သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, April 5, 2011

“စင်ကြယ်သော စိတ်ထားနှင့်”

ကျမမှာ တွေးပြီး ငေးနေတတ်တဲ့ အကျင့်တစ်ခုရှိတယ်၊ အတွေးတွေက လွင့်မျောသွားတာများ တခါတလေမှာဆိုရင် မြတ်စွာဘုရား လက်ထက်တော်က အခြေအနေတွေဆီကိုလည်း ရောက်နေတတ် ပါတယ်။ ဘာလို့ ရောက်တာလဲဆိုတော့ မြတ်စွာဘုရား မရှိတော့တဲ့ နောက်ပိုင်း တရားတော်များသာ ကျန်ရှိနေခဲ့တာ ဖြစ်လေတော့ ရဟန်းသံဃာတော်များက တရားတော်တွေကို ထပ်ဆင့်မျှဝေချိန်မှာ တရားတော်များကို နာယူရင်း မြတ်စွာဘုရားက ဘာကိုဆိုလိုတော်မူချင်တာလဲ၊ ဘာဖြစ်စေချင်တော်မူ တာလဲဆိုတာတွေကို (ခပ်ရိုးရိုးပြောရင် ဒီလိုပေါ့) တွေးတောမိလာတယ်။ ဒါတွေကို ဒီအရွယ်ရောက်မှ တွေးတတ် စဉ်းစားမိတတ်လာပါတယ်။ ဒီလို စဉ်းစားတတ်လာတာ အသက်သုံးဆယ် နောက်ပိုင်း ရောက်မှပါ။ ဟိုးယခင်တုန်းကတော့ တရားတော်တွေကို ဆရာတော် သံဃာတော် အရှင်မြတ်တွေ ဟောတဲ့အတိုင်းနာယူ မှတ်သားခဲ့ပါတယ်။ ဒါမလုပ်နဲ့၊ ဒီလိုမနေနဲ့ဆိုရင် ဘာကြောင့်ဆိုတာ မစဉ်းစားတတ်ခဲ့ဘူး။ ရဟန်းတော်တွေ က ကောင်းစေချင်လို့သာ မိန့်မှာဟောကြားတယ် ဆိုတာလောက်ပဲ လက်ခံခဲ့တာကိုး။ ဒါ့အပြင် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက်မှာ တရားတော်တွေကို သတ္တဝါများအတွက် ချန်ထားခဲ့ပါတယ်၊ ချန်ထားခဲ့ သော တရားတော်များကို သံဃာတော်မြတ်တွေကဆက်လက်ပြီး သာသနာ့တာဝန် လက်ဆင့်ကမ်း ထမ်းဆောင်တော်မူ ခဲ့ကြတယ်ဆိုတာကို မတွေးမိခဲ့ဘူး။ မသိခဲ့ဘူး။

ဘုရားက ဘုရား၊ တရားက တရား၊ သံဃာက သံဃာပဲလို့သာ နားလည်ထားခဲ့တယ်။ ရတနာသုံးပါး တစ်ပါးနှင့် တစ်ပါး မည်သို့ဆက်စပ် ပတ်သက်နေတယ်ဆိုတာကို မစဉ်းစားမိခဲ့၊ နားမလည်မိခဲ့ဘူး။ အခုလို အရွယ်ရောက်လာမှ စာတွေဖတ်၊ စဉ်းစား ဆင်ခြင်ကြည့်မိ၊ တရားတော်တွေပြန်နာ တာတွေလုပ်တော့မှ ရတနာသုံးပါး တစ်ပါးနှင့် တစ်ပါး ဆက်စပ် ပတ်သက်နေပုံ၊ ရတနာသုံးပါး၏ တန်ဖိုးတွေကို သိနားလည် လာခဲ့ရတာ။ ဒီတော့မှ သံဃာတော်မြတ်တွေရဲ့ ကြီးမားလှတဲ့ သာသနာ့တာဝန်တွေကို နားလည်သဘော ပေါက်လာမိတာ။ တရားတော်မြတ်များရဲ့ အဖိုးတန်မှုတွေကို နားလည်မိတာ။ နောက်ဆုံး သတ္တဝါတို့ရဲ့ ဆရာသခင်ဖြစ်တော်မူသော မြတ်စွာဘုရား၏ သတ္တဝါများအပေါ်ထားရှိသော မေတ္တာစိတ်ကို အလွန်အမင်းကို ကြည်ညိုမိတာ၊ လေးစားမိတာ၊ အားကျမိတာပါ။
(ဓမ္မအရ ဘုန်းဘုန်းပြောပြတာက-ဒီအပိုဒ်မှာတော့ သံဃာရတနာ မရှိခဲ့ရင် ဘုရားရတနာနှင့် တရားရတနာ တို့ကို သိခွင့် ရမည်မဟုတ်လို့ သံဃာ့ဂုဏ်ကို ဋီကာကျမ်း တစ်စောင်က ဖွင့်ပြရှင်းလင်းထားတာကို သတိယ မိပါတယ်။

အခုလို အချိန်မှာပဲ ကျမစိတ်တွေက ကိုယ့်အတွေးတွေကို ပြန်ကြည့်မိတဲ့အခါ (ပြောပါရောလား တွေးရတာ ဝါသနာပါတယ်လို့၊ စိတ်ကူးထဲမှာပဲ ကိုယ့်စိတ်ကူးကို ပြန်ကြည့်မိနေသေးတယ်) ရတနာသုံးပါးဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာတော်တွေရဲ့ ကြီးမားလှတဲ့ ကျေးဇူးတော်တွေကို ကြည်ညိုနေတဲ့ စိတ်လေးက အေးချမ်းနေတာကို သတိထားမိပြန်ရော။

စိတ်ကူးဆိုတော့လည်း တောရောက် တောင်ရောက်နဲ့ပေါ့။
အချို့သော မိန်ကလေး၊ ယောက်ျာလေးတွေရဲ့ မျက်နှာလေးတွေကို(အရွယ်စုံ ဘယ်သူက ကြည့်ကြည့်) ကြည့်ရင် အေးချမ်းနေတယ်။ မြင်သူတိုင်းက “ဟယ် ချစ်စရာကောင်းလိုက်တာ”လို့ ပြောရလောက်အောင်ကို ချစ်စဖွယ် မျက်နှာပိုင်ရှင်လေးများကို တွေ့ဖူးတယ်။ သူတို့ရဲ့ စိတ်ထားလေးတွေက ကြည်လင်သန့်ရှင်းနေလို့များ ဒီလိုအေးချမ်းပြီး ချစ်စရာကောင်းနေတာလား။ တွေးစရာတစ်ခု။
စီးပွါးရေးလုပ်ငန်း လောကမှာလည်း မျက်နှာမြင်လိုက်တာနဲ့ ယုံကြည်ချင်စရာကောင်းတဲ့ မျက်နှာမျိုး ပိုင်ဆိုင်ကြတဲ့သူတွေလည်းရှိတယ်။ ရိုးသားတဲ့ လုပ်ရပ်ကြောင့် ယုံကြည်စိတ်ချချင်စရာ ကောင်းနေ သလားဆိုတာ စဉ်းစားစရာတစ်ခု။
ပညာသင်ပေးတဲ့ ဆရာ ဆရာမများသာမက သံသရာအတွက် လမ်းညွှန်ဆုံးမပေးနေကြသော သံဃာတော် များကို မြင်ရစဉ်ခဏမှာပဲ ရိုသေလေးစားတဲ့ စိတ်ဖြစ်မိတာလည်းရှိပါရဲ့။ ကောင်းမြတ်သော လုပ်ရပ်တွေ၊ စေတနာတွေကြောင့်များလား။
(ဓမ္မအရ ဘုန်းဘုန်းပြောပြတာက-ဒီလို ရိုသေ လေးစားစိတ်ဆိုတာ ကုသိုလ်စိတ်ပါပဲ။ ယုံကြည်ကြသူတွေမှာ ဒီလိုမျိုး ကုသိုလ်စိတ်တွေ ယိုဖိတ်စေ၊ ဖြစ်ပေါ်စေတတ်တာကြောင့် သမဏာဏဉ္စ ဒဿနံ - ရဟန်းတော် အရှင်သူမြတ်များအား ဖူးမြင်ရခြင်းသည် မင်္ဂလာမည်၏လို့ ဟောထားတာပေါ့နော်။)

နောက်ထပ် စဉ်းစားမိတာ သတိထားမိတာလေး တစ်ခုကိုလည်း ပြောပြချင်သေးတယ်။

မြန်မာ ဗုဒ္ဓဘာသာဝင်ဖြစ်ကြသူတိုင်း အလှူဆိုတာက အစိမ်းသက်သက်တော့ မဟုတ်ဘူး။ အလှူဒါနနှင့် ပတ်သက်တာတွေကို နားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ စွန့်ကြဲပေးကမ်းခြင်း ဆိုတာကို လူတိုင်း သိကြပါတယ်။

ရိုးရိုးသိတဲ့ နားလည်ထားတဲ့ အကြောင်းလေးတစ်ခုကို ဆန်းဆန်းလေး စဉ်းစားမိတာကို ပြောပြရအုံးမယ်။ တခါတုန်းက ဗာရာဏီပြည်မဟုတ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဝါဆိုလဆန်း(၈)ရက်နေ့၌ အနံ့အရသာတို့နှင့် ပြည့်စုံသော ဒူးရင်းသီး အမွှာလေးများကို မြတ်စွာဘုရားထံ ကပ်လှူ၊ ကိုယ်တိုင်လည်း ရှစ်ပါးသီလဆောက်တည်။ နေ့လည်စာကို စားပြီးနောက် ဒူးရင်းသီး တစ်မွှာကိုလည်း စားသုံး။ ဒူးရင်းသီးက မြတ်စွာဘုရားထံ ကပ်လှူပြီးနောက် သုံးမွှာ ကျန်ပါတယ်။ ကျမက တစ်မွှာပဲ စားနိုင်ပါတယ်။ အင်မတန် ကောင်းလှတဲ့ ဒူးရင်းသီး အမွှာမို့ နောက်ထပ် မစားနိုင်အောင်ကို ဖြစ်ရပါတယ်။ ဒါကြောင့် နှစ်မွှာကျန်တယ်ဆိုပါတော့။ စိတ်ထဲမှာ သြော် ခုချိန်များ ဒီဒူးရင်းသီး အမွှာလေးတွေကို စားနိုင်မယ့် တစ်ယောက်လောက်ကို လှူလိုက်ရရင် သိပ်ကောင်းမှာလို့ တွေးနေမိတယ်။ အတွေးတောင် မဆုံးသေးဘူး။ အသိ မြန်မာမလေး တစ်ဦးက နောက်လမ်းက အိမ်မှာ ခရီးသွား ရဟန်းတော်နှစ်ပါး ကြိုတင် အကြောင်းကြားထားခြင်း မရှိပဲ ကြွရောက်လာတယ်လို့ သတင်းပေးပါတယ်။ ဆွမ်းကပ်ဖို့ သွားဝိုင်းကူဖို့လည်း ကူညီတောင်းပါတယ်။ အချိန်ကို ကြည့်လိုက်တော့ ထိုင်းစံတော်ချိန် နေ့ (၁၁း၃၀)ရှိပြီ။ ရဟန်းတော်များကို လက်ခံတဲ့ အိမ်ရှင်ထံမှာလည်း ဆွမ်းနဲ့ ဆွမ်းဟင်းပါ အဆင်သင့် မရှိလေတော့ ဆိုင်မှ မှာယူဝယ်ခြမ်းပြီး ဆွမ်းကို အချိန်မီကပ်ဖို့ ပြင်ရပါတယ်။ ဆွမ်းပြီးတော့ အချိုပွဲ လိုနေပြန်တယ်။ ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း။ ခုနတုန်းက ဒူးရင်းသီးကြီး အမွှာလေးတွေကို သံဃာတော်များကို ဆပ်ကပ်လှူဒါန်းမိပါတယ်။ ထပ်ဆင့် ဝမ်းသာစရာက ဒူးရင်းသီးကိုလည်း ကောင်းလို့ မြိန်ရည်ယှက်ရည် ဘုန်းပေးတော်မူကြပါတယ်။
ဒီအဖြစ်အပျက်လေးက ကျမ တစ်သက် မေ့နိုင်တော့မယ် မထင်ပါဘူး။ ဖြစ်စဉ်ကတော့ ရိုးရိုးလေးပါ။ တကယ်ပြန်ပြီး တွေးကြည့်မိတော့ ပျော်လိုက်တာ၊ ဝမ်းသာလိုက်တာ။

ဘာကြောင့်လဲဆိုတော့....
  • ခရီးသွား ရဟန်းသံဃာတော်များနဲ့ ကျမနဲ့ အသိအကျွမ်းများ မဟုတ်ကြပါ။ ရဟန်းသံဃာဆိုတဲ့ အသိစိတ်နဲ့သာ လှူဒါန်းခဲ့ပါတယ် (လှူဒါန်းတဲ့ ဒကာမကိုလည်း သံဃာတော်များက ယနေ့ထက်တိုင် သိကြမည် မဟုတ်ပါ)။
  • မြန်မာနိုင်ငံမှ သီဟိုဠ်ကို စာသင်သွားမည့် ခရီးသွား သံဃာတော်များ ဖြစ်ကြပါတယ်။
  • ဆွမ်းချိန် နီးကပ်နေစဉ် သံဃာတော်များ ဆွမ်းအဆင်ပြေစေရေးကိုသာ စိတ်ထားပြီး ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
  • အရသာရှိလှတဲ့ ဒူးရင်းသီးကို ကပ်လှူလိုသော စိတ်ဖြစ်ချိန်မှာ ရဟန်းတော်များကို ကပ်လှူခွင့် ရခဲ့ပါတယ်။
  • မိမိလှူဒါန်းလိုက်တဲ့သူတွေက သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံတဲ့သူများ ဖြစ်နေပါတယ်။
  • သူတစ်ပါး လိုအပ်ချိန်မှာ ကူညီခွင့် ရခဲ့ပါတယ်။
  • ပိုက်ဆံများစွာ မကုန်ပဲနဲ့ ကောင်းမှုကုသိုလ်တွေ အများကြီးရလိုက်တယ်လို့ သိနေပါတယ်။
  • ဒီဖြစ်စဉ်ကို သတိရမိတိုင်း ဝမ်းသာနေရတဲ့ ကုသိုလ်မျိုး ဖြစ်နေပါတယ်။
  • အရင်က ပြုလုပ်လှူဒါန်းခဲ့ဖူးသော အလှူတွေထက် အခုအလှူအပေါ် ဝမ်းသာနေတဲ့ စိတ်က ပိုပြီး သိသာနေတာကို ကိုယ်တိုင်သိနေခဲ့လို့ဖြစ်ပါတယ်။
ဒီလိုမျိုး ကောင်းမှုကုသိုလ် ပြုလုပ်နေရတဲ့အချိန်၊ ကုသိုလ်ပြုပြီးလို့ ပြန်တွေးမိတဲ့ အချိန်တွေမှာ စိတ်က ကြည်လင် သန့်ရှင်း ပေါ့ပါးပြီး ဝမ်းသာနေမိပါတယ်။ သူများတွေကိုလည်း ပျော်စေချင်၊ ဝမ်းသာစေချင်၊ ကုသိုလ်ရစေချင်လို့ အမျှ ပေးဝေခဲ့ဖူးပါတယ်။
(ဓမ္မအရ ဘုန်းဘုန်းပြောပြတာက-ဒကာမကြီး သိတဲ့ အတိုင်းပဲလေ၊ မလှူခင် ဖြစ်ပေါ်နေတဲ့ ကုသိုလ် စေတနာတွေကို ပုဗ္ဗစေတနာ၊ လှူဆဲ ဖြစ်ပေါ်နေတဲ့ ကုသိုလ်စေတနာတွေကို မုဉ္စစေတနာ၊ ကုသိုလ်ပြုပြီးနောက် သတိယတိုင်း ဝမ်းသာ ပီတိဖြစ်နေတဲ့ စိတ် စေတနာကို အပရစေတနာလို့ ခေါ်ကြတယ် မဟုတ်ပါလား။ အဲဒီ ပီတိစိတ်တွေကို ခွါပြီး အဲဒီ စိတ်တွေရဲ့ မမြဲခြင်း သဘောကို ရှုရင်တော့ ဝိပဿနာကုသိုလ်ထိ ဖြစ်နိုင်ပါတယ်။ အဲဒီလို ဖြစ်ပေါ်နေတဲ့ ပီတိကို ပယ်ခွါပြီး မမြဲခြင်း သဘောကို ဝိပဿနာရှုလို့ ရဟန္တာဖြစ်သွားသူတွေ အတော် ရှိခဲ့ဖူးကြောင်း သတိယမိသေးတယ်ဗျာ။)

နောက်တစ်ခုကတော့ ကိုယ့်အတွေးတွေကို ရှုထောင့် တစ်ခုကပဲ ကြည့်တတ်ပါတယ်။ လမ်းရိုးအတိုင်းပဲ စဉ်းစားတတ်သူဖြစ်ပြီး အခြားသူ ဘယ်လိုထင်မယ် သုံးသပ်မယ်ဆိုတာတွေ သိပ်တွေးမနေဘူး မစဉ်းစားမိခဲ့ဘူး။ 
ထည့်မတွက်ခဲ့မိဘူး။ စိတ်ညစ်တဲ့ အကြောင်းသာ သိပ်မပြောဖြစ်ပေမယ့် ဝမ်းသာတဲ့အကြောင်းတော့ သိပ်ပြောပြချင်တာ။ ဒါကို ဦးဇင်းတစ်ပါးက သူ့ပိုစ့်တစ်ပိုဒ်မှာ ကျမ ပြောပြထားမိတာလေးကို ဒီလိုလေး ရေးထားတဲ့ သူ့အမြင်တွေကို တွေ့ရ ဖတ်ရပါတယ်။

တန်ဖိုးလှ။ (တစ်ခုခုတော့ လုပ်စေချင် http://www.myozarni.com/2010/01/blog-post_6798.html)

သိတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် သူ့ပိုက်ဆံကို တန်ဖိုးထားရုံ (ကပ်စေးနည်းဟုမသုံးပါ) သာမက၊ သူလုပ်ထားတဲ့ ကုသိုလ်တွေကိုလည်း အရမ်းတန်ဖိုးထားပါတယ်။ နောက်ပြီး တရားတွေ တော်တော်သိ နေလို့လားမသိ သူလုပ်ထားတဲ့ ကုသိုလ်တွေကို (ကြွားတာမျိုးမဟုတ်ဘဲ) ၀မ်းမြောက်ဝမ်းသာ ပြောတတ်၊ သူများကိုလည်း သာဓုခေါ်စေတတ်ပါတယ်။
မှတ်မှတ်ရရ တခါတုန်းက သူများက သူမကို အအေး(အိတ်နဲ့ထည့်ပေပြီး)တိုက်လိုက်ပါတယ်။ အဲဒီအအေးကို သူမက မသောက်ချင်ဘူး(မတည့်တာလည်း ပါမယ်)ပေါ့။ ပေးတဲ့သူရဲ့ ရှေ့မှာ လွှင့်ပစ်ဖို့ကလည်း မကောင်းတာမို့ လွှင့်ပစ်ရမယ့် နေရာကို ရွေးချယ်ရင်း ဒီအတိုင်း လက်ထဲမှာ ပါလာခဲ့တယ်။ အဲဒီနောက် လမ်းဘေးက အလှူခံတစ်ယောက်က (သူတောင်းစားဟု မသုံးပါ) သူမ လက်ထဲက အအေးထုတ်ကို မြတ်မြတ်နိုးနိုးနဲ့ ကြည့်နေလို့ သူမက ၀မ်းသာကြည်နူးစွာနဲ့ (အမှိုက်ပုံးထဲ ထည့်မယ့်အထုပ်ကို) ငါ့လက်ကလွတ် ပြီးရော သဘောမျိုးမဟုတ်ဘဲ ကြည်ကြည်နူးနူး ၀မ်းမြောက်ဝမ်းသာနဲ့ ပေးလှူခဲ့ပြီး။

သူမ လှူခဲ့တဲ့ အလှူကို ဧရာမ အလှူကြီးတစ်ခုအလား သဘောထားကို သူတပါး(မိမိ)အား သာဓုခေါ်စေ၊ ၀မ်းမြောက်စေခဲ့ပါတယ်။ အဲဒီအမျိုးသမီး ချမ်းသာပါတယ်။ ပစ္စည်းဥစ္စာရော ကုသိုလ်ရောပေါ့။ တန်ဖိုးထားတတ်ပုံကို ပြောတာပဲ။ တန်ဖိုးထားတာနဲ့ အမျှ ကုသိုလ်တွေ ပိုပြီး ပေါများတတ်ပုံကို ပြောတာပါ။ တန်ဖိုးထားတာနဲ့အမျှ တန်ဖိုးရှိတော့ တာပါပဲ။

မူရင်း ဖြစ်စဉ်လေးက ....။
ကျမရဲ့ အားနည်းချက်တစ်ခုက (ဝါသနာတစ်ခုက) တစ်ပါးသူက ကူညီပါဆိုရင် သိပ်ကူညီချင်တာ။ ဒါတွေကြောင့် တနေ့မှာ အသိမိတ်ဆွေတစ်ယောက် အကူအညီတောင်းလို့ သွားကူညီဖြစ်တယ် ဆိုပါတော့။ မိတ်ဆွေက အအေးတိုက်ပါတယ်။ ကျမကလည်း အချိန်သိပ်မရတော့ သူက အအေးကို အထုပ်နဲ့ ထည့်ပေးလိုက်ပါတယ်။ ခက်တာက ကျမက လည်ချောင်း မကြာခဏ နာတတ်သူမို့ အေးစက်နေတဲ့ ပက်ပ်စီကိုလာကို ဘယ်လိုမှ မသောက်နိုင်ပါ၊ မိတ်ဆွေကျေနပ်အောင်တော့ ယူခဲ့ရတာပေါ့။ သူ မမြင်ကွယ်ရာ ရောက်မှပဲ အမှိုက်ပုံးထဲ စွန့်ပစ်တော့မယ်ဆိုတဲ့ စိတ်ကူးလေးနဲ့။ ဒါနဲ့ တပြိုင်တည်းမှာ နောက်စိတ်တစ်ခု ဖြစ်ပေါ်လာပြန်ပါတယ်။ စိတ်တွေကလည်း အဆန်းသား။ အခုနေများ ဒီဖျော်ရည်ကိုမှ သိပ်သောက်ချင်တဲ့ သူတွေများရှိလို့ သူတို့ကို ပေးလှူလိုက်ရရင် ကောင်းမှာပဲဆိုတဲ့ အတွေးက ဝင်လာပြန်တယ်။ တခါတလေမှာ ကိုယ်က ဘယ်လိုမှ အလိုအပ်ကြီး လိုအပ်နေတာ မဟုတ်ပေမယ့် တနေရာရာမှာတော့ သိပ်ကို တန်ဖိုးရှိနေတယ်မဟုတ်လား။

ကားမှတ်တိုင်ကို ဖျော်ရည်ထုပ်လေး ဆွဲလာမိရင်း စိတ်ကလည်း စဉ်းစားနေမိတယ်။ 
လမ်းထောင့်အကွေ့ရောက်တော့ နီဂရိုးကလေးငယ် လေးယောက် ပြေးလွှားဆော့ကစားရင်း ကျမ ဘက်ကို လာနေကြတယ်၊ အငယ်ဆုံးကလေးငယ်က ကျမလက်ထဲက အအေးထုပ်လေးကို မျက်စိရောက်နေခဲ့ပါတယ်။ ကျမကို တလှည့်၊ အအေးထုပ်ကို တလှည့် ကြည့်လို့ပေါ့။ သူများ သောက်ချင်နေမလား၊ ငါတိုက်လိုက်ရင် ကောင်းမလား စဉ်းစားနေတုန်း လက်က လှမ်းပေးမိခဲ့ပြီ။ ဖျော်ရည်ထုပ်လေးကို ပျော်ရွှင်စွာ တပြုတ်ပြုတ်နဲ့ စုပ်သောက်နေတဲ့ နီဂရိုးကလေးငယ်ကို ကြည့်ရင်း ကြည်နူးမိတဲ့ စိတ်တွေက တဖွားဖွားနဲ့ပါ။

ဒါ့အပြင် အခုတလောမှာလည်း နေ့စဉ် သတင်းနဲ့ မပြတ်မလပ် နေထိုင်ရတဲ့ဘဝ၊ သဘာဝကြီးကို လူတွေက အမှုမဲ့ အမှတ်မဲ့ ပစ်ထားတော့ သူက စိတ်ကောက်ပြလိုက်တာ လူသားတွေ ဗြောင်းဆန်ကုန်ကြပါတယ်၊ တီထွင်ဖန်တီးမှုတွေကို သဘာဝတရားတွေကများ ပြန်လည် ဒဏ်ခတ်နေပြီလား။

ဟောကြည့် .....။ အခုပဲ စိတ်က ဂျပန်နိုင်ငံရဲ့ ပြည်ဖျက်ငလျင်ဘေးတွေဆီကို ရောက်သွားပြန်ပြီ။ 
ဆက်တွေးမိတော့ ဂျပန်နိုင်ငံဟာ ကျမအတွက်တော့ ကျေးဇူးအင်မတန် များပါတယ်၊ အရင့်အရင်ကလည်း ဂျပန်နိုင်ငံကို အမှီပြုလို့ ကျမတို့မိသားစု ထမင်းစားခဲ့ရတာပါ။ အခုလည်း အမျိုးသား လုပ်စာကို ထိုင်စားနေရတာဆိုတော့ ခင်ပွန်းသည်ရဲ့ ကျေးဇူးတွေက ရှိပြန်ပါတယ်။ ဒီလိုစိတ်တွေကြောင့်ပဲ ဖြူစင်သော စိတ်ထား၊ ကြည်လင်သော နှလုံးသားနဲ့ ကျမရဲ့ အမျိုးသားတစ်ဦးတည်းတင်မကပဲ ဂျပန်တစ်နိုင်ငံလုံးကို ဘေးအန္တရာယ်အပေါင်းမှ လွတ်ကင်းပါစေ ကြောင်း ဆုတွေ တောင်းမိတာ အကြိမ်ကြိမ်ပါ။

ရေထဲရှိသော အစောင့်အရှောက်များအား၎င်း၊ ဂျပန်ကျွန်းကြီးကို စောင့်ရှောက်တော်မူသော ကျွန်းစောင့် နတ်မင်းကြီးနဲ့ အပေါင်းအပါများအား၎င်း၊ လောကအကျိုးကို လိုလားကာ စောင့်ရှောက် လှည့်လည်နေကြသော အစောင့်အရှောက်အပေါင်းတို့အား၎င်း၊ မေတ္တာပို့သကာ အကူအညီ တောင်းမိပါတယ်။
ဓမ္မစကြာတရားတော်နှင့် ပဋ္ဌာန်းဒေသနာတော်ကြီးကိုလည်း (သိပ်မကျန်းမမာဖြစ်ချိန်မှလွဲ၍) အမြဲမပြတ် အနက်အဓိပ္ပါယ်များကို အာရုံပြုကာ ရွတ်ဖတ်ပူဇော်နေသော ကုသိုလ်တွေလည်းရှိပါတယ်။ ဒီလိုကုသိုလ်တွေ ကို ဖြူစင်သော စိတ်နဲ့ ပြုလုပ်မြဲဖြစ်တာကြောင့် သစ္စာဆိုကာ ဘေးအန္တရာယ် ထပ်မံမကျ ရောက်ပါစေနဲ့၊ ရင်ဆိုင်နေရသော ဘေးဆိုးအပေါင်း အခက်အခဲအပေါင်းကို ကျော်လွှားနိုင်ပါစေသားလို့ သစ္စာဆိုမိတာ အခါခါပါ။

ဂျပန်ငလျင်အတွက် ရတက်မအေးဖြစ်နေစဉ် (၁၃)ရက်အကြာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားများ နေထိုင်ရာဒေသမှာ ငလျင်လှုပ်ပြန်တယ်၊ ဘန်ကောက်မြို့ဆိုတာကလည်း တချိန်မှာ ရေအောက်ရောက်မယ့် မြို့ထဲမှာ ပါတယ်လို့ ဆိုကြပြန်တယ်။ ဘယ်လိုဘယ်ပုံကြောင့် ရေထဲရောက်မည်မသိ။ ဒီလိုအချိန်မှာ မိမိတစ်ဦးတည်း အဖြစ်ဆိုးတွေကို ရင်ဆိုင် ကိုယ်တိုင်ကြုံခဲ့ရမယ်ဆိုရင် ဖြူစင်သော စေတနာ၊ စင်ကြယ်သော ကုသိုလ်များကို မသေခင်လေးမှာ ပိုမိုလုပ်ပြီး ကျေကျေနပ်နပ်ကြီးပဲ ရင်ဆိုင်လိုက်မယ်လို့ တွေးနေမိတယ်။ ကုသိုလ်တွေကို အသက်ရှည်ပါစေဆိုတဲ့ ဖြစ်ပါစေကြောင်း စိတ်နဲ့တော့ မတွေးမိ မပြုမိ။ သေတဲ့အခါ ကုသိုလ်တွေကိုသာ သယ်သွားချင်မိတယ်။ ဒီကုသိုလ်တွေသည်လည်း ဖြူစင်သော စင်ကြယ်သော ကုသိုလ်လေးတွေ ဖြစ်ချင်မိပြန်တယ်။  
(ဓမ္မအရ ဘုန်းဘုန်းပြောပြတာက-လူတွေ မနေရလို့ သေကြတဲ့အခါ သူပြုထားတဲ့ ကုသိုလ်၊ အကုသိုလ်က လွဲလို့ ဘာမှ ပါမသွားဘူး။ ယူမသွားနိုင်ဘူး။ ကုသိုလ်ကို တတ်အားသမျှ များများ ပြုသင့်တယ်ဆိုတဲ့ အဆုံးအမ ဒေသနာတော်နှင့်ညီပါတယ်။)

အတွေးတွေက လွှင့်လွှင့်မျောမျော။
“သဘာဝအားဖြင့် ဂိမန္တ (နွေဥတု)မှာ အေးချမ်းတဲ့ ဟေမန္တ (ဆောင်းဥတု)လို အေးချမ်းလှတဲ့အတွက် မမြဲတဲ့ အစိုးမရတဲ့ သဘောတွေကို ပြနေတဲ့ ဒီနေ့ ဧပြီလ(၂)ရက်နေ့ဖြစ်ပါတယ်”။
****************************************************************************
ဒီပိုစ့်လေးမှာ အထူး အဓိက အားဖြည့်တည်းဖြတ် ဆုံးမလမ်းညွှန်ပေးပါသော 
ဘုန်းဘုန်းဥာဏ် http://dhammawisdom.blogspot.com/ ကို 
ကျေဇူးတင်စွာဖြင့်
ဘန်ကောက်မြေမှ ရိုသေစွာဖြင့် ရှိခိုးဦးချကန်တော့ပါတယ်ဘုရား။

လွန်ခဲ့သော (၂၂)နှစ်မှာ ကွယ်လွန်သွားတဲ့ ကျေးဇူးရှင် ဖခင်နှင့် 
(၁၃)နှစ်က ကွယ်လွန်သွားသော ကျေးဇူးရှင် အဘွားတို့အတွက် 
ရည်စူး၍ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နေချိန်မှာ ဒီပိုစ့်လေးကိုရေးဖြစ်ခဲ့ပါတယ်။


တိုက်တိုက်ဆိုင်ဆိုင်
ဒီလမှာ မွေးနေ့ပိုင်ရှင်ဦးဇင်းတစ်ပါးဖြစ်သော
အရှင်ပညာ (http://www.myozarni.com/) ကိုလည်း
မွေးနေ့အထိမ်းအမှတ်အနေနဲ့ တောင်းဆိုမိန့်ကြားတာကြောင့်
ဒီစာစုလေးကို အီးမေးပေးပို့ထားပြီးဖြစ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
အတွေးများနေတဲ့ ခရစ္စတလ်

2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

လှူချင်တဲ့စိတ် ရှိတဲ့အချိန်မှာ လှူနိုင်ခွင့်ရတာဟာ အင်မတန်မှ ကံကောင်းပါတယ်.. အချို့များ လှူချင်စိတ်ရှိတောင်မှ လှူဖွယ်ပစ္စည်းမရှိခြင်း၊ လှူဖို့ငွေကြေး မပြည့်စုံခြင်း၊ အလှူခံပုဂ္ဂိုလ်နဲ့ မကြုံကြိုက်ခြင်းတို့ကြောင့် မလှူရတာတွေ ရှိပါတယ်
ဒါကြောင့် လှူဖို့အခွင့်ကြုံ လှုလဲ လှူနိုင်ချိန်မှာတော့ တတ်နိုင်သလောက် လှူသွားဖို့ကြိုးစားမိပါတယ်
စိတ်ရှိတိုင်း လှူနိုင်ပါစေ..

crystal said...

ကျေးဇူးပါ ချောရေ၊ အစ်မ ကြိုးစားပါ့မယ်။
အမှန်တော့ အစ်မက သိပ်လှူတန်းရတာ ဝါသနာပါလှချည်းတော့ မဟုတ်ဘူး။ အချိန်တစ်ခုမှာ ဖြစ်ပေါ်ခိုက်လေး စိတ်က တအားသဒ္ဓါမှုဖြစ်လာရင်တော့ ပြုဖြစ်လိုက်တာပါပဲ။
ဒီပိုစ့်လေးကို လာဖတ်သူတော့ ပျင်းကြမယ်လို့ ထင်ပါတယ်။
အစ်မကတော့ ကိုယ့်ခံစားချက်နဲ့ ကိုယ့်အတွေးနဲ့မို့ ပျော်လို့ ..... မောလို့ .....ပေါ့။