သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, February 8, 2011

ငါသာ သမ္မတဖြစ်လျှင် တကယ်...

ကဲ ဒီမှာကိုယ့်လူတို့ရေ ကျုပ်တို့ဟာ ကျုပ်တို့နိုင်ငံတော်အတွက် တချို့နိုင်ငံတွေလို တနိုင်ငံလုံး စည်းရုံးမှုနဲ့ ပြည်သူအပေါ် ဖိနှိပ်တဲ့ ခေါင်းဆောင်ကို ဖြုတ်ချတတ်ဖို့လည်း လိုတယ်၊ စင်္ကာပူနိုင်ငံလို ပြည်သူတွေဟာ စည်းကမ်းရှိဖို့လည်းလိုတယ်၊ အင်္ဂလန်နဲ့ မလေးရှားနိုင်ငံတွေလို တစ်နိုင်ငံလုံး လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းဖို့လိုတယ်၊ ထိုင်းဘုရင်လို ကိုယ့်နိုင်ငံ ဖွံဖြိုးတိုးတက်အောင် တည်ဆောက်တတ်ဖို့လိုတယ်၊ ကမ်ဘောဒီးယားနိုင်ငံလို ကိုယ့်နိုင်ငံရဲ့ ရှေးခေတ်အနုပညာလက်ရာတွေကို တန်ဖိုးထားတတ်ဖို့လိုတယ်၊ အာသောကမင်းလို ဗုဒ္ဓသာသနာတော်ကို စည်ပင်ပြန့်ပွါးအောင် စနစ်တကျလုပ်တတ်ဖို့လည်းလိုတယ်၊ အနော်ရထာမင်းလို သာသနာတော်ကို သန့်စင်တတ်ဖို့ လိုတယ်၊ ရှင်စောပု ဘုရင်မကြီးလို ကိုယ့်တိုင်းပြည်အပေါ် အမြော်အမြင်ကြီးစွာ စီမံခန့်ခွဲတတ်ဖို့လိုတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို့ တိုင်းပြည်အတွက် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ပြီး စွန့်လွှတ်အနစ်နာခံတတ်ဖို့လိုတယ်၊ ဗိုလ်ချုပ်သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို လုပ်နိုင်တဲ့ ဘောင်အတွင်းက ကောင်းမြတ်တဲ့ ဆောင်ရွက်တွေနဲ့ ပေးဆပ်တတ်ဖို့လိုတယ်၊ ဦးကျော်သူလို ပြည်သူတွေ လိုအပ်နေတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းတတ်ဖို့လိုတယ်၊ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေလို စွန့်လွှတ်စွန့်စားနိုင်တဲ့ သတ္တိတွေလိုတယ်၊ .....လိုတယ်၊ ... လိုတယ်၊ ...လိုတယ်။
ဒီလိုတွေမှ မလုပ်နိုင်တာဆိုပြီး လက်လျော့ထားရင်တော့ ဘာမှ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး၊ ရည်မှန်းချက်မရှိရင် ပန်းတိုင်ဆို မရောက်နိုင်ဘူး။ ကြီးကျယ်လွန်းတဲ့ နိုင်ငံအတွက် မလုပ်နိုင်ရင်တောင် ကိုယ့်မြို့ ကိုယ်ရွာအတွက် ဒီလိုစိတ်ထားတွေ လိုတယ်၊ မြို့ရွာအတွက် မလုပ်နိုင်ရင် ရပ်ကွက်အတွက် တစ်လမ်းသားချင်းတွေအတွက် လုပ်ပေးနိုင်ရမယ်၊ ဒါလည်း မလုပ်နိုင်ရင် သင်တို့မိသားစုအတွက် ကြိုးစားကြရမယ်၊ မိသားစုထဲမှာတောင် မစွမ်းဆောင်နိုင်ဘူးဆိုရင် သင်ကိုယ်တိုင်အတွက် အနာဂတ်အတွက် ကြိုးစားရမယ် နိုးကြားရမယ်၊ အားထုတ်မှုတွေကို စနစ်တကျနဲ့ သင့်ဘဝအတွက် အမြဲကြိုးစားနေရမယ်၊ ဒါတောင်မှ သင်မလုပ်နိုင်ဘူးဆိုရင် လောက လူဖြစ်လာရတာ သင်ဘာတန်ဖိုးရှိတော့မလဲ။ ကဲ အခုချိန်ကစပြီး တဆင့်ပြီး တဆင့်ကြိုးစားကြည့်ပါတော့။ ကြိုးစားပါတော့၊ နိုးကြားပါတော့။ 

ဒီမှာ ကိုယ့်လူ သင်ဟာ သင့်ဘဝအတွက်လည်း ကောင်းအောင် မကြိုးစားပဲ သင့်မိသားစုအတွက် ကြိုးစားတယ်ဆိုတာ ဖြစ်နိုင်မလား၊ တဖန် မိသားစုအပေါ်လည်း သင်ဟာ အထောက်အပံ့မဖြစ်ခဲ့ဘူးဆိုရင် အများအကျိုးဆောင်ရွက်မယ်ဆိုတာ ဖြစ်နိုင်မလား၊ အများအကျိုးမသယ်ပိုးတတ်တဲ့သူဆိုရင်တော့ တိုင်းပြည်ထဲမှ စိတ်အမျိုးမျိုးရှိတဲ့  ဘဝတွေများစွာအတွက် သင် ကြိုးစားနိုင်ပါ့မလား၊ ကဲ ပြောနေရင် ကြာမယ် အခုက စလို့ သင့်ဘဝအတွက် ကြိုးစားလိုက်စမ်းပါ..........။

သတ္တဝါတိုင်း ခေါင်းဆောင်ဖြစ်ဖို့ ပါရမီ ပါမလာကြပါဘူး၊ ခေါင်းဆောင်လုပ်ဖို့ အခွင့်အရေး၊ အရည်အသွေးနဲ့ မြင့်မြတ်တဲ့ စိတ်ထားအပြင် ပါရမီလည်း ပါဖို့လိုပြန်တယ်။ တခြားလိုတာတွေလည်း များစွာပေါ့။ လိုတာတွေကို အားငယ်နေမယ့်အစား အားငယ်နေမယ့်အချိန်မှာ အားတက်စွာ ကြိုးစားကြည့်လိုက်မယ်ဆိုရင် အောင်မြင်မှုတစ်ခု ပန်းတိုင်တစ်ခုတော့ သင်ရောက်သွားမှာပါ။ ဒီလိုသွားနေရင်းနဲ့ အတွေ့အကြုံတွေ သင်ခန်းစာတွေများစွာရလာတော့မှာပါ။ သင်ရှုံးမနေပါဘူး မိတ်ဆွေ၊ ဒါတွေက ပိုက်ဆံပေးဝယ်လို့ရတာမှ မဟုတ်တာ၊ ကိုယ်တိုင် ကိုယ်ပိုင်သိလိုက်တဲ့ အသိတွေက သူများပြောပြတာတွေထက် များစွာ တန်ဖိုးရှိလို့ပါပဲ။ ဒီတန်ဖိုးတွေက သင့်ဘဝကို ထိန်းကျောင်း တည့်မတ်ပေးလိုက်မယ့် သင့်ကိုယ်ပိုင် ပိုင်ဆိုင်လာမယ့် အရည်အချင်းတွေသာဖြစ်ပါတယ်။ 

...............................................................................................................
................................................................................................................
....................................................................။

“ငါသာ စော်ဘွားဖြစ်ရင် .....တကယ် ....ဒေဝီလောင်းနဲ့ ပေါင်းနိုင်ပါစေကွယ် ...”
မအိပ်ခင်က အစအဆုံးမရသော ဒီသီချင်းလေး ညည်းမိလေသော်။
ရွာတွေထဲမှာ လူတွေ လူတွေ၊ ဒီလူတွေကို အားတက်သရော ဆော်သြော်နေရတာ၊ အို ဘယ်နှယ့် ဗိုလ်ချုပ်လိုလို လူငယ်တစ်ဦးလား၊ ဟယ်...ဘာတွေများပါလိမ့် စကားသံတွေ စကားလုံးတွေ နိုးကြားဖွယ်ကောင်းလေစွ၊ အားတက်ဖွယ်ကောင်းလေစွ၊ ကျေးဇူးတရားကြီးမားလေစွ။ 

သြော် ဆောင်းနှောင်းအိမ်မက် တစ်ခုပါလေ။

လေးစားစွာဖြင့်
crystal

3 comments:

...အလင်းစက်များ said...

တစ်ဦးတစ်ယောက်စီမှသည် နိုင်ငံတစ်ခုလုံးစီသို့  ချီတက်ကြမည်၊ တက်ညီလက်ညီ။

သဘောထားကွဲတာ၊ လွဲတာတွေ နောက်ကိုပို့ ၊ အမြင်မတူတာတွေဘေးထား၊ အကောင်းမြင်ဝါဒနဲ့  ခုကစပြီး ကြိုးစားလိုက်ကြပါစို့  ....

Crystal said...

ဗိုလ်ချုပ်မွေးနေ့နဲ့ လတ်တလော စိတ်ထဲရှိတာတွေကို မနှစ်ကနဲ့ မတူအောင် ဗားရှင်းပြောင်းရေးကြည့်ပါတယ်။

မိုးယံ said...

အိမ်မက်တွေ တစ်ကယ်ဖြစ်လာသည် ဆိုတာ ငယ်ငယ်ကတည်းက သင်ဖူးခဲ့တော့ ဒါလေးအမှတ်ရမိသေးတယ်.. ဆောင်းနှောင်းအိမ်မက်တွေ တစ်ကယ်ကြီးဖြစ်လာအောင် ဆန္ဒပြုမိပါသည်။