သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, March 17, 2011

ဂျပန်နိုင်ငံ၏ သတင်းတွေကြည့်လိုပါလျှင်

လွတ်မြောက်မှု အနာဂတ်ကို မျှော်ကြည့်ခြင်း
အခြားသော သတင်းဆိုဒ်များအပြင် ဂျပန်နိုင်ငံ၏ နောက်ဆုံးရသတင်းများ၊ 
ဂျပန်နိုင်ငံမှ ရေးသားသော ဘလော့ရေးသူတို့၏ အတွေ့အကြုံများ 
သတင်းများနှင့် မျှဝေလိုသော အကြောင်းအရာများကို သိရှိလိုပါလျှင်
ယင်းဘလော့ဆိုဒ်မှ တဆင့် သွားရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း။

“ကမ္ဘာကြီး၊ သူ နေမကောင်းပါ”

ကမ္ဘာကြီးဗိုက်အောင့်နေလို့ ဆူနာမီအဖြစ်နဲ့ အန်ချလိုက် လူတွေ သောင်းချီသေကုန်ပါလေရော

ဒီလို ရစ်ရစ်ပြီး နာနေရှာတယ် 

တလှိုက်လှိုက်တက်လာနေပြီ

အန်ချလိုက်ပါပြီ

သူအန်ချလိုက်လို့ ဘေးပတ်ဝန်းကျင် ထိခိုက်ကုန်ပြီလေ

ဒီလိုဖြစ်ကုန်တော့ ကယ်ဆယ်ရေးလုပ်တာတွေမှာ ခက်ခဲမှုတွေဖြစ်နေရပြီ

အို ဘယ်နှယ့် ...တောင်နဲ့မြောက်များ ပစ်နေပြီလား၊ 
ဟုတ်ပါဘူးနော် ကမ္ဘာကြီးနေမကောင်းဖြစ်နေတာပါ...

ရုံးမှာ တူတူပုန်းတိုင်းဆော့နေကြတယ် ကြည့်အုံး စားပွဲခုံလေးအောက်ကို ဝင်လို့
တကယ်ဖြစ်ရင် မလွတ်ဘူးနော် ဒီလိုလေး မနေနဲ့ လွတ်အောင်သာပြေး ကွင်းပြင်ဆီကို။

ဒီချိန်မှာ သွားလာရလွယ်တဲ့ ဖိနပ်များကိုသာ ဝတ်ဆင်ပါ
 သတင်းတွေ အဆက်မပြတ်စေဖို့ပဲလိုတယ် ကျန်တာတွေ တွေးမနေနဲ့တော့

အကြောက်တရားကို ဘေးဖယ်ထား၊ ကယ်ဆယ်ရေးသာ အဓိက

ပစ္စည်းတွေ ပြတ်လပ်နေပြီဖြစ်လို့ လွယ်ကူစွာ စားနိုင်မယ့် အစားအသောက်တွေ အရေးတကြီးလိုအပ်နေပြီ

ဘဝတူတွေအဖို့ ခံစားချက်ခြင်းလည်းတူကြသတဲ့

နွေးထွေးမှုတွေ လိုနေတယ်

ထိတ်လန့်မှုများတဲ့နေ့ရက်များ

ထိုင်းလူမျိုးတစ်ယောက် ပေးပို့သော အီးမေးကို  ဆီလျော်သလို စာများရေးသားလိုက်ပါတယ်။

အခက်အခဲဖြစ်လေတိုင်း သောကဝေလေတိုင်း ရတနာသုံးပါးပဲ အားကိုးပါတယ်၊
ဝိပဿနာတရားနဲ့ ထိတွေ့ပေးခဲ့တဲ့ ကသစ်ဝိုင်ဆရာတော်ဦးပဒုမ၏ ရဟန်းဒကာမဖြစ်ခဲ့သော ကျေးဇူးရှင်အဘွားရဲ့ ကျေးဇူးများကို အောက်မေ့သတိရမိတဲ့နေ့ရက်များဖြစ်ပါတယ်။

မေတ္တာပို့၊ သစ္စာဆို၊ ပဋ္ဌာန်းနဲ့ ဂျပန်တစ်နိုင်ငံလုံးကို စည်းချ၊ အများအကျိုးကိုလိုလားသော လောကတွင်စောင့်ရှောက်လျှက်ရှိကြကုန်သော အစောင့်အရှောက်များကို တိုင်တည် အကူအညီတောင်း။ 

အေးချမ်းသွားမှာပါ၊ အဆင်ပြေသွားမှာပါ၊ ဘေးဆိုးတွေက လွတ်သွားမှာပါ။

ယုံကြည်ပါတယ်။

ကမ္ဘာကြီး နေကောင်းသွားမှာပါ။ 

နောင်ကို သူနေကောင်းအောင် လူသားတွေ ပိုဂရုစိုက်ရတော့မှာဖြစ်ပါတယ်။

လေးစားစွာဖြင့်
crystal

Sunday, March 13, 2011

ပြည်ဖျက်ငလျင်ဘေး၏ နောက်ဆက်တွဲများ

ဒေါင်းမာန်ဟုန်မှ ထပ်ဆင့်ကူးယူဖေါ်ပြပါသည်။

ပြင်းထန်သောမြေငလျင်နှင့်ဆူနမိကြောင့်ဖရိုဖရဲမြင်တွေ့ရသောကွန်တိန်နာများ




ငလျင်ဒဏ်ခံစားရပြီး ပိတ်မိနေသော ဂျပန်နိုင်ငံသားများအား ခက်ခက်ခဲခဲ ကြိုးစားကယ်ဆယ်နေပုံ(ဓာတ်ပုံမှတ်တမ်း)yomiurishinbun/AFP
မတ်လ (၁၁)ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဂျပန်ငလျင်နောက်ဆက်တွဲနဲ့ ပတ်သက်ပြီး တီဗီတွေကနေ တောက်လျှောက်ပြနေတယ်။ ANN အဆဟိ သတင်းဋ္ဌာနကကောက်ယူတဲ့ စစ်တမ်းအရ သေဆုံးသူ (နာမည်comfirm) ဖြစ်သည့်အလောင်း တစ်ထောင် (၁၀၀၀ ကျော်)၊ ပျောက်ဆုံးနေသူ (နာမည်comfirm) တစ်ထောင့်တစ်ရာ (၁၁၀၀ ကျော်) နေပြီဖြစ်ပါတယ်။ စူနားမီတိုက်ရိုက်ခံစားလိုက်ရတဲ့ မြို့ငယ်များထဲမှာ လူ တစ်သောင်းခြောက်ထောင်ကျော်စီ နေထိုင်တဲ့ မြို့ငယ် (၃)ခုမှာ တမြို့လျှင် တစ်သောင်းဝန်းကျင်ခန့် (ပျောက်ဆုံး - comfirm မလုပ်နိုင်သေး) ဟုသိရှိရပြီး စုစုပေါင်းလူပေါင်း သုံးသောင်းကျော် အဆက်သွယ် လုပ်လို့ မရသေးဘူးလို့ ပြောပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၆၉ နိုင်ငံမှ အထူးကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်မည်ဟု ကမ်းလှမ်းထားပြီး အမေရိကား၊ ဂျာမဏီ၊ ဆွစ်ဇလန်၊ တရုတ် တို့မှ စတင်ရောက်ရှိလာနေပြီဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှ CNN ၏ အချိန်တော်တော်များများမှာ ဂျပန်ငလျင်သတင်း ဦးစားပေးထုတ်လွှင့်ပေးနေသည်ဟု သိရှိရပါတယ်။

အမေရိကားပလိပ်၊ ဖိလစ်ပိုင်ပလိပ်၊ ပစိဖိတ်ပလိပ် ဆက်စပ်နေသည့်နေရာမှ ယခုငလျင်မှာ ဂျပန်နိုင်ငံအရှေ့ဖက် ပစိဖိတ်အတွင်းမှ ပစိဖိတ်ပလိပ်ရွေ့လျားမှုကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ပါသည်။ အလျား အရှေ့အနောက် ကီလိုမီတာ-၂၀၀၊ အနံ တောင်မြောက် ကီလိုမီတာ - ၅၀၀ အကျယ်အ၀န်းအတွင်းမှာ 7.0M အထက် ငလျင်ကြီးများ ၇ကြိမ်ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။ 5.6 M ၀န်းကျင်ငလျင်များ နေရာအနှံ့ ဆက်တိုက်လှုပ်နေပါသေးတယ်။ ငလျင်ကြီး ကြုံတွေ့ခံစားရသူများအဖို့ 5.0M ငလျင်များကို ငလျင်ဟု မထင်တော့သလို ဖြစ်တတ်တာကြောင့် သတိလက်မလွတ်ကြစေဖို့ ဆော်သြနေပါတယ်။ Japan Meteorological Agency (JMA) မှ မတ်လ - ၁၁ ရက်နေ့ ဖြစ်ပေါ်ခဲ့သောငလျင်အား မက်ဂနိကျု့ 8.8M ဟုဖေါ်ပြခဲ့ပြီး အမေရိကားမှ တိုင်းတာချက်အရ 8.9M ဟုဖေါ်ပြခဲ့ပါတယ်။

ယနေ့ မတ်လ - ၁၃ ရက်နေ့ ဂျပန်စံတော်ချိန် နေ့လည် ၁နာရီ JMA မှ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သြစတေးလျနိုင်ငံမှ တိုင်းတာချက် ဂရပ်ဖ်အား ပြန်လည်ကြည့်ရှုသုံးသပ်ပြီးနောက် မတ်လ - ၁၁ ရက်နေ့ လှုပ်သွားသော ငလျင်အား မက်ဂနိကျု့ 9.0M အဖြစ်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာသွားပါတယ်။ 9.0M သည် ကမ္ဘာပေါ်တွင်ဖြစ်ပေါ်သော ငလျင်များထဲတွင် အကြီးဆုံးဖြစ်ပြီး မှတ်တမ်းများအရ နှစ်-၅၀၀ တွင်တကြိမ် ခန့်ဖြစ်ပေါ်သည်ဟုဆိုပါတယ်။ ၁၉၉၅ ကိုဘေးငလျင်သည် မက်ဂနီကျု့ 6.8M သာရှိသော်လည်း ငလျင်ဗဟိုချက်ဖြစ်သောကြောင့် ပျက်စီးဆုံးရှုံးမှု များပြားခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၉၉ တိုင်ဝမ်ငလျင်သည်လည်း 7.6M ဗဟိုချက် နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။

အမေရိကားပလိပ်၊ ဖိလစ်ပိုင်ပလိပ်၊ ပစိဖိတ်ပလိပ် ၃ခုလုံး တပြိုင်တည်းရွေ့လျားမှုဖြစ်ပေါ်နိုင်ခြေလည်းရှိပါ တယ်။ တပြိုင်တည်း ရွေ့လျားခဲ့ပါက ဖေါ်ပြရန်ခက်ခဲ့သော ကြီးမားပြင်းထန်သည့် ငလျင်များစွာ ဖြစ်ပေါ်နိုင်ပြီး ကြီးမားသော ဆူနာမီများလည်းဖြစ်ပေါ်လာနိုင်ခြေရှိပါတယ်။ လက်ရှိ ခန့်မှန်းထားကတော့ ဘယ်နေရာကို ဗဟိုပြုပြီးတော့ ဖြစ်ပေါ်လာမယ်မှန်းမသိနိုင်တဲ့ 7.0M ငလျင် ၃ရက်အတွင်းဖြစ်ပေါ်ရန် ၇၀% ဟုပြောကြား သွားပါတယ်။

အထက်ပါအကြောင်းအရာတွေကတော့ ANN နေ့လည် တစ်နာရီသတင်းကို ကြည့်ရှုပြီး အဆင်ပြေသလို တင်ပြထားခြင်းဖြစ်ပါတယ်။

အရေးပေါ်ကြိုတင်ပြင်ဆင်ခြင်းများ

ဂျပန်နိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားများအနေဖြင့် မိတ်ဆွေအချင်းချင်း ဆက်သွယ်မှုပြုလုပ်ရန် ပြင်ဆင်ထားပါ။ တကယ်ငလျင်ကြုံတွေ့ရပါက ဖုန်းဆက်သွယ်မှုများ ပြတ်တောက်နိုင်ပြီး တိုက်များပြိုကျမှု၊ လမ်းများပျက်စီးမှုကြောင့် အရှေ့အနောက် တောင်မြောက် အရပ်တွေ မသိဖြစ်နိုင်ပါတယ်။ မိမိတို့အနေဖြင့် အမှတ်အသားတစ်ခုပြုလုပ်ပြီး အရေးပေါ်အခြေနေကြုံတွေ့လာပါက ထိုနေရာတွင်ဆုံတွေ့ လူစုကြနိုင်ရန် တိုင်ပင်ထားပါ။ မဖြစ်ပေါ်လာခဲ့လျင်တော့ အကောင်းဆုံးဖြစ်ပါသော်လည်း ဖြစ်ပေါ်လာခဲ့လျှင် ကံတရားက မျက်နှာသာပေးပါခဲ့က ကယ်ဆယ်ရေးများ မရောက်လာမီအချိန်အတွင်း အသက်အန္တရာယ် ကြိုတင် ကာကွယ်နိုင်စေဖို့ မိမိ၏ အရေးကြီးသော မှတ်တမ်းများ၊ စားစရာအနည်းငယ်၊ သောက်စရာရေ၊ လက်နှိပ်ဓါတ်မီး၊ တနိုင်ဆွဲပြေးနိုင်သော အိတ်တလုံးထဲတွင် အသင့်ပြင်ထားကြရန်လိုပါတယ်။ ဟန်းဖုန်းများတွင် ငလျင်အလမ်း ဆက်တင်ပါသဖြင့် ဖြစ်နိုင်ပါက ON ထည့်ထားကြပါ။ အိပ်သည့်အခါ ဘေးဘီတွင် ပြုတ်ကျလာနိုင်သော ပစ္စည်းများမရှိသည့် နေရာကို ရွေးချယ်အိပ်ပါ။ ယမကာသောက်တတ်သူများ ယခုရက်ပိုင်းအတွင်း ခေတ္တဂရုစိုက်ဆင်ခြင်သင့်ပါသည်။

ယခုရေးသားနေသည့်အချိန်တွင်လည်း မရေမတွက်နိုင်သော ငလျင်များဖြစ်ပေါ်နေပါသည်။ ပုံတွင်ကြည့်ရှုပါ။


အသေးစိတ် update news များဖတ်လိုပါက JMA Home Page မှာ လေ့လာနိုင်ပါတယ်။ ငလျင်ဒဏ် ဆူနာမီဒဏ်ကြုံတွေ့နေရခြင်းအပြင် နယူကရီးယားဓါတ်အားပေးစက်ရုံ ယိုစိမ့်မှုပြဿနာလည်း ရင်ဆိုင် နေရပါတယ်။
အားလုံးသော ဂျပန်ရောက် မြန်မာနိုင်ငံသာများ ကံဇာတ်ဆရာ၏ မျက်နှာသာပေးမှုကို ခံယူနိုင်ကြပါစေ ခင်ဗျာ။
mmcpcommunityမှ Dragon Ballအားကျေးဇူးတင်ရှိပါသည်....

Sunday, March 6, 2011

စောင့်မျှော်နေတဲ့ အနာဂတ်များ

 ပုံကို ဂူဂယ်မှ ကူးယူပါသည်။

ကျွန်တော် ဂျပန်ပြည်စရောက်တဲ့အချိန်ကစလို့ နေ့စဉ် သွားရင်းလာရင်း သတိပြုမိခဲ့တာ တစ်ခုရှိခဲ့ပါတယ်။ အဲဒါကတော့ ဒီမြို့က လူငယ်လေးတွေပါဘဲ။ ကျွန်တော်ကိုယ်တိုင် ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်း လာခဲ့ဖူးတာရော၊ အဲဒီကနေတဆင့် အသက်(၂၀) အရွယ်ကနေ အခု (၃၀) ကျော် ဖြစ်လာခဲ့တဲ့အထိ ဖြတ်သန်းခဲ့ရတဲ့ ဘ၀အစိတ်အပိုင်းများက ဒီကလူငယ်တွေအပေါ် ပိုပြီး စိတ်ဝင်စားမှုကို ဖြစ်စေပါတယ်။ ဒီမှာ ကျွန်တော်မြင်နေရတဲ့ လူငယ်တွေကို ကြည့်ကြပါအုံး။ သူတို့ရဲ့  မျက်နှာတွေမှာ အထင်ရှားဆုံးတွေ့ရတာက လူငယ်သဘာဝ လွတ်လပ်မှုနှင့် တက်ကြွလန်းဆန်းနေမှုပဲဖြစ်ပါတယ်။ သူတို့တွေမှာ မိမိဘ၀အပေါ် ယုံကြည်စိတ်ချနေမှုက သူတို့လှုပ်ရှားသွားလာနေပုံကိုကြည့်ရင် အထင်းသားတွေ့မြင်နိုင်ပါတယ်။ သူတို့စိတ်ဝင်စားတဲ့ ၀ါသနာပါတဲ့ ပညာရပ်ဆိုင်ရာသော်လည်းကောင်း၊ ဒါမှမဟုတ် စာပေ၊ ဂီတ၊ အနုပညာ၊ အားကစား တစ်ခုခုကို နှိုက်နှိုက်ချွတ်ချွတ် ထဲထဲဝင်ဝင်လေ့လာဖို့ စိုင်းပြင်းနေတာကို သူတို့ရဲ့  လှုပ်ရှားမှုတွေက သက်သေခံနေကြပါတယ်။ စားသောက်ဆိုင်တွေမှာ သူငယ်ချင်းတွေ စုပြီး စားကြ သောက်ကြတဲ့အချိန်မှာဆိုရင်လည်း စိတ်လွတ်လပ်မှုကို အပြည့်အ၀ခံစားရင်း ပျော်ရွှင်ကြည်နူး နေနိုင်ကြတာကို သတိထားမိပါတယ်။ သူတို့ဘ၀လေးတွေ ဘာကြောင့် အခုလို လွတ်လပ်အေးချမ်း နေကြတာပါလိမ့်။

ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ လူငယ်ကျောင်းသားဘ၀ကို ပြန်စဉ်းစားကြည့်မိပါတယ်။ ဆယ်တန်းအောင် တဲ့အချိန်မှာ တက်စရာ တက္ကသိုလ်က အဆင်သင့်ရှိမနေခဲ့ပါဘူး။ မြန်မာပြည်အခြေအနေက တက္ကသိုလ်တက်ဖို့အတွက် သုံးနှစ်လောက်စောင့်ရပါမယ်တဲ့။ အဲဒီမှာတင် လူငယ်ထုဘ၀ဟာ ကမောက်ကမ စဖြစ်ကြရတော့တာပါဘဲ။ ဒီစောင့်ရမယ့်သုံးနှစ်ကို ဘယ်လိုဖြတ်သန်းကျော်လွန်ကြမလဲ။ တချို့ ကတော့ ဘ၀တိုးတက်ကြောင်းအတွက် အထောက်အကူဖြစ်စေမယ့် သင်တန်းတွေလျှောက်တက်ရင်း အချိန်ကို အသုံးချလိုက်ကြတယ်။ တချို့ ကတော့ နိုင်ငံခြားကိုထွက်သွားကြတယ်။ တချို့ လည်း အလုပ် လုပ်တော့မယ်ဆိုပြီး နီးစပ်ရာ လုပ်ငန်းခွင် တစ်ခုခုထဲ ၀င်လိုက်ကြရတယ်။ တချို့ လည်း အပျံသင်စအရွယ် အလည်လွန်ရင်း အိမ်ထောင်သည်ဘ၀ပြောင်းခဲ့ကြရတယ်။ တချို့ လည်း ယောင်လည် ယောင်လည် အခြေစိုက်သွားကြတယ်။ မိဘဆွေမျိုး ကျောထောက်နောက်ခံကောင်းတဲ့သူတွေကတော့ သိပ်အထိ မနာကြပေမယ့်လို့ အခြေခံလူတန်းစားဘဝဖြစ်တဲ့ လက်လုပ်လက်စား မိဘတွေရဲ့ သားသမီးတွေအတွက် ကတော့ အနာဂတ်ဟာ အဲဒီအချိန်မှာ စပြီး မှုန်ဝါးသွားရတော့တာပါဘဲ။

ကိုယ်လုပ်ချင်တာက တစ်ခု၊ ပေးလာတဲ့ ဘ၀အခြေအနေအရပ်ရပ်ကြောင့် လုပ်ချင်တာကို လုပ်ခွင့်မရဘဲ လုပ်သင့်တာကိုလုပ်ရင်း စိတ်ဝင်စားရာ၊ ၀ါသနာပါရာ တွေကို ရင်ထဲမှာ ကြိတ်မှိတ်မျိုသိပ်လိုက်ရတဲ့ လူငယ်ထုအရေအတွက်က ရာခိုင်နှုန်းနဲ့ ရေတွက်ကြည့်မယ်ဆို (၉၀)များကျော်မလားမသိ။ တက္ကသိုလ်က ဘွဲ့တစ်ခုရပြီးချိန်မှာ အလုပ်ရဖို့အခွင့်အလမ်းသာမယ့် အပေါ်မူတည်ပြီး အဓိကစဉ်းစားကြရတော့ ကိုယ်ဝါသနာပါတာကို ဘ၀တွေ၊ စိတ်တွေနှစ်ပြီး လုပ်ဖို့ဆိုတာ ဝေလာဝေးရော။ ကျောင်းပြီးလို့ အလုပ်ထဲဝင်ပြီး ၀င်ငွေအမြန်ဆုံးရဖို့အတွက် ကိုယ့်ကို မျှော်လင့်စောင့်စားနေကြတဲ့ မိသားစုတွေ ရှိနေတဲ့ လူငယ်တွေမှာဆို ကျောင်းသားဘ၀ဖြတ်သန်းနေရတာက သူတို့အတွက်တော့ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခုပါပဲ။

နိုင်ငံခြားတိုင်းပြည်တွေမှာလို ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်တယ်ဆိုတဲ့ ဝေါဟာရက မြန်မာလူငယ်တွေကြားမှာတော့ တစိမ်းဆန်ဆန်ပါဘဲ။ (ဒီဘက်နှစ်တွေမှာတော့ အဝေးသင် တက္ကသိုလ်တွေဖွင့်လိုက်ပြီး အလုပ်သမားတွေအတွက် စီစဉ်ပေးထားတော့ ရှိနေပါပြီ။ ဒါပေမယ့် Day ကျောင်းသားတွေအတွက် ကျောင်းတက်ရင်း အချိန်ပိုင်းလုပ်လို့ရတဲ့ နေရာဌာနဆိုတာ အတော်လေးကို ရှားနေပါသေးတယ်။) တချို့ ကတော့ ကျောင်းတက်ရင်းတဖက်နှင့် ကျူရှင်ဆရာတွေ၊ Study Guide လို့ခေါ်တဲ့ ကျောင်းသားတွေကို စာကူပြပေးတာမျိုးတွေ လုပ်ရင်း ၀င်ငွေရှာကြတာတော့ ရှိပါတယ်။ အများစုကတော့ ကျောင်းတစ်ခုတည်းကိုသာ တစ်စိုက်မတ်မတ်တက်ကြတော့တာပါဘဲ။ ကျောင်းချည်းပုံမှန် တက်နေလို့  ပညာရေးဘက်မှာ ထူးချွန်ထက်မြက်သူတွေ ဖြစ်လာကြလိမ့်မယ်လို့လည်း မျှော်လင့်ချက်က ထားလို့ မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ တက္ကသိုလ်မှာ သင်ကြားပေးနေတဲ့ ပညာရေးစနစ်က နိုင်ငံတကာအဆင့်မီအောင် အရည်အချင်းမပြည့်မှီဘဲ စာမေးပွဲမှာ ဖြေနိုင်ရုံ သက်သက်မျှလောက်သာ အသုံးတည့်တာမို့ ဘ၀အတွက် ရည်ရွယ်လေ့လာချင်သူတွေအနေနှင့်ကတော့ ပြဒါးတစ်လမ်း သံတစ်လမ်း ပါဘဲ။ ဒီတော့ အဖြေက ရှင်းပါတယ်။ ကျောင်းပြီးရင် ဘာဖြစ်လာမလဲဆိုတော့ ဘွဲ့လက်မှတ်တစ်ခုရတာကလွဲ ဘာများထပ်ဖြစ်စရာ ရှိနိုင်မှာလဲ။

ဒီလိုနှင့် ကျောင်းပြီးသွားတော့ ဘွဲ့ဆိုတာကြီးကို ပွေ့ဖက်ရင်း ကိုယ်သင်ယူခဲ့တဲ့ ပညာရပ်နှင့် ဘယ်လိုမှ မပတ်သက်တဲ့ လုပ်ငန်းခွင်တွေထဲ ၀င်ရောက်လုပ်ကိုင်ကြရတော့တာပါဘဲ။ ကျောင်းမပြီးခင် ကျောင်းတက်နေတဲ့ အချိန်တောက်လျှောက်မှာလည်း ကျောင်းစာကို ဖြောင့်ဖြောင့်တန်းတန်းသင်ဖို့အရေးထက် ကျောင်းပြီးရင် ငါဘာလုပ်ရပါ့ ဆိုတဲ့အတွေးက ဒီကျောင်းသားကို အမြဲနှိပ်စက်နေတာပါ။ လူငယ်တို့သဘာဝ လွတ်လပ် တက်ကြွ လန်းဆန်းဖို့ဆိုတာ ဝေးစွ။ သို့ပေမယ့်လို့ ဘာပဲဖြစ်ဖြစ် ကိုယ်ရတဲ့ အတိုင်းအတာအတွင်းမှာတော့ တတ်နိုင်သလောက် ပျော်စရာတွေဖန်တီးပြီး အဆင်ပြေအောင် နေကြရတာပါဘဲလေ။ တခြားနိုင်ငံက ကျောင်းသားလူငယ်တွေနှင့်တော့ ပခုံးချင်း လာမတိုင်းနှင့်ပေါ့။

အခု ကျွန်တော်ရောက်နေတဲ့နိုင်ငံမှာလည်း ကျောင်းသားတွေကျောင်းပြီးရင် အလုပ်မရကြလို့ အလုပ်လက်မဲ့ပြဿနာဆိုတာကြီးက ဒီနိုင်ငံကအစိုးရကို ခေါင်းကြီးနေစေတာ နှစ်တော်တော်ကြာ ရှိနေပါပြီ။ ဒါပေမယ့် ကိုယ့်တိုင်းပြည်နှင့်ယှဉ်လိုက်ရင်တော့ သူဌေးသင်္ဘောပျက်တာနှင့် သူတောင်းစားခွက် ပျောက်တာနှင့် လိုပါဘဲ။ ဒီနိုင်ငံက အဆင်မပြေဖြစ်နေတာလောက်တော့ ကိုယ့်တိုင်းပြည်အခြေအနေက ပျင်းတောင်ပျင်းသေးတယ်လို့ ပြောလို့ရပါတယ်။

ဒီက လူငယ်တွေဘ၀ကို တစ်ဘက်ကနေ သဘောကျ ကျေနပ်မိသလို အခြားတစ်ဘက်ကလည်း အားမရဖြစ်မိတာရှိပါတယ်။ သူတို့တွေမှာ ဒီလောက် ရေခံ မြေခံ ကျောထောက်နောက်ခံကောင်းတဲ့ နိုင်ငံရေးစနစ်၊ ပညာရေးစနစ်၊ စီးပွားရေးစနစ် စတာတွေရှိနေပါလျက်နှင့် ကြိုးစားအားထုတ်မှုအပိုင်းမှာ သိပ်တော့ အားရစရာ မရှိပါဘူး။ ဘ၀ကို သူဌေးသား သူဌေးသမီးတွေလို ကြောင့်ကြမဲ့ ပေါ့ပေါ့လေး ဖြတ်သန်းနေကြတဲ့ပုံ ပေါ်နေပါတယ်။ ကိုယ်တွေရဲ့ နိုင်ငံမှာ ဒီလိုမျိုး အခွင့်အရေးကောင်းတွေသာ ရကြည့်လိုက်စမ်းပါ။ ကျွန်တော်တို့ တိုင်းပြည်က လူငယ်တွေ ဒီကလူငယ်တွေထက် အဆပေါင်းများစွာ သာအောင် ကြိုးစားပြနိုင်ပါတယ်။

အခုတောင် မြန်မာပြည်ကလူငယ်တွေဟာ ရသလောက် အခွင့်အရေး အလင်းရောင် မှုန်မှုန်မွှားမွှားလေးနှင့် အနာဂတ်ကို မရရအောင် ခရီးဆက်နေကြသေးတာပဲ။ ကိုယ်တွေက သူဌေးသားသမီးတွေမှ မဟုတ်တာကိုး။ ဘ၀က နာထားကြတာ။ တချိန်ချိန် အခွင့်အရေးနဲ့ အခွင့်အလမ်းတွေသာ ပေါ်လာစမ်းပါစေ၊ ရလာတဲ့ ပေးလာတဲ့ အခွင့်အရေးကို လက်မလွှတ်တမ်း ဆုပ်ကိုင်းရင်း အားကြိုးမာန်တက် ကြိုးစားကြမယ်ဆိုတာကို ရဲရဲကြီးပြောနိုင်ပါတယ်။

မဝေးတော့တဲ့ တချိန်ချိန်မှာတော့ ကျွန်တော်တို့တိုင်းပြည် အနာဂတ်အတွက် တောက်ပြောင်လင်းလက်တဲ့ တက်ကြွလန်းဆန်းနေသော ညီငယ်ညီမငယ် လူငယ်မျိုးဆက်သစ်တွေ တကျော့ပြန်လည် မြင်တွေ့နိုင်တော့မယ်လို့ ရင်ထဲက ယုံကြည်မျှော်လင့်နေမိပါတယ်။

လေးစားစွာဖြင့်
Bliss 
၁၅-ဖေဖေါ်ဝါရီလ-၂၀၁၁ (1:03 AM)