သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, July 14, 2011

“အဖိတ်နေ့ည ညချမ်းချိန်ခါ”

 အဖိတ်နေ့ညလေးမှာ ဘုရားကျောင်းတော်တွင် သစ်သီးများ၊ ပန်းများနဲ့ ဒီလိုလေး ကုသိုလ်ယူချင်လို့။
သစ်သီးတွေကို ခွဲကပ်ဖို့က ညနေပိုင်းဖြစ်နေပြီ၊
မနက်အတွက် တင်ထားရုံလေးပါ ကပ်ထားတာ မဟုတ်သေး။ 
ဘုရားကို ကပ်ထားတာ အချိုးမကျဘူးဟု အပြစ်တော် မမြင်စေလိုပါ။ 
မနက်ဖန် မနက်တွင် မုန့်ပွဲများ ဆွမ်းပွဲများဖြင့် 
ဆက်ကပ်လှူဒါန်းပြီးလျှင် ဓာတ်ပုံထပ်မံ ရိုက်ကူးတင်ဆက်ပေးပါအုံးမယ်နော်။

ငယ်ငယ်လေးတည်းက ရပ်ကွက်ဓမ္မာရုံမှာဖြစ်ဖြစ်၊ အဘွားသွားနေကျ ကသစ်ဝိုင် ဝိပဿနာဘုန်းကြီးကျောင်းမှာဖြစ်ဖြစ် အဖိတ်နေ့ညနေမှာ လပြည့်နေ့ ဥပုသ်နေ့အတွက် ဆွမ်းတော်ကြီး တင်ဖို့ ပြင်ဆင်ကြ၊ ဘုရားကျောင်းကန်တွေမှာ သန့်ရှင်းရေး လုပ်ကြနဲ့ တော်တော်လေး ကိုပျော်စရာကောင်းတာ သတိရမိ မြင်ယောင်နေမိပါတယ်။

ဘလော့မှာ စာလည်း မရေးဖြစ်တာကြာပါပြီ၊ ကြာဆို ကိစ္စများမြောင်လူတို့ဘောင်ကိုပဲ လွှဲချရတော့မှာပေါ့။

အမေ မားသားက ရောက်နေတော့ သူ့ကို အဖော်လုပ်တာက တစ်လ၊ အလုပ်များတာက တစ်လ၊ ဒီကြားထဲ ကျန်းမာရေးက ကိုယ့်ဘက်မပါဘူး၊ အမေ့ကို လေဆိပ်လိုက်ပို့တော့ သူလည်း immigration အခန်းထဲဝင်ဖို့ ကျောခိုင်းရော အန်လိုက်တာ သောက်သောက်လဲ၊ အမေသိမသွားလို့ တော်သေးတယ်။ ဒီခန္ဓာကြီးကို ပစ်ထားတာ ကြာပြီ၊ အခုတော့ အလန်းတွေက တော်တော်မြည်လာတဲ့ သဘောမှာရှိတယ်။ ဘေးမှာ အစ်မရှိနေလို့တော်သေး၏။ လူတိုင်းကလည်း ကိုယ့်တွေ့ရင် နေကောင်းလား မေးနေတာကိုတောင် မဖြေချင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် သတင်းမေးသူအားလုံးနဲ့ ဆေးညွှန်းသူအားလုံးသော ညီအစ်ကိုမောင်နှမတွေကို ကျေးဇူးတင်ရပါတယ်။ သံသရာခရီးသွားတွေ မဟုတ်လား။

ခါတိုင်းနှစ်တွေမှာတုန်းက အလုပ်သိပ်မများတော့ ဝါတွင်း ဥပုသ်သီလယူတဲ့ရက်များတယ်။ ဒီနှစ်တော့ ရုပ်က ထောင်းနေတယ်၊ ဒါပေမယ့် ရသလောက်ပေါ့ ကုသိုလ်ဆိုတာ ချစ်တီး စု စုအုံးမှ ဟဲ့ဆိုပြီး အားတင်းလို့ မနက်ဖန် ဥပုသ်စောင့်အုံးမယ်၊ ဆက်ပြီးနေကောင်းနေသေးရင် တောင်ပေါ်ဘုရား ခေါ် နှစ်ဘက်တန်ဘုရားကို သွားချင်သေးတယ်၊ ရန်ကုန်မှာတုန်းက ဘုရားကျောင်းကန်က ခဏခဏရောက်ဖြစ်တယ်။ ထိုင်းမှာလည်း ဒီလို သွားစရာက တောင်ပေါ်ဘုရားက အကောင်းဆုံး အသင့်တော်ဆုံး။ 

ဘလော့ရေးတယ်ဆိုတာ ခရစ္စတလ်အမြင်ကတော့ မိသာစုဝေး၊ ကိုယ့်ဝန်းကျင်လေးနဲ့ ဝေးနေတဲ့သူတွေအဖို့ နီးအောင် ဖန်စေတဲ့ နေရာလေးပဲလို့ ထင်မြင်မိပါတယ်၊ ဒါကြောင့် စကားစမြည်လေး ပြောရင်း မရေးဖြစ်တာ ကြာနေတဲ့ ဘလော့လေးကို လပြည့်နေ့မတိုင်ခင် အဖိတ်နေ့ညမှာ ပြုလုပ်တဲ့  ကောင်းမှုကုသိုလ်လေးနဲ့ ပြန်လည် လှုပ်နှိုးလိုက်ပါတယ်ရှင်။ 

ချစ်ခင်လေးစားရတဲ့ မိတ်ဆွေမောင်နှမအပေါင်းတို့ကိုလည်း ကောင်းမှုကုသိုလ်တွေကို အမျှပေးဝေရင်း အားလုံးသောသတ္တဝါအပေါင်းကိုလည်း ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်............။

ဖူးခက်ကမ်းခြေက ဆန်းစက် ကြည့်တဲ့တောင်ပေါ်မှာ နေဝန်းကြီးကို ကြည့်နေတဲ့ ထိုင်းအမျိုးသမီးလေးနောက်က လှမ်းဆွဲရိုက်လိုက်တယ်၊ 
ဘလော့မိတ်ဆွေတွေကို သတိရတဲ့အနေနဲ့ အမှတ်တရလေး။

လေးစားစွာဖြင့်
ခရစ္စတလ်

5 comments:

တောက်ပကြယ်စင် said...

ရန်ကုန်မှာတုန်းက ဒကာမကြီးတစ်ယောက် မေးဖူးတယ်။ “အရှင်ဘုရား ဗုဒ္ဓရုပ်ပွားတော်တွေကို ဘာဖြစ်လို့များ သစ်သီးဝလံတွေကို မခွဲဘဲနဲ့ အလုံးလိုက် တင်နေကြတာလည်း” အဲဒီတုန်းက ဘယ်လိုဖြေရမှန်း မသိတာနဲ့ မဖြေခဲ့ဘူး။ ခုလည်း ကွဲကွဲပြားပြား မသိသေးပါဘူး။ ဘာလို့လည်းဆိုတော့ ဘုန်းဘုန်းထက်စာပေတွေ အများကြီးတော်နေတဲ့ ဘုန်းဘုန်းကျောင်းတွေရောက်တော့ အဲဒီလိုပဲ ပန်းသီးတွေကို အလုံးလိုက်တင်နေကြတာ တွေ့ဖူးလို့ပါပဲ။ ဘုန်းဘုန်းအမြင်ကတော့ သေချာကျကျနနခွဲပြီး တင်မှ ပိုသင့်တော်မယ်လို့ ယူဆမိပါတယ် ခရစ္စတယ်လ်ရေ...ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေနော့...

Crystal said...

လပြည့်နေ့အကြို ပြင်ဆင်ထားခြင်းဖြစ်ပါတယ်ဘုရား။
ညနေပိုင်းမှာ မြတ်စွာဘုရားကို သစ်သီးတွေ လှီးပြီး ကပ်လို့ မဖြစ်သေးဘူးလေ။
လပြည့်နေ့မနက်မှာ ဆွမ်းခံကြွရောက်တော်မူသော ထိုင်းသံဃာတော်မြတ်အား သစ်သီးများကို လှူဒါန်းပြီးပါကြောင်း။

ညယံ said...

ဘုရားပန်းတွေနဲ့ သပ္ပာယ်စရာကောင်းတယ်။
လူတိုင်းက ကိုယ့်တွေ့ ရင် နေကောင်းလား မေးနေတာကို မဖြေချင်တော့ဘူးဆို့ လို့ မမေးတော့ဘူးနော်။
အစစ ကျန်းမာ၊ ချမ်းသားပြီး အဆင်ပြေပါစေ...
နေဝန်းကြည့်နေတဲ့ပုံလေးက လွမ်းစရာကောင်းတယ် ..

စော(အဝါရောင်မြေ) said...

မနက်စော စာလေးကိုဂရုစိုက်စားကြည့်ပါလား။
မနက်စာက လူကို အထောက်အကူပြုတယ်ဆိုလို့ ပါ။

ခရစ္စတလ် said...

ညယံ> ကြည်ညိုစိတ်လေးက ကုသိုလ်ရသွားပီ။
နေဝန်းကြီးမဝင်ခင် ဘဲဥရောင်လေး ဖြစ်သွားတော့ သွားတို့စားချင်ထာ မလွမ်းဖြစ်ခဲ့ဘူး ဒတ်ပုံကို အပြေးအလွှားရိုက်နေရလို့လေ :)

စော> မနက်စာကို သတ်သတ်မှတ်မှတ်မစားဖြစ်တာကြာပီ၊ ဒါကြောင့်လည်းဖြစ်မယ်၊
သတိပေးတာ ကျေးဇူးနော်။ :)