သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Wednesday, October 20, 2010

အမောပြေဖို့ “ကော်စမွေ”သို့

Koh Samui Island မှ ရုပ်ပွါးတော်

ဒီကျွန်းက မြတ်စွာဘုရားရုပ်ပွါးတော် တည်ရှိရာအရပ်ဟာ အရင်က ကလေးသချိုင်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်၊ ကလေးလိုချင်သူများ သွားရောက်ဆုတောင်းကြကြောင်းလည်း ဒေသခံများက အရပ်စကားအနေနဲ့ ပြောလေ့ရှိကြပါတယ်။ crystal သွားရောက် ဘုရားရှိခိုးစဉ်မှာတော့ ဒေသခံစုံတွဲတစ်တွဲက မြတ်စွာဘုရားရုပ်ပွါးတော် လက်တွင်းသို့ ပိုက်ဆံအကြွေစလေးများ ပစ်တင်ထည့်သွင်းကာ အဓိဋ္ဌာန်ပြုဆုတောင်းနေတာ တွေ့ရပါတယ်။ ဒီလို လုပ်တာလေးကို တွေ့တော့ မြန်မာနိုင်ငံမှ ကျိုက်ထီးရိုးစေတီတော်မြတ်တည်ရှိရာအနီး ကျီးကန်းပါးစပ်မှာ အကြွေစများ ပစ်တင်ဆုတောင်းနေကြတာကို သတိရမိသေးပါတယ်။ အခုတော့ ထိုင်းနိုင်ငံကျွန်းတစ်နေရာမှာ ဒီအလေ့အထကို ပြန်လည်တွေ့နေမိတော့ အတွေးများက ဝေဆာနေမိတယ်။


“အောင်တော်မူခန်း”ပုံမျိုးကို ရုပ်ထုတွေအဖြစ်လည်းကောင်း၊ ပန်းချီကားအသွင်အဖြစ်လည်းကောင်း ထိုင်းနိုင်ငံရှိ ဘုရားစေတီပုထိုးများမှာ တွေ့ရတတ်ပါတယ်။

နိုင်ငံခြားသားအချို့နဲ့ ထိုင်းနိုင်ငံသား အချို့က crystal တို့ အုပ်စု မြတ်စွာဘုရားကို ရှိခိုးဦးချနေကြတာကြည့်ပြီး ထိုင်းနိုင်ငံသားမဟုတ်ဘူးလို့ တီးတိုးဆိုကြတယ်။ ထို့ပြင် နိုင်ငံခြားသားများက ထိခြင်းငါးပါးဖြင့် ရှိခိုးဦးချနေသည်ကို အထူးအဆန်းဖြင့် ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်နေကြပါတယ်။


ဘုရားရင်ပြင်တော်မှ လှမ်းမျှော်ကြည့်မိတော့ ရေစီးကြောင်းနဲ့ တောင်တွေကို တွေ့ရပါတယ်။ အော် မန္တလေးတောင်ပေါ်မှာ crystal နဲ့ ကျေးဇူးရှင်တို့ Bliss တို့ ဓာတ်ပုံရိုက်ခဲ့ကြတာတွေ၊ အတူဘုရားဖူးကြ၊ တရားထိုင်ကြတာတွေကို သတိရမိရင်း အလွမ်းများက အတိတ်ဆီကို မောင်းနှင်လို့ပေါ့။
တနေ့နေ့မှာတော့ crystal နဲ့ Bliss တို့ ဒီကျွန်းလေးကို သွားရောက်ကာ တူနှစ်ကိုယ် အမောဖြေအုံးမယ်လို့ အားခဲထားလိုက်ပါတယ်။

ဘီလူးမကြီးက သားနဲ့ ယောက်ျားကို ပြန်လာခဲ့ဖို့ ပြောကြားနေတဲ့ပုံကို ရုပ်ထုအသွင်အဖြစ် ရေကမ်းစပ်မှာတွေ့ရတယ်။


လေးစားစွာဖြင့်
crystal

ဆက်လက်ဖော်ပြပါမည်...

Monday, October 4, 2010

“ဗွေ” ပါလို့။


crystal တစ်ယောက် ခြေထောက်မှာ ဗွေပါလို့ မြန်မာနိုင်ငံတုန်းကလည်း တစ်နိုင်ငံလုံး အနှံ့နီးပါး အလုပ်ကိစ္စတွေနဲ့ ခရီးထွက်နေရပါတယ်။ အခုလည်း အလုပ်ကိစ္စတွေနဲ့ပဲ ခရီးယာယီတွေများနေပါတယ်။ ဘဝဆိုဒ်မှာ ပိုစ့်မရေးဖြစ်သေးပေမယ့် အလုပ်ဆိုဒ်မှာတော့ ပိုစ့်လေးတွေကို စိတ်ဝင်တစားနဲ့ အားခဲရေးသားနေဖြစ်ပါတယ်။ ဘဝဆိုဒ်က ပိုစ့်တွေကို ဆက်ရေးရမယ်ဆိုရင်လည်း အချိန်အတိုင်းအတာအရလည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ မအားမလပ်မှုများကြောင့် မရေးသားဖြစ်ပေမယ့်၊ လောလောဆယ်တော့ Bliss of Us ဒီနေရာလေးမှာ crystal ရှိနေပါတယ်။ လာလည်နိုင်ပါတယ်လို့လည်း crystal သိသော မသိသော မိတ်ဆွေများ အားလုံးကို ရိုသေလေးစားစွာ ဖိတ်ခေါ်ပါတယ်ရှင်။

လေးစားစွာဖြင့်
crystal

Friday, October 1, 2010

လေဆာပစ်ဘုရား (Khao Chee-ChanBuddha image)

ဒီဆိုဒ်လေးမှာ Bliss of Us ဘုရားပုံတော်များ လှူဒါန်းထားပါတယ် ဒေါင်းလိုက ဒေါင်းပါလေ ။

Khao Chee-Chan; ထိုင်းစာလုံးကို မြန်မာအသံထွက်ရင်တော့ “ခေါက်ချီချန်” ဖြစ်ပါတယ်။
မြန်မာတွေကတော့ လေဆာဖြင့် ပစ်လွှတ်ထွင်းထားတာဖြစ်လို့
လွယ်လွယ် လေဆာပစ်ဘုရားလို့ ခေါ်ကြတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ နာမည်ကျော်ကမ်းခြေတစ်ခုဖြစ်တဲ့ ပတ္တရားကမ်းခြေကနေ မြို့ပြင်ကို ဆက်ထွက်လာကြတဲ့ အခါမှာတော့ ကျောက်တောင်နံရံမှာ လေဆာဖြင့် ပစ်ဖေါက်ရေးဆွဲထားတဲ့ မြတ်စွာဘုရားပုံတော်ကို ကြည်ညိုသပ္ပါယ်စွာ ဖူးတွေ့ရမှာဖြစ်ပါတယ်။ မြတ်စွာဘုရားပုံတော်ရှိရာ တောင်ခြေကို ရောက်တော့ မှောင်ရီပျိုးနေပါပြီ။ ဘုရားပရဝဏ်နေရာလေးက တော်တော်လေး အေးချမ်းငြိမ်သက်သာယာလျက်ရှိပါတယ်။ တောတွေ တောင်တွေ ရောက်ပြီဆိုရင် မေတ္တာပို့တာလေးကို အရင်ပြုလုပ်ပါတယ်။ ပြီးနောက်မှာတော့ တောင်တန်းသာသနာပြုဆရာတော်ဘုရား ပူဇော်လေ့ရှိတဲ့ “သတသဟဿာရဟ” ဂါထာတော်ကို ရွတ်ဖတ်ပူဇော်ပြီး၊ ပြုသမျှကုသိုလ်တွေကို အမျှဝေခဲ့ပါကြောင်း။


ဒီပုံလေးထဲမှာ ထေရဝါဒ ထိုင်းဘုန်းတော်ကြီးနှစ်ပါးက ဦးဆောင်ပြီး
မဟာယနဘုန်းတော်ကြီးတစ်ပါးပါဝင်တဲ့ ဘုရားဖူးခရီးသည်များအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
သူတို့အဖွဲ့ကတော့ အုပ်စုလိုက် ရှိခိုးပူဇော်ကြပါတယ်။

crystal တို့သွားတဲ့အချိန်မှာ ကိုရီးကားလှပျိုဖြူခရီးသည်တစ်အုပ်နဲ့ ဂျပန်လှပျိုဖြူခရီးသည်တစ်အုပ်တို့ တိုးအုပ်စုအလိုက် ကားတွေ အသီးသီးရောက်လာကြပြီး ဓာတ်ပုံရိုက်နေကြတာတွေ့ရပါတယ်။ ဘုရားရှိခိုးတဲ့သူ တစ်ယောက်တလေမှ မပါတာ စိတ်မကောင်းစရာတစ်ခုပဲလား မသိပါ။

လေးစားစွာဖြင့်
crystal