သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, July 31, 2012

ပျော်ရွှင်ခြင်း ... လေပြေ။

မိုးစက်သံ တဖြောက်ဖြောက် ...။
အဝေးဆီက တုန်းမောင်းခေါက်သံကြားရပြီ။ 

မိုးသည်းညတွင် အိမ်အမိုးကို အုန်းလက်တွေ လာတိုးသံကို နားထောင်ရင်း အိပ်ပျော်သွားသည်။ မိုးခြမ်းသံ တဂျိမ်းဂျိမ်းကို သူမ သဘောကျပါသည်။ ကောင်းကင်က လျှပ်ရောင်များကို အမိအရ လိုက်ကြည့်မိသည်၊ လျှပ်ပန်းလျှပ်နွယ်များ ခက်ဖြာမှုကို သဘောကျ၏။ စိတ်ကူးယဉ်သူဟု ပြောလိုက ပြောစေတော့ မိုးရွာနေတာကို တစိမ့်စိမ့်ထိုင်ကြည့်လိုသည်။ မိုးရွာပြီးစအချိန် တိုက်သောလေပြေကို သူမ ချစ်သည်။ စိတ်ကို လန်းဆန်းစေသည့် ထိုလေပြေကို သူမ နှစ်သက်ခြင်းက လွန်အံ့မထင်။

ပန်းလေးတို့ ယိမ်းကကြဖို့ လေပြေကို မျှော်နေကြမလား...

“မီးငယ် လေတိုက်ထဲ ထွက်ထိုင်နေပြန်ပြီ၊ တော်ကြာ ဖျားအုံးမယ်....” စကားသံနှင့်အတူ အဖေသည် ကျမကို ပွေ့ချီသွားတတ်ပါသည်။ ဝါခေါင်တွင် မွေးသော သူမသည် ကျန်းမာရေးချူချာ၏၊ ကျမ ငြိမ်နေလျှင် နေမကောင်းသောကြောင့်ဖြစ်မည်ဟု အမေသည် အမြဲတွေးလေ့ရှိသည်။ ထို့ကြောင့် ဖုန်းမဆက်တာကြာသွားလျှင် အမေက နေမကောင်းဘူးလားဟု သူမကို တရားခံစစ် စစ်တတ်နေပြီ။

ကျောင်းဖွင့်ချိန် ပထမလပတ်စာမေးပွဲမဖြေခင် တစ်ရက်မှာ မူလတန်းကျောင်းရှိ လေးတန်းကျောင်းသားကျောင်းသူများအားလုံးကို ရွှေရင်အေးတိုက်ကျွေးခဲ့သည်၊ တန်ဘိုးငွေမှာ မြန်မာငွေ(၁၂)ကျပ်ဖြစ်သည်။ သူမ၏အဒေါ်က ဘာလို့ ရွှေရင်အေးတိုက်ချင်တာလဲလို့ မေး၏၊ အဖြေမှာ လွယ်လွယ်လေးဖြစ်သည်၊ သူမ နှစ်သက်သော အရာများကိုသာ လှူဒါန်းလေ့ရှိပါသည်။

အဖေသည် အရုဏ်ဆွမ်းလောင်းရန် အသင့်ပြင်ပြီးချိန်တွင် သူမကို လာနှိုးပြီ။
မီးငယ်....ထ .....ထ..၊ ဒီနေ့ သမီးမွေးနေ့မှာ သံဃာတွေကို ဆွမ်းလောင်းကြမယ်၊ မနက်စောစော ဘုရားရှိခိုးရမယ်၊ အမေကြီးလည်း ဘုရားဆွမ်းတော်တင်ဖို့ ပြင်ဆင်နေပြီ။
ဒီလိုနဲ့ သူမရဲ့ မွေးနေ့တိုင်းမှာ... နံနက်ခင်းတိုင်းမှာ... ကုသိုလ်စိတ်ဖြစ်စေဖို့ မိဘများက လမ်းပြပေးခဲ့ကြပါသည်။ ကျမတို့ မိသားစုစုံစုံလင်လင် ဆွမ်းလောင်းကြသောအချိန်များသည် ခပ်ဝေးဝေးတွင် ကျန်နေခဲ့ပေမယ့် ဆွမ်းလောင်းတဲ့အချိန်တိုင်းမှာ မိသားစုထဲမှ ထွက်ခွါသွားတဲ့ အဖေကို အမြဲသတိရ အမျှဝေမိပါသည်။

“ဒီပိုင်းက..........ငါးယူကြအုံးမလား၊ ငါးခူပါတယ် ငါးရံ့ပါတယ် ငါးသလဲထိုးပါတယ်”
ညနေက လွှတ်လိုက်တဲ့ ငါးသလဲထိုးလေးတွေ ခြံထဲ မိုးရေဝပ်နေတဲ့နေရာတွေကြားတွင် တွေ့လိုက်ရသည်။ ညက မိုးသည်းတော့ အပြင်က ရေကန်မှာ လွှတ်လိုက်တာ ကန်က ရေလျှံတာနဲ့ ခြံထဲ ရောက်နေကြတာဖြစ်မည်။ ဘာပဲဖြစ်ဖြစ် သူတို့ လွှတ်မြောက်မှု နယ်မြေကို ရှာတွေ့နိုင်ကြပါစေ။

အမည်မသိစေတနာရှင်မိသားစုများကောင်းမှု... စိတ်ဝင်စားစရာကောင်းသည်။ ကားကို ခဏရပ်ခိုင်းပြီး သူမတစ်ဦးတည်း ဘုရားပေါ်သို့ တက်ခဲ့သည်။ ဘုရားရင်ပြင်တွင် ပြင်ဆင်နေသော အလုပ်သမားများနှင့် ဂေါပကအဖွဲ့မှလွဲ၍ မည်သူမှ မရှိ။ ရင်ပြင်ထောင့်တွင် မိသားစုပုံတူ ရုပ်ထုတစ်ချို့တွေ့ရသည်။ ဘုရားသမိုင်းကို လိုက်ဖတ်ကြည့်သောအခါ စေတီတော်ပြုပြင်ရန် အလှူခံစဉ် မိသားစုတစ်စု ရောက်လာကာ လှူဒါန်းမတည်ငွေဖြင့် ပြင်ဆင်နိုင်ကြခြင်းဖြစ်သည်။ သူတို့ လှူသွားတဲ့ ပစ္စည်းများမှာ ရှေးခေတ်ရွှေထည်များဖြစ်ပြီး ညနေ ဆည်းဆာတွင် မြောက်ဘက်စောင်းတန်းမှ ထွက်ခွါပျောက်ကွယ်သွားကြသည်ဟု ရေးထားလေသည်။ 
သူမ မြောက်ဘက်စောင်းတန်းသို့ လျှောက်လာပြီး ပြုခဲ့သမျှလေသော ကုသိုလ်တို့ကို မျက်လုံးလေးမှိတ်ကာ အမျှဝေ၏။ သာဓုခေါ်နိုင်ကြပါစေလို့ မေတ္တာပို့သလိုက်ပါသည်၊ ထိုအချိန်တွင် လေပြေသည်သူမအနားမှ ညင်သာစွာ ဖြတ်သန်းသွားသည်။ အလှူခံဖလားထဲသို့ တစ်ထောင်တစ်ရွက်ကို ထည့်လိုက်သောအခါ သမီး နာမည်ပြော...(လောစပီကာကြီးဖြင့် သူမနာမည်ကို အကျယ်ကြီးအော်မည်ကို ရှက်သောကြောင့်) အလှူရှင်တစ်ဦးဆို ရပြီ ...အဘ။ “ဟေ .....အေး အေး၊ သာဓုပါ တူမကြီး၊ သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေကွယ်”။ စောင်းတန်းအတိုင်း သူမထွက်ခွါလာစဉ် သူမနောက်သို့ တစ်ယောက်ယောက် ကြည့်နေသည်ဟု ထင်သဖြင့် လှည့်လိုက်သောအခါ ဂေါပကတချို့လှမ်းကြည့်နေကြသည်။ ထို့အခါ သူမ ပြုံးမိလေသည်။ 

သူတို့နှစ်ကောင်အတွက်တော့ “အချစ်သည် လေပြေဖြစ်မည်”

“ဟောတော့ မိုးတွေ သည်းလာပြီ၊ ထီးတစ်ချောင်းတည်းနဲ့ နှစ်ယောက်လုံး စိုကုန်တော့မှာပဲ”
“စိုတော့ ဘာဖြစ်လဲ မိန်းမရာ... မိုးဖွဲထဲမှာ လမ်းလျှောက်ရတာ ကဗျာတောင်ဆန်သေး ...ဟ ဟ”
“အို...ဘာဖြစ်ရမလဲ ဖျားမှာပေါ့ နှစ်ယောက်လုံး
မနက်ဖန် တစ်ယောက်တစ်နေရာစီ ခရီးထွက်ရအုံးမှာ ဖျားလို့မဖြစ်ဘူး၊
ကျန်းမာရေးက အရေးကြီးတယ် ကဗျာဆန်မနေနိုင်ပါဘူး”

ဘဝဆိုတာ တကယ်လက်တွေ့မှာ ကဗျာမဆန်နိုင်ပါဘူး၊ 
ဘဝတစ်ခုတည်းမှာ လူနှစ်ဦးပေါင်းစည်းကြမိပြီဖြစ်တဲ့အတွက် လက်တွေ့ကျကျကျော်ဖြတ်ခြင်းတွေနဲ့ ကျော်ဖြတ်ရတဲ့အခါ၊
ပျော်ရွှင်ခြင်း လေပြေများကြောင့် အမောပြေခဲ့သော နေ့များလည်း တခါတရံ...ရှိထိုက်ပါ၏။

မြစ်ပြင်ကျယ်ကို ထိုင်ငေးပြီး သွားလာလှော်ခတ်နေတဲ့ လှေတွေနဲ့ လူတွေ၊ မြင့်မားနေတဲ့ အဆောက်အအုံများ၊ မကြာခဏရိုက်ပုတ်လာတဲ့ လှိုင်းတွေကြား လေပြေနဲ့အတူ အတွေးတွေ မျောရင်း။ 

ကောင်းကင်ကို မော့ကြည့်ရင်း အလှမ်းဝေးနေသေးတဲ့ အရာများအကြောင်း၊
မြစ်ပြင်ကို လှမ်းကြည့်ရင်း စီးဆင်းသွားတဲ့ မြစ်တစ်စင်းအကြောင်း၊
ကူးခတ်သွားလာနေတဲ့ လှေတွေကြည့်ရင်း “က” ခွင့်မရသော ဇာတ်ကိုလည်းကောင်း။ 

လူသားတိုင်း ပျော်ရွှင်ခြင်းလေပြေကို ခံစား စားသုံးနိုင်ကြပါစေ။ 

လေးစားစွာဖြင့်
ခရစ္စတလ်
(၃၁.ဇူလှိုင်.၂၀၁၂)

11 comments:

မိစံ said...

တစ်ယောက်တစ်နေရာစီ..
ထွက်ခဲ့သည့်ခရီးအကြောင်း..
သို့တည်းမဟုတ်..
ဓာတ်ပုံသက်သေတင်ပြပေးရန်ကျန်ရှိနေသည်ဟုထင်း)
(ဆက်လက်ပြီး...)
စီဘောက်ပျောက်နေသည်ဟုတွေ့မိ
အနေနီးမန့်ကိုလည်းဖြုတ်ထားသည်ကိုတွေ့ရ
အခက်အခဲတစ်ချို့ရှိသည်ဟုမြင်..
ပြောပြပေးရန်လိုအပ်.. :P

ကျန်းမာရေးအခြေအနေအားလည်းသိချင်နေ..
နေကောင်းသွားပြီဟုထင်..း)))

Crystal said...

၁-ဓာတ်ပုံက ထိုင်းလာလျှင် ပြမည်
၂-စီဘောက်မှာ ဘယ်သူမှ လာမရေးသောကြောင့် ဖြုတ်
၃-အနေနီးမန့်ကတော့ ခရီးသွားနေတာများလို့ ခေတ္တဖြုတ်ထား
၎ဘယ်ကရောက်လာမှန်းမသိတဲ့လင့်တွေကြောင့် ဖြုတ်တားတာဖြစ်
၅-လက်နာနေတာ နဲနဲကောင်းလာပြီဖြစ်ကြောင်း၊ စာများများရိုက်၍ မရသေးသောကြောင့် ပိုစ့်သည်ပင် ရှည်ရှည်ရေးဖို့ စိတ်ကူးထားသော်လည်း တိုသွားကြောင်း ..... ခစ်

မိစံ said...

လေးစားပါတယ်..း))))

sulay said...

ဘ၀ဆိုတာ ဘယ်အမြဲတမ်း ကဗျာဆန်လို့ ဖြစ်မလဲနော်။ ဟုတ်ပါ့..

တိမ်ပြာ(မနောမြေ) said...

လည်လည်ရောက်တယ်နော် :)

စံပယ်ချို said...

စာတွေအရေးကျဲ အတင်ကျဲသွားတော့
စဉ်းစားမိတယ် အလုပ်မအားတာလား
နေများမကောင်းတာလား
ခုတော့ နဲနဲစိတ်အေးရတဲ့သဘောပါပဲ
ပုံလေးတွေအတွက်ကျေးဇူးပါရှင်
ချစ်တဲ့ jas

mstint said...

မိုးခြိမ်းသံကြားတိုင်း ရင်ထဲက တစ်ဒိန်းဒိန်းမည်လာတယ်။ လျှပ်ပန်းလျှပ်နွယ်မြင်တိုင်း အပြေးအလွှားမှန်တွေကို လိုက်အုပ်မိတယ်။ မိုးပြင်းပြင်းထန်ထန်ရွာတာကို မနှစ်သက်ခဲ့ဘူးး) အဲဒါ ငယ်ငယ်ထဲကပဲ ခရစ္စတလ်ရေ။ ဒီတစ်ခေါက် ထိုင်းကိုအလည်သွားရင် သံချောင်းခေါက်လိုက်မယ်နော် ဆုံကြမယ်ဟုတ်? ကျန်းမာရေးဂရုစိုက်ပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

ပုံလေးတွေလှတယ်နော် ။အပေါ်ကတစ်ယောက်ပြောသလိုပဲ ပျောက်နေတယ်ထင်တာ စာပြန်ရေးလို့ကျေးဇူးပါဗျာ

Crystal said...

sulay - ဘယ်သူလေးပါလိမ့်နော်း)

တိမ်ပြာ(မနောမြေ) - အလည်လာတာ ကျေးကျေးး)

ဂျက်ရေ အလုပ်မအားတာနဲ့ စာရေးဖို့ လမိုင်းမကပ်သေးတာနဲ့ ...... ဟိ ဖဘမှာ ပျော်နေတာ :)))

Crystal said...

အန်တီတင့်ရေ လာမယ်ဆို ကြိုနေမှာပေါ့ တကယ်ပါ တွေ့ဖို့ စောင့်နေပါမယ်နော်။

ကိုလွင်ပြင်ရေ ရေးဖြစ်ဖို့ ကြိုးစားမယ်နော်၊ ဆိုဒ်တွေလည်း လည်လည်သွားဖို့ ပျက်ကွက်နေတယ် :(

အလွမ်းမြို့ said...

ဓါတ်ပုံလှလှလေးကို လာရောက်ခံစား
ကြည့်ရှု့အားပေး သွားပါကြောင်း


ခင်တဲ့
အလွမ်း