သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, May 27, 2014

“အဆိပ်သင့် မြတ်နိုးခြင်း”

၁၈-ရာစုခေတ်က ပုံပြင်မဟုတ်ခဲ့တဲ့ အရှေ့တောင်အာရှက ဇာတ်လမ်းလေးတစ်ခုပေါ့။ တကယ့်အဖြစ်အပျက်တွေက ဝတ္ထုထဲက ဇာတ်လမ်းတွေထက် ပိုရသမြောက်ပါသေးတယ်။

ဘုရင်စနစ်တွေမှာ ဆွေမျိုးစဉ်ဆက်ဘုရင်ဆက်ခံကြ၊ မင်းကောင်းမင်းမြတ်တွေ ပေါ်ထွန်းခဲ့သလို စံစားသွားကြတဲ့ သူမျိုးတွေလည်း ရှိခဲ့ကြပါတယ်။

၁၈-ရာစုခေတ်လယ်ကျော်က ဘုရင်တစ်ပါးက တူတော်မောင်ကို နန်းအပ်ပြီး သမီးတော်အကြီးကို မိဖုရားခေါင်ကြီးအဖြစ်မြှောက်စေခဲ့ပါတယ်။ ဒုတိယသမီးတော်ကိုလည်း အဲ့ဒီဘုရင်နဲ့ပဲ လက်ဆက်စေခဲ့ပြန်ပါတယ်။

မင်းသွေးမင်းသစ်တစ်ပါး .. အရွယ်အားဖြင့် ၁၈နှစ်သာရှိသေးတဲ့အတွက် မောင်နှမဝမ်းကွဲလည်းဖြစ် မိဖုရားလည်းဖြစ်လာတဲ့ ချစ်သူကို အလွန်မြတ်နိုးခဲ့ဟန်တူပါတယ်။

တခါတော့ ဘုရင်နဲ့မိဖုရားခေါင်ကြီးတို့ အလည်အပတ်ထွက်ရာ မင်းတို့ ခေတ္တနားနေရာစံမြန်းတဲ့ နန်းတော်တစ်ခုကို မိဖုရားကြီးက နှစ်သက်တော်မူလို့ ပြန်လည်ပြင်ဆင် သာယာတင့်တယ်စေရန်ပြုပြင်ပေးတော်မူခဲ့ပါတယ်တဲ့။

နန်းတော်အပြင်အဆင်က အနောက်နိုင်ငံမှ အနုပညာများနဲ့ အာရှရဲ့သာယာလှပတဲ့ ဥယျာဉ်တော်ပေါင်းစပ်လိုက်တဲ့အခါ ခေတ္တနားနေစံမြန်းတဲ့နန်းတော်လေးက သာယာမှုအဖုံဖုံပေါင်းစုံလို့နေပါတယ်။

မမြင်နိုင်တဲ့ ကံတွေကိုပဲ ယိုးမယ်ဖွဲ့ရတော့မှာလား၊ လက်တွေ့ဘဝရဲ့ အားနည်းမှုတွေကိုပဲ သင်ခန်းစာယူရမလားတော့ မပြောတတ်တော့ပါဘူး။

တစ်နေ့တော့ ဒီလိုသာယာလှပတဲ့ နန်းတော်နဲ့ ဘယ်လိုမအပ်စပ်တဲ့ အတိတ်သမိုင်းတစ်ခု ဖြစ်လာပါတော့တယ်။ 
ဘုရင်နဲ့ မိဖုရားတို့ နန်းတက်ပြီး ၂-နှစ်ကျော်ကာလလေးမှာ၊ အသက်၂၀မကျော်လွန်ခင်၊ အချစ်သွေးကြွယ်နေတဲ့အချိန်မှာပဲ ကံကြမ္မာဆိုးက မဖိတ်ခေါ်ပဲ ရောက်လို့လာပါတယ်။

တစ်ခုသောနွေရာသီမှာ မိဖုရားခေါင်ကြီးက ယာယီနန်းဆောင်ကို အပန်းဖြေဖို့ လှေဖြင့် လာခဲ့ရာ လမ်းမှာ တော်ဝင်လှေမှောက်သွားခဲ့ပါတော့တယ်။ ဘုရင်မင်းမြတ်ရဲ့ မြတ်နိုးတော်မူလေသော မိဖုရားကြီးဖြစ်တဲ့အတွက် အလွယ်တကူ ဆွဲကူလို့ဖြင့် မကယ်ဝံ့ကြပါဘူး။ အနားမှာလည်း မင်းချင်းတွေသာရှိပုံရပါတယ်။ လှေမှောက်တာကို အခွင့်ကောင်းယူလို့ မိဖုရားကို စော်ကားတယ်လို့မြင်ရင် မင်းပြစ်မင်းဒဏ်ခံရမှာလည်း ကြောက်ကြလေတော့ မိဖုရားမှာ ကွယ်လွန်အနိစ္စရောက်ရပါတော့တယ်။ ပိုကြေကွဲစရာကတော့ မိဖုရားကြီးမှာ ကိုယ်ဝန်လွယ်ထားရတဲ့အချိန်ဖြစ်ပါတယ်။ မိဖုရားနှစ်သက်တဲ့ နန်းဆောင်အနီးမှာ ကွယ်လွန်သွားတဲ့အတွက် အဲဒီအပန်းဖြေနန်းတော်ထဲမှာ မိဖုရားနဲ့ လူမဖြစ်သေးတဲ့ ကလေးကို မြုပ်နှံသဂြိုလ်လိုက်ကြပါတယ်။

အသက်ငယ်ငယ် ဘုရင်တစ်ပါးအနေနဲ့ သူမြတ်နိုးတော်မူတဲ့ မိဖုရား ဘဝတစ်ပါးပြောင်းသွားတဲ့အဖြစ်က ကြေကွဲစရာ။

ချစ်မြတ်နိုးခြင်းအခြေခံပြီး နန်းတော်ကို မွန်းမံခြယ်မှုန်း၊ ချစ်ခြင်းတရားနဲ့ပဲ ချစ်သူနှစ်ဦး ပျော်စံကြည်နူးခဲ့ကြပြီး အချိန်တိုလေးအတွင်းမှာပဲ ကြေကွဲခြင်းဖြစ်ပေါ်လာခဲ့တဲ့ ဒီနန်းတော်က ဘုရင်ကြီးအတွက် မြတ်နိုးမိခြင်းကြောင့်ပဲ အဆိပ်သင့်ခဲ့လေသလားလို့ ... တစ်ထွာတစ်မိုက်ဥာဏ်လေးနဲ့ တွေးကြည့်မိပါတယ်။

မြတ်နိုးခြင်းတွေကြောင့်တော့ အဆိပ်မသင့်ပါစေနဲ့လားနော် ...။

ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

No comments: