သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, July 18, 2010

“ကြယ်တွေ မြေမှာ ခလို့ ကြွေတဲ့နေ့”

မြန်မာနိုင်ငံနှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့် အသက်ပေးလှူခဲ့ကြသော
အာဇာနည်ခေါင်းဆောင်များအားလုံးကို အလေးပြုပါတယ်။
မူလတန်းအရွယ် ကျောင်းပိတ်တဲ့ မိုးပေါက်လေးတွေ တဖျောက်ဖျောက်ရွာနေတဲ့ ဇူလှိုင်(၁၉)ရက်နေ့မှာ မနက်စောစော ဖခင်က မြတ်စွာဘုရားကို ဆွမ်းတော်ကပ်ပြီး သံဃာတော်များကိုလည်း ဆွမ်းလောင်းလှူ အမျှဝေနေတာကို သတိရမိသေးတယ်။ ကျမရဲ့ ဖခင်က “အလှရေ ကိုယ်တော့ ကုသိုလ်ကောင်းမှုတွေကို အာဇာနည်ခေါင်းဆောင်ကြီးများရည်စူးလို့ အမျှပေးဝေလိုက်ပြီ” ဆွမ်းဇလုံများကို ဆေးကျောရင်း လှမ်းပြောလိုက်ပါတယ်။ အမေက “မနက်မိုးလင်း ဘုရားရှိခိုးကတည်း အလှလည်း အမျှဝေပြီးပြီ” ဤသို့ အပြန်အလှန် လှမ်းပြောလိုက်ပြန်တယ်။ ဖေဖေနဲ့ မေမေတို့ ပြောနေတာကို ကရုပ်လေးအဖို့မှာတော့ အရာရာဟာ မေးမြန်းချင်စရာချည်း ဖြစ်နေတော့တယ်။
မနေ့က ကျောင်းမှာ ဆရာမက မနက်ဖန် အာဇာနည်နေ့ ကျောင်းပိတ်တယ်လို့ ပြောလိုက်တော့ ဝေးးးးးးး သူငယ်ချင်းတွေက ပျော်ကြတယ် ကရုပ်လေးကတော့ ဘာလို့ပိတ်တာလဲလို့ မေးတဲ့ အသံဟာ သူငယ်ချင်းများ ကျောင်းပိတ်လို့ ပျော်တဲ့အော်သံကို မထိုးဖောက်နိုင်ခဲ့ဘူး။ ဒီနေ့တော့ ဖေဖေကို မေးရမယ်၊ ဖေဖေ အားတော့မယ့် အချိန်ကို ချောင်းရင်း အဖေအနားသို့ ကပ်သွားကာ “ဖေကြီး မီးငယ် မေးစရာတစ်ခုရှိတယ်” လက်ညိုးလေး တစ်ချောင်းထောင်ရင်း ပြောတော့ ဖေဖေက “အောင်မလေး ငါ့သမီးလေးက မေးစရာတွေ ရှိနေမှ ကိုး မေးစေဗျား”လို့ ပြောရင်း ပွေ့ချီလိုက်ပါတယ်၊ မေမေကတော့ “ကဲ အဖေကြီး သမီးမေးတာကို မှန်အောင်ဖြေလိုက်အုံး”လို့ လှမ်းစတယ်။ ဒါနဲ့ ကရုပ်လေးက “ဖေကြီး ဒီနေ့ ဘာလို့ ကျောင်းပိတ်တာလဲ” မေးတော့ ကရုပ်လေး ဖေဖေက မျက်ခုံးနက်နက်လေးတွေ ပင့်တက်သွားကာ “အော် င့ါသမီးတောင် ဒီလို သိချင်တဲ့အရွယ်ကို ရောက်နေပြီကိုး”လို့ အစချည်လို့ အာဇာနည်နေ့နှင့် ပတ်သက်သော သမိုင်းကြောင်းများ၊ အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရပုံများ၊ နိုင်ငံတော် အလံကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့ လျော့ချ လွှင့်ထူကြပုံများစတဲ့ အာဇာနည်နေ့နဲ့ ပတ်သက်သောအကြောင်းအရာများကို စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြပါတယ်။ ဒီအချိန်မှာပဲ လေဒီယိုမှ ဥသြဆွဲသံတွေ ကြားရတဲ့အခါမှာတော့ ငြိမ်ငြိမ်လေးနေရင်း ဖေဖေ၊ မေမေတို့နဲ့အတူ ကရုပ်လေးက ငြိမ်သက်စွာဖြင့် အလေးပြုကြပါတယ်။
ပြီးနောက် ကရုပ်လေးရဲ့ ဖေဖေက
“မီးငယ်လေးကရော အခုလိုသိရတော့ ဘယ်လိုခံစားရလဲ စိတ်ထဲမယ် ဘယ်လိုဖြစ်သလဲ သမီး”
“ဗိုလ်ချုပ်တို့ သနားပါတယ်နော်၊ သူတို့ကို သေနတ်ကြီးတွေနဲ့ပစ်တော့ နာမှာပေါ့နော်၊ သူတို့ ထွက်ပြေးကြရင် ကောင်းမှာနော်”
“ဘာဖြစ်လို့လဲ မီးငယ်ရဲ့”
“သမီး မမြင်ဖူးလိုက်ဖူးလေ၊ ပြီးတော့ စိတ်ထဲမှာ သူတို့ကို သိပ်ကန်တော့ချင်တာပဲ”
“ဟုတ်သားပဲ၊ ငါ့သမီးတို့ခေတ်မှာ အာဇာနည်တွေကို မမြင်ဖူးကြပဲကိုးလို့ တွေးစစလေး ပြောပါတယ်၊ ကန်တော့ချင်တာကရော မီးငယ်”
“ဘွားဘွားကပြောတယ်လေ ကျေးဇူးရှိရင် ကန်တော့ရမယ်တဲ့၊ ဒီတော့ ဗိုလ်ချုပ်တို့ရဲ့ ကျေးဇူးကို သမီးက ကန်တော့ရမယ် မဟုတ်လား”
“မှန်လိုက်တာ မီးငယ်ရေ၊ ဖေဖေတို့ ပြည်သူတွေ အားလုံးရဲ့ ကျေးဇူးရှင်တွေဖြစ်တော့ ကန်တော့ ထိုက်ပါတယ်”လို့ ပြောပါတယ်။
ဒီလိုနဲ့ နှစ်တွေကြာလာလိုက်တာ အခုဆိုရင် (၆၃)နှစ်မြောက်နေ့ကို ရောက်ခဲ့ပြန်ပါပြီ။ “ကောင်းကင်က ကြယ်တွေ မြေမှာ ခလို့ ကြွေတဲ့နေ့”ကို မြန်မာပြည်သူဖြစ်တဲ့ ကရုပ်လေးက ဘယ်လိုမေ့နိုင်မှာလဲရှင်။

(ဗိုလ်ချုပ်တို့၏ ပုံလေးကို မည်သူဖန်တီးသလဲဆိုတာ သေချာမသိပါ၊ ပုံများအားလုံးထဲက ဒီပုံလေးကို သဘောကျလို့ ကူးယူသုံးစွဲထားပါတယ်ရှင်၊ ပိုင်ရှင်များရှိခဲ့ရင် သုံးစွဲခွင့်ပြုပေးပါရန် လေးစားစွာ ခွင့်တောင်းပါရစေရှင် - ခရစ္စတလ်)


1 comment:

လသာည said...

၁၉ ဇူလိုင် မမေ့နိုင်..

ကရုပ်လေးနဲ့အတူ မမေ့နိုင်တဲ့ အာဇာနည်နေ့ကို သီချင်းနားထောင်ရင်း ကြေကွဲစွာ ဂါရ၀ ပြုသွားပါတယ်..