သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Saturday, December 10, 2011

တိုလီ ထွာလီ (ဘာသာရေး)

ဒီနေ့ “နတ်တော်လပြည့်နေ့” မှာ ပိုစ့်ရေးဖို့ ကျန်နေသေးတဲ့ အပိုင်းကို ဆက်ရေးဖို့ စိတ်ပါနေတယ်၊ ဥပုသ်သီလ လည်း မကျိုးတော့ဘူးပေါ့။ တိုလီ ထွာလီ ခေါင်းစဉ်အောက်မှာပဲ ရေးဖြစ်တာကတော့ ရေးမယ့် အပိုင်းအစတိုထွာလေးတွေ စုစည်းထားပြီး ပစ်မှတ်ကတော့ တစ်ခုတည်းပါပဲ..... :)

One day Prince Siddhattha went into the garden and saw the four sighs of an old man, a man afflicted with a loath some, a corpse, and an ascetic. He appreciated the last one.(ပိုစ့်ကဒ်မှာပါတဲ့ စာသားလေးဖြစ်ပါတယ်။)

ဘဝမှာ အစစ ပြည့်စုံသော ချမ်းသာမျိုးစုံကို ခံစား စံစားနေသူအဖို့ ဒီလို ခံစားမှုရသတွေအပေါ် အီ..တောက် လာတဲ့ ခံစားမှုမျိုး ဖြစ်နေချိန် ဒီရသတွေနဲ့ မတူတဲ့ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဆိုသော နိမိတ်တွေ တွေ့ရသောအခါ ထွက်ပေါက်လမ်းစ တွေ့သွားသူ ဘုရားလောင်း မင်းသား သိဒ္ဓတ္ထ။

အရမ်းကောင်းတဲ့ ထောပတ်သီးဖျော်ရည်၊ ချိုလွန်းလို့ ခါးတဲ့ ဒူးရင်းသီး၊ အရသာကောင်းလှတဲ့ ဒန်ပေါက်  ဒီအရသာတွေမှာ အီလွန်းလို့ ဆက်မစားနိုင်ဖြစ်ရတာ၊ ဒါမျိုး ကိုယ်တိုင်ဖြစ်တဲ့အခါမှာ မဆီမဆိုင် အလောင်းတော်မင်းသား လောကီစည်းစိမ်မှာ ငြီးငွေ့တာကို သွား သတိရမိသေး။

အောက်တိုဘာလမှာရော နိုဝင်ဘာလမှာပါ အမှတ်မထင် ပြုမိတဲ့ ကုသိုလ်ကောင်းမှုတွေ တော်တော်လေး လုပ်ဖြစ်ပါတယ်။ ထိုကုသိုလ်တွေနဲ့ ပတ်သက်ပြီး အချိန်တိုင်းမှာ ဝမ်းမြောက်နေခဲ့ပါတယ်။ ထိုပီတိတွေက သမာဓိတည်ဖို့ အားပေးတယ်မဟုတ်လား။

အလှူတစ်ခု ပေးလှူပြီးတိုင်း သူများကို ပြောပြတယ်ဆိုတဲ့နေရာမှာ ကိုယ်တိုင် ဘယ်လို ဝမ်းမြောက်ခဲ့တာ
ဘာကြောင့် ဝမ်းမြောက်ရတာ၊ အကြိမ်ကြိမ်ဝမ်းသာနေတာ ဒီလိုပုံစံပေါ်အောင် ပြောနိုင်ရင် ကိုယ်ရော မျှဝေခံရတဲ့သူပါ လိုက်ပါ အတူတကွ ဝမ်းသာနိုင်မယ် ကုသိုလ်ရနိုင်မယ်လေ၊ ဟုတ်ဘူးလား။
ဒီမှာ ကုသိုလ်ဟေ့ အမျှ ယူလိုက်ဆိုတာကတော့ သာဓုသာ ခေါ်လိုက်တာ ဝါးတားတားဖြစ်နေတယ်
စိတ်မှာ တက်ကြွမှုမပါတော့ ကုသိုလ်ဝမ်းမြောက်မှုက လျော့နည်းသွားပါလေရော။
နားထောင်သူအနေနဲ့ သူများကုသိုလ်ကို အလကား လာကြွားနေတယ်ဆိုတဲ့ စိတ်ဝင်လိုက်မိရင်လည်း အဟောသိကံဖြစ်ရတတ်ပါတယ်။ ပြောတဲ့သူကလည်း ကြွားဝါစိတ် မပါစေရဘူးပေါ့နော်။

ခဲအိုတစ်ယောက် ပို့ပေးတဲ့ ပုံလေး ဖြစ်ပါတယ်။ ဘယ်မှာလဲတော့ မသိဘူး။

အောက်တိုဘာလမှာတုန်းက မနက်စောစော မိုးသည်းထဲမှာ ပိဏ္ဍပတ်ဆွမ်း ဆွမ်းလောင်းရတာကို သိပ်စိတ်ချမ်းသာခဲ့တယ်။ ငယ်စဉ်က အဖေနဲ့အတူ ဆွမ်းလောင်းဖူးတဲ့ နံနက်ခင်းဆီ စိတ်တွေ ရောက်လို့။


မုန့်လုံးရေပေါ်မှာ အုန်းသီးမပါတာကတော့ available မဖြစ်လို့ မှတ်ကြပါကုန်။
ပုံထဲမယ် ဇွန်းတွေ ဘယ်ညာလွဲနေတာလည်း mirror ကို ရွေးလိုက်တာ အဲလိုဖြစ်သွားပါတယ် :(

မုန့်လုံးရေပေါ် ကပ်လှူထားပါတယ်။ ကပ်ဘေးဆိုက်ရင် မုန့်လုံးရေပေါ်လှူရတယ်လို့ စာထဲ ဖတ်မိတာလား၊ ငယ်ငယ်က သူများပြောတာ ကြားဖူးထားတာလားမသိပါဘူး၊ ထိုင်းမှာ ရေကြီးနေချိန်နဲ့ တိုးနေတုန်း-ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဒါက တစ်ချက်ပေါ့။
နောက်တစ်ချက်ကတော့ ငွေနစ်မြုပ်မှုရှိနေရင် ငွေပေါ်အောင် စနေနေ့မနက်မှာ မုန့်လုံးရေပေါ် အလုံး(၂၀) လှူရတယ်တဲ့။ ဒါကတော့ စာရေးဆရာသက်နှင်းဆွေ ပြောထားတာလေးပါ။
နောက်ဆုံးအဓိကအချက်ကတာ့ မုန့်လုံးရေပေါ်လုပ်ဖို့ ထိုင်းမှာ မခက်ဘူး အမှုန့်ဝယ်၊ ထန်းညက်ရှိရင် ရပြီ၊
ထန်းညက်ကလည်း ရှိတယ် အမှုန့်ကလည်း ဝယ်ရလွယ်တယ်၊ ကိုယ်တိုင်လည်းစားချင်တယ်
မြတ်စွာဘုရားကိုလည်း ကိုယ်တိုင်ပြုလုပ်သော မုန့်ဆွမ်းကပ်လှူချင်စိတ်လည်း ဖြစ်နေတယ် ဒါတွေစုပေါင်းပြီး မုန့်လုံးရေပေါ်လှူဖြစ်လိုက်ပါတယ်။ ပထမဆုံးကိုယ်တိုင်လုပ်တဲ့ မုန့်လုံးရေပေါ်။

သီတင်းကျွတ်လပြည့်နေ့မှာလည်း ဆွမ်းတော်ကပ်ပါတယ်၊ ထောပတ်ထမင်းနဲ့ သစ်သီးဆွမ်း၊ ရှင်ဥပဂုတ်ကိုယ်တော်ကို ဆွမ်းကပ်ပါတယ်။ လပြည့်နေ့နဲ့ ဗုဒ္ဓဟူးနေ့ တိုက်ဆိုင်မယ်ဆိုရင် အရှေ့တောင်အာရှဒေသကို ဆွမ်းခံကြွတယ်လို့ ဘာသာရေး မဂ္ဂဇင်းတွေမှာ ဖတ်ဖူးပါတယ်။ (ရှင်ဥပဂုတ်ကိုယ်တော် တကယ်ရှိတယ်လို့ မရှိဘူးဆိုတဲ့ ရဟန်းသံဃာတော်များ ရေးထားတဲ့ စာတွေလည်း ဖတ်ဖူးတယ်၊ ရေးတဲ့ ကိုယ်တော်က ဘယ်လိုကိုယ်တော်ဖြစ်တယ်ဆိုတာကို ကြည့်ပြီး မိမိဖာသာ စဉ်းစားဆင်ခြင်ဆုံးဖြတ်လိုက်ပါတယ်)။ ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် “သံဃဿ ဒေမ” သံဃာတော်မြတ်များ၏ ကျေးဇူးကိုရည်မှန်း လှူဒါန်းပါ၏လို့ အာရုံပြုလှူဒါန်းလိုက်ပါတယ်။ 
အဲဒီနေ့က ထူးခြားတာလေး တစ်ခုဖြစ်ခဲ့ပါတယ်။

ရေစကြီးချိန်မို့ ဈေးထဲမှာ သစ်သီးတွေ ရှားကုန်တဲ့ချိန်၊ သစ်သီးလေး သုံးမျိုးနဲ့ ဆွမ်းကပ်လှူရတာမို့ အားငယ်စွာနဲ့ မြတ်စွာဘုရားအမှုးပြုပြီး သံဃာများကို ဆွမ်းကပ်ပါတယ်၊ မျက်နှာငယ်ငယ်နဲ့ပဲ လာအလှူခံပါ့မလားလို့ စိတ်ပူသေးတယ်။ ဒါကြောင့် ဘုရားရှိခိုးရင် တပည့်တော်မကို သနားသဖြင့် အလှူခံကြွပေးတော်မူပါလို့ အားငယ်ငယ်နဲ့ လျှောက်ပါတယ်။ အဓိဋ္ဌာန်လည်း ပြုမိတယ် ဒါနလေး မြောက်တယ်ဆိုရင်လည်း ထူးခြားမှုတစ်ခုခု ထားခဲ့တော်မူပါလို့ တောင်းပန်လျှောက်ထားတယ်။
ဘုရားရှိခိုးပြီးတော့ ဒီလိုလျှောက်ထားတယ်ဆိုတာ မေ့သွားတယ်။ အာရုံတွေက အဲလို။
မနက်သုံးနာရီခွဲလောက်မှာ ဆွမ်းပွဲပြင်ထားတာကို မနက်ခြောက်နာရီလောက်မှာ စွန့်ပါတယ်။
စွန့်တဲ့အချိန် ပန်းကန်ကို လက်လှမ်းယူလိုက်တဲ့အခါ လက်နှစ်ဖက်ခြား အလယ်ကနေ အငွေ့လေးတွေ ပျံ့လွင့်သွားတာကို တွေ့လိုက်ရပါတယ်။ အမွှေးတိုင်ထွန်းတာ ငြိမ်းသွားတာ ကြာလှပါပြီ၊ ခြင်ဆေးလည်း မထွန်းထားပါဘူး။ ဘယ်က အငွေ့လဲလို့ တွေးနေတုန်း ဆုတောင်း အဓိဋ္ဌာန်ကို သတိရတော့မှ ဒါနလေး မြောက်သွားပြီဆိုပြီး အဲဒီတော့မှ ဝမ်းသာလိုက်ရတဲ့ဖြစ်ခြင်း။
(မမြင်ရတဲ့ သူတော်ကောင်းတွေကများ ကောင်းမှုကုသိုလ်အတွက် ကျမကို ဝမ်းသာစေချင်လို့လားမသိ)

လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက အမေတို့ မင်္ဂလာတောင်ညွှန့်အိမ်မှာ ဆွမ်းတော်မနက်အစောကြီး ထကပ်သေးတယ်။ အပျင်းထူတာတစ်ကြောင်း၊ အမေတို့ လုပ်နေတာပဲဆိုပြီး စိတ်ပေါ့တာက တစ်ကြောင်း၊ အလုပ်သွားရမှာက တစ်ကြောင်းနဲ့မို့ မနက်စောစော မထဖြစ်ခဲ့ပါဘူး။ အမေက လာနိုးပါတယ် ထပြီး ဘုရားရှိခိုးဖို့။ သို့ပေမယ့် ကျမကတော့ ဆက်အိပ်ပါတယ် အဲလိုဖြစ်နေတာ တကယ်မဟုတ်ပါ၊ အိမ်မက်မက်နေတာပါ တကယ်ဖြစ်နေတယ်လို့ စိတ်က ထင်နေတာ။ ဘာဖြစ်သလဲဆိုတော့ အမေက အိမ်ရှေ့မှာ ဘုန်းကြီး ကြွတယ် ထထလို့ လှုပ် နှိုးတယ်၊ ဒါနဲ့ တကယ်ပဲ နိုးလာပြီး ယောင်တောင်တောင်နဲ့ မျက်နှာသစ်ပြီး အမေ ခုနက ဘုန်းကြီးကြွတယ်ဆို ဘယ်မှာလဲလို့ မေးတော့ အမေက မပြောပါဘူးတဲ့။ ဒါဆို သမီးကို ဘာလို့ နှိုးလဲ ဘုန်းကြီးကြွတယ်ဆို လို့ ဆိုတော့ မပြောပါဘူးတဲ့ သူတို့ဖာသာ အိမ်ရှေ့မှာ ဘုရားရှိခိုးနေကြတာတဲ့ ဘယ်သူမှ မနှိုးပါဘူးတဲ့။ ကောင်းရော....

အဲဒါနဲ့ တခုခုပဲဆိုပြီး အိမ်ရှေ့လှမ်းကြည့်တော့ ခပ်ဝေးဝေးမှာ သပိတ်လွယ်ထားတဲ့ ရဟန်းတစ်ပါး အိမ်ဘက်ကနေ ကျောခိုင်းလို့ ကြွသွားတာ တွေ့လိုက်ရတယ်။ မနက် သုံးနာရီမထိုးသေးခင် ဘယ်ဘုန်းဘုန်းကများ ဆွမ်းခံကြွမှာလဲဟင်....။ မန္တလေးမှာဆိုရင်တော့ ဖြစ်နိုင်သေးတယ် မန္တလေးမှာ မနက်အစောကြီး ဆွမ်းခံကြွကြတယ်လေနော်။ တကယ်ကိုယ်တွေ့ လက်တွေ့ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဖြစ်ပါတယ်။

နောက် အလှူတစ်ခုကတော့ ထိုင်းကိုလာကြတဲ့ ရဟန်းတော်အားလုံးကို လက်ခံထားတဲ့ ဘုန်းကြီးကျောင်းက ကထိန်အလှူပါ။ ကထိန်မှာ ဆွမ်းတစ်ဝိုင်းကို ဘတ်(၅၀၀)တန်ဖိုးရှိပါတယ်။ အလှူခံကောက်တဲ့ ညီမတစ်ယောက်ကို အစ်မ ဘုန်းကြီးကျောင်းမှာ လိုနေတဲ့နေရာလေး တခုခုရှိရင်ပြော လှူချင်တယ်လို့ ပြောထားတယ် မထင်မှတ်ပဲ ရေတွေကြီး လူတွေ ပြန်သွားလိုက်ကြတာ၊
ကထိန်မှာ လှူမယ့်သူတွေနဲကုန်တယ်။ ဒကာ ဒကာမတွေ ဒုက္ခရောက်တော့ ဘုန်းကြီးတွေ တိုက်ရိုက်ထိခိုက်ကုန်တာပေါ့။ ဒါနဲ့ပဲ ဆွမ်းတစ်ဝိုင်းစာကို လှူဖြစ်လိုက်တယ် တခြားလိုတာတွေထက် လောလောဆယ်မှာ ရဟန်းတော်တွေ ဆွမ်းကိစ္စ အရေးကြီးနေပြီ မဟုတ်လား။
ဆွမ်းကပ်တဲ့နေ့က ငွေကောက်ပြီး သွားလှူပေးတဲ့ ညီမက ဖုန်းဆက်ပြောတယ် သာဓုခေါ်ဖို့။
အိမ်ပြောင်းနေလို့ ကိုယ်တိုင်ကတော့ မသွားနိုင်ခဲ့ပါဘူး၊ မဟုတ်ရင် ကြောင်ဖြူများရှင်နဲ့ အဲ့မှာ ဆုံနေအုံးမယ် :D။ အလှူဓာတ်ပုံတွေ ဒီလင့်လေးမှာ ကြည့်ပါနော်၊ သူများပိုစ့်ကို ခွင့်မတောင်းပဲ လင့်လိုက်ပါတယ် :))
အဲဒီညီမ လှူနေတဲ့အချိန်မှာ စိတ်ထဲမှာ ဒီနေ့ အလှူထင်တယ်ဆိုပြီး မှန်းပြီး ဒီလိုကုသိုလ်လေးကိုလည်း မနက်စောစောဘုရားရှိခိုးတုန်းက အမျှဝေနေမိသေးတယ်။

အမှတ်မထင်လှူဖြစ်တာကတော့ ဓမ္မကထိကဆရာတော်နှစ်ပါးနဲ့ လက်ထောက်သံဃာတစ်ပါး အားလုံးသုံးပါးကို နေ့ဆွမ်း (လူအနည်းငယ်ရှင်းပြီး စားသောက်ဖွယ်များ အစပ်များခြင်းကို  ရှောင်လိုသောကြောင့် လေဆိပ်က ဂျပန်စားသောက်ဆိုင်တစ်ခုမှ ကပ်လှူဖြစ်ခဲ့တာပါ။.

နယ်လှည့်ဆရာတော်တွေဟာ ခရီးထွက် တရားဟောရတွေ သိပ်ပင်ပန်းကြပါတယ်။ ဂေါပကမျိုးစုံတို့ရဲ့ အမျိုးမျိုးသော စေတနာများအကြားမှာ ဆရာတော်တွေ ပင်ပန်းကြရတယ်ဆိုတာ ဘယ်သူမှ သိပ်သတိမထားမိကြဘူး။ ဒါကြောင့် နာမည်ကြီးမှုရဲ့ နောက်မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ များစွာဆုံးရှုံးကုန်တော့တယ်။ အေးအေးဆေးဆေးနားနေချိန်လေးတွေတော့ သူတို့လည်း လိုချင်ကြပါတယ်။ ဒါကြောင့် ဆရာတော်တွေနား သွားရင် မေးရ မြန်းရတယ်။ ကိုယ်သွားလို့ သင့်တော်၏ မတော်၏ပေါ့။ ကိုယ်သွားတဲ့အခါ ဆရာတော်တွေ အနှောင့်အယှက်မဖြစ်လောက်ဘူး၊ တခြားဒကာဒကာမတွေ ရောက်ယှက်ခတ်မနေဘူး၊ ဆရာတော်များကိုလည်း အေးဆေး လျှောက်ထား ပြောဆိုခွင့်ရမှ သွားချင်တာ။

ရဟန်းသံဃာတော်တွေနဲ့ ပတ်သက်ဖို့ ကိစ္စတွေ ရှိလာတဲ့အခါ အဘွားကို သတိရတယ် အဘွားနဲ့ အခါပေါင်းများစွာ ဘုန်းကြီးကျောင်းကို သွားရတဲ့အတွက် အဘွားဆီက ပညာတွေ တမင် မသင်ပဲ အဘွားရဲ့ အလေ့အထ ရှုမြင်မှုတွေ ကိုယ့်ဆီမှာ ကူးစက်ကျန်နေခဲ့ပါတယ်။

လေဆိပ်မှာ ဆရာတော်တွေကို သွားရောက် ကန်တော့ နှုတ်ဆက်ချိန်မှာ နေ့ဆွမ်းကပ်လှူမယ့်သူ လစ်လပ်နေတာမို့ အလွန်ဝမ်းသာစွာနဲ့ ဒီကုသိုလ်လေးကို ယူဖြစ်ခဲ့တာပါ။   
အခုနောက်ပိုင်းမှာ ကုသိုလ်မပြုခင် စိတ်မှာ ဘာအရောင်မှ မပါဘူးလို့ သိနေမှ ကုသိုလ်ကို ပြုလိုပါတယ်။ စင်ကြယ်ချင်လို့ပါ။

ကျိုက်ထိုဆရာတော်ကို ပထမဆုံးအကြိမ် ဖူးရခြင်းဖြစ်ပါတယ်။ ကျိုက်ထိုဆရာတော်အသံက ဖြူးဆရာတော်ကြီးရဲ့ အသံနဲ့ လေယူလေသိမ်းက အစ တူနေတယ်။ ဖြူးဆရာတော်ရဲ့ နောက်ဆုံးအချိန်တွေမှာ ဆရာတော်အနား ဆေးရုံမှာ ဘုရားစာရွတ်ပေးခဲ့ဖူးသေးတယ်။ ဖြူးဆရာတော်ကြီး ပျံလွန်တော်မူသွားတော့မှ ဆရာတော့်တရားတွေ နာယူရင်း ဆရာတော်ကို နှမြောလိုက်တာ။ အပင်ပန်းခံနိုင်လွန်းတဲ့ ဆရာတော်တစ်ပါးပါ။

ဒါကြောင့် နယ်လှည့်တရားဟောဆရာတော်များလုံးကို ကျန်းမာရေး ဂရုစိုက်စေချင်ပါတယ်။ နောင်လာနောက်သားတွေ တရားနာယူခွင့် သူတော်ကောင်းတွေနဲ့ တွေ့ဆုံခွင့် အချိန်ပိုရတာပေါ့။

တရားပွဲမတိုင်ခင် စီစဉ်တဲ့အစ်ကိုတွေနဲ့ ခင်မင်ရင်းနှီးနေကြတော့ တရားပွဲမတိုင်ခင်က အစီအစဉ်တွေ ကျမဆီ ဖုန်းဆက် ပြောကြတာလေး နှစ်ခုကိုပြောပြမယ်နော်။ သူတို့ပြောတာက တစ်ခု၊ ကျမတောင်းဆိုတာ တစ်ခု။ သူတို့ပြောတာက သူတို့တွေ လှူလိုက်ရတဲ့ အလှူငွေတွေက ဆရာတော်ပြန်ပြီး ကုသိုလ်ပြုတဲ့ထဲ ပါသွားမှာဖြစ်လို့ ထပ်ဆင့် ကုသိုလ်တိုးတယ်၊ ဆရာတော်ရဲ့ သီလ၊ သမာဓိ၊ ပညာနဲ့ ဆရာတော် ဘာတွေ လုပ်နေတာလဲ ဆိုတာကို ကြည့်ပြီး ဆရာတော်ပြုတဲ့ ကုသိုလ်တွေကို တတပ်တအားပါဝင်အားဖြည့်ချင်လို့ တရားပွဲကျင်းပဖြစ်ခဲ့တာဖြစ်တဲ့အပြင် လူငယ်တွေလည်း ဆရာတော့် သွန်သင်ဆုံးမမှုကို နာယူစေချင်လို့ဖြစ်တယ်လို့ ပြောပါတယ်။ (သီတဂူဆရာတော်ကြီး မိန့်တော်မူသလို ministry သတိရမိတယ်၊ အောက်မှာ ဗီဒီယိုလင့်လေးပေးထားပါတယ်။)
ကျမဘက်က တစ်ခုတော့ အကြံပေးပါရစေ......ရှည်မိသေးတယ်။ ကောင်းမှုကုသိုလ်ပြုလုပ်တဲ့အရေးမှာ စေတနာတွေ ထားတာ ဝမ်းသာနေတာ အားလုံးကောင်းပါတယ် အများနဲ့ လုပ်ရတာမို့ ဦးဆောင်လုပ်ရမယ့်သူတွေမှာ ကျိန်းသေ အနစ်နာခံရမှုတွေ ကြုံတွေ့လာနိုင်ပါတယ် အများအကျိုးကို ကြည့်လို့ အနစ်နာခံလိုစိတ်များထားပြီး အများသဘောကျပဲ အဆင်ပြေအောင် စီစဉ်နိုင်ကြရင်ကောင်းပါမယ်၊ ကိုယ်ဖြစ်ချင်တာကိုချည်းပဲ အမှန်ဖြစ်ရမယ်ဆိုတဲ့ စိတ်ကို အများအကျိုးဆောင်ရွက်ရာမှာ ပယ်သတ်ထားနိုင်တာ အကောင်းဆုံးပါပဲ။
နောက်အရေးကြီးတဲ့အချက်ကတော့ နယ်လှည့်သာသနာပြု ဓမ္မကထိကဆရာတော်များကို သနားကြဖို့ပါ၊
ဆရာတော်များ မပင်ပန်းပါစေနဲ့၊ ကျန်းမာရေး အထူးအလေးထား ဂရုပြုပေးကြပါလို့ ဒါလေး request လုပ်ပါတယ်။ 

ဆွမ်းကပ်တဲ့အကြောင်းလေး ပြန်ဆက်မယ်နော်........
(တောင်ပိုင်းက ကျွန်းစုတွေမှာ တရားဟောပြီး ဘန်ကောက်လေဆိပ်ကို ပြန်ကြွလာပြီး လေဆိပ်မှာပဲ မြန်မာနိုင်ငံကို
တန်းကြွရမှာဖြစ်ပါတယ်) ခရီးပန်းလာတဲ့ ဆရာတော်တွေ ဒီချိန်မှာ ဆွမ်းသေချာ ဘုန်းနိုင်မှ ဖြစ်မယ် မြန်မာနိုင်ငံပြန်ကြွမယ့် အချိန်ကလည်း ဆွမ်းချိန်ကျော်သွားမှာကိုး ဒါနဲ့ လူအနည်းငယ်ရှင်းပြီး အစပ်မများတဲ့ ဂျပန်ဆိုင်ပဲ ရွေးလိုက်ပါတယ်။ အဲဒီဆိုင်မှာ စားပွဲတချို့က သံဃာစဉ်လို အမြင့်လေး ဖြစ်နေတယ်  ဒါနဲ့ အဲဒီစားပွဲမှာ သံဃာသုံးပါး နေရာယူကြပြီး ကပ္ပိယဒကာများက အနိမ့်စားပွဲလေးမှာ နေရာယူကြတယ်။
နေ့ဆွမ်းအလှူဒကာမကတော့ ဝေယျာဝစ္စကုသိုလ်ယူနေတာမို့ ဆရာတော်များ စားပွဲအနားမှာ လိုတာလေးတွေ လုပ်ပေးရင်းနဲ့ ကုသိုလ်ထပ်ယူပါတယ်။ ဆရာတော်ကြီးတွေကို အခုလို ဝေယျာဝစ္စကုသိုလ်လေးယူဖို့ အခွင့်အရေးက ကိုယ်လိုလူအဖို့ ရခဲပါတယ်။
 ပြီးတော့ လိုအပ်နေတဲ့ချိန်မှာ လှူခွင့်ရဖို့ဆိုတာလည်း မလွယ်ပြန်ဘူး။ ဆွမ်းဘုန်းပေးတဲ့အချိန်မှာလည်း ဆရာတော်တွေ တရားဟော ခရီးက အပြန်ခရီးဖြစ်တာမို့ စိတ်ချလက်ချရှိနေတာရော ပင်ပန်းလာတာရောစိတ်လည်း သက်တောင့် သက်သာရှိနေကြလို့ ထင်ပါရဲ့ ဆွမ်းတွေ တော်တော်လေး ဘုန်းပေးကြပါတယ်။ ကိုယ်လှူတဲ့ဆွမ်းကို ဒီလိုဘုန်းပေးတာ မြင်ရတော့ ပိုပြီး တိတ်တိတ်လေး ဝမ်းသာနေပြန်ရော။

ဆရာတော်များကို လေဆိပ်မှာ ကန်တော့တုန်းက ဆုပေးတဲ့အသံမှာ မေတ္တာအားတွေ ပါနေလေရဲ့၊ စိတ်ရဲ့ စွမ်းအင်တွေဟာ စက်ကွင်းတွေလိုပဲ တစ်ယောက်က ပို့လွှတ်လိုက်တဲ့ မေတ္တာကို နောက်တစ်ယောက် ခံယူရတဲ့ချိန်မှာ အေးကနဲ လာငြိတယ်။ ရေထဲ ခဲလုံးပစ်ချလိုက်လို့ ပေါ်တဲ့ လှိုင်းလေးတွေလိုပဲ။

အခုလို ရှည်ရှည်ဝေးဝေးရှင်းပြလိုက်လို့ စိတ်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဝမ်းမြောက်တဲ့ စိတ် ဖြစ်ပေါ်လာပြီး သာဓုခေါ်နိုင်ပါစေလို့ စိတ်ညွှတ်လိုက်ပါတယ်။

စကားမစပ် ဆရာတော်ကြီးများ၏ ကြည်ညိုလေးစားဖွယ်ကောင်းသော သြဝါဒကို နာယူကြည့်ပါအုံး။
သိမ်နှုတ်မင်္ဂလာပွဲမှ သြဝါဒများဖြစ်ပါတယ်။


ရိုးရိုးလေးတွေးမိတာက စာသင်တိုက်က စာသင်စာချဆရာတော်တွေ ပညာအရာထူးချွန်တဲ့ဆရာတော်ဟာ ဥယျာဉ်မှုးတွေဆိုရင် ဓမ္မကထိကဆရာတော်များကတော့ ပန်းလေးတွေနဲ့ တူမနေဘူးလား။



ဆရာတော် မိန့်ထားတာလေး နားထောင်ကြည့်ပါအုံးနော်။
ကျမ ဘာကို ဆိုလိုချင်တယ်ဆိုတာ သိကြမယ်ထင်ပါတယ် :)

အနာဂတ်ဆိုတာ မသေချာဘူး၊ အတိတ်ဆိုတာ အသုံးမဝင်တော့ဘူး။
ပစ္စုပ္ပန်မှာပဲ ကုသိုလ်စိတ်နဲ့ နေတာအကောင်းဆုံး။ 

 ဒီအကြောင်းလေးတွေကို ပြောပြရင်း 
(၂၀၁၁)ခုနှစ်ရဲ့ ဒီနောက်ဆုံးပိုစ့်လေးနဲ့  အားလုံးကို နှုတ်ဆက်လိုက်ပါတယ်။
 လေးစားစွာဖြင့်
ခရစ္စတလ်

“အားလုံး အားလုံး နှစ်သစ်မှာ ပျော်ရွှင်အေးချမ်းကြပါစေ”

15 comments:

...အလင်းစက်များ said...

တော်သေးတာပေါ့ ကြောင်ဖြူများရှင်တို့  ၀ါးတီးဖွင့်နေတာ ဓါတ်ပုံနဲ့  သက်သေ ထူမယ့်သူ မရှိတာ ကံကောင်းသွားတယ်။ ဟီးဟီး

ဘုန်းဘုန်းတောက် said...

"ကုသလံ အန၀ဇ္ဇသုခ၀ိပါကလက္ခဏံ။ ကုသိုလ်ဟူသည် အပြစ်မရှိ၊ ချမ်းသာခြင်းလက္ခဏာရှိ၏"ဟု အဘိဓမ္မာဒေသနာတော်မှာ ဖတ်မှတ်ခဲ့ဖူးသည်။

ခရစ္စတလ်ရဲ့ ကုသိုလ်အစုစုအတွက် သာဓုအကြိမ်ကြိမ် ခေါ်မိပါသည်။ ကြောင်ပုံလေးက ချစ်စရာလေးနော်။ သူ့နာမည်က...?

နှစ်ကူးဖို့က လိုပါသေးတယ်။ ၂၀၁၁ ခုနှစ်အတွက် ဘာလို့ နောက်ဆုံးပိုစ် ဖြစ်ရတာတုန်း။ ရှင်းပါ...

လွင်ပြင်လှိုင်းငယ် said...

အားပေးဖတ်ရင်းနဲ့ နှစ်သစ်အတွက်ပို့အသစ်လေးတွေ
စောင့်နေပါ့မယ်

ညိမ်းနိုင် said...

သာဓုပါဗျား....သာဓု...သာဓု....။
အောက်ဆုံးကကြောင်ပုံလေးကိုလည်း သဘောကျသွား
တယ်ဗျိုးးးးးးး

ဘိုဖြူ said...

ကုသိုလ်အားလုံးအတွက် သာဓုခေါ်ပါတယ်ခရစ္စတလ်ရေ

စံပယ်ချို said...

ကြောင်ဖြူများရှင်(ဖယောင်းစက်)တို့  ၀ါးတီးဖွင့်နေတာ ဓါတ်ပုံနဲ့  သက်သေထူရမှာ
နောက်တစ်ခါပေါ့နော်
ပုံတွေအတွက် သာဓု...သာဓု -သာဓု.

TZH1985 said...

ကိုရင်ကလေးများ ဆွမ်းခံကြွလာတာ ကြည်နူးဖို့ကောင်းလိုက်တာ....

မြသွေါးနီ said...

ကောင်းမှုကုသိုလ်အားလုံးအတွက် သာဓုခေါ်ပါတယ်ညီမရေ

Crystal said...

လည်လည်လာပြီး သာဓုခေါ်သွားကြသူအပေါင်း ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ :)

mstint said...

ပြုပြုသမျှသော ကုသိုလ်အစုစုတို့အတွက်
သာဓု သာဓု သာဓုပါ ခရစ္စတလ်ရေ။
ဒီနှစ်အတွက် ဒီပို့စ်လေးဟာ နောက်ဆုံးပို့စ်အဖြစ်
သတ်မှတ်ထားပုံရတယ်။ ၂၀၁၂ကျရင်ဆက်ဖတ်မယ်နော်။
Merry Christmas & Happy New Year Chrystal !!!
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခရစ္စတလ် said...

အန်တီပေးတဲ့ဆုတောင်းလေး ပြည့်ခွင့်ရပါစေ...

ညယံ said...

အစ်မခရစ် ရေးထားတာလေး ဖတ်ရတာ ကြည်နူးစရာကောင်းတယ်။
ခုမှလာမန့် ရတာ ။ ဗိုင်းရပ်ဝင်နေတာ့ မြန်မာစာရိုက်မရတာနဲ့ ..

ခရစ္စတလ် said...

ညယံ-သတိရနေတယ်။
ကြည်နူးသွားတယ်ဆိုလို့ အစ်မက ထပ်ဆင့် သာဓုခေါ်လိုက်ပါတယ်နော်။

မဒမ်ကိုး said...

မျက်ရည်ဝဲထဲအထိကြည်နူးပီတိဖြစ်မိပါတယ်မမရေ
သာဓုလဲအကြိမ်ကြိမ်ခေါ်ဆိုမိပါတယ်.
ကြောင်ပုံလေးကိုလဲ အရမ်းကြိုက်ပါတယ်
ဒါနဲ့ဘာကိစ္စနောက်ဆုံးပိုစ့်ဖြစ်ရတာတုန်းလို့း(

Crystal said...

တကယ်ကြည်နူးတယ်ဆိုလို့ ဝမ်းသာထာ။
ကြောင်ပုံလေး ကြိုက်မယ်ဆိုတာ သိနေတယ်။
ကောင်းမှုကုသိုလ်လေးနဲ့ နောက်ဆုံး လုပ်မလို့ပဲ ရိုစ့်ရေးခိုင်းတဲ့ ပိုစ့်တင်ရမှာဆိုတော့ နောက်ဆုံးမဖြစ်တော့ဘူး။
သမုဒယပေါ့ အတွယ်အတာပေါ့ အမျှင်ပေါ့ :)