွာ ရုန်းကန်ကြရတဲ့ လူမှုဘဝတွေထဲ လူသားတွေဟာ ထွက်ပေါက်တွေ ရှာလာတတ်ကြပါတယ်။ ရာသီပူပြင်းလို့ အေးမယ်ထင်တဲ့ နေရာလေးတွေ ရွှေ့ပြောင်းနေကြသလို စိတ်ခံစားမှုသက်သာစေတဲ့ အကြောင်းတရားတွေ ရှာဖွေလာကြပါတယ်။ အမှန်တကယ် ရုန်းကန်နေကြတဲ့ ဘဝတွေမှာ ပူလောင်မှုတွေများတော့ ဘဝအသစ်တစ်ခု လိုချင်လာကြတယ်၊ ဖန်တီးချင်လာတယ်၊ လက်ရှိဘဝက သောကတွေနဲ့ ဝေးရာ တစ်နေရာရာမှာ ဘဝအသစ်တဖန် ရှင်သန်ချင်လာကြတယ်။ ပတ်ဝန်းကျင်အသစ်လိုချင်တယ်၊ ခံစားမှုအသစ်တွေ လိုချင်လာကြတယ်။ အဲဒီလိုရှာဖွေရှင်သန်နေထိုင်ချင်လာတဲ့ စိတ်မှာ အမှားအမှန် ခွဲခြားသိနိုင်တဲ့ အသိဥာဏ်ကတော့ လူတစ်ဦးတစ်ယောက်ချင်းဆီပေါ်မူတည်ပြီး ကွဲပြားခြားနားသွားပါတယ်။

အခုခေတ် လူမှုကွန်ယက်စာမျက်နှာမှာ ဘဝအသစ်ဖန်တီးလိုသူတွေအတွက် ထွက်ပေါက်တစ်ခုအဖြစ် တည်ဆောက်ခွင့်ရလာပါတယ်။ ပြင်ပကမ္ဘာက ရှင်သန်နေရတဲ့ တကယ့်လက်တွေ့ဘဝက ထွက်ပြေးခိုလှုံရာ ဘဝအတုတစ်ခု ဖန်တီးတည်ဆောက်ပြီး စိတ်ချမ်းသာမှု စိတ်သက်သာမှုတွေ ကြိုးစားကြံဆောင်လာကြပါတယ်။

လူတစ်ယောက်အနေနဲ့ တကယ့်လက်တွေ့ဘဝမှာ တိုးတက်ကြိုးစားလိုစိတ်၊ အောင်မြင်မှုကို နိုးကြားဆောင်ရွက်လိုစိတ်၊ လူမှုပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံတဲ့ အရည်အသွေးတွေ ကျဆင်းသွားပါတယ်။ ဘဝအတုထဲသာ ခုံမင်လာတယ်၊ ပျော်ရွှင်လာတယ် ကြာလာတော့ ဖန်တီးထားတဲ့ ဘဝက သိပ်အရေးပါလာပါတော့တယ်။ ပြင်ပလက်တွေ့ဘဝမှာတော့ ကိုယ့်ရဲ့ အားနည်းချက် ပြင်ပြီး၊ ဘဝသင်ခန်းစာတွေ အတွေ့အကြုံတွေနဲ့ ဆက်လက်ကြိုးစားလိုစိတ် ပြင်းပြမှုမရှိတော့ပါဘူး။ တနည်းအားဖြင့် စိတ်ဓာတ်ကျနေသူတွေအတွက် ကောင်းမွန်တဲ့ ကြိုးစားမှုတွေ မပြုလုပ်နိုင်တော့ပါဘူး။ အမှားအမှန် ခွဲခြားနိုင်စွမ်းအားလည်း ကျဆင်းသွားပြီး ရေစုန်အတိုင်း ကမ်းမမြင်လမ်းမမြင် မျောနေကြပါတော့တယ်။

ဒီအကြောင်းအရာတွေထဲ ယောက်ျားမိန်းမ ခွဲပြီး သုံးသပ်ထားတာမဟုတ်ပါဘူး၊ လူသားတစ်ဦးအနေနဲ့ပဲ ရှုမြင်တွေးကြည့်တာပါ။ လူသားတစ်ဦး အောင်မြင်မှု ဘာကြောင့် မရသလဲ၊ သူနေချင်တဲ့ ဘဝကို ဘာကြောင့် မတည်ဆောက်နိုင်ပဲ အရှုံးတွေနဲ့သာ ရင်ဆိုင်နေရသလဲဆိုတာ ထောက်ပြချင်တာပါ။ နည်းပညာတွေကြောင့် အထောက်အကူရပြီး အောင်မြင်သွားတဲ့ ဘဝတွေအကြောင်းတော့ အထူးအထွေ ပြောမနေချင်တော့ပါဘူး။ ဆန်းသစ်လာတဲ့ နည်းပညာများရဲ့ အောက်မှာ လူ့ဘဝတွေ အမှတ်မထင် ပျက်စီးသွားကြတယ်ဆိုတာ သတိပြု ဖို့ သတိပေးတဲ့ သူတွေ၊ စာတို စာရှည်ရေးတဲ့သူတွေ များလာပါပြီ။ တကယ့်လက်တွေ့ဘဝက သဘာဝတရားတွေကို ချစ်တတ်ပါစေ။ သဘာဝတရားတွေကို ချစ်တတ်အောင် သင်ပေးနေရတဲ့ သတိပေးနေရတဲ့ ခေတ်ရောက်နေပါပြီ ...။

ဆက်ပါအုံးမည် ...

ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

စဉ်းစားရင်း တွေးရင်း ...။




ဆောင်ရွက်စရာကိစ္စလေးတွေ များလွန်းနေတဲ့ ကာလမှာပဲ တကိုယ်တည်း တွေးနေမိတဲ့ အတွေးတွေ စိတ်ထဲ ထပ်ခါထပ်ခါ ပေါ်လာပါတယ်။ တချို့ အတွေးတွေက အများနဲ့ ဆိုင်တယ်၊ တချို့အတွေးတွေက ကိုယ်တစ်ယောက်တည်းနဲ့သာ ဆိုင်တယ်ဆိုပြီး ခွဲခြားလိုက်ပါတယ်။ အများနဲ့ဆိုင်တယ် အများကို ပြောသင့်ပြီလား၊ အချိန်အခါ စောင့်ကြည့်ပြီး ပြောသင့်တဲ့အချိန်လား ထပ်စဉ်းစားဖြစ်ပါတယ်။ ပြောတဲ့အခါ နားဝင်ဖို့ နားထောင်ကောင်းဖို့ အမြင်မမှားစေဖို့ ဂရုပြုရတဲ့ အကြောင်းတရားတွေလည်း ရှိတတ်ပါသေးတယ်။

တဆက်တည်း ကျမ ဘယ်လိုလိုပြောပြော ကျမအပေါ် နားလည်ပေးတဲ့ သူတွေကို တချိန်တည်း သတိရမိပါတယ်။ ဒါကတော့ ယုံကြည်မှုဆိုပါတော့...။ ကျမ ဘယ်လိုပြောပြော အကြောင်းတစ်ခုခုရှိရမယ်၊ ပြောရတဲ့ ရည်ရွယ်ချက်ကတော့ သူ့မှာ ရှိမှာပါ။ သူက ကောင်းစေချင်လို့ အမုန်းခံ ပြောနေတာဖြစ်မယ် ..အခုလိုနားလည်ပေးနေခြင်းတွေနဲ့ ယုံကြည်မှုတွေက တည်ဆောက်ဖို့လည်း မလွယ်ဘူးနော်။

အမေ .. အသက် ၇၀ကျော်ထဲ ရောက်လာပြီဖြစ်တဲ့ အမေတစ်ယောက် တခါတလေ သမီးဖြစ်သူဆီ ရင်ဖွင့်လေ့ရှိတယ်။ ဆေးများစွာနဲ့ အသက်ဆက်နေရပြီး အသက်ကြီးရင့်လာနေပြီဖြစ်တဲ့ အမေရဲ့ တချို့ အယူအဆလေးတွေက ကလေးတစ်ယောက်လို့ အပြစ်ကင်းတဲ့ လွဲမှားမှုလေးတွေရှိနေတတ်ပါတယ်။ ဥပမာ သူစေတနာနဲ့လုပ်တယ် ပြောတယ် သူ့ကို အထင်လွဲတယ်ဆိုတာမျိုး၊ သူမျှော်လင့်တာလေး ဖြစ်မလာတတ်တဲ့အခါတွေမျိးတွေမှာပေါ့၊ ကျမက ချော့တခါ ခြောက်တလှည့်နဲ့ အကျိုးအကြောင်း ပြောပြဖြစ်တဲ့ အခါတွေလည်းရှိပါတယ်၊ အမုန်းခံ ပြောရတာမျိုးတွေလည်း ရှိတယ်၊ ချော့ပြီး လေပြေလေးနဲ့ ပြောပြမိတာတွေရှိပါတယ်။ တခါတလေ ဆူမိတာတွေ ရှိလို့ ပြန်တောင်းပန်ရတာတွေလည်း ရှိတယ်။ အဲဒါတွေကတော့ အမေနဲ့ သမီးအကြား ဖြစ်တည်နေသော ယုံကြည်မှုပါပဲ။ ကျမ ဘယ်လိုပြောပြော အမေဆိုတာကတော့ သားသမီးကို မုန်းတတ်သူမျိုးမှ မဟုတ်ပဲနော်။

မောင်နှမတွေ .. အမျိုးထဲက မောင်နှမတွေထဲမှာ ကျမက အငယ်ဆုံးအဖြစ် လူ့လောကကြီးထဲ ရောက်လာခဲ့ပါတယ်။ အစ်ကိုတွေ အစ်မတွေ ချီပိုး ထမင်းခွံ့ စနောက်ကြနဲ့ အလိုလိုက်ပေးကြတာများပါတယ်။ သူတို့တွေရဲ့ ချစ်ခင်မှု ကိုယ့်အပေါ် စာနာမှု ယုံကြည်မှုတွေကို ကျမကလည်း ကောင်းကောင်းနားလည်ထားပါတယ်။ ဒါကြောင့်ပဲ သူတို့ကိစ္စတွေမှာ အမုန်းခံ ဝင်ပြောရတာတွေလည်း ရှိခဲ့တယ်၊ ဆိုးလိုက် ချွဲလိုက်နဲ့ နေခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် တစ်ဦးအပေါ် တစ်ဦးနားလည်ထားကြတယ် အခိုက်အတန့်တော့ အထင်လွဲတာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မိဘတွေဆီက ဆင်းသက်လာတဲ့ သွေးတွေ၊ ဘိုးဘွားတွေရဲ့ စီးဆင်းနေသော သွေးတွေဟာ ကျမတို့တွေရဲ့ ကိုယ်ခန္ဓာဆီမှာ စီးဆင်းနေတာဖြစ်လို့ ဘယ်လိုမုန်းမုန်း တနေ့ပြုံးနိုင်ကြပါတယ်။

ဘဝမှာ ကျမ ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ကျမက ပြောသော စကားများကို နားလည်တတ်သလို၊ မပြောဖြစ်သော စကားများကိုပါ နားလည်ပေးတတ်တဲ့ ကျမထက် ၆-လကြီးပြီး ဗုဒ္ဓဘာသာမဟုတ်တဲ့ မွတ်စလင်သူငယ်ချင်းမလေးဖြစ်ပါတယ်။ တခါတုန်းက ကျမကသာ ယောက်ျားဘဝရရင် သူမကို ယူမှာလို့ ပြောခဲ့မိဖူးတယ်။ ကျမမှာလည်း ဘာသာမတူတဲ့ သူတွေကို မနှစ်သက်တာ တချို့ရှိပါတယ်၊ ဒါပေမယ့် ကျမအချစ်ဆုံးသူငယ်ချင်းကို သတိရမိတိုင်း ကိုယ်နဲ့ အကြိုက်မတူ အမြင်မတူ အယူအဆ မတူတဲ့ ဘာသာခြားတိုင်း ဆိုးတယ်ဆိုတဲ့ အမြင်ကို ဖယ်ခွါနိုင်ခဲ့ပါတယ်။ သူ့ကြောင့်ပဲ အမုန်းတရားတချို့ကို သတိထားခဲ့နိုင်ပါတယ်။
ကျမရဲ့ သူငယ်ချင်းမလေးက အခုဖဘထဲမှာရှိနေပါတယ်။ အခုလည်း သူငြိမ်ငြိမ်လေး နားလည်ပေးနေတယ်ထင်ပါရဲ့ ...။

ဖဘကြီး .. ဒီကွန်ယက်ကြီးထဲမှာ နှစ်အတန်ကြာ အတူရှိနေတဲ့သူတွေက ကျမရဲ့ အကြောင်း အားလုံးမဟုတ်တောင် အတော်အသင့်တော့ သဘောပေါက်နားလည်နေကြလောက်ပါပြီ။ ကျမရေးနေတဲ့ စာတွေ ပြောင်းသွားတာ အမြင်တွေက စီးဆင်းသွားတဲ့ ကွန့်မန့်တွေ ပြောင်းသွားတာ၊ ကွန်ယက်ထဲက လူတွေကို ဆက်သွယ် ဆက်နွယ်မှုပုံစံပြောင်းခဲ့တာတွေကို နားလည်ပေးနေကြလို့သာ ဒီနေ့ ဒီအချိန်အထိ အတူရှိနေကြတာမဟုတ်လားနော်။

ကြီးကြီးကျယ်ကျယ်တွေ ပြောတာတော့ မဟုတ်ရပါဘူး၊ ဖဘကို အတန်ကြာပိတ်ပြီး ပြန်ဖွင့်သုံးတဲ့အခါ ရည်ရွယ်ချက်တစ်ခု သတ်သတ်မှတ်မှတ်ထားပြီး သုံးခဲ့ပါတယ်။ ကျမကိုယ် ကျမလည်း သတိနဲ့ သုံးမယ်၊ ကိုယ့်ကြောင့် တစ်ပါးသူ ထိခိုက်နစ်နာအောင် မသုံးမိဖို့ ဂရုစိုက်ရမယ်၊ ကိုယ်ရေးလိုက်တာ သူများမှာ အထင်လွဲနိုင်မလားဆိုတာ စဉ်းစားတတ်လာတယ်။ အထင်လွဲသွားရင်လည်း ကျမပြန်တောင်းပန်ပါတယ်။ တခါတလေ ကွန်မန့်တွေ အဖျက်ခံရတယ်၊ သူတော့ ကိုယ့်ကို အထင်လွဲသွားပြီ အဲ့အခါမျိုးတွေဆို ငြိမ်ငြိမ်လေး နေလိုက်ရတယ်၊ စိတ်ဆိုးနေချိန် သွားတောင်းပန်လည်း ရန်တွေ့လွတ်နိုင်တာဆိုတော့ ငြိမ်ငြိမ်လေး နားလည်ပေးနေမိတဲ့အချိန်တွေလည်း ရှိခဲ့ဖူးပါတယ်။

ထူးခြားတာက ဒီအကောင့်ထဲမှာလည်း တစ်ဦးနဲ့ တစ်ဦးမတည့်ကြဘူး ဒါပေမယ့် ကျမအကောင့်ထဲတော့ အတူရှိနေကြတာကိုလည်း သတိထားမိလာတယ်။ ကျမနဲ့ အမြင်မတူသူတွေ အယူအဆမတူတွေလည်း ရှိနေကြတယ်နော် ..ဒါပေမယ့် ကျမတို့အားလုံး ဇူကာဘတ်ရဲ့ သင်္ချာဘာသာရပ်ထဲက အစုကို အခြေခံတည်ဆောက်ထားတဲ့ လူမှုကွန်ယက်ဖဘထဲ နားလည်မှုတစ်ခု ယုံကြည်မှုတစ်ခုနဲ့ တစုတဝေးတည်း နေထိုင်ကြပါတယ်။

အဲဒီတော့ ကျမရေးတင်မယ့် ပိုစ့်တစ်ခုခုက ဖတ်မိတဲ့သူတစ်ဦးဦးကို စိတ်ထိခိုက်မိစေမယ်ဆိုရင် မရေးဖြစ်တာများပါတယ်။ အခုတော့ ကျမရေးချင်နေမိတဲ့ အကြောင်းတစ်ခုရှိနေတယ်၊ ဖတ်မိရင် ကျမကို မုန်းကြဖို့က ရာခိုင်နှုန်းများနေတယ်၊ ဒီတစ်ခါတော့ အမုန်းခံပြီး တစ်ဦးတစ်ယောက်လောက်ပဲ နားလည်ပြီး အကျိုးရှိမယ်ဆိုရင်လည်း ရေးချလိုက်တော့မယ် စိတ်ကူးမိနေတဲ့အကြောင်း ...။



ချစ်ခင်လေးစားစွာဖြင့်

ခရစ္စတလ်



စာကြွင်း

=====

ရေးမယ့်အကြောင်းကလေ ...

နိုင်ငံရေးလည်း မဟုတ်ဘူး၊ နိုင်ငံရေးအကြောင်းကို တစ်စုံတစ်ယောက်က ကူညီတောင်းလို့ အကောင့်ခွဲပြီး သီးခြားရေးပေးနေတယ်။ သိတဲ့လူလည်း ရှိကောင်းရှိမယ်။ သတိမထားမိတဲ့ သူတွေက ပိုများမယ် ...။

စီးပွါးရေးနဲ့ ပတ်သက်တာ အကောင့်အသစ်ဘက်မှာပဲ ရေးတော့မှာ ...။

ဘာသာရေးလား .. ကိုယ့်ဘာသာတောင် ကန်းနေသေးတာဆိုတော့ အမှန်တကယ်လမ်းကြောင်းမှန်နေသူတွေကိုသာ ပံ့ပိုးကူညီပါရမီဖြည့်ဖို့သာ အားသန်ပါတယ်။ ဒါဝါသနာလို့ ခေါ်မလား ...။

ပါစင်နယ်လား .. အို ဝေးပါသေးတယ်၊ ကမ္ဘာပေါ်မှာ ယုံကြည်ရဆုံး အမေ့ကိုတောင် ပြောတတ်သူမဟုတ်ဘူး ...။wink emoticon

Sunday, March 6, 2016

မေတ္တာကမ္ဘာ၏ စွမ်းဆောင်မှုအကြီးမားဆုံးသော တရား(၂) ပါး

၂၀၁၃-ခုနှစ် မြန်မာနိုင်ငံ ရန်ကုန်မြို့ ရှိ ရွှေဂုံတိုင်အထူးကုဆေးခန်း ဓမ္မသဘင်တွင်
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်ကြီးဟောကြားတော်မူအပ်သော
မေတ္တာကမ္ဘာ၏ စွမ်းဆောင်မှု အကြီးမားဆုံးသောတရား ၂-ပါးအကြောင်း တရားဒေသနာတော်



မေတ္တာဆိုတာ .. တစ်ကမ္ဘာလုံးအနှံ့ ထားရမှာဖြစ်လို့
မေတ္တာကမ္ဘာ
အားလုံးရဲ့ အကျိုးစီးပွါးကို လိုလားတဲ့စိတ်ဓာတ်၊
တနည်းအားဖြင့် ပြောရမယ်ဆိုရင် မိတ်ဆွေတို့ရဲ့ စိတ်ဓာတ်ကို မေတ္တာလို့ ခေါ်တာ ...။

မေတ္တာလို့ဆိုတဲ့ စကားလုံးနဲ့ မိတ်တဆိုတဲ့ စကားလုံးဟာ
မိတ်တဆိုတဲ့ စကားလုံးကနေ ဆင့်ပွါးပြီးတော့ မေတ္တာဆိုတဲ့ စကားလုံးဖြစ်ပေါ်လာတာ …။

မိတ်တဆိုတာ ချစ်ခင်သူလို့ အဓိပ္ဗါယ်ရတယ် ...။
မိတ်ဆွေဆိုတာ ခင်မင်ပြီးတော့ အကျိုးစီးပွါးကို လိုလားတဲ့ သူတွေကို မိတ်ဆွေလို့ခေါ်တာ။
အဲ့ဒီမိတ်ဆွေရဲ့ စိတ်ဓာတ်ကို မေတ္တာလို့ခေါ်တာပဲ။
အဲဒီမေတ္တာဟာ တစ်ကမ္ဘာလုံးအနှံ့  အကန့်အသတ်မရှိ ထားရမှာဖြစ်လို့ မေတ္တာကမ္ဘာ …
အလွန်ကျယ်ပြန့်တဲ့ မေတ္တာတရား။
အဲဒီမေတ္တာရှိသော်လည်းပဲ မေတ္တာကမ္ဘာကို တည်ဆောက်နိုင်ဖို့ဆိုတာ အရည်အချင်း ၂-ရပ် ပြည့်စုံဖို့ လိုအပ်တယ်ပေါ့။
မေတ္တာရှိတိုင်း စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟာ  သတ္တဝါတွေရဲ့ အကျိုးကို လိုလားတဲ့နေရာမှာ မေတ္တာတရားဆိုတာ ဘုရားကို မှီနိုင်လောက်တဲ့အတိုင်းအတာ ဘုရားကို မှီတဲ့ ပုဂ္ဂိုလ် မရှိဘူးပေါ့။ အားလုံးအပေါ်မှာ မေတ္တာထားနိုင်တယ် ..
ဘာဖြစ်လို့ မေတ္တာထားနိုင်တုန်းဆိုရင် မြတ်စွာဘုရားမှာ ဒေါသဆိုတဲ့ အမုန်းတရားဟာ ဝါသနာနဲ့ တကွ ပယ်ထားပြီးဖြစ်တဲ့အတွက်ကြောင့် အငွေ့အသက်လေးတောင် မကျန်အောင်၊
သန့်စင်တဲ့မေတ္တာတရားဟာ မြတ်စွာဘုရားမှာ  အပြည့်အဝရှိတယ်။
အားလုံးသော သတ္တာဝါတွေရဲ့ အပေါ်မှာ အကျိုးစီးပွါးကို လိုလားတဲ့စိတ်ဓာတ် အပြည့်အဝရှိတယ်။

ဘုန်းကြီးတို့တတွေမှာ မေတ္တာထားတယ်လို့ဆိုတာတောင် ကိုယ်နဲ့ အဆင်ပြေတဲ့ ပုဂ္ဂိုလ်ပေါ်သာ ထားနိုင်တာ၊ အဆင်မပြေတဲ့ ပုဂ္ဂိုလ်အပေါ်မှာဆိုရင် သက်ရောက်ဖို့ မေတ္တာဆိုတာ တော်တော်ခဲယဉ်းတယ်ပေါ့။
နောက်တစ်နည်းအားဖြင့် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်အကျိုးပြုနေတဲ့ ပုဂ္ဂိုလ်မျိုးတွေ အပေါ်မှာသာ ကိုယ့်ရဲ့ မေတ္တာရောက်ရှိပြီးတော့ ကိုယ်နဲ့ မသိဖာသာနေကြတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ မေတ္တာက ရောက်ချင်မှ ရောက်တယ်ပေါ့။

အဲတော့ ပုဂ္ဂိုလ်လေးမျိုးလုံးဆိုပါစို့ …။
- မိမိကိုယ်ပေါ်မှာရှိတဲ့ မေတ္တာစိတ်ဓာတ်
- ကိုယ်နဲ့ ချစ်ခင်တဲ့ ပုဂ္ဂိုလ် အပေါ်မှာ ရောက်ရှိတဲ့ မေတ္တာ စိတ်ဓာတ်
- သာမန် ပုဂ္ဂိုလ် ကိုယ်နဲ့ မသိတဲ့ သာမန်ပုဂ္ဂိုလ်တစ်ဦးအပေါ်မှာထားတဲ့ မေတ္တာစိတ်ဓာတ်
- ကိုယ်နဲ့ မတည့်တဲ့ ပုဂ္ဂိုလ် ကိုယ်ရဲ့  ရန်သူသဖွယ်ဆက်ဆံရတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာရောက်တဲ့မေတ္တာဆိုတာပေါ့။
ဒီမေတ္တာလေးမျိုးလုံး တန်းတူညီတူ ထားနိုင်ဖို့ဆိုတာ အင်မတန်ခဲယဉ်းတဲ့အရာတစ်ခုပေါ့ …။

ကိုယ့်အပေါ်မှာ ကိုယ့်ရဲ့ အကျိုးစီးပွါးကို လိုလားသလောက် ကိုယ့်ရဲ့ မိတ်ဆွေအပေါ်မှာ ထားနိုင်တဲ့ မေတ္တာဟာ ကိုယ်နဲ့ တန်းတူညီမျှဆိုတာ သာမန်ပုဂ္ဂိုလ်တွေ ထားနိုင်ဖို့ ခဲယဉ်းတယ်ပေါ့နော်။ နဲနဲလေး ကိုယ့်အပေါ်မှာတော့ သာကောင်းသာနေလိမ့်မယ်။

အဲတော့ မြတ်စွာဘုရားကျတော့ ဒီလိုမဟုတ်ဘူး။
မိမိနဲ့ ရင်းနှီးတဲ့ပုဂ္ဂိုလ်ပေါ်ထားတဲ့ မေတ္တာ၊ မိမိနဲ့ မသိတဲ့ပုဂ္ဂိုလ်ပေါ်ထားတဲ့ မေတ္တာ၊ မိမိအပေါ် ရန်လုပ်နေတဲ့ပုပုဂ္ဂိုလ်တွေအပေါ်ထားတဲ့ မေတ္တာဆိုတာ တသားတည်းပဲ တညီတည်းပဲ။ မေတ္တာဆိုတာ တသားတည်းပဲတညီတည်းပဲ ခွဲခြားလို့မရပါဘူး၊ မေတ္တာစိတ်ဓာတ်က တပြေးညီဖြစ်နေတယ်။ ဒါက စိတ်ဓာတ်ပိုင်းဆိုင်ရာ လေ့ကျင့်ထားသည့်အတွက်ကြောင့် မြတ်စွာဘုရားကျတော့ စိတ်ပိုင်းဆိုင်ရာ အညစ်အကြေးတွေ လုံးဝဖယ်ရှားနိုင်လို့ perfect ဖြစ်သွားပြီပေါ့။ မေတ္တာနဲ့ ပတ်သက်ရင် အစွန်းအငြိမရှိ။
ဘုန်းကြီးတို့တတွေရဲ့ မေတ္တာဟာ တစ်ဘက်စောင်းနင်းဖြစ်နေတတ်တယ်ပေါ့။
မြတ်စွာဘုရားရဲ့ မေတ္တာကျတော့  ကမ္ဘာမှာရှိကြတဲ့ သတ္တဝါတွေ အားလုံးအပေါ်မှာထားနိုင်တဲ့ မေတ္တာ၊  တပြေးညီထားနိုင်တဲ့ မေတ္တာဖြစ်လို့ မေတ္တာကမ္ဘာ။

အဲဒီမေတ္တာကမ္ဘာလိုမျိုး ဖေါ်ဆောင်နိုင်ဖို့ဆိုတာကျတော့ ကြီးမားတဲ့ အရည်အချင်း ၂-ရပ်ရှိဖို့လိုတယ်တဲ့။
အဲဒီအရည်အချင်း ၂-ရပ်က ဘာလဲလို့ဆိုရင် …
(၁) အသိပညာနဲ့
(၂) အကြင်နာတရားပဲဖြစ်တယ်ပေါ့။

ပါဋ္ဌိစကားလုံးနဲ့ ပြောတဲ့အခါ ပညာနဲ့ ကရုဏာ။ ပညာလည်းရှိရမယ်။ ကရုဏာလည်း ရှိရမယ်။
ပညာနဲ့ကရုဏာ နှစ်ဘက်အစုံရှိတဲ့ ပုဂ္ဂိုလ်ကသာလျှင် ခိုင်မာတဲ့ မေတ္တာကမ္ဘာကို တည်ဆောက်နိုင်မှာဖြစ်တယ်။ ကျန်တဲ့ ပုဂ္ဂိုလ်တွေဟာ ရင်ထဲနှလုံးထဲမှာ မေတ္တာဘယ်လောက်ရှိရှိ ကရုဏာပညာဘက်က ၂-ခု ထိန်းညှိထားနိုင်ခြင်း ဒီအရည်အချင်း ၂-ရပ်ပြည့်စုံအောင်မရှိဘူးဆိုရင် ဖေါ်ဆောင်တဲ့အခါမှာ အောင်မြင်ဖို့ အင်မတန်မှ ခက်ခဲတယ်။ လွဲချော်သွားနိုင်တယ်ပေါ့။

ဆိုပါစို့ မေတ္တာတော့ ရှိတယ် .. အားလုံးရဲ့ အကျိုးစီးပွါးကို လုပ်ချင်တယ်။ သာမန်အားဖြင့် ကြည့်မယ်ဆိုရင်အများကောင်းကျိုးတွေ ဆောင်ရွက်ပေးချင်တယ်၊ ပရဟိတလုပ်ငန်းတွေ လုပ်ချင်တယ်၊ လူမှုရေးတွေ လုပ်ပေးချင်တယ်။ အဲဒီလိုလုပ်ပေးချင်တဲ့အခါ ဒီလုပ်ငန်းကို ဖေါ်ဆောင်နိုင်တဲ့ အသိပညာ၊ သတ္တဝါတွေ အပေါ်မှာ အားလုံးအပေါ်မှာ ထားနိုင်တဲ့ အကြင်နာဆိုတဲ့ ကရုဏာ .. ဒီ၂-ခုရှိမှ အပြည့်အဝ ဖေါ်ဆောင်ပေးနိုင်တယ်။

ပညာတော့ ရှိပါရဲ့  ကရုဏာမရှိဘူးဆိုလို့ရှိရင် မိမိမေတ္တာဟာ တိမ်းစောင်းပြီးတော့ သွားနိုင်တယ်ပေါ့။
နောက်ဆုံးမှာ ပညာထက်လွန်းအားကြီးလာပြီးတော့ ကရုဏာတရားကင်းမဲ့လာတဲ့ ပုဂ္ဂိုလ်ဟာ ရက်စက်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်သွားတတ်သေးတယ်တဲ့။
ပညာရှိပေမယ်လို့ အကြင်နာတရားက ထိန်းကွပ်မပေးလို့ရှိရင် လမ်းချော်သွားနိုင်သေးတယ်ပေါ့။

ပညာတရားရှိမှ မိမိက မေတ္တာဘယ်လောက်ပဲရှိရှိ ပညာတရားရှိပြီဆိုရင် လုပ်သင့်တာ မလုပ်သင့်တာ ခွဲခြားသိတတ်တယ်။ လုပ်သင့်တာ မလုပ်သင့်တာ ခွဲခြားသိခြင်းအားဖြင့် မိမိရဲ့ မေတ္တာတည်ဆောက်တဲ့အခါ ဒီပညာကနေပြီးတော့ လုပ်သင့် မလုပ်သင့် ချင့်ချိန်နှိုင်းဆနိုင်ပြီး လုပ်သင့်တာကို လုပ်ပေးခြင်း၊ မလုပ်သင့်တာကို ရှောင်ရှားနိုင်ခြင်းအားဖြင့် မိမိရဲ့ မေတ္တာတရားဟာ စွမ်းဆောင်မှုတွေ ပြည့်လာတယ်လို့ ဒီလိုပြောရမယ်။

အဲတော့ ပညာတော့ ရှိပြီ ကရုဏာတရားမရှိဘူးဆိုရင် လုပ်သင့်တာ မလုပ်သင့်တာတော့ သိတယ်၊ သို့သော် တဘက်သားအပေါ်မှာ အကြင်နာတရားမရှိဘူးဆိုတဲ့အခါမှာ  လုပ်သင့်တာတော့ သိတယ် လုပ်မပေးဘူး။
မလုပ်သင့်မှန်းတော့ သိတယ် လုပ်လိုက်တယ်။
အကြင်နာမရှိသည့် အတွက်ကြောင့် …။
အဲဒီလို ပညာတော့ ရှိတယ် ကရုဏာမရှိဘူးဆိုရင်လည်း လမ်းလွဲသွားနိုင်တယ်။

မေတ္တာအခြေခံထားလို့ အကြင်နာတရားကတော့ အပြည့်အဝရှိပါတယ်၊ ကြင်နာတယ် သို့သော် လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားသိနိုင်တဲ့ ပညာအားနဲနေတဲ့အတွက်ကြောင့် ကောင်းတယ်ထင်ပြီး လုပ်ပေးလိုက်တယ် အဆိုးဖြစ်သွားတယ်၊ မကောင်းဘူးထင်ပြီး မလုပ်ပဲနေလိုက်တယ် အဆိုးဖြစ်သွားပြန်ရော။
ဆိုလိုတာကတော့ ပညာလည်းရှိရမယ် ကရုဏာလည်း ရှိရမယ်။ ဒီနှစ်ခုပြည့်စုံအောင်ရှိဖို့လိုတယ်လို့ဆိုတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ သတ္တဝါတွေ အပေါ်မှာ စွမ်းဆောင်မှုပေးတဲ့ ကြီးမားဆုံးသော အရည်အချင်း  ၂-ရပ်ဆိုတာ ကရုဏာနဲ့ပညာပဲဖြစ်တယ်တဲ့။

သတ္တဝါတွေရဲ့  ကောင်းကျိုးချမ်းသာ လိုလားပြီး အပင်ပန်းခံပြီး လုပ်ပေးနိုင်တာဟာ ကရုဏာကြောင့်၊
လုပ်တဲ့အခါမှာ မှန်ကန်တဲ့ လမ်းအတိုင်း လုပ်သင့်တာကို လုပ်တယ်။ ရှောင်သင့်တာကို ရှောင်တယ် ဒါကြတော့ ပညာရဲ့ အခန်းကဏ္ဍ။ ပညာနဲ့ ရွေးချယ်ပြီးတော့ ဆောင်သင့်တာနဲ့ ရှောင်သင့်တာ သိဖို့လိုအပ်တယ်ပေါ့။

ကိုယ့်ကျင့်သီလတောင် မြတ်စွာဘုရားက ၂-မျိုးခွဲပြီးတော့ ဟောတယ်။ စာရိတ္တသီလနဲ့ ဝါရိတ္တသီလတဲ့။
စာရိတ္တဆိုတာ ကျင့်သုံးရမယ့်တရား၊ ဝါရိတ္တဆိုတာ ရှောင်ရမယ့်တရား။ ဘယ်အရာပဲဖြစ်ဖြစ် ဆောင်ရန်နဲ့ ရှောင်ရန် ၂-ခုရှိနေတာပါပဲ။ အဲဒီနှစ်ခုကို မလွဲမှားအောင် ထိန်းချုပ်ပေးနိုင်တာ ပညာဆိုတဲ့ အရည်အချင်းပဲပေါ့။ ကရုဏာရှိပြီး ပညာမရှိရင် လွဲမှားတဲ့လမ်းစဉ်ကို ချမှတ်ပြီး လွဲမှားတဲ့ လမ်းကြောင်းကို လျှောက်ရင် ဒုက္ခရောက်တာပဲပေါ့။ ကရုဏာတော့ ရှိပါတယ် ပညာမပြည့်စုံဘူးဆိုရင် ချမှတ်တဲ့ လမ်းစဉ်ဟာ လွဲနိုင်တာပဲပေါ့။

ပညာတော့ ရှိတယ် ကရုဏာမရှိဘူးဆိုပြန်ရင်လည်း အကြင်နာတရား ထားရမယ့်နေရာမှာ မထားပဲနဲ့ စိတ်ရှည်ခြင်း သည်းခံခြင်းဆိုတာတွေ မရှိသည့်အတွက်ကြောင့်၊ ကရုဏာတရားကင်းမဲ့သည့် အတွက်ကြောင့် သူတဘက်သားအပေါ်မှာ အကျိုးဖြစ်ထွန်းမှုမရှိနိုင်ဘူးတဲ့။
ဒါကြောင့်မို့ ကရုဏာနဲ့ ပညာဟာ မေတ္တာကမ္ဘာမှာ အရေးအကြီးဆုံးတရား ၂-ခုဖြစ်တယ်ပေါ့။

လုပ်ငန်းသေးတာ ကြီးတာ အဓိက မဟုတ်ဘူး၊ မိမိတို့ အတိုင်းအတာအရ မိမိတို့ ဆောင်ရွက်တဲ့ လုပ်ကိုင်တဲ့ကိစ္စတွေမှာ လုပ်ကိုင်ဆောင်ရွက်တဲ့ အခါမှာ အကျိုးစီးပွါးကို လိုလားတယ်ဆိုတဲ့ မေတ္တာအရင်းခံပြီးတော့ ဒီလိုလုပ်တဲ့အခါမှာ လွဲမှားမှုမရှိအောင် ပညာဆိုတာ ထက်မြက်နေအောင် ဆည်းပူးအားထုတ်နေကြရတယ်။ စဉ်းစားကြရတယ်။ အသိပညာတွေ တိုးတက်နေအောင် လေ့လာနေကြရတယ်။ ပညာရှိမှ မိမိချမှတ်တဲ့ လမ်းစဉ်က မှန်ကန်တဲ့ လမ်းကြောင်းရောက်ရမယ်ပေါ့။
ကရုဏာတရားရှိမှ မိမိက သူတဘက်သားအပေါ်မှာ ကြင်နာစိတ်ရှည်သည်းခံခြင်းဆိုတာ ထားနိုင်မယ်ပေါ့။
ဒီသဘာဝတရားတွေနဲ့ မိမိရဲ့ မေတ္တာကို ဖေါ်ဆောင်နိုင်မှာဖြစ်တယ်ပေါ့။
လောကမှာ ကရုဏာနဲ့ ပညာ အပြည့်ဝဆုံး ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားသာလျှင်ဖြစ်တယ်ပေါ့။

တခြားပုဂ္ဂိုလ်တွေ အနေနဲ့ကတော့ မိမိတို့ လုပ်ကိုင်ဆောင်ရွက်ရမယ့်နေရာမှာ ကရုဏာနဲ့ ပညာ ထိန်းညှိပြီးတော့ လုပ်ကြရမှာဖြစ်တယ်။

ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်ကြီးဟောကြားတော်မူအပ်သော
မေတ္တာကမ္ဘာ၏ စွမ်းဆောင်မှုအကြီးမားဆုံးသော တရား(၂) ပါး တရားဒေသနာတော်ကို နာကြားပြီး ရေးသားမျှဝေလိုက်ပါတယ်။

တရားတော်ကို နာကြားပြီး မိမိတွင် ပညာအားသာလွန်ကာ ရက်စက်တတ်သူဖြစ်နေသလား၊

အဆင်ခြင်မဲ့သော ကရုဏာထားမိလေသလားဆိုတာကို

သတိတရားဖြင့် ဆင်ခြင်သုံးသပ်နိုင်ပြီး လမ်းကောင်းလမ်းမှန်များကို
ရွေးချယ်လျှောက်လှမ်းနိုင်ကြပါစေ …။



Sunday, February 14, 2016

မေတ္တာအကျဉ်းသား ~~~

မေတ္တာအကျဉ်းသား...။

တစ်ခုသော လမ်းမှာ လှမ်းလျှောက်လာရင်း ခပ်တိုးတိုး စကားလုံးတစ်ခု သူ့နှုတ်ဖျားမှ ရွတ်ကြည့်မိလေသည်။ နှလုံးသားထဲက ထွက်ကျလာတဲ့ စကားစုလေးကို ကိုယ့်နားထဲ ပြန်ကြားလိုသောကြောင့် ရွတ်မိခြင်းဖြစ်သည်။ ကြားမိသော ထိုစကားစုလေးကို နှလုံးသားထံ ပြန်စီးဝင်သွားသည့်အခါ သူ့နှုတ်ခမ်းထက် ကြည်မြသော အပြုံးတစ်ခု စွန်းထင်းသွားတော့သည်။

ကံကောင်းပါသည်၊ ထိုနေ့က ဘေးဝန်းကျင်လမ်းမထက် သူတစ်ဦးတည်းသာ လျှောက်လှမ်းနေခဲ့သည်မို့ ...။

~~~ မေတ္တာအကျဉ်းသား ~~~

မေတ္တာအကျဉ်းသားဆိုတဲ့ စကားစုအတွက် စာဖတ်သူမိတ်ဆွေလည်း ရုတ်တရက်ကြားမိလျှင် နားရှုပ်ဖွယ်ဖြစ်နိုင်ပါသည်။

မေတ္တာ၏ အေးမြသည့်သဘော ~~~
အကျဉ်းသား၏ ပိတ်လှောင်မှုဘောင် ~~~
ထိုအရာ ၂-ခု ပေါင်းစပ်လိုက်သောအခါ ...။

သူတစ်ပါးအလိုသို့ (သို့မဟုတ်) ကိုယ်မှတပါး အခြားသောသူ အားလုံးအတွက် လိုလားစွာ မိမိဘဝကို ကိုယ်တိုင် ဘောင်ခတ်အကျဉ်းစံလိုက်ခြင်းပင်ဖြစ်သည်။ ထိုထိုသော ဘောင်အတွင်း၌ ကျေနပ်စွာ ပေးဆပ်ခြင်းတွေ၊ မျှော်လင့်ခြင်းကင်းတဲ့ စေတနာတွေနဲ့ တစ်ပါးသူအကျိုးရှိစေဖို့ မိမိကိုယ်တိုင် အပ်နှင်းမည့် အေးမြသော မေတ္တာအဖြာဖြာတို့အပြင် ကျိုးနွံစွာဖြင့် သည်းခံခြင်းဆိုသော သတ္တိတို့နှင့် သတိမြဲစွာ နေထိုင်လေသည်။

ထင်ထင်ရှားရှား ထိုသို့သောသူမျိုးကို ညွှန်ပြပါဆိုလျှင် သိပ်မခဲယဉ်းလှပေ။
ဒီပင်္ကရာမြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဗျာဒိတ်စကားမိန့်ကြားခဲ့သော သုမေဓာရှင်ရသေ့ဖြစ်ပါသည်။
တစ်ဦးတည်း နိဗ္ဗာန်သောင်ကမ်းသို့ ဆိုက်ကပ်နိုင်သောအခြေအနေကို သွေဖယ်ပြီး
လောကသားတို့၏ ကောင်းကျိုးမှန်သမျှကို ဆောင်ရွက်လိုသော၊ ဆင်းရဲဒုက္ခမှန်သမျှမှ ကယ်တင်လိုသော၊ သတ္တဝါအများ၏ အကျိုးကို လိုလားသောမဟာကရုဏာနှင့် ပြင်းပြလှသောဆန္ဒ မေတ္တာစိတ်တို့သည် သုမေဓာရသေ့ကလေး၏ ဘဝသံသရာကို ကိုယ်တိုင်ဘောင်ခတ် ထုဆစ်ခဲ့ခြင်းဖြစ်ပါသည်။
တွေးမိတိုင်း ကြည်ညိုဖွယ်ကောင်းလှသော မေတ္တာများဖြစ်သည်။

ထိုသို့သော ကြီးမားသည့် မေတ္တာရှင်ကို ပံ့ပိုးကူညီပါရမီဖြည့်မည့် အမျိုးသမီးကလေး သုမိတ္တာသည် တောင်းဆုလေးတစ်ခုကြောင့် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကောက်ကောက်ပါအောင် ပါရမီတွေ ဖြည့်ပြီး ဘဝသံသရာကို ဝန်းရံဘောင်ခတ်ခဲ့သည်မှာ ထိုမေတ္တာကြောင့်ပင်မဟုတ်လား။

အများအတွက် တစ်ဦးတစ်ယောက်အတွက် စင်ကြယ်စွာ ထားနိုင်သော မေတ္တာရှင်များသည် သူတို့ဘဝကို ဘောင်ခတ် လိုလားစွာ အကျဉ်းကျစေတော့သည်၊ နှစ်လိုစွာ ကြည်နူးစွာ သိမ်မွေ့စွာ မေတ္တာအပ်နှင်းလိုကြသူများဖြစ်ကြပါသည်။
ခိုင်မြဲသော လေးနက်သော မေတ္တာတရားတို့သည် လောကဓံမုန်တိုင်းဒဏ်ကိုလည်း ခံကြရပါသည်။ လိုလားသောစိတ် သဒ္ဓါတွင် သတိဟူသော ပညာဖြင့် ထိန်းကြောင်းကြရင်း ဆင်းရဲခြင်းဟူသော ဒုက္ခမှန်သမျှကို သတ္တိရှိစွာ သည်းခံနိုင်ကြလေသည်။ ဘဝကို အနာခံရင်း ကျေနပ်ကြလေသည်။ အကျိုးကို ရည်မျှော်ရင်း အမောပြေကြလေသည်။ ပေးဆပ်ရင်း ပျော်ရွှင်ကြလေသည်။ ဝမ်းမြောက်ခြင်း ပီတိဖြင့်သာ ချမ်းသာကြရလေသည်။

မြတ်စွာဘုရားဆိုတာ သာမာန်လူတစ်ဦးအနေနဲ့ မြင်ကြည့်ဖို့ ခက်နေမယ်ဆိုရင် ယနေ့ခေတ်မှာလည်း ဥပမာပြစရာတွေလည်း ရှိနေပါသေးသည်။ ကိုယ့်ကိုယ်ကျိုးကို မငဲ့ အများအတွက်ရယ်လို့ ရည်စူး .. ကူညီစောင့်ရှောက်နေကြသူတွေရဲ့ ရင်ထဲက မေတ္တာကို လှမ်းမြင်နိုင်မယ်ဆိုရင် တွေးကြည့်ပေးနိုင်မယ်ဆိုရင် သူတို့ရဲ့ ရည်မှန်းချက်တွေ လုပ်ဆောင်ချက်တိုင်းအတွက် စာနာ နားလည် သဘောပေါက်နိုင်မှာဖြစ်ပါသည်။

ထိုမှတဆင့် သာသနာ့တာဝန်များကို ရွပ်ရွပ်ချွံချွံထမ်းရွက်ခဲ့ကြသော သာသနာ့ဝန်ထမ်း ဆရာတော်ကြီးများနှင့် ရဟန်းတော်များ၊ မိသားစုတွေထဲက မိသားစုအတွက် အပင်ပန်းခံ ရုန်းကန်ရှာဖွေပေးနေကြသော ဖခင်တို့၏ မေတ္တာများ၊ အိမ်ထောင်ကို ထိန်းသိမ်း မိမိဆန္ဒကို ဘေးချိတ် သားသမီးများအပေါ်ထားသော မိခင်တို့၏ မေတ္တာများ၊ မောင်ငယ် ညီမငယ်များကို စောင့်ရှောက်တတ်ကြသော အစ်ကိုကြီး အစ်မကြီးများ၏ မေတ္တာများ၊ မိသားစုကို ကူညီစောင့်ရှောက်တတ်သော မိသားစုဝင်များ၏ မေတ္တာများ၊ ထပ်ချဲ့ တွေးမယ်ဆိုရင် နိုင်ငံနှင့်လူမျိုးအတွက် စောင့်ရှောက်ခဲ့ကြလေသော မြန်မာနိုင်ငံ လွတ်လပ်ရေးဖခင်ကြီးနှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးများ၊ စစ်မြေပြင်နှင့် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားကြရှာသော စစ်သည်များနှင့် နိုင်ငံ့ဝန်ထမ်းများ၊ လတ်တလော အထင်ရှားဆုံးပုဂ္ဂိုလ်ကတော့ မြန်မာနိုင်ငံလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အစရှိသည့် ထိုထိုသော မေတ္တာရှင်များသည် သံသရာထဲက မေတ္တာအကျဉ်းသား သံသရာခရီးသွားများဖြစ်ကြပါသည်။

လောကမှာ ကိုယ့်အကျိုးကို ကွက်ကြည့်ပြီး အတ္တ၊ မာနထားတဲ့သူက မေတ္တာတရားကြီးမားသူတွေထက် ပိုများနေသောကြောင့် ဆင်းရဲခြင်းဒုက္ခတွေရဲ့ ရိုက်ခတ်ခြင်းဒဏ်ကို အများသတ္တဝါတို့သည် မလွဲမသွေ ခံစားနေကြရမှာဖြစ်ပါသည်။ ရှောင်လွဲမရသော အတိတ်ကံအကျိုးပေးတွေနှင့် ပစ္စုပ္ဗုန်ကို ရင်ဆိုင်ကြပြီး အနာဂတ်ကို တစ်ဖန်ပုံဖေါ်ထုဆစ်ရပြန်သည်။ သမုဒယနယ်ထဲနေထိုင်မိပြီမို့ ဒုက္ခသစ္စာဆိုတာ ပြေးမလွတ်ကြပါ။ ထိုအခါ မိမိစိတ်နှင့် မိမိပြန်အကျဉ်းကျလျက်ရှိသော မေတ္တာကြီးမားသူတို့၏ နှလုံးသွေးစက်တို့သည် တစိမ့်စိမ့်ဖြင့် တိတ်ဆိတ်စွာ ယိုစိမ့်ကြရပါသည်။

မေတ္တာအကြောင်းအရားများကို ပြောမယ်ဆိုလျှင် ချန်လှပ်ထားမရသော ချစ်ခြင်းမေတ္တာအကြောင်း ပြောကြည့်ကြပါစို့။ မေတ္တာကို အခြေခံသော ချစ်သူနှစ်ဦးတို့၏ ချစ်ခြင်းမေတ္တာများ၊ အိမ်ထောင်သည်တို့၏ ခိုင်မြဲသောမေတ္တာနှင့် ရိုးသားခြင်း သစ္စာတရားတို့သည်လည်း အဓိကအကြောင်းတစ်ရပ်အဖြစ် ပါဝင်နေပြန်ပါသည်။

ချစ်သူဘဝမှာ မသိသာလှသော လောကဓံမုန်တိုင်းတို့သည် ကံမွဲလှသူ လူသားတို့အပေါ် ဘက်မလိုက် ရိုက်ခတ်တတ်သောကြောင့် အိပ်ထောင်သည်ဘဝတွင် ဇနီးမောင်နှံတို့၏ ညီမျှသော နားလည်မှု၊ ငဲ့ညှာတတ်သော စာနာမှု၊ မာန်မာနကင်းသော ချစ်ခြင်းမေတ္တာဖြင့် ကျိုးနွံစွာ သတ္တိရှိရှိ သည်းခံခြင်းဖြင့် နှစ်ယောက်တစ်ဘဝ ကြိုးစားတည်ဆောက်ကြရပါသည်။ မေတ္တာ၏အားဖြင့် ဘဝကို မောင်းနှင်ကြရသည်။ သစ္စာကို အာဟာရပြု ၊ သည်းခံခြင်းတည်းဟူသော ကိုယ်ခံအားဖြင့် ဘဝသံသရာထဲ ရုန်းကန်ကူးခတ်နေကြလေသည်။

ထိုအခါ အထူးထူးသော မေတ္တာတရားများကို လေ့လာဆင်ခြင်မိရင်း တစ်ယောက်သောသူအပေါ် ထားမိသော မိမိမေတ္တာကို သုံးသပ်မိစဉ် .. ထိုအခိုက်အတန့်လေးဝယ် စိတ်ဝယ်တိုးတိုး ရေရွတ်မိသော စကားစုလေးတစ်ခု ဖြစ်ပေါ်လာလေသည်။

ကိုယ်ဟာ မေတ္တာနွံထဲ ခုန်ချမိတဲ့ မေတ္တာအကျဉ်းသားတစ်ဦးပါ ...။

ချစ်ခြင်း မုန်းခြင်း
အစွန်းလွတ်ပြီး
ခွင့်လွှတ်နားလည်ခြင်းတွေနဲ့ 
သူ့ဘဝကို ကိုယ်က ဖေးကူ
အေးမြပြီး ရောင်စဉ်မဲ့တဲ့
ကိုယ့်ရင်ထဲက
မေတ္တာဆိုတာ
သူ့ထံသို့သာ ထာဝစဉ်စီးဆင်းနေပြီး
ပျော်ရွှင်ချမ်းမြေ့စေတော့ရယ်လို့ ရည်စူး
မေတ္တာအကျဉ်းသား တစ်ယောက်ရဲ့ 
နှလုံးသားထက်ဝယ်
ချစ်ခြင်းမေတ္တာများက
တခမ်းတနားကို ရှိနေအုံးမှာပါ ...။



ခင်မင်စွာဖြင့်
ခရစ္စတလ်
(၁၄-၀၂-၂၀၁၆)

Sunday, January 31, 2016

လှုပ်ခတ်သွားသော လှိုင်းကြက်ခွပ်ငယ်ကလေးများ

ကျွန်းနိုင်ငံဖြစ်သော အာရှအရှေ့ ဦးနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံ၏ ဆောင်းနံနက်ခင်းသည် အေးချမ်းဆိတ်ငြိမ်စွာ မှောင်အတိဖြစ်နေ၏။ ဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတိုင်းလိုလို ညပိုင်းများတွင်သာ စည်ကားသွားလာများလေ့ရှိတတ်သောကြောင့် ဆောင်းနံနက်ခင်းသည် ငြိမ်သက်ခြင်းများစွာ လွှမ်းမိုးလို့နေပါသည်။
ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့နှင့် မိုင်ပေါင်းများစွာ ဝေးကွာလှတဲ့ နေရာလေးမှာ နေ့ဆွမ်းဆက်ကပ်လှူ ဒါန်းရန်အတွက် နံနက် (၄)နာရီတွင် နေအိမ်မှာ ခရီးနှင်ခဲ့ကြပါသည်။

မြန်မာနိုင်ငံမှ မိုင်ပေါင်းများစွာ ဝေးသော၊ ဗုဒ္ဓမြတ်စွာပွင့်ထွန်းရာဒေသနှင့် အလှမ်းကွာဝေးသည့်အရပ်တွင် ဗုဒ္ဓ၏ သားတော်ရဟန်းတစ်ပါးသည် သာသနာ့ဝန်ထမ်းအလုပ်ကို ကြိုးစားထမ်းရွက်နေသည်ကို ကြားသိရသောအခါ ပီတိလှိုင်းတစ်ချို့ ဖြတ်သန်းမိခဲ့ပြီ။

ဘာသာစကားမတူ၊ နေရာဒေသမတူ၊ မြန်မာနိုင်ငံနှင့်မတူညီလှသော ရာသီဥတုဒဏ် အစရှိသော မတူညီမှုတွေကို ရင်ဆိုင်ပြီး ဆရာတော် သာသနာပြုနိုင်သည့် သတ္တိကို မှန်းဆကြည့်နိုင်ပါသည်။


(ထေရဝါဒဗုဒ္ဓဘာသာတို့ကိုးကွယ်လေ့ရှိသော မြတ်ဗုဒ္ဓုရုပ်ပွါးတော်ဟန်နဲ့ 
ဂျပန်ကျောက်ဆစ်လက်မှုပညာရှင်လက်ရာပေါင်းစပ်မှုကို
 ကြည်ညိုသပ္ဗါယ်စွာ ဖူးတွေ့ ခဲ့ရပါတယ် ...)


စဥ်းစားကြည့်ပါမိတ်ဆွေ .. အရာရာ ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံ၊ နိုင်ငံသားတို့ အခွင့်အရေးနဲ့ပတ်သက်လျှင် မှန်ကန်မှုစိုးမိုးတဲ့ နိုင်ငံ .. လောကီချမ်းသာအဖုံဖုံတို့ ခံစား စံစားလွယ်ကူသောနိုင်ငံဝယ် သာသနာကို စိတ်ဝင်စားတဲ့ မြန်မာနိုင်ငံသားလည်း မဟုတ်ကြတဲ့သူတွေက ဗုဒ္ဓတရားတော်များကို စိတ်ဝင်တစား ကြိုးစားအားထုတ်နေကြသတဲ့လေ။ ကြိုးစားအားထုတ်လိုကြတဲ့ ကျွန်းနိုင်ငံသားများကိုလည်း မြတ်ဗုဒ္ဓ၏သားတော် ရဟန်းတော်တစ်ပါးက အနှစ် (၂၀)ကျော် သာသနာပြု နေတယ်ဆိုတဲ့ သတ္တိက ပြောင်မြောက်လှပါပေရဲ့။

ဓလေ့စရိုက် ရာသီဥတု အစစ ကွဲပြားခြားနားလှတဲ့ နေရာဝယ် စွမ်းနိုင်သမျှ သာသနာ့တာဝန်များ ထမ်းဆောင်နေတာကို တွေးမိတိုင်း .. တွေးမိတိုင်း ဆရာတော်ဘုရား၏ သည်းခံမှုအား ရဲရင့်မှုအား ကြိုးစားအားထုတ်မှု လုံ့လဝီရိယတို့အပေါ် ကြည်နူးပီတိလှိုင်းငယ်တစ်ခု လှုပ်ခတ်ဖြတ်သန်းသွားမိပြန်ပြီ။



နေ့ဆွမ်းကို သပိတ်ဖြင့် ခံယူပြီး ဘုန်းပေးသုံးဆောင်နေပါသော ဘုန်းဘုန်း (၃)ပါးမှာ ..

အိဘရခိခရိုင်၊ ဟိုကိုဒမြို့ ရှိ မြန်မာထေရဝါဒဓမ္မရိပ်သာ မဟာစည်ဆရာတော်ဦးဉာဏုတ္တရ 

စိုင်းတမခရိုင်၊ ဖုကရမြို့တွင် သီတင်းသုံးနေသော အရှင်မဏိဇောတာလင်္ကာရ


အိဘရခိခရိုင်၊ ဟိုကိုဒမြို့ ရှိ မြန်မာထေရဝါဒဓမ္မရိပ်သာတွင် သီတင်းသုံးနေသော ဂျပန်လူမျိုးထေရဝါဒရဟန်းတော်


ဆရာတော့်မှ နေ့ဆွမ်းကပ်လှူ ရန် စီမံပေးသည့်အတိုင်း၂၀၁၆ခုနှစ်အစ ပထမလ၏ (၁၀)ရက်နေ့တွင် ရိပ်သာသို့ အချိန်မီ မနက် (၁၀)နာရီတွင် ရောက်ကြ၏။ ရုံးပိတ်ရက် တနင်္ဂနွေနေ့ဖြစ်သောကြောင့် တရားရိပ်သာတွင် သာသနာ့ဝန်ထမ်း ထေရဝါဒဂျပန်ရဟန်းတော်တစ်ပါး၊ ဝိပဿ      နာတရားအားထုတ်နေကြသော ဂျပန်လူမျိုးယောဂီများနှင့်  ဥပုသ်သီတင်းဆောက်တည်ကြသော ဂျပန်လူမျိုးဥပုသ်သည်များသည် ဤဌာနေ ဤနေရာလေးမှာ ဆရာတော်ဘုရားဟောကြားသော ဓမ္မများကို ဆည်းပူးလေ့လာကြိုးစားနေကြသည်က ကြည်နူးဖွယ် ချမ်းမြေ့ဖွယ် အတုယူဖွယ် လေးစားအားကျဖွယ်အတိဖြစ်ခဲ့ပါသည်။

ထိုဒေသတွင် မြတ်ဗုဒ္ဓ၏သာသနာတော်ကို အထောက်အပံ့ပြုနေသော ဂျပန်လူမျိုးစေတနာရှင်များ၏ ယုံကြည်မှုသဒ္ဓါအားသည် အံ့သြစရာကောင်းလောက်အောင် ပီတိလှိုင်းခတ်မိခဲ့ပြန်ပြီ။



တစ်နေရာတည်းမှာ တစ်စုတစည်းတည်း တွေ့ ဖို့ခဲယဉ်းသူ (၄) ဦး
***** ***** ***** ***** ***** ***** ***** ***** ***** ***** *****
ဂျပန်မှာ အနှစ် (၂၀) ကျော် သီတင်းသုံးနေထိုင်တော်မူရင်း မဟာစည်နည်းနိဿယဖြင့် ဂျပန်လူမျိုးများကြား ၀ိပဿနာတရား စည်ပင်ပြန့်ပွားအောင် သာသနာပြုနေတဲ့ ဆရာတော်၊

ဂျပန်မှာ ရောက်နေတဲ့ မြန်မာလူမျိုးများနှင့် ဂျပန်လူမျိုးများကြား ဗုဒ္ဓသာသနာစည်ပင်ပြန့်ပွားနိုင်ဖို့ ကြိုးစားသာသနာပြုနေတဲ့ ဆရာတော်၊

ထေရ၀ါဒဗုဒ္ဓဘာသာကို အထင်ကြီးလေးစားကြည်ညိုလို့ မြန်မာရဟန်းတော်များထံမှ မြတ်စွာဘုရားအဆုံးအမများကို လေ့လာဆည်းပူးသင်ယူနေတဲ့ ဂျပန်လူမျိုး မဟာယာနကိုယ်တော်(လူပုဂ္ဂို လ်ဝတ်စုံသာ ဝတ်ထားပါသည်) ၊

ဂျပန်နိုင်ငံမှာ ထေရ၀ါဒဗုဒ္ဓသာသနာတော်စည်ပင်ပြန့်ပွားနိုင်ဖို့ နှင့် ၀ိပဿနာတရားထွန်းကားလာစေဖို့ မြန်မာသံဃာတော်များကို ကူညီထောက်ပံ့ပေးနေတဲ့ ဂျပန်သာသနာပြုအဖွဲ့ ရဲ့  ဥက္ကဋ္ဌ ဂျပန်အမျိုးသမီးယောဂီ



ထိုထိုသော ပီတီလှိုင်းငယ်များ တသိမ့်သိမ့်ဖြင့် နေ့ဆွမ်းကို ဆက်ကပ်လှူ ဒါန်းခဲ့သော ကုသိုလ်၊ ဘဝသံသရာအဆက်ဆက်မှ ပြု ခဲ့မိလေသော ကောင်းမှုကုသိုလ်အစုစုတို့ကို ရေစက်သွန်ချ အမျှပေးဝေငှခဲ့ကြပါသည်။
ဆရာတော်ဟောကြားသော တရားတော်များကို နာကြားရင်း တည်ငြိမ်နေသော ရေပြင်ဝယ် လှုပ်ခတ်သွားသော လှိုင်းကြက်ခွပ်ငယ်ကလေးများပမာ ပီတိတို့သည် တသိမ့်သိမ့်ဖြင့် တငြိမ့်ငြိမ့်ဖြင့် ...။

ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

Friday, January 29, 2016

ခေတ်သစ်နကုလနှင့် ထိုတစ်နေ့




(က)
“ထိုနေ့ကား ထူးခြားသည့်နေ့လေးတစ်နေ့ပါတည်း”။

(ခ)
ရဟန်းတော်၏ ဒိုင်ယာရီ စာမျက်နှာထက်တွင် ယင်းသို့ နိဒါန်းချီပြီး ရေးခြစ်ထားသည့် မှတ်တမ်းကို ပြန်ဖတ်မိတိုင်း ကြည်နူးကုသိုလ်တိုးရသည်။
ထိုနေ့က ဆနိုမြို့မှ( 佐野 )နကုလမာတာတို့ ဇနီးမောင်နှံ၊
ဂျပန်လူမျိုး မဟာယာနရဟန်းတော်၊
သူနှင့် ကားဆရာ စုစုပေါင်း (၅)ဦးသား
မနက် အရုဏ်မတက်ခင် အိဘရခိခရိုင်၊ ဟိုကိုဒမြို့ရှိ ၊မြန်မာထေရဝါဒဓမ္မရိပ်သာသို့
နေ့ဆွမ်းချိန်အမီ ခရီးနှင်ခဲ့ကြသည်။

(ဂ)
ကျောင်းတိုက်အဝင် တောအုပ်ကလေးသည်ပင် ဆရာတော်၏ အမြိုက်ဓမ္မကို သောက်သုံးထားသည့် နှယ် စိမ်းစိုရွှန်းမြလျှက်။ ထင်းရှူးတောလမ်းကလေးကို အတန်ငယ်ဖြတ်ကျော်လိုက်သည်နှင့် သာသနာ့ အလံတလူလူလွင့်နေသည့် ကမ္မဌာန်းတိုက်ပုကလေးများက ဆီးကြိုလို့နေသည်။ အဝိညာ ဏက တိုက်ပုကလေးများသည်ပင် မြင်ရသူအဖို့ ဝိမုတ္တိရသကို ခံစားစေနိုင်စွမ်းရှိလျှင် သဝိညာဏက များကား ဆိုဖွယ်မရှိတော့ပြီ။

(ဃ)
ဝိပဿနာအားထုတ်နေကြသော ဂျပန်လူမျိုးယောဂီများ၏ ဣနြေ္ဒအဆင်းကား စာဖြင့် မှတ်တမ်းတင်ဖို့ မစွမ်းသာပေ။ အထူးသဖြင့် ပဲ့ကိုင်ရှင် မြန်မာလူမျိုး တရားပြဆရာတော်နှင့်၊ သာသနာပြုအဖွဲ့ ဥက္ကဌ ဂျပန်လူမျိုး သိက္ခမာန်ဆရာလေး ယောရှိဒစန်တို့၏ ကိုယ်နှုတ်စိတ် အမူအရာတိုင်းသည် ကြည်ညိုအံ့ သြဖွယ်ရာ အတိ။ယဉ်ကျေးမှုမတူသော တိုင်းတပါးသားတို့အလယ် တောကြီးမျက်မည်းသာသာ နေရာ တွင် တစ်ပါးတည်း သာသနာပြုနေသော ဆရာတော်၏ သည်းခံအား၊ ဓမ္မအားကို တွေးရင်း ကြက်သီး ထမိသလို ၊ မိတ်ကပ်နံ့သာ မခြယ်သပဲ ပကတိ ကျော့ရှင်းဝင်းပနေသည့် ယောရှိဒစန်၏ တရားပြည့်ဝမှု ကိုတော့ လူတိုင်းချီးမွမ်းလို့ မဆုံးတော့။

(င)
နကုလမာတာတို့ ဇနီးမောင်နှံကား ကုသိုလ်အရေးဆိုလျှင် အစစ အရာရာ တာဝန်ကျေပွန်လှသည်။ ထိုနေ့က ဆရာတော်များနှင့် ဂျပန်ယောဂီများအားလုံးကို နေ့ဆွမ်း ဆက်ကပ်ခွင့်ရသည်မှာ ထူးခြား၏။
သူ့ကိုယ်ပိုင် စာမျက်နှာတွင်လဲ “တစ်နေရာတည်းမှာ တစ်စုတစ်ဝေးတည်း တွေ့ဖို့ ခဲယဉ်းသူ (၄)ဦး” ဟူ၍ မှတ်တမ်းတင်ထားသည်။ ထို (၄) ဦးတွင် ချန်လှပ်ထားလို့မရစကောင်းသော ဂျပန်လူမျိုး မဟာ ယာန ရဟန်းတော်ကား သူ့ထံတွင် တပည့်ခံရင်း မြတ်စွာဘုရား၏ မူလဓမ္မများကို လေ့လာဆည်းပူးဆဲ ဖြစ်သည်။ယခုမူ အခြေခံ ဝိပဿနာကျင့်စဉ်နှင့်အတူ မေတ္တာသုတ်ကိုပင် အဓိပ္ပါယ်နှင့်တကွ ရွတ်ဖတ် နိုင်လာသည်မှာ အားရဖွယ်ပင်။

(စ)
ထိုနေ့က အပြန်လမ်းတွင် မဟာယာနရဟန်းတော်အား သူ့အမြင်ကို မေးကြည့်မိသည်။ “တကယ့်ကို အံ့သြရပါတယ်။ အမှန်တော့လည်း နေရာကောင်းမှာ လူကောင်းတွေစုနေတာ မထူးဆန်းပါဘူးလေ” ဟု မှတ်ချက်ပြုသည်။ ရုတ်တရုက် နကုလပိတာ၏ ကားကြီးကို ရည်ရွယ်ပြီး ဒီလိုဆိုရင်တော့ ကားအေ ကာင်းစားကြီးထဲမှာ လူအကောင်းစားတွေ စီးနင်းလိုက်လာတာပေါ့ ဟု အရွှန်းဖောက်လိုက်တော့ ခရီး ပန်းသူတွေပင် ပွဲကျကုန်ကြသည်။ တကယ့်ကို မမေ့နိုင်စရာ ကုသိုလ်ဓမ္မအတိနဲ့ ထုံမွှမ်းခဲ့ကြသည့် ရက် မြတ်လေးပါပေ။

ရှင်မားရု
၁၃၀၁၂၀၁၆

Wednesday, December 23, 2015

ဘဝစာမျက်နှာသစ်တွေ ဘယ်လောက်ကျန်သေးလဲ ...

လူတိုင်း ကြုံရနိုင်တဲ့ သက်လတ်ပိုင်း စိတ်ဂယက် 
(Mid-life Crisis)
=============================================
Healthcare.com.mm
Written by : ဒေါက်တာသီဟသစ်
Ref:MMDailynews

(၁) အသက် ၄၀ နားနီးကနေ ၆၀ နှစ်ကြားထဲက လူတိုင်း ဖြစ်နိုင်သလို အဲဒီအသက် မရောက်သေးသူ လူငယ်များလည်း မဖြစ်မနေ သိရှိ မှတ်သားထားသင့်တဲ့ရောဂါတစ်ခုအကြောင်း ကျွန်တော်ရေးသားဖော်ပြပေးလိုက်ပါတယ်။

(၂) ငါ့ရဲ့ အသက်ရှင် ဖြစ်တည်နေမှုရဲ့ အနှစ်သာရက ဘာလဲ။ ဘ၀ရဲ့ အနှစ်သာရဆိုတာ ဘာများလဲကွယ်။ မှန်ကြည့်တိုင်း ငါ့ကို ပြန်ငေးစိုက်ကြည့်နေတဲ့ သူဟာ ဘယ်သူလဲ။ ဟူး…………. တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုတောင် မမှတ်မိချင်တော့ဘူး။ ငါရူးများ ရူးသွားပြီလား။
လောကကြီးကိုက နားလည်မှု၊ စောင့်စည်းမှုတွေ မရှိတော့တာ အရမ်းစိတ်ပျက်စရာ ကောင်းတယ်။ ငါ့ဟာငါ ဘာလိုချင် ဘာဆက်ဖြစ်ချင်မှန်းတော့ မသိတော့ဘူး။ အရာအားလုံးဟာ စိတ်ကုန်စရာလို့ပဲ ခံစားနေရတယ်။ ပြန်တွေးကြည့်ရင် ငါ့ဘ၀က အကုန်လုံး အလိုမကျစရာ၊ နောင်တရစရာတွေချည်းပဲ။ 
တစ်ချိန်က အရူးအမူး ငါကြိုးစားခဲ့တာတွေ အခုတော့လည်း ဘာမှ မဟုတ်သလိုပဲ။ ငါ့မိသားစုအတွက် ငါ့အသိုင်းအ၀ိုင်းအတွက် ငါအနစ်နာခံ ပေးဆပ်ခဲ့ရတာတွေ တကယ်တမ်းကျ မတန်ဘူး။
အခုကျတော့ အရာအားလုံး ပြောင်းလဲ သွားခဲ့ပြီ။ ငါ့ဘ၀ရဲ့ ကောင်းတဲ့အချိန်တွေ၊ ထက်မြက်နုပျိုတဲ့ အချိန်တွေ ကျန်ခဲ့ပြီ။ ပြန်မရနိုင်တော့တာ အသေအချာပဲ။
ရှေ့လျှောက် ကောင်းဖို့လည်း မမြင်တော့ဘူး။ ငါအသက်ကြီးလာပြီလေ။ အိုလာပြီ။ ရုပ်ကျသွားတာ အရမ်းသိသာတာပဲ။ 
သက်လတ်ပိုင်းဆိုတာ လူငယ်ဘ၀ရဲ့ ရင်ခုန်စွဲမက်စရာ ပိုင်ဆိုင်မှုအတော်များများကို မြေမြှုပ်သဂြိုင်္လ်လိုက်ရတဲ့ အချိန်ထင်
တယ်။ နောက်ထပ် ကြုံတွေ့ရမယ့် ဘ၀ရဲ့ စာမျက်နှာ သစ်တွေ ဘယ်လောက်မှ ကျန်တော့မယ် မထင်ဘူး။

ရှေ့ကို မျှော်ကြည့်တော့လည်း ………. 
အို…..ဘ၀ဆိုတာ တကယ်တမ်းတော့ ထွေထွေထူးထူး နှစ်သက်စရာ မကောင်းလှပါဘူး။ 
အကုန်လုံးက မသေချာ မရေရာတာနဲ့ စမ်းတ၀ါးဝါးနိုင်လိုက်တာ။
ပြောလိုက်ကြတာများ ဘာတဲ့။ ဘ၀ဆိုတာ တိုက်ပွဲဆိုလားပဲ။ 
တကယ်တမ်းသာ အဲလိုဆိုရင် ငါဟာနှစ်ရှည်လများ တိုက်ခဲ့တဲ့ တိုက်ပွဲပြီးသွားလို့ ဗုံးဆံတွေ ယမ်းငွေ့တွေကြား အားပြတ်လဲကျနေလို့ အိမ်မပြန်ရသေးတဲ့ စစ်သားအိုကြီးတစ်ယောက်ပဲ ဖြစ်မှာပဲ။ 
ငါ့မှာ အဖော်ကောင်းရယ်လို့မှ မရှိတော့တာ။
ငါလိုလားတောင့်တခဲ့တဲ့ အရာတွေကရော…….. ရောက်ချင်ခဲ့တဲ့ ပန်းတိုင်တွေကရော……. အကုန်လေးလံ နှေးကွေးနေတာပဲ။ ဘ၀ဆိုတာ ဘယ်လိုဖြစ်သင့်သလဲ ဆိုတဲ့ မေးခွန်းရဲ့ ထောင်ချောက်ထဲမှာ ငါပိတ်မိနေပြီ။ အရင်တုန်းက ဒီအနေအထားတွေနဲ့ ငါတင်းတိမ်ရောင့်ရဲခဲ့တာတော့ မှန်တယ်။ ဒါပေမဲ့ အခုတော့ ငါမပျော်တော့ဘူး။ မတင်းတိမ်မရောင့်ရဲ နိုင်တော့ဘူး။ လက်ရှိရှိနေတဲ့ မိသားစုဟာလည်း မွန်းကြပ်စရာပဲ။ ငါအကုန်လုံးကို မကျေနပ်တော့ဘူး။ အပြောင်းအလဲ ပျော်စရာတွေ ငါလုပ်နိုင်ပါဦးမလား။ ငါ့အသက်က ကြီးနေပြီလေ။ သေခြင်းတရားနဲ့ တွေ့ရဖို့ သိပ်အများကြီးမလိုတော့တဲ့ လူတစ်ယောက်က ဘာတွေများ ပျော်စရာတွေ ဖန်တီးနိုင်ဦးမှာလဲကွယ်………။
ငါနေ့တိုင်း လုပ်နေရတဲ့ အလုပ်တွေဟာ သိပ်ပျင်းစရာကောင်းတာပဲ။ ဆက်မလုပ်ချင်တော့ဘူး။
ထွက်ပြီး အလုပ်အသစ်ပြောင်းရင် ကောင်းမလား။ ဟုတ်တယ်။ 
ငါ့ဘ၀ရဲ့ ပျော်ရွှင်မှု အသစ်အဆန်းတွေ၊ ရင်ခုန်ကြည်နူးရမှုတွေကို ငါ့ဟာငါ ဖန်တီးရှာဖွေမယ်။ ငွေနဲ့ ၀ယ်လို့ရသမျှ ၀ယ်မယ်။ ငါမအိုသေးဘူး ဆိုတာမျိုး ရအောင်နေပြမယ်။

ဟူး…….. ဒါပေမဲ့လည်း ဘယ်က စပြောင်းလဲရမှန်း မသိပါလားနော်။

(၃) စာပိုဒ် အမှတ် (၂) မှာ ဖော်ပြခဲ့တဲ့ စိတ္တဇဆန်ဆန် အတွေးတွေဟာ ၀တ္ထုဆန်အောင်၊ ရသမြောက်အဖွဲ့ဆန်အောင် အနုပညာဈာန်နဲ့ ဖန်တီးရေးသားထားတာ မဟုတ်ပါဘူး။ ဒါတွေဟာ သက်လတ်ပိုင်း စိတ်ဂယက် (Midlife Crisis) ရဲ့ ထင်ရှားပေါ်လွင်တဲ့ လက္ခဏာများပဲ ဖြစ်ပါတယ်။ သင်ဟာ အသက် ၄၀ ပြည့်ပြီးသူ တစ်ဦးဖြစ်ပြီး အထက်ပါ အတွေးတွေအတိုင်း နေ့စဉ်ရက်ဆက် တွေးမိနေပါက သက်လတ်ပိုင်းစိတ်ဂယက် ဝေဒနာ ခံစားနေရပြီလို့ ဆိုနိုင်ပါတယ်။


(၄) Mid-life Crisis ဆိုတဲ့ ဝေါဟာရကို အနောက်တိုင်း လူ့အဖွဲ့အစည်းမှာ ၁၉၆၅ ခုနှစ်က အီးလီးယက် ဂျက်ခ် ဆိုသူက စတင်သုံးစွဲခဲ့ပြီး အဆိုပါ စကားလုံးဟာ သက်လတ်ပိုင်း ရောက်နေတဲ့ လူအချို့ ငယ်ရွယ်နုမျစ်မှုရဲ့ စွမ်းရည်တွေ ကျဆင်းလာကာ အိုမင်းလာမှုကို သတိထားမိစပြုလာတဲ့ အချိန်မှာ အလိုမကျခြင်း ပြင်းစွာ ဖြစ်ရတဲ့ ကာလတစ်ခုကို ကိုယ်စားပြုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစကားလုံးဟာ တဖြည်ဖြည်း ကျယ်ပြန့်တဲ့ သဘောမျိုး ဆောင်လာပါတယ်။

သက်လတ်ပိုင်း စိတ်ဂယက်ကို ခံစားသက်ရောက်စေတဲ့ အချက်တွေထဲမှာ ကိုယ့်ရဲ့ အိမ်ထောင်ဖက်က ဖောက်ပြန်ခြင်း၊ ကိုယ်တိုင်ဖောက်ပြန်မိ၍ ပတ်ဝန်းကျင်၏ ကဲ့ရဲ့မှုကို ခံရခြင်း၊ အမျိုးသားသဘာဝ စွမ်းဆောင်နိုင်မှု ကျဆင်းခြင်း၊ အမျိုးသမီးများ သွေးဆုံးခြင်း၊ ဘ၀လက်တွဲဖော် (သို့) ချစ်ခင်ရသူ အရင်းအချာ တစ်ဦးဦး ကွယ်လွန်သွားခြင်း၊ အလုပ်လက်မဲ့ ဖြစ်သွားခြင်း၊ ရာထူးကျခြင်း၊ လက်ရှိ အလုပ်သည် မုန်းစရာကောင်းသည်ဟု ခံစားနေရသော်လည်း တူမျှသော ၀င်ငွေ ဆက်ရနေအောင် အလုပ်မပြောင်းနိုင်သေးသဖြင့် လက်ရှိအလုပ်ကိုပဲ ဇွတ်ပေလုပ်နေရခြင်း၊ သားသမီးများ အရွယ်ရောက်ကာ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာသွားခြင်း စသည့် ဘ၀နှင့်ချီ စိတ်ထိခိုက်ရသော ထိုးနှက်ချက်များ ပါဝင်ကြောင်း တွေ့ရပါတယ်။

ဒီတော့ စောစောက ဖော်ပြခဲ့တဲ့ ဂယောက်ဂယက် အတွေးပေါင်းစုံ ၀င်လာပြီး ကိုယ့်ရဲ့ ပိုင်ဆိုင်မှု၊ ရုပ်ရည်၊ ကိုယ်ရည်ကိုယ်သွေး စတဲ့ အချက်တွေအပေါ် အားမလိုအားမရ ခံစားလာရခြင်းကို သက်လတ်ပိုင်းစိတ်ဂယက်လို့ ခေါ်တာပါ။

အသက် ၄၀ နဲ့ ၆၀ ကြားမှာပဲ ဖြစ်တတ်တယ်လို့ တွေ့ရှိထားပေမယ့် ရုပ်ဝတ္ထုပစ္စည်း ကိုးကွယ်မှု အားကောင်းလာတဲ့ ယနေ့ခေတ်မှာဆိုရင် ၃၅ နှစ်အထက် လူတွေလည်း ထည့်သွင်းစဉ်းစားဖို့ သင့်ပြီလို့ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ ဆိုချင်ပါတယ်။
အဲဒီလို မကျေနပ်မှုတွေဟာ အရင်နဲ့ လုံးဝမတူတဲ့ အမူအကျင့် နေပုံထိုင်ပုံတွေကို ပြောင်းလဲကျင့်သုံးမိခြင်းဖြင့် ပွင့်ကန်ထွက်ကုန်ပါတယ်။ 




အိမ်ထောင်မရှိသေးသူများ အဆင်ပြေသလို ပြုပစ်လိုက်ခြင်း၊ အိမ်ထောင်ရှိသူများ အချစ်သစ် ရှာချင်လာခြင်း၊ ပြည့်စုံသူများက တကယ့်ဈေးကြီးပါပေ့ ဆိုသော လူတိုင်းငေးလောက်သည့် အသုံးအဆောင်များ (ဥပမာ ယာဉ်၊ အီလက်ထရောနစ်ပစ္စည်း) ၀ယ်ယူသုံးစွဲပစ်ခြင်း၊ ခန္ဓာကိုယ်ကို လှပအောင် အသစ်တစ်ဖန် အလှဆင် မွမ်းမံခြင်း (အလှပြင်ဆိုင် မှန်မှန် သွားခြင်း၊ မူးယစ်သေစာ သောက်စားဖြစ်လာခြင်း စတာတွေ အရင်က မလုပ်ဖူးရင်တောင် လုပ်ဖြစ်လာကြပါတယ်။ ကလေးယူတာ နောက်ကျလို့ အဲဒီအချိန်မှာ ငယ်ရွယ်သေးတဲ့ သားသမီးတွေ ရှိနေသေးရင် အဲဒီ ကလေးတွေကို ကျောင်းစာ၊ အားကစား၊ ဘာသာစကား စတဲ့ ဘက်စုံမှာ အလွန်အမင်း တော်စေလွန်းလို့ အတင်းအကြပ်ဖိအားပေးရင်း မိဘနဲ့ သားသမီးကြား ပဋိပက္ခ ပိုဆိုးလာတာ တွေ့ရလေ့ ရှိပါတယ်။ မိဘတွေ ဖက်ကတော့ စေတနာနဲ့ပါ ဆိုပေမယ့် သူ့ဟာသူ Mid-life Crisis ခံစားနေရတဲ့ ရောင်ပြန်ကို သားသမီးတွေ အပေါ် လာဟပ်တာတော့ အသိနဲ့ ထိန်းရမယ့် ကိစ္စပါပဲ။

လေ့လာမှု တစ်ရပ်အရ ဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေမှာ သက်လတ်ပိုင်း စိတ်ဂယက် ဆိုတာ လူ ၁၀ ယောက်မှာ တစ်ယောက် ဘ၀မှာ မလွဲမသွေ ကြုံတွေ့ရလေ့ ရှိပြီး အဲဒါကြောင့် နိုင်ငံအတွင်းမှာ ရှိတဲ့ ကားအကောင်းစားတွေ (အထူးသဖြင့် လူငယ်တွေ စီးတဲ့ ပြိုင်ကားတွေ) ၊ ပင်လယ်စီး စပိဘုတ်တွေ၊ တစ်ကိုယ်ရည်သုံး ဇိမ်ခံအီလက်ထရောနစ် ပစ္စည်းတွေဟာ အရမ်းရောင်းရပါသတဲ့။ တစ်ဦးတစ်ယောက်ခြင်း ပစ္စည်းဝယ်နိုင်စွမ်း (Purchasing Power) မြင့်တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံ တစ်ခုရဲ့ တစ်နိုင်ငံလုံး လူဦးရေ ၁၀% က ၀ိုင်းဝယ်တာ ဆိုတော့ စဉ်းစားသာကြည့်ပေတော့။

ဘာလို့ အဲဒီလို လုပ်ကြသလဲ ဆိုတော့ မသိစိတ်ထဲက ဘာမှန်းမသိတဲ့ စိတ်ကူးပန်းတိုင် အိပ်မက်ကို ဖွေရှာဖြည့်ဆည်းချင်ကြလို့ပါ။ ခက်တာက ပန်းတိုင်က ဘာမှန်းမသိလို့ စိတ်ရူးပေါက်ရာ လျှောက်လုပ်ကြတာပေါ့။ ဒါ့အပြင် မပြီးပြတ်သေးတဲ့ (သို့) မလုပ်နိုင်လောက်တော့တဲ့ စိတ်ကူးတွေအတွက်လည်း ကိုယ့်ကိုယ်ကို အပြစ်တင်မိနေတာကိုး။ ရွယ်တူတန်းတူတွေ ကိုယ့်ထက်အောင်မြင်တာ တွေ့တိုင်းလည်း ရှက်ရွံ့အားငယ်စိတ်ကို ရင်ထဲကြိတ်ခံစားထားရတာလည်း ပါပါတယ်။ ဒီတော့ နုပျိုခြင်းကို ရရှိနိုင်တယ်လို့ ထင်တဲ့ အသုံးအဆောင်တွေ သုံးတယ်။ တချို့ဆို လူငယ်တွေ၊ အသိုင်းအ၀ိုင်းသစ်တွေနဲ့ ပြောင်းပြီး သွားပေါင်းတာ တွေ့ရပါတယ်။ အသက်ကြီးမှ သင်းကွဲတယ်ဆိုတာ အဲဒါပေါ့။

(၅) ဒီနေရာမှာ mmDailyNews ရဲ့ စာဖတ်ပရိသတ်များရဲ့ ရင်ထဲမှာ မတင်မကျ ဖြစ်နေတာ တစ်ခု ရှိနေမယ်လို့ ကျွန်တော်သိနေပါတယ်။ ဟုတ်တယ်လေ။ အထက်မှာ ဖော်ပြခဲ့တဲ့ အတွေးတွေ၊ လုပ်ရပ်တွေ ဆိုတာ နေ့စဉ်ဘ၀ လူအတော်များများ စိတ်ထဲ ပေါ်နေကျ အရာတွေ ဖြစ်ပြီး ဒါတွေက ဘယ်လိုကျန်းမာရေးကို ထိခိုက်စေလို့လဲ / ကျန်းမာရေးဆောင်းပါးရှင် တစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ဘာတွေ လာပြောနေသလဲ ဆိုတာမျိုးပေါ့။


Mid-Life Crisis ဟာ အမျိုးသားတွေကော အမျိုးသမီးတွေရဲ့ ကျန်းမာရေးတွေကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ထိုးနှက်ဖျက်ဆီးပါတယ်။ သက်လတ်ပိုင်း စိတ်ဂယက် ခံစားရသူ အမျိုးသား ၅ ယောက်မှာ ၄ ယောက်ဟာ အရက်ရဲ့ ကျေးကျွန် ဖြစ်သွားတာ တွေ့ရပါတယ်။ အသက်ကြီးမှ အရက်ပြင်းပြင်းထန်ထန် သောက်ဖြစ်သွားတဲ့ ၄င်းတို့ဟာ အသည်းအဆီဖုံး/ခြောက်၊ အသည်းကင်ဆာ စတဲ့ ရောဂါဆိုးတွေနဲ့ ဆေးရုံကုတင်ပေါ် ၅ နှစ်ကနေ ၇ နှစ်အတွင်း သေချာပေါက် ရောက်လာကြပါတယ်။ တခြားမူးယစ်ဆေးဝါး ဆိုရင်တော့ သေနိုင်စွမ်းက အရက်ထက် စောမှာ သေချာပါတယ်။ ဒါက ပထမအချက်ပါ။
အဲလို အသက်အရွယ် အမျိုးသားတွေမှာ မူးယစ်သေစာကြောင့် ယာဉ်တိုက်မှု ဖြစ်တဲ့ နှုန်းတွေ၊ မတော်တဆ ထိခိုက်မှု ဖြစ်တဲ့ နှုန်းတွေ မြင့်မားနေတဲ့ အချက်က အတော်လေး သိသာပါတယ်။ ဒါက ဒုတိယအချက်ပေါ့။


တတိယ အချက် ပြောရမယ် ဆိုရင် လိင်မှု ဆိုင်ရာ ကိစ္စတွေမှာ အဆင်အခြင်မဲ့ ကျင့်သုံးမယ်ဆိုရင် HIV အပါအ၀င် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပေါင်းစုံ ကူးဖို့ အခွင့်အလမ်း မြင့်ပါတယ်။ ကွန်ဒုံးသုံးတယ်ဆိုပေမယ့် မူးယစ်ရီဝေနေချိန်မှာ၊ စိတ်လေနေချိန်မှာ သုံးပုံစနစ်မကျတာလေး တစ်ခါတည်းနဲ့ HIV POSITIVE ဖြစ်သွားသူတွေ ခဏခဏ တွေ့နေရပါတယ်။ ဒီသုံးချက်ဟာ အမျိုးသားတွေ အတွက် Mid-life Crisis ရဲ့ အထူးအန္တရာယ် များတဲ့ နောက်ဆက်တွဲ သုံးခုပါ။

အမျိုးသမီးတွေကျတော့ သွေးဆုံးခါနီးလာလို့ မ ဟော်မုန်း အားနည်းလာကာ တရှောင်ရှောင်တပိန်ပိန်နဲ့ ဝေဒနာလေးများ ပေါ်လာတတ်ပါတယ်။ စားမ၀င်၊ အိပ်မပျော်တာ၊ အရိုးပါးစ ပြုလာလို့ တစ်ခုခုဆို ဟိုနေရာ ဒီနေရာက ကိုက်တာ၊ သွေးဆုံးခါနီး ရာသီလာရင် ပိုဝေဒနာ ဆိုးလာတာ၊ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်း ပိုဆိုးလာတာ၊ ရုပ်ကျနှုန်း သိသာလာလို့ စိတ်ပါ လိုက်ကျတာ စသဖြင့် အီစထရိုဂျင်ခေါ် မဟော်မုန်း အားနည်းမှုနဲ့ ဆက်စပ်တဲ့ ရောဂါတွေ တန်းစီပြီး ခံစားရတတ်ပါတယ်။
နောက်ပြီး သားသမီးတွေ အတောင်အလက် စုံလို့ မိဘရင်ခွင်ကနေ ထွက်သွားတဲ့ ဒဏ်ကို အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုခံစားရလေ့ရှိပါတယ်။ အထီးကျန်သိုက်မြုံ ရောဂါစု (Empty Nest Syndrome) လို့ ခေါ်ပါတယ်။ သားသမီးတွေက အဆက်အသွယ်မလုပ်၊ ဂရုစိုက်မှု အားနည်းရင် အမျိုးသမီး အများစုက သွေးတိုးရောဂါနဲ့ နှလုံးရောဂါတွေ ပိုဆိုးလာတတ်ကြကြောင်း သုတေသနတွေ အခိုင်အမာ ရှိပါတယ်။


နောက်တစ်ချက် ပြောရရင် အမျိုးသမီးတိုင်းတော့ မဆိုလိုပေမယ့် အချို့က လိင်မှုကိစ္စ ရှုပ်ထွေးမှုနဲ့ ထွက်ပေါက်ရှာကြပါတယ်။ ဒီအခါမှာ ရောဂါတွေ ကူးနိုင်တဲ့ အန္တရာယ်က အမျိုးသမီးက အမျိုးသားထက် နည်းနည်း ပိုများတာတွေ့ရသလို ပတ်ဝန်းကျင်ရဲ့ အထင်သေးရှုံ့ချမှုမှာလည်း အမျိုးသမီးတွေက ပိုခံရ ပိုအရှက်ရလေ့ ရှိပါတယ်။ ဒီတော့ လွတ်မလား လုပ်ကြည့်ပေမယ့် Mid-life Crisis ကနေ ရုန်းမထွက် နိုင်တော့ ပြန်ဘူးပေါ့။
သွေးဆုံးစောလို့ လိင်မှုကိစ္စကို မဖြစ်နိုင်တော့ဘူး ထင်ကာ လက်လျော့လိုက်သူ အမျိုးသမီး အများစုဟာ အိမ်ထောင်ဖက်က အချစ်သစ်ရှာသွားတာကြောင့်ရယ်၊ ကိုယ်ပိုင် ပျော်ရွှင်မှုတစ်ရပ် ဆုံးရှုံးလိုက်ရတာရယ် ပေါင်းပြီး အခြေအနေ ပိုဆိုးသွားကြပါတယ်။ (တကယ်တမ်းကတော့ သွေးဆုံးသွားပေမယ့် ချောမွေ့စေတဲ့ အဆီတစ်မျိုးမျိုးကို သုံးကာ အိမ်ထောင်ဖက်နဲ့ နေနိုင်ပါသေးတယ်။ ဒါဟာ အမျိုးသမီးအင်္ဂါ သေးသိမ်သွားခြင်းကို တားဆီးနိုင်သလို စိတ်ရောကိုယ်ပါ ကျန်းမာရေးအပေါ် အတိုင်းအတာတစ်ခုအထိ အကျိုးပြုကြောင်း သုတေသနများအရ သိရပါတယ်)

သက်လတ်ပိုင်းစိတ်ဂယက်ကို ဖြစ်စေတဲ့ အချက်တွေဟာ တစ်ဦးနဲ့ တစ်ဦး မတူကြသလို လူနေမှု အဆင့်အတန်းအရလည်း မတူကြပါဘူး။ အနီးကပ်ဆုံးသူ သေသွားလို့ ကိုယ့်လည်း သေမျိုးပါလားဆိုပြီး ကြောက်လန့်သွားတဲ့ အချိန် (သက်ဆိုင်ရာ ဘာသာရဲ့ တရားဓမ္မကို လိုက်စားသူတွေကတော့ ငြိမ်းချမ်းသွားကြပါတယ်) မျိုးမှာ၊ သက်တမ်း တစ်ဝက်ကျော်ကာ အိုလာပြီလို့ ခံစားရချိန်မှာ၊ လိင်မှုစွမ်းရည်တွေ ကျဆင်း ပျောက်ဆုံးသွားတဲ့ အချိန်မှာ၊ ကြိုးစားရုန်းကန် ပေးဆပ်ခဲ့ရသော်လည်း အရာမရောက်ပါလားဟု အတွေးဝင်လာချိန်မှာ စသဖြင့် အကြောင်းတရား အမျိုးမျိုး ရှိကြပြီး တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။


အမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက်စလုံးမှာ တူညီစွာ ခံရတဲ့ အချက်ကတော့ သက်လတ်ပိုင်းစိတ်ဂယက်ကြောင့် ခံစားရမှုဟာ စိတ်ကျရောဂါ (Depression) ဆီကို ဦးတည်သွားတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူမှုရေးမှာ ပြုမူနေထိုင်ပြောဆိုပုံတွေ (အထူးသဖြင့် စကားလုံးတွေ) ကို ဂရုမစိုက်ဘဲ လုပ်မိလို့ ပတ်ဝန်းကျင်နဲ့ သဟဇာတ မရှိတော့ဘဲ အထီးကျန်ကာ စိတ်ကျရောဂါ ပိုဆိုးလာတာတွေ၊ အိမ်အပြင်တောင် မထွက်ချင်တော့တာတွေ ဖြစ်လာတတ်ပါတယ်။ အပေါင်းအဖော် သူငယ်ချင်းတွေနဲ့ အပျော်အချိန်ဖြုန်းခြင်း၊ ပရဟိတ အလုပ်တွေ တတ်စွမ်းသ၍ လုပ်ခြင်း၊ အနုပညာ အတတ်ပညာ ဘာသာရေး စသဖြင့် သန်ရာတစ်ခုခု လေ့လာခြင်းစတဲ့ မှန်ကန်တဲ့ ပျော်စရာတွေ ဖန်တီးနိုင်ရင်တော့ ခံသာပါသေးတယ်။ နို့မို့ စိတ်ကျရောဂါဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေစိတ်ကို ဖြစ်စေတာ ကြောက်စရာပါပဲ။

ဒါကြောင့် အကြံပြုလိုတာက စိတ်ထွက်ပေါက်အဖြစ် အသုံးချတဲ့ အရာများကြောင့် မိမိရဲ့ ကျန်းမာရေး မထိခိုက်ရအောင် အသိဥာဏ်ရှိရှိ ကာကွယ်ပါ၊ ဖြစ်လာရင်လည်း ကုသမှု အမြန်ဆုံး ရယူဖို့ အရေးကြီးတယ် ဆိုတာပါပဲ။


(၆) သက်လတ်ပိုင်း စိတ်ဂယက်ကို ဘယ်လို ကာကွယ်ကြမလဲ……..???
ကမ္ဘာကျော် စိတ်ပညာရှင် ဆစ်ဂမန်ဖရွိုက်ကတော့ ပြောခဲ့ပါတယ်။ Mid-life Crisis ဆိုတာ သေဖို့နီးလာတာ ခံစားမိလို့ ကြောက်တဲ့ စိတ်က မောင်းနှင်တွန်းအားပေးလိုက်တဲ့ အတွေးစုတွေ ဖြစ်ပါတယ်တဲ့။ ဒီအတွေးစုတွေရဲ့ ကန်ထွက်မှုဟာ ယဉ်ကျေးမှုအမျိုးမျိုး၊ လူပုံစံ အမျိုးမျိုးကို လိုက်ပြီး အပျော်ရှာခြင်း အဖြစ်လည်းကောင်း၊ အပျော်ရှောင်ခြင်း အဖြစ်လည်းကောင်း စိတ်ရူးပေါက်စွာ ကွဲပြားကုန်ကြတာ ဖြစ်ပါတယ်။

၂၁ ရာစုရဲ့ အပေါ်ယံ ရွှေမှုန်ကြဲ ပကာသနအခြေခံ လူနေမှုစနစ်မှာ သက်လတ်ပိုင်း စိတ်ဂယက်ကို လူတွေဟာ ပိုပြီး သိချင်စိတ် များလာကြပါတယ်။ လေ့လာလာကြပါတယ်။ ဒီအခါမှာ စိတ်ပညာရှင်တွေ ကျန်းမာရေး ပညာရှင်တွေဟာ သက်လတ်ပိုင်း စိတ်ဂယက် မကြုံရနိုင်တဲ့ နည်းလမ်းများကို ရှာတွေ့လာကြပါတယ်။

- အိမ်ထောင်ရေးကို နွေးထွေးပျော်စရာကောင်းအောင် ထိန်းသိမ်းပါ။

အိမ်ထောင်သက် အတော်လေးရလာတဲ့ သက်လတ်ပိုင်း အချိန်မှာ တစ်ဦးအပေါ် တစ်ဦး ချစ်ခင် စိတ်ပါမှု အရင်လောက် မများကြတော့ပါဘူး။ အိမ်တွင်းရေး ပျော်ရွှင်မှုဟာ အရောင်မှိန်လာပြီး လျစ်လျူရှုထားခံရတဲ့ အဆင့်ရောက်သွားတတ်ရင် သက်လတ်ပိုင်း စိတ်ဂယက် ပိုမို ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ရေး သာယာချမ်းမြေ့မှု အမြဲရနေအောင် ကြံဆောင်ဖန်တီးပြီး သက်လတ်ပိုင်း စိတ်ဂယက်ကို ကာကွယ်ပါ။









- သူငယ်ချင်းမိတ်ဆွေကောင်းများ ရှိပါစေ။

တကယ်စစ်မှန်တဲ့ သူငယ်ချင်းတွေ မရှိသူဟာ သက်လတ်ပိုင်း စိတ်ဂယက် ခံစားရဖို့ သေချာသလောက်ပါပဲ။ ဒါကြောင့် ဒီအချက်ကို အခုကတည်းက ပြုပြင်ဖာထေးထားပါ။ အကယ်၍ သင့်မှာ အဲလို နှလုံးသားချင်းနီးပြီး ဂရုတစိုက် ရှိတဲ့၊ အရေးကြုံရင် အားကိုးရတဲ့ မိတ်ဆွေ မရှိဘူး ဆိုရင် လူတွေက စိတ်ထားမကောင်းလို့ ဆိုပြီး အကြောင်းပြချက် မပေးပါနဲ့။ မိတ်ဆွေကောင်းတွေ ရဖို့ဆိုရင် သင်ကိုယ်တိုင်က မိတ်ဆွေကောင်း အရင် ဖြစ်နေဖို့ လိုပါတယ်။









- သင့်အလုပ်အကိုင်ရဲ့ အရေးပါမှုနဲ့ အနာဂတ်မျှော်လင့်ချက်ကို ပုံဖော်တွေးပါ။

သင့်ရဲ့ အလုပ်အကိုင်ဟာ လူတွေကို ဘယ်နည်းဘယ်ပုံ အကျိုးပြုနေသလဲ အကောင်းဖက်က တွေးပါ။ သင်ဟာ ကုမ္ပဏီပိုင်ရှင် တစ်ယောက် ဖြစ်ရင် သင့်ရဲ့ ထုတ်ကုန်တွေ၊ ၀န်ဆောင်မှုတွေကြောင့် လူတွေ ဘယ်လို အကျိုးရှိ ပျော်ရွှင်သွားစေသလဲ ဆိုတာမျိုး၊ သာမန် ၀န်ထမ်းတစ်ယောက် ဖြစ်နေရင်လည်း ငါဟာကုမ္ပဏီမှာ ဘယ်နေရာတွေမှာတော့ အရေးပါတယ် ဆိုတာမျိုး၊ အောက်ခြေအလုပ်တစ်ခု လုပ်နေရရင်လည်း ဖြေသိမ့်စရာ ကြံဖန်တွေးပါ။ ဒီနေရာနဲ့ မကျေနပ်နိုင်ရင် ရှေ့ကို လှမ်းဖို့ အားတွေ ထုတ်ပါ။ မျှော်လင့်ချက်တွေ ရှင်သန်နေသ၍ သင်ဟာ Mid-life Crisis ဖြစ်ဖို့ ဝေးနေသေးတယ် ဆိုတာ သေချာပါတယ်။ နောက်ပြီး အသက် ၄၀-၅၀ အထိ နိမ့်ကျတဲ့ ဘ၀မျိုးမှာ နေလာပြီး တစ်ကျော့ပြန် အားမာန်တွေနဲ့ ထိပ်ဆုံးတစ်နေရာ ရသွားတဲ့ သူဌေးတွေ၊
အနုပညာသမားတွေ၊ တီထွင်ဖန်တီးသူတွေ စသဖြင့်
ဒီကမ္ဘာကြီးပေါ်မှာ မရေမတွက်နိုင်လောက်အောင် ရှိနေတယ်ဆိုတာ သင့်အတွက် အားတက်စရာ တစ်ခုပါပဲ။





- ပုံမှန် အားကစားလိုက်စားပါ။

ကိုယ်လက်လှုပ်ရှားမှုတစ်ခုကို စနစ်တကျ လုပ်ပေးခြင်းဟာ ဘ၀ကို စိတ်ပျက်ငြီးငွေ့ခြင်း၊ ဘ၀ကို တရားလွန် တပ်မက်စွဲလန်းခြင်း ဆိုတဲ့ အစွန်းတရားတွေကို ထိုက်သင့်သလောက် တားဆီးနိုင်တဲ့ စိတ်အခြေအနေများကို ပေါ်စေတဲ့ အာနိသင် ရှိကြောင်း သိပ္ပံနည်းကျ စမ်းသပ်တွေ့ရှိထားပါတယ်။ ဒါဟာ အိုမင်း လေးလံ အားယုတ်မှုကိုပါ ကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခုမို့ သက်လတ်ပိုင်း စိတ်ဂယက်ကို ကာကွယ်ဖို့ အသင့်တော်ဆုံး နည်းလမ်း တစ်ခုပါပဲ။







- ဘာသာရေး လိုက်စားပါ။

ဘာသာရေး လိုက်စားသူတွေဟာ ဘ၀အပေါ် မျှတတဲ့ အမြင်နဲ့ ကြည့်တတ်ကြလို့ သာမန်လူတွေထက် စိတ်နှလုံး ပိုအေးချမ်းကြတာ တွေ့ရပါတယ်။ တရားဘာဝနာ ပွားများခြင်း (Meditation) ဆိုတာ ဘ၀ရဲ့ အလိုမကျမှုတွေကို ကုစားဖို့ အကောင်းဆုံး နည်းလမ်းတစ်ရပ် ဖြစ်သလို Mid-life Crisis ကြောင့် ဖြစ်လာမယ့် သွေးတိုး၊ နှလုံး၊ သတိမေ့ ရောဂါများကို ကာကွယ်နိုင်တဲ့ အကောင်းဆုံး ဆေးတစ်လက်ပါပဲ။











- အရမ်းရှုပ်ထွေးပြည့်စုံတဲ့ ဘ၀ပုံစံထက် အေးချမ်းတဲ့ ဘ၀ကို ရွေးချယ်ပါ။

အရမ်းလန်းတဲ့ကား၊ အိမ်ကြီးအိမ်ကောင်း၊ ၀တ်ကောင်းစားလှတွေ၊ ပိုက်ဆံဖြုန်းတဲ့ အားလပ်ရက် ခရီးစဉ်တွေဟာ ပျော်ရွှင်ကျေနပ်မှုကို ပေးတယ်လို့ ထင်ရပေမယ့် ဆန့်ကျင်ဖက်နဲ့ အဆုံးသတ်တတ်ပါတယ်။ ဒါတွေထဲက အချို့တစ်ဝက် ရှိရင် အတော်လေးကောင်းတဲ့ ဘ၀ ဖြစ်ပေမယ့် အကုန်လုံး ရှိဖို့ အရေး ကျားကုတ်ကျားခဲ ကြိုးပမ်းနေခြင်းဟာ တစ်ချိန်မှာ သက်လတ်ပိုင်း စိတ်ဂယက် ကြုံကိုကြုံရမယ့် အနေအထားလို့ လူမှုစိတ္တဗေဒ ပညာရှင်များက ဆိုပါတယ်။ သာမန်ပြည့်စုံတဲ့ မိသားစုတွေကတော့ ဘ၀ရဲ့ ပျော်ရွှင်မှု အဓိပ္ပာယ်ရှိမှုကို အစစအရာရာ ပြည့်စုံသူတွေထက် ၁.၅ ဆ ပိုခံစားရလေ့ ရှိပါသတဲ့။ 
အစွန်းရောက်လွန်းစွာဆင်းရဲခြင်း၊ ချမ်းသာခြင်းတွေကို ရှောင်နိုင်ရင် သက်လတ်ပိုင်း စိတ်ဂယက်ကိုလည်း ရှောင်ပြီးသားဖြစ်သွားပါတယ်လို့ ပညာရှင်များက ဆိုပါတယ်။




- ကျန်းမာရေးလိုက်စားပြီး ခန္ဓာကိုယ် ပုံမပျက်အောင် ထိန်းသိမ်းပါ။

ငယ်စဉ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် အမူအကျင့်တွေကို လေ့လာဆည်းပူး လိုက်နာထားပါ။ ဒါဆိုရင် သက်လတ်ပိုင်း စိတ်ဂယက် မကြုံဖို့ အားပေးပါတယ်။ ဘ၀မှာ စိတ်မကျဉ်းကြပ်ဖို့ စားချင်တာ စားမယ်၊ နေချင်သလို နေမယ်ဆိုတဲ့ သူတွေဟာ သက်လတ်ပိုင်းစိတ်ဂယက်ကို ခံစားရဖို့ ရာနှုန်းပြည့်နီးပါး နီးစပ်ပါတယ်။ နောက်ထပ် ပြုံးစရာ အချက်တစ်ချက်က ခါးအဆမတန် တုတ်လာသူတွေဟာ သက်လတ်ပိုင်း စိတ်ဂယက်ရဲ့ သားကောင်တွေ ဖြစ်တတ်ပါသတဲ့။ ဒါကြောင့် Mid-life Crisis ကို ကာကွယ်ဖို့ အလှူတွေချည်းပဲ လိုက်စားမနေပါနဲ့၊ ကျန်းမာရေးနဲ့ ဘာသာရေးလဲ လိုက်စားပါဦးလို့ တိုက်တွန်းပါတယ်။










- အလွန်အမင်း နှလုံးသွင်း ခံစားတတ်သော အကျင့်ကို ပြင်ပါ။





ချစ်ခင်ရသူ တစ်ဦးဦးနဲ့ သေခွဲ ခွဲရတာမျိုး၊ အလုပ်အကိုင် ထိခိုက်သွားတာမျိုး၊ သားသမီးတွေ စွန့်ခွာသွားတာမျိုး စတဲ့ ထိခိုက်နာကျင်ရမှုတွေကို မေ့ဖျောက်အေးချမ်းအောင် အထက်ပါ အချက် ၇-ချက်ကို လိုက်နာကျင့်သုံး ကာကွယ်ပါ။














တကယ်တမ်းကတော့ ဥရောပသားတွေ ပြောသလို အသက် ၄၀ မှ ဘ၀ စတယ်ဆိုတာဟာ အသက် ၄၀ ရောက်ရင် လူတစ်ယောက်အတွက် ပညာ၊ ဥစ္စာ၊ ချစ်ခြင်းမေတ္တာ၊ မိသားစု စတဲ့ တန်ဖိုးရှိတဲ့ အရာကောင်းတွေ စုစည်းမိထားပြီး ဘ၀ရဲ့ အရသာကို အေးဆေး စခံစားရတော့မယ့် အရွယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ထို့အတူ တစ်ယောက်ချင်းစီအတွက် မိမိကိုယ် မိမိ အမှန်သိခြင်း (Self-actualization) နဲ့ မိမိရဲ့ ကောင်းမွန်မှုတွေကို သိရှိကျေနပ်ခြင်း (Self-awareness) ရအောင် ပြန်လည်ဝေဖန် သုံးသပ်ပြီး တည်ငြိမ်အေးချမ်းစွာ နေထိုင်ရတော့မယ့် အရွယ်ဖြစ်ပါတယ်။ ဒီလိုတန်ဖိုးရှိတဲ့ အချိန်မှာ Mid-life Crisis ခေါ် သက်လတ်ပိုင်း စိတ်ဂယက်ကို မကြုံတွေ့ရအောင် ကိုယ့်ကိုယ်ကို ပြင်ဆင်နှလုံးသွင်းရင်း (အိုမင်းမှုဆိုတာ စာရေးသူလည်း ကိုယ်ချင်းစာ မခံစားပေးနိုင်သေးပေမယ့်) အိုမင်းမှုကိုလည်း ပုံမှန်စိတ်အနေအထားနဲ့ လက်ခံနှေးကွေးစေရင်း ကျန်းမာပျော်ရွှင်စွာ နေနိုင်ကြပါစေ။


ပုံလေးတွေဖြင့် ပူးတွဲမျှဝေလိုက်ပါတယ်။
မူရင်းရေးသားသည့် စာရေးသူအား အထူးကျေးဇူးတင်ပါတယ်...။

ခင်မင်စွာဖြင့်
ခရစ္စတလ်