သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, December 6, 2015

တစ်ခါတုန်းကပေါ့ .. မောင်ရယ်

ကြိုးကြာငှက်လေးတွေ တွေ့တော့ ငယ်ငယ်က ဖတ်ဖူးတဲ့ ဂျပန်ပုံပြင်ထဲက မိုမိုတာရောနဲ့ ကြိုးကြာငှက်ပုံပြင်တွေ ပြန်သတိရမိတယ် သိလား ...။

ကြိုးကြာငှက်လေးနဲ့ ဂျပန်လယ်သမားလေးအကြောင်း ပုံပြင်ဖတ်ဖူးလား .. ဟင်

ပုံပြင်ကို မဖတ်ဖူးတဲ့အပြင် မကြားဖူးတဲ့ မောင်က နားထောင်ချင်တယ်ဆိုတော့ ကျမပြောပြပါ့မယ်လေ  ...

ရှေးရှေးတုန်းက ဂျပန်ပြည်မှာ လယ်သမားလေးတစ်ယောက်ရှိသတဲ့။
သူဟာ ခုလိုချမ်းအေးလှတဲ့ ရာသီမှာ လယ်ယာလုပ်ကိုင်ပြီး အိမ်ကို ပြန်အလာ မြှားစိုက်နေတဲ့ ကြိုးကြာငှက်ကလေးတစ်ကောင်ကို တွေ့ပါလေရော။
ငှက်လေးက ဒဏ်ရာပြင်းထန်တာကြောင့် မပျံနိုင်ပဲ သွေးအိုင်ထဲ လဲနေတာပေါ့။ ငှက်လေးမှာ စိုက်နေတဲ့ မြှားကို ညင်သာစွာ ဖယ်ပြီး ဒဏ်ရာကို ဆေးထည့်ပေးဖို့ အိမ်ကို ခေါ်လာသတဲ့။
နွမ်းပါးလှတဲ့ လယ်သမားလေးက ငှက်လေးကို ဆေးထည့် ရေတိုက် အအေးဒဏ်ခံနိုင်အောင် နွေးထွေးဖို့ ဂရုစိုက်တာပေါ့။ နောက်နေ့တွေမှာလည်း ငှက်လေးရဲ့  ဒဏ်ရာမကောင်းသေးတော့ အစာကျွေး ဆေးကုပေးနေရသေးတယ်လေ။

ဒဏ်ရာကောင်းသွားတဲ့ တစ်နေ့တော့ ငှက်လေးက တောင်ပျံတွေ ပျံသန်းဖို့ စမ်းကြည့်သတဲ့။ လယ်သမားလေးက ငှက်လေးအပေါ် သံယောဇဉ်ဖြစ် ငှက်လေးကလည်း အသက်သခင်ကျေးဇူးရှင်ကို မခွဲနိုင်ရှာပါဘူး။ သဘာဝမတူလှတာမို့ တောင်ပံလေးတွေ ယှက်ခါယှက်ခါ ကျေးဇူးတင်သဖွယ်ပြုပြီး ကောင်းကင်ထဲ ပျံသန်းသွားပါသတဲ့။

မကြာခင် နှင်းတွေ သည်းတဲ့တစ်နေ့မှာ လယ်သမားလေးဟာ တစ်ယောက်တည်း မီးလှုံနေစဉ် တံခါးခေါက်သံကြားလို့ သွားဖွင့်ကြည့်တဲ့အခါ ...

အမျိုးသမီးငယ်လေးတစ်ဦးက ဆံပင်တစ်ပတ်လျိုထုံးဖွဲ့လို့ သခင် .. ဒီအိမ်မှာ အလုပ်အကျွေးပြုပါရစေလို့ ခွင့်တောင်းသတဲ့။ လယ်သမားလေးက ဒီအိမ်မှာ ဘာမှ အလုပ်မယ်မယ်ရရမရှိပါဘူး ညီမရယ် .. တခြားမှာ သွားအလုပ်တောင်းလှည့်ပါကွယ်။ ညီမကို ပေးဖို့ အဖိုးအခငွေကြေးလည်း မရှိပါဘူးကွယ် အစ်ကိုက ဆင်းရဲသားလယ်သမားပါလို့ ကောင်းမွန်စွာ ငြင်းပယ်လိုက်ပါတယ်။
ဒါပေမယ့်လည်း မိန်းကလေးက အို.. ကျမကို အဖိုးအခငွေကြေး ပေးစရာမလိုပါဘူးရှင်။ အစ်ကို စားသောက်ဖို့ ထမင်းဟင်းချက်ပေးပါ့မယ်၊ ကျမကို ထမင်းလေး ကျွေးထားရင်ရပါပြီရှင်။
အဲဒီအခါ ရာသီဥတုပြင်းထန်ချိန် မိန်းကလေးငယ်ကို လယ်သမားလေးက သနားသက်ဝင်လို့ အိမ်ကလေးမှာ နေထိုင်ခွင့်ပေးလိုက်ပါသတဲ့ ။

ဒီလိုနဲ့ မနက် မိုးလင်းရင် လယ်သမားလေးက အလုပ်ဆင်း၊ မိန်းကလေးက အိမ်မှုကိစ္စပြုလုပ်ကာဖြင့် နေကြသတဲ့။ တနေ့တော့ ဘုရင့်နန်းတော်က ကြေညာတစ်ခုကို လယ်သမားလေးက အိမ်ကို ယူလာသတဲ့။ ကြေညာထားတာက အလှပဆုံးသော ကီမိုနိုကို ယက်ကန်းယက်လုပ်နိုင်တဲ့သူကို ဆုငွေအများဆုံး ချီးမြှင့်ပေးမယ်ဆိုတဲ့အကြောင်းပေါ့။ လယ်သမားလေးက ဆုငွေတွေသာရရင် ငါတော့ ချမ်းသာပြီလို့ ရေရွတ်လိုက်သတဲ့။ အဲဒါကို မိန်းကလေးက ကြားသွားပြီး ကျမက အလှဆုံးသော ကီမိုနိုကို ယက်လုပ်ပါမယ်၊ ယက်ကန်းခတ်ဖို့သာ ကျမကို ပြင်ဆင်ပေးပါလို့ပြောသတဲ့။ ယက်ကန်းရုံလေးကို အိမ်နားက တဲမှာ ပြုလုပ်ရမှာဖြစ်ပြီး ယက်ကန်းခတ်ချိန်မှာ လာမကြည့်ဖို့ ကတိတောင်းသတဲ့။ လယ်သမားလေးလည်း ကတိပေးလိုက်ပြီး အလှဆုံးကီမိုနိုအတွက် ပြင်ဆင်ကြတာပေါ့နော်။

မိန်ကလေးငယ်ဟာ တစ်ပတ်လုံးလုံး ယက်ကန်းရုံထဲဝင်လို့ ယက်ကန်းခတ်နေသတဲ့။ လယ်သမားလေးဟာ အစတော့ အပြင်ကသာ စောင့်ကြည့်နေပြီး နောက်ပိုင်းမှာ သိချင်စိတ်တွေ များလာသတဲ့။ ချည်တွေ မလို ယက်ကန်းနဲ့သာ ယက်ကန်းခတ်နေတဲ့အသံကြားရတော့ သိချင်စိတ်တွေက ရက်ကြာလာလေ ပိုတိုးလေပေါ့။
တစ်နေ့တော့ မိန်းကလေး မသိလောက်ဘူးလေ ဆိုပြီး ယက်ကန်းရုံရဲ့  အပေါက်ငယ်လေးတစ်ခုကနေ ချောင်းကြည့်ပါသတဲ့ ...။

လယ်သမားလေးဟာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အံ့သြမင်သက်သွားပါတော့တယ်။ သူမြင်လိုက်ရတာကတော့ ကြိုးကြာငှက်လေးတစ်ကောင်ဟာ သူရဲ့ လှပတဲ့ အမွှေးအတောင်တွေကို နှုတ်ယူပြီး ယက်ကန်းစဉ်မှာ ယက်ကန်းခတ်နေတာကြောင့်ပေါ့။ ငှက်လေးဟာ သွေးသံတရွှဲရွှဲနဲ့  အလွန်ပင်ပန်းနေရှာပါပြီ။ ယက်ကန်းစဉ်ဘေးမှာတော့ အလွန်လှပတဲ့ ကီမိုနိုအထည်အလိပ်လေးကို တွေ့ရသတဲ့။

၇-ရက်မြောက်တဲ့နေ့မှာ အလွန်အားနည်းချိနဲ့နေတဲ့ မိန်းကလေးဟာ ကီမိုနိုအထည်လိပ်ကလေးကို ကိုင်ပြီး ထွက်လာပါတယ်။ လယ်သမားလေးလည်း စိတ်မကောင်းလှတာမို့ မင်သက်နေစဲအချိန်မှာ အစ်ကို့ကို ကျေးဇူးဆပ်ဖို့ ရောက်လာခဲ့တာပါ၊ ညီမဟာ အစ်ကို ကယ်တင်ခဲ့ဖူးတဲ့ ကြိုးကြာငှက်လေးဖြစ်ပါတယ်။ အစ်ကို့ကို ညီမ ကတိတောင်းထားတာ မတည်လို့ ညီမ ပြန်ရပါတော့မယ်။ ဒီကီမိုနိုလေးကို နန်းတော်မှာ သွားရောင်းပြီး ချမ်းသာစွာ နေရစ်ပါတော့လို့ ပြောကာ အတောင်ပံကျိုးပဲ့နေတဲ့ ကြိုးကြာငှက်မလေးအသွင်ဖြင့် ဟိုးအဝေးကို ပျံသန်းသွားပါတော့တယ်။

လယ်သမားလေးလည်း ကီမိုနိုလေး ရင်ဝယ်ပိုက်ရင်း စောင့်စည်းအပ်တဲ့ ကတိသစ္စာကို မစောင့်စည်းမိတဲ့အတွက် နောင်တတွေနဲ့ မျက်ရည်ဝဲရင်း ကျန်ရစ်ခဲ့ပါသတဲ့။

ပုံပြင်လေးက ဒါပါပဲ မောင် ...

တကယ်လို့သာ စောင့်ထိန်းသင့်တဲ့ ကတိကို စောင့်စည်းခဲ့မယ်ဆိုရင် ကီမိုနိုလေး ရောင်းရငွေနဲ့ သူတို့ နှစ်ဦး ပျော်ရွှင်စွာနေထိုင်သွားကြမယ်ထင်တယ်နော်...။

ဒီလိုပါပဲ လောကမှာလည်း စောင့်စည်းသင့်တဲ့ ကျင့်ဝတ်တွေ
မဖြစ်မနေတည်သင့်တဲ့ ကတိသစ္စာတွေ
တန်ဖိုးထားသင့်တဲ့ အရာတွေ ရှိတာပေါ့ မောင်ရယ် ...။

ဟိုးငယ်ငယ်က ဖတ်ဖူးတဲ့ ပုံပြင်လေးကို ပြန်မှတ်မိသလောက်
ကြိုးကြာငှက်လေးတွေ မြင်မိတော့ ပြောပြဖြစ်သွားတာပါ။


ဟိုးရှေးရှေးတုန်းက ပုံပြင်လေးပါ ...

ကြိုးကြာငှက်လေးနဲ့ လယ်သမားလေးအကြောင်းပေါ့...။

လွမ်းစရာ ကြေကွဲစရာလေးပေါ့ ...။

တစ်ခါတုန်းကပေါ့  မောင်ရယ် ...

ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်




No comments: