သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, July 8, 2010

“ကရုပ်” လေးရဲ့ ရာဇဝင် (အပိုင်း-၂)

“ကိုရေ ... ထ ထကြည့်ပါအုံး အိမ်ခေါင်မိုးပေါ်မယ် ရွှေဇီးကွက်လေး နားနေတယ် သိပ်လှတာပဲ ဖမ်းပေးပါ”
“မေမေက ဒီလိုပြောတော့လေ မီးငယ်လေး ဖေဖေက ခေါင်မိုးပေါ်တက်ပြီး ဇီးကွက်လေး ဖမ်းပေးတယ်၊ ဇီးကွက်လေးကို ယူလာပြီး ပွေ့ထားတော့လေ ဇီးကွက်လေးက မျက်တောင်လေးတွေ အရှည်ကြီးပဲတဲ့၊ ရှည်လွန်းလို့ ညှပ်ပေးတော့ တစ်ခါ ရှည်လာပြန်ရောတဲ့၊ ဒါနဲ့ ပွေ့ထားတဲ့ဇီးကွက်လေးကို သေချာပြန်ကြည့်တော့ ကလေးလေး ဖြစ်နေသတဲ့။ ဆံပင်လေးတွေ နက်မှောင်ပြီး မျက်လုံးဝိုင်းဝိုင်း မျက်နှာဝိုင်းဝိုင်း ကလေးလေးကို မေမေ ကိုယ်ဝန်ရှစ်လကျော်တော့ အိမ်မက်ထဲ တွေ့ရတယ်”။
“အဲလို မေမေက အိမ်မက်တော့ ဖေဖေက ဘာပြောလဲဟင်”
“မီးငယ်ရဲ့ ဖေဖေကပြောတယ် သူ့သမီးလေးက ဥာဏ်ပညာကြီးမယ့်သူလေး ဖြစ်မယ်လို့ အိမ်မက်ကို အဓိပ္ပါယ် ကောက်တယ်။”
မေမေက ကရုပ်လေးကို ကိုယ်ဝန်ဆောင်စဉ်အချိန် ဖြစ်စဉ်လေးကို အခုလို ဇူလှိုင်လရောက်တိုင်း အမြဲပြောလေ့ရှိတတ်ပါတယ်။
အလှတစ်ယောက် ကိုယ်ဝန်ကိုးလရောက်သောအခါ ကလေးမမွေးဖွားခင် မိခင်ကို ကန်တော့ လိုသောကြောင့် မိခင်ရှိရာ ပဲခူးမြို့သို့ သွားရောက်ခဲ့ပါသည်။ ပဲခူးမြို့ရောက်သောအခါ ကိုယ်ဝန်နေ့စေ့လစေ့ဖြင့် “အလှ”တစ်ယောက်မှာ သွေးအနည်းငယ်ဆင်းပါတော့တယ်။ ဒါကြောင့် အလှ၏ မိခင်နှင့် အစ်မများက စိတ်ပူခါ ပဲခူးဆေးရုံကြီးသို့ ပို့ဆောင်ပေးကြပါသည်။ ပဲခူးဆေးရုံကြီးတွင် စိတ်စေတနာပြည့်ဝသော ဆရာဝန်ကြီးဦးသောင်းရွှေရှိနေပါသည်။ ဆရာဝန်ကြီးက ဗိုက်နာကျင်မှုမရှိပဲ ကိုယ်ဝန်အရင့်အမာတွင် ခရီးသွားသောကြောင့် သွေးအနည်းငယ်ဆင်းတတ်ကြောင်း ရှင်းပြလေသည်။ သို့ပါသော်လည်း ကိုယ်ဝန်ကို စစ်ဆေးသောအခါ နှစ်ပတ်ခန့် ရက်ကျော်နေပြီဖြစ်ရာ နောက်သုံးရက်တွင် ဗိုက်မနာပါက ခွဲစိတ်မွေးသင့်ကြောင်း ထပ်မံသတိပေး စကားပြောကြားလေသည်။
ဆေးရုံတွင် သူနာပြုလေးများက ကိုယ်ဝန်ကို စမ်းသပ်ကြည့်ကြသော အမွှာထင်ကြောင်းပြောကြသော်လည်း သူနာပြုဆရာမကြီးက ကိုယ်ဝန်သည် ကလေးတစ်ဦးသာဖြစ်ကြောင်း ပုံမှန်ပေါင်ချိန်ထက် ပိုနေကြောင်းကို အလှကို ရှင်းပြလေသည်။ ထိုသို့ဖြင့် ဝါခေါင်လဆန်း (၂)ရက်နေ့တွင် ဆရာဝန်ကြီးမှ မနက်ဖန်တွင် ကလေးကို ခွဲစိတ်မွေးရန် အလှ၏ မိခင်နှင့် ခင်ပွန်းကို ပြောကြားလေသည်။ ထိုရက်ကျော်လွန်ပါက ကလေးအတွက် အသက်အန္တရာယ် စိုးရိမ်ရသောကြောင့် ပဲခူးဆေးရုံကြီးတွင်ပင် ဆရာဝန်ကြီးဦးသောင်းရွှေ ကိုယ်တိုင် ကြပ်မတ်ကာ ကရုပ်လေးကို ခွဲစိတ်မွေးဖွားပေးခဲ့လေသည်။
ဝါခေါင်လ၏ မိုးဖွဲဖွဲရွာသွန်းသောနေ့တွင် နံနက်(၉)နာရီအချိန်၌ မွေးလူနာဆောင်၏ ခွဲစိတ်ခန်းတွင် သူနာပြုဆရာမများနှင့် ဆရာဝန်ကြီးဦးသောင်းရွှေတို့သည် အလုပ်ရှုပ်လျက်ရှိကြပါသည်။ လေးဆယ့် ငါးမိနစ်ခန့် ကြာသောအခါ ကလေးငယ်လေးတစ်ယောက် လူ့လောကအလယ်သို့ တိတ်တဆိတ်ရောက်ရှိခဲ့ပါသည်။ ဆရာဝန်ကြီးသည် ကလေးငယ်ကို ဂရုစိုက် စောင့်ရှောက်ရန် သူနာပြုဆရာမကြီး ဒေါ်ကြည်ကြည်ကို အချက်ပြ လိုက်လေသည်။ ထိုအခါ ကလေးငယ်ကို ဇောက်ထိုးထားလျက် တင်ပါးကို နှစ်ချက်ခန့် ခပ်ဆဆလေး ပုတ်လိုက်သောအခါ “အူဝဲ ...အူဝဲ”ဆိုသော မင်္ဂလာရှိတဲ့ သမီးငယ်၏ အသံလေးသည် မွေးခန်းအပြင်သို့ ပျံ့နှံ့သွားပါတော့သည်။

“မီးငယ်မလေး အော်သံကို ကြားတော့ ဖေကြီးက ကိုယ့်သမီးလေးကို ကြည့်ချင်တာပေါ့၊ အဲဒါသူနာပြုဆရာမလေးက အနှီးလေးနဲ့ ပွေ့လာပြီး သမီးလေး သမီးလေးလို့သာ ပြောပြီး ဖေကြီးကို မပြဘူး ကလေးဆောင်ကို ပြေးပါလေရော၊ ဖေကြီးက သမီးရဲ့မေကြီးကိုပဲ ဆက်စောင့်ရမလား၊ သမီးနောက်ပဲ ပြေးလိုက်ကြည့်ရမလား ဗျာများလို့ပေါ့၊ နောက်သိရတာက သမီးလေး တစ်ကိုယ်လုံး ပြာနှမ်းနေလို့ ကလေးဆရာဝန်ဆီကို သွားရန်လိုအပ်သောကြောင့် ပြေးရကြောင်းသိရတယ်”။
ကရုပ်ကလေးရဲ့ဖေဖေသည် ကရုပ်လေးရဲ့ မွေးနေ့ရောက်တိုင်း သူခံစားခဲ့ရတာလေး အဲဒီနေ့က အဖြစ်အပျက်လေးကို အမြဲပြောပြလေ့ရှိပါတယ်။
ကရုပ်လေးကို မွေးဖွားရတာ နာကျင်မှုမရှိ သက်တောင့်သက်သာစွာမွေးဖွားရကြောင်းနှင့် အရင်ကလေးတွေလို ကလေးကြောင့် အိပ်ရေးပျက်ရတာမျိုးလည်း မရှိကြောင်း၊ မေမေက ပြောပြသောအခါ မိခင်ကို ဒုက္ခမပေးသူအဖြစ်မှန်း သိရသောကြောင့် ကျေနပ်ပီတိဖြစ်မိလေသည်။ ထို့အပြင် သမီးတစ်ယောက်အဖြစ် တောင့်တနေချိန် မျှော်လင့်နေချိန်မှာ သမီးလေးအဖြစ်နှင့် မိခင်ဖခင်တို့၏ လိုအင်ဆန္ဒပြည့်ဝ ပျော်ရွှင်မှု အပေါ်တွင်လည်း ပီတိဖြစ်ရပြန်ပါသည်။
ဆက်လက်ဖေါ်ပြပါမည်.....

1 comment:

may16 said...

ကရုပ် လေး ကို လာဖတ်ပါတယ်...