သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, July 31, 2012

ပျော်ရွှင်ခြင်း ... လေပြေ။

မိုးစက်သံ တဖြောက်ဖြောက် ...။
အဝေးဆီက တုန်းမောင်းခေါက်သံကြားရပြီ။ 

မိုးသည်းညတွင် အိမ်အမိုးကို အုန်းလက်တွေ လာတိုးသံကို နားထောင်ရင်း အိပ်ပျော်သွားသည်။ မိုးခြမ်းသံ တဂျိမ်းဂျိမ်းကို သူမ သဘောကျပါသည်။ ကောင်းကင်က လျှပ်ရောင်များကို အမိအရ လိုက်ကြည့်မိသည်၊ လျှပ်ပန်းလျှပ်နွယ်များ ခက်ဖြာမှုကို သဘောကျ၏။ စိတ်ကူးယဉ်သူဟု ပြောလိုက ပြောစေတော့ မိုးရွာနေတာကို တစိမ့်စိမ့်ထိုင်ကြည့်လိုသည်။ မိုးရွာပြီးစအချိန် တိုက်သောလေပြေကို သူမ ချစ်သည်။ စိတ်ကို လန်းဆန်းစေသည့် ထိုလေပြေကို သူမ နှစ်သက်ခြင်းက လွန်အံ့မထင်။

ပန်းလေးတို့ ယိမ်းကကြဖို့ လေပြေကို မျှော်နေကြမလား...

“မီးငယ် လေတိုက်ထဲ ထွက်ထိုင်နေပြန်ပြီ၊ တော်ကြာ ဖျားအုံးမယ်....” စကားသံနှင့်အတူ အဖေသည် ကျမကို ပွေ့ချီသွားတတ်ပါသည်။ ဝါခေါင်တွင် မွေးသော သူမသည် ကျန်းမာရေးချူချာ၏၊ ကျမ ငြိမ်နေလျှင် နေမကောင်းသောကြောင့်ဖြစ်မည်ဟု အမေသည် အမြဲတွေးလေ့ရှိသည်။ ထို့ကြောင့် ဖုန်းမဆက်တာကြာသွားလျှင် အမေက နေမကောင်းဘူးလားဟု သူမကို တရားခံစစ် စစ်တတ်နေပြီ။

ကျောင်းဖွင့်ချိန် ပထမလပတ်စာမေးပွဲမဖြေခင် တစ်ရက်မှာ မူလတန်းကျောင်းရှိ လေးတန်းကျောင်းသားကျောင်းသူများအားလုံးကို ရွှေရင်အေးတိုက်ကျွေးခဲ့သည်၊ တန်ဘိုးငွေမှာ မြန်မာငွေ(၁၂)ကျပ်ဖြစ်သည်။ သူမ၏အဒေါ်က ဘာလို့ ရွှေရင်အေးတိုက်ချင်တာလဲလို့ မေး၏၊ အဖြေမှာ လွယ်လွယ်လေးဖြစ်သည်၊ သူမ နှစ်သက်သော အရာများကိုသာ လှူဒါန်းလေ့ရှိပါသည်။

အဖေသည် အရုဏ်ဆွမ်းလောင်းရန် အသင့်ပြင်ပြီးချိန်တွင် သူမကို လာနှိုးပြီ။
မီးငယ်....ထ .....ထ..၊ ဒီနေ့ သမီးမွေးနေ့မှာ သံဃာတွေကို ဆွမ်းလောင်းကြမယ်၊ မနက်စောစော ဘုရားရှိခိုးရမယ်၊ အမေကြီးလည်း ဘုရားဆွမ်းတော်တင်ဖို့ ပြင်ဆင်နေပြီ။
ဒီလိုနဲ့ သူမရဲ့ မွေးနေ့တိုင်းမှာ... နံနက်ခင်းတိုင်းမှာ... ကုသိုလ်စိတ်ဖြစ်စေဖို့ မိဘများက လမ်းပြပေးခဲ့ကြပါသည်။ ကျမတို့ မိသားစုစုံစုံလင်လင် ဆွမ်းလောင်းကြသောအချိန်များသည် ခပ်ဝေးဝေးတွင် ကျန်နေခဲ့ပေမယ့် ဆွမ်းလောင်းတဲ့အချိန်တိုင်းမှာ မိသားစုထဲမှ ထွက်ခွါသွားတဲ့ အဖေကို အမြဲသတိရ အမျှဝေမိပါသည်။

“ဒီပိုင်းက..........ငါးယူကြအုံးမလား၊ ငါးခူပါတယ် ငါးရံ့ပါတယ် ငါးသလဲထိုးပါတယ်”
ညနေက လွှတ်လိုက်တဲ့ ငါးသလဲထိုးလေးတွေ ခြံထဲ မိုးရေဝပ်နေတဲ့နေရာတွေကြားတွင် တွေ့လိုက်ရသည်။ ညက မိုးသည်းတော့ အပြင်က ရေကန်မှာ လွှတ်လိုက်တာ ကန်က ရေလျှံတာနဲ့ ခြံထဲ ရောက်နေကြတာဖြစ်မည်။ ဘာပဲဖြစ်ဖြစ် သူတို့ လွှတ်မြောက်မှု နယ်မြေကို ရှာတွေ့နိုင်ကြပါစေ။

အမည်မသိစေတနာရှင်မိသားစုများကောင်းမှု... စိတ်ဝင်စားစရာကောင်းသည်။ ကားကို ခဏရပ်ခိုင်းပြီး သူမတစ်ဦးတည်း ဘုရားပေါ်သို့ တက်ခဲ့သည်။ ဘုရားရင်ပြင်တွင် ပြင်ဆင်နေသော အလုပ်သမားများနှင့် ဂေါပကအဖွဲ့မှလွဲ၍ မည်သူမှ မရှိ။ ရင်ပြင်ထောင့်တွင် မိသားစုပုံတူ ရုပ်ထုတစ်ချို့တွေ့ရသည်။ ဘုရားသမိုင်းကို လိုက်ဖတ်ကြည့်သောအခါ စေတီတော်ပြုပြင်ရန် အလှူခံစဉ် မိသားစုတစ်စု ရောက်လာကာ လှူဒါန်းမတည်ငွေဖြင့် ပြင်ဆင်နိုင်ကြခြင်းဖြစ်သည်။ သူတို့ လှူသွားတဲ့ ပစ္စည်းများမှာ ရှေးခေတ်ရွှေထည်များဖြစ်ပြီး ညနေ ဆည်းဆာတွင် မြောက်ဘက်စောင်းတန်းမှ ထွက်ခွါပျောက်ကွယ်သွားကြသည်ဟု ရေးထားလေသည်။ 
သူမ မြောက်ဘက်စောင်းတန်းသို့ လျှောက်လာပြီး ပြုခဲ့သမျှလေသော ကုသိုလ်တို့ကို မျက်လုံးလေးမှိတ်ကာ အမျှဝေ၏။ သာဓုခေါ်နိုင်ကြပါစေလို့ မေတ္တာပို့သလိုက်ပါသည်၊ ထိုအချိန်တွင် လေပြေသည်သူမအနားမှ ညင်သာစွာ ဖြတ်သန်းသွားသည်။ အလှူခံဖလားထဲသို့ တစ်ထောင်တစ်ရွက်ကို ထည့်လိုက်သောအခါ သမီး နာမည်ပြော...(လောစပီကာကြီးဖြင့် သူမနာမည်ကို အကျယ်ကြီးအော်မည်ကို ရှက်သောကြောင့်) အလှူရှင်တစ်ဦးဆို ရပြီ ...အဘ။ “ဟေ .....အေး အေး၊ သာဓုပါ တူမကြီး၊ သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေကွယ်”။ စောင်းတန်းအတိုင်း သူမထွက်ခွါလာစဉ် သူမနောက်သို့ တစ်ယောက်ယောက် ကြည့်နေသည်ဟု ထင်သဖြင့် လှည့်လိုက်သောအခါ ဂေါပကတချို့လှမ်းကြည့်နေကြသည်။ ထို့အခါ သူမ ပြုံးမိလေသည်။ 

သူတို့နှစ်ကောင်အတွက်တော့ “အချစ်သည် လေပြေဖြစ်မည်”

“ဟောတော့ မိုးတွေ သည်းလာပြီ၊ ထီးတစ်ချောင်းတည်းနဲ့ နှစ်ယောက်လုံး စိုကုန်တော့မှာပဲ”
“စိုတော့ ဘာဖြစ်လဲ မိန်းမရာ... မိုးဖွဲထဲမှာ လမ်းလျှောက်ရတာ ကဗျာတောင်ဆန်သေး ...ဟ ဟ”
“အို...ဘာဖြစ်ရမလဲ ဖျားမှာပေါ့ နှစ်ယောက်လုံး
မနက်ဖန် တစ်ယောက်တစ်နေရာစီ ခရီးထွက်ရအုံးမှာ ဖျားလို့မဖြစ်ဘူး၊
ကျန်းမာရေးက အရေးကြီးတယ် ကဗျာဆန်မနေနိုင်ပါဘူး”

ဘဝဆိုတာ တကယ်လက်တွေ့မှာ ကဗျာမဆန်နိုင်ပါဘူး၊ 
ဘဝတစ်ခုတည်းမှာ လူနှစ်ဦးပေါင်းစည်းကြမိပြီဖြစ်တဲ့အတွက် လက်တွေ့ကျကျကျော်ဖြတ်ခြင်းတွေနဲ့ ကျော်ဖြတ်ရတဲ့အခါ၊
ပျော်ရွှင်ခြင်း လေပြေများကြောင့် အမောပြေခဲ့သော နေ့များလည်း တခါတရံ...ရှိထိုက်ပါ၏။

မြစ်ပြင်ကျယ်ကို ထိုင်ငေးပြီး သွားလာလှော်ခတ်နေတဲ့ လှေတွေနဲ့ လူတွေ၊ မြင့်မားနေတဲ့ အဆောက်အအုံများ၊ မကြာခဏရိုက်ပုတ်လာတဲ့ လှိုင်းတွေကြား လေပြေနဲ့အတူ အတွေးတွေ မျောရင်း။ 

ကောင်းကင်ကို မော့ကြည့်ရင်း အလှမ်းဝေးနေသေးတဲ့ အရာများအကြောင်း၊
မြစ်ပြင်ကို လှမ်းကြည့်ရင်း စီးဆင်းသွားတဲ့ မြစ်တစ်စင်းအကြောင်း၊
ကူးခတ်သွားလာနေတဲ့ လှေတွေကြည့်ရင်း “က” ခွင့်မရသော ဇာတ်ကိုလည်းကောင်း။ 

လူသားတိုင်း ပျော်ရွှင်ခြင်းလေပြေကို ခံစား စားသုံးနိုင်ကြပါစေ။ 

လေးစားစွာဖြင့်
ခရစ္စတလ်
(၃၁.ဇူလှိုင်.၂၀၁၂)

Monday, June 11, 2012

“အောင်ပွဲ”

ဘဝတစ်ခုရတဲ့သူတိုင်း ကိုယ်ပြုလုပ်တာလေးတွေ အောင်မြင်ဖို့ ကြိုးစားကြပါတယ် အောင်မြင်ဖို့မျှော်လင့်ကြမယ်၊ အောင်မြင်တာတွေ ရှိလာမယ်။ ဒီလို အောင်မြင်မှု အောင်ပွဲတွေကို ချုံကြည့်မယ်ဆိုရင် အမျိုးအစား သုံးမျိုး ခွဲထုတ်ကြည့်ကြရအောင် ...။


“ဘဝအောင်ပွဲ”
ဘဝအောင်ပွဲ တဲ့...၊ အဲလိုလေး ကြားလိုက်ရရင် ဘယ်လို အောင်မြင်မှုလေးတွေကို မြင်မိမလဲ... တွေးကြည့်မိပါတယ်။ ငယ်ငယ်တုန်းက ကစားပြိုင်ပွဲတွေ စာမေးပွဲတွေ၊ အရွယ်ရောက်လာတော့ အဆင့်ဆင့်တက်လှမ်းရတဲ့ ပညာရေးတွေ၊ အလုပ်စာမေးပွဲတွေ ရာထူးတိုးမှုတွေ ဒါ့အပြင် စီးပွါးရေးနဲ့ ပတ်သက်တဲ့ အောင်မြင်ခြင်းတွေ အောင်မြင်မှုရလဒ်တွေ လောကီနယ်ပယ်မှာ အများအပြားပေါ့။ ဒီလိုအောင်ပွဲတွေကို တည်မြဲဖို့ ကြိုးစားခြင်းတွေနဲ့ လုံးချာလည်လိုက်နေတာ ဘဝထဲက အောင်ပွဲတွေ ဟုတ်ဘူးလားနော်။ ဒါပေမယ့် ဒီအောင်မြင်မှုတွေက နောင်တမလွန်ကို သယ်မသွားနိုင်တဲ့ အောင်ပွဲမျိုးဖြစ်လို့ “ဘဝအောင်ပွဲ”လို့ခေါ်တာပေါ့။ ဘဝတစ်ခုအတွင်းမှာပဲ အသုံးတဲ့ အသုံးဝင် အောင်မြင်တဲ့ အောင်ပွဲတွေကိုးနော်။ အသက်ခြောက်ဆယ်ပြည့်လို့ ပင်စာစားဘဝ ရောက်တယ်ဆိုရင်တော့ တချို့အောင်မြင်မှုတွေက အသက်အရွယ်နဲ့လိုက်ပြီး အသုံးမလိုတာတွေ ဖြစ်ကြသေးတာပဲ၊ တွေးကြည့်ရင် မမြဲခြင်း အစိုးမရခြင်းတွေ လက်တွေ့မြင်နိုင်မှာပါ။ တစ်ဘဝတည်းမှာပဲ ရေရှည်မတည်မြဲနိုင်တဲ့ အောင်မြင်မှုတွေအတွက် လူတွေ အကြောင်းမဲ့အချိန်ကုန်နေကြတာကို သတိရမယ်ဆိုရင် ဘဝရဲ့ လေးနက်တဲ့ အဓိပ္ပါယ်တွေကို ပိုသိမြင် ခံစားခွင့်ရကြလေမလား၊ အဓိပ္ပါယ်ရှိတဲ့ အချိန်တွေကို ပိုတန်ဖိုးထားဖြစ်မလားလို့ တွေးမိပါတယ်။

“လောကအောင်ပွဲ”
ဒီဘဝ ဒီခန္ဓာအခြေတည် အရင်းပြုလို့......ပြုလုပ်သမျှသော ကုသိုလ်ပြုလုပ်ခွင့်ရတယ် ကုသိုလ်တွေ ပြုလုပ်ကြပါတယ်၊ ဒါနအမျိုးမျိုး ပြုလုပ်လှူဒါန်းကြတဲ့ ကုသိုလ်အောင်ပွဲတွေပါ။ ကုသိုလ်အောင်ပွဲဆိုမှတော့ နောင်တမလွန်ထိ ပါနိုင်ပြီပေါ့ ဒါမျိုးကိုတော့ “လောကအောင်ပွဲ”လို့ခေါ်ပါသတဲ့၊ ဒီလိုကုသိုလ်လေးတွေ မပြုမီရော၊ ပြုမိတိုင်းနဲ့ ပြုပြီးသည့်တိုင်တွေးလိုက်တိုင်း ကြည်နူး ပီတိတွေ ဖြစ်စေပါတယ်။ ဒါနဆိုတော့လည်း လူတွေက အလှူကြီးပေးမှ ဒါနလို့ မြင်နေကြတဲ့သူတွေ ခုထိ ရှိနေတုန်းပါပဲ။ ကိုယ့်အိမ်မှာ နေ့တိုင်း ဘုရားဆွမ်းတော်ကပ်တာ၊ ရေချမ်းလှူတာ၊ ပန်းကပ်တာ စတဲ့ ကုသိုလ်လေးတွေမှ အစပြုလို့ ငှက်လေးတွေကို ထမင်း သို့မဟုတ် ဆန်လေးတွေ ကျွေးတာ၊ အိမ်မှာမွေးထားတဲ့ ကြောင်လေး ခွေးလေး ထမင်းကျွေးတာက အစ ဒါတွေဟာ ဒါနကုသိုလ်တွေပါပဲ၊ ဒီလို ကုသိုလ်လေးတွေကိုလည်း မြင်တတ်မယ် သတိထားတတ်မယ်ဆိုရင် ကုသိုလ်ရနေတာပါပဲ။ ဒီလိုကုသိုလ်ပီတိလေးဖြစ်နေတဲ့ စိတ်လေးက အေးချမ်းနေတယ်၊ ကျေနပ်နေတယ်၊ ကိုယ်ပြုလုပ်လိုက်ရတဲ့ ကုသိုလ်လေးအတွက် ကိုယ့်မှာ ဒီသတ္တိတွေ ကျန်ခဲ့ပါတယ်။ ဒီ ကောင်းကျိုးချမ်းသာသတ္တိတွေကပဲ ပစ္စပ္ပုန်နဲ့ အနာဂတ်မှာ ဆုတောင်းသီခြားပြုစရာမလိုအောင်ကို အကျိုးပေးနေပါပြီ။ သန့်ရှင်းနေတဲ့ စိတ်လေးက ကြည်လင်နေပါတယ်၊ ပေါ့ပါးနေပါတယ်၊ မကောင်းတဲ့စိတ်တွေလို လေးလံ နောက်ကျိ ထိုင်းမှိုင်းမနေဘူးလေ။ ဒါလေးတွေကို သတိထားကြည့်ရင် သိပ်ကို သိသာစေပါတယ်။ ကိုယ့်စိတ်ထဲမှာကို ဘယ်အရာက ကြည်လင်စေတယ်၊ ဘယ်စိတ်တွေက နောက်ကျိစေတယ်၊ ဒီလိုသိရပြီဆိုရင်တော့ ကောင်းသော ကြည်လင်စေတတ်သော စိတ်လေးနဲ့ပဲ နေကြပါစို့နော်။

“ဓမ္မအောင်ပွဲ”
လောကအောင်ပွဲတွေက ဓမ္မအောင်ပွဲဖြစ်ဖို့ရာ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဒီတော့ ဓမ္မအောင်ပွဲကို တက်လှမ်းဖို့ရာ အတွက် လောကအောင်ပွဲဆိုတာတွေက လှေကားထစ်လေးတွေအဖြစ်နဲ့ တက်လှမ်း သွားကြရမှာ ဖြစ်ပါတယ်။ မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့  တရားတော်များကို သံဃာတော်များက ထပ်ဆင့်ဟောကြားနေကြတာကို မှတ်သားနာယူကြရပါမယ်။ ထိုမှတဆင့် တက်လှမ်းနိုင်တာကတော့ နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ ဝိပဿနာတရား အားထုတ်ကြရပါမယ်၊ အဲဒီအခါမှာ  ငြိမ်းရေးမှုတွေရမယ်၊ သောတပန်မှသည် ရဟန္တာ အရိယာတို့သွားရာ လှေကားအဆင့်ဆင့်ကို တက်လှမ်းသွားနိုင်ကြရပါမယ်။ အရိယာသူတော်ကောင်းဖြစ်သွားပြီဆိုရင် သံသရာတစ်လျှောက်လုံး အေးချမ်းသွားပါပြီ။

အခါတစ်ပါးမှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးမှ သားတော်လေး ရာဟုလာကို ငယ်စဉ်အခါတုန်းက  ဆုံးမခဲ့ဖူးတာလေးကို လေ့လာကြည့်ရအောင်....။ ကိုယ်-နှုတ်-စိတ် သုံးပါးလုံးကို ကုသိုလ်/အကုသိုလ် သုံးသပ်ဖို့ သတိထားဖို့ ဆုံးမတော်မူခဲ့ပါတယ်။ ဒီလိုဆင်ခြင်သုံးသပ်ခြင်းဖြင့် ကောင်းကျိုးပေးသလား၊ အပြစ်မကင်းဘူးလားဆိုတာလေးကို သတိထား ခွဲခြားနိုင်သွားပါမယ်။ ဒါကြောင့် မြတ်စွာဘုရားက အားလုံးထဲမှာ သတိတရားက အရေးကြီးဆုံးဖြစ်တာမို့ (အပ္ပမာဒေန- မမေ့၊ မလျော့၊ မပေါ့၊ မဆ၊ မြဲမြံတဲ့ သတိတရားဖြင့်၊ သမ္ပာဒေထ- ပြည့်စုံရစ်ကြပါကုန်လော့) အသေအချာကို မှာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ဓမ္မအောင်ပွဲကို တက်လှမ်းနိုင်ဖို့ သတိထားစရာတွေ သိရှိသွားကြပြီနော်။ “ဘဝရဲ့စာမျက်နှာများ”ကို လာရောက်ကြည့်ရှုအားပေးနေကြတဲ့ ချစ်ခင်လေးစားရသောမိတ်ဆွေများအားလုံးလည်း အောင်ပွဲတွေ အဆင့်ဆင့်တက်လှမ်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါရစေနော်။ 


 “အောင်ပွဲ (၃)မျိုး” - ဘဝအောင်ပွဲ၊ လောကအောင်ပွဲ၊ ဓမ္မအောင်ပွဲ 

ဆွမ်းကပ်လှူတဲ့ ဒကာမများအဖွဲ့
 
မှတ်ချက်။ ။ ထိုင်းနိုင်ငံတောင်ပိုင်း ကော်စမွေကျွန်းမှာ ပြုလုပ်သောသက်ကြီးပူဇော်ပွဲတွင် အရှင်မဏိဇောတာလင်္ကာရ  မှ ဟောကြားတော်မူသော “အောင်ပွဲ (၃)မျိုး” တရားတော်ကို ပြန်လည်နာယူ မှတ်သား ရေးသားခြင်းဖြစ်ပါတယ်။ အခုလိုတရားတော်ကို ပြန်လည်ရေးသားခွင့်ပေးတဲ့ အရှင်မဏိဇောတာလင်္ကာရကိုလည်း အထူးကျေးဇူးတင်စွာဖြင့် ရိုသေစွာ ဦးချကန်တော့လိုက်ပါတယ်ဘုရား။

ဇွန်လ(၁၉)ရက်နေ့မှာ ကျရောက်မယ့် ပြည်သူ့ မိခင် အမေစုရဲ့ မွေးနေ့မှသည် သက်ဆုံးတိုင် အောင်ပွဲတွေ များစွာပိုင်ဆိုင်နိုင်ပါစေ၊  ယခုနှစ် မွေးနေ့ရက်မြတ်မှာလည်း မိသားစုနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

မြန်မာအပါအဝင် တိုင်းရင်းသားအားလုံး ဒီမိုကရေကစီအောင်ပွဲတွေကို အမြန်ဆုံး ရရှိကြပါစေ၊ အောင်ပွဲရဲ့ တကယ့်အနှစ်သာရများကို ခံစားနိုင်ကြပါစေကြောင်း  ဆုတောင်းပေးနေမိပါတယ် ...။

ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

Wednesday, June 6, 2012

အချစ်စစ်တို့လမ်းတွေ ဖြူးကြစေသတည်းးးးးး။

သောကြာဂြိုလ်က နေကို ဖြတ်တဲ့နေ့ (၆-၆-၂၀၁၂)နေ့မှာ မှတ်မှတ်ရရပါပဲ၊ ရေးနေတဲ့ပိုစ့်က ဓမ္မပိုစ့်၊ ချက်တင်က အရေးတကြီး မေးလာတာက မိန်းကလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖေါ်ပေးဖို့ ဖြေပေးပါတဲ့၊ ငယ်တဲ့သူတွေက ကြီးတဲ့သူတွေဆီ နည်းနာယူကြတယ်၊ ဒီလိုတွေ မေးလာရင် ကိုယ့်ခံယူချက်ကိုပဲ ဇောင်းပေးဖြေပေးလို့ မသင့်တော်ဘူး၊ စိတ်ဆိုတာ ဆန်းကြယ်သားးးး။ လူတစ်ဦး စိတ်တစ်မျိုးဆိုတော့ ကိုယ့်ထက်ငယ်တဲ့သူတွေကို ဖြေတဲ့နေရာမှာ မမှားသင့်တာ မမှားရအောင် တော်တော်လေး သတိထားဖြေပေးရပါတယ်။ အရေးကြီးတာက သူတို့ အချစ်ရေး အိမ်ထောင်ရေး ဖြောင့်ဖြူးဖို့မဟုတ်လား။ သူတို့ အကျိုးအတွက် ကိုယ့်အတွေ့အကြုံများကို အထောက်အပံ့ဖြစ်ပါစေလို့ စိတ်ထားပြီး ဖြေပေးပါတယ် (ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ)။

ရေးတဲ့ ပိုစ့်လည်း draft ထဲ သိမ်းထားလိုက်ရပြီး)

သမုဒယနဲ့ နိဂြောဓ အကြားးးး ဗျာများနေရတဲ့ ပုထုဇဉ်တစ်ဦးပါ။

မိန်းကလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုမျိုးလဲ ...။

မည်သို့သော မိန်းကလေးက ချစ်ခြင်းမေတ္တာကို အလေးအနက်ထားပါသလဲ...။

ရင်ခုန်တိုင်း အချစ်လား ...။

မိန်းကလေးတစ်ယောက်၏ ရင်ခုန်ခြင်းနှင့် သူမ၏ ချစ်ခြင်းမေတ္တာ ကွာခြားမှု ...။

 အချစ်စစ်တို့လမ်းတွေ ဖြူးကြစေသတည်းးးးးး။ 

သွားရင်း လာရင်း ပန်းခြံထဲမှာ မင်္ဂလာမောင်နှံ အလှဓာတ်ပုံတွေ ရိုက်နေတာတွေ့လို့၊ 
ကိုယ်လည်း ဝင်ပြီး အားပေးလာခဲ့ပါတယ်။ သူတို့လည်း မကန့်ကွက်ဘူး၊ 
ကိုယ်ရိုက်နေတာတောင် ကျေနပ်နေပြီး ပိုစ့်တွေ ပေးကြသေး။ 
ထိုင်းမှာ ဒီလိုအလှဓာတ်ပုံလေးတွေ ရိုက်ပြီး ဓာတ်ပုံစာအုပ်ထုတ်ကြပါတယ်။ 
အနိမ့်ဆုံးဈေးက ဘတ် နှစ်သောင်းခွဲရှိပါတယ်။ ပျိုပျိုမေတို့ စိတ်ဝင်စားရင် လာရိုက်ကြပေါ့နော်။ 

လေးစားစွာဖြင့်
ခရစ္စတလ်