သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Monday, July 25, 2011

ကြီးပွါးရေးနဲ့ စီးပွါးရေး

ဝန်ခံချက်။   ။ မိမိသည် အလွန်ပင် ဂျီးများသူဖြစ်ပါသည်။ 
ဂွကျကျနိုင်စွာဖြင့် ရှုထောင့်ပေါင်းစုံမှ  တွေးကြည့်တတ်ပါသည်။ 
ယခုပိုစ့်သည် ဗဟုသုတရရန် မျှဝေလိုသောကြောင့် ရေးသားရခြင်းဖြစ်ပါသည်၊ 
ဟင်းချက်နည်းမဟုတ်၊ ဆောင်းပါးမဟုတ်၊ ရသစာပေမဟုတ်၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုမပါ၊ 
ထို့ကြောင့် စိတ်မဝင်းစားပါက ဆက်မဖတ်ပါရန် တောင်းပန်အပ်ပါသည်။ 
ဖဘမှာ ပုံလေးကို တင်ထားပြီး တန်၏/မတန်၏ မေးရာတွင်
မဆိုင်းမတွဖြေပေးတဲ့ မောင်ငယ် ညီမငယ်များကို 
အထူးကျေးဇူးတင်မိပါသည်။ 
ခရစ္စတလ်

အရသာ
 ထမင်းဝိုင်းမှာ ဟင်းလေးမျိုး၊ အသုပ်နှင့် ဟင်းချိုအပြင် ငါးပိရည်တို့စရာဖွယ်ဖွယ်ရာရာ။
မြင်းခွါရွက်သုပ်ကို သံပုရာသီးညစ်ထားကာ အချဉ်နဲနဲကဲတာကို နှစ်သက်ပါသည်။ 
ငါးပိရည်မှာ ငရုတ်သီးမှုန့်နံ့မမွှေးပါ၊ ငါးပိရည်နံ့မွှေးမွှေးလေးဖြစ်မနေပါ။ 
တို့စရာက သခွါးတမျိုးတည်း။ 
“ဟင့် ပြောထားပြီးသားနော် ဒို့က ဂျီးများတယ်၊ တနေ့မှ ရေတစ်ခါပဲ ချိုးတယ်။”

ပုဇွန်ဟင်းကို ခရမ်းချဉ်သီးနဲ့ ချက်ပါတယ် စားရတာ မဆိုးပါဘူး။
အရသာကောင်းတယ် မနံပါဘူး။
ငါးဖယ်က ကြော်ထားပြီးသားကို မကျည်းရည်နဲ့ ချက်လိုက်တာ ဖြစ်ပုံရပါတယ်၊ ငါးဖယ်အသားထဲက အေးနေတဲ့ အငွေ့မပျောက်ဘူးဖြစ်နေတယ်၊
ငါးဖယ်ကို ရေခဲသေတ္တာထဲက ချက်ချင်းထုတ်ချက်ပြီး ဟင်းရည်ဆူစမှာပဲ ဟင်းအိုးကို ချလိုက်ပုံရပါတယ်။ ဒါကြောင့် ဟင်းက မွှေးမနေဘူး၊ အနံ့ရှိနေပါတယ်။ ဆီပြန်က နဲနဲအီနေတယ်။ တခုပြောဖို့ကျန်သွားတယ်၊ ထမင်းဆိုင်က လူလာမှ ချက်ပြီး ရောင်းတာပါ၊ အချိန်တော့ ပေးရတယ် စောင့်နေရတယ်၊
တော်သေးတယ် ဆိုင်ကို ရောက်ချိန်မှာ သိပ်ဆာနေချိန်မဟုတ်သေးလို့။

ငါးခူဟင်း- ငါးဟင်းရည်ကို နဲနဲမြည်းကြည့်တယ် ငါးညှီနံ့ရနေတယ်၊ ဆက်မစားဖြစ်ဘူး၊ ငါးခူကို ကြော်တာနဲ့ ငါးခူကင်(ထိုင်းရောက်မှ ငါးခူကင်စားဖူးတာ) ဒါပဲ ကြိုက်ပါသည်။

ဆန်အကြောင်းပြောရရင်တော့ ဆန်ကတော့ အမြင်လှပါတယ်၊ နဲနဲမာတယ်လို့ ခံစားရတယ်၊ အမဲသားနှပ်ကတော့ စားတဲ့သူက ကောင်းတယ် မကောင်းဘူးကို ကွန်မန့်မှာ ရေးပေးမယ်လို့ မျှော်လင့်ပါတယ်။ အနော်နမတ်စ်နဲ့ ရေးပေးပါ :)

ထမင်းဆိုင်နဲ့ မဆိုင်တဲ့ ကြက်ဥ တုတ်ထိုးလေးကို နဲနဲပြောပြမယ်။ ထိုင်းမှာ ကြက်ဥတုတ်ထိုးလေးတွေကို မီးသွေးအေးအေးနဲ့ ကင်တာမျိုးရောင်းကြပါတယ်၊ အထမ်းလေးတွေ တွန်းလှည်းလေးတွေနဲ့။ ကြက်ဥကို ဖောက်ပြီး ကြက်ဥအပြင် အသားမှုန့်၊ တရုတ်ငရုတ်ကောင်းမှုန့်တွေနဲ့
ရောသမမွှေပြီး ကြက်ဥခွံထဲကို ဆေးထိုးအပ်လေးနဲ့ ပြန်ထိုးထည့်ပြီး ကင်ထားခြင်းဖြစ်ပါတယ်။
ဆေးထိုးအပ်က သန့်ပါတယ် သူတို့နိုင်ငံမှာ မပြောနဲ့ ကိုယ့်နိုင်ငံမှာတောင် ပေါပါဘိ။ 
ထိုင်းက လမ်းဘေးဈေးဆိုင်တွေ သန့်မသန့် ပိုးပါ မပါကို
အမြဲလိုက်စစ်နေတယ် အဖွဲ့တွေလည်းရှိတယ် 
သိချင်ရင် ပသူနမ်က လမ်းဘေးဆိုင်တွေမှာ သတိထားကြည့်ပါ၊ 
လိုက်စစ်ဆေးနေတာ မကြာခဏလိုလို တွေ့ဖူးပါတယ်။ 
သူတို့နိုင်ငံရဲ့ စီမံခန့်ခွဲမှုခေါ်မလား၊ စနစ်ကျမှုခေါ်မလား၊ အဲဒါပါပဲ။
ပြောချင်တာက စိတ်မပူနဲ့ စားသာ စား။ 
လမ်းဘေးက မကျက်တကျက် အသားကင်တွေက လွဲရင် 
ကျန်တာတွေ သန့်ရှင်းပါတယ်လို့ 70%နှုန်းလောက် အာမခံပါတယ်။

ဈေးနှုန်း
ငါးဖယ်ဟင်း -----၁၀၀/- ဘတ်
ပုဇွန်ဂျော့ဟင်း-----၁၀၀/-ဘတ်
ငါးခူဟင်း-----၇၅/- ဘတ်
အမဲသားဟင်း-----၅၀/- ဘတ်
ချဉ်ပေါင်ဟင်းချို-----၈၀/- ဘတ်
ထမင်း-----၄၀/- ဘတ်
ရေတစ်ဗူး-----၁၀/- ဘတ်
ကော်ဖီ(အမှုန့်နဲဖျော်သည်)-----၉၀/- ဘတ်

ဈေးဆိုင်အပြင်အဆင်
သပ်ရပ်ပြီး အနည်းငယ်ကျယ်ဝန်းသော အခန်းတွင် လေအေးပေးစက်တပ်ဆင်ထားကာ အလုပ်ကိစ္စ စကားပြောရင်း ထမင်းစားသင့်သော နေရာအဖြစ်လည်းကောင်း၊ သူငယ်ချင်းတွေ မိသားစုတွေ အေးအေးဆေးဆေး စားနိုင်သောနေရာအဖြစ်လည်းကောင်း ကောင်းမွန်ပါတယ်။
ကားပတ်ကင်အတွက်တော့ အခက်အခဲ ရှိနိုင်မယ်ထင်ပါတယ်။
ကားဂိတ်နဲ့ သိပ်မဝေးတဲ့အတွက် ဘက်စ်ကားသို့မဟုတ် တက္ကစီ ဒါလေးတွေနဲ့ဆိုရင်တော့ 
သွားလာရ အတော်လေး အဆင်ပြေပါတယ်။ 
အပြင်က ကြည့်ရင်တော့ မြန်မာထမင်းဆိုင်မှန်း မသိရဘူး။ 
ဒါကလည်း အကြောင်းရှိပါတယ်၊ နောက်ရေးမယ့် အချက်ထဲမှာ ထည့်ရေးပေးပါ့မယ်။

အခုရေးသွားတာတွေ အားလုံးက စားသုံးသူရဲ့ အမြင်ပါ။ ဖဘမှာ အားလုံးက ဈေးကြီးတယ်လို့ မဲပေးကြပါတယ်။ စလုံးနဲ့ မလေးဆိုတာ ထိုင်းနဲ့ သိပ်မဝေးတဲ့ နိုင်ငံတွေပါ။ မြန်မာအစားအစာတွေလည်း လက်လှမ်းမီ ရောင်းနိုင်တဲ့ နိုင်ငံတွေလည်း ဖြစ်ကြပါတယ်။ ဂျပန်နိုင်ငံက မြန်မာတို့အတွက်ဆိုရင်တော့ တန်ပါတယ်လို့များ ဆိုလေမလား။ 

ပုဇွန်ဟင်းထဲက ပုဇွန်ကို ဈေးမှာ (ကုန်တိုက်မဟုတ်) ဝယ်ရင် အခု ဟင်းပွဲထဲက အကောင်အရေအတွက်
လောက်ဆိုရင် နှစ်ဆယ်ဘတ်ထက် မပိုပါ၊ မြင်းခွါရွက်တစ်စီးကို ငါးဘတ်၊ ငါးခူ တစ်ကီလိုကို ငါးဆယ်ဘတ် လေးကောင်ရပါတယ်။ ငါးခူအရွယ်က မြန်မာပြည် လယ်ငါးခူထက် အနည်းငယ်ကြီးပါတယ်။ ငါးဖယ် တစ်ထုပ်ကို ဘတ်သုံးဆယ်၊ သုံးဆယ်သားလောက်ရှိမယ်ထင်ပါတယ်။ ချဉ်ပေါင် သုံးပင်လောက်ပါတာကို ငါးဘတ်ကနေ ရှားတဲ့အခါ ဆယ်ဘတ်အထိပေးရတတ်ပါတယ်။ အမဲသားတော့ မစားလို့ မသိပါဘူး။ ဈေးနှုန်းကတော့ တစ်ကီလို လေးဆယ်ဝန်းကျင်ရှိမယ်ထင်တာပါပဲ။ တကယ်မသိပါဘူး။ အမဲသားဆိုင်ရှေ့ရောက်ရင် ညီနံ့မခံနိုင်လို့ အမြန်ပြေးမိတော့ ဈေးမသိပါဘူး။ ကော်ဖီကတော့ တခြားမြန်မာဆိုင်တွေမှာ coffee mix ထုပ်တစ်ထုပ်ကို ဆယ်ဘတ်ကနေ နှစ်ဆယ်အထိ ရောင်းပါတယ်။ အခုက အမှုန့်ဆိုတော့ မတ်ခွက်နဲ့ နှစ်ခွက်စာကို ကိုးဆယ်ယူထားတယ်။ အင်းးးးးးးးးးးးးးးးးးးးးး။

ဆိုင်ရှင်ဘက်က အမြင်ကိုတော့ နောက်အပိုင်းမှာ ဆက်ရေးပါ့မယ်။ စိတ်ဝင်စားရင် နောက်အသစ်တင်တော့ လာဖတ်ပေါ့နော်.........

လေးစားစွာဖြင့်
ခရစ္စတလ်

5 comments:

မြစ်ကျိုးအင်း said...

ထိုင်ဝမ်မှာလည်း သား ငါး ပုဇွန် မြန်မာချက်ဟင်းတွေက တပွဲ၈၀ လောက်ကျတယ်။ ဘတ်ငွေနဲ့ ဈေးမကွာဘူး။

ညယံ said...

လေအေးပေးစက်နဲ့ စိတ်လေးလက်အေး ထိုင်စားရမယ်ဆိုရင်တော့ ဈေးကမဆိုးပါဘူး။ ဒါပေမယ့် ချဉ်ပေါင်ဟင်း၊ ငါးဖယ် နဲ့  ပုဇွန်ကတော့ ဈေးနည်းနည်း များနေတယ်။
နောက်ပို့ စ်လည်း စောင့်ဖတ်နေတယ်နော်

ခရစ္စတလ် said...

ဲမြစ်ကျိုးအင်း-ထူးထူးဆန်းဆန်း အလည်ရောက်လာတဲ့ သန်လျှင်သားလေးကို ကျေးဇူးတင်ပါတယ်။

ညယံ-ညီမတို့ စောင့်ဖတ်မယ်ဆိုလို့ ရေးရမှာ အားရှိပါရဲ့ :)

comment မှာ ဖဘတုန်းကလို မှတ်ချက်တွေ အမြန်မတက်ဘူး၊ ကြည့်ရတာ ဖတ်ပြီး ဘာထပ်ရေးမလဲ စောင့်နေကြပုံပဲ :)

Anonymous said...

အမဲသားဟင်းကတော့.... သိသလောက်ပြောရရင် သူတို့ ဆိုင်မှာ မီးသွေးနဲ့  ပေါင်းတယ်လို့ သိရပါတယ်။ အတော်လေး နူးညံ့ပြီး အညှီနံ့  လုံးဝ ကင်းစင်ပါတယ်။ ကျနော် အမဲသား စားခဲပေမယ့် အဲ့သည်ဆိုင်မှာ အတော်လေး စားဖြစ်ပါတယ်။ တစ်ပွဲကို ဘတ် ၁၀၀ ပေမယ့် တစ်ယောက်ထည်းစားမယ် ဆို ပြောစရာ မလိုပဲ ၅၀ ဖိုး ချပေးပါတယ်။ အဲ့သည် ၅၀ ဖိုးတောင် ပိုလို့  ပါဆယ် ထုပ်ထုပ်ပေးလိုက်ရတတ်တာ များပါတယ်လို့ ဗျာ.....

မေသိမ့်သိမ့် ကျော် said...

ဈေးကြီးမကြီးတော့ပြောတတ်ဘူး။ စားလို့တော့ ကောင်းမယ့်ပုံပဲ....း)


ခင်တဲ့