သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, January 16, 2011

ကွန်ပျူတာတစ်လုံးတော့ ၀ယ်လိုက်ပါ


လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်လောက်ကစလို့ ကွန်ပျူတာတွေကို အိမ်တွေမှာ စတင်ပြီးသုံးစွဲခဲ့ကြပါတယ်။ အဲဒီအချိန်တွေတုန်းက ကွန်ပျူတာတစ်လုံးကို သုံးစွဲဖို့ဆိုတာ သိပ်တော့ မလွယ်ကူလှပါဘူး။ သူ့ကိုခိုင်းစေလို့ရမယ့် အမိန့်ပေးစကားလုံးတွေ၊ ခလုတ်တွေကို သိထားနိုင်မှ ဖြစ်တာပါ။ မဟုတ်ရင်တော့ အဲဒီအချိန်တုန်းက ကွန်ပျူတာဆိုတာ သာမန်လူတစ်ယောက်အတွက်တော့ တီဗွီတစ်လုံးလောက်အဖြစ်တောင်မှ အသုံးမ၀င်တဲ့ စက်တစ်လုံးပါဘဲ။

အဲဒီ အနှစ်နှစ်ဆယ်ကျော် အချိန်ကနေ တဖြည်းဖြည်းချင်း ကွန်ပျူတာဟာ လူတွေရဲ့  နေ့စဉ်ဘ၀ထဲကို တစ်စတစ်စနဲ့ ဝင်ရောက်လာခဲ့ပါတယ်။ အမိန့်ပေးစကားလုံးတွေအစား ရုပ်ပုံတွေကို နှိပ်ပြီး သုံးလို့ရတဲ့အဆင့်ကို ကူးပြောင်းနိုင်ချိန်မှာတော့ ကွန်ပျူတာစက်ဟာ လူတွေရဲ့  စိတ်ဝင်စားမှုကို စွဲဆောင်ဖမ်းစားလာနိုင်တဲ့ ပစ္စည်းတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။

အဲဒီကနေ တဆင့်တက်ကာ ကွန်ပျူတာထဲကို စီဒီပြားများကိုထည့်သွင်းပြီး သီချင်းနားထောင်နိုင်လာပါတယ်။ ရုပ်ရှင်ဗီဒီယိုတွေ ကြည့်လို့ရလာပါတယ်။ ဂိမ်းတွေ ဆော့နိုင်လာပါတယ်။ ဒီလိုနဲ့ဘဲ ကွန်ပျူတာဆိုတာ တခြားသော တီဗွီ၊ ရေဒီယို၊ ကက်ဆက် စတဲ့ လျှပ်စစ်လူသုံးကုန်ပစ္စည်းတွေလို
မျိုး လူတွေအတွက် အရေးပါအရာရောက်တဲ့ အိမ်သုံးပစ္စည်းတစ်ခုလိုဖြစ်လာခဲ့ပါတော့တယ်။

ကွန်ပျူတာကို လူငယ်လူရွယ်တော်တော်များများကတော့ အခုခေတ်မှာ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်နေကြပါပြီ။ တချို့ လည်း ကျောင်းတွေ၊ သင်တန်းတွေမှာ သွားရောက် သင်ယူကြလို့ စနစ်တကျသုံးစွဲတတ်ကြသလို၊ တချို့ လည်း မိမိဖာသာ စာအုပ်များ ဖတ်ရှုလေ့လာခြင်း၊ နားလည်သူများကို မေးမြန်းခြင်း စမ်းသပ်လုပ်ကြည့်ခြင်းများဖြင့် ကျွမ်းကျင်စွာ သုံးတတ်နေကြပါတယ်။

သတိထားမိသလောက် လူလတ်ပိုင်းနှင့် လူကြီးပိုင်းအရွယ်အချို့ မှာတော့ ကွန်ပျူတာကို သုံးစွဲဖို့အရေးမှာ စိတ်ထဲ မ၀ံ့မရဲဖြစ်နေတတ်ကြတာကို တွေ့ရပါတယ်။ ယခင်က လက်နှိပ်စက်ကို အသုံးပြုခဲ့ဖူးတဲ့သူတွေက ကွန်ပျူတာကို လက်နှိပ်စက်လောက် သုံးလို့အဆင်ပြေမှ ပြေပါ့မလားလို့ တွေးနေတတ်ကြပါတယ်။ တချို့ ကလည်း ခလုပ်တွေနှင့် ရှုပ်ရှက်ခက်နေလို့ စိတ်ရှုပ်မျက်စိနောက်ပုံရပါတယ်။ တချို့ ကျတော့ ကွန်ပျူတာကို သုံးလည်း သုံးတတ်ချင်ပါရဲ့ ၊ ဒါပေမယ့် ဒီအသက်အရွယ်ကြီးကျမှ သင်တန်းသွားတက်ပြီး ကလေးတွေနှင့် စာအတူလိုက်သင်ရမှာကို ရှက်နေတတ်ပြန်ရော။ တချို့ ကလည်း လျှပ်စစ်ပစ္စည်းတစ်ခုကို သုံးစွဲရမှာမို့ အခန့်မသင့်လို့ပျက်သွားမှဖြင့်ဆိုပြီး လန့်နေတတ်ပြန်ပါတယ်။

ဒီလို အကြောင်းပေါင်းစုံတွေနှင့် လူတော်တော်များများ ကွန်ပျူတာဆိုရင် ခပ်လှမ်းလှမ်းမှာဘဲနေပြီး တစ်စိမ်းပြင်ပြင်လို ဖြစ်နေကြပါတယ်။ စမ်းသုံးကြည့်ပါဆိုလည်း အကြောက်အကန်ငြင်းကြတော့တာပါဘဲ။ အဲဒါမျိုးက ကျွန်တော်တို့ မြန်မာတွေချည်းမဟုတ်ပါဘူး။ နိုင်ငံခြားသားတွေထဲမှာလည်း ဒီလိုမျိုးတွေအများကြီးရှိနေပါတယ်။

တကယ်တော့ အခုအချိန်ကျွန်တော်တို့တွေ အသုံးပြုနေတဲ့ကွန်ပျူတာဆိုတာဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက ကွန်ပျူတာတွေလိုမျိုး သုံးရတာ မခက်တော့ပါဘူး။ လူတွေ အလွယ်တကူ သုံးလို့ရအောင်ကို စီစဉ်ပေးထားတဲ့ ဂဏန်းပေါင်းစက်ထက် ပိုပြီးသုံးရမခက်တော့တဲ့ စက်တွေဖြစ်နေပါပြီ။ လက်နှိပ်စက်ထက်ပိုပြီး သက်သာလွယ်ကူလျင်မြန်တဲ့ ပစ္စည်းတစ်ခုဖြစ်နေပါပြီ။ အိမ်က တီဗွီတွေ၊ ကက်ဆက်တွေလိုမျိုး၊ ဂိမ်းစက်တွေလိုမျိုး လူကိုဖျော်ဖြေမှု အပြည့်အ၀ပေးနိုင်တဲ့ အပန်းဖြေ ပစ္စည်းတစ်ခုဖြစ်နေပါပြီ

ကွန်ပျူတာတစ်လုံးမှာ စက်ပိုင်းဆိုင်ရာပစ္စည်းတွေနှင့် သူတို့ကိုအသုံးချနိုင်အောင်လုပ်ထားတဲ့ Software လို့ခေါ်တဲ့ ပရိုဂရမ်တွေပါဝင်ပါတယ်။ ဘယ်လောက်ပဲ နားမလည်တဲ့သူက ကွန်ပျူတာကိုသုံးနေပါစေ။ ကွန်ပျူတာမှာ ထွေထွေထူးထူး ပျက်စရာ ဘာမှမရှိပါဘူး။ စက်ပိုင်းဆိုင်ရာ ပျက်သွားစရာ မရှိပါဘူး။ တကယ်လို့ အခန့်မသင့်ရင် တခါတလေ Software ဆိုတာတွေက ပျက်သွားတတ်ပေမယ့်လို့ အဲဒီ Software တွေက အလွယ်တကူ ကွန်ပျူတာထဲကို စီဒီချပ်တွေကနေတဆင့်ပြန်ထည့်သွင်းပေးလိုက်လို့ရပါတယ်။ စိတ်ပူစရာမရှိပါဘူး။

ဒီတော့ မေးစရာရှိတာက ကွန်ပျူတာတစ်လုံးရှိတော့ ဘာတွေလုပ်လို့ ရမှာမို့လို့လဲ? ဘာများ အကျိုးဖြစ်ထွန်းနိုင်မှိာု့လို့လဲ? လို့ မေးနိုင်ပါတယ်။ ကွန်ပျူတာကို အသုံးပြုပြီး လုပ်လို့ရတာတွေကတော့ အများကြီးရှိပါတယ်။ သုံးတတ်ရင် သုံးတတ်သလိုပေါ့။

အခြေခံအားဖြင့်တော့ ကွန်ပျူတာတစ်လုံးရှိရင် သူနှင့် သီချင်းနားထောင်လို့ရပါမယ်။ ဗွီဒီယိုကြည့်လို့ရပါမယ်။ ဂိမ်းဆော့လို့ရပါမယ်။ စာတွေရေးလို့ရမယ်။ စာရင်းတွေ လုပ်လို့ရမယ်။ ဂဏန်းသင်္ချာတွေ တွက်လို့ရမယ်။ ပုံတွေဆွဲလို့ရမယ်။

နဲနဲတဆင့်ထပ်တက်ပြီးသုံးမယ်ဆိုပါစို့။ အခုလို ဂျပန်နိုင်ငံလိုမျိုးနေရာမှာ အင်တာနက်ဆိုတာက လွယ်လင့်တကူ သုံးလို့ရနေပါတယ်။ တကယ်လို့ ကွန်ပျူတာကို အင်တာနက်နှင့်ချိတ်ပြီးသုံးဆွဲနိုင်ခဲ့ရင် လုပ်လို့ရတာတွေက ပိုပြီးကျယ်ပြန့်သွားပါတော့တယ်။

မြန်မာအပါအ၀င် တစ်ကမ္ဘာလုံးမှာရှိတဲ့ သီချင်းတွေ၊ ရုပ်ရှင်တွေကို ရှာဖွေကြည့်ရှုနိုင်သွားပါမယ်။ တခြားနေရာဒေသတစ်ခုမှာရှိနေတဲ့ အင်တာနက်သုံးစွဲနေသူတွေနှင့်ချိန်းပြီး ဂိမ်းတွေကို အတူတူဆော့လို့ရနိုင်သွားပါမယ်။ အထူးသဖြင့် နိုင်ငံခြားရောက်နေတဲ့သူတွေအတွက် မရှိမဖြစ်၊ မသုံးမဖြစ်သုံးစွဲရမယ့် အီးမေးလ် (Email) ဆိုတာပါဘဲ။ ဟိုးယခင်ကလို တစ်ယောက်နှင့်တစ်ယောက်စာတွေရေးပြီး စာတိုက်ကနေပို့နေမယ့်အစား အီးမေးလ်ကိုသုံးပြီး မိနစ်ပိုင်းအတွင်း မိမိပို့ချင်တဲ့သူဆီ စာတွေကို လွယ်ကူလျင်မြန်စွာ ပို့နိုင်သွားမှာဖြစ်ပါတယ်။ ဟိုဘက်ကနေပို့လိုက်တဲ့စာကိုလည်း ထိုနည်းလည်းကောင်း မိနစ်ပိုင်းအတွင်း ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ စာနှင့်အတူတွဲပြီး ဓာတ်ပုံတွေ၊ အရေးကြီးစာရွက်စာတမ်းတွေ၊ ဗီဒီယိုတွေပါ ကြည့်နိုင်၊ ဖတ်ရှုနိုင်မှာမို့ အသုံးဝင်မှုက တန်ဖိုးဖြတ်မရနိုင်ပါဘူး။

ဒီဘက်နှစ်တွေထဲမှာဆိုရင် အီးမေးလ်ထက်ပိုပြီးခရီးရောက်တဲ့ ချက်တင်း (Chatting) ကို သုံးစွဲလို့ရလာပါပြီ။ ချက်တင်းကိုသုံးခြင်းအားဖြင့် တစ်ဘက်လူနှင့် ဟိုဘက်ဒီဘက် အပြန်အလှန် ချက်ချင်း စာဖြင့်ရိုက်ပြီး စကားပြောနိုင်ခြင်း၊ ဖုန်းပြောသလို အခြားတစ်ဘက်ကလူနှင့် စကားပြောနိုင်ခြင်း၊ တကယ်လို့ ကင်မရာပါ ကွန်ပျူတာမှာ တပ်ဆင်ထားပါက မိမိရုပ်ကော၊ အခြားတဘက်မှလူရဲ့ ရုပ်ကိုပါ အပြန်အလှန်မြင်တွေ့ပြီး စကားပြောနိုင်ခြင်းများကို ပိုက်ဆံတစ်ပြားမှ ကုန်စရာမလိုဘဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်းများကို မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှာရှိတဲ့ သတင်းဌာနများ၊ သတင်းစာများ၊ ဂျာနယ်များ၊ အင်တာနက်စာမျက်နှာများမှတဆင့် ရုပ်သံဖြင့် နားဆင်ကြည့်ရှုနိုင်သလို စာအနေဖြင့်လည်း ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ အားကစားနှင့်ပတ်သက်သော သတင်းများကိုလည်း အချိန်နှင့်တပြေးညီဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ စာပေ၀ါသနာရှင်များအတွက် မြန်မာအပါအ၀င် နိုင်ငံတကာမှ စာအုပ်ပေါင်းစုံကို ပိုက်ဆံကုန်စရာမလိုဘဲ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဘာသာရေးကိုလေ့လာလိုက်စားလိုသူများအတွက်လည်း မြန်မာလို၊ အင်္ဂလိပ်လို ရေးသားထားသော ဘာသာရေးအကြောင်းအရာများကို ဖတ်ရှုလေ့လာမှတ်သားနိုင်မှာဖြစ်သလို တရားတော်များကိုလည်း လွယ်လွယ်ကူကူဖြင့် နာယူနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် အင်တာနက်ကတဆင့် ဘဏ်မှ ငွေလွှဲခြင်းများ၊ ဈေးဝယ်ခြင်းများ၊ ပစ္စည်းရောင်းခြင်းများ၊ အလုပ်ရှာခြင်း၊ ကျောင်းလျှောက်ခြင်း၊ ဗေဒင်မေးခြင်း၊ ကျန်းမာရေးနှင့်ပတ်သက်သောအချက်အလက်များတိုင်ပင်ဆွေးနွေးခြင်း၊ မိုးလေ၀သကြည့်ခြင်း၊ ပိုက်ဆံဈေး(Exchange Rate) ကြည့်ခြင်း စသည့် မြောက်မြားလှစွာသော ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀မှာ မသုံးမဖြစ်သုံးနေရတဲ့ ကိစ္စတော်တော်များများကို ကွန်ပျူတာကနေတဆင့် လုပ်လို့ရနေပြီ ဖြစ်ပါတယ်။

ကွန်ပျူတာတစ်လုံး နှင့် အင်တာနက်သာ အိမ်မှာရှိနေရင် အပျင်းလည်းပြေသလို၊ ပညာလည်းရ၊ ဗဟုသုတလည်းတိုး၊ ကုသိုလ်လည်းရ၊ နိုင်ငံတကာက မိတ်ဆွေအပေါင်းအသင်းတွေနှင့်လည်း ခင်မင်ရင်းနှီးခွင့်ရတာမို့ ကိုယ့်ရဲ့ အားလပ်တဲ့ကိုယ်ပိုင်အချိန်တွေမှာ တခြားပိုက်ဆံကုန်ပြီး ကျန်းမာရေးထိခိုက်နိုင်တဲ့ အပန်းဖြေမှုတွေရဲ့ နေရာမှာ အစားထိုးသင့်တဲ့ အိမ်သုံးပစ္စည်းကောင်းတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် စာဖတ်သူမိတ်ဆွေ..။ ၂၁ရာစုခေတ်ထဲမှာ ကွန်ပျူတာကို သူစိမ်းပြင်ပြင်တော့မနေလိုက်ပါနှင့်။ သူက သင့်ရဲ့  လက်တိုလက်တောင်းခိုင်းလို့ရတဲ့ အထောက်အပံ့ကောင်း ပစ္စည်းတစ်ခုဆိုတာကို မေ့မထားလိုက်ပါနှင့်။ သူ့ကို ကိုင်တွယ်အသုံးပြုဖို့ကိုလည်း လန့်မနေပါနှင့်။ သုံးရင်း သုံးရင်း အဆင်ပြေသွားမှာပါ။ ဒီတော့ သိပ်စဉ်းစားမနေပါနှင့်။ ကွန်ပျူတာတစ်လုံးတော့ မဖြစ်မနေ အမြန်သာဝယ်လိုက်ပါ။

လေးစားစွာဖြင့်
Bliss

9 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်လုံးဟုတ်ဘူး
၂လုံးဝယ်မှာ
သူများကတော့ ကွန်ပျူတာနဲ့ မျက်နှာနဲ့မခွာတာ တစ်နေကုန်ဘဲ
အရမ်းချစ်တာ ဒါကြောင့် ၂လုံးတောင် ၀ယ်ချင်တာ
ဝယ်ဦးမှား)

...အလင်းစက်များ said...

လောလောဆယ် ကျနော့ acer က လေးလံနှေးကွေး နေပြီဖြစ်သောကြောင့် ဘလော့ဂါအသိုင်းအ၀ိုင်းမှ ရင်းနှီးမှုရှိသူများအား ကွန်ပြုတာ အသစ်ဝယ်ရန် အလှူခံဖို့  အစီအစဉ်ရှိပါကြောင်းဗျိုး... ကဲ အစ်မ .... အစ်မ ဆီက စမယ်... ပြောဘယ်လောက် လှူမတုန်းဗျ :P

Crystal said...

ရေးသူသည် crystal မဟုတ်ပါ... ဟီဟိ။ အလုပ်များအပြင် လက်ဒဏ်ရာနှင့် မအားမလပ်ဖြစ်နေသော crystal နေရာတွင် သူမ၏ အမျိုးသား အိမ်ဦးနတ်မှ ကြားဝင်ဧည့်ခံပေးခြင်းဖြစ်ပါသည်။ လက်နာပျောက်မှ ပိုစ့်တွေ ရေးတော့မယ်နော်။ လာလည်ကြလို့ ကျေးဇူးအထူးတင်ပါကြောင်း။

မိုးယံ said...

ကွန်ပျူတာတစ်လုံးဟုတ်လား... ? ကြွာတာမဟုတ်ပါဘူးဗျာ... ချစ်လွန်းလို့ပါ ရုံးခန်းထဲမှာ တစ်လုံးနဲ့ တစ်နေကုန်။ ဂိုဒေါင်ထဲထွက်ရင် လက်တော့ပ်တစ်လုံးနဲ့ လုပ်။ ညအိပ်ယာဝင်ရင် ကုတင်ဘေးမှာ တစ်လုံးထားပြီး စာဖတ် တရားနာ.. ကဲ အပြင်သွားရင်လဲ ယူသွားသေးသဗျာ.. ကွန်ပျူတာဆိုရင် တစ်လုံးမဟုတ်ဘူး. ဒစ်စတော့ရော လက်တော့ရော ၀ယ်ထားလိုက်။ ဒါမှ ကလိလို့ကောင်းတာ။သေရင်တောင် ဟိုတစ်လောက တရုတ်လေးလို သေမလား စဉ်းစားတယ်။


ပုံ မမြင်ဖူးလို့ မူးမြစ်ထင်တဲ့
ကွန်ပျူတာသရဲ

Anonymous said...

ဒီဆောင်းပါးက ဂျပန်မှာထုတ်တဲ့ မြန်မာဂျာနယ်တစ်ခုအတွက် ရည်ရွယ်ပြီးရေးလိုက်တာမို့လို့ အွန်လိုင်းသုံးနေကြတဲ့ ပုဂ္ဂိုလ်များအတွက်တော့ အကြောင်းအရာက ကလေးကလားလိုဖြစ်နေမှာမို့ သည်းခံပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

လေးစားစွာဖြင့်
Bliss

...အလင်းစက်များ said...

ဘာရယ်........ အလှူခံလာမှ လူဂျီးတွေ မရှိဘူးတဲ့လား.. ဟွန်း

:P :P :P :P :P

ရွာဦးကျောင်း ဆရာတော် said...

ရဟန်းဒကာမကြီးကို ပြောရအုံးမှာ၊ နောက်တစ်ခါ ရဟန်းခံရှင်ပြုလုပ်ရင်၊ ပရိက္ခရာ ၉ ပါး စုံပါစေလို့၊ တစ်ပါးက ကွန်ပျူတာ၊

...အလင်းစက်များ said...

ကဲ... မှတ်ကရော.... ဆရာတော်မိန့်  တော်မူသွားတယ် .. ဘာတတ်နိုင်သေးဒုန်း :D :D :D

သိင်္ဂါကျော် said...

လာလည်ပါတယ်...
ကွန်ပျူတာကတော့ မရှိမဖြစ်ပါပဲလေ...