သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, April 10, 2011

ဆေးမိတဲ့ နှင်းဆီ

ကျမတို့သူငယ်ချင်း နှင်းဆီတစ်ယောက် လူ့ဘဝကို မရောက်ခင် သူမကို ကိုယ်ဝန်လွယ်ထားစဉ်မှာပဲ ဖခင်ဖြစ်သူက နောက်အိမ်ထောင်ပြုပြီး အနောက်နိုင်ငံတစ်ခုကို ထွက်သွားပါပြီ၊ မိခင်ဖြစ်သူကလည်း သစ္စာမရှိတဲ့ ယောက်ျားရဲ့ ကလေးကို မမွေးမြူနိုင်ဘူးဆိုတဲ့ အသိနဲ့ သူမအမျိုးသား၏ အဖေ အမေတို့ လက်ထဲ မွေးကင်းစ ကလေးငယ်ကို အပ်ခဲ့ပြီး နိုင်ငံရပ်ခြားကို အပြီးတိုင် ထွက်သွားခဲ့ပြန်ပါတယ်။ ဒါကြောင့် နှင်းဆီ စကားပြောတတ်စအရွယ်မှာ အဘိုးနဲ့ အဘွားကို ဖေကြီး မေကြီး ခေါ်ဆိုရင်း ကြီးပြင်းခဲ့ရပါတယ်။ အဘိုးအဘွားများက စီးပွါးရေးအလွန်ကောင်းတဲ့အတွက် နှင်းဆီဘဝမှာ မိဘမေတ္တာမှ အပ ကျန်တာ အားလုံးပြည့်စုံသူတစ်ဦးဖြစ်ခဲ့ပါတယ်။ နှင်းဆီရဲ့ စိတ်ထဲမှာတော့ ပြည့်စုံမှုဆိုတာတွေထက် မိဘမေတ္တာကို ပိုလိုလားတောင့်တနေပါတယ်၊ ငတ်မွတ်နေပါတယ်။ တခြားတဖက်ကလည်း သူမ ဖခင်ကို စိတ်နာနေခဲ့ပါတယ်။ မသိစိတ်နဲ့ ယောက်ျားတွေကို နိုင်ထက်စီးနင်းပြောတယ်၊ သူ့ကြောင့် ယောက်ျားလေးတွေ အသည်းကွဲရင် သူမက ပျော်နေတယ်။ သူ့စိတ်ထဲမှာ ယောက်ျားတစ်ယောက်အတွက် ပတ်သက်ရင် ဘာခံစားမှုမှ မရှိအောင်နေခဲ့ပါတယ်။ သူမအသည်းခွဲဖို့ ပစ်မှတ်ထားတဲ့ ယောက်ျားတွေကို ကြည့်လိုက်ရင် ချမ်းသာသော၊ ရုပ်ချောသော၊ စာတော်သော ယောက်ျားတွေသာဖြစ်ပါတယ်။ 

မိဘမေတ္တာငတ်ခဲ့တဲ့ နှင်းဆီကို အဘိုးအဘွားများကလည်း အသနားပို အလိုလိုက်ခဲ့မိတာတွေကြောင့် သူတို့မှာ အပြစ်မကင်းဘူးဆိုပြီး ယူကျုံးမရဖြစ်ရပါပြီ။ ပတ်ဝန်းကျင်က ယောက်ျားလေးတွေကတော့ သူ့ကို ဝဋ်လည်တယ်လို့ ကဲ့ရဲ့ကြတာပေါ့။ 

စနေသမီးပီပီ ဒေါသခပ်ကြီးကြီး၊ လောကအလယ် စရောက်လာကတည်း ခံပြင်းစရာကောင်းတဲ့ မိဘမဲ့ဖြစ်ရတဲ့ ဘဝ။ မိဘမေတ္တာတွေရလို့ ပြည့်စုံနေတဲ့ သူမှန်သမျှ သူမ မကျေနပ်။ ယောက်ျားတွေရဲ့ စိတ်ကို ဘယ်တော့မှ ယုံကြည်မှုမရှိ၊ အထင်သေးမုန်းတီးစိတ်တွေက ရင်မှာ ကိန်းအောင်းနေပါတယ်။ ဒါကြောင့် သူ့လို ဒေါသကြီးသော ယောက်ျားတစ်ယောက်၏ လက်စားချေခြင်းကို ခံလိုက်ရတာပါ။ ကံဆိုးတဲ့ အဲဒီနေ့မှာ သူငယ်ချင်း“ဆောင်း”ရဲ့ အိမ်ကို စာအုပ်သွားပေးဖို့ လာခဲ့တော့ ဆောင်းတို့ တအိမ်လုံးအပြင်သွားနေကြပါတယ်။ အနီးအနားမှာ ခဏရပ်စောင့်ရင်း ဆယ်တန်းကျူရှင်တက်ခဲ့စဉ်က သူမကို အရိပ်သုံးပါးနားမလည်စွာ ရည်းစားစကားလိုက်ပြောသူရဲ့ အိမ်က ခပ်လှမ်းလှမ်းမှာ။ တကယ်ဆို သူမ ပစ်မှတ်ထားတဲ့ ယောက်ျားတွေက အသည်းကွဲလည်း သူတို့ဘဝကို သူတို့ ရပ်တည်နိုင်ပါတယ်၊ ဒီတစ်ယောက်ကျတော့ သူ့အမေက သတင်းစာအဟောင်းတွေလိုက်ဝယ်တဲ့ ဈေးသည်၊ မိဘကလည်း မပြည့်စုံ။ သူကလည်း စာမကြိုး၊ သူမကလည်း မချစ်နိုင်၊ ယောက်ျားယူဖို့လည်း စိတ်ကူးမရှိ၊ မတော်လို့ အသည်းကွဲသည်ရှိခဲ့သော ဒီလူပဲ ခံစားနေရမှာ။ ဒါကြောင့်သူမကို ဘယ်လိုမှ မချစ်နိုင်အောင် နစ်နစ်နာနာစကားလုံးများနဲ့ ပြောထားခဲ့ပါတယ်။ အဲဒီနောက်တော့ ကျူရှင်ကလည်း ပျောက်၊ ဆယ်တန်းလည်း မဖြေ၊ ဘယ်ရောက်နေမှန်းတောင် မသိ။ အခုမှ တိုက်တိုက်ဆိုင်ဆိုင် သူ့အိမ်ရှေ့မှာ ဘသားချောက အခန့်သားထိုင်လို့။ 

ကံတရားလို့ပဲ ဆိုရမလား၊ ကံဆိုးမသွားရာ မိုးလိုက်ရွာတာပဲလား။ 
အဖျားပျောက်ကာစ အားနည်းနေတဲ့အချိန်မှာ မိုးက ရွာတယ်၊ ထီးက မပါ၊ သူငယ်ချင်း“ဆောင်း”က ပြန်မလာသေး။ ဒီအချိန် သကောင့်သားလေးက သူ့အိမ်(ကျူးကျော်အိမ်ကလေး)ကို ဖိတ်ခေါ်ပြီး အိမ်ရှေ့မှာ ထိုင်စောင့်ဖို့ ဖိတ်လာပါတယ်။ နွမ်းပါးသူဆိုတော့ သူမကို စာနာသည်ဟု ထင်မှတ်ခဲ့ ယုံကြည်မိခြင်း၊ သူတို့အိမ်အနီးမှ အအေးပုလင်းဝယ်ယူတိုက်ခြင်းကို သောက်မိခြင်းက သူမဘဝ ပျက်စီးစေခဲ့ပါပြီ။ အအေးသောက်မိချိန်မှ စ၍ ခေါင်းထဲမှာ ပိုမူးလာပြီး အရာအားလုံးကို သိနေရက်နဲ့ ရုန်းကန်နိုင်စွမ်းအားကုန်နေပါတယ်။ သူမ အော်သော်လည်း အသံက မထွက်၊ မသိတချက် သိတချက်နဲ့။ သူမ နားထဲ ကြားနေတဲ့ စကားသံကတော့ “လူကြားထဲ အရှက်ခွဲတဲ့ ကောင်မ နင့်ကို လက်စားချေရမယ်”ဆိုတဲ့ အသံတွေပဲဖြစ်ပါတယ်။

သူငယ်ချင်း“ဆောင်း”ရောက်လာတဲ့အချိန်မှာတောင် သူမ ကောင်းကောင်း သတိမရသေး။ အဆိုးဆုံး အခြေအနေတွေ ရင်ဆိုင်ရချိန်မှာ သူမ မငိုနိုင်ပါ၊ ဘယ်သူ့ကိုမှလည်း အကူအညီမတောင်းလိုပါ။ သူမ ဘာဆက်လုပ်ရမလဲ၊ သူမ ဘယ်လိုရင်ဆိုင်မလဲ။ သူမ ဖြစ်ပြီးတဲ့ အဖြစ်အပျက်များကို စဉ်းစားရင်း ဆုံးဖြတ်ချက် တစ်ခုက သေချာခဲ့ပြီ။ 

ဆရာဝန်ထံ ဆေးစစ်ချက်ယူပြီး ဆရာဝန်နဲ့ တိုင်ပင်၊ မိန်းကလေးတစ်ဦး၏ ကိုယ်ဝန်ရရန် အချိန်နဲ့ တိုက်ဆိုင်နေချိန်။ ရာဇဝတ်သားရဲ့ မိခင်က ရှိခိုးမတတ်တောင်းပန်မှု၊ မမြင်ရသေးသော လူဖြစ်လာတော့မယ့် အပြစ်မရှိတဲ့ ကလေးငယ်အတွက် လောကဓံကို အန်တုလို့ ဒီလူကို မြို့နယ်တရားရုံးမှာပဲ လက်ထပ်ခဲ့ပါတယ်။ ရဲစခန်းမှာ သူမ ကိုယ်တိုင် အမှုဖွင့်တိုင်ကြားခဲ့တာကိုလည်း အမှုပိတ်လိုက်ပါတယ်။ မမြင်ရသေးတဲ့ ရင်သွေးငယ်အတွက် မိခင်တယောက်ရဲ့ စိတ်၊ မိမိရဲ့အဖြစ်တို့နဲ့ ကိုယ်ချင်းစာမိကာ ငါ့ရင်သွေးမှာ မိဘမဲ့မဖြစ်စေရဘူးဆိုတဲ့ အသိတွေကပဲ ပတ်ဝန်းကျင်၏ ကဲ့ရဲ့ပြစ်တင်ဝေဖန်မှုတွေကို အန်တုနိုင်ခဲ့ပါတယ်။ 
(သူမ ဒီလိုဆုံးဖြတ်လိုက်တာကို သိရတော့ နဂိုကတည်းက ကျမက သူမရဲ့ စာတော်တာတွေ ထက်မြက်တာတွေကို အားကျနေတာ၊ အခု မမြင်ရသေးတဲ့ရင်သွေးအတွက် ရဲဝံ့တဲ့ မိခင်စိတ်ဓာတ်ကို လေးစားမိတာ မျက်ရည်တောင် ဝဲမိပါရဲ့။)

ငါးနှစ်ခန့်ကြာသော်....။

နှင်းဆီတစ်ယောက် သမီးငယ်လေးကို လက်ဆွဲလို့ စီးပွါးရေးကို ရုန်းကန်ရင်း ဘဝတိုက်ပွဲကို ကြံ့ကြံ့ခံ အန်တုဖြတ်ကျော်ခဲ့ပါတယ်။ သူ့ယောက်ျားကတော့ ကလေးတစ်နှစ်သမီးအရွယ်မှာ ကြေးစားမိန်းမတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာပြီး သောင်းကျန်းလို့ နှင်းဆီနဲ့ အပြီးတိုင် လမ်းခွဲခဲ့ကြပါပြီ။ နှင်းဆီရဲ့ အဘွားကတော့ နှင်းဆီအဖြစ်ဆိုးတွေ ရင်ဆိုင်နေချိန်မှာပဲ အိပ်ယာထဲ လဲကာ အသက်ဆုံးတဲ့အထိဖြစ်ခဲ့ပါတယ်။ အဘိုးကတော့ အဘွားဆုံးပြီးနောက်ပိုင်း ရဟန်းဝတ်သွားခဲ့ပါပြီ။ နှင်းဆီရဲ့ ဘဝမှာ ကံအကောင်းဆုံးက သူငယ်ချင်းတွေရဲ့ ကူညီရိုင်းပင်းမှုတွေပါ၊ သူငယ်ချင်းတွေဘေးနားက ဝိုင်းဝန်းအားပေးခဲ့တာကြောင့် စိတ်ဓာတ်ခွန်အားတွေနဲ့ ဘဝကို ရဲရဲဝံ့ဝံ့ရင်ဆိုင်သွားနိုင်ခဲ့ခြင်းဖြစ်ပါတယ်လို့ သူမက သူငယ်ချင်းတွေကို ကျေးဇူးစကားဆိုပါတယ်။ 
 “ငါ့ဘဝကို ပြောပြ၊ င့ါအမှားတွေက သင်ခန်းစာယူပြီး 
ဘဝကို မနစ်မွန်းစေရအောင် အမျိုးသမီးငယ်လေးတွေကို နင်ပြောပြပေးဟာ”
(နှင်းဆီ)

ကျမနဲ့ နှင်းဆီ
ကျမက သူမ စာတော်တာ၊ ဥာဏ်ကောင်း ထက်မြက်တာတွေကို သိပ်အားကျခဲ့တာဖြစ်ပြီး၊ သူမက ကျမကို ဖခင်မေတ္တာအပြည့်အဝရတဲ့သမီးမို့ မကျေမနပ်တွေဖြစ်နေရင်းက ပျော့စိစိနိုင်လှတဲ့ ကျမရဲ့ စိတ်ဓာတ်တွေကို သူမက ဂရုဏာသက်ခင်မင်ခဲ့တာ ယနေ့တိုင်ဖြစ်ပါတယ်။ 

လေးစားစွာဖြင့်
crystal

အဖြစ်အပျက်များက ဖြစ်ရပ်မှန်ဖြစ်ပါသဖြင့် နှင်းဆီအမည်ကို အငှားသုံးထားပါတယ်။ နာမည်တိုက်ဆိုင်မှုများရှိခဲ့ပါလျှင် ခွင့်လွှတ်ပါရန် အထူးတောင်းပန်ပါတယ်နော်။ အအေးပုလင်းထဲကို ထည့်တဲ့ ဆေးကိုတော့ မဖေါ်ပြပေးတော့ပါဘူး အတုခိုးမှားမှာစိုးလို့ဖြစ်ပါတယ်။

6 comments:

Angelhlaing(May everybody be happy and healthy! said...

ဘဝထဲက မှတ်သားစရာ ပညာပေးလေးတွေနဲ့ အတူ ခံစားအား ပေးသွားလျှက်ပါမမ...
ကောင်းသောနေ့လေးဖြစ်ပါစေ။

မေသိမ့်သိမ့် ကျော် said...

တကယ့်အဖြစ်အပျက်ကလေးဆိုတော့ နှင်းဆီတို့ မိသားစုအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ လူတွေရဲ့ စိတ်ကလေးတွေကို လှစ်ဟပြနေတဲ့ စာကောင်းလေး တစ်ပုဒ်ကို ဖတ်ရလို့ ကျေးဇူးတင်မိပါတယ်ရှင်။


အခုမှ အသစ်လုပ်နေတဲ့ ဆိုက်လေးမှာလည်း ပို့စ်လေးတွေ လာရောက်မျှဝေပေးဖို့ ဖိတ်ပါတယ်ရှင်။
www.moba4all.org ပါ။ အမည်ကတော့ Myanmar Online Bloggers Association ပါရှင်။ တစ်တပ်တစ်အား ပါဝင်ပေးဖို့ ဖိတ်ပါတယ်ရှင်။

ခင်မင်လေးစားလျက်
မေသိမ့်သိမ့်ကျော်
www.moba4all.org

rose said...

ဘလော့ဂ်တွေ လျှောက်လည်ရင်း အမှတ်မထင် ရောက်လာပါတယ်။ နာမည်ကို စိတ်ဝင်စား သွားတာလည်း ပါတာပေါ့။ အဖြစ်မှန် ဇာတ်လမ်းလေး ဆိုတော့ မနှင်းဆီ သနားပါတယ်။ ဒါပေမယ့် ဘ၀ကို ရဲရဲရင့်ရင့် ရင်ဆိုင်နေတာ သတ္တိကောင်းတယ်။ ပျော့ညံ့တဲ့ သူသာဆို သူ့နေရာမှာ ကိုယ်ကိုယ်ကိုယ် သတ်သေ သွားမလားပဲ။ အနိုင်ကျင့် ခံရပြီး ရွေးချယ်ခွင့် မရှိ အိမ်ထောင်ကျ ရတယ်၊ အဲ့ ယောက်ျားကလည်း ကောင်းကောင်းမွန်မွန် မနေ။ အင်း... ဖြစ်ရပ်မှန်တွေက စိတ်ကူးယဉ် ဇာတ်လမ်းတွေထက် ဆန်းကြယ်တာ အမှန်ပဲ။

ခနွဲ said...

မနှင်းဆီ ဘ၀ က သနားစရာ။ ကိုယ်ဝန်ရှိတဲ့ အချိန်မှာ ရင်သွေးအတွက် ဘ၀ကို ရင်ဆိုင်တာတွေ့တော့ မိန်းကလေးတွေရဲ့ မိခင်မေတ္တာကို ပိုလေးစားသွားတယ်

ရိုးရိုး said...

ရဲရဲလေးနီ
အို နှင်းဆီ
ယာယီလှိုင်းဒဏ်
ခံပါကွယ်

crystal said...

နှင်းဆီနဲ့ ပတ်သက်ပြီး Findings (တွေ့ရှိချက်လေးများ)တစ်ခု ရေးဖို့ စဉ်းစားနေပါတယ်၊

ခင်တယ်ဆိုရင် comment မှာ ရေးပေးသွားဖို့ တိုက်တွန်းပါရစေနော်။