သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, March 6, 2011

စောင့်မျှော်နေတဲ့ အနာဂတ်များ

 ပုံကို ဂူဂယ်မှ ကူးယူပါသည်။

ကျွန်တော် ဂျပန်ပြည်စရောက်တဲ့အချိန်ကစလို့ နေ့စဉ် သွားရင်းလာရင်း သတိပြုမိခဲ့တာ တစ်ခုရှိခဲ့ပါတယ်။ အဲဒါကတော့ ဒီမြို့က လူငယ်လေးတွေပါဘဲ။ ကျွန်တော်ကိုယ်တိုင် ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်း လာခဲ့ဖူးတာရော၊ အဲဒီကနေတဆင့် အသက်(၂၀) အရွယ်ကနေ အခု (၃၀) ကျော် ဖြစ်လာခဲ့တဲ့အထိ ဖြတ်သန်းခဲ့ရတဲ့ ဘ၀အစိတ်အပိုင်းများက ဒီကလူငယ်တွေအပေါ် ပိုပြီး စိတ်ဝင်စားမှုကို ဖြစ်စေပါတယ်။ ဒီမှာ ကျွန်တော်မြင်နေရတဲ့ လူငယ်တွေကို ကြည့်ကြပါအုံး။ သူတို့ရဲ့  မျက်နှာတွေမှာ အထင်ရှားဆုံးတွေ့ရတာက လူငယ်သဘာဝ လွတ်လပ်မှုနှင့် တက်ကြွလန်းဆန်းနေမှုပဲဖြစ်ပါတယ်။ သူတို့တွေမှာ မိမိဘ၀အပေါ် ယုံကြည်စိတ်ချနေမှုက သူတို့လှုပ်ရှားသွားလာနေပုံကိုကြည့်ရင် အထင်းသားတွေ့မြင်နိုင်ပါတယ်။ သူတို့စိတ်ဝင်စားတဲ့ ၀ါသနာပါတဲ့ ပညာရပ်ဆိုင်ရာသော်လည်းကောင်း၊ ဒါမှမဟုတ် စာပေ၊ ဂီတ၊ အနုပညာ၊ အားကစား တစ်ခုခုကို နှိုက်နှိုက်ချွတ်ချွတ် ထဲထဲဝင်ဝင်လေ့လာဖို့ စိုင်းပြင်းနေတာကို သူတို့ရဲ့  လှုပ်ရှားမှုတွေက သက်သေခံနေကြပါတယ်။ စားသောက်ဆိုင်တွေမှာ သူငယ်ချင်းတွေ စုပြီး စားကြ သောက်ကြတဲ့အချိန်မှာဆိုရင်လည်း စိတ်လွတ်လပ်မှုကို အပြည့်အ၀ခံစားရင်း ပျော်ရွှင်ကြည်နူး နေနိုင်ကြတာကို သတိထားမိပါတယ်။ သူတို့ဘ၀လေးတွေ ဘာကြောင့် အခုလို လွတ်လပ်အေးချမ်း နေကြတာပါလိမ့်။

ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ လူငယ်ကျောင်းသားဘ၀ကို ပြန်စဉ်းစားကြည့်မိပါတယ်။ ဆယ်တန်းအောင် တဲ့အချိန်မှာ တက်စရာ တက္ကသိုလ်က အဆင်သင့်ရှိမနေခဲ့ပါဘူး။ မြန်မာပြည်အခြေအနေက တက္ကသိုလ်တက်ဖို့အတွက် သုံးနှစ်လောက်စောင့်ရပါမယ်တဲ့။ အဲဒီမှာတင် လူငယ်ထုဘ၀ဟာ ကမောက်ကမ စဖြစ်ကြရတော့တာပါဘဲ။ ဒီစောင့်ရမယ့်သုံးနှစ်ကို ဘယ်လိုဖြတ်သန်းကျော်လွန်ကြမလဲ။ တချို့ ကတော့ ဘ၀တိုးတက်ကြောင်းအတွက် အထောက်အကူဖြစ်စေမယ့် သင်တန်းတွေလျှောက်တက်ရင်း အချိန်ကို အသုံးချလိုက်ကြတယ်။ တချို့ ကတော့ နိုင်ငံခြားကိုထွက်သွားကြတယ်။ တချို့ လည်း အလုပ် လုပ်တော့မယ်ဆိုပြီး နီးစပ်ရာ လုပ်ငန်းခွင် တစ်ခုခုထဲ ၀င်လိုက်ကြရတယ်။ တချို့ လည်း အပျံသင်စအရွယ် အလည်လွန်ရင်း အိမ်ထောင်သည်ဘ၀ပြောင်းခဲ့ကြရတယ်။ တချို့ လည်း ယောင်လည် ယောင်လည် အခြေစိုက်သွားကြတယ်။ မိဘဆွေမျိုး ကျောထောက်နောက်ခံကောင်းတဲ့သူတွေကတော့ သိပ်အထိ မနာကြပေမယ့်လို့ အခြေခံလူတန်းစားဘဝဖြစ်တဲ့ လက်လုပ်လက်စား မိဘတွေရဲ့ သားသမီးတွေအတွက် ကတော့ အနာဂတ်ဟာ အဲဒီအချိန်မှာ စပြီး မှုန်ဝါးသွားရတော့တာပါဘဲ။

ကိုယ်လုပ်ချင်တာက တစ်ခု၊ ပေးလာတဲ့ ဘ၀အခြေအနေအရပ်ရပ်ကြောင့် လုပ်ချင်တာကို လုပ်ခွင့်မရဘဲ လုပ်သင့်တာကိုလုပ်ရင်း စိတ်ဝင်စားရာ၊ ၀ါသနာပါရာ တွေကို ရင်ထဲမှာ ကြိတ်မှိတ်မျိုသိပ်လိုက်ရတဲ့ လူငယ်ထုအရေအတွက်က ရာခိုင်နှုန်းနဲ့ ရေတွက်ကြည့်မယ်ဆို (၉၀)များကျော်မလားမသိ။ တက္ကသိုလ်က ဘွဲ့တစ်ခုရပြီးချိန်မှာ အလုပ်ရဖို့အခွင့်အလမ်းသာမယ့် အပေါ်မူတည်ပြီး အဓိကစဉ်းစားကြရတော့ ကိုယ်ဝါသနာပါတာကို ဘ၀တွေ၊ စိတ်တွေနှစ်ပြီး လုပ်ဖို့ဆိုတာ ဝေလာဝေးရော။ ကျောင်းပြီးလို့ အလုပ်ထဲဝင်ပြီး ၀င်ငွေအမြန်ဆုံးရဖို့အတွက် ကိုယ့်ကို မျှော်လင့်စောင့်စားနေကြတဲ့ မိသားစုတွေ ရှိနေတဲ့ လူငယ်တွေမှာဆို ကျောင်းသားဘ၀ဖြတ်သန်းနေရတာက သူတို့အတွက်တော့ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခုပါပဲ။

နိုင်ငံခြားတိုင်းပြည်တွေမှာလို ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်တယ်ဆိုတဲ့ ဝေါဟာရက မြန်မာလူငယ်တွေကြားမှာတော့ တစိမ်းဆန်ဆန်ပါဘဲ။ (ဒီဘက်နှစ်တွေမှာတော့ အဝေးသင် တက္ကသိုလ်တွေဖွင့်လိုက်ပြီး အလုပ်သမားတွေအတွက် စီစဉ်ပေးထားတော့ ရှိနေပါပြီ။ ဒါပေမယ့် Day ကျောင်းသားတွေအတွက် ကျောင်းတက်ရင်း အချိန်ပိုင်းလုပ်လို့ရတဲ့ နေရာဌာနဆိုတာ အတော်လေးကို ရှားနေပါသေးတယ်။) တချို့ ကတော့ ကျောင်းတက်ရင်းတဖက်နှင့် ကျူရှင်ဆရာတွေ၊ Study Guide လို့ခေါ်တဲ့ ကျောင်းသားတွေကို စာကူပြပေးတာမျိုးတွေ လုပ်ရင်း ၀င်ငွေရှာကြတာတော့ ရှိပါတယ်။ အများစုကတော့ ကျောင်းတစ်ခုတည်းကိုသာ တစ်စိုက်မတ်မတ်တက်ကြတော့တာပါဘဲ။ ကျောင်းချည်းပုံမှန် တက်နေလို့  ပညာရေးဘက်မှာ ထူးချွန်ထက်မြက်သူတွေ ဖြစ်လာကြလိမ့်မယ်လို့လည်း မျှော်လင့်ချက်က ထားလို့ မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ တက္ကသိုလ်မှာ သင်ကြားပေးနေတဲ့ ပညာရေးစနစ်က နိုင်ငံတကာအဆင့်မီအောင် အရည်အချင်းမပြည့်မှီဘဲ စာမေးပွဲမှာ ဖြေနိုင်ရုံ သက်သက်မျှလောက်သာ အသုံးတည့်တာမို့ ဘ၀အတွက် ရည်ရွယ်လေ့လာချင်သူတွေအနေနှင့်ကတော့ ပြဒါးတစ်လမ်း သံတစ်လမ်း ပါဘဲ။ ဒီတော့ အဖြေက ရှင်းပါတယ်။ ကျောင်းပြီးရင် ဘာဖြစ်လာမလဲဆိုတော့ ဘွဲ့လက်မှတ်တစ်ခုရတာကလွဲ ဘာများထပ်ဖြစ်စရာ ရှိနိုင်မှာလဲ။

ဒီလိုနှင့် ကျောင်းပြီးသွားတော့ ဘွဲ့ဆိုတာကြီးကို ပွေ့ဖက်ရင်း ကိုယ်သင်ယူခဲ့တဲ့ ပညာရပ်နှင့် ဘယ်လိုမှ မပတ်သက်တဲ့ လုပ်ငန်းခွင်တွေထဲ ၀င်ရောက်လုပ်ကိုင်ကြရတော့တာပါဘဲ။ ကျောင်းမပြီးခင် ကျောင်းတက်နေတဲ့ အချိန်တောက်လျှောက်မှာလည်း ကျောင်းစာကို ဖြောင့်ဖြောင့်တန်းတန်းသင်ဖို့အရေးထက် ကျောင်းပြီးရင် ငါဘာလုပ်ရပါ့ ဆိုတဲ့အတွေးက ဒီကျောင်းသားကို အမြဲနှိပ်စက်နေတာပါ။ လူငယ်တို့သဘာဝ လွတ်လပ် တက်ကြွ လန်းဆန်းဖို့ဆိုတာ ဝေးစွ။ သို့ပေမယ့်လို့ ဘာပဲဖြစ်ဖြစ် ကိုယ်ရတဲ့ အတိုင်းအတာအတွင်းမှာတော့ တတ်နိုင်သလောက် ပျော်စရာတွေဖန်တီးပြီး အဆင်ပြေအောင် နေကြရတာပါဘဲလေ။ တခြားနိုင်ငံက ကျောင်းသားလူငယ်တွေနှင့်တော့ ပခုံးချင်း လာမတိုင်းနှင့်ပေါ့။

အခု ကျွန်တော်ရောက်နေတဲ့နိုင်ငံမှာလည်း ကျောင်းသားတွေကျောင်းပြီးရင် အလုပ်မရကြလို့ အလုပ်လက်မဲ့ပြဿနာဆိုတာကြီးက ဒီနိုင်ငံကအစိုးရကို ခေါင်းကြီးနေစေတာ နှစ်တော်တော်ကြာ ရှိနေပါပြီ။ ဒါပေမယ့် ကိုယ့်တိုင်းပြည်နှင့်ယှဉ်လိုက်ရင်တော့ သူဌေးသင်္ဘောပျက်တာနှင့် သူတောင်းစားခွက် ပျောက်တာနှင့် လိုပါဘဲ။ ဒီနိုင်ငံက အဆင်မပြေဖြစ်နေတာလောက်တော့ ကိုယ့်တိုင်းပြည်အခြေအနေက ပျင်းတောင်ပျင်းသေးတယ်လို့ ပြောလို့ရပါတယ်။

ဒီက လူငယ်တွေဘ၀ကို တစ်ဘက်ကနေ သဘောကျ ကျေနပ်မိသလို အခြားတစ်ဘက်ကလည်း အားမရဖြစ်မိတာရှိပါတယ်။ သူတို့တွေမှာ ဒီလောက် ရေခံ မြေခံ ကျောထောက်နောက်ခံကောင်းတဲ့ နိုင်ငံရေးစနစ်၊ ပညာရေးစနစ်၊ စီးပွားရေးစနစ် စတာတွေရှိနေပါလျက်နှင့် ကြိုးစားအားထုတ်မှုအပိုင်းမှာ သိပ်တော့ အားရစရာ မရှိပါဘူး။ ဘ၀ကို သူဌေးသား သူဌေးသမီးတွေလို ကြောင့်ကြမဲ့ ပေါ့ပေါ့လေး ဖြတ်သန်းနေကြတဲ့ပုံ ပေါ်နေပါတယ်။ ကိုယ်တွေရဲ့ နိုင်ငံမှာ ဒီလိုမျိုး အခွင့်အရေးကောင်းတွေသာ ရကြည့်လိုက်စမ်းပါ။ ကျွန်တော်တို့ တိုင်းပြည်က လူငယ်တွေ ဒီကလူငယ်တွေထက် အဆပေါင်းများစွာ သာအောင် ကြိုးစားပြနိုင်ပါတယ်။

အခုတောင် မြန်မာပြည်ကလူငယ်တွေဟာ ရသလောက် အခွင့်အရေး အလင်းရောင် မှုန်မှုန်မွှားမွှားလေးနှင့် အနာဂတ်ကို မရရအောင် ခရီးဆက်နေကြသေးတာပဲ။ ကိုယ်တွေက သူဌေးသားသမီးတွေမှ မဟုတ်တာကိုး။ ဘ၀က နာထားကြတာ။ တချိန်ချိန် အခွင့်အရေးနဲ့ အခွင့်အလမ်းတွေသာ ပေါ်လာစမ်းပါစေ၊ ရလာတဲ့ ပေးလာတဲ့ အခွင့်အရေးကို လက်မလွှတ်တမ်း ဆုပ်ကိုင်းရင်း အားကြိုးမာန်တက် ကြိုးစားကြမယ်ဆိုတာကို ရဲရဲကြီးပြောနိုင်ပါတယ်။

မဝေးတော့တဲ့ တချိန်ချိန်မှာတော့ ကျွန်တော်တို့တိုင်းပြည် အနာဂတ်အတွက် တောက်ပြောင်လင်းလက်တဲ့ တက်ကြွလန်းဆန်းနေသော ညီငယ်ညီမငယ် လူငယ်မျိုးဆက်သစ်တွေ တကျော့ပြန်လည် မြင်တွေ့နိုင်တော့မယ်လို့ ရင်ထဲက ယုံကြည်မျှော်လင့်နေမိပါတယ်။

လေးစားစွာဖြင့်
Bliss 
၁၅-ဖေဖေါ်ဝါရီလ-၂၀၁၁ (1:03 AM)

4 comments:

...အလင်းစက်များ said...

ကျနော် ၁၀ တန်းအောင်တဲ့အချိန် ကျောင်းတွေ အကုန်ပိတ်နေလို့  ယောင်ခဲ့ရသေးတယ်...

အခုကျနော့တူလေးတွေ ၁၀ တန်းအောင်တော့ ဘယ်ကျောင်းမှ ဘ၀ အာမခံချက်ရှိရှိရွေးစရာမရှိဘူး ဖြစ်နေတော့ စိတ်ထဲ မကောင်းဘူး...

ဦးနှောက်ရှိသင့်သူများ ဦးနှောက် ကြီးကြီး ရှိကြပါစေသား။

မေသိမ့်သိမ့်ကျော် said...

အင်း..... ဘွဲ့ကလက်မှတ်တစ်ခုဆိုတဲ့အပြင် နိုင်ငံခြားက ဘွဲ့ရတော့လည်း တကယ်တတ်လည်း ထိုက်တန်တဲ့ အလုပ်မပေးနိုင်ပြန်ဘူး။ ရင်နာဖို့ကောင်းတယ်။

ခင်မင်လေးစားလျက်

ချော(အစိမ်းရောင်လွင်ပြင်) said...

မှန်လိုက်တာ သွေးထွက်အောင်ပါပဲ။
ဘွဲ့တစ်ခုနဲ့ မလုံလောက်လို့ အပြင်သင်တန်းတွေ နိုင်ငံခြားသင်တန်းတွေ ဒီပလိုမာတွေ အများကြီးထပ်တက်ရတာ မြန်မာပြည်က အလုပ်လုပ်နေသူတွေ အသိဆုံးပါ.
တတ်ထားတဲ့ပညာနဲ့ လုပ်ရမဲ့အလုပ်က ဘာမှကိုမဆိုင်
ဆိုင်ပြန်တော့လည်း မကျွမ်းကျင်
အိမ်က ညီမ ကွန်ပျူတာ တက္ကသိုလ်က ပြီးပေမဲ့ စာတောင် မရိုက်တတ်လို့ အပြင်မှာ သင်တန်းပြန်တက်ရတဲ့ အဖြစ်
အင်း မပြောတော့ပါဘူး။။

Aeimt Kabyar Mon said...

ချမ်းလဲ ယူထားတဲ့ ဥပဒေဆိုတဲ့ ဘွဲ့ နဲ့ လုပ်နေရတာနဲ့ 
တခြားဆီပါပဲ
ေ၇ှ့နေလျှောက်ခွင့်ရဖို့ အတွက်
သွင်းရမယ့်ပိုက်ဆံ...(ကန်တော့တာလို့ ပြောကြတာပဲ)
သိန်းကျော်ကြီးများတောင်မို့ မတတ်နိုင်လို့ 
လက်မှတ်လေးတစ်စောင်ပဲ..
ရင်ဝယ်ပိုက်ထားရပါတယ်