သုံးဂဏန်းမှ လေးဂဏန်းချိန်းတော့မယ်ဆိုတော့ ကိုယ့်ဘဝရဲ့  ကုန်လွန်သွားတဲ့ သက်တမ်းကလေးတစ်လျှောက် စောင်းငဲ့ကြည့်မိချိန် ...။
လောကဓံအတိမ်းအစောင်း အလှည့်အပြောင်းတို့  အစီအရီ ...။
မှောင်မိုက်လမ်းပျောက်ရာမှ မိုးလင်းလုပြီ အားတင်းရင်း ချောက်ထဲ ချော်လဲခဲ့တာလည်း အကြိမ်ကြိမ် အခါခါ ...။
ဒါပေမယ့် အဆိုးတွေချည်းပဲတော့လည်း မဟုတ်ပြန်ဘူး၊ ရတနာသုံးပါး မိဘ ဆရာ ဆွေမျိုးမိတ်ဆွေများ ကျေးဇူးကြောင့် သွားလေရာအရပ်မှာ ကူညီစောင့်ရှောက်ပေးတဲ့ သူတွေနဲ့ ကြုံရပါတယ်။ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခွင့်ရပါတယ်။ ဗဟုသုတ အသိဥာဏ်နဲ့  စစ်မှန်တဲ့ မေတ္တာတွေ ရရှိခဲ့၊ သိနားလည်ခဲ့ပါတယ်။
ဘဝဆိုတာ ဒီလိုအကောင်းအဆိုးတွေ ရောယှက်နေတာမဟုတ်လား။ အဆိုးတွေပဲလို့  ထင်းထင်းမြင်လာတဲ့ သူတွေကတော့ ဘဝအသစ် ထပ်မလိုချင်ကြတော့ဘူးလေ ...။
အမျိုးမျိုးသောအကြောင်းအရာတွေထဲက အိမ်နီးချင်းကောင်းရှိတဲ့ အကျိုးကျေးဇူးလေးကို ပြောပြချင်တာပါ။
ဂျပန်ရောက်လာမှ မဟုတ်ဘူး ထိုင်းမှာ နေစဉ်ကတည်းက အိမ်နီးချင်းကောင်းတွေ ကျမအကူအညီလိုရင် ဝိုင်းကူမယ့် ညီမငယ်တွေနဲ့ တွေ့ ဆုံခဲ့ရပါတယ်။ ဘလော့ဂါ ကိုလတ်နဲ့  ကိုမျိုးတို့ တောင် အဆစ်ပါပါသေးတယ်။ သူတို့ တွေနဲ့  ဘဝလမ်းခရီးမှာ ခဏတာ ဆုံဆည်းခဲ့ပေမယ့် သူတို့ ရဲ့ ကျေးဇူးကို သတိရမိတိုင်း ကြည်နူးပျော်ရွှင်
ကျေးဇူးတင်လို့ မဆုံးဖြစ်ရပါတယ်။
အခုဂျပန်ရောက်လာတော့လည်း အိမ်ဘေးနားက အသက်ခြောက်ဆယ့်ငါးနှစ်အရွယ်အမျိုးသမီးကြီးရဲ့ စောင့်ရှောက်ကူညီမှု အကျိုးကျေးဇူးတွေ အတော်များလှပါတယ်။ ကျမရဲ့ မျက်နှာကို အရိပ်တကြည့်ကြည့် ဂရုစိုက်လွန်းလှတယ်။ ပျော်နေလား ပျင်းနေမလား ဘာစားချင်လဲ၊ အားနည်းနေလား .. သူ့ မှာ ကျမအတွက် ကြောင့်ကြမှုများရှာတယ်။
သားသမီးမရှိလို့  သူတစ်ယောက်တည်းအဖေါ်မဲ့နေလို့  ကျမကို လာဂရုစိုက်နေတာမျိုးလည်း မဟုတ်ဘူး။ အိမ်ထောင်ကျပြီးတဲ့ သမီး၂-ယောက် သား ၁-ယောက်နဲ့  လက်ရှိသားလူပျို ၁-ယောက်နဲ့ အတူနေပါတယ်။
သံသရာရဲ့ ရေစက်တွေကို မေ့ထားလို့ မရဘူးဆိုတာ ဒါမျိုးနေမှာ။ အစားအသောက်ချက်ပြုတ်ပြီးလာပို့ ပေးတာတင်မက အဝတ်အစား အလှပြင်ပစ္စည်း။ ကျမ မလာခင် အမျိုးသားက သူ့ စိတ်ကူးနဲ့ ဝယ်ထားတဲ့ အိပ်ရာကိုမကြိုက်ဘူး၊ အသစ်ဝယ်ချင်တယ်လို့  သူ့ ကို ပြောမိတာနဲ့  သူသိမ်းထားတဲ့ နှစ်ယောက်အိပ်မွေ့ ရာ တစ်ခု ထုတ်ပေးတော့တာပါပဲ။
သူ့ဘဝအကြောင်းလေးတွေ ပြောပြရင်း ... အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ရဲ့  စိတ်ခံစားမှုတွေ နားလည်ပေးနိုင်တဲ့ စိတ်ထား၊ အကြံကောင်းတွေပေးတတ်သော၊ လမ်းညွှန်ဆုံးမလေ့ရှိတဲ့
အမေအရွယ် အမျိုးသမီးတစ်ဦးရဲ့  မေတ္တာရိပ်မှာ နွေးထွေးလုံခြုံလှပါတယ်။
ဘဝလမ်းခရီးမှာ သူ့ လို မိခင်စိတ်များတဲ့ အမျိုးသမီးတွေနဲ့  ဆုံရတိုင်း မေတ္တာရဲ့ သဘောကို ခံစားနားလည်လာရပါတယ်။
ကိုယ့်အပေါ် မေတ္တာထားတဲ့သူတွေနဲ့ တွေ့ တိုင်း ကိုယ်လည်း ထပ်ဆင့် မေတ္တာထားနိုင်ဖို့  ကြိုးစားတတ်လာတယ်။
ကိုယ့်အပေါ်အနိုင်အထက်ဒေါသထားသူ မာန်မာနထားသူ ယှဉ်ပြိုင်လိုသူတွေ စသည် စသည် သူတို့ အပေါ် ပိုမေတ္တာထားနိုင်ဖို့  ကြိုးစားတတ်လာပါတယ်။
အရောင်မဲ့သော စိမ်းရေလိုအေးမြတဲ့ မေတ္တာထားနိုင်ဖို့  ပိုပြီးကြိုးစားမယ်လို့  ခိုင်မာကြံ့ခိုင်တဲ့ သတ္တိတွေမွေးရင်း ...။
ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်
1 comment:
အကောင်းအဆိုးတွေဟာ ကိုယ့်ရဲ့ပြုမူခဲ့တဲ့အတိတ်ရဲ့ အကြောင်းအကျိုးတွေကြောင့်ထင်ပါရဲ့ ခရစ္စတလ်ရေ...
ဘယ်လိုဖြစ်ဖြစ် ပျော်ရွှင်မှု စိတ်ဆင်းရဲမှုတွေဟာ အမြဲဒွန်တွဲနေတတ်တာ သဘာဝပါ :)
Post a Comment