သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, January 4, 2011

မိတ်ဆွေ

မိတ်ဆွေဆိုတဲ့ စာလုံးလေးနဲ့ ပတ်သက်တဲ့ သက်ဆိုင်တဲ့ စကားပုံလေးတွေ ကြားဖူးနားဝရှိတာလေးတွေကို စဉ်းစားမိသလောက် ချရေးမိတယ်။

“အရပ်ကောင်းမှ အလောင်းလှ”
ကိုယ့်နေထိုင်အရပ်မှာ မိတ်ဆွေကောင်းတွေရှိမှ မိမိအိမ် အပူသောကဖြစ်နေချိန်မှာ အရပ်က ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပါမှ သေဆုံးသူကို အဆင်ပြေစွာ သဂြိင်္ုလ်နိုင်ခြင်းကို ဆိုလိုတယ်လို့ နားလည်မိတယ်။

“အိမ်နီးချင်းကောင်းမှ လင်ကောင်းရ”
ဒါကတော့ လင်လို့ ဆိုထားပေမယ့် မိန်းကလေးတွေအတွက်ပဲလည်း မထင်နဲ့အုံး၊ မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် ပတ်ဝန်းကျင်က “မရှင်းဘူး”ဆိုတဲ့ စကားတစ်ခုတည်းနဲ့တင် သံသယဆိုတာ ဖြစ်သွားခဲ့ရင် ဘဝတသက်တာ စနိုးစနှောင့် ဖြစ်ရတော့တာမဟုတ်လား။ အခြားသော အချက်များစွာလည်းရှိပါသေးတယ်။

“ငွေမရှိလည်း မိတ်ကောင်းရှိရင် စီးပွါးဖြစ်ပါတယ်”
ဒါလေးကတော့ စကားပုံမဟုတ်ပါဘူး၊ ထိုင်းကို လာလည်သွားတဲ့ ဧည့်သည်တစ်ယောက် သူ့အဖေ စီးပွါးရေး လုပ်ကိုင်ကြတာနဲ့ ပတ်သက်လို့ ပြောဖြစ်ကြတာလေးပါ။ ကြားဖူးနေတာကြာပြီဖြစ်ပေမယ့် အခုလို စီးပွါးရေးကို ကိုယ်တိုင်လုပ်ကိုင်ကြည့်မှ တကယ်မှန်ကြောင်း လက်တွေ့မှာ သိလာရတာပါ။

“သူငယ်ချင်းကောင်းဆိုတာကျတော့ မင်းလက်ကို ကိုင်လိုက်တာနဲ့ မင်းနှလုံးသားကို ထိပြီးသား”
ပြောရန်မလိုပဲ နားလည်နိုင်ပေးသူကိုပြောတာပေါ့။ နားလည်ပေးနိုင်တဲ့နေရာမှာလည်း အတိုင်းတာ နက်ရှိုင်းလွန်းပါတယ်။ မိမိနဲ့ထပ်တူ မျှဝေခံစားနားလည်ပေးနိုင်သူဖြစ်မယ်။

ဒီတော့ မိတ်ဆွေဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး အင်တာနက်မှာ ကလစ်မိတော့ ဒါလေး တွေ့ရပါတယ်။ လင့်ကတော့ ဘာလို့ ကြည့်မလဲမသိတော့ပါဘူး။ ပိုင်ရှင်ရှိရင်လည်း လာကန့်ကွက်ပါစေဆိုပြီး အခုလို ထပ်ဆင့်ကူးယူ ဖေါ်ပြလိုက်ပါတယ်။ ဒါမှ လင့်ပြောင်းသွားရင်လည်း သိရမှာလေနော်။ ကဲ ကဲ...စာဖတ်သူ သူတော်ကောင်း အပေါင်းတို့ မိတ်ဆွေ၊ အဆွေခင်ပွန်း၊ အဖေါ်၊ ဘဝအဖေါ်၊ friendship, partnership, network, globalization စသော စသော ပုံစံတူ ဆင့်ပွါး ခေါ်ဆိုကြလေသော အသုံးအနှုန်းတိုင်းအတွက် အသုံးဝင်စေမယ်လို့ ထင်လို့ ကူးယူဖေါ်ပြလိုက်ခြင်းဖြစ်ပါတယ်။ ကိုယ့်ဖာသာကိုယ်ချရေးရင် စနစ်ကျချင်မှ ကျမှာလေနော် အဟဲ အဟတ်...။

အဆွေဟုခေါ်ပြီး မျက်မှောက်၌သာ အဖော်သဟဲပြုလျက် မျက်ကွယ်တွင် ရန်သူလိုဖြစ်သောသူသည် ဟန်ဆောင် မိတ်ဆွေမည်၏။
အကြင်သူသည် အကြောင်းကိစ္စပေါ်လတ်သော် အဖော်သဟဲ ဖြစ်၏။ ထိုသူသည် မိတ်ဆွေစစ်မည်၏။
လောက၌ မိတ်ဆွေစစ်နှင့်ဝေးပြီး မိတ်ဆွေတုနှင့်ပေါင်းသင်းမိပါက အကျိုးစီးပွါး ပျက်ပြားခြင်းကို မုချကြုံရပေအံ့။

မိတ်ဆွေတု (၄)မျိုး
( ၁) အညဒတ္တုဟရ - မိမိထံမှသာ လာရောက်ယူဆောင်လေ့ရှိသော မိတ်ဆွေတု။
( ၂) ၀စီပရမ - နှုတ်ဖြင့်သာ လိုလားယောင်ပြုလျက် တစ်စုံတစ်ရာ လက်မပါသော မိတ်ဆွေတု။
( ၃) အနုပ္ပိယဘာဏီ - အကြိုက်လိုက်ကာ ပြောဆိုတတ်ပြီး ကွယ်ရာတွင် ရန်သူသဖွယ် ပြုတတ်သော မိတ်ဆွေတု။
( ၄) အပါယသဟာယ - ပျက်စီးကြောင်း၌သာ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေတု။

( ၁) အညဒတ္တုဟရ မိတ်ဆွေတု အင်္ဂါ(၄)ပါး
(က) ယူသာ ယူတတ်၏။
( ခ) နည်းသော ဥစ္စာကို ပေးခြင်းဖြင့် များစွာသော ဥစ္စာကို အလိုရှိ၏။
( ဂ) မိမိဘေးကြုံခိုက်သာ မှီခိုကာ အမှုကိစ္စဆောင်ရွက်ပေးပြီး ဘေးလွတ်သောအခါ ပြန်မကြည့် သတိရမှုမရှိခြင်း။
(ဃ) အကျိုးစီးပွါး ရလိုသောကြောင့် ချဉ်းကပ်ခြင်း။

( ၂) ၀စီပရမ မိတ်ဆွေတု အင်္ဂါ(၄)ပါး
(က) လွန်ပြီးသောအကြောင်းအရာဖြင့် ချီးမြှောက်ခြင်း။
( ခ) မဖြစ်သော အကြောင်းအရာဖြင့် ချီးမြှောက်ခြင်း။
( ဂ) အချီးအနှီးလောကွတ်ဖြင့် ချီးမြှောက်ခြင်း။
(ဃ) ဖြစ်ဆဲကိစ္စတို့၌ ပျက်စီးခြင်းကို အကြောင်းပြုကာ ချီးမြှောက်ခြင်း။

( ၃) အနုပ္ပိယဘာဏီ မိတ်ဆွေတု အင်္ဂါ(၄)ပါး
(က) မကောင်းမှု၌ တိုင်ပင်သင့်သည်ကိုလည်း ခွင့်ပြုခြင်း။
( ခ) ကောင်းမှု၌ တိုင်ပင်သည်ကိုလည်း ခွင့်ပြုခြင်း။
( ဂ) မျက်မှောက်၌ ချီးမွမ်းစကားဆိုခြင်း။
(ဃ) မျက်ကွယ်၌ ကဲ့ရဲ့စကားဆိုခြင်း။

( ၄) အပါယသဟာယ မိတ်ဆွေတု အင်္ဂါ(၄)ပါး
(က) သေရည်သေရက်သောက်စားခြင်းတို့၌ အပေါင်းအဖော် ဖြစ်၏။
( ခ) အခါမဲ့သွားလာခြင်း၌ အပေါင်းအဖော် ဖြစ်၏။
( ဂ) ပွဲလမ်းသဘင်ပျော်ရွှင်လိုက်စားမှု၌ အပေါင်းအဖော် ဖြစ်၏။
(ဃ) လောင်းကစားခြင်း၌ အပေါင်းအဖော်ဖြစ်၏။

မိတ်ဆွေစစ်(၄)မျိုး
( ၁) ဥပကာရ ကျေးဇူးပြုတတ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။
( ၂) သမာမသုခဒုက္ခ ချမ်းသာအတူ ဆင်းရဲလည်းအတူဖြစ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။
( ၃) အတ္တက္ခာရီ အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။
( ၄) အနုကမ္ပက အကျိုးစီးပွားကို အစဉ်စောင့်ရှောက်တတ်သည့် စိတ်နှလုံးကောင်းရှိသည့် မိတ်ဆွေစစ်။

ဥပကာရ မိတ်ဆွေစစ်

( ၁) မူးယစ်နေခြင်းဖြင့် မေ့လျော့နေသော မိတ်ဆွေကို စောင့်ရှောက်တတ်၏။
( ၂) မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်၏။
( ၃) ကြောက်ရွံ့နေသော မိတ်ဆွေ၏အားကိုရာ ဖြစ်စေ၏။
( ၄) ပြုဖွယ်ကိစ္စပေါ်လာက အကူအညီတောင်းခံသည်ထက် နှစ်ဆသော စည်းစိမ်အထောက်အပံ့ကိုပေးတတ်၏။

သမာဏသုခဒုကမိတ်ဆွေစစ်
( ၁) လျှို့ဝှက်တတ်သော စကားကို ပြောကြားတတ်ခြင်း။
( ၂) မိတ်ဆွေ၏ လျှို့ဝှက်အပ်သော အမှုကို လုံခြုံအောင် လျှို့ဝှက်ခြင်း။
( ၃) ဘေးရန်ရှိသောအခါ စွန့်လွှတ်í မသွားခြင်း။
( ၄) အရေးကိစöကြုံလျှင် မိတ်ဆွေအတွက် အသက်ကိုသော်လည်း စွန့်လွှတ်နိုင်ခြင်း။

အတ္တကာရီမိတ်ဆွေစစ်
( ၁) မကောင်းမှုမှ တားမြစ်တတ်၏။
( ၂) ကောင်းမှု၌ တိုက်တွန်းနိုးဆော်၏။
( ၃) မကြားဖူးသောအကြားအမြင် ဗဟုသုတများကို ပြောကြားတတ်၏။
( ၄) နတ်ရွာနိဗ္ဗာန်ရောက်ကြောင်း ကောင်းသောတရားကို ပြောကြားတတ်၏။

အနုကမ္ပကမိတ်ဆွေစစ်

( ၁) မိတ်ဆွေ၏ ဆုတ်ယုတ်ပျက်စီးခြင်းကို မနှစ်သက်။
( ၂) မိတ်ဆွေ၏ အကျိုးစီးပွား ဖြစ်ထွန်းကြီးပွားခြင်းကို နှစ်သက်၏။
( ၃) မိတ်ဆွေအား ကျေးဇူးမဲ့ ကဲ့ရဲ့စကားပြောကြားသူကို ကန့်ကွက်တားမြစ်တတ်၏။
( ၄) မိတ်ဆွေအား ချီးမွမ်းစကားပြောကြားသူကို ထောက်ခံတတ်၏။

မိတ်ဆွေ
၁။ ရပ်ဝေးရောက်ပြီး ကွဲကွာနေသောအခါ သင့်ကိုသတိရအောက်မေ့၏။
၂။ ရပ်ဝေးမှ ပြန်လာရန် လိုလား၏။
၃။ သင်ရပ်ဝေးမှပြန်လာသောအခါ ၀မ်းသာအယ်လဲ ကြိုဆို၏။
၎။ သင်ပြောသောစကားကို နှစ်သက်လက်ခံ၏။
၅။ သင်၏မိတ်ဆွေများကို ရွေးချယ်ပေါင်းသင်း၏။
၆။ သင်၏ရန်သူများကို ရှောင်ကြဉ်၏ (သင်ချစ်ရာကိုချစ် သင်မုန်းရာကိုမုန်း၏)။
၇။ သင့်ကိုကဲ့ရဲ့ရှုတ်ချဆဲရေးလျှင် ကန့်ကွက်ချေပ၏၊ တားမြစ်၏။
၈။ သင့်အကြောင်း ချီးကျူးစကားပြောသူကို ထောက်ခံ၏။
၉။ သူ၏ လျှို့ဝှက်ချက်ကို သင့်အား ယုံမှတ်ကာ ပြောကြားတတ်၏။
၁၀။ သင်၏ လျှို့ဝှက်ချက်များကို နှုတ်လုံစွာ စောင့်ထိန်းတတ်၏။
၁၁။ သင့်လုပ်ဆောင်ချက်များကို နှုတ်လုံစွာ စောင့်ထိန်းတတ်၏။
၁၂။ သင်၏ အတတ်ပညာ အသိပညာကို ချီးမွမ်း၏။
၁၃။ သင်၏ ကြီးပွားတိုးတက်မှုကို နှစ်သက်လိုလား၏။
၁၄။ သင် ဆုတ်ယုတ်ပျက်စီးမှုကို မလိုလားချေ။
၁၅။ စားသောက်ဖွယ်ရာ အထူးဆန်းများစားရသောအခါ၌ သင့်ကို သတိရတမ်းတ၏။
၁၆။ စားသောက်ဖွယ်ရာ အထူးအဆန်းစားရသောအခါ၌ ငါ့မိတ်ဆွေလည်း အလားတူရပါစေဟု လိုလားတောင့်တ တတ်၏။

မိတ်ဆွေဆိုတာ ဘယ်သူတွေဖြစ်မလဲ၊ လူလား၊ မိန်းမလား ယောက်ျားလား၊ လုပ်ဖေါ်ကိုင်ဖက်တွေကိုလား၊ သူငယ်ချင်းတွေလား၊ သတ္တဝါလေးတွေရော ပါသေးလား။ ပါဝင်တာကတော့ မိမိပတ်ဝန်းကျင်မှာ တွေ့ရတဲ့ သက်ရှိသတ္တဝါတွေ အားလုံးကို ဆိုလိုတယ်လို့ပဲ ပြောပါရစေတော့။ သတ္တဝါတွေဆိုတော့ တိရစ္ဆာန်တွေရောပါနေတာလား၊ ဟုတ်ပါတယ် သူတို့လေးတွေလည်း ခံစားနားလည်တတ်ကြပါတယ်။ သူများတွေတော့ မသိပါ crystal ရဲ့ ကလေးဘဝ အချိန်တော်တော်များများမှာ “ငယ်မ” အမည်ရတဲ့ ကြောင်မလေးတစ်ကောင်နဲ့ အဖေါ်ပြုပြီး ကစားခဲ့ရပါတယ်။ ဒီလိုဆိုတော့ သူလည်း မိတ်ဆွေပဲနော်။ မိဘနဲ့ သားသမီး၊ ညီအစ်ကိုမောင်နှမ၊ ဇနီးနဲ့ ခင်ပွန်း၊ ဆွေမျိုးတွေ၊ ဆရာနဲ့ဒကာ၊ ကျွန်နဲ့ သခင်၊ မင်းနဲ့ ပြည်သူ အားလုံးသည် သံသရာခရီးသွား မိတ်ဆွေများပဲ မဟုတ်လားနော်။ ဒီလိုဆိုတော့ တစ်ဦးကနေ တစ်ဦးအပေါ် ဘယ်လိုမျိုး မိမိကိုယ်တိုင်က သက်ရောက်စေခဲ့သလဲ၊ မိမိအပေါ်ရော ဘယ်လိုသက်ရောက်စေခဲ့သလဲ။


ဒီတော့ အထက်ပါ အချက်အလက်တွေကိုပဲ သေချာဖတ်မိရင် မိမိကိုယ်တိုင် ဘယ်အမျိုးအစားထဲမှာ ပါနေပါလိမ့်။ မိမိစိတ်ကို မညာတမ်း တစ်ကိုယ်တည်း အတ္တနဲ့ စဉ်းစားမိရင် crystal ကိုယ်တိုင် မိတ်ဆွေတုထဲမှာပါနေတဲ့ အချက်တချို့နဲ့ ငြိနေတာကို တွေ့မိတယ်။ တချိန်တည်းမှာပဲ ရတနာသုံးပါးရဲ့ အဆုံးအမအောက်မှာ ရှိသူမို့ “ဒါမကောင်းတာပဲ အကုသိုလ်ပဲ၊ ဒီအကုသိုလ်ဟာ အပြစ်ကြီးတယ်၊ သံသရာကိုလည်း ရှည်စေတယ်၊ ကိုယ်လည်း မကောင်း၊ သူများအတွက်လည်း မကောင်းဘူး၊ ဒါတွေအသိဝင်မှုကြောင့် တချို့ကိစ္စတွေဟာ ပြုပြီးတော့ မှားမှန်းသိရတယ်၊ ပြုလုပ်နေရင်း ရပ်သွားတယ်၊ မပြုလုပ်ခင် သတိရလို့ ရှောင်ကြဉ်ဖြစ်ခဲ့ရတာတွေလည်း ရှိခဲ့ဖူးပါတယ်”။



နှစ်သစ်မှာ အရိုးသားဆုံး ဝန်ခံရမယ်ဆိုရင်
ကိုယ်တိုင်လည်း မိတ်ဆွေကောင်း မိတ်ဆွေစစ်ဖြစ်အောင် (၁၉၉၆)ခုနှစ်နောက်ပိုင်းကစလို့ ပြုမူနေထိုင်သွားဖို့အတွက် သတိထား စတင်ကြိုးစားလာခဲ့ရာ သူတစ်ပါးရဲ့ ကောင်းကျိုးကို လိုလားသော စေတနာများများ ထားနိုင်ခဲ့ပါတယ်။ ထို့အပြင် မိမိတွေ့ခွင့်ရမယ့် သူတွေသည်လည်း မိတ်ကောင်းဆွေစစ်ဖြစ်ပါစေလို့ ဆုတောင်းခဲ့တဲ့အတိုင်း မိတ်ဆွေစစ်များနဲ့လည်း တွေ့ဆုံခွင့်ရခဲ့ပါတယ်။ နှစ်သစ်မှာ စာဖတ်နေသူသည်လည်း မိတ်ဆွေစစ်များနဲ့ နောင်လာမယ့် အနာဂတ်မှာ ဆုံစည်းခွင့်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။

“အရောင်မပါပဲ ကျမကို ချစ်ခင်ကြတဲ့ အားလုံးသောမိတ်ဆွေတွေကို
ကျမဘယ်လိုမှ မေ့နိုင်တော့မည်မဟုတ်ပေ”

လေးစားစွာဖြင့်
crystal

6 comments:

မိုးယံ said...

အော် မိတ်ဆွေ မိတ်ဆွေ... မိတ်ဆွေ ဆိုတာ...

ချော(အစိမ်းရောင်လွင်ပြင်) said...

မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ခွင့်ရချင်သလို မိတ်ဆွေကောင်းတွေနဲ့သာ တွေ့ကြုံချင်မိပါတယ်...
မိတ်ဆွေရဲ့လေးနက်ခြင်းတွေကိုသေချာရှင်းပြထားတာ ကျေးဇူးပါ အစ်မ.. ကြိုးစားပါဦးမယ် မိတ်ဆွေကောင်းဖြစ်နိုင်ဖို့။

...အလင်းစက်များ said...

ဒို့ ဂတော့ အရောင်ပါတယ်.... အသားမဲလို့  အဟီး..

အတုအယောင် ၄ မျိုးနဲ့  တော့ ဆုံဖူးတယ်အစ်မရေ.. ခုထိလဲ ဆုံနေတုန်းပါပဲ... နောင်လဲ ကြုံရမှာ မလွဲပါပဲ...

ဒါမယ့်မိတ်ဆွေကောင်းတွေလဲ အများကြီးကြုံခဲ့ပါကြောင်းဗျိုး... ခက်တာက သူတို့ ကို သူတို့  ကောင်းခဲ့သလောက် ကိုယ်က ပြန်မကောင်းပေးနိုင်တာ တစ်ခုပဲ.... စိတ်မကောင်းဘူး.... အခြေအနေမပေးတာလဲပါပါတယ်လေ... :)

Crystal said...

မေတ္တာစစ်နဲ့ နေရတာ သိပ်ငြိမ်းချမ်းတယ်၊ လုံခြုံနွေးထွေးမှုရှိတယ်...။

...အလင်းစက်များ said...

ိကြောင်ပိုင်ရှင်က ခံစားရတာပေါ့အစ်မတော်ရယ်... ဒါမယ့်ကြာလာတော့လဲ ဘယ်လိုဖြစ်လာလဲဆိုတော့ ရှိနေတုန်း ကောင်းကောင်းကျွေးမယ်၊ ကောင်းကောင်းထားမယ်၊ မရှိတော့တဲ့ခါကျတော့လဲ ကံပေါ့ဗျာ.. တခါတလေတော့လဲ ပိုချစ်မိတဲ့ကောင်အတွက်ဆို ပိုခံစားရတာပါ့.။

ဘာပဲဖြစ်ဖြစ်ပါလေ... အစ်မ အလုပ်တွေ မအားတဲ့ကြားကလာလည်တာကို ကျေးဇူးတင်ပါတယ်လို့  ..။

ကျန်းမာရေးလဲ ဂရုစိုက်စေချင်တယ် အစ်မတော်ရေ..

Crystal said...

သံယောဇဉ်...(လေးဖြူသီချင်း)